Monday, August 28, 2023

သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ ( နိဒါန်း )


 

❝ နိဒါန်း ❞

‘ ထပ်တူကျ အမှား ’ ဆိုတဲ့ သဘောတရား အကြောင်း နည်းနည်း ပြောပြ ချင် ပါတယ် ။

အဲဒါ ဘာမှ ထွေထွေထူးထူး တော့ မဟုတ်ဘူး ။ ခင်ဗျား လည်း ကြုံဖူးတယ် ။ ကျွန်တော် လည်း ကြုံဖူးတယ် ။ လူ တော်တော်များများ လည်း စိတ် ထဲ မှာ ( အမှတ်တမဲ့ လိုလို ) ခံစား ဖူးလိမ့်မယ် ။

ကိုယ် နဲ့ မှ တည့်တည့် တိုး တတ်တဲ့ ကတ်သီး ကတ်သတ် လွဲချော်မှု တွေလေ ။

ဥပမာ ဆိုကြပါစို့ ..

“ ညှပ်ထားမိတဲ့ ဆံပင်ပုံစံ ကို မကြိုက်ကာ မှ ဒီ တစ်လ အဖို့ ဆံပင် ပြန် ရှည်တာ က နှေးကွေး လွန်းနေတယ် ”

“ သီချင်း စီဒီခွေ မှာ ခြစ်ရာ ပါ လို့ ထစ် နေပြီ ဆိုရင် အဲဒီ နေရာ ဟာ ကိုယ် အကြိုက်ဆုံး သီချင်းစာသား နေရာ ဖြစ်နေပါလေရော ”

“ အိမ် အပြင် ဘက် က နေ တံခါး ဖွင့်ဖို့ သော့တွဲ ကို စမ်း နေတဲ့ အချိန် ဆို အိမ် ထဲ က တယ်လီဖုန်း က တတီတီ ... မြည်ပြီ ။ ကမန်းကတန်း တံခါး ဖွင့်ပြီး ဖုန်း ကို လည်း ပြေး ကိုင် လိုက်ရော ဟိုဘက် က ဆက် နေတဲ့ သူ က ဖုန်း ကို ချသွားရော ”

“ ဘယ်သူ နဲ့ မှ မတွေ့ချင် လို့ ပုန်းလျှိုးကွယ်လျှိုး သွားတဲ့ အခါတိုင်း အသိ မိတ်ဆွေ တစ်ယောက် မဟုတ် တစ်ယောက် နဲ့ အမြဲ ဆုံတယ် ”

အဲဒါမျိုးတွေ ပါပဲ ။

   •••••   •••••   •••••

အဲဒီလို အဖြစ်အပျက် မျိုး တွေ ကို စာရေးဆရာ အာသာဘလော့ချ် ( Arthur Bloch ) က ထပ်တူကျ အမှား လို့ နာမည် ပေး ထားတာပါ ။

ကျွန်တော် နဲ့ သူငယ်ချင်း တစ်စု ကတော့ ပေါက်ကရ လေးဆယ် တွေ ကို အမြဲတမ်း ရှာရှာဖွေဖွေ လုပ်ကြလွန်း လို့ လား မသိဘူး ၊ သူများတွေ ထက် ပိုပြီး ထပ်တူကျ အမှားတွေ နဲ့ ကြုံရ သလိုပဲ ။

ကြုံခဲ့သမျှ ရှာရှာဖွေဖွေ ကိုးရိုးကားရားတွေ ထဲ မှာ အမှတ်တရ အဖြစ်ဆုံး က တော့ တစ်ထောင့်ကိုးရာ ရှစ်ဆယ့်ခြောက် ၊ ရှစ်ဆယ့်ခုနစ် လောက် တုန်း က ရပ်ကွက်ကလေး တစ်ခု ထဲ မှာ ကျွန်တော်တို့ သူငယ်ချင်း တွေ စုပြီး အိမ်ငှား နေခဲ့ကြတုန်း က အဖြစ်အပျက်တွေ ပါ ပဲ ။

ရန်ကုန်မြို့ နဲ့ မိုင် နှစ်ဆယ် သာသာ လောက် ပဲ ဝေးတဲ့ တော မကျ မြို့ မကျ လက်လုပ်လက်စား ရပ်ကွက်လေး တစ်ခု ပါ ။

အဲဒီ ရပ်ကွက်လေး ထဲ မှာ နေတဲ့ လူတွေ က ရယ် ရတယ် ။ ချစ်စရာ ကောင်းတယ် ။ ထပ်တူကျ အမှား တစ်ခု မဟုတ် တစ်ခု နဲ့ ရှင်သန် နေကြတယ် ။

အဲဒီ ရပ်ကွက်လေး ထဲ မှာ ဖြစ်ပျက် နေတဲ့ “ ထပ်တူကျ အလွဲ ” တွေ ကို သာ တန်းစီ ပြီး ရေးပြရမယ် ဆိုရင် အာသာဘလော့ချ် ရဲ့ ‘ မာဖီ၏ နိယာမ ’ ဆိုတဲ့ စာအုပ်မျိုး သုံးလေးအုပ် လောက် ရမယ် ထင်ပါရဲ့ ။

“ မာဖီ ၏ နိယာမ ” စာအုပ် ထဲ မှာ ပါတဲ့ အလွဲ တွေ ကို နည်းနည်း ထပ်ပြီး ပြောပြရ ဦးမယ် ။ ကြည့် လေ ...

“ တစ်နေ့လုံး ဇယ်ဆက် သလို အလုပ် လုပ်နေရာ က တစ်ကြိမ်လေး ပဲ နား ဖို့ ထိုင် မိပါတယ် ။ တိုက်တိုက်ဆိုင်ဆိုင် ကို ( တစ်နေ့လုံး မှ တစ်ခါပဲ လာ စစ်တဲ့ ) ကိုယ့် အထက် လူကြီး နဲ့ တည့်တည့် တိုးပါလေ ရော ”

“ ပစ္စည်း အသစ် တစ်ခု ဝယ်ပြီး ပြီ ဆိုတာ နဲ့ ပျောက် နေတဲ့ ပုံစံတူ ပစ္စည်း ကို ချက်ချင်းပဲ ပြန် ရှာ တွေ့ ရ တတ်တယ် ”

“ သင့် လက် နှစ်ဖက် မှာ စက်ဆီတွေ အညစ်အကြေးတွေ ပေကျံ နေတဲ့ အချိန် နဲ့ ကွက်တိပဲ ၊ သင့် နှာခေါင်း ဟာ ယားယံပြီး ကုတ်ချင် လာ တတ် တယ် ”

“ ရုပ်ရှင်ရုံ ထဲ ရောက် လို့ သင် လက်မှတ် ဝယ် ထားတဲ့ ထိုင်ခုံ နေရာ မှာ ထိုင်ချ လိုက်ပြီ ဆိုရင် သင့် ရှေ့ တည့်တည့် က ခုံ မှာ အရပ် ရှည် တဲ့ လူ တစ်ယောက် အမြဲ နေရာ ယူထားလေ့ ရှိတယ် ”

“ ဒီနေ့ စာ မကျက်လာ မိပါဘူး ဆိုမှ အတန်း ထဲ မှာ စာ မေး ဖို့ ဆရာမ ရဲ့ မျက်စိကျခြင်း ကို ခံရသူ က ကိုယ် ပဲ ဖြစ်နေတတ်တယ် ”

“ ဆီး စစ်ဖို့ အတွက် ဆီး နမူနာ အတောင်း ခံရတဲ့သူ က ခုနက လေး တင် ဆီး သွား ထားပြီး ကာ စ လူ ဖြစ်နေ တတ်တယ် ”

“ လူ နှစ်ယောက် အတူတူ ထိုင် နေကြတဲ့ အထဲ မှာ မှ ခြင် က ကိုယ့် တစ်ယောက် တည်း ကို ပဲ ရွေး ပြီး ကိုက်တယ် ”

“ သွေး သွင်းဖို့ အရေးတကြီး လိုအပ် နေပြီ ဆိုရင် အဲဒီ သွေး ဟာ အမြဲတမ်း ရှားပါး နေတယ် ”

“ ဖုန်းနံပါတ် မှား လှည့်မိတဲ့ အခါတိုင်း ဖုန်းလိုင်း မအားတာ နဲ့ ဘယ်တော့မှ မကြုံဘူး ”

   •••••   •••••   •••••

ဪ ... ကျွန်တော် စွဲစွဲမြဲမြဲ မှတ်မိ နေတဲ့ ထပ်တူ ကျ အလွဲ တစ်ခု ရှိပါသေးတယ် ။

အဲဒါ က ဘာလဲ ဆို တော့ ...

“ စာရွက်စာတမ်း တစ်ခု ခု ကို သတ်သတ်မှတ်မှတ် ဖိုင် တွဲ ထား လိုက် ရင် အဲဒါကို နောက် တစ်ကြိမ် သုံးစရာ ကိစ္စ ဘယ်တော့ မှ မပေါ်ဘူး ။ ဖိုင် မတွဲ ဘဲ အမှတ်တမဲ့ ထား မိတဲ့ စာရွက်စာတမ်း ဆို ရင်တော့ တစ်ချိန် ချိန် မှာ အရေးတကြီး ပြန် ရှာဖို့ လိုအပ်လာ လိမ့်မယ် ။ ဒါပေမဲ့ အဲဒီ စာရွက် ကို ဘယ်နား ထား မိမှန်း သိတော့ မှာ မဟုတ်ဘူး ” .. တဲ့ ။

   •••••   •••••   •••••

အဲဒီ ရပ်ကွက်ကလေး ဟာ ၂ဝ ရာစု နှောင်းပိုင်း ရဲ့ စာရွက်စာတမ်း တစ်ခု ဖြစ် ခဲ့ပါတယ် ။

အဲဒါ ကို ဖိုင် တွဲပြီး သိမ်းဖို့ မသိမ်းဖို့ ဆုံးဖြတ်ခဲ့ကြသူတွေ က တော့ ကျွန်တော်တို့ အုပ်စု ပါ ပဲ ။

◾မင်းခိုက်စိုးစန်

📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment