Wednesday, August 2, 2023

ဘုရား မှာ အခါခါ ဆုံတယ်


 ❝ ဘုရား မှာ အခါခါ ဆုံတယ် ❞

 

မြို့ပိုင်ဦးလှမောင် နှင့် မင်းကတော် ဒေါ်ရင်ရင် တို့ သည် အလယ်ရွာ ရှိ အလောင်းစည်သူမင်း ၏ ဖောင်တော်ဦး စေတီ ကို လာရောက် ဖူးမြော် ကြသည် ။ ရွာသူကြီး ဦးထူး သည် ဘေးမှ ကျိုးနွံစွာ ပါလာသည် ။

 

ဖောင်တော်ဦး စေတီ မှ သာသာစွာ မြည်သော ခေါင်းလောင်းသံ ၊ ကြေးစည်သံ ၊ ဆည်းလည်းသံ တို့ ကို နားထောင်ရင်း မြို့ပိုင်မင်း သည် တစ်စုံတစ်ရာ ကို တွေး နေလေသည် ။ မင်းကတော် မှာ အသင့် ယူလာသော ဖယောင်းတိုင်များ ကို ရာဟုထောင့် တွင် ထွန်းညှိပူဇော် နေလေသည် ။


ဖောင်တော်ဦးစေတီ သည် တောင်ကုန်းမြင့်ကလေး တစ်ခုပေါ် တွင် တည်ထား၏ ။ ကုန်းမြင့် ၏ အနိမ့် ရှိ တစ်ဖက်သော တောစိမ်းစိမ်း ၌ ဗေဒင်အရာ ၌ ကျော်ကြားသော ဦးပညာ ၏ ကျောင်း ရှိ ပေသည် ။ တောအုပ် နှင့် ကုန်းမြင့်အကြား မြေပြင် တွင် ရှေးဗိသုကာ လက်ရာမြောက်သော ကျွန်းသားဇရပ်ကြီး တစ်ဆောင် ကို မြင်ရလေသည် ။ ဇရပ်ကြီး မှာ အတော်ပင် ဟောင်းနွမ်းအိုမင်း ဆွေးမြည့်နေသည် ။ ဇရပ် တွင် တန်ဆာဆင်အပ်သော ခြူးပန်း ၊ ခြူးနွယ် ၊ ခြူးခက် တို့ သည် မြေသို့ ခ၍ အိုမင်းဆွေးမြည့် ငိုကြွေး နေကြသည် ။ ဇရပ်ကြီးသည် မည်းမည်းကုပ်ကုပ် နှင့် တောင်ခြေ တွင် မြုပ် နေလေသည် ။

 

မြို့ပိုင်မင်း နှင့် မင်းကတော် သည် ဓာတ်တော် မွေတော်များ ဖြင့် တည်ထားအပ်သော ဖောင်တော်ဦးစေတီ ကို သဒ္ဒါစွာ ဖြင့် ညွတ်တွား ရိုသေ ရှိခိုး ပူဇော် ကြလေသည် ။ မင်းကတော် သည် ရာဟုထောင့် မှ ဖယောင်းတိုင် ကို ကြည့်၍ ‘ စည်ကားပေါများသော အောက်မြန်မာပြည် ဘက်သို့ ပြောင်းပါရစေ ’ ဟု ဆုတောင်း နေသည် ။ ဘုရား ရှိခိုးပြီးသော အခါ သူကြီးမင်း က ဘုန်းတော်ကြီး ဦးပညာ ဗေဒင် တော်ပုံ ကို ချီးမွမ်း ပြောဆိုလေသည် ။ မင်းကတော် မှာ အောက်မြန်မာပြည် ဘက် ရှိ မြို့ တစ်မြို့သို့ ပြောင်းရွှေ့ရန် ဓာတ်ရိုက် လိုခြင်း ၊ ယတြာ ချေလိုခြင်း နှင့် ရတနာဒီပံ ဖယောင်းတိုင် ထွန်းလိုခြင်း တို့ ကြောင့် သူကြီးမင်း ကို လိုက် ပို့ရန် ပြော လေသည် ။

 

မြို့ပိုင်မင်း က ဘုရား ပေါ် တွင် နေလိုသေးသည် ဟု အကြောင်းပြ ၍ ချန် နေခဲ့သည် ။ မင်းကတော် မှာ ဘုန်းတော်ကြီး ဦးပညာ ၏ ဗေဒင်အစွမ်း ကို ကြားသိ ရ သဖြင့် လျင်စွာပင် သွားလို နေပေသည် ။ ထို့ကြောင့် မင်းကတော် သည် မြို့ပိုင်မင်း ကို ထား ခဲ့၍ သူကြီးမင်း နှင့် အဖော်များ ကို အရ ခေါ်ပြီးလျှင် ဘုန်းတော်ကြီး ကျောင်း သို့ သွားကြလေသည် ။ မြို့ပိုင်မင်း သည် မင်းကတော် ဒေါ်ရင်ရင် တင့်တယ်စွာ ဖြင့် တောအုပ် ဆီ သို့ ဦးဆောင် သွားပုံ ကို ကြည့် ၍ ပြုံး နေ လေ၏ ။ မင်းကတော် သည် သူ့ အဖေ နယ်ပိုင်မင်း အိမ် တွင် နေစဉ် က လည်း ဤသို့ ဦးဆောင်သွားလေ့ ရှိသည် ။ မင်းကတော် ၏ လည်စည်းပဝါပါး မှာ လေ ထဲ တွင် လွင့် နေလေသည် ။

 

အဖြစ်အပျက် မှာ ကြာပြီ ဖြစ်သော်လည်း ဘုရား ကို ရောက်သော အခါတိုင်း ထို အဖြစ်အပျက် အကြောင်းအရာများ ကို မြို့ပိုင်မင်း သတိ ရမိ လေသည် ။ တစ်ကြိမ် က ရွှေတိဂုံဘုရား ပေါ် တွင် ထိုင်၍ ရွှေဆည်းလည်းသံ ၊ ခေါင်းလောင်းသံများ မြည်သံ ကို နားထောင်၍ ကြည်နူးမိ ခဲ့ သလို ယခု လည်း ကြည်နူး လို လှသည် ။ သို့သော် မြို့ပိုင်မင်း ကြည်နူးရန် ယခုအချိန် တွင် တစ်စုံတစ်ရာ လို နေ လေသည် ။

 

မင်းကတော် ဒေါ်ရင်ရင် ၏ သဏ္ဌာန် သည် တောအုပ် ထဲ ဝင်ရောက် ပျောက်ကွယ် သွားသော အခါ မြို့ပိုင်မင်း သည် ဖောင်တော်ဦးစေတီ ရင်ပြင်တော် ရှိ တန်ဆောင်းကလေး တစ်ခု တွင် ထိုင်၍ စေတီ ၏ ငှက်မြတ်နား နှင့် စိန်ဖူးတော် တို့ ကို ငေး ကြည့် နေမိသည် ။ ထိုအချိန် ၌ ရွှေဆည်းလည်းသံ ၊ ခေါင်းလောင်းသံ တို့သည် သာယာစွာ မြည် လာသည် ။

 

“ ကိုလှမောင် ”

 

“ လာ မေ ၊ ကျွန်တော် မေ့ ကို စောင့်နေတာပဲ ”

 

မခင်မေ သည် ကိုလှမောင် ထိုင် နေသော ဆုတောင်းပြည့် တဝဂူ အနီးရှိ သံတန်ဆောင်း အတွင်း သို့ ဝင် လာသည် ။ ကိုလှမောင်မှာ မခင်မေ ဝင် မလာခင် ရွှေတိဂုံဘုရားကြီး ၏ ငှက်မြတ်နား နှင့် စိန်ဖူးတော် ကို ငေး ကြည့်နေ လေသည် ။

 

“ မေ ဒီနေ့ ကြာလိုက်တာ ”

 

“ ဒီနေ့ အိမ် မှာ မိထွေး နဲ့ အကြီးအကျယ် ရန် ဖြစ် နေရတယ် ကိုလှမောင် ရယ် ”

 

“ ထိုင်ပါဦး မေ ၊ ဒီနေ့ မေ့ ကို ပြောစရာ ရှိတယ် ”

 

“ ဘာတွေများ ပြောစရာ ရှိနေပြန်သလဲ ကိုလှမောင် ”

 

သူတို့ နှစ်ယောက်သည် လမ်းလျှောက်ရင်း ဘုရားဖူး သွားကြသော လူစုများ ကို လှမ်းကြည့် နေမိသည် ။ မိုးလယ် အခါသမယ ဖြစ် သဖြင့် နေ မှာ ကျဲကျဲ ပူနေ သော်လည်း ကောင်းကင် တွင် မိုးသားတိမ်တောင်များ ပြေးလွှား နေကြပေသည် ။ ဘုရားပတ်လည် ရှိ တန်ဆောင်းများ ၊ ဇရပ်များတို့ တွင် အထက်လမ်းဆရာ ဘိုးသကြား ၊ ပထမံဆရာကြီးများ ၊ ဘုန်းတော်ကြီးများ ၊ ဗေဒင်နက္ခတ် တစ်ဖက်ကမ်းခပ်သော ဆရာတော်များ ၊ ရသေ့များ ဖိုးသူတော်များ စည်ကား နေကြသည် ။ လူပရိသတ်များ အထူး စည်ကား နေသည် ။ မယ်သီလရင်များ ၊ ကိုရင်ငယ်များ ၊ ရသေ့မများ ၊ အဘိုးအို အဘွားအိုများသည် ဘုရားရင်ပြင်တော်ပေါ်တွင် ဟိုမှ ဒီသို့ ကူးသန်း အလှူ ခံ နေကြသည် ။

 

မခင်မေ သည် အိမ်ရှိ ဆူညံ ရှုပ်ပွနေသော ဖဲဝိုင်း မှ လူစု နှင့် နေရခြင်း ထက် ဘုရား ပေါ် မှ ပုဂ္ဂိုလ်အမျိုးမျိုး ကို ငေး နေရခြင်း ကို ပိုနှစ် သက်သည် ။ ကိုလှမောင် ဘေး တွင် ထိုင်၍ ငေး နေရခြင်း က စိတ်ချမ်းသာ စေသည် ။ ဖဆပလကွက်သစ် ရှိ တန်းလျား တွင် မိထွေး ၏ ကလေးများ က မိမိ ကို ခိုင်းစေ ဒုက္ခပေးနေခြင်း ကို လည်း မခံလိုပေ ။ မိမိ မောင်လေး ညီမလေးများ ကို မိထွေး ၏ ကလေးများ က အနိုင်ကျင့် နေသည် ကို မမြင်လိုပေ ။ ဖဲဝိုင်း မှ လူသိုက် နှင့် လည်း မပေါင်းသင်းလိုပေ ။

 

မခင်မေ သည် ၁၀ တန်း ကျောင်းသူ တစ်ယောက် ဖြစ်သည် ။ အိမ် အလုပ်များ ကို တစ်ဦး တည်း ကျောင်းချိန် မတိုင်မီ ကျုံး လုပ်ရသည် ။ ပြည်လမ်း အနီး ရှိ ကင့်လမ်း တွင် ရှိသော စံပြ မဖြစ်သေးသည့် နိုင်ငံတော် အမျိုးသမီး အထက်တန်းကျောင်း သို့ ခရမ်းရောင်လုံချည် ဝတ်ပြီး ခြေကျင် ကျောင်း တက်သည် ။ အိမ် အလုပ် တစ်ဖက် လုပ်ရ သဖြင့် ၁၀ တန်း တွင် နှစ်ကြာ‌လေ သည် ။ မိထွေး ဖြစ်သူ က ကျောင်း ဆက် မထား လိုပေ ။ မခင်မေ ၏ အဖေ မှာ ကားပြင်ဆရာ တစ်ယောက် ဖြစ်သည် ။ အိမ် ကပ်သည် မရှိ ။ မနက် တွင် ဝပ်ရှော့ ၌ ကား နှင့် နေ၍ ညနေ တွင် ဘား ၌ အရက်ပုလင်း နှင့် နေသည် ။

 

ကိုလှမောင် မှာ ကောက်ပဲသီးနှံ ရောင်းဝယ်ရေးရုံး မှ စာရေးကြီး တစ်ယောက် ဖြစ်သည် ။ လမ်း ၅၀ ရှိ အစိုးရတိုက်ခန်း တွင် နေသည် ။ အမေအို တစ်ယောက် နှင့် ညီကလေး နှစ်ယောက် ကို လုပ်ကျွေး နေရ သူ ဖြစ်သည် ။ လမ်း ၅၀ ရှိ အခန်းကျဉ်းကလေး ထဲ တွင် စာ မကျက် လို သဖြင့် တနင်္ဂနွေနေ့ တိုင်း သားအမိ နှစ်ယောက် ဘုရား တွင် လာလေ့ ရှိသည် ။ အတန်း တူ သော မခင်မေ နှင့် ကိုလှမောင် အသိ ဖြစ်ကာ ကျောင်းစာများ ဆွေးနွေး ကြသည် ။ စာ အတူတူ ကျက်ကြသည် ။ မခင်မေ နှင့် ကိုလှမောင် သည် ဘုရား တွင် တနင်္ဂနွေ နေ့ တိုင်း ဆုံလေ့ ရှိသည် ။ လူ ရှင်းသော ဇရပ် တစ်ခုတွင် နေလေ့ ရှိသည် ။ မခင်မေ ၏ အမျိုး သီလရင်ကြီး သည် ဘုရားအလယ်ပစ္စယံ ရှိ ဇရပ်ဟောင်းကလေး တစ်ခု တွင် ခိုကပ် နေသည် ။ မခင်မေ ကို အလွန် ချစ်သည် ။ သူ နှင့် မကြာခဏ လာ နေ စေသည် ။

 

ကိုလှမောင် ၏ အမေ မှာ တနင်္ဂနွေနေ့ ဘုရား ပေါ် တွင် စုလေ့ ရှိသော အထက်လမ်းဂိုဏ်းဝင် တစ်ဦး ဖြစ်သည် ။ ထို လူစု ရှိသော ဇရပ်တွင် နေလေ့ ရှိသည် ။ ညနေစောင်း အိမ်ပြန်ချိန် ရောက်သော အခါ ကိုလှမောင် က သွားရောက် ခေါ်ရသည် ။

 

“ မေ ”

 

အတွေးကိုယ်စီ နှင့် တိတ် နေသော သူတို့ နှစ်ဦး တွင် ကိုလှမောင် က လှုပ်ရှား လာသည် ။


“ ကိုလှမောင် ”

 

“ အရင်က စာမေးပွဲ မပြီးသေးလို့ စောင့်နေတာ ၊ အခုတော့ ကျွန်တော် ပြော ရတော့မှာပဲ ၊ မေ ကျွန်တော့် ကို ဘယ်တော့ လက်ထပ် မှာလဲ ”

 

“ အခု ဖြေလိုက်တဲ့ စာမေးပွဲ မေ  အောင် မှာ မဟုတ်ဘူး ၊ အင်္ဂလိပ်စာ မဖြေနိုင်ဘူး ၊ ကိုလှမောင် က တော့ အောင် မှာပဲ ၊ ကိုလှမောင် က အစွမ်းအစ နဲ့ တက်မယ့် လူ ၊ မေ လို ဒုက္ခဘုံက လူ ကို ယူ ရင် ကိုလှမောင် မှာ ရှိတဲ့ တာဝန်တွေ အပြင် တာဝန် ပို များလာမယ် ၊ မေ့ လို အညတြ ကို မယူဘဲ မိဘ တောင့်တင်းတဲ့ မိန်းကလေးမျိုး ကို ယူဖို့ ကောင်းတယ် ”

 

“ မေ့ ဒုက္ခတွေ ကို လည်း ကျွန်တော် သိ ပါတယ် ၊ ကျွန်တော် က မေ့ ကို ချစ်တော့ မေ့ ဒုက္ခတွေ ဝေပြီး ခံ မှာပေါ့ကွယ် ၊ အခု ၁၀ တန်း အောင်ပြီးရင် မြို့အုပ် စာမေးပွဲ ဝင်မယ် ၊ မြို့အုပ် ဖြစ်ရင် ကျွန်တော့် အမေ နဲ့ ညီလေးတွေ ရော ၊ မေ့ ကိုရော ကောင်းကောင်းကြီး လုပ်ကျွေး နိုင်မှာပါ ”

 

“ ဒုက္ခတွေ သိပ် များတဲ့ မေ့ ကို ကယ်ရမယ့် ကိုလှမောင် မှာ လည်း တာဝန်တွေ က အတော် ကြီး မှာ ၊ နောက်ပြီး မိထွေး က လည်း သူ ရှာပေးတဲ့ လူ ကို မှ ယူရမယ် ဆိုပြီး အမိန့် ထုတ်နေတယ် ၊ သူ က မေ ကောင်းစားတာကို မမြင်ချင်ဘူး ၊ လောကကြီး မှာ လူတွေချင်း အတူတူ ဖြစ်လျက်နဲ့ စိတ်ထားတွေ မတူကြဘူး ၊ တစ်ယောက် ကို တစ်ယောက် မနာလို ၊ တစ်ယောက် ကောင်းစား မှာ တစ်ယောက် က မမြင်လို ၊ မကောင်းကြံ ၊ ခြေထိုး ၊ နောက်ကျော ကို ဓား နဲ့ ထိုး ၊ ပိုက်ဆံမက် ၊ ငွေကြောင့် ပျက်စီး နဲ့ မှ ဖြင့် စိတ်ချင်း မတူပုံတွေ ကို သိပ်ပြီး စိတ်ပျက်မိတာပဲ ၊ မေ လည်း အခုတော့ မိထွေး ကို တတ်နိုင်သမျှ သည်းခံ နေတယ် ၊ နောက်ဆုံး သည်းမခံနိုင်တော့ တဲ့ တစ်နေ့ ကျ ရင်တော့ ”

 

“ မေ့ မိထွေး ကို ကြာရှည် သည်းမခံချင် ရင် ကိုယ် နဲ့ မြန်မြန် လက်ထပ် လေ ”

 

“ ကိုလှမောင် နဲ့ ယူရင် မေ့ မိထွေး က သဘော တူ မှာ ကို မဟုတ်ဘူး ၊ သူ က မေ့ ကို ဆယ်အို ကိုးအို မုဆိုးဖို ရုံးဝန်ထောက်ကြီး တစ်ယောက် နဲ့ ဆွယ် နေတယ် ၊ အဲဒီ ရုံးဝန်ထောက်ကြီး ဆိုတာ က လည်း သူ နဲ့ ကင်း ရဲ့လား မသိဘူး ၊ ဟို လူကြီး က သူ ငွေ နှိုက်လို့ ကောင်းမယ် ၊ မေ့ အဖေ အရက် သောက် တာလည်း သူ အခုလို ယောက်ျားတွေ နဲ့ ရုံးရုံး ရုံးရုံး လုပ် တာကို ပြော မရလို့ပဲ ၊ မေ့ အမေ အသက် ရှင် နေရက် နဲ့ ဒီ မိန်းမကြီး က မေ့ အဖေ ကို မြှူပြီး ယူတယ် ၊ အမေ လည်း သူ့ စိတ်ကြောင့် သေ ရတာ ၊ အခုလည်း သူ မေ့ ကို ဒုက္ခ ပေးလာပြန်ပြီ ၊ ဒီနေ့ တောင် မေ့ မိထွေး က ပြော လိုက်သေးတယ် ၊ စာမေးပွဲပြီး ပြီ ဘုရား မသွားနဲ့ တော့ တဲ့ ၊ အိမ် လာတဲ့ ဧည့်သည်တွေ ကို ဧည့်ခံ ရမယ်တဲ့ ၊ သူ ထောင် တဲ့ ဖဲဝိုင်း မှာ မေ့ ကို ဟိုတယ်မယ် လုပ်ခိုင်း နေတယ် ၊ မေ တော့ မေ့ ဘဝ ကို စိတ်ပျက် မိတာပဲ ”

 

“ ဒီလိုဆိုရင် မေ ကျွန်တော် နဲ့ ဒီနေ့ လိုက်ခဲ့လေ ”

 

“ ဒီလိုတော့လည်း ဘယ်ဖြစ်မလဲ ၊ ကိုလှမောင် ရယ် ”

 

“ အချိန် သိပ် မဆွဲနေပါ နဲ့ မေရယ် ၊ မေ့ မိထွေး က အဘိုးကြီး နဲ့ ဆွယ်တယ် ဆိုရင် အချိန် မဆွဲသင့်တော့ဘူး ၊ နောက် တစ်ပတ် တစ်ခါတည်း ဆုံးဖြတ်ပြီး လိုက်ခဲ့ပေတော့ ၊ နောက် တနင်္လာနေ့ ကျွန်တော် တို့ ရုံးသွား လက်ထပ်မယ် ”

 

“ မေ တစ်ယောက်တည်း ဒုက္ခ ထဲ က လွတ်ပေမယ့် ၊ ကိုလှမောင် တို့ အိမ်ထောင်စု မှာ တာဝန် ပိုလာမယ် ၊ မေ့ အဖေ နဲ့ မေ့ ညီမလေးတွေ မောင်လေးတွေ လည်း ဒုက္ခ ထဲ က မလွတ်ဘူး ဆိုရင် မေ ပျော်မှာ မဟုတ်ဘူး ၊ မေ တစ်ယောက် တည်း သာယာပြီး အများ က ဒုက္ခ ရောက် နေတယ် ဆိုရင် မေ နေလို့ကို ရမှာ မဟုတ်ဘူး ၊ အများအတွက် တစ်ယောက် တည်း က သာ ဒုက္ခ ခံ သင့်တယ်လို့ မေ ယုံကြည်တယ် ”

 

“ ကိုလှမောင် တို့ အိမ်ထောင်စု မှာ တာဝန် မပိုပါဘူး ၊ ကိုလှမောင် အိမ်ထောင် ပြုတာ ကို သူတို့ ကြိုက်ပါတယ် ၊ မေ့ အဖေ နဲ့ ညီမလေးတွေ မောင်လေးတွေ လည်း သူ တို့ အလိုက်အထိုက် နေတတ် သွားမှာပါပဲ မေ ရယ် ၊ မေ့ ကို ကျွန်တော် တကယ် ချစ်တာပါ ၊ ကျွန်တော် တစ်သက်လုံး စောင့်ရှောက် လုပ်ကျွေးမှာပါ ၊ မေ လည်း အသက် စေ့နေမှပဲ ၊ မေ့ မိထွေး ဒုက္ခ က လွတ်အောင် မြန်မြန် လက်ထပ်ကြပါစို့ ၊ နောက် တစ်ပတ် ဒီ နေရာ မှာ စောင့် နေမယ် ၊ အပြီး လိုက်ဖို့သာ ပြင်ခဲ့ပါကွယ် ”

 

မခင်မေ သည် မည်သည့် စကား ကို မျှ မဆို ။ ဘုရားငှက်မြတ်နား နောက် တွင် တိမ်ညို တို့ ပြေးနေပုံ ကို ငေးကြည့် နေလေ၏ ။ ကိုလှမောင် မှာ လှပ ကျက်သရေ ရှိသော မခင်မေ ၏ မျက်နှာ ကို ငေး ကြည့် နေလေသည် ။

 

“ မြို့ပိုင်မင်း … မင်းကတော် က ပြန်သွားပြီး ခေါ်ခဲ့ပါ ဆိုလို့ ကျွန်တော် ပြန် လာတယ် ”

 

အလယ်ရွာသူကြီး ဦးထူး သည် နဖူး မှ ချွေးများ ကို သုတ်၍ မောဟိုက်စွာ ပြောသည် ။

 

“ သူကြီးမင်း နှယ် ဒုက္ခ ရှာ လို့ဗျာ ၊ ကျွန်တော် လည်း အခုပဲ ဆင်း လာတော့ မလို့ပဲ  ”

 

မြို့ပိုင်မင်း သည် ထ၍ ဘုရားမုခ်ဝ ဘက် သို့ လျှောက် ခဲ့သည် ။

 

“ မင်းကတော် က ဇာတာ စစ်ကြည့်မလို့ ၊ မြို့ပိုင်မင်း ရဲ့ ရက်ချုပ် ဟာ နတ်တော်လဆုတ် လား လဆန်း လား မသေချာလို့ မေးချင်တာ နဲ့ လိုက် ခေါ် ခိုင်း လိုက်တာပဲ ”

 

မြို့ပိုင်မင်း နှင့် သူကြီးမင်း သည် အမိုး သာ ရှိ၍ ဘေးအကာ လုံးဝ မရှိသော စောင်းတန်းရှည်ကြီး မှ ဆင်းလာ ခဲ့ကြသည် ။ မြေပြင် အရောက် တွင် ကျွန်းသား ဇရပ်အိုကြီး ကို ပိုမို ထင်ရှား နီးကပ်စွာ မြင်ရသည် ။

 

မြို့ပိုင်မင်း သည် ဟောင်းနွမ်း အိုမင်း ဆွေးမြည့် နေသော ဗိသုကာ လက်ရာ မြောက် သည့် ဇရပ်ကြီး ကို တွေဝေစွာ ပင် စိုက်ကြည့် လေသည် ။ ရှေးမြန်မာတို့ ၏ သစ်သား ထွင်းထု ထားပုံ ကို ဇရပ်ကြီး နှင့် အတူ ဆွေးမြည့် နေကြသည် ။ ဇရပ် အမိုးအထွတ် မှ ကိန္နရီမောင်နှံ တို့ မှာ တစ်ဦး က မြေခ ဆွေးမြည့် ကျိုးပဲ့၍ တစ်ဦး က အပေါ် တွင် ရပ်၍ မိုး နှင့် မြေကြီး ဝေးကွာ နေကြသည် ။

 

“ သူကြီးမင်း ၊ ဒီ ဇရပ်ကြီး ကို ဘယ်သူ ဆောက် ခဲ့တာလဲ ”

 

“ ကျွန်တော် အတိအကျ တော့ မသိဘူး မြို့ပိုင်မင်း ၊ ကြားဖူးတာ က ဖြင့် ဟိုး ကုန်ဘောင်ခေတ် က မင်းဘေး သင့်ပြီး ဒီ ရွာ ဘက် ပြေးလာတဲ့ မင်းသမီး တစ်ပါး က ဖောင်တော်ဦးစေတီ အတွက် ဥပုသ်ဇရပ် မရှိဘူး ဆိုပြီး ဆောက်လှူ သွားတယ်လို့ ရှေးလူကြီးများ ပြောကြ ပါတယ် ၊ ကြာလွန်းတော့ လည်း သိပ် ကို ပျက်စီးနေပါပြီ ”

 

“ လာဗျာ ၊ ကျွန်တော်တို့ အထဲ ဝင် ကြည့်ရအောင် ”

 

မြို့ပိုင်မင်း သည် ဇရပ် ထဲ သို့ ဝင်ခဲ့သည် ။ ဇရပ် တောင်ဘက် တရားပလ္လင် အနီး တွင် ဟောင်းနွမ်း စုတ်ပြတ်သော အဝတ်အစား ဖြင့် ရသေ့မ တစ်ယောက် အိပ် နေသည် ။ တောင်ဘက် ကို ခေါင်း ပြု၍ မြောက်ဘက် ကို ခြေ ဆင်း ထားသည် ။ ရသေ့မ ခေါင်း တွင် ဗမာထီးစုတ် တစ်ချောင်း ကို ထောင်၍ ဆောင်းပေး ထား သေးပေသည် ။ အိပ် နေသော ရသေ့မ အနီးအနား တွင် ဆင်းရဲနွမ်းပါး ပိန်ချိ နေသော မယ်သီလရင်ကြီး တစ်ပါး သည် ပြောင်ဖူးဖက် ဆေးလိပ် ကို ဖွာ နေသည် ။


ပင့်ကူအိမ်များ ၊ ပိုးအိမ်များ သည် မျက်နှာကြက် တွင် ရှုပ်ပွ နေပေသည် ။ အထဲ မှ နှစ်ပေ အချင်း ရှိသော တိုင်လုံးများ ပင် မိုးရေဖြင့် နူး လျက် ရှိသည် ။ ဇရပ်အမိုး အနှံ့အပြား တွင် မိုး ယို လျက် ရှိသည် ။ ဇရပ်ကြီး ၏ တချို့နေရာ မှာ ကျွန်းသား အကာအရံများ သည် ကွာကျ ပေါက်ပြဲ ပျက်စီး လျက် ရှိသည် ။

 

“ ဟဲ့ ခေမာ ၊ လူကြီးလူကောင်းတွေ လာ နေတယ် ၊ ထ ထိုင် နေစမ်း ” ဟု မယ်သီလကြီး သည် အိပ် နေသော ရသေ့မ ကို လှမ်း ပြောလိုက်သည် ။ ရသေ့မ သည် တွန့်လိမ် လူးလွန့်၍ အတန် ကြာသော အခါမှ မြို့ပိုင်မင်း တို့ ရပ် နေသော ဘက် သို့ စောင်း လိုက်သည် ။ ရသေ့မ ၏ မျက်နှာ မှာ လှပကျက်သရေ ရှိ သော်လည်း ပိန်ချုံး ညှိုးနွမ်း နေသည် ။

 

မြို့ပိုင်မင်း သည် ရသေ့မ ကို သေချာစွာ ပင် စိုက် ကြည့်နေမိသည် ။ စိတ် ထဲ တွင် အထူး လှုပ်ရှား နေသည် ။ ရသေ့မ သည် လဲလျောင်း မျက်စိ မှိတ်ထား ရာ မှ မျက်စိများ ကို အသာပင် ဖွင့် ၍ ထ ထိုင်သည် ။ ထီးစုတ် ကို ပိတ် ၍ မြို့ပိုင်မင်း ကို အံ့ဩစွာ ငေးကြည့် လေသည် ။

 

“ သူကြီးမင်း သူတို့ က ဒီမှာပဲ နေလား ”

 

“ အရင်တုန်း က တော့ ရွာ ထဲ မှာ ပိုက်ဆံတို့ ဆန်တို့ ခံ စားနေတယ် ၊ ရွာ က လူကြီးတွေ က ဘုရား မှာ လင်းနို့ချေး များလွန်းလို့ သူတို့ မြေးအဘွား ကို ငှားထားပါတယ် ၊ သူတို့ လည်း ဒီ ဇရပ်ကြီး ထဲ မှာ ပဲ နေ ပါတယ် မြို့ပိုင်မင်း ”

 

မြို့ပိုင်မင်း သည် ရသေ့မ ကို စိုက် ကြည့်ပြီး တွေးဝေ နေသည် ။ အတန်ကြာသော အခါ မှ အင်္ကျီအိတ် ထဲ သို့ လက်နှိုက် လိုက်သည် ။ မြို့ပိုင်မင်း သည် ငေးကြောင် ညှိုးမှိုင် စွာ ဖြင့် ထိုင် နေသော ရသေ့မ ကို သေချာစွာ စိုက်ကြည့်၍ ရသေ့မ နှင့် မယ်သီလကြီး လက်ထဲသို့ ငွေ ၁၀ စီ သွား ထည့် လေသည် ။ ရသေ့မ သည် ခေါင်း ငုံ့ပြီး ငြိမ်သက် နေသည် ။ သူ၏ ပိန်ချုံး နေသော ခန္ဓာကိုယ်ကလေး သာ လျှင် လှုပ်ရှား နေ၏ ။

 

“ ဟဲ့ … ခေမာ ဆုလေး ဘာလေး ၊ အဲ … ရိုရိုသေသေ နေလေ ၊ သာဓုပါတော် သာဓုပါ ၊ မြို့ပိုင်မင်း တစ်ယောက် ရေ လို အေး လို့ ပန်းလို လန်း ပြီး နေ့စဉ် ချမ်းသာ စည်းစိမ်တွေ တိုးပါစေ ၊ ရာထူးဌာနန္တရ တိုးတက်ပြီး ဝန်ရှင်တော်မင်းကြီး ဖြစ်ပါစေတော် ” ဟု မယ်သီလရင်ကြီး သည် အသံ အက် စွာ ဖြင့် ဆုပေး နေ လေသည် ။

 

“ မြို့ပိုင်မင်း ဒီ ခေမာ ဆိုတဲ့ ရသေ့မ က စကား မပြောတတ်ဘူး ” ဟု အနီး မှ သူကြီးမင်း က ပြော၏ ။

 

မြို့ပိုင်မင်း သည် ငြိမ်သက် နေသော ရသေ့မ ကို စိုက်ကြည့် နေလေသည် ။ ရသေ့မ သည် ခေါင်းငုံ့ မြဲ ငုံ့ ထားသည် ။

 

“ မြို့ပိုင်မင်း ကျွန်တော်တို့ သွားကြပါစို့ ၊ မင်းကတော် လည်း မျှော်နေရော့မယ် ”

 

သူကြီးမင်း သည် ဇရပ် တွင်း မှ ဦးဆောင် ထွက်သွား သည် ။ မြို့ပိုင်မင်း သည် ရသေ့မ ကို စိုက်ကြည့် ပြီး နှေးကွေးစွာ ဖြင့် သူကြီး နောက် သို့ လိုက်လာခဲ့သည် ။ ဇရပ်အိုကြီး သည် ကျိုးပဲ့ ပျက်စီး ဆွေးမြည့်စွာ ဖြင့် ဘုရား ခြေရင်း တွင် ငြိမ်သက် ကျန်ခဲ့သည် ။

 

ဘုန်းကြီး ကျောင်း အနီးရှိ တောအုပ် သို့ ရောက်သောအခါ သူကြီးဦးထူး က …

 

“ မြို့ပိုင်မင်း ဒီ ရသေ့မ ကို မြင်ဖူးသလား ”

 

“ ဘာဖြစ်လို့လဲ ”

 

“ ရသေ့မ က စကား လည်း မပြောတတ်ဘူး ၊ တောင်းစား နေတာလည်း ကြာပြီ ၊ ဒါပေမဲ့ သူ ဒီ ရွာ ကို ရောက်လာစ,က ထင်တယ် ၊ မြို့က ရဲအုပ် က ရန်ကုန် မှာ ဖြစ်တဲ့ အဆိပ်ခတ် သ,တ်တဲ့ အမှု တစ်ခု က တရားခံ ဒီ ဘက် နယ် ထဲ မှာ ရှိတယ် ဆိုပြီး လာရှာတာ ၊ သူ့ ကို ခေါ်ကြည့် သွားသေးတယ် ၊ သူ အ,နေမှန်း သိတာနဲ့ ရဲအုပ် လည်း ပြန် သွားတယ် ၊ ကြာပါပြီ ၊ အဲဒီတုန်းက ကျွန်တော့် အဖေ လက်ထက် ၊ ကျွန်တော် တောင် သူကြီး မဖြစ်သေးဘူး ”


မြို့ပိုင်မင်း သည် အသက် ကို ပြင်းစွာ ရှူ လိုက်သည် ။ ဘုန်းကြီးကျောင်း အောက် တွင် မင်းကတော် ဒေါ်ရင်ရင် က ဆီးကြို နေသည် ။ မြို့ပိုင်မင်း သည် မျက်နှာ မှ ချွေးစီးများ ကို လက်ကိုင်ပဝါ ထုတ် ၍ သုတ် လေသည် ။ ဘုန်းကြီးကျောင်း သို့ သွား နေသော မြို့ပိုင်မင်း ကို ငွေ ၁၀ ကျပ် တင်းကျပ်စွာ ဆုပ်ကိုင် ထားသော ရသေ့မ သည် ဇရပ်အိုကြီး အတွင်း မှ စိုက်ကြည့် နေလေသည် ။ ကြာသော် မျက်ရည်များ ဖုံး သဖြင့် အဝေး သို့ ကောင်းစွာ မမြင်ရတော့ပေ ။

 

◾တက္ကသိုလ်မြစိမ်း

 

📖 ငွေတာရီ မဂ္ဂဇင်း

      ၁၉၆၅ ၊ ဩဂုတ်လ ။


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment