Tuesday, August 8, 2023

ကမ်းပြို


 ❝  ကမ်းပြို ❞ 


၁ ။


မိုး သည် အသံတိတ် ရွာ နေ၏ ။ မိုး နှင့် အတူ လေ က စိုးစဉ်း မျှပင် ပါ မလာ သဖြင့် တစ်ကိုယ်တော် သီးသန့် ရွာ နေသော မိုး၌ တဝေါဝေါ ၊ တဝုန်းဝုန်း အသံ တို့ ကပ်ငြိပါ မလာ ။ တစိမ့်စိမ့် စွေ နေသည့် မိုး ဟုတော့ ပြော၍ မရ ။ ညနေ ကတည်း က တငြိမ့် ငြိမ့် ရွာ နေသော်ငြား မှောင်ရိပ် မသမ်း ခင် တစ်ခဏ ရပ်သွားသေး၏ ။ ပြီးနောက် ပြန် ရွာ ၊ ပြန် ရပ် ဖြင့် မိုး ရွာသည့် ပုံ က တီဗွီ မှ ဇာတ်လမ်းတွဲ များ အပိုင်းပိုင်း လွှင့် နေ သလို စိတ်ရှည် လက်ရှည် နိုင်လွန်းလှ၏ ။


တဲ သာသာ အိမ်ကလေး ၏ အမိုး က ဓနိ ဖြင့် မိုး ထား ခြင်း မို့ အမိုး ပေါ် ကျ လာသည့် မိုးရေသံ တို့ သည် တရွှမ်းရွှမ်း ၊ တဗြစ်ဗြစ် ဖြင့် ခပ်အုပ်အုပ် အသံ ဖြင့် ရှိ၏ ။ ည ၈ နာရီ အချိန် သည် မိုးချုပ်ပြီ ဟု မဆို နိုင်သေး ။ သို့သော် မြနွယ် တစ်ယောက် တည်း နေသည့် တဲကလေး တွင် အိမ်တံခါး ပိတ် ၊ မီးခွက် မှိတ် ၍ မိုးချုပ် လိုက်ပြီ မှာ နာရီဝက် ခန့် ပင် ရှိလောက် ပြီ ။ ထို့ပြင် မြနွယ် ၏ တဲ သည် လူသူ များ နှင့် မနီးလှ ။ ရွာ ၏ ခပ်လှမ်းလှမ်း ၊ အင်းရေ ဖွေးဖွေး ၏ တစ်ဖက်ကမ်း မြေစာမို့မို့လေး ရှိ နေသည့် မြေကွက်လပ်လေး ၌ ဓနိမိုး ၊ ဓနိ ကာ မြနွယ် ၏ တဲလေး သည် အခြား အခြား သော မြနွယ် တို့ လို တဲစုလေးများ နှင့် လည်း နီးနီးစပ်စပ် မရှိလှ ။ မြနွယ် တစ်ယောက် တည်း နေလာခဲ့သည် မှာ ကြာလှ ရှိပြီ ။ ခြောက်လ လောက် ပင် ရှိရော့မည် ။


ထွန်းထား သည့် မီးခွက်လေး မှုတ် ထား လိုက်ပြီ မို့ တံခါး အလုံ ပိတ် ထားသည့် မြနွယ် ၏ ဓနိတဲလေး ထဲ တွင် မှောင် နှင့် မည်းမည်း ။ တံစက်မြိတ် မှ ကျ လာ သည့် မိုးရေ တို့ ၏ အောက်ခံ မြေပြင် ပေါ် ထိခတ် လိုက်သည့် အသံ တို့ က တဲ အထဲ သို့ ပင် တရွပ်ရွပ် အသံ ဖြင့် ဝင့်၏ ။ နောက်ဖေး ကဲလားပေါက်လေး အား လက် ဖြင့် အသာ တွန်း ဖွင့်ကာ ထွန်းအောင် တို့ မသန်းနွဲ့ တို့ ၏ တဲငယ် လေးတွေ ဘက် သို့ မြနွယ် ကြည့်၏ ။ တစ်ချက် တစ်ချက် လင်း လက် သွားသည့် လျှပ်စီးကြောင်း တို့ ၏ အောက် ၌ ပျပျဝပ်ဝပ် တဲငယ် အစုစု တို့ အား ခပ်မည်းမည်း သဏ္ဌာန် ဖြင့် မြင်နေ ရ သော် ငြား တဲငယ်လေး တို့ တွင် မီးရောင် ကို ကား မမြင်ရတော့ ။ တဲငယ် လေး တို့ သည် လည်း မြနွယ် ၏ တဲကလေး ကဲ့သို့ပင် မိုးအေးအေး အောက် တွင် မီးမှိတ် ပြီး အိပ်ရာ ဝင် ကုန်ကြပြီ ထင်သည် ။ တံခါးပေါက်လေး အား ပြန် စေ့ ကာ ခြင်ထောင် ထဲသို့ ဝင်၍ စောင်ခြုံ ထား လိုက်သည် ။ မိုး က အေးလှသည် မဟုတ်သော် လည်း စောင် ကို  ခြေဆုံး အထိ ဆွဲဆန့် ခြုံ လိုက်သည့် ခဏ မြနွယ် စိတ် ထဲ လုံခြုံ သွားသလို ရှိ၏ ။ မြနွယ် အိပ် သည့် အိပ်ရာ ၏ ခြေရင်းဘက် မလှမ်း မကမ်း ၌ လှန်း လက်စ ငါး ခြောက်ပြား တို့ အား ကြွက်ဖယောင်း တို့ ဝင် တိုးသည် လား မသိ ။ ဖြိုးဖြိုးဖျင်းဖျင်း အသံ မြည် သော်လည်း မြနွယ် ထ , မကြည့် ဖြစ်တော့ ။ 


မိုးဦး ကျ ခဲ့ သည်မှာ မကြာသေး ။ မိုးဦးကျ ကတည်း က သည် ည ကဲ့သို့ မိုး က ခပ်စိမ့်စိမ့် စွေ နေသည် မှာ ဒီနှစ် အတွက် တော့ မရှိဖူး သေး ။ မြနွယ် တို့ ၏ ရွာတွေ ဘက် မှ သည် ဘက် က ရွာ တွေ ၏ အင်းဘေး ကမ်းနား မြေကွက်လပ်လေးတွေ သို့ အလျှိုလျှို ပြောင်းလာ ကြသည့် အချိန် တုန်း က မြနွယ် လည်း မြနွယ် ၏ တဲလေး ကို အခြား တဲများ နှင့် နီးကပ်စွာ ဆောက်လုပ် ဖြစ်ရင် ကောင်းမှာ ပဲ ဟု ယခု လို မိုးသည်း ည တွင် မှ မြနွယ် စိတ် ထဲ အတွေး ရောက်၏ ။ ထိုစဉ် အချိန် လွန်ခဲ့သည့် ခြောက်လ လောက် က တော့ ဆောင်းတွင်း မရောက် တရောက် အချိန် မို့ အခြား တဲများ နှင့် ခပ်လှမ်းလှမ်း မှာ ဆောက် ထား သည့် မြနွယ် ၏ တဲလေး သည် ခပ်နီးနီး ဟု ပင် အထင် ရောက် ခဲ့သည် ။ ယခု လို မိုးသည်း သည့် ည အချိန် ကျ မှ မိုးစက်မှုန်မှုန်များ ၏ ကာဆီး မှု ဖြင့် အကွာအဝေး သည် ပို၍

ဝေး နေ သယောင်ယောင် ။


“ စွက် ... စွက် ... စွက် ” 


မိုး ၏ အသံ ကြောင့် တဲငယ်လေး ၏ ခြေရင်း ဘက် မှ လှမ်းလျှောက် လာသည့် ခြေသံ သည် တဲ နှင့် အနီးကပ်ဆုံး ရောက်သည့် အခြေအနေ မှ ခြေသံ ကို မြနွယ် စ၍ ကြား ရ သည် ။ တစွက်စွက် အသံ ထွက် နေသည့် ခြေသံများ ၏ အဆုံး တွင် ပိတ်ထား သည့် တဲရှေ့ တံခါး ကို ခေါက်လိုက် သည် လား ၊ ပွတ် လိုက်သည် လား မသိ ။ တဲရှေ့ တံခါးဆီ မှ တဗြင်းဗြင်း အသံ ထွက်၏ ။ မြနွယ် ခေါင်း ကို ဆတ်ခနဲ ထောင် ထ မိ လိုက်သည် နှင့် တစ်ပြိုင်နက် ငုတ်တုတ် အနေ အထား သို့ မြနွယ် ရောက်သွားပြီ ။


“ မြနွယ် မြနွယ် ”  


အသံ သည် ခပ်အုပ်အုပ် အနေအထား မို့ မိုးသံ အောက် တွင် မသဲကွဲ လှ ။ သို့သော် အသံရှင် ကို မြနွယ် မှတ်မိ လိုက်ပြီ ။ အိမ် အတွင်းဘက် မှ ဝါးလုံး ဖြင့် ထိုး ကန့်လန့် ထား သည့် တံခါးချက် ကို ဖြေ၏ ။ ပြီး ... ဓနိတံခါးလေး ကို မြနွယ် အလျင်စလို ဖွင့် လိုက်သည် ။


“ ဘကြီး ရယ် .. ဒီ လောက် မိုးတွေ သည်းပြီး ၊ မိုး လည်း ချုပ်နေတဲ့ ဟာ ကို ဘာ လာ လုပ်ရတာတုံး ။ သူများ တွေ မြင်ကုန် မှ မကောင်း ။ နေ က ဖြင့် ကောင်းတာ မဟုတ် ဘဲနဲ့ ” 


မြနွယ် ၏ အသံ သည် အပေါ် သွား ၊ အောက် သွား ထိခတ် ပြီး မှ ခပ်ကျိတ်ကျိတ် ထွက်

လာသည့် အသံ မို့ မကျယ် လှ သော် လည်း မာ နေ၏ ။ မြနွယ် လက် ထဲ မှ ဖွင့် လိုက်သည့် ဓာတ်မီးလေး ၏ အရောင် အောက် တွင် ဘကြီး ၏ မျက်နှာပြင် အနှံ့၌ မိုးစက်  တို့ ဖြင့် ပြည့်လျှံ နေသည် ကို တွေ့ ရသည် ။ မိုးကာအင်္ကျီ ဝတ် ထား သော်လည်း ဖရိုဖရဲ ဖြစ် နေ၍ လား မသိ ။ ဘကြီး ကိုယ် ကို မိုးရေ တို့ မလုံ ။ ဘကြီး ၏ ဟန် က တုန်တုန်ချည့်ချည့် ဖြစ်နေ သလို ဘကြီး အသံ တို့ သည် လည်း တုန် နေပြီ ။ ပြီး ... မိုးကာအင်္ကျီ အောက် မှ ကြွပ်ကြွပ်အိတ် ဖြင့် ထုပ် ထားသည့် အထုပ် တစ်ထုပ် ကို ဘကြီး က ထုတ် ပြီး မြနွယ် လက် ထဲ သို့ ထည့်၏ ။ တစ်ပြည်ခန့် ရှိမည့် ဆန်ထုပ်လေး သည် မြနွယ် လက် ထဲ သို့ အမှုမဲ့ အမှတ်မဲ့ ရောက် လာသည် ။


“ ဟင် .... ဘ ... ဘကြီး ” 


“ လျှာရှည် မနေနဲ့ ၊ ယူ ထားလိုက် စမ်းပါ ဟာ ။ ညည်း ပဲ ညနေ က ငါ့ ကို ပြော သွားတယ် လေ ။ မနက်ဖြန် ချက်စရာ ဆန် မရှိဘူးဆို ။ ကဲ .. ငါ သွားပြီ ” 


ဘကြီး သည် ပြောပြော ဆိုဆို ဖြင့် မိုးရေ ထဲ သို့ တစွက်စွက် ထွက်သွား ချေပြီ ။ ပတ်ဝန်းကျင် သည် မှောင်မြဲ မှောင်လျက် ။ မိုး သည် တစိမ့်စိမ့် စွေမြဲ စွေလျက် ။


   •••••   •••••   •••••


၂  ။


မြနွယ် တို့ သည်ရွာ ဘက် သို့ ပြောင်း လာသည့် အချိန် အစောပိုင်း ကတော့ ဘကြီးသံချောင်း နှင့် မရင်းနှီး သေး ။ မြနွယ် တို့ က ရွာလုံးကျွတ် ပြောင်း လာကြသည် မဟုတ်သော် လည်း ပြောင်းလာကြသည့် အိမ်ထောင်ဦး ရေ က ဆယ်စု ထက် မကတော့ ရှိသည် ။ သည် ရွာ ၏ နာမည် က မန်ကျည်းကန် ဟု တော့ မြနွယ် သိ၏ ။ သည် ဘက်ရွာ တွေ ၏ အမည် က နောက် မှာ “ ကန် ” ဖြင့် ဆုံးသည် က များ၏ ။ ပိန်းကန် ၊ သံပရာကန် ၊ မန်ကျည်းကန် စသည် ဖြင့် ။ မွန်ဘာသာအရ“ ကန် ဟုပင် အမည်ရ သည့် ကမာ ” ဆိုသည့် စကားလုံး ပါ ရွာ နာမည် အတော်များများ ကို လည်း တွေ့ရသည် ။ ကမာကလုပ် ၊ ကမာကလိပ် ၊ ကမာညှပ်ကုန်း ၊ ကမာချိုင့် ၊ ကမာကလူ စသည်ဖြင့် ။


သူကောင်း ဖြစ်ချင် ၍ တစ်ရွာ သို့ ပြောင်း ခဲ့ကြသည် လည်း မဟုတ် ။ ရေကြည်ရာ ၊ မြက်နုရာ သို့ အရှာအဖွေ ထွက်ခဲ့ကြ သည် လည်း မဟုတ် ။ သို့သော် မြနွယ် တို့ ပြောင်းခဲ့ ကြသည် ။ ပြောင်းခဲ့ ရပါ သည် ။ ဆွေ မရှိ ၊ မျိုး မသိ သည့် သည် ရွာတွေ ဘက် သို့ မြနွယ် တို့ အစုလိုက် အပြုံလိုက် ပြောင်းခဲ့ ကြသည် ။ မပြောင်းကြလို့ လည်း မဖြစ် ။ မြနွယ် တို့ နေထိုင် ခဲ့ကြသည့် ရန်ကုန် တိုင်း ၊ ခရမ်း မြို့နယ် အရှေ့ ခြမ်း ၊ ပင်လယ်စပ် မှ ရွာများ ဖြစ်သည့် ရေကျော် ၊ အုန်းပင် အစ ရှိသည့် ရွာတွေ ဆိုသည် က ကမ်းပြို သည့် အထဲ သို့ ပါ သွားခဲ့ပြီ ။ တချို့သည် ရွာလုံး ကျွတ် မျှ ၊ တချို့သည် အစိတ် အပိုင်း တစ်ခု မျှ ။ 


ယခင် ကတည်း က လယ် ၊ ချောင်း ၊ အင်းအိုင် ရှိခဲ့ ကြပြီး အတန်အသင့် ပြေလည် ကြသူများ က ကမ်း မပြိုသည့် ရွာတွေ ဘက် ၌ အိမ် ပြန် ဆောက် ၊ လယ်ပြန် ဝယ် ကာ အခြေချ နိုင်ကြ သော် လည်း မြနွယ် တို့ ကဲ့ သို့ ယခင် ကတည်း က ကျောထောက် နောက်ခံ မရှိသည့် သူများ အဖို့ ကမ်းပြိုရွာ တို့ နှင့် ဝေးရာ ဆီ သို့ သာ ခြေဦး လှည့် ရပြီ ။


ခရမ်းမြို့ ၏ အနောက်ဘက် ခြမ်း ရွာတွေ ဘက်၌ ရွာ ၏ မြေ တို့ က ဈေးကောင်း လှသည် တော့ မဟုတ် ။ ရွာ ထဲ ၌ လည်း အိမ်ဆောက် နေ၍ ရနိုင် လောက်သည့် နေရာ အတော် များများ လည်း ရှိပါသည် ။ သို့သော် မြနွယ်တို့ ကဲ့သို့ တစ်ရပ် တစ်ကျေး မှ ရောက်လာသူ တွေ အဖို့ ရွာ ထဲ ၌ အိမ်ဆောက် နေရန် အခွင့် မရ ။ ရွာ ထဲ မှ နေရာလွတ် တို့ ၌ ပိုင်ဆိုင်သူ အမည် များက  အသီးသီး ရှိလျက် နေချေသည် ။


ထို့ကြောင့် မြနွယ် တို့ က ရွာ နှင့် မလှမ်းမကမ်း အင်းရေပြင် ၏ တစ်ဖက်ကမ်း မှ ကုန်းကမူ မို့မို့လေးများ ၌ တဲ လေးတွေ ထိုးကာ နေကြ လေ သည် ။ ဝမ်းရေး အတွက် မူ မပူရ ။ မြနွယ် တို့ နေထိုင် ရာ အင်း ရေပြင် သည် မိုးရာသီ ၌ မြနွယ် တို့ ငါးပုစွန် ဖမ်းရာ ဌာန ။ အင်းရေပြင် ခန်းခြောက်ချိန် နွေရာသီ ၌ ဆား မြေ ဖြစ်သည့် အင်းမြေနုနု သည် မြနွယ် တို့ အတွက် ဆား ချက် ရောင်းရာ ဌာန ။ သည်ရွာ ၊ သည်နေရာ သည် မြနွယ် တို့ အတွက် ရေ မကြည်လှ သော်လည်း မြက် ကတော့ နု သည် ဟု ဆိုနိုင်လေသည် ။


   •••••   •••••   •••••


၃ ။


ဘကြီး သံချောင်း သည် တစ်ကိုယ်တည်း နေသည့် အသက် ၆ဝ ကျော် အဘိုးအို ပေါက်စ တစ်ယောက် ဖြစ်၏ ။ တစ်ကိုယ် တည်း ဆိုသော်ငြား ဘကြီးသံချောင်း က လူပျိုကြီး တစ်ယောက် တော့ ဖြင့် မဟုတ် ။ မြနွယ် အထင် ဘကြီးသံချောင်း ၌ သားသမီး ငါးယောက် မ က ရှိမည် ထင် သည် ။ ဘကြီးသံချောင်း ၌ မိန်းမ မရှိတော့ ။ တစ်ကိုယ် တည်း နေသည့် မုဆိုးဖို တစ်ယောက် သာ ဖြစ်သည် ။ 


“ ကဲ ... ဘကြီး ရေ .. ငါးစင်ရိုင်းလေး တွေ ၊ ငါးခုံးမ လေးတွေ လတ်လတ်ဆတ် ဆတ်လေးတွေ နော် ။ ဘကြီး ယူ ချင်ရင် အကုန်လုံး ကို တစ်ထောင် ပဲ ပေး ။ ထုံးစံ အတိုင်း ခေါင်းချိုး ၊ အမြီးချိုး ကျွန်မ လုပ်ခဲ့ပေးမယ် ”


အင်းရေပြင် က အရမ်း ကြီးကျယ်လှသည် မဟုတ် သလို ရေ အနက် က လည်း နက်ပါသည် ဆိုသည့် နေရာ တွင် လူ တစ်ယောက် ၏ ခါး မြုပ်ရုံ သာ ။ အင်း တစ်ဖက် ကမ်း က ဘကြီးသံချောင်း အိမ် သို့ မြနွယ် ငါး လာ ရောင်းတိုင်း ဘကြီးသံချောင်း က လည်း ဝယ်ယူ အားပေး နေကျ ။ ပိုပို သာသာ ပေးလေ့ ရှိသည့် မြနွယ် အတွက် လည်း ဘယ် သော အခါမျှ မနစ်နာ စေရ ။ ဆန် ၊ ဆီ ၊ ပဲ အစ ရှိသဖြင့် တစ်နိုင်တစ်ပိုင်လေး ကို တော့ ဖြင့် မြနွယ် အတွက် ဘကြီး သံချောင်း ထည့် ပေး လိုက် တတ် မြဲသာ ။


“ အမယ်လေး .. ဘကြီး အိမ် မှာ ကိုယ့် အဖေ အရွယ် လောက် ကြီး မို့ သနား လို့ ဟို တစ်ခေါက် က အဝတ် တွေ လျှော်ပေး သွား ပါတယ် ။ ကျွန်မ ပြန် ကြား ရတာ မကောင်းဘူး ဘကြီး ရေ ။ ဘယ်သူ ရှိရ မတုံး ဆိုရင်တော့ ဘကြီး သမီး ထားကြည် ပေါ့ ။ လူ ကို များ ငါး ရောင်းရင်း လူ ပါ အဆစ် ရောင်းချင်သလေး ဘာလေး နဲ့ ။ ကိုယ့် အဖေ အရွယ်ကြီး ကို တော့ မြနွယ် က မစဉ်းစား သေးဘူး ။ နန့် ရင်း နန့် မြနွယ် တို့ အရွယ်တွေ များ ပုံထပ် လို့ ။ တံခါး ဖွင့် ပေးရင် အိမ်တောင် ကျိုးကျ ကုန်မယ် ။ ဟင်း ... ဟင်း ” 


မြနွယ် က ပါးစပ် မှ တတွတ်တွတ် ပြော ရင်း ပုစွန် ခေါင်း ကို ဆိတ်၏ ။ ငါး ခေါင်း ကို ဖြတ်၏ ။ ပြီးလျှင် ဆေးကြော သုတ်သင်ရင်း  ၊ ဆား ၊ နနွင်းပင် နယ် လိုက်သေး၏ ။ 


“ ကဲ ချက်လို့ ရပြီ ။ အဆင်သင့် ပဲ ” ဟု ထပ် ပြောရင်း စဉ့်အိုး နား တွင် အကွင်းလိုက် ပုံ နေသည့် ဘကြီးသံချောင်း ၏ ရေစိုပုဆိုး တစ်ထည် အား တဗုန်းဗုန်း အသံ မြည်အောင် ထုရိုက် ကာ လျှော်ဖွပ် နေသေးသည် ။


သည်လို နှင့် မိုးဦးလေး ကျ တော့ ဆောင်းဦးပေါက် ကတည်း က ဆောက် ထားသည့် မြနွယ် ၏ တဲလေး က ပြင်စရာ လို လာ၏ ။ ငါး ရောင်းရင်း အပြန် ထုံးစံ အတိုင်း ဘကြီး

သံချောင်း အိမ် သို့ မြနွယ် ဝင်၏ ။ မိုးဦးကျ မို့ ခြံ ထဲ ၌ အလေ့ကျ ပေါက်နေသည့် ဖလံ တောင်ဝှေးအပင် ပေါက် တို့ ကို မြနွယ် ချိုး၏ ။ ထိုစဉ် ခြံ ထောင့် အစပ် ၌ စုပုံ ထားသည့် သွပ်ပြား အဟောင်းပုံကြီး ကို  မြနွယ် တွေ့ ပြီ ။ အသစ် လဲ ကာ မိုး စဉ် တုန်း က သွပ်ပြားအဟောင်း တွေ အား သည် နေရာ မှာ ပင် ဖြစ်သလို စုပုံ ထားဟန် ရှိသည် ။ 


“ ဟယ် ... ဘကြီး ရေ ၊ ဒီ သွပ်ပြားအဟောင်းတွေ ကျွန်မ ကို ပေး ပါလား ။ မိုး က ရွာ ပြီ ဆိုတော့ တဲ က မိုး ယိုချင် ပြီတော့ ။ ကျွန်မ တဲ ရဲ့ ဓနိမိုး တွေ ပေါ် မှာ ဒီ သွပ်ပြားတွေ

တင် ပြီး နှီး နဲ့ တုပ်ထား လိုက်ရင် ကျွန်မ လည်း အဆင်ပြေ ။ ဘကြီး လည်း သွပ်ပြားအဟောင်း တွေ ရှင်းပြီးသား ဖြစ် ”


မြနွယ် က ပြောပြောဆို ဆို သွပ်ပြားအဟောင်းတွေ အား တဗြမ်းဗြမ်း ဖြင့် စုပုံ စီ ထပ်၏ ။ ဘကြီးသံချောင်း ပင် ဘာမှ ပြောချိန် မရ လိုက် ။ သည်လို နှင့် ဘကြီးသံချောင်း ၏ သွပ်ပြား အပေါက်အပြဲ ကလေးများ မြနွယ် ၏ တဲကလေး ပေါ် သို့ ရောက်ပြီ ။ ပြဿနာ သည် အဲသည် မှာ စ , ပြီ ။


“ ဟမ် .. ဟဲ့ သူခိုးမ ရဲ့ ။ ကမ်းပြိုမ ရဲ့ ... ။ သူများ သွပ်ပြားတွေ ကို ခိုးရသလား ဟဲ့ ။ ငါ မ ပြောချင်ဘူး နော် ။ ငါ့ အဖေ သက်ကြီးရွယ်အို ကို သေတာ တောင် အသေ မဖြောင့်အောင် အညှီနံ့တွေ လာ ပေး ။ ပြီးတော့ ဟိုဟာ ချူ စား ၊ ဒီဟာ ချူ စား ။ မုဆိုးမ က မုဆိုးမ လို နေ ။ နေစရာ မရှိ လို့ သူများ ရပ်ရွာ လာ နေရင် လည်း အေးအေး နေ ။ ဖောင် စီး ကဏန်းလှော်တွေ လို ရွ မနေ နဲ့ ကမ်းပြိုမ ရဲ့ ”  


ဘကြီး သံချောင်း ၏ သမီး မထားကြည် က သူရင်းငှား နှစ်ယောက် နှင့် အတူ လာ ရင်း မြနွယ် တဲကလေး ၏ အမိုး ပေါ် မှ သွပ်ပြားဟောင်းလေးများ ကို ခွာ၏ ။ သွပ်ပြား တို့ သည် အမှန်တကယ် ၌ အကောင်း တစ်ချပ် မျှ ပင် မပါ ။ ဘေးစုတ် ၊ အနားစုတ် ရုံ မက သွပ်ပြားချပ် တော်တော် များများ က သံဆန်ခါ ပေါက် လို ပင် ဟို နား တစ်ပေါက် ၊ သည် နား တစ်ပေါက် ။


“ လင် သေလို့ မုဆိုးမ ဖြစ်တာ မဆန်းပါဘူး အေ ။ အခု ညည်း လင် မြွေကိုက် ပြီး သေ ကြည့်စမ်း ။ ညည်း ချက်ချင်း မုဆိုးမ ဖြစ်ပြီ သိရဲ့လား ။ ငါ့ ကို  သူခိုး စွပ်စွဲရအောင် ညည်း အဖေ ညည်း သွား မေး ။ ငါ ခိုး တာ မဟုတ်ဘူး ဟဲ့ ။ ညည်း အဖေ ပေး လိုက်တာ ” 


မြနွယ် က ပြန် အော်ရင်း အသားတွေ တဆတ်ဆတ် တုန် ၏ ။ ထဘီ ကို ပင် ခပ်တိုတို ပြင်ဝတ် လိုက် သေးသည် ။ ထားကြည် ဘက် မှ ရှေ့ ဆက် တိုး လျှင် အဆင်သင့် အနေ အထား ။ သို့သော် ထားကြည် က ရှေ့ဆက် မတိုး တော့ ။ ခွာ စရာ ရှိသည့် သွပ်ပြားများ ခွာ ရင်း ပါးစပ် မှ ပွစိပွစိ တတွတ် တွတ် ရွတ်ရင်း လာ လမ်း ကို ပြန်ပြီ ။ ထားကြည် ပြော သည့် စကား ထဲ ၌ မြနွယ် ၏ နား ထဲ ဆူးတောင် ကားကား ငါးစင်ရိုင်းကောင် ကန့်လန့် ဝင် သလို ကျန်ရစ်ခဲ့သည့် စကား က “ ကမ်းပြို ” ဆိုသည့် စကား ။ သူ့ အမေ လင် ကမ်း က ဘယ်သူ တွန်းချ လို့ ပြိုတာ မှ မဟုတ်တာ ။ သူ့ ဟာ သူ ပြို ကျတဲ့ ကမ်း ကို များ ငါ နဲ့ လာ နှိုင်းနေရသေးတယ် ( ... ) မ ရဲ့ ” ဟု မြနွယ် နှုတ် က  ရွတ် ၏ ။ ထို စကားကြောင့် ပင် မြနွယ် ၏ ခြေလှမ်း က ဘကြီး သံချောင်း ၏ အိမ် ဆီ သို့ ရောက်ပြီ ။ 


“ ဘကြီး က လည်း အသက် ကြီးတော့ မေ့သွား တာပါ မြနွယ် ရယ် ။ အဲဒီ သွပ်ပြားတွေ ပုံထား တုန်း က ထားကြည် တစ်ခုခု ပြောသွား တယ် လို့တော့ ထင်သားပဲ ။ သူ့ အိမ် က ဝက်ခြံ မှာ မိုး ဖို့ ဆို လား ဘာလား ။ ဒါပေမဲ့ ဘကြီး လည်း ရုတ်တရက် ဆို တော့ ဘာမှ သတိ မထားမိ လိုက်တာပါ ” 


ဘကြီးသံချောင်း ၏ စကား အဆုံး ရန် တွေ့ဖို့ လာ သည့် မြနွယ် အခွင့်မသာ တော့ ။ ပါးစပ် မှ တော့ ပွစိ ၊ ပွစိ ရွတ်မိ  နေသေးသည်တော့ ထင်၏ ။ ခြေကျသံ ကို လိုတာ ထက် ပိုပြီး ကျယ်အောင် နင်း ဖြတ် လာသည့် မြနွယ် ၏ ပါးစပ် က ဘကြီးသံချောင်း ၏ အိမ်တံစက်မြိတ် ရှိ ဟောက်ကျ နေသည့် ရေအိုး ကို အမှတ်မထင် ငုံ့ကြည့် မိ ရင်း “ ခပ် .. ခပ် အဲဒီ ရေအိုး ကိုယ့် ဘာသာ ကိုယ် ပဲ ပြည့် အောင် ခပ်တော့ ၊ စေတနာ ထားလို့ မကောင်းတဲ့ လူတွေ ” ဟု မြနွယ် နှုတ် က ထွက်ဖြစ် အောင် ထွက်သွား ခဲ့သေးသည် ။


   •••••   •••••   •••••


၄ ။


နေ မွန်းလွဲပြီ ။ နေ့လယ် ခင်းအချိန် ဆိုသော်ငြား မိုးပေါက် တို့ တစက်စက် ကျဆင်း နေသည့် မိုး ရွာစ အချိန်မို့ ဝန်းကျင်သည် လင်းလင်းကျင်းကျင်း ရှိ မနေပါ ။ မြနွယ် နေသည့် အင်းရေပြင် ၏ အခြား တစ်ဖက်ကမ်း တွင် လူစုလူဝေး တစ်စု ကို မိုးစက်မှုန်များ ကြား မှ မြနွယ် လှမ်း မြင် နေရသည် ။


တဲ ၏ နောက်ဖေး ကဲလားပေါက်လေး ကို လက် ဖြင့် အသာ တွန်း ဖွင့် ပြီး လူစု လူဝေး ဆီ သို့ မြနွယ် လှမ်း ကြည့်သည် ။ လူစုလူဝေး သည် သူတို့ နှင့် အင်းရေပြင် တစ်ဖက်ကမ်း မှာ ရှိနေသည့် မြနွယ် ၏ တဲကလေး ကို လှမ်းကြည့် မနေပါ ။ ကြည့်နေ လျှင် လည်း မှုန်မှိုင်းမှိုင်း ပတ်ဝန်းကျင် အောက် တွင် မြနွယ် ၏ တဲကလေး သည် မည်းမည်းသဏ္ဌာန် အဖြစ် လောက် သာ ရှိနေပါ လိမ့်မည် ။ တဲ သေးသေးလေး ထဲ မှ လူသေးသေးလေး မြနွယ် အား လူစု လူဝေး အနေဖြင့် မည်သို့မျှ လှမ်း မမြင်နိုင်ပါ ။ သို့သော် ... တံ ခါး ပေါက်လေး ၏ အကွယ် မှ ခေါင်း မပြုတပြု ဖော်ရင်း မြနွယ် ဆက် ချောင်း နေပါသည် ။ လူစုလူဝေး သည် ငြိမ်ငြိမ် သက်သက် မရှိလှ ။ ပြေးသူ လွှားသူများ ကို ပင် မြင် နေရသည် ။ လေ တစ်ချက် အဝေ့ မှာ ကြေးစည်သံလေး ဒူဝေဒူဝေ ကို လည်း မြနွယ် ကြား ရပြီ ။ အမျိုးသမီး တစ်ယောက် ၏ ငိုသံလိုလို ကြားမိတော့ ဒီ အသံ ဟာ ထားကြည် အသံ ဟု မြနွယ် တပ်အပ် သိ လိုက်သည် ။


“ မြနွယ် ရယ် .. ညည်း မလဲ ပျောက် နေလိုက်တာ ။ ငါ နေမကောင်း နေတယ် ဆိုတဲ့

အသံလေးများ မကြားမိဘူးလား ” 


ဘကြီးသံချောင်း ၏ အိမ် သို့ မြနွယ် နောက်ဆုံး တစ်ခေါက် ရောက်စဉ် ဒေါသသံငွေ့ငွေ့ ပါသည့် ဘကြီးသံချောင်း စကား ကို မြနွယ် ကြား ရသည် ။ ဘကြီး နေ မကောင်း သည် ကို မြနွယ် သိ ၏ ။ သွပ် ကိစ္စ ဖြစ်ပြီး ကတည်း က ဘကြီးသံချောင်း အိမ် ဘက် သို့ မြနွယ် မရောက် ဖြစ် တော့ ။ ထားကြည် မျက်နှာ ကို နောက် တစ်ခါ မြနွယ် မကြည့် ချင် ။ ဘကြီးသံချောင်း နေမကောင်း ဖြစ်သည့် သတင်း အား ငါးရောင်း ထွက် ရင်း မြနွယ် ကြား ရသည် ။ သို့သော် ထားကြည် ရှိနေသည့် နေရာ သို့ မြနွယ် မလာ ချင် ။ ရောက်ဖြစ်ခဲ့သည့် အချိန် သည် ပင် ထားကြည် ၏ အရိပ်အယောင် ကို အကဲခတ် ပြီး မှ မြနွယ် ရောက် ခဲ့ရခြင်း ဖြစ်သည် ။ 


“ ဘကြီးရေ ... သတင်း ကြားတာ က ကြား တာပဲ ။ လာ မလို့ ဟာ လည်း အချိန် က အားအားယားယား မရှိဘူး ။ ဝမ်း တစ်ထွာ ကိစ္စ က ရှင်း ရ သေး တာ ။ အခု တောင် မနက်ဖြန် ချက်စရာ ဆန် မရှိသေးဘူး ” 


မြနွယ် က ထုံးစံအတိုင်း ရောက်တတ် ရာရာ ပြော မိ ခြင်း သာ ။ သည်တုန်း က ဘကြီးသံချောင်း က မြနွယ် ကို ဆန် ပေးရန် ပြင်ဆင် နေ သေးသည် ။


သို့သော် အဲသည့် အချိန် မှာ ခြံဝိုင်း ထဲ သို့ ထားကြည် ဝင် လာသည် ကို မြင် သဖြင့် မြနွယ် လည်း မပြတ်သေး သည့် စကား စ , ကို ပစ်ထား ကာ ခပ်သွက်သွက် ပြန်ခဲ့ ရ လေသည် ။ 


အဲ့ သည် ည ။ 


မိုးတွေ တစိမ့်စိမ့် စွေ နေ သည့် အဲ့သည် ည မှာ ဆန်ထုပ် လေး ပိုက် ရင်း မိုးကာလေး မလုံ့တလုံ ဖြင့် အင်းရေပြင် ၏ သည်ဘက် ကမ်း မြနွယ် ၏ တဲကလေး ဆီ သို့ ဘကြီး သံချောင်း တိတ်တဆိတ် ရောက် ခဲ့ပါသည် ။ ဘကြီးသံချောင်း ၏ အဖြူထည် သက်သက် လုပ်ဆောင်မှု အောက် တွင် သိုသိပ်နက်ရှိုင်း သည့် စေတနာတို့ ကပ်ငြိ နေ မှန်း မြနွယ် သိပါသည် ။ မြနွယ် တစ်ယောက် သာ သိ ပါသည် ။ အသက် ၆ဝ ကျော် ၇ဝ နား ကပ် နေသည့် အဘိုးအို ပေါက်စ တစ်ယောက် ၏ လစ်ဟာမှု ။ ပြီးလျှင် သံယောဇဉ် ကင်းမဲ့ သွေ့ခြောက် နေ သည့် အဘိုးအို ပေါက်စ ၏ တွယ်မိ တွယ်ရာ သံယောဇဉ် အဝန်းအဝိုင်း မြနွယ် သိ ပါ သည် ။ မြနွယ် တစ်ယောက် သာ သိပါသည် ။ မိုးသည်း ည တစ်ည ဆန်ထုပ်ကလေး လာ ပေး ပြီး မိုးရေ ကြား ကို တိုးဝင် ပျောက်ကွယ် သွားသည့် အဘိုးအို တစ်ယောက် ၏ နောက်ဆက်တွဲ .. ။ မြနွယ် တစ်ယောက် သာ သိပါ သည် ။ ထားကြည် စွပ်စွဲ သကဲ့သို့ မြနွယ် သည် အညှီ တွေ ထုတ်ပေး နေခဲ့သည် မဟုတ်ပါ ။ ထို့ပြင် ဘကြီးသံချောင်း သည် လည်း အညှီ ရှိရာ လာခဲ့သည့် ယင် တစ်ကောင် မဟုတ်ခဲ့ပါ ။ သို့သော် .. ။ 


အတွေးမျှင် အဆုံး လူစု လူဝေး ရှိရာ အင်းရေပြင် တစ်ဖက်ကမ်း သို့ မြနွယ် အကြည့် ရောက် ပြန်သည် ။ လူ တချို့က ပြန် နှင့် ကြပြီ ။ လူ တချို့ သည် ကျန်ရစ် နေတုန်း ။ မီးခိုးငွေ့ငွေ့ လေး ကို တွေ့စဉ် ခဏ မြနွယ် ရင်ထဲ လှိုက်ခနဲ တက် သည် ။ မိုးလေး တစွတ်စွတ်ကြား ၌ မီးခိုးငွေ့ တို့ သည် တအူအူ တငွေ့ငွေ့ တက် လာ ကြပြီ ။ မီးခိုးငွေ့ တို့ ရှိရာ သို့ ဦးတည် ၍ တဲကလေး ထဲ မှာ ပုဆစ်ဒူး တုပ် ထိုင် လျက် မြနွယ် လက်အုပ် ချီ လိုက်သည် ။ 


ထိုခဏ မြနွယ် ၏ အဖြူ ရောင်ကမ်းပါး တစ်ခု ပြိုကျ သံ ကို မြနွယ် ကြား က်ရ လေသည် ။  


◾မင်းဝေဟင်


📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း

     ၂၀၁၇ ဧပြီ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment