Monday, August 7, 2023

ခြေနှစ်ချောင်းတိုက်ပွဲ


 ❝ ခြေနှစ်ချောင်းတိုက်ပွဲ ❞


မြို့ကြီး ပြကြီး မှာ ဘတ်စ်ကား စီး တော့မယ် ဆိုရင် ကျွန်တော် တို့ အတွက် မဖြစ်မနေ လိုအပ် တာ ဟာ “ သမာဓိ ” ပါပဲ ။ ကျွန်တော် ဒီ စကား နဲ့ စ လိုက်တာ ကြောင့် တရား ဟော တော့မယ် လို့ အထင် မစောပါနဲ့ဦး ။ ကျွန်တော် ပြောတဲ့ သမာဓိ ဟာ အမျိုးအစား တော်တော် များ ပါတယ် ။ ဥပမာ - ထိုင်ခုံ ရပြီ ဆိုပါတော့ ၊ ရုံးတက် ရုံးဆင်း ၊ ကျောင်းတက် ကျောင်းဆင်း အချိန်မျိုး မှာ အဲဒီ ထိုင်ခုံ ဟာ ကျွန်တော်တို့ အတွက် ယစ်ပလ္လင် အစစ် ပဲ မို့ ထိုင်ခုံ ရပြီ ဆိုရင် ဘယ်နည်း နဲ့ မှ ထ မပေးဘူး ဆိုတဲ့ သမာဓိ ရှိမှ သက်သာ ပါ တယ် ။ ဘာကြောင့် ဆိုတာ ကျွန်တော် ရှင်းပြပါ့ မယ် ။ မြို့တော် ဧရိယာ ထဲ မှာ တချို့ နေရာတွေ ကျတော့ ခရီးသည် အတက်အဆင်း များလွန်း တဲ့ အတွက် တစ်မှတ်တိုင် နဲ့ တစ်မှတ်တိုင် ဟာ ဆယ်မိနစ် ဝန်းကျင် ကြန့်ကြာ ပါတယ် ။ ပြီးတော့ လူ အတင်အချ ဆိုတာ သတ်မှတ်ချက် မရှိဘူး ။ စပယ်ယာ က နည်းနည်းလောက် တိုး ပေးပါဦး ဗျာ ဆိုရင် သေဖို့သာ ပြင် ပေတော့ ။ သူတို့ က လည်း စကား တတ်ကြပါဘိသနဲ့ ။


“ ခရီးသည်ချင်း ကိုယ်ချင်း စာပါ ဗျာ ။ နည်းနည်း တိုး ပေးပါ ။ လုပ်ပါဗျာ လုပ်ပါ ။ နည်းနည်းပါးပါး တော့ ကျပ် မှာပေါ့ ”


“ ချောင်ချောင်ချိချိ စီး ချင်ရင် ကိုယ်ပိုင်ကား စီးကြပါ ”


“ ဝင်သွားပါ ဝင်သွားပါ မှတ်တိုင် ရောက်ရင် အကြာကြီး ရပ်ပေးမယ် ”


“ အပေါက် မပိတ်ပါနဲ့ ဗျာ ၊ အထဲ ထိ ဝင် သွားပါ ။ ဒီ အဝ မှာ ချည်းပဲ ”


ကိုယ့် လူ ရေ ကျွန်တော် ပြောတဲ့ သမာဓိ ဆိုတာ အဲဒါတွေ အတွက် ပြောရတာပါ ။


တစ်ရက် မှာ တော့ ကားပေါ် တက် တက်ချင်း ကျွန်တော် နေရာ ရပါတယ် ။ ပြတင်းပေါက်ခြမ်း တော့ မဟုတ်ပါဘူး ။ ထိုင်ခုံ က ကား အလယ်ပိုင်း မှာ နှစ်ယောက် စာ ချထားတဲ့ ထိုင်ခုံ ပါ ။ ကျွန်တော် ဝမ်းသာအားရ ထိုင် လိုက် ပါတယ် ။ ဘောက်ထော် မှတ်တမ်းရုံး ရှေ့ လို မှတ်တိုင်မျိုး မှာ ရုံးတက်ချိန်ကြီး မြို့လယ်ခေါင် သွားမယ့် ဘတ်စ်ကား အပေါ် အခုလို ထိုင်ခုံ ရတာ ဟာ ပြန် ပြောရတာ တင် အတော် ကြီးမားတဲ့ ကုသိုလ် ပေါ့ ဗျာ ။ ကျွန်တော့် ဘေး မှာ မြို့တော်စည်ပင်သာယာဝတ်စုံ နဲ့ အဒေါ်ကြီး ထိုင် နေပါတယ် ။ လက် ထဲ မှာ ကြိမ်ခြင်းအသေးလေး ပါတယ် ။ လက်ပွေ့အိတ် တစ်လုံး ပါတယ် ။ ဒါဟာ ဘယ်သူ့ ထမင်းချိုင့် ကို မှ ခေတ္တ သယ်ယူ ပေးလို့ မရတော့တဲ့ သင်္ကေတ ပေကိုး ။ ဘတ်စ်ကား စီးပြီ ဆိုတဲ့ အခါ ထိုင်ခုံ မှာ နေရာ ရပြီ ဆိုရင် သူတစ်ပါး ရဲ့ ထမင်းချိုင့် တို့ ၊ အိတ် တို့ ၊ ခြင်း တို့ ဟုတ်လား အဲဒါတွေ ကို အခမဲ့ ကိုင်ထား ပေးရတဲ့ ဓလေ့ ဟာ မြို့တော် ရဲ့ ယဉ်ကျေးမှု ပါ ပဲ ။


ကျွန်တော် ထိုင်ပြီး နှစ်မှတ်တိုင် ကျော်ကျော် မှာ ပဲ အရှေ့ပေါက် က တိုးဝင် လာတဲ့ သားအမိ နှစ်ဦး တဖြည်းဖြည်း နဲ့ ကျွန်တော် တို့ ထိုင် နေတဲ့ အလယ်ကြော ကို တိုးဝင် လာပါတယ် ။ သားသားနားနားကြီး တွေ ဗျ ။ တော်ရုံတန်ရုံ လူ ကတော့ သူတို့ ဝင် တိုးတာ ကို အသာလေး ဖယ်ပေး လိုက်ကြတဲ့ အထိ သားနား ပါတယ် ။ အမွှေးနံ့သာတွေ က လည်း လှိုင်လှိုင် ထ နေပါရော ။ ကျွန်တော့် ဘေးနား ကို အမေ ဖြစ်သူ အရင် ကပ် လာပါတယ် ။ ပြီးတော့ ဖြည်းဖြည်း ဖြည်းဖြည်း နဲ့ တိုးသွား လိုက်တာ ကျွန်တော့် ဘေး ကနေ နောက်ကျောဘက် ကို ရောက်သွား ချိန် သူ့ သမီးချောလေး ကျွန်တော့် အနား ကို ရောက်လို့ လာ ပါတော့တယ် ။


စက္ကန့်ပိုင်း အတွင်းမှာ သူတို့ နှစ်ယောက် ဟာ သားအမိ တော်စပ်ကြောင်း ၊ သမီး ဖြစ်သူ ချောမော လှပကြောင်း ဘယ်လို အကဲခတ် နိုင်သလဲ ဆိုရင် ကျွန်တော့် ရဲ့ ဘတ်စ်ကား စီးတဲ့ သက်တမ်း ကို အရင် ပြောပြပါမယ် ။ နှစ်နှစ်တာ ကာလ ကျော် ခဲ့ပါပြီ ။ နှစ်နှစ် ဆိုတဲ့ ကာလ မှာ အမျိုးသမီး တွေ ကို ဘတ်စ်ကား ထက် မှာ စက္ကန့်ပိုင်း အတွင်း အကဲခတ် နိုင်တာ ဘာမှ မဆန်းလှပါဘူး ။ အကဲခတ် တဲ့ နေရာမှာ အနား ရောက် လာ မှ အကဲ ခတ် တာ မဟုတ်ဘူး ။ စ တက် လာပြီး မလှမ်းမကမ်း ရောက်ချိန် မှာ အလွန် လျင်မြန်သော ဉာဏ် အရှိန်အစော် နဲ့ အကဲခတ် လို့ မရတော့ဘူး ။ ရိုင်းရာ ကျမယ် လေ ။ ထားကြပါစို့ ။


မချောလေး ကျွန်တော့် အနား ကို ရောက်လာရော ဆိုပါတော့ ဗျာ ။


ဝတ် ထားတာက အဝါနုရောင် ဝမ်းဆက်လေး ဗျ ။ သူ့ မျက်နှာတော် ကို ဘယ်လိုမှ မော်ကြည့်ဖို့ မဖြစ်တော့ဘူး ။ အဝတ်အစား နဲ့ အသားအရေ ကို သာ မသိမသာ အကဲခတ် ရပါတယ် ။ ဒီလို အကဲခတ် ရတာ အကြောင်း ရှိတယ် ။ တချို့တော့ ရုပ်ရည် ချောမောပြီး အသားအရေ ပိုင်း မှာ အပြစ်အနာအဆာ ရှိတတ် လို့ ပါ ။ ကျွန်တော် နဲ့ တော့ မဆိုင်ဘူး ဆိုပေမယ့် ရှေ့ တစ်မှတ်တိုင် ကျတော့ စပယ်ယာ ရဲ့ နည်းနည်း တိုး ပေးကြပါဗျာ ၊ ခရီးသည်ချင်း ကိုယ်ချင်းစာကြပါ လို့ အော် လိုက်ချိန် မှာ မချောလေး ရဲ့ ခြေ တစ်ဖက် ဟာ ကျွန်တော့် ခြေတစ်ဖက် ရဲ့ နေရာ ကို အလိုလို ခွင့်တောင်းပြီး တိုးဝင် လာပါတော့တယ် ။ ကျွန်တော် ဘာလုပ် ပေးရမလဲ ။ ထိုင်ခုံ က ထ ပေးဖို့ ကိစ္စ ကတော့ မူလ သမာဓိနည်း အရ


ဘယ်လိုမှ မဖြစ်နိုင်ဘူး ။ ဘာ ကူညီရမလဲ ၊ ဘာ ကူညီရမလဲ ။ ကျွန်တော် စဉ်းစားရင်း သူ ရပ်နေပုံ ကို အကဲခတ် တော့ မှ ဟာ ဘယ်ဘက် လက် မှာ ပလတ်စတစ်အိတ် တစ်လုံး ဆွဲထား ပါ လား ။ ကျွန်တော့် ခြေထောက် ချ ထားတဲ့ နေရာ ကို သူ ခြေထောက် တစ်ဖက် တိုးဝင် ရတဲ့ အဓိက ပြဿနာ ကို ကျွန်တော် တွေ့ပြီ ။


ဟန်ချက် ပေါ့ ဗျာ ။ ဘတ်စ်ကား ပေါ် မှာ လက် တစ်ဖက် တည်း နဲ့ တန်း ကို ကိုင်ထားရတဲ့ အခါ ထိုင်ခုံ ကို အားပြု ထားရတဲ့ အခါ မျိုး မှာ ခြေ နှစ်ချောင်း ဟာ တန်း နေ လို့ မရဘူး ။ ခြေ တစ်ချောင်း က တော့ အခုအခံ ရှိတဲ့ နေရာကို မမိ မိအောင် လိုက်ရှာ ရ တော့တာပါပဲ ။ ဒါမှ ဘတ်စ်ကား ထွက်ချိန် ၊ ရပ်ချိန် ၊ ကွေ့ချိန် ၊ အရှိန်အတိုး အလျော့ လုပ်ချိန်တွေ မှာ ဒရောသောပါး မဖြစ်မှာ ကိုး ။ မချော ခမျာ လက် တစ်ဖက် မှာ ဆွဲ ထားတဲ့ အိတ် ကို တမင်တကာ သူ့ ရှေ့မှာ မထားဘဲ တင်းတင်း ဆုပ် ထား တာကြောင့် သူ့ ခြေ တစ်ချောင်း ဟာ ကျွန်တော့် ပိုင်နက် ကို ကျူးလွန် နေရ ရှာတာကိုး ။


ကျွန်တော် အဲဒီ လက်ဆွဲ ပလတ်စတစ်အိတ် ကို တောင်းဖို့ စဉ်းစား လိုက်ပြီး ချိန်မှာ မသိစိတ် က မတောင်း နဲ့ လို့ သတိပေး ပါတယ် ။ သူ့ ပေါင်နံဘေး က ထွက်ပြူစ ပြုနေတဲ့ အိတ် ကို အကဲခတ် တော့ ပိုက်ဆံတွေ ဖြစ်နေတယ် ။ ဘဏ် သွင်းမယ့် ပိုက်ဆံ လို မျိုး အထပ်လိုက် စည်းနှောင် ထား ပါတယ် ။ ကျွန်တော် ချက်ချင်း မျက်နှာ လွှဲပြီး ပြတင်းပေါက် ဘက် ကို အာရုံ ပြောင်း ရပါ တော့တယ် ။ ငွေ ဆိုတာမျိုး က မမြင်တွေ့အပ် ချိန် မှာ မြင်တွေ့ လိုက် ရရင် ဒီလိုပဲ ဖြစ်တတ်တာ ကိုး ။ မချောလေး က ပိုက်ဆံတွေ ကို သတင်းစာ နဲ့ ပတ် ထားပေမယ့် ထိပ်စွန်းပိုင်းတွေ က မြင် နေရတယ် ။ ဒါကြောင့် သူ့ လက် ထဲ က လက်ဆွဲအိတ် ကို ဥက္ခာ ပြုရပါတော့တယ် ။


“ သမီး ရလား အမေ ကိုင် ထားရ မလား ”


အမေ ဖြစ်သူက လှမ်း မေးတာ ကို သမီး က ခေါင်း သာသာ ညိတ် ပြလိုက်မယ် ထင်ပါတယ် ။ မချော က တစ်ချက် နေရာ ပြင် မလို့ တွန့် လိုက်ရင်း ကျွန်တော့် ပိုင်နက် ထဲ ကို တစ်ဖဝါးစာ တိုး လို့ လာပါတော့တယ် ။ ကျွန်တော့် ခြေထောက် ဘယ်ဘက် နှင့် သူ့ ခြေထောက် ညာဘက် တို့ ဒူး အရင်းနား မှာ အချိတ်အဆက် မိမိ ဆုံကြ ပါ တော့တယ် ။ သူ ဝင် တိုး ရပ်နေပုံ က ကျွန်တော့် ကို ခပ်စွေစွေ အနေအထား နဲ့ တိုး ရပ် နေတာမို့ ကျွန်တော် စဉ်းစား ရ ပါပြီ ။


ကျွန်တော့် ခြေထောက် ကို ထပ် ရွှေ့ မှာလား ၊ ဒီလိုပဲ တောင့်ခံ ပေး ထား မှာလား ။


ထပ် ရွေ့ရင် မချော ခမျာ ဘတ်စ်ကား ရဲ့ ဟန်ချက် ထဲ မှာ အခုအခံ မဲ့ တော့မယ် ။ တောင့်ခံ ပေး ထားရင် ကျွန်တော့် စိတ်တွေ ကျွန်တော့် စိတ်တွေ .. ။


ကိုင်း ဒုတိယ သမာဓိ ကို ကျွန်တော် ထပ် ထူထောင် ရ ပြန်ပါတယ် ။


ဤ အမျိုးသမီးကောင်း ၏ ခြေထောက် တစ်ချောင်း သည် အကယ်၍ ငါ ၏ အိမ်သူသက်ထား ဇနီးမယား ၏ ခြေထောက် ဖြစ်ငြား အံ့ ၊ ငါ သည် ဘာမှ အပန်းမကြီး ၊ နှမ ၊ အစ်မ ၏ ခြေ တစ်ချောင်း ဖြစ်ငြားအံ့ ၊ ငါ သည် ဘာမှ အခက်အခဲ မရှိ ။ ဤ သမာဓိ ဖြင့် ခရီး ဆက်အံ့ ။


ကျွန်တော့် ကို မေးချင် မေး နိုင်တယ် ။


နှမ အစ်မ ၏ ခြေ တစ်ချောင်း က တော့ ထား ပါတော့ ။ အိမ်သူ သက်ထား ရဲ့ ခြေထောက် ဆိုတာက ဘာကြောင့် ပါလာ ရ သနည်း ဟု ... ။


အိမ်ထောင်သက် အရိုးရင့် ယောက်ျား အတွက် သက်တမ်း ရင့် ဇနီး ၏ ခြေ တစ်ဖက် သည် ဘာ အရေးကြီးပါသနည်း ဟု ကျွန်တော် ဖြေရပါမယ် ။ ဘာ အာရုံ ခံစားမှု မှ မဖြစ်နိုင်တော့ပြီ ကိုး ။ တစ်ခုတော့ ရှိတယ် ။ ဒီ ဒုတိယ သမာဓိ ထူထောင် ချိန် မှာ ခြေထောက် တစ်ချောင်း က လွဲပြီး ဘာမှ ရှေ့ဆက် မစဉ်းစား ဖို့ တော့ လိုတယ်ဗျ ။ ကျော် သွားရင် သမာဓိ ပျက် ကရော ပဲ ။ ကျွန်တော် ဆိုလိုတာ က တကယ့် ဇနီးမယား ဆိုရင် သူ ထိုင်ဖို့ ဖယ်ပေး ရ တော့ မှာ ကိုး ။


“ သမီး အမေ့ ကို အိတ်ပေး ”


“ ကန်တော့နော် ”


ကျွန်တော် သမာဓိ ထူထောင် နေချိန် မှာ ပဲ အမေ ဖြစ်သူ ကျွန်တော့် ရဲ့ ထိုင်ခုံ နောက်ဘက် ပြတင်းပေါက်ခြမ်း မှာ ထိုင်ခုံ ရ သွားပါတယ် ။ မချော က သူ့ အမေ ဆီ ကို လက်ဆွဲပလတ်စတစ်အိတ် ကမ်း ပေး ရာမှ ကျွန်တော့် ကို ကျော်ပြီး ကမ်းပေးရတဲ့ အတွက် “ ကန်တော့နော် ” လို့ ခွင့်တောင်း စကား နဲ့ ကမ်းပေး တာပါ ။ ကျွန်တော် အသာလေး ခါးညွှတ် ပေး လိုက်ပါတယ် ။


“ လုပ်ပါဗျာ လုပ်ပါ ၊ တိုးကြစမ်းပါ ။ ဆင်းတဲ့ လူတွေ လည်း ဆင်း ပြီးပြီ ။ ဘာလုပ် နေကြတာလဲ ။ ဒီမှာ အကုန် ပိတ် နေပြီ ။ တိုးကြပါဗျာ လုပ်စမ်းပါ ”


စပယ်ယာ ရဲ့ဟစ်သံ အဆုံး မှာ ဟိုနား ဒီနား က လူတွေ ရွှေ့ချည် ၊ ပြောင်းချည် လုပ်ကြပါတယ် ။ မချောလေး ရဲ့ ခြေ တစ်ချောင်း ဟာ လည်း နောက် က တိုးဝင် လာတဲ့ ဟန်ချက်တွေ ကြောင့် ကျွန်တော့် ပိုင်နက် ကို ထပ် တိုးလို့ လာပါတော့တယ် ။ ကျွန်တော့် ရဲ့ ဘေး ပခုံး နား မှာ မုတ်ဆိတ်မွေး ဗရပွ နဲ့ အရာကြီး လာ ရပ် နေတယ် ။ ဘယ်အချိန် ရောက် လာ မှန်း တောင် မသိလိုက်ဘူး ။ ကိုယ့် သမာဓိ နဲ့ ကိုယ် ဆိုတော့ ဒီလိုပါပဲ လေ ။


အဲဒီ အချိန်မှာ ပထမ သမာဓိ ရော ၊ ဒုတိယ သမာဓိ ပါ ဖျက်ရတော့မယ့် အခြေအနေ တစ်ရပ် ပေါ်ပေါက် လာ ပါတယ် ။ သုံးနှစ်အရွယ် ကလေးငယ်လေး အန်ချင်လို့ ဆိုပြီး အရာကြီး ရဲ့ ကျောဘက် ကနေ ကျွန်တော် တို့ ထိုင်ခုံ ပြတင်းပေါက် ဘက် တိုး လာပါ တော့တယ် ။ သွားပြီ ကျွန်တော့် ဘယ် သမာဓိ မှ အားကိုး လို့ မရတော့ ။


“ လာ လာ သမီး ဒီမှာ ဝင် ထိုင်လိုက် ” 


ဒီ စကား ကျွန်တော် ပြော တာ မဟုတ်ဘူး ။ ဘေးနား က မြို့တော်စည်ပင် ဝတ်စုံ နဲ့ အဒေါ်ကြီး က ပြော တာပါ ။ ကျွန်တော် ဘယ် နေသာတော့ မလဲ ။


“ အဒေါ် ထိုင်ပါ ။ ကျွန်တော့် ဘက် မှာ ထိုင်လိုက် ။ လာ လာ ညီမ ၊ ကလေး ကို ထိန်းပေး လိုက် ၊ စပယ်ယာ ရေ ခဏ ရပ်ပါ ဗျို့”


ကလေး က ပါးစပ် ထဲ မှာ အန်ချဖို့ အသင့် ဖြစ် နေတာ မို့ ချက်ချင်း ထ ပေးသလို ၊ အဒေါ်ကြီး ရဲ့ ဆွဲခြင်း ကို တောင် လှမ်းယူ ပေး လိုက်ပါတယ် ။ ဒါမှ ဒီဘက် မြန်မြန် ထွက်လို့ ရ မှာ ကိုး ။ မချောလေး လည်း ခြေ တစ်စုံ ကို ပြင် ရပ်လိုက်ပြီး နေရာ အလွှဲအပြောင်း မှာ ကျွန်တော့် ရှေ့ တည့်တည့် ကို ရောက်လာ ပါ တော့တယ် ။ အရာကြီး က လည်း နောက် က တိုးဝင် လာတဲ့ အရှိန် ကြောင့် မချောလေး ဘက် ကို အိကျ တော့မယ် ။ အဲဒီ အချိန် မှာ ကျွန်တော့် ခြေထောက် တစ်ချောင်း ဟာ သူတို့ နှစ်ယောက် ကြား ကို ဖျတ်ခနဲ ရောက် သွား ပါတယ် ။ ကျွန်တော့် ခြေထောက် ကြောင့် အရာကြီး လည်း ဟန်ချက် ပြန် မိ သွားတယ် ။ ကျွန်တော် က လက် တစ်ဖက် ကို ဖြုတ်ပေး လိုက်ပြီး ဟန်ချက် ကို ပြင် တာကြောင့် မချောလေး အပေါ်  ပိုပြီး စီးပိုး မိ သွားပါတော့တယ် ။


ဒီ အနေအထား နဲ့ ရင်ဆိုင် ရမယ့် သမာဓိ အပိုင်း ကို တော့ ကျွန်တော် မဆွေးနွေး တော့ပါဘူး ။ သုံးဆယ့်ကိုး အဝါရောင် ဘတ်စ်ကားကြီး ဟာ ဘိုကလေးဈေး မှတ်တိုင် ကို ဝင်ဖို့ တာစူ နေတဲ့ အတွက် ကျွန်တော် ဆင်း ရ တော့မယ် လေ ။ ကျွန်တော် ထင် ပါတယ် ။ ဒီ တတိယ သမာဓိ အပိုင်း မှာ လည်း အခက်အခဲ ရှိပေမယ့် တစ်နည်းနည်း နဲ့ ကျွန်တော် ထူထောင် နိုင်ဦးမယ် ဆိုတာ ။


နှစ်နှစ် ရှိ ပြီလေ ။ ကျွန်တော့် ရဲ့ ဘတ်စ်ကားစီး သက်တမ်း က ရင့် ခဲ့ပြီ ကိုး ၊ မြို့တော် မှာ ဘတ်စ်ကား စီး တဲ့ အခါ ကျွန်တော်တို့

ယောက်ျားတွေ ဘက် က သမာဓိ အား ကောင်း နေ ရပါတယ် ။ အား နွဲ့တဲ့ မိန်းမသားတွေ ကို ညှာတာ ရမယ် မဟုတ်လား ။ 


ဥပမာ - စောစောက ခြေထောက် နှစ်ချောင်း ကိစ္စမျိုး ဆိုပါတော့ ... ။


◾မာန် ( တောင်လုံးပြန် ) 


📖 ရွှေအမြုတေ

    ၂၀၀၉ ခုနှစ် ၊ ဇူလိုင်လ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment