Thursday, August 3, 2023

မြေဇာ ကတိပျက်တယ်


 

❝ မြေဇာ ကတိပျက်တယ်  ❞

“ ဟာ ... ကောင်းတယ် မြေဇာ ရဲ့ ၊ မင်း ရအောင် ယူလိုက် ”

အိမ်ကလေး က ခပ်ကုပ်ကုပ် ပါ ။ မြေစိုက်ကလေး ။ နှစ်ပင်တိုင် ဟု အညာ ခေါ် ခေါ် နိုင်ပါသည် ။ ပေ နှစ်ဆယ် ၊ ပေ လေးဆယ် ၊ မြေကွက်ကျဉ်း ဝယ် ၊ မချောင်မကျပ် ဆောက် ထား ပါသည် ။ ကျွန်တော့် မိသားစု နှင့် ဆို အတော် ၊ အဲဒီတုန်းက ( လွန်ခဲ့သော ဆယ်နှစ် ကျော်ကျော် က ) မြေ ကော ၊ အိမ် ကော ခြောက်ထောင် ၊ ဆရာ က အတင်း တိုက်တွန်း နေသည် ။ ကျွန်တော့် ကို အိမ်လေး ၊ မြေလေး နှင့် ကိုယ်ပိုင် နေ စေ ချင်သည့် စေတနာ ဆရာ့ မျက်နှာ ပေါ် လွှမ်း နေပါသည် ။ သည် အိမ်လေး က ဆရာ့ အိမ် နှင့် သုံး ၊ လေး အိမ် သာ ခြားသည် ။

“ ကျွန်တော် စဉ်းစားပါ့မယ် ဆရာ ”

“ ဟာ ... ဘာ စဉ်းစား ရမှာလဲ ၊ ယူ သာ ယူ လိုက် ”

ဆရာ ၏ စေတနာ စကား က ကျွန်တော့် ရင် ဝ ကို မှန် သော်လည်း ထန် ဟု မမြည်ဘဲ ဒုန်း ဟု မြည် နေသည် ထင် ပါသည် ။

အဘယ်ကြောင့် ဆိုသော် ကျွန်တော့် တွင် ငွေသား ဆို လို့ အိမ်စပေါ် နှင့် ပေါင်း လိုက် မှ လေးထောင် မျှ သာ ရှိပါသည် ။ ထိုစဉ် က တစ်ထောင် ၊ နှစ်ထောင် မပြော နှင့် ၊ ငါးဆယ် ၊ တစ်ရာ ပင် ကျွန်တော့် အဖို့ ခက်ခဲလှပါ သည် ။ ဆရာ သည် သက်ပြင်း ချ လိုက်ပါသည် ။ စာရေးဆရာကြီး ပီပီ ကျွန်တော့် မျက်လုံး ထဲ မှ နှိုက်ဝင်၍ နှလုံးသား ကို မြင် ကြည့် လိုက်သည် ထင် ပါသည် ။

“ အေးလေ ၊ မင်း မိန်းမ နဲ့ လည်း တိုင်ပင် ကြည့်ဦး ပေါ့ ၊ ဒါပေမဲ့ ရတုန်း ယူ ထားမှ နော့ ၊ နောက်ဆို  ဒီ ဈေးမျိုး မလွယ်ဘူး ”

အိမ် ကြည့်ပြီး အပြန် တွင် ဆရာ က ပြော လာပါသည် ။ ဆရာ့ ဘက် မှ အတွေး တွင် ကျွန်တော် သည် ဤ အိမ်လေး ကို ဝယ် တော့မည် ဟု ယုံကြည်ဟန် တူ နေပါသည် ။ ကျွန်တော် က လည်း တစ်နိုင် တစ်ပိုင် သိပ် မကွာလှသည် မို့ ဝယ်ယူ ချင် လှပါသည် ။ ပြီးတော့ ဆရာ့ အိမ် နှင့် လည်း မနီးမဝေး မို့ လေးစားချင်ခင်လှသော ဆရာ လည်း ဖြစ် ၊ ရပ်ခံရွာခံ လူကြီး လည်း ဖြစ် မို့ ကျွန်တော် နှင့် မိသားစု အတွက် အားထား ရမည် ဟု လည်း ယုံကြည် ထား မိပါသည် ။

“ ကဲ ... မင်း ဘယ် နေ့ ပြန် လာမလဲ ၊ လာမယ့် နေ့ ကို ပြော ငါ စောင့် နေမယ် ”

ကျွန်တော် ချိန်ချိန်ဆဆ နှင့် စဉ်းစား ရပါသည် ။

“ နောက် နှစ်ပတ် ”

“ လာမယ့် နေ့ရက် ကို ပြော ”

ကျွန်တော် ခန့်မှန်း ၍ တနင်္ဂနွေ တစ်ရက် ကို ပြော လိုက်ပါသည် ။

“ အေး ၊ ဟုတ်ပြီ ။ ငါ စောင့် နေမယ် ”

ကျွန်တော် လို ငွေ နှစ်ထောင် နှင့် ပြောင်းရွှေ့စရိတ် ကို အပြင်းစား ရှာ ပါသည် ။ ကာတွန်းပုံတွေ များများ ဆွဲ ပါသည် ။ မဂ္ဂဇင်းတိုက်များ သို့ စောစီးစွာ ပို့ ပါသည် ။ ပို့ သော ပုံများ ဘေးမသီ ရန်မခ စေရန် လည်း အထူး လုံ့လ ပြုရပါသည် ။ အိမ် မှာ ရှိသော မဂ္ဂဇင်း စာအုပ်များ ကို ရောင်းဖို့ ကြိုးစား ပါသည် ။ ခက်သည် က မဂ္ဂဇင်းများ ကို အဟောင်းဈေး ရောင်း သည် ထက် ပိဿာချိန် ဖြင့် ရောင်း က ပို ရသည် ကို စိတ်မကောင်းစွာ တွေ့ သိရပါသည် ။ မဂ္ဂဇင်းများ ကို ပိဿာချိန် ဖြင့် တော့ မရောင်းလိုပါ ။ အပေါင်းအသင်းများ ထံ ဆွဲဖို့ လွဲဖို့ စဉ်းစားမိပါသည် ။ သို့သော် ကျွန်တော့် သမာဓိ ကို ယုံကြည်ကြမည် မှာ သံသယ မရှိလှပါ ။ ဒါပေမဲ့ ကျွန်တော့် ဝင်ငွေ ကို တော့ ယုံကြည်ကြမည် မထင်ပါ ။ သက်ရှိ လူ နှင့် သက်မဲ့ ငွေစက္ကူ တို့ ၏ ခြားနားချက် သည် အံ့သြစရာ မဟုတ်ငြား အံ့ဩ ယူရပါသည် ။

ကျွန်တော် ညံ့ဖျင်း လှပါသည် ။

ဆရာ နှင့် ချိန်း ၍ ဆယ်ရက် ကျော် သည် ထိ ကျွန်တော့် တွင် အပို ငွေ ကျပ် တစ်ရာ ပြည့်အောင် မရှာဖွေ နိုင် သေးပါ ။

ထိုစဉ်က ဆရာ သည် ရွှေတည်ဦးရန်‌နောင် ကိုယ်တိုင် ကိုင်သော သောင်းပြောင်းထွေလာ ရယ်စရာမဂ္ဂဇင်း တွင် အမြဲလိုလို လာ ထိုင် တတ် ပါသည် ။

ထို့ကြောင့် ဆရာ နှင့် တွေ့၍ ကျွန်တော့် အခြေအနေ ကို တင်ပြ ပြောဆိုရန် သောင်းပြောင်း တိုက် ရှိရာ ဗိုလ်ချုပ်လမ်း သို့ မကြာခဏ သွား ရောက် ပါသည် ။ သို့သော် ဆရာ့ ကို မတွေ့ရပါ ။ ဤသို့ဖြင့် ချိန်းဆို ထား သော ရက် သို့ နီး နီး လာပါသည် ။ ဆရာ သည် အင်းစိန် တွင် နေသည် က တစ်ကြောင်း ၊ ကျွန်တော့် တွင် အခြေ မလှသေး ၍ တစ်ကြောင်း ၊ ဆရာ နှင့် ရင်ဆိုင် သွား တွေ့ ရန် ကျွန်တော် သတ္တိ နည်းခဲ့ပါသည် ။ ကံအား လျော် စွာ တစ်ရက် တွင် ကဗျာဆရာ ကိုခိုင်မာ နှင့် တွေ့ သည် ။

“ ကိုခိုင်မာ ၊ ကျွန်တော် ဆရာသော်တာဆွေ နဲ့ သန်ဘက်ခါ အိမ် ကိစ္စ ချိန်း ထားတယ် ။ အဲဒါ အခက်အခဲ ရှိ နေလို့ မယူဖြစ်တဲ့ အကြောင်း သွား ပြောပေးပါဗျာ ”

“ ဟုတ်ကဲ့ ၊ သွား ပြော ပေးမယ် ”

ကိုခိုင်မာ က သူ့ ထုံးစံ လေအတိုင်း သို့ကလို သံပြတ် ဖြင့် ပြော ပါသည် ။

သို့သော် ကိုခိုင်မာ မေ့ သွား သလား ၊ အလုပ် များ နေလား မသိပါ ။ ဆရာ့ ဆီ မရောက် ဟု ထင် ပါသည် ။ နောက်ပိုင်း ပြန် ကြား ရသော စကား များ အရ -

“ မြေဇာ ချိန်း ထားတာ မလာဘူးကွာ ၊ မလာဘူး ။ ကတိ ပျက်တယ် ”

ဟူသော ဆရာ့ စကားသံ ပင် ဖြစ်ပါသည် ။

ကျွန်တော် များစွာ စိတ် မကောင်း ဖြစ် မိရပါသည် ။

အရက် သောက် ချင် တုန်း က ပန်းချီကိုဝသုန် နှင့် ကျွန်တော် နှစ်ယောက် တည်း တောင်ဥက္ကလာ က အင်းစိန် ကို တကူးတက သွားပြီး

“ ဆရာ ဆရာ့ ဆောင်းပါး ထဲ ဖတ် လိုက်ရတယ် ။ ဆရာ့ လာ ကန်တော့ တဲ့ ဝီစကီပုလင်း ခုထိ မဖောက်ဘဲ ထားတယ် ဆို လို့ ကျွန်တော် တို့ က အလှူခံ လေ ”

ထိုစဉ်က ဆရာ ၏ စာနာ အပြုံး ကို ကျွန်တော် မမေ့နိုင်ပါ ။ သို့ပါ လျက် ခု မိမိ ကတိ တစ်ခု ပေး ခဲ့သော ကိစ္စ ကို ခပ်ပေါ့ပေါ့ ပြီးစလွယ် ဖျက် လိုက်သည် မှာ မလုပ်စကောင်း သော အရာပင် ဖြစ်ပါသည် ။ မိရွယ် ဖရွယ် တစ်ဦး အနေ ဖြင့် လည်းကောင်း ၊ လေးစား တန်ဖိုး ထားသော စာရေး ဆရာကြီး တစ်ဦး အနေ ဖြင့် လည်းကောင်း ၊ ကျွန်တော် ပမာမခန့် လို ပြု ခဲ့ မိ ခြင်း အတွက် စိတ် ညစ်နွမ်းမှု ဖြစ် ရပါသည် ။ အချို့သော စာရေး ဆရာ ၊ ကဗျာဆရာ ၊ ပန်းချီဆရာ ၊ ကာတွန်းဆရာ တို့ မှာ ဆရာ သော်တာဆွေ နှင့် ကျွန်တော် တစ်ခါ ချိန်း ၊ တစ်ခါ ကတိ ပျက် ခဲ့သော ကျွန်တော့် ကို ယခု ထိ အလျဉ်း သင့်တိုင်း ပြောကြ ဆိုကြ တုန်း ပါ ။

ထို့ကြောင့်လည်း ထို ကတိ ပျက် ကိစ္စကြီး သည် ကျွန်တော့် နောက် သို့ အရိပ်မည်းကြီး နှယ် ထက်ကြပ် လိုက် နေ ခဲ့ပါသည် ။ ယခု ထိ ထို အရိပ်မည်းကြီး ကို မဖျောက်ဖျက်ပစ်နိုင်ပါ ။ အထူးသဖြင့် ကျွန်တော် အိမ် တစ်အိမ် မှ အခြား တစ်အိမ် သို့ ပြောင်း ရန် အိမ် ရှာ လေသော အခါ ထို အရိပ်မည်းကြီး သည် ပို၍ ပို၍ ကြီး လာပါသည် ။

ဪ .. ဆရာ သော်တာဆွေ သည် ကျွန်တော့် အား စာပေပညာ အသိ တွင် သာ မဟုတ် ။ လူ တစ်ယောက် တွင် စောင့်ထိန်း အပ်သော “ ကတိ ” ဟူသော “ အသိ ” ကိုပါ မထင်မမှတ် ပေးလိုက် လေ ပြီလား ။

၃ဝ - ၁ - ၉၆

◾ကာတွန်းမြေဇာ

📖 သော်တာဆွေ ရာပြည့် အမှတ်တရ လွမ်းတသသ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment