Friday, August 4, 2023

ရေဝေး ပက္ကနက်


 ❝ ရေဝေး ပက္ကနက် ❞


တနင်္ဂနွေနေ့ နေ့လယ် ၁၂ နာရီ လောက် တွင် ဖြစ်သည် ကိုအဏ္ဏဝါ ၏ အိမ်ရှေ့ က ဆူဆူညံညံ အသံတွေ ကြား နေရသည် ။ အမျိုးသမီးတွေ ရယ်ကာ မောကာ ဖြင့် ပြေးလွှားကြ ရင်း တစ်ဦး တစ်ဦး အော် ခေါ်ကြသည့် အသံတွေ ကို ကျယ်ကျယ်လောင်လောင် ကြား နေရသည် ။


“ မြန်မြန် လာ မြန်မြန် လာ ပြေးလာပါဟဲ့ နင့် အတွက် နေရာ ဦး ထားတယ် ”


“ ငါတို့ အတွက် ငါးယောက် စာ နေရာ ဦးထား ဟေ့ ”


“ နေရာ ဦးထားတယ် ဟေ့ မြန်မြန် လာကြ ၊ ပြူတင်းပေါက် နား က နေရာတွေ အားလုံး ငါ ယူ ထား လိုက်ပြီ ”


“ ယာဘက် အခြမ်း က ယူ ဟေ့ ဘယ်ဘက် က နေပူ လိမ့်မယ် ”  


“ လာလာ ၊ မြန်မြန် ပြေးလာ ၊ ယာဘက် အခြမ်း က ပြူတင်း ပေါက်တွေ အားလုံး ငါ ယူ ထား လိုက်ပြီ ၊ မိအေးကြည် တို့ မလာ သေးဘူးလား ”


ရုတ်ရုတ်သဲသဲ နဲ့ အိမ်ရှေ့ မှာ ဘာတွေ ဖြစ်နေကြလဲ ဆိုတာ သိချင်လို့ ကိုအဏ္ဏဝါ ထွက် ကြည့် သည် ။ အသုဘ ပို့မည့် ဘတ်စ်ကား သုံးစီး ရပ် ထားတာ တွေ့ရသည် ။ လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ လောက် က မှန်လုံကား လို့ ခေါ်ကြသည့် ခရီးသည်တင် ဘီအမ် ဟီးနိုး ဇ ( ဇ ) နှင့် ဈေးမြင်းဆွဲ ( ဈ ) နံပါတ်ကား ဟောင်းကြီး တွေ ဖြစ်သည် ၊ အခုတော့ လိုင်းဝင် မရ လို့ အသုဘပို့ ကား လုပ်ထား ရသော ကားတွေ ဖြစ်သည် ။ ကားဘေး မှာ သေသူ ၏ အမည် နှင့် အသက် ကို စာရွက်အဖြူ ပေါ် မှာ ရေးပြီး ကပ် ထားတာ တွေ့ ရသည် ။ ဒီတော့မှ သေသူ ကို သတိရ လာသည် ။


ကိုအဏ္ဏဝါ တို့ လမ်းထိပ် မှာ ဆိုင်ကလေး ဖွင့်ပြီး ကြာဇံကြော် ခေါက်ဆွဲကြော် ရောင်းသည့် ကောင်လေး သေ လို့ အသုဘ ဒီနေ့ ချမည် ဖြစ်သည် ။ ဦးနှောက်သွေးကြော ပြတ်ပြီး ရုတ်တရက် သေ သွားခြင်း ဖြစ်သည် ။ ဈေးရောင်းသူ ဖြစ်လို့ သိကျွမ်းသူ များသည် ။ ကိုအဏ္ဏဝါ နှင့် လည်း မျက်မှန်းတန်း မိ နေသည် ။ ကိုအဏ္ဏဝါ ၏ ဇနီး မဖြူတုတ် နဲ့ ကတော့ အတော် ရင်းနှီး ခင်မင်သည် ။ ကောင်လေး သေတာ ကို ကိုအဏ္ဏဝါ က မေ့ နေ သော်လည်း မဖြူတုတ် က တော့ မမေ့သည့် အပြင် အသုဘ လိုက် ပို့ရန် အဝတ်အစား လဲ နေ တာ တွေ့ရသည် ။

ကိုအဏ္ဏဝါ ၏ အိမ်ရှေ့ က ရပ်ကွက် ထဲ မှာ သေသူ ကောင်လေး ရဲ့ မိသားစု နေသည် ။ သေသူ ကောင်လေး နေသည့် ရပ်ကွက် သည် ဆင်းရဲသားရပ်ကွက် လည်း မဟုတ် သူဌေးရပ်ကွက် လည်း မဟုတ် ၊ လူတန်းစား မျိုးစုံ နေသည့် အလယ်အလတ်တန်းစား ရပ်ကွက် ဖြစ်သည် ။ လူတန်းစား မျိုး စုံ သည့် အတွက် စရိုက် လည်း စုံသည် ။ သူတို့ ရပ်ကွက် ထဲ က လူ တစ်ယောက် သေလို့ အသုဘ လိုက် ပို့ရန် ဆူဆူ ညံညံ ပြေးထွက် လာ ကြပြီး အသုဘကား ပေါ် မှာ နေရာ လု ထိုင် နေ ကြသည် ။ နေရာလု ကြ ရာ မှ အချင်းချင်း စကား များ ကြ သည် ။


“ ပြူတင်းပေါက် ကို လူတိုင်း ကြိုက်တယ် ဟေ့ ၊ နေရောင် မထိုးတဲ့ ဘက် ကို ရွှေ့ ထိုင်တယ် ဘာဖြစ်လဲ ”


“ ထိုင်ပါ ထိုင်ပါ ၊ ကား တစ်စီးလုံး ရှိသမျှ ထိုင်ခုံတွေ အကုန် လုံး ရှင် တစ်ယောက်တည်း ထိုင်ပါ ။ တစ်သက်လုံး ကား မစီးဘူးတာ ကျနေတာပဲ ”


“ ကား စီးဖူးတယ် ၊ ထိုင်ခုံ မှာ ထိုင်ပြီး မစီးဖူးတာ တော့ ကြာ ပြီ ၊ အဲဒါ ဘာဖြစ်လဲ ”


“ ဘာမှ မဖြစ်ပါဘူး ၊ ထိုင်ခုံ မှာ ထိုင်စီး ချင် ရင် မကြာခဏ မသာ လိုက်ပို့ပေါ့ အေ ”


“ ပို့မှာ ပဲ ရှင့် အလှည့် ကျရင် လည်း ပို့မှာပဲ ”


အသုဘ ပို့မည့် သူတွေ ကား ပေါ် မှာ ထသ,တ်ကုန်ကြတော့ မည် ထင်၍ ကိုအဏ္ဏဝါ ထိုင်ရာ မှ ထ ကြည့် မိသည် ။ အသုဘ လိုက် ပို့မည့် မဖြူတုတ် အိမ် ထဲ က ထွက်သည် ။ လူ ချောင် နေသည့် ကား တစ်စီး ပေါ် တက် သွားသည် ။ ရှေ့ပေါက် က တက် သွားပြီး နောက် ပေါက် က ပြန် ဆင်း လာတာ တွေ့ရသည် ။ နောက် တစ်စီး ပေါ် တက်သွား ပြန်သည် ။ ကား ပေါ် မှာ ဦးလျှောက် ပဲ့လျှောက် လုပ် တာ တွေ့ရသည် ။ နေရာ ကောင်း ရှာနေတာ ဖြစ်မည် ဟု တွေးမိသည် ။ နေရာ ကောင်း တွေ့ဟန် မတူ ဒုတိယ တက် သွားသည့် ကား ပေါ် က လည်း ဆင်း လာ ပြန်သည် ။ တတိယ နှင့် နောက်ဆုံး ဖြစ်သည် ကား ပေါ် ကို တက် သွားပြီး ထိုင်ချ တာ တွေ့ လိုက် ရသည် ။


နေ့လယ် ၁ နာရီ တိတိ မှာ ကြေးစည်ခတ်သံ ထွက် လာပြီ အသုဘပို့ ကား သုံးစီး ထွက်ခွာသွားတာ မြင် လိုက်ရသည် ။ ကား ပေါ် မှာ စီးနင်း လိုက်ပါသွား အသုဘပို့ ခရီးသည်တွေ ဆူညံ စွာ စကား ပြောပြီး လိုက်ပါ သွားတာ မြင်လိုက် ရသည် ။ ကိုအဏ္ဏဝါ သိနားလည် ထား တာက တော့ အသုဘ ပို့သူတွေ ဟာ ( ငါ လည်း တစ်နေ့ ကျရင် သူ့ လို ပဲ သေရဦးမှာ ပါ ကလား ) ဆိုတဲ့ သံဝေဂစိတ် ဖြင့် တိတ်ဆိတ်ငြိမ်သက်စွာ လိုက်ပါ ပို့ဆောင် ကြရသည် ဟု နားလည် ထားသည် ။ သေသူ ၏ မိသားစုတွေ ပူဆွေး ငိုကြွေး နေကြစဉ် မှ မိမိတို့ က ဆူညံစွာ ရယ်မော ပြောဆို မနေသင့် ဟု ထင်သည် ။


မကြာမီ မဖြူတုတ် ပြန် ရောက် လာသည် ။ အသုဘ ပို့ က လည်း မြန် လိုက်တာ ဟု ထင်မိသည် ။ နာရီ ကြည့် တော့ နေ့လယ် ( ၂  ) နာရီ ကျော် ပဲ ရှိသေးသည် ။ အသုဘ ပို့ တာ အသွားအပြန် တစ်နာရီ ခန့် သာ ကြာသည် ။ အသုဘပို့ အတွေ့အကြုံ ကို မဖြူတုတ် က ပြောပြသည် ။ ပထမ ကား တစ်စီး ပေါ် ကို သူ တက် သွားသည် ။ လွတ် နေသည့် အခြား ထိုင်ခုံ တစ်လုံး မှာ ထိုင် မလို့ လုပ် တော့ မိန်းမ တစ်ယောက် က ( အဲဒီ နေရာ မှာ လူ ရှိတယ် ) ဟု ပြောသည် ။ လွတ် နေ သည့် အခြား ထိုင်ခုံ တစ်လုံး မှာ ထိုင်မလို့ လုပ် တော့လည်း ကလေး တစ်ယောက် က အဲဒီ နေရာ မှာ ကျွန်မ ရဲ့ အစ်မ လာမယ် လို့ ပြော ပြီး ယပ်တောင် ဖြင့် ထိုင်ခုံ နေရာ ကို နေရာ ဦး လိုက်သည် ။ မဖြူတုတ် စိတ်တို လာသည် ။ ဒီ ကား မှာ မစီးတော့ဘူး ဆိုပြီး ကား ပေါ် က ဆင်း လိုက်သည် ။


နောက် က ကား တစ်စီး ပေါ် ရောက် တော့ လည်း ထိုနည်း ၎င်း ဖြစ်နေသည် ။ ပြူတင်း ပေါက် နား က ထိုင်ခုံ တိုင်း မှာ ယပ်တောင် တွေ ချခင်း ထားတာ တွေ့ရသည် ။ ဒီ နေရာတွေ မှာ လူ ရှိတယ် ဆိုသည့် သဘော ဖြစ်သည် ။ ဘယ်သူ မှ မထိုင်ချင်တဲ့ နေရာ လို့ ယူဆ ရသည့် နောက်ဆုံးတန်း မှာ ဝင် ထိုင် မလို့ လုပ် ပြန်တော့ လည်း အပေါက်ဝ က ရပ် နေတဲ့ ကွမ်းစား ပါးစပ်ရဲရဲ နဲ့ အမူးသမား ငနဲ က “ အန်တီ ဒီနေရာ မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ ထိုင်မလို့ နေရာ ဦးထားလို့ ” ဟု ခပ် တင်းတင်း ပြောသည် ။  မဖြူတုတ် ဒေါသ ထွက် လာသည် ။ ဒီ အသုဘ ကို လိုက် မပို့တော့ဘူး လို့ တောင် စိတ်ကူး မိသည် ။ ကား ပေါ် က ခုန်ဆင်း လိုက်ရသည် ။


တတိယ နှင့် နောက်ဆုံး ကား ပေါ်ကို တက် လိုက် ပြန်သည် ။ ဒီ ကား မှာ လည်း ထိုနည်း၎င်း ဆို လျှင်တော့ ဒီ အသုဘ ကို လိုက် မပို့ တော့ဘူး လို့ ဆုံးဖြတ် ထားသည် ။ ကား ပေါ် ရောက် သွားတော့ ကံအားလျော်စွာ ပင် နေရာလွတ် တွေ ရှိသည့် အပြင် အိမ်နီးချင်း အသိအမျိုးသမီး က မဖြူတုတ် ရဲ့ လက် ကို ဖမ်းဆွဲ ပြီး သူ နှင့် အတူ ထိုင် ခိုင်းသည် ။ စိတ်တို နေသည့် မဖြူတုတ် က ရင်ဖွင့် ပြော မိသည် ။


“ အသုဘယာဉ် ကို ကိုယ်ပိုင်ကား လို လုပ် နေကြတယ် အရမ်း စိတ်ဆိုးတာပဲ ”


“ အောင်မယ်လေး ပြော မနေနဲ့ ၊ အသုဘ ပို့တာ ကို ပျော်ပွဲစား ထွက်သလို သင်္ကြန်ရေပက်ခံ ထွက်သလို လုပ် နေကြတာ ၊ ကျွန်မ လည်း ရှေ့ က ကား နှစ်စီး မှာ နေရာ မရလို့ ဒီ ကား ကို ရောက် လာတာ ရှေ့ဆုံး က သွားမယ့် ကား ကို နေရာ ဦးတယ် ပြူတင်းပေါက် နေရာ ကို လုတယ် ၊ အိမ် က တောင် ထွက် မလာသေးတဲ့ သူငယ်ချင်း အတွက် ဆိုပြီး နေရာ ဦးတယ် အံ့ရော ”


အသိ အမျိုးသမီး က လည်း မကျေမနပ် ဖြင့် ပြောပြသည် ။ အသုဘ ပို့ ရာ မှာ ရှေ့ကား လုတာ နဲ့ ပြူတင်းပေါက် နား က ထိုင်ခုံ လုတယ် ဆိုတဲ့ ဗဟုသုတ ကို အခုမှ မဖြူတုတ် ရ လိုက်သည် ။ နေရာတကာ မှာ အမှတ်တမဲ့ နေ တတ်သည့် မဖြူတုတ် သိ သွားသည် ။ သိသွား တော့ ကား ပေါ် မှာ ထိုင် နေကြသည့် အသုဘ ပို့ သူ တချို့ သတိထား ကြည့် မိသည် ။ ပြူတင်းပေါက် မှီ ထိုင်ပြီး ဇိမ် ဖြင့် ကွာစေ့လှော် ၊ နေကြာစေ့လှော် ဝါး နေကြတာ တွေ့ရသည် ။ အသုဘ ကား ကို ဇိမ်ခံ စီးပြီး ခရီး ထွက်မည့် ပုံမျိုး တွေ တွေ့ ရသည် ။  


ထိုင်ခုံ နေရာ မရလို့ သူ ဆင်းပြေး လာ ခဲ့ရသည့် ပထမ ကား နှင့် ဒုတိယ ကား ပေါ် က အသုဘ ပို့သူတွေ က ပို ဆိုးသည် ။ နေကြာစေ့လှော် ၊ ကွာစိလှော် နှင့် အာလူးကြော်ထုပ်တွေ ကို ဝါးရင်း ရေ မော့ သောက် လာကြသည် ။ စကားတွေ ပြောလိုက် ၊ ရယ်လိုက် ။ ပျော် နေကြသည် ။

ဒီနေ့ ထိုး ထားသည့် ဂဏန်း ကိစ္စ နှင့် မနေ့ က မွေးဂဏန်း ကို ပါတ် တာ လွဲသွား လို့ ကွဲသွားတဲ့ အကြောင်းတွေ ပြောပြီး ဒီ အပါတ် ဖြစ်နိုင်ခြေ ရှိသည့် ဂဏန်းများ အကြောင်း တိုင်ပင် ဆွေးနွေး နေကြသည် ။


“ ဈေး ထဲ က နေ့သွင်း လိုက် ကောက်တဲ့ အစ်မကြီး မနေ့ က တစ်သိန်း လောက် ထိ သွားတယ် ”


“ ပဲပြုတ်သည် က တော့ ခုနှစ်သောင်း ရ သွားတယ် လို့ ကြားတယ် ”


“ ခုနှစ်သောင်း ”


“ ခုနှစ်သောင်း ရပေမယ့် အရင်း ပြန် မရသေးပါဘူး ၊ ထိ ထား တာက တစ်သိန်းကျော် တယ်လေ ၊ လိုက်ရ ဦး မှာပဲ ” 


အသုဘ လိုက် ပို့ကြမည် ဖြစ်သော်လည်း သေခြင်းတရား နှင့် ပတ်သက်သည့် သံဝေဂစကား တစ်လုံး မျှ မပါရုံ သာ မက သေသူ ၏ အကြောင်း ပင် ပြောဖေါ် မရ ဟု ဆိုသည် ။ အသုဘ လိုက် ပို့သူ တို့ ၏ မျက်နှာ မှာ ငါတို့ ကတော့ ဘယ်တော့မှ မသေ ဆိုသည့် ပုံမျိုးတွေ တွေ့ရသည် ဟု ဆိုသည် ။ လောဘ ၊ ဒေါသ ၊ မောဟ နှင့် မာန မျက်နှာ တွေ ကို သာ တွေ့ရ သဖြင့် မဖြူတုတ် ကြောက်ပြီး နောက် က ကားတွေ ကို သွားခဲ့ရသည် ဟု ဆိုသည် ။


ရေဝေးသုဿန် ရောက် တော့ လည်း နေရာ ပျောက် သွားမှာ လို့ ဆိုပြီး ကား ပေါ် က တောင် မဆင်းကြ ဟု ဆိုသည် ။ သေသူ ၏ ဆွေမကင်း မျိုးမကင်း သူ တစ်စု နှင့် မဖြူတုတ် တို့ လူစု သာ ကားပေါ် က ဆင်းပြီး အသုဘ ရှု ခဲ့ကြသည် ဟု ဆိုသည် ။ လူ စုံပြီ ဆိုတာ နဲ့ သင်္ဂြိုဟ်စက် ထဲ ထည့် လိုက် သဖြင့် မြန်မြန် ကိစ္စ ပြီးခဲ့သည် ဟု သိရသည် ။  


ကား ပေါ် ကို ရောက်အောင် အပြေးအလွှား ပြန် ပြေးတက် ကြသည် ။ ကား ပေါ် ရောက်တော့ နေရာ ပျောက်နေ သူ တစ်ချို့ ၏ ဆူညံသံတွေ ထွက် လာ ပြန်သည် ။ အဓိက ပြဿနာ က ပြူတင်း ပေါက် နား က ထိုင်ခုံ ကိစ္စ ပင် ဖြစ်သည် ။ နောက် ပြဿနာ တစ်ခု က နေရောင် ထိုးသည့် ကိစ္စ ဖြစ်သည် ။ အလာ တုန်း က နေရောင် မထိုး အောင် ယာဘက်ခြမ်း က ထိုင်လာ သူတွေ က အပြန် မှာ လည်း နေရောင် အထိုး မခံ လို၍ ဝဲဘက်ခြမ်း ကို ပြောင်း ထိုင် နေသူတွေ ကြောင့် စကား များကြခြင်း ဖြစ်သည် ။


“ ဒါ ကျွန်မ ထိုင်ခုံပဲ ”


“ ပြူတင်းပေါက် နား က ထိုင်ခုံချင်း အတူတူ ပါ ပဲ ”


“ မတူဘူး ၊ အလာ တုန်း က နေ ပူပြီး လာ ခဲ့ ရတာ ၊ အပြန် မှာ နေပူ မခံနိုင်ဘူး ”


“ ဒါလောက်တောင် ပြုတင်း ပေါက် ကြိုက်ရင် နင့် အိမ် က ပြူတင်းပေါက် ယူ လာပါလား ”


မကျေမနပ် ပြောပြီး နေရာ ဖယ်ပေး လို့ ထ မသ,တ်ကြတာ ဟု ဆိုသည် ။ မဖြူတုတ် တို့ ကတော့ ရရာ ကျရာ နေရာ မှာ ဝင် ထိုင်ပြီး ပြန်ခဲ့ကြသည် ။ မဖြူတုတ် ရဲ့ ရှေ့ က ထိုင်ခုံတွေ မှာ အုပ်စု ဖွဲ့ပြီး နေရာ ယူ ထားကြသည့် အုပ်စု ထဲ က တစ်ယောက် က ဝမ်းသာအား ပြောသံ ကြား လိုက်ရသည် ။


“ ဈေး ထဲ က နေ့ပြန်တိုး ပေးတဲ့ အန်တီကြီး လည်း ဆေးရုံ က ပြန် ဆင်းလာပြီ လို့ ပြောကြတယ် ၊ အခြေအနေ သိပ် မကောင်းဘူးလို့ ကြားတာပဲ ”


“ ကင်ဆာ ဆိုရင်တော့ အနှေး နဲ့ အမြန်ပေါ့ ဟဲ့ သွား မှာပဲ ”


နေ့ပြန်တိုး ပေးတဲ့ အန်တီကြီး ကိစ္စကျလို့ ရှိရင် နေရာ ကောင်း လု ဖို့ အတွက် အခု တည်း က အားမွေး နေကြဟန် တူသည် ။ လိုက် ပို့ကြဦး မှာ ကတော့ သေချာသည် ။ မသာ တစ်ခေါက် ကျောင်း ဆယ်ခေါက် ဆိုသမှုတ်လား ။


◾အဏ္ဏဝါစိုးမိုး


📖 သောကြာ စာစောင်

     ၂ဝဝ၄ ခုနှစ် - မတ်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment