Tuesday, August 1, 2023

ထောင်လှောင်နေ


  ❝ ထောင်လှောင်နေ ❞


“ အား … ပေါ်အူး ” 


“ ဆရာ ”


ကွ ကျွန်တော် သည် နံနက် အိပ်ရာ မှ နိုး၍ ချောင်း တစ်ချက် ဟန့်လိုက် သဖြင့် ထုံးစံ အတိုင်း သွားတိုက်ဆေး တင်ပြီးသား သွားပွတ်တံ နှင့် ရေ ဖလား တို့ ကို ကိုင်၍ အိပ်ခန်း ထဲ သို့ ဝင်လာသော ပေါ်အူး အား မျက်စိ ဖွင့် ကြည့် လိုက်ရာ ပေါ်အူး ၏ ကိုယ် မှာ အငြိမ် မနေ တရိပ်ရိပ် လှုပ်၍ နေသဖြင့် ... 


“ မင့် ကြည့် ရတာကွာ … အနှစ် ၂၀ လောက် ကြာ နေတဲ့ ဘိုင်စကုတ် ကားဟောင်းကြီး ကို ကြည့် ရသလိုပဲ ၊ သုန်သုန်မှုန်မှုန်ကြီး ဖြစ် နေပါလား ကွ ”


ပေါ်အူး သည် ခုတင် ဘေး ၌ ခြေစုံ ရပ်ကာ တည်ငြိမ်သော အသံ ဖြင့်.. 


“ ဟုတ်ကဲ့ ဆရာ တခြား ကြောင့် မဟုတ်ပါဘူး ၊ ည က ဆရာ့ ဗိုက် ထဲ ဝင် သွားကြတဲ့ အရက်တွေ က ပါတီ အား ကောင်းပြီး ဆရာ့ မျက်စိ ကို မတရား လှည့်စား နေလို့ပါ ဆရာ ”


“ အေး … ဟုတ်ပြီ ”


ကျွန်တော့် မှာ ည က အဖြစ်အပျက်တွေ ကို တရေးရေး မြင်ယောင် ၍ စိတ်ထဲ၌ ဇဝေဇဝါ ဖြစ်လာသည် နှင့် ...


“ အင်း … ည က ငါ့ ကား ငါ မမောင်းဘဲ နဲ့ ငါ့ အိပ်ရာ ထဲ ငါ ပြန်ရောက် နေတယ် ထင် တယ်ကွ ”


“ ဟုတ်ပါတယ် ဆရာ ”


“ ဟင်း ည က ပါတီ မှာ ငါ့ မိတ်ဆွေ အကုန်လုံး တစ်ယောက် မကျန် ဒေါင်းပြီ ထင်တာ ဘယ် အရက်ပြီးဆေး ထိုး ထားတဲ့ ကောင်များ ငါ့ ကား ကို မောင်းပို့ လိုက်သလဲ မသိဘူး ”


“ မောင်း ပို့လိုက်တာ မဟုတ်ဘူး ဆရာ မောင်း ယူ ခဲ့တာပါ ”


ကျွန်တော် သည် သူ့ စကား၏ အဓိပ္ပါယ် ကို နားမလည် သဖြင့် မျက် လုံး ရှုံ့ကြည့် လိုက်ကာ …


“ ဟေ့ - ည က ထမင်းစားပွဲ ကို မင့် ငါ ခေါ်မသွားခဲ့ဘူး အောက်မေ့ တယ် ”


“ ဟုတ်ပါတယ် ဆရာ ၊ ဒါပေသိ ဆရာ ဖြစ်မယ့် အခြေအနေ ကို ကျွန်တော် ကြိုတင် သိတာ နဲ့ တမင် လိုက်ပြီး ဟိုတယ် အောက် က စောင့် နေပါတယ် ဆရာ ”


“ အား ... မင်း ဘယ့်နှယ် လုပ်ပြီး ကြိုတင် သိနိုင်သလဲ ”


“ မနေ့ ညနေ တုန်းက ဆရာ့ သူငယ်ချင်း ရေတွင်းဆိုး ကိုဖေသန်း က ဆရာ့ ကို ‘ ကိုဆွေရေ … ခု ည တော့ ကော့က်တေးလ် ပဲ ’ ဆိုတာ နဲ့ သိတာပါ ဆရာ ”


ဟုတ်ပါပေသည် ။ လွန်ခဲ့သော ည က ‘ ကြွက်တွင်း ’ အဘ ‘ ရေတွင်း ဆိုး ’ ခေါ်ရသော ကိုဖေသန်း နှင့် အတူ အင်္ဂလိပ်ဘာသာ ကော့က်တေးလ် မြန်မာ လို ကျွန်တော် ထင်သမျှ ဘာသာ ပြန် ရ လျှင် ( ဤနေရာ၌ ဒစ်ရှင်နာရီ ဆရာ ဦးထွန်းညိမ်း နှင့် သဘော ကွဲလွဲကောင်း ကွဲလွဲပေလိမ့်မည် ) ကြက်ဖ အမြီး ကဲ့သို့ ပြည့်ဖောင်း ဝေဆာ သိုက်မြိုက် ခမ်းနား စုံလင် စိုပြေလှစွာ အရက် မျိုးစုံ ကြိုက်သလို ရောနှော၍ သဘောရှိ ကလောဟိ ရသော သောက်ပွဲကြီး သို့ တက်ရောက် ခဲ့ကြပါသည် ။


ဤ ပါတီ မှာ အင်္ဂလန်ပြည် သို့ သွား၍ အင်္ဂလိပ် အစာ ကို စား ကာ အင်္ဂလိပ်ပိုက်ဆံ ကို မြန်မာပြည် သို့ ပြန် ပို့ရန် ( ဝါ ) တစ်နည်း အားဖြင့် ရှုပ်ထွေး လွတ်လပ်သော မြန်မာနိုင်ငံတော်သား အဖြစ် မှ အင်္ဂလိပ်ကြေးစား အမှုထမ်း လုပ်ရန် လန်ဒန် သို့ ထွက်ခွာ တော့မည့် “ ပုပ်ကိုယ် ” ( မသွားခင် သုံးရက် လောက် က မူးမူးရူးရူး နဲ့ ကျွန်တော့် ပခုံး ဖက်ကိုင် သွားတာနဲ့ သ,တ်ပုံ မှား လိုက်တာပါနော် ) တစ်ယောက် အတွက် စပါယ်ရှယ် ကျင်းပသည် ဖြစ် ၍ ဤ သောက်ပွဲ ၌ အရောင် ကင်းမဲ့သော ‘ ဂျင် ’ ကို ဘေ့စ် လုပ် ထား သဖြင့် နောက်ထပ် အရောင် နှင့် ကိုယ် လိုချင်သည့် အရက် တို့ ကို ကြိုက် သလောက် ရောနှော သောက်ရသော ကြောင့် ဤ ပွဲ မှာ မည်မျှလောက် သဘော ကျစရာ ကောင်းသည် ကို “ ကောက်တေးလ် ” အကြောင်း နားလည်သူ တို့ သိကြပါ လိမ့်မည် ။


ကျွန်တော့် မှာ နဂို က လည်း ဝါသနာ ခပ်ပြင်းပြင်း ပုလင်းတွေ က လည်း စုံလှ၍ ဇလုံ ထဲ မှ မပြတ် ခပ်ခပ် ထည့် ပေးနေသော ဂျင် နှင့် ဘီယာ ရောပြီးသား ကို ကိုယ့် ဘာသာ ကိုယ် နောက်ထပ် ဘရန်ဒီ ၊ ဝီစကီတွေ နှင့် ကြိုက် သလောက် ထည့် ထည့်ပြီး အနည်းဆုံး သုံးနှစ် လောက် ခွဲ ရမည့် သူငယ်ချင်း အတွက် သုံးခါလည်စာ ဖူလုံအောင် သောက် လိုက်ရာ ကိုယ့် အိမ် ကို မည်ကဲ့သို့ ပြန် ရောက် မှန်း မသိသည့် တိုင်အောင် ဖြစ်ခဲ့ရပါသည် ။


စင်စစ်အားဖြင့် “ တပည့် လိမ္မာ ဆရာ အံဖတ် လွတ် ” ဆိုသည့် အတိုင်း ပေါ်အူး ၏ ကျေးဇူး ကြောင့် သာ မိတ်ဆွေ အား ယခု ကဲ့သို့ ကျွန်တော့် အိပ်ရာ ထဲ မှ ကျွန်တော် နေ၍ နှုတ်ဆက် နိုင်ခြင်း ဖြစ် ပါသည် ။


ပေါ်အူး မှာ မည်မျှ တော် သနည်း ။ မည်မျှ အကြံဉာဏ် ကောင်း သနည်း ဆိုသည် ကို မိတ်ဆွေ တစ်စ တစ်စ နှင့် သိလာ ပါ လိမ့်မည် ။ 


“ အေး ... တော်ပါပေ့ ပေါ်အူး ရယ် ”


ကျွန်တော် သည် သူ့ အား ထုံးစံအတိုင်း ချီးကျူး ရပြီး နောက် အိပ်ရာ မှ ထ ကာ သူ့ လက် ထဲ မှ သွားပွတ်တံ နှင့် ရေဖလား ကို ယူ လိုက်ပါသည် ။


ကျွန်တော် မျက်နှာ သစ်ပြီး သော အခါ၌ ပေါ်အူး လက်တွင်း မှ ဖန်ခွက် ထဲ က ရေ နှင့် ဖရုဆော့ နပန်းလုံး နေပြီ ဖြစ်၍ ကျွန်တော် လှမ်းယူ လိုက်ကာ မျက်စိ မှိတ် အသက် အောင့် နှာခေါင်း ရှုံ့ပြီး တစ်မော့ တည်း နှင့် အကုန် ကျိုက်ချ လိုက်ရ ပါတော့၏ ။


“ အား … ( သောက်ပြီး ၍ ဖန်ခွက် ကို ပြန် ပေးရင်း ) ပေါ်အူး ရေ အခု မနက် ငါ ငရုတ်သီးစိမ်း စပ်စပ် ကြက်သွန်ချဉ် များများနဲ့ မြူစွမ် ဝမ်းဘဲ ပေါင်း စားချင်တယ် ကွာ ” 


ပေါ်အူး ၏ ကိုယ် မှာ တည်ငြိမ်စွာ ဖြင့် 


“ ကျွန်တော် ဒီအတိုင်း စီမံ ပြီးပါပြီ ဆရာ ” 


ဆရာ့ အလို ကို မပြောဘဲ နှင့် သိတတ်သော ပေါ်အူး ။ 


ကျွန်တော့်မှာ ကိုယ် အလို ရှိရာ ကို ပါးစပ် မဟဘဲ နှင့် ရနိုင်ပါ လျက် ၊ ဤကဲ့သို့ ပြော လိုက်မိသည့် အတွက် ပေါ်အူး ၏ အသိဉာဏ် ကို စော်ကားရာ ရောက်သွားပါ သဖြင့် ကျွန်တော့် ကို ပင် ကျွန်တော် အတော် စိတ်မကောင်း ဖြစ်မိ ပါသေးသည် ။ 


“ အေး ငါ မလိုတာ ပြောမိလို့ ဝမ်းနည်းပါတယ်ကွာ ။ ကဲ ... သွားတော့ သွားတော့ ၊ အား ... အား လာပါဦးကွ ပေါ်အူး ”


ကျွန်တော့် ကို ကျောခိုင်း သွား၍ ပြန် တုံးလုံး လဲ တော့မည် ဟု ခေါင်းရင်း ဘက် သို့ မျက်နှာ မူ လိုက်ရာ ၊ ကျွန်တော့် အိပ်ရာ ခေါင်းရင်း ၌ တရိုတသေ ချိတ်ဆွဲ ထားသော ဓာတ်ပုံ နှစ်ခု အနက် မှ ရီရီလေး ၏ ဓာတ်ပုံ မှာ ပြောင်ပြောင်လက်လက် ရှိ နေ၍ ခင်မြမြမောင်းမောင်း ၏ ပုံမှာ ဖုန်တွေ နှင့် ညစ်ပတ် နေသည် ကို တွေ့ ရသော ကြောင့် အခန်း ပေါက်ဝသို့ ရောက် နေသော ပေါ်အူး အား ပြန် ခေါ် လိုက်ခြင်း ဖြစ်ပါသည် ။


သူ သည် ကျွန်တော့် အနီးသို့ ပြန်လာပြီး ခြေစုံ ရပ်ကာ


“ ဆရာ ” 


ကျွန်တော် သည် ဓာတ်ပုံ နှစ်ခု ကို ညွှန်ပြပြီး မျက်ခုံး ကို တွန့်၍ သူ့ မျက်နှာ ကို မချင့်မရဲ ကြည့် ကာ ...


“ မင်းကွာ မနက်တိုင်း ဟောဒီ ဓာတ်ပုံ နှစ်ပုံ ကို ဖုန်သုတ်ရတဲ့ ကိစ္စ မှာ ရီရီလေး ဓာတ်ပုံ သာ ပွတ်တိုက်ပြီး ခင်မြမြမောင်းမောင်း ရဲ့ ပုံကို မသုတ်ရုံ မက ရီရီလေး ပုံ က ဖုန်တွေ ကို တစ်မှုန် မကျန် ဟောဒီ ခင်မြမြမောင်းမောင်း ရဲ့ ပုံ ပေါ် ရောက်အောင် တစ်ခု တစ်ခု စီ ပို့တယ် ထင်တယ်ကွ ”


ကျွန်တော် စိတ် ပေါက်ပေါက် ရှိသည် နှင့် “ ချက်ကျ လက်ကျ ” ကြိမ်း မောင်း လိုက်ခြင်း ဖြစ်ပါသည် ။ ပေါ်အူး ၏ မျက်နှာ မှာ သုန်မှုန် သွားလျက် ဘာမှ ပြန် မပြောသေးဘဲ တွေ ၍ နေပါသည် ။


“ ဟေ့ ပြောပါကွ မေးတာ ကို ”


ကျွန်တော် မေးလိုက်သော မေးခွန်း မှာ ကျွန်တော့် အဖို့ အလွန်တရာ အသား ပါလှသည် ဖြစ်သောကြောင့် ခပ်ထန်ထန်ကလေး ပင် ထပ်ဆင့် လိုက်ပါသည် ။ ဤလို မေးခွန်းမျိုး မှာ ကျွန်တော့် ဦးနှောက် ထဲ ၌ တစ်ခါတစ်ရံ မှ သာ ပေါ် တတ်ပါသည် ။


ပေါ်အူး သည် ကျွန်တော် ၏ ရင့်ကျက်သော အသံ ကို ကြား မှ တံထွေး တစ်ချက် မျိုချ လိုက်ပြီး ။


“ ကျွန်တော် မမရီလေး ဓာတ်ပုံ ပေါ် က ဖုံတွေ ကို ခင်မြမြမောင်းမောင်း ပုံ ပေါ် ရောက် အောင် တစ်မှုန့် မကျန် ပို့တယ် ဆိုတာတော့ မဟုတ်ပါ ဘူး ဆရာ ”


“ အေး ဒါဖြင့် ရီရီလေး ဓာတ်ပုံ သာ သုတ်ပြီး ၊ ခင်မြမြမောင်းမောင်း ရဲ့ ပုံတော့ မသုတ်ဘူး ဆိုတာ ဟုတ်တယ်ပေါ့ ”


ကျွန်တော် က ဝတ္ထုတွေ ထဲ က စုံထောက် တစ်ယောက် ၏ အမူအရာ မျိုး ဖြင့် ခန့်တည်စွာ မေး လိုက်ရာ ပေါ်အူး သည် ညှိုးကြုံသော မျက်နှာ ကလေး နှင့် …


“ ဟုတ်ပါတယ် ဆရာ ”


“ အေး ဒါဖြင့် ငါ အမြတ်တနိုး ထားတဲ့ ပုံချင်း အတူတူ မင်း က ဘာ ကြောင့် သိုး နဲ့ ဆိတ် ခွဲခြား နေတာလဲကွ ”


ကျွန်တော်တို့ အိမ်နား က မိတ်ဆွေ ခရစ်ယာန် တစ်ယောက် ၏ သမ္မာကျမ်းစာအုပ် ကို တစ်ကြိမ်သော အခါက တောင်လှန် မြောက်လှန် နှင့် မတောက်တခေါက် ဖတ်ဖူး သဖြင့် ဆီဆိုင်လား မဆီဆိုင်လား တော့ မသိ ။ ပေါ်အူး အား စကားလုံး အဆန်း နှင့် နှံ လိုက်ခြင်း ဖြစ်ပါသည် ။


ပေါ်အူး သည် ယတိပြတ် ဆုံးဖြတ် ပြီးသော အသံ နှင့် .. 


“ ကျွန်တော် ဆရာ့ ခင်မြမြမောင်းမောင်းကြီး ကို သဘော မကျလို့ ပဲ ဆရာ ”


ကျွန်တော် သည် မျက်လုံး ကို ခပ်ပြူးပြူး ဖြဲ လိုက်ကာ …


“ ဟေ့ ခင်မြမြမောင်းမောင်း ကို မင်း သဘောမကျဘူး ၊ ရီရီလေး ကို တော့ ... ”


ပေါ်အူး ခေါင်းညိတ် ပြပါသည် ။


ဤနေရာ ၌ ရီရီလေး နှင့် ခင်မြမောင်းမောင်း မှာ မည်သူများ ဖြစ်ကြ သည်ကို မိတ်ဆွေတို့ သိရှိ သွားအောင် ရှင်းလင်းပါရစေ ။ 


သူတို့ နှစ်ယောက် မှာ ကျွန်တော် ၏ ရင်းနှီးသော မိတ်ဆွေ ဂုဏ်သရေ အပျိုချောကလေးများ ဖြစ်ကြ ပါသည် ။ အမှန်အားဖြင့် ယဉ်ကျေးအောင် “ မိတ်ဆွေ ” ဟု ဆိုရ သော်လည်း စင်စစ် ရိုးရိုးမိတ်ဆွေ မဟုတ် ။ ကျွန်တော် က လူပျို ၊ သူတို့က အပျို ၊ ဆွေမျိုး လည်း မတော်စပ် ။ တစ်ဦး နှင့် တစ်ဦး “ ဂေါ် ဓာတ် ” ဖြင့်သာ ရင်းနှီး နေကြခြင်း ဖြစ်၍ ကျွန်တော် က လည်း စွံလို စံငြား ဂေါ်မည် ။ သူတို့ က လည်း ကျွန်တော့် ကို “ ဂေါ်စေ ဂက်စေ’‘ “ ပျော်စေ မက်စေ ” စာရင်း ၌ တင်သွင်း ထားသည် ဖြစ်သောကြောင့် တစ်ဦး နှင့် တစ်ဦး ကူးလူး ဆက်ဆံ နေကြသော “ ဂေါ်မိတ် ”များ ဖြစ်ကြပါသည် ။


သူတို့ နှစ်ယောက် မှာ အချောအလှချည်း ဖြစ် သော်လည်း လူ ပုံသဏ္ဌာန် နှင့် စိတ်နေ သဘောထား တို့ မှာ တစ်ဦး နှင့် တစ်ဦး လုံးဝ မတူကြပါ ။ 


“ ခင်မြမြမောင်းမောင်း ” ဆိုလျှင် မိတ်ဆွေ စဉ်းစား ကြည့်ပါ ။ သူ့ နာမည် မှာ နာမည်ကျော် ရှေးမြန်မာ သီချင်းကြီး တစ်ခု ထဲ မှ ယူငင် မှည့်ခေါ် ထားသည် ဖြစ်၍ မည်မျှ လောက် ကဗျာ ဆန် ပါသနည်း ။ ယခုခေတ် မိန်းကလေးတွေ နာမည် သုံးလုံးတွဲ ၊ လေးလုံးတွဲ ( တိုချင် လည်း တစ်လုံး တည်း ) နှင့် အဆန်းထွင် နေကြသော မ - လောကကြီး တွင် သူ့ နာမည် လောက် ကဗျာ ဆန်သော နာမည် ကို မိတ်ဆွေ ကြားဖူးဦးမည် မထင်ပါ ။ ကဗျာ ဆန် ရုံတင်ပါလား ။ မကသေးပါ ။ သူ့ နာမည် နှင့် သူ ကိုယ်ကာယ ကို နဘေထပ် ယူ လိုက်ပါလျှင် ခင်မြမြမောင်းမောင်း ၊ တင်ကွကွ ဖောင်းဖောင်း ၊ ရင်ကြွကြွ ဆောင်းဆောင်း ၊ အို မြင်သမျှ အကောင်းကြီး ဖြစ်နေပါ၍ ကျွန်တော့် သဘော အရ “ တဏှာ ဆန်သည် ” ဟုလည်း ဆိုချင်ပါ သေးသည် ။ ( ရိုင်း များ သွားသလား ခင်ဗျာ ၊ သည်းခံပါ )


ပြုပြင် ဝတ်ဆင် နေလိုက်ပုံ မှာ သူ ၏ ပြည့်ဖြိုး ထွားကျိုင်းသော ကိုယ် လုံး တုံးတုံးခဲခဲကြီး တွင် မိန်းမတို့ ဂုဏ်အင်္ဂါ အဖုအထစ် တို့အား တင်းတင်း ရင်းရင်း ကွင်းကွင်းကွက်ကွက်ကြီး ထင်ရှားအောင် အမျိုးမျိုး ထွင်၍ ဝတ် သည် ။ သူ့ ကိုယ် က သူများ နှင့် မတူအောင် ပို လှလာသည် ။ လှ လာတော့

“ အလှ ” သည် “ အပြ ” နှင့် ဆက်သွယ် နေ သဖြင့် စက္ခုရှင်များ ပေါသော အရပ် ကို သွားသည် ။ သူ့ အလှ သူ ကြော်ငြာသည် “ ကင်ဗာဆာ ” မိတ်ဆွေများ ထားသည် ။ ဤသို့ဆိုလျှင် မိတ်ဆွေ ခင်မြမြမောင်းမောင်း ၏ စိတ်နေ သဘောထား ကို သိလောက်ပါပြီ ။


ရီရီလေး မှာ ကား နွဲ့ပျောင်း ပျော့ပျောင်း သော ငါးရံ့ ကိုယ်ကလေး နှင့် စိတ်နေ သဘောထား ရိုး၏ ။ ယဉ်၏ ။ ကဗျာစာပေ ဖတ်ခြင်း ၊ ရေးခြင်း ကို ဝါသနာ ပါသည် ။ မျက်နှာကလေး မှာ လည်း ခင်မြမြမောင်းမောင်း ကဲ့သို့ ယောက်ျားတွေ မနေတတ် မထိုင်တတ် ဖြစ်အောင် ကြာဗြဟ္မာ မူရာတွေ မများ ။ နာမည် နှင့် လိုက်အောင် ရီရီကလေး ပင် နေတတ် လျက် ကျွန်တော် သူ့ အိမ် သို့ သွား၍ ဧည့်ခန်း မှ စောင့်နေပြီ ဆိုလျှင် ပျာပျာသလဲ ဆင်း လာ ကာ ...


“ ဟင် … ကိုဆွေ ရောက်နေတာ ကြာပြီလား ၊ ရီလေ ဟို မဂ္ဂဇင်း ဖို့ ကဗျာ ရေး နေတယ် ၊ စာ ရေးနေတယ် ”နှင့် စတင် နှုတ်ဆက် တတ်ပါသည် ။ 


ခင်မြမြမောင်းမောင်း နှင့် တွေ့ လိုက်လျှင် မူ ကား


“ ဟေ့ … ကိုဆွေ ၊ ခုတစ်ပတ် ကာလ်တန် က ရုပ်ရှင် ကောင်းတယ် ၊ ကိုယ် အခုပဲ ကားလျှောက် မောင်းပြီး ကွန်တိုနီတယ်လ် က ရေခဲမုန့် စားခဲ့ သေးတယ် ။ ကိုဆွေ ကိုယ် နဲ့ လျှောက်လည်ဖို့ ‘ ဒိတ် ’ လိုချင်ရင် တစ်နာရီ လောက် လက်မြှောက် ထား ဆရာ ”


စသော စကားမျိုး တို့ ကို ပြောတတ် ပါသည် ။ သူ ၏ ပြောပုံဆိုပုံ ပြုမူပုံ တို့မှာ ကြားရ မြင်ရ သမျှတွင် စွဲမက်စရာ ချည်း သာ ဖြစ်နေ ပါသည် ။

 

ယခု ကျွန်တော့် အိပ်ရာ ခေါင်းရင်း ၌ ဆွဲချိတ် ထားသော သူတို့ ဓာတ် ပုံနှစ်ခု ကို နှိုင်းယှဉ် ကြည့်ကြပါဦး ။ ရီရီလေး ဓာတ်ပုံ မှာ ရိုးရိုး အဝတ်အစား နှင့် ယဉ်ယဉ်လေး တင်ပါးလွှဲ ထိုင် နေသော ပုံ ဖြစ်၍ ၊ ခင်မြမြမောင်းမောင်း ပုံ မှာ ကား ‘ အပ်အပေါ်  ’ မိန်းမလေး ဖြစ်သည့် အားလျော်စွာ ရေကူး အဝတ်အစား နှင့် ကိုယ်လုံးကိုယ်ထည် တုံးတုံးတစ်တစ်ကြီး အလှပြ ထား သဖြင့် သူ့ ပုံ ကို ကြည့် မိလျှင် တော်တော် နှင့် မျက်စိ ခွာမရ ။ နောက်ပြီးတော့ လည်း စိတ် ထဲ က တော်တော် နှင့် မထွက် ။ ရက်ရက်စက်စက်ကြီး ကို စွဲမက်စရာ ကောင်း လှပါပေသည် တကား ။


ယခု မူ ပေါ်အူး လူမိုက် သည် ကျွန်တော် အလွန်တရာ မြတ်နိုးမက် မောလှသော ဤ ပုံကြီး ကို ဖုန် မသုတ်ဘဲ ထားသဖြင့် ထင်ထင်ရှားရှား ကွင်းကွင်းကွက်ကွက်ကြီး မမြင်ရတော့ ၍ ကျွန်တော့် မျက်စိ အာရုံ နှင့် စိတ်ကူး ပျက် ရသည် ။ ထို့ကြောင့် ကျွန်တော် စိတ်ဆိုး လှ၍ ဤ မက်မောစရာ ပုံကြီး ကို အားမလို အားမရ ကြည့် ကာ ...


“ ဟေ့ … ပေါ်အူး ရ မင်း က ဘာ့ကြောင့် ခင်မြမြမောင်းမောင်း ကို သဘော မကျရတာလဲကွ ” 


ည က အရက်ရှိန် က လည်း ကျန်သေး၍ တပည့်မိုက် ကို ခပ်ပြင်းပြင်းကလေး ပင် ငေါက် လိုက်ပါသည် ။ ပေါ်အူး ကား ဣန္ဒြေ မပျက် ။ မရွံ့ရဲ သော မျက်နှာထား နှင့် ချောင်း တစ်ချက် ဟန့်လိုက်ပြီး ...


“ ဒီမှာ ဆရာ ” 


“ အေး ဆိုစမ်း ” 


“ ဒီလို တစိမ်း ယောက်ျားလေးတွေ ကို မိန်းကလေးသူငယ်ချင်း လို သဘော ထားပြီး ရုပ်ရှင် အတူ သွားကြည့် ၊ နှစ်ယောက် တည်း ကား လျှောက် စီး ၊ ကား ပေါ် အတက်အဆင်း မှာ လက်ဆွဲ တက် ၊ လက်ဆွဲ ချ နဲ့ ”


ကျွန်တော် က သူ့ စကား ကို ဖြတ်၍


“ ဟေ့ ဒါက ခေတ်ရှေ့ ပြေး နေတဲ့ မိန်းကလေး ၊ သူ ဗိုလ်ဆန်ဆန် နေ တတ် တာပဲကွ ”


“ ဗိုလ် ဆန်တာ က ဟုတ်ပါတယ် ဆရာ ၊ ဒါပေသိ သိပ်ဆန်လွန်း အားကြီးတော့ ကျွန်တော်တို့ တိုင်းပြည် က ပူတယ် ။ မြန်မာ့သွေး မြန်မာ့ စိတ် နဲ့ မသင့်လျော်ဘူး ဆရာရဲ့ ၊ နို့ပြီး သူ့ ဟာ ကလည်း တစ်ယောက် ယောက် ချစ်သူ ထားပြီးတော့ တွဲ နေတာ မဟုတ်ဘူး ။ ယောက်ျားလေးတွေ အလဲလဲ နဲ့ ၊ ယောက်ျားလေးတွေ သာ ပြောင်းတယ် ၊ သူ နားတယ် မရှိဘူး ။ ဖက်ရှင် အမျိုးမျိုး ဝတ်ပြီး နေ့တိုင်း လမ်းသလား နေတာပဲ ”


ပေါ်အူး ပြောတာ ဟုတ်ပါသည် ။ သို့သော် ခင်မြမြမောင်းမောင်း ၏ အပြော မှာ ကမြင်းကြော ထ ချင်သော ကျွန်တော်တို့ မြန်မာစကား ၌ “ ရည်းစား တစ်ထောင် လင်ကောင် တစ်ယောက် ” ဟု ဆိုသည် ။ သူ သည် ယခု မည်သူ့ ကိုမျှ ရည်းစား အဖြစ် ထား သေးသည် မဟုတ် ။ ကျွန်တော်တို့ လို အကောင်မျိုးတွေ ကို ဝေ့လည်ကြောင်ပတ် လုပ်၍ သူ့ ကိုယ် သူ ပျော်အောင် နေသည် ။ ကျွန်တော့် လို မောင်ရင်ထွေး က လည်း ရနိုးနိုး နှင့် အနံ့ ခံရင်း ကျေနပ် နေ၏ ။ တရုတ်စကားပုံ ၌ “ ဘဝ သည် ရယ်ခြင်း နှင့် ငိုခြင်းပေါ်တွင် ရှိ၏ ” ဟု ဆိုသည် ။ ထို့ကြောင့် ခင်မြမြမောင်းမောင်း သည် တိုတောင်း လှသော ဘဝကလေး ၌ ရယ်နိုင် သလောက် ရယ် ရအောင် ကြိုးစား နေ သည် ။ တစ်ယောက် ယောက် နှင့် အိမ်ထောင် ပြု လိုက်ပါလျှင် ယခု ကဲ့သို့ ယောက်ျားကလေး အလဲလဲ တို့ ၏ အပြုအစု ကို ခံရတော့မည် မဟုတ် ၊ နောက်ဆုံး တစ်နေ့ မှ သာ သူ့ ကိုယ် ကို တစ်ယောက် ယောက် ထံ သို့ ပုံအပ် လိုက်မည် ။ ဤအခါ ကျ မှ လင်မှတ်မှတ် သားမှတ်မှတ် တည် တော့မည် ။ ယခုအခါမူ သူ ၏ ပျော်ရွှင် လွတ်လပ်သော ဘဝ ကို မတိုတောင်းစေချင်ပါ နှင့်ဦး ။ ကျွန်တော် နှင့် ဖူးစာ ထိုက်လျှင် ကျွန်တော် နှင့် ရမည် ဟု ကျွန်တော် က သူ့ ကို ဗိုလ်ဆန်ဆန် ( you marry me ) “ မင်း ငါ့ ကို လက်ထပ် ” ဟု ဆိုတိုင်း သူ က ပြန် ပြောလေ့ ရှိပါသည် ။


ထို့ကြောင့် ကျွန်တော့် အား ယောက်ျားလေးတွေ နှင့် မျက်နှာများ လွန်း ၍ ဟုဆိုပြီး တားမြစ် နေသော ပေါ်အူး အား ...


“ ဟေ့ ပေါ်အူး ရ သူ က အခု လွတ်လွတ်လပ်လပ် ဘဝ မို့သာ ပျော် အောင် နေတာ ၊ နောက် အိမ်ထောင် ကျတဲ့ အခါ မှာ တည်တည်ကြည်ကြည် နေ မှာ ပေါ့ကွ ”


ပေါ်အူး သည် မျက်နှာ ကို ရှုံ့မဲ့ လိုက်ကာ


“ အို ဆရာ့ နှယ် ၊ အခု ဒီလို နေ လာတဲ့ မိန်းမ ဟာ နောက် ကျတော့ တည် မတဲ့လား လို့ ။ ခြံပြင် ထွက် မြက်စား ဖူးတဲ့ နွား လို အရသာ ကောင်းတွေ ပြန် သတိရပြီး ဒီအတိုင်း နေချင်ဦးမှာ ပေါ့ ဆရာ ရဲ့ ၊ နို့ပြီး သူ အခုအတိုင်း ဝတ်ပုံ စားပုံတွေ ၊ သုံးဖြုန်း လည်ပတ်ပုံတွေ ၊ ကား အမျိုးမျိုး စီးချင်တာတွေ ကြည့်ရတာ ဖြင့် သူ နဲ့ ရတဲ့ လင် ဟာ အလို လိုက်နိုင် လိုက်ရော့ ။ မလိုက်နိုင် ရင် တော့ ဒုက္ခပဲ သာ မှတ်ပေတော့ ။ ဆရာ က အခု မရခင် သာ ဒုက္ခ မမြင်ဘဲ သုခ ထင်နေတာ ။ ဆရာ့ လက် ထဲ ရောက်လို့ ဆရာ သူ့ အလို လိုက်ရပြီ ဆိုရင် ဆရာ စိတ် မောပြီး ရူးတောင် ရူးရချေရဲ့ ။ နို့ပြီး မိန်းကလေး ဆိုပြီး ယဉ်ကျေး သိမ်မွေ့တဲ့ ဣန္ဒြေ နည်းနည်း မှ မရှိဘူး ။ တစ်ခါတလေ သူ့ မိန်းကလေး အဖော်တွေ နဲ့ ဂျစ်ကား နဲ့ လာပြီ ဆိုရင် သူ့ တင်ပါးဆုံဂွကြီး က လည်း ကား ၊ လုံချည်နှုတ်ခမ်းbတွန့် အနားဖွာဖွာကြီး ကို လည်း ခြေချင်းဝတ် ပေါ် အောင် ဝတ် ထားပြီး ၊ ဂျစ်ကား နောက် ကနေ လွှားခနဲ ၊ ကားခနဲ နောက် ပြန် ခုန်တက် လိုက်တာ ၊ ခုန်ဆင်း လိုက်တာများ ကျွန်တော့် မျက်စိ ထဲ ”


“ ဟ ... ဒါကတော့ သူ ‘ ဆပ်စပင်တာ ’ ဝတ် ထားမှာ ပေါ့ကွ ” 


“ အင်း သူ ‘ ဆပ်စပင်တာ ’ ဝတ် ထားရင်သာ ထားရမယ် ၊ ဒါပေသိ ‘ ဆပ်စပင်ဒါ ’ ဟာ အဖြူ မဟုတ်ဘူး ဆရာ ရဲ့ ”


“ တယ် … ဒီကောင် မျက်စိ တော်တော် စူးတဲ့ ကောင်ပဲ ၊ အခု တက်ခေတ် ဂျစ်ကား နဲ့ မိန်းကလေးတွေ ဟာ အများအားဖြင့် ဒီလို ချည်းပဲကွ ”


“ ဘယ်လို ဖြစ်ဖြစ် ဆရာ ၊ ဒီလို အချိန် ရှိသမျှ အခွင့်အရေး ရှိသမျှ ပျော် မယ် ဆိုတာတော့ ကျွန်တော် မကြိုက်ဘူး ဆရာ ၊ နောက်နောင် မှာ လည်း ပျော်စရာ အခွင့်အရေး ကို ရှာတတ်တယ် ဆရာ ရဲ့ ၊ အစမ်းသဘော ဖြစ်မယ် ဆိုရင်တော့ ဆရာ နဲ့ သူ နဲ့ တစ်လ လောက် နမူနာ ပေးစား ကြည့်ချင်တယ် ဆရာ ။ ဒါမှ ငါ့ တပည့် ပြောတာ ဟုတ်ပါလား ဆိုတာ သိ ရအောင် ”


မိတ်ဆွေ စဉ်းစား ကြည့်ပါ ။ ပေါ်အူး ပြောတာ ဟုတ်ချင် ဟုတ်ပါလိမ့် မည် ။ သို့သော် ကျွန်တော်က ဆရာ ၊ သူ က တပည့် ၊ သူ့ စကား ကို နား ထောင်ရမည် ဆိုလျှင် ကျွန်တော် မည်မျှ ရှက်စရာ ကောင်းပါသနည်း ။ ထို့ကြောင့် ကျွန်တော် က ခပ်တင်းတင်း ပင် ။


“ ဟေ့ … ပေါ်အူး ရာ မင်း ဘာပြောပြော ခင်မြမြမောင်းမောင်း လို တုံးတုံးတစ်တစ် ချစ်စရာ ကောင်းတာကြီး တော့ ငါ လက် မလွှတ်နိုင်ပါဘူး ကွ ” 


ပေါ်အူး သည် လက်လျှော့ခြင်း မပြုဘဲ ...


“ အောင်မာ ဆရာ က ဒီလို လှတာ ဝတာ ကြီးတွေ မက် မနေပါနဲ့ ဒါ တွေက သင်္ခါရ ပစ္စည်းတွေ ပါ ဆရာ ။ ဟို နောက်တီး ဆို တဲ့ စာရေးဆရာ ရေး တဲ့ ‘ မ နှင့် အလှ ’ ဆိုတဲ့ စာအုပ် ကို ဖတ်ကြည့်ပါ ။ သူ့ မာတိကာ ကို က “ လှတုန်း ဝတုန်းပဲ ” “ စက်ကုန် ဖွင့်လိုက်ပြီ ” “ ကျန်တော့ ကျန်သေးတယ် ” “ ဟင် ကုန်ပြီ ” “ အို တကယ့် ကို မရှိတော့ဘူး ” ဆိုတဲ့ ခေါင်းစဉ်ကြီးတွေ နဲ့ ကျကျနန အလှအပ ရမ္မက် ရဲ့ သင်္ခါရ သဘောတရား ကို ရေးတာ သိပ် ရှင်းတာပဲ ဆရာ ရဲ့ ”


ပေါ်အူး က ကျွန်တော့် ကို ဤသို့ တရားချ နေစဉ် စောစော က “ ဖရု ဆော့ ” သောက် ထား လိုက်သော ကျွန်တော့် ဗိုက် မှာ ဂိုးဂိုးဂွိဂွိ ဖြစ်လာ သဖြင့် ပေါ်အူး ၏ တရားသံ ကို စိတ်ရှည်စွာ နားမထောင် နိုင်တော့ဘဲ ...


“ ဟေ့ တော်ကွာ ပေါ်အူး ရာ ၊ ငါ က ဆရာ မင်း က တပည့် ၊ မင်း ပြော တာ နားထောင်ရ မလားကွ ၊ ခင်မြမြမောင်းမောင်း ဓာတ်ပုံ ကို သာ ကြည် ကြည်လင်လင် တိုက်ထား လိုက် ၊ ငါ့ ဗိုက် ထဲ က ဝါနင် ပေး လာပြီ ၊ အိမ်သာ သွား တော့မယ် ”


ဟု ဆိုပြီး ထ ခဲ့ပါသည် ။


ပေါ်အူး မှာ မကြည်သာသော အသံ ဖြင့်


“ အင်း ဒါမျိုးကြီး နမူနာ တစ်ယောက် လောက် ခဏ တွေ့ စေချင်ပါ တယ်ဗျာ ”


ဟု ညည်းညူရင်း ကျန်ခဲ့ ပါသည် ။


ကျွန်တော် သည် မြူစွမ် ဝမ်းဘဲပေါင်း ကို စား လိုက်၍ ဝမ်း ငါးခါ မျှ သွားပြီး ရေချိုး လိုက် ကာ ကြည်ကြည်လင်လင် ဖြစ်လာသည် တွင် အပြင် ထွက်ရန် အဝတ်အစားများ လဲ နေစဉ် ၊ ပေါ်အူး သည် ကျွန်တော့် အခန်း ထဲ သို့ ဝင် လာ လျက် ..


“ ဆရာ အပြင်ဘက် မှာ ဧည့်သည် ရောက် နေတယ် ဆရာ ”


 “ ဟေ့ ဘယ်သူလဲ ၊ ဘယ်ကလဲ ”


“ ဒေါ်လှလှကြီး တဲ့ ဆရာ ၊ မန္တလေး က တဲ့ ” 


“ သူ တစ်ယောက် တည်း လား ”


“ မဟုတ်ဘူး ဆရာ ၊ သူ့ သား နဲ့ တူတယ် ၊ လူငယ် တစ်ယောက် ပါ တယ် ”


“ အင်း မန္တလေး က ဘယ် ဒေါ်လှလှကြီး များ ပါလိမ့် ”


ကျွန်တော် သည် ရုတ်တရက် စဉ်းစား မရသဖြင့် ခေတ္တမျှ တွေ နေပြီး မှ ...


“ အေး သိပြီဟေ့ ၊ သိပြီ ၊ မိန်းမ ဖြူဖြူဝဝကြီး မဟုတ်လား ” 


“ ဟုတ်တယ် ဆရာ ၊ ဝ တာမှ စိတ်ပျက် စရာ ကောင်းအောင် ကို ဝတယ် ဆရာ ၊ နို့ပြီး မျက်မှန်ကြီး က လည်း အကြီးကြီး နဲ့ ဘယ်သူလဲ ဆရာ ”


“ ရွှေမန်းလှလှကြီး ဆိုတဲ့ စာရေးဆရာမကြီး ပေါ့ကွာ ၊ တစ်ခါတစ်ခါ ရေဒီယို က နေပြီး အမျိုးသမီးတွေ ယောက်ျားတွေ နဲ့ ရင်ဘောင်တန်း လိုက် ပါ ။ ယောက်ျားတွေ မယားငယ် ယူရင် မိန်းမတွေ က အညံ့ မခံပါနဲ့ ။ သူများ လင် ခိုးတာ ဆင်ခြင်ပါ ။ အဆင်သင့် လို့ ခိုးမိ ရင်လည်း လူ မသိပါစေနဲ့ ဆိုတဲ့ အမျိုးသမီး သင်ခန်းစာတွေ လျှောက် ပြော နေတဲ့ မိန်းမကြီး ပေါ့ ကွ ။ နို့ပြီး သူ တစ်လော က အိန္ဒိယ ကို ၁ဝ ရက် လောက် သွား လည်ဖူးတာ နဲ့ အိန္ဒိယ ပြည်တွင်းရေး ဆိုတဲ့ စာအုပ် ကို ရေး မလို့လား မသိဘူး ။ သွားဟေ့ ပေါ်အူး ငါ အဝတ် လဲ ပြီးရင် လာခဲ့မယ် လို့ ပြော လိုက် ”


ကျွန်တော် အဝတ် လဲပြီး၍ ဧည့်ခန်း သို့ ထွက် လိုက်သော အခါ၌ ကျွန်တော့် အိမ် က အကြီးဆုံးသော ကု,လားထိုင် တွင် သူ ၏ ကြီးမားသော ကိုယ်ကာယကြီး နှင့် ပြည့်ပြည့်ထစ်ထစ်ကြီး စို့ရိုက် သွင်း ထားသလို ထိုင် နေ သော ဒေါ်လှလှကြီး သည် သူ့ ပါးစပ် တွင်း မှ ရှိသမျှ သွား အားလုံး ကို တစ်ခု မကျန် ဖြဲထုတ် လိုက် ကာ ...


“ ဟေ့ မောင်အေးဆွေ ၊ ကျန်းကျန်းမာမာ ပဲ ကွယ့် နော် ။ မတွေ့ တာ ကြာပြီ ၊ တွေ့ ရတာ ဝမ်းသာလိုက်တာကွယ် ၊ ဟဲဟဲ ... ဟဲဟဲ ”


အလွန်ပင် တကယ့်ကို မချိတရိကြီး ဝမ်းသာသော မျက်နှာမျိုး နှင့် စတင် နှုတ်ဆက် လိုက်ပါသည် ။ ကျွန်တော် က လည်း အားကျမခံပဲ ...


“ ဟုတ်ကဲ့ ၊ ဒေါ်ဒေါ် ရတနာသုံးပါး ဂုဏ် ၊ ဆရာသမား မိဘ ဘိုးဘွား ဂုဏ် တွေ ကြောင့် ကျန်းမာ ပကတိ ချမ်းသာစွာ ရှိပါတယ် ။ ကျွန်တော် လည်း ဒေါ်ဒေါ့်  ကို ဒီလို မမျှော်လင့်ဘဲ နဲ့ တွေ့ ရလို့ ဝမ်းသာလိုက်တာဗျာ ၊ ဟား ဟား ဟား ဟား မပြောပါနဲ့ တော့ ”


“ အေးကွယ် မောင် က မန္တလေး များ မရောက်တာ လည်း တော်တော် ကြာပြီ ကိုးကွယ့် ၊ ဟောဒါ ဒေါ်ဒေါ် သား မောင်မောင်ရွှေ ပဲ ကွယ့် ။ မောင်အေးဆွေ နဲ့ မတွေ့ဖူးသေးဘူး ထင်တယ် ။ လူကလေး ၊ ဟောဒါ မေမေ ခဏခဏ ပြော နေတဲ့ မောင်အေးဆွေ ၊ လူကလေး ကြားဖူးတယ် မဟုတ်လား ။ ဟို ဂုဏ်တန်းရပ် က ဒေါ်ဒေါ်စိုး ရဲ့ တူ ပေါ့ကွယ် ”


သူ့ သား မောင်မောင်ရွှေ ဆိုသူ မှာ တကယ့် ကလေးသူငယ်ကလေး သဖွယ် သူ့ လက်မ ကို သူ့ ပါးစပ် နှင့် ကိုက် နေရာ မှ သူ့အမေ က မိတ်ဖွဲ့ ပေးသည်တွင် ကျွန်တော့် ကို မော်ကြည့် လိုက်ကာ ခေါင်း တစ်ချက် ညိတ်ပြီး ၊ သူ့ လက်မ သူ ပြန် ကိုက် နေပါသည် ။ သူ့ အသက် မှာ ၂ဝ ကျော်မျှ ရှိနေပြီ ဖြစ် သော်လည်း လူရည် မလည်သေးသော ကလေးသူငယ်ကလေး နှင့် တူ ပါ သည် ။ သူတို့ သားအမိ နှစ်ယောက် မှာ မအေ က ကိုယ်လုံးကိုယ်ထည်ကြီး မားကာ ဝ သလောက် သား မှာ သေးငယ် ကြုံလှီ သဖြင့် သားအမိ ဆိုသည် ကိုပင် မယုံကြည် လိုပါက မည်သူ့မျှ အပြစ် ဆိုနိုင်စရာ ရှိမည် မဟုတ်ချေ ။ ဒေါ်လှလှကြီး မှာ ကျန်းမာခြင်း ၊ ဝဖြိုးခြင်း ၊ ပျော်ရွှင်ခြင်းတို့ နှင့် ပြည့်စုံ၍ ဟက်ဟက်ပက်ပက်ကြီး ရယ်မော တတ်လျက် မောင်မောင်ရွှေ မှာ မူကား ဖြူ ဖတ်ဖြူရော် အသားအရေကလေး နှင့် စကား မျှ ကောင်းစွာ မပြောတတ် သလို သူ့ လက်မ သူ ကိုက်၍သာ ကုပ်ချောင်းချောင်းကလေး နေပါသည် ။ ကျွန်တော် က မောင်မောင်ရွှေ ကို ကြည့်ကာ …


“ တွေ့ရတာ ဝမ်းသာပါတယ် ဗျာ ၊ ဒီလို ကျွန်တော့် အိမ် ကို ဆိုက်ဆိုက် မြိုက်မြိုက်ကြီး ဝင် လာတာကိုပဲ အထူး ကျေးဇူးတင်ပါတယ် ဗျာ ”


“ ဪ လာဆို မင့် အဒေါ် ၊ ဒေါ်ဒေါ်စိုး ကိုယ်တိုင် က ပဲ ရန်ကုန် ရောက် ရင် သူ့ တူ မောင်အေးဆွေ အိမ် မှာ ဝင် တည်းပါ ။ လိုသမျှ အကူအညီ တောင်းပါ နဲ့ မှာ လိုက်တာကိုး ကွယ့် ။ ဒါနဲ့ ဒေါ်ဒေါ် တို့ သားအမိ လည်း ဒီကို တန်း လာခဲ့တာပဲ ”


ဤ စကား ကို ကြား လိုက်ရသည် တွင် ကျွန်တော့် မှာ အတော်ပင်ဝမ်း သာ၍ သွားပါသည် ။ အကြောင်းမူ ကား မန္တလေးမြို့ က ကျွန်တော့် အဒေါ် ဒေါ်ကြီးစိုး သည် ကျွန်တော် မန္တလေးမြို့ သို့ သွားရောက် လည်ပတ် စဉ် က သူ သဘော မကျသော မိန်းမ တစ်ယောက် နှင့် ကြိုက်ဖူး သဖြင့် ကျွန်တော့် ကို စိတ်ဆိုး နေခဲ့ရာ ယခု ကဲ့သို့ သူ့ မိတ်ဆွေ အား ကျွန်တော့် အိမ် ၌ တည်းခို ရန် မှာကြား လိုက်သည် ကို ထောက် သဖြင့် ဒေါ်ကြီးစိုး ကျွန်တော့် ပေါ်၌ စိတ်ပြေ သွားပြီ ကို သိရသောကြောင့် ဖြစ်ပါသည် ။


“ အား ဝမ်းသာ လိုက်တာ ဒေါ်ဒေါ် ရယ် ၊ ဒေါ်ကြီးစိုး နဲ့ ဦးကြီးသိန်း တို့ ၊ မသေး တို့ ၊ ဘော်ဘီ တို့ ကျန်းကျန်းမာမာပဲ မဟုတ်လား ၊ နေပါ ခင်ဗျာ ကျွန်တော့် အိမ် မှာ ဒေါ်ဒေါ်တို့ သားအမိ နှစ်ယောက် သဘော ရှိ သလို နေနိုင် ပါတယ် ”


ဒေါ်လှလှကြီး သည် သူ့ မျက်မှန် ကို လက် နှင့် မ,တင် လိုက်ကာ ... 


“ ကျေးဇူး တင်ပါတယ်ကွယ် ၊ ဒေါ်ဒေါ် တော့ မနေနိုင်သေးဘူး ၊ မြန်မာ ပြည် က ထောင်တွေ အကြောင်း စာ တစ်အုပ် ရေးမလို့ သာယာဝတီထောင် တို့ ၊ ပေါင်းတည်ထောင် တို့ လျှောက် ကြည့် မယ်လို့ ။ ဒေါ်ဒေါ် အဲဒီတွေ သွား နေတုန်း ဟောဒီက သားကလေး ကို မောင်အေးဆွေ ဆီ မှာ အပ်ထားခဲ့ ချင်တာပါကွယ် ”


“ ဩော ... စိတ်ချပါ ခင်ဗျာ ၊ ကျွန်တော့် ညီလေး အရင်း လို စောင့် ရှောက် လိုက်ပါမယ် ”


“ ကောင်းပါလေကွယ် ၊ အစဦးတော့ သူ့ ကို ပါ ဗဟုသုတ ဖြစ်အောင် လျှောက် ခေါ် သွားမလို့ဟာ ၊ သူ က ရထား ခရီးရှည် မစီးနိုင်ဘူး ကွယ့် ။ ခေါင်း မူး တတ်တယ် ။ လူ က အင်မတန် နု တာပဲ ကွယ် ။ မန္တလေး မှာ ဆိုရင် အိမ်ထဲ အိမ်ပြင် ထွက်တယ် မရှိဘူး ။ အဲဒါကြောင့် လူ က မြို့ အကြောင်း မလည် မဝယ်နဲ့ ကွယ့် ” 


“ ဟာ ဒေါ်ဒေါ်  ရန်ကုန် ရောက် လာလို့ ရှိမှ တော့ လူရည် လည် သွား အောင် ကျွန်တော် သူ့ ကို ဟိုတယ်တွေ ၊ ကပွဲတွေ ၊ ဘားတွေ ၊ ကစားဝိုင်း တွေကို ခေါ်ပြ လိုက်ပါမယ် ။ ဗဟုသုတ ဖြစ် သွားအောင် ”


ဒေါ်လှလှကြီး သည် ကျွန်တော် ပြော နေသည် ကို ပြုံးပြုံးကြီး ခေါင်း ခါ လိုက်ကာ ...


“ မောင်အေးဆွေ ၊ ဒေါ်ဒေါ် သား အဖို့ ဒါတွေ မလိုပါဘူးကွယ် ။ သူ က လည်း အပျော်အပါးတွေ ဝါသနာ မပါဘူးကွယ့် ။ စာအုပ် ကောင်းကောင်း ပေး ထား လိုက်ရင် ပြီးတာပဲ ၊ သူ က စာရေးဆရာမ သားပီပီ အင်မတန် စာ ဖတ် ဝါသနာ ပါတယ်ကွယ့် ။ ဟင် ဟုတ်တယ် မဟုတ်လား လူကလေး ”


သူ့ သား ဘက် သို့ လှည့်၍ မေး လိုက်ပါသေးသည် ။ သူ့ သား ကလည်း မျက်စိ ကို အောက် ချ ၍ လက်မ ကို ကိုက် နေရာ မှ ခေါင်းညိတ် ပြ လိုက်ပါ သည် ။ စင်စစ် ဒေါ်လှလှကြီး စကား ပြော နေပုံမှာ သူ့ သား ကို သူ့ အနား ၌ ရှိသည် ဟူ၍ပင် အောက်မေ့ ဟန် မတူ ။ သား ကလည်း သူ့ အကြောင်း ကို ပြော နေပါလား ဟု မသိ သကဲ့သို့ ပင် အေးစက်စက် နိုင် လှပါသည် ။


ပေါ်အူး သည် ကော်ဖီ နှင့် မုန့်များ ယူ လာ၍ စားသောက် ပြီးကြသည် တွင် ဒေါ်လှလှကြီး က


“ ကဲ … မောင်အေးဆွေ ၊ ဒေါ်ဒေါ်  လူကလေး ကို ခဏ ခေါ်သွားဦး မယ် ။ နေ့လယ် လောက် တော့ ပြန် လွှတ် လိုက်ပြီး ဒေါ်ဒေါ်  သာယာဝတီ ကို သွားမယ်ကွယ် ။ ဘယ်နှစ်ရက် ကြာမယ် တော့ အမှန် မပြောနိုင်သေးဘူး ။ သူတို့ ထောင် အခြေအနေ ကို အတော် နှံ့နှံ့စပ်စပ် ကြည့် ရမှာ ၊ မြန်မာပြည် ထောင်တွေ က အတော် ညံ့တယ်လို့ ပြော နေကြတာ ကောင်းကောင်းမွန်မွန် ဖြစ် သွားအောင် စာအုပ် တစ်အုပ် တော့ ရေး လိုက်ဦးမှကွယ့် ။ အဲဒါ ဒေါ်ဒေါ် ပြန် မလာခင် အတွင်း လူကလေး ကို ကောင်းကောင်း ကြည့် ထားလိုက်ပါ ကွယ် ။ သူ က ရန်ကုန်မြို့ကြီး ကို ဒီ တစ်ကြိမ် ပထမ ရောက် လာတာပဲ ကွယ့် ”

 

“ စိတ်ချပါ ခင်ဗျာ စိတ်ချပါ ၊ ကျွန်တော် တာဝန် ယူပါတယ် ”


“ လူကလေး က လည်း မင့် ကိုကို စကား ကို နားထောင် ကွယ့် နော် ” 


သူ့ သား မှာ အသက် ၂ဝ ကျော် မျှ ရှိပြီ ဖြစ်သော် လည်း ၄ ၊ ၅ နှစ် သားကလေး ကို သွန်သင် သကဲ့သို့ မှာကြား နေပါသည် ။


သူ့ သား ကလည်း လက်မ ကို သာ ကိုက် နေလျက် စကား မပြောတတ် သကဲ့သို့ သူ့ မိခင် အား ခေါင်းညိတ် ပြပါသည် ။ ကျွန်တော့် မှာ ယခုအချိန် အထိ ဒီ အသက် ဒီအရွယ် နှင့် ဤမျှ ဆိတ်ငြိမ် နူးညံ့သော ယောက်ျားကလေး မျိုး ကို မတွေ့ဖူးခဲ့သေးပါ ။


ဒေါ်လှလှကြီး သည် ထီး  နှင့် လက်ဆွဲသားရေအိတ် ကို ကိုင်ပြီး မတ် တပ် ထ လိုက်ကာ သူ့ သား ကို ဦးထုတ် ဆောင်း ပေး နေရင်း ...


“ ကဲ … လူကလေး ကလည်း မင်း ကိုကို နဲ့ ရန်ကုန်မြို့ မှာ နေ ရတုန်း နားမျက်စိ ပါ ဖွင့် ကြည့် ကွယ့် ”


ဟု မှာကြား ခဲ့ပါ သေးသည် ။ သူ့ သား မူကား ပါးစပ် မှ ပြန် မပြော ၊ ခေါင်းညိတ် ၍ သာ ပြပါသည် ။ ကျွန်တော့် မှာ ရောက် ကတည်း က မောင် မောင်ရွှေ ၏ အသံ ကို မကြားရသေးပါ ။ စကား မှ ပြောတတ်ပါလေစ ၊ ဘယ် လို ကောင်လေး ပါလိမ့် ။ ကျွန်တော့် စိတ် ထဲ၌ ဇဝေဇဝါ ရှိသည် နှင့် သူတို့ သားအမိ ထွက်ခွာ သွားပြီး နောက် ပေါ်အူး ကို ခေါ်၍ ...


“ ဟေ့ … ပေါ်အူး ၊ ခုန ဟို အဒေါ်ကြီး ပြောတဲ့ စကားတွေ မင်း ကြား တယ် မဟုတ်လား ”


“ ကြားသားပဲ ဆရာ ”


“ သူ့ သား ကို တို့ အိမ် မှာ ထားခဲ့ မလို့တဲ့ ကွ ”


“ ဟုတ်ကဲ့ ဆရာ ”


“ ဘယ့်နှယ် ကောင်လေး မှန်း မသိဘူး ။ ပျော့စိုစိုကလေး နဲ့ စကား လည်း မပြောဘူး ကွ ”


“ ဟုတ်ကဲ့ ဆရာ ”


ပေါ်အူး မှာ ကျွန်တော် ပြော နေသည်တို့ ကို စိတ်ပါဝင်စား ဟန် မရှိဘဲ ၊ ဝတ်ကြေဝတ်ကုန် သာ လုပ်နေခြင်း ဖြစ်ပါသည် ။ ခါတိုင်းအခါ များ က ဆို လျှင် ကျွန်တော် အရိပ်အမြွတ် လောက် ပြောရုံမျှ နှင့် ပင် ဘယ်သင်း က ဘယ်လို ၊ ဘယ်လူ က ဘယ်သို့ဟု ရှင်းလင်း ပြောပြ တတ်ပါသည် ။ ယခုမူ ခင်မြမြမောင်းမောင်း ကိစ္စ နှင့် ပတ်သက်ပြီး သူ စိတ်ကောက် နေသည် ကို ကျွန်တော် သိပါသည် ။


ပေါ်အူး နှင့် ကျွန်တော် မှာ ဆရာ တပည့် ပင် ဖြစ် သော်လည်း သူ က သာ ကျွန်တော့် ကို နည်းပေးလမ်းပြ လုပ် နေ၍ ကျွန်တော် က လိုက်နာရသည် များ ပါသည် ။ သူ့ အလို ကို ဆန့်ကျင် လျှင် သူ က တင်းမာသည် ။ တစ်ကြိမ်သော အခါက ( သည်မောင့် လက်သံ ဝတ္ထု ) ကျွန်တော် ဘင်ဂျို တီးသည် ကို သူ တားမြစ်သည် ။ ကျွန်တော် က နားမထောင် သောကြောင့် သူ အလုပ် မှ ထွက် သွား၏ ။ ကျွန်တော် နောက်ဆုံး ဘင်ဂျို ကို ရိုက်ခွဲပစ် လိုက် မှ သူ ပြန် လာ၏ ။


ဤမျှ ခေါင်း မာသော သူ ပင် ။ ကျွန်တော့် မှာ လည်း သူ့ အကူအညီ မရှိ လျှင် မနေတတ် မထိုင်တတ် ပင် ဖြစ် နေ၍ အခြား လူများကို သူ့ နေရာ အစားထိုး ဖူးပါသော်လည်း သူ့ လောက် မတော် သည် ကို တွေ့ရ သဖြင့် သူ့ ကို ပင် လက် မလွှတ်နိုင် ဖြစ် နေပါသည် ။ စင်စစ် ပေါ်အူး သည် ကျွန်တော့် အပေါ် ၌ အလုပ်ရှင် နှင့် အလုပ်သမား ဟု သဘော ထား ရုံသာ မဟုတ်ဘဲ ကျွန်တော့် အား နည်းပေးလမ်းပြ ဆုံးမ သွန်သင် နေသော အထိန်းတော်ကြီး သဖွယ် ဖြစ် နေပါသည် ။ သူ သွန်သင် ညွှန်ကြားသည် တို့ မှာ လည်း အဟုတ် အမှန် အကောင်းချည်းသာ ဖြစ်ပါသည် ။ သို့သော် ကျွန်တော့် စိတ်ဓာတ် မှာ သူ က တပည့် ငါ က ဆရာ ဟု သဘော ထား လျက် ကျွန်တော် က တတ်နိုင် သမျှ ခေါင်းမာ တတ်သူ ဖြစ်ပါသည် ။


ယခု ကြည့်ပါဦးတော့ ။ ကျွန်တော့် ချစ်သူ ခင်မြမြမောင်းမောင်း ကိစ္စ နှင့် ပင် သူ နှင့် ကျွန်တော် ဘုကျ ၍ နေပါပြီ ။ ကျွန်တော် က လည်း ဂုဏ်မာန ပျော့ညံ့သူ မဟုတ်မူ၍ အလျော့ မပေး ။ နံနက်စာ ထမင်းစား ပြီးသည် နှင့် ပင် ...


“ ဟေ့ … ပေါ်အူး ၊ ငါ မောင်းမောင်း ဆီ သွား လိုက်ဦးမယ် ။ မင်း မောင်မောင်ရွှေ ဆိုတဲ့ ချာတိတ် ရောက် လာရင် နေရာ ထိုင်ခင်း ပေးထား လိုက် ”


ဟု သူ့ ကို အရွဲ့တိုက် မှာကြား ပြီး ကား နှင့် ထွက်ခဲ့ပါသည် ။ စင်စစ်အားဖြင့် ထိုနေ့ တစ်နေ့လုံး တွင် ခင်မြမြမောင်းမောင်း နှင့် မတွေ့ မူ၍ ရောင်ဒဗူ ဟိုတယ် ၌ ဘိလိယက် ထိုးရင်း ၊ ဘီယာ သောက်ရင်း သာ အချိန် ကုန် ခဲ့ပါသည် ။


ညနေ ၆ နာရီ ၌ အိမ် သို့ ပြန်ရောက်၍


“ ဟေ့ … ပေါ်အူး ၊ မောင်မောင်ရွှေ ပြန် ရောက် လာပြီလားကွ ” 


“ ပြန် ရောက်လာပြီ ၊ ပြန် ထွက်သွားတယ် ဆရာ ”


“ သူ့ မေမေ နဲ့ ပဲလား ”


“ မဟုတ်ဘူး ဆရာ သူ့ မိတ်ဆွေ တစ်ယောက် နဲ့ ”


“ ဟေ … သူ က ရန်ကုန် မှာ မိတ်ဆွေတွေ ဘာတွေ နဲ့ လားကွ ။ လူကောင်း သူကောင်း မှ ဟုတ်ပါလေစ ။ ကောင်လေး က ရိုးအအ နဲ့ ” 


“ ဒီအတွက် ဆရာ ပူစရာ လိုမယ် မထင်ပါဘူး ဆရာ ” 


“ နို့ .… သူ ထမင်းစားမီ ပြန်လာမယ်တဲ့ မှုတ်လား ” 


“ မလာဘူးတဲ့ ဆရာ ”


“ ဘယ်လိုတဲ့လဲ ”


“ အိမ် မှာ ဘာဟင်း ချက် သလဲ မေးတယ် ။ ကြက်သားရိုစ့်နဲ့ အစိမ်း ကြော် လို့ ပြောတော့ သူ မစားဘူးလို့ ပြော သွားတယ် ဆရာ ” 


“ ဟာ .. ဒီ ကောင်လေး က သတ်သက်လွတ် စားမယ့် ကောင်လေး နဲ့ တူပါတယ် ကွာ ။ မနက်ဖြန် ကျ သူ ကြိုက်သလို ချက်ပြုတ် ကျွေးလိုက်ပါ ကွာ ” 


ညဆယ်နာရီကျော် ၊ ကျွန်တော် အိပ်ရာဝင် သည့် တိုင်အောင် မှ မောင်မောင်ရွှေ မှာ ပြန် မလာသေး ။ ကျွန်တော့် မှာ မူ သူ့ မိခင်ကြီး က စိတ်ချလက်ချ အပ်ပစ် ခဲ့သည် ဖြစ်သောကြောင့် ဤ မလည်မဝယ် ကောင်လေး အတွက် စိတ်သောက ရောက်ရ ပါတော့သည် ။ စိတ်ကောက် နေသော ပေါ်အူး က လည်း ကျွန်တော့် ကို ဘာ အကူအညီ မျှ မပေး ။ သူ့ ဘာသာ သူ ခပ်အေးအေး ပင် နေပါသည် ။ ညဉ့် ၁၁ နာရီ ခန့် ၊ ကျွန်တော် မှေးခနဲ အိပ်ပျော် သွားသည် တွင် အိမ်ရှေ့ တံခါး မှ ကုတ်သံခြစ်သံ ကြားရ သဖြင့် ရုတ်တရက် လန့်၍ နိုး ပါသည် ။ ထို အသံ မှာ ရပ်သည် မရှိဘဲ တဗျင်းဗျင်း နှင့် ပွတ်တိုက် ကုတ် ခြစ် နေပြီး နောက် ဗုန်းခနဲ ကျသံ ကို ကြားရပါသည် ။


“ ဟေ့ … ပေါ်အူး ” 


“ ဆရာ ”


“ အပြင်ဘက် က ဘာသံလဲ ၊ မီးဖွင့်ပြီး သွား ကြည့်စမ်းကွာ ”


“ ကောင်းပါပြီ ဆရာ ”


ပေါ်အူး မီးဖွင့် ပြီး၍ တံခါး မင်းတုံး ဖြုတ်သံ ကြားရပြီး နောက် ...


“ ဘာလဲဟေ့ ပေါ်အူး ”


“ မောင်မောင်ရွှေလေးရယ် ဆရာ ”


“ ဟေ ဘယ်လို ဖြစ် နေတာလဲ ”


“ လဲ နေတယ် ဆရာ ”


“ ဟင် ဘယ်လိုများ ဖြစ်လာတာပါလိမ့် ”


ဟု ဆိုပြီး အပြင် ထွက် ကြည့်လိုက်ရာ မောင်မောင်ရွှေကလေး မှာ အံ ဖတ်တွေ ဗရပေ နှင့် အရုပ်ကြိုးပြတ် လဲ နေသည် ကို တွေ့ ရပါသည် ။


ကျွန်တော် ခေါင်း ၌ မီးတောက် ကာ ...


“ ဟေ့ … ပေါ်အူး ၊ အံဖတ်တွေ နဲ့ တစ်ခုခု အစား မှား လာပြီ ထင်တယ် ကွ ၊ ဆရာဝန် သွား ခေါ်မှပဲ ”


ပေါ်အူး သည် မထူးခြားသော အသံ နှင့် ...


“ ခေါ်စရာ မလိုပါဘူး ဆရာ ၊ ဆရာ ခြေထောက် က မ ကျွန်တော် ခေါင်း က မ ပြီး သူ့ အိပ်ရာ ထဲ သွား ပို့လိုက်မယ် ။ မနက်ကျ အကောင်း ဖြစ် သွားပါလိမ့်မယ် ”


ပေါ်အူး ပြောသည့် အတိုင်း အိမ် ထဲ သို့ ချီသွင်းရာ ၊ မောင်မောင်ရွှေ ကိုယ် မှ အရက်စော် နံလှ သဖြင့် ...


“ ဟေ့ ပေါ်အူး ဒီ ကောင်လေး ကို ဘယ်သူများ အရက် ချော့တိုက်လိုက် ပါလိမ့် ။ ခက်တော့တာပဲကွာ ကောင်ကလေး က မအူမလည် နဲ့ ”


ပေါ်အူး က မည်သို့မျှ ပြန်မပြော မောင်မောင်ရွှေ မှာ လည်း အမူး လွန် နေ၍ မျက်လုံး မျှ ဖွင့် မကြည့်နိုင် ။ ကျွန်တော့် စိတ် ထဲ ၌ ဒီ ကောင်ကလေး အား မနက်မှ ဆုံးမ စကား ပြောမည် ဟု စိတ်ကူးကာ သူ့ အိပ်ရာ ထဲ သို့ ပို့ ပြီးနောက် ကျွန်တော့် အိပ်ရာ သို့ ပြန်ခဲ့ပါ တော့သည် ။


နံနက် လင်းသော အခါ၌ ကျွန်တော် သည် အိပ်ရာ မှ ထ၍ မျက်နှာ သစ်ပြီး မောင်မောင်ရွှေ ၏ အခန်း ထဲ သို့ ကူးခဲ့ ပါသည် ။ အပေါင်းအသင်း များ၏ သွေးဆောင်မှု ကြောင့် မသောက်စဖူး သောက်သူ ဖြစ်၍ ခေါင်း ကိုက်ခဲ လျက် နေမကောင်း ထိုင်မသာ ကြီး ဖြစ်ကာ ညည်းညူ နေသည်ကို တွေ့ရ မည် ။ ဤအခါ၌ ကျွန်တော် ၏ ဆုံးမစကား ကို ကောင်းစွာ နားမထောင်မိ ၍ မှားမိကြောင်း ဝန်ခံလိမ့်မည် ဟု အောက်မေ့ ခဲ့၏ ။


သို့သော် ကျွန်တော် ထင် သမျှ တက်တက်စင် လွှဲချေသည် ။ မောင်မောင်ရွှေ မှာ ကြည်လင်ရွှင်ပျစွာ နှင့် အဝတ်အစားများ ပင် လဲပြီး နေ၍ ခေါင်း ဖြီးရင်း “ အိစက် ညက်ညောတဲ့ ဖဲမွေ့ရာ ပေါ်ဝယ် ချစ်တလင်း ခေါ်မယ် ၊ ပျို့ ချစ်ဆွေ ဇာနည်ဘွား ဟာ ယောက်ျားလည်း ပီသတယ် ၊ ယောက်ျားခင်ဗျာ က သူ ကပဲ ပိုပြန်တယ် သူ့ ထက် ကဲ ချင်တယ် ” စသော စကားလုံးများ နှင့် အမြီး အမောက် မတဲ့ ရှေ့နောက် မညီ သလောက် တဏှာရာဂ တက်ကြွဖွယ် ကောင်း လှသော သီချင်း ကို သီဆို လျက် နေပါသည် ။ ကျွန်တော် သည် အံ့ အားသင့်မိ ကာ ...


“ ဟဲ့လို … မောင်မောင်ရွှေ ” 


“ ဟဲ့လို … ကိုအေးဆွေ ”


မနေ့က သူ့ အမေ ရှေ့ ၌ စကား မပြော သော်လည်း ယခုမူ သွက်လက် လှချေတော့သည် ။


“ မင်း ည က ဘယ်လို ဖြစ်တာလဲ ” 


သူ သည် ပြုံးစိစိ မျက်နှာ နှင့် ...


“ ဘယ်လို ဖြစ်လာတယ်လို့ ခင်ဗျား ထင်လဲ ” 


“ အရက် မူး လွန် လာတယ်လို့ ထင် တာပဲ ” 


သူ သည် ခတ်ဟက်ဟက်ကလေး ပင် ရယ်မော လိုက်ကာ .… 


“ ဟုတ်လိုက်လေ နောင်ကြီး ရာ ”


ကျွန်တော် က မျက်နှာထား ခပ်တည်တည် နှင့် ပင် … 


“ အင်း ည က မိတ်ဆွေ တစ်ယောက် ယောက် က တိုက်တွန်းတာ နဲ့ မှား လာ ထင်ပါရဲ့လားကွာ ၊ နောက် သတိထား တာ ပေါ့ကွာ ”


သူ့ အား ခွင့်လွှတ်အောင် တောင်းပန် စေရန် လမ်းကြောင်း ပေးလိုက် ပါသည် ။ သို့သော် သူ က ကျွန်တော့် စကား ကို မမှုဘဲ ...


“ အို ဘယ်သူ က မှ တိုက်တွန်းလို့ မဟုတ်ဘူး ။ ကိုယ့် ဟာ ကိုယ် သောက်ချင် တာ နဲ့ နင်းကန် သောက်တာပဲ ၊ သောက်လိုက်တာ မှ တစ်ပုလင်း ပြီး တစ်ပုလင်း သောက် ကောင်း လိုက်တာပဲ မပြောနဲ့တော့ ။ ဒီနေ့ လည်း သောက်ဦး မှာ ပဲ နက်ဖြန် လည်း သောက်ဦး မှာ ပဲ ၊ သန်ဘက်ခါ ရော အို နောက် ကို လည်း ဒီလိုပဲ သောက်ဦးမှာ ပဲ လေ ။ ကျွန်တော် ညာ မပြောတတ် ဘူး ။ ဘုရားစူးရစေရဲ့ ”


ကျွန်တော့် မှာ အောင့်သက်သက် နှင့် မျက်လုံး ပြူး ကာ ....


“ ဟ ဒီလိုဆို ခက်ရချည့်ရဲ့ကွာ ၊ ငါ့ ဘက်များ ကြည့် ပါဦးကွ ” 


“ အို … ခင်ဗျား ဘက် က နေ ဘာကို ဘယ်လို ကြည့်ရမှာလဲဗျ ”


“ ဟ ကောင်ရ မင့် မေမေ က မင့် ကို ငါ့ အပ် သွားတာကွ ၊ မင်း ဒီလို လုပ် နေရင် မင့် မေမေ လာတော့ ငါ ချောက် မကျဘူးလား ”


“ အို ခင်ဗျား ချောက် ကျတာ မကျတာ ကျွန်တော် မတတ်နိုင်ဘူး ။ ကျွန်တော် အဖို့ ကို ခင်ဗျား စဉ်းစားပါဦး ၊ ကျွန်တော် ဟာ အခု အသက် JJ နှစ် ရှိပြီ ။ ဒီ ရန်ကုန်မြို့ကြီး ကို ရောက် ရတာ ဟာ ဒါ ပထမ အကြိမ် ပဲ ။ မန္တလေး မှာ ဆိုရင် ကျွန်တော်တို့ လူမျိုး က ဘုရားလူမျိုး ။ စီးပွားလမ်း အပေါက် တဲ့ လည်း ဘုရား ရှိခိုး ၊ မတဲ့ ပြန်လည်း နင်းကန် ရှိခိုး ၊ အမျိုးမျိုး ဆုတောင်း ၊ ရွှေချ နေတဲ့ လူစု ထဲမှာ သူတော်ကောင်းကလေး လုပ်ပြီး ကြီးပြင်း လာခဲ့ ရတာ ဗျ ။ ဘယ်မှာ လောကီ စည်းစိမ် သုခ ကို ခံစားခဲ့ရဖူး မလဲ ။ အခု မေမေ က စိတ်ရူး ပေါက်ပြီး ကျွန်တော့် ကို လျှောက် ခေါ်လာတာ နဲ့ ဒီ ရောက်တော့ ကျွန်တော် ခရီးရှည် မသွားနိုင်ဘူး ၊ ခေါင်းမူးတယ် လို့ လိမ် ပြောပြီး ခင်ဗျာ့ အိမ် မှာ နေခဲ့တာ ဗျ ။ နို့ပြီး ခင်ဗျား ကို လည်း တပည့် တစ်ယောက် နဲ့ တစ် ကိုယ်တည်း ပွေ နေတဲ့ လူပျိုကြီး ဆိုတော့ ကျွန်တော့် ကို ပွေနည်း ထွေနည်း တွေ ညွှန်ပြ လိမ့်မယ် လို့ မျှော်လင့် ခဲ့ တယ်ဗျ ။ အခုတော့ ဗျာ ခင်ဗျားကြီး ကပဲ လူ သူတော်ကောင်းကြီး လုပ်ပြီး ကျွန်တော့် ကို …. အံ့ဩလို့ မဆုံးပါဘူး ။ ဒီမှာ ကိုအေးဆွေ ခင်ဗျား သေသေချာချာ စဉ်းစားစမ်း ၊ ဒီ ရန်ကုန်မြို့ကြီး မှာ ဟော်တယ် တွေ ၊ အရက် တွေ ၊ မိန်းမ တွေ နဲ့ ငွေရှိ ရှိ သလောက် ကာမဂုဏ် ဆီ အီမဝ နိုင်စရာတွေ ဟာ ဘာလုပ်ဖို့ ရှိ နေတာလဲ ။ ကဲ ဆိုစမ်း ”


သူ က ပဲ ကျွန်တော့် ကို မေးခွန်း ထုတ်၍ နေပြန် ပါသည် ။ ကျွန်တော် ပြုံးမဲ့မဲ့ နှင့် တွေ နေရာ မှ သူ က ဆက်လက်၍ .. 


“ ကျွန်တော်တို့ လို လူငယ်ကလေးတွေ ပျော်ပါးဖို့ မဟုတ်လား ။ ဒီမှာ ကိုအေးဆွေ လူ့ ဘဝ မှာ နံနက်ခင်း ရယ် ၊ မွန်းတည့်ချိန် ရယ် ၊ ညနေပိုင်း ရယ် ဆိုပြီး သုံးမျိုး သုံးစား ရှိတယ် ။ ဒီ သုံးမျိုး မှာ နံနက်ခင်း ဟာ ပျော်စရာ အ ကောင်းဆုံးပဲ မဟုတ်လား ။ ဒီ ပျော်စရာ ကောင်းတဲ့ နံနက်ခင်း မှာ ကျွန်တော် အခွင့် ရတုန်း ပျော်ပါး ပါရစေလားဗျာ ။ ခင်ဗျား က ကျွန်တော့် မေမေ မှာခဲ့ တာ နဲ့ ခင်ဗျာ့ တာဝန် ကျေတယ် ဆိုတဲ့ ခင်ဗျာ့ ကို ကောင်းဖို့ ဂုဏ်ကို လိုချင်တဲ့ အတွက် ကျွန်တော့် ရဲ့ သာယာတဲ့ နံနက်ခင်းလေး ကို ဖျက်မယ် ၊ တားဆီး မယ် ဆိုရင်တော့ ခင်ဗျား လောက် ရက်စက်တဲ့ လူ လောက မှာ ရှိဦးမှာလား ဗျာ ။ ဒီလိုဆိုရင် ခင်ဗျာ့ လို ကြင်နာ သက်ညှာမှု မရှိတဲ့ လူ ၊ လူ တစ်ဖက်သား ရဲ့ အလိုဆန္ဒ ကို မသိတဲ့ လူ အဲဒီ လူမျိုး တစ်ယောက် ရဲ့ စကား ကို ကျွန်တော် လိုက်နာသင့်လားဗျာ ။ ခင်ဗျား သေသေချာချာ စဉ်းစား ကြည့်စမ်း ”


အလို .. ခက်ရချည့် ၊ လာလည်း လာတဲ့ အကောင်ကလေး ၊ မနေ့က တင် ကျွန်တော့် မှာ သူ့ အမေ ရှေ့ ၌ စကား မှ ပြောတတ် ပါ့မလား ဟု အောက် မေ့ခဲ့ပါသည် ။


သူ သည် စီးကရက် တစ်လိပ် ကို မီးညှိ လိုက်ကာ ဆေးလိပ်ဘူး ကို ကျွန်တော့် ဘက်သို့ ပစ်ပေး ပြီး မှ တစ်ဖန် ဆက်လက်၍


“ ဒီမှာ ကိုအေးဆွေ ၊ ခင်ဗျား တစ်ခု စဉ်းစား စမ်းပါဦး ၊ ခင်ဗျား ဟာ ကျွန်တော့် ထက် လည်း အသက် ကြီးတယ် ။ ရန်ကုန်မြို့ပေါ် မှာ နေတဲ့ လူ လည်း ဖြစ်တယ် ။ ဒီ မြန်မာပြည် ရဲ့ မျက်နှာဖုံး ၊ ရန်ကုန်မြို့ကြီး ရဲ့ စည်ကား သိုက်မြိုက်တယ် ဆိုတဲ့ ဂုဏ်ပုဒ် ဟာ ဘယ် အပေါ် မှာ တည် သလဲ ။ တခြား မြို့ တွေနဲ့ မတူ အောင် ပျော်မှု ၊ ပါးမှု ၊ စည်းစိမ် ခံစားမှုတွေ ပေါများတဲ့ အပေါ် မှာ တည်တယ် မဟုတ်လား ။ လူ တွေ ဟာ ဒီပျော်ပါးမှုတွေ ကြောင့် ရန်ကုန်မြို့ ကြီး ကို နှစ်သက် ကြတယ် ။ မက်မော ကြတယ် ။ အထင် ကြီး ကြတယ် ။ မြို့ကြီးသား ဆိုတဲ့ ဂုဏ်ကို ယူကြတယ် ။ စင်စစ်အဓိပ္ပာယ် ကတော့ ဗျာ ရန် ကုန်မြို့ကြီး ဟာ ဒီလို စည်းစိမ်ခံစားမှုတွေ နဲ့ လူတွေ ကို သွေးဆောင် နိုင်တယ် ။ စွဲမက် စေတယ် ။ ရန်ကုန်မြို့ကြီး ကို ရောက် လာပြီ ဆိုရင် ဘယ်သူ ဟာ မပျော် ဘဲ ၊ မနှစ်သက်ဘဲ နေနိုင် သလဲ ။ ဒါဟာ ရန်ကုန်မြို့ကြီး ရဲ့ သတ္တိထူး ပဲ ၊ တကယ်လို့ သာ ကျွန်တော့် လို ချာတိတ်ကလေး က ကိုယ့် မှာ အခွင့်အရေး ရှိပါလျက် နဲ့ ရန်ကုန်မြို့ကြီး ရဲ့ ပျော်ပါးမှုတွေ ကို မခံစားဘဲ နေနိုင်တယ် ဆိုရင် ခင်ဗျားတို့ ရန်ကုန်မြို့ကြီး ဟာ အလကား ပေါ့ ဗျ ။ ဘယ်မှာ ပျော်ပါး မှုတွေ နဲ့ လူတွေ ကို သွေးဆောင် နိုင်တယ် ဆိုတဲ့ ဂုဏ် ရှိတော့မှာလဲ ။ ဒီလို ဆိုရင် ခင်ဗျားတို့ ရန်ကုန် မြို့ကြီး ရဲ့ ဂုဏ် ကို မထိခိုက်ပေဘူးလား ကိုအေး ဆွေ ခင်ဗျား သေသေချာချာ စဉ်းစား ကြည့်စမ်း ”


ချာတိတ်ငယ် က ကျွန်တော့် မျက်နှာ ကို စေ့စေ့ ကြည့်၍ မေးခွန်း ထုတ် နေ ပြန်ပါသည် ။ သူ့ စကား မှာ လည်း ဟုတ် သလိုလို ပင် ရှိနေ၍ ကျွန်တော် ဘာမျှ ပြန်မပြောနိုင်မီ ပင် သူ က တစ်ဖန် ဆက်လက် ကာ …


“ အဲဒီတော့ ကိုအေးဆွေ ၊ ကျွန်တော့် ရဲ့ သာယာတဲ့ နံနက်ခင်းကလေး ကို လည်း မဖျက်ချင်ပါ နဲ့ ။ ခင်ဗျား နေတဲ့ ရန်ကုန်မြို့ကြီး ရဲ့ ဂုဏ်သိက္ခာ ကို လည်း မထိခိုက်စေချင်ပါနဲ့ ။ နို့ပြီး ခင်ဗျာ့ ရှေ့တင် ကပဲ ကျွန်တော့် မေမေ က ကျွန်တော့် ကို “ လူကလေး ရေ မြို့ကြီးပြကြီး ရောက်တုန်း မှာ မျက်စိ ဖွင့် ” လို့ မှာ သွားတာ လည်း ခင်ဗျား အကြား ပဲ ။ ကဲ ဒီတော့ ဆရာ ရေ “ ပျော်သလို သာ နေ ကိုယ့်လူ ရေ ၊ အကြိုက် တွေ့ တော့ ဝမ်းသာလုံး ဆို့ဆို့  ” ဆိုတဲ့ သီချင်း လို ပဲ နေပါရစေတော့ဗျာ ။ ဪ ဒါထက် ”


သူ သည် မျက်နှာ အမူအရာ နှင့် စကား ကြောင်း ပြောင်း လိုက် ကာ


“ ခင်ဗျား တပည့် ဟာ နာမည် ဘယ်သူ ၊ အေး - ပေါ်အူး ပေါ်အူး ၊ ဒီ လူ တယ် တော်တဲ့ လူ ပဲ ဗျ ။ မနက် စောစော က ကျွန်တော့် ကို လိမ္မော်သီးရည် လား ၊ ဘာရည် လဲ မသိဘူး လာ ပေးတာ ၊ အဲဒါ သောက် လိုက်တာ နဲ့ လူ့ ကို တစ်ခါတည်း ခေါင်း ရှင်း သွားတာပဲဗျို့ ။ သူ ပြောတယ် အဲဒီဖျော်ရည် ဟာ အရက် မူးတဲ့ လူတွေ အတွက် နောက် တစ် မနက် မှာ ခေါင်းရှင်း သွားအောင် သူ တီထွင် ထားတာတဲ့ တော်တယ်ဗျ ။ ခင်ဗျာ့ လူ ကျွန်တော် နဲ့ အံကိုက်ပဲ ။ ကျွန်တော် က လည်း နင်းကန် သောက် မှာ နဲ့ သူ မှာ ဖြေဆေး ရှိတာ နဲ့ ကဲ ဒီနေ့ တော့ စောစောစီးစီး လျှောက်ထွေ ရအောင် သွားလိုက်ဦးမယ်ဗျာ ။ ခင်ဗျား ကော ကျွန်တော် နဲ့ လိုက်ခဲ့ပါဦးတော့ ရန်ကုန်မြို့ကြီး ရဲ့ စားကျက်တွေ နှံ့အောင် ပြစမ်းပါဗျ ”


ကျွန်တော့် မှာ ဤ သတ္တဝါလေး အား မည်သို့မျှ တားဆီး၍ မရနိုင် တော့သည် ကို သိရှိရ သဖြင့် သူ့ ကို တစ်ယောက် တည်း လွှတ် ထား၍ လည်း မဖြစ်သော ကြောင့် ထိုနေ့ ၌ ကျွန်တော် သူ နှင့် အတူ လိုက် သွား ပါသည် ။


သို့သော် ဤ နေ့ သည် ကျွန်တော် သူ နှင့် အတူ သွားသော ပထမ နေ့ နှင့် နောက်ဆုံး နေ့ ဖြစ် ပါသည် ။


ကြည့်ပါဦးတော့ ၊ ညပိုင်း ၌ မိန်းကလေး တွေ ရှိသော ဟိုတယ် သို့ သွား ချင်သည် ဆိုပါ၍ ကျွန်တော် ပို့ ပါသည် ။ အားရပါးရ နင်းကန် သောက်ပြီး ဆူသည် ။ ဟိုတယ် က မိန်းကလေး တစ်ယောက် အား အင်္ဂလိပ်ဓာတ်ရှင် ( သူတို့ မန္တလေး စကား အတိုင်း ) ထဲ က ဇာတ်လိုက် မင်းသမီး နဲ့ မင်းသား လို အကြာကြီး ကစ် ( စ် ) လုပ် ရအောင် ဆိုပြီး မူးမူးရူးရူး နှင့် အတင်း နင်းကန်ပြီး နှုတ်ခမ်း စုတ်သည် ။ ကြာ လွန်းတော့ မိန်းကလေး က အခံ ရ ခက်၍ ရုန်း သည်ကို ငြိမ်ငြိမ် မခံရ ကောင်းလား ဟု ဆိုပြီး ကလေးမ ၏ လက် နှစ်ချောင်း ကို ချုပ် ကာ ခေါင်း မလှုပ် နိုင်အောင် လည်ပင်း ကိုဖျစ်ပြီး သူ စိတ်ရှိ လက်ရှိ နှုတ်ခမ်း ချင်း စုပ်သည် ။ မည်မျှ ဆိုးဝါးတဲ့ သတ္တဝါကောင် ပါနည်း ။


ထိုမျှ မက သေးပါ ။ သူ က တော့ ဆူချင် သမျှ ဆူပြီး တစ်ဖက်ခန်း က ဆူသည် ကို နား ညည်းသည် ဟု ဆိုပြီး ဟိုဘက် ဒီဘက် ကာ ထားသော ခန်းဆီးမှန် ကို လက်သီး နှင့် ထိုးခွဲ သည် ။ ၎င်း နောက် စားပွဲပေါ် က ပန်းကန် တွေ ပုလင်းတွေ ကို ခြေ နှင့် ကန်ချပြီး ၊ စားပွဲ ပေါ် တက် ၍ “ တက်ပ် ဒန့်စ် ” က သည် ။


နောက်ဆုံး အတိုချုံး ၍ ပြော ရလျှင် ကျွန်တော့် မှာ အခြားဘက် အခန်း က လူတွေ ကို တောင်းပန် ၊ ဟိုတယ်ရှင် ကိုလည်း စားတာ သောက်တာ အပြင် ကွဲရှသည့် အတွက် အလျော်များ ပေး၍ သူ့ ကို မေ့အောင် နောက်ကောက် ချပြီး ဟိုတယ် ပေါ်  မှ ကား ပေါ် ရောက်အောင် ထမ်း၍ ဆင်းခဲ့ရ ပါ သည် ။


ထို အကြိမ် မှ စ၍ ကျွန်တော် နောက်ထပ် သူ နှင့် အတူ မလိုက်ဝံ့ တော့ ပါ ။


သူ မူ ကား ကျွန်တော့် ကို သူရဲဘော နည်းသူ တစ်ယောက် ဟု ဆိုပြီး နှုတ်ဆက် စကားပြော မှ မလုပ်တော့ဘဲ ကျွန်တော့် အိမ် ကို သူ ပြန်ချင်တဲ့ အချိန် ပြန် လာသည် ။ သွားချင် တဲ့ အချိန် ၌ သွားသည် ။ နောက် ၃ - ၄ ရက် လောက် ကြာသော အခါ တွင်မူ သူ တစ်ယောက် တည်း မဟုတ်တော့ ဘဲ သူ့ အဖော်တွေ ကို ပါ ကျွန်တော့် အိမ်သို့ ခေါ် လာပြီး ညဉ့်နက် သန်းခေါင် ဆူဆူပူပူ လုပ်သည် ။ ကျွန်တော် က တားဆီး တောင်းပန် လျှင် ကျွန်တော့် ကို သူ့ အဖော်တွေ က ပါ မူးမူးရူးရူး နှင့် ဝိုင်းပြီး အရူး လုပ်သည် ။ မည်မျှလောက် ခက် ပေသနည်း ။ ခင်မြမြမောင်းမောင်း ကိစ္စ နှင့် စိတ်ကောက် နေသော ပေါ်အူး က လည်း ကျွန်တော့် ကို အကူအညီ မပေးတော့ပါ ။ သူ့ ဘာသာ သူ လုပ်စရာ ရှိသည် ကိုသာ ဝတ္တရား အတိုင်း လုပ်ကိုင်သည် ဟု ထင်ရပါ၏ ။ တစ်နေ့ သော နံနက်ခင်း ၌ ... 


“ ပေါ်အူး ရေ ”


“ ဆရာ ”


“ ငါ တော့ ဟို ကောင်လေး ကြောင့် ခက်ပြီကွ ”


ပေါ်အူး သည် မထုံတက်တေး နှင့် မြုံစိစိ လုပ်၍ နေပါသည် ။ ကျွန်တော် က များစွာ ညှိုးငယ်သော မျက်နှာ နှင့် ...


“ မင်း ကြည့်ကွ ၊ ဒီ ကောင်လေး ပြောလို့ ဆိုလို့ လည်း မရဘူး ။ အိမ် က နှင် ထုတ် ရပြန် လည်း သူ့ အမေ မျက်နှာ ထက် ဒေါ်ကြီးစိုး ကို ငါကြောက် ရ တယ် ။ ဒေါ်ကြီးစိုး ကိုယ်တိုင် က ငါ့ အိမ် မှာ တည်းပါ ခိုပါ လို့ လွှတ်လိုက်တာ ကွ ၊ ဒီအတိုင်း အိမ်မှာ ထားပြီး ပြောမရ ဆိုမရ နဲ့ ကြည့်နေရ ပြန်လည်း တစ် နေ့နေ့ တစ်ခုခု ဖြစ်လာတော့ ငါ့ အိမ် မှာ အပ်ထားရက် နဲ့ ဒီလို ဖြစ်ရမလား ဆိုပြီး ငါ့ အပေါ်  တာဝန် ကျဦး မယ်ကွာ ။ ဟင် မဟုတ်ဘူးလား ပေါ်အူး ရဲ့ ”


ကျွန်တော် သူ့ မျက်နှာ ကို အားမလို အားမရ ကြည့် ပြီး မေး လိုက်မှ သူ က မထုံတက်တေး နှင့် ပင် ... 


“ ဟုတ်ပါတယ် ဆရာ ”


“ ကဲ ... ဒီတော့ ငါ ဘယ့်နှယ် လုပ်ရမလဲကွာ ”


“ မသိဘူး ဆရာ ”


ကျွန်တော့် မှာ သူ့ ဆီ က အကူအညီ ရ မလား အားကိုးကြီး နှင့် မေး သည် ကို သူ က ဤကဲ့သို့ ပြန် ဖြေ လိုက် သဖြင့် ရင် ထဲ ၌ ဟာခနဲ ဖြစ်သွားပါ သည် ။


“ ဟေ့ မင်း ခေါင်း ထဲ မှာ အကြံဉာဏ် မရှိတော့ ဘူးလားကွာ ”


“ မရှိဘူး ဆရာ ”


ပေါ်အူး ခေါင်း ထဲ ၌ အကြံဉာဏ် မရှိဘူး ဆိုသည် မှာ သူ လိမ်၍ ပြော ခြင်းမျှသာ ဖြစ်ပါသည် ။ သူ့ ခေါင်းထဲ ၌ အကြံဉာဏ်များ ပြွတ်သိပ် နေ အောင် ရှိသည် ကို ကျွန်တော် သိခဲ့ပြီး ဖြစ်ပါသည် ။ ယခု သူ နှင့် ကျွန်တော် စကား ပြော နေသည်မှာ ကျွန်တော့် ၏ အိပ်ခန်း ထဲ တွင် ဖြစ်၍ ကျွန်တော့် ခေါင်းရင်း ရှိ သူ တမင် အမြင် ကတ်ပြီး ပြောင်လက် အောင် ဆီ သုတ်ထား သော ခင်မြမြမောင်းမောင်း ၏ ဓာတ်ပုံ တွင် သူ မျက်စောင်း ခဲနေသည် ကို ထောက်ချင့်ခြင်း အားဖြင့် သူ့ စကား ကို ကျွန်တော် လိုက်နာပါ က မောင်မောင်ရွှေ နှင့် ကျွန်တော့် ကိစ္စ မှာ တစ်မိနစ် အတွင်း ငြိမ်းချမ်း သွားမည် ဟူသော အဓိပ္ပာယ်သည် သူ ၏ ခန့်ညားသော မျက်နှာ ၌ ပေါ်လွင် နေပါသည် ။ သို့ သော် ကျွန်တော် က ဆရာ ၊ သူ က တပည့် ။ “ မင်း စကား ငါ နားထောင်ပါ တော့မယ်ကွာ ” ဟု အောက်ကျ ခံပြီး မပြော လို ပါ သဖြင့် ...


“ ဟေ ဖြစ်ချင် သလို ဖြစ်ကြပေါ့ ကွာ ”


ဟုသော သဘော နှင့် သူ့ ကို နောက်ထပ် ဘာမျှ ဆက်၍ မပြောဘဲ နေ လိုက်သည် ။ ကျွန်တော် စိတ် သက်သာမှု ဖြစ်စေရန် ခင်မြမြမောင်းမောင်း ထံ မှ  ‘ ဒိတ် ’ တောင်း၍ လည်ပတ်ခြင်း ၊ ရုပ်ရှင်ကားများ ကို တစ်ကား ပြီး တစ်ကား ကြည့်ခြင်း ဖြင့် မောင်မောင်ရွှေ ၏ ညှင်းဆဲမှု ကို ကြံ့ကြံ့ခံ ခဲ့ပါသည် ။ သို့သော် မောင်မောင်ရွှေ ရောက်၍ ဆယ်ရက် မြောက်သော နေ့ တွင် မူကား ကျွန်တော် သည် ရုပ်ရှင် ညပွဲ ကြည့် ၍ ၁၀ နာရီ လောက် ၌ အိမ်သို့ ပြန်လာခဲ့ရာ အိမ်ရှေ့ခန်း မှာ မှောင်နေ သဖြင့် ဓာတ်မီးခလုတ် ဆီ သို့ စမ်း၍ သွား နေစဉ် ကျွန်တော့် ခြေထောက် သည် အရာဝတ္ထု တစ်ခု ကို တိုက်မိပြီး ဝုန်းခနဲ မြည်ဟိန်းသံကြီး နှင့် အတူ ကျွန်တော့် လုံချည် ကို တစ်စုံတစ်ခု က တရကြမ်း ချိတ်ဆွဲလိုက်သည် တွင် ကျွန်တော့် မှာ ငယ်သံ ပါအောင် ကုန်း၍ အော် လိုက်ရင်း နောက်သို့ တအား ခုန်၍ ဆုတ် လိုက် ရပါသည် ။


ပေါ်အူး သည် ကျွန်တော့် အော်သံ ကြောင့် သူ့ အိပ်ခန်း ထဲ မှ ထွက်လာ ကာ ...


“ ဆရာ ကျွန်တော့် ကို ခေါ်သလား ဆရာ ”


“ ခေါ်ရုံတင် မကဘူးကွ ၊ ဟေ့ လာစမ်း … လာစမ်း ဒီ အခန်း ထဲ မှာ ဘာကောင်ကြီးလဲ ကွ ”


ကျွန်တော့် မှာ အသံတုန် လူတုန် ပင် ဖြစ်နေ သော်လည်း ပေါ်အူး မှာ မထူးခြားသော အသံ ဖြင့် … 


“ အော်ဂလီ ပါ ဆရာ ”


“ ဟေ့ ဘာလဲ အော်ဂလီ ဆိုတာ ” 


“ ခွေး ပါ ဆရာ ”


“ ဟေ ဘယ် က ခွေးလဲ ”


“ ကိုမောင်မောင်ရွှေ ရဲ့ ခွေး ပါ ဆရာ ”


“ ဟာ ဒီကောင့် နှယ် ၊ ဘယ်က ခွေးများ ယူ လာပါလိမ့် ၊ မီး ဖွင့်စမ်းပါ ဦးကွာ ”


ပေါ်အူး မီး ဖွင့် လိုက်သည် ။ တိုင် ၌ ချည် ထားသော ဘူးလ်တယ် ရီယာ ခွေးကြီး တစ်ကောင် သည် ကျွန်တော့် အား ကာလ ကြာမြင့်စွာ က သတ်မှတ် ထားသော ရန်သူကြီး သဖွယ် မျက်တောင် မခတ် ဘဲ မာန်ဖီ ၍ ကြည့် နေပါ သည် ။ ပေါ်အူး ကား ကြောက်ရွံ့ခြင်း မရှိဘဲ သူ ပိုင်ခွေး ကဲ့သို့ ယုယစွာ ကိုင် တွယ် လျက် ...


“ ကိုမောင်မောင်ရွှေ ရယ် မန္တလေး ယူ သွားဖို့ ဝယ် ခဲ့တာတဲ့ ဆရာ ၊ အင်မတန် အိမ်စောင့် ကောင်း တဲ့ ခွေးကြီး ဆရာ ရဲ့ ”


ဟု ဆို၍ ပွတ်သပ်ပေး နေပါသည် ။


ခွေးကြီး မှာ ပေါ်အူး ကို မူ သူ့ သခင် ကဲ့ သို့ သဘော ထား၍  ကျွန်တော့် ကို ကား ရန်သူ သဖွယ် မျက်စောင်း ခဲနေ ပါသဖြင့် ...


“ ဟေ့ မင်းခွေး ကောင်းတာ က ငါ့ အိမ် ထဲ နေပြီး ငါ့ ကို မာန်ဖီ နေတော့ မခက်ပေဘူးလားကွ ”


“ ဟာ ဒါ ခဏပါ ၊ နောက် ဆရာ နဲ့ သူ ရင်းနှီး သွားတော့ ဟန်ကျ သွား မှာ ပေါ့ ဆရာ ”


“ ဟေ သူ နဲ့ ငါ ရင်းနှီး သွားအောင် ငါ က ဘယ်လောက် ကြာ စောင့်ရ အုံးမှာလဲကွ ”


“ ဒါတော့ ကျွန်တော် ဘယ် ပြောနိုင်မလဲ ဆရာ ၊ အော်ဂလီ ရဲ့ သဘော ပေါ့ ”


“ အောင်မယ် မင့် ခွေး သဘောပဲ ငါ က နာခံ ရမလို ဖြစ်နေပြီ ။ ငါ့ အိမ် မှာ ဘယ် ထားနိုင်မလဲကွ ၊ အခု ဘယ်မလဲ သူ့ သခင် မောင်မောင်ရွှေ ရယ် ၊ ရှိရဲ့လား ”


“ မရှိဘူး ဆရာ ရယ် ၊ ညနေ ကပဲ သူ့ ခွေး သူ ဆရာ အိပ်ရာဝင်ခါ နီး သောက်ဖို့ ကျွန်တော် လုပ် ထားတဲ့ ဆိတ်ရိုးစွပ်ပြုတ် ကို ထမင်း နဲ့ ဖျော်ကျွေး ပြီး မြို့ ထဲ ထွက် သွားတယ် ဆရာ ”


ကျွန်တော့် စိတ်ထဲ ၌ ထောင်းခနဲ ဖြစ်သွားကာ .. 


“ ဟေ သူ က ငါ သောက်ဖို့ စွပ်ပြုတ် ကို သူ့ ခွေး ကျွေးတယ် ”


“ ဟုတ်တယ် ဆရာ ”


“ မင်း က ဘာမှ မပြောဘူးလား ”


“ ကျွန်တော် က ပြောတော့ ဆရာ က အိမ်ရှင် ၊ သူ က ဧည့်သည် ကိစ္စ မရှိပါဘူးလို့ ပြန် ပြောတယ် ဆရာ ” 


“ ဟေ လူ ကိုသာ သူ့ အမေ နဲ့ ဒေါ်ကြီးစိုး မျက်နှာ ကြောင့် မလွှဲသာလို့ သည်းခံရမယ် ၊ ခွေး တော့ လက် မခံနိုင်ဘူး ကွာ ။ သူ ပြန် လာရင် ပြောလိုက် ”


“ ဒါကို ကျွန်တော် ပြောပြီး သွားပြီ ဆရာ ၊ သူ က သူ့ ခွေးကို သူ့ ထက် ပိုပြီး သည်းမခံ နိုင်ရင် ဆရာ ဟာ အလကားလူ ပဲ လို့ ပြန် ပြောတယ် ဆရာ ။ ဘယ်နည်းနဲ့ မှ တော့ ပြောလို့ ရမှာ မဟုတ်ဘူး ။ သူ မန္တလေး မပြန်ခင်ကလေး ပဲ သည်းခံ လိုက်ပါ ဆရာ ”


ပေါ်အူး က ကျွန်တော့် ကို နားချ၍ နေပါသေးသည် ။ သို့သော် ကျွန်တော့် ရင် ထဲ ၌ ဗလောင် ဆူ၍ နေ သဖြင့် ...

 

“ ငါ သည်းမခံနိုင်ဘူးကွာ ” 


“ ဆရာ သည်းမခံ နိုင်ရင် ဘယ်လို လုပ်မလဲ ” 


“ ငါ့ အိမ် က ငါ ထွက်သွား မယ်ကွာ ” 


“ ဆရာ ဘယ်ကို သွားမလဲ ” 


“ မှော်ဘီ လှပဒါးရွာ က ငါ့ မိတ်ဆွေ ကိုတင်အေး တို့ အိမ် သွား နေ မယ်ကွာ ”


“ ကျွန်တော် ကော လိုက်ရဦးမလား ဆရာ ”


“ မလိုက်နဲ့ ကွာ မင်း သူ့ အရိပ်အခြည် သာ ကြည့်နေ ၊ သူ့ အမေ ရောက် လာပြီး ပြန် ခေါ်သွားမှ ငါ့ ဆီ ကို အကြောင်း ကြားလိုက် ”


“ ကောင်းပါပြီ ဆရာ ”


“ ကဲ ဒါဖြင့် ငါ့ အဝတ်အစားတွေ ခုည ပြင် ထားလိုက် ၊ နက်ဖြန် မနက် စောစော သွားမယ် ”


“ ဟုတ်ကဲ့ ဆရာ ”


ကျွန်တော် သည် ဧည့်သည်တော် မောင်မောင်ရွှေ ၏ ဒဏ် ကို မခံနိုင် တော့ သဖြင့် မှော်ဘီမြို့ မှ လှပဒါးရွာ သို့ ရောက်ခဲ့ရ ပါပြီ ။ ကျွန်တော့် မိတ်ဆွေ ကိုတင်အေး က လည်း ဝမ်းသာအားရ နှင့် ဧည့်ခံ ပြုစုကာ သူ့ အိမ် ၌ ရှိ သော ဘဲတစ်အုပ် သာ မက ဦးလေးကိုထွန်းရင် အိမ် က ကြက်မြီးကောင် ပေါက်တွေ ပါ ကုန်သည့် တိုင်အောင် စိတ်တိုင်းကျ စားသောက် နေထိုင်ရန် ပြောပါသည် ။


သို့သော် ကျွန်တော့် စိတ် ထဲ ၌ ကောင်းစွာ မပျော်နိုင် ၊ မောင်မောင်ရွှေ ကို သာ သောက ရောက် လျက် ၊ သူ့ အမေ ပြန် လာ၍ သူ့ သား ကို ခေါ်သွားပြီ ဟူသော ပေါ်အူး စာ ကို သာ မျှော်လင့် နေမိ တော့ပါသည် ။


ပေါ်အူး စာ ကား ခုနစ်ရက် ကြာသည့် တိုင်အောင် မှ ရောက် မလာ ။ ရန်ကုန်မြို့ကြီး ပေါ် တွင် စိတ် ထင် သလို သုံးဖြုန်း လည်ပတ် နေ ခဲ့သော ကျွန်တော် မှာ နံဘေး လယ်ကွင်း ရှုမျှော်ခင်း သာ ရှိသော ဤ ရွာကလေး ၌ သီတင်း တစ်ပတ် ထက် ပို၍ မနေနိုင် ။ ထို့ကြောင့် ပေါ်အူး စာ ကို မစောင့် နိုင် တော့ဘဲ ခုနစ်ရက် အတွင်း ဘယ်လိုများ ဖြစ်နေကြပြီလဲ ဟု ရင် ထဲ တထိတ်ထိတ် နှင့် ရန်ကုန် သို့ ပြန်လာ ခဲ့ပါတော့သည် ။


“ ဟေ့ ပေါ်အူး ”


ကျွန်တော် အိမ်သို့ ရောက်သော အချိန် မှာ နေဝင်ဖျိုးဖျ ဖြစ်၍ ဟို တစ်ပတ် ကျွန်တော့် ကို နှံ လိုက်သော အော်ဂလီ ကို သတိရ သဖြင့် ကိုယ့် အိမ် ထဲပင် ကိုယ် ရဲတင်းစွာ မဝင်ဝံ့သေးဘဲ ၊ ပေါ်အူး ကို လှမ်း ခေါ် လိုက်ရပါ သည် ။ ပေါ်အူး သည် အိမ် ထဲ မှ ထွက် လာ ကာ ...


“ ဟာ ဆရာ ပြန်လာပြီ လား ”


“ အေးကွ ၊ ဟိုကောင့် ခွေးကြီး ကော ”


“ မရှိတော့ဘူး ဆရာ ၊ သေသွားပြီ ”


“ ဟေ ဘာဖြစ်လို့လဲ ” 


“ သူ့ ခွေး သူ သ,တ်ပစ်တယ် ဆရာ ”


“ ဟင် ဘာပြုလို့တဲ့ လဲ ”


“ သူ ည အချိန်မတော် ပြန် လာတဲ့ အခါမှာ သူ့ ကို ဟောင် လို့တဲ့ ဆရာ ”


“ ဟာ တယ်မိုက်တဲ့ ကောင်လေးပဲ ၊ နို့ သူ ကော အခု ဘယ်မှာလဲ ” 


“ ထောင် ထဲ မှာ ဆရာ ”


ကျွန်တော် မျက်လုံး ပြူး သွားကာ ... 


“ ဟေ ထောင် ထဲ မှာ ”


“ ဟုတ်တယ် ဆရာ ”


“ ဘာမှုနဲ့ လဲ ၊ သူ့ ခွေး သူ သ,တ်တဲ့ အမှု နဲ့ လား ”


“ မဟုတ်ဘူး ဆရာ


“ ပုဒ်မ ငါး နဲ့ လား ”


“ မဟုတ်ဘူး ဆရာ ၊ ရဲကု,လားတစ်ယောက် မဏိ ကို ကွမ်း ကျွေးလိုက်လို့ ဆရာ ”


“ ဟေ ဘာလဲကွ ၊ ရဲကု,လားဆိုတာ က ”


“ ရဲလုံခြုံရေးဝန်ထမ်း ကု,လားတစ်ယောက် ကို ပြောတာပါ ဆရာ ” 


“ ဘာလဲ သူ က ကု,လားလုံခြုံရေးဝန်ထမ်း ကို ဘာဖြစ်လို့ လုပ် ရတာလဲ ”


“ မသိဘူး ဆရာ ၊ မူးမူးရူးရူး နဲ့ ရမ်းတာ ဖြစ်မှာပေါ့ ဆရာ ”

 

ကျွန်တော် သည် ဆိုဖာ ပေါ် သို့ ကိုယ် ကို ပစ် ထိုင်လိုက်ကာ ... 


“ အဲ သူ့ မေမေ သိ သွားရင် ငါ တော့ ဒုက္ခပါပဲ ကွာ ” 


“ သူ့ မေမေ မသိနိုင်ပါဘူး ဆရာ ၊ သူ ကျတာ က ခုနစ်ရက် တည်း ပဲ ၊ သူ့ မေမေ ပြန် မလာခင် လွတ် လာ ပါလိမ့်မယ် ဆရာ ၊ အခုပဲ လေးရက် ရှိသွား ပါပြီ ”


“ အေး တကယ်လို့ သူ မလွတ်ခင် သူ့ အမေ ရောက် လာရင် ကော ” 


“ အဲဒီလို ဆိုတော့လည်း နည်းနည်းပါးပါး စိတ်ကူး ဉာဏ် ထုတ်ပြီး တစ်မျိုး တစ်ဖုံ လှည့် ပြောရတာပေါ့ ဆရာ ရယ် ”


ကျွန်တော့် မှာ ခေါင်းပူ သလောက် ပေါ်အူး တွင် စိတ်အေးလက်အေး ရှိ လှသည် ။


“ ဘယ်လို လှည့် ပြော ရမှာလဲကွ ”


“ ကိုမောင်မောင်ရွှေ ရယ် ဒေသန္တရဗဟုသုတ အတွက် တွံတေး ကို ခဏ သွား လည်နေတယ်လို့ ပြောပေါ့ ဆရာ ရယ် ”


ကျွန်တော့် တပည့် ပေါ်အူး မှာ ဘာပြောပြော ဘာလုပ်လုပ် အင်မတန် ပိပိရိရိ ရှိအောင် စိတ်ကူးဉာဏ် ထုတ်တတ်သူ ဖြစ်ပါ၍ ကျွန်တော် က သူ့ အကြောင်းပြချက် ကို သိရန် မေးလိုက်ပါသည် ။


ပေါ်အူး သည် ကိုယ် ကို မတ်တပ် ရပ် ကာ ...


“ တွံတေး ကို ရွေးချယ်တဲ့ ကိစ္စမှာ အကြောင်း ၂ ချက် ရှိပါတယ် ဆရာ ”


“ အင်း ဆိုစမ်း ”


“ ပထမ အချက် က တွံတေးမြို့ မှာ စဉ့်အိုးလုပ်ငန်း ရှိတယ် ။ မန္တလေး မြို့မှာ ဒီလို လုပ်ငန်းတွေ မမြင်ဖူးတဲ့ အတွက် တမင်သက်သက် ကြည့်ရ အောင် သွားတယ်လို့ ပြောနိုင်ပါတယ် ဆရာ ”


“ အေး ဟုတ်ပြီ ၊ ဒုတိယ အချက် ကကော ”


“ ဒုတိယ အချက်ကတော့ သူ့ အမေကြီး ဟာ သူ့ သား ဘယ် သွားသလဲ ဆိုတာကို ကျွန်တော့် လည်း လာမေးမယ် ၊ ဆရာ့ လည်း မေးမယ် ၊ ဒီတော့ ဆရာ က မေ့တတ်တဲ့ အတွက် ကျွန်တော် က တွံတေး လို့ ပြောထားပြီး ၊ ဆရာ က ဒီ့ပြင် မြို့ နာမည်တွေ လျှောက်ပြော နေမှာစိုးလို့ ဆရာ ။ တွံတေး ဆိုတော့ စနေနံ တဝမ်းပူ နှစ်လုံးထပ်နဲ့ မြန်မာပြည် မှာ သူ တစ်မြို့တည်းရှိတယ် ။ နို့ပြီး သူ့လို တဝမ်းပူ ချည်း ပါတဲ့ ‘ တောက်တဲ့ ’ တို့ ‘ တစ်တီတူး ’ တို့ နဲ့ လည်း တွဲပြီး မှတ်ထားနိုင်တယ် ဆရာ ၊ ဒါကြောင့် ကျွန်တော် တွံတေး ကို ရွေးချယ် လိုက်တာပါ ”


ကျွန်တော် သည် ပေါ်အူး ၏ လက် ကို ဆတ်ခနဲ လှမ်းဆွဲ လိုက်ကာ 


“ တော်တယ်ကွာ ပေါ်အူး ၊ မင်း တယ်တော်တဲ့ကောင် ”


စိတ်ပါလက်ပါ ချီးမွမ်း လိုက်ရပါသည် ။


“ ဒါတောင် ဆရာ တွံတေး ဆိုတာနဲ့ ဆရာ့ စိတ်ထဲမှာ စွဲနေတဲ့ တာဂွ တွေ ၊ ကံဘဲ့ရွာ တွေ ရှောက် ပြောနေမှာ စိုးရသေးတယ် ဆရာ ”


“ အေး ငါ သတိထားပါမယ် ကွာ ”


ပေါ်အူး မှာ အင်မတန် အကြံဉာဏ် ကောင်းသူ ဖြစ်ပါသည် ။ ယခု ကြည့်ပါဦးတော့ သူ့ ဆရာ မေ့တတ်သည် ကို ထည့်၍ စဉ်းစားပြီး ကြိုတင် စီမံ တတ်ပါသည် ။ ကျွန်တော့် မှာ အတော်ပင် စိတ် သက်သာရာ ရှိ၍ သွား ပါ၏ ။


မောင်မောင်ရွှေ အတွက် ကို ကြည့်လိုက်ပြန် လျှင် လည်း သူ ထောင်သို့ ရောက်သွားခြင်း မှာ လူနာ တစ်ယောက် အား ဆေးရုံသို့ ပို့လိုက် သကဲ့သို့ သင့် လျော် လှပါသည် ။ အကယ်၍ သာ သူ့ အမေ ပြန် မလာမီ သူ ရန်ကုန် တွင် ထောင့် အပြင်၌ နေပါက ကျွန်တော့် အဖို့ရော သူ့ အတွက် ပါ မည်မျှလောက် ဆိုးဝါးချေ မည်နည်း ။ လူသ,တ်မှုကြီး ပင် ဖြစ်မည်လော ။ သူ ပင် အသ,တ်ခံ ရမည်လော ။ ဟိုတယ်လှေကား ပေါ် က လိမ့်ကျ၍ ပင် ခြေကျိုး လက်ကျိုး ဖြစ်နေမည်လော ။ မည်သူ ပြောနိုင်ပါသနည်း ။ ယခု မူးမူး နှင့် ရဲဝန်ထမ်း ရိုက် မှုကလေး နှင့် ထောင် ခုနစ်ရက် မျှသာ ကျသွားသည် မှာ တော်ပါသေး၏ ။ အတော့် ကို တော်ပါသေး၏ ။


သူ ထောင် က မလွတ်မီ သူ့ အမေ ပြန် လာလျှင် ပေါ်အူး စီမံထား သကဲ့ သို့ ပင် ပြောရမည် ။ သူ ထောင် က လွတ်ပြီး မှ ပြန် လာရင်ကား ကိစ္စမရှိ ၊ “ ငါ လည်း မကောင်း မဖြစ်ရအောင် မင့် မေမေ လည်း စိတ်မချမ်းမသာ မဖြစ်ရ အောင် မင်း ဘာမျှ မပြောနဲ့ ၊ ဘာမျှ မဖြစ်ခဲ့သလို နေ ” ဟုတိုင်ပင်ထားပါ က ကောင်ကလေး မှာ လည်း ထောင် ကျဖူးပြီး ဖြစ်၍ နောင်တ တရား ရနေချေ မည် ဖြစ်သောကြောင့် ဘာမျှ စိုးရိမ်စရာ ရှိတော့မည် မဟုတ်ပါ ။


သို့သော် ကျွန်တော့် အတွက် မဟုတ်တာ ၊ မကောင်းတာတွေ ဖြစ်ဖို့ရန် ကြိုတင် စီမံထားကြလေသလား မှ မသိ ။ မောင်မောင်ရွှေ ထောင်ကျ ၍ ခုနစ် ရက် မြောက်သော နေ့ လွတ်လုတည်းကာနီးကလေး မှ နံနက်စောစောကြီး သူ့ အမေ ဒေါ်လှလှကြီး ရောက်လာ ပါတော့သည် ။


“ ဂွတ်မောနင်း ဒေါ်ဒေါ် ၊ ဒေါ်ဒေါ် မနက် အစောကြီး ရောက် လာပါလား ”


“ ဟုတ်တယ် အစောကြီး ရောက် လာတာပဲ ”


ဒေါ်လှလှကြီး မှာ သူ ယခင်က ထိုင် သွားသော ကု,လားထိုင်ကြီး ပေါ်  မှာ ပင် ကြပ်ကြပ်တည်းတည်းကြီး ထိုင်လျက် ရှိသော်လည်း မျက်နှာထား မှာမူ ဟိုတုန်းက ကဲ့သို့ ရှိသမျှ သွားတွေ အကုန် ဖော်မထားရုံ မက တစ်ချောင်း မျှ မမြင်ရအောင် ပင် နှုတ်ခမ်းချင်း တင်းတင်းကြီး စေ့ ထားကာ ကျွန်တော့် စကား ကို တိုတောင်းစွာ ပြန် ပြော လိုက်ပါသည် ။


သို့သော် ကျွန်တော် က ဟန် ကိုယ့် ဖို့ ၊ မာန် သူ့ ဖို့ ဆိုသည့် အတိုင်း ဣန္ဒြေ မပျက်စေဘဲ ...


“ ပေါ်အူး ရေ … ဒေါ်ဒေါ် ဖို့ ကော်ဖီ ယူခဲ့ပါကွယ် ”


“ တော်ပြီ .. ကျေးဇူး တင်ပါတယ် ”


“ တော်ပြီ ” ဆိုသော စကား မှာ တစ်စုံတစ်ရာ ကို စားပြီးသောက်ပြီး ၍ ဝ မှ ( သို့မဟုတ် ) ကျေနပ် မှ သုံး ရမည့် စကားပင် ဖြစ် သော်လည်း သူတို့ ရွှေမန်းသားများ မှာ တစ်စုံတစ်ဦး က လောကွတ် ပြုလိုက်ပါ က အလို မရှိ လျှင် သို့မဟုတ် အားနာ လျှင် သုံးနေကျ စကားဦး ဖြစ်သည့် အတိုင်း ကျွန် တော့် ဧည့်ဝတ် ကို လက်မခံ လိုကြောင်း တိုတောင်းစွာ ပြန် ပြော လိုက်ပါ သည် ။


ကျွန်တော်က လက် မလျှော့သေးဘဲ ...


“ ဪ … ဒေါ်ဒေါ် က ကော်ဖီ မသောက်လို့လား ၊ ဒါဖြင့် ပေါ်အူး ရေ လက်ဖက်ရည်များ ဖျော်ခဲ့ပါကွယ် ”


“ အိုး … တော်ပြီ ၊ တော်ပြီ ဘာမှ မသောက်ချင် မစားချင်ပါဘူး ”


ဤ စကား ကို ပြောရာ၌ ဒေါ်လှလှကြီး ၏ မျက်နှာထား မှာ နိုင်ငံခြား ဖြစ် ကော်ဖီ ၊ လက်ဖက်ရည်တွေ အသုံးပြုခြင်း မှ တားမြစ်ရန် ဖွဲ့စည်းထား သော အသင်းကြီး ၏ ဥက္ကဋ္ဌကြီး နှင့် တူ လှပါသည် ။


ကျွန်တော် သည် သူ့ အား အစားအသောက် နှင့် ပျူငှာ၍ မရတော့ ပြီကို သိသည်နှင့် စကားကြောင်း ပြောင်း လိုက်ကာ …


“ ဪ … ဒေါ်ဒေါ် သာယာဝတီထောင် နဲ့ ပေါင်းတည်ထောင် ကို အတော်နှံ့နှံ့စပ်စပ် ကြည့်ခဲ့ပြီးပြီပေါ့ ”


ဒေါ်လှလှကြီး သည် တင်းမာသော မျက်နှာထား နှင့် ပင် ... 


“ ဟုတ်တယ် ကြည့်ခဲ့ပြီးပြီ ”


“ ဒါဖြင့် ပေါင်းတည်ထောင် မှာ ယောကျ်ားထောင် နှင့် မိန်းမထောင် တစ်ဖက် နဲ့ တစ်ဖက် ထောင်သား အချင်းချင်း ဆက်သွယ် မရဘူး ဆိုတာ နဲ့ သာယာဝတီထောင် မှာ ပုဒ်မ ငါး နဲ့ ဖမ်းတဲ့ လူတွေ ကို နှိပ်စက်တယ် ဆိုတာ ဟာ မဟုတ်မှန်ကြောင်း သိခဲ့ပြီ မဟုတ်လား ”


ကျွန်တော် မှာ သူ့ ကိစ္စ နှင့် ပတ်သက်၍ သဘောကျ လေမလားဟု ပေါက်တတ်ကရ လျှောက်ဖြန်း နေပါ သော်လည်း ဒေါ်လှလှကြီး သည် ကျွန်တော့် စကားကြောင်း ကို ဂရု မစိုက်ဘဲ နောက်ဆုံး၌ မအောင့်အည်း နိုင်သော အသံကြီး ဖြင့် ...


“ မောင်အေးဆွေ လူကလေး မောင်မောင်ရွှေ ကို ဂရု မစိုက်ဘဲ ပစ်ထား တယ် ထင်တယ် ”


ကျွန်တော့် မှာ ရင်ထဲ၌ ရုတ်တရက် ထိတ်ခနဲ ဖြစ် သွားပါသည် ။ သို့သော် ပေါ်အူး အားကိုး နှင့် မျက်နှာ မပျက်စေဘဲ ...


“ အာ ဒေါ်ဒေါ့် နှယ် ဘယ့်နှယ် ပြောပါလိမ့် ၊ ဂရုစိုက်ပါတယ်ဗျာ ... ဘယ်မှာ ပစ်ထားမလဲ ၊ ဒေါ်ဒေါ် ပေါ်အူး မေးကြည့်ပါတော့ ”


ကျွန်တော့် မှာ ချောက်ပေါက် တွေ့ နေပြီ ဖြစ်၍ ပေါ်အူး က အချိန်မီ လာ ကယ်ရန် သူ့ နာမည် ကို စကား ထဲ ထည့်ပြော လိုက်ရပါသည် ။ ပေါ်အူး မှာ လည်း နောက်ဖေးခန်း ၌ အလုပ် လုပ်ရင်း ကျွန်တော့် တို့ စကားသံ ကို နားထောင် နေဟန် တူပါသည် ။ ဒေါ်လှလှကြီး သည် ကျွန်တော့် မျက်နှာ ကို စိမ်းစိမ်း ကြည့် ကာ ..


“ ဒါဖြင့် မောင်မောင်ရွှေ ဟာ မောင်အေးဆွေ ရဲ့ မျက်စိ အောက် မှာ မပြတ် နေခဲ့တာပေါ့ ”


“ ဟုတ်ပါတယ် ဒေါ်ဒေါ် ၊ ကျွန်တော်တို့ နှစ်ယောက် စား လည်း အတူတူ ၊ သွား လည်း အတူတူ ၊ မနက်စောစော အိပ်ရာ က ထကြပြီ ဆိုရင် ကော်ဖီ ပါ သောက်ပြီး အဝတ်အစား လဲ ၊ ညီအစ်ကို နှစ်ယောက် မြို့ထဲ ထွက် လည် ကြတာပဲ ။ နောက်ပြီး မနက်စာ စားမီ ပြန်လာ ၊ စားသောက်ပြီး ကြ ရင် သူ က စာဝါသနာအိုးလေးပဲ ။ တစ်ခါတည်း စာအုပ် ဆွဲကိုင် တာပဲ ။ ကျွန်တော်တို့ အင်္ဂလိပ် ရုပ်ရှင်တွေ ၊ ဘာတွေ နေ့ခင်းပွဲ သွားကြည့် ကြတယ် ။ ည ဆို ရင် လည်း ၈ နာရီ မှန်မှန် အိပ်ရာ ဝင်ကြတာပဲ ။ သူ က လည်း ပျော်လို့ ၊ ကျွန်တော် က လည်း ညီလေး တစ်ယောက် အဖော် ရတာနဲ့ ဝမ်းသာအားရ ဖြစ် နေတာပဲ ။ အဲဒီလို ဖြစ်နေတုန်း မှာ အခု သူ က တာဝကန်ဘဲ့ရွာ ၊ ဟင် ... ဟုတ်ပါဘူး ၊ တွံတေးဘက် ကို အလည် ထွက် သွားတာနဲ့ ကျွန်တော့် တစ်ယောက် တည်း ကျန်ခဲ့တာ ” 


ဒေါ်လှလှကြီး သည် အံ့သြသော မျက်စိ ကြည့်ပုံမျိုး ကြီး နှင့် ကျွန်တော့် စကား ကို ဖြတ်ကာ ...


“ ဟင် အခု သူ တွံတေး သွားနေတယ်လား ”


“ ဟုတ်ပါတယ် ကျွန်တော် က အရေးကြီးတဲ့ ကိစ္စ တစ်ခုနဲ့ မှော်ဘီ လှပဒါးရွာ ကို ခဏ သွားရတုန်း မောင်မောင်ရွှေ က ကျွန်တော် မရှိ ရင် ပျင်း တယ် ဆိုပြီး တွံတေး ကို ဒေသန္တရဗဟုသုတ အတွက် ထွက် သွားပါတယ် ။ ဒါလည်း သူ့ အဖို့ ကောင်းပါတယ် လေ ။ တွံတေး မှာ ဆိုတော့ မန္တလေး မှာ မမြင်ဖူးတဲ့ စဉ့်အိုး လုပ်တာတို့ ၊ ငါးပိ လုပ်တာတို့ မြင်ရတာပေါ့ ။ ဒေါ်ဒေါ် သား က စာရေးဆရာမသား ပီပီ အင်မတန် ဗဟုသုတ စုဆောင်းချင်တဲ့ သူငယ်လေးပဲ ။ သူ ကြီး လာရင် ဒေါ်ဒေါ့် လို စာရေးဆရာ တစ်ယောက် ဖြစ်မှာ ပဲ ထင်ပါတယ် ”


ကျွန်တော့် မှာ ပေါ်အူး သင်ထားသည့် အတိုင်း အဘွားကြီး ကို လျှောက် လှိမ့် နေစဉ် မိန်းမကြီး သည် မကျေမနပ် ဖြစ်နေသော မျက်နှာကြီး နှင့် … 


“ မောင်မောင်ရွှေ တွံတေး ကို သွားတာ အသေအချာ ပဲ နော် ”


“ ဟုတ်ပါတယ် ဒေါ်ဒေါ် ၊ ကျွန်တော် ဘာလို့ လိမ်ပြော နေမှာလဲ ၊ မယုံ ပေါ်အူး ကို သာ ခေါ်မေး ကြည့်ပါလား ၊ ဟေ့ ... ပေါ်အူး လာပါဦးကွ ” 


ကျွန်တော့် မှာ ကိုယ့် စိတ် ကိုယ် မလုံ ဖြစ်လာသည်နှင့် ပေါ်အူး ကို အကူအညီ ခေါ်လိုက်ရ ပါသည် ။ ပေါ်အူး ထွက်လာသော အခါ၌ ...


“ ဟေ့ ပေါ်အူး မင်း က မောင်မောင်ရွှေ ကို ငါပြန်လာမှ ဆရာ နဲ့ အတူတူ သွား လို့တောင် ပြောသေးတယ် မဟုတ်လား ” 


“ ဟုတ်တယ် ဆရာ ”


ပေါ်အူး က ကျွန်တော် ၏ စကားကြောင်း ကို လိုက်၍ ထောက်လိုက် သဖြင့် ကျွန်တော် က ဒေါ်လှလှကြီး အား ‘ ကဲ မဟုတ်လား ' ဟူသော အမူအရာ နှင့် ကြည့် လိုက်ရာ ဒေါ်လှလှကြီး မျက်နှာ မှာ ရုတ်တရက် ကွဲအက် တော့ခမန်း တင်းမာ ခက်ထရော်လှစွာ ...


“ ကဲ ဒါဖြင့် မောင်အေးဆွေ ၊ မနေ့ က ဒေါ်ဒေါ်  ရောက်ရောက်ချင်း ရေးမယ့် စာအုပ် အတွက် ရန်ကုန်ထောင်ကြီး ကို ဝင် ကြည့်တော့ ကျုပ် သား လေး မောင်မောင်ရွှေ ဟာ ထောင်သား အင်္ကျီအစင်းကလေး ဝတ်ပြီး အုန်းဆံ ထု နေတာ ကို တွေ့ ရတာ မောင် ဘာ ပြော ချင်သလဲ ”


သေဟဲ့ နန္ဒိယ ။


ကျွန်တော် ဘာမျှ ပြန် မပြောနိုင် တော့ပါ ။ ပေါ်အူး သင် ထားသော စကား လည်း ကုန်ပါပြီ ။ စူးစူးဝါးဝါး ကြည့် နေသော ဒေါ်လှလှကြီး ၏ မျက်စိ အောက် ၌ လင်ကြီး က လင်ငယ် နှင့် လက်ပူး လက်ကြပ် မိ နေသော မိန်းမရိုးကလေး ကဲ့သို့ ပါးစပ် အဟောင်းသား နှင့် ကြောင်တက်တက် ဖြစ် ၍ နေ ပါတော့သည် ။


ဒေါ်လှလှကြီး သည် ပိုင်ပိုင်နိုင်နိုင် မျက်နှာထားကြီး နှင့်


“ ဟင် မောင်အေးဆွေ ၊ ဒါဟာ ကျုပ် သားလေး ကို ကောင်းကောင်း မွန်မွန် ကြည့်ရှု ထား လိုက်တာပဲလား ။ စိတ်ချပါ လို့ အာမခံ ပြီး ဂရုစိုက် လိုက် တာပဲလား ။ ကျုပ် က တော့ ယုံကြည်လို့ ပုံအပ် ထားခဲ့တယ် ။ ကျုပ် သားလေး ဟာ ငယ်ပါသေးတယ် ။ လူမှုရေးရာ ဘာမှ နား မလည်သေးဘူး ၊ ရန်ကုန် လို မြို့ကြီးပြကြီး ကို တစ်ခါမှ မရောက်ဖူးသေး လို့ ကျကျနန မှာ ပစ်ခဲ့တယ် ။ မန္တလေး က မင့် ဒေါ်ဒေါ်စိုး စကား ကြောင့် မင့် ကို ယုံပြီး ပုံခဲ့တာပါကွယ် ။ နို့မို့ ငါ့ မှာ တခြား မိတ်ဆွေတွေ အများကြီး ရှိပါတယ် ။ ခုတော့ဖြင့် ယုသမျှ ပုံသမျှ ဖုန်ထအောင် လုပ်ရက်ပါ ပေ့ကွယ် ။ လုပ်ရက်ပါပေ့ ” 


ကျွန်တော့် နှုတ် မှ ပြောရန် စကား တစ်လုံး မျှ ရှာမတွေ့ တော့ပါ ။ ဒေါ်ကြီးစိုး ၏ မျက်နှာ ကို သာ မျက်စိ ထဲ ၌ မြင်ယောင် လာပါသည် ။


အကြောင်းကို သိ၍ ဒေါ်ကြီးစိုး ဒေါပွ လျှင် ကျွန်တော့် မှာ ဒုက္ခ ၊ အဓိပတိ ဒုက္ခ ။ ဒေါ်ကြီးစိုး သည် ကျွန်တော် ငယ်စဉ်ကလေး က ပင် ဆဲဆိုမာန်မဲ လာသူ ဖြစ်၍ ကျွန်တော့် မှာ ငယ်ကြောက်,ကြောက်ရပါသည် ။ ထို့အပြင် ဒေါ်ကြီးစိုး စိတ်ဆိုးပြီ ဆိုလျှင် အခြားသူများနှင့် မတူ ။ ကမ္ဘာပျက်တော့ ခမန်း အသံကုန် လွှင့်တတ်၍ ကျွန်တော့် ကို မဆိုထားဘိ ၊ သူ့ ယောက်ျားဦးကြီးသိန်း ပင် လျှင် တောင် ပြေးရတော့ မလိုလို ၊ မြောက် ပြေးရတော့ မလိုလို ၊ အနား က ခွေးဘော်ဘီ ကိုပဲ ကိုင်ပေါက်လိုက်ရတော့ မလိုလို နှင့် မနေတတ် မထိုင်တတ် ဖြစ်ရပါသည် ။


တကယ်စင်စစ် ဒေါ်ကြီးစိုး စိတ်ဆိုး ပြီ ဆိုပါက မန္တလေး နှင့် ရန်ကုန် ကို ပင် လေယာဉ်ပျံ နှင့် ချက်ချင်း လိုက် လာမည် ။ ကျွန်တော့် ပါးနား လက်ဝါးတဝဲဝဲ နှင့် ကြိမ်းမောင်း တော့မည် ။ ကျွန်တော် တခြား မြို့သို့ ပြေး၍ လည်း မလွယ် ။ သူ့ ဒေါသ ကို အကြွေး မထားဘဲ ချက်ချင်း မတွေ့ တွေ့ အောင် လိုက် တော့မည် ။ အမှန်ကား ၊ ဒေါ်ကြီးစိုး စိတ်ဆိုး၍ ကျွန်တော် ပြေးရန် မှာ မြန်မာ ပြည်ကလေး သည် အလွန် ငယ်လှပါ၏ ။


ယခု၌ ပင်လျှင် ကျွန်တော့် ရှေ့ ၌ ဒေါဖောင်း နေသော ဒေါ်လှလှကြီး ကို မမြင် ။ ဒေါ်ကြီးစိုး ၏ နီရဲနေသော မျက်နှာ ကို သာ မြင်ယောင် လျက် ကျွန်တော့် ကိုယ် မှာ ချာချာလည်၍ လေထဲ ၌ လွင့်သလို ထင် ရကာ မျက်စိတွေ ဝေပြီး နားနှစ်ဖက် အူ၍ ပင် နေပါသည် ။


သို့သော် ဤ ခဏလေး အတွင်း၌ ကျွန်တော့် ကိုယ်မှာ လူသေ ကို အသက် ပြန် သွင်း လိုက် သလို ဖြစ်လာသည် ကား ပေါ်အူး ၏ အသံ ထွက်လာ ခြင်း ပင် ဖြစ်ပါသည် ။


“ ဒေါ်ဒေါ်လှ ခင်ဗျား ၊ ဒေါ်ဒေါ့် ကို ကျွန်တော် တဆိတ်ကလေး အစီ ရင်ခံပါရစေ ခင်ဗျား ”


လာပြီ ၊ လာပြီ ပေါ်အူး ၊ ကျွန်တော့် တပည့် ပေါ်အူး ။ သူ့ ဆရာ ကို ချောက် ထဲ က ဆွဲတင် ပါတော့မည် ။


“ ဒီကိစ္စ မှာ ကျွန်တော် သိသမျှ ရှင်းလင်း ရ ရင် ”


ပေါ်အူး သည် စကား စ ရင်း ဒေါ်လှလှကြီး မျက်မှောက်သို့ ချည်းကပ် လာသည် ။ ဒေါ်လှလှကြီး က မကျေနပ်သော မျက်နှာကြီး နှင့် ပေါ်အူး အား အစေခံကလေး တစ်ယောက် အနေဖြင့် တုန်လှုပ် သွားအောင် မျက်စောင်းခဲ ၍ ကြည့် လိုက်သည် ။ သို့သော် ပေါ်အူး က ဒီ အကြည့်မျိုး လောက်တော့ အပျော့ ။ ပေါ်အူး ပေါ်အူး ၊ နုံနုံကာယ ပေါ်အူး မဟုတ် ။ မြန်မာပြည် ဘုရင်ခံ ဒေါ်မံစမစ် က ဦးစော အား ယူဂန်ဒါ က ပြန်ခါနီးတွင် ချီးကျူး သလို ချီးကျူး လိုက်ချင်ပါသည် ။


ပေါ်အူး သည် ဒေါ်လှလှကြီး ရှေ့ ၌ ခြေစုံ ရပ်ကာ ...


“ ဒေါ်ဒေါ်  ဟာ ကျွန်တော့် ဆရာ ကိုဆွေ ရဲ့အပေါ်  မှာ အထင် လွဲစရာ ဖြစ်နေတယ် လို့ ကျွန်တော် ဆိုချင်တယ်ဗျာ ။ ဘာပြုလို့လဲ ဆိုရင် အမှန်စင် စစ် အားဖြင့် ဆရာကိုဆွေ ဟာ ဒေါ်ဒေါ့် သားကလေးမောင်မောင်ရွှေ ဖြစ်သွား တဲ့ ကိစ္စကို သူ ဘာမျှ မသိရရှာပါဘူး ။ သူ မှော်ဘီ ကို အရေးကြီးတဲ့ ကိစ္စ တစ်ခု နဲ့ သွားပြီး ပြန် လာတော့ ကိုမောင်မောင်ရွှေ ကို ခါတိုင်း ရှိနေကျ စာကြည့်ခန်း ထဲ မှာ မတွေ့ လို့ ကျွန်တော့် ကို မေးတော့ ကျွန်တော် က အဖြစ် အပျက်မှန် ကို ပြော လိုက်ရင် ဆရာ ဟာ စိတ် မကောင်းရုံ မက သူ့ ညီလေး အရင်း လို ချစ် နေတဲ့ မောင်မောင်ရွှေ အတွက် သိပ်ပြီး အကြီးအကျယ် သောက ရောက် သွားမှာ ကို စိုးတာ နဲ့ ကျွန်တော် က ပဲ ဖြစ်ပြီးသား ကိစ္စ ၊ သိ လည်း မထူးပါဘူးလေ ဆိုပြီး ဆရာ စိတ် မချမ်းမသာ မဖြစ် ရအောင် ကိုမောင်မောင်ရွှေ ဟာ တွံတေး ကို အလည် သွားတယ် လို့ လှီးလွှဲပြီး ပြော လိုက်ခြင်း ဖြစ်ပါတယ် ။ နို့ပြီး ကိုမောင်မောင်ရွှေ ဟာ မြင့်မြတ်တဲ့ စိတ်ထား တစ်ခု နဲ့ သူ့ ကိုယ် သူ တမင်သက်သက် ထောင်ကျ အောင် လုပ်တာလို့ ကျွန်တော် က အမှန်အတိုင်း ပြော ရင်လည်း ဆရာ က ကျွန်တော့် စကား ကို ယုံမှာ မဟုတ် ဘူး ခင်ဗျာ ”


ဤနေရာ၌ ဒေါ်လှလှကြီး သည် မျက်လုံးပြူးကြီး ကို ဖြဲထုတ် လိုက် ကာ


“ ဘာ မောင်မောင်ရွှေ က သူ့ ကိုယ် သူ တမင်သက်သက် ထောင်ကျ အောင် လုပ်တယ် ”


ပေါ်အူးက ဣန္ဒြေ ရစွာ ပင် ...


“ ဟုတ်ပါတယ် ခင်ဗျာ ၊ အမှန်ကို အစီရင်ခံ ရရင် စင်စစ် မှာတော့ ဒေါ်ဒေါ့် သား လို စိတ် သဘောထား ကြီးရင့် မြင့်မြတ်တဲ့ ယောက်ျား တစ် ယောက် အဖို့ ဒီ ကိစ္စဟာ ဒါလောက် အံ့ဩစရာ ရှိမယ် မထင်ပါဘူး ။ ဘာပြု လို့လဲ ဆိုရင် ကိုမောင်မောင်ရွှေကလေး ဟာ ဒေါ်ဒေါ် က ထောင်တွေ အ ကြောင်း စာ တစ်အုပ် ရေးဖို့ စုံစမ်းရအောင် သွား ကတည်း က သူ့ မေမေ ကို မွေးကျေးဇူး တစ်ခါမျှ မဆပ်ရသေးဘူး ၊ မိခင် ရဲ့ ကျေးဇူး ဟာ အင်မတန် မှ ကြီးတယ် ။ ဘုရားတောင် မှ နို့ တစ်လုံးဖိုး ပဲ ကျေတယ် လို့ ပြောကြတယ် ၊ သူ လည်း ပဲ မိခင် ရဲ့ ကျေးဇူး ကို နို့တစ်လုံးဖိုး မတတ် နိုင် တောင် တစ်စက် နှစ်စက် လောက်တော့ တစ်နည်းနည်း နဲ့ တတ်နိုင် သမျှ ဆပ် မှ ပဲ လို့ ဟောဒီ ကျွန်တော့် ဆရာ ကို ခဏခဏ ပြော နေတာ ကျွန်တော် အမြဲတမ်း လိုလို ကြား နေရပါတယ် မဟုတ်လား ဆရာ ”


ဤတွင် ကျွန်တော် က အလျင်အမြန် ကောက်တဲ့ ၍ ..


“ ဟုတ်ပါတယ် ဒေါ်ဒေါ် ၊ ဟုတ်ပါတယ် အမှန်ပါပဲ ” 


ဟု ကမူးရှူးထိုးသံ နှင့် ဝမ်းသာအားရ ကျူးရင့် ထောက်ခံလိုက်ရပါ သည် ။


ဒေါ်လှလှကြီး ၏ မျက်နှာ မှာ လည်း ရုပ်ရှင်မင်းသမီးကြီး အမူအရာ ပြောင်း လိုက်သလို ရုတ်တရက် ရွှင်လန်း သွားပါသည် ။ ပေါ်အူး က ဆက် လက်၍


“ ဒါနဲ့ သူ အဲဒီလို ပြောပြော နေပြီး ဆရာ မှော်ဘီ သွားတဲ့ နေ့ မှာ ပဲ ထောင်ကျ ခံပြီး သူ့ မေမေ ရေးမယ့် စာအုပ် မှာ ကိုယ်တွေ့ ဗဟုသုတ ပေးမယ် ဆိုတဲ့ စိတ်ကူး နဲ့ ရဲကု,လားတစ်ယောက် ကို နောက် ကနေ ဘေ တာပါပဲ ခင်ဗျာ ။ ကျွန်တော် ဖြင့် အံ့သြပါရဲ့ ၊ ရုံးမင်း က သူ့ ကို လူငယ် မို့ လို့ ဒဏ် ရာ ကလည်း သိပ် မကြီးတာနဲ့ ၃ ရက်တည်း ချတာ ကို သူ က မကျေနပ်ဘဲ အနည်းဆုံး ၇ ရက် တော့ ချရမယ် ဆိုတာနဲ့ ရုံးမင်း က လည်း အံ့သြပြီး သူ့ စကား မလွန်ဆန်နိုင် ကြဘဲ သီတင်းတစ်ပတ် ချ လိုက်တာပါ ။ ဒီနေ့ ဆိုရင် စေ့ပြီ ၊ ဒေါ်ဒေါ် သွား ကြိုဖို့ပဲ ရှိပါတော့တယ် ”


ဟု ပေါ်အူး က စကား အဆုံးသတ် လိုက်သည်တွင် ဒေါ်လှလှကြီး သည် ထိုင် ရာ မှ ငေါက်ခနဲ ထ လိုက်ကာ ...


“ ကဲ မောင်အေးဆွေ ၊ ဒေါ်ဒေါ် အထင် လွဲမိတာ သည်းခံပါ နော် ၊ ရုတ်တရက် မို့ စိတ်ဆိုး လို့ ပြောလိုက်မိတာတွေ ကို တောင်းပန်ပါတယ် ကွယ် ”


“ ဟာ ကိစ္စ မရှိပါဘူး ဒေါ်ဒေါ် ၊ ကျွန်တော် ဘယ်လိုမှ မအောက်မေ့ ပါဘူး ”


“ မောင်ပေါ်အူး လည်း ကျေးဇူး တင်ပါတယ်ကွယ် ၊ မင်း ရှင်းရှင်းလင်း လင်း ပြောပြလို့ ဒေါ်ဒေါ် သိရတာ ။ ကဲ ဒေါ်ဒေါ် သွားမယ် ၊ ခွင့်ပြုပါဦး  ” ဟု ဆိုကာ သူ့ ထီး နှင့် ဘေးဆွဲသားရေအိတ်ကြီး ကို ကောက် ယူပြီး 


“ ဪ သားကလေး သားကလေး မေမေ့ ကျေးဇူး ကို ဆပ်ချင်တဲ့ သားလေး မင်း ဒီလို လုပ်လိုက်တာ ဟာ နို့ တစ်စက်ဖိုး မဟုတ်ပါဘူးကွယ် ၊ နို့ နှစ်လုံး ပါ မက ၊ အစစ အရာရာ အကုန်လုံး အောက်ခြေသိမ်း မကျန် ကျေ ပါတယ်ကွယ် ”


ဟု နှုတ်မှ ရေရွတ်ရင်း အိမ်ပေါ် မှ ထွက်သွားတော့၏ ။


ပေါ်အူး မျက်နှာ ကား မချိုမချဉ် နှင့် ။ ကျွန်တော် မူကား မနေတတ် မထိုင်တတ် ဖြစ်အောင် ပင် ပေါ်အူး ကို ချီးကျူး နေမိရာမှ


“ ဟေ့ ဒါထက် ပေါ်အူး ရေ ၊ ဟိုကောင်လေး က သူ့ အမေ ကို မင်း ပြောတဲ့ အတိုင်း မပြောရင် ချောက်ကျ ဦးမယ်ကွ ”


“ ဒါကို စိတ်ချပါ ဆရာ ၊ ကျွန်တော် က သူ့ ကို ဖြစ်မိ မှ ဖြင့် မင့် မေမေ မျက်နှာကောင်း ရအောင် ဒီအတိုင်း ပြောလို့ သင်ပြီး သားပါ ”


ကဲ မိတ်ဆွေ ၊ ပေါ်အူး ဟာ ဘယ်လောက် အကြံဉာဏ် ကောင်းတယ် ၊ ပိရိစေ့စပ်တယ် ဆိုတာ သိပြီ မဟုတ်လား ။ ပေါ်အူး ပေါ်အူး ၊ ကျွန်တော့် တပည့် ပေါ်အူး ။ ကျွန်တော့် ရဲ့ Life Saver ကျွန်တော့် အသက် ကို ကယ်သောသူ ။ ထို့ကြောင့်ပင် သူ့ ကို လက်မလွှတ် နိုင်ဘဲ နည်းပေး လမ်းပြ လက်စွဲတော် တစ်ယောက် အနေ နှင့် သူ့ စကား ကို အမြဲတမ်း နားထောင်၍ နေရပါသည် ။ 


“ ဟေ့ ပေါ်အူး ၊ ဒီ ကိစ္စ မှာ မင့် ကျေးဇူး ငါ့ အပေါ် ကြီးလှတယ် ကွာ ၊ ငါ့ ဆီ က မင်း လိုချင်တာ ကို တောင်းစမ်း ”


ပေါ်အူး သည် မျက်နှာ ထား ခပ်ပျော့ပျော့ ပြင် လိုက်ကာ …


“ ကျွန်တော် ပထမ လိုချင်တာ က တော့ ” 


“ ကဲဟေ့ ပြောစမ်းဟေ့ ”


“ ဆရာ ခင်မြမြမောင်းမောင်းကြီး ကို စိတ် ထဲ က ဖြတ်ပစ်လိုက်ဖို့ပဲ ဆရာ ”


ကျွန်တော့် မှာ “ ပျော်နိုင်တုန်း ပျော်နိုင် သမျှ ပျော်မည် ” ဟု ဆိုသည်ကို မောင်မောင်ရွှေ တစ်ယောက် နှင့် ပင် အော့ကြောလန် သွားပြီ ဖြစ်၍ ...


“ အေးဟေ့ သူ့ ဓာတ်ပုံကြီး ကို ရိုက်ခွဲ ပစ်လိုက်တော့ ”


 “ ကျေးဇူးပါပဲ ဆရာ ၊ ကျွန်တော် ဒုတိယ လိုချင်တာ က ”


“ ဆိုစမ်း ”


“ ငွေ ၅ဝ ဆရာ ”


“ ဟင် ငွေ ၅ဝ ”


ပေါ်အူး မှာ ငွေ ကို မတောင်းစဖူး တောင်း သဖြင့် ကျွန်တော် အံ့သြ ၍ သွား ပါသည် ။


“ ဟုတ်ပါတယ် ၊ ငွေ ၅ဝ ဆရာ ၊ ကျွန်တော် ပေးဖို့ ကတိ ခံထားလို့ပါ ”


“ ဘယ်သူ့ ကို လဲ ”


“ မောင်မောင်ရွှေ ကို ပါ ဆရာ ”


“ ဟေ ဘာကိစ္စကြောင့်လဲ ”


“ သူ နဲ့ ကျွန်တော် နဲ့ အလောင်းအစား ပြုထားလို့ပါ ဆရာ ”


“ ဘယ်လို အလောင်းအစားလဲ ”


“ ဆရာ မရှိတုန်း သူ မူးပြီး ပြန်လာတဲ့ ည မှာ ကျွန်တော် က ဟေ့ မောင်မောင်ရွှေ မင်း မိုက်ရင် ဟို ရဲလုံခြုံရေးဝန်ထမ်း ကို ရိုက်ဝံ့ပါ့ မလား မေးတော့ ၊ သူ က ငါရိုက်ဝံ့ ရင် ငွေ ၅ဝ ပေး မလားလို့ ပြန် ပြောတယ် ဆရာ ၊ ဒါပါပဲ ”


ကဲ မိတ်ဆွေ ပေါ်အူး  ရဲ့ ဆင်လုံးထွင်လုံးကို သိလောက် ပါပြီ ။ ကျွန်တော် သည် အိတ် ထဲ မှ ငွေတစ်ရာ ကို ထုတ် ကာ ...


“ ရော့ဟေ့ ပေါ်အူး ၊ ၁၀၀ ယူကွာ ”


“ ကျေးဇူးပါပဲ ဆရာ ၊ ဪ ဒါထက် မမရီရီလေး တို့ အိမ် က ဒီ မနက် ဆွမ်းကျွေး ၊ ည ဘုရားကိုးဆူကပ် တဲ့ ဆရာ ၊ လာ ဖိတ်ထားတယ် ။ ဆရာ မနက် ထမင်းစားမီ သွား လိုက်ရင် ကောင်းမယ် ဆရာ ”


“ သွားမယ် ၊ ရီရီလေး ဖေးဗ ‘ ရိတ်ကာလာ ’ ဖြစ်တဲ့ အဝတ်အစား နဲ့ ငါ့ ကို ဆင်စမ်း ”


“ အသင့်ပါပဲ ဆရာ ၊ ရှပ်အင်္ကျီ ကြည်ပြာနုရောင် ၊ အပေါ်အင်္ကျီ ခိုရောင် နဲ့ ဗန်ကောက်လုံချည် ခရမ်းရင့်ရောင် အသင့် ထုတ် ထားပါတယ် ဆရာ ” 


ဤမျှ အလို လိုက်၍ အကြိုက် သိတတ်သော ပေါ်အူး ။


“ ကျွန်တော် အလွန် ပျော်တာ ချစ်သူလေး ရဲ့ အိမ်သာ ”


“ ဟာ ဆရာ မနံဘူးလား ဆရာ ”


ကျွန်တော် သည် အဝတ်အစား ဝတ် ရင်း ၊ မိမိ သွားမည့် ကိစ္စ နှင့် ဆီ လျော်အောင် သီချင်း ကျူးရင့်လိုက်သည် တွင် ရှပ်အင်္ကျီလက် ကြယ်သီး တပ် ပေး နေသော ပေါ်အူး က ကောက်၍ နောက် လိုက်ခြင်း ဖြစ်ပါသည် ။ 


ကျွန်တော့် မှာ သူ ပြောသည့် စကား အဓိပ္ပာယ် ကို နားလည်၍ .. 


“ အေး မင်း ပြောတာ ဟုတ်သားပဲကွ ၊ ပြင် ဆိုမှပဲ ”

 

“ ကျွန်တော် အလွန်ပျော်တာ ချစ်သူလေး ရဲ့ထံ သာ သွားလို့ သာ လည်ချင်တာ လာဒါ ဒါဒါဒါ ”


◾သော်တာဆွေ


📖 ပေါ်အူး ဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment