Friday, August 11, 2023

ခုံဖိနပ် တစ်ရံ


 ❝ ခုံဖိနပ် တစ်ရံ ❞ 


ခုံဖိနပ် တစ်ဖက် ။ သည် ခုံဖိနပ် တစ်ဖက် ၏ ပိုင်ရှင် က မူ သူ့ ခုံဖိနပ် တစ်ဖက် အဘယ်ပုံ ဖြစ်ပျက်ခဲ့ ရ ကြောင်း ယခု ထက်တိုင် လုံးဝ သိရှိမည် မဟုတ်ပါ ။ အဖြစ်အပျက် မှာ အနှစ် ၃ဝ ကျော် ၍ ၄ဝ နီးနီး ပင် ကြာမြင့်ခဲ့ ပါပြီ ။ ခုံဖိနပ် တစ်ဖက် တကယ့် အဖြစ်အပျက် ကို မျက်မြင်သက်သေ သုံးဦး ရှိသည့် အနက် အဘွားကြီး ဒေါ်ဒေါ်ဇင် ပင် ကွယ်လွန်ခဲ့ ပြီ ဖြစ်၏ ။


ခုံဖိနပ် တစ်ဖက် ၏ ပိုင်ရှင် သည် မန္တလေးမြို့ မလွန် နီးပါးတန်းရပ် ရွှေတစ်ချောင်း နှင့် မျက်နှာချင်း ဆိုင် ရှိ ကမ္ဘာ့ထိပ်တင် စာပုံနှိပ်တိုက်ရှင် ဓမ္မာစရိယဆရာကြီး ဦးဘတင် ဖြစ်ပါသည် ။ ဦးဘတင် သည် ယခုအခါ ရန်ကုန်မြို့ မောင်ထော်လေးလမ်း တွင် ကမ္ဘာ့အောင်လံ ပုံနှိပ်တိုက် ကို ဖွင့်လှစ်လျက် ရှိနေပါသည် ။ 


ဦးဘတင် လည်း သူ့ ခုံဖိနပ် တစ်ဖက် အဘယ်သို့ ဖြစ်ပျက်ခဲ့သည် ကို ယခု ထက်တိုင် မသိသေး ။ ထိုစဉ်က အသိ မပေးခဲ့ခြင်း မှာ ကျွန်တော် ၏ ပင်ကို ဗီဇ ရှက်တတ် သည့် သဘာဝကြောင့် ဖြစ်ပါသည် ။


ကျွန်တော် မန္တလေး တွင် သောင်တင်ခဲ့ စဉ်က ကမ္ဘာ့ ထိပ်တင် ကို အားကိုးပြု၍ ဝတ္ထုထိပ်တင်ထုတ်ဝေရေး လုပ်ကိုင်ခဲ့ကြောင်း ၊ ဆရာမြမျိုးလွင် ၏ တစ်မတ်တန် နှင့် ကျွန်တော် ရေးသည့် တစ်မူးတန် ဝတ္ထုများ ထုတ်ဝေခဲ့ဖူး ကြောင်း တို့ ကို လွန်ခဲ့သော နှစ် ရှုမဝ ၌ ၄ လ မျှ ပါရှိခဲ့ သည့် “ ရှေးဟောင်းနှောင်းဖြစ် ပြန်လည်သစ်လျက် ” ဆောင်းပါးများ တွင် အချို့သော စာဖတ်ပရိသတ် သိရှိ ကြပြီး ဖြစ်ပါလိမ့်မည် ။


ထိုစဉ်က ကျွန်တော် သည် မြမျိုးလွင် ၏ တစ်မတ်တန် နှင့် ကျွန်တော် ရေး သည့် တစ်မူးတန် ပေါက်ကရ ဝတ္ထု ကလေးများ အသင့်အတင့် ထုတ်ဝေ နိုင်ခဲ့ သဖြင့် စတိုင် နှင့် ဘာနှင့် ဟန်ကျပန်ကျ မဟုတ်သော်လည်း ထမင်း တစ်လုပ် ကို မူ မပူမပင် စားသောက်နိုင်ခဲ့သည် ။ 


ကျွန်တော်တို့ ဇနီးမောင်နှံ တွင် သားသမီး အဖတ် မတင်သေး ။ ဆယ့်သုံးလေးနှစ် အရွယ် ညီငယ် တစ်ယောက် သာ ရှိသည် ။


အိမ်လခ တစ်ပြား မှ မပေးရ ။ ဦးဘတင် က သူ့ အိမ် ခြံဝင်း အတွင်း ရှိ သူ ၏ အဒေါ် တော်သူ ဒေါ်ဒေါ်ဇင် ၏ အိမ်ငယ်လွတ် ကို ကျွန်တော် တို့ အား မေတ္တာ ဖြင့် နေခွင့် ပြု၏ ။ ထိုစဉ်က မန္တလေး ကုန်ဈေးနှုန်း မှာ အစစအရာရာ ရန်ကုန် ထက် သက်သာသည် ။ ရန်ကုန် က တင်ပို့ရသည့် အချို့ ကုန် မှာ လက်လီဈေးနှုန်း တွင် ရန်ကုန် ထက် ပင် ချိုသေး၏ ။ သဟာကြောင့် မန္တလေး ၏ ဗဟိုဈေးကြီး ကို ဈေးချိုတော် ဟု ခေါ်လေသလား မသိ ။


ထိုအချိန် တွင် ကျွန်တော် က ကလောင် ကိုင် ၍ မဟုတ်က ဟုတ်က စိတ်ကူးယဉ် ဝတ္ထုတွေ ရေးသည် ။ ကမ္ဘာ့ထိပ်တင် ဦးဘတင် က ( စာအုပ် ထွက်ပြီး ၊ တင်ပို့ ရောင်းချပြီး ၊ ငွေပြန်ရပြီး ၊ ကျွန်တော်တို့ စားဖို့သောက် ဖို့ ချန်ပြီး မှ ပုံနှိပ်ခ ငွေချေစနစ် ဖြင့် ) ရိုက်နှိပ် ပေးပါ သည် ။


ပုံနှိပ်စက် မှ ရိုက်ပြီး သမျှ ( လေးမျက်နှာ တစ်ဖောင် ) စာဖောင်များ ကို ဇနီး နှင့် ညီငယ် တို့ က ဖြတ်ကြ ခေါက်ကြ ရသည် ။ ဝတ္ထု တစ်ပုဒ်လုံး ရေးသား ပုံနှိပ်ပြီးပြီ ဆိုလျှင် စာအုပ် ဖြစ်အောင် သုံးယောက်သား မတတ် တတတ် ဖြင့် ချုပ်ကြရသည် ။ တစ်မူးတန် တစ်အုပ် ထွက် လျှင် ကျွန်တော်တို့ သုံးလ လောက် ထိုင်၍ စား နိုင်ပါသည် ။


ကျွန်တော် ထိုင် မစားခဲ့ပါ ။ စာအုပ် တစ်အုပ် ထွက် ၍ ပုံနှိပ်ခ ကြွေး ဆပ်ပြီး နောက် ၊ စက္ကူဖိုး ရလျှင် နောက် တစ်ပုဒ် ထပ်ရေး ၊ ထပ် ရိုက်သည် ။ မြမျိုးလွင် ၏ တစ်မတ် တန် လည်း စာမူ ရ လျှင် ထုတ်ဝေခဲ့ သောကြောင့် ပတ်ဗလစ်ရှာ ဘဝ ဖြင့် ပထမဆုံး ငွေ တစ်ရာကျော်ကျော် မျှ စုမိဆောင်း မိ ခဲ့ပါသည် ။


ယင်းကဲ့သို့ အရင်းရှင်ပေါက်စန ဖြစ်လာ ရ ခိုက် တွင် အပေါင်းအသင်း ကောင်းမှု ကြောင့် ကျွန်တော့် မှာ ကပ္ပလာနိမ်း ခါနာနိမ်း ရမည့် ဘဝ သို့ ဆိုက်ရောက်ခဲ့ ရ သည် ။


ကျွန်တော် သည် ဖဲသမား ၊ ကစော်သမား ၊ အလေ လိုက်သူများ ကို အပေါင်းအသင်း လုပ်ခဲ့ မိ၍ မဟုတ်ပါ ။ စာပေနယ် တွင် တွင်ကျယ် နေသည့် စာအုပ်သည် ကို ပေါင်းသင်း မိ ၍ ဤသို့ ဖြစ်ခဲ့ရပါသည် ။


ကျွန်တော် က လူလည် ၊ အဘယ်သူ့ ကို မဆို ယုံတတ် ပြီး ဘာမဆို ပုံ အပ်တတ်သည် ။


မန္တလေး ဈေးချို အလယ်ပေါက် သည် လူသွား လူလာ များ၍ စည်ကား လှသည် ။ ထို ဈေးချို အလယ်ပေါက် မှ တစ်ယောက်သော စာအုပ်ဆိုင်ရှင်ကြီး သည် ( ကျွန်တော် ၏ ပထမဆုံး တစ်မူးတန်ဝ တ္ထုကလေး ထွက်စ က ) အိမ်တိုင်ရာရောက် လာ၍ မိတ်ဖွဲ့သည် ။


သူ က ကျွန်တော် နောက် ရေးမည့် ဝတ္ထု ကို အုပ်ရေ ပိုမို ရိုက်နှိပ်ရန် တိုက်တွန်းသည် ။ တစ်မူးတန် ခေတ်၌ မန္တလေး ထွက် တစ်မူးတန်များ တွင် ကျွန်တော် ၏ ဝတ္ထု က ဒုတိယမြောက်ဖြစ်သည် ။ ပထမဦးဆုံး ထွက် မန္တလေး တစ်မူးတန် ကား အဆွေတော် ၏ ‘ လေဒီကုတ် ’ ဖြစ်သည် ။ တစ်မူးတန် ခေတ်ကောင်းချိန် စာအုပ်သည် တွေ စန်းပွင့် ခိုက် ၊ တိုး၍ ရိုက်ရန် တိုက်တွန်းခြင်း မှာ မဆန်းပါ ။ 


ထိုခေတ် က ထို သူ သည် မန္တလေး ၌ အထင်ရှားဆုံး သော စာအုပ်သည်ကြီး ဖြစ်သည် ။ ရန်ကုန် ဆူးလေဘုရား တွင် သူ့ ညီ ၏ စာအုပ်ဆိုင်ကြီး ရှိသည် ။ သူ့ ညီ ၏ ဝတ္ထု တိုက် မှာလည်း နာမည်ကြီး ဖြစ်သည် ။ ရွှင်ပျော်ပျော် ဝတ္ထုတိုက် ၏ နောက် ဒုတိယ လိုက်သည် ဟု ဆိုသည် ။ ထို သူ က ကျွန်တော့် ဝတ္ထု ထိပ်တင်ထွက် ဝတ္ထုများ ကို ရန်ကုန် သူ့ ညီ ၏ ဆိုင် သို့ လည်း သူ က တာဝန် ယူပြီး ပို့ပေးသည် ။


ကျွန်တော် ပတ်ဗလစ်ရှာ သည် ဤ လိုမိတ်ကောင်း ဆွေကောင်း ၊ ကိုယ့် စာအုပ် ကို တွင်ကျယ်စွာ ရောင်းချ ပေး သည့် ကိုယ်စားလှယ်ကောင်းကြီး နှင့် မျှ မပေါင်း လျှင် အဘယ်သူ နှင့် ပေါင်းသင်းရပါ အံ့နည်း ။


အစ ကား ကောင်းပါ၏ ။ အလယ် တွင် လည်း ကောင်းပါသေး၏ ။ အနှောင်း ဖြစ်ပုံ သနစ်စုံပြန်ခါ ကြား ရလျှင် ကျွန်တော် ပဲ မှား သလား ။ အ သလား ၊ န သလား ၊ ကျွန်တော့် ဘာသာ မခွဲခြားတတ်ပါ ။ “ ခွေးလှေးပျားတော အနှံ့ ” ဟူသည့် စကားပုံ နှင့် နှိုင်း ရမည်လား ။ “ တမိုးလုံး ဖျောက်ဆိတ် ” နှင့် ပင် နှိုင်းရ မည်လား နှိုင်းချင်ရာ နှင့် နှိုင်း ။ တစ်မူးတန်များ ပလူပျံ ၍ အရောင်း ရ မဟန် ၊ အထုတ် ရ မသွက် ၊ တစ်မူးတန် ခေတ် ပျက်တော့မည့် အချိန် တွင် ကျွန်တော် ရေးသည့် ‘ ချစ်မဝ ’ ထွက်သည် ။


ကျွန်တော့် လက်စွဲ ကိုယ်စားလှယ်ကြီး သည် ‘ ချစ်မဝ ’ ဝတ္ထုအုပ်ရေ ငါးထောင် ကို ပြည်လုံးကျွတ် ကိုယ်စားလှယ် ယူပြီး စာအုပ်စည်းများ ကို ရထားလုံး ပေါ် သို့ ကျုံး ၍ အကုန်လုံး တင် သွားပါသည် ။


ဝင်ငွေ တစ်ပြား မျှ မပေး ။ လေအေးကလေး ဖြင့် ပြည်လုံးကျွတ်ကိုယ်စားလှယ် ယူ သွားသည် ။ နယ် စာအုပ်ဆိုင်များ က လည်း ငွေ ကြိုတင်ပို့သည် က အလွန့် အလွန် နည်း ၍ ဗွီပီပီ ဖြင့် မှာကြားသူ သာ များ လေရာ ၊ နယ်အော်ဒါ စာရင်း ကို ပင် လျှင် သူ့ လက်တွင်း အပ် လိုက်ရသည် ။ 


တစ်ပတ်လောက် အကြာ တွင် ကျွန်တော် ဈေးချို သွား ၍ ငွေ တောင်း သော အခါ ခြူသံ ပါ သည့် ညည်းညူ စကားများ ကို ထိုင် ၍ သာ နားထောင်ခဲ့ ရ လျက် ၊ နောက် အပတ် သို့ ရက်ချိန်း လိုက်သည် ။ နောက် တစ်ပတ် ၌ မူ လူ ကို မတွေ့ရ ၊ နောက် နောက် အပတ် များစွာ တွင်လည်း မဟာကိုယ်စားလှယ်တော်မင်း ကို အလျဉ်း မမြင်ရဘဲ ၊ သူ့ တပည့် ငနဲများ နှင့် သာ ဆုံရကြုံရ ကာ ၊ မုံရွာ သွား သတဲ့ ။ ရန်ကုန် လား သတဲ့ ၊ မြစ်ကြီးနား ဘက် ထွက်ပြန်ပြီတဲ့ ။ ရက်စက်မှု ကမ်းကုန် ၊ ကျွန်တော့် မှာ ရှိသမျှ ချွတ်ခြုံကျ လျက် ၊ ပုံနှိပ်စက် ရိုက်ခ ကြွေး တစ်ရာကျော် တင်သည့် ဘဝ ကို သာ ရောက် ရသည် ။ ပြည်လုံးကျွတ် ကိုယ်စား လှယ်ကြီး ထံ မှ ခြူးတစ်ပြား မျှ မရတော့ပါ ။


ထိုအခါ နိုင်ငံမကျော် သည့် ကလောင်ဗလချာ ( ပတ်ဗလစ်ရှာ လည်း ဖြစ်ထသော ) ကျွန်တော် သည် ဆင်းဂါးအပ်ချုပ်စက် တစ်လုံး ကို လ ဆိုင်း ( ငှား ဝယ် စနစ် ဖြင့် ) ဝယ်ယူ ကာ ၊ ထိုစဉ်က ခေတ်ထ နေသည့် စက် ပန်းထိုး အလုပ် ကို သုံးယောက်သား ကြံဖန် လုပ်ကိုင်ခဲ့ရသည် ။


မမေ့နိုင်သော နေ့ ။


ထို မမေ့နိုင်သော နေ့ တွင် ပန်းထိုးချည် ကုန်တော့ မည် ဖြစ်၍ ညီငယ် စက် ထိုင်လျက် ဇနီး သည် ဖောက်ပန်း ကိုက်ညှပ် နေသည် ကို အလုပ် မပျက်စေ လို သဖြင့် ကျွန်တော် သည် ဈေးချို သို့ သွားရန် အိမ် မှ အထွက် ၊ ကျွန်တော့် ဖိနပ် တစ်ဖက် မှ သည်းကြိုး ပြုတ်ထွက်ပါတော့သည် ။ ဇနီးသည် နှင့် ညီငယ် တို့ ၏ ဖိနပ် ကို လည်း ကျွန်တော် စီး ၍ မဖြစ် ။ ကျယ် လျှင် မထောင်းတာ ။ ကျဉ်း နေ၍ ကျွန်တော့် ခြေ သွင်း မရ ။


သုံးယောက်သား စက် ပန်းထိုး နေကြသည် ဆိုသော် လည်း တကယ်တမ်း စက် တွင် ထိုင် သူ မှာ ညီငယ် ။ ဇနီးသည် က ဖောက်ပန်း ကို ဒိုင်ခံ ကိုက်ညှပ်သည် ။ ကျွန်တော် က ပန်းပုံ ရေး ပေးသည် ။ ပန်းဆန်းကလေးများ ထွင် ပေးသည် ။ ကျွန်တော် လမ်း ထွက် လျှင် အလုပ် မပျက် ။ 


မတတ်နိုင် ။ စက် တွင် ထိုင်၍ ပန်းထိုး နေသည့် ညီငယ် ကို ပင် လွှတ်ရတော့မည် ။


ထိုအတွင်း တစ်ခြံတည်း တစ်ဝင်းတည်း နေ အိမ်နီးချင်း လည်း ဖြစ် ၊ အိမ်ရှင် လည်း ဖြစ်သည့် ဦးဘတင် ၏ အဒေါ် သည် နှစ်နှစ် သမီး အရွယ် မြေးငယ်ကလေး ခင်မမ ကို ချီပိုး လျက် ကျွန်တော် တို့ ဆီ ရောက် လာသည် ။ 


ဖိနပ်သည်းကြိုး တစ်ဖက် ပြုတ်ထွက်သည့် အရေး တော်ပုံ ကို ဒေါ်ဒေါ်ဇင် အလုံးစုံ သိသွားသည် နှင့် ဦးဘတင် ၏ ဖိနပ် ကို ခေတ္တ ယူ စီးရန် ပြောပြီး သူ ကိုယ်တိုင် သွားယူ ပေးမည် လုပ်သည် ။ ကျွန်တော် က လက်မခံဘဲ တောင်းပန် ငြင်းဆန်လိုက်မိ၏ ။


ဦးဘတင် မှာ  ကျွန်တော် ၏ အစ်ကိုကြီး အရင်း လို ခင်မင်ရင်းနှီးသူ ဖြစ်သော်လည်း ဦးဘတင် ကို ကျွန်တော် လန့်သည် ။ ဦးဘတင် သည် အလွန် စည်းကမ်းကြီး သည် ။ အဘယ်သူ့ဆီ က မှ အဘယ်ပစ္စည်း အသေးအဖွဲ ကို မျှ မငှား ။ သူ့ ပစ္စည်း ကို သာ သူတစ်ပါး အား ငှားရ

သည် ။ သူ့ ပစ္စည်း ကို ငှား သွား လျှင် လည်း အချို့အယွင်း မရှိဘဲ အချိန်တန် ပြန် ပေး မှ ကြိုက်၏ ။ အိမ်နီးနားချင်း အချို့ သည် ဦးဘတင် ထံ မှ နေ့စဉ် သတင်းစာများ ကို ငှား ဖတ်လေ့ ရှိကြ၏ ။ ပြန် အပေး တွင် သတင်းစာ ကျိုးကြေ လာလျှင် သတိပေးရုံ ပေးမည် ဖြစ်သော်လည်း ၊ တစ်နေ ရာရာ က စုတ်ပြတ်လာမည် ဆိုလျှင် ကား နောက်ထပ် မည်သည့် အခါမျှ ငှားတော့မည် မဟုတ် ။


ဦးဘတင် သည် သိက္ခာသမာဓိ ဖြင့် တည်ကြည် ခံ့ညားစွာ နေတတ်သူ ဖြစ်သည် ။ ဦးဘတင် ၏ ဇနီး ဒေါ် မိမိကြီး ဘက် မှ အဒေါ် တော်စပ်သည့် သူ့ ထက် အသက် လည်း ကြီးသော ဒေါ်ဒေါ်ဇင် က ပင် လျှင် “ ဦးဘတင် ” ဟု ခေါ်ဝေါ်ခြင်း ခံရသူဖြစ်သည် ။


ထို့ပြင် ဦးဘတင် သည် ငွေကြေး ကို အပို မဖြုန်း တတ် ။ အလုပ် နှင့် လက် မပြတ်သော ဝီရိယ ရှိသူ ဖြစ် ၏ ။ တစ်မူးတန်ဝတ္ထုများ ထုတ်ဝေစဉ် က ကျွန်တော် အရေး ပျင်း၍ စာစီသမား ရပ် နေရလျှင် ကျွန်တော့် ကို မြည်တွန်တောက်တီး တတ်သည် ။ ဦးဘတင် တို့ မိသားစု သည် ရုပ်ရှင်ဇာတ်ပွဲ တို့ သို့ သွားရောက် ကြည့်ရှုကြ သည် ဟု ကျွန်တော် မကြုံစဖူး ။ ကျွန်တော်တို့ ငမွဲ သုံးဦး က သာ ဘိုင်ကျပါသည် ဆိုလျက် နှင့် ရုပ်ရှင် ကို အနည်း ဆုံး တစ်လ တစ်ခါ လောက် တော့ ကြည့် ဖြစ်အောင် ကြည့် လိုက်ကြ၏ ။


ဤသို့ စည်းကမ်း ကြီး၍ အသုံး နှင့် အဖြုန်း ခွဲခြား တတ်သော ဦးဘတင် ထံ မှ ဖိနပ် ငှား စီးရန် ကျွန်တော့် မှာ ဝန်လေး နေပါသည် ။ သို့အတွက် လိုချင်လျက်နှ င့် ငြင်း ဆန် နေရသည် ။


“ ကဲ မောင်ကျော် ၊ သားရေဖိနပ် စီးသွားရမှာ အားနာ ရင် ဦးဘတင် ရေချိုးတော့ စီးတဲ့ ခုံဖိနပ် ယူသွား ဟုတ် လား .. ” ဟု ဒေါ်ဒေါ်ဇင် က ပြော ပြန်သည် ။


ဤ အကြိမ်တွင် မူ ကျွန်တော် သည် ညီငယ် ကို လွှတ် ရ လျှင် အလုပ် ပျက်မည် စိုး၍ သဘောတူ လိုက်ပြီး ၊ ကျွန်တော့် ဇနီး ကို ဒေါ်ဒေါ်ဇင် ၏ နောက်သို့ လိုက်၍ ခုံဖိနပ် ယူစေပါသည် ။


ကျွန်တော် သည် ဈေးချို သို့ သွားရာ၌ ပါ လာသည့် အသပြာ မှာ ပန်းထိုးချည် တစ်လုံးစာသာ ဖြစ်သည် ။ သို့ ကြောင့် ခုံဖိနပ် တစ်မတ်တန် အသစ် တစ်ရန် ပင် မဝယ် နိုင် ။ ကိစ္စ မရှိပါ ။ ပန်းထိုးချည် ရ၍ ပန်းထိုး ပြီး အင်္ကျီများ ကို အလုပ်ရှင် ထံ အပ် လျှင် လုပ်ခငွေ ရမည် ။ ထိုအခါ ဖိနပ် ရော အလုပ်ပစ္စည်း ရော မီးဖိုချောင် အတွက်ပါ ဝယ် နိုင် ခြမ်းနိုင်မည် ။ မနက်ဖြန် အလုပ် ပြီးစီး လျှင် ညီငယ် ကို လွှတ်နိုင်မည် ။ နက်ဖြန် မတိုင်မီ ကျွန်တော် နောက်ထပ် လမ်း ထွက် စရာ မရှိ ။ ခုံဖိနပ် အသစ် တစ်ရန် ကို မနက်ဖြန် အထိ စောင့်လိုက်မည် ။


ကံ မကောင်း ချင် တော့ ဈေးချို က အပြန်တွင် မလွန် ရပ် ၌ တစ်လံကျော် မျှ ရှိသည့် လမ်းလယ် က ရေအိုင်ငယ် ကလေး ကို အမှတ်တမဲ့ ဖြတ်၍ အလျှောက် ၊ တစ်တောင် လောက် နီးပါး ဗွက်နစ် အသွား တွင် ကိုယ့် ခြေထောက် ပြန် အနုတ် ၊ ခုံဖိနပ် တစ်ဖက် ပြုတ်ကျန် ရစ်လေတော့၏ ။ 


ကျွန်တော် သည် ဗွက် ထဲ သို့ ကုန်း ၍ နှိုက် ကာ ရှာပါ သည် ။ ကျောက်ခဲ ကျေ အုတ်ခဲ ကျိုး တချို့တလေ သာ တွေ့ရသည် ။ တစ်ဖက် တည်း သော ခုံဖိနပ် ဧကန် ပါဒုက ကား လားလား မျှ မတွေ့ရပါ ။ ဗွက် ကို ကွေ့ရှောင် ကာ ဥဒဟို သလား နေကြသူများ က ကျွန်တော့် ကို ကြည့်၍ ကြည့်၍ သွားကြသည် မှာ မျက်နှာ မထား တတ်အောင် ရှက်စိတ်များ ဘောင်ဘင်ခတ် နေတော့သည် ။


ထို့ကြောင့် လူ အပြတ် တွင် ကျန် ဖိနပ်တစ်ဖက် ကို လမ်းဘေး ချွတ် ၍ ပါလာသည့် ထီး ဖြင့် အုပ်ထား လိုက်သည် ။


ကျွန်တော် ပိုင် ခုံဖိနပ် သာ ဆိုလျှင် ဆက်၍ မရှာမည့် ပြင် ၊ ကျန် တစ်ဖက် ကို လွှင့်ပစ် ပြီး ခြေထောက် ချည်း ပြန် ခဲ့မည် ဖြစ်၏ ။ ယခုမူ သူများ ဖိနပ် ငှား စီးလာ မိ၍ အစား ဝယ် ပေး လျှင် လည်း ခင်မင်ရင်းနှီးသူချင်း ဖြစ်သော ကြောင့် မည်သည့် နည်းနှင့်မျှ လက်ခံလိမ့်မည် မဟုတ် ။ ခုံဖိနပ် ငှား စီးရသည့် ဘဝ ကို လည်း ဦးဘတင် မသိစေ ချင် ။ ထို့ကြောင့် တပင်တပန်း မွှေနှောက် ရှာဖွေ နေမိခြင်း ဖြစ်သည် ။


ထိုအတွင်း ရေအိုင်ဗွက် နှင့် မျက်နှာချင်းဆိုင် မူလတန်းကျောင်း မှ လေးနာရီ ထိုး၍ ကျောင်းဆင်း လာကြ သည့် ကလေးများ သည် ကျွန်တော့် အပါး အရောက် ၊ ခါး ထောက်သူ ထောက် ၊ စာအုပ် ပိုက်သူ ပိုက် ၊ လွယ်အိတ် သိုင်းသူ သိုင်းဖြင့် ဝိုင်းအုံ ရပ်ကြည့်ကြပါတော့သည် ။ 


“ ဦးလေး .. ဘာ ကျပျောက်လို့လဲ ဟင် ... ၊ ဘာ ကျပျောက်လို့လဲ ” ဟု မေး သူ က မေး ။


“ အိုကွာ .. အဖိုးတန်တာ ကျသွားလို့ ဒါလောက် ရှာနေတာပေါ့ကွ ” ဟု အချင်းချင်း ပြောသူ ပြော ။ 


ကျွန်တော် ဇောချွေး ပြန် မတတ် အဖြေရ ကျပ် ၊ အနေ ရ ကျပ်လျက် ရှိစဉ် ဆရာကြီး နှင့် ဆရာမလေး တို့လည်း အနီး ရောက်လာ ရပ်ကြည့် ကြ ပြန်သည် ။


“ ဘာ ကျပျောက်တာလဲ ခင်ဗျာ ၊ ဘာ ကျပျောက် တာလဲ ” ဟု ပျာပျာသလဲ ဆရာကြီး က မေး ပြန်သည် ။ 


ဗွက်တွင်း သို့ ကုန်း ၍ နှိုက် နေသော ကျွန်တော် သည် မေးလာသူ ကို လက်သီး ဖြင့် ထ ထိုး ချင်လောက် အောင် စိတ်ပေါက် သွား မိသည် ။ နောက်မှ စေတနာ ဖြင့် ပူပူ ဆာဆာ မေးလာသူပါ တကား ဟု သတိတရား ရကာ ၊ မျက်နှာ ကို အတတ်နိုင်ဆုံး ပြုံးချိုစွာ ထားပြီး “ ဖောင်တိန် ကလေး ကျသွားလို့ပါ ” ဟု လိမ် ဖြေရင်း ဗွက်တွင်း သို့ ချက်ချင်းပြန် ကုန်း၍ နာနာ နှိုက် လိုက်သည် ။


“ ဟဲ့ .. ဟဲ့ ... ဖောင်တိန် ကျ သွားလို့တဲ့ ဝိုင်း ရှာကြ စမ်း ... ဝိုင်းရှာကြစမ်း ... ” ဟု ဆရာကြီး က ပြောပြော ဆိုဆို သူ ကိုယ်တိုင် အင်္ကျီ လက်မောင်း ပင့်၍ စတင် ကာ ဗွက် ထဲ သို့ နှိုက် လိုက်ရာ ၊ ဆရာမ ရော ကျောင်းသူ ကျောင်းသားကလေးများ ပါ ဗွက် ထဲ သို့ ဝိုင်းနှိုက်မွှေ နှောက်ကြ ပြန်သည် ။


ရွှံ့ သာ ပေသည် ။ ရေ သာ စဉ်သည် ။ ဖောင်တိန် နှင့် တူသည့် တုတ်အ တိုအစကလေး မျှပင် မတွေ့ကြရ ။ 


သူတို့ တစ်တွေ ဖောင်တိန်ကို ရှာဖွေ၍ မတွေ့သည် မှာ အံ့သြစရာ မရှိပါ ။ ကျွန်တော် ခုံဖိနပ် တစ်ဖက် ရှာ မရခြင်း မှာ သာ အံ့ဩဖွယ်ရာ ကောင်းလှသည် ။ တစ်ခု တော့ ရှိသည် ။ သူတို့ တစ်တွေ ရပ်ကာ ရှာဖွေကြသည့် နေရာများ တွင် ဖိနပ် ရှိချင် လည်း ရှိနိုင်ပါသည် ။ 


နောက်ဆုံး တွင် စိတ်မကောင်းစွာ လက်လျှော့ သွား ကြဟန် ပေါက် လာ မှ ကျွန်တော်က “ နေပါ့စေတော့ ခင်ဗျာ ... ဒုက္ခ ခံပြီး ရှာမနေကြပါနဲ့တော့ ” ဟု တောင်း ပန်ပြီး ကျန် ဖိနပ်တစ်ဖက် ကို ထီး နှင့် ရော၍ ခပ်ဝှက်ဝှက် ခပ်ကွယ်ကွယ် ကိုင်ပြီး ထွက်လာခဲ့သည် ။


ကျန် ဖိနပ် တစ်ဖက် ကို ကြား မှ ဝင်၍ ငှား လိုက်သူ ဒေါ်ဒေါ်ဇင် အား ပြသ လိုက်ပြီး ဗွက်နစ်ခဲ့ကြောင်း သက်သေ ထူရမည် ။ သို့မဟုတ် ပါ က တစ်နေရာရာ တွင် တောင်စဉ် ရေမရ လေပန်း နေပြီး စီးနေကျ မဟုတ်သည့် ခုံဖိနပ် မို့ အမှတ်မဲ့ မေ့လျော့ကာ ကျွန်တော် ထွက်လာခဲ့သည် ကို နောက် မှ လှီးလွှဲပြောသည် ဟု ထင်ကောင်း ထင်နိုင်သည် ။ ကျွန်တော် သည် ပေါ့လျော့သည့် လူစားမျိုး ဖြစ်သွား နိုင် သည် ။ ကလောင်သမားများ ကို အခြားသူများ က အတွေး သမား ၊ အငေးသမား ကြောင်တောင်တောင်များ ဟု မှတ် ယူထား တတ်ကြ၏ ။ ထို့ကြောင့် ဖိနပ် တစ်ဖက် ကို ဝှက် ပြီး ပြန် ယူခဲ့ခြင်း ဖြစ်သည် ။


အိမ် ပြန် ရောက်၍ ဒေါ်ဒေါ်ဇင် နှင့် တွေ့ကြပြီး ၊ အကြောင်းစုံ နတ်သံ နှော၍ ပြောပြပြီးနောက် .. 


“ ဦးဘတင် ဖိနပ် ကို သူ မသိအောင် ကျွန်တော် ယူ စီး ပြီး ... အခုလို ဖြစ်ရတာ .. သိပ် စိတ်မကောင်းတာပဲ ခင်ဗျာ ... ၊ အသစ် ဝယ်ပေး လည်း ဦးဘတင် လက်ခံ မှာ မဟုတ်ဘူး .. ၊ သူ့ ဖိနပ် ကျွန်တော် ယူ စီးတာ ကို ... ဦးဘတင် သိ ကို မသိစေချင်ဘူး ” ဟု ညည်းညည်းညူညူ ပြော မိရာ ၊ ဒေါ်ဒေါ်ဇင် သည် ဘာမပြော ညာမပြော သူ တို့ အိမ်ဘက် ပြန်ထွက်သွားသည် ။


ခဏအကြာ ဒေါ်ဒေါ်ဇင် ပြန်လာသည့် အခါ သူ့ လက်ထဲတွင် ခုံဖိနပ် အဟောင်း တစ်ဖက် ကိုင် လာသည် ။ ဒေါ်ဒေါ်ဇင်သ ည် သူ့ လက် ထဲ က ဖိနပ် တစ်ဖက်နှင့် ကျွန်တော် ပြန်ယူလာသည့် တစ်ဖက်ကို  ယှဉ်၍ ချ ကြည့်ပြီး .. 


“ ကိစ္စမရှိဘူး... မောင်ကျော် ရဲ့  ၊ တူတယ် တူတယ် ၊ တူဆို ခုံဖိနပ်ချင်း ... တံဆိပ် တစ်မျိုးတည်းကိုး ကွဲ့  ၊ အရင် ... ဦးဘတင် ဖိနပ် တစ်ဖက် သရေကွင်း ပြတ် သွားလို့ အသစ် တစ်ရန် ဝယ်တော့ ဒေါ်ဒေါ်ဇင် ... ဒီအဟောင်း တစ်ဖက်ကို .. လိုရမည်ရ သိမ်း ထားတာ ကွဲ့ ၊ အခုတော့ အတော်ပဲ ... ၊ ဟိုးတုန်းက အဟောင်း တစ်ဖက် နဲ့ နောက် အဟောင်း တစ်ဖက် ... နှစ်ဖက် တွဲ လိုက်တော့ ... သူ့ နဂို အတိုင်းပဲ ဖြစ်သွားတာပေါ့ ... ၊ မင့် ဦးဘတင် သိ ကို သိမှာ မဟုတ်ဘူး ” ဟု ရယ်မော ပြော မှ ကျွန်တော် လည်း မျက်နှာ ပူစရာ မလိုတော့ဘဲ ဖြစ်ရပါတော့ သတည်း ။


◾ နိဂုံး အမှာ ။


စာရေးဆရာ ဦးအောင်ဗလ ခင်ဗျား ။

      မိတ်ဆွေကြီး ၏ ‘ သဲကြိုးနီနီ ’ ဝတ္ထု ကို ယခုသြဂုတ်လ ပထမပတ် အတွင်း က ရရှိ ပြီး နောက် ၊ ချက်ချင်း ကျွန်တော် ဖတ်ကြည့်ပြီး အလွန်သဘောကျ လှသည့် အတွက် ပန်းချီ ချက်ချင်း အပ် လိုက်ပါတယ် ။ ယခု စက်တင်ဘာ လ ထုတ် ရှုမဝ စာမျက်နှာ ( ၁၁၉ ) တွင် မိတ်ဆွေကြီး ၏ ‘ သဲကြိုးနီနီ ’ ဝတ္ထု ပါရှိသည် ကို တွေ့ မြင်ရပါလိမ့်မည် ။ အထက်ပါ ကျွန်တော် ၏ ( ဝတ္ထု ခေါ်မလား ၊ ဆောင်းပါး ခေါ်မလား ။ ခေါ်ချင်ရာ ခေါ်နိုင်သည့် ) စာတို စာ စသည် မိတ်ဆွေကြီး ၏ ‘ သဲကြိုးနီနီ ’ ကို ဖတ်ပြီး မှ ကျွန်တော် ရေးချင် စိတ် ပေါက်၍ ရေး လိုက်သည့် ‘ ခုံဖိနပ်တစ်ဖက် ’  ဖြစ်ပါသည် ။ ကျွန်တော် ၏ ခုံဖိနပ် တစ်ဖက် သည် ကိုယ်တွေ့ တကယ့် အဖြစ်အပျက် ဖြစ်ပါသည် ။ သဲကြိုးနီနီ နှင့် ခုံဖိနပ် တစ်ဖက် တို့မှာ ဖိနပ် အကြောင်းအရာ ချင်း တူ ပါသည် ။ ယိုးဒယားဖိနပ် အသစ် မဝယ်နိုင် ရှာသည့် စာရေးဆရာ သည် ( သဲကြိုးနီနီ ) ဝတ္ထု တွင် ဇာတ်ကောင် တစ်ကောင် ဖြစ် သလို ခုံဖိနပ် အသစ် တစ်ရန် ဗြုန်းခနဲ မဝယ်နိုင်သည့် ကလောင်ပေါက်စ သည် ( ခုံဖိနပ် တစ်ဖက် ) တွင် ဇာတ်ကောင် တစ်ကောင် အဖြစ် ပါဝင် နေပါသည် ။ မိတ်ဆွေကြီး က တော့ စာပေ ဝါနုသူ မဟုတ် သဖြင့် ၊ ဤ ဝတ္ထုတို နှစ်ပုဒ် တူညီနေသည့် သဘော ( ဝါ ) ဆင်တူယိုးမှား ဖြစ်နေသည့် သဘောကို နားလည် နိုင်ပါ သည် ။ “ ကျုပ် ရဲ့ ယိုးဒယားဖိနပ် ကို ဦးကျော် က ခုံဖိနပ် လုပ် ပစ်တာပါ ” ဟု စွပ်စွဲမည် မဟုတ်ကြောင်း ကျွန်တော် အတတ် သိပါသည် ။ အဘယ့်ကြောင့် ဆိုသော် ကမ္ဘာ တစ်ခွင် တွင် ဝတ္ထု ပုဒ်ပေါင်း မရေမတွက် နိုင်လောက် အောင် တစ်ကမ္ဘာလုံး ရှိ စာရေးသူ အားလုံး က အဘယ်မျှ ရေးသားကြ စေကာမူ ၊ အချုပ် မှာ အခြေခံ ဇာတ်လမ်း ( Plot ) သည် မျိုးပေါင်း ၄ဝ သာ ရှိကြောင်း ကို မိတ်ဆွေ ကြီး သိနားလည် ပါ သည် ။ ဇာတ်လမ်း ဟူသည် မှာ ဝတ္ထု တစ်ပုဒ် နှင့် တစ်ပုဒ် ထပ် နိုင်သည် ။ တူ နိုင်သည် ။ ဆင်တူယိုးမှား ဖြစ်နိုင်သည် ။ ဝတ္ထု တစ်ပုဒ် တွင် ဇာတ်လမ်း ( Plot ) ထက် စာရေးသူ ၏ ဖန်တီးမှု အရည်အချင်း ဖြစ် သည့် ( တင်ပြကွက် Presentation ) က ပို၍ အရေးကြီး ကြောင်း ကို မိတ်ဆွေကြီး သိပြီး ဖြစ်ပါသည် ခင်ဗျား ။ 


◾ ရှုမဝ ဦးကျော်


📖 ရှုမဝမဂ္ဂဇင်း 

     စက်တင်ဘာ ၊ ၁၉၇၁


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment