အခန်း ( ၃ )
ကျွန်တော်တို့ ရဲ့ ခြေရင်း အိမ် က ကျတော့ ဖယောင်းတိုင် လုပ်ငန်း လုပ်တဲ့ အိမ်ဗျ ။
ဖယောင်းတိုင် လုပ်ငန်း ဆိုလို့ သိပ် ကြီးကြီးကျယ်ကျယ် မဟုတ်ပါ ဘူးဗျာ ။ တစ်နိုင် တစ်ပိုင် အိမ်တွင်းမှု လုပ်ငန်းလေး ပါ ။ ဖယောင်းတွေ ကို အရည်ကျို ၊ သစ်သားတန်းပေါင် မှာ ပုံစံခွက်လေး တွေ ထွင်း ထားတဲ့ အထဲ လောင်းထည့် ၊ မီးစာကြိုး တပ်ပြီး ခြေထောက် နဲ့ နင်းရတဲ့ဟာမျိုးလေး ဗျ ။
တစ်ခါ နင်း ရင် ဖယောင်းတိုင် ခြောက်တိုင် ပဲ ရတယ် ။ အဲဒါလေး တွေ ကို မှ ပလတ်စတစ်အိတ် နဲ့ တံဆိပ် မပါ ဘာ မပါ ထည့် ပိတ်ပြီး ရပ်ကွက် ထဲ က အိမ်ဆိုင်လေးတွေ မှာ လိုက် သွင်းတာ ။
ဆင်းရဲသား ရပ်ကွက် ဆိုတော့ ဒါမျိုးလေးတွေ ပဲ ဝယ် သုံးနေကြရတော့ တာ ပေါ့ဗျာ ။
ကျွန်တော်တို့ လည်း ဝယ်သုံး ကြည့် ဖူးပါတယ် ။
တကတဲ ဗျာ ။ ဖယောင်းသား က ညံ့ရတဲ့ အထဲ လေခို နေ တော့ ပွစိစိ မညီမညာ နဲ့ ။ ပြီးတော့ မီးစာ လုပ်တဲ့ ချည်ကြိုး က လည်း ဖွာလန်ကြဲ ပြီး ကောင်းကောင်း မီး မစွဲဘူး ။
သူတို့ ဖယောင်းတိုင် ကို မီးညှိ လိုက်ရင် တောက်လျှောက် တဖျစ်ဖျစ် မြည် နေတော့တာ ။ ဖယောင်းတိုင် ကို ရေ စိမ်ပြီး ထွန်း ထား သလား အောက် မေ့ ရတယ် ။
အလင်းရောင် လည်း ဘယ့်နှယ် လုပ်ပြီး ကောင်းကောင်း ရမလဲဗျာ ။ မီးတောက် က သူ့ ဖာသာ သူ ငြိမ်း မသွားအောင် ကို မနည်း ကုန်းရုန်းပြီး တောက်လောင် နေရတဲ့ ဥစ္စာ ။
လင်း တယ် ဆိုရရုံလေး ပဲ ပေါ့ ။
တစ်နေ့ ကျ တော့ ...
အဲဒီ ဖယောင်းတိုင်လုပ်ငန်းပိုင်ရှင် ဦးခွေးနီ တစ်ယောက် ကျွန်တော် တို့ အိမ် ပေါ် ကို ရောက်ချ လာတယ် ။ သူ့ မိန်းမ ဒေါ်ပုကြွယ် က လည်း ကိုယ်လုံး ဝဝဖိုင့်ဖိုင့်ကြီး ကို မနိုင့်တနိုင် သယ် လို့ ။
ကျွန်တော် က ရေနွေးကြမ်းတွေ ဘာတွေ ချ ပေးပြီး ...
“ ဆိုပါဦး ... ဦးလေးခွေးနီ ၊ ဘာကိစ္စများလဲ ”
“ ဒီလို မောင်ကျော်စိုး ရေ ၊ ဦးလေး တို့ ဖယောင်းတိုင်လုပ်ငန်းလေး က ခု နောက်ပိုင်း နည်းနည်း ပိုပြီး အရောင်းရ တွင်ကျယ် လာ သကွ ။ အဲဒါကွာ လုပ်ငန်း တိုးချဲ့တဲ့ သဘောပေါ့ ။ ရပ်ကွက် ထဲ က အိမ်ဆိုင်လေးတွေ ကို လိုက် ရောင်း နေရုံတင် မကတော့ ဘဲ ဈေးကြီး ထဲ က ဆိုင်တွေ မှာ ပါ တင်ကြည့်ရင် ကောင်းမလား လို့ ”
“ ကောင်းသားပဲ ... ဦးလေး ရဲ့ ”
ကောင်းတယ်ပဲ ပြောရုံရှိ တော့တာပေါ့ဗျာ ။ အဲဒါနဲ့ ဦးခွေးနီ က ဆက်ပြီး ..
“ အဲဒီလို လုပ်မယ် ဆိုရင် တို့ ဖယောင်းတိုင် ကို တံဆိပ် နဲ့ နာမည် နဲ့ ကျကျနန ထုပ်ပိုးကြော်ငြာ ရ မှာ ကွ ”
“ ဟုတ်တာပေါ့ ၊ ကျွန်တော်တို့ က ဘယ်နေရာ က နေ ကူညီရ မှာလဲ ဆိုတာ သာ ပြော ”
အဲဒီမှာ ဦးခွေးနီ ကတော် ဒေါ်ပုကြွယ် က ဝင် ပြီး ..
“ မောင်ကျော်စိုး တို့ က စာရေးဆရာတွေ ၊ ပန်းချီဆရာတွေ ။ ဟိုလေ ဘာ ခေါ်မလဲ ။ အဲ ... အနုပညာသမားတွေ ဆိုတော့ နာမည်လှလှ ကောင်းကောင်း လေးတွေ ပိုပြီး စဉ်းစား တတ် မှာပေါ့ကွယ် ။ အဲဒါ ဒေါ်ဒေါ် တို့ ရဲ့ ဖယောင်းတိုင် တံဆိပ် ကို နာမည် မှည့်ပေးစမ်းပါဦး ”
ဒီမှာတင် ကျွန်တော့် အကွက် ဝင်တော့တာပဲ ။ သူတို့ ဖယောင်းတိုင် ခပ်ညံ့ညံ့ က လင်း ရုံ ပဲလင်း လို့ ‘ လင်းရုံ ’ ဖယောင်းတိုင် လို့ ကျွန်တော့် ဖာသာ ကျိတ်ပြီး ကဲ့ရဲ့ နေတာ ကြာပြီ ။ ဒါနဲ့ ကျွန်တော် က ..
“ လင်းယုန်ဖယောင်းတိုင် လို့ နာမည် ပေးလိုက်ပါလား ဦးလေး ရဲ့ ”
“ ဟေ .. လင်းယုန်ငှက် တံဆိပ် လား ”
ဦးခွေးနီ ခေါင်း တညိတ်ညိတ် လုပ်ပြီး စဉ်းစား နေတယ် ။ ကျွန်တော့် ပါးစပ် က ‘ လင်းရုံ ’ လို့ပဲ ပြောတာနော် ။ “ ငှက် ” တွေ ဘာတွေ မပါဘူး ၊ သူ့ ဖာသာသူ ချဲ့တွေး တဲ့ ကိစ္စ ။
ဒေါ်ပုကြွယ် က လည်း ဝင် ပြီး ...
“ ကောင်းသားပဲ တော် ၊ မိုးပေါ် မှာ ပျံတဲ့ ငှက် ဆိုတော့ ”
“ အေးဟ .. ငါ လည်း အဲဒါပဲ စဉ်းစားနေတာ ။ ဟိုး ... မြင့်ကြီး မှာ နေရာရတယ် ဆိုတဲ့ အဓိပ္ပာယ်ပေါ့ ဟာ ၊ နိမိတ် ကောင်းတယ် ပုကြွယ် ရဲ့ ”
သူတို့ လင်မယားချင်း အပေးအယူ ကိုတည့်လို့ ။ ဘေးနား မှာ ထိုင် နေတဲ့ ပန်းချီဆရာ က လည်း ဝင် ပင့် ပေးတယ် ။
“ နိမိတ် ကောင်းရင် အဲဒီ နာမည် ပဲ ပေး လိုက်ကြပေတော့ ။ တံဆိပ် ရိုက်ဖို့ လင်းယုန်ငှက် ပုံ ကျွန်တော် ဆွဲ ပေးမယ် ”
“ အေးကွာ ... အေး ၊ ကျေးဇူးပဲ ”
ပန်းချီဆရာ က လင်းယုန်ငှက်ပုံ ရော စာလုံးဒီဇိုင်း ရော ရေး ရုံ မက ဘူး ၊ ကိုယ်တိုင် ကိုယ်ကျ သွားပြီး ဘလောက်တွေ ဘာတွေ ပါ အပ် ပေးလိုက်သေးတာ ။
အဲဒါနဲ့ပဲ သူတို့ လုပ်ငန်းဟာ “ လင်းယုန် ဖယောင်းတိုင် ” လို့ နာမည် တွင် သွား ပါလေရော ။
ကျွန်တော်တို့တွေ ဟာ တော်တော် ကို မကောင်းတဲ့ ကောင်တွေဗျ နော် ။
••••• ••••• •••••
ကျွန်တော်တို့ ခေါင်းရင်း အိမ် က အန်တီလှ က လည်း အဲဒီ လင်းယုန် ဖယောင်းတိုင် လုပ်တဲ့ အိမ် ကို တစ်နေ့ နှစ်ခါ သုံးခါ လောက် အဝင် အထွက် လုပ်တယ် ။ လေ ပန်းတယ် ။ အတင်း ပြောတယ် ။
တစ်ခါတလေ ...
သူ့ ဖာသာသူ တစ်ယောက်တည်း လေပန်းရုံ နဲ့ အားမရဘူး ထင်ပါရဲ့ ။ ကျွန်တော်တို့ အိမ်ဘက် လည်ပင်း ထောင် ကြည့်ပြီး ...
“ ဟဲ့ ... မောင်ဖိုးစော ရေ ၊ ဒီဘက် အိမ် ကူးခဲ့လေ ကွယ် ။ လက်ဖက်သုပ် လေး ဘာ လေးစား ရင်း စကားစမြည် ပြော ရအောင် ”
အဲဒီလိုမျိုး လှမ်းပြီး ပင့်ဖိတ်တယ် ။ ကျွန်တော်တို့ ကောင်ကြီး ရဲ့ ဉာဉ်ဆိုး က လည်း တစ်မျိုး အဆန်းသားဗျ ။
သင်း က အချိန်ပြည့် အားအားယားယား ဖြစ်နေတာ မဟုတ်လား ။ အဲဒီတော့ ဘယ်သူ ကပဲ လာ ခေါ်ခေါ် ၊ ဘယ်အချိန် ပဲ လာ ခေါ်ခေါ် ၊ ဘယ်ကို ခေါ်ခေါ် မငြင်းဘူး ။ ပုဆိုးလေး ပြင်ဝ တ်ပြီး သုတ်ခနဲ ထ လိုက် သွားတော့တာပဲ ။
အဲဒီလို ပင့်ဆောင်ရာ နေရာတိုင်း ကို ကြွချီတော် မူတတ်လွန်းလို့ သူ့ ကို ဒက္ခိဏသာခါ ကိုယ်တော်လေး လို့ နာမည် ပေးထားတယ် ။
ခုလည်း ကြည့် လေ ။
ဟိုဘက် အိမ် က လှမ်း ပင့်လိုက်တာ နဲ့ မဆိုင်းမတွ ပဲ ငေါက်ခနဲ ထ ၊ သုတ်သုတ် သုတ်သုတ် နဲ့ ကြွချီ သွားပြီး သူ့ ရဲ့ အဖိုးထိုက် အဖိုးတန်နက်နဲ လှတဲ့ အတွေးအခေါ် တွေ ကို ဟောကြားတော်မူတော့တာပဲ ။
“ ကျွန်တော် တစ်ခု စဉ်းစားမိတယ် အန်တီလှ ရဲ့ ”
“ ဆိုစမ်းပါဦး ... မောင်ဖိုးစော ရယ် ”
ကဲ ... ကြည့် ။ အားအားယားယား ရှိတဲ့သူ နဲ့ စပ်စပ်စုစု နိုင်တဲ့သူ အချင်းချင်း ကျတော့ လိုက်ဖက်ညီ လိုက်ကြတာဗျာ ။
မသာအိမ် နဲ့ ဖဲဝိုင်း ကျ နေတာပဲ ။
ဖိုးစော က ..
“ အန်တီလှ တို့ ဘုရား ရှိခိုးပြီး မေတ္တာ ပို့ရင် နာမည် တပ် ပြီးတော့ ရည်စူး မေတ္တာ ပို့ကြတယ် မဟုတ်လား ၊ ဥပမာ - ကျွန်တော့် အတွက် မေတ္တာ ပို့ရင် ' မောင်ဖိုးစောလေး ... ကျန်းမာပါစေ ၊ ချမ်းသာပါစေ ' ဆိုတာမျိုးပေါ့ ”
“ အေး ... ဟုတ်တယ်လေ ”
“ ဒါဆိုရင် အန်တီလှ မသိဘဲ ကျွန်တော် က နာမည် ပြောင်း လိုက် တယ် ဆိုပါစို့ ၊ ‘ ကျော်ဟိန်း ’ ဆိုပါတော့ဗျာ ”
အဲဒီ စကား ကြား ရတော့ အန်တီလှ က ချက်ချင်း မျက်နှာ အို သွား တယ် ။ ပြီးတော့ ခေါင်းခါခါ လည်ခါခါ နဲ့ ...
“ မင်း နှယ် ကွယ် တခြား နာမည် ပြောင်းပါလား ၊ အလှ က အဲဒီ ကျော်ဟိန်း ဆိုတဲ့ မင်းသား ကို သိပ်ကြိုက်တာ ။ အခု အင်း .. မင်း ရုပ်ကြီး နဲ့ ဆိုတော့ ...”
“ ဟာ ... တကယ် ပြောင်းတာ မဟုတ်ဘူးလေဗျာ ၊ ဥပမာ ပြောတဲ့ ဟာကို ခင်ဗျားကြီး က လည်း ... ”
“ ဪ ... အေး.. အေး ဒါဆို ပြီးရော ၊ ဆက်ပြော ... ဆက်ပြော ”
ဖိုးစော က ချက်ချင်း ဆက် မပြောသေးဘဲ ခံ့ခံ့ညားညား ဖြစ်သွား အောင် ချောင်း တစ်ချက် ဟန့် လိုက်သေးသဗျ ။ ပြီးတော့ မှ ..
“ အဲဒီမှာ ကျွန်တော့်နာမည်က ‘ ကျော်ဟိန်း ’ ဖြစ် သွားပြီ ။ ဒါကို အန်တီလှ က မသိဘဲ အရင် အတိုင်း “ မောင်ဖိုးစောလေး ကျန်းမာချမ်းသာ ပါစေ ” ဆိုပြီး မေတ္တာ ပို့ရင် အဲဒီ မေတ္တာ ကို ကျွန်တော် ရပါ့မလား ဟင် ။ မရဘူး ဆိုရင် ကော အဲဒီ မေတ္တာ တွေ က ဘယ် ကို ရောက်သွား သတုံးဗျ ”
“ အဲ .. ဒါတော့ ...”
ဖိုးစော မြွက်ကြားတဲ့ ဒေသနာတော် က အင်မတန် မှ သိမ်မွေ့နက်နဲ တယ် မဟုတ်လား ဗျာ ။ အန်တီလှ တစ်ယောက် ဘယ် ပြန် ဖြေနိုင်မှာတုံး ။ ခေါင်း ကုတ်ပြီး အ တီးအ ထစ် ဖြစ်နေရှာတော့ တာ ပေါ့ ။ ကျွတ် .. ကျွတ် ။
အဲဒါသာ ကြည့်တော်မူကြပါ တော့ .. ။
မဟာ တွေးခေါ်ပညာရှင်ကလေး ဖိုးစော ဆို တာ အဲဒီလို အရည်မရ အဖတ်မရ ကိစ္စပေါင်း သောင်းခြောက်ထောင် ကို အချိန်ကုန် ခံပြီး ထိုင် ထိုင် စဉ်းစား နေတတ်တဲ့ ကောင်မျိုးဗျ ။
အဲ .. သူ့ ရဲ့ ဒေသနာတော် ကို နာယူ နေတဲ့ သူတွေ က လည်း ခေသူ တွေမှ မဟုတ်တာဗျာ ။ လင်းယုန်ဖယောင်းတိုင် ကုမ္ပဏီပိုင်ရှင်ကြီး ရဲ့ ကတော် ဒေါ်ပုကြွယ် က လည်း သူ ဉာဏ်မီသလောက်တော့ ဝင် ဆွေးနွေး ရှာသား ။
“ မောင်ဖိုးစော ပြောတာ စဉ်းစားစရာပဲ ကွဲ့ ။ အဲဒါကြောင့် လူတွေ က နာမည် ပြောင်းရင် သတင်းစာ ထဲ မှာ ထည့်ပြီး ကြော်ငြာ ကြ တာပေါ့ ။ မေတ္တာ ပို့ ရင် နာမည် မမှားအောင် လို့ ထင်ပါရဲ့ ”
ရယ်လိုက်ကြရတာ ဆိုတာဗျာ ။ တစ်အိမ် နဲ့ တစ်အိမ်က ပြွတ်သိပ် ကျပ်ညပ် နေအောင် ဆောက်ထားတော့ ဟိုဘက် နဲ့ ဒီဘက် ဆိုတာ ဝါးထရံ လောက်ပဲ ခြား တာ ။
သူတို့ ပြောသမျှ အကုန် ကြား နေရတဲ့ ကျွန်တော်တို့ အုပ်စု က ကြမ်းပြင် ပေါ်လူးလှိမ့် ၊ ခြေထောက်ချင်း လိမ်ပွတ် ပြီးတော့ ကို ရယ်ကြတာ ။
အောင်မယ် ... မပြီးသေး ဘူး ဗျ ။
လင်းယုန်ဖယောင်းတိုင် လုပ်ငန်းကြီး ရဲ့ အမှုဆောင် အရာရှိချုပ် ( C.E.O ) ဦးခွေးနီ က သူ့ မိန်းမ ကို လှမ်းပြီး ဟန့်တယ် ။
“ တယ် ... ဒီ မိန်းမ ဟာ စောက်မှန်း မသိ ၊ ကမ်းမှန်း မသိ ဘဲ ဝင် ဝင် ပြောနေ ။ ငါ ထ 6လုပ်လိုက်ရ နာ တော့မယ် ။ အဟမ်း ... ဒီမယ် မောင်ဖိုးစော ရဲ့ ၊ မောင်ရင် ပြောတဲ့ ကိစ္စကို ပိဋကတ်ကျမ်း ကျေတဲ့ သက်တော် ဝါတော်ရ ဆရာ တော်ဘုရားကြီးတွေ နဲ့ တွေ့ မှ မေးလျှောက် ကြည့်ရဦးမယ် ”
••••• ••••• •••••
တော်ပါသေးရဲ့ ဗျာ ။
ကံကောင်းတယ် ဆိုရမှာ ပဲ ။ ဒီ ရပ်ကွက်လေး ထဲ ကို ပိဋကတ်ကျမ်း ကျေ တဲ့ သက်တော်ဝါတော်ရ ဆရာတော်ဘုရားကြီး တွေ ...
တစ်ပါး မှ မကြွကြဘူး ။
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment