( ၂၃ )
၁ ။ ရုပ်ရှင်သရုပ်ဆောင် မင်းသား မင်းသမီး အသစ်များ ၏ ပွဲဦးထွက် ပထမ ကား ဒုတိယ ကားများ ပရိသတ် အကြည့် နည်းရုံ မျှ ဖြင့် အောင်မြင် ဟု ဆိုနိုင်ပါ သလော ။ ဆက်၍ မရိုက်သင့် တော့ပြီလော ။
၂ ။ ကျော်ကြားမှု ရ နေသည့် အနုပညာရှင် တို့ ၏ အမည်များ ကို ဆင်တူရိုးမှား ဆွဲယူ မှည့်ခေါ် နေကြ သူ ပေါ် လာလျှင် မည်သို့ အရေးယူ သင့်ပါသနည်း ။
၃ ။ ခေတ်ပေါ် စတီရီယို အဆိုရှင် အချို့က နာမည်ကြီး စာရေးဆရာ နှင့် အခြားအနုပညာရှင် များ ၏ အမည် ကို တိုက်ရိုက် ယူ မှည့်ထားသည် ကို မည်သို့ သဘော ထားပါသနည်း ။
အထက်ပါ မေးခွန်း သုံးရပ် နှင့် အခြား တိုတိုထွာထွာ သိလိုချက်များ ထွက်လာ ချေသည် ။
ပထမ အချက် ကို ရှင်း ရသော် မူလ ရေးစဉ် က အတော်ကလေး ပြည့်ပြည့်စုံစုံ ရေးလိုပါ သော် လည်း ကျန်းမာရေး အခြေအနေ က မဖြူး ။ မူးနောက်နောက် ရှိနေခဲ့ သဖြင့် အပြည့်အစုံ ပါမသွားခြင်း ဖြစ်ချေ၏ ။
သို့သော် တွေး ယူလျှင် ဆိုလိုရင်း အဖြေ ပေါ် လာ နိုင်ပါ၏ ။ ရှင်း သွား အောင် လင်း ရသော် သာဓု ဆိုလိုသည့် ပွဲဦးထွက် ကား တွင် မင်းသား က လည်း အသစ် ဖြစ်မည် ။ သရုပ်ဆောင်မှု က လည်း အံ မဝင်လျှင် ( ဝါ ) မလုပ်တတ် ၊ မကိုင်တတ် ဖြစ် နေ လျှင် တစ်နည်းဖြင့် “ ကြောင် ” နေ လျှင် ပရိသတ် က လက်ခံတော့မည် မဟုတ် ဟူသော သဘော ဖြစ်ချေ၏ ။
ကြုံဖူး ၊ ကြည့်ဖူးကြပါ ချိမ့်မည် ။
ကောင်မလေး နှင့် ချစ်စကား ပြော လည်း “ သည် မျက်နှာ ထား ” ၊ အဖေ အမေ နှင့် စကား ပြော လည်း “ သည် မျက်နှာထား ” ၊ ချစ်သူ နှင့် ကွဲကွာ ရ၍ လွမ်း လျှင် လည်း “ သည် မျက်နှာထား ” ၊ အမေ သေ လျှင်လည်း “ သည် မျက်နှာထား ” ဖြစ် နေ လျှင် သူ ၏ သရုပ်ဆောင်မှု ပညာ အဘယ် မှာ ရှာရ မည်နည်း ။
ဤလို မင်းသားသစ်မျိုး ကို တစ်ကား တည်း နှင့် ပရိသတ် စိတ်ပျက် သွား တတ်သည် ။
ယခု ပင် လျှင် သရုပ်ဆောင်မှု ပုံစံ ထပ် နေသော ကြောင့် ၄ - ၅ ကား ရိုက်ပြီး သည့် တိုင်အောင် တိုးတက် မလာ သဖြင့် ကားရိုက် တန့် သွားရသည် များ ရှိ နေသည် ။ စာရှုသူ တို့ ကိုယ်တိုင် လက်ချိုး ရေတွက်နိုင်ပါ ချေသည် ။ ( မင်းသမီးများ အပါအဝင် )
သာဓု မျက်စိ ထဲ တွင် မြင် နေ သေး သည် ။ ( စိတ် ဆိုး လျှင် လဲ သေကြပေ ရော့ ) သာဓု ပြောမည် ၊ ရေးမည် ။
လောလောဆယ် ၌ “ ရုပ်ရည်ကလေး ” ကယ် သဖြင့် အသင့်အတင့် တွင် ကျယ် နေသော သရုပ်ဆောင် မင်းသမီး ရော ၊ အထီး ရော များ မကြာမီ ပရိသတ် က ကျောခိုင်းတော့ မည် ကို မြင်ယောင်နေသည် ။ သတိ သာ ထားကြပေတော့ ။
ထားရမည့် သတိ မှာ ရုပ်ရှင် ထဲ က လှုပ်ရှားဟန် ။ ပြောဟန်များ ထပ် နေသည် ။ လှချင် ပချင် သည် က များ နေသည် ။
ဆန်ရင်း နာနာဖွပ် ဆို သကဲ့သို့ မောင်ဝဏ္ဏ ပျော့ညံ့ ပုံ ပြောရ ဦးမည် ။ မကြာသေးမီ က ရုပ်မြင် သံကြား ဇာတ်လမ်း တစ်ခု မောင်ဝဏ္ဏ ဒါရိုက်တာ လုပ်သည် ။ ထို ဇာတ်လမ်း ထဲ တွင် ရုပ်ရှင်မင်းသမီး တစ်ဦး က ခေါင်းဆောင် မင်းသမီး ၊ စိန်မြင့် က သူ နှင့် လင်မယား ၊ စိန်မြင့် က ဆိုက္ကား နင်းသည် ။ သူ့ဇနီး က ဟင်းရွက် လည် ရောင်းသည် ။
တစ်ဇာတ်လုံး စ - ဆုံး ထိ မင်းသမီး သည် တက္ကသိုလ်ကျောင်းသူ လို အဝတ်အစား ဖောချင်း သောချင်း ဝတ်၍ သရုပ်ဆောင် သည် သာ မက ပြောပုံ ဆိုပုံ သွားပုံ လာပုံ များ ပါ ခေတ် ပညာတတ် စာရေးဆရာမ နှင့် တူ နေသည် ။ စိန်မြင့် သာ လျှင် ဆိုက္ကားသမား ပီသစွာ အဝတ်အစား နွမ်းနွမ်း ၊ ဆံပင် ဖရိုဖရဲ နှင့် သဘာဝ ကျ နေသည် ။
ဤ၌ မင်းသမီး သည် ဒီ ဇာတ်လမ်း ထဲ မှာ ( ငါ ဘာလဲ ) ဟု ဈာန်ဝင် မထား ဘဲ “ ငါ ရုပ်ရှင် မင်းသမီး ” ဟူသော အစွဲ က တစ်ပြားသား မှ မလျှော့ ၊ လှချင် ပချင် ၊ စကား ပြော အထက်တန်း ကျချင် နေသည် ။
ရုပ်ရှင် ပရိသတ် သည် ရုပ်ရှင် ကြည့် ရာ ၌ သဘာဝ ကို ဂရုစိုက် လာကြပြီ ကို မမေ့သင့်ကြ ။ သတိ မလစ်သင့် ကြ ။ သူ့ နေရာ နှင့် သူ ၊ မျက်တောင် မ ခတ်တတ် သည် ကိုပင် ပရိသတ် နှာခေါင်း ရှုံ့ လာ ချေပြီ ။ အကြောင်းမဲ့ မျက်တောင် တဖျပ်ဖျပ် ခတ် နေသည် ကို လည်း ကြိုက်ကြသည် မဟုတ် ။ အချို့ ရှိ သေးသည် ။ စကား ပြော လျှင် မေး ဆတ်တောက် ၊ ဦးခေါင်း ဆတ်တောက် လုပ်တတ် ကြသည် အလွန် အကြည့် ရ ဆိုး၏ ။
အကျဉ်းရုံး သော် သရုပ်ဆောင် သစ် သည် ဖြစ်စေ ၊ ဟောင်းသည် ဖြစ် စေ ၊ သူ့ နေရာ နှင့် သူ ခွင်ကျ အောင် သရုပ်ဆောင် နိုင်ရန် လိုသည် ။ ဝတ်စား ဆင်ယဉ်မှု သူ့ အခန်း နှင့် သူ အံကိုက်အောင် ဝတ်ဆင် တတ်ရန် လိုသည် ။
စောစောက ရေး ခဲ့သော ဟင်းသီးဟင်းရွက်သည် ( ဆိုက္ကားသမား ဇနီး ) က ကြော့ နေအောင် ဝတ်ဆင် ရာ ၌ ဒါရိုက်တာ က ...
“ ဟေး ... မင်းသမီး ၊ ဟင်းရွက်သည် က အဝတ်အစား ၊ ဝတ်ဆင်ထားပုံ ၊ မင်္ဂလာဆောင် သွား တာနဲ့ တူ နေတယ် ၊ ပြန် ပြင်ပါ ”
သို့လျှင် မောင်ဝဏ္ဏ က ပြောရမည် ။ ထိန်းရမည် ။ ပြော မရ လျှင် မ ရိုက်ဘဲ နေရုံ သာ ရှိသည် ။ ဤ၌ မောင်ဝဏ္ဏ ပျော့လွန်း အားနာလွန်း သွားပုံ ရသည် ။ ( သာဓု သား လုပ် နေပြီး ခွေ း,တိရစ္ဆာန်လေး )
စတင် ရိုက်သည့် ပထမ ကား ပင် ဖြစ်စေ သရုပ်ဆောင်သစ် သည် ရုပ်ရည်ကလေး ကြည့်ပျော် ပြီး ကျရာ အခန်း နှင့် အံဝင်အောင် သရုပ် ဆောင် နိုင် လျှင် ဘာမျှ စိုးရိမ် စရာ မလို ။ ရှေ့ တစ်လှမ်း တက်ရန် သာ ။
သို့သော် ... ဤလို စွမ်းဆောင်နိုင် ရန် မှာ လည်း ဝါသနာ ကြီးရုံ မျှ ဖြင့် မ ပြီး ၊ ပါရမီ က လိုသေးသည် ။
စာရှုသူ တစ်ဦး က မေး သေးသည် ။ ငွေထုပ် နှင့် လာသူ ကို သာဓု က ( ရုပ်ရှင်သရုပ်ဆောင် ) တင် မပေးဘဲ ပြန် လွှတ်သည် ဆို က လက်ချည်း သက်သက် လာလျှင် ကော ဟု -
သာဓု ( အငိုလွယ်သည် ) ရိုက်စဉ် က မင်းသား မရွေးသေး ပဲ မင်းသမီး အခန်း များ သာ ရိုက်ခဲ့ ကြောင်း ၊ နောက် ဝင်းဦး အား နှုတ်ခမ်းမွေး ရိတ် မလား ဟု မေးခဲ့ကြောင်း ရေးခဲ့ ပြီး ချေပြီ ။
ထို ( အငိုလွယ်သည် ) စ ရိုက်စဉ် က ပင် ကျောင်းသားခန်းများ ရိုက်ရန် လူငယ် ၆ ယောက် အမြဲ ခေါ် ထားခဲ့ သည် ။ သူတို့ ကို မှန်ထိုး ခိုင်း ၊ ပစ္စည်း ရွှေ့ ခိုင်း ၊ လက်ဖက်ရည် ဝယ်ခိုင်း ဖြင့် ဝိုင်းကူ စေ သည် ။
ထိုအတွင်း ထို လူငယ်များ ကို သာဓု အကဲ ခတ် နေခဲ့သည် ဖြစ်ရာ နောက်ဆုံး ရုပ်ရှင်မင်းသားကြီး ဦးတင်ဖေ ၏ သား ( တင်နီ ) ခေါ် အပါနီ ။ သူ ကို မင်းသား တင်ရန် ရွေး လိုက်သည် ။
ထိုအချိန် က တင်နီ မှာ ရှပ်အင်္ကျီ ပင် ထည်လဲ ဝတ်စရာ မရှိ ၊ ဆင်းရဲ လှသည် ။ သို့သော် အနုပညာ ပါရမီ ရှိသူ ဖြစ်၍ သာဓု က ပင် အဝတ်အစား ဝယ်ပေးပြီး “ ပေါ်လွင် ” ဟူသော အမည် ဖြင့် ခေါင်းဆောင်မင်းသား တင် ခဲ့ရာ အောင်မြင်မှု ရ ခဲ့ သော်လည်း ( ဒီကောင် ) စိတ် မငြိမ် ၊ ခြံ ကို မှန်မှန် မလာ ၊ သီချင်း လိုက် ဆို ရင်း တစ်မြို့ တစ်နယ် ရောက်နေ တတ် သဖြင့် ဆက် မသုံးဘဲ ထား လိုက်ရသည် ။
ထို့ကြောင့် အနုပညာ တွင် ငွေ မ လို ။ ပါရမီ နှင့် ဗီဇ ဝါသနာ သည် သာ အဓိက ။
အထက်ပါ ပေါ် လာသော မေးခွန်း စောဒက ( ၂ ) နှင့် ( ၃ ) ကို ပေါင်း ၍ ရှင်းလင်း ရ ပေမည် ။
အကြောင်းအရာ သဘောတရား ချင်း ဆက်စပ် နေသည် ဖြစ်၍ ... နာမည် ရပြီး ဖြစ်သော အနုပညာရှင် တို့ ၏ အမည် ကို ( ယခင် ဖော်ပြခဲ့ဖူး သကဲ့သို့ ) ရှေ့ မှ တစ်လုံး တိုး ၊ နောက် မှ တစ်လုံး ဖြည့် ဖြင့် ဆွဲယူ အသုံး ပြု နေသည် ကို ကြုံ ရလျှင် -
ဥပမာ - ကျော်ဟိန်း ထိတ်ထိတ်ကြဲ နိုင်ငံ ကျော် နေသည် ကို အကြောင်း ပြု၍ တက္ကသိုလ် ကျော်
ဟိန်း အမည် ဖြင့် ဝတ္ထု ရေး လျှင် သီချင်း ဆို လျှင် ၊ ပြဇာတ် က လျှင် ရုပ်ရှင်ကောင်စီ သို့ တိုင်၍ သက်ဆိုင်ရာ အဖွဲ့အစည်းချင်း ညှိနှိုင်း ပေးရန် လိုသည် ။
တက္ကသိုလ်မို့မို့မြင့်အောင် ဟု ဝတ္ထု ရေးသူ ပေါ် လာ လျှင် ရုပ်ရှင်ကောင်စီ ကို တိုင် ရုပ်ရှင် ကောင်စီ က စာပေလုပ်သားအဖွဲ့ နှင့် ညှိပြီး ကာယကံရှင်များ ကို ပါ ခေါ်၍ ပညာ ပေး ပြီး သိက္ခာ ထိန်း ရန် နှင့် အမည် ပြောင်း ရန် တိုက်တွန်း ရ ချေမည် ။
( သာဓု သဘော အရ ဆိုမူ ပြော မရ က ဆိုင်ရာ အဖွဲ့အစည်းဝင် အဖြစ် မှ ပယ်ပစ်သည် အထိ အရေး ယူ စေချင်သည် ။ )
ဤလို မသမာမှုကား တရားလွန် လှချေသည် ။ ဖြတ်လမ်းလိုက် အချောင်သမား ဆန်လှ ချေ သည် ။ သူတစ်ထူး ၊ နှာခေါင်း ဖြင့် အသက်ရှူ ချင်သူ သာ ဖြစ်ချေသည် ။
သဘာဝအုပ်စု သာဓု တို့ အနုပညာ မျိုးဆက်မှ အမည် များ ကို ( ထိပါး ) မည် မကြံကြလေ နှင့် ...
အကြောင်း အခွင်သင့်၍ တင်ပြရ ချေဦးမည် ။
လွန်ခဲ့သော ( ၄ ) နှစ် လောက် က အနော်ရထာလမ်း ၊ စတီရီယို တိတ်ခွေ တေးသံသွင်း ဆိုင် တစ်ဆိုင် ရှေ့ တွင် -
အဆိုတော် သာဓု ၏ တစ်ကိုယ်တော် စီးရီး မကြာမီ ထွက်မည် ။
ဤလို ရေး ထားသော ဆေးရောင်စုံ ဆိုင်းဘုတ် တစ်ခု ဆိုင် ရှေ့ တွင် ချိတ်ဆွဲ ထားကြောင်း နှင့် သာဓု ၏ သားတပည့် လို ဖြစ်နေသော ( ခွာနီး ) က ဖုန်း လှမ်း ဆက် ၍ သတင်း ပေးသည် ။
“ ဖုန်း ခဏ ကိုင်ထားဦး ”
သာဓု ဘာ လုပ်ရမည်နည်း ဟု စဉ်းစားပြီး နောက် ..
“ ကဲ ... ခွာနီး ရေ ၊ မင့် ဆီ မှာ ကင်မရာပါလား ”
“ မပါဘူး ဆရာ ”
“အေး .. နီးရာ ဓာတ်ပုံဆိုင် မှာ ပြော ၊ ဆရာ က လို့ ၊ ကင်မရာ တစ်လုံး ခဏ ငှားပြီး အဲဒီ ခုန မင်း ပြောတဲ့ ဆိုင်းဘုတ် ကို ဓာတ်ပုံ သွားရိုက် ”
“ ဟုတ်ကဲ့ ဆရာ ”
“ ပြီးရင် ချက်ချင်းဆေး ၊ ၃ - ၄ ပုံ လောက် ကူး ပြီး ဆရာ့ ဆီ ယူခဲ့ ”
သို့ ပြောနေစဉ် ၌ ပင် သာဓု အသား များ တဆတ်ဆတ် တုန်နေသည် ( စော်ကားလွန်းလှ သည် ဟူ၍ )
မိနစ် ၄၀ ခန့် အကြာ တွင် ဖုန်းသံ မြည် လာသည် ။
“ ခွာနီး လား ဟေ့ ”
“ ဟုတ်ကဲ့ ဆရာ ”
“ ဓာတ်ပုံ ရိုက်ပြီးပလား ”
“ ရိုက်တယ် ဆရာ ၊ တစ်ပုံ ပဲ ရိုက်ရ သေးတယ် ၊ ဆိုင် ထဲ က လူငယ် နှစ်ယောက် ထွက် လာပြီး မေးတယ် ၊ ဘာဖြစ်လို့ ရိုက်တာလဲ တဲ့ ”
“ မင်း ဘယ်လို ပြော လိုက်သလဲ ”
“ ဆရာ ရိုက်ခိုင်းတာ ဆိုတော့ သူ တို့ မျက်လုံး ပြူးသွားတယ် ။ ပြီးတော့ မေးတယ် ၊ ဘာလုပ်ဖို့ လဲတဲ့ ”
“ အဲဒီတော့ ...”
“ ကျွန်တော် က ပြော လိုက်တယ် ၊ ဆရာ့ နာမည် တပ် ထားလို့ ရိုက်တာ ၊ ဆရာ လဲ သီချင်း ဆိုတာ မဟုတ်ဘဲ ဘာလို့ လုပ်တာလဲ ဆိုတော့ သူတို့ က တောင်းပန်တယ် ၊ ဆရာကြီး ပြောပြ ပါ ၊ မလုပ်တော့ပါဘူး ၊ ဆိုင်းဘုတ် လဲ သိမ်းလိုက်ပါ့မယ် ၊ ဆိုပြီး ဆိုင် ထဲ ဖြုတ်ယူ သွားတယ် ဆရာ ”
“အေး ... ဘာပဲ ဖြစ်ဖြစ် ဓာတ်ပုံ ကူး စရာ ဆက်လုပ် ၊ နောက် တစ်ခါ ပြန် လှည့် ပြီး ကြည့် ... ဆိုင်းဘုတ် ပြန် ထုတ်ထားသလား ဆိုတာ ”
သာဓု ဒေါသ မပြေသေး ။ အနုပညာ အလုပ် လုပ်ပြီး ဤမျှ မိုက်မဲ ရ သလော ဟူသည့် ဒေါသ ။
နောက်နေ့ နံနက် ၁၁ နာရီ ခန့် အိပ်ရာ မှ နိုးသော သာဓု ၏ လှုပ်ရှားသံများ ကြား သဖြင့် သုမောင် တက် လာသည် ။ အပေါ် ထပ် သို့ -
“ ဖေဖေ ဟို .... ဖေဖေ ဓာတ်ပုံ ရိုက် ခိုင်းတဲ့ ... တေးသံသွင်း ကောင်လေး တွေ လာ သွားတယ် ၊ ကျွန်တော့် ကို တောင်းပန် သွားတယ် ။ ဖေဖေ့ ကို တောင်းပန်ဖို့ လာတာပါ တဲ့ ၊ ဖေဖေ အိပ် နေ လို့ လေ ”
“ သား က ဘာ ပြော လိုက်သေးလဲ ”
“ နောက် တစ်ခေါက် လှည့်ပြီး ကိုယ်တိုင် တွေ့ ပြောပြပါလား ဆို တော့ ... ကြောက်တယ်တဲ့ ၊ ခု လာရ တာလဲ ခပ်ကြောက်ကြောက် ပဲ တဲ့ ဗျ ”
“ ဒီလို ဆိုလဲ ပြီးတာပါပဲ ကွာ ၊ နောက်ထပ် လုပ်ရင်တော့ ...”
“ ဟာ .. စိတ်ချ ဖေဖေ ၊ ခု ကြည့်ရ တာ ကို တော်တော် ကြောက် နေပြီ ၊ ဆရာကြီး ကို ပြောပါတဲ့ ၊ ဘာမှ အရေးမယူပါ နဲ့ ၊ မလုပ်တော့ပါဘူး ” တဲ့ ။
အကယ်၍ သာ ပေကတ်ကတ် လုပ်နေခဲ့ လျှင် သာဓု တရား စွဲမည် ။ သာဓု သည် သာဓု မြတ်နိုးသော ( သာဓု ) အမည် ကို ရုံးတော် တွင် မှတ်ပုံတင် ထားသည် ။ အနုပညာ နှင့် ပတ်သက် သမျှ ရော ၊ စီးပွားရေး ကိစ္စများ တွင် ပါ ( သာဓု ) အမည် ကို သာဓု မှ လွဲ၍ မည်သူမျှ သုံးပိုင်ခွင့် မရှိ ။
တက္ကသိုလ်သာဓု ဟူ၍ လည်းကောင်း ၊ သာဓုမောင် ဟူ၍ လည်း ရှေ့ တစ်လုံး ဖြည့် ၊ နောက် တစ်လုံး တိုး ၍ (သာဓု ) လျှင် လည်း ပြဿနာ ကြီးကြီး တက် လိမ့်မည် ။ မိမိတို့ ၏ အနုပညာ အမည် သင်္ကေတ ကို မြတ်နိုးသူ အပေါင်း တို့ သည် ဆိုခဲ့သော ဖြတ်လမ်းသမား ၊ မသမာသူ တို့ ဘေးမှ ကာကွယ်ရန် သာဓု ကဲ့သို့ ပင် မှတ်ပုံတင် ထားကြ စေချင်သည် ။ သဘောတရား မသိ လျှင် လာပါ ။ သာဓု နည်းလမ်း ပြ ပေးမည် ။
နာမည် နှင့် ပတ်သက်၍ ရေးချင် နေသေး သည် များ ရှိ၏ ။ ယခု ခေတ် တွင် နာမည် ပေးပုံများ စိတ်ပျက် စရာ ကောင်း လာသည် ။ စိတ်ပျက်စရာ ကောင်းနေသည် မှာ ကြာပြီ ဟု ဆို၍ ပို၍ မှန်ပေ လိမ့်မည် ။
လွန်ခဲ့သော ၆ နှစ် လောက် က ထင်၏ ။ လူရွယ် တစ်ယောက် သာဓု ထံ ပေါက် လာသည် ။ သူ လာသည် မှာ သာဓု နှင့် တွေ့ရန် မဟုတ် ။ သုမောင် နှင့် ဝတ္ထု ထုတ်ရန် တိုင်ပင် လို၍ ဟု ဆိုသည် ။
သုမောင် မရှိ ။ တိပ်ခွေ သွား သွင်း နေကြောင်း ပြောပြီး မှာ စရာ ရှိသည် ကို မှာ သွားရန် နှင့် တကွ ၊ သူ့ နာမည် ကို မေးထား လိုက်သည် ။ နာမည် မှာ ခပ်ခက်ခက် ခပ်ရှုပ်ရှုပ် ဖြစ် နေ၍ စာ နှင့် ရေး ပေးခဲ့ ရန် ပြောရာ သူ က ရေး ပေး ခဲ့သည် ။
ထို စာရွက် ကို သုမောင် စားပွဲ ပေါ် တင် ၍ ဆေးလိပ်ပြာခွက် နှင့် ဖိ ထား လိုက်၏ ။ ထို ည က သုမောင် အတော် ညဉ့် နက် မှ ပြန် လာသည် ။ သာဓု အိပ်နေ ချေပြီ ။ နောက် တစ်နေ့ မိုးလင်း ၍ စာ တင် ထားသည့် အကြောင်း ပြောရာ စာကို သူ မတွေ့ ဟု ဆို၏ ။
ဆေးလိပ်ပြာခွက် ကို ရွှေ့ရင်း ပြောင်းချ ထားရင်း ဖြင့် လေ လွင့် သွား သည် လော မှ မပြောတတ် ။ ပါးစပ် နှင့် ရှင်းပြရန် ဟန်ပြင် သော်လည်း စာအုပ် ထုတ်ဝေသူ အမည် ကို မေ့ နေ၏ ။ သုမောင် က လည်း သူ နှင့် စာအုပ် ထုတ်ရန် စီစဉ်ထားသူ သုံးလေးဦး ရှိနေသည် ဆို ကာ ...
“ လာတဲ့ လူ ပုံပန်းသဏ္ဌာန် က ဘယ်လိုလဲ ဖေဖေ ”
“ ကိုယ်လုံးကိုယ်ပေါက် က တို့ ရုပ်ရှင်ကောင်စီ က စိုးရွှေကြီး ဆိုက်မျိုး ၊ အဲ ... အဲ သူ့ လိုပဲ ကွမ်းစား လာတယ် ”
“ ဟား ... သိပြီ ဦး ... လှ ...”
ရင်းနှီး နေပြီ ထင် ရသော သုမောင် ပင် အတော် စဉ်းစား နေရ သေး ပြီး ...
“ အဲ ... အဲ ဦးလှညွန့်မျိုး ”
“ အေး ... ဖေဖေ တော့ နာမည် ကြား ကတည်း က စိတ်မော လို့ မှတ် မထားဘူး ”
သုမောင် က ရယ်သည် ။
“ ဒီ လူ က ဘာ လူမျိုးလဲ ၊ ကရင် လား ၊ ကချင် လား ၊ ချင်း လား ”
“ ဗမာ ပါ အဖေ ရ ”
“ ခက်ပါ့ကွာ ၊ ဘာလို့ များ ခုလို နာမည် ခက်ခက် မှ ည့်ထားတဲ့ လဲ ၊ ဦးလှညွန့် ဆို ချက်ခနဲ သိမယ် ။ ဦးမျိုးညွန့် ဆိုလဲ မှတ်မိ လွယ်တယ် ။ ဦးညွန့် လို့ သုံးလုံးတည်း မှည့်တောင် နည်းနည်း ရှုပ် သွားပြီ ၊ မှတ်ရ မလွယ်တော့ဘူး ”
သုမောင် ဘာမျှ ပြန် မပြောဘဲ ပြုံး တွေတွေ နေသည် ။ နောက်မှ ...
“ ဟုတ်တယ် ဖေဖေ ၊ ပထမ တော့ ကျွန်တော် တောင် စာ ကျက် သလို လေ့လာ ယူ ရတယ် ၊ ဒါတောင် တစ်ခါ တစ်ခါ မေ့တယ် ဗျ ”
တစ်ခါ က လည်း ကျောင်းသူ တစ်ဦး မြန်မာစာ ကိစ္စ နှင့် ပတ်သက်၍ မေးမြန်းစာ တစ်စောင် ပို့ လာသည် ။ ( တပ်ထဲက မြတ်ကိုကို ) ဝတ္ထု ထဲ မှ အကြောင်းအရာ တစ်ရပ် ။
သာဓု လည်း ချက်ချင်းပင် မြတ်ကိုကို စာအုပ် ထ ရှာသည် ။ မတွေ့ ။ မင်းလူ တို့ ထံ လှမ်း မေးသည် ။ မရှိ ။ သို့နှင့် မြို့ထဲ အနှံ့ လိုက် ရှာသည် မရ ။ နောက်ဆုံး စာအုပ် အငှားဆိုင် တစ်ဆိုင် တွင် သွား တွေ့သည် ။ သာဓု ယခင် က တစ်အုပ် နှစ်ကျပ် နှင့် ရောင်းခဲ့သော စာအုပ် ၊ ငှားခ တစ်နေ့ နှစ်ကျပ် ဟု ဈေး ခေါ်သည် ။
“ ပေးမယ်လေ ၊ ရော့ ငွေ လေးကျပ် ယူထား ၊ နှစ်ရက် ကြာမယ် ” ဟု ငွေ ထုတ်ပေးသည် တွင် ...
“ ဦးလေး ကို ကျွန်မတို့ မသိဘူး ။ အဲဒီတော့ စဘော်ငွေ ၂၅ ကျပ် တင်ရ ပါမယ် ”
သာဓု ပေးခဲ့ ရ၏ ။ စုစုပေါင်း ၂၉ ကျပ် ။ စာ ကို ပြန် ဖတ်ပြီး ကျောင်းသူမလေး သိလို သမျှ ရေးပြီး စာအိတ် တွင် ပိတ်၍ လိပ်စာ ရေးရန် သူ့ စာ ကို ရှာသော် ရုတ်တရက် မတွေ့ ။ နေရပ် ကိုကား ( လွယ်ကူ၍ ) မှတ်မိ နေသည် ။
အမှတ် ၁ ၊ A
ကမ်းနားလမ်း ၊
ဘိုးကလေးမြို့ ။
အမည် ကို မေ့ နေ၏ ။ နာမည် ခက်ခက် ဖြစ်သော ကြောင့် ထို စာ ကို ထို နေ့ က မထည့်ဖြစ် ။ အခြား ကိစ္စများ လည်း ရှုပ်နေ၍ သူ့ လိပ်စာ မရှာအား ။ လဝက် ခန့် ကြာ မှ အခြား စာရွက်စာတမ်းများ ရှာစဉ် ထို စာ ထွက် လာသည် ။ သူ့ နာမည် ကား -
“ ခင်ဝင့်မြဇေ ”
မြတ်စွာဘုရား ... မည်သို့ မည်ပုံ အဓိပ္ပာယ် ဆက်စပ် ရမည်ပင် မသိသော အမည် ။
သာဓု ငုံမိ သလောက် ( ဝင့် ) သည် ဝင့်ဝါခြင်း ၊ ဝင့်ကြွားခြင်း ၊ အခြား အဓိပ္ပာယ် သာဓု မသိ ။ ( မြ) ကို ကား ထားတော့ ၊ အားလုံး နားလည်ကြသည် ။
( ဇေ ) က အဘယ်နည်း ။ ဇေ - တစ်လုံး တည်း ဖြင့် ဘာမျှ အဓိပ္ပာယ် မဆောင် ။ ဇေတဝန်ကျောင်း ၊ ဇေဌနက္ခတ် ၊ ဇေယျ ၊ ဤလိုသော စာများ တွင် တွေ့ဖူးရာ အဆိုပါ ကျောင်းသူ က ဘာ စိတ်ကူး ရ၍ ခင်ဝင့်မြဇေ သည် မသိ ။
ယခု နောက်ပိုင်း တွင် ပို၍ ရှည် လာ သည် ။ ထွေလာသည် ။ (ဇာ ) တွေ ၊ ( ဇေ ) တွေ ၊ ( ကေ ) တွေ ၊ (လွမ်း ) တွေ ဖြ င့် အခေါ် ရ ခက်ရ သည့် အထဲ တွင် ၄ လုံး ၊ ၅ လုံး ဆင့် လိုက်ကြပြန်သေးသည် ။
လက္ခဏာဆရာ လော ၊ ကျောင်းဆရာ လော မမှတ်မိ ။ ( ဦးမျင့်ဇွဲလွမ်းဝေ ) ဟူ၍ ဆိုင်းဘုတ် ချိတ်ထားသည် ။ ဇွဲ နှင့် လွမ်း မှာ ဆန့်ကျင် နေသည် ။ မျင့် က လည်း ရရစ် မဟုတ် ၌ သရုပ်ပျက် နေသည် ။ သတ်ပုံကျမ်း တွင် လည်း မပါ ။ ဘာ ရည်ရွယ်ချက် နှင့် ယူ သုံးကြသနည်း ။
ဖက်ရှင် ထွင် သည် လော ၊ အဆန်း ဖန်တီးသလော ၊ ( ဦး ) ကို ပင့် အချို့က ( ဥုး ) ထားသည် ကို တွေ့ရ ဖူးသည် ။
လွန်ခဲ့သော နှစ်နှစ် ခန့် က သာဓု ၏ သား တပည့် ဖြစ်သော ဒါရိုက်တာ သက်နောင် ရိုက်ကူးသည့် ( အချစ် မျှားလေး ချာချာလည် ) ဇာတ်ကား ဆင်ဆာ တင်သော အခါ စာပေစိစစ်ရေး က ရော ၊ ရုပ်ရှင်ဆင်ဆာအဖွဲ့ က ပါ ( မျှား ) ကို ( မြား ) ဟု စာလုံး ပေါင်း ပြင် ရန် ညွှန်ကြား သဖြင့် ( အချစ်မြား လေး ချာချာလည် ) ဟု ပြင်ပေး လိုက် ရကြောင်း သက်နောင် ပြောပြ ၍ သိလိုက်ရသည် ။
“ ပုဝါ ” ဟူသည် များ ကို လည်း ( ပဝါ ) ဟု ပြင် ရသည် ။ ( မျင့် ) ကို အဘယ်ကြောင့် ပြင် မခိုင်းကြ သေး သည် မသိ ။ မကြာသေးမီ က လည်း ( မောင်သဏ်းသစ်ဆွေ ) ဟူသော အမည် ဖြင့် စာ တစ်စောင် ရောက် လာ သေးသည် ။ “ သန်း ” ကို ( ဏ ) နှင့် သန်း ထား သည် ။ ဤလို ပြောင်းရခြင်း အကြောင်း က အဘယ်ကြောင့် နည်း ။ ဘာမျှ ထူးခြားလာခြင်း မရှိရုံ မက မျက်စိ နောက်ပြီး အခြောက်တိုက် နှလုံး နာ ခံ ရ ဖွယ် သာ ရှိသည် ။ မည်သူ က မျှ လည်း အထင် ကြီး လိမ့်မည် မဟုတ် ။
ခေတ်ကြီးသည် အလွယ်ဆုံး နှင့် အရှင်းဆုံး ၊ အတိုဆုံးနည်း ကို အသုံးပြု နေကြသည် ။ အင်္ဂလိပ်စာစကားများ လည်း အတိုချုပ် ၍ လွယ်လွယ် သိအောင် ဖန်တီး တီထွင် နေကြသည် ။ GIRL ကို ( GAL ) ၊ COLOUR ကို ( COLOR ) THROUGH ( THRU ) , DISCOTHEQUE ကို ( DISCO ) စသည် ဖြင့် ပိုလွယ် ပိုရှင်း အောင် သုံးနှုန်း နေ ကြသည် တွင် တို့ မြန်မာများ က ရှုပ် သထက် ရှုပ် အောင် ဦး ကို ( ဥူး ) ချင် နေကြသည် ။
မျိုးတင့် ဟူသော အလွန် အဓိပ္ပာယ် လှပသည့် အမည် ကို ( မြိုး ) နှင့် တင့် လိုက်သောကြောင့် အားလုံး ပျက်စီး ကုန်သည် ။
သို့ နာမည် အဆန်း ထွင် မှည့်သူ တို့ က ( ပေါ ) ကြသည် ကို လိုက်၍ စာရေးဆရာ အချို့က ( ကြောင် ) ပြီး ကောင်လေး နာမည် ကို ဇေဇေ ဟု တပ်ပြီး ကောင်မလေး အမည် ကား စိုးဆင့်ဆင့်ဆန်း ဖြစ် နေ လေ ရာ မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ ကို ထိန်းသိမ်း ရမည့် စာရေးဆရာ အနုပညာရှင် တို့ က ပါ ရော ၍ နောက်ယောင်ခံ မလိုက်သင့် ဟု သဘော ရသည် ။ မရေမတွက် နိုင် အောင် ရှိလှသော သာဓု ဝတ္ထုများ တွင် မည်သည့် အခါ က မျှ နာမည် ရှုပ်ရှုပ်ထွေးထွေး ဇာတ်ဆောင်များ ကို အမည် မပေး ခဲ့စဖူး ။ ( လူငယ်များ အတု ယူ မှားမည် စိုး၍ ။ )
အိမ်း ... သာဓု ၏ သား တပည့် တစ်ဦး ဖြစ်သူ မော်လမြိုင်ရုပ်ရှင် မှ ဒါရိုက်တာ တင်အောင်မြင့် ( အမည်ရင်း အေးသိန်း ) သည် ထို အမည် ဖြင့် ပြေလည် ရာ မှ ( တင်အောင်မြင့်ဦး ) နောက် ( ဝိုင်းတင်အောင်မြင့်ဦး ) စသည် ဖြင့် အမျိုးမျိုး ပြောင်း နေ သောကြောင့် ...
“ ဟေ့ကောင် ၊ မင်း ဘာ ကြောင် တာလဲ ၊ တင်အောင်မြင့် နာမည် ကောင်းသား နဲ့ ”
“ ဟုတ်ပါဘူး အဖေ ရ ၊ ဟဲ .. ဗေဒင် က ဟော လို့ ပါ ”
“ ဩ ... ဗေဒင်က အမည် ပြင်ခိုင်း လို့ ပြင်ပြောင်း လိုက် တိုင်း ကျော်ကြား အောင်မြင်မယ် ဆိုရင် မြန်မာပြည် ရှိ သမျှ ဒါရိုက်တာတွေ အားလုံး ထိတ်ထိတ်ကြဲ ချည့် ဖြစ် နေမှာ ပေါ့ ကွ ”
သို့ ပြောရင်း ဟောက်လိုက် ငေါက် လိုက် ရသည် ။ သို့သော် နောင် ရိုက်မည့် ကားတွင် ( ဝိုင်းတင်အောင်မြင့်ဦး လွဏ်း ) ဖြစ်နေဦး မည် လော မပြောတတ် တော့ ပါချေ ။
( ၇ - ၆ - ၈၆ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
သြဂုတ် ၊ ၁၉၈၆
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment