❝ ဖရောင်းတိုင် တစ်ထုပ် ❞
အလွန် သက်သောင့် သက်သာ ရှိ လှသော မွေ့ ရာ တစ်ခု ပေါ် ရောက် နေမှန်း သတိထား မိ၏ ။သူ ၏ ညာဘက် ပါးပြင် နှင့် နဖူး သည် စပ်ဖျဉ်းဖျဉ်း နာကျင် လျက် ရှိသည် ။ မျက်လုံးများ ကို အားယူ ဖွင့် ကြည့်တော့ စူးရှရှ လျှပ်စစ် မီးရောင် ကို သူ မြင်တွေ့ ရပြီး ချက်ချင်းပင် ပြန် ပိတ်ထား လိုက်ရသည် ။ ငါ့ သား ၊ မထနဲ့နော် ဟု အနား ၌ ထိုင်နေ ဟန် ရှိသော သူ ၏ အမေ က ရင်ခေါင်းသံ ဖြင့် ပြော၏ ။ နေ့လယ်ခင်း တုန်း က တော့ အမေ သည် သူ့ အား ဖယောင်းတိုင် ရောင်းသော အိမ်ဆိုင် သို့ ဖယောင်းတိုင် အဝယ် ခိုင်း ခဲ့သည် ။ အဖေ က သူ့ အား ဖယောင်းတိုင် တစ်ထုပ် ဝယ်ရန် ငွေ နှစ်ဆယ် ပေး ခဲ့၏ ။
လွန်ခဲ့သည့် တစ်ရက် က အဖေ သည် အလုပ် သွား ၊ အလုပ် ပြန် လိုင်း ကား စီးရသည် ကို ညည်းညူ နေ ခဲ့၏ ။ လိုင်းကား က လူ ကျပ်သည် ၊ အချိန် ကုန်သည် ဟု အဖေ ဆို၏ ။ အဖေ သည် ဝင်ငွေ မကောင်းသော အလုပ် တစ်ခု ကို လုပ်၏ ။ အဖေ ငယ်ငယ် က ကျောင်း မနေခဲ့ရ ဟု သူ ထင်သည် ။ အဖေ စာအုပ် ဖတ် သည် ကို သူ မမြင်ဖူးခဲ့ ။ သို့သော် အမေ နှင့် တော့ အဖေ ညား ခဲ့သည် ။
အဖေ့ ဝင်ငွေ မှာ မိသားစု မလောက်င ဟု အမေ ပြောခဲ့ဖူး၏ ။ သို့တိုင် သူ အထက် အစ်မ နှစ်ယောက် ၊ သူ့ အောက် က ညီငယ် နှစ်ယောက် တော့ လူ ဖြစ် မြောက်ခဲ့ပြီ ။ မမကြီး သည် လေးတန်း သာ အောင်၏ ။ မမငယ် က သုံးတန်းနှစ် ကတည်း က ကျောင်း မနေတော့ပေ ။ သူ သည် မနှစ် က ငါးတန်း အောင်ခဲ့ပြီ ။ အမေ က တော့ သူ့ ကို ကျောင်း ဆက် မထားနိုင်တော့ ဟု ဆို ခဲ့သည် ။ သို့သော် နေလယ်ခင်း က တော့ အမေ သည် သူ့ အား ဖယောင်းတိုင် အဝယ် ခိုင်းခဲ့၏ ။ အဖေ က သူ့ အား ဖယောင်းတိုင် တစ်ထုပ် ဝယ်ရန် ငွေ နှစ်ဆယ် ပေးခဲ့သည် ။
ဆယ့်ငါးကျပ်တန် တစ်ရွက် နှင့် ကျပ်တန်ငါးရွက် ။ ဒီနေ့ ည မီးပျက် မည်ဟု အဖေ က ပြောသည် ။
ငါ့ သား ဆာ နေပလား ။ ပန်းသီးတွေ ရှိတယ် ၊ ဆာရင် စား ဟု အမေ က ဆို၏ ။ သူ ပန်းသီး ကောင်းကောင်း မစားဖူးပေ ။ မျက်လုံး ထပ်မံ ဖွင့် ကြည့် သည် ။ ညာဘက် မျက်စပ် က နာကျင်သွား၏ ။ နာသလား ငါ့ သား ဟု အမေ က အလွန် ဝမ်းနည်းမှု ရောစွက် နေသော အသံမျိုး ဖြင့် ပြောသည် ။ သူ သည် အမေ ၏ မျက်နှာ ကို လျှပ်စစ်မီးရောင် အောက် တွင် ဝေဝါးစွာ မြင်ရ၏ ။ အမေ သည် သူ့ အတွက် သိပ် စိုးရိမ် ပူပန်နေပုံ ရသည် ။ အမေ သည် သူ့ ထက် ညီငယ် နှစ်ယောက် ကို သာ အမြဲ အသာ ပေး တတ်ခဲ့၏ ။ ခုတော့ အမေ သည် သူ့ အား ပိုမို ဂရုစိုက် လာသည် ထင်၏ ။ မနာပါဘူး ဟု အားယူ ပြုံး၍ သူ ပြော လိုက်သည် ။
သူ့ အနား တွင် လူတွေ ဝိုင်း နေ၏ ။ အမေ မှ လွဲ၍ အားလုံးမှာ သူ မသိ သူတွေ ချည်း ဖြစ်၏ ။ သူတို့ မှာ ဖြူစင်သော အသားအရေ ၊ အလွန်တောက်ပ သော အဝတ်အစား ကိုယ်စီ ဖြင့် ကြည့်လို့ ကောင်း လှသည် ။ အမေ သည် ထိုသူများ အကြား တွင် အလွန် အသားမည်း လှသည် ထင် ရ၏ ။ အမေ သည် ပွဲနေ ပွဲထိုင် အဝတ်အစားများ ကို ဝတ် ထားသည် ။ သို့သော် အမေ့ ဘေး မှ မိန်းမကြီး လောက်တော့ သန့်ရှင်း ချောမောမှု မရှိ ။ အမေ့ တွင် ရွှေဆွဲကြိုး မရှိ ။ ရွှေ လက်ကောက် မရှိ ။ ထို မိန်းမကြီး မှာ ရွှေများ အိ နေသည် ။အမေ သည် သူ့ အား အိုဗာတင်း သောက် မလား ဟု မေးသည် ။ သူ အံ့အားသင့် သွား၏ ။ အိုဗာတင်း ကို လည်း သူ မသောက်ဖူးပေ ။အိုဗာတင်း က ချို ရင်တော့ ကောင်းမယ် ဟု သူ တွေးသည် ။ သူ့ အာခေါင် မှာ ခြောက်သွေ့ နေသည် ။ သောက် မလို့ နဲ့ တူ တယ် ဟု ရွှေများ အိ နေသည့် မိန်းမကြီး က ညင်သာစွာ ပြောသည် ။
အမေ က သူ့ နှုတ်ခမ်းဝ သို့ ကြွေပန်းကန် လှလှ တစ်လုံး တိုး ပေး လာ သည် ။ အမေ့ မျက်နှာ က ကြည်လင် နေသည် ။ အမေ သည် သူ့ အား လမ်းထိပ် က လက်ဖက်ရည် သောက် ရန်ပင် အမြဲ ကြည်ဖြူ သူ မဟုတ်ခဲ့ ။ နင် က ဝင်ငွေ ရှိလို့လား ဟု အမြဲ မေး တတ်ခဲ့၏ ။ အမေ သည် အိမ်ထောင်မှုများ နှင့် အမြဲ မသာမယာ ရှိတတ်ခဲ့သည် ။ မီးသွေး ကုန်ရင် စိတ် ထိခိုက်ပြီး ငေးငိုင် နေတတ် ၏ ။ ဈေးဖိုး မရှိလျှင် တစ်ယောက် တည်း ဗျစ်တောက် ဗျစ်တောက် လုပ် တတ် ၏ ။ နေ့လယ်ခင်း တုန်း ကတော့ သူ သည် ဖယောင်းတိုင် ဝယ်ရန် ဖယောင်း တိုင်ဖိုး ရခဲ့၏ ။ ဆယ့်ငါးကျပ်တန် တစ်ရွက် နှင့် ကျပ်တန် ငါးရွက် ။ ဒီနေ့ ည မီးပျက်မည် ဟု အဖေ က ပြောသည် ။ ငွေနှစ်ဆယ် အား သူ ဘယ်ဘက် အင်္ကျီ အိတ်ကပ် ထဲ တွင် ထည့်ယူ လာခဲ့၏ ။
မင်း ဖို့ မုန့်ဖိုး ပေးတာတဲ့ ဟု အမေ က မတိုးမကျယ် ပြောသည် ။ သူ့ ဘယ်ဘက် အင်္ကျီ အိတ်ကပ် တွင် ငွေစက္ကူတွေ ထပ် နေသည် ။ နှစ်ဆယ် တန်တွေ ချည်း ပဲ သား ရဲ့ ဟု ရွှေများ အိ နေသည့် မိန်းမကြီး က အလွန် ကြင်နာ တတ်စွာ ပြောသည် ။ အား ဟု သူ အော် မိသည် ။ ပါးစပ် မှာ ကောင်းကောင်း ဟ ၍ မရ ။ ညာဘက် ပါးပြင် သည် ယောင် နေသည် ။ နာ သလား ငါ့ သား ဟု အမေ က ပြောရင်း အိုဗာတင်း ပါသည့် ကြွေပန်းကန်လုံး ကို စားပွဲ ပေါ် ပြန် တင်သည် ။ အမေ့ ပခုံး က တဘက် နှင့် သူ့ ပါး ကို ကြက်ပူ ထိုး ပေးသည် ။ ရွှေများ အိ နေသည့် မိန်းမကြီး နှင့် သူ မသိသော အသားဖြူဖြူ လူများ က ဆရာဝန် ပြန် ခေါ်ရင် ကောင်းမလား ဟု ပြောဆို နေကြသည် ။ သူတို့ သည် မိသားစု တစ်ခုတည်း က ပဲ ဖြစ်မည်ဟု သူ တွေး၏ ။
အမေ ဖယောင်းတိုင် ဘယ်သူ ဝယ်မှာလဲ ဟု သူ မေးသည် ။ မင့် မမကြီး ဝယ်မှာပေါ့ ၊ ငြိမ်ငြိမ်နေ ငါ့ သား ဟု အမေ က သူ့ အား မျက်ရိပ်မျက်ကဲ ပြ ကာ ဆို၏ ။ မမကြီး သည် အသက် ဆယ့်ခုနစ်နှစ် ပြည့်ပြီ ဟု တလောက အမေ ပြော ဖူးသည် ။ မမကြီး သည် တစ်နေ့ က အနောက်ဘက် က လူ တစ်ယောက် နှင့် တွဲ၍ အလည် ထွက် သွားတာ မြင်သည် ။ မမကြီး ထက် နည်းနည်း တော့ အသက် ကြီးမည် ထင်၏ ။ အဲဒီ လူ က စီးကရက် တွေ သိပ် သောက် သည် ။ မမကြီး က အလုပ် လုပ် ရသည့် ငွေ ကို အမေ့ ဆီ အမြဲ ချန် အပ် တတ်လာ သည် ကို သူ သိသည် ။ မမကြီး စု သည့် ပိုက်ဆံများ က ဟိုလူ စီးကရက်ဖိုး တွေ လား ။ အဖေ က အဲဒါကို မသိ သလို ၊ သိ သလို နေ၏ ။ ဟို လူ က နည်းနည်းလေး ပိုက်ဆံ ရှိသည် ကို အဖေ က ဘယ်လို တွက်လို့လဲ ။ မမငယ် က အမြဲ ဗီဒီယို ကြည့် တာပဲ ။ အမေ ပြောလ ည်း ခဏ ။ မမငယ် က တလောက အမေ့ ကို ရွှေဆွဲကြိုး ပူဆာ သေးသည် ။ အမေ က စိတ် မကောင်းစွာ နဲ့ ဆိုသည် ။ ညည်း အဖေ အလုပ် က အေးနေသေးသည် ဟု ပြောသည် ။ ညည်း လည်း အလုပ် ကြိုးစား လုပ်ပေါ့ ။ ဒီတစ်ခါ တော့ အမေ တကယ် စုပေးပါမယ်ကွယ် ဟု ပြောသည် ။ ငွေ စုပါ က မမငယ် နှစ်နှစ် လောက် စု မှ ရွှေကြိုး တစ်ကုံး ရမည် ဟု သူ သိ၏ ။
ပန်းသီးတွေ ထည့်ယူ သွား ။ အိုဗာတင်းဘူး လည်း မမေ့နဲ့ နော် ဟု ရွှေများ အိ နေသည့် မိန်းမကြီး က ပြောနေသည် ။ သူ ၏ ခေါင်း မှာ ရောင်ရမ်း နေ သည် ထင်ရ၏ ။ သူ့ ညာလက် မှာ လှုပ်ရှား၍ မရပေ ။ သူ မှေးခနဲ ဖြစ် သွားသည် ။
သူ သတိ ဝင် လာတော့ သူ အိပ် နေကျ ကြမ်းပြင်မာမာ ခုတင် ပေါ် သူ ရောက် နေ ပြန်၏ ။ သူ ၏ ညာဘက် ပါးပြင် နှင့် နဖူး သည် စပ်ဖျဉ်းဖျဉ်း နာကျင်လျက် ရှိသည် ။ မျက်လုံး ကို အားယူ ဖွင့် ကြည့် တော့ ဝါကျင်ကျင် ဖယောင်းတိုင်မီး နှစ်ခု ကို သူ မြင် ရ၏ ။ ချက်ချင်း ပြန် မှိတ် လိုက်ရသည် ။ သို့တိုင် မီးရောင်သည် အနီ တစ်လှည့် ၊ အဝါ တစ်လှည့် ဖြင့် သူ့ အာရုံ ထဲ တွင် စူးစူးရှရှ လွင့်မျော နေ၏ ။ သူ တဖြည်းဖြည်းချင်း မျက်လုံးများ ကို မှေး ဖွင့်၏ ။ သူ့ အနား တွင် အမေ နှင့် အဖေ ။ ပြီးတော့ အစ်မ နှစ်ယောက် ။ အရပ် ထဲ က မိန်းမကြီး လေးငါးယောက် နှင့် ကလေးများ ။ ကံ သီလို့ပေါ့ အေ ၊ မသေ ကောင်း မပျောက် ကောင်း ဟု ဆံပင်ဖြူဖြူ ခါးကုန်းကုန်း အဘွားကြီး တစ်ဦး က ရေရွတ်၏ ။ နဖူး က လေးချက် ချုပ် လိုက် ရတယ် ဟု အမေ က သူတို့ အား လှည့် ပြော၏ ။ အမေ့ အနား က ကြောင်အိမ်ဟောင်းလေး ပေါ် မှာ တော့ အိုဗာတင်းဘူးလေး နှင့် ပန်းသီးများ ။ ဖယောင်းတိုင်မီး ၏ အရောင် သည် အသား ကျ လာ၏ ။ လမ်း ကူး တာ ဂရုစိုက်ပေါ့ ။ ခေတ် ကာလ သိပ် မကောင်းဘူး ။ ကားသရဲ ၊ ဆိုင်ကယ် သရဲတွေ က ပေါလိုက်တာ ဟု ဆံပင်ဖြူဖြူ ၊ ခါးကုန်းကုန်း အဘွားကြီး က ပြောသည် ။
လမ်း မှား တာ က ကလေး က မှား တာ တဲ့ ။ ကား မောင်း တဲ့ ကောင်လေး က မွန်မွန်ရည်ရည် နဲ့ ပြောတယ် ဟု အမေ က ဖောက်သည် ချ နေသည် ။ ကောင်လေး က သဘော ကောင်းပါတယ် ။ တစ်အိမ်လုံး က လည်း သူ့ ကို လိုလေသေး မရှိဘူး ဟု အမေ က ကြည်လင်စွာ ပြောသည် ။ သူ ကလည်း ခပ်ငေးငေး ရယ် ။ သူ က မှားတာ နေမှာပေါ့ ။ ဖယောင်းတိုင်ထုပ် အဝယ် ခိုင်း လိုက်တာလေ ။ မီး က ပျက်ရက် မဟုတ်လား ဟု အမေ က အဘွားကြီး ကို ပြော နေသည် ။ မီး က လည်း တစ်ရက်ခြား တဲ့ အေ ။ ညည်း တို့ ခေတ် ကာလများ မလဲ ဟု ဆံပင်ဖြူဖြူ ခါးကုန်းကုန်း အဘွားကြီး က ပြောသည် ။ ကံ ပဲ ပေါ့ အမေရယ် ဟု သူ့ အမေ က သူ့ အပေါ် စောင်လေး ဆွဲ တင် ပေးရင်း ဆိုသည် ။
သူ သည် သူတို့ အိမ် က အိပ်ရာ ထဲ မှာ လှဲ နေရသည် ။ နေ့လယ်စောင်း တုန်း ကတော့ ဖယောင်းတိုင် တစ်ထုပ် ဝယ်ရန် လမ်းထိပ် က ဆိုင် ကို သူသွားခဲ့ ၏ ။ ဒီနေ့ ည မီးပျက်မည် ဟု အဖေ က ပြောခဲ့သည် ။ ထိုစဉ်က ကားဖြူဖြူလေး တစ်စီး သည် လည်း သူ ဖြတ်တော့မည့် လမ်း ၏ ညာဘက် အရပ် မှ ပြေး လာ နေ ခဲ့သည် ။ သူ ၏ အိတ်ထောင် ထဲ တွင် ယခု နှစ်ဆယ်တန်တွေ ထပ် နေသည် ။ နေ့လယ်တုန်း ကတော့ သူ့ အိတ် ထဲ ရှိ ဆယ့်ငါးကျပ်တန် တစ်ရွက် နှင့် ကျပ်တန် ငါးရွက် ကို သူ ဘယ်လက် နှင့် အုပ်ထား ခဲ့ရ၏ ။ သူ က ကား လာ နေ၍ ရပ် နေသည် ။ သို့သော် ကားဖြူဖြူလေး က ကြိုးပြတ်လာသော နွားရိုင်း တစ်ကောင် လို လမ်းမ ပေါ် ဝှေ့ရမ်း ပြေးလာ၏ ။ သူ့ ခြေရင်း ညာဘက် ယွင်းယွင်း မှ ဖယောင်းတိုင်မီး နှစ်ခု သည် ကားဖြူဖြူလေး ၏ ခေါင်းမီးခွက် နှစ်ခု လို သူ့ မျက်နှာ နှင့် နီး လာသည် သူ ထင်၏ ။ သူ့ မျက်လုံးများ ကို စုံမှိတ် ထား လိုက်သည် ။
ဝုန်းခနဲ အသံကျယ် တစ်ခု ကို သူ ကြား ရပြန်၏ ။ ညည်း က လည်း တောင်းကြီး တစ်လုံး လုံး မှ မမြင်ဘူးလား ဟု အမေ က အော် ငေါက်သည် ။ မမငယ် သည် သူ့ ခုတင်နား သို့ ကပ် လာ၏ ။ ယခု သူ့ ခုတင် နား တွင် အမေ ၊ အဖေ နှင့် မမငယ် မှ လွဲ၍ ဘယ်သူမှ မရှိတော့ ။ ပန်းသီးတွေ အငယ် နှစ်ယောက် စားချင် ရင် တစ်လုံးစီ ကျွေးလိုက် ။ အိုဗာတင်း တော့ မနက် ကျ မှ ရေနွေး နဲ့ ဖျော် သောက် ရအောင် ဟု အဖေ က ပြော နေသည် ။ အေးပါ သမီးရယ် ၊ ညည်း အဖေ ဖို့ တရုတ် စက်ဘီးလေး တစ်စီး ရယ် ။ ညည်းတို့ နှစ်ယောက်ဖို့ တစ်မတ် သား ကြိုးလေး နှစ်ကုံး ရယ် ။ မောင်လေးတွေ ဖို့ အဝတ်အစားလေး ရယ် ။ နေဦး အစ်ကို ရေ ၊ ဟိုဘက်က အဝါ့ ဆီ က ယူ ထားတဲ့ ငွေနှစ်ထောင် ဆပ်ဖို့ ရယ် ရော နော် ဟု အမေ တိုးတိုးလေး ပြောနေသည် ကို သူ ကြား နေ ရသည် ။
ထပ်ပြီး ပြောဦးမလို့ ။ ဆေး လည်း ကုပေးတယ် ၊ ငွေ လည်း ရတယ် ဆိုတော့ အမှုဖွင့် ရင် ရုံးကနား သွားရ လာရ နဲ့ အလုပ်ပျက် တယ်လေ ။ ဒဏ်ရာ ကလည်း သိပ် ကြီးကျယ် တာ မှတ်လို့နော် ဟု အမေ က အဖေ့ နား ကပ် ပြော နေသည် ။ အဖေ က သူ့ အား ကရုဏာသက်စွာ စိုက် ကြည့် နေ၏ ။ သူ ၏ ညာဘက် ပါးပြင် နှင့် နဖူးသည် စပ်ဖျဉ်းဖျဉ်း နာကျင် နေဆဲ ရှိ၏ ။ သူတို့များ ချမ်းသာ လိုက်တာ အစ်ကိုရယ် ။ ငွေသုံးသောင်း ကို ရက်ရက်ရောရော ဟူသော အမေ့ အသံ ကို သူ ကြားရ ပြန်သည် ။ ဖယောင်းတိုင် ငြိမ်းတော့မယ် ဟု မမကြီး ၏ အသံ က အဖေ နှင့် အမေ ကြား က ဖြတ် ပေါ်လာ၏ ။ အသစ် လဲ ညှိလိုက် လေ ဟု အမေ က ပြောနေ၏ ။ ပန်းသီးတွေ ကိုကိုကြီး ဖို့ ချန်ဦးနော် ဟု အဖေ က နောက်ဖေး ကို လှမ်း အော် နေသည် ။ နေ့လယ်ခင်း တုန်း က တော့ သူ ၏ အဖေ သည် သူ့ အား ဖယောင်းတိုင် တစ်ထုပ်ဝ ယ်ရန် ငွေ နှစ်ဆယ် ပေးခဲ့၏ ။
◾နေထွတ်
📖 ရွှေအမြုတေမဂ္ဂဇင်း
ဧပြီ ၊ ၁၉၉၆
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment