Wednesday, August 9, 2023

အမျှဝေ


 ( ဤ ဝတ္ထု မှာ တကယ် ဖြစ်ပျက်ဖူးသော အကြောင်းပင်တည်း ။ )


❝ အမျှဝေ - ဝတ္ထုတို ❞ 


အချိန် သည် ညနေ ငါးခွဲ မျှ ရှိသေး သော်လည်း ညိုညိုမှိုင်းမှိုင်း တိမ်ပုပ်တွေ ဆိုင်းနေ သော အာကာသ တစ်ခွင် ကောင်းကင်ပြင် သည် ကြည်လင်ရောင် မရှိ ။ မှောင်အတိ ကျနေ သဖြင့် နေ ဝင်ပြီး ကဲ့သို့ ထင်ရ၏ ။ လျှပ်စစ်လျှပ်နွယ် တို့ ကလည်း တထိန်ထိန် တဝင်းဝင်း ၊ အချင်းချင်း တိုက်ကြသော မိုးတိမ် တအိအိ တို့ ၏ အသံ က လ ည်း တဒင်ဒင်း အတင်း နင်း ပစ် လိုက်သော မိုးကြိုးသံ တထိန်ထိန်း ကြောင့် ထ ရသော ကြက်သီးမွှေးညှင်းက လည်း တဖျဉ်းဖျဉ်း ရှိနေ သဖြင့် မကြာမီ မိုး ရွာသွန်းမည်ဟု သိ ရ၏ ။ ယခု ဝတ္ထု ဖြစ်ပျက်သော နေရာ မှ မျက်စိ တစ်ဆုံး ကြည့် လိုက်ပါ မူ စိမ်းလန်းစိုစွတ်သော ယာခင်းပြင်များ ကို မြင်ရ ပေ၏ ။ အင်အားကောင်း လှသည့် နွားမတမ်းမကြီးများပင် ဝင်ရောက် ဖြတ်သန်းခြင်း ငှာ မတတ်စွမ်း နိုင်လောက်အောင် ထူပြော ၊ ထောင်းမောင်းသော ပြောင်းခင်းများ ကို လေ တိုးဝှေ့ သဖြင့် တရှဲတရှဲ နှင့် မစဲဘဲ အသံ ဖြစ် နေလေ၏ ။ အဖူးအပွင့် အတော်ရင့် သဖြင့် တစ်ပင့် တစ်ပင် ဂုဏ် တင် ကာ အကြွားဒြပ် ထုတ် ၍ မနားမရပ် လှုပ် နေသော နှမ်းပင်ကလေး တို့ ကလည်း လှပပေ၏ ။ အချို့သော  ပဲခင်း ၊ ဟင်းသီး ဟင်းရွက်ခင်း ၊ လူးဆတ်ခင်း တို့ မှာ လည်း စိုစိုစိမ်းစိမ်း လေ ထဲ ၌ တယိမ်းယိမ်း ရှိနေ သဖြင့် အထူး သာယာ လေသည် ။


“ သာစွလေ ၊ မြစ်ရေကမ်းပြည့် ၊ တန်းလည်း မှည့်၍ ၊ စည့်စည့်မိုးလ ၊ ဘဒြနှင့် ၊ ပြည်ပ အညီ ၊ ကန်ရာသီ ‘ သာချင်း ’ ထက် ကောင်းကင် ဝေဟာသ ။ ငွေလွှာ ရ ဖတ်ငုံ ။ ရွှေကြာညှာချပ်အုံလို ၊ ရာဇမှတ်ပုံမှုခင်း ၊ မိုးညို့ညို့ ဝလာပြင်မှာ ၊ ထာဝစဉ် သဲမဲ့အဆင်း ” ပျဉ်းမနားသူ ရတနာညိမ်း ၏ ၁၂ - ရာသီဘွဲ့  ( ဒဂုံမဂ္ဂဇင်း ) ။ “ မင်းလွင် ငယ်မှတလှဲ့ ၊ မသာစနိုး ၊ စိတ်လက် ကယ်ညှိုးအောင် ၊ မိုးတလှဲ့ နှင့် အိုဘဲ့ ရာသီ ၊ လည်ပြောက်လည်လှုပ် ၊ ပဲတောက်ပြုတ်နှင့် ၊ ဘုတ်ဇီဝဇိုး ၊ တောင်တော်ရိုးက ၊ ချစ်ကြိုးမပျက် ၊ သည်ချင်းယှက်လို့ ... ” မိန်းမပညာရှိ မယ်ခွေ ၊ ကန်ရာသီ အဲချင်း ။


ပြောင်လက် ပြောင်လက် ပိတုန်းတောင် ရှက်သကဲ့သို့ အရောင်နက်ပြောင်သော မိန်းမ တစ်ဦး ၏ ဆံထုံးတွင် ဖြူဆွတ်သော စံပယ်ပန်းကုံးသည် လွမ်းမဆုံးနိုင်လောက်အောင် အလွန် တင့်တယ်ဘိသည့် အလား ထို စိမ်းလန်းစိုပြည်သော ယာခင်းပြင် တို့ ၏ အလယ် ၌ ဖြတ်သန်း သွားသော ဖြူဖွေးသောချောင်းသည် တင့်တယ်ဘိ၏ တကား ။ ဖြူဆွတ်သော သဲ သည် ချောင်းတစ်ပြင် တစ်လျှောက်လုံး ဖြန့်ဖြူး နေသဖြင့် ချောင်းတစ်ပြင်လုံး သည် ဖြူဖြူဖွေးဖွေးကြီး တည်ရှိလေ သတည်း ။


နုလွင် ပျိုမျစ်သော မြက်များ သည် ထို ချောင်းနံဘေး ၌ ကော်ဇောစိမ်းကြီး ခင်းထားဘိ သကဲ့သို့ အရောင် တဖိတ်ဖိတ် နှင့် ရှိလေ၏ ။ အသက် ၆ဝ ကျော် မျှ ရှိသော အဘိုးအို တစ်ယောက် သည် ၎င်း ကော်ဇော ပေါ် ၌ ရပ်လျက် ချောင်းအညာ ဆီ သို့ ခဏခဏ မျှော်ကြည့်နေ သည် ကို တွေ့ နိုင်လေ၏ ။ မီးပုံကြီးသည် တဖြည်းဖြည်း လောင်ကျွမ်း ခဲ့ ရာ ထင်း ကုန်ခါနီး ၌ မီးတောက် မီးလျှံ သိမ်သေးမှိန်မှေးလာလေ သကဲ့သို့ ( ဇာတိဇရာ ) ဆိုသော တရားတော်မြတ် အရ အနှစ်ပေါင်း ၆ဝ ကျော် ၇ဝ ကျော် မျှ တောက်လောင် ခဲ့သော မီးဖိုကြီးတည်း ဟူသော ခန္ဓာ ကိုယ် ၏ ပိုင်ရှင် အဘိုးကြီးသည် ( စိတ် သွားတိုင်း ကိုယ် မပါ ) ငိုခါ တ သော်လည်း လိုရာ ရ နိုင်ရန် ခဲယဉ်း၍ နွမ်းလျ ဖျော့ဖျော့ အင်အားယုတ်လျော့တတ်သော ဇရာဒုက္ခ ၏ ကုပ်ခွစီးခြင်း ခံရသည် မှာ ဓမ္မတာ ပင် ။ ခါးကိုင်း နားထိုင်း သွားကျိုး ဆံဖြူ လေ သဖြင့် သေမင်း ထံ မှ စရန် ယူပြီး အဘိုးကြီး ဖြစ်၏ ။ သူ သည် ကမ္ဘာလောကကြီး အပေါင်း ၏ အကြောင်း ကို ကောင်း ကောင်း နားလည်ပြီး ဖြစ်လေသည် ။ ရိုးသား ဖြောင့်မတ်၏ ။ ရတနာသုံးပါး ကို ကိုင်းရှိုင်းယုံကြည် ၍ အထူး တရား အားထုတ်သည် ။ သမ္မာအာဇီဝ လယ်လုပ်ခြင်း ဖြင့် အသက် မွေး၏ ။ သို့သော် လယ်ယာပိုင် မရှိ ရှာ လေ ။


၎င်း အနီး ၌ မဲရိုင်းပင်ကလေး တစ်ပင် ကို တအားကုန် ဆွဲနုတ်နေသူ မိန်းကလေး ကား အသက် ၇ နှစ် ခန့် မျှ ရှိ အဘိုးအို ၏ မြေးကလေး တည်း ။ နှာရောင် ပေါ်ပေါ် ၊ မျက်လုံးမျက်ဖန် ကောင်းကောင်း ၊ ပါးစပ်ကလေး က မကျဉ်းမကျယ် ၊ သွားကလေးတွေ က လည်း ပုလဲ လို စီ ၊ နှုတ်ခမ်းကလေး နှစ်ခု ကလည်း သန္တာ လို နီ ၊ နားရွက် နဖူးမေး တို့ က လည်း အချိုးအစား ညီ ၊ အလီလီ အလှသွေး တက်သော မျက်နှာကလေး ရှိ၏ ။ ညှင်း မှဲ့ ကင်းမဲ့ သော အသားဝါကလေး နှင့် အပြစ် ကင်း အချိုး ကျ သော ကိုယ်ပေါက် ကိုယ်ကာယ တို့ သည် ထိုမျှ လှပသော မျက်နှာကလေး နှင့် သင့်လျော် ဆီလျော် ပါပေ၏ ။ အရွယ် ခပ်ကြီးကြီး တို့မြင်ပါ မူ ကြည့်ရှု၍ မငြီးဘဲ သမီး ဟု ခေါ်ချင်ကြ ပေလိမ့်မည် ။ အချို့ ကာလသား တို့ မြင်ကြ ပြန် ပါ မူ ကောင်မလေး အပျို ဖြစ်ရင် ခြောက်ပြစ်ကင်း ပဘာကလေး ဖြစ်ဦးမှာ ပဲ စောင့်ရ ဟန်ကျ ပေါ့ဟု တွေးသူ က တွေးကြံပေမည် ။ အချို့ က လည်း သူ့ မှာ အစ်မများ ရှိ ဘယ်ကလောက် နိပ်မလဲ ဟု ယူဆကောင်း ယူဆပေလိမ့်မည် ။ ငါတို့ မြန်မာဘုရင်များ ရှိသေး က ဖွားစော ကို ကောက်ယူ မြှောက်စား သကဲ့သို့ ဤ သူငယ်မလေး ကို လည်း မြှောက်စား ကောင်း မြှောက်စားပေ လိမ့်မည် ။ သူ သည် ဝမ်းကောင်း နှလုံးကောင်းကလေး ဖြစ်၏ ။ အသက် နှင့် အမျှ လိမ်လည်လှည့်ဖြား ကောက်ကျစ်ခြင်း မပြုခဲ့ ။ ငါးပါးသီလ သည် ဘာဟု မသိသေး သော်လည်း အသက် နှင့် အမျှ လုံခြုံစွာစောင့်ခဲ့၏ ။ ငြူစူ စောင်းမြောင်းခြင်း အဘိဇ္ဈာတရား လည်း မရှိ ။ အပြင်က လှ သလောက် အတွင်း စိတ် လှလေသည် ။


အတန် ကြာသော် သူငယ်မကလေး ဆွဲထုတ် နေသော မဲရိုင်းပင် သည် အမြစ်အအုံ ပါ ကျွတ်ပါ လာလေ၏ ။ ထိုအခါ မှ မိမိ အဘိုးအေ ကြည့်ရှုမျှော်မှန်း နေသော ချောင်းအထက်ပိုင်း ဆီ သို့ ကြည့် လိုက်လေ၏ ။ အဘိုးကြီး သည် ချောင်းညာ ၌ ညို့မှိုင်းအုံ့ဆိုင်းသော မိုးသားတွေ ကို မြင်ရသဖြင့် “ ဟဲ့ မိညို ... ဟိုကြည့်စမ်း ... မိုးတွေ ရွာနေတယ် ” ဟုပြော လိုက်ရာ “ ဟုတ်တယ် အဘိုးရဲ့ … မိုးတွေ သိပ်ရွာနေ တယ်ထင်ပါရဲ့ ” ဟု ပြန်ကြားပြီးနောက် ပြွတ်စိထိုး ၍ ခုန်ပေါက်မြူးထူး နေလေ၏ ။


“ မိညို နွားတွေ စောင့်ရင်း ဒီက ထိုင် နေဦး …. ငါ အခင်း သွားလိုက်ဦးမယ် ” ဟု ပြောပြောဆိုဆို နှင့် ထန်းလျှော်ဖိနပ် ကို တပျတ်ပျတ် စီး၍ ပြောင်းခင်း ဆီ သို့ ဝင်လေ၏ ။ မကြာမီ ပျောက်ကွယ်သွားလေ၏ ။ မိညိုကလေး ခမျာ မှာလည်း ချောင်း ထဲ သို့ ဆင်း ၍ အကမြင်းကြီး ကမြင်း ၍ နေလေ၏ ။


ချောင်း အထက်ပိုင်း ၌ မိုး သည် အလွန် သည်းထန်၏ ။ မိုးရွာ စဉ် ပင် ရေသည်းစီးတဲ ၍ ချောင်းလုံးပြည့် စီးဆင်းသောရေ သည် ဝုန်းဝုန်း ဝုန်းဝုန်း နှင့် ကျယ်လောင်သော အသံ ကို ဖြစ်စေဘိ၏ ။ ၎င်း သည် အစဉ်အတိုင်း စီးဆင်း လာခဲ့ရာ မိုး မရွာသေးသော အပိုင်း သို့ ရောက်သကာလ သဲ အခြောက်ပေါ်  ဖြတ်သော အသံ သည် တရှဲရှဲ နှင့် ။ ယခင် ပြောင်းခင်း လေ ဝှေ့ သော အသံ နှင့် တူဘိ ၍ အဦးဆုံးပြေး လာသော ခေါင်းဆောင် ရေ သည် ယခုကာလ နိုင်ငံရေးခေါင်းဆောင်ကြီးများ ခေါင်းပေါင်းစ ထောင် သကဲ့သို့လည်းကောင်း ၊ မြွေဟောက်ကြီးများ ပါးပျဉ်းထောင် သကဲ့သို့ လည်းကောင်း ၊ နာလာဂီရိဆင် သည် မြတ်စွာဘုရားသခင် အား သ,တ်မည် ဟု လာသော အခါ နှာမောင်းကြီး ထောင် ၍ ပြေးလာ သကဲ့သို့ လည်းကောင်း အထက်သို့ တစ်လံ ကျော်ကျော် မျှ ငေါထွက် ၍ လာလေ၏ ။ ရေ စီးလာပုံသည် အံ့သြဖွယ် လည်း ကောင်းလှ၏ ။ ကြည့်ရှု ၍ လည်း မျက်စိ မညောင်း မဟောင်းနိုင်သော အကောင်းမျိုး ဖြင့် ကောင်း၏ ။ ရေအဟုန် က လည်း တဝေါဝေါ ၊ သဲသံ က လည်း တရှဲရှဲ ကြောင့် ဝေါရှဲဝေါရှဲ နှင့် တော ထဲ ၌ ဆူညံ သွားလေ၏ ။


မိညိုကလေး မှာ ဘာသိဘာသာ ဘာညာညာ မတွေးထင် ပြေးချင် ရာ ပြေး ၊ က , ချင် ရာ က နှင့် အားပါးတရ အူမြူး နေလေသည် ။ ဝေါရှဲ ဝေါရှဲ အသံလာရာ သို့ မျက်နှာ လှည့်လိုက်ရာ အထက် ထောင်တက် ၍ လာသော ချောင်းရေ ကို မြင်လေ၏ ။ မိညိုကလေး မှာ ဝမ်းတွင်း က တရွရွ နှင့် ဖရဏာပီတိ တွေ ဖြစ်နေ လျက် ကမ်းပေါ် သို့ တက်၍ ရေ ကို သွင်းရမည် ကို မျှ မသိတော့ နိုင် ဘဲ “ အဘိုးရေ .. အဘိုး ... ရေတွေလာနေတယ် ” ဟု အကြိမ်ကြိမ် အော်ဟစ် ကာ နေ လေ၏ ။ ကြမ္မာငင် နေ သကဲ့သို့ ။ အေးအေးဆေးဆေး လက်ကလေးများ ကို ခါ၍ ခါ၍ ကြည့်နေ မိ ရှာ၏ ။ သို့နှင့်ပင် ရေအလျဉ် သည် လျင်မြန်စွာ မိညို အနီး တစ်လံ မျှလောက် တွင် ရောက်ခဲ့ မှ ၊ ၎င်းသည် ပြေးရမည် ကို သတိရသလိုလို ဖြစ်ပြီး ၊ နောက်သို့ ချာခနဲ လှည့် လိုက်လေ၏ ။ အပေါ်သို့ တက်ရန် ကြက်ဆူပင် တစ်ပင် ကို ကိုင်ဆွဲ လိုက်ရာ ၎င်းအပင် သည် အမြစ်ပြတ် ၍ သွား သဖြင့် သူခမျာ မှာ လဲသွားရှာလေ၏ ။ လဲကျ နေသော မိညိုကလေး ပေါ် သို့ မြွေကြီး သည် မိမိ အစာ ပါးပျဉ်း ဖြင့် အုပ်ဘိ သကဲ့ သို့ ၎င်း ရေလုံးကြီးများ သည် ဖုံးလိုက်လေ၏ ။ သဲတို့ သည် လည်း ရေ ထက် လေးလံသော အား ဖြင့် ဖုံးလိုက်လေ၏ ။ အသင် ချောင်းရေ ... သင် သည် မြွေပွေး မြွေဟောက် ထက် ပင် ဆိုးဝါးပါသေး၏ ။ မြွေတို့ သည် မိမိတို့အား ရန်စ မှ သော် လည်းကောင်း ၊ အလွန် အလွန် မလွှဲသာ မှ သော် လည်းကောင်း ၊ တစ်စုံ တစ်ယောက် ကို ကိုက်ခဲ၏ ။ သင်တစ်မူ ကား အတင်း ရန်ငြိုး ဖွဲ့၍ သ,တ်ဘိ၏ ။ အို .…. ရက်စက်လှစွာသော အသင် ချောင်းရေ ၊ အဘယ်သောအကြောင်းကြောင့် ဤမျှ အပြစ်ကင်းစင် အချစ်ပင် ကလေး ကို အသင် သ,တ်ရက်လေသနည်း ။ အကယ်၍ သင်သ,တ် လို မူ ဤကမ္ဘာလောက ကြီး ၌ လူလိမ် ၊ လူကောက် ၊ လူယုတ်မာ ၊ လူဗာလတွေ မရှိကုန် သလော ။ အရှက်မရှိ ထင်မိထင်ရာ လော်လည် တတ်စွာသော ၊ တပျံပျံ တထထ နှင့် အတွင်းရွ သည့် ကမြင်းမတွေ မရှိပါ လော ၊ အဘယ်ကြောင့် ဤ ကလေးမကလေး အလိမ္မာ ကလေး ၏ အသက် ကို ယူဘိ သနည်း ။ ရန်သူမျိုး ငါးပါး တွင် တစ်ပါး အပါအဝင် ဖြစ်သော အသင်ရေ သည် ကမ္ဘာ ပေါ် ၌ ဤ ချောမွေ့ လှပသော ၊ သဘောသကာယ နူးညံ့သော ၊ အတွင်း အပြင် ဖြူစင်သူကလေးမကလေး အား မမြင်လိုသဝန်တို ၍ ဖြစ်လေ သလော ။ သြ ... ရက်စက်စွ ၊ ကြမ်းကြုတ်စွ ။


“ အဘိုး ရေ ... အဘိုး ရေ .… ရေတေ လာနေတယ် ” ဟု အော်ငင်ပြောကြားသော အသံ သည် တစ်တော လုံး ပဲ့တင် ထပ်ပြီးနောက် အဘိုးအို ၏ နားတွင်း သို့ သဲ့သဲ့ကလေး ဝင်လာ လေ၏ ။ ၎င်းပြင် မိညို လဲစဉ်က ၎င်း ကိုယ်တိုင် ပင် မသိလိုက်မသိပါ အသံကုန် “ အဘိုးရေ ... အဘိုးရေ ” ဟု အော်မိခဲ့သော အသံ ကို လည်း သူ သည် နား အနည်းငယ် လေးသော်လည်း ကြားရ လေသေး၏ ။ ကိုယ်စောင့်နတ် လှုံ့ဆော်ဘိသည့် အလား စိုးရိမ်ပြင်းပြရကား ကိစ္စမျှ အပြီး မသတ်တော့ဘဲ ထိုင်ရာ မှ အတင်း ထ ၍ တစ်ဟုန်ထိုး ပြေးခဲ့လေ၏ ။ ထန်းလျှော်ဖိနပ် ပြတ်သည် ကို လည်း ပြတ်ပြတ်အတိုင်း စွန့် ခဲ့၍ ဆူးပုံတိုး တိုးမှန်း မသိ ဆူးခက် အငြိငြိ နှင့် သာ ခြေကုန် ခွင်းခဲ့လေ သတည်း ။


မြေးငယ် ကို ထားခဲ့ ရာ သို့ ရောက်သော အခါ တစ်ကိုယ်လုံး ထိတ်ခနဲ တုန်သွားလေ၏ ။ မျက်လုံး ပြူးပြူး ၊ မျက်ဆန် ပြူးပြူး ၊ မူးဝေ နောက်ကျိ ၊ ခပ်ချည့်ချည့် ဖြစ်ပြီး လျှင် ရင်တဖိုဖို နှင့် ဟိုဟိုသည်သည် မျက်ခြည်မပြတ် နှံ့စပ်အောင် ပျာပျာသလဲ ကြည့် လေ၏ ။ မိညို ကို ကား မမြင်ရချေ ။ သေချာအောင် အရေးတကြီးရှာဖွေလေ၏ ။ သို့သော် မတွေ့ ။ မတွေ့ သော်လည်း စာမေးပွဲတွင် မဖြေနိုင်သူ သည် ကျပြီ ဟု သိရ သော် လည်း ကံ ကိုမျှော်ထောက် သဖြင့် အောင်ကောင်း အောင်မည် ဟု ဂေဇက် မထွက်မချင်း မှတ်ထင်စရာ ရှိသကဲ့သို့ မိညိုကလေး အသက် နှင့် ကိုယ် မြဲသေး၏ ဟု သက်သေ တစ်စုံတစ်ခု မပေါ်မချင်း သဘောပိုက် ရှာလေကာ ဇဝေဇဝက် နှင့် အနေ ခက် ၍ နေရှာ လေ၏ ။ ယခင် မိညိုကလေး ထိုင်နေရာ မှ မနီးမဝေး တွင် မတုန်မလှုပ် ကြောက်ရုပ် ကဲ့သို မတ်တတ် ရပ် လျက် ချောင်းရေ ကို စိတ်ဆိုးသောမျက်နှာ နှင့် ကြည့် ပြီးလျှင် နှလုံး နောက်ကျု ရှိရှာ လေ၏ ။


ရေ မှာ လည်း တင်းကျမ်းတိုက်စီး နေ၏ ။ သဲပွက်ကြီးများသည် ပေါ်၍ ပေါ်၍ လာလေ၏ ။ အဘိုးကြီး မှာ စူးစိုက်ကာ ကြည့်ရင်း ရေ ကို သံသယမကင်း ဖြစ်နေဘိ၏ ။ နို့တစ်စလယ် ရေညှစ်ခန့် မျှ ကြာရှိ လေသော် ကြီးမားသော သဲပွက်ကြီး တစ်ခု သည် ၎င်း ၏ အလယ် မှ ခပ်မည်းမည်း အရာကလေး တစ်ခု နှင့် အတူ ပေါ် လာလေသည် ။


သဲများ အောက် တစ်ဖန် ကျသော်လည်း နက်သော အရာသည် ရေ ပေါ် သို့ တက်လာ၏ ။ ထိုအရာ ကို မြင်ရသော အဘိုးကြီး မှာ မျက်စိ ကျယ်၍ ကျယ်၍ လာလေ၏ ။ နောက် ခဏ၌ ၎င်း အရာ မှာ ဆံပင်စုတ်ဖွား နှင့် ခေါင်းကလေး တစ်ခုဖြစ်ကြောင်း သိရသောအဘိုးအေ မှာ နှလုံးအိမ် ကို ဗုံးချိန်၍ ပစ်ဘိသကဲ့သို့ ကြေကွဲ နာကြည်းသဖြင့် ဇောချွေး တွေ ပြန်လာ လေ၏ ။ လှိုင်းလုံးကြီး တစ်ခု သည် ၎င်း ခေါင်း ၏ ကိုယ် ကို ရေ ပေါ် သို့ မှောက်ရက် ဖော်ပေးပြီး နောက် ကျွမ်းထိုး မှောက်ခုံ ဖြစ်သွားအောင် တိုက် လိုက်လေ၏ ။ အဘိုးအို မှာ မိညို ဟု ဆေးသေပေါက် သိရှိရ သဖြင့် မွှန်တက်သွားပြီး ဘာ လုပ်ရမည် မသိ ရီးတီးယောင်တောင် ဖြစ်ပြီး ငေးတွေ ၍ သာ နေရှာလေ၏ ။ မျက်ရည် ထွက်ခြင်း ငိုခြင်းလည်း မရှိပေ ။


ဪ ... အလှ ကြီး လှ ၊ အမြတ်ကြီး မြတ် သော ထို သူငယ်မလေး တစ်ယောက် အား မထောက်မထား ရက်စက်သော ဘောက်သမားကြီး အသင် ရေသည် ထို အိုမင်းမစွမ်း အရွယ် ၌ သောက ရောပြွမ်း ဒုက္ခ လွှမ်း၍ ပွက်ကြမ်း ထ ၍ နေသော အဘိုးကြီး တည်း ဟူသော မီးပုံ တွင် အပိုအလျှံ မလိုတန်ဘဲ နှင့် သောကရတက်သစ် တည်းဟူသော ထင်းများ ကို ထပ်မံ ထိုး ဘိ၏ တကား ။ မိညိုကလေး သည် ကား ထို အဘိုးကြီး ၏ အားလုံး သော မာန ၊ အားလုံးသော ပျော်ရွှင်ခြင်း ၊ အားလုံးသော မျှော်လင့်ခြင်းတို့ ၏ တည်နေရာ ဖြစ်ဘိ၏ ။ ဆေးပေးမီးယူ ကူညီသူ ကလေး လည်း ဖြစ်ဘိ၏ ။ အိုမင်းမစွမ်းသော အသက် ၏ သက်သာရာ သက်သာ စေကြောင်း ၊ နှစ်သက်စေကြောင်း သည် ကား မိညိုကလေးပင် ဖြစ်ဘိ၏ ။ “ ဟဲ့ မိညို ကလေး ရဲ့ ... အဘိုး ပျင်းလွန်း လို့ က ပြစမ်းပါ ... သီချင်း ဆိုပြစမ်းပါ ” ဆိုပြန်ကလည်း အဘိုးကြီး ကို အပျင်းဖြေ လေ့ ရှိသော ထိုသူငယ်မကလေး သည် သေချင်းဆိုး ဖြင့် သေရလေပြီ ။ လှပ စိုပြည် အသရေ ပွင့်လန်း နှင်းဆီပန်းကလေး သည် လူသူ မနီး တောချောင်ကြီး ၌ ပျောက်ပျက်ရ လေပြီ ။ အဘိုးကြီး နေရာ တဲကလေး ၏ တန်ဆာ ကျက်သရေ ( ဝါ ) ငါတို့ မြန်မာပြည် တွင် နှလုံးဖြူစင် သူတော်စင် သက်သက် အလှတကာ ထက် လှ လေသော အမျိုးသမီး ဇမ္ဗူ့ဓဇ အလံတံခွန် သည် မရှိရှာ တော့ပေ ။ ထို့ကြောင့် ၎င်း အဘိုးအေမှာ ဗျာပါရတက် ပိုသည် တွက်ကြောင့် တရား မငဲ့ကွက် ဟု ကဲ့ရဲ့ ရန် မရှိပေ ။


အဘိုးအိုမှာ ဟီးခနဲ သက်ပြင်း ချ ကာ မြေးကလေး ၏ ကျေးဇူး ကို အထူး အောက်မေ့ပြီး “ ဪ …. ငါ့ မြေး မရှိ က ပျားရည် ညှစ်ပြီးသော ပျားသလက် ကဲ့သို့ အချည်းနှီးဖြစ်၍ ပျော်ဖွယ် မရှိ တော့ပေ ။ ငါ ၏ သောက ဒုက္ခ တို့ ချုပ်ငြိမ်းရန် ကား အသက်ဆုံးခြင်းတည်း ။ သင်းကလေး နဲ့ အတူ လိုက်မဟဲ့ ” ဟု ယူဆပြီး မိမိ မှာ ပါသော အဝတ်အချို့ဖြင့် ခြေလက်တို့ ကို မရမက ချည်နှောင် လေ၏ ။


ဪ ... ကိုယ်စောင့်နတ် များက လည်း လက်ပိုက် ပြီး ကြည့်နေတော့မလား ၊ တကယ် ဆိုရင် အဘိုးကြီး အဖန်ငါးရာ ငါးကမ္ဘာ ခံရတတ်တယ် ။ မြေးကလေး သေတာ အနိစ္စ သဘောတရား ပဲ ။ ဟို ဘဝ တုန်း က လည်း ဘယ်လိုမကောင်းမှု ပြုခဲ့လို့ အခုအကျိုးနည်း အကြောင်းယုတ် ဖြစ်ရတာပါ ။ ဟော .. ယခု ဘဝ သူကလေး ကောင်းကောင်း နေသွားတော့ နောင်သံသရာ ကောင်းဖို့ပေါ့ ။ အဘိုးကြီးအလုပ် ဟာ က သူကလေး ကောင်းမွန်ရာ ရောက်စေကြောင်း နဲ့ အမျှဝေ ဖို့ သာ ရှိပါတယ် လို့ အကြောင်းပြ ဖျောင်းဖျစရာ ကောင်းပါတယ် ။ ထို့နောက် အဘိုးကြီး သည် အကြံ အောင်တော့မည် ကြောင့် စိတ် နည်းနည်း ပေါ့ သွားသောကြောင့် ချောင်းဝ ၌ ရွာသော မိုး ကဲ့သို့ သည်းထန်စွာ မျက်ရည်များ ကျလာလေနိုင်တော့၏ ။ ( စိတ်နောက် ကိုယ်မပါ) စမြဲ ဖြစ်သော်လည်း အဘိုးကြီး မှာ စိတ်နောက် ကို ပါသွားလေ၏ ။ မကြာမီ သဲလုံးကြီးများ သည် ၎င်း အား ရိုက်ဖုံး ၍ သွားလေ၏ ။ ကွယ်လွန်သူ နှစ်ဦး အတွက် ကြေကွဲဝမ်းနည်းစွာ ငိုပွဲဆင်သူ မရှိလင့် ကစား မိုးမင်း သည် ၎င်းတို့ အတွက် ဝမ်းနည်းသော အားဖြင့် မျက်ရည်ပေါက်များ ကို သွန်းချ လိုက်လေသတည်း ။


၎င်းတို့ နေထိုင်သော ရွာ ၌ အဘိုးကြီး နှင့် ၎င်းမြေးကလေး ပျောက်ဆုံး သွားကြောင်း သတင်း ဖြစ်နေ၏ ။ တချို့က သေသွားပြီ ၊ တချို့က ကု,လားကြီး ခေါ်သွားပြီ ဟု သတင်း လွှင့်ကြ လေ၏ ။ နောင် အတန်ကြာ မှ ပုပ်ဖူးရောင်ပွ နေသော အလောင်း နှစ်ခု ကို လင်းတ စားနေသည် ဟု ကြား ရ မှ သေပြီ သေပြီ ဟု သိကြလေ၏ ။ သို့သော် ၎င်း မြေး အဘိုး မှာ ဆွေမျိုး က လည်း မရှိ ၊ ပစ္စည်းဥစ္စာ က လည်း နတ္ထိကြောင့် ( ဝါ - ပို၍ မှန်သော ဖော်ပြခြင်းကား ) ဥစ္စာ က လည်း မရှိ ၊ ဆွေမျိုး ရွှေမျိုး ကလည်း မရှိလေ သဖြင့် ဆွမ်းသွတ် အမျှဝေခြင်း မရှိလေ ။


ထိုကြောင့် ကျွန်ုပ် နှင့် ဤ ဝတ္ထုကို ဖတ်ရသူ ကြည့်ရသူ ကြားရသူ တို့ ၏ မွန်မြတ်သော တာဝန် မှာ ထို နှစ်ဦး တို့ ကောင်းမွန်ရာ ရောက်စေခြင်း ငှာ ဒါန - သီလ - ဘာဝနာ ကုသိုလ် အဖို့ အမျှ ဝေ ရန် ပင် ဖြစ်ပါတော့ သတည်း ။


ဤ ဝတ္ထုဆုံး ၊ ကမ္ပတ်ဖုံး ၊ နှလုံးညွတ်နူးရာ ။


◾ဝနေငဖေ - ဘုတလင်


📖 မန္တလေး ဥပစာ ကောလိပ် နှစ်လည် စာစောင်  

      ၁၉၃၃ - ခုနှစ်


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment