Thursday, August 24, 2023

လှည်းယဉ်ကြော့ကြော့


 

❝ လှည်းယဉ် ကြော့ကြော့ ❞

တော်သလင်းလပြည့် နေ့ ။

ပင်ယင်းမာ မှ ဝင်းဖန့်ဖန့် ပွင့်ဝတ်လွှာ တို့ သည် အစွမ်းကုန် မွှေးကြ ပြီး လျှင် တစ်ချပ်စီ တစ်ချပ်စီ မြေဝသုန် ထက် သို့ ကြွေကျ လျက် ရှိလေသည် ။ ရင့်ကျက် တည်ငြိမ်သော မြစ်မဧရာ ။ ရေ စီး လို့ စီးမှန်း မသိရ သိက္ခာ ကြီး လှသည့် မြစ်မဧရာ ။ ထို ဧရာဝတီ ကြေးမုံပြင်ဝယ် နှစ်သက်စဖွယ် ဆေးစုံ ခြယ်သည့် တိမ်တိုက် ကြီးငယ် အသွယ်သွယ် တို့ သည် အထပ်လိုက် အထပ်လိုက် ၊ အရိပ် ထင် ကုန်သည် ။ အထင်းသား အရှင်းသား ပေါ်လွင် နေကြသည် ။

ထို ဧရာဆိပ်ကမ်း ပုဂံ အောက်ဆွယ် “ မနုဟာ ” ကိုယ်တော် ၏ ခြေရင်း ဝယ် မြင်းကပါ ရွာကလေး သည် ထန်း အုန်း သရက် ပြည့်နှက် ဝေမှိုင်း ကိုင်းချင်း ယှက်မျှ သာသာယာယာ တည်ရှိ နေလေသည် ။ အသက်မွေးမှု တစ်ခု ပညာ ကိုယ်စီ ပါ အပ်သည် အလျောက် ပါဏုပေတံ တစ်သက် ပတ်လုံး ယွန်းထည် လုပ်ငန်း ဖြင့် စခန်းသွား တော့မည် ဟု မနူဟာ ၊ သဗ္ဗညု အစုစုသော စေတီပုထိုး တန်ခိုးကြီး ဘုရားများ ထံ အာမဘန္တေ ခံယူထားဘိ သကဲ့သို့ “ မဝတဝ ယွန်းလုပ်ငန်း ” ဖြင့် အသက်မွေးကြသူ မြင်းကပါ ရွာသူရွာသား တို့ ၏ “ မချာ့ တချာ ” အိမ်ကုပ်ကလေး တို့သည် လည်း ပြွတ်သိပ် ပြည့်နှက် တံစက်မြိတ်ချင်း ဆက် လျက် ရှိနေ ကြတော့သည် ။

မြင်းကပါ အရှေ့ကုန်း “ မြစေတီ ” ကိုယ်တော် ၏ တောင် တည့်တည့် တွင် သပ်သပ် ရပ်ရပ် ထန်းရွက်မိုး ဝါးကပ်ကာ ထပ်ချင်း အိမ်ကလေး တစ်ဆောင် အတွင်း အခန်းကျဉ်း ထဲ ဝယ် အညာသူ ဖြစ်ပါ လျက် အညာသွေး အညာမွေး နှင့် အညာရောင် လုံးဝ မသန်း သော ဖြူဖြူတုတ်တုတ် အသက် လေးဆယ် ခန့် မိန်းမ တစ်ယောက် သည် မျက်ရည်ပူများ ကို သုတ်ရင်း ရှိုက်၍ ရှိုက်၍ ငိုနေ လေသည် ။ အိမ်ဦးခန်း ရှိ အသားညိုညို တုတ်ခိုင်ခိုင် နှင့် သူ့ ခင်ပွန်း ဖြစ်ဟန် တူသော လူ တစ်ယောက် မှာ မတိုးမကျယ် သူ့ ရှိုက်သံ ကြားရသော အခါ နား မခံသာ ဟန် နှင့် အခန်း ဘက် ဆီ လှည့်ကြည့် လိုက်ပြီး လျှင် ...

“ ဟေ့ ... ဖွားသီ ရဲ့ မငိုစမ်းပါနဲ့ ဟ ၊ ငါ ပြောနေတဲ့ အထဲ က နင် ထပ်ထပ် ကဲ သလား ”

“ အမယ်လေး ... သမီးမိုက် မွေး မိလို့ ကိုစံဒွေး ရေ သမီးမိုက် မွေးမိလို့ အင်း ... မအေ က မိုက်ခဲ့တော့ သမီး လည်း အပြစ် မဆိုသာပါဘူး တော် ၊ ခေါင် က မှ မိုး မလုံခဲ့သဟာ ”

ဤသို့ ပြောရင်း သားမြတ်အစုံ ၏ အထက်နား အုံးခနဲ လက်သီး နှင့် ထုကာ ထမီ ရင်ရှား ကျွတ်သည် ကို မျှ ဂရုမထား တအီးအီး နှင့် ကျယ် သထက် ကျယ်ကျယ် ငို ပြန်တော့သည် ။

အကြီးအကျယ် စိတ် မချမ်းသာ ဖြစ် နေရ၍ နားထင် နားရင်းများ ပင် နေ့ချင်း ညချင်း ကျဆင်း သွားပုံ ရသော ကိုစံဒွေး သည် ဥပုသ်နေ့ မှန်း ပုတီး စိပ် ရန် မသိ ။ လက် ထဲ မှ ပုတီး ကို သာ လက်ကောက်ဝတ် ပတ်ကာ သူ့ ဇနီး စကား ကြောင့် ဒေါသအိုး ကွဲလျက် အခန်း ဆီ စူးစူးဝါးဝါး ကြည့်ပြီး တက် တစ်ချက် ခေါက်ရင်း အိမ် ပေါ် မှ ဆင်း သွား လေ၏ ။

သူ ဆင်း သွားပြီး မရှေးမနှောင်း ပင် မိန်းမ တစ်ယောက် ကလေး ခါးထစ်ခွင် ချီ ကာ အိမ် ပေါ် တက် လာ၍ အခန်းတွင်း တောက်လျှောက်ဝင် သွား၏ ။

“ မငိုစမ်းပါနဲ့ အစ်မကြီး ရယ် ၊ ဒီ ခွေးမ ကြောင့် ငို ရတာ မျက်ရည် ကုန် ရုံပါပဲ ”

“ ငါ က မိုက်ခဲ့တော့ လှရင် အပြစ်ချည်း မဟုတ်ပါဘူး အေ ၊ ငါ မိုက်ခဲ့တာ စဉ်းစား မိပြီး ပိုပို ဝမ်းနည်းလို့ပါ ”

“ ပြီးပြီးသား ဟာ ပြီး ပစေပေါ့ အစ်မကြီး ရယ် ၊ ကျောင်း က ကိုရင် တောင် ဒီဟာ ကြား ကတည်း က ဆွမ်း လည်း မစား အခန်း ထဲ က လည်း မထွက်ဘူးတဲ့ ”

“ အင်း ... သူ လည်း မောင် အရင်း တစ်ယောက် လုံး ကို ဖွားကြည် ရဲ့ ၊ ညည်း ပဲ စဉ်းစား ကြည့်ပါအေ ညည်း က အရင် အိမ်ထောင် ကျ ပေမဲ့ တင့်တင့်တယ်တယ် လူကြီး စုံရာ နဲ့ တောင်းရမ်း ခဲ့ကြ တာ ။ ငါ က သာ အကြီး ပီပီ မိဘတွေ မျက်နှာ အိုးမည်း သုတ်ခဲ့တယ် မဟုတ်လား ။ ဒါကြောင့် ငါ့ သမီး လှရင် ကျရင် ငါ့ လို တော့ အဖြစ် မခံဘူး ဆိုပြီး နေ လာတာ ခုတော့ အေ ” ပြောရင်း ပြောရင်း မဆုံးခင် ငို ပြန်လေသည် ။

မဖွားသီ တအီအီ ငိုရခြင်း ကား မနေ့ ည က သူ့ သမီး လှရင် အား အဖော်များ ဖြင့် ပွဲကြည့် ထည့် လိုက်ရာ လှရင်မှာ ပွဲကြည့် ရုံ သာ မဟုတ် လောကဇာတ်ခုံ ပေါ် တွင် သူ့ ရည်းစား မောင်ထွန်း နှင့် တွဲပြီး သူ ကိုယ်တိုင် မင်းသမီးအဖြစ် ထွက် က လိုက်သောကြောင့် ဖြစ်ချေသည် ။ အချိန်တန် အရွယ် ရောက် သဖြင့် လင် တစ်ယောက် ကောက်ကောက် ပါအောင် ယူခြင်း ကို သူ အပြစ် မဆို ။ ခုလို ဝါတွင်းကြီး တွင် မစောင့်နိုင် မအောင့်နိုင် ခိုးရာ လိုက် ပြေးသော ငမ်းငမ်းတက်မှု ကိုသာ သူ သည် အရှက်ကြီး ရှက်ပြီး စိတ် အနာကြီး နာ နေခြင်း ဖြစ်လေ၏ ။

သထုံပြည်ရှင် မနူဟာဘုရင် ၏ ကောင်းမှု မနုဟာ ပုထိုးတော် သည် လှည်းဝင်ရိုးသံ တညံညံ မျှ သော ပုဂံဘုရား များ တွင် တစ်ဆူ ပါဝင်လျက် မနုဟာဘုရား ဆွမ်းတော်တင် ပွဲသည် လည်း နှစ်စဉ် နှစ်စဉ် တော်သလင်း လပြည့် နေ့ တွင် ကျင်းပမြဲ ပူဇော်မြဲ ဖြစ်လေသည် ။

ရွာ ထဲ ရှိ မြင်းကပါသူ မယဉ်မရိုင်း တို့ သည် မုန့်ဖြူ ၊ မုန့်နီ ၊ ပဲမုန့် စသည် တို့ ကို အကွင်းလိုက် အကွင်းလိုက် က တစ်မျိုး ၊ အချပ်လိုက် အပြားလိုက် က တစ်တန် ဘုန်းကြီးကပ် ဘုရားလှူ နှင့် ဧည့်ပရိသတ် ဧည့်ခံဖို့ အတွက် ကြော်ကြရသည် မှာ သူတို့ ၏ ညိုတိုတို အသား မှ ချွေးများ စို့ထွက် ရုံ မက ပေါက်ခနဲ ပေါက်ခနဲ စီးကျသည့် တိုင် ဖြစ်တော့သည် ။

သို့သော် မြင်းကပါ မနူဟာ ပွဲ ဆိုလျှင် ရွာနီးချုပ်စပ် နှင့် မင်းနေပြည်တော်ဟောင်း ပုဂံ မြို့ က ပါ အမူးပွဲ ထန်းရည်ပွဲ ဟူ၍ အသိအမှတ် ပြုကြ ကုန်သည် ။ ဟုတ်သည့် အတိုင်း ဆို လျှင် လည်း မနူဟာ ပွဲချိန် ရောက် မှ ဖြင့် မြင်ကပါ မှ ကာလသား ပေါက်စ လူပျိုသိုး အဘိုးအို အိမ်ထောင် ရှိ ၊ အိမ်ထောင် မဲ့ ကြီးကြီးငယ်ငယ် “ ယောက်ျား ”  ဆိုသူ တို့ သည် တစ်မြူ သော် လည်းကောင်း ၊ တစ်ပုလင်းသော် လည်းကောင်း အနည်းထား ပြီး ယစ်၍ ယစ်၍ မူးပစ်ကြ လေသည် ။

ယနေ့ မှာ အဖိတ်နေ့ ည ဖြစ်ခြင်း ကြောင့် ဘုရားဝိုင်း အတွင်း ၌ ဦးရွှေရိုးရုပ် မှ စ၍ နဂါးရုပ် စသည် ဖြင့် အသွန်းမျိုးစုံ လှည့်လည် ကခုန် သိမ့်သိမ့်တုန် ကာ ပြည့်သိပ် လျက် ရှိနေ၏ ။ သည် အချိန် တွင် ရွာ မြောက်ဖျား မော်တော်ကားလမ်း ဘေး ၌ အရက် ကဇော် ပင်ကျရည် စသည့် အမူး သမားများ ၏ နတ်သုဓာ တို့ ကို လွတ်လပ်ခြင်း မက လွတ်လပ်စွာ ရောင်းချ ရာ “ အမိန့်ရ အမူးသမား ” ဘုံရိပ်သာ ဝယ် အလျှိုလျှို ဝင်လာ မစဲသော ဧည့်ပရိသတ်များ ဖြင့် ပြည့်ကျပ် နေလေသည် ။ အနောက်မြောက် ထောင့် ဘူးစင် အောက် ဝါးကွပ်ပျစ်ကလေး ပေါ် တွင် မောင်ထွန်း သည် သူငယ်ချင်း ကြီးရွှေ ၊ ဗမြိုင် တို့ နှင့် သုံးယောက်သား ခေါင်းချင်း ဆိုင် ကာ တစ်စုံတစ်ခု ကို တိုင်ပင် နေကြ၏ ။ ထို တစ်စုံတစ်ခု သည် ကား မဖွားသီ တအီအီ ငိုရသော တစ်စုံတစ်ခု ပင် တည်း ။

“ ဟေ့ကောင် မောင်ထွန်းရ ဘယ့်နှယ်လဲ မင့် ကောင်မ က သေချာပါ့ မလားကွ ၊ တွေ့ကော ပြီးပလား ”

ဤသို့ ကြီးရွှေ က မေး လိုက်ရာ မောင်ထွန်း သည် သောက်လက်စ အရက် ကို မော့လိုက်ပြီး ...

“ မသေချာဘဲ မလုပ်ပါဘူး ကြီးရွှေ ရ ၊ ဒီ တစ်ချီ တော့ ဘယ် အလွဲ ခံလို့ဖြစ်ပါ့မလဲ ”

“ အေးလေ ဒီလိုဆို တို့ က လည်း အဆင်သင့်ပါပဲ ၊ ဟီး ... ဟီး ... ”

ဗမြိုင် က ခြွင်းချက် မရှိ ထောက်ခံ လိုက်၏ ။

“ ငါ အမယ်ကြီးအို ဇာတ်ခုံ အနောက်ဘက် နား ဆီ လှည်းဖြုတ် ထားမယ် ၊ မင်း တို့ က သာ မယောင်မလည် ကြည့်နေပေါ့ ”

သည်လို သောက်ရင်း စားရင်း မှောင်ရိပ် သန်းလာ သဖြင့် သူတို့ သည် လူစု ခွဲ ၍ ထွက်သွား ကြ လေသည် ။

     •••   •••   •••   ••• 

ခုနစ်စဉ် ကြယ်ပြောင် အမြီးထောင် ချိန် ဖြစ်၏ ။

ရှေး အစဉ်အဆက် က စ၍ မြင်းကပါသား တို့ အရှေ့ကုန်း ၊ တောင်ကုန်း ၊ မြောက်ကုန်း ၊ အနောက်ကုန်း စသည် ဖြင့် တစ်ရွာတည်း ပင် အိမ်ကျယ် လုပ်ကာ နယ်နိမိတ်ကြား ထားခဲ့ခြင်း ကြောင့် ယခု ဘုရားပွဲ တွင် တစ်ကုန်း နှင့် တစ်ကုန်း အားကျမခံ ငွေ ကိုနှမ်းကြဲ သလို ကြဲ ၍ ငှားရမ်း ထားသော အမယ်ကြီးအို အောင်စိန် နှင့် ဧမောင် တို့ ၏ ဇာတ်ပွဲ နှစ်ပွဲ သည် လည်း ဇွဲနဘဲ နှင့် အပြိုင်အဆိုင် ကလျက် ရှိလေသည် ။

ပွဲခင်း နံဘေး ဆိုင်တန်းများ ၌ ဓာတ်မီးတွေ လင်းထိန် နေငြား သော်လည်း ၊ ညိုမည်းအုံ့ဆိုင်း နေသော မိုးသား နှင့် မိုးသက်လေအေး တို့ ကြောင့် ရွှေပွဲလာတို့ မှာ အချမ်း ပိုကာ တုတ်တုတ်မျှ မလှုပ်ဘဲ ရှိနေ၏ ။ သည်အထဲ မြင်းကပါသူ မဖြူ့ တဖြူ တို့ ၏ အသဲကျော် ကလီစာတွဲ မင်းသားလေး ဧမောင် မှာ နှစ်ပါးသွားခန်း သို့ ဆိုက်နေ လေရာ သူတို့ တစ်တွေ မှာ မငိုက်သည့် ပြင် မျက်လုံးတွေ ပင် ပြူးကျယ် နေကြကုန်သည် ။

ထိုသို့ ပွဲ ကို သဲသဲမဲမဲ အာရုံစိုက် နေခိုက် တွင် နောက်ဖျားကျကျ ဆီ မှ မိန်းမပျို သုံးဦး သည် ပရိသတ် အပြင်ဘက် ထွက်သွား ကာ ဈေးဆိုင်တွေ နား ဟိုလျှောက် သည်လျှောက် လျှောက် လျက် ဘူးသီးကြော် စားတော့ မလိုလို ၊ မုန့်ဟင်းခါး ဝယ်တော့ မလိုလို နှင့် မယောင်မလည် လုပ်ပြီး အမယ်ကြီးအို အောင်စိန် ဇာတ်စင် နောက် မှောင်ရိပ် ထဲ သို့ ပျောက်ကွယ် သွား၏ ။ အတန်ကြာ၍ ပြန် ထွက် လာသော အခါ တစ်ယောက် မပါလာ ၊ ထို တစ်ယောက် မှာ လှရင် သာ ဧကန္တ  ...  ။

ဤ တထိတ်ထိတ် အချိန် တွင် မောင်ထွန်း သည် တမာပင် မှောင်ရိပ် မှ အသင့် စောင့်နေသော လှည်း တစ်စီး ဆီ သို့ လှရင် ကို တွဲပြီး ခေါ်လာ လေသည် ။ လှည်း နား ရောက် လျှင် ကျွတ်ဆတ်ဆတ် နွား နှစ်ကောင် မှာ အမြီး တဖြတ်ဖြတ် နှင့် ရှိသည် ကို သူတို့ တွေ့ရ လေ၏ ။

“ ဟင် ... လှည်း ကလည်း အမြင့်ကြီး ”

လှရင် ၏ ခပ်အုပ်အုပ် ပြောသံ ဖြစ်သည် ။

“ ကဲ ... လာ ... ”

“ အို ... ”

မောင်ထွန်း သည် သူ့ ကလေးမ ကို လှည်း ပေါ် ပွေ့ တင်ရာ ၊ တင်ရိုး တင်စဉ် အတိုင်း မတင် အထုပ်ကလေး ပိုက်သလို စွေ့ခနဲ မြှောက် ထည့်ကာ ပါး နှစ်ဖက် ကို နှာဖျားတံဆိပ် နှိပ် ပြီး မှ တင်လိုက် သောကြောင့် ဖြစ်လေသည် ။ 

ထို့နောက် မည်းရိပ်ရိပ် လှည်းကလေး မှာ ပိန်းပိတ်အောင် မှောင် နေသော မှောင်မိုက် ထဲ ၌ ရုတ်ခြည်း ပျောက်သွား တော့၏ ။

     •••   •••   •••   •••

ထိုကဲ့သို့ ကြည့်မ၀ ရှုမဝ နိုင်သော သမီးလှ အပျိုပေါက်ကလေး လှရင် သူ့ ရည်းစား နောက်သို့ မိဘ ကို ပုန်ကန်ခြားနား လိုက်၍ သွား ခြင်း ကြောင့် မဖွားသီ ခမျာ မှာ ညီမ ချော့သည် ကို မျှ မရ ၊ မဝ ဝ အောင်သာ ငိုနေတော့သည် ။ မိန်းမ ဆိုသည် မှာ ...

မိဘသေ ၊ သားသေ ၊ သမီး လင်နောက် လိုက် ပြေးသော အရေး ကိစ္စမျိုး တွင် မိန်းမများ သည် လို သလို ငို၍ ရသော မျက်ရည် ကို သာ ရေလဲ သုံးစမြဲ ဖြစ်လေသည် ။

မဖွားသီ မှာ ပူပူနွေးနွေး သူ့ မျက်ရည်မြစ်ကြောင်း ထဲ ၌ သူ ၏ ငယ်စဉ် က ဇာတ်ထုပ်ဟောင်း ကို ပြန်၍ မြင်ယောင်နေချေသည် ။ ထို ဇာတ်ထုပ် သည် ကား လွန်ခဲ့သော အနှစ်နှစ်ဆယ် နီးပါး ခန့် က ဖြစ်၏ ။

ထိုစဉ် ၊ ထိုအချိန် ၊ ထိုအခါတုန်း ဆီ က ဖွားသီ နှင့် ဖွားကြည် ညီအစ်မ နှစ်ယောက် မှာ မြင်းကပါရွာ တွင် မြင်လိုက် လျှင် ကြိုက်ချင်စရာ ချောပါသည် ၊ လှပါသည် ဆိုသော အချောလှဆုံး အပျိုများ စာရင်း တွင် အဦးအဖျား နား ဆီ ၌ ပါလေသည် ။ သို့သော် ညီမ ဖွားကြည် ကား အိမ်ထောင် ကျပြီး ပြီ ဖြစ်သောကြောင့် သူ့ ထက် ငါ သာ၍ လှသော တစ်နည်း ဆိုလျှင် နဂိုအတိုင်း နေရာ မပျက် ၊ အပျို ဘဝ ၌ သာ ရှိသေး၍ ဘုံပစ္စည်း တစ်မျိုးဖြစ်သော သူ့ အစ်မ ဖွားသီ ကိုသာလျှင် ပိုးခွင့် ရှိ သဖြင့် ဆိုင် ၍ နေသည့် မြင်းကပါ လူပျိုနှင့် မုဆိုးဖို တို့ သည် ပိုင်ချင်ဇော ၊ ကိုင်ချင်ဇော ဖြင့် ရှေ့ လောကြီးစွာ အရမ်း ကာရော ပိုးကြ ကုန်၏ ။

ထိုသို့ ပိုးကြငြား သော် လည်း ဖွားသီ မှာ နဂို။ပဋိသန္ဓေ စိတ် က ပင် တခြား မိန်းကလေး များထက် တည်ကြည် ခိုင်မြဲသည့် ပြင် မိဘ စကား ကို မြေဝယ် မကျ နားထောင် ကာ အိမ်တွင်း အချက်အပြုတ် နှင့် ရိုးရာ ယွန်းလုပ်ငန်း ကို ဗိုင်းကောင်းကျောက်ဖိ အစ်မအကြီးဆုံး ပီပီ ပိပိရိရိ လုပ်ပြီး အလိမ္မာ ဖက် နေ သောကြောင့် ပိုး လေ သမျှ မည်သူမျှ မသက်သာ ၊ သာသာ နှင့် အခွာ ခံကြရလေ သည် ။ ထို မောင်တပ်လန် တို့အထဲ တွင် စံဒွေး တစ်ယောက် သာ ဇွဲ အကောင်းဆုံး ဖြစ်၍ ဤ ဇွဲကောင်း ခြင်း ကြောင့်ပင် နောက်ပိတ်ဆုံး ပန်းအဝင် တွင် မယ်ပပ ကို နှာတစ်ဖျား လောက် နှင့် မောင်ပိုင် စီးခဲ့ နိုင်ချေသည် ။

စလုံးရေ အစ ကို ဆိုရလျှင် ဖွားသီ အပျိုပေါက် စံဒွေး ရှင်လိင် ပြန် ၍ တစ်ညနေခင်း မြင်းကပါသူတွေ ရေခပ် ဆင်းချိန် ၊ မြစ်ဆိပ်နား တွင် သူတို့ နှစ်ယောက် လူ ရှင်း နေတုန်း ဗြုန်း ဆို တွေ့ကြ လေသည် ။ စုံစုံမြုပ် သွားသော နေလုံးလေး ကို အနောက်ဘက် ရှိ တန့်ကြည့်တောင် ကန့်လန့် ကာ အနက်ထည်ကြီး က ထပ်မံ ကာ ထားပြန်ရာ မှေးမှိန်သည့် ရောင်ခြည် သည် မှိန်သထက် မှိန် မှေးသထက် မှေး ပြီး လျှင် လေအေးကလေး က လည်း အညောင်းဆန့် နေလေ၏ ။

“ မ ... မ.. ဖွားသီ  ”

စံဒွေး က စာကလေး ကိုင်ပြီး ရေဆိပ် သို့ ခပ်သုတ်သုတ် ရေခပ် သွားနေသော မျက်နှာ ပုပ်ကြီး နှင့် ဖွားသီ ကို ခေါ်လိုက်ခြင်း ဖြစ်၏ ။ ဖွားသီ သည် စကားပြန် မပေး ။ စံဒွေး ကား ဒူးတုန် လှပြီ ။ တုန်ပင် တုန်ငြား သော်လည်း “ စာ ဆိုတာ အလကားပါကွာ ၊ ဒီလက် နှစ်ဖက် ဘာလုပ်ဖို့တုံး ” ဟူသော ဝါဒကို လက်စွဲကျင့်သုံးသည့် သူ့ ဘဒွေး ဖိုးဘငြိမ်း က ဘယ်စခန်း ရောက်လျှင် ဘယ်လို လှမ်း ၊ ဘယ်အကွက် ဆိုလျှင် ဘယ်လို နှက် တဲ့ အချက်ကျကျ သင်ပြ ပေးလိုက်သော “ ဖိုးဘငြိမ်း သင်တန်းဆင်း ” တစ်ယောက် ဖြစ်ချေ၍ အားတင်း ထား၏ ။

ဖွားသီ ကား ရေအိုး ကို စွက်ခနဲ ရေ နှစ်ကာ ရွဲ့နေသော ခေါင်းဖု ကို မှ မပြင်အား ရွဲ့ရွဲ့ လေး ရွက်ပြီး လာလမ်း အတိုင်း သုတ်ခြေတင်လေသည် ။

“ ဒီမှာ .. မဖွားသီ ရဲ့ ”

တစ်မတ်ဖိုး မျှ သော ထန်းရည် တန်ခိုး ကြောင့် စံဒွေး ဒုတိယမ္ပိ ပြန်၏ ။

“ ကိုစံဒွေး ... ရှင် နှမချင်း စာ နော် ”

“ ချစ်လို့ပါဗျာ နှမချင်း မစာလို့ ”

ထိုကဲ့သို့ ဖိုးစံဒွေး အိပ်မက် မက် ကောင်း နေခိုက်၌ ကြမ်းပိုး ကိုက် ၍ လန့်နိုး ချေသည် ။ အကြောင်းကား ခရီး တစ်ဝက် တွင် ပင် ရေအိုး ကိုယ်စီ နှင့် မြင်းကပါသူ ဆူကြုံနိမ့်မြင့် တို့ ရွာ တံခါး မှ ဘွားခနဲ ပေါ် လာသောကြောင့်ပင်တည်း ။

ထို့ကြောင့် ဖိုးစံဒွေး သည် နတ်သုဓာ ကို စားလက်စ တစ်ဝက်တစ်ပျက် က ရပ်ပြီး အောင်မြင်စွာ နှင့် လူ မမြင်အောင် လစ် ခဲ့ရတော့သည် ။ သို့သော် သူ့ မှာ အမြတ် ထွက်သွားချေပြီ ။ သည် တစ်ချီ ပွဲတိုး လိုက်သဖြင့် ရမှန်း သိ၍ စားကျင်းခွက် ကို ခဏခဏ လာလာ နှိုက်သော နွားသိုး ဖြစ် နေတော့၏ ။ ထို့ပြင် သူ့ အဖို့ တစ်ပန်း သာ နေသော အချက် တစ်ချက်က ရှိသေးသည် ။ ထိုအချက် မှာ မဖွားသီ အဖေ ဖိုးရွှေခါး နှင့် သူ့ မွေးသဖခင် ဖိုးသာရင် တို့ လူကြီးချင်း ပလဲနံပ သင့် နေမှုဖြစ်သည် ။ ထို မဟာ အခွင့်အရေး ကြောင့် ညစဉ် ညစဉ် တံခါးမရှိ ဓားမရှိ သူများ ထက် ပို၍ မဖွားသီ တို့ အိမ် ကို အလည် သွားနိုင်၏ ။ အလည် သွားနိုင် သဖြင့် လည်း သွား၍ လည်လေ တော့မည် ။ 

ထို့ထက် သူ မသိဘဲ တစ်ပန်း တစ်ပန်းခွဲ လောက် သာ နေသော အချက် သော် ကား သူ က စပြီး စာပေး လိုက်မှ ပင် ဖွားသီ မှာ စံဒွေး ကို တွေးမိ စဉ်းစား နေမိခြင်း ဖြစ်လေ၏ ။ ညိုစိမ့်စိမ့် နှင့် ယဉ်စစ ကိုစံဒွေး ကို စဉ်းစားမိတိုင်း စဉ်းစားမိတိုင်း မဖွားသီ ပျိုမဒီလေး စိတ် ထဲ ဝယ် ဘာလိုလို ဟာသလိုလို ဆာသလိုလို ဖြစ်ဖြစ် သွားတော့သည် ။

ထို ဘာလိုလို စိတ်မျိုး မှ ဟိုလို စိတ်မျိုး ပြောင်းလဲ သွားဖို့ မှာ မခဲယဉ်းလှတော့ ။

     •••   •••   •••   •••

စံဒွေး အဖို့ မဖွားသီ တို့ အိမ်သို့ ညတိုင်း ညတိုင်း အလည်သွားရသည် မှာ နိစ္စဘတ်ဝတ် ဖြစ်လေသည် ။ ရွာလယ်ဝတ်ကျောင်း သို့ နိဗ္ဗာန်ချမ်းသာ ကို လို၍ ညစဉ်ညစဉ် ဝတ်တက် သွားကြ သော ဆံဖြူ သွားကြွေ ပါးရေ နားရေ တွန့်တွန့်လိပ်လိပ် နှင့် အဘိုးအို အမယ်အို တို့ ကမှ တစ်ညတလေ မိုးရွာ လို့ ဘာလို့ ဆိုပြီး ဝတ်ပျက် ချင် ပျက်တတ် သေးသည် ။ ဖွားသီ တည်း ဟူသော လောကနိဗ္ဗာန် အရသာတုံး ၊ အရသာခဲကြီးကို ဆာလောင်၍ အလည် သွားသော စံဒွေး ကား တစ်ည မှ ရက် မပျက်ပေ ။ ဘွားခနဲ ဘွားခနဲ သူ ကိုယ်ထင် ပြလာချိန် က လည်း ကြက် တွန် သည် ထက် အချိန် မှန် သေးတော့သည် ။

ဖွားသီ မမေ့နိုင်သော တစ်ည ဖြစ်၏ ။

ခြောက်ရက် လခြမ်းကလေး သည် မဝါ့ တဝါ နှင့် မသာ့တသာ ဖြစ်နေ၏ ။ ဖိုးရွှေခါး နှင့် မယ်မင်းသွယ် တို့ တောင်ကုန်း သို့ ဘုရားကိုးဆူ ကပ် ရာ သွားကြသဖြင့် လည်းကောင်း ၊ ဖွားကြည် မှာ အိုးအိမ် ခွဲသွားပြီ ဖြစ်၍ မောင်ကလေးခင်မောင် က လည်း အိမ် ကပ်သည် မရှိ လည် နေ သဖြင့် လည်းကောင်း ဖွားသီ တစ်ယောက် သာ အိမ်စောင့် ကျန် နေ ရစ်သည် ။ သူ သည် ရေနံချေး ဖြင့် ထွန်း အပ်သော မြေမီးတိုင် မှ မီးရောင် ဖြင့် ခြေဆင်း ထိုင်ရင်း ကွမ်းအစ် အောက်ခံများ ကို ပန်းခက် ဖော် နေလေသည် ။ အပေါ်အဖုံးများ မှာ သူ့ လက်ကလေး ဖြူဖြူဖွေးဖွေး နှင့် သေးသေးသွယ်သွယ် စုတ်ချောင်း တို့ ပေါင်းသင်းစပ်ယှက် , အလုပ် လုပ်ထား ချက်ကြောင့် နေ့ ခုနစ်နေ့ ၏ ဂဠုန်ရုပ် ၊ ကျားရုပ် ၊ နဂါးရုပ် စသည် တို့ သည် ချာလည်ပတ်လည် ပြုံးပြုံးရီရီ ထင် နေကြသည် ။

ယွန်း ထိုးလက်စ ပန်းခက်ကလေးများ မှာ တစ်သဝေမတိမ်း တူ ကြ၍ နီနီရဲရဲ ကွမ်းအစ် ပေါ် မှ ထို ပန်းခက်များ မီးရောင် အောက် တွင် အလှဖွဲ့ နေ သလို ဖွားသီ လက်ချောင်းကလေးတွေ က လည်း နွဲ့နွဲ့နှောင်းနှောင်း အလုပ် များ နေကြ၏ ။ ထိုသို့ ပန်းခက် ဖော် နေရင်း တောင်တောင်အီအီ စဉ်းစားရာ မှ ကိုစံဒွေး ကို သွား သတိရ မိလေသည် ။ သတိရ မိသည် အလျောက် လည်း အမှတ်မထင် တံခါးဝဘက် လှည့် ကြည့် လိုက်ရာ လား ... လား ... ကိုယ်တော်ချော ပြုံးဖြီးဖြီး နှင့် မားမားကြီး ရပ် နေသည် ကို တွေ့ရ တော့သည် ။ ဖွားသီ ရင်ထဲ ဒိတ်ခနဲ ခုန်သွား၏ ။

“ အရီးတို့ ဘယ်သွားလဲ မဖွားသီ ”

“ ဟို ... တောင်ကုန်း က ဘုရားကိုးဆူ တဲ့ ”

စံဒွေး ကား ဝက်သားအိုး နှင့် ပက်ပင်း တိုးချေပြီ ။ သူ သည် အခန်းတွင်း ဝင် ထိုင်ကာ သူ ချစ်အပ် မြတ်နိုးအပ် အဖိုးထား အပ်သော သူ့ အသက်ဘူး ဖွားသီ တစ်ကိုယ်လုံး ကို ရွှန်းရွှန်း စားစား စူးစူးစိုက်စိုက် မိုက်မိုက်ကန်းကန်း ကြည့် နေလေသည် ။

မတောက် တစ်ချက် တောက် တစ်ချက် မီးခွက် မှ မီးရောင် က ဝင်းဖန့်ဖန့် ၊ ထို ဝင်းဖန့်ဖန့် မီးရောင် ထဲ ၌ နဂိုဝင်းဝါဝါ အသား ပေါ် တွင် ဝါလွင်လွင် သနပ်ခါးရေကြဲ လိမ်း ထားသော ဖွားသီ ကို စံဒွေး သည် သူ့ မျက်စိ အစုံ တွင် စိတ်ကူး နှင့် မြင်ဖူးသည့် သုဇိတာ လည်း မက ၊ ဆယ့်ငါးရက် လမင်းကြီး ရှေ့မှာ ရောက်နေ သလို ဘာလိုလို နှင့် ချစ်စရာ့ အလှတုံး အလှခဲကြီး ဟု မှတ်ယူ ထင်မြင်လေတော့၏ ။

ဖွားသီ မှာ ရှက်သွေး မွန်ပြီး မျက်နှာ မထားတတ် ၊ ခဏနေ မှ အရှက်ပြေ အောင် အနီးရှိ ယောဖက်ဖြူ တစ်လိပ် ကို မီးညှိ တည်ရင်း လေပြေ ထိုးလိုက်ရသည် ။ သို့သော် စံဒွေး သောက်ချင် သည် ကား ဤဆေး မဟုတ် ၊ ဟိုဆေး ။

သူ သည် ဟန် ကိုယ့်ဖို့ အတိုင်း ဆေးလိပ် ကို ယူ သောက် လိုက်ပြီး နှစ်ပါးသွား နိုင်ရန် ဆိုနေကျ သီချင်း ကို အစ က မဆို အလယ် လောက် က ကောက် ဆိုလေသည် ။

“ ခု သီတင်းကျွတ် ရင် ဖြင့် ကိုစံဒွေး စောင့်ရကျိုး နပ်ပါလိမ့် ထင်ပါရဲ့နော် ”

“ ဖွားသီ ဘယ်နှခါ ပြော ရမလဲ ကိုစံဒွေး ရယ် ၊ အသက် ငယ်သေးလို့ ဒါတွေ ဘာမှ မစဉ်းစားသေးပါဘူး ”

“ ဒါဖြင့် မမျှော်လင့် နဲ့ တော့လား ”

“ ဖွားသီ အဖို့ကတော့ အမေ က ဖြူ ဆိုတဲ့ လူ ဖြူ ၊ မည်း ဆိုတဲ့ လူ မည်း ဘယ်သူ့ မှ ရယ်လို့ မဟုတ်ဘူး ။ ငယ်ငယ် ကတည်း က သည် စိတ်ပါပဲ ”

“ မိဘ ပေးစားတာ က တခြားပါ မဖွားသီ ရာ ၊ ကိုစံဒွေး သိချင်တာက ကိုစံဒွေး ရဲ့ မေတ္တာ ကို လက်ခံနိုင်ပါဦးမလား ဆိုတာ ”

“ မိဘ ပေးစားတဲ့ လူ ဟာ ဖွားသီ မေတ္တာ ရှိတဲ့ လူ ဖြစ်ရမှာပေါ့ ကိုစံဒွေး ရယ် ”

သည်လို ပိတ် ပြောလိုက် သဖြင့် ဖိုးစံဒွေး ငိုင် ကျသွားလေသည် ။ သို့သော် မဖြစ်စေချင် ကာ မှ ကြံဖန် ဖြစ်တတ်သော ဓမ္မတာ အတိုင်း ထို အခိုက်၌ဘပင် ဗြုန်းဆို ဝင်ဆောင့် လိုက်သော လေသရမ်း ကြောင့် တံခါး တစ်ဖက် ဝုန်းခနဲ ပိတ်ကာ မီးခွက် ခမျာမှာ လည်း ဟွတ်ခနဲ ငြိမ်းသွား လေ၏ ။

ထိုအခါ ဖူးစာရေးနတ် သည် ကျွမ်း လေးပတ် မျှ ပစ် လိုက် လေသည် ။

တကယ် ဆိုလျှင် ဖွားသီ သည် မီးခွက် ကို ပြန် ထွန်း ဖို့ ကောင်းသည် ။ အမှန် ကောင်းသည် ။ အစ၌ သူ ဘုရားစူး မိုးကြိုးပစ် တကယ့် ကို ပြန် ထွန်းမည် လုပ်ပါသေးသည် ။ သို့သော် မီးပြန် မထွန်း ရ ခင် သူ့ ထက် အဆများစွာ သာ၍ သာ၍ လျင်မြန်သော ဖိုးစံဒွေးက မှောင်မိုက်မိုက် ထဲ ဝယ် သူ့ အား ပွေ့ပြီး ပိုက်ပြီး ဖြစ်နေတော့သည် ။ မချစ်နိုင်ပါဘူး ဟု ခါးခါး မသီး ကတည်း က ရိပ် မိသော လူပါး ဖိုးစံဒွေး ၏ နှာခေါင်း သည် ထိုအခိုက်လေး တွင် ပင် သူ့ ပါး နှစ်ဖက် ကို နှုတ်ဆက် ပြီး သွား၍ ကစား နိုင်လှသည့် လက်ကြီး ကလည်း ဆိုင်ရာ ဆိုင်ရာ သို့ အချိန်မီ ရောက် နေလေ၏ ။

ဖွားသီ ခမျာ တရှုပ်ရှုပ် သာ ငိုနိုင် ရှာတော့သည် ။

“ ချစ်လွန်းလို့ပါ မသီ ရာ ”

သည်လို ကြူ ပေမဲ့ ဖွားသီ စကား ပြန် မပြော ၊ ငိုမြဲ ငိုနေ၏ ။ မျက်ရည် စွဲ စိုရွဲ နေသော  ၊ သူ့ အား အနောက်ဘက် ထရံ တံခါး ပေါက် မှ ခြောက်ရက်လကလေး သည် စပ်ဖြဲဖြဲ နှင့် သရော် နေလေသည် ။

ထို ည ကား ဖွားသီ မမေ့နိုင်သော တစ်ည ။

      •••   •••   •••   ••• 

ဖော်ပြခဲ့သည့် အတိုင်း တစ်ယောက် နှင့် တစ်ယောက် ချစ်နေ ပါလျက် ဖွင့် မပြောခဲ့ကြဘဲ တစ်ည ကျ ခါ မှ ရှောင်တခင် တွေ့ပြီး ကတိုက်ကရိုက် ကာယကံမြောက် သမီးရည်းစား ဖြစ် လာခဲ့ လာ ရသော ဖိုးစံဒွေး တို့ ဇာတ်ထုပ် မှာ အစီအစဉ်တိုင်း ဆိုလျှင် ကကြီး မှ နေ အ အထိ သွားဖို့ ကောင်းသည် ။ သို့သော် ယခုကား ထိုသို့ မဟုတ် ဝဖို့ ဝင်ကာ နီးမှ ကကြီး ဘက် ဆီ ပြန်လှည့် ခဲ့ရပြန်သည် ။

အကြောင်းကား ဖိုးစံဒွေး မိဘ နှင့် သူ့ ယောက်ခမတော်လောင်း ဖိုးရွှေခါး တို့ သည် ပြောင်း ကြဲ ၍ မှ ကောင်းကောင်း မပေါက်သည့် ယာကလေး မဖြစ်စလောက် နှင့် ပတ်သက်ပြီး သူ ပိုင်သင့် ငါ ပိုင်သင့် ငြင်းခုံရင်း ရုံး ရောက်သည့် တိုင် အမှုအခင်း ဖြစ်ကာ ခွာပြဲ ကြလေသည် ။ တစ်နေ့ တွင် ဖိုးသာရင် သည် ဖိုးရွှေခါး အိမ်သို့ ဒေါကြီးမောကြီး ရောက် လာ၍ အခန့်သင့် တွေ့သော ဖိုးရွှေခါး ကို ...  ။

“ ကောင်းရော့လား ကိုရွှေခါးရယ် ခင်ဗျား လုပ်ပုံ ...  ၊ မကျေနပ်ရင် အစ ကတည်း က ပြောပါလားဗျာ ၊ ခုတော့ ပြောင်းတွေ ရိတ်ခါနီးဆဲဆဲ မှ ဖျက်လို ဖျက်ဆီး လုပ်တာ ဒါ လူကျင့် ကျင့်တာ မဟုတ်ဘူး ။ မောင်ရွှေခါး ရ ”

“ ဘာတုံး ကိုသာရင် ရ ဘာတုံး ဘာဖြစ်လာတာတုံး ”

“ ဟေ့ ... မောင်ရွှေခါး မောင်ရင့် လုပ်သား က ကျုပ် ပြောင်းတွေ ကို နွားတွေ လွှတ် လူဝင် ရိတ် နဲ့ ဘာ လုပ်တာလဲ မေးတော့ ကိုယ့် ဟာ ကိုယ် ရိတ်သတဲ့ .. ချီး ... ”

“ ဪ ... နေစမ်းပါဦး အဲသည် ယာ က ကိုရင့် ယာ လား ”

“ ကျုပ် ယာ မဟုတ်လို့ တယ်လေ ... မပြောလိုက် ချင်ဘူး ၊ ကောင်းပြီ ၊ မင်းမဲ့တိုင်းပြည် မှ မဟုတ်ဘဲ ၊ ဆိုင်ရာ က စကား ပြောကြတာပေါ့ ”

ဤသို့ စကား ကို တိုတို ဖြတ်ပြီး ဖိုးသာရင် ပြန် သွားလေ၏ ။ သည် မီးပွားကလေး မှ စတင်၍ တစ်ဦး နှင့် တစ်ဦး ငွေကုန်ကြေးကျ ခံကာ အမှုဖြစ်သည်တိုင် ကမ္ဘာမီးလောင် တော့ ရာ ထို မီးတောက် သည် မောင်စံဒွေး ကို အမြိုက်ဆုံး ဖြစ်ချေ၏ ။

ဖွားသီ အမေ မယ်မင်းသွယ် ကလည်း စံဒွေး အပေါ် တွင် ယခင်က “ သည် ကိုသာရင့် သားလေး ရိုးပုံရိုးလက် နဲ့ အတော်သား ” ဟု အောက်မေ့ရာ မှ ယခုအခါ “ မိမစစ် ဖမစစ် ခွေးမျိုး က များ ငါ့ သမီး ကို ရာရာသသ ” ဆိုသော အဖြစ်သို့ ပြောင်းလဲ သွားသောကြောင့် ညစဉ် မျက်နှာချင်း ဆိုင် ကာ ကြူရသော အခွင့်အရေး ၊ အချိန်မရွေး တွေ့ နိုင် အချစ်ပျိုး နိုင်သော အခွင့်အရေး စသည့် အခွင့် အရေး ပေါင်းစုံတို့ ဖိုးစံဒွေး အဖို့ ပိတ် သွား လေ တော့သည် ။

     •••   •••   •••   •••

ကိုစံဒွေး အဖို့ ထို အခက်အခဲ တွေ ထဲမှ အခက်တကာ့ အခက်ဆုံး မှာ သူ ၏ မစွံ့ တစွံ့ ရည်းစားလေး မဖွားသီ က မုန်းပင်ကြီး ပေါက်ပြီး မုန်းသီးတွေ သီး နေခြင်းပင် တည်း ။ တစ်ရက် ကို အနှစ် တစ်ရာ မျှ ထင် နေရသော ယခုလို အခါမျိုး တွင် တား၍ တောင်းပန်၍ မရသော ရက်များသည် မကြာခင် ကုန်၍ ကုန်၍ သွားကြ လေရာ သီတင်းဝါလ ပင် ကျွတ်ခါ နီးချေပြီ ။ ယခင်က အစီအစဉ် အတိုင်း မဖြစ်ငြားသော်လည်း အလျှော့စား မပေးတတ် သော ကိုစံဒွေး သည် ဆီ လို အပေါက် ရှာကာ အခွင့်အရေး ကို စောင့်နေခဲ့၏ ။ ထို့ကြောင့် တစ်ညနေ ဖွားသီ တစ်ယောက် တည်း ရေခပ် ရာမှ ပြန်လာသည် ကို တွေ့ သဖြင့် နောက် မှ ခပ်သုတ်သုတ် အမီ လိုက်ရာ ရွာနှင့် မလှမ်းမကမ်း ဇရပ်ကလေး အနီး တွင် မီလေ၏ ။

“ မသီ နေပါဦး မသီ ရဲ့ ၊ စကားလေး တစ်ခွန်း ပြောချင်လို့ပါ ”

ဖွားသီ ကား လှည့် ၍ မှ မကြည့် သွားမြဲ သွားနေ၏ ။ စံဒွေး သည် ဘာမှ ပြော မနေတော့ဘဲ ဖွားသီ ၏ လက်တစ်ဖက် ကို ဆွဲကာ ဇရပ်ဆီ ခေါ်လာ ခဲ့၍ ခေါင်း ပေါ် မှ ရေအိုး ကို အသာ ချပေးလေ သည် ။ ဖွားသီ သည် ထိုအခါမှ ထိုင်လိုက် ရ ပြီးလျှင် မျက်နှာထား နှင့် ပင် ...

“ ကဲ ...ပြောစရာ ရှိတာ မြန်မြန် ပြောပါ ”

“ ပြောပါ့မယ် မသီ ရယ် ၊ ဒါလောက်လည်း အရေးမကောင်းပါနဲ့ ”

ဤသို့ပြောရင်း စံဒွေး သည် ဖွားသီ ဘေး တွင် ထိုင်ရာ ဖွားသီ သည် လူချင်း မထိအောင် တစ်ထွာ တစ်မိုက် ခန့် ရွှေ့ ထိုင် လိုက်၏ ။ ဤ အပြုအမူကလေး သည် စံဒွေး ၏ အသည်း ကို ဆွဲဆောင့် လိုက်သလို အောင့်သက်သက် ဖြစ်စေလေ ရာ သူ သည် ဝမ်းနည်းရောင် သန်းသော မျက်လုံးများ ဖြင့်သာ စူးစိုက် ကြည့်နေတော့၏ ။

“ စိမ်းကားပါ မသီ ရယ် ၊ စိမ်းကားပါ ။ ဒါထက် ကိုစံဒွေး မေးချင်တာ က အရီးတို့ က မသီ ကို ဟို .. ကိုဘိုးအောင် နဲ့ နား ချနေကြတယ် ကြားလို့ ”

“ ဖွားသီ တော့ မသိရသေးဘူး ။ သူတို့ လူကြီးတွေ စီမံနေကြဟန် တူပါရဲ့ ။ ဖွားသီ အဖို့ကတော့ မိဘ စကား နားထောင် ရမှာပေါ့ ”

“ ဒါဖြင့် ကိုစံဒွေး ကို တော့ အရင် က လို ချစ် လည်း မချစ်နိုင် သနား လည်း မသနားနိုင် တော့ဘူးပေါ့ ”

“ ကိုစံဒွေး ကို ဖွားသီ ပြောဖူးတယ် မဟုတ်လား ၊ မိဘစကား ကို တော့ ဘယ်ခါမှ ငြင်းပယ် မှာ မဟုတ်ဘူးလို့ ။ ကိုစံဒွေး ကို မုန်းလည်း မမုန်းပါဘူး ။ ဒီ မြေကြီး ပေါ် မှာ ဖွားသီ ဘယ်သူ့ မှ မမုန်းဘူး ”

“ ဒီလို ဆိုရင်လည်း ကိုစံဒွေး ခေါ်ရာ ကို ပဲ လိုက်ခဲ့ပါလား ”

“ အဲဒီလိုတော့ မဖြစ်ဘူး ကိုစံဒွေး ။ ဖွားသီ ဟာ ဘယ်တော့မှ မိဘ မျက်နှာ အိုးမည်း သုတ်မယ့် မိန်းမစား မဟုတ်ဘူး ”

ပြောပြောဆိုဆို ပင် ဖွားသီသည် ရေအိုး ကို ခေါင်းပေါ် ရွက်ကာ ထွက်သွား လေ၏ ။ ထိုကဲ့သို့ အထုပ် ပိုက် ၍ လိုက်ခဲ့ပါတော့ ဟု ချစ်၍ ခေါ်သည် ကို မိဘ က ပေးစား လျှင် ဘယ်သူ့ ကို မဆို ဘာပဲ မပါ ပါ ပါ လင် ဟူ၍ မှတ်ယူ ပေါင်းသင်းမည့် မဖွားသီ အပျိုချောကလေး က ခေါင်းယမ်း လိုက် သဖြင့် သူ့ ခမျာ အောင့်သက်သက် သာ ဆတ်တငံ့ငံ့ ဝေဒနာ ခံစားရတော့သည် ။ သူ သည် ခေါင်းငိုက်စိုက် ချကာ ရွာ အရှေ့ဘက် နီတာ တို့ တဲဆီ လာခဲ့ရာ ခေါင်းပေါင်းဖြူ အသင့် ပေါင်း ပြီးသား ထန်းရည် တစ်အိုး တွေ့သည် နှင့် စိတ်ညစ်ညစ် ရှိသည် အလျောက် ငဲ့ ၍ ငုံ့ ၍ သောက် နေလေ၏ ။ အတော် ကြာသောအခါ သူ့ ဘဒွေး ဖိုးဘငြိမ်း ရုတ်တရက် ပေါက်လာ၏ ။

“ ဟ ... စံဒွေး ငါ့ ဖို့ ချန်ပါဦးဟ ချီးမှပဲ ”

“ ဟာ ... ဘဒွေး လာလာ ရှိပါသေးတယ်ဗျ ”

ဖိုးဘငြိမ်း သည် ထန်းရည်အိုး ကို ခွထိုင် လိုက်သည် ။

“ မင့်မကော ခု ဝါကျွတ်ရင် တောင်းမယ် မဟုတ်လား"

“ ခက်သားပဲ ဘဒွေး ရာ ဒီလို ဖြစ်နေတယ်ဗျ ”

စံဒွေး သည် သူ ၏ ပူပူနွေးနွေး ဇာတ်ထုပ်လေး ကို နှပ်ကလေး တရှုံ့ရှုံ့နှင့် စားမြုံ့ ပြန် လေသည် ။ အဆိုပါ ခြင်းရာများ ကို ဖိုးဘငြိမ်း ကြား လေရာ ။

“ အံမာ ဒါလောက်နဲ့ များကွာ ဘဒွေး တစ်ယောက် လုံး ရှိပါသေးတယ်ကွ ၊ အားငယ် မနေ စမ်းပါနဲ့ ” ဟု မြှောက်ပေး လိုက်၏ ။

နောက် သူတို့ နှစ်ယောက် ခေါင်းချင်းရိုက် လိုက် ထန်းရည် ကို မော့ လိုက် နှင့် စည်းဝါး ကိုက် နေ ကြသည် မှာ လုံးလုံးကြီး မှောင်သည် တိုင် ဖြစ်တော့၏ ။

       •••   •••   •••   •••

တော်သလင်း လဆန်း တစ်ဆယ် နဲ့ လေးရက် ...

မြင်းကပါ တစ်ရွာလုံး အုန်းအုန်းကျွက်ကျွက် မနုဟာပွဲ အတွက် လုံးပန်း ကြပြန်ပြီ ။ မြင်းကပါသူ မဖြူ့ တဖြူ တို့ မုန့်ဖြူမုန့်နီများ ကို အကွင်းလိုက် အကွင်းလိုက် က တစ်မျိုး အချပ်လိုက် အပြားလိုက် က တစ်တန် ကြော်ကြရ ပြန်ပြီ ။

ညနေခင်း နေ မဝင့် တဝင် တိမ်တောက် နေသည့် ပျိုကြောက်ချိန် ဖြစ်သည် ။ ပြေပြေသာ နီ သဖြင့် နီပြေပြေ ဖြစ်နေသော ထို တိမ်ရောင် အောက်၌ အာနန္ဒာ ၊ သဗ္ဗညု ၊ မဟာဗောဓိ အစရှိသဖြင့် ပုဂံဘုရားများ သည် ဆေးရောင်စုံ ဟပ်လျက် သပ္ပာယ်စွာ ပင် ရပ်တည်တော် မူကြကုန်၏ ။ ထို စေတီ ပုထိုးများ ကြား ပူပြင်းလွန်း သည့် အညာ ဥတုကြောင့် သြဇာဓာတ် ခြောက်တောက်တောက် ပုဂံမြေ ပေါ် တွင် ခပ်ချဲ့ချဲ့ ထနောင်းပင်ကလေးများ သည် အစီအရီ ပေါက် နေကြပြန်သည် ။ 

မိန်းမပျို တစ်ယောက် သည် မြင်းကပါရွာ ဘက် မှ သဗ္ဗညုဘုရား ဘက် ဆီ တောလမ်းလေး အတိုင်း တစ်ယောက် ထီး တည်း လာ နေ၏ ။ အဖော်မပါ သည်လို အချိန် သည်လို ခရီး ကို သွားနေ သူမှာ မည်သူများ ပေနည်း ။ သူ့ကို ကြည့်ရသည် မှာ လည်း နှာတံကလေး အနေအထား လက်လွှဲပုံ ခြေလှမ်း လှမ်းပုံ မှစ၍ ကိုယ်လုံး ကိုယ်ပေါက် ကျစ်ကျစ် ဖြစ်နေပုံ တို့ မှာ ဖွားသီ နှင့် ချွတ်စွပ် တူလေ တော့သည် ။ သေသေချာချာ ကြည့် လိုက်ပါလျှင် သူ ကား ဖွားသီ မှ ဖွားသီ အစစ် ... ။

ဖွားသီ သည် နောက်သို့ ပြန်ကြည့် ပြန်ကြည့် နှင့် ခပ်ကြောက်ကြောက် သွားနေရာ သူ သွားရာ နောက်သို့ လှည်းယဉ် ကြော့ကြော့ကလေး တစ်စီး သည် ခပ်မော့မော့ ခပ်ဆော့ဆော့ ပင် ဖုန် အလိပ်အလိပ် အမြီးကလေး တန်းလန်း နှင့် ခပ်သော့သော့ လိုက် နေ၏ ။ ထို လှည်းကလေး ကို မြင်ကာ မှ သူ့ ရင်ထဲ ဖို သလိုလို ငိုချင် သလိုလို တုန်တုန်ရီရီ နှင့် ဒူးချင်းပင် ခတ်မိ တိုက်မိ ပြန်သည် ။ လှည်းကလေး သည် ကြည့်ရင်း ကြည့်ရင်း နီး နီး လာ၍ အနား ရောက်လာ၏ ။

လက်စသတ်တော့ ဣန္ဒြေ နှင့် သိက္ခာ နှင့် လှည်းမောင်း လာသူ မှာ ဖိုးဘငြိမ်း ဖြစ်ချေသည် ။ လှည်းကလေး မှာလည်း ယာသမား လှည်းသမား နွားကျောင်းသားများ နှင့် လားလား မျှ မထိုက်သော  ၊ ဘုန်းကြီးစီး လှည်းကလေး ဖြစ်၏ ။ ပွတ်ခံ ထားသည့် လှည်းရံတိုင်များ မှာ ကွေး၍ ကော့ သဖြင့် ကော့ ၍ ပျံ နေကြသည် ။ ဘက်ညီဟန် တူသော မပုမအိုင့် ဝဖိုင့်ဖိုင့် နှင့် ကျားကျားယားယား နွားတရှဉ်း သည် ခေါင်းကလေးဆတ်ကာ ဆတ်ကာ သွားနေ သောကြောင့် ထိပ်အုပ် ချူကုံး စသည် တို့ မှ ချူသံကလေးများ ကလည်း မတိုးမကျယ် မြည် နေကြ၏ ။ လှည်း ပေါ်တွင် ကော်ဇော တစ်ချပ် ခင်းထားသည် ။

သည်လှည်း ၊ ဖွားသီ ၊ ဘုရားများ ၊ သူတို့ အားလုံး အပေါ် သို့ အမှောင်သန်းစ ပြုနေပြီ ။ ဖိုးဘငြိမ်း က စကား စလိုက်သည် ။

“ ဟဲ့ ... ဖွားသီ အဖော် မပါ ဘာ မပါနဲ့ ဘယ် တုံးဟဲ့ ”

“ ဟင် ... အရီးငြိမ်း ပါလား ၊ ကျွန်မ ဒွေးလေးမယ် တော်တော် နေဆိုးတယ် ဆိုလို့ တောင်ဘီ သွားမလို့ ။ အရီးငြိမ်း ကော ဘယ်တုံး ”

“ ငါ လည်း နက်ဖြန် မနက် ဘုန်းကြီး စောစော ပင့်ရအောင် ခုည ကတည်း က ရွှေကျောင်း သွား အိပ် မလို့ပါ ၊ နင် အဖော် မပါရင် လှည်း နဲ့လိုက်ခဲ့ပါလား ။ တောင်ဘီ နဲ့ ရွှေကျောင်း ဆို အတူတူ ပဲဟာ ”

“ နေပါစေ အရီးငြိမ်း ရယ် ခု ရောက်တော့မှာ ပါ ”

“ ဟဲ့ ... မိုးချုပ်လှပြီ ဟဲ့ ။ နင် မို့ တစ်ယောက် တည်း သွားရဲတယ်ဟယ် ၊ လာ ... လာ လှည်း ပေါ် တက် ”

ဖွားသီ သည် လှည်း ပေါ် သို့ တက် လိုက်၍ စိတ်ချ လက်ချ နောက်ဖက် လှည့်ကာ တင်ပါးလွှဲ ထိုင်ပြီး လိုက်ပါသွားသည် ။ ဤသို့ ခပ်သွက်သွက် မောင်း လာခဲ့ရာ ထမင်းအိုး တစ်လုံး မကျက် တကျက် မျှ ကြာ လျှင် ပုဂံ အရှေ့ဘက် ရောက် သွားကြသည် ။ ထိုအချိန် တွင် ညီအစ်ကို မသိတသိ မှ သည် ညီအစ်ကို လုံးလုံး မသိသို့ ရောက် အောင် မှောင်နေပြီ ဖြစ်၏ ။ ထို မှောင် ထဲ မှ သူရဲ လိုလို တစ္ဆေ လိုလို လူတစ်ယောက် ဘယ်က ဘယ်လို ပေါက်လာသည် မသိ လှည်းပေါ်  တက် ထိုင်လေသည် ။ သူ့ ပါးစပ် မှ ထန်းရည်နံ့ သည် ဖွားသီ ၏ ငယ်ထိပ် သို့ သွေးရောက် သွားစေ၏ ။

ထို လူ ကား ဖိုးစံဒွေး ဖြစ်ကြောင်း မှောင်မည်းထဲ ၌ ပင် ဖွားသီ မြင်ရလေသည် ။ ဖွားသီ အရှင် လတ်လတ် ဘဝ ကူး ချေပြီတကား ။ သူ ဝမ်းနည်း လာ၏ ။ ငို၏ ။ နောက် ရန် တွေ့၏ ။

“ အရီးငြိမ်း .. အရီးငြိမ်း ၊ ဖွားသီ ကို ဘယ့်နှယ် လုပ်ကြတာတုံး ”

ထို အမေး ကို ဖိုးဘငြိမ်း မဖြေ ၊ မောင်စံဒွေး ဖြေ ၏ ။

“ ဒီ တစ်လမ်းတည်း ရှိတော့လို့ပါ မသီရာ ၊ အရီးတို့ က ဘယ်နည်းနဲ့ မှ သဘော မတူဘူး ဆိုတာ သိတော့ ခုလိုပဲ ကြံ ရတော့တာပေါ့ ။ ကိုစံဒွေး ကို စိတ်ဆိုးချင် သလို ဆိုးပါတော့ မသီ ရယ် ”

“ လုပ်မှ လုပ်ရက်ပလေ ကိုစံဒွေး ရယ် ၊ ဖွားသီ တော့ ခွေး ဖြစ်ပါပေါ့ ”

ဖွားသီ မှာ မျက်ရေ ကို သာ တွင်တွင် သုတ် ရတော့သည် ။ ရှိုက်ကာ ရှိုက်ကာ ငိုနေသော သူ့ အား စံဒွေး သည် ရင်ခွင်ထဲ ပွေ့ယူ ဖက် ထားပြီး တတွတ်တွတ် တောင်းပန်လေသည် ။ မှောင်မိုက် ထဲ ၌ ဖိုးဘငြိမ်း ၏ လှည်းယဉ် ကြော့ကြော့ကလေး သည် သူတို့ နှစ်ယောက် အား အရှေ့ တောင်ဆီ သို့ မော့မော့ကလေး သယ်ဆောင် သွား၏ ။

တကယ့် တကယ် ဆိုလျှင် ဖွားသီ သည် စံဒွေး အား ဟိုတစ်ခါ စလုံး ရေ စ ပြီးကတည်း က မေတ္တာ ရှိနေ၏ ။ သို့သော် တင့်တင့်တယ်တယ် လူကြီး စုံရာ နှင့် တောင်းယူစေလိုသည် ။ ခိုးထွက် ပြေးခြင်း ကို နည်းနည်းမျှ သဘောမကျ ၊ စိတ်မကူး ၊ ယုတ်ညံ့မိုက်မဲသည် ဟု ယူဆသည် ။ သို့ ယူဆသောကြောင့် ယခင်စံဒွေး က လိုက်ခဲ့ပါတော့ ဟု ခေါ်စဉ် ခေါင်း ကို သာ တွင်တွင် ယမ်းခဲ့၏ ။ စံဒွေး ကား မင်္ဂလာဆောင် လည်း လင်မယား ၊ ခိုးယူ ထွက်ပြေးလျှင် လည်း လင်မယား ၊ ကာယကံ မြောက် ညား လိုက်လျှင် လင်မယား ဘဝ ရောက်သည် ၊ လင်မယားချင်းအတူတူ ညားဖို့ အရေး ကြီးသည် ဟု ရှင်းရှင်းကြီး ယုံကြည်၏ ။ ထို့ကြောင့်သာ ယခုလို အပါ သုတ်ခြင်း ဖြစ်ချေသည် ။

ဖွားသီ တွင်ကား တံတွေးခွက်ထဲ မျောခဲ့ပြီ ဖြစ်ရာ ရွံ နေ၍ မပြီးတော့ ၊ မျောလက်စ နှင့် ဆူးခလုတ် မငြိဘဲ လမ်းဆုံးထိ မျောဖို့သာ ရှိတော့ သဖြင့် အသာအယာ မရှိုက်မငို လိုက်ပါ သွား ရတော့သည် ။ သန်းခေါင်ကျော်ကျော် တွင် သူတို့ ၏ လှည်းကလေး သည် လက်ဝဲရွာ တွင်း သို့ ဝင်သွားကာ ရွာတောင်ဖျား ဝါးကပ်မိုး ထရံကာ အိမ် တစ်ဆောင် ရှေ့တွင် ရပ်လိုက်လေသည် ။ စံဒွေး က ဖွားသီ ကို လှည်း ပေါ် မှ ပွေ့ချပြီး အိမ် ပေါ် တွဲခေါ် သွား၏ ။ သူတို့ တက်လာပြီး မကြာခင် ပင် အရွယ် ခပ်ကြီးကြီး လူ တစ်ယောက် သည် မီးခွက် တစ်ခွက် နှင့် ခုံဝိုင်းလေး တစ်ခု ပေါ် တွင် ထမင်းဟင်းများ ပြင် ပေးလာသည် ။ ဖိုးဘငြိမ်း လှည်းကလေး ကား ဘယ်ဘက် မောင်း သွား သည် မသိလိုက်ရ ။

“ ကဲ .. မသီ ထမင်း စား ရအောင် ”

“ ဟင့်အင် ... ညနေစာ စားခဲ့လို့ မဆာဘူး ၊ မစားတော့ဘူး ”

“ ဒီလိုဆို ကိုစံဒွေး လည်း မစားတော့ဘူး ၊ အရီး ထမင်းပွဲ ပြန် သိမ်း လိုက်ပါဗျာ ”

ယခင် လူကြီး သည် ဟုတ်ကဲ့ လည်း မဆို ခေါင်း လည်း မညိတ် ထမင်းပွဲ ကို ပြန် သိမ်းပြီး အောက် သို့ ဆင်းသွားလေ၏ ။ စံဒွေး တို့ နှစ်ယောက် တည်း သာ မီး တစ်ခွက် နှင့် ကျန် ရစ်ခဲ့သည် ။ ကြက် လူပျိုပေါက် မှ စ၍ ကြက် အဖိုးအို ထိ တစ်ရွာလုံး ကြက်ဖများ သည် သန်းခေါင် ကျော် ပြီ အိပ်သင့်ပြီ ဟု ဖွားသီ ကျောချမ်းအောင် ကြွက်ကြွက်ညံ ကြေညာ ကြလေသည် ။

စံဒွေး သည် ဝါးခနဲ တစ်ချက် သမ်း လိုက်ပြီး အသနား ခံ လင့်၏ ။

“ ကိုစံဒွေး အိပ်ချင်ပြီ မသီရယ် အိပ်ကြပါစို့ ”

ဖွားသီ ရင်တွင်း ဗလောင် ဆူ ချေပြီ ။ သူ ဘာမှ ပြန် မပြောတတ် ၊ သူ မြင်ရ သိရသည် ကား စံဒွေး မီးမှုတ်ပြီး သူ့ အား အခန်းတွင်း သို့ ပွေ့ချီသွား ခြင်းပင် ဖြစ်၏ ။ အခန်းထဲ ရောက်သော အခါ စံဒွေး သည် အသင့် ခင်းထားသော အိပ်ရာ ပေါ် သို့ ထိုင်ချ လိုက်၏ ။ ဖွားသီ ကို ကား ပွေ့မြဲ ပွေ့ ထားပြီး မို့အိအိ ပါးနှစ်ဖက် ကို အားရှိ ပါးရှိ သနပ်ခါး ကုန် သည် ထိ မလွှတ်တမ်း နမ်း လေသည် ။

သို့သော် သူ ၏ နမ်းခြင်း သည် မနောကံ သာ မြောက်ခြင်းကြောင့် ဖွားသီ မသိလိုက် ။ အမှန်မှာ သူ သည် မှောင်ရိပ်ထဲဝယ် ရေးရေးသာ ဖွေးနေသော ဖွားသီ ၏ ဝိုးဝါး မျက်နှာကလေး နှင့် ကိုယ်လုံးလေး ကို ပီတိ လွှမ်းရင်း စူးစိုက် ကြည့် နေခြင်း သာ ဖြစ်သည် ။ နွေးနွေးလေး မှုတ်ထုတ် လိုက်သော ဖွားသီ နှာခေါင်း နှစ်ပေါက် မှ ထွက်သက်လေညင်းပင် သူ့ အဖို့ ဘာနှင့် မျှ မနှိုင်းယှဉ် လောက်အောင် နှစ်သိမ့်စရာ ကောင်း နေသည် ။ ထို့ကြောင့် သူ သည် တစ်ညလုံး ယခုလို ပွေ့ပိုက်ပြီး စူးစိုက် ကြည့်နေ နိုင် ချင် မှ နေနိုင်ပေမည် ။

ထိုအချိန် ထိုအခါ ထိုလိုမှ စ၍ ဖွားသီ ခမျာ နဂိုအတိုင်း နေရာ မပျက်သေးသည့် အပျို ဘဝ မှ သည်ရုပ် သည်ရေ သည်ကိုယ်ခန္ဓာ အိစက်စက် နှင့် ပင် ဟိုလို ဖြစ်ရ ပျက်ရသော အအို ဘဝ သို့ အရှင် လတ်လတ် ရောက်ခဲ့ရသည် ။ တစ်နည်းဆိုလျှင် လူ့ စာရင်း တွင် စံဒွေး ၏ တစ်ဦးတည်း ပိုင် ပစ္စည်း အဖြစ် သို့ ရောက်ချေပြီ တကား ။

မြင်းကပါ တစ်ရွာလုံး သူသူ ငါငါ ပြော နေကြသော အကြောင်းကား စံဒွေး နှင့် ဖွားသီ တို့ အကြောင်း ဖြစ်၏ ။ ရေ ခပ်ရာ ၊ ယာ ထဲ သွားရာ ၊ ယွန်း ထိုးရာ ၊ အိမ် လည်ရာ နေရာတကာ ပင် ပြော နေ ကြတော့သည် ။ အချို့က ဖွားသီ ကို မိန်းကလေး တန်မဲ့ အရှက် နည်းသည် ၊ ဝါတွင်းကြီး ကို မှ မရှောင် ဟု ကဲ့ရဲ့ ၏ ။ အချို့က စံဒွေး ကို အကင်း ပါးသည် ၊ မယား ရ တော်သည် ၊ ထီပေါက်ခြင်း ဖြစ်လေသည် ဟု ချီးကျူးကြ၏ ။ အချို့ကလည်း နှစ်ဦး စလုံးပင် သစ္စာ ရှိကြပါသည် ၊ လောကကြီး ကို စုံကန်၍ သူတို့ ၏ မေတ္တာကြိုးကို မပြတ်အောင် ထိန်းနိုင်ပါပေသည်ဟု အထူးသဖြင့် ကာလသား ပိုင်းက နှစ်ဦး စလုံး ကို ချီးကျူးကြလေသည် ။

ဘယ်သူ ဘယ်လိုပင် ချီးကျူးချီးကျူး ၊ ကဲ့ရဲ့ ကဲ့ရဲ့ မထိန်းနိုင် မသိမ်းနိုင် ဒေါသအိုးကွဲကာ အရှက်ကြီး ရှက်နေသူမှာ ဖိုးရွှေခါး ပင် ဖြစ်ချေသည် ။ သူ သည် ဖွားသီ ပျောက်သွားပြီး နောက် နေ့ နံနက် ဆိုလျှင် ပဝါမနိုင် ပုဆိုးမနိုင် နှင့် သူ နိုင် နေကျ မယ်မင်းသွယ် ကို ဆဲကာ ဆဲကာ ရိုက် လေတော့သည် ။

“ ငါ ဒါကြောင့် အစက မပြောဘူးလား ၊ ညည်း သမီး တယ်ပြီး မူ မမှန်ဘူးလို့ ၊ ခု ဒီလို ဖြစ်ရတာ ညည်း အပြစ် သိလား ... ညီး အပြစ် ”

“ လူတင် ပါလို့ ပါ ကိုရွှေခါး ရယ် ”

“ ကြည့်စမ်း ၊ ကြည့်စမ်း အဲဒါ ငါ့ စော်ကားတာ ၊ စော်ကားတာ ” ပြောပြောဆိုဆို ကြီးတောင့်ကြီးမား ရောက်မှ ပထမဦးဆုံးသော ဆုံးမခြင်း ဖြင့် သူ့ မယား အား ရိုက်ပြန်ရာ အနီး ရှိ ဖွားကြည် က ဆွဲ ထားရ၏ ။

“ လွန်ကုန်ပါ့မယ် အဖေ ရယ် ၊ အမေ့ တော့ မရိုက်ပါနဲ့ ၊ ရိုက်ချင်းရိုက် ကျွန်မ သာ ရိုက်ပါ ”

“ အံမာ နင် ကလား ကဲဟာ ... ကဲဟာ ”

ထိုအခါမှ သားအမိ နှစ်ယောက်စလုံး တုတ်တုတ်မျှ မလှုပ်ဝံ့ကြတော့ ၊ မျက်ရည် ကိုသာ သုတ်နေကြရလေ၏ ။

“ ဒီ ခွေးမ ကို ကနေ့ က စပြီး အမွေပြတ် ၊ နောက် အိမ်ရိပ် နင်းတာ တွေ့ရင် အသက် ထွက်ပြီးသား မှတ်ပေတော ”

ဤသို့အားဖြင့် ဖိုးရွှေခါး နှင့် မယ်မင်းသွယ် တို့က သမီးကလေး ဖွားသီ ကို တို့ မျက်နှာ အိုးမည်း သုတ်ရက်လေခြင်း ၊ ဆွေမျိုးဂုဏ် ဖျက်လေခြင်းဟု သမီး စာရင်း မှ ပယ် လိုက်လေရာ စံဒွေး တို့ လင်မယား လက်ငင်း ခံစားရသော အကျိုး တစ်ခုပင် တည်း ။ သို့သော် ဖွားသီ ကား မမှု ။ သူ့တွင် ရာသက်ပန် အားကိုရ အသုံးချရမည် ဖြစ်သော ဖိုးစံဒွေး တစ်ယောက် လုံး ရှိနေ၍ မမှု တော့ပေ ။

       •••   •••   •••   •••

တစ်ရက် ဆိုသည်မှာ ဘာမျှ မကြာ ၊ ထို မကြာသော တစ်ရက် သည် ဖြုတ်ခနဲ ပျောက်သွား၍ နောက် တစ်ရက် ရောက်လာသည် ။ ထိုနောက်တစ်ရက် သည် လည်း ယခင်ရှေ့ တစ်ရက် နောက်သို့ ကောက်ကောက် ပါအောင် လိုက်သွား ပြန်၏ ။ သည်လိုနှင့် ရက်တွေ သည် တစ်ရက်နောက်သို့ တစ်ရက် ပြန်မလာတမ်း လိုက်သွား ကြရာ အနှစ် နှစ်ဆယ် ဆိုသော အချိန်သည် အစရှာ မတွေ့တော့ ။ သို့လင့်ကစား ထို အနှစ် နှစ်ဆယ်အတွင်း၌ ဖွားသီ တွင် လှရင် ဟူသော သမီး တစ်ယောက် နှင့် လှသောင်း ဟူသော သား တစ်ယောက် အဖတ်တင် ခဲ့လေသည် ။ ဒါသာ မဟုတ်သေး တော်သလင်း လပြည့်နေ့ ရောက်ခဲ့ ချေပြီ ။

ဤနေ့ တွင် မဖွားသီ ငိုရ ပြန်ပြီ ။ ယခုလို သမီးချော လှရင် လင် နောက် လိုက် သွား၍ ကိုယ်တွေ့ ကြုံကာမှ “ ဟိုတုန်းက ငါ့ အမေ သည်လို စိတ်ဆင်းရဲမှာပဲ ” ဟု သဘော ပေါက်ကာ ပိုမို ဝမ်းနည်းလာသဖြင့် တိုး၍ တိုး၍ ငိုတော့သည် ။ ငိုအားရ၍ အိမ်ရှေ့ဘက် ထွက် ခဲ့ရာ မမြင်ချင် ကာ မှ လှည်းယဉ်ကလေး တစ်စီး ချူသံ တချွင်ချွင်နှင့် မောင်းလာသည် ကို တွေ့ရပြန်သည် ။ လှည်းကလေးသည် ဝတ်စားထားသော မိန်းမပျိုများ ကို တင်လာ၍ ခပ်ထွားထွား နွားနှစ်ကောင် နှင့် ကြော့ကြော့ပါ အောင် မောင်းလာ ရာ မဖွားသီ စိတ် ထဲ တွင် သူ့ ကို တမင် သရော် နေသည် ဟု ထင်လေသည် ။ ထို့ကြောင့် မျက်စိ မှိတ်ပြီး နား ပိတ် ထားလိုက်၏  ။ ချူသံ မကြား မှ မျက်စိ ဖွင့် ကြည့်ရဲတော့သည် ။

ဘင်္ဂလားသရက်ပင် ပုတိုက်တိုက်ကလေး ပေါ် ၌ ရင်းမာပင် ရှည်ကောက်ကောက်ကြီး က ပိုင်စိုးပိုင်နင်း မိုး နေသည် ။ လူအများ မျက်စိ တွင် ပုပု နှင့် ရှည်ရှည် အဆင် ပြေချင် မှ ပြေမည် ဖြစ်သော်လည်း သူတို့ ကား သဘာဝ အားဖြင့် အဆင် ပြေ၏ ။ ထိုပင် ရင်းမာ မှ ဝင်းဖန့်ဖန့် ပွင့် ဝတ်လွှာ တို့ သည် သင်းပျံ့ပျံ့မွှေးရင်း တစ်ချပ်စီ ကြွေကျ နေ၏ ။ ဖွားသီ မှာ ထို ရင်းမာပွင့်ချပ် ကို သာ ကြည့်နေလေသည် ။
ခေါင် က မှ မိုး မလုံ ခဲ့လျှင် ခေါင့် အောက် က ခေါင့်သား ခေါင်မြေး ဆိုသည် မှာ စိုစိုရွှဲ စမြဲ ဟူသော အချက် ကို သူ မစဉ်းစားခဲ့ ... ။

◾အောင်စိုး ( ၁၉၄၉ )

📖 နှစ်ဆယ်ရာစု မြန်မာဝတ္ထုတိုများ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment