❝ ပေါ်အူး တဲ့ ထိုအမည် ❞
အင်္ဂလိပ်စာသင် ကျောင်းသားကလေး တစ်ဦး အား တော က ဦးကြီး တစ်ယောက် က ...
“ ဟေ့ ၊ မင်း အင်္ဂလိပ် လို တော်တော် တတ် နေရော့မယ် ၊ ကဲ ... ငါ့ နာမည် ကို အင်္ဂလိပ် လို ဘယ်လို ခေါ်မလဲ ကွာ ”
ဟု မေးခဲ့ လျှင် သူငယ်ကလေး အဖြေ ကြပ် မည် ဖြစ် သော်လည်း ကျွန်တော် ၏ ဇာတ်လိုက် ပေါ်အူး ကို အင်္ဂလိပ် လို ဘယ်လို ခေါ်မလဲ မေး လျှင် မူ ကား လွယ်လွယ်ကလေး ဖြေ လိုက်ပါမည် ။ Jeeves ( ဂျိဗ်စ် ) ပါတဲ့ ခင်ဗျား ။ အကြောင်း မှာ ကမ္ဘာကျော် အင်္ဂလိပ် ဟာသဝတ္ထုတိုများ ကို မှီး၍ ရေး ထား သောကြောင့် ဖြစ်ပါ၏ ။
အောင်မယ် ၊ Jeeves ၏ ပထမ ဦးဆုံး နာမည် မှာ ပေါ်အူး မဟုတ်သေးပါဘူး ခင်ဗျာ ၊ အုပ်ပေါင်း တဲ့ ။
၁၉၄၇ ခုနှစ် မန္တလေးမြို့ တွင် ကျွန်တော် ဆရာကြီး ရွှေဥဒေါင်း ၏ အိမ် ၌ နေစဉ် ၊ တစ်နေ့သော အခါ ဆရာကြီး ၏ စာတိုပေစများ ထည့်သော သေတ္တာ တစ်လုံး ကို မွှေနှောက် ရာ ၊ ဆရာကြီး ၏ လက်ရေး ၁၇ မျက်နှာ ရှိ ရေးလက်စ ဝတ္ထု တစ်ပုဒ် ကို တွေ့ ၍ ကျွန်တော် ဖတ် ကြည့်ရာ လွန်စွာ သဘော ကျ မိ၏ ။ စက္ကူများ မှာ ဝါကြန့် ၍ နှုတ်ခမ်းသားများ ပိုး ကိုက် ထားပါပြီ ။ ဒါနှင့် ကျွန်တော် က ဆရာကြီး ပြ ၍ “ ဦးကြီး ၊ ဒီ ဝတ္ထု ဆက် မရေးတော့ ဘူးလား ၊ ဘာလို့ ချောင် ထိုး ထားသလဲ ” ဟု မေးသော အခါ ဆရာကြီး က ယူ ကြည့်ပြီး “ အေး ... မရေးတော့ပါဘူးကွာ ” ဆို သဖြင့် ..
“ ဒါဖြင့် ကျွန်တော့် ပေး ၊ ကျွန်တော် ဆက် ရေးမယ် ”
“ အောင်မယ် ၊ ဖြစ်ရင် ယူရေးပါ မောင် ၊ ငါ ရေးတုန်း က လည်း ဟာသဝတ္ထု ပဲ ကွ ”
ဆရာကြီး စ,ထား သော ဝတ္ထု ထဲ မှ ဇာတ်ဆောင် နှစ်ယောက် မှာ ဆရာ က မောင်ထွန်းလင်း ၊ တပည့် က အုပ်ပေါင်း ဖြစ် နေ လေရာ ဤ အမည် တွေ ဟာသဝတ္ထု တွေ နှင့် မကိုက် ။ သူ့ စရိုက် က ပျော့ညံ့ညံ့ ရှိသူ မှာ မောင်ထွန်းလင်း ဆို လျှင် ‘ မာ ’ နေသည် ။ တပည့် က အုပ်ပေါင်း ဆိုသည် မှာ လည်း မသင့်လျော် ။ မြန်မာလူမျိုး ထဲ က ခေါင်းပေါင်း အုပ်ပေါင်း ကို အထွတ်အမြတ် ထား ကြသည် မဟုတ်ပါလား ။ ထို့ကြောင့် ကျွန်တော် က ဆရာ ကို “ အေးဆွေ ” ၊ တပည့် ကို “ ပေါ်အူး ” ဟု အမည် ပြောင်း လိုက် ပါသတည်း ။
စင်စစ် ဆရာကြီး က ဤ အရေးပါ လှသော ဇာတ်ကောင် ကို အုပ်ပေါင်း ဟု နာမည် ပေးထားသည် မှာ အချည်းနှီး မဟုတ်ပေ ။ ဆရာကြီး အား ချစ်ခင် လေးစား ၍ ဂျပန်ခေတ် တွင် ဆရာကြီး က ရန်ကုန် မှ မန္တလေး သို့ အပြန် ၊ ဗုံးတွေ တဝုန်းဝုန်း ချ နေသော ကာလ ၌ ကွမ်းခြံဘူတာကြီး မှာ ရထား လက်မှတ် ရ ရန် ဆရာကြီး ကိုယ်စား တန်းစီ ယူ ပေးသော တရုတ်ဘိန်းစား ၊ အုပ်ပေါင်း ဖြစ်ကြောင်း ဆရာကြီး ၏ တစ်သက်တာ မှတ်တမ်း တတိယတွဲ ကို ဖတ်ရ မှ ကျွန်တော် သိ ရ၏ ။ အစ က သိပါ မူ ဆရာကြီး အမှတ်တရ သုံးစွဲ ထားသော သူ ၏ အချစ်တော် အုပ်ပေါင်း ၏ နာမည် ကို ကျွန်တော် ပြောင်း ရက် မည် မဟုတ်ပေ ။
ကျွန်တော် ပေါ်အူး ဟု ပြောင်းသည် မှာ ဤ လူ သည် ပြဿနာ တို့ ကို ဖြေရှင်း ရာ ၌ အမတ်ကြီး ဦးပေါ်ဦး ကဲ့သို့ ဉာဏ် ရှိ သောကြောင့် ၊ သို့သော် အိမ်စေ တပည့် မျှ ဖြစ်နေ သဖြင့် “ ပေါ်ဦး ” မဟုတ်ဘဲ “ ပေါ်အူး ” လုပ်လိုက်ခြင်း ဖြစ်ပါ၏ ။ ( စာစီ နှင့် စာပြင်ဆရာ တို့ သတိ ထား ကြပါကုန် ၊ ဦး နှင့် အူး လွဲကြပေါင်း များခဲ့လှပေပြီ )
ဤ ‘ အေးဆွေ - ပေါ်အူး ’ စ၍ ပါခဲ့သည် မှာ ၁၉၄၈ ခုနှစ် မတ်လ ရှုမဝ ၊ အမှတ် ၁ဝ တွင် သည်မောင့်လက်သံ ဝတ္ထု က ဖြစ်ပါ၏ ။ ဆရာကြီး ၏ ရေးလက်စ ၁၇ မျက်နှာ ကို ကျွန်တော် က နောက်ထပ် ၃ဝ မျှ ဖြည့် လိုက်ခြင်း ဖြစ်ပါ၍ ဤ ဝတ္ထု မှာ ဆရာကြီး ၄ ပုံ ၁ ပုံ ၊ ကျွန်တော် က ၄ ပုံ ၃ ပုံ ဟု ဆို လိုက်ပါ၏ ။ ယင်း ဝတ္ထု ပြီး သည့် နောက် ၊ ပေါ်အူး - အေးဆွေ ဇာတ်ကောင် များ ကို ကျွန်တော် နောက်ထပ် ဆက် ရေးရန် မရည်ရွယ်ပါ ။ ရေးရန် အကြောင်း ရှိမှန်း လည်း မသိသေး ။
သို့သော် ဤ ဝတ္ထု ထွက်ပြီး ကျွန်တော် ရန်ကုန်မြို့ သို့ ရောက် ၍ အစ်မကြီး ခင်မျိုးချစ် တို့ ဇနီးမောင်နှံ နှင့် သိကျွမ်းပြီး သကာလ ၊ တစ်နေ့သ၌ အစ်မကြီး က “ မင်း ဂျိ ( ဗ်စ် ) ကို ပေါ်အူး လုပ် ရေးတာ ဟာ နည်းနည်း ကလက်တယ် ကွ ၊ သူ့ မူရင်း ဂျိ ( ဗ်စ် ) က တည်တည် နဲ့ ရယ်ရတာ ” ဟု ပြောသည် ။ ကျွန်တော် ရုတ်တရက် နဝေတိမ်တောင် ဖြစ် သွားပါသည် ။
“ ဗျာ ... ကျွန်တော် ဘယ် ဂျိ ( ဗ်စ် ) ကို ယူ ရေးလို့လဲ ဗျာ ”
“ ဟ ... မင်း ရေးတဲ့ သည်မောင့်လက်သံ ဝတ္ထု ဟာ ပီဂျီဝုဒ်ဟောက်စ် ရဲ့ ဂျိ ( ဗ်စ် ) ထဲ က မဟုတ်လား ”
ကျွန်တော် နား မလည်ပါ ။ အင်္ဂလိပ် စာရေးဆရာကြီး ပီဂျီဝုဒ်ဟောက်စ် ရှိမှန်း ကို ပင် ကျွန်တော် မသိ ။ ကျွန်တော် သည် အင်္ဂလိပ်စာပေ ၌ ကျွမ်းကျင်ခဲ့ သူ မဟုတ်ပေ ။ ကျွန်တော် က ဤ ဝတ္ထု ရေးရခဲ့ပုံ ပြောပြသည် ၌ အစ်မကြီး က အံ့အားသင့် လျက် “ ဟေ ဒါဖြင့် ဆရာကြီး က ဂျိ ( ဗ်စ် ) ဝတ္ထု ကို စ ထား တာ ဖြစ်ရမယ် ကွ ၊ ကဲ မင်း ဂျိ ( ဗ်စ် ) ကို မသိသေး ရင် ဖြင့် ငါ့ ဆီ မှာ အဲဒီ ဝတ္ထုတွေ အများကြီး ရှိပါတယ် ကွာ ” ဆိုပြီး သူ့ စာအုပ် ဗီရို ထဲ မှ ထုတ် ၍ ပေး၏ ။ ကျွန်တော် က ဝမ်းသာ အားရ ယူ သွား၏ ။
သို့သော် အိမ် ရောက်၍ ဖတ်ကြည့် တော့ ကျွန်တော် နားမလည်ချေ တကား ။ ကျွန်တော် သည် စာအုပ်များ ကို ပြန် ယူသွား ကာ အစ်မကြီး ကို ဝန်ခံ ရ၏ ။
“ အစ်မကြီး ရဲ့ ကျွန်တော် ဖတ်လို့ နား မလည်ဘူး ။ ကျွန်တော် က အင်္ဂလိပ်စာ တတ်တာ မဟုတ်ဘူး ” ဟု ပြောပြသည် ၌ အစ်မကြီး က ရယ် မော၍ ...
“ ဟဲ့ ပီဂျီဝုဒ်ဟောက်စ် စာတွေ က ဖတ်စ မရှိသေး ရင် မင်း ဘီအေ အောင် လည်း နားလည် မှာ မဟုတ်သေးဘူး ၊ ကဲ မင့် ငါ ဟောဒီ ဝတ္ထုတို တစ်ပုဒ် က စ ဖတ်ပြပါမယ်ကွာ ”
ဤမှ စ၍ ကျွန်တော် သည် သူတို့ အိမ် ၌ စာသင်ကျောင်းသားကလေး ဖြစ် သွား ချေ၏ ။ သူတို့ ဇနီးမောင်နှံ မှာ တစ်ယောက် တစ်လဲ စိတ်ရှည် လက်ရှည် စာ တက် ပေးကြပါ၏ ။ ပီဂျီဝုဒ်ဟောက်စ် နှင့် ကျွန်တော် နှင့် အကျိုး ပေး လိုက်ပုံ ကလည်း အချို့ ဝတ္ထုများ မှာ အစ်မကြီး တို့ ဖတ်ပြ နေ၍ မဆုံးမီ တစ်ဝက် တစ်ပျက် လောက် နှင့် ပင် ကျွန်တော် အဖို့ မြန်မာ လို ရေးရန် ခေါင်း ထဲ ဝတ္ထု အစ အဆုံး ရောက် နေ တော့၏ ။
ထို့ကြောင့် ကျွန်တော့် ဝတ္ထုများ မှာ မှီး ရေးသည် ဖြစ်သော် လည်း မူရင်း နှင့် များစွာ ခြားနား နေတတ် လျက် “ ဟ မင်း ပြန် ရေးတာ က တို့ အဖို့ တစ်မျိုး ဖတ် ကောင်း ပြန်တယ်ကွ ” ဟု ကျွန်တော့် အား စာတက် ပေးသူ များ က ပင် ပြောကြ ပါသည် ။ မှီး ရေးရသည် မှာ တိုက်ရိုက် ပြန် သကဲ့သို့ အင်္ဂလိပ်စာ ကျွမ်းကျင် ပြီး မြန်မာ လို ရေးတတ်ရုံ နှင့် မပြီးသေးချေ ။ မြန်မာ လို အနေအထား ၊ အသုံးအနှုန်း ၊ အမူအကျင့် တို့ ကို ဆီလျော်အောင် ရှာဖွေ ဖြည့်စွက် နိုင်စွမ်း ရှိဖို့ လို ပေသေးသည် ။ ထို့ပြင် မူရင်း စာရေးဆရာ ၏ အာဘော် နှင့် ကိုယ့် အာဘော် တိုက်ဆိုင် ဖို့ က လည်း လိုပါသေး၏ ။ အစ်မကြီး ခင်မျိုးချစ် ကိုယ်တိုင် က ကျွန်တော့် ကို ပြော ဖူးသည် ။
“ ငါ ဂျိဗ်စ် ကို တစ်ပုဒ် ရေး ဖူး တယ်လေ ကွာ ။ ရှုမဝ မှာ လွဲချက်ကယ်နာ ဆိုတာ မင်း ဖတ်မိ မှာ ပေါ့ ။ ဖြစ်ပါဘူးကွာ ၊ ငါ က ဝုဒ်ဟောက်စ် အာဘော် နဲ့ မလိုက်နိုင်ပါဘူး ။ မင်း နဲ့ ပဲ ကိုက် ပါတယ် ။ မင်းပဲ ရေး လိုက်ပါတော့ကွာ ”
ဟု ပြောကာ ကိုယ်တိုင် ပင် ကျွန်တော့် အား စာ တက် ပေး လိုက်ပါ၏ ။ ထို့ကြောင့် ဤ ပေါ်အူး ဝတ္ထုတွေ ကျွန်တော် ရေး နိုင်ခြင်း ဖြစ်ပါ၏ ။
ယခုအခါ အခွင့်သင့် ခိုက် တွင် အစ်မကြီး တို့ ဇနီးမောင်နှံ အား ကျေးဇူး တင်ကြောင်း အထူး ဖော်ပြ လို ပါသည် ။
◾သော်တာဆွေ
၁၃ - ၇ - ၆၅
📖 ပေါ်အူး ဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment