Tuesday, August 15, 2023

ရွှေမိသားစု သပြေနု


 ❝ ရွှေမိသားစု သပြေနု ❞


သပြေနု ဆိုရင် စင်ကာပူ နဲ့ ပတ်သက်တဲ့ မြန်မာတိုင်း မသိသူ မရှိပါဘူး ။ သပြေနု အမည် နဲ့ တွဲပြီး ဒေါ်သန်းသန်းနု ကို လူသိ များတယ် ။ စင်ကာပူ မြို့လယ် က ပင်နဆူလာ ပလာဇာကြီး ပေါ် မှာ ဒေါ်သန်းသန်းနု ရဲ့ Golden Family ( s ) Pte Ltd , Thapyay Nu Pte Ltd , ရုံးခန်း ၊ အရောင်း ပြခန်းတွေ ရှိတယ် ။


မိဘ မျိုးရိုး အဆက်အသွယ် ကောင်းပြီး စင်ကာပူ မှာ အခြေချ နှင့် တာ ရှိလို့ ငွေကြေးဥစ္စာ အခြေခံ တောင့်တင်းခဲ့လို့ ၊ ဆရာဝန် အင်ဂျင်နီယာ ပညာရှင်ကြီး မို့ ဒေါ်သန်းသန်းနု က စင်ကာပူ မှာ ဟန်ကျပန်ကျ နေရာ တစ်ခု ရ လာ သူ မဟုတ်ပါဘူး ။ လုံ့လ ဝီရိယ နဲ့ ပင်ပင်ပန်းပန်း ကြိုးစား ရုန်းကန်ပြီး အဆင်ပြေ လာ သူ ဖြစ် ပါတယ် ။ စင်ကာပူ မှာ နေရာ တစ်နေ ရာ သူ ရ လာတဲ့ အချိန် မှာ သူ က မြန်မာတွေ ကို ကူညီ စောင့်ရှောက် တယ် ။ သူ့ ကို ချစ်ခင်သူ ပေါတယ် ။


စင်ကာပူ ကို ဒေါ်သန်းသန်းနု စ ရောက် ချိန် က သူ့ ဘဝ ဟာ ဖြောင့်ဖြူး သာယာလှတာ တော့ မဟုတ်ပါဘူး ။ ဒေါ်သန်းသန်းနု က သူ ကြိုးစား ပင်ပန်း ခဲ့ရပုံတွေ ကို ယခု လို ပြောပြ ပါတယ် ။


•••••   •••••   •••••


စင်ကာပူ ကို လေ့လာရေး ခရီး ၊ အလည် ဆိုပြီး ထွက် လာတာ ။ ကလေး သုံးယောက် ကို သူ့ အဖေ နဲ့ ထား ခဲ့တာ ။


ကျွန်မ ထွက် လာတော့ အသက် က ၃၇ နှစ် ဆိုတဲ့ အရွယ် ။ အတွေ့အကြုံ က တော့ ပါ ခဲ့တာပေါ့ ။ ဒါကြောင့် လည်း ဒုက္ခ တွေ ကို ခံနိုင် တာပေါ့ ။ ဘယ်သူ ကြည့်ကြည့် သည် အသက်အရွယ် သည် ပညာအရည်အချင်း နဲ့ စင်ကာပူ မှာ တိုးဖို့ မလွယ်ကူဘူး လို့ ပဲ ပြောမှာ ။ ကျွန်မ ပညာရေး က အဝေးသင် နဲ့ စီးပွားရေးဘွဲ့ ရတာ ။ စာရင်းကိုင်ပညာ ဒီပလိုမာ ရတယ် ။ ဒါပဲ ။ ကျွန်မ အသက်အရွယ် ၊ ကျွန်မ ပညာအရည်အချင်း ၊ ပြီးတော့ ကလေး သုံးယောက် နဲ့ စင်ကာပူ မှာ ရပ်တည်ဖို့ ဆိုတာ မြန်မာပြည် က လှမ်း ကြည့် ရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး ။


စင်ကာပူ ကို ရောက် လျှင် ရောက် ချင်း ကျွန်မ ပထမဆုံး လုပ်ရတဲ့ အလုပ် က လေယာဉ် လက်မှတ် ရောင်းတဲ့ အလုပ် ။ ကျွန်မ ဘယ်လောက် အ ခဲ့ သလဲ ဆိုရင် လေယာဉ်လက်မှတ် ဆိုတာ လေကြောင်းလိုင်း ကို သွား ဝယ်ရင် အသက်သာဆုံး လို့ ထင်တာ ။ အမှန်တော့ မဟုတ်ဘူး ။ အေးဂျင့် မှာ အသက်သာဆုံး ။ အေးဂျင့်တွေ ထဲ မှာ မှ အများဆုံး ရောင်း ရတဲ့လူ က ထပ် သက်သာ သေးတယ် ။ သူတို့ management ( စီမံဆောင်ရွက်မှု ) က ကျွန်မ တွေး ထားတာ နဲ့ တခြားစီ ပဲ ။ အများဆုံး ရောင်း နိုင်တဲ့ လူ က လေကြောင်းလိုင်း က နေ လက်မှတ်တွေ သက်သက်သာသာ နဲ့ ရ ထားပြီး သူ က အေးဂျင့်တွေ ကို ခွဲ ခွဲ ပေး ထားတာ ။


ကျွန်မ သစ်လုပ်ငန်း မှာ အလုပ် လုပ် တုန်း က ကျွန်မ ရဲ့ ဆရာ ကျွန်မ ရဲ့ မန်နေဂျာ က လေယာဉ်လက်မှတ် ရောင်းတဲ့ အလုပ်ကို လုပ် ခိုင်းတယ် ။ လေယာဉ်လက်မှတ် ဘုတ်ကင် တင်တဲ့ အခါ ဥပမာ Than Than Nu ဆိုတဲ့ အမည် အဲယားလိုင်း ကို ပြောတာ့ N ဆိုတဲ့ စကား ဟာ M နဲ့ လည်း လွဲ နိုင်တယ် ။ အဲသည်တော့ ဆရာ က သင်တယ် ။ ယူ မှတ်ထား ၊ A for America , B for Bangkok , C for China , D for Denmark ကမ္ဘာ့ နိုင်ငံတွေ မြို့တွေ နဲ့ မှတ် ခိုင်းတယ် ။ J ဆို ဘယ်လို ပြောရပါ့ ။ O ဆို ဘယ်လို ပြောရပါ့ ။ Orange ဆို မမိုက်ပါဘူးလေ ။ ဘာပြောရပါ့ ။ Osaka ဆို ဖြစ်တာပဲ ။ A to Z မှတ် ရတာ ။ ကျွန်မ ရဲ့ ဆရာ အစ်မ က အများကြီး မသင်ဘူး ။ ယူ ကိုယ် သင်ဖို့ မအားဖူး ။ အခု ရှင် ဘရားသား သွား ချက် လက်မှတ် ယူချေ ။ ဘာမှ ပြောစရာ မလိုဘူး ။ Can I see to Mr. Linn ? လို့ သာ မေး ။ ဒါ တစ်လုံးပဲ သင် လိုက်တာ ။ လမ်း မှာ စဉ်းစားတယ် ။ တွေ့ခွင့် တောင်း လို့ မစ္စတာလင်း နဲ့ တွေ့ပါပြီ တဲ့ ။ ငါ ဘာ ပြော ရမလဲ စဉ်းစားရ တာပေါ့ ။ ငါ က ချက်လက်မှတ် collect ( ကောက်ခံတယ် ) လုပ်တာ ။ I want to collect your cheque လို့ ပြောမယ် ။ အဲသည်လို တစ်လမ်းလုံး မှာ စဉ်းစား သွားတယ် ။


အစ်မ က မစ္စတာလင်း ကို ဖုန်း ကြို ဆက်ထားတယ် ။ အဲသည် ကောင်မလေး နဲ့ စကား များများ ပြော လိုက်ပါ တဲ့ ။ ဟို ရောက် တော့ မစ္စတာလင်း က မေးတယ် ။ မင်း ဘယ်တုန်း က ရောက်လာတာလဲ တဲ့ ၊ Yesterday ( မနေ့က ) ၊ တစ်လုံး တော့ ဖြေနိုင် သွားပြီ ။ သူ က ဆက် မေးတယ် ။ မင်း မှာ ကလေး ဘယ်နှယောက် ရှိလဲ ။ Three children ( သုံးယောက် ) ၊ ကိုယ့် မိသားစု အကြောင်း ဆိုတော့ ပြော နိုင်တာပေါ့ ။ သည်လို နဲ့ အင်္ဂလိပ်စကားတွေ အများကြီး ပြောဖြစ် သွားတယ် ။


လေကြောင်းလိုင်း ကို ဘုတ်ကင် တင် တော့ လည်း အသံတွေ က တုန်ပြီး ထစ် နေ တာပဲ ။ ဘုတ်ကင် တင် ဖို့ အစ်မ က တစ်လုံး သင် ပေးတယ် ။ can .. I ... make a reservation on MI 516 တဲ့ ။ မှတ် ပြီးပြီလား ။ ဒါပဲ ။ ကဲ တင် ပေတော့ တဲ့ ။ ကိုယ် က တစ်လုံးချင်း ရွတ်ပြီး တင် ရ တာပေါ့ ။ can I make ... ဟိုက ပြန် မေးတယ် ။ How Many passenger တဲ့ ။ ဒါတော့ ကိုယ် သိတယ် ။ ခရီးသည် ဘယ်နှယောက် သွား မှာလဲ ။ one passenger . When departure ( ဘယ်တော့ သွားမှာလဲ ) ။ ဒါ ကိုယ် သိတယ် ။ Eighteen of August လို့ ပြန်ဖြေတယ် ။ What is the name နာမည် မေးပြီ ။ အဲသည်တော့ ကိုယ် က ရွတ်ပြီပေါ့ ။ Tokyo - Hawai- America - England ။ အစ်မ ဘုတ်ကင် တင်တာ ကို ဘေးက ထိုင် နားထောင်ခဲ့ တုန်း က America - Norway - Newyork - Australia - Japan - Osaka - Newyork - England မြို့ တွေ နိုင်ငံ တွေ ရွတ် သွားတာ ။ ဟာ ဒုက္ခပဲ ၊ သည် ခရီးသည်ကြီး က ခရီးတွေ လည်း တယ် သွား လိုက်ပါလား ။ သေရချည် ရဲ့ပေါ့ ထင် ခဲ့တာ ။ နာမည် ပြော ပြီးရင် အဲယားလိုင်း က အိုကေ ၊ confirm ( သေချာတယ် ) လို့ ပြောတယ် ။ ပြီးရင် သူ က လေယာဉ်လက်မှတ် ကုတ် နံပါတ် ပြန် ပြောတယ် ။ အဲသည် အဆင့်ရောက်ဖို့ တော်တော် လုပ် ရတာ ။ ကိုယ် ကျွမ်းကျွမ်းကျင်ကျင် မတတ်ခဲ့တဲ့ အရာတွေ လေ ။ ဒါတွေ ကို ဖြတ်သန်း ရတာ ။


ဘုတ်ကင် တင် တတ်ပြီ ဆိုတော့ လက်မှတ် အကြောင်း ကျွန်မ လေ့လာ ရတယ် ။ လေယာဉ် သာ ကိုယ် စီး လာ ခဲ့တာ လေယာဉ်လက်မှတ် အကြောင်း ဘာမျှ မသိဘူး ။ တကယ်တော့ လက်မှတ် မှာ အကုန် ရေး ထား ပြီးသား ပဲ ။ ဘယ် အချိန် လေယာဉ် ထွက်မယ် ။ ခရီးသည် တစ်ယောက် ကီလို ဘယ်လောက် သယ် နိုင်တယ် ။ ဘာ ပစ္စည်းတွေ သယ်ယူခွင့် မရှိဘူး ။ အကုန် ပါတာပဲ ။


လေယာဉ်လက်မှတ် ရောင်းတာ တစ်စောင် မှ ငါးကျပ် တစ်ဆယ် ပဲ ကျန်တယ် ။ MRT ( Mass Rapid Transit - မြေအောက် နှင့် မြေပေါ် ရထား ) နဲ့ သွား ၊ လမ်း မှာ စား တော့ နှစ်ကျပ် သုံးကျပ် ကုန် ပြန်တယ် ။ ငွေ လေးငါးကျပ် နဲ့ သွား ပို့ ရမှာ အဝေးကြီး မို့ တစ်ခါတလေတော့ စိတ်ဓာတ် ကျတယ် ။ အစ်မ က ယူ ထိုင် နေလို့ အဲသည် ငါးကျပ် တစ်ဆယ် မှ မဝင်ဘဲ တဲ့ ။


အစ်မ ဆီ မှာ သုံးလ လောက် နေပြီး အလုပ် ခိုင်း ထား ပေးတယ် ။ နောက် stay ( ကာလရှည် နေထိုင်ခွင့် ) လျှောက် ပါလား ဆိုတာ နဲ့ လျှောက် လိုက် တာ ရ သွားတယ် ။


ည ဘက် မှာ လေယာဉ်လက်မှတ် ကို မှာ တဲ့ လိပ်စာ အတိုင်း လိုက် ပို့ ရတယ် ။ နေ့ ဘက် မှာ ကုမ္ပဏီ တစ်ခု မှာ အလုပ် ဝင် လုပ်တယ် ။ ကျွန်မ လုပ်ရင်း ကိုင်ရင်း နဲ့ ကုမ္ပဏီကြီး က ယုံကြည် လာပြီး အရေးကြီး တဲ့ စာရင်းတွေ ကိုင် ခိုင်းတယ် ။


စာရင်းတွေ ကို ကွန်ပျူတာ နဲ့ လုပ် ရမှာ ။ ကျွန်မ က ကွန်ပျူတာ ကို ကိုင် တောင် မကြည့်ဖူး ဘူး ။ စာအုပ် ထဲ လက် နဲ့ ရေးသွင်းတဲ့ စာရင်း တော့ ကျွန်မ ကျွမ်းကျွမ်းကျင်ကျင် တတ် တာပေါ့ ။ ကွန်ပျူတာ နဲ့ ဆိုတော့ ဒုက္ခ ရောက် ရော ။ ကျွန်မ ဆရာ အစ်မ က နေ့ တစ်ဝက် လာ ပြပေးတယ် ။ ကျွန်မ မသိတာ ရှိရင် ဖုန်း နဲ့ ဆက် မေးတဲ့ ။ အမြဲ လာ ပြ နေရင် ကျွန်မ ကို အင်ပရက်ရှင် ဒေါင်း ( အထင် သေး ) လိမ့်မယ် တဲ့ ။


ကွန်ပျူတာ က တီခနဲ အော် ရင် အဲယားကွန်းခန်း ထဲ မှာ ကျွန်မ နဖူး ချွေးတွေ ပေါက်ခနဲ ကျတယ် ။ ဟာ ဒုက္ခပဲ သည် ကွန်ပျူတာ နဲ့ တော့ ။ အလုပ် လုပ်ရင်း အဲယားကွန်းခန်း ထဲ မှာ ချွေးပေါက်ပေါက် ကျခဲ့တာ ကျွန်မ ကိုယ်တွေ့ ပါ ။


အလုပ်တွေ က အများကြီး ။ နှစ်ချုပ်စာရင်း ချုပ် တဲ့ အချိန် မှာ နေ့ဆက် ညဆက် အလုပ် မပြီးဘဲ အိမ် မပြန်ဘူး ။ အလုပ် လုပ်ရင်း မိုး စင်စင်လင်း သွားတဲ့ ညတွေ အများကြီး ပဲ ။ ကွန်ပျူတာ ရှေ့ မှာ မထတမ်း အလုပ် ထိုင် လုပ် နေတဲ့ ကျွန်မ ကို သူဌေးမ က နောက် က နေ ဇက်ကြော နှိပ်ပေး ရတယ် ။ ( ရယ်လျက် ) ဇက်ကြော နှိပ်ပေး ပြီး ခိုင်းတာ ပေါ့လေ ။


အချိန်တန် လို့ အစား လာ ပို့တဲ့အခါ ကျွန်မ မစားနိုင်ဘူး ။ ဘာလို့လဲ ။ တရုတ်စာတွေ မို့ လား ။ ငရုတ်သီး နဲ့ ငံပြာရည် ယူခဲ့ကြဦး ။ တကယ်တော့ ကိုယ့် ဟာ ကိုယ် ဇော ကပ်ပြီး မစား နိုင်တာ ။ ကလေး သုံးယောက် ကျောင်း ထားရမယ် ။ အဲသည် အတွက် လုပ် နေတာ ဆိုတော့ သူဌေးမ က နင် ဟာ စူပါလေဒီ ပါ ပဲ လို့ ပြောတယ် ။ သူ့ တစ်သက် မှာ ကျွန်မ လောက် အလုပ် လုပ်တဲ့ သူ မတွေ့ဖူးသေးဘူး တဲ့ ။ နောက် နေ့ ကျတော့ သူဌေးမ ရဲ့ ကလေး သုံးယောက် က ကျွန်မ ကို မြင်တော့ စူပါလေဒီ လာပြီ လို့ အော် ကြတယ် ။ သူတို့ နဲ့ သုံးနှစ် အလုပ် လုပ် ခဲ့တယ် ။


စင်ကာပူ ကို နှစ်ပတ် လောက် လေ့လာမယ် ဆိုပြီး သွား လိုက်တာ တစ်နှစ် နေ မှ မိသားစု ရှိရာ လွိုင်ကော် ကို တစ်ခေါက် ပြန် သွား ဖြစ်တယ် ။ စင်ကာပူ ကို ရောက်ခါ စ ခြောက်လ လောက် အထိ ကလေးတွေ မြင် ရင် ကျွန်မ ကလေးတွေ ကို လွမ်း လို့ ငို တာပဲ ။ အလုပ် က ပြန်တာ က ည ခုနစ်နာရီ ၊ ရှစ်နာရီ ။ မှောင် က လည်း မှောင်ပြီ ဆိုတော့ မျက်ရည် ကျတာ လည်း လူ မမြင်ဘူးပေါ့ ။ သည် နိုင်ငံ က သနပ်ခါး ၊ မိတ်ကပ် မလိမ်းကြ ဘဲ မျက်နှာပြောင် နဲ့ နေတဲ့ နိုင်ငံ ဆိုတော့ ငို လို့ ငို မှန်း မသိ ဘူးပေါ့ ။


နောက်တော့ ကျွန်မ သားအကြီး ကို စင်ကာပူ ခေါ် လိုက်တယ် ။ သားကြီး ရောက် လာတော့ အား ဖြစ် တာပေါ့ ။ သားကြီး က လည်း ရောက်ခါစ မှာ ည ကျ အမေ အပြင် သွား လို့ မိုး ချုပ်ရင် ပေဂျာ ( ပြန်လည် ဆက်သွယ် စေလိုသူ က ရေဒီယို လှိုင်း နဲ့ အကြောင်းကြား သိစေတဲ့ ပစ္စည်း တယ်လီဖုန်း နဲ့ စကား ပြောလို့တော့ မရပါ ။ ) ရိုက် တာပေါ့ ။ ကျွန်မ က ဟမ်းဖုန်း မကိုင်နိုင် သေးဘူး ။ ပေဂျာ ပဲ ကိုင် ရတာပေါ့ ။ တစ်ည မှာ ညကြီးမင်းကြီး လေယာဉ်လက်မှတ် သွား ပို့တာ ။ ည ဆယ်နာရီခွဲ နေပြီ ။ မိုး က လည်း ရွာ လိုက်တာ ။ ထီး က လည်း မပါဘူး ။ အဲသည် အချိန် မှာ ကျွန်မ သွားရမယ့် နေရာ ဘလောက် ( block ) ကို လည်း ရှာ မတွေ့ဘဲ ပျောက် နေတယ် ။ သား ကလည်း မအေ ကို မျှော်ရင်း ပေဂျာ ခေါ်လှပြီ ။ လမ်းလျှောက် ရ တာ များ လွန်း လို့ ဖိနပ် က ပေါက် သေး ။ ဪ ငါ့ အဖြစ် က ထီး မပါ ၊ မိုး က ရွာ ၊ ပေဂျာ က အော် ၊ သား က ခေါ် ၊ ဖိနပ် က ပေါက် ၊ ဘလောက် ကလည်း ပျောက် ၊ လက်မှတ် လိုက် ပို့ ရင်း ရင် ထဲ က ထွက်လာ တာ လေ ။ အဲဒါက တကယ် ။


ကျွန်မ နေ တဲ့ အခန်း က ၁၃ ထပ် မှာ ။ ဓာတ်လှေကား နဲ့ တက် ရတာ ။ အလုပ် က လည်း ပင်ပန်း ၊ တွေ့ကြုံရတဲ့ အခက်အခဲတွေ က များလွန်းလို့ ဘယ်လို လုပ်ရပါ့ မလဲ ၊ ဘယ်လို လုပ်ရပါ့ မလဲ စဉ်းစား မိတယ် ။ ဓာတ်လှေကား နံရံ ကို ကျော နဲ့ မှီပြီး ကပ်ပြီး တင်းရပ် ထား ရတယ် ။ ပုံလဲ ကျ မသွားအောင် လို့ ။ အပေါ် ရောက် လို့ ကလေးတွေ မျက်နှာ မြင်ရပြီ ဆိုတော့ မှ အား ပြန် ပြည့်ပြီး လုပ်စရာ ရှိတာ ဆက် လုပ်ရတာ ။


လေယာဉ်လက်မှတ် တွေ လိုက် ပို့ရင်း ကျွန်မ အင်ဖော်မေးရှင်း တွေ ကို တတ်နိုင် သလောက် စုတာ ။ စင်ကာပူ မှာ လူ တစ်ယောက် သိသင့် သိထိုက် တာ တွေ သိ လာတယ် ။


ဘယ်သူ က ဖြင့် ကလေး ကျောင်း အပ်ချင်လို့ ဘယ်မှာ ဘာ လုပ်ရမှန်း မသိဘူး ။ ဟိုကိစ္စ ဒီကိစ္စကလေး သိချင်လို့ စတဲ့ လူတွေ ရဲ့ လိုအပ်ချက် တွေ ကို ကျွန်မ အကူအညီ ပေးတယ် ။ တစ်ခု ခု ဆိုရင် ဘယ်ဟာ ကို ဘယ်လို လုပ်ရင် အဆင်ပြေ နိုင်တယ် ဆိုတာ ကျွန်မ ပြောနိုင်တော့ သူတို့ နဲ့ မိတ်ဆွေတွေ ဖြစ် သွားတယ် ။


ဟိုတုန်းက method ( နည်းစနစ် ) တစ်ခု ရှိတာပေါ့ ။ အင်ဖော်မေးရှင်း ပိတ် တာလေ ။ သည်ဟာ ကို လူ သိ သွားရင် ကိုယ့် စားပေါက် ပိတ် သွားမယ် ဆိုတာမျိုး ။ ကျွန်မ က အဲဒါနဲ့ တခြားစီ ဖြစ် သွားတယ် ။ ကိုယ် သိတာ ကို share ( မျှဝေ ပေးတာ ) လုပ်လို့ သူ အဆင်ပြေ သွားတဲ့ အခါ ကိုယ့် အပေါ် ယုံကြည် ခင်မင်မှု အမြတ် က ဘယ် အကျိုးအမြတ် နဲ့ မှ မတူဘူး ။ အဲသည် ပွိုင့် တစ်ခု ကျွန်မ သိ သွားတယ် ။


ကျွန်မ ရောက်ပြီး တစ်နှစ် အကြာ မှာ သားအကြီးဆုံး ကို ခေါ်တယ် ။ နောက် ဒုတိယ သား ဆက် ရောက် လာတယ် ။ အဲသည် ကာလတွေ ကတော့ ကျွမ်းပြန် နေ တဲ့ ကာလတွေ ပေါ့ ။ အရမ်း လည်း ပင်ပန်းတယ် ။ ကျွန်မ မှာ နောက် ဆုတ်စရာ မရှိ တော့ဘူး ။ ကလေးတွေ ရောက် လာပြီ မို့ ပြေးစရာ မြေ လည်း မရှိဘူး လေ ။ ဒုက္ခ ကို ရင်ဆိုင်ရ မှာပဲ ။ အခုဆို သား သုံးယောက် စလုံး စင်ကာပူ ရောက် နေပြီ ။ သည် က ကျောင်း ကို တက် နေပြီ ။ ကျွန်မ နောက်ပြန် လှည့်လို့ မရဘူး ။


ကျွန်မ ကိုယ်ပိုင် လုပ်ငန်း အဖြစ် ကုန် ပို့တဲ့ လုပ်ငန်း စ လုပ်တယ် ။ လေဆိပ် သွား ရင် ပစ္စည်း ပို့ ဖို့ အခက် ကြုံနေတဲ့ သူတွေ ကို ကျွန်မ တွေ့ ရတယ် ။ သည် လူ တွေ အဆင် ပြေ အောင် ကျွန်မ လုပ် နိုင်တာပဲ ။ အဲယားကာဂို air cargo နဲ့ ပို့လို့ ရတယ် ။ သင်္ဘော နဲ့ ပို့လို့ ရတယ် ။ ပို့ပေးတယ် ။


စင်ကာပူ မှာ ရှိတဲ့ မြန်မာတွေ ဘာ လိုအပ်သလဲ ၊ ကျွန်မ ကြည့်တယ် ။ မြန်မာပြည် က ပြန် လာတဲ့ သူတွေ သပြေပန်းလေးတွေ နည်းနည်း နည်းနည်း သယ် လာ တာ တွေ့တယ် ။ ဒါနဲ့ လွန်ခဲ့တဲ့ ခြောက်နှစ် လောက် က စပြီး သပြေပန်း ကို မြန်မာပြည် က ကျွန်မ သယ်ပြီး ရောင်း ခဲ့တာ ။ ရန်ကုန် က သပြေပန်း ဝယ် တဲ့ အခါ လက်ညှိုး လောက် ဟာ ဝယ်တယ် ။ အတုတ်ကြီး တွေ မဝယ်ရဘူး ။ အတုတ်ကြီး တွေ ဝယ် လို့ လေယာဉ် နဲ့ တင်တဲ့ အခါ ဝိတ် ( weight ) စီး ရင် တွက်ခြေ မကိုက်ဘူး ။ လက်ညှိုး လောက် အပင် ၊ အမြစ် ပါ တာ ၊ အရွက် က ရင့် နေပြီး အညွန့် ပါ တာ က အကြာကြီး ခံတယ် ။ ခြောက်လ တစ်နှစ် ခံတယ် ။


ရန်ကုန် က နေ ငါးခူကြော် ၊ ငါးသလဲထိုး က အစ ၊ ငါးဖယ်ကြော် က အစ စင်ကာပူ ပို့ တယ် ။ စာအုပ်တွေ လည်း အစုံ ပို့တယ် ။ အခု ဆိုရင် ကုန် ပို့ တာ လေယာဉ်လက်မှတ် ရောင်းတာတွေ ကျွန်မ လုပ် နေတယ် ။


ကျွန်မ ရဲ့စိတ်ပိုင်းဆိုင်ရာ မှာ စဉ်းစား တွေးခေါ် နိုင်တာ ၊ အခက်အခဲတွေ ကို ကျော်လွှား နိုင်ခဲ့တာ ဟာ ကျွန်မ ငယ်ငယ် ကတည်း က စာတွေ ဖတ်ခဲ့ လို့ ပါပဲ ။ ကျွန်မ အခု အချိန် ထိ ရ ရင် ရ သလို စာ ဖတ်တယ် ။ စာဖတ် ရာ မှာ ဇာတ်လမ်း ကို အဓိက ထား မဖတ်ဘူး ။ စာထဲ က ဇာတ်ကောင်တွေ ရဲ့ စိတ်နေ စိတ်ထား ၊ သဘောထားတွေ ၊ ကောက်ကျစ်မှု ၊ ဖြောင့်မတ်မှုတွေ စာ ထဲ မှာ ကျွန်မ သွား တွေ့တယ် ။ လူတွေ အများကြီး နဲ့ မတွေ့ ဆုံရ သေးခင် ကတည်း က လူတွေ အကြောင်း စာ ထဲ မှာ ကျွန်မ တွေ့ ခဲ့တယ် ။ ကျွန်မ ဘဝ အတွက် အထောက်အကူ ဖြစ် သွား တယ်လေ ။


◾ကျော်ရင်မြင့်


📖 ဘဝဇာတ်ခုံ အဖုံဖုံ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment