❝ လန်းလန်းဆန်းဆန်း သပြေညိုပန်း ❞
စင်ကာပူမြို့ ၊ ပင်နဆူလာ ပလာဇာ ပေါ် က Thapyay Nu Pte Ltd အရောင်းပြခန်း က မြန်မာရနံ့ သင်းပျံ့ နေတယ် ။ နံရံ ပေါ် မှာ ရွှေချည်ထိုး ကားချပ်ကြီး ချိတ်ဆွဲ ထားတယ် ။ မြန်မာ့ ယဉ်ကျေးမှု နဲ့ ဆိုင်တဲ့ ပစ္စည်းတွေ စုံစုံလင်လင် ရှိတယ် ။
ရောင်းကုန် ပစ္စည်းတွေ ထဲ မှာ စိတ်ဝင်စားစရာ တစ်ခု ကတော့ သပြေပန်းတွေ လန်းလန်းဆန်းဆန်း ရောင်းပေး နေ တာပါပဲ ။ မြန်မာပြည် က သပြေပန်း ကို လေယာဉ် နဲ့ မှာယူ ပြီး စင်ကာပူ မှာ ရောင်းချ ပေး နေတာ ခြောက်နှစ် ကျော်ပြီ လို့ လုပ်ငန်း ပိုင်ရှင် ဒေါ်သန်းသန်းနု က ပြောတယ် ။
ဒေါ်သန်းသန်းနု ဟာ ကလေး ဘဝ ကတည်း က အလုပ် ကို တစ်ခု ပြီး တစ်ခု မနားမနေ လုပ်ကိုင် တဲ့ အလေ့အထ ရရှိခဲ့ သူပါ ။ ကြိုးပမ်းအားထုတ်မှု ရဲ့ ရလဒ် အဖြစ် စင်ကာပူ က မြန်မာ အသိုင်းအဝိုင်း ကြား မှာ ဒေါ်သန်းသန်းနု က နာမည် ကောင်း တစ်ခု နဲ့ ထည်ထည်ဝါဝါ နေထိုင် လျက် ရှိတယ် ။
သူ က တောင်ငူ သူ ၊ သစ်လုပ်ငန်း မှာ ဝန်ထမ်း ဝင် လုပ်ခဲ့တယ် ။ သစ်လုပ်ငန်း က အရာရှိ ဦးသန်းလွင် နဲ့ အိမ်ထောင် ကျတယ် ။ ကယား ပြည်နယ် လွိုင်ကော်မြို့ ကို သစ်လုပ်ငန်း ပြည်နယ် အရာရှိ အဖြစ် ဦးသန်းလွင် ပြောင်းရွေ့ ရတယ် ။ ပြည်နယ် မြို့ မှာ ဒေါ်သန်းသန်းနု က အရာရှိကတော် အဖြစ် ဇိမ်ကျ နေ ခွင့် ရပေမယ့် သူ မနေ ခဲ့ဘူး ။
စင်ကာပူ ကို ခေတ္တ ရောက် ခိုက် မှာ ဒေါ်သန်းသန်းနု ကို တွေ့ဆုံပြီး သူ့ ဘဝ ဖြတ်သန်း ခဲ့ ပုံကို ကျွန်တော် မေး ပါတယ် ။
••••• ••••• •••••
လွိုင်ကော် ကို ပြောင်း လာတဲ့ အခါ ဝန်ထမ်း ဆို တော့ နေစရာ အိမ် ရှိတယ် ။ ခြံ နဲ့ ဝင်း နဲ့ မြေ ရှိတယ် ။ ဘီလူးချောင်း က ရေ ရှိတယ် ။ ကျွန်မ စိုက်ပျိုးရေး လုပ်မယ်ပေါ့ ။ တကယ့် တကယ် တော့ စိုက်ပျိုးရေး ပညာ ကျွန်မ မတတ်ပါဘူး ။
လွိုင်ကော် နား က မှုန်ပြာ ဆိုတဲ့ ရွာ ကို သွားရင်း ကယား အမျိုးသမီးကြီး တစ်ယောက် ဆီ က ကြက်သွန် စိုက်နည်း သင်တယ် ။ ကြက်သွန်ဥ ကို မြေကြီး ထဲ ထိုး ၊ နှစ်ပတ် ဆို စားတော့ တဲ့ ။ လွိုင်ကော် မှာ ကြက်သွန် အမြိတ် ကို စားကြတယ် ။
သူ ပြောတဲ့ အတိုင်း လည်း ဟုတ်တယ် ။ နှစ်ပတ် လည်း နေရော ကြက်သွန်မြိတ် က စိမ်းညို့ နေတာပဲ ။ ကျွန်မ စမ်း စိုက်ရင်း စဉ်းစားတယ် ။ ကြက်သွန် ဝယ် ရာ မှာ လွိုင်ကော် ထက် မိတ္ထီလာ မှာ ဝယ် တာ က ဈေး ပို ချိုတယ်လို့ ၊ မိတ္ထီလာ မှာ မြိတ်စား ကြက်သွန် ဆိုတာ တွေ့ လာတယ် ။ လွိုင်ကော် ကို သယ်စရိတ် နဲ့ တွက်တော့ ကိုက်တယ် ။
မြေ ပြုပြင်ပြီး စိုက်ပျိုး ဖို့ ဘောင်တွေ လုပ်တယ် ။ စိုက်ရာ မှာ တစ်နေ့ ရောင်း အား ကြည့်ပြီး တစ်ခါ တည်း ဆယ်ဘောင် မစိုက်ဘဲ တဖြည်းဖြည်း ချင်း တိုးတိုး သွားတာ ။ အဲသည် အချိန် က လွိုင်ကော် မှာ ကန်စွန်း ရှားတယ် ။ ရန်ကုန် လို မပေါဘူး ။ ကန်စွန်းခင်း တွေ ကျွန်မ ထပ် လုပ်တယ် ။ အမျိုးသားက လည်း ကျွန်မ ကို အများကြီး ကူညီပါတယ် ။ ဝါးခေါင်းတွေ ဆက်ပြီး ၂၄ နာရီ ရေ အမြဲတမ်း ပေး ထားတော့ ကန်စွန်းတွေ ဖြစ် လိုက်တာ ။ ကျွန်မ ဒုက္ခ က ခူးပြီး မရောင်း နိုင်တာပဲ ။ သည်တော့ လာ ဝယ်သူ ကို ငွေတစ်ရာ့ငါးဆယ် ဖိုး ၊ နှစ်ရာ ဖိုး ခူးယူကြ ၊ အဲသည်လို ရောင်း ပေး ရတယ် ။ သူတို့ က တစ်ဆင့် ခံ ပြန် ရောင်း တာပေါ့ ။
ရွှေပဲသီးတွေ လည်း တအား ဖြစ်တယ် ။ ဝါး တစ်ပြန် လောက် တစ်ခင်း ကို တစ်နေ့ ရွှေပဲသီး တစ်ပိဿာ လောက် ကောင်းကောင်း ရတယ် ။ ရွှေပဲသီးကြီး တွေ နုထွတ် နေ တာပဲ ။
ဒေါနပန်း ၊ ဂန္ဓမာပန်း ၊ သစ္စာပန်း ၊ ပန်းထိမ်မနိုင်ပန်း ပန်းတွေ လည်း အစုံ စိုက် တယ် ။ အဲသည် အချိန် က လွိုင်ကော် မှာ ပန်းထိမ်မနိုင်ပန်း မရှိသေးဘူး ။ ရန်ကုန် က မျိုး ယူပြီး ကျွန်မ စိုက်တယ် ။ တော်တော်နဲ့ ပေါက် မလာတော့ စိတ် တွေ ပူ လို့ သူ က ပူအိုက်စွတ်စို တဲ့ ရာသီဥတု ကို ကြိုက်တာ ။ လွိုင်ကော် က အေးတယ် ။ ပုံမှန် ထက် နောက်ကျ ပြီး ပန်းထိမ်မနိုင် တွေ ပေါက်မယ့် ပေါက်တော့ အခက်ကြီး တွေ က အကြီးကြီး ၊ ခံလည်း အကြာကြီး ခံတယ် ။
ဂန္ဓမာပန်း စိုက် တော့ လည်း ခေါင် အပွင့် ကြီး လာအောင် ဘေး က အပွင့်တွေ အညွှန့်တွေ ခြွေပေး ရတယ် ။ သည် တစ်ပွင့် ကောင်း ဖို့ ကျန်တာတွေ ခြွေ ရတာ မဟုတ်သေးပါဘူး တဲ့ ။ ဒါနဲ့ ခေါင် အပွင့် ခြွေ ရင် ကော စဉ်းစားပြီး ခြွေ လိုက် တော့ ဘေး က အပွင့်တွေ ပို သန်ပြီး အခိုင်လိုက် မြိုင်ပြီး ပွင့် လာတာ သိပ် လှ သွားတယ် ။ အဲသည် method ( နည်းလမ်း ) တွေ အရင် က လည်း ရှိချင် ရှိမှာပါ ။ ကိုယ် က မသိဘူး ။ ကိုယ့် မျက်စိ ရှေ့ရောက် မှ ဒါက သည်လိုပါလား သိ လာတာ ။
လွိုင်ကော် မှာ မနက် မိုး လင်းရင် ကျွန်မ တို့ အိမ်ရှေ့ တံခါးပေါက် က စက်ဘီးသံ တွေ ကြား ရပြီ ။ ပန်း လာ ဝယ်ကြတာပေါ့ ။ ဘုန်းကြီးကျောင်းတွေ က လည်း မနက် ဆို ရောက် လာတယ် ။ ဆွမ်း ချက်ဖို့ အတွက် ဟင်းသီးဟင်းရွက် လို သလောက် ခူးလှည့်ပါ လို့ လှူထား တာ ကိုး ။
ဝန်ထမ်း မိသားစု အိမ်နီးချင်းတွေ ထဲမှာ အမျိုးသမီးတွေ က မည်မည်ရရ ဘာမှ မလုပ်ဘဲ ယောက်ျား လုပ်စာ တစ်ခု တည်း ထိုင်စား နေ ကြတာ ရှိတယ် ။ ကျွန်မ က တော့ အရာရှိကတော် ပေမယ့် နေ့စဉ် နေ့တိုင်း ခြံ ထဲ မှာ တကုပ်ကုပ် လုပ် နေတာပေါ့ ။ အဲသည် အချိန် မှာ ကျွန်မ အလုပ် က ထွက် လိုက်ပြီ ။ လခ က တစ်ထောင့်လေးရာ လောက် ရတာ ။ ကျွန်မ ရဲ့ တစ်နေ့ ဝင်ငွေ က တစ်ထောင် ကျော် တယ် ။ ကျွန်မ ပတ်ဝန်းကျင် က အိမ်ထောင်ရှင်မတွေ ကို လည်း ကျွန်မ လို လုပ် ကြည့်ဖို့ တိုက်တွန်းတယ် ။ စိုက်နည်းပျိုးနည်း လုပ်နည်းကိုင်နည်း တွေ လည်း ပေးတယ် ။ အခုတော့ သူတို့ လည်း အခြေကျ အနေကျ လုပ်နေ ကြပြီ ၊ အဆင် လည်း ပြေကြတယ် ။
လွိုင်ကော် အနီးတစ်ဝိုက် က ဈေးနေ့ တွေ ဆိုရင် မနက် အစောကြီး အိပ်ရာ က ကျွန်မ ထ ပြီး စက်ဘီး နဲ့ လစ်တာ ။ ဒီနေ့ နောင်ယားဈေး ၊ ဒီနေ့ ဘာဈေး ၊ ဈေးပတ် အတိုင်း လိုက်ပြီး တော က လာ ရောင်းတဲ့ ဈေးသည်တွေ ဆီ က ငရုတ်သီး ဆို အပုံလိုက် ဝယ်တယ် ။ မြေပဲဆန်တွေ ၊ လက်ဖက်ခြောက်တွေ ၊ သစ်ခွတွေ ကျုံးဝယ် တာပဲ ။ ဒါတွေ ကို မြင်းလှည်းကြီး နဲ့ တိုက် ၉းဝဝ နာရီလောက် ဆို ကျွန်မ အိမ်ပြန် ရောက်ပြီ ။ ဝယ် လာ တာတွေ အားလုံး ကို store ( သိုလှောင် ) လုပ်ပြီး ရန်ကုန် ကို သယ် ရောင်းတာ ။ ပျားရည် ဆိုရင် လွိုင်ကော် ရဲ့ ထွက်ကုန် ၊ တစ်ပုလင်း မှ ခြောက်ဆယ် လား ပဲ ပေးရတာ ။ ရန်ကုန် မှာ တစ်ရာ့ငါးဆယ် ။ ဈေး က သုံးလေး ဆ ကွာ နေတယ် ။ ကင်ပွန်းသီး က အစ ရန်ကုန် ကို ပို့ ရောင်းတယ် ။
ပြီးတော့ လွိုင်ကော် က ကျောက်ပြား ထွက် တယ်လေ ။ ကျောက်ပြားစက်ရုံ အလုပ်သမားတွေ က အချိန်ပို ဆင်းခ အဖြစ် ကျောက်ပြားတွေ ရ ကြတယ် ။ သူတို့ ရတာ အရောင် မတူဘူး ။ အရွယ် မတူဘူး ။ ကျွန်မ က သည်ဆိုက် ၊ သည်အရောင် လဲယူခဲ့ပါ ပြောပြီး ဝယ် စုတယ် ။ ပြီးတော့ ရန်ကုန် သယ် ရောင်း တာပေါ့ ။
လွိုင်ကော် က ကျောက်ပြားတွေ သယ် သွားပြီး ရန်ကုန် မှာ အိမ်ဆောက် ပစ္စည်း ရောင်းတဲ့ ဆိုင် ကို သွား စပ်တယ် ။ ဒါ ရောင်းပေးပါ ။ ရောင်းပြီး မှ ကျွန်မ ကို ပိုက်ဆံ ရှင်းပါ ပြောတယ် ။ လွိုင်ကော် မှာ တစ်ချပ် တစ်ရာ ပဲ ပေး ရတာ ရန်ကုန် မှာ ကျွန်မ ကို နှစ်ရာ ပေးတယ် ။ သူတို့ က နှစ်ရာ့ရှစ်ဆယ် နဲ့ ပြန် ရောင်းတယ် ။ လွိုင်ကော် က ရန်ကုန် ကို သယ်ခ က တစ်ပိဿာ ကို ငါးမူး ၊ ကျွန်မ ငွေတစ်ရာ ရင်း ရင် ငွေတစ်ရာ မြတ်တယ် ။ လွိုင်ကော် က လုပ်တဲ့ ပန်းအိုးကလေးတွေ အပါအဝင် ထွက်ကုန် မှန်သမျှ ရန်ကုန် ပို့ တာပါ ။
လွိုင်ကော် - ရန်ကုန် ခရီးက အရမ်း ပင်ပန်းတယ် ။ သုံးရက် ခရီး ။ လွိုင်ကော် က မနက် ၅းဝဝ နာရီ ထွက် ရင် ရန်ကုန် ကို နောက်နေ့ မနက် ၃းဝဝ နာရီ ၄းဝဝ နာရီ လောက် မှ ရောက် တယ် ။ အဲသည် နေ့ တစ်နေ ကုန် ပစ္စည်း သွင်း တာ ပိုက်ဆံ သိမ်း တာ လုပ်တယ် ။ ညနေ ၃းဝဝ နာရီ လွိုင်ကော် ပြန် ရတယ် ။ ကျွန်မ မှာ သား သုံးယောက် ရှိတယ် ။ ကျွန်မ အကြာကြီး နေလို့ မရဘူး ။
ကျွန်မ သားလေးတွေ ကို လူ တစ်လုံး သူ တစ်လုံး ဖြစ်စေ ချင်တယ် ။
ပညာ ကောင်းကောင်း သင်ပေး ချင်တယ် ။ စင်ကာပူ မှာ ကျွန်မ ရဲ့ မတ်ကလေး တစ်ယောက် ရှိတယ် ။ နိုင်ငံခြား ဆိုတာ ဘယ်လိုဟာလဲ ကျွန်မ သိချင်တယ် ။ ဒါကြောင့် လေ့လာမယ် ဆိုပြီး ထွက် လာ ခဲ့တာ ။
ပါးစပ် ပါ ရွာ ရောက်တာပဲ ဆိုတဲ့ စိတ် နဲ့ ထွက် လာ တယ် ။ တကယ့် တကယ် တော့ စင်ကာပူ လေဆိပ် အဝင် မှာ ကြောက် လိုက်တာ ။ အရမ်း အားငယ် သွားပြီး ကိုယ် လာခဲ့တဲ့ လေယာဉ် နဲ့ ပဲ ပြန် ပါ သွား ချင်တယ် ။ လွိုင်ကော် လို တောင်ငူ လို နေရာမျိုး ပဲ နေလာခဲ့ တဲ့ သူ က စင်ကာပူ ချန်ဂီလေဆိပ်ကြီး ရောက်တော့ လန့် သွားတယ် ။ ဒူးတွေ လည်း တုန် လို့ Immigration ( လူဝင်မှုကြီးကြပ်ရေး ) တောင် ဘယ်လို ဖြတ် ဝင် မိခဲ့ သလဲ မသိဘူး ။ မွှန်ထူ နေတာ ။ မတ်ကလေး က သတင်း ကြား နဲ့ လာကြို နေတယ် ။ တွေ့ လျှင် တွေ့ ချင်း ပဲ ရန်ကုန် - စင်ကာပူ ကို ဘာမှတ် နေလဲ ။ တောင်ငူ ၊ ရန်ကုန် မှတ် နေသလား ။ သူ့ ကို လာကြို မခိုင်းဘဲ ထွက်လာရ သလား ဆိုတာပေါ့ ။
ကျွန်မ သစ်လုပ်ငန်း မှာ လုပ်တုန်း က ကျွန်မ ရဲ့ ဆရာသမား ဒေါ် ပေါ်လင်း ဆိုတာ စင်ကာပူ မှာ ရှိ နေတယ် ။ ကျွန်မ ရောက် လာတယ် ဆိုတော့ သူ့ အိမ် ကို တန်း ခေါ်ချ သွားတယ် ။ ကျွန်မ စင်ကာပူ ရောက်တဲ့ ည က စပြီး အလုပ် စ လုပ် ရ တော့တာပဲ ။ အလုပ် က လေယာဉ်လက်မှတ် ရောင်း တဲ့ အလုပ် ။ အဲသည် အချိန် အထိ ကျွန်မ ပါးစပ် က အင်္ဂလိပ် စကား တစ်လုံး မျှ မထွက်သေးဘူး ။
◾ကျော်ရင်မြင့်
📖 ဘဝဇာတ်ခုံ အဖုံဖုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment