Saturday, August 5, 2023

ကျီး ပုံပြင်


 

❝ ကျီးပုံပြင် ❞

“ တစ်နေ့သ၌ ကျီး တစ်ကောင် သည် ဒိန်ခဲ တစ်ခဲ ကို ကိုက်ချီ လျက် သစ်ကိုင်း ပေါ် တွင် နား နေသည် ကို မြေခွေး တစ်ကောင် မြင် လေ၏ ။ ဤတွင် သူ သည် ကျီး ထံ မှ ဒိန်ခဲ ကို လိုချင် သော ကြောင့် သစ်ပင် အောက် မှ ကျီးအား မော့ ကြည့်လျက် ဤသို့ ဆိုလေသည် ။ အို ... ငှက်ငယ် သင် ကား မြတ်နိုးဖွယ် ကောင်းပါဘိ ။ သင် ၏ လှပကြော့ရှင်းမှု ကို မည်သူမဆို တုပြိုင်နိုင်မည် မဟုတ် ။ တကယ်ပင် သင် ၏ ရုပ်ဆင်းလှပမှုကဲ့သို့ သင် ၏ အသံသည် လည်း ချိုမြမည် အမှန် ”

ကျီးမလေး သည် ဖတ်စာ ဖတ်ရင်း ဤ အပိုဒ် သို့ ရောက်သော အခါ မနီးမဝေး ၌ မြေခွေး တစ်ကောင် သည် ဒိန်ခဲ တစ်ခဲ ကိုက်ချီ လာသည် ကို မြင် လေ၏ ။ သူမ သည် မြေခွေး ဒိန်ခဲ ကို အလွန် လိုချင်သော ကြောင့် “ ရွှေကျီးလေး ရဲ့ ခွန်းသွဲ့သွဲ့ အသံချိုချို သူ့ မှာလေ သာနိုင်အားတယ် ” ဟူသော ဓာတ်ပြား သီချင်း တစ်ပိုဒ် ကိုဟစ်ဆို လိုက်ရာ မြေခွေး သည် ကျီးမကလေး ၏ သာယာသော အသံ ကြောင့် ဒိန်ခဲ ကို ခဏ ချ ထားပြီး သီချင်း ကို သောတရှင်တို့ လိုရာ ဓာတ်ပြား အနေ နှင့် ဇိမ်ရှိရှိ ထိုင် ၍ နားထောင် နေလေ၏ ။ ထိုအခိုက် ... သီချင်း ကောင်းတုန်း အသံလွှင့်ရုံ မှ စက် ပျက် လိုက် သကဲ့သို့ ကျီးမကလေး သည် သီချင်း အဆို ကို ရပ် လိုက်ပြီး မြေခွေး ၏ အနားတွင် ချ ထားသော ဒိန်ခဲ ကို လျင်မြန်စွာ ထိုးချီ ပျံပြေးကာ သစ်ပင် ပေါ် တွင် ပြန်၍ နားနေ လိုက်သည် ။ မြေခွေး ကား အလွန် ဒေါပွလျက် ကျီးမလေး ထံ မှ မိမိ ဒိန်ခဲ ကို ပြန်လို ချင်လှ သော ကြောင့် ...

“ သစ်ကိုင်း ထက် က အို ... ငှက်မယ် ။ သင်ကား မြတ်နိုးဖွယ် ကောင်းပါဘိ ။ သင် ၏ လှပကြော့ရှင်းမှု ကို မည်သူမျှ တုပြိုင် နိုင်မည် မဟုတ် ။ တကယ်ပင် သင် ၏ ရုပ်ဆင်းလှပ သကဲ့သို့ သင် ၏ အသံသည် လည်း အလွန် ချိုမြလှသည် အမှန် ။ သင် ၏ သီချင်းသံကလေး ကို ပြန် ၍ ကြားလိုလှသည် ” ဟု မြှောက်ပင့် လေသည် ။ သို့သော် စာကျေ နေသော ကျီးမကလေး ကား တုတ်တုတ် မှ မလှုပ် ။ “ အို ... ငှက်မယ် ... သင်သာ ပြိုင်ပွဲဝင် က မယ်ဗမာ ဖြစ်မည်အမှန် ။ အဆို လည်း ကောင်းလှသော ကြောင့် မယ်ဗမာ လှယဉ်ကျေး ဘွဲ့ လည်း ရ၍ ဘုံဘိုင် သို့ သွားရဦးမယ် ” ဟု မြေခွေး သည် ထပ် ၍ ပင် ပြော ပြန်၏ ။ သို့သော် ကျီးမကလေး ကား မဆို ပေ ။

“ အို ... လှလှချည်လား ငှက်မယ် ။ ဤ သာယာလှသော အချိန် နှင့် ဤ တင့်တယ်လှ သော သစ်ပင် ထက်ဝယ် ဤမျှ လှပလှသော သင် နှင့် ဤမျှ ချိုမြလှသော သင် ၏ အသံ တို့ ကို ကျွန်ုပ် သည် သီချင်း သီကုံး၍ သင့် အား သီဆို စေပြီး ဓာတ်ပြား သွင်းလိုလှသည် ။ နေ လည်း ဝင် တော့မည် ။ မှောင်မိုက် ၍ လာချိန် နီးပြီ ။ မိုးမှောင်ကြီး ကျ၍ မုန်တိုင်း လည်း ဆင် တော့မည် ။ အို ... အချိန် မနှောင်းမီ ဆိုပါတော့လား ။ငှက်မယ်လေး .. ” ဟု မြေခွေး သည်ဖော်လံ ဖား ပါသော်လည်း ကျီးမလေး ကား ရေငုံ ထား သကဲ့သို့ ပင် .. ။

မြေခွေး သည် နောက်ဆုံး တော့ လက်လျှော့ ၍ ဆုတ်ခွာခဲ့သည် ။ ကျီးမကလေး သည်
မြေခွေး ဆုတ်ခွာ၍ မနီးမဝေး သို့ ရောက်သော အခါ မြေခွေး မခံမရပ် နိုင်အောင် စိတ်ဆွ လိုသော ကြောင့် “ ဘာရမလဲ ... သာဝရာ နင့် လောက် များ တော့ မေ ကလည်း ပါး ပါသေးတယ်ကွာ ” ဟူသော ဓာတ်ပြားသီချင်း ကို ဆို လိုက်ရာ နှုတ်ခမ်း မှ ဒိန်ခဲသည် အောက် သို့ ကျ သွားလေ၏ ။ အလွန် မြန်၍ ဖျတ်လတ် သော မြေခွေး သည် ကျီးမလေး ၏ အသံ ကြား ကြားချင်း နောက်သို့ ပြန် ပြေး လာပြီး ဒိန်ခဲ မြေ သို့ မရောက်မီ ခုန်ဟပ် ကာ ယူပြေး လေတော့၏ ။

ထိုနေ့မှ စ၍ ကျီးမကလေး ကား ဒိန်ခဲ ဆုံးရှုံးရသည် ကို စိတ် မဝင်စား ။ မြေခွေး မြှောက်ပင့် သည် ကို အလွန် ကျေနပ်၍ ဓားပြား သွင်းရန် သီချင်း ကို တကျော်ကျော် အော် ဆို၍ သီချင်း ဆို လေ့ကျင့် နေ လေ၏ ။ ကြာသော် ကျီးမကလေး သည် လည်ချောင်း ကွဲ ၍ ရေငတ် လာ လေ၏ ။ ရေ ရှာ ပါသော် လည်း ရေ မတွေ့ ။ သို့သော် သူမ ကား ကံကောင်း လှသည် ။ ရေချိုင့် တစ်ခု ကို တွေ့ လေ၏ ။ သို့ပါသော် လည်း ရေ ကား ဖင်ကပ်ပင် ရှိ သောကြောင့် အကြံ အနည်းငယ် အိုက် နေ၏ ။ ဒါပေမယ့် လည်း ကျီးမကလေး မှာ ကောလိပ် တွင် သိပ္ပံ ယူခဲ့ဖူးရကား ... ခဲလုံးကလေးများ ရေ ထဲ သို့ ထည့် ကာ ရေ ပြည့် လာ တတ်သော သိပ္ပံပညာ ၏ သဘောတရားကို နားလည် ထား သဖြင့် အလွန် လွယ်သော ပြဿနာ ဖြစ်၏ ။ ထို့ကြောင့် သူမ သည် ရေ ပြည့် လာရန် ခဲလုံး ကို ကိုက်ချီ ၍ ချိုင့် အတွင်း သို့ ပစ်ထည့် လိုက် လျှင် ခဲလုံး သည် ချိုင့် နှုတ်ခမ်း ကို ထိ ၍ ချိုင့် သည် ဂွမ်ကနဲ ကွဲ သွား လေရာ ရေတွေ အကုန်ဖိတ် ကုန် လေ၏ ။ ကျီးမကလေး မှာ ရေ ငတ် ၍ အသက်ပါ ဆုံးရှုံး သွားရှာလေတော့ သတည်း ။

◾ဖေသိန်း

📖 ရှုမဝ မဂ္ဂဇင်း
      ၁၉၅၆ ၊ နိုဝင်ဘာ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment