( ၁၈ )
ဆဲရပေဦးမည် ။ ကာလနာကောင် ၊ အောင်ပြည့် နှိပ်စက် ထား သဖြင့် ချယ်ရီ တွင် “ အနုဝင်္ကပါ ” ကဏ္ဍ ကို လစဉ် ရေး ရသည် မှာ တာဝန် တစ်ခု လို ဖြစ် နေသည် ။ ယခင် လ ကလည်း ချမ်းဖျား ဖျား နေ လျက် က မီးဖို တစ်ဖို ဘေး တွင် ထား ပြီး တဝါးဝါး သမ်း ရင်း ရေး ပေး လိုက်ရချေ၏ ။
လဆန်း ပြီ ဆိုလျင် ထို အနုဝင်္ကပါ ကိစ္စ က ခေါင်း ထဲ ဝင် ဝင် ဆောင့် တော့သည် ။ ယနေ့ သည် လည်း လဆန်း ရက် ။ မနေ့ ည က ဟောပြောပွဲ တစ်ပွဲ တွင် ရုပ်ရှင် အကြောင်း ပြောဟော၍ အပြီး ဘူးသီးကြော် နှင့် ရှာလကာရည် အချဉ် တို့ ၍ ထိုင် စားရင်း နောက်နေ့ တွင် ရေးရန် အတွက် ( အနုဝင်္ကပါ ) စာမူ တစ်ပုဒ် စိတ်ကူး မိ၏ ။
ယနေ့ ည ရေးတော့မည် ဟု ထိုင် လိုက်သော အခါ ရခဲ့သည် ဆိုသော စိတ်ကူး သည် ဖမ်း မမိနိုင် ပျောက်နေ တော့၏ ။ ဒေါသ ဖြစ် လိုက်သည် မှာ သာဓု နေစရာ ပင် မရှိတော့ပါ ချေ ။ လက်လှမ်း မီ ရာ များ ကို လက်သီးဆုပ် နှင့် ထုရင်း စဉ်းစားသည် ။ ပေါ် မလာ ။ ဒုက္ခ - ဧည့်သည် သာ ရောက် လာသည် ။
“ ဘယ်သူတဲ့ လဲ ”
“ ဦးဟုတ်လှိုင်တဲ့ ဆရာ ”
“ နေပါဦး ... ဘယ်သူလဲ ၊ နာမည် ကတော့ ငါ ကြားဖူးတယ် ”
“ ဟိုတစ်ခါ .. ဆရာ့ စက် ကို ငှား ရိုက်ပါရော လား ... မိုးနဲ မှာ သွား ရိုက်တယ်လေ ဆရာ ”
“ အဲ ... သိပြီ ၊ အပေါ် ခေါ်ခဲ့ ”
သူ သည် ရုပ်ရှင်သမား ဖြစ်၍ လက်ငင်း အချိန် တွင် ( အနုဝင်္ကပါ ) အတွက် ရေးစရာ အကြောင်းအရာ တစ်ခု ခု ရနိုင်စရာ ရှိ၍ သာဓု လက်ခံ လိုက်သည် ။ စောစောက ဒေါသ လည်း လျော့သွား ချေပြီ ။
“ နေကောင်းတယ်နော် ဆရာ ”
“ ကောင်းလှတယ်တော့ မဟုတ်ပါ ဘူး ၊ ဒီနေ့ ဟန်ကျပေမဲ့ မနက်ဖြန် ကျောပူ ခေါင်းပူ ဖြစ် လို ဖြစ် ၊ ချမ်း လို ချမ်း ကဲ ဆိုစမ်းပါဦး ၊ ဘာ ပြဿနာ ဘာ ဒုက္ခ ပေါ်လာ ပြန် သတုံး ”
သူ ... တွေကြောင်ကြောင် ဖြစ်သွားရာ မှ -
“ ဆရာ က အတပ် သိ နေတာပဲ နော် ”
“ ဒါက ဗေဒင် မေးစရာ မလိုဘူး လေ ၊ ခင်ဗျား ကို မတွေ့ရတာ သုံးနှစ် ကျော်ပြီ ၊ ခုမှ ပေါ်လာတယ် ၊ ဟုတ်ကဲ့ ကျွန်တော်လဲ အလုပ်တွေများ လို့ မအား လို့ မရောက်တာပါ ၊ ပြော ချင် သလား ၊ ဟားဟား သာဓု သိတာ ပေါ့ ၊ ခင်ဗျားတို့ တစ်တွေ ဟာ ဒုက္ခ တစ်ခု ခု တွေ့မှ အကူအညီ တောင်း တတ်ကြတာ သာဓု သိတာ ပေါ့ ”
သူ ဝန်ခံအပြုံး နှင့် ငုံ့ သွားပြီး ...
“ ဒုက္ခတော့ တကယ့် ဒုက္ခပါပဲ ဆရာ ။ ကယ်နိုင်ရင် ကယ်ပါဦး ”
“ ဆို ... ”
“ တခြား မဟုတ်ပါဘူး ဆရာ ၊ ဆရာ ရေး နေတဲ့ ဆောင်းပါး လို ပါပဲ ၊ ဒီကိစ္စ ကတော့ အတော်လေး အခံရ ခက် ပါတယ်ဗျာ ”
“ ဘယ်သူတွေ ပညာ ပြ ပြန် ပြီလဲ ၊ ဆရာ ရေး တာမျိုး ဆိုရင် အဲဒါကို ပဲ ထောက်ပြ လိုက် ပါလား ”
“ အဲသလောက်လဲ သတ္တိ မရှိဘူး ဆရာ ၊ သြ .. ဆရာ ရေးတာမျိုး ဆို ပေမဲ့ ထပ်တူ တော့ မဟုတ်ပါဘူး ခင် ဗျ ၊ ခုမှ တစ်မျိုး ထွင် လာကြတာပါ ”
သာဓု ... ရေနွေးကြမ်း လှမ်း မှာ လိုက်သည် ။ သူ က ဆက်၍ ...
“ ထွင်ပုံ ထွင်နည်း ကလဲ ဘာ ပညာသား မှ မပါ ၊ တုံးတိကြီး ဗျာ ”
“ ပြောပဲ ပြောစမ်းပါဦး တော့ ၊ ဘာ ဖြစ်တာလဲ ၊ ဘယ်သူက ...”
“ မင်းသား ပေါ့ ဆရာ ”
“ ဟုတ်ပြီ ... ပြော ”
“ လွန်ခဲ့တဲ့ ၂ နှစ် ကျော် က သူ့ ကို ငှားတယ် ဆရာ ၊ သုံးသောင်း လက်ငင်းပေး ဆိုလို့ ပေး လိုက်ပါတယ် ၊ အဲဒါ ... ခုထိ ကျွန်တော့် အလှည့် မကျသေး လို့ ဆိုပြီး ရိုက်ရက် မ ပေးဘူး ၊ တစ်ပေ မှ မရိုက်ရသေးဘူး ဆရာ ”
“ ခင်ဗျား နောက် မှ ငှားတဲ့ လူတွေ ကော ”
“ ၂ ထုပ် ၃ ထုပ် ပြီး ကုန်ကြပါပြီ ၊ ရုံ လဲ တင်ပြီးကြပြီ ဆရာ ရဲ့ ”
သူ သည် မှတ်တမ်း စာအုပ်ကလေး ဖွင့်၍ ရုပ်ရှင်ဇာတ်ကား အမည်များ ပါ ရွတ် ပြသည် ။ ရိုက်ကူး ထုတ်လုပ်
ရေး နှင့် ဖလင်ခွဲတမ်း ချရေး ကော်မတီ တွင် သာဓု လည်း ပါ သော ကြောင့် သူ ပြောပြသည့် ဇာတ်ကား များ ကိစ္စ သိပြီး ဖြစ်ချေ၏ ။
သူ က ယခုမှ လာ၍ ရင်ဖွင့်သည် မှာ နောက်ကျ လှသည် ။ အကယ် တန္တု ပြဿနာ ပေါ် ပေါ်ချင်း အဖွဲ့ သို့ စာ တင်ပါ က အခြေအနေ တစ်မျိုး ဖြစ်နိုင်စရာ ရှိသည် ။
“ စောစောက ဘာပြုလို့ ဒီ ကိစ္စ စာ မတင်တာလဲ ”
“ ကြောက်လို့ ပါ ဆရာ ”
“ ဘာကို ကြောက်တာလဲ ”
“ လူကြီးတွေ ကို တိုင်ရ ကောင်းလား ဆို ပြီး မင်းသား က ကသိကအောက် လုပ် ရင် ကျွန်တော် တို့ ခံ ရမယ် မဟုတ်လား ဆရာ ”
မှန်၏ ။
အချို့သော မင်းသားများ သူတို့ ကို အပြစ် တင် လျှင် သူတို့ မကျေနပ်နိုင် သည့် အပြုအမူ တစ်ခု ခု တွေ့ လျှင် စိတ် ကောက် တတ်သည် ။ ကားရိုက် နေဆဲ အထစ်ထစ် အငေါ့ငေါ့ လုပ် တတ်ကြ သည် ။ ရိုက်ကူးရာ တွင် စကား ကို တမင် မှား၍ ပြော တတ်ကြ သဖြင့် ပြန် ရိုက် ရသော အခါ ထုတ်လုပ်သူ ဖလင် ဆုံး ရသည် ။ ခေတ်ပေါ် ဈေး အရ ဆိုသော် တစ်ပေ ( ၄ ကျပ်နှုန်း ) ပေ ၃၀ ခန့် ကို စကား များ မှား ပစ် လိုက် ရလျှင် ဖလင် ၁၆၀ ဖိုး အနိစ္စ ချော ရတော့သည် ။ စီးပွား ဖော် စီးပွား ဖက် ချင်း မလုပ် ကောင်းသော အလုပ် ။
“ နေစမ်းပါဦး ၊ ခု ဘယ်လို ဖြစ်ပြန်တာလဲ ”
“ ဖြစ်ပုံက ဒီလိုပါ ဆရာ ၊ သူ တောင်း တဲ့ အတိုင်း ငွေ သုံးသောင်း ပေးခဲ့ပြီး တစ်နှစ် ကျော် ကြာ တော့ ရက်ချိန်း သွား မေးတာ ၊ ခု ... သူ ဈေး တက် သွားပြီ ၊ တစ်သောင်း ထပ်ပေး ရမယ် ဆိုတာ နဲ့ ကျွန်တော် လဲ မငြင်း ပါဘူး ၊ ပေး လိုက်ပါတယ် ”
“ ရက်ချိန်း က ကော ...ခုထိ မရသေးဘူး မဟုတ်လား ”
“ မရသေးပါဘူး ဆရာ ”
“ သိတယ်လေ ... ဒီ ဇာတ်ကား ကျ တာ ကြာပြီ ဘာကြောင့် မရိုက်သေး သလဲ ဆိုတာ ခေါ်မယ် လုပ်တော့ ခင်ဗျား ခရီး ထွက်သွားတယ် ဆိုလို့ ”
“ မှန်ပါတယ် ”
“ အေးလေ ခက်တာ က ခင်ဗျား တို့ ကာယကံရှင်တွေ က ဒီလို ဒီလို ဆို တာ စာ မတင် တော့ လူကြီးတွေ က လဲ ခုံ က မလှုပ်ချင်ဘူး လေ ”
“ ခုန ပြောသလို အဆင်မပြေ ဖြစ် မှာ လဲ စိုးရိမ် ရ ”
“ အဲဒါကြောင့် ခင်ဗျားတို့ ခံ နေရ တာ မတရား တာ လုပ် လာရင် တိုင် မှ ပေါ့ ၊ မတိုင်ရဲလေ သူတို့ အကြိုက်ကျ လေ ဖြစ်နေမှာ ပဲ ၊ ခင်ဗျားတို့ က သာ ပြတ်သား ရင် ထစ်ခနဲ ရှိ တိုင်ရင် သူ တို့ အတင့် မရဲတော့ဘူး ပေါ့ ၊ ကဲ လေ ... ဒါထား ၊ ခု ဖြစ်ပုံ ကို ဆက်ပါ ဦး ”
“ အဲ ... ဒီ နှစ် ထဲ များ ရိုက်ရက် ရမ လား သွား စုံစမ်းတော့ ၊ သူ ... အခု ၇၀၀၀၀ ခုနစ်သောင်း ယူတယ် ၊ ရိုက် ချင် ၂၀၀၀၀ ထပ် ပေး တဲ့ လုပ်ပြန်ပါပြီ ဆရာ ”
“ ခက်တာပဲ ဒီကောင်တွေ ၊ တကယ်လို့ သူ တို့ ကို တိုက် တစ်လုံး ရောင်း မယ် သုံးသိန်း ။ စရန် ငါး သောင်းပေး စာချုပ် ၊ ( ၆ ) လ ကြာ တော့ ဈေးတက် သွားပြီ ဆိုပြီး ငါးသောင်း တောင်းရင် သူတို့ ဘယ်လို နေ မလဲ ”
“ ဒါတော့ ကျွန်တော် လဲ မပြော တတ်တော့ပါဘူး ဆရာ ရယ် ၊ အဲဒီ ... နှစ်သောင်း ထပ် ပေး
ဆိုတာ က သပ်သပ် ၊ အဲ .. မူလ ငှား တုန်း က သူ နှစ်ကိုယ်ခွဲ ခင်ဗျ ။ ခုတော့ ဖြစ်ပြန်ပြီ ။ နှစ်ကိုယ်ခွဲ ရိုက် ရင် သုံးသောင်း ထပ် ပေး ရဦး မတဲ့ ”
“ ရှုပ်ပါတယ် လေ ၊ ခင်ဗျား မှာ တူမ တို့ အဒေါ် တို့ ခယ်မ တို့ ရှိရင် အားလုံး သာ ပေး လိုက်ပေတော့ မ ထူးတော့ပါဘူး ”
သူ ...မချိ ပြုံး ပြုံး ၏ ။
“ ဒီအတိုင်း ဖြစ်နေပြီပေါ့ ဆရာ ရယ် ၊ အဲဒါ ... ကျွန်တော် ဘာ လုပ်ရမလဲ ”
“ အင်း ... ကိုဟုတ်လှိုင် ပြော သလို ဆို ရိုးရိုး ရိုက်ရင် နှစ်သောင်းထပ် ပေး ၊ နှစ်ကိုယ်ခွဲ ဆို ... သုံးသောင်း အပိုကြေး ဆိုတော့ အားလုံး ငါး သောင်း ထပ် ကုန်မယ် မဟုတ်လား ”
“ ဟုတ်ကဲ့ ဆရာ ”
“ နှစ်ကိုယ်ခွဲ မရိုက် နဲ့ တော့ ပေါ့ ၊ ဟိုဟာ က တော့ လက် လွန် နေပြီပဲ ၊ နှစ်သောင်း ထပ်ပေးလိုက် ၊ ဒါက တစ်နည်း ”
“ နောက် နည်း များ ရှိပါသေးလား ဆရာ ”
“ အဲဒီ ... နှစ်သောင်း ထပ် ပေးပြီး ဆက် လုပ်ရင်ကော စိတ်ချမ်းသာ မလား စဉ်စား ၊ မလွယ်ဘူး ဆိုရင် အဲဒီ ငွေ နှစ်သောင်း နဲ့ နောက် ငွေ ဖြည့် ပြီး တခြား တစ်ယောက် ပြောင်း ရိုက် ”
“ အရင် ပေးထားတဲ့ ငွေ တွေ ”
“ အဆုံး ခံ ပေါ့ ၊ ပြန် တောင်းလို့ ကော ရ မှာ မှ မဟုတ်ပဲ ”
“ နို့ ... ဆရာ ရယ် ၊ ဆရာတို့ အဖွဲ့က ကော တစ်ခု ခု လုပ် မပေးနိုင်ဘူးလား ”
“ အေး ... အဖွဲ့ ဆို ကတည်း က အဖွဲ့ ဆိုတာ မှာ ( ၄ ) ယောက် ရှိ အသံ ၄ မျိုး ( ၁၀ ) ယောက် ရှိ အယူအဆ ၁၀ မျိုး ထွက် တတ်တယ် မဟုတ်လား ၊ ဆရာ့ တစ်ဦး တည်း ဆန္ဒ နဲ့ မပြီးဘူး လေ ”
သူ ... စိတ်အိုက် သလို ခေါင်းငိုက် စိုက် ကျ သွားသည် ။
“ ခင်ဗျားတို့ ဟာ ခင်ဗျား တို့ သိ သား မဟုတ်လား ၊ အလုပ် စ ကတည်း က ဘာ ငှားငှား ခိုင်ခိုင် မာမာ မရှိကြဘူး ။ မင်းသား မင်းသမီး ၊ ဒါရိုက်တာ
ဆို ငွေ နဲ့ ပါးစပ် ကတိ နဲ့ ပဲ လုပ်ကြတယ် ။ တကယ် ပြဿနာ ပေါ်လာ တော့ ပါးစပ် ကတိ က ကယ် နိုင်သေး လား ၊ ကိုင်း ”
သာဓု ရေနွေးကြမ်း တစ်ငုံ မော့လိုက်ပြီး မှ ...
“ အဲဒါပဲ ... ခုန သာဓု ပြောတာ စဉ်းစား သိပ် လဲ မကြာစေနဲ့ ၊ နောက် တစ်ခါ ဈေး တက် နေဦး မယ် ၊ ပြန်ပေတော့ ”
••••• ••••• •••••
ထို ... ဦးဟုတ်လှိုင် ရောက် လာ သဖြင့် ဤမျှထိ ဆောင်းပါး ရေးရန် အကြောင်းအရာကလေး ရရှိ လိုက်ချေ၏ ။
အထက်ပါ အဖြစ်သနစ် တို့ ကို တစ်တစ်ခွခွ လေ့လာ လိုက်သည် ရှိ သော် ...
အေးဓားပြ တိုက်သည် နှင့် တူ နေသည် ။ “ ကတိ ” ဟူ၍ ပေးကြ ရာ တွင် စာချုပ်စာတမ်း ကတိ ထက် ( နှုတ်ကတိ ) ကို ပို၍ တန်ဖိုး ထား ရပေမည် ။ ကတိစာချုပ် ချုပ် ထား ၍ ထို ကတိ ကို လိုက်နာ ခြင်း တွင် စာချုပ် အခိုင်အမာ ရှိနေ၍ မလွဲမသာ လိုက်နာရသည့် သဘော ဆောင် တတ်သည် ။
နှုတ်ကတိ ကို လိုက်နာ လေးစား ခြင်း ကား ... ပင်ကို စိတ်ထား ကိုယ်ကျင့်တရား သည် အဓိက အခန်း မှ
ပါဝင် နေသော ကြောင့် နှုတ်ကတိ တစ်ရပ် တည်ပြီ ဆိုလျှင် ထို သူ သည် စာချုပ် ထက် စိတ်ချ ရ သော ကတိ သစ္စာ သမား အဖြစ် တန်ဖိုး မဖြတ်နိုင် ။
ဤကိစ္စ ဤလို တွေး၍ ဤလို ရေး နေရင်း က ပင် ဗလောင်းဗလဲ လုပ် တတ် သော ရုပ်ရှင် ကောင်မလေး တစ်ယောက် ကို သွား၍ သတိ ရ မိ ချေသည် ။
အချိန်အခါ သမယ သည် သာဓု ဒါရိုက်တာ ပေါက်စ ... ဇာတ်ကား တစ် ကား ၏ အခန်း တစ်ခန်း ရိုက်ရာ တွင် မိုးဖွားကလေးများ ကျ လာ သော ကြောင့် ခပ်သုတ်သုတ်ကလေး ရိုက်ကြ ရသည် ။
အခန်းကဏ္ဍ မှာ ... မင်းသမီး ၏ မိဘ ဘွားအေ တို့ ပန်းခြံ ထဲ စကား ထိုင်ပြော နေစဉ် ဆရာဝန် လင်မယား နှစ်ယောက် လာ လည်ကြ ခန်း ဖြစ်လျက် ... ဆရာဝန်ကတော် က ကျောက် ရောင်စုံခြယ် ဒေါင်း ဘယက်ကလေး ဆွဲ ထားသည် ။
ထိုအချိန် တွင် မင်းသမီး က ခပ် လှမ်းလှမ်း တွင် ကု,လားကလေး တစ်ယောက် နှင့် ဘောလုံး ကစား နေသည် ကို မိဘများ ကြည့် ၍ သဘောကျ နေ သကဲ့သို့ ဆရာဝန် လင်မယား က ပါ ဝိုင်း၍ လက်ခုပ်တီး ပေး ပြီး စကား ပြောမည် အပြု ၊ မိုး က သည်း လာ သဖြင့် ရိုက်ကူးရေး ကို တစ်မျိုး တစ်ဖုံ ပြောင်းရမည် ရှိ သဖြင့် ဘွားအေ ဖြစ်သူ ဒေါ်ခင်ညွန့် အား စကား တစ်ပိုဒ် အပြော ခိုင်း လိုက်ရသည် ။
“ ဟဲ့ ... မိုး က သည်း လာပြီ ၊ လာ ... လာ ... တိုက် ထဲ ဝင်ကြစို့ ”
သဘော မှာ တိုက် ထဲ ရောက် မှ စကား ဆက် ပြောကြရန် ဖြစ် သော်လည်း မိုး က သည်း သည် ထက် သည်း လာ သောကြောင့် ထိုနေ့ က ရပ် လိုက် ရသည် ။
နောက် တစ်နေ့ ဆက် ရိုက်ရန် တိုက် ထဲ ၌ ပြင်ဆင်ကြရာ ဝယ် ဆရာဝန်ကတော် လုပ်သူ ဇာတ်ရံမင်းသမီး သည် အဝတ်အစား အားလုံး မှန် သော်လည်း လည်ပင်း တွင် ဒေါင်းဘယက် ဆွဲ ထား သည် ကို မတွေ့ရသော ကြောင့် ...
“ ဟဲ့ ... မနေ့ က ရိုက်တော့ ဒေါင်း ဘယက် ဆွဲ ထားတယ် မဟုတ်လား ၊ ဒီနေ့က အခန်း ဆက် လေ ၊ မနေ့က ဟာ နဲ့ တစ်ဆက်တည်း ဥစ္စာ ၊ ဒေါင်း ဘယက် ဆွဲ မှ ပေါ့ ၊ နင် မသိဘူးလား ”
သူ ... ပြုံးအဲ့အဲ့ လုပ် နေပြီး မှ ...
“ အဲဒါ ကျွန်မ ပြောမလို့ ဆရာ ရဲ့ ၊ အရေးပေါ် ကိစ္စကြောင့် မနေ့ က ပဲ ၂၀၀ နဲ့ ပေါင် လိုက်ရတယ် ၊ ခု သွား ရွေး ခု ရပါတယ် ၊ အိမ်နား တင် ပဲ ဆရာ ... ”
ဖောက်လာချေပြီ ။
သာဓု သည် ပေါက်စ ဒါရိုက်တာ ၊ ပေါက်စ ထုတ်လုပ်ရေးသမား ၊ လှိ မ့်၍ ရလိမ့်မည် ဟု သူ ထင်ဟန် ရှိ သည် ။ အမှန်အားဖြင့် လည်း မနေ့က အခန်း နှင့် တစ်ဆက်တည်း ပြ ရမည် ဖြစ် သော ကြောင့် ပန်းခြံ ထဲ တွင် ဒေါင်းဘယက် ဆွဲ ထားပြီး ... တိုက် ထဲ ရောက် မှ ပျောက် နေလျှင် ရုပ်ရှင် သဘော အရ ( အဆက်အစပ် အောက် နေမည် )
ဤသည် ကို သူ သိသည် ။ ဘယက် မပါ လျှင် ရိုက်၍ မဖြစ် သူ ထင်သည် ။ သာဓု က အူယာဖားယား ငွေ ၂၀၀ ပေးပြီး အရွေး ခိုင်းမည် ။ ထို ငွေ ကို သူ လှည့် သုံးမည် ။ နောက်ဆုံး ( မုန့်ဖိုး အဖြစ် ပဲ ထား လိုက်ပါတော့ ) ဟု အပိုင် စီး မည် ။ ( သူ့ တွက်ကိန်း )
“ အေးလေ နောက်မှ ရွေးတာ ပေါ့ ”
သို့ ပြောပြီးသည် နှင့် သာဓု သည် သူတို့ တစ်တွေ ပန်းခြံ ထဲ မှ တိုက် ထဲ ဝင် လာသည့် အခန်း ကို စ ရိုက်ကာ အသီးသီး ထိုင်မိကြ သည် တွင် အခန်း ဖြတ် လိုက်သည် ။
နောက် ဒေါ်ခင်ညွန့် တစ်ယောက် တည်း ကိုယ် တစ်ပိုင်း ချိန် ကာ အောက်ပါ အတိုင်း စကား တစ်ပိုဒ် ပြော ခိုင်း လိုက်သည် ။
“ ဟဲ့ ... အကြည် .. ခုန ပန်းခြံ ထဲ တုန်း က လည်ပင်း မှာ ဘယက် ဆွဲ ထားတယ် မဟုတ်လား ... ”
ထို အခန်း အပြတ် တွင် အကြည် ဆို သူ အား အရုပ်ကြီးကြီး ချိန် ၍ ...
“ ကဲ ... မကြည် ၊ ကင်မရာ မောင်း တာ နဲ့ တစ်ပြိုင်နက် နင် က ပြော ... ”
( “ ဟုတ်ကဲ့ ၊ ကြီးကြီး ၊ လည်ပင်း ယား လို့ ဘယက် ကို ဖြုတ်ပြီး လက်ပွေ့ အိတ် ထဲ ထည့် ထား လိုက်ပြီ ” )
ဤအတိုင်း ရိုက်ကာ တစ်ဖန် ဒေါ်ခင်ညွန့် က “ ဪ ... ဪ ” ဟု ရေရွတ်ပြီး ဇာတ်ဝင်ခန်း စကားများ ဆက်ပြော ရိုက်ကူး ပြီးသည် ၏ အဆုံး ၌ မကြည် မကျေမနပ် အောင့် နေသည် ။
ချက်ချင်းပင် သာဓု က မကြည် ကို လှမ်း ပြော လိုက်သည် ။
“ ဒီမှာ ... မယ်ကြည် .. သုံးစရာ မရှိ ရင် ဆရာ့ ဆီ ရိုးရိုး တောင်း ပေးမယ် ၊ ရတယ် ။ ခုလိုတော့ မလိမ့်တပတ် မလုပ် နဲ့ အကျပ် မကိုင်နဲ့ ၊ မသေမချင်း မှတ် ။ ဆရာ့ ကို ပညာ ပြ ဖို့ ဘယ်တော့ မှ စိတ်မကူး နဲ့ ၊ ဒါပဲ ”
••••• ••••• •••••
တစ်ကြိမ်သော အခါ က လည်း သရုပ်ဆောင် ပေါင်းစုံ ပါသော ဇာတ်ကား တစ်ကား ကို သာဓု ရိုက်ကူးရာ တွင် အတော်ကလေး နာမည် ရ နေသည့် ဇာတ်ရံ နှင့် အံဝင်ခွင်ကျ အခန်း တစ်ခန်း ပါသော ကြောင့် ခေါ်ယူ တိုင်ပင် မေးမြန်း ပြီးသည် တွင် သူ က သူ့ အခန်း အတွက် ငွေ ၂၀၀၀ တောင်း သည် ။
သာဓု က လည်း ချက်ချင်း ပင် အကြေ အလည် ပေးပြီး ရိုက်မည့် ရက် ကို ၁၅ ရက် ခန့် ခွာ ၍ ချိန်း လိုက် သည် ။ ၆ ရက် ခန့် အရ တွင် သူ ရုတ်တရက် ပေါက် လာပြီး သူ့ အား မန္တလေးရုပ်ရှင် မှ ခေါ်၍ သွား လို ကြောင်း မူလ သာဓု ချိန်းသော ရက် အစား ၅ ရက် ခန့် နောက် ရွှေ့ပေးပါ ရန် နှင့် လာရောက် တောင်းပန်သည် ။ သာဓု လည်း လိုက်လျော လိုက်သည် ။
ထို သူ ချိန်းသော ရက် မတိုင်မီ ၄ - ၅ ရက် အလိုတွင် သတိ ပေးသည့် အနေ ဖြင့် မန္တလေးရုပ်ရှင် ( သူ တည်းခို သည့် နှင်းဆီခြံ ) သို့ ဖုန်း ဆက် လိုက်ရာ ...
“ ဆရာ ... ဆောရီး ပဲ ဗျာ ၊ ဒီမှာ ကျွန်တော့် အခန်း မပြတ်သေးလို့ နောက်ထပ် ၅ ရက် လောက် ရွှေ့ပေး
ပါဦး ”
သာဓု စိတ်ဆိုးပြီ ။
“ ဘာလို့ ခုမှ ပြောသလဲ ၊ ဆရာ ဖုန်း မဆက်ရင် ဒီလို ဒီလို ဆိုတာ အသိ မပေးဘူးလား ၊ မင်း စောစော ဖုန်း ကြို ဆက်ဖို့ ကောင်းတယ် ... ”
“ ကျွန်တော် လဲ ဆရာ ကို ပြောမယ် လုပ်တုန်း ဆရာ့ ဆီ က ဖုန်း လာတော့ တာနဲ့ ... ”
သူ ... လိမ်သည် ။
အခြား ရုပ်ရှင်သမားများ ကို လုပ် နေကျ အတိုင်း သာဓု ကို ပါ လှိမ့်၍ ရ မည် ထင် နေဟန် ။
“ ကောင်းပြီ ၊ ဘယ်နေ့ လာမလဲ ၊ အတိအကျ ပြော ... ”
“ သင်္ကြန် ပြီး ပြီးချင်း လာခဲ့ပါမယ် ဆရာ ”
သာဓု ဖုန်း ချ လိုက်သည် ။ ရင် ထဲ တွင် အလွန် လည်း ခံပြင်း သွားသည် ။ ထိုနေ့ က ရုပ်ရှင် ရိုက်ရ သည် မှာ ကြည်လင်ခြင်း မရှိ ၊ စိတ် အနှောင့် အယှက် ဖြစ် နေရသည် ။
( ထို ကိစ္စ အတွက် )
မင်းသမီးကြီး ဒေါ်မေနွဲ့ အား ( မနေ့ က အဝတ်အစား အတိုင်း ) ဟု ပြော လိုက်ပါ လျက် မှား ဝတ်လာသောကြောင့် ။
“ မနွဲ့ က ခက်တာပဲ ” ဟု အော်လိုက် မိသည် ။ စင်စစ် ဤသည် မှာ မကြာခဏ ဖြစ်တတ်သည် ကြောင့် အပြစ် မဆိုသာ သော်လည်း သာဓု ယနေ့ စိတ် တို နေသည် ။
အမေ ညွန့် ( အကယ်ဒမီ ဒေါ်ခင်ညွန့်ကြီး ) မိတ်ကပ် လိမ်းသည် မှာ ကြာ နေ သောကြောင့် “ အမေ မြန်မြန် ဗျ မြန်မြန် ”
ဟု နဖူးကြော တင်း ၍ ပြော မိ ချေသည် ။
ထိုနေ့ က မန္တလေး သို့ နံနက် တွင် ဖုန်း မဆက်ဘဲ ည မှ ဆက် မိလျှင် ထို ဒေါသ ည မှ ထွက် မည် ။ အလုပ် ကို ထိခိုက်စရာ မရှိ ၊ သာဓု မှား သွားသည် ။
ဒေါ်မေနွဲ့ ၊ အမေညွန့် တို့ အဆင်သင့် ဖြစ်နေသော အခါ ထိုနေ့ အဖို့ စတင် ရိုက်ကူးမည် ဟု ..
“ ကဲ ... ရိုက်မယ် ၊ မနွဲ့ က တံမြတ်စည်း ကိုင်ပြီး အခန်း ထဲ က ပြေး ထွက် လာ ၊ အမေညွန့် က အခန်း ထဲ အဝင် ရင်ဆိုင် တိုး မိတော့ ... အမေ က ... ( ဟဲ့ ... ဟဲ့ ... ဘယ်လို ဖြစ် လာတာလဲ ) လို့ မေးရင် တံမြတ်စည်း ကို လှမ်း ဆွဲ ... ”
ထို့နောက် သာဓု က တံမြတ်စည်း ယူ လာ သူ တပည့် အား မနွဲ့ ကို ပေးရန် လက်ဟန် နှင့် ပြပြီး ၊
“ အစမ်း တစ်ခါ လောက် လုပ်ကြ ရအောင် အသံ ပါ တစ်ခါ တည်း ဖမ်းထား - ကဲ အားလုံး ရယ်ဒီ ... အသင့် ပြင် ”
“ ဆရာ ဆောင်း ချာပီး နေတယ် ခင်ဗျ ”
ဤသည် မှာ သက်နောင် အသံ ဖြစ်၏ ။
ရုပ်ရှင် စကား အား ဖြင့် ဆိုသော် ဓာတ်ပုံ ရိုက်သူ ရေ သွား သောက် နေ က ( ကင်မရာ ရေ သောက်နေ တယ် ) ဟူ၍ လည်းကောင်း ၊ အသံ ဖမ်း အင်ဂျင်နီယာ နောက်ဖေး သွား နေ က ( ဆောင်း ချာပီး ) စသည် ဖြင့် ပြော တတ်ကြသည် ။ အသံဖမ်း သူ ကို အင်္ဂလိပ်ဘာသာ အားဖြင့် ဆောင်းအင်ဂျင်နီယာ ဟု ခေါ်သည် ကို အကြောင်း ပြုလျက် ... “ ဆောင်း ... ”
ဟု တစ်လုံး တည်း သုံး တတ်ကြသည် ။
မန္တလေး မှ ဇာတ်ရံ ငနဲ က ရက်ပို ထပ် တောင်းခြင်း ၊ ကတိ ပျက်ခြင်း တို့ အတွက် သာဓု ဒေါသ ထွက်ခြင်း အရှိန် မပြေမီ ယခု အရေး ထဲ တွင် အသံဖမ်းသူ ကို စောင့် ရ ပြန် သဖြင့် စောစောက ဒေါသ ပြန် ထ လာသည် ။
“ ကဲ ... ဒီနေ့ က စပြီး မင်းတို့ အားလုံး မှတ်ထားကြ ၊ ကားရိုက် တဲ့ နေ့တိုင်း နောက်ဖေး တက် တာတို့ ဘာတို့ စောစောစီးစီး လုပ်ထား ။ ကား ရိုက်မယ် ဆိုမှ အိမ်သာ တက်တာ မလိုချင်ဘူး ။ အဲဒါ မလိုက်နာ နိုင်တဲ့ လူ ကားရိုက် မလာကြနဲ့ ၊ ဒါပဲ ... ”
စိတ်ပေါက်ပေါက် နှင့် အသံဖမ်းငနဲ ပြန် အရောက် တွင် အားလုံး ကို ပါ ရော၍ ငေါက် ပစ်လိုက် မိသည် ။
ထို့နောက် ... မနွဲ့ က မြတ်မွန် ကို တံမြတ်စည်း နှင့် လိုက် ရိုက် ၊ သွားအေ ဒေါ်ခင်ညွန့် က ဝင် ဖျန်ဖြေ ပြီး မနွဲ့ ကို ဒေါ်ခင်ညွန့် က ရိုက် ဖြင့် ... ထို အခန်းများ ပြီး သော အခါ ထမင်း စား ကြသည် ။
သာဓု က အိမ်သာ တက်သည် ။ သတင်းစာ တစ်စောင် ကုန်၍ ... အိမ်သာ မှ ဆင်း လာသော အခါ သရက်ပင် တစ်ပင် အောက် တွင် မနွဲ့ ၊ အမေညွန့် ၊ မြတ်မွန် တို့ အေးအေးလူလူ ထမင်း ထိုင် စား နေ ကြသည် ။ သူတို့ နောက် တွင် အသာ ရပ်၍ သူ တို့ စားပုံ သောက်ပုံ ကို သဘောကျ နေသော သာဓု ကို သတိ မမြင် ။
“ ဖိုးသာဓု ...ဒီနေ့ ဘာတွေ ဒေါပွ နေ တယ် မသိဘူး ။ တွေ့သမျှ လူ မာန်မဲ နေတာပဲ ”
( အမေညွန့် ၏ ထင်မြင်ချက် )
“ ဟာ ... သူ ဒေါပွတာ တစ်ခါ တစ်ခါ အဓိပ္ပာယ် မရှိပါဘူး အမေ ရယ် ... ၊ ခု ကြည့်ပါလား .. စက်အဖွဲ့ အလုပ်သမားတွေ ကို ပြောပုံ က ... ကန်တော့ပါရဲ့ စား နေတုန်း သောက်နေ တုန်း ”
“ အို ... ပြောမှာ ပြောစမ်းပါ ဟယ် ”
( ဤကား မနွဲ့ ၏ တောင်းဆိုသံ )
“ ခုန ပြောတာလေ .. ကား ရိုက်နေ တုန်း နောက်ဖေး နောက်ဖီ မသွားရ ဘူး ၊ မနက် ကတည်း က အပြီး လုပ် ထား တဲ့ ... အိမ်သာ တက် တဲ့ ဆင်း တဲ့ ကိစ္စ ကို တစ်နေ့စာ ကြို လုပ်ထားလို့ ရတယ် များ ဆရာ က ထင် နေသလား မသိဘူး ”
“ ဟား ... ဟား ... ဟား ”
( ဤကား ... သာဓု ရယ်သံ )
“ ဟုတ်တယ် ... အမေညွန့် ရေ ကျွန်တော် လဲ ဒေါပွပွ နဲ့ ဆူ လိုက်မိ တယ် ၊ ခု ...အမာ ( မြတ်မွန် ) ပြောမှ သတိရတော့တယ် ၊ ဟုတ်တယ် နော မနွဲ့ .. နောက်ဖေး နောက်ဖီ ဆိုတာ ကိုယ် သွား ချင် တိုင်း သွားလို့ ရတာမှ မဟုတ်တာ ”
သို့ ... ဝန်ခံရုံ မက စားသောက်ပြီး ကြ ၍ နောက် အခန်းကဏ္ဍ စ လျှင် စ ချင်း အလုပ်သမား များ ကို သာဓု ဆူ ပုံ မှား သွားကြောင်း ၊ သို့သော် အလုပ် မထိခိုက်အောင် အတတ်နိုင်ဆုံး ဆင်ခြင်ကြ ရန် နှင့် မြန်မြန် ပြီးသင့်သည့် ကိစ္စ ကို အချိန် မဆွဲကြရန် စကား ကို ဖြေ လိုက်ရ၏ ။
••••• ••••• •••••
သင်္ကြန် အပြီး နှစ်ဆန်းရက် နေ့ မန္တလေး သို့ ဖုန်း ခေါ်ပြီး မေး ရာ ၊ ထို ဇာတ်ရံ ငနဲ ထွက် မလာ သေး ၊ သူ နှင့် ပက်ပင်း တိုး ကာ ...
“ သန်ဘက်ခါ ဆက်ဆက် လာခဲ့ပါမယ် ဆရာ ”
ဟု လုပ်ပြန်ပါချေသည် ။
“ မင်း မလာနဲ့ တော့ မင်း ကို ပေး ထားတဲ့ သရုပ်ဆောင်ခ လက်ဖက်ရည် ဝယ် သောက် လိုက် တော့ ... မင်း လို လူစား နဲ့ ငါ အလုပ် မလုပ်ချင်ဘူး ... ဒါပဲ ”
သာဓု လည်း ဒုန်းခနဲ ဖုန်း ချ လိုက်သည် ။
နောက် တစ်နေ့ အမေညွန့် ဘုရားရှိခိုး ခန်း ရိုက် နေစဉ် အဆိုပါ ငနဲ မန္တလေး မှ လေယာဉ် နှင့် ပြန် လာ ပြီး သာဓု ကို လာ တောင်းပန်သည် ။
“ အေး .. မင်း ကို ငါ စိတ် မဆိုးဘူး ၊ ဒါပေမဲ့ ဒီ ကား မှာ မင်း ကို ထည့် မရိုက်
ချင်တော့ဘူး ၊ နောက် ကား ကျ မှ လိုအပ်ရင် ခေါ်မယ် ... ပြန်တော့ ”
ဤတွင် အမေညွန့် က ဝင်၍ သာဓု ကို မေတ္တာ ရပ်သည် ။ သူ့ ကို လည်း အပြစ် တင်သည် ။
နောင်သော အခါ သူ သည် သာဓု နှင့် အလုပ် လုပ် ၍ အလွန် ကောင်းသူ တစ်ယောက် ဖြစ်လာ ချေ သည် ။
( ၃ - ၁ - ၈၆ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
ဖေဖော်ဝါရီ - ၈၆
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment