Thursday, August 17, 2023

ကျွန်တော့် ငယ်ချစ်များ


 ❝ ကျွန်တော့် ငယ်ချစ်များ ❞


◾လွမ်းငွေ့ ရစ်သိုင်း ဇရာပိုင်း


အဘိုးအဘွား လက်ထက် က စ၍ တစ်ဆင့် စကား တစ်ဆင့် နား ဖြင့် ကြားခဲ့ ရသည် ။ ငယ် က ချစ်တော့ အနှစ် တစ်ရာ မမေ့သာ တဲ့ ။


တစ်နှစ် ပြီး တစ်နှစ် အရွယ် ရင့်လာသည် နှင့် အမျှ သည် စကားလေး မှန်ကန်လှပုံ ကို လက်တွေ့ သိရသည် ။ ကျွန်တော့် အသည်းနှလုံး ဝယ် ကျွန်တော့် ငယ်ချစ် သည် ကိန်းအောင်း လျက် ရှိသေး၏ ။ နှစ်ပေါင်း လေးဆယ် ကျော်ပေပြီ ။ ကျွန်တော့် အသွေးအသားများ ထဲ မှာ လည်း ကျွန်တော့် ငယ်ချစ်များ ရှိ ကြသည် ။ ကျွန်တော့် ခေါင်း ထဲ ၊ အသိတရား ထဲ ၊ ကိုယ်ခန္ဓာ တစ်ခုလုံး ထဲ မှာပင် ငယ်ချစ်တွေ တင်းကြမ်း ပြည့် နေ၏ ။


ကျွန်တော့် အသက် နှင့် ကိုယ် နှင့် မြဲနေ သမျှ ကျွန်တော့် ငယ်ချစ်များ သည် ကျွန်တော့် အသွေးအသား နှင့် ခန္ဓာ ကိုယ် တစ်ခုလုံး မှာ ရှိနေကြဦးမည် ဖြစ်သည် ။ ရှင်သန် နေကြဦးမည် ဖြစ်သည် ။


ကျွန်တော့် ငယ်ချစ်များ ကား ..


  •••••   •••••   •••••


◾ ဝလုံး ဝိုင်းစ ငယ်ဘဝ


ရွာ မှာ ... ။


ရွာလယ်ကျောင်း မှာ ဝလုံး အဝိုင်း သင်စ က ပင် ကျွန်တော့် တွင် ငယ်ချစ်များ ရှိနေပေပြီ ။


မြရီ ၊ ရွှေပု ၊ ထွန်းလှ ၊ စံညွန့် ၊ ရဲမောင် ၊ ခင်မောင် ၊ တင်အောင် ၊ ခင်ကြည် ၊ ခင်တင့် ၊ မိခွေး စသူ စသူ တို့ ပေတည်း ။


ချစ်ခဲ့ကြရသည် ။ အချစ်ကြီး ချစ်ခဲ့ကြရသည် ။


သွား အတူ ၊ လာ အတူ ၊ စား အတူ ၊ ကစား အတူ နေခဲ့ကြ ပျော်ခဲ့ကြရသည် ။ မျက်စိ အောက် က အပျောက် မခံနိုင်အောင် ဖြစ်၏ ။ နောက်ဖေး သွား လျှင် အတူတူ သွား၏ ။ ကျင်ငယ် စွန့် လျှင် အတူတူ စွန့်၏ ။ မုန့် စား လျှင် အတူတူ စား၏ ။ နည်း နေ သူ ကို ကိုယ့် မုန့် ထဲ က ဖဲ့၍ ပေး၏ ။


ချစ်လွန်း ၍ ရန်လည်း ဖြစ်ကြရသည် ။ ခဏခဏ ဖြစ်ကြသည် ။ တစ်နေ့ တစ်နေ့ အခါ တစ်ရာ လောက် ဖြစ် ချင် ဖြစ်မည် ။ ရန် ဖြစ် ရ ၊ စိတ် ကောက် ရ သည် ကို က အရသာ တစ်မျိုး ပင် ။


တစ်ယောက် က အောက် နှုတ်ခမ်းကြီး ကိုက်ပြီး စိတ် ကောက် လျှင် ကျန် တစ်ယောက် က အထက် နှုတ်ခမ်းကြီး စူ ၍ စိတ်ကောက် ၏ ။ သို့သော် ကြာကြာ မကောက်နိုင် ၊ တစ်ယောက် ယောက် က စတင်၍ ချော့စမြဲ ၊ အလျှော့ပေး စမြဲ ဖြစ်သည် ။ ဤသည်ကား အချစ်တရား ၏ လမ်းခရီး လေးများ ပင် တည်း ။


လုံချည် ပင် မမြဲသေးသော အကလေး ဘဝ သည် လူတိုင်း လူတိုင်း အတွက် ပျော်စရာချည်း ဖြစ်ကြ ပါလိမ့်မည် ။ ချစ်စရာ ချည်း ဖြစ်ကြပါလိမ့်မည် ။ ဘဝ ၏ နောက် ဆုံးခရီး ထိ မေ့ မရသော ချစ်ဇာတ်ကလေးများ လည်း ဖြစ်ကြပါလိမ့်မည် ။


ကိုယ့်နည်း ကိုယ့်ဟန် ၊ ကိုယ့် ဘဝ ကိုယ့် အတွေ့ အကြုံ နှင့် ပျော်ခဲ့ရ ၊ ချစ်ခဲ့ရသည် ချည်း ဖြစ်သောကြောင့် ဆန်းလှမည် တော့ မဟုတ်ပါ ။


ကျွန်တော့် ငယ်ချစ်ကလေး များ မှာ လည်း သူလို ငါလို တောရွာသူ ၊ တောရွာသားကလေး များ ဖြစ်ကြပါသည် ။ သေ သူ လည်း သေကြပြီ ။ ရှင် သူ လည်း ရှင်လျက် ရှိ သေး၏ ။ ကိုယ့် ဘဝ လမ်း ကို ကိုယ့် နည်းကိုယ့် ဟန် ဖြင့် ကျောင်း၍ သွား၍ နေကြ ရသည် ။


ပြောင်းလဲသည် က တော့ အသက်အရွယ် ။


မပြောင်းမလဲ ရှိနေမည် က တော့ ချစ်မေတ္တာတရား ။ 


ကနေ့ ပြန် ၍ တွေ့ လေလျှင် လည်ပင်း ဖက် ၍ ငိုမိ ကြမည် မှာ သေချာ၏ ။ မဟောင်းနွမ်းသေးသော ချစ် မေတ္တာတရားကို ပုံ အမျိုးမျိုး ဖြင့် ဖော်ပြကြ ပေလိမ့်မည် ။ 


သူတို့ ကား ကျွန်တော် ၏ ငယ်ချစ်များ ။


◾ အေ ဘီ စီ ဒီ ရေးရသည် ။


 မြို့မှာ ကျောင်း နေ၍ အေ ၊ ဘီ ၊ စီ ၊ ဒီ  သင် ရသော ကာလ တွင် လည်း ကျွန်တော့် တွင် ငယ်ချစ်များ ရခဲ့ ပြန်သည် ။ ဒုတိယ အသုတ် ဟုတ်ချင် လည်း ဟုတ်မည် ။ ပထမ အသုတ် ၏ နောက်ဆက်တွဲ ဖြစ်ချင် လည်း ဖြစ်မည် ။ 


မည်သို့ဆိုစေ သေချာသည် က တော့ သူတို့ တစ်တွေ သည် ကျွန်တော် ၏ ငယ်ချစ်များ ။


မြသောင်း ၊ ဘသိန်း ၊ ဘတင့် ၊ မောင်သောင်း ၊ ပေါ် လာ ၊ ဘဟန် ၊ လှညွန့် ၊ တင်အေး ၊ မြင့်ခေါင် ၊ ထွန်းအောင် ၊ မထွန်း ၊ အမာကြည် ၊ မခင်ဝင်း ၊ မစန်း စသူ တို့ ပေတည်း ။


ငြိမ်းအေး သာယာ သည့် ဧရာဝတီ ကမ်းနဖူး တွင် ကျောင်း အတူတူ တက်ခဲ့ကြသည် ။ စာ အတူတူ ကျက်ခဲ့ ကြသည် ။ နေ့စဉ် ရက်ဆက် ကျောင်းတက် ခဲ့ကြပြီး နှစ် ပေါင်း များစွာ ချစ်ခဲ့ရသော ငယ်ချစ်များ ဖြစ်ကြသည် ။


ကျွန်တော်တို့ နိုင်ငံ တွင် ဧရာဝတီ သည် အကြီးမား ၊ အရှည်လျား ဆုံး မြစ်ကြီး ဖြစ်သည် ။ ဧရာဝတီ ၏ အလှ သည် လည်း အကြီးမား အရှည်လျားဆုံး ဖြစ်သည်ဟု ကျွန်တော် တထစ်ချ ယုံကြည်သည် ။


ဧရာဝတီ ကမ်းနဖူး တွင် ဆုံစည်း ခဲ့ရသော ကျွန်တော့် ငယ်ချစ်များ နှင့် နေခဲ့ ၊ ထိုင်ခဲ့ ၊ ပျော်ခဲ့ ရသော ဘဝကလေး မှာ လည်း ကျွန်တော့် တွင် အလှပဆုံး ၊ အသာယာဆုံး ၊ အပျော်ဆုံး ၊ မမေ့နိုင်ဆုံး ဖြစ်နေ ပေတော့သည် ။


ဆရာဦးထွန်းခင် ၊ ဆရာချုပ် ၊ ဆရာဦးသန်းတင် ၊ ဆရာဦးသိန်းလှိုင် ၊ ဆရာဦးဘစော ၊ ဆရာဦးဘကျော် ၊ ဆရာဦးဘမြင့် စသော ငယ်ဆရာ များ သည်လည်း အထက် ထိပ်ပိုင်း က ပါဝင်ကြသော ကျွန်တော့် “ ငယ်ချစ် များ ” ဖြစ်ကြ ပါ သေးသည် ။


တပည့်များ ၏ ဘဝ တိုးတက် သာယာရေး အတွက် သားရင်း သမီးရင်း ထက် ပင် အချစ်ကြီးစွာ ဖြင့် သွန်သင် ဆုံးမ ခဲ့သော ဆရာများ ဖြစ်ကြပါသည် ။ “ အတ္တ ” ဆိုသော စာလုံး ကို အဘိဓာန်စာအုပ် မှ သာ မဟုတ် ၊ မိမိ တို့ ၏ အသိ တရားနှင့် အသည်းနှလုံး မှ ဖယ်ရှားထုတ်ပယ် နိုင်ကြ သော ဆရာများ ဖြစ်ကြ ပါသည် ။


အဲသလို ဘဝ မှ မသာယာ ၊ မချမ်းမြေ့ ၊ မပျော်ရွှင် ရ လျှင် လူ့ဘဝ တွင် ဘယ်နေရာ ဘယ်ဌာန မှာ ပျော်ရှာ ချမ်းမြေ့ ရပါမည်နည်း ။ နောက်ပြီး ဖြူစင်လှသော ၊ အေးချမ်းလှသော ပျော်ရွှင်မှု ။


တစ်ခုတော့ ရှိခဲ့၏ ။


ရဲရဲတင်းတင်း နှင့် အရိုးသားဆုံး ရေးသား ရ သော် ကျွန်တော့် အသည်း တွင် မှတ်တိုင် တစ်တိုင် စိုက်ထူ ခဲ့ရ၏ ။


ပထမဆုံး စိုက်ခဲ့ရသော မှတ်တိုင် အချစ်ဦး ဟူ၍ ဝိသေသထူး ခဲ့ သူ က တော့ မကြော့မေ ။


◾အသည်းကိုယ်စီ ရှိကြသည် ။


အဆန်းတကြယ်တော့ မဟုတ်လှပါ ။


ထောင့်ငါးရာ တဏှာပေမ နှင့် ယှဉ်သော ချစ်စိတ် သည် ကျွန်တော့် တစ်ကိုယ်လုံး ကို ဖမ်းစား ထားခဲ့လေ သည် ။


သည် ဝေဒနာ ကို ကျွန်တော် ဆည်းကပ်၏ ။ သည် အသိတရား ကို ကျွန်တော် မြတ်နိုး၏ ။ သည် ရင်သိမ့်မှု ကလေး ကို ကျွန်တော် နှစ်ခြိုက်၏ ။ သည့် နောက် တော့ .. 


သည် ခံစားမှု နှင့် ထိစပ် ဆက်နွှယ် သမျှ အလှအပ ကို ကျွန်တော် အကြွင်းမဲ့ ကိုးကွယ်ခဲ့လေသည် ။ အတားအဆီး မရှိ ၊ အတိုင်းအဆ မသိ ။


စိတ်ကူးယဉ် လွန်းသော အချစ် ဟူ၍ လည်း ကင်ပွန်း တပ်ချင် တပ်နိုင်ပါ လိမ့်မည် ။ သို့မဟုတ် လမ်း မလျှောက်နိုင်သေးသော ကလေးငယ် ၏ အပြေးပြိုင်မှု ဟူ၍လည်း တင်စားချင် တင်စား နိုင်ပါမည် ။


မည်သို့ဆိုစေ ထို ဝေဒနာ သည် ဦးဦးဖျားဖျား မို့ ပြင်းထန်သည် ။ မကြုံဖူးသေး၍ ထူးခြားသည် ၊ မမှန်းဆ တတ်၍ မြင့်မားလွန်းသည် ။


မိုးထိ ကြီးမားသော လှိုင်းလုံးကြီး ထဲ ဝယ် လက်မ လောက်မျှသော ငါးကလေး ကူးခတ် နေသည် နှင့် အလွန် တူခဲ့ပါ လိမ့်မည် ။ ကျွန်တော့် အဖြစ် က ...


မိုးလောက် ကြီးမားသော လှိုင်းလုံး ၏ ပမာဏ ကို လည်း မသိ ။ ကူးခတ် ရ သော ခရီးတာ အကွာအဝေး ကို လည်း မသိ ။ ဘယ်လောက် မော၍ ဘယ်မျှ ပန်း နေသည် ကို လည်း မသိ ။ ထို ဝေဒနာ အားလုံး ကို ပင် ထူးကဲ ချမ်းမြေ့ သော နိဗ္ဗာန်ကလေးဟု ထင် နေခဲ့ခြင်း ဖြစ်ကောင်း ဖြစ်ပါ လိမ့်မည် ။


ကျောင်း ၏ လက်ရေး မဂ္ဂဇင်း တွင် ရေးသား နေသော သူငယ်ချင်း က သတိပေး စာကလေး တစ်ပုဒ် ရေး ပေးခဲ့ဖူး၏ ။ ကျွန်တော် ဖတ်ကြည့် သည် ။ သူ့ စာကလေး ကို ...


“ကိုယ့်လူ

ဘယ်တော့မှ ၊ ဘာကိစ္စမှ စိတ်မညစ်နဲ့ ။ 


အမြဲ ပျော်နေပါ ။

အမြဲ နုနေပါ ။

အမြဲ လှနေပါ ။


မောင့်ရင့် ကို စွန့်ပစ်သွားတဲ့ ကောင်မတွေ နောင်တကြီးစွာ ရပါစေ ။


မိန်းမများ တွင် လူ ဖြစ်နေသော တန်ဖိုး မှ လွဲ၍ အခြား ဘာတန်ဖိုးမျှ မရှိ ။


‘ ယောက်ျား ’ ဟူသော အသိတရား ကို ထာဝစဉ် ကိန်းအောင်းထားပါ ။


လူ့ ဘဝ သည် ပျော်ရွှင်ရန် ၊ လှပရန် ၊ သာယာ ရန် ဖြစ်သည် ။ သင်္ချိုင်း မဟုတ်ချေ ။


သင်္ချိုင်း သည် ဘယ်လိုမှ လူ့ ဘဝ မဟုတ် ။ 


ပျော်ရွှင်သော သူ ၊ သာယာလှပသော သူ သည် လူ့ ဘဝ တွင် ကြာရှည် နေမည် မလွဲ ၊ အသက်ရှည် မည် ဧကန် ။


ကောင်မလေး တစ်ယောက် က မောင်ရင့် အား စွန့်ပစ်သွားခြင်း မဟုတ် ၊ မောင်ရင့် ကို မမီ၍ မလိုက် နိုင်၍ ကျန် နေခဲ့ခြင်း သာ ဖြစ်သည် ။ သူ့ ကို သတိရ ၊ တမ်းတ ပြန်ကြည့် နေ လျှင် ရှေ့မှ အလှအပ ပျော် စရာ ၊ ရွှင်စရာလေးများ ကို မျက်ခြည်ပြတ် သွားလိမ့် မည် ။


ပျော်စရာ တစ်ကွက် လက်လွတ် သွားခြင်းသည် အသက် တစ်ရက် တိုခြင်း မည်၏ ။ 


ထို့ကြောင့်.... 


ဘယ်တော့ မှ ၊ ဘာကိစ္စ မှ စိတ်မညစ်နဲ့ ။ 

အမြဲ ပျော်နေပါ ။ 

အမြဲ လှနေပါ ။ 

အမွဲ သာယာနပေါ ။


လူ့ ဘဝ သည် ပျော်ရွှင်ရန် ၊ သာယာရန် ၊ လှပ ရန် ဖြစ်သည် ။ သင်္ချိုင်း မဟုတ်ချေ ”


ကျွန်တော် သည် သူ့ စာကလေး ကို ဖတ် ပြီးသော အခါ ဘာ ကို ဆိုလိုကြောင်း သိ လိုက်ပါ၏ ။ ကျွန်တော့် ကို ရည်ရွယ် ဆိုလို သည် ဟူ၍ ကား မယူဆ မယုံကြည် ၊ လုံးဝ မယုံကြည် ။


သူ့ စိတ်ကူး နှင့် သူ ရေးထား သော စာကလေး တစ်ပုဒ် ။


သို့မဟုတ် သူ ပြော လိုသော အခြား စာဖတ် ပရိသတ် အားလုံး နှင့် ဆိုင်သော စာ တစ်ပုဒ် ။ ကျွန်တော့် အတွက် ကား မဟုတ်ပါချေ ။


ဘယ်လို မှ ဖတ်လို့လည်း မရ ။


အကြောင်း က တော့ ...


အလွန် မှ ထုထည် ကြီးမားသော ၊ အလွန် မှ ဖြူစင် သန့်ရှင်းသော ၊ အလွန် မှ ဖြောင့်မှန်သော အချစ်စစ် အချစ်မှန် တွင် အခြား ဘာ တစ်ခု တစ်စုံတစ်ရာ မျှ ဖြည့် စွက်စရာ ၊ ပြင်ဆင်စရာ ၊ တန်ဆာဆင်စရာ မလိုအပ် ဟု ကျွန်တော် တထစ်ချ ယုံကြည် ခဲ့သောကြောင့် ပေ တည်း ။


မိုးလောက် ကြီးမားသော လှိုင်းလုံးကြီး ကို လက်မ လောက် ငါးကလေး သည် သီချင်း တကြော်ကြော် နှင့် လှိုင်း စီး ခဲ့လေသည် ။ မမောနိုင် မပန်းနိုင် စီးခဲ့ လေသည် ။  နေထွက် နေဝင် ၊ တစ်ရက် နှစ်ရက် မက ၊ တစ်နှစ် နှစ်နှစ် မက နှစ်ပေါင်းများစွာ စီးခဲ့ လေသည် ။ 


သို့သော် …. 


ထို ငါးကလေး သည် သေပျောက် မသွားခဲ့ပါချေ ။


◾ မျက်ရည်အို၍ မယိုစီးနိုင်


ဘဝ လမ်းကြောင်း တစ်လျှောက် တွင် သင့် သလို ၊ ထိုက်တန် သလို စွမ်းဆောင်နိုင် သလို လျှောက်ခဲ့ရသူ ချည်း ဖြစ်ကြပါလိမ့်မည် ။


ကျွန်တော့် ငယ်ချစ်များ နှင့် ကျွန်တော် သည် လည်း လမ်းခွဲ ခဲ့ကြရသည် ။ ကာလ ကြာမြင့်စွာ က ပင် ခွဲခွာ ခဲ့ကြ ရသည် ။


သည်လို ခွဲခွာ လာခဲ့ရသည် ကို မနေ့ တစ်နေ့ က ပင် ဟု ကျွန်တော့် စိတ် က ထင်၏ ။ သို့သော် မနှစ် တမြန်နှစ် က မဟုတ်မူ ၍ နှစ်ပေါင်း များစွာပင် ကြာညောင်း ခဲ့ လေပြီတည်း ။


အသက် အရွယ် ကို ဆို ရသော် သား တွေ ၊ သမီး တွေ ၊ မြေး တွေ ၊ မြစ် တွေ ပင် ရ ကုန်ကြလေပြီ ။ 


အချို့ အချို့တို့ မှာ ‘ မိုး ’ ပေါ်ရောက် နေကြ သလို အချို့ အချို့တို့ ကား ‘ မြေကြီး ’ ထဲရောက် နှင့် သွားကြ လေပြီ ။ ရှင်ကွဲ လည်း ကွဲကြ ၊ သေကွဲ လည်း ကွဲကြသည် ဟူ၍ လူတို့က ဝေါဟာရ ပြုကြ၏ ။


မြရီ ၊ ရဲမောင် ၊ ခင်မောင် ၊ တင်အောင် ၊ ဘတင့် ၊ ပေါ်လာ ၊ မြင့်ခေါင် ၊ ထွန်းအောင် စသည်တို့ သည် ကျွန်တော်တို့ ကို စွန့်ပစ် ၍ သေမင်း နောက် သို့ ကောက်ကောက် ပါအောင် လိုက်သွား ခဲ့ကြလေပြီ ။ ငယ်ရွယ်သော အချိန် သည် သေချိန် မဟုတ် ဟူ ၍ မသတ်မှတ် နိုင် ၊ သတ်မှတ် လို့ မရ ။


အခြား အခြားသော ကျွန်တော့် ငယ်ချစ်များ ကား နဖူးစာ မျှသူများ နှင့် အသီးသီး ဆုံစည်း ၍ သား တွဲလောင်း သမီး တွဲလောင်း ဇရာ ထောင်းစ ပြုကြပါချေပြီ ။


ဆိုပါမည် ။ ဆိုရ ပြောရပါမည် မကြော့မေ ။


မကြော့မေ သည် လည်း နဖူးစာ မှန် သူ နှင့် အကြောင်း ဆက် ပေါင်းဖက် ၍ သား တွေ ၊ သမီး တွေ နှင့် အတင့် အတယ် ရှိ နေပေပြီ ။


ကျွန်တော် ပြောခဲ့ပါပြီ ။ မိုး ထိအောင် ကြီးမားသော လှိုင်းလုံးကြီး ထဲ ဝယ် လက်မ လောက် ငါးကလေး သည် မသေမပျောက် ကူးခတ် နေပါသည်လို့ ... ။


ယနေ့ အထိ ကူးခတ်လျက် ရှိပါသေးသည် ။ ကမ်း သို့ ရောက်ချင် လည်း ရောက်မည် ။ ကမ်း မရောက်မီ အသက် ပျောက်ချင် လည်း ပျောက်မည် ။


မည်သို့ ဆိုစေ သက်ရှိ ထင်ရှား ငယ်ချစ်များ ကို ပြန်လည် ဆုံစည်း ရသောအခါ သို့မဟုတ် သတိရ အောက်မေ့ မိသော အခါများ တွင် ရေပြည့် နေသော ရေတွင်းကလေးများ ပမာ ကျွန်တော့် မျက်လုံး သူငယ်အိမ် ဝယ် မျက်ရည်များ ပြည့်လျှမ်း လာကြောင်း ကို ကား မရှက်နိုင်ဘဲ ဝန်ခံ ရပါတော့မည် ။


ယင်း မျက်ရည် တို့ ကား ပြည့်၍ ပြည့်၍ လာသော် ငြားလည်း ပေါက်ခနဲ ပေါက်ခနဲ မယိုစီး နိုင်ကြပါ ။ အရှက် က ထိန်းချုပ် ထားပါလေပြီ ။


◾ မျက်ရည်အို၍ မယိုစီးနိုင်တော့ပါ ။


မကြော့မေ ။


မကြော့မေ နှင့် ပတ်သက်သော ခံစားမှု ကို ပြည့်ပြည့် ဝဝ ရင်ဖွင့် မှ သာ လျှင် စာဖတ်သူ အတွက် ပြည့်စုံ နိုင်ပါ လိမ့်မည် ။


အလွန်တော့ အံ့သြစရာ ကောင်း၏ ။ မယုံနိုင် အောင် ကို အံ့သြစရာ ကောင်း၏ ။ လက်ဆုပ်လက်ကိုင် သက်သေ ပြ၍ လည်း မဖြစ်နိုင် ။ ကိုယ် သိ သိရုံ မှ တစ်ပါး တခြား ဘာကမှ မတတ်နိုင် ။


ကနေ့ မကြော့မေ သည် ကျွန်တော် ၏ နှမ တစ်မိ ဝမ်းတွင်း တစ်အူထုံ့ ဆင်းသည့် တစ်ဦး တည်း သော နှမ ၊ ဖဝါး လက် နှစ်လုံး ၊ ပခုံး လက် နှစ်သစ် က စ၍ အရွယ် ရောက်သည့် တိုင် ကျွေးမွေး သုတ်သင် လာခဲ့ရသော နှမ ရင်းချာ ထက် ပို၍ တခြား ဘာမျှ မဖြစ်နိုင်တော့ ။ မဖြစ် နိုင်တော့ကြောင်း ကို ကျွန်တော့် အသည်းနှလုံး နှင့် ကျွန်တော့် အသိတရား မှ တစ်ပါး ဘယ်သူ မှ မသိနိုင် ကြပါ ။


သည်တော့ ပို၍ ရဲတင်း ရင်းနှီး ခင်မင်ရ၏ ။ လိပ်ပြာ လုံလုံ နှင့် ချစ်ရ၏ ။ ထို့ကြောင့်ပင် ရဲရဲတင်းတင်း ရေး နိုင် လာပေသည် ။ ပြော နိုင် လာပေသည် ။


ကိုယ်တွေ့ သက်သေ တစ်ရပ် တော့ ထူ နိုင်ပါသေးသည် ။


အသက် ၂၀ အရွယ် တွင် ကွယ်လွန် သွား သူ သည် အသက် ၄ဝ ၊ ၅ဝ အရွယ် ၏ ခံစားမှုမျိုး ၊ အသိမျိုး ကို ဘယ်လိုမှ မခံစား မသိရှိနိုင် ။


ထို့အတူ အသက် ၂၀ အရွယ် မကွယ်လွန် သေး သော သက်ရှိ လူ တစ်ဦး သည် လည်း အထက်ပါ အသက် ၄ဝ ၊ ၅ဝ အရွယ် ၏ ခံစားမှု နှင့် အသိတရားမျိုး ကို အသက် ၄ဝ ၊ ၅ဝ အရွယ် ကျ မှပင် သိရှိ ခံစား နိုင်လိမ့်မည် ။ 


ဤသည် ကား နိယာမ တရား ။


ကျွန်တော့် ခံစားမှု ကို လည်း ကျွန်တော့် လို ထပ်တူ ထပ်မျှ ကြံဖူး မှ သာ လျှင် တွေ့သိ ခံစားနိုင်မည် ဖြစ်ကြောင်း ကျွန်တော် တထစ်ချ ယုံကြည် မိပါသည် ။


သည့်ထက် ပို၍တော့ တခြား သက်သေ ထူစရာ ကျွန်တော့် မှာ မရှိပါ ။


မကြော့မေ ကို ကျွန်တော့် ငယ်ချစ်များ ထဲ တွင် စာရင်းသွင်း ဖော်ပြ ရခြင်း ကို လည်း ရှင်းလင်း လိုပေ သေး သည် ။


‘ ငယ်ချစ် ’ သည် ငယ်စဉ် က ချစ်ခဲ့သူများ ဖြစ်သည် ။ ‘ ငယ်ရည်းစား ’ မဟုတ်ပါချေ ။ ‘ အချစ်ဦး ’ လည်း မဟုတ် ၊ မဖြစ်နိုင် ။


‘ ငယ်ချစ် ’ သည် ငယ်ရည်းစား တို့ ၊ အချစ်ဦး  တို့ ထက် ပို၍ လေးနက် သည် ။ ‘ ရေစက် ’ ကြီးမားသည် ၊ မေတ္တာ သန့်ရှင်းသည် ။ သံယောဇဉ် ခိုင်မာသည် ။


ထို့ကြောင့်ပင် ကျွန်တော် ဆိုခဲ့ခြင်း ဖြစ်ပါသည် ။ 


ကျွန်တော့် အသည်းနှလုံး ဝယ် ကျွန်တော့် ငယ်ချစ် သည် ကိန်းအောင်း လျက် ရှိသေး၏ ။ ကျွန်တော့် အသွေးအသား ထဲ မှာ လည်း ကျွန်တော့် ငယ်ချစ်များ ရှိကြ သည် ။ ကျွန်တော့် ခေါင်း ထဲ ၊ အသိတရား ထဲ ၊ ခန္ဓာကိုယ် တစ်ခုလုံး ထဲ မှာ ပင် ကျွန်တော့် ငယ်ချစ်တွေ တင်းကြမ်း ပြည့် နေ၏ ။


ကျွန်တော့် အသက် နှင့် ကိုယ် နှင့် မြဲနေ သမျှ ကျွန်တော့ငယ်ချစ်များ သည် ကျွန်တော့် အသွေးအသား နှင့် ခန္ဓာကိုယ် တစ်ခုလုံး ထဲ မှာ ရှိနေကြဦးမည် သာ ဖြစ်သည် ။ ရှင်သန် နေကြဦးမည် ဖြစ်သည် ။


ကျွန်တော့် ငယ်ချစ်များ ကို သတိရ မိ တိုင်း ၊ သူတို့ နှင့် ဆုံစည်း မိတိုင်း ‘ ဝမ်းသာ တစ်ဝက် ၊ လွမ်း တစ်ဝက် ’ မျက်ရည်များ သည် ကျွန်တော့် မျက်လုံး အစုံ ဝယ် ပြည့် လျှံ လာကြ တော့သည် ။ “ ဒီ ” တက် သလို တက် ၍ လာခဲ့ သည် ။


ငယ်ငယ်တုန်း က ကျောင်း တုန်း က လို သာ ဆိုလျှင် ချောင်း စီးအောင် ငို လိုက်မိမည် ဖြစ်၏ ။ မျက်ရည် ကို ရေ လုပ် ၍ ချိုးလိုက်မိမည် ဖြစ်၏ ။ ယခု တော့ မျက်ရည်အို ၍ မယိုစီးနိုင်တော့ပါ ။


( သက်ရှိ ငယ်ချစ် အားလုံးသို့ ... ) 


◾အောင်စိုး


📖 စန္ဒာ မဂ္ဂဇင်း

      ၁၉၇၄ ၊ ဇွန်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment