❝ ရေစက် ❞
နိုးထ လှုပ်ရှားစ တာဝရွာကလေး ၏ နတ်လမ်းတံတား အနီး နံနက် ဈေး မှာ စည်ကား ပေသည် ။
“ ဟဲ့ ... မိုးလင်းကတီး ၊ နင် နဲ့ ငါ နဲ့ ငါးသလောက် တစ်ကောင် တစ် ယောက် တစ်ပိုင်း စီ ဆုံကြရအောင် ”
ဘယ်ဘက် လက်ဖဝါးတွင် ဆုပ်ကိုင်ထားသော ဆယ်တန် ၊ ငါးကျပ်တန် နှင့် ကျပ်တန် နွမ်းနွမ်းကလေးများ ကို ရေတွက် နေရာမှ မသန်းလှ က ကင်ပွန်းချဉ်ရွက် နှစ်စည်း ငုံ့ ဝယ် နေသည့် “ မိုးလင်းကတီး ” ဆိုသည့် မိန်းမ ကို လှမ်းပြောတော့ ထို မိန်းမ က လှည့် ကြည့်ရင်း ... ။
“ ဆုံချင် ဆုံလေ ။ ခေါင်းပိုင်း တော့ ကျွန်မ ယူ မယ် ။ အိမ် က ဟာ က ငါးသလောက် ဆို ခေါင်း မှ ကြိုက်တာ ” ဟု ပြော လေသည် ။
စင်စစ်တွင် “ မိုးလင်းကတီး ” ၏ အမည်ရင်း မှာ “ မစိန်ရီ ” ဖြစ်၏ ။
တာဝရွာသူ မဟုတ်ပေ ။
ဟင်္သာတ ဘက် မှ ဖြစ်၏ ။
သည်ရွာ က လှထွေး သည် အဲသည် ဘက် သို့ အလုပ် ကိစ္စ နှင့် သွားရင်း မစိန်ရီ ကို ခိုးပြေး လာရာ မှ တာဝ မှာ သည် ကောင်မလေး ထွေးရောယှက်တင် သောင်တင် သွားရခြင်း ဖြစ်၏ ။
သူတို့ ဒေသ ဘက် မှ လေသံ အရ “ မိုးလင်းကတည်း က ” ကို “ တဲ ” ဟု အသံ မထွက်ဘဲ “ ကျွန်မ က တော့ မိုးလင်းကတီး က ထမင်းအိုး တစ်အိုး တည် ပြီးပြီတော့ ” ဟု ပြောလေ့ ရှိ ၍ တာဝ ရွာသူရွာသားများ အကြား အာရုံ တွင် ချစ်ချင်သဖွယ် ရှိသည်မို့ သူ့ ကို မြင်လျှင် ခင်မင်ရင်းနှီးစွာ “ မိုးလင်း ကတီး ” ဟု သာ ခေါ်ဝေါ် ဆက်ဆံ လာခဲ့ကြရာ မှ အမည်ရင်း “ မစိန်ရီ ” သည် တစ်စတစ်စ ကွယ်ပျောက် သွားလေတော့၏ ။
မသန်းလှ နှင့် မိုးလင်းကတီး တို့ သူငယ်ချင်း နှစ်ဦး သည် တာဝရွာ ကလေး ၏ သဘာဝ အရ တစ်ဦးတည်း ၊ တစ်ယောက် တည်း ငါး တစ်ကောင် လုံး မဝယ်နိုင်သည့် သူ ကို ဖေးကူ သည့် သဘောမျိုး ဖြင့် တစ်ပိုင်း စီ “ ဆုံ ” ၍ ဝယ် ကြလေသည် ။
အမှန်တော့ ကိုယ် လိုချင် သလောက် ပိုင်း၍ ဈေးသည်များ က ရောင်းပေး ကြသော်လည်း ယခုလို တစ်ယောက် တစ်ပိုင်းစီ အတူတူ တိုင်ပင်၍ ဝယ်သည့် ဓလေ့မှာ ကျေးလက် သဘာဝ ရင်းနှီး ချစ်ခင်မှု သဘော ကို ပြသ သလို ထင်မှတ်ရ ပေ၏ ။
တာဝ ရွာသူများ အားလုံး ထဲ တွင် မသန်းလှ ကို သာ မိုးလင်းကတီး က အခင်ဆုံး ၊ အချစ်ဆုံး မဟုတ်ပါ ။ အားလုံးကို သူ သည် လိုက်လျော ညီထွေ ဆက်ဆံ တတ်ပါပေသည် ။
သို့ပါသော် လည်း လယ်ထဲ ဆင်း၍ ကောက်စိုက် ကြ ရာတွင် မသန်းလှ နှင့် သာ ကောက်ငန်း ချင်း ယှဉ်၍ စိုက် ရ မှ ခါးညောင်း ပြေ သလို ထင်မိ တတ်၏ ။
ကောက်စိုက် ရင်း ဗလွတ်ရွတ်တတွေ ပေါက်တတ်ကရ ပြော ရတာ ပိုမို အာတွေ့ သည် ဟု ထင်မိ သေး၏ ။
အို ... အစစ အရာရာ တွင် စိတ်ချင်း သဘောချင်း အတော်ကလေး နီးစပ်သည် ဟု ထင်မိ လေသည် ။ နှစ်ယောက်လုံး ၏ အသားတွေ က ဒယ်အိုး ဖင် မှ အရှုံး ပေး ရ လောက်အောင် မည်းကြ သော်လည်း အင်္ကျီ ၊ ထဘီဟောင်း ကလေးများ မြို့အထည်ဟောင်းတွေ လာ ရောင်း၍ ဝယ်ကြပြီ ဆိုလျှင် လည်း အဝါရောင် ကြိုက်တတ်တာချင်း က အစ တူညီ ကြ၏ ။
သူငယ်ချင်း နှစ်ယောက် တွင် မတူညီ နိုင် တာ တစ်ခု ကတော့ ဖြင့် မသန်းလှ ကား လင်ယူသားမွေး ရှုပ်ရှုပ်ထွေးထွေး သပွတ်အူ ကို ဘဝ ထဲ ဆွဲယူခြင်း အလျှင်း မရှိသေးဘဲ ယခု အချိန် အထိ နေ နိုင်ခြင်းပါတည်း ။
သည် ကိစ္စ အတွက် မိုးလင်းကတီး က လည်း မသန်းလှ ကို အိမ်ထောင် ပြုရန် ယခု အချိန် အထိ တိုက်တွန်း ဆွဲငင်ခြင်း မပြုခဲ့ပါပေ ။
“ နင့် လင် လှထွေး ဆိုတဲ့ အကောင် က ခြေထောက် မှာ ဗွေ အလုံး တစ်ရာ လောက် များ ပါ နေသလား မသိပါဘူး ။ ကိုယ့် ရွာ မှာ ကိုယ် လုပ်ကိုင် စား နေတာ ငတ် လာလို့ တခြား အလုပ်တစ်ခု ပြောင်း လုပ်ရတယ် ဆိုရင် လည်း တော်ပါသေးရဲ့ ။ အခုလည်း နင်တို့ ပုံမှန် စားနေကြရတဲ့ ဥစ္စာ ။ ဘာ စိတ်ကူး နဲ့ အရူး ထပြီး ရန်ကုန် ပြောင်းချင်ရတာလဲ ”
မသန်းလှ သည် မကျေမနပ် ဖြင့် တတွတ်တွတ် ပြော နေ၏ ။ လင့် မျက်နှာ တစ်ရွာ ထင် ကာ ရွာစဉ် လျှောက် လိုက်ရန် ဇာတာ ပါ လာခဲ့ဟန် တူသော မိုးလင်းကတီး ကတော့ သူငယ်ချင်း အပြစ် ဆိုသမျှ ကို ခေါင်းငုံ့ ၍ ကြိတ်ခံ နေလေသည် ။
“ ဟိုတလောက သူ ရန်ကုန် သွားတော့ အုတ်ကျင်း မှာ နေတဲ့ သူ့ အစ်မတွေ က ဈေး ထဲ မှာ သူတို့ ဆိုင်နဲ့ ဘေးချင်း ယှဉ်ပြီး တစ်နေရာ စာ လွတ် နေတာ သူ့ ကို ဝယ်ခိုင်းတာ နဲ့ ဝယ် လာခဲ့တာဟ ။ သူ့ အစ်မတွေ က တော့ လက်ဖက်ခြောက် ရောင်း ကြတယ် ။ သူ့ ကို တော့ ကြိုက်တာ လာ ရောင်းလို့ ပြော လိုက်တယ်တဲ့ ”
မိုးလင်းကတီး က သူငယ်ချင်း မျက်နှာ ကို မဝံ့မရဲ ကြည့် ကာ ပြော ပြပါသည် ။
“ အေးလေ ၊ သူ့ ဟာ သူ ရန်ကုန် မှာ ငံပြာရည် သွား ရောင်းတာ ရောင်း ပစေပေါ့ ။ ညည်း နဲ့ ကလေး နှစ်ယောက် က ဘာလို့ လိုက်သွား ရ မှာတုံးအေ့ ”
... ဟု ပြောချင်တာ ပြောရန် ဆန္ဒ ကို မသန်းလှ ရုတ်တရက် မျိုချ လိုက်ပြီး ...
“ ဪ ... သူ့ခမျာ လင်နဲ့ သားနဲ့ ဘယ်ခွဲပြီး နေနိုင် ရှာ ပါ့မလဲ ။ ဟုတ်တော့ လည်း ဟုတ်ပါတယ် လေ ။ ရွာ မှာ နေပြီး ကျပန်း လုပ်နေမယ့် အစား ရန်ကုန် မှာ ရောင်းတတ် ဝယ်တတ် လာရင် လှထွေး တို့ မျက်စိ ပို ကျယ် လာမှာပေါ့ ။ ဟုတ်တယ် ၊ ဟုတ်တယ် ။ စွန့် နိုင်တဲ့ လူတွေ ဒါကြောင့် ကြီးပွားတာ ။ မြို့ ရောက် တော့ ကလေးတွေ လည်း အသွေးအမွေး ပို ပြောင် ရင် ပြောင် လာမှာ ”
.. ဟု စိတ်ကောင်း ဝင်မိ၏ ။
ထို့ ကြောင့် ...
“ စပါး ရိတ် ပြီး ရင်တော့ ငါ လည်း လာ လည်နိုင်အောင် ကြည့် လုပ် ရမှာပဲ ။ ညည်းတို့ ခု သွားနေမယ့် အုတ်ကျင်း က အိမ် ကျတော့ ဘယ်လို လဲ ၊ လှထွေး အစ်မတွေ နဲ့ အတူ နေရမှာလား ”
.. ဟု မေးလိုက်၏ ။
မိုးလင်းကတီး က လှထွေး တို့ အစ်မတွေ နေသည့် နေရာနှင့် တစ် လမ်းကျော် တွင် ငှားနေရမည် ဖြစ်ကြောင်း ပြောပြ လေသည် ။
“ လှထွေး အစ်မ ဝင်းဝင်း တို့ အိမ် တော့ ငါ ရောက်ဖူးတယ် ။ အဖေ ဆေးရုံ သွား တက်တုန်း က ဒေါ်လေး မထွေးကြည် တစ်ခေါက် ခေါ် သွားလို့ လိုက် သွားတာ ။ သူတို့ နေရာလေး က အတော် စည် တာ အေ့ ။ နင်တို့ ဆီ ငါ လာဖြစ် ရင် ဝင်းဝင်းတို့ လိုက်ပို့ ခိုင်းမှာပေါ့ ”
မသန်းလှ စကား ကြောင့် မိုးလင်းကတီး မှာ အနည်းငယ် ပြုံး နိုင် လာ လေသည် ။
နွေဦး တောင် မှ မပေါက် လိုက်ရပါ ။ နတ်တော် မဆန်း ခင် မှာ ပင် မိုးလင်းကတီး နှင့် ကလေး နှစ်ယောက် သည် ရွာ သို့ ပုံပျက်ပန်းပျက် နှင့် ပြန် ရောက် လာကြ၏ ။ ခရီး ရောက် မဆိုက်ပင် ယောက္ခမများ ( လှထွေး အဖေ ၊ အမေ ) နှင့် မိုးလင်းကတီး တို့ ခွန်းကြီး ခွန်းငယ် ပြောသံဆိုသံ ဆူဆူညံ သွား တော့၏ ။
လှထွေး ကား သစ္စာ မဲ့ လေပြီ ။
ငံပြာရည် လက်ကား သွား ယူ နေကျ အိမ် တစ်အိမ် မှ တစ်ခုလပ်မ တစ်ယောက် နှင့် ငြိ ခဲ့လေပြီ ။
“ သူ့ အဖေ အမေတွေ သိ အောင် လာ ပြောပြ ရတာလေ ။ ကလေး နှစ်ယောက် ခေါ်ပြီး ငါ့ ရွာ ငါ ပြန် တော့မယ် ဟာ ”
မသန်းလှ နှင့်တကွ တာဝ မှ သူငယ်ချင်းများ အား မိုးလင်းကတီး က ပြော ပြ နေရှာသည် ။
“ မပြန်ပါနဲ့ ဟယ် ။ ယောက္ခမ အိမ် မှာ မနေချင် ရင် ငါတို့ အိမ်တွေ ရှိတာပဲ ။ နင် နေ ချင်တဲ့ အိမ် တက် နေစမ်းပါ ။ တာဝသူတွေ ဘယ်သူမှ မရိုင်းပါဘူး ”
မျက်နှာ တစ်ပြင်လုံး ကျောက်ပေါက်မာတွေ ထူလပျစ် ဖြစ် နေသော မမြစိန် က ကရုဏာ မျက်ဝန်း အစုံ ဖြင့် ကြည့် ကာ ပြောလေသည် ။
မခင်ထွေး ၊ မခင်အေး တို့ ညီအစ်မ ၊ စန်းစန်းကြည် တို့ သမီးယောက်မ တို့ က လည်း ကြိုက်တဲ့ အိမ် မှာ လာ တက် နေရန် ဖိတ်ခေါ်ကြသည် ။
မသန်းလှ တစ်ယောက် ကတော့ မခေါ်ဝံ့ ရှာပါ ။ သူငယ်ချင်း ကို ချစ် ပါ၏ ။ ခင်ပါ၏ ။ သို့သော် ခေါ်ချင်ပါ လျက် ခေါ်ရ ခက် နေ ရှာလေသည် ။
အဘယ့်ကြောင့် ဆိုသော် မသန်းလှ ၏ အစ်မအရင်း မထွားဇံ နှင့် မိုးလင်းကတီး တို့ သည် ခွန်းကြီး ခွန်းငယ် မျှ သာ မက လူးလှိမ့် ရိုက်နှက် ကြသည် အထိ ရန်ဖြစ် ထားဖူးကြသူများ ဖြစ်သောကြောင့် ပင်တည်း ။ အစ်မကြီး မထွားဇံ ကို မသန်းလှ မလွန်ဆန် နိုင်ရှာပါ ။
သည်နေရာ ကျတော့ သူငယ်ချင်း နှစ်ယောက် တို့ ၏ အချစ် သည် သူစိမ်း ဆန် သွားပြန်လေပြီတည်း ။
အခြေအနေ မှာ တစ်မျိုး ပြောင်း ခဲ့ပါ၏ ။ မိုးလင်းကတီး ၏ ယောက္ခမ များ က လှထွေး ဘက် မှ မှား နေကြောင်း သိသည့် အပြင် မြေး အနှစ် နှစ်ယောက် ၏ စားဝတ်နေရေး နှင့် ပတ်သက်၍ တာဝန် မကင်းကြောင်း လူကြီး ပီပီ သိကြသော ကြောင့် မိုးလင်းကတီး တို့ သားအမိ ကို ဖျောင်းဖျ ကာ သူတို့ အိမ် မှာ ပင် ဆက်လက် နေထိုင်ပြီး လုပ်နိုင်သည့် တစ်နိုင်တစ်ပိုင် အလုပ်ကလေးတွေ ကို လုပ်ကာ တစ်အိုးတည်း စား သွားကြဖို့ တိုက်တွန်း ကြလေသည် ။
လက်ရှိ ပုံပန်း ဖြင့် ဇာတိ ရွာ ဆိပ်ကမ်း သို့ ပြန် မတက် ချင်သော မိုးလင်းကတီး ကလည်း ကြိတ်မှိတ် ကာ တာဝရွာ မှာ ပင် နေထိုင်ဖို့ စိတ်နှလုံး တုံးတုံး ချ လိုက်ပါ၏ ။
ကောက်ရိတ်သူများ ရေဆာ ချိန် ပင်တည်း ။ ခဏ နား ချိန် တွင် ကန် သင်းရိုး ရှိ ပေါက်ပန်းဖြူပင်ရိပ်ကလေး ရှိရာ သို့ ပြေးလာ ကာ အပန်း ဖြေ ကြသည် ။
ပြီးတော့ အရီး ဒေါ်မယ်မြ ၏ လယ်ကွက် ဘေး မှ ရစ်ခွေ စီးဆင်းလျက် ရှိသော နွေရေချောင်းကလေး မှ ဝါဖျော့ဖျော့ ချောင်းရေ ချို ကို လက်ခုပ် နှင့် ခပ်ကာ ခပ်ကာ အားပါးတရ သောက် ကြသည် ။
နွေရေချောင်းကလေး ကျ မှ ရေ က ဘာကြောင့် အဝါရောင် သမ်းရ ပါသလဲ ။
ဪ ... ရေ တိမ်၍ အနည်အမှုန် ထ တာ ဖြစ် မှာပါ ။ အဲသည် ချောင်းကလေး ရဲ့ အဝ ချောင်းမကြီး တောင် မှ အရောင် က စိမ်းတော့ မလိုလို ၊ ဝါနေ သလိုလိုနှင့် ။
ကြည့်စမ်းဦး ။
ရေ လာ သောက်ချိန် မှ သူငယ်ချင်း နှစ်ယောက် ဆုံမိကြ ပြန်ပြီ ။
သို့သော် တစ်ယောက် ကို တစ်ယောက် မခေါ် မပြော ဖြစ်ကြတော့ ပါလား ။ မသန်းလှ က မိုးလင်းကတီး ကို မျက်နှာ လွှဲ ၍ ရေ သောက်နေ သည် ။
“ နင့် ကလေးတွေ အတွက် ငါ့ ကောက်ရိတ်ခ ထဲက တစ်နေ့ကို လေး ကျပ် ၊ လေးကျပ် ပေး တာ နင် က မာန နဲ့ မယူ တာလား ။ ဒါမှမဟုတ် နင့် လင် နဲ့ ကွဲပြီး ရွာ ကို ပြန် ရောက်တော့ ငါ့ အိမ် မှာ လာနေ ဖို့ နင့် ကို မခေါ်မိ တာ နင့် ရင် ထဲ မှာ နာ နေ လို့လား ၊ ငါ့ အစ်မ မထွားဇံ နဲ့ နင် နဲ့ မတည့်လို့ မခေါ်တာ နင် မသိဘူးလား ။ ရပါတယ်လေ ။ ငါ့ စိတ်ရင်း နင် မသိရင် လည်း မခေါ်ဘဲ နေကြတာ လေကုန် သက်သာပါတယ် ”
... ဟု သူ့ သဘော သူ ဆောင် ကာ မခေါ်နိုင် မပြောနိုင် ဖြစ်သွား ပြီး စိမ်းစိမ်းကြီး နေနိုင် ရက်သော မသန်းလှ အား မိုးလင်းကတီး အနေ ဖြင့် ဘာမှ မရှင်းပြဘဲ ကြိတ်မှိတ် ဝမ်းနည်း နေရတာ ကြာ ပါပေါ့ ။
မာန ကြီး ၍ ငွေ လေးကျပ် ကို မယူခြင်း မဟုတ်ပါ ။ ချွေး ကျရတာ ချင်း အတူတူ မို့ ကိုယ်ချင်းစာ မယူရက်ခဲ့ခြင်းပါ ။ သူငယ်ချင်း ကို ချစ် တာ က တခြား ၊ ကိုယ်ချင်းစာ ရ မှာ က တခြားပါ ။
မထွားဇံ ကြောင့် မသန်းလှ က သူ့ အိမ် ကို မခေါ်တာ လည်း မထွားဇံ နှင့် ရန်ဖြစ်ပြီး စ ကပင် နားလည် ပြီး သားပါ သူငယ်ချင်း ရယ် ။ နင့် ကို ငါ ဘယ်တော့ မှ ရှင်း မပြဘူး တဲ့ ။ ငါ့ ရင် ထဲ က ဟာတွေ ငါ့ ဟာ ငါ အသိဆုံး ။
မိုးလင်းကတီး သည် လယ် တစ်ကွင်း တည်း မှာ ပင် ကောက်ငန်းချင်း နှစ်ယောက် ကျော် ခြား ခဲ့ပြီ ဖြစ်သော ချစ်သူငယ်ချင်း ဆီ သို့ လှမ်းကြည့် ကာ ချွေး နှင့် ရောလျက် မျက်ရည်တွေ ရစ်ဝဲပြီး မျက်စိ ထဲ စပ်ဖျင်းဖျင်းကြီး ဖြစ်လာသည် ။
ပါးစပ် မှာ တော့ ချွေးကြောင့် ငန်ကျိကျိ ဖြစ်နေတာ ရိုးပြတ်တော ထဲ ထွေးချ ပစ်လိုက် လေသည် ။
ကြေးစည် ထုသံကြီး ကြား ရချိန် တွင် မသန်းလှ တို့ အိမ်ပေါ်သို့ မိုးလင်းကတီး သည် အရဲ စွန့် ကာ တက် ခဲ့တော့၏ ။
မသန်းလှ တို့ တစ်အိမ်လုံး ၏ ငိုသံကြီး မှာ ဟည်းထ ၍ နေလေသည် ။ မငိုနိုင် သေး ဘဲ လည်ချောင်း ဝ မှာ တစ်ဆို့ဆို့ကြီး ဖြစ်နေ သူ မှာ မိုးလင်း ကတီး ။
မထွားဇံ ပင် လျှင် မိုးလင်းကတီး ကို မြင်သည် နှင့် ...
“ ညီမလေး ရဲ့ .. နင့် သူငယ်ချင်း မိုးလင်းကတီး ရောက် လာပြီလေ ။ ထ ကြည့်ပါဦး ”
ဟု အော်ဟစ် တမ်းတ လိုက် လေသည် ။
သူငယ်ချင်း မမြစိန် က မိုးလင်းကတီး ၏ အနီး ရှိ ဖျာစုတ်ကလေး မှာ လာ ထိုင်ရင်း ...
“ လယ်ကွင်း ထဲ က နွေချောင်းရေ ကို မသောက်ကြ နဲ့ လို့ ကျန်းမာ ရေးမှူး က ပြော သွားတယ် ။ ကောက်ရိတ် ဆင်း ရင် ရွာ ထဲ က တွင်းရေသန့် သန့် ကို သံပုံး နဲ့ ဖြစ်ဖြစ် ထမ်း ရင် ထမ်းသွား ၊ ဒါမှ မဟုတ်ရင် အိုးတွေ နဲ့ ရွက် ရင် ရွက်သွားကြ တဲ့ ။ ချောင်းလေး ထဲ က မသန့်တဲ့ နွေရေတွေ သောက် မိ လို့ မသန်းလှ အသည်းရောင် အသားဝါရောဂါ ဖြစ်တာ တဲ့ ။ ဆီးတွေ ၊ ဘာတွေ ဝါ နေ ကတည်း က သူ့ ကို လာ ပြရင် ချက်ချင်း ဆေးရုံ ကို လှည်း နဲ့ ပို့မှာပေါ့ တဲ့ ။ အခုတော့ လွန် မှ ပဲ သိရတယ် တဲ့ ။ မျက်စိတွေ ၊ အသားတွေ ၊ ဆီးတွေ ဝါ လာရင် သူ့ ကို ချက်ချင်း လာပြကြပါ တဲ့ ။ ရေသန့်သန့် သောက် ရမယ် ၊ ယင်ကောင်တွေ နားတဲ့ မုန့်တွေ ၊ ထမင်းဟင်းတွေ လည်း မစားနဲ့ တဲ့ ။ အိမ်သာ ဝင် ပြီးရင် လည်း လက် ကို ဆပ်ပြာ နဲ့ စင်စင် ဆေးရမယ် တဲ့ ။ ညည်း တို့ ၊ ငါတို့ ဆပ်ပြာ နဲ့ ဆေးနေကျ မဟုတ်တော့ ခက်သား အေ့ ”
... ဟု ခပ်တိုးတိုး ပြောတာ ကြား နေရသော်လည်း ရင် ထဲ မှာ ပူ လောင်နေတာ လောက် ဘာမှ ဂရုမစိုက် ဖြစ်တော့ပေ ။
ကြေးစည်သံကြီး က ပိုပြီး မြည်ဟည်း လာသည် ။ မသန်းလှ သွားရ ပေ တော့မည် ။ လူတွေ လှုပ်လှုပ်ရှားရှား ဖြစ်လာ ကြသည် ။
မိုးလင်းကတီး က မသန်းလှ ကို ထည့်သွင်း ထားပြီး ဖြစ်သော တလား ၏ ခြေရင်း မှ ရေအိုးကလေး ကို ရုတ်တရက် ကောက် ကိုင် လိုက် သည် ။ အားလုံးက သူ့ ကို လှမ်း ကြည့် ကြသည် ။ ရေအိုးကလေး ထဲ မှ ရေ မှာ ကြည်လင်သော တွင်းရေချို ဖြစ်သည် ။
“ အစ်မ ထွားဇံ ရယ် ၊ ကျွန်မ သေရင် ခွဲချင်တဲ့ သူ ရေအိုး လာခွဲ ကြ ပါ ။ ကျွန်မ သူငယ်ချင်း အတွက် တော့ ကျွန်မ ကိုယ်တိုင် ရေအိုး ခွဲလိုက် စမ်းပါရစေ ”
မထူးဇံ ကို ဆို့နင့်သော အသံ ဖြင့် မိုးလင်းကတီး က လှမ်း ပြော လိုက်သည် ။
ခေါင်းထမ်းသူများ နောက် မှ ထက်ကြပ်မကွာ လိုက် ဆင်းသွား သော မိုးလင်းကတီး သည် မသန်းလှ တို့ အိမ်ဆင်း လှေကားရင်း အရောက် တွင် လက် ထဲ မှာ ကိုင် လာသည့် ရေအိုး ကို မြေပြင် ပေါ် သို့ အားပါးတရ ပစ် ပေါက်ချ လိုက်လေသည် ။
အစိတ်စိတ် အမြွာမြွာ ကွဲကြေကာ ရေတွေ ပြန့်ကျဲ စီးဆင်းသွား လေ၏ ။
သူငယ်ချင်း အပေါ် တွင် ချစ်သော ၊ နားလည်သော ၊ ခွင့်လွှတ်သော ၊ အားနာ ကိုယ်ချင်းစာတတ်သော မိုးလင်းကတီး ၏ နှုတ်ခွန်းဆက် မျက်ရည် ၊ သို့မဟုတ် မေတ္တာရေစင်များ ကား မြေပြင် ပေါ် တွင် ... ။ သို့တည်းမဟုတ် သူတို့ နှစ်ယောက်ရဲ့ ရှေး က ရေစက် တွေ ... ။
◾ဆောင်းဝင်းလတ်
📖 ပေဖူးလွှာ မဂ္ဂဇင်း
အမှတ် ၁၁၁ ၊ ၁၉၉၀ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment