Friday, August 4, 2023

မကောင်းမှု ရှောင် ၊ ကောင်းမှု ဆောင်


 ❝ မကောင်းမှု ရှောင် ၊

ကောင်းမှု ဆောင် ❞


[ အမြဲသဖြင့် တိုက်ပုံအင်္ကျီ ဝတ်ထားလေ့ ရှိတဲ့ ဦးမြအောင် ( ယခု အသက် ၇ဝ နှစ် ) ဟာ အနေအထိုင် ကြော့မော့ သန့်ရှင်းတယ် ။ ဆံပင် ကို သေသေသပ်သပ် ဖြီးတယ် ။ သူ့ ရုံးခန်း သူ့ စားပွဲ က လည်း သူ့ ပုံ အတိုင်းပါပဲ ။ သန့်ရှင်းပြီး ခမ်းနားတယ် ။ သပ်ရပ် သန့်ရှင်းပြီး စနစ်ကျ နေလေ့ ရှိတာ သူ့ ပင်ကို ဖြစ်ပုံ ရတယ် ။


သန့်ရှင်းခမ်းနား တဲ့ ရုံးခန်း စားပွဲမှာ သူ ထိုင်လေ့ ရှိပေမဲ့ သူ က ထည်ဝါ ပြီး မာန ကြီးတဲ့ ပုံ မရှိဘူး ။ လူတိုင်း ကို ဖော်ရွေတဲ့ အပြုံး နဲ့ ဆက်ဆံ လေ့ ရှိတယ် ။ သူ ယခု လုပ် နေတဲ့ အလုပ်အကိုင် က လည်း မန္တလေးမြို့ ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း က နာရေးတွေ ချအောင် ကူညီ ပေးတယ် ။ ဆင်းရဲနွမ်းပါး သူတွေ ပြည်သူ့ဆေးရုံ တက်ပြီး ဆေးကုသမှု ခံယူ ရရင် ဆေးဝါး အကူအညီ ပေးတယ် ။ နာရေးကိစ္စ ကို ကား ဆယ်စင်း နဲ့ နေ့စဉ် ချဆောင် ပေးနေ သလို ဆေးဝါး လိုအပ်သူတွေ ကို တစ်လ လျှင် ကျပ် သိန်း ၄၀ ဖိုး ဆေးတွေ ဝယ်ပြီး အကူအညီ ပေး နေတာ မို့ လူအများ အတွက် အဆင် ပြေတယ် ။ သောက လျော့ပါး စေတယ် ။


သည် လူမှု ကူညီရေး လုပ်ငန်းတွေ ကို ဦးမြအောင် က အသင်းဥက္ကဋ္ဌ အနေ နဲ့ အချိန် အများကြီး ပေးပြီး လုပ်ဆောင် ပေး နေတယ် ။ သူ့ မှာ သားသမီး ငါးယောက် ရှိတယ် ။ ငါးယောက် စလုံး ဘွဲ့ရ ပညာတတ်တွေ ဖြစ် ကြတယ် ။ တရားရုံးချုပ် ရှေ့နေ  ၊ ပါမောက္ခဌာနမှူး  ၊ သင်္ဘောအရာရှိ ၊ ဆရာဝန် စတဲ့ အလုပ်အကိုင်တွေ နဲ့ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ်တည်နိုင် ကြတယ် ။ သားသမီးတွေ လူ တစ်လုံး သူတစ်လုံး ဖြစ်ပြီ မို့ ဦးမြအောင် က လူမှုရေး လုပ်ငန်းတွေ မှာ နှစ်ပြီး လုပ်နိုင် လာ တာ ဖြစ်ပါတယ် ။ တစ်ချိန် က တော့ သူ လည်း ဆင်းရဲနွမ်းပါး ပြီး ဘဝ ကို ခက်ခဲ ပင်ပန်းစွာ ရုန်းကန် ခဲ့ရတာ ပါပဲ ။


မန္တလေး ဗြဟ္မစိုရ် လူမှုကူညီရေး အသင်း ရုံးခန်း မှာ ဦးမြအောင် ကို တွေ့ဆုံ ခဲ့ပြီး သူ့ ဘဝ ကို ယခု လို ပြော ပါတယ် ။ ]


•••••   •••••   •••••


ကျွန်တော့် အဖေ က ချမ်းသာတဲ့ အသိုင်းအဝိုင်း က မဟုတ်ခဲ့ ပါဘူး ။ အဖေ က ဆရာကိုး တဲ့ ။ ဒေဝပါလ ဆေးတိုက် အနေ နဲ့ ရုက္ခမူ သွေးဆေးရည် ၊ ဘရဏီ သွေးဆေးမှုန့် စတဲ့ တိုင်းရင်းဆေး တွေ ထုတ်လုပ် ပြီး ရောင်းတယ် ။ ဖျာပုံ မှာ ဆိုရင် သူ့ အကျင့် စာရိတ္တ ၊ သူ့ နေပုံ ထိုင်ပုံ ပြောပုံ ဆိုပုံတွေ ကို လေးစားကြတယ် ။ လူတိုင်း လည်း သိတယ် ။ အဖေ က သားသမီး ရှစ်ယောက် ကို လိမ္မာ ယဉ်ကျေးအောင် ဆုံးမ တယ် ။ တစ်ချက် မရိုက်ဘူး ။ ပုံပြင်တွေ ပြောပြပြီး လိမ္မာယဉ်ကျေး အောင် လုပ်ခဲ့တာ ၊ ဆဲရေး တိုင်းထွာ တတ်တဲ့ သားသမီး တစ်ယောက် မှ မရှိဘူး ။ ကျွန်တော် က လည်း အဲသည် အမွေ ကို သားသမီးတွေ ဆက် ပေးခဲ့တယ် ။ သူတို့ ကလည်း သူတို့ သားသမီး ၊ ကျွန်တော့် မြေးတွေ ကို လက်ဆင့်ကမ်း ကြတယ် ။


အဖေ က ဆင်းရဲတော့ ကျွန်တော် ပညာ သင် ရာ မှာ ချို့ချို့တဲ့တဲ့ သင်ခဲ့ ရတာ ။ ၁၉၅၂ ခုနှစ် မှာ ပြည်ထောင်စု အာမခံစနစ် စပြီး ထူထောင်တော့ အောက်တန်းစာရေး နဲ့ ကျွန်တော် အလုပ် ဝင် လုပ်တယ် ။


နောက် ရာထူး တက်ပြီး အထက်တန်းစာရေး ဖြစ်တယ် ။ ငါးနှစ်လောက် လုပ်မိတဲ့ အချိန် မှာ လက်ထောက် မှတ်ပုံတင်အရာရှိ အလုပ် တွေ ခေါ်တာ နဲ့ ဝင် လျှောက်တော့ အရွေး ခံရတယ် ။ ၁၉၅၉ ခုနှစ်က စပြီး နယ်မြို့တွေ လျှောက် ပြောင်း ရ တော့တာပဲ ။


အဲသည် နှစ် မှာပဲ တောင်ငူ မှာ တာဝန် ထမ်းဆောင်ရင်း ကျွန်တော် ရဲ့ ဇနီး ဒေါ်အေးအေးသက် နဲ့ လက်ထပ်တယ် ။ တရားရုံး မှာ ပဲ လက်ထက် လိုက်ကြတာ ။ ဘာမှ ကြီးကြီးကျယ်ကျယ် မင်္ဂလာဆောင် တာတွေ ဘာတွေ မလုပ်ဘူး ။


နယ်တွေ လျှောက် ပြောင်း လိုက်တာ စုံ နေတာပဲ ။ သားသမီးတွေ လည်း တစ်ယောက် တစ်မြို့ မွေးတာ ။ ပွင့်ဖြူ က ရွှေဘို ကို ပြောင်း တော့ အိမ်ထောင် ပစ္စည်းတွေ ကို ကား တစ်စင်း နဲ့ တင်ပြီး ပို့ လိုက်တာ ၊ လမ်း မှာ စပယ်ယာ က ဆေးလိပ် သောက် လို့ ကား မီးလောင်တယ် ။ ကျွန်တော်တို့ မှာ အဝတ် တစ်ထည် ကိုယ် တစ်ခု ပဲ ကျန်တယ် ။ ရွှေဘို မှာ ဘဝ ကို သုည က ပြန် စ ရတာပေါ့ ။


ရွှေဘို မှာ လဝက ( လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဦးစီးဌာန ) ဦးစီးမှူး အဖြစ် နဲ့ ငါးနှစ် ၊ မြို့နယ်ပြည်သူ့ကောင်စီ အတွင်းရေးမှူး နဲ့ ဥက္ကဋ္ဌ အဖြစ် လေးနှစ် လုပ် ရတယ် ။ အဲသည် အချိန် မှာ ကလေးတွေ က အပြိုင်းအရိုင်း ကြီး လာပြီ ။ အချို့ က မန္တလေး မှာ ၊ အချို့ က ရန်ကုန် မှာ ။


ကျွန်တော် ရ တဲ့ လခ နဲ့ မလောက်ငှ တော့ အပြင် အလုပ် တွဲ လုပ်ရတယ် ။ ( စာရေးသူ က လဝက ဆိုတာ ထောတယ် လို့ လူတွေ က မှတ်ယူထားတာ လို့ စကား ထောက် ပါတယ် ။ ) ကိုယ်ရည် သွေး တာ မဟုတ်ပါဘူး ။ ကျွန်တော့် ဘဝ တစ်သက်တာ တစ်လျှောက် လုံး မှာ လုံးဝ လာဘ် မစားခဲ့ဖူးဘူး ။ သားသမီး တွေ ကို ကုသိုလ် က ဘယ့်နှယ် ၊ အကုသိုလ် က ဘယ့်နှယ် ဆုံးမတော့ ကိုယ်တိုင် လည်း မဟုတ် မမှန်တာ မလုပ်ပါဘူး ။


ရွှေဘို မှာ လခ နဲ့ မလောက်တော့ ‘ ချောစု ’ ဆိုတဲ့ နာမည် နဲ့ ယိုစုံတွေ လုပ်တယ် ။ နေကြာစေ့လှော် ထုပ်တွေ ထုပ်တယ် ။ ဆိုင်တွေ ကို လိုက် စပ် ပြီး သွင်းတယ် ။ ယိုစုံ လုပ်တော့ သကာရည် ပီပါပြတ်တွေ သယ်ရင် တစ်ပီပါ ၇၅ ကျပ် ပေး ရတယ် ။ ဒါနဲ့ တွန်းလှည်း ဝယ်ပြီး ကောလိပ် တက် နေတဲ့ သား နှစ်ယောက် ကို တွန်း သယ် ခိုင်းတယ် ။


တက္ကသိုလ် တက် နေတဲ့ သားအလတ် က သူ့ အမေ ကို လူတွေ က ဝန်ထောက်သား က လှည်း တွန်းနေတယ် လို့ ပြောတာ သား ရှက်တယ် လို့ ပြောတာ ကို ကျွန်တော့် ကို ပြန် ပြောတယ် ။ ကျွန်တော် က သည်ကောင် ကို သည်နေ့ က စပြီး ကျောင်း ထုတ်မယ် ။ ငါတို့ က ဓားပြတိုက် မကျွေးနိုင်ဘူး ။ လာဘ်စား မကျွေးနိုင်ဘူး ပြောတော့ စ တာပါ မေမေရယ် လို့ ပြန် ပြောတယ် ။


ကျွန်တော်တို့ ရိုးရိုးသားသား ငွေ ရှာ ရတာ တော်တော်ပဲ ဆင်းရဲ ခဲ့တယ် ။ နောက် နေ့ ဟင်း ချက်ဖို့ ပိုက်ဆံ မရှိတဲ့ နေ့တွေ တောင် မှ ရှိခဲ့တယ် ။ သားကြီး ( ယခုတော့ ပွဲရုံ ပိုင်ရှင် ) ဆို ရင် ယိုစုံတွေ မြို့ ပေါ် ဆိုင် ၄၀ လောက် ပို့ရ သလို ၊ ခင်ဦး ၊ ကန့်ဘလူမြို့ တွေ ကို လည်း မီးရထား နဲ့ ပင်ပင်ပန်းပန်း သွား ပို့ ရတယ် ။


သမီးကြီး သီသီအောင် ( ယခု တရားရုံးချုပ်ရှေ့နေ ) ဆိုရင် လည်း ယိုထုတ်တွေ ထုတ် ၊ မနက် မှာ မုန့်ဟင်းခါးဆိုင် ထွက်ရ နဲ့ တော်တော် ပင်ပန်းပါတယ် ။


ကျွန်တော့် ဇနီး ဆိုရင် လည်း ယိုလုပ်ငန်း ကိုယ်တိုင် ဦးစီးပြီး ကိုယ်တိုင် ထိုးရ ၊ မနက် သုံးနာရီ လောက် ထ ပြီး မုန့်ဟင်းခါး ချက်ရ နဲ့ ဘဝ ကို တော်တော် ပင်ပင်ပန်းပန်း ဖြတ်သန်း ခဲ့ ရတာပါ ။ သမီး နီနီအောင် တို့ တချို့ ဟာ တွေ အခုထိ မသိပါဘူး ။ သူ က လည်း ဘယ်လောက် သိတတ်သလဲ ဆိုတော့ စီးပွားရေးတက္ကသိုလ် မှာ ဂုဏ်ထူးတန်း ပြီးတော့ အိမ် က မသိအောင် ကျောင်းဆရာမ ဝင် လုပ်တယ် ။ ဒါကို သား က တွေ့  လာ ပြီး မမနီ ကျောင်းစိမ်းလုံချည် နဲ့ တွေ့ခဲ့တယ် ပြောတယ် ။ ဒါနဲ့ ထွက် ခိုင်းပြီး မာစတာ ပြီး အောင် တက် ခိုင်း ရတယ် ။ သမီး လည်း ယခု တော့ စီးပွားရေးတက္ကသိုလ် မှာ ပါမောက္ခ ၊ ဌာနမှူး ဖြစ် နေပါပြီ ။


( ကိုယ် က လာဘ် မစားဘူး ဆိုပေမဲ့ အချို့က နောက်ဖေး ပေါက် က ဝင်ပြီး အိမ်ရှင်မ ကို လက်ဆောင် ပေးတာမျိုး လည်း ရှိတတ်တာပဲ လို့ စာရေးသူ က ပြောတယ် ။ ) ကျွန်တော့်  ထက် တောင် ဇနီးသည် က ရိုးဖြောင့်တယ် ။ စိတ်ရင်းစေတနာ ကောင်းတယ် ။ အရင်က လူမှုရေးမစ်ရှင် တစ်ခု မှာ သူ အလုပ်  လုပ်တယ် ။ ၁၉၅၆ ခုနှစ် မှာ အင်္ဂလန် ကို သွားတယ် ။ ၁၉၅၇ ခုနှစ် မှာ ပြန် လာတယ် ။ Diploma of Social Welfare ဆိုတဲ့ လူမှုရေး ဆိုင်ရာ ဒီပလိုမာ ကို ရ ခဲ့တယ် ။ သူ့ အားပေးမှု ကြောင့် လည်း ကျွန်တော် လူမှုရေးလုပ်ငန်းတွေ ပို လုပ် နိုင်တာ ။ ရိုးရိုးဖြောင့်ဖြောင့် နဲ့ ဘဝ ကို ရပ်တည် နိုင် တာပါ ။ ကျွန်တော် ရွှေဘို မှာ လဝက ဦးစီး ရော ၊ မြို့နယ် ကောင်စီဥက္ကဋ္ဌ ရော လုပ်ပြီး နှစ်တွေ အကြာကြီး နေ ခဲ့တယ် ။ မြို့သူမြို့သား တွေ က ကျွန်တော့် ကို ယနေ့ အထိ ချစ်ခင်လေးစားတုန်း ။ ဖျာပုံသား ဖြစ်တဲ့ သူ ကို ရွှေဘိုအသင်း နာယက အဖြစ် အခု ထိ ထား တုန်းပဲ ။


ကျွန်တော် မန္တလေး ပြောင်း လာတဲ့ အချိန် အထိ ကိုယ်ပိုင် စက်ဘီး မရှိသေးဘူး ။ ရုံးစောင့် ရဲ့ စက်ဘီး နဲ့ ရုံး တက်တာ ကို အကြို အပို့ လုပ် ခိုင်း ရတယ် ။ အရပ်ဝတ် နဲ့ လိုက် လာပြီး ရုံးရောက် မှ ယူနီဖောင်း လဲ ရတာပေါ့ ။


ကျွန်တော် မန္တလေးရုံး ရောက် တော့ နှစ်နှစ် လောက် ကြာ နေပြီ ဖြစ်ပြီး လုပ် မပေးသေး တဲ့ case တစ်ခု ရှိတယ် ။ သက်ဆိုင်တဲ့ သူ က လာတိုင်း ပေး နေတော့ လုပ် မပေးဘဲ ထားတာ ။ သူ့ အမှုတွဲ က အားလုံး ပြည့်စုံ နေပြီ ။ ဒါကို သိလျှင် သိချင်း ဖုန်း ဆက်ပြီး လှမ်း ခေါ် လိုက်တယ် ။ ထုတ်ပေး လိုက်တော့ အံ့ဩ သွားတယ် ။


ကျွန်တော် လုပ် တဲ့ ရုံးတိုင်း မှာ ရောက်တာ နဲ့ သူတို့ နဲ့ ညှိတယ် ။ လုပ်ငန်း တစ်ခု အတွက် အချိန် ဘယ်လောက် ကြာ မှာလဲ မေးတယ် ။ တစ်နာရီ လား ။ နာရီဝက် လား မေးတယ် ။ ကျွန်တော် နည်းနည်း တော့ ပင်ပန်း တာ ပေါ့ ။ ကိစ္စ ရှိလို့ လာတဲ့ သူတိုင်း ကို ကျွန်တော် နဲ့တွေ့ ခိုင်းတယ် ။ သူတို့ ကေ့စ်ဖိုင် ယူ ခိုင်းပြီး မပြည့်စုံ သေး ရင် ဘာ လိုတယ် ပြောလိုက်တယ် ။ ပြည့်စုံတာ နဲ့ ဆောင်ရွက် ပေး ဖို့ မှတ်ချက် ရေး ပေး လိုက်တယ် ။ ညှိထားတဲ့ နာရီဝက် ၊ တစ်နာရီ အတွင်း ကျွန်တော့် ဆီ ပြန် တက် လာတယ် ။ ပြီးစီးအောင် ဆောင်ရွက် ပေး လိုက်တော့ ပြည်သူတွေ ကျေနပ် တာပေါ့ ။


ရုံး ဝန်ထမ်း ကို လည်း ငွေ မထွက် မချင်း ချိန်း နေတာမျိုးတွေ မလုပ်ပါနဲ့ ။ သူတို့ ကျေနပ် လို့ စိတ်ချမ်းသာ လို့ လက်ဖက်ရည် တိုက်ရင် သောက်ပါ ။ ထမင်း ကျွေးရင် စားပါ ။ ပိုက်ဆံ ပေးရင် လည်း ယူပါ ။ ကျွန်တော့် လည်း ခွဲမပေးနဲ့ ။ ဦးစီးမှူး ပေးဖို့ ဆိုပြီး လည်း မတောင်းနဲ့ မှာတယ် ။ မြန်မြန် လုပ် ပေးတော့ စိတ်ချမ်းသာပြီး တစ်ရုံး လုံး ဒံပေါက် ကျွေးတော့ သူတို့ ပိုပြီး တောင် အဆင်ပြေ ကြသေးတယ် ။ သည်တော့ တပည့်တွေ က လည်း ကျွန်တော့် ကို ချစ်ကြတယ် ။


ကိုယ် က တာဝန် အရ လုပ်ပေးတာ မှန်ပေမဲ့ တစ်ဘက်သား စိတ်ချမ်းသာ အောင် လုပ် ပေးတော့ မန္တလေး မှာ မြို့မိမြို့ဖ လူကြီးပိုင်းတွေ က လည်း ကျွန်တော့် အကြောင်း သိပြီး ချစ်ခင် လေးစား ပါတယ် ။


၁၉၈၉ ခုနှစ် မှာ အလုပ် က ပင်စင် ယူတော့ မြန်မာ့အာမခံလုပ်ငန်း က သူငယ်ချင်းတွေ က အေးဂျင့် လုပ် ခိုင်းတယ် ။ အခုလို နေ နိုင်တာ အာမခံ ရဲ့ ကျေးဇူးပါ ပဲ ။ ဝင် လုပ်တာ အောင်မြင်တယ် ။ ဆုပေါင်း ၁၆ ဆု ရတယ် ။ အာမခံ ဆိုတာ လူ တစ်ဘက်သား ရဲ့ သောက ကို အေး အောင် လုပ်ပေး နိုင်တဲ့ လုပ်ငန်း လို့ မြင် လို့ ဝင် လုပ်တာပါ ။


လူမှုရေးလုပ်ငန်း ကို ကျွန်တော် ငယ်ငယ် ကတည်း က လုပ်ခဲ့တာပါ ။ မန္တလေး ရောက် တော့ လည်း နဒီမြန်မာ ဦးအောင်ခိုင် ရဲ့ ကျေးဇူး ပေါ့ ။ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်း ကို ဖွဲ့တော့ ဝင် လုပ်ပါဦး ပြောတာ နဲ့ ဇောက်ချပြီး လုပ်ဖြစ်တာပါ ။ သားသမီးတွေ က လည်း သူတို့ အလုပ်တွေ နဲ့ သူတို့ ဖြစ် နေပြီ ဆိုတော့ ကျွန်တော် အချိန် ပေး ပြီး လုပ်နိုင်ပြီ ပေါ့ ။


လူတွေ သောက ဖြစ် နေတဲ့အချိန် ၊ ကျန်းမာရေး အတွက် အကူအညီ လိုအပ်နေကြ ချိန်မှာ အကူအညီ ပေး နိုင်တာ ကောင်းတဲ့ လုပ်ငန်းပါပဲ ။ အခုတော့ သည် လူမှုရေး လုပ်ငန်း ကို အချိန် ပေးပြီး ကျွန်တော် လုပ်နေ ပါတယ် ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment