Sunday, August 13, 2023

စင်ကာပူ သပြေနု


 

❝ စင်ကာပူ သပြေနု ❞

စင်ကာပူမြို့ ၊ ပင်နဆူလာ ပလာဇာ ပေါ် က မြနန္ဒာ စားသောက်ဆိုင် ပေါ် မှာ ကျွန်တော် တစ်ယောက် တည်း ထိုင်ရင်း ရေနွေးကြမ်း သောက် နေတယ် ။ ရှေ့ က စားပွဲ ပေါ် မှာ တော့ အကြော်စုံ ပူပူနွေးနွေး က စားချင်စဖွယ် ရနံ့ သင်း လို့ ။

စင်္ကာပူ ကို ခရီးဖော် မိတ်ဆွေ စာရေးဆရာတွေ အများကြီး နဲ့ အတူ ကျွန်တော် ရောက် လာ ခဲ့တာပါ ။ ဆရာမကြီး ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ၊ ဆရာဖေမြင့် ၊ ဆရာမဂျူး တို့ လည်း အတူတူ ပါတယ် ။ သူတို့တွေ က ကိုယ်စီ ကိစ္စတွေ နဲ့ ဟိုဟို သည်သည် သွား နေကြ ချိန် မှာ ကျွန်တော် က မြနန္ဒာ ဆိုင် ထဲ မှာ ထိုင် နေ ရစ်တာ ။

နံရံ ပေါ် က ဖလက်တီဗီ မှာ ကိုခင်မောင်တိုး ရဲ့ သီချင်း ဗီစီဒီ ဖွင့် ထားတယ် ။ မြနန္ဒာဆိုင် ကို မြန်မာ အမျိုးသား ကိုဘိုဘိုဝင်း တို့ မိသားစု က ပိုင် တာပါ ။ ညှပ်ခေါက်ဆွဲကြော် ၊ ထမင်းကြော် ၊ ကြာဆန်ကြော် ၊ ကြေးအိုး ၊ ကြေးအိုးဆီချက် ၊ ဆီချက်ခေါက်ဆွဲ ၊ ရှောက်သီးသုပ် ၊ ကြာဆန်ဟင်းခါး ၊ ဖာလူဒါ ၊ တို့ဟူးနွေး ၊ ရခိုင်မုန့်တီ စားသောက်ဖွယ် အစုံ သုံးဆောင် နိုင်တယ် ။ မြန်မာထမင်းဟင်း လည်း စား နိုင်တယ် ။ ချဉ်ပေါင်ကြော် ၊ ဝက်သားဟင်း ၊ ဘာလချောင်ကြော် ၊ ပဲနှပ် ဟင်းစုံ ရှိတယ် ။

စင်ကာပူမြို့လယ် က ထည်ဝါ ခမ်းနားတဲ့ ပင်နဆူလာ ပလာဇာကြီး ပေါ်  မှာ မြန်မာတွေ ခပ်ပိုင်ပိုင် ရွာ လာ တည် ထားတယ် ။ တော်ဝင် ၊ ရဲရင့် ၊ အောင်ချမ်းသာ ၊ စိုးရတနာမြိုင် ဟင်္သာရောင်းဝယ်ရေး မြန်မာစာ မြန်မာအမည် နဲ့ ဆိုင်ခန်းကြီး တွေ က ခမ်းနား လှတယ် ။

အချိန် အတန် ကြာတော့ ဆရာမ ဂျူး နဲ့ အတူ အမျိုးသမီး တစ်ယောက် မြနန္ဒာ ဆိုင် ထဲ ကို ဝင် လာတယ် ။ အမျိုးသမီး က သက်လတ်ပိုင်း အရွယ် ၊ နက်ပြာရောင် စကတ် ၊ ကုတ်အင်္ကျီ  နဲ့ စမတ် ကျတယ် ။ နိုင်ငံခြား ရုပ်ရှင်တွေ ထဲ မှာ တွေ့မြင် ရတဲ့ စီးပွားရေး လုပ်ငန်းရှင် ပုံစံ မျိုး ။ သူ့ မျက်နှာ ပေါ်မှာ ချိုမြ ဖော်ရွေ ပြီး မဟာ ဆန် တဲ့ အပြုံး ကို တွေ့ ရတယ် ။ သူ့ အမည် က ဒေါ်သန်းသန်းနု ။

ပင်နဆူလာ ပလာဇာကြီး ပေါ် မှာ သူ့ အလုပ်ခန်း ၊ သူ့ ဆိုင်ခန်း တွေ ရှိတယ် ။ စင်ကာပူ နဲ့ ပတ်သက်တဲ့ မြန်မာတွေ က သူ့ ကို မသိသူ မရှိဘူး ။ အသက် ၃၇ နှစ် ရောက် မှ စင်ကာပူ မြေ ကို သူ ခြေချ ခဲ့တယ် ။ သူ့ ပညာရေး က စာပေးစာယူ နဲ့ ဘွဲ့ တစ်ခု ရ ခဲ့သူ ၊ ကလေး သုံးယောက် အမေ ။ သူ ရတဲ့ ဘွဲ့ ၊ သူ့ အသက်အရွယ် နဲ့ စင်ကာပူ လို နိုင်ငံရပ်ခြား မှာ အခြေချ ရပ်တည် ဖို့ အတွက် အပြင်းအထန် သူ ကြိုးစား ရုန်းကန် ခဲ့ရ တာပါ ။ အဆင်ပြေ တဲ့ ဘဝ တစ်ခု ကို ရဖို့ ခယောင်းလမ်း ကို သူ ဖြတ်သန်း ခဲ့တယ် ။ ငယ်စဉ် ကတည်း က မသန်းသန်းနု က ဇ တော့ ရှိတယ် ။

စင်ကာပူ က လူတွေ မှာ အစစ အရာရာ ပြည့်စုံ ပေမယ့် အချိန် တော့ ရှားတယ် လို့ ပြောကြတယ် ။ စင်ကာပူ မြို့လယ် လမ်းမတွေ ပေါ် မှာ ကားတစ်စီး နဲ့သွား နေရင်း သူ့ ငယ်ဘဝ ကို မသန်းသန်းနု က ပြောပြ ပါတယ် ။

•••••   •••••   •••••

ကျွန်မ က တောင်ငူ ၊ အလယ်ကျွန်းသူ ၊ ကျွန်မ အဖေ ကို တောင်ငူ မှာ ကျားခင်မောင် လို့ အသိ များတယ် ။ အဖေ က သစ်လုပ်ငန်း မှာ ချောင်းအုပ် ။ သူ့ အစ်ကို ညွှန်ကြားရေးမှူးချုပ် ကို သူ က အလုပ် သွား တောင်း တော့ ငါ တို့ တိရစ္ဆာန်ရုံ အတွက် ကျား လိုတယ် ၊ ကျား ဖမ်းခဲ့ အလုပ် ခန့်မယ် လို့ ရွတ် ပြော လိုက်တာ ။ အဖေ က တော ထဲ သွားပြီး ကျား ဖမ်းတာ မိ လာတယ် ။ တောင်ငူ မှာ လွတ်လပ်ရေးပွဲ လုပ်တဲ့ အချိန် နဲ့ တိုးတော့ တစ်ယောက် တစ်မတ် နဲ့ ပြ စားတာ ။ သူ့ အစ်ကို က ကြား တော့ ကျား ရန်ကုန် ယူခဲ့ ၊ အလုပ် ခန့်မယ် လှမ်း ခေါ်တယ် ။ တောင်ငူ က ရန်ကုန် အပို့ လမ်း မှာ လည်း တစ်ယောက် တစ်မတ် နဲ့ ပြစား သွားတယ် ။ ရန်ကုန် ရောက် တော့ သူ နဲ့ ကျား နဲ့ ဓာတ်ပုံ သတင်းစာ ထဲ ပါ လာတယ် ။ ဆုတော်ငွေ လည်း သုံးထောင် ရတယ် ။ အဖေ ၄၅ နှစ် မှာ သစ်လုပ်ငန်း အလုပ် စ ဝင် ရတယ် ။

အဖေ အလုပ် ပြောင်း လို့ ရှမ်းပြည်နယ် တောင်ပိုင်း အဝင် ယင်းမာပင် မှာ ကျွန်မ နေခဲ့ရတယ် ။ ကျွန်မ သူငယ်တန်း အောင်စ အရွယ်လေး အဲသည် ကို ရောက် သွား တယ် ။ ရထားလမ်း နဲ့ ကားလမ်း နဲ့ ဆုံတဲ့ နေရာ မှာ အိမ်မည်းကြီး တစ်လုံး ရှိတယ် ။ ပိုင်ရှင် က မဝင်းကြည် တဲ့ ။ အဲသည် အချိန် က သူ့ ယောက်ျား မရှိဘူး ။ အဲသည် တစ်အိမ်လုံး မှာ စာအုပ်တွေ ချည်းပဲ ။ ကျွန်မ က စာ လည်း မတတ် တတတ် ။ ယင်းမာပင် ကို ရောက် တော့ အရမ်း ပျင်းတယ် ။ တွေ့ သမျှ စာအုပ်တွေ အကုန် ထိုင် ဖတ် တော့တာပဲ ။

မဝင်းကြည် က မနက် အစောကြီး မှာ ရေမုန့် လုပ် ရောင်းတယ် ။ ကျွန်မ က အိပ်ရာ အစောကြီး နိုးတာ ။ သူ့ ရေမုန့် ရောင်းပေး မလား မေးတယ် ။ ရောင်းမယ် ပေါ့ ။ အဲသည်တုန်း က ကျွန်မ ပိုက်ဆံ မရေတတ် သေးဘူး ။ ဗန်း ထဲ ပါ လာ တဲ့ ပိုက်ဆံ အကုန် သူ့ အပ်တယ် ။ သူ က ကျွန်မ ကို ဆယ်ပြား ပေးတယ် ။

ရေမုန့် ရောင်း ပြီးလို့ ကျွန်မ ပြန် လာတဲ့ အချိန် မှာ သူ က အကြော် ကြော်ပြီး နေပြီ ။ သူ့ အကြော် က ဗန်း ထဲ တစ်ခါ ရောက်သွား ပြန်တယ် ။ အကြော် တစ်ဗန်း ကုန် လို့ ပြန်လာ ချိန် မှာ သူ က ဘူတာ ထဲ သွား ရောင်းဖို့ ဆီးယိုတို့ ၊ ကန်စွန်းဥပြုတ် တို့ စုံအောင် လုပ်ပြီး နေပြီ ။ အခု ပြန် စဉ်းစား ကြည့် လိုက်တော့ ယင်းမာ က အကြော်သည် မဝင်းကြည် ဟာ ကိုယ့် ဆရာ တောင် ဖြစ်နေတယ် ။ အလုပ်တွေ တစ်ခု ပြီး တစ်ခု ၊ တစ်ခု ပြီး တစ်ခု လုပ် လုပ် သွား လိုက်တာ ။

ယင်းမာပင် ဘူတာ ထဲ မှာ ဈေး ရောင်း နေတာ အဖေ တွေ့ သွားတော့ မကြိုက်ဘူး လို့ ပြောတယ် ။ ကျွန်မတို့ တောင်တွင်းကြီး ကို ပြောင်း ရတယ် ။ တောင်တွင်းကြီး ရောက် ပြန် တော့ ကျွန်မ ဘာ လုပ် သလဲ ဆိုရင် ရေကန် ထဲ ကြာဖူး တွေ့ ရင် ဆင်း ချိုး ၊ ရောင်း ။ မန်ကျည်း ရွက်နု တွေ့ ရင် တက်ခူး ၊ ရောင်း ။ ပိုက်ဆံ ရတဲ့ အလုပ်တွေ လိုက် လုပ် နေတာ ။ အဲသည် အချိန် မှာ အတန်း က နှစ်တန်း သုံးတန်း ရောက် သွားပြီ ။ ဝတ္ထု က လည်း ဖတ် နေတော့ မြန်မာစာ တော်တော် ရ နေပြီ ။ အိမ် မှာ အဖေ လည်း စာဖတ် ၊ အမေ လည်း စာဖတ်တယ် ။ ကျွန်မ လေးတန်း မှာ တက္ကသိုလ်ဘုန်းနိုင် ထွက် သမျှ အကုန် ဖတ်ပြီး နေပြီ ။ လေးတန်း နှစ် မှာ တောင်သူအလယ်ကျွန်း ကို ကျွန်မ ပြန် ရောက် လာတယ် ။

အဖေ က သစ်လုပ်ငန်း က ဝန်ထမ်း ဆိုတော့ ကျွန်မ ငါးတန်း မှာ ရေတာရှည် ကို ပြောင်းရ ပြန်တယ် ။ ကျွန်မ ကျောင်း သွားတဲ့ အခါ လွယ်အိတ် ထဲ မှာ နေကြာစေ့ထုပ်လေးတွေ ၊ မရန်းပြားထုပ်လေးတွေ ပါတယ် ။ တစ်ကျပ် ရင်း ရင် ငါးမတ် ဖြစ် တယ်လေ ။ ဈေး က သုံးကျပ် ဖိုး လောက် ဝယ်လာပြီး ကျောင်း မှာ စားပွဲ ပေါ် ခင်း ငါးပြား ငါးပြား နဲ့ ရောင်းတယ် ။ စာ လည်း တော် နေတော့ အဖေ က ကျွန်မ ကို မတားသာဘူး ။

ကျောင်း ပိတ်ပြီ ဆိုရင် သုံးပြီးသား ဗလာစာအုပ် တွေ ပြန် ရောင်း ကြတယ် ။ ကျွန်မ က စာအုပ် အတိုင်း မရောင်းဘူး ။ စက္ကူအိတ်ကလေး တွေ ချိုး ရောင်းတော့ လေးငါးဆ လောက် ပိုက်ဆံ ပို ရတယ် ။ အဲသည်လို ရောင်းရင်း ကိုယ့် စာအုပ်တွေ ကုန် သွားရင် သူငယ်ချင်းတွေ ဆီ က ပြန် ဝယ်ပြီး စက္ကူအိတ် ချိုး ရောင်း တယ် ။ ဆိုင်တွေ ကို ရောင်းဖို့ သွား သွင်းတဲ့ အခါ အစ မှာ ကိုယ် က ကလေး ဆိုတော့ သူတို့ က မဝယ်ချင်ဘူး ။ နည်းနည်း ကြာ မှ အကြောင်း သိပြီး ဖောက်သည်တွေ ရှိ လာတာ ။

မန်ကျည်းသီးမှည့် ပေါ်တဲ့ အချိန် မှာ ကျွန်မ မန်ကျည်းသီး ထု တယ် ။ အဖတ် တခြား အစေ့ တခြား ဖြစ်အောင် လုပ်ပေး ရ တာလေ ။ ထွက် လာတဲ့ မန်ကျည်းစေ့ ကို ကျွန်မ မလွှင့်ပစ်ဘူး ။ လှော်ပြီး ပြန် ရောင်းတာ ။ မြေပဲတောင့် အခွံ ခွာတယ် ။ တစ်တောင်း နှစ်ကျပ် ။ ကလေး ၊ မြေပဲဆန် မခိုးရဘူးနော် လို့ ပြောတယ် ။ ခွာ ခွာပြီး ပြန် သွင်း ရတယ် ။

နောက် တောင်ငူ ပြောင်း ရ ပြန်တယ် ။ အဘွားခြံ ထဲ မှာ အတူ နေတယ် ။ အဘွား ကို ခြံစည်းရိုး မှာ ဘိုကတော်မျက်ခုံး စိုက်မယ့် အစား မန်ကျည်းပင် စိုက် ပါလား ။ ခြံ ထဲ မှာ ပိတောက်ပင် ၊ စိန်ပန်းပင် အစား ကံ့ကော်ပင် စိုက်ပါ ပြောတယ် ။ မန်ကျည်းသီး ၊ မန်ကျည်းရွက် ၊ ကံ့ကော်ပန်း က ပိုက်ဆံ ရတယ် ။ ကျွန်မ ၁၄ နှစ် သမီး က စိုက်ခဲ့တဲ့ ကံ့ကော်ပင်တွေ အခု ဆို ဝေ နေ တာပဲ ။

အဘွား ခြံ ထဲ မှာ သရက်ပင် ၊ မရန်းပင် ၊ ကနစိုးပင် အစုံရှိတယ် ။ အဘွား က သိပ်ပြီး သေသေချာချာ မရောင်းဘူး ။ ကျွန်မ က မရန်းသီး ကို အခြောက် လှမ်းလိုက် ၊ ဆား စိမ်လိုက် ၊ မဆလာ နယ်လိုက် ၊ ငရုတ်သီးမှုန့် ဖြူးလိုက် အမျိုးစုံ လုပ် ရောင်းတာပဲ ။ သရက်သီး ကို လည်း သည်လိုပဲ ။

အုန်းသီး ၊ ကွမ်းသီး ကျွန်မ ခူးရောင်းတယ် ။ ခံတက်ပင် နုရင် ချဉ်ဖတ် ရောင်းတယ် ။ အဘွား က ကျွန်မ ကို အားကိုး လာတယ် ။

ကျွန်မ အဖေ က လူချစ်လူခင် များတယ် ။ အဖေ့ အယူအဆ က လူတွေ မှာ မိတ်ဆွေ အပေါင်းအသင်း ရှိ ရမယ် ။ ကိုယ် က သူများ ကို အကူအညီ ပေးရမယ် ။ ဒါဆိုရင် ကိုယ့် မှာ အရေးရယ် အကြောင်းရယ် ဖြစ်လာတဲ့ အခါ ကူညီမယ့် သူတွေ ရှိမယ် တဲ့ ။

တောင်ငူ မှာ ကျွန်မ ဘာလုပ်သလဲ ဆိုတော့ ကလေးတွေ ကို အိမ် ခေါ်ပြီး စာ သင် ပေးတယ် ။ ကိုယ် က ကိုးတန်း ဆိုရင် ရှစ်တန်း အထိ ၊ ကိုယ် က ဆယ်တန်း ရောက် တော့ ကိုးတန်း အထိ လာခဲ့ကြ ပိုက်ဆံ မယူဘဲ စေတနာ နဲ့ သင်ပေးတယ် ။ အိမ် မှာ စားပွဲ ကု,လားထိုင် မရှိတော့ ကလေးတွေ ကိုယ့် စားပွဲ ကိုယ် ယူလာခဲ့ ၊ ဒါက သူငယ်တန်း ဝိုင်း ၊ ဒါက တစ်တန်း ဝိုင်း ရှိတာလေး နဲ့ သင် ပေးတယ် ။ တောင်ငူမြို့ ဘက် က ပါ ကြား တော့ ကျွန်မတို့ ရွာ ကို လာ တက်ကြတယ် ။

အဲသည်လို နဲ့ ကျွန်မ ဆယ်တန်း အောင်တယ် ။ အဖေ က အပေါင်းအသင်း ကောင်းပြီး ခင်မင်သူ ပေါတော့ ကျွန်မ ကို သစ်လုပ်ငန်း မှာ အလုပ် တန်း ခန့်တယ် ။ တက္ကသိုလ် ဆက် မတက်နိုင်တော့ အလုပ် ဝင် လုပ်ရင်း စာပေးစာယူ တက် ရတယ် ။

ရုံး မှာ လုပ်တော့ လည်း ကျွန်မ က စပ်စပ် စပ်စပ် အကုန် လုပ် တာပဲ ။ လက်နှိပ်စက် ဆို လည်း သင် လိုက်တာပဲ ။ တိုင်းမန်နေဂျာရုံး မှာ အကုန် လုပ် ရတာ ။ အကုန် လုပ်တဲ့ သူ ဆိုတော့ လူကြီး က လည်း အကုန် ခိုင်း တာပါပဲ ။ အသက် က ၁၈ - ၁၉ - ၂ဝ လောက် ။ တိုင်းမန်နေဂျာကြီး က စွယ်စုံ လုပ် ခိုင်းတော့ ဟို နေရာပါ သည် နေရာပါ ရန်ကုန် ကို အစည်းအဝေး သွား တက်ရာ က အစ ခေါ် သွားတယ် ။ ရုံးချုပ် က လူကြီးတွေ က သဘောကျ လို့ ဆိုပြီး ရန်ကုန် ကို ခေါ် ထား လိုက်တယ် ။

ရန်ကုန် ကို ခေါ်ပြီး သိပ် မကြာဘူး ။ ရာထူး က လည်း တိုး ပေးတယ် ။ ရန်ကုန် မှာ နေရင်း စာရင်းကိုင် ဒီပလိုမာ ဆက် တက် ဖြစ်တယ် ။

ရန်ကုန် မှာ နေဆဲ အဖေ ဆုံး သွားတော့ အမေ့ ကို စောင့်ရှောက်နိုင်အောင် ကျွန်မ ကို တောင်ငူ ပြန်ပြောင်း ပေး ကြတယ် ။ အမေ့ ကို စောင့်ရှောက် နေခဲ့ပြီး အသက် ၃၀ နှစ် မှ အိမ်ထောင် ပြုတယ် ။ ကျွန်မ အမျိုးသား က သစ်လုပ်ငန်း က အရာရှိ ဦးသန်းလွင် ။

ကျွန်မတို့ အိမ်ထောင် ကျ ပြီးတော့ လွိုင်ကော် ကို ပြောင်း ကြရတယ် ။

◾ကျော်ရင်မြင့်

📖 ဘဝဇာတ်ခုံ အဖုံဖုံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment