Sunday, August 6, 2023

ဆင်မင်း စွယ်နီ


 ❝ ဆင်မင်း စွယ်နီ ❞


( ၁ )


အကျွန်ုပ် အသံ ကို ကြား လျှင် ဆင် မဝှေ့ပြီ ။ ဆင်မ နှင့် ချဉ်း ၍ ဗကမတ် စီးသူ ကို ထိုးချ ပြီးလျှင် အကျွန်ုပ် ဗကမတ် သို့ တက်မည် ။ သည် အရေး ကို ကြိုက်တော် မမူ လျှင် လည်း မြန်မာမင်း တို့ အိပ်ပျော် စဉ် ကို မသိရ အောင် ကျွန်ုပ် အလျော့ ဝင် ၍ ဗကမတ် ဖိနပ် နှစ်ဖက် ကို တပ် က မထွက်တတ် အောင် ‘ မယ်န ’ နှက် ချိမ့်မည် ။ သည်အရေး နှစ်ချက် တွင် ကြိုက်တော်မူ သည့် အရေး ကို ရွေးတော်မူ ဟူ၍ လျှောက်၏ ။


သုရှင် ကြားတော်မူ လျှင် ညဉ့်အလျော့ ဝင်မည့် အရေး ကို ကြိုက်တော် မူသည် ။ ငပျံ ကို လည်း ဆုလာဘ် များစွာ ပေးတော် မူ ၍ ငပျံ နှင့် အတူ ဗောကလိ ၊ မပိုင် သည် နှစ်ယောက် ကို ထည့်၍ အလျော့ ဝင်မည် သွား လေ၏ ။


ငပျံ လည်း ကြံ သုံးချောင်း ကို သယ် ၍ ဗကမတ် ကို ပေးမည် ယူလေ၏ ။ မြန်မာတို့ အိပ်ပျော် စဉ် တပ်တွင်း သို့ ထိုသူ သုံးယောက် လောက် ဝင်လေ ၍ ဗကမတ် ချည် သည့် တင်းကုပ် သို့ ဝင် လေသော် ဗကမတ် လေနံ့ ယူ၍ လိုက်သည် တွင် အထိန်း ဟောင်း အနံ့ ကို သိ၍ နား မခတ်ဘဲ နေ၏ ။ ငပျံ လည်း ကြံ သုံးချောင်း ကို ဗကမတ် သို့ ပေး၏ ။


ယင်းသို့ မှ ငပျံ ဆိုသည် ။


“ ယခု ငါ ရောက်လာသည့် အကြောင်းသည် မင့် ဖိနပ် ကို ‘ မယ်န ’ နှက်ချေ ဟု ဘုရင် ရာဇာဓိရာဇ် စေတော် မူ၍ ရောက်သည် ။ ယခု မင့် ကိုမြင်လျှင် မှာတော်မူ တိုင်း ငါ မပြုနိုင်ပြီ ။ မင်း သည် ငါ နှင့် မင့် ညီ နှစ်ယောက် ၊ မင်း အမိတို့ ကို ချစ် လျှင် နက်ဖြန် မြန်မာတို့ ထွက်၍ တိုက်မည် ပြုသောအခါ မင်း ကို ကကြိုး တန်ဆာ တင် လျှင် အတင် မခံဘဲ တပ်တွင်း မှာ ဆင် ၊ မြင်း ၊ လူသူတို့ ကို လိုက်လံ ဝှေ့ဖျက် ၍ ငါတို့ တပ်သို့ လာခဲ့ပါ ။ မင်း လာ မှ ငါတို့ အသက် ချမ်းသာမည် ” ဟု ငပျံ ဆိုလျှင် ဗကမတ် သည် လည်း ညိတ်၏ ။ မျက်ရည် လည်း ယို၏ ။ 


ဗောကလိ နှင့် မပိုင် တို့ က လည်း ...


“ မင်းတို့ ငါတို့ ကို ရှင်ဘုရင် စေတော်မူသည့် အကြောင်းသည် အခြား ကြောင့် စေတော် မူသည် မဟုတ် ။ နက်ဖြန် တိုက်တော်မူမည် ဖြစ်သော ကြောင့် ဗကမတ် ကို မထွက်တတ် အောင် ဖိနပ် ကို ဖျက်ဆီး စိမ့်မည် စေတော် မူသည် ။ ယခု မဖျက်ရ သော် မင့် ကိုယ် ကို မင်း သာ သိတော့သည် ။ ငါတို့ နှင့် ဝန်ကင်းပါစေ ” ဆို၍ ပြန်ခဲ့ကြ၏ ။


ညဉ့် သုံးချက်တီး အချိန် တွင် ငပျံတို့ သုံးယောက် တပ်တော် တွင်း သို့ ပြန် ရောက်ကြသော် ရှင်ဘုရင် လည်း “ အမိန့်တော် အတိုင်း ပြီးခဲ့၏ လော ”  မေး တော်မူ၏ ။ ငပျံ လည်း ဗကမတ် ကို ဆိုခဲ့သည့် အတိုင်း လျှောက်၏ ။ သုရှင် လည်း ငပျံ ၏ ပါး ကို ပုတ်လျက် ...


“ နင့် ကို အမိန့်တော် အတိုင်း တည်သော် သူကောင်း ပြုမည် ကြံသည် ။ နင့် ဆင် သည် နင် ဆို တိုင်း မလာ လျှင် နင့် ကို သားမယား နှင့် တကွ မီးတိုက်မည် ” မိန့်တော် မူ၏ ။


တန်ခူးလဆန်း ၄ ရက် ၊ ဗုဒ္ဓဟူးနေ့ တွင် စစ် နှစ်ဖက် ရင်ဆိုင် တိုက်ကြစဉ် မင်းရဲကျော်စွာ ဘက် မှ မြေတူးမြို့စားမင်း သည် ဗကမတ်ဆင် ကို စီးမည် ဟု လည်ပတ်တိုင် ကို ဖြေ လျှင် ဗကမတ်ဆင် ခါချ ၍ မြန်မာဦးစီး ကျ လေသည် ။ တပ်တွင်း တွင်လည်း မြင်မြင် သမျှ ဆင် ၊ မြင်း ၊ လူသူ တို့ ကို လိုက်လံဝှေ့ နင်း၍ ဖျက်ဆီး၏ ။ ပျက်စီး ကုန်၏ ။ မြေတူးမြို့စား မင်း လည်း ဗကမတ် ဆင် ထက် က ဆင်း၍ နေရ၏ ။ 


ရာဇာဓိရာဇ် အရေးတော်ပုံ တွင် ဆင်လိမ္မာ ဗကမတ် အကြောင်း ကို အထက်ပါ အတိုင်း ဖတ်ရ လေသော အခါ ဗကမတ်ဆင် သည် တိရစ္ဆာန် ဖြစ်လျက် ထူးခြားလိမ္မာ လှစွာသော အဖြစ် ကိုလည်းကောင်း ၊ မိမိ အရှင်သခင် အပေါ် တွင် သစ္စာ စောင့်သိ ရိုသေကျိုးနွံလှသည့် အဖြစ် ကို လည်းကောင်း ကျွန်တော် သည် လှိုက်လှဲ အံ့သြ၍ မဆုံးနိုင်အောင်ပင် ရှိခဲ့ရ လေသည် ။


နောက် သစ်တော ဘက် မှ ဆင်များ အကြောင်း တစ်စိတ် တစ်ဒေသ ကြားရဖူးသည် တွင် လည်း ၎င်းတို့ ၏ ထူးခြားခြင်း နှင့် ညာဉ်ဆိုး ၊ ညာဉ်ကောင်း သဘော ကို အထိုက်အလျောက် သိရ ၊ စိတ်ဝင်စား ရ ပြန်သည် ။


ဦးရီး ဦးသိန်းထွန်း နှင့် တွေ့ ရသော အခါတွင် ကား ဆင်လိမ္မာ ဗကမတ် က စတင် ခဲ့သော ဆင်များ အပေါ် စိတ်ဝင်စားမှု သည် ပို၍ ပင် ထက်သန် ကြီးမား လာခဲ့ရ လေသည် ။


( ၂ )


ဦးရီး ဦးသိန်းထွန်း မှာ ဥက္ကံ သုံးဆယ် ဘက် တွင် နေသူ ဖြစ်သည် ။ ကျွန်တော့် မိဘများ က မူ မြစ်ဝကျွန်း ပေါ်ဒေသ ဖျာပုံ တွင် ဖြစ်သည် ။ သို့ဖြင့် ဆွေမျိုး မှန်လျက် အနေ ဝေး သွေးအေး ဖြစ်နေခဲ့ရသည် ။


ကျွန်တော့် အသက် နှစ်ဆယ့်ငါးနှစ် အရွယ် တွင် ကား ဦးရီး တို့ ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက် သွား သည် ။ ရောက်ရသော အကြောင်း က လည်း ပြောပ လောက် သည် ။


“ သာယာဝတီ မြို့ဟောင်း ဆိုတာ မင်း လည်း ကြား ဖူးမှာပေါ့ ။ အေး ... တို့ ဘက် မလည်း အဲဒီလိုပဲ ဗျာ့ ။ မြို့ဟောင်း မြို့ပျက် အစအန သဲလွန်စတွေ ဟာ ခုထက်ထိ ရှိနေသေးတာပဲ ။ 


“ လှိုင် မြို့ဟောင်း ဆိုတာများ ခုထက်ထိ မြို့ရိုး တံတိုင်း ရော ၊ ကျုံး ကို ရော တွေ့ နေရ သေးတယ် ။ တို့များ ငယ်ငယ် တုန်း က ဆို အဲဒီ နေရာတွေ ကို လျှောက် ဆော့ ရင်း ဖြစ်ဖြစ် ၊ နွား ကျောင်းရင်း ဖြစ်ဖြစ် ခဏ ခဏ ရောက် ရောက် သွားခဲ့တာပေါ့ ” 


“ တချို့လည်း အိုးခွက်ပန်းကန်ကွဲတွေ ၊ ရွှေတိုရွှေစ တွေတောင် တွေ့တဲ့ အခါ တွေ့ ကြတယ် ။ ပြီးတော့ လှိုင် မြို့ဟောင်း နဲ့ မိုင် သုံးဆယ်လောက် အကွာ မှာ ‘ တဗူး ’ မြို့ဟောင်း ဆိုတာ လည်း ရှိ သေးတယ် ။ မြို့ကြီး တစ်ခု ၊ ပြည်ကြီး တစ်ခု အဖြစ် နဲ့ သာ အထင်အရှား မရှိတော့ပေမဲ့ ကျုံး သဘောမျိုး ၊ မြို့ရိုး သဘောမျိုး ။ ပြီးတော့ ဘုရားအို ဘုရားပျက် တွေ ပေါ့ကွာ ။ အဲဒါတွေ က လည်း နေရာအနှံ့ ပျံ့ နေတာပဲ ။ သူ ကတော့ လှိုင်မြို့ ဟောင်း လို မြေနိမ့် မှာ မဟုတ်ဘူး ။ ရိုးမတောင် ပေါ် မှာ ” 


“ မင်း လို ရှေးဟောင်း သုတေသန ဝါသနာ ပါတဲ့ လူ အဖို့တော့ စိတ်ဝင်စားမယ် ဆို ဝင်စားစရာပဲ ။ ငါ ပြန် တော့ လိုက်ခဲ့ပါလားကွာ ” 


သို့ဖြင့်ပင် ကျွန်တော် သည် ဦးရီး တော်သူ ဦးသိန်းထွန်း ဒေါ်ကျင် တို့ နေထိုင်ရာ ဥက္ကံသုံးဆယ် နယ် ဘက် သို့ ရောက် သွားခြင်း ဖြစ်ခဲ့သည် ။


ဦးရီးတို့ ရွာ မှာ လှိုင်မြစ်ကမ်း ဘေး ရှိ “ အိုင်ကလောင် ”  ကျေးရွာကြီး ဖြစ်သည် ။ ရန်ကုန် နှင့် ဆိုလျှင် ခြောက်ဆယ့် လေးမိုင် ၊ ဥက္ကံမြို့ ကား လမ်းမကြီး မှ ဆိုလျှင် ခြောက်မိုင်ခွဲ ဝေးကွာသည် ။ လယ်ယာ ကိုင်းကျွန်း အလုပ် အပြင် သစ်တောလုပ်ငန်း ဖြင့် အသက်မွေးသူများ နေထိုင် ရာ ဖြစ်သည် ။


ဦးရီး ကိုယ်တိုင် မှာ လည်း သစ်တော အမှုထမ်း တစ်ဦး ဖြစ်သည် ။ ထိုစဉ် က ဦးဘအို ပိုင် ‘ ဘအို ကျွန်း နှင့် သစ်မာကုမ္ပဏီ ' ဆိုသော သစ်လုပ်ငန်းမှာ အမျိုးသားပိုင် လုပ်ငန်းများ ထဲ တွင် ကြီးမားကျယ်ပြန့်ဆုံး နှင့် အထင် ရှားဆုံး ဖြစ်သည် ။ အချို့ သစ်တောများ တွင် ဆိုလျှင် ကုမ္ပဏီပိုင် သစ်ဆွဲ ၊ သစ်တင် မီးရထား နှင့် ရထားလမ်း များပင် ရှိ နေပေသည် ။


ဦးရီး သည် ကျွန်တော် ရောက်ပြီး နောက် တစ်နေ့ တွင် ပင် လှိုင်မြို့ဟောင်း ဆိုသည် ကို လိုက် ပြသည် ။


နီစွေးစွေး ညိုမှိုင်းမှိုင်း အရောင် အုတ်ချပ်များ သည် ကျွန်တော့် စိတ် ကို ဆွဲဆောင် ဖမ်းစား ထားကြ လေပြီ ။ လှိုင်မြို့ရိုးဟောင်း မှ သည် အုတ်ချပ်များ သည် သာမန် အားဖြင့် သော် မြေကြီး အစိုင်အခဲ တစ်မျိုး ဖြစ်လင့်ကစား ရာဇဝင်သမိုင်း သဘော ဖြင့် သော် လွမ်းမော ဆွတ်ကြင် ဖွယ် လည်း ဖြစ်သည် ။ နိုးကြား တက်ကြွဖွယ် လည်း ဖြစ်သည် ။


“ ထီးတစ်ရာ ပဏ္ဏာကြို့ပါတဲ့ မန်းရွှေမြို့ ပြည်ဌာနီ ၊ သည်ဆီထင့် ရော်ရမ်း ” ဆိုသလို ပင် ရှေးခေတ်ဟောင်း ကို ပြန်ပြောင်း လွမ်းတ စေဖွယ် ဖြစ်ရသည် ။


မြို့ရိုး အလယ် တစ်နေရာ တွင် ကျွန်းတိုင်ငုတ်တို များကို တွေ့နေရသည် မှာ လည်း ကျွန်တော့် စိတ် ကို ပိုမို လှုပ်ရှား စေတော့သည် ။


“ အဲဒီ ကျွန်းတိုင် ငုတ်တိုကြီးတွေ က နန်းတော်တိုင် တွေလို့ ပြောကြ သကွာ ။ ပုံပန်း က တော့ ဘုရင့်နန်းမဆောင် နဲ့ တူပါတယ် ။ အဲဟို ဘုန်းကြီးကျောင်း တွေ နေရာ က လည်း မြို့ရိုး နေရာပဲ ။ ဟောဟို အနိမ့်ပိုင်း ကျတော့ တွေ့လား ၊ အဲဒါ ကျုံးဟောင်းကြီး ပေါ့ ။ ခုမှ တဖြည်းဖြည်း ကော သွားတာ ၊ တို့များ ငယ်ငယ် တုန်း ကတော့ ရေတွေ တောင် အတော် ရှိ သေးတယ် ” 


ဦးရီး က လက်ညှိုး တညွှန်ညွှန် ဖြင့် ပြောပြ နေပြန် သည် ။ ကျွန်တော့် တွင် ကား “ သည်တွင် ရွှေမြို့ ၊ သည်သို့ စေတီ ၊ သည်ဆီ ရွှေနန်း ၊ ဖြောင့်တန်းတော့မည် ၊ စိတ်က ရည်သည် ” ဆိုသည့် နှယ် ပင် ကိုယ် မမီ လိုက်သော လှိုင်မြို့ ဟောင်း ကို မျှော်ကာ ကြည့်ကာ ဖြင့် ဟိုနေရာ ကား နန်းမဆောင် ဖြစ်ချိမ့်နိုး ၊ သည်နေရာ ကား ဗဟိုစင် ဖြစ်ချိမ့်နိုး စသည်ဖြင့် အတွေး ကျယ်ပြန့် နေ မိသည် ။


သည်တွင် ပင် “ တဗူးမြို့ဟောင်း ” ဆိုသည် က ကျွန်တော့် အတွေး စက်ဝန်း တွင် ဝင်ရောက် စပ်လျဉ်းလာ ပြန်သည် ။ လှိုင်မြို့ဟောင်းနှင့် တဗူးမြို့ဟောင်း သည် အဘယ်မျှ ကွာဝေးသည် ။ အဘယ်သို့ တည် နေသည် ။ လှိုင်မြို့ဟောင်း ၏ နှောင်းအတိတ် ကား မည်သို့ ၊ တဗူး မြို့ဟောင်း ၏ နှောင်း အတိတ်ကား မည်သို့ ဟူ၍ လည်း မျှော်မှန်း တမ်းတ လာမိ ရ ပြန်သည် ။


သည်အတွေး စိတ် ကို ကျွန်တော် မျိုသိပ် ထားနိုင် စွမ်း မရှိပါ ။


“ ဒါထက် တဗူးမြို့ဟောင်း ဆိုတာကကော ဦးရီး ၊ ခုနေဆို ဘယ်ဘက် ကျ တယ် ” 


ဦးရီး သိန်းထွန်း သည် ကျွန်တော့် မျက်နှာ ကို ပြုံးပြုံးကြီး ကြည့်နေသည် ။ ပြီးမှ အေးဆေးစွာ ဖြေသည် ။ 


“ တဗူးမြို့ဟောင်း က ဒီ နေရာ နဲ့ ဆိုရင် မိုင် သုံးဆယ် လောက် ဝေးသကွ ။ ကဲ ... ငါ့တူ ဟောဟို ရိုးမ ပေါ် မျှော် ကြည့် လိုက်စမ်း ၊ ဒီနေရာ နဲ့ ဆိုရင် အဲဒီ နေရာ က သိသိ သာသာကြီး မြင့် မနေဘူးလား ။ အဲဒီ တောင်ပေါ် မှာ ရှိနေတဲ့ မြို့ ပဲ ။ ရှေးလူကြီးတွေ ဘိုးစဉ်ဘောင်ဆက် ပြော ကြတာကတော့ တဗူးမြို့ဟောင်း က ဖခမည်းတော် ရဲ့ မြို့ ၊ လှိုင်မြို့ဟောင်း က သားတော် ရဲ့ မြို့ ဖြစ် သတဲ့ ။


“ သားအဖ ချင်း စစ်ပြိုင် ရတာ က တော့ မင်း တစ်ပါး က ဆက်သ လာတဲ့ သမီးကညာ နဲ့ ပတ်သက်လို့ ခမည်း တော် ဖြစ်သူ က သားတော် အပေါ် သင်္ကာမကင်း ဖြစ်ပြီး ထောင်သွင်း အကျဉ်းချ မယ့် ဆဲဆဲ မှာ သားတော် က အလွတ်ရုန်း ထွက် လာပြီး ခု လှိုင်မြို့ ကို တည်ထောင် ၊ ပြီးတော့ မှ ဖခမည်းတော် ကို ပြန်ပြီး အန်တုဖက်ပြိုင် တာ ဆိုပဲ ” 


ဦးရီး သည် ရေရေရာရာ မရှိသော သက်ကြီးစကား သက်ငယ်ကြား ပါးစပ်ရာဇဝင် ကို ပြန်လည် ဖော်ထုတ် နေသည် ။ ကျွန်တော် က မူ သူ့ ရာဇဝင် ကို အမှတ်မထင် နားထောင် ရင်း တဗူးမြို့ ဟောင်း ဆိုသည် ကို စိတ်စော နေမိ ပြန် တော့သည် ။


“ ဒီလိုဆို နက်ဖြန်ခါ ကို အဲဒီ တဗူးမြို့ ဟောင်း သွား ကြည့်ရ ကောင်းမလား ဦးရီး ” 


ကျွန်တော် က စိတ်ဝင်စား စွာ လွှတ်ခနဲ ပြော လိုက် မိရာ ဦးရီး ၏ ရယ်သံကြီး က အတော်ပင် ကျယ်လောင် သွားသည် ။ ကျွန်တော် ကိုယ်တိုင် အံ့သြ သလို ဖြစ်သွား ရသည် ။


“ အံမယ်လေး …. လေး …. ငါ့ တူ ရယ် ၊ အဲဒီ မြို့ က မင်း အခြေအနေ မျိုး နဲ့ ဘယ့်နှယ်မှ မသွားနိုင် သေးဘူးဗျား ။ တို့များ ရောက်ဖူး တာ တောင်မှ သစ်တောလုပ်ငန်း နဲ့ လည်း ပတ်သက် နေ ၊ အသက် ငယ်ငယ် အရွယ် က လည်း ကောင်းတုန်းမို့ ရောက်ခဲ့ဖူး ရတာ ”


“ တောင်ပေါ်လမ်း ဆိုတော့ အင်မတန် ခက်ခက် ခဲခဲ သွားရတာ ။ အေး .. အဲဒါနဲ့ ပတ်သက်လို့ ဦးရီး က ပြောရင်း သတိရ လာတယ် ။ ဆင်များ ဟာ လူ့ ဘဝ နဲ့ တယ် နီးသကိုး ငါ့ တူ ရဲ့ ။ လူ့ စကား မပြောတတ်တာ တစ်ခု က လွဲလို့ ဒီ့ပြင် လိမ္မာရေးခြား ရှိတာ ၊ ထူးခြားတာ က ဖြင့် ဦးရီးတစ်သက် မှာ ပြောမဆုံး နိုင်လောက် အောင်ပဲ ။


“ ဒီလိုကွယ့် ၊ အဲဒီ ရိုးမ ပေါ် က သစ်တွေ ကို မြေပြန့် ဆွဲချ တော့လေ တို့များ အသုံးပြုတဲ့ လမ်း က ဆင် တစ်ကောင် သွား သာရုံ အင်မတန် လမ်းကျဉ်းကလေး ပဲ ။ တောင်ခါးပန်း မှာ ကပ် ဖောက် ထားတာ ဆိုတော့ နံဘေး တစ်ဖက် က ဆိုရင် ဧရာမ ချောက်ကမ်းပါးကြီး ပဲ ။ တစ် ချက် ချော်ပြီး ကျသွားတာ နဲ့ တစ်ပြိုင်နက် အရိုးအသား ရှာ မရနိုင်တော့ဘူးပေါ့ကွာ ”


“ အဲဒါ ဒီလောက် ကျဉ်းကျပ်တဲ့ လမ်းကလေး မှာ လေ ဆင် နှစ်ကောင် ဟာ သစ်လုံးကို အလယ်ကောင် က ထားပြီး မြေပြန့် ကို ဆင်းကြရတယ် ။ ရှေ့ က ဆင် က ဆွဲ သွား နောက်က ဆင် က ထိန်း ပေးပေါ့ ။ အဲဒါလေ ဦးရီး စီး ထား တဲ့ ရှေ့ က ဆင် ရော နောက် က ဆင် ရော နှစ်ကောင် လုံး ဟာ အို လူ့ ထက်တောင် လိမ္မာပါးနပ်မှု ရှိသေး တယ် ”


“ အထူးသဖြင့် တော့ နောက် က အထိန်းဆင် ကို ပိုပြီး ချီးမွမ်းရမယ် ၊ ငါ့ တူ နှယ် သစ်တုံးများ ချောက် ဘက် ကို လည် ချင်တယ် ၊ လိမ့် ချင်တယ် ဆိုရင်လေ တကတဲ ဗျာ နောက် က နေ သူတို့ချင်း အသံ ပေးပြီး ထိန်း ထား လိုက်တာဟာ သစ်တုံး ကို နည်းနည်းကလေး မှ မရွေ့စေရ ၊ မလှုပ်စေရဘူး ။ အဲဒီလောက် ကို တော်ပေ တာပဲ ဗျား ။ စကားကုန် ပြောရရင် ဖြင့် ဦးရီး ဟာ ဆင်ဦးစီး အလုပ် နဲ့ အသက်မွေး ခဲ့ပေမဲ့ အဲဒီလို တောင်တွေ ၊ ကမ်းပါးတွေ ပေါ် က လိမ့် မကျခဲ့တာဟာ သူတို့တွေ ရဲ့ ကျေးဇူး ကြောင့် လို့ တောင် ပြောလောက်ပေတာပဲ ” 


ကျွန်တော် ရုတ်တရက် စကား မပြောနိုင်တော့ပါ ။ ဦးရီး နှင့် တွေ့ရခြင်း သည် ကျွန်တော့်အဖို့ ‘ ဘဲဥ အစ ရှာ မရ ’ ဆိုသလို ဖြစ်ရတော့သည် ။


သူ့ စကား အရ ပထမဦးစွာ စိတ်ဝင်စား မိသည်က လှိုင်မြို့ဟောင်း နှင့် တဗူးမြို့တော်ဟောင်း ၊ ယခု သော် ဆင်လိမ္မာများ အကြောင်း ဆက်စပ် ရောက်ရှိ လာပြန် သည် ။


တိုက်ဆိုင်သည် ကား ကျွန်တော် ကိုယ်တိုင် က လည်း ‘ ဆင်လိမ္မာ ဗကမတ် အကြောင်း ’ ဖတ်ရှု သိထား ရနှင့် ပြီး ဖြစ် နေသည် ။ ဟိုရှေးရှေး အခါက ဗကမတ် ဆင်ကြီး သစ္စာ ရှိလှသည် ၊ လိမ္မာလှသည် သို့ ပင် ဦးရီး အတွေ့ အကြုံ တွင် လည်း ဆင်များ ၏ ထူးခြားစွာသော အကြောင်းခြင်းရာ ရှိတန် ကောင်းသည် ။


သို့သော် ... 


ယခု လတ်တလောချင်း တွင် ကား ဦးရီး ၏ လမ်းကြောင်း ပြောင်း လာ သော စကား ကို ကျွန်တော် လက်မခံ နိုင်သေး ။ လှိုင်မြို့ဟောင်း ကို ပင် ရနိုင်သလောက် လေ့လာ စူးစမ်းရပေဦးမည် ။


“ ဒါထက် ခု ကျွန်တော် တို့ ရပ် နေတဲ့ မြို့ရိုး လေးဖက်လေးတန် လုံး ဆိုရင် ဘယ်လောက် ကျယ်မယ် ထင်သလဲ ဦးရီး ” 


ဦးရီး သည် ရုတ်တရက် ကြား လိုက်ရသော မေးခွန်း ကြောင့် တစ်ခဏမျှ တွေဝေ သယောင် ဖြစ်သွားသည် ။ မြို့ရိုးတံတိုင်း အတွင်း တွင် အင်္ဂလိပ်အစိုးရများ လာ ရောက် ဆောက်လုပ် ထားသော ဗိုလ်တဲ အဆောက်အအုံ တာတမံ သဘောမျိုး ကာရံ စိုက်ထူ ထားသော အရံအတား တိုင်များ စသည်တို့ ကိုလည်း မျက်လုံး ဝေ့ကြည့် လိုက် သည် ။ ပြီးမှ စဉ်းစဉ်းစားစား သဘောမျိုး ဖြည်းလေး စွာ ပြောသည် ။


“ အားလုံး အကျယ် ဆိုရင် တော့ ဧက ငါးဆယ် ပတ် လည် လောက် ရှိလိမ့်မယ် ငါ့တူ ရဲ့ ။ ဘာ့ကြောင့်တုန်း ဆို တော့ မြို့ရိုး အတွင်း မြေကွက် က ခု ငါ့ တူ မြင်ရတဲ့ အတိုင်းပဲ ။ လယ်မြေတွေ ဖြစ် နေတယ် မဟုတ်လား ”


မှန်သည် ။ ရှေးရှေးက လှိုင်မြို့ဟောင်း သည် ယခု သော် လယ်မြေပြင် ဖြစ် နေခဲ့ပေပြီ ။ သူ့ ခေတ် သူ့ အခါ က ထီးစည် ကြငှန်း နန်းမဆောင် တို့ဖြင့် အဆန်းတကြယ် အံ့သြဖွယ် ရှိကောင်း ရှိခဲ့မည် ဖြစ်လင့်ငြား ယခုမူ နီစွေးစွေးအရောင် ဖြင့် မို့မို့မားမား တည်ရှိ နေသေးသော မြို့ရိုးတံတိုင်း သည် သာ လျှင် ရာဇဝင် ပြယုဂ် သဖွယ် ကျန် ရှိနေ တော့သည် ။


“ ထီးသုဉ်း နန်းသုဉ်း ၊ ကြငှန်းသုံးနှင့် မြို့သုဉ်းသုည ၊ သုဉ်းသုံးဝဖြင့် ၊ သုဉ်းရပြန်လစ် ၊ သုညခေတ်ဝယ် ၊ ဖြစ်လာ ရချေ ၊ တို့တစ်တွေသည် ၊ သေသော်မှတည့် ၊ ဪ... ကောင်း၏ ” ဟူသော ဆီးဘန်းနီဆရာတော်ဘုရား ၏ ‘ ပါတော်မူ တမ်းချင်း ’ ကိုပင် ပြန်လည် အမှတ်ရ လာမိ သည် ။


ပျက်ချိန် တန် ၍ ပျက်ရ လေသောအခါ နောက် နှောင်းလူတို့ တွင် ထိုထို အပျက် ကို အရင်း တည် ၍ ငါတို့ အမျိုး ဘိုးဘေးဘီဘင် တို့ သည်ကား ရှေး ပဝေသနီ က ဘုံပျံနေနန်း ဖြင့် စံမြန်းစိုးအုပ် ဇမ္ဗူ တွင် တစ်လူ လုပ်ခဲ့ကြ သူများ ဖြစ်ပါတကား ဟူသော အသိသည် ပင် တစ်နေ့ ထက် တစ်နေ့ သေးသိမ် မှေးမှိန် လာခဲ့ရ လေတော့သည် ။ 


ထို့ကြောင့် လည်း ရှေးရှေး ရာဇဝင်သမိုင်း အကြောင်း အချက်များ ကို ကျွန်တော် အထူးတလည် စိတ်ဝင်စား ရ ခြင်း ဖြစ်ပေသည် ။ အဟောင်း သည် အသစ် ၏ အခြေခံ ဖြစ်သည် ။ မျက်မှောက်ခေတ် အသစ် ကိုသာ လက်ခံ နေ ခြင်း ဖြင့် အဟောင်း ကို မသိကျိုးကျွန်ပြု ချေသော် ကြောင်းကျိုးမမှန် ဖောက်ပြန် ယွင်းချွတ်သော အားဖြင့် အလွန်အယုတ် အစွန်းနှစ်ဖက် ကို ရောက်ရ တတ်သည် မဟုတ်ပါလော ။


သို့တစေ ...


ကျွန်တော် ၏ အတွေး စက်ဝန်း သည် အပြောင်း ပြောင်း အပြန်ပြန် လည်ပတ် လှုပ်ရှား နေနိုင်ခွင့် မရှိတော့ ပါလေ ။ ကျွန်တော်တို့ တူအရီး နှစ်ယောက် ၏ ဦးခေါင်း ထက် တွင် နေလုလင် သည် တစ်စ ထက်တစ်စ ဝင့်ဝါ ပလွှား လာသည် ။ တဗူးမြို့ဟောင်း တည်ရှိရာ ရိုးမတောင် တန်း တွင် သစ်ပင်ကြီးငယ်များ ဖြင့် မှိုင်းတညို့ညို့ ရှိလှ သလောက် လှိုင်မြို့ဟောင်း မြို့ရိုးဝန်းကျင် တွင် ကား နေလုလင် ၏ အရှိန်အဝါ သည် သိသိသာသာပင် ပြင်းပြ လာပြီ ဖြစ်သည် ။ သို့ဖြင့်ပင် ကျွန်တော်တို့ တူဝရီး သည် နှောင်းကာလ မှ လွမ်းစရာ့ လှိုင်မြို့ဟောင်း ကို နံနက် ဆယ်နာရီ ခန့် အချိန် တွင် ကျောခိုင်း ခဲ့ရသည် ။


အိုင်ကလောင် ကျေးရွာ သို့ ပြန် အလာ ရွာဦး တစ်နေရာ အရောက် တွင် ဦးရီး သည် ခြေလှမ်း တုံ့ဆိုင်း သွားသည် ။ လမ်းဘေး အစပ် နား ရှိ စေတီပျက် တစ်ဆူ ကို လည်း စောင်းငဲ့ ကြည့်သည် ။ တစ်ဖန် ကျွန်တော့် မျက်နှာ ကို ကြည့် လာ ပြန်သည် ။


“ ဘာတုံး ဦးရီး ” 


ကျွန်တော် က အလိုက်သိစွာ မေး လိုက်သောအခါ ဦးရီး ၏ မျက်နှာ သည် တည်ငြိမ် ရင့်ကျက် သွား သယောင် ရှိသည် ။ ပေါ်ထွက် လာသော အဖြေ စကား ကလည်း အလေးအနက် သဘောဆောင် နေသည် ။


“ ဒီ စေတီ က စေတီ ရိုးရိုး မဟုတ်ဘူး ငါ့ တူ ရဲ့ ။ ဦးရီး က ခေါင်းဆောင် ပြီး အထိမ်းအမှတ် သဘောမျိုး တည် ထားတာ ။ ဦးရီး တစ်သက်မှာ ဆင် နဲ့ ပတ်သက်ပြီး အထူးခြားဆုံး အတွေ့အကြုံ လို့ တောင် ပြော နိုင်တယ် ။ နေဦး လေ ၊ အိမ် ကျ တော့ မှ အေးအေးဆေးဆေး ပြောပြမယ် ” 


နေအိမ် သို့ ပြန်ရောက် ထမင်း စား ပြီးသော အခါ ဦးရီး သည် ကျွန်တော် နှင့် အတူ လက်ဖက်ရည်ကြမ်း သောက်ရင်း စကားစ ရှိ လက်စ လမ်းဘေး မှ စေတီအို အကြောင်းကို အေးအေးဆေးဆေး ပြန် ပြောပြသည် ။ လမ်းဘေး မှ စေတီအို သို့မဟုတ် ဆင်မင်းစွယ်နီ ၏  ဂူဗိမာန် ကား ကျွန်တော့် အဖို့ စိတ်ဝင်စားဖွယ် ရှိလှပါဘိ ။ 


( ၃ )


တဗူးမြို့ဟောင်း တည်ရှိရာ ရိုးမတောင် ပေါ် မှ သစ်လုံးများကို လှိုင်မြို့ဟောင်း မြစ်ကမ်းခြေ မြေပြန့် သို့ ဆင်ဦးစီးကလေး မောင်သိန်းထွန်း သည် ဆင် ဖြင့် နေ့စဉ် သယ်ယူ ပို့ဆောင် ပေးရသည် ။


လှိုင်မြို့ဟောင်း သည် သစ်ဆွဲ ဆင်များ နှင့် ဆင်ဦးစီး များ ၊ သစ်တော အလုပ်သမားများ နေထိုင် စခန်းချရာ လည်း ဖြစ်သည် ။


မောင်သိန်းထွန်း အလုပ် လုပ်သော ကုမ္ပဏီ တွင် သစ်ဆွဲဆင် အများအပြား ရှိသည့် အနက် ‘ ဖပ်ခွာကြီး ' ဆိုသော ဆင် မှာ အခြား ဆင်များ ထက် ထူးခြားသည် ။ အလုံးအရပ် ကြီးမြင့် ရုံ သာ မဟုတ်သေး ။ အားလုံး ဆင် များ က လည်း သူ့ ကို ကြောက်ရွံ့ ကြသည် ။ ဆင်ဦးစီး များ သည် သူတို့ သြဇာ မကိုက်သော ဆင်များ ကို ဖပ်ခွာကြီး နှင့် ဆိုင် ပေးလေ့ ရှိကြသည် ။


တစ်နေ့တွင် ကုမ္ပဏီ ၏ ဆင်ဖမ်း အဖွဲ့သည် ဆင် တစ်ကောင် ကို ခက်ခက်ခဲခဲ ဖမ်းမိ လာခဲ့ကြသည် ။ ခက်ခက်ခဲခဲ ဆိုသည် မှာ ထို ဖမ်းမိလာခဲ့သော ဆင် သည် နောက် နောက် အခါက သုံးကြိမ် တိုင်တိုင် လွတ်မြောက် သွားခဲ့ ဖူးသည့် ပြင် ယခု တစ်ကြိမ် တွင် လည်း နည်းအမျိုးမျိုး ဖြင့် ကြိုးပမ်းတကြီး ဖမ်းဆီးခဲ့ရ သောကြောင့် ဖြစ်သည် ။


သစ်လုပ်ငန်း တစ်ခုလုံး တွင် တစ်ယောက် တစ်မျိုး အပြောများ နေကြသော အခါ မောင်သိန်းထွန်း သည် လည်း ထို ဆင်ကို သွားရောက် ကြည့်ရှု ခဲ့သည် ။


အလုံးအရပ် မှာ ဖပ်ခွာကြီး အောက် ငယ်သယောင် ပင် ရှိသေးသည် ။ သို့သော် နှာမောင်း မှ အစ အမြီးဖျား တိုင်အောင် ကျစ်လစ် ကြော့မော့ ရှိခြင်း မှာ အသိအသာ ထူးခြား နေသည် ။


သူ့ ဘေး တွင် ဆင်မပျို များ ဝန်းရံ လျက် ရှိသည် ။ သို့သော် မည်သို့မျှ အနား ကပ် မခံ ။ သူ့ အနီး ချဉ်းကပ် လာ တိုင်း နှာမောင်း ဖြင့် ရိုက်ပုတ် ဝှေ့ယမ်း နေသည် ။


တောဆင်ရိုင်များ ထုံးစံ မှာ ကား ကျုံးသွင်း ပြီး အစာရေစာ အငတ်ခံ ထားပါလျက် ယဉ်ပါးခြင်း မရှိ လျှင် ဆင်မပျိုများ ဖြင့် ဖြားယောင်း ကာ ယဉ်ပါး လာစေ မြဲ ဖြစ်သည် ။


နောက်ဆုံး၌ ဖပ်ခွာကြီး ကို သူ့ထံ ခေါ် လာသည် ။ ထိုတွင် ပင် သူ ၏ ထူးခြားမှု ကို မောင်သိန်းထွန်း နှင့်တကွ အားလုံး လူများသိကြရ တော့သည် ။


အခြား ဆင်များ အပေါ် တွင် စိုးမိုး နိုင်ခဲ့သော ဖပ်ခွာကြီး သည် သူ့ ကို မူ နိုင်နင်းညှဉ်းပန်းရန် မဆိုထားဘိ ။ အနားသို့ ပင် မချဉ်းကပ်ဝံ့ ပါပေ ။


ဆင်ဦးစီး က ဖပ်ခွာကြီး အား ထို ဆင် ၏ အပါး သို့ ချဉ်းကပ်မိ စေရန် ကြိုးစားသည် ။ ဖပ်ခွာကြီး ကား မည်သို့မျှ မချဉ်းကပ် ပါလေ ။ ဖပ်ခွာကြီး ကိုယ်တိုင် ပင် အနား မကပ်ဝံ့ သောအခါ ဆင်ဖမ်းသူများ သည် ထို ဆင် ကို အခြား ဆင်များ လို ချက်ချင်း ပြုပြင် လေ့ကျင့် ၍ မရ နိုင်ကြောင်း ယုံကြည် လာ ကြသည် ။


မောင်သိန်းထွန်း က မူ သူ့ တစ်ကိုယ်တည်း စူးစမ်း အကဲခတ် ရန် စိတ် ထက်သန် နေသည် ။ သို့ဖြင့် တစ်နေ့ သော ည လူခြေတိတ် ချိန် တွင် သူ့ တစ်ကိုယ်တည်း တိတ်တဆိတ် သဘောမျိုး ဆင် ရှိ နေရာ အနီးသို့ ချဉ်းကပ် သွားသည် ။


ထိုနေ့ ည မှာ လဆုတ် ရက်ပိုင်း ဖြစ်ရာ ဝန်းကျင် အလုံး သည် အမှောင် အင်အား များ နေသည် ။ သစ်ကိုင်း သစ်ရွက်များ အကြား မှ ဝိုးတဝါး အလင်းရောင်ကလေး များ ကိုပင်လျှင် တောက်ပ ရွှန်းလက်လှပြီ မှတ်ထင် နေရ သည် ။


မောင်သိန်းထွန်း သည် ဆင့်အပါး သို့ ဖြည်းညင်း စွာ ချဉ်းကပ် သွား လေသော အခါ အမှောင် ထဲ မှ အံ့သြ ဖွယ် ကို တွေ့ ရသည် ။ ဆင် ၏ ဦးကင်းပိုင်း တွင် တောက်ပြောင် နေသည် ကို တွေ့ လိုက်သောကြောင့် ဖြစ်သည် ။ ပထမ တွင် ကား ဘာ ဟူ၍ သဲကွဲစွာ မသိ ။ တိတ်ဆိတ် ငြိမ်သက်စွာ စောင့်ကြည့် နေ မိသော အခါတွင် မှ တောက်ပြောင် သော အရောင် သည် ဆင့် အစွယ် မှ ပေါ် ထွက် နေခြင်း ဖြစ်ကြောင်း သိလာရသည် ။


ဂရုစိုက် ကြည့်လေ တောက်ပ နီရဲ နေလေ ဖြစ်တော့ သည် ။


မောင်သိန်းထွန်း သည် သူ့ တစ်ယောက် တည်း ထို ဆင် ၏ ထူးခြားမှု ကို အသေအချာ သိသွားသည် ။ အမည် လည်း မှည့် လိုက်မိသည် ။ “ ဆင်မင်း စွယ်နီ ” ။


နံနက်ခင်း နေမင်း မြူးကြွ လာသောအခါ မောင် သိန်းထွန်း သည် စွယ်နီ ကို အသေအချာ ထပ်မံ စူးစမ်း ပြန်သည် ။ ဦးကင်းပိုင်း မှာ ဆင်မည်းပကတိများ သို့မဟုတ် ညှင်းပျောက် ဆိုရမည့် အဝန်းအစက်များ ပြိုးပြွမ်းနေ သည် ။ ကိုယ်ထည်ပိုင်း တွင် လည်း ထို့ အတူ ဖြစ်သည် ။ 


“ လက်စသတ်တော့ ဒီလိုကိုး ”


ကြားဖူးနားဝ ဗဟုသုတ ဖြင့် မောင်သိန်းထွန်း သည် သူ့ တစ်ကိုယ် တည်း ကျိတ်၍ မှတ်ချက် ချ လိုက်သည် ။ 


ဆင်ဖြူတော် ဆိုသည် မှာ တစ်ကိုယ်လုံး ဆွတ်ဆွတ် ဖြူ နေ မှ မဟုတ် ။ လက္ခဏာ ကြန်အင်အား အနီးအစပ် ဖြစ် နေလျှင် လည်း ဆင်ဖြူတော် အနွယ်ဝင် သတ်မှတ်ရ သည် သာ ဖြစ်သည် ။ ဖပ်ခွာကြီး ကိုယ်တိုင် မချဉ်းကပ်ဝံ့ မနှိပ်စက်ဝံ့ ဖြစ် နေသည် က လည်း အမှန် ထူးခြား နေ သည် ။


သို့သော် သည် အကြောင်း ကို ဆင်ဖမ်းအဖွဲ့ နှင့် အခြားသူများအား ဖွင့်ဟ ပြော၍ မဖြစ် ။ အုပ်ချုပ်သူများ ကိုယ်တိုင် က ဆင်ဖြူတော် ဟူ၍ လည်းကောင်း ၊ ဆင်မင်း ဟူ၍ လည်းကောင်း သိမှတ် လက်ခံလိုခြင်း မရှိသူ လူမျိုးခြား များ ဖြစ် နေသော အခါ မောင်သိန်းထွန်း သည် သူ့ အသိ ကို သူ့ ဘာသာ ပင် မျိုသိပ် ထိမ်ချန် ထားရ တော့ သည် ။


“ ဒီလောက် တောင် ခေါင်းမာ လှတဲ့ ဆင် ကို နည်း နည်းမှ ညှာ မနေနဲ့ကွာ ၊ ကြမ်းနိုင် သမျှ သာ ကြမ်း ပေ တော့ ”


ခုနစ်ရက် ခန့် ကြာ သွားပြီး တစ်နေ့ တွင် ဆင်ဖမ်း အဖွဲ့ ခေါင်းဆောင် လုပ်သူ သည် သူ့ လက်အောက် ဆင်ထိန်း ဖြစ်သူ ကို အမိန့် သဘောမျိုး ပြော လိုက်သည် ။ မောင်သိန်းထွန်း ကား ထို အချိန်မှ စ၍ ရင် တထိတ်ထိတ် ရှိ နေမိသည် ။


ရိုးမ ပေါ် တွင် တစ်နေကုန် အလုပ် လုပ်ပြီး ညနေ ဘက် စခန်း သို့ ပြန် ရောက် လာသော အခါ မောင်သိန်းထွန်း သည် သတင်း တစ်ခု ကြား ရသည် ။


စွယ်နီ ကို ချွန်းတောင်း ဖြင့် အကြမ်းဖက် ချုပ်ကိုင် သော ဆင်ထိန်း ဖြစ်သူ သည် စွယ်နီ ၏ ခွာ အောက် တွင် အသက်ပျောက် သွားရခြင်း ဖြစ်သည် ။


အခြား ဆင်များ ဆိုလျှင် ကျုံးသွင်း ထူးခတ် ထားပြီး နောက် အစာ လည်း မကျွေး ၊ သို့မဟုတ် ဆင်မပျို များ ဖြင့် တစ်စတစ်စ သိမ်းသွင်း သွားလျှင် ယဉ်ပါး သွားသည် ။ နောက်ဆုံး၌ ဆင်ထိန်းများ လိုသလို ဖြစ် လာသည် ။


စွယ်နီ က မူ မယဉ်ပါးရုံ သာ မက လူ တစ်ယောက် ကို ပင် ဖျက်ဆီး ပစ်လိုက်ပြီ ဖြစ်၍ အများစု က စွယ်နီ ကို မောင်သိန်းထွန်း နှင့် စမ်းသပ် ကြည့်ရန် အကြံပေး သတိရ လာကြသည် ။ မောင်သိန်းထွန်း မှာ ထိုစဉ် က အားလုံး ဆင်ဦးစီးများ ထဲ တွင် ဆင် နှင့် အယဉ်ပါးလွယ်ဆုံး ၊ အသင့် မြတ်ဆုံး ဟု သိထားကြ သောကြောင့် ဖြစ်သည် ။


သို့သော် လူတို့ ဓမ္မတာ မောင်သိန်းထွန်း နှင့် ပြိုင်ဘက် ဆင်ဦးစီး တစ်ယောက် က လည်း ရှိနေ သေးသည် ။ မောင်သိန်းထွန်း ကိုယ်တိုင် က လည်း သူ့ အကြံ နှင့် သူ တစ်စုံတစ်ရာ တာဝန် မယူသေး ဘဲ ရှိသည် ။


အလုပ် အားလပ်ခွင့် ရသော တစ်နေ့ တွင် ကား မောင်သိန်းထွန်း သည် စွယ်နီ ထံပါး သို့ သူ့ တစ်ယောက် တည်း တိတ်တဆိတ် ချဉ်းကပ် သွားသည် ။ သူ့ လက် ထဲ တွင် အင်ကြင်းပန်း တစ်ခိုင် ပါသွားသည် ။


စွယ်နီ သည် အင်ကြင်းပန်း ကို ကိုင် လာသော မောင်သိန်းထွန်း အား ငြိမ်သက် အေးချမ်းစွာ ကြည့် နေ သည် ။ နှာမောင်း ဝှေ့ယမ်းခြင်း ၊ ခွာ ရှပ်ခြင်း တစ်စုံတစ်ရာ မပြု ။ ပကတိ အေးဆေး ငြိမ်သက် နေသည် ။ မောင်သိန်းထွန်း က စွယ်နီ ကို စိတ်ချ သလို ရှိ ကာ အင်ကြင်းပန်းခိုင် ကို နှာမောင်း အနီး ကပ်ပေး လိုက်သည် ။ စွယ်နီ သည် အင်ကြင်းပန်းခိုင် ကို လိုလိုလားလား ပင် နှာမောင်း ဖြင့် သိမ်းယူ ကာ သူ့ ဦးကင်းပေါ် သို့ တင်ကာ မြှောက်ကာ ရှိ နေသည် ။


မောင်သိန်းထွန်း ဝမ်းမြောက် ၍ မဆုံးနိုင်ပြီ ။ သူ သည် ဆင်များ အပေါ် တွင် ပင်ကို သံယောဇဉ် ရှိနေ တတ် သူ ဖြစ်ရာ သူ တကာ နှင့် မယဉ်ပါးသော စွယ်နီက သူ နှင့် အသိအသာ ကျွမ်းဝင် ယဉ်ပါး လာသော အခါ အထူး တလည် ဝမ်းမြောက် ရသည် ။


နောက် တစ်နေ့ တွင် ကြံချောင်းများ ယူလာပေး သည် တွင် လည်း စွယ်နီ သည် စုံစုံမက်မက် လက်ခံ ပြန် သည် ။ နောက်ဆုံးတွင် သူ့ နှာမောင်း ကို ကိုင်တွယ် ခံ သည် အထိ ၊ ကိုယ်လုံး ကို ကိုင်တွယ် ပွတ်သပ် ခံသည် အထိ စွယ်နီ သည် မောင်သိန်းထွန်း နှင့် ကျွမ်းဝင် ယဉ်ပါး သွား လေသည် ။


ထို ရက် များ အတွင်း တွင် ပင် ကုမ္ပဏီ ၏ ဆင် ထိန်းသိမ်းရေး တာဝန်ခံများ သည် တစ်ယောက် တစ်မျိုး အပြော များ လာကြသည် ။


“ ဒီ ဆင် က ကျွေး သမျှ လည်း ဘာမှ မစားနဲ့ ၊ ကြာရင် သေသွား လိမ့်မယ် ။ ခက်ခက်ခဲခဲ ဖမ်းလာပြီး မှ သေသွား မယ် ဆိုရင် ဘယ်ဖြစ်ပါ့မလဲ ”


“ မောင်သိန်းထွန်း နဲ့ စမ်းကြည့်ဖို့ ကောင်းတယ် ။ သူ က ဆင်အကြောင်း အတော် နားလည်းရုံ သာ မဟုတ် သေးဘူး ၊ အကိုင်အထိန်း လည်း ကောင်းတယ် မဟုတ် လား ” 


သည် စကားသံများ ထွက်ပေါ်  လာသော အခါ မောင်သိန်းထွန်း နှင့် ဆန့်ကျင်ဘက် ဖြစ်နေသူ ညိုကြီး ဆိုသော ဆင်ဦးစီး တစ်ယောက် မှာ မခံမရပ် နိုင်အောင်ပင် ဖြစ်လာ ခဲ့သည် ။


“ ကိုယ့် လက် ထဲ ရောက်ပြီး ကိုယ် ပြုသမျှ ခံနေရတဲ့ တိရစ္ဆာန် ကို ဘယ်သူ နဲ့ မှ ဖြစ်မယ် ၊ ဘယ်သူ က မှ တော် တယ် ဆိုတာတွေ က နည်းနည်းမှ မဟုတ်သေး ပါဘူးဗျာ ။ တကတဲ တိရစ္ဆာန် ပဲ ဟာ ကိုယ် ပြုပြင်ရာ ခံ ရမှာပေါ့ ” 


ညိုကြီး ၏ စကား မှာ ဆင်အုပ် ဖြစ်သူ ကို ရန်စ လိုက် သလို ဖြစ်သွား စေသည် ။


“ ဟေ့ ... ညိုကြီး ၊ မင်း ဒီလို တစ်ဇွတ်ထိုး ပြောလို့ မရဘူးကွ ။ ကိုယ် ပြုပြင် ချင် သလို ဖြစ်ရင် ဒီ ဆင် အတွက် ခုလိုတောင် ဒုက္ခ ခံ မနေရဘူး ” 


“ ဒါကတော့ ဒုက္ခ ရောက် ချင်လို့ ရောက် နေတာကိုး ။ ကျွန်တော် နဲ့ လွှတ်ပေး လိုက်စမ်းပါလား ” 


“ ဟေ့ ... ညိုကြီး တကယ်လား ကွ ။ မင်း စကား မင်း မြဲပစေနော် ” 


“ အို ... စိမ်လိုက်ဗျာ ၊ စမ်းချင်တဲ့ အချိန် အသင့်ပဲ ” 


စင်စစ်မူ ညိုကြီး သည် လည်းကောင်း ၊ စွယ်နီ သည် လည်းကောင်း ထို အချိန် မှ စ၍ ကံကြမ္မာ ကို လက်ယပ် ခေါ် လိုက် သလိုပင် ရှိချေတော့သည် ။


ညိုကြီး က သူ့ ကတိ အတိုင်း တကယ်တမ်း အကြမ်း ဖက်ကြည့် သော အခါ စွယ်နီ သည် အများသော ဆင် များလို လှံချက် ၊ ချွန်းချက် ဖြင့် အကြောင်း မထူးကြောင်း သိလာ ရသည် ။ ထိုး လိုက် သမျှ လှံချက်များ မှာ စွယ်နီ ကို နာကျင်စေမှု ထက် ကျိုးပဲ့ကောက်ကွေး ကုန်သည် ကို သာ ထူးဆန်း အံ့သြဖွယ် တွေ့ ရသည် ။


တစ်ချီ တွင် မူ စွယ်နီ သည် ထူးကြိုးများ ဆိုင်းထား သည့် ကြား မှ ပင် ညိုကြီး အား ရှေ့ ခွာ ဖြင့် ဗြုန်းခနဲ ရှပ် လိုက် ရာ ညိုကြီးသည် မြင်မကောင်း ရှုမကောင်း ပင် ကြေမွ ပျက်စီး သွားရ တော့သည် ။  ။


◾အောင်ကျော်မင်း


📖 မိုးဝေမဂ္ဂဇင်း 

      ၁၉၇၅ ၊ ဇွန်လ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment