Monday, August 14, 2023

ဆေးသီးပက်ချိန်


 ❝ ဆေးသီးပက်ချိန် ❞


အင်းချောင်း ကို ဆေးသီး ပက် ချိန် ရောက် လျှင် ကျွန်တော်တို့ကလေး တွေ ပျော် ကြသည် ။ ဆောင်းလယ် ရောက် ၍ လယ်သမားများ ရိတ်သိမ်းပြီး ချိန် လောက် တွင် အင်း ချောင်း ကို တမံ ပိတ်၍ ရေများ တဖြည်းဖြည်း နုတ်ပစ် သည် ။ ချောင်း ထဲ တွင် ရေ ဒူးဆစ် အောက် လောက် အထိ လျော့ သွားသော အခါ ချောင်းဖျား မှ စ၍ ဆေးသီး ပက် ရသည် ။


ဆေးသီး ဆိုသည် မှာ ဗုံလုံသီး ဖြစ်၏ ။ ဗုံလုံသီး အစိမ်း ကို ဆုံ နှင့် ထောင်း ၍ ရေ တော်သလို ရောပြီး ချောင်း ထဲ ပက် သော အခါ ငါးများ မှာ ဗုံလုံသီး အပူဓာတ် ဖြင့် ဝေး ရာသို့ ပြေး ကြသည် ။ ဆေးသီးရည် တိုက်ရိုက် ထိမှန် သော ငါး တို့ မှာ သေကြ၏ ။ ထိုကြောင့် ဆေးသီး ပက်သူ သည် ငါး အသေအပျောက် နည်းနည်း နှင့် ငါးများ ပြေးရုံ သာ ပက်ရန် ကျွမ်းကျင်မှု လို လေသည် ။


ဆေးသီးများ ကို ချောင်းဖျား မှ စပြီး ပက်၏ ။ ပက် ပြီးသား နေရာ မှ ငါးများ ပြေး၍ ကုန် သလောက် ရှိသော အခါ ထိုနေရာ သို့ ငါးများ ပြန် ဝင် မလာစေရန် တား ထား ပြီး ရှေ့ဆက် ပက် ပြန် သည် ။ ထိုသို့ ဆေးသီး မောင်း သွား၍ ငါးများ ချောင်း အရင်း တွင် သွား စုကြသော အခါ ထိုနေရာ ကို ပိတ်တား ထား ရသည် ။ ကျန် နေသော ရေ ကို ခနွှဲ ထိုး ပြီး ပက်ထုတ်သည် ။ ရေ ကုန်မှ ငါးများကို အလွယ်တကူ ဖမ်းယူသည် ။ ဆေးသီး အသုံးပြုခြင်း ဖြင့် ချောင်းရိုး တစ်ခုလုံး ကို ရေ ပက်ပြီး ဖမ်းရန် မလို ၊ တစ်နေရာ တည်း တွင် စု လာသော ငါးတို့ ကို အလွယ်တကူ ပက် ဖမ်း နိုင် သဖြင့် ငွေရော အချိန်ပါ သက်သာသည် ။


ဆေးသီး ပက်သော အလုပ်သမားများ သည် နေ့ရော ညပါ လုပ်ကြရ သဖြင့် ဆေးသီးပက် နေသော နေရာတွင် ကု,လားအုံ ထိုး နေကြသည် ။ ဆေးသီး ကို နေရာ ရွှေ့ပြီး ပက် သွား သလို ကု,လားအုံ ကို လည်း ဆေးသီး ရောက် သည့် နေရာတွင် ရွှေ့ ဆောက် သွားသည် ။


တမံ တုပ်ပြီး ရေနုတ်သည် ဆိုလျှင် ငါးသေ ငါးဖျဉ်း များပေါ် လာလေရာ ထိုအချိန် မှာ လင်းဝက်များ ချောင်းရိုး တစ်လျှောက် အကျ များ ချိန် ဖြစ်၏ ။ ကျွန်တော်တို့ ကလေးများ သည် ဆေးသီး ပက်သော ကု,လားအုံ တွင် ချမ်းချမ်းတီးတီး လိုက် အိပ်ပြီး လင်းဝက် ထောင် ကြ သည် ။ ည ဆို လျှင် မအိပ်ဘဲ ငါးခူ ၊ ငါးပြေမ တို့ ကင်၍ စားသောက်ရင်း လင်းဝက်သံ ကို နားစွင့် နေကြသည် ။ လင်းဝက် သုတ်ကိုင်း တွင် မိသော အသံ ကြား လျှင် တပျော် တပါး ထ လိုက်ကြသည် ။


နေ့လယ် နေ့ခင်း တွင် ဆေးသီး ပက် ပြီးသော နေရာ များ၌ ငါးကြွင်း ငါးကျန်များ ရှာ ကြသည် ။ ငါးရှဉ့် ထိုး သည် ။ ငါးရံ့ ရ လျှင် ရွှံ့ နှင့် မံ ၍ ကောက်ရိုး မီးပုံ ထဲ ထည့် ထား လိုက်သည် ။ နာရီဝက် ခန့် ကြာ မှ ငါးရံ့ ပေါ် အုံထား သော ရွှံ့ ကို ခွာ လိုက်လျှင် နပ်နေသော အကြေးခွံ ခွာပြီး ငါးရံ့ ကို ရ၏ ။ ထို ငါးရံ့ ကို ဖဲ့ရွဲ့ ပြီး ဆားကလေး နှင့် တို့တို့ စား ရသည် မှာ အရသာ ရှိ လှသည် ။


•••••   •••••   •••••


“ ဟိုမှာ ငလှိုင် လာ နေတယ်ဟေ့ ”


တစ်နေ့ ကျွန်တော် နှင့် တင်အောင် ငါးဖမ်း သွားရန် ပြင်ဆင် နေခိုက် ကျွန်တော်တို့ ကု,လားအုံ သို့ ကင်းတဲ မှ စာရင်းငှား ကိုလှ သား မောင်လှိုင် လာ နေသည် ကို တင်အောင် က အော် ပြောသည် ။


“ အသာနေ ကွ ၊ ဒီကောင့် ကို မခေါ်နဲ့ ။ သူ့ စူးကလေး တွေ ၊ မှိန်းကလေးတွေ သိပ် နှမြောတတ်တဲ့ ကောင် ။ အလကားကောင် ”


ကစားဖော်များ အချင်းချင်း မကျေနပ်ချက် ရှိလျှင် သူ့လူ ကိုယ့်လူ ဂိုဏ်း ခွဲ တတ်ကြသည် မှာ ကလေးများ အလေ့ပင် ။


အမှန်လည်း ငလှိုင် နှင့် ကျွန်တော် တို့ မျက်နှာ ကြော မတည့်ရခြင်း အကြောင်းရှိ၏ ။ ကျွန်တော် တို့ မလုပ် တတ်သော ငါးထိုး မှိန်းကလေး က အစ ၊ ငါးရှဉ့်စူးကလေး အစ ၊ သံတိုသံစများ ရှာဖွေပြီး သူ က လုပ် တတ်၏ ။ သူ လုပ်ထားသည့် ပစ္စည်း ကို ကျွန်တော် တို့ ငှား၍ ဘယ် တော့ မှ မရ ။


သို့သော် ထို နေ့ က ငလှိုင့် ပခုံး ပေါ် တွင် ဖဲသီတံ ချောင်းများ နှင့် လုပ် ထားသော ငါးထိုးမှိန်း အသစ်ကလေး ပါ လာသည် ။ ထို မှိန်းကလေး ကိုင်ကြည့် ချင်သော စိတ် မှာ ထိန်း မရအောင် ဖြစ်သည် ။


“ ဟေ့ ... ငလှိုင် မင်း မှိန်းကလေး တယ် ကောင်း ပါ လား ၊ ခဏ လောက် ပြစမ်း ”


တင်အောင် က မျက်နှာချို သွေးပြီး လှမ်း ပြောသည် ။ ငလှိုင် က သူ့ မှိန်းကလေး ကို လွယ်လွယ်ကူကူပင် လှမ်းပေး၏ ။


တင်အောင် က မှိန်းကလေး ကို တယုတယ ယူ ကြည့် သည် ။ မှိန်း ကို ‘ ဆ ’ လိုက် ၊ ငါး ထိုးဟန် ပြုလိုက် လုပ် နေသည် ။ ကျွန်တော် ကလည်း တင်အောင့် လက် ထဲ မှ ကမန်းကတမ်း ယူ ကြည့် သည် ။


“ အေးကွာ ... ဒီ မှိန်း နဲ့ သာ ဆိုရင် ငါးရံ့ဇက်ပိုး ချိန် ထိုး လိုက်ရ ဘယ် လွတ် တော့မလဲ ”


အမှန်ပင် သူ့ မှိန်း မှာ ငါး မလွတ်တမ်း မိစေရန် ဖဲသီတံ စူး ခြောက်ခွ တပ် ထားသည် ။ ကျွန်တော်တို့ တွင် အိမ် က လူကြီးများ မသိအောင် တိတ်တိတ် ယူ လာသည့် ခက်ရင်းခွနှင့် ဓား တစ်ချောင်း သာ ရှိ၏ ။


“ အေးကွာ .. ဒီ မှိန်း နဲ့ သာဆိုရင် တောက် …. ။ ဟေ့ ငလှိုင် မင်း မှိန်း တို့ကို ခဏ ငှားကွာ ၊ မနေ့ က မှ ဆေးသီး ပက်ထားတဲ့ နေရာ မှာ ငါးတွေ အများကြီး ကျန် နေတယ် ။ ရ ရင် မင်း  ကို လည်း ပေး မယ်လေ ”


တင်အောင် က လေချို သွေး၍ မှိန်း ငှားနေသည် ကို ငလှိုင် သည် ထုံးစံ အတိုင်း သူ့ ပစ္စည်းလေး ကို ဆတ်ခနဲ ဆွဲ ယူပြီး ... 


“ ဘာလို့ ငှားရမှာလဲ ၊ ငါ့ ဘာသာ ငါ သွား ထိုးမှာ ပေါ့ကွ ”


ပြောပြောဆိုဆို မနေ့ က မှ ဆေးသီး ချပြီးသော နေရာ ဘက် သို့ ရှေးရှု သွား နေသည် ။ ကျွန်တော် နှင့် တင်အောင် မှာ အောင့်သက်သက် နှင့် စိတ်ပျက်လက်ပျက် ကျန်ရစ် ကြသည် ။


“ ဟေ့ကောင် မအေ ... တို့ဦးထားတဲ့ နေရာ မှာ မထိုး ရဘူး ၊ တို့ ထိုး မလို့ ... ”


တင်အောင် သည် ဓား ဆွဲပြီး ထို နေရာ သို့ အရင် ရောက်အောင် ပြေးသွား၏ ။ ကျွန်တော် လည်း ခက်ရင်း ခွကြီး ဆွဲပြီး သူ့ နောက် က ပြေး လိုက် ခဲ့သည် ။


“ ဒါ တို့ နေရာကွ ၊ လာ ထိုး ရဲရင် ထိုးကြည့် ”


ကျွန်တော် တို့ နှစ်ယောက် က လူမိုက် ဟန် ငလှိုင့် ကို ကြည့်ပြီး ဟစ် ပြော လိုက်သည် ။


“ မင်းတို့ နေရာ ဘာ လုပ်ဖို့လဲ ၊ ငါ့ ဟာ ငါ ပိတ်စွယ် တော ထဲ သွား ထိုးမှာပေါ့ ”


ငလှိုင် က ထိုသို့ ပြောပြီး လှည့်ထွက် သွားသော အခါ ကျွန်တော်တို့ နှစ်ယောက် မှာ မျှော်လင့်ချက် မကိုက်ဘဲ ဖြစ်သွားသည် ။ သူ့ မှိန်း ကို လည်း သုံးစေ ၊ ရသည့် ငါး ကို လည်း ခွဲဝေယူစေ ဟု ငလှိုင် လျှော့ပေး လေ မလား အောက်မေ့သည် ။ နှစ်ယောက် သား သိပ် အသုံးဝင်လှမည် မဟုတ်သည့် ကျွန်တော်တို့ လက် ထဲ မှ ခက်ရင်းခွကြီး နှင့် ဓား ကို ကြည့်ကာ စိတ်ပျက်ပျက် နှင့် ချောင်း ထဲ ဆင်းခဲ့ကြ သည် ။


ပိတ်စွယ်တော ဘက် ဆီ မှ သီချင်း တအေးအေး ဆို နေသော ငလှိုင့် အသံ မှာ ကျက်သရေ ကင်းမဲ့ လှသည် ။ 


ကျွန်တော်တို့ နှစ်ယောက် ငါး တစ်ကောင် မှ မရ ၊ ငါး တွေ့၍ ထိုး လိုက်တိုင်း ကျွန်တော့် ခက်ရင်းခွကြီး မှာ ကျယ် နေ သဖြင့် ခွကြား ထဲ မှ လွတ် သွားသည် ချည်းသာ ။ တင်အောင် မှာ သူ ခုတ်မည် လုပ် တိုင်း ငါး က ငုပ် ငုပ်သွား သဖြင့် ဒေါပွ နေသည် ။ ကျွန်တော်တို့ နှစ်ယောက် စိတ် အား လျှော့ ကာ ကမ်းစပ် တွင် တက် ထိုင် လိုက်ကြသည် ။


ပိတ်စွယ်တော ထဲ တွင် သီချင်းတအေးအေး နှင့် ငလှိုင့် သဏ္ဌာန် ကို မြုပ်စု မြုပ်စု တွေ့ ရ၏ ။


“ ကာလနာ ၊ ငါးများ ရ နေသလား မသိဘူး ”


ကျွန်တော် က စ ဆို လိုက်သည် ။


“ ပိတ်စွယ်တော ထဲ မှာ မြွေကိုက် သေမယ့်ကောင် ”


တင်အောင် ကျိန်ဆဲ လိုက်သည် ။


“ မြွေ ကိုက် ပြီးတော့ သွေးအန် ဦးမယ် ”


“ ဒီနေ့ ဒီကောင် ကြောင့် လာဘ်တိတ် သွားတယ် ၊ ငါး တစ်ကောင် မှ မရဘူး ။ ည တုန်း က လည်း လင်းဝက် တစ်ကောင် မှ မမိဘူး ”


တင်အောင် သည် စိတ်ပျက် လက်ပျက် ညည်းညူ နေသည် ။


ထိုအခိုက် ပိတ်စွယ်တော ထဲ မှ အော်ဟစ်သံများ ကြားရသည် ။


“ ဟော ... ဟိုကောင် မှုတ်လား အော် နေတာ ၊ မြွေကိုက်ပြီ ထင်တယ်ကွ ”


“ အေးကွ ၊ မြွေကိုက် ပြီး ရင် သွေးအန် တော့မယ် ”


ကျွန်တော်တို့ ပိတ်စွယ်တော ဘက် သို့ ကြည့်ရင်း နားစွင့် နေ ကြသည် ။ ငလှိုင် ပိတ်စွယ်တော ထဲ မှ ပြေးထွက် လာသည် ကို တွေ့ ရ၏ ။ လက် ထဲ မှ တစ်ခု ခု ကို မြှောက် ပြရင်း ကျွန်တော်တို့ ဘက်သို့လာ နေရာ သူ့ အသံ မှာ တဖြည်းဖြည်း ကွဲပြား လာသည် ။


“ ရေကြက်ကလေး ကွ ၊ ငါ မှိန်း နဲ့ ထိုးတာ ၊ ရေကြက် ကလေးကွ ။ ငါ ရတာ တွေ့လား ”


ကျွန်တော်တို့ သည် ငလှိုင့် ထံ အပြေးအလွှား လာခဲ့ ကြသည် ။


“ အစစ်ပဲ ဟေ့ ...  ရေကြက်ကလေး ၊ ကော် တာပဲ ။ ဘယ်လို ရ တာလဲကွ ငလှိုင် ”


တင်အောင် က အငမ်းမရ မေးသည် ။


“ ဟောဟို ချုံ ထဲ က ၊ ငါ ရမ်းပြီး ချုံ ထဲ ကို မှိန်း နဲ့ ထိုး လိုက်တာ ။ အော်သံ ကြားလို့ ကြည့် လိုက်တော့ ရေကြက် ကလေး ကို ထိုးမိ နေတာ ။ မသေသေးဘူးကွ ”


ငလှိုင် က မောကြီးပန်းကြီး ပြော နေချိန် တင်အောင် သည် ရေကြက်ကို ဝါးစားတော့ မလို တပ်မက်စွာ ကြည့်နေ၏ ။ 


“ ခဏ ပြစမ်းဟေ့ ၊ ကြည့် ရအောင် ”


တင်အောင် က ပြောလိုက် သော အခါ ငလှိုင် သည် ကျွန်တော်တို့ နှစ်ယောက် ကို ကြည့်ပြီး ... 


“ ဘာလို့ ပြရမှာလဲ ၊ ငါ ရတာကွ ”


“ ခဏလေးပါ ကွ ၊ ကြည့်ရုံလေးပါ ” 


“ ဟင်အင်း ၊ မင်းတို့ လု ပြေးမှာ ” 


“ မပြဘူး ”


“ မလုပါဘူးကွ ၊ ကြည့်ချင် လို့ပါ ”


“ ဟေ့ကောင် ... ပြမလား ၊ မပြဘူးလား ”


တင်အောင် သည် အနီး တွင် ရှိသော ဗုံလုံသီး အခြောက်များ ကို ကောက် ၍ ငလှိုင့် ကို ပေါက်ရန် ရွယ် ထားသည် ။ ငလှိုင် သည် ရေကြက် ပိုက်လျက် ချာခနဲ လှည့် ပြေးတော့၏ ။ 


“ အံမယ်လေးဗျ ၊ ကျွန်တော့် ရေကြက်ကလေး ကို လိုက် လု နေကြပါတယ် ။ တင်အောင် နဲ့ ကိုအေး လိုက် လု နေပါတယ်ဗျ ”


ငလှိုင် သည် အသံကုန် အော်ရင်း သုတ်ခြေတင် တော့သည် ။


ကျွန်တော်တို့ က အနီး ရှိ ဗုံလုံသီးများ နှင့် ကောက် ပေါက် ကြသည် ။


“ ဟေ့ကောင် …. မပြေးနဲ့ ။ မင်း ကို သ,တ်မယ် ၊ ခွေး,မသား ” 


တင်အောင် က ပစ်ရင်း ပါးစပ် က လည်း အော်ဆဲသေး၏ ။ ငလှိုင် ကား အင်းတဲ ဆီ သို့ ဦးတည် ပြေး တော့သည် ။ ကျွန်တော်တို့ သူ့ နောက် သို့ အော်ဟစ် ဆဲဆို ရင်း အပြေး လိုက်ကြသည် ။


နောက်ဆုံး ကျွန်တော်တို့ အင်းတဲကြီး ကို ရောက်လာ သောအခါ ငလှိုင် သည် ရေကြက်ကလေး ပိုက် လျက် လူကြီးများ နား တွင် ဣန္ဒြေရရ ထိုင် နေသည် ။ လူကြီးများ အနီး တွင် ကျွန်တော်တို့ သူ့ ကို အနိုင် မကျင့်ကြောင်း သိထားသော ငလှိုင် ၏ ပါးနပ်ပုံ ကို ကျွန်တော်တို့ က မကျေမချမ်း ဖြစ် ကြသည် ။


အခြေအနေ ကြည့်ပြီး အကြမ်းဖက် ၍ မရနိုင် ကြောင်း ရိပ်မိ သဖြင့် ကျွန်တော် နှင့် တင်အောင် သည် ခပ်လှမ်းလှမ်း တွင် တီးတိုး တိုင်ပင် ကာ ငလှိုင့် ထံ နည်းသစ် ပြောင်း၍ ချဉ်းကပ်ရန် ဆုံးဖြတ် လိုက်ကြသည် ။


•••••   •••••   •••••


“ စားပါကွ ၊ ရော့ ... ပေါင်သား ကောင်းတယ်နော် ” 


ငလှိုင် သည် စေတနာဗရပွ နှင့် သူ့ ရေကြက်ကင် ကို ကျွန်တော် တို့ အား ဖဲ့ကျွေး နေသည် ။


“ ဟေ့ ... တင်အောင် သိပ် မစားနဲ့ကွ ၊ ညနေ တို့ လင်း ဝက်သား ချက်ရင် သူ့ ကိုအများကြီး ပေး နေ ရဦးမယ် ”


ကျွန်တော် က ငလှိုင့် ကို မကြည့် ဘဲ ပြော လိုက် သည် ။


“ ရော့ပါကွ ၊ ကိုအေး ရင်ပုံသား စားကွာ ”


သူ ပေးသော အသား ကို ကျွန်တော် က စိတ် မပါ သလို ယူ စားရင်း “ လင်းဝက်သား လောက် မကောင်း ဘူးကွ ” ဟု ဝေဖန် လိုက်သေးသည် ။ 


အမှန်တော့ ရေကြက်ကင် မှာ စား၍ အရသာ ရှိလိုက် သည်ဖြစ်ခြင်း ။ ကုန် သွားသော အခါ သွားကြား တွင် ညှပ် နေသော အစအနကလေးများ ကို ပါ ကော်ထုတ်ပြီး မျို ချပစ် လိုက်သည် ။


“ မင်းတို့ လင်းဝက်သား ချက်ရင် အနှစ်များများ နဲ့ ချက်ကွာ ၊ ဒါမှ နယ် စားလို့ ကောင်းမှာ ”


ငလှိုင် က အရိုးအရင်းများ ကိုက်ရင်း ပြော နေသည် ။ တင်အောင် နှင့် ကျွန်တော် က တစ်ယောက် ကို တစ်ယောက် လက် ကုတ်ပြီး ပြုံး နေကြသည် ။


ငလှိုင် ခမျာ အရိုးကလေးများ ကို တကျွတ်ကျွတ် ဝါး နေဆဲ ။


ကျွန်တော် က တင်အောင့် ကို လက်ကုတ် လိုက် သည် ။


တင်အောင် က ပြန် ခေါင်းညိတ် ပြသည် ။


“ တို့ ပြောလို့ ယုံယုံ ”


“ ခွေးမ ( … ... ) ငုံငုံ ”


အတိုင်အဖောက် ညီညီ သံချပ် ထိုးရင်း လက်ခုပ် ကို တဖျောင်းဖျောင်း တီးကြသည် ။


ငလှိုင် သည် ကြောင်တက်တက် နှင့် ရောယောင် ပြီး လိုက် ပြုံး နေသေးသည် ။


“ တို့ ပြောလို့ ယုံယုံ ...  ” 


“ ခွေးမ ( …. ) ငုံငုံ ”


ကျွန်တော်တို့ က သူ့ ကို ကရို့ထိုးပြီး သံချပ် ဆက် ဆိုကြသည် ။ ဤတွင် ငလှိုင် သည် သဘောပေါက် သွား လေသလား မသိ တရှုံ့ရှုံ့ ငို တော့သည် ။


“ ဟီး ... ဟီး ... ငါ ... မ သားတွေ ၊ ငါ့ ရေကြက် ကို ညာ စား ကြတယ် ။ ဟီး ... ဟီး ... သူတို့ မှာ လင်းဝက် လည်း မရှိဘဲနဲ့ ၊ ငါ…မ သားတွေ ၊ ငါ့ရေကြက် ကို ညာ ဆို့ကြ တယ် ... ဟီး ... ဟီး ”


ကျွန်တော်တို့ က သူ့ ကို မကြား ဟန် ဆောင် ကာ သံချပ် ထိုး ရင်း သူ့ အနား မှ ခွဲခွာခဲ့ ကြရာ ခပ်လှမ်းလှမ်း ရောက်သော အခါ ... 


“ ငါ့ ရေကြက် ကို ညာပြီး အပင်း လျှိုကြတဲ့ ကောင် တွေဗျာ ၊ သူ့ အမေ ကလေးမွေး ရင် သွေးတက် လို့ သေပါ … စေဗျာ ” ဟူသော ကျိန်ဆဲသံ ကို နောက်ဆုံး ကြား လိုက်ရ သည် ။


•••••   •••••   •••••


ကလေးတို့ ဘဝ ကစားဖော် အချင်းချင်း ရန်ဖြစ်ကြ သည့် အခါ ရှိ၏ ။ အခွင့် သာ လျှင် တစ်ယောက် ကို တစ် ယောက် လိမ်ကြ ၊ နှပ်ကြသည့် အခါလည်း ရှိ၏ ။ သို့သော် ကြာရှည် အချင်းချင်း မခေါ်မပြော ဘဲ လည်း မနေနိုင် ။ အချိန်တန် လျှင် ပြန် တည့် ကြရသည် ပင် ။ ငလှိုင် နှင့် ကျွန်တော် တို့လည်း မကြာခင် ပြန် ပေါင်းမိသွား ကြ၏ ။ သူ နှမြော တွန့်တိုတတ်သည့် ပစ္စည်းများ ကို ကျွန်တော်တို့ က ငှားရမ်းရခြင်း နှင့် အကျုံး မဝင်သော ကစားနည်းများ တွင် ငလှိုင် သည် အစဉ် ကျွန်တော် တို့ ထဲ မှ တစ်ယောက် ဖြစ်၏ ။


တစ်ခုသော နေ့လယ်ခင်း တွင် ကျွန်တော် နှင့် တင်အောင် နှစ်ယောက် သား တစ်ခု ခု လုပ်ရန် တိုင်ပင် ကြသည် ။ ဘာလုပ်ရ ကောင်းလေမည် နည်း ။ ဆေးသီး တဲ တွင် လူကြီးများ မရှိ ။ မကြာခင် ကျွန်တော်တို့ အကြံ တစ်ခု ရ၏ ။


“ ငါ သိပြီဟေ့ ... ၊ ဒီမှာ လူကြီးတွေ မရှိခင် ငါးရှဉ့်စူး ယူ ပြီး ဟို ပိတ်စွယ်တော ထဲ မှာ ငါးရှဉ့် သွား ထိုး ရအောင် ” 


ဆေးသီး ပက်သူများ သည် ကု,လားအုံ တွင် ငါးရှဉ့်စူး တစ်ချောင်း နှစ်ချောင်း အမြဲ ဆောင် ထားသည် ။ ကျွန် တော်တို့ ကိုင် ကြည့်လျှင် “ ခြေထောက် ထိုးမိဦးမယ် ” “ စူးကောက် သွားမယ် ” စသည်ဖြင့် အမျိုးမျိုး ပိတ်ပင် ထားကြသည် ။


“ အေးဟေ့ …. ကောင်းတယ် ။ ဒါပေမဲ့ မင်း ထိုးတတ် လို့လား ၊ ငါတော့ ကောင်းကောင်း မထိုးတတ်ဘူး ”


တင်အောင် က မျက်မှောင် ကုတ်ပြီး ပြန် မေးသည် ။ ကျွန်တော်တို့ နှစ်ယောက် စလုံး ငါးရှဉ့်စူး မကိုင်ရသည် နှင့် အမျှ ကိုယ်တိုင် ငါးရှဉ့် လည်း တစ်ခါမှ မထိုးဖူးကြ ။ လူကြီးများ ထိုးသည့် အခါ ဘေး က ကြည့်ရင်း မြင်ဖူး ရုံသာ ။ သို့သော် စိတ်အား မလျှော့ ။


“ အံမယ်လေးကွာ ... ခက်တာ မှတ်လို့ ။ ငါးရှဉ့် တွင်း ဝ ပတ်ပတ်လည် စူး နဲ့ လိုက်ပြီး ရမ်း ထိုး ၊ ငါးရှဉ့် ထိုးမိတော့ စူးဘေး က ကပ်ပြီး မြေကြီးတွေ နှိုက် ထုတ် ၊ ငါးရှဉ့် ဗိုက် အောက် က နေ လက်ခလယ် နဲ့ ကုပ်ပြီး စူးရော ငါးရှဉ့်ရော ဆွဲ တင်လိုက် ။ ခက်တာမှတ်လို့ ”


ကျွန်တော် က တွေ့ဖူး ကြားဖူး သမျှ ပြန် ရွတ်ပြ လိုက် သည် ။


“ ပြောတော့ လွယ်တယ် ၊ တကယ် လုပ်ကြည့်မှ ခက်နေဦးမယ်နော် ”


တင်အောင် သည် ထိုသို့သာ ပြော နေသော်လည်း အခွင့်အရေး ရခိုက် သူ လည်း ကိုယ်တိုင် ငါးရှဉ့် ထိုး စမ်းကြည့် လိုကြောင်း အတပ် သိထားသည့် ကျွန်တော် က ထူးထူးထွေထွေ ပြော မနေတော့ဘဲ ငါးရှဉ့်စူး ကို ထမ်း၍ ထွက်ခဲ့သည် ။ တင်အောင် က ဓားထမ်း ပြီး နောက်မှ လိုက် လာသည် ။


မကြာခင် ကျွန်တော်တို့ ပိတ်စွယ်တော ထဲ ရောက် လာသည် ။ ပိတ်စွယ်ပင်များ မှာ လူကြီး လက်ခုပ် တစ်ဖောင် လောက် မြင့် သည် ။ ရေစပ်စပ် ရှိသော ကွင်းနိမ့် များနှင့် ဗေဒါပင်များ ရှိသည့် အိုင်တိမ်များတွင် ပေါက် သည် ။ ထိုသို့သော အိုင်စပ်များ တွင် ငါးရှဉ့် ပေါ၏ ။


“ ဟေ့ ... ဒီမှာ ငါးရှဉ့် တွင်း ဟေ့ ”


“ ဟေ့ကောင် ... မြွေတွင်း လည်း ဖြစ်နေဦးမနော် ”

 

ကျွန်တော် က ခပ်လန့်လန့် နှင့် အော် ပြောလိုက်၏ ။ 


“ မဟုတ်ပါဘူးကွ ၊ မြွေတွင်း က ချော နေတယ် ။ ငါးရှဉ့်တွင်း က အဝ မှာ ငါးရှဉ့် မှုတ်ထားတဲ့ ရွှံ့နှစ် ရှိတယ် ” 


တင်အောင် က ဝမ်းသာအားရ အော် ပြောသည် ။ 


“ အေး ... ဟုတ်လား ၊ ဒါဖြင့် ထိုးကြရအောင် ”


“ ပေးပေး ငါ ထိုးမယ် ”


“ နေပါကွ .. ငါ ထိုးပါ့မယ် ”


“ အေး ထိုး ...၊ နောက်ပြီး ငါ လည်း တစ်လှည့် ထိုးဦး မယ်နော် ”


နှစ်ယောက်သား ငါးရှဉ့်တွင်း အနီး မှ ဗေဒါပင်များ ဖယ် ပစ် ကြသည် ။ နေပူ နေ သော်လည်း ဇော နှင့် မို့ မောရ မှန်း မသိ ။


ကျွန်တော် က လက်ဝါး နှစ်ဖက် ကို တံထွေး ဆွတ်ပြီး စူးကို စုံ ကိုင်ကာ စ ထိုး တော့သည် ။ ငါးရှဉ့်စူး သည် တစ်ခါတစ်ရံ ရှောရှောရှူရှူ ဝင်သွားသည် ။ တစ်ခါတစ်ရံ ဗေဒါမြစ်များ ကြောင့် သော် လည်းကောင်း ၊ မြေမာ ပေါ်  ကျ၍ သော် လည်းကောင်း လွယ်လွယ် နှင့် မဝင် ။ ထိုအခါ အတော် အားစိုက် ၍ ထိုးသွင်း ရ၏ ။


“ ဟေ့ကောင် မထိသေးဘူးလားကွ ”


“ နေစမ်းပါဦး ၊ မင်း ကလည်း လော လိုက်တာ ” 


တင်အောင် က စိတ် မရှည်သလို ခဏခဏ မေး နေ သည် ။


“ စွပ် ... စွပ် ... စွပ်….စွပ် ... ဂျစ် ” 


“ ဟော ထိပြီ ထင်တယ် ” 


ဂျစ်ခနဲ အသံကြောင့် တင်အောင် က အော် လိုက် သည် ။ ကျွန်တော် က စူး ကို အသာ လှည့် ကြည့်၏ ။ စူး အဖျားတွင် ခက်ရင်း နှစ်ခွ ရှိရာ မာသော သစ်တုံး ကို ထိုး မိ လျှင် လှည့်၍ မရ ။ ငါးရှဉ့် ကို ထိုးမိလျှင် အနည်းငယ် လည် လိုက် ကြောင်း သိ ထားသည် ။


“ မဟုတ်ဘူးကွ ၊ သစ်တုံး"


“ ပေးကွာ ... ငါ ထိုးဦးမယ်"


တင်အောင် က အငမ်းမရ ကျွန်တော့် လက် ထဲ မှ စူး ကို ယူ ထိုးသည် ။ ချွေး သုတ်ရင်း တင်အောင် ထိုး နေပုံ ကို ကျွန်တော် က ဘေး မှ ကြည့် နေသည် ။ ငါးရှဉ့်စူး ကို ဆွဲနုတ် လိုက် တိုင်း စူး က သူ့ အရပ် ထက် နှစ်ဆခန့် ရှည် နေသည် ကို တွေ့ ရ၏ ။ တစ်ခါတစ်ရံ မြေမာ ပေါ်ကျ ၍ စူး မဝင်သည့် အခါ တင်အောင် သည် စိတ်အား ထက်သန် စွာ စူး လက်ကိုင် တွင် တွယ်၍ ဟီးလေးခို ချရ၏ ။ ငါးရှဉ့် ကား ဘယ် နေမှန်း မသိ ။ သို့သော် သူ ထိုး နေပုံ ကြည့် ရ သည် မှာ ခုတင်ကလေး လွတ် သွားသော ငါးရှဉ့်ကောင် ကို လိုက် နေ သလား ထင်မှတ် ရသည် ။ ခဏ ကြာ သော် တင်အောင် မှာ မောဟိုက် နေတော့သည် ။


“ ဒီ နေရာမှာ ဟောဟဲ .. တော်ပြီ ၊ ဟောဟဲ ... ဒီ့ပြင် နေရာ ရှာ ရအောင် ” 


အခြား နေရာ တစ်ခု သို့ ပြောင်း ထိုး ကြသည် ။ ကျွန်တော် တို့ အသုံးမကျ ၍ လား ၊ ငါးရှဉ့် ပင် မရှိ ၍ လား မသိ တစ်ကောင် မှ မရသေး ။ လူတွေလည်း မောလှပြီ ။ 


“ တောက် …. တစ်ကောင် လောက် ရရင် ကျေနပ်ပါပြီ ကွာ ၊ တို့ နှစ်ယောက် ငရုတ်သီးစပ်စပ် နဲ့ ချက်တုတ်ရ အောင် ”


“ တော်စမ်းပါကွာ ... မင်း ကလဲ ၊ မရနိုင်တဲ့ အထဲ သွားရည် ကျအောင် ပြော မနေစမ်းပါနဲ့ ”


ကျွန်တော်တို့ နှစ်ယောက် ထိုင်ပြီး နား နေကြသည် ။ 


“ ငါးရှဉ့် သာ ရရင် မီးဖုတ် ၊ အချွဲတွေ ခြစ်ပစ် ၊ ဗိုက်ခွဲ ၊ အကွင်းလိုက်ကလေးတွေ လှီး ပြီးတော့ ... ” 


ကျွန်တော် ငါးရှဉ့် ချက် ပုံ စိတ်ကူး ယဉ် ရင်း တံထွေး ကို တဗျစ်ဗျစ် မျိုချ နေ ရသည် ။


ထိုအခိုက် ပိတ်စွယ်တော ထဲ မှ လေချွန်သံ ကြား ရ သည် ။


“ လေချွန်သံ ကြားလား ”


ကျွန်တော် နားစွင့် နေကြသည် ။


“ ဟေ .. သဒ္ဓါသုမန ရဲ့ နင် လို ဟာ ရှား ... ရှား .. ဟား ဟား ... ဟာ ... တိမ့် တိမ် တိမ်း ဗြောင် ”


“ ငလှိုင့် အသံ မဟုတ်လား ကွ ”


“ အေး .. အေး အသာ နေ ” 


မကြာခင် ပိတ်စွယ်ပင်များ အကြား ၌ ငလှိုင့် သဏ္ဌာန် ကို တွေ့  ရသည် ။ ပခုံး ပေါ် တွင် ငါးရှဉ့်စူး ထမ်း လာ သည် ။ ငါးရှဉ့်စူး အဖျား တွင် ကြိုး နှင့် သီပြီး ငါးရှဉ့် များ ချိတ် လာသည် ။


“ ဟေ့ကောင် …. မင်း ငါးရှဉ့်တွေ ဘယ်နား က ရခဲ့တာ လဲကွ ၊ တယ် ဟုတ်ပါလား ”


တင်အောင် က ဟန် မလုပ်နိုင် အငမ်းမရ မေး တော့ သည် ။ ငလှိုင် က ကျွန်တော် တို့ ကို မြင် သော်လည်း မထူးခြားသည့် အမူအရာ နှင့် ... 


“ ငါးရှဉ့် ဆိုတာ ဘယ်နေရာ ဖြစ်ဖြစ် ထိုး တတ်ရင် ရတာပဲကွ ၊ မှတ်ထား ”


ငလှိုင် သည် ကျွန်တော် တို့ အနီးအနား ကို အကဲခတ် ကြည့်ရှု လိုက်သည် ။ ပြီးမှ ... 


“ မင်းတို့ နှစ်ကောင် မျောက်ထိုင် ထိုင်ပြီး ခွေးမှိုင်မှိုင် နေတာ ထောက်တော့ တစ်ကောင် မှ မရဘူး မဟုတ်လား ၊ မှန်မှန် ပြောစမ်း ”


ငလှိုင် က ကျွန်တော် တို့ ကို တရားခံ စစ် စစ်နေသည် ။ ကျွန်တော်တို့ က ဘာမှ ပြန်မပြော ။


“ ဟေ့ကောင် ... မင်း ငါးရှဉ့်တွေ များ လှချည်လား ၊ ဘာ လုပ်ဖို့တုံး ” 


တင်အောင် က မနေနိုင် မထိုင်နိုင် မေးပြန်သည် ။ 


“ ငါးရှဉ့် ထိုး လာတာ လွှင့်ပစ်ဖို့ ဟုတ်ပါ့မလားကွ ၊ စားဖို့ပေါ့ ။ စားဖို့ ၊ တချို့ ကျပ်တိုက် ၊ တချို့ ကို မီးမြိုက်ပြီး ငရုတ်သီး စပ်စပ် နဲ့ ချက် ။ ဟဲ ... ဟဲ ”


ကျွန်တော့် နှာခေါင်း ထဲ တွင် ငါးရှဉ့်ဟင်းနံ့ကလေး ပင် သင်း လာသည် ဟု ထင် လိုက်ရသည် ။


“ အေးကွာ .. မင်း က သိပ် တော်တာပဲ ။ တို့တော့ သေလုပြီ ၊ တစ်ကောင် မှ မရသေးဘူး ”


တင်အောင့် စကား သံ မှာ မြှောက်ပင့်သံ ပါလာ သဖြင့် ဒီကောင် ဘာများ ကြံပြန်ပလဲ ဟု ကျွန်တော် က ဆိတ်ဆိတ် နေရင်း အကဲခတ် နေသည် ။


“ ဟိုဘက် နား မှာ ခဏလေး ထိုး လိုက် ရပါတယ် ကွာ ၊ ရှစ်ကောင် ကို အသာလေးပဲ ။ အမွဲ တစ်ကောင် မှ မပါဘူး ၊ အနီချည်း ပဲ ”


ငလှိုင် က မျက်စိ တစ်ဖက် မှေးပြီး ခပ်ကြွားကြွား ပြန် ဖြေသည် ။


“ အေးကွာ …. သိပ် ဟုတ်တဲ့ ကောင်ပဲ ၊ တို့ ကတော့ အသုံးမကျ ပါဘူး ”


“ ဟဲ ... ဟဲ ”


ငလှိုင် က ကျေနပ်စွာ မပွင့်တပွင့် ရယ် နေသည် ။ 


“ ဒီမှာ ငလှိုင် တို့ ဖို့ လည်း နည်းနည်း လောက် ထိုး ပေးပါလား ကွာ ၊ ဟင် ... သူငယ်ချင်း တို့ စားချင် လို့ ပါကွာ ”


ငလှိုင် က ဆတ်ခနဲ တင်အောင့် ကို လှမ်းကြည့် လိုက်သည် ။ ရုတ်တရက် ဘာမှပြန်မပြော ၊ တင်အောင် က သူ့မျက်နှာ ကို အချိုသာဆုံး ပြုံး ထားသည် ။


“ ဟင့်အင်း ကွာ .. ငါ ပြန် တော့မယ် ၊ ဒီ အကောင် တွေကို ကျပ်တိုက် ဖို့ လည်း ရှိသေးတယ် ”


ကျွန်တော် က စိတ်ပျက် သွားသော်လည်း တင်အောင် ကား အလျှော့ မပေးသေး ။


“ လုပ်ပါကွာ ၊ သူငယ်ချင်း ကလဲ နှစ်ကောင် လောက် ရရင် တော်ပါပြီ ။ မင်း က ထိုးတတ်တော့ မကြာပါဘူး ကွ ”


တင်အောင် က ချွဲချွဲပျစ်ပျစ် တောင်းပန် နေသည် ။ ငလှိုင် က ဘာမှ ပြန် မပြောသေးဘဲ စဉ်းစား နေသည် ။ သူ ဘာ အကြောင်း စဉ်းစား နေသည် မသိရ သော်လည်း သူ နှင့် ကျွန်တော် တို့ ဖြစ်ခဲ့လေ သမျှ ရန်ပွဲများ အကြောင်း ဒီ အချိန်လေး မှာ တော့ ပြန် သတိ မရပါစေ နဲ့ ဟု ကျွန်တော် က ကျိတ်၍ ဆုတောင်း နေသည် ။


“ ပေးစမ်း ... မင်း တို့ စူး ၊ တစ်ကောင် တည်း နော် ”


“ အေးပါကွာ .. တစ်ကောင်တည်း ပါ ၊ ရော့ .. ရော့ ”


တင်အောင် က ပျာပျာသလဲ စူး ကမ်းပေး လိုက် သည် ။ ငလှိုင် က သူ့ စူး ကို မြေတွင် စိုက် ပြီး ငါးရှဉ့်တွဲ ကို စူး လက်ကိုင် တွင် ချိတ် ထားလိုက်သည် ။


ပြီးနောက် လက်ဝါး နှစ်ဖက် ကို ‘ ပြွတ် ’ ခနဲ တံထွေး ဆွတ်ပြီး စ ထိုးတော့သည် ။ ငလှိုင် သည် ကျွန်တော်တို့ နှင့် အသက် မကွာလှ သော်လည်း ကျွန်တော် တို့ ထက် ထွားသည် ။ မိဘများ ဆင်းရဲ သဖြင့် ငယ်စဉ် ကတည်း က အလုပ်ကြမ်း ကို အကျင့် ရ နေ သူ ဖြစ်ရာ ကျွန်တော်တို့ ထက် သန်စွမ်း၏ ။ သူ ငါးရှဉ့်စူး ကို စွပ်ခနဲ စွပ်ခနဲ ထိုးချ နေပုံမှာ ကျွန်တော်တို့ ထိုး သလို ခက်ခဲပုံ မရ ။ မြေကြီး က ပင် ပိုပျော့ သွား၍ လော အောက်မေ့ ရသည် ။


ကျွန်တော်တို့ က မျက်တောင် မခတ်အား လောက် အောင် ကြည့်နေ ကြသည် ။ ဂျစ်ခနဲ အသံ မြည် သွား တိုင်း ကျွန်တော် တို့ က ' ထိသလား ' မေး လျှင် သူ က ဘာမှ ပြန် မပြော ။ စူး ကို နုတ်၍ ဆက် ထိုးသည် ။


တစ်ချိန် တွင် ဂျစ်ခနဲ အသံ မြည် သွားသည် ။


ငလှိုင် က စူး ကို အသာ လှည့် ကြည့် နေသည် ။ သူ့ မျက်လုံးများ မှာ အဝေး သို့ ကြည့် နေ သော်လည်း အာရုံ မှာ စူး တွင်ရှိ နေကြောင်း သိ နိုင်သည် ။


“ ထိပလား ဟင် ၊ ထိပလား ကွ ”


ကျွန်တော်တို့ က အငမ်းမရ  မေး နေသည် ကို ငလှိုင် က ဘာမှ ပြန် မပြော ။ စူး ကို သာ ရှေ့ သို့ လည်းကောင်း ၊ နောက် သို့ လည်းကောင်း လှည့် ကြည့် နေသည် ။ အတန် ကြာ လျှင် သူ့ မျက်နှာ မှာ ပြုံး လာသည် ။


“ ထိထားပြီ အကြီးကြီးပဲ ၊ ဟား ... ဟား ”


ငလှိုင် က စူး ကို လွှတ်၍ လက်များ ပွတ်ခါ ရင်း ပြောသည် ။


ကျွန်တော်တို့ က စူး ကို ကိုင်ပြီး လှည့်ကြည့် ရန် ဟန်ပြင် လိုက်သည် ။


“ ဟေ့ ... မလှည့်နဲ့ ၊ ပြတ် သွားမယ် ။ ပြတ် သွားရင် ပြန်လိုက် လို့ မလွယ်ဘူး ”


ဆရာ ၏ ပိတ်ပင်ခြင်း ခံ လိုက်ရသော တပည့် ကဲ့သို့ ကျွန်တော်တို့ လက်များ တန့် သွားသည် ။


“ စူး နဲ့ ထိုးမိထား တဲ့ အကောင် ကို တော့ မင်းတို့ နှိုက်တတ်ကြတယ် မှုတ်လား ”


“ နှိုက်တာတော့ တတ်ပါတယ်ကွ ”


“ အေးအေး .. ဒါဖြင့် အဲဒီမှာ မင်းတို့ အတွက် တစ်ကောင် ထားခဲ့တယ် ၊ နှိုက်ယူ ရစ်ကြတော့ ။ ငါ သွားဦး မယ် ။ မလွတ်စေနဲ့ နော် ”


သူ့ လေသံ မှာ သူ့ အတွဲ ထဲ မှ ငါးရှဉ့် တစ်ကောင် ဖြုတ် ပေးသွားသည် နှင့် မခြားပေ ။


ကျွန်တော်တို့ က ဘာဘာညာညာ မပြောတော့ ။ ရလို ဇော ဖြင့် ငါးရှဉ့်စူး နား တွင် ဒူး ထောက်ပြီး နှိုက်ရန် ပြင်သည် ။


“ ငါ နှိုက်မယ် ”


“ ငါ နှိုက်ပါ့မယ်ကွ ”


ကျွန်တော်တို့ ငြင်းခုံ နေခိုက် ငလှိုင် သည် သူ့ စူး ကို ထမ်း၍ အဖျား တွင် ငါးရှဉ့်တွဲ ချိတ်ပြီး လေတချွန်ချွန် နှင့် ထွက်သွား တော့သည် ။


တင်အော င်သည် စူးနား တွင် ကပ် ၍ ရွှံ့များ နှိုက် ထုတ် နေသည် ။ “ စူး အဆုံး မရောက်သေး ဘူးလား ” ဟူ သော ကျွန်တော့် အမေး ကို သူ က မဖြေအား ။ နှိုက်ထုတ် သော တွင်း က နက်သွားသည် နှင့် အမျှ တင်အောင် ၏ ဖင် မှာ ပို၍ ထောင် တက် လာသည် ။ တွင်း လက် တစ်ဆုံး အနက် သို့ ရောက်သော အခါ သူ့ ပါး မှာ မြေကြီး အပ် နေ သည် ။ ပါးစပ် မှ တအီးအီး မြည်လျက် တင်အောင် ခမျာ တလွန့်လွန့် နှင့် ကြိုးစား နေသည် ။


“ တွေ့ ပြီဟေ့ .… ကျော ကို စမ်းမိပြီ ၊ ကျော က ခပ် ကြမ်းကြမ်း နဲ့ ငါးရှဉ့်မွဲ နဲ့ တူတယ် ”


“ အနီ မရ အမွဲ ပေါ့ကွာ ။ ဖြည်းဖြည်း လုပ်နော် ၊ စားရ ခါနီး ကျမှ လွတ်သွား ဦးမယ် ”


“ အကြီးကြီး ပဲ ဟေ့ ... တို့ နှစ်ယောက်စာ အတော်ပဲ ၊ ပါ ... ပါ .… လာပြီကွ ၊ ပါလာပြီ ။ အင်း .. ဘယ် ပြေးဦးမလဲ ”


တင်အောင် သည် တတွတ်တွတ် ပြောရင်း ကိုယ် မှာ ကြွတက် လာ သည် ။ စူး ကို လည်း ဘယ် လက် ဖြင့် တဖြည်းဖြည်း မ တင်လာ၏ ။ သူ့ လက် အဆုံး ပေါ် လာ သောအခါ ရွှံ့များ လိမ်းကျံ နေသော တလွန့်လွန့် နှင့်  အကောင်ကြီး ပေါ် လာသည် ။


“ အံမယ်လေး .. မြွေ ဟ ၊ မြွေ ... မြွေ အံမယ်လေး.. မြွေကြီးဗျ ၊ အမေ ရေ ”


မြွေကြီး သည် တလွန့်လွန့် နှင့် ဗေဒါတော ထဲ တွင် တိုး နေသည် ။ ကျွန်တော် တို့ ခြေဦး တည့်ရာ အော်ရင်း ဟစ်ရင်း စွတ်ပြေး ကြသည် ။ ဘယ် အထိ ပြေးနေကြဦး မည် မသိ ။


“ ဟား ... ဟား ... ဟား .. ကောင်းတယ် ၊ ခွေး,မသားတွေ ။ ဟား ... ဟား ... ကျေနပ်တယ် ”


အသံ ကြား ရာ နောက်သို့ လှည့် ကြည့် လိုက်ရာ ခွက်ထိုး ခွက်လန် ရယ် နေသော ငလှိုင့် ကို ခပ်လှမ်းလှမ်း တွင် တွေ့ ရသည် ။


“ မြွေ ကိုက်လို့ မသေကြသေးဘူးလားကွ ၊ ဟား ...  ဟား ... ဟား ။ ငါ စူး ကို လှည့် ကြည့်လိုက် ကတည်း က ပျော့စိစိ နဲ့ မြွေ မှန်း သိသားပဲ ။ ငါ့ ရေကြက်သား ညာ ဆို့ ထားတဲ့ကောင်တွေ မြွေ ကိုက်အောင် တမင် နှိုက်ခိုင်း ခဲ့ တာ ။ ဟား ... ဟား .. အံမယ်လေးဗျ အမေ ရေ ၊ တင်အောင် နဲ့ ကိုအေး ကျွန်တော့် ကို ခဲ နဲ့ ပေါက်ပြီး ဓား နဲ့ လိုက် နေတယ် အမေ ရဲ့ ”  


ငလှိုင့် အော်သံ ကို ကြား နေရ သော် လည်း ဒင်း ကို ကား မမြင်ရတော့ချေ ။  ။


◾မောင်တင်မြ


📖ရှုမဝမဂ္ဂဇင်း


📖 နှစ် ၁၀၀ ပြည့် အကြို မှတ်မှတ်ရရ မြန်မာဝတ္ထုတိုများ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment