Sunday, August 13, 2023

မြင်းခွါသံ


 ❝ မြင်းခွာသံ ❞  


ကျွန်တော့် ဘဝ တွင် မြင်းခွာသံ ကို ပထမဆုံး စွဲစွဲထင်ထင် ဖြစ်မိသည် မှာ ကျွန်တော် သုံးလေး နှစ်သား အရွယ် ကလေး ဘဝ တုန်း က ဖြစ်ပါသည် ။


မှတ်မှတ်ရရ အဖေ သည် ကျွန်တော့် ကို လက် ဆွဲလျက် ၊ အမေ က ကျွန်တော့် အောက် က ကျွန်တော့် ညီ ( နို့စို့ကလေး ) ကို ခါးထစ်ခွင် ချီလျက် ကျွန်တော်တို့ မိသားစု ရွှေကြက်ယက် ဘုရားပွဲ သို့ အလည် သွား ကြပါသည် ။ ပွဲဈေးတန်း ထဲ လျှောက်လည် ကြ ရင်း အဖေ က ကျွန်တော် ကြိုက်တဲ့ အရုပ် ကို ပြ ၊ ဝယ်ပေးမယ် ဟု ပြော ပါသည် ။ ကျွန်တော် က ကြိုး ဆွဲပြီး က လို့ ရသော သစ်သားမြင်းရုပ်ကလေး ကို လက်ညှိုး ထိုး ခဲ့ပါသည် ။


အိမ် ရောက်တော့ အဖေ က “ ရွှေဘိုမြင်းရယ် လေ ၊ ခြေသံ ၊ ခွာသံ ပြင်းတယ် လေ့ လေ ၊ ခွပ်ခွပ် ၊ ခွပ်ခွပ် ” ဟု ဆိုကာ ကြိုးဆွဲ ပြပါသည် ။ မြင်းကလေး က ခြေလေးချောင်း မြောက်ကြွ ၊ မြောက်ကြွ ဖြင့် က ပါသည် ။ ကျွန်တော် သဘောကျလိုက်သည့် ဖြစ်ခြင်း ။ “ ရွှေဘို ညင်းရယ်ရေ ၊ ချီတံ ၊ ခွာတံ ကျင်းတယ် ရှေ့ ..... ။ ခွပ်ခွပ် ၊ခွပ်ခွပ် ” ဟု ကိုယ် ဟာ ကိုယ် ဆို ၊ ကိုယ့် ဟာ ကို ကြိုးဆွဲ ဖြင့် တစ်နေကုန် မမောနိုင် ၊ မပန်းနိုင် ။ ထမင်းမေ့ ၊ ဟင်းမေ့ ။ အိပ်ပျော် နေရင်းပင် ခွပ်ခွပ် ၊ ခွပ်ခွပ် နဲ့ ပါးစပ် က ယောင်သည် ဟု အမေ က ပြောဖူးပါသည် ။


တစ်နေ့ ..... ၊ အဖေ က ကျွန်တော် မြင်း ကို သဘောကျ မှန်း သိ တော့ မန္တလေး မှ သစ်သား မြင်းရုပ်ကြီး တစ်ခု ဝယ်လာ ပါသည် ။ မြင်းရုပ်ကြီး ကို ထမ်းပြီး အဖေ အိမ် ထဲ ဝင် လာတော့ ကျွန်တော့် မှာ အံ့သြဝမ်းသာ လို့ မဆုံး တော့ ။ မြင်းရုပ်ကြီး မှာ ခွ စီး လျှင် ရှေ့နောက် ယိမ်းထိုး လို့ ရအောင် ပြုလုပ် ထား ရာ လည်ပင်း ကို ဖက်ပြီး လှုပ်ပေး လိုက် လျှင် ( ထိုစဉ်က ) တကယ် မြင်းစီး နေရသည် ဟု ပင် ထင်ရ ပါသည် ။ သို့သော် ပါးစပ် က တော့ ခွပ်ခွပ် ခွပ်ခွပ်နှင့် အော်ပေးရ ပါ သေးသည် ။


“ အဖေ့ မြင်း က ခြေသံ လည်း မမြည်ဘူး ” ဟု ပြောရာ “ မြင်း က အရုပ် ပဲ သားရဲ့ ။ ဘယ် မြည်မှာတုန်း ။ သား က အော်ပေါ့ ။ မြင်း က ဖြည်းဖြည်း စီးရင် ခွပ်ခွပ် ခွပ်ခွပ် နဲ့ မြည်တယ် ။ အပြေး စီးရင် တစ်ဂလုတ် တစ်ဂလုတ် လို့ မြည်တယ် ။ သား မြင်း က တအား ပြေး နေတာ ။ အော် ကြည့်စမ်း ၊ တစ်ဂလုတ် .....တစ်ဂလုတ်လို့ ” ဟု အဖေ က မြှောက် ပေးပါသည် ။


ကျွန်တော် မြင်း ကို တစ်အား မောင်းပါသည် ။ ကျွန်တော့် မြင်း က လည်း ခွာသံပြင်းပြင်း ဖြင့် တအား ပြေး ပါသည် ။ 


“ တစ်ဂလုတ် .... တစ်ဂလုတ် ”


   •••••   •••••   •••••


ကျွန်တော် ကျောင်း နေသည့် အရွယ် ရောက်တော့ ..... ။ 


ကျွန်တော့် အိမ် နှင့် ကျောင်း က သိပ်မဝေးလှပါ ။ အိမ်နီးချင်း သူငယ်ချင်းများ နှင့် အတူ ခြေကျင် သွားလျှင် လည်း ရ ပါသည် ။အဖေ က စက်ဘီး ဖြင့် လိုက် ပို့ပေးလည်း ရ ပါသည် ။ သို့သော် ကျွန်တော် က ခြေကျင် လည်း မသွား ချင် ၊ စက်ဘီး လည်း မစီး ချင် ၊ မြင်းလှည်း စီးချင် နေပါသည် ။ မြင်းခွာသံ တခွပ်ခွပ် ကို နားထောင်ပြီး မြင်းလှည်း စီး ရသည့် အရသာ ကို စွဲလမ်း နေ ပါသည် ။


ထိုအခါ အဖေ သည် အဝေး မှ ကျောင်းသားများ ကို လခ နှင့် အကြို အပို့ လုပ်သည့် ဖယ်ရီမြင်းလှည်း ကို အိမ် နီးပါ လျက် မြင်းလှည်းခ အတူ ပေးပြီး စီးစေ ပါသည် ။ ကျောင်းသွား ကျောင်းပြန် မြင်းခွာသံ တခွပ်ခွပ် ကို နားထောင် ရင်း ကျွန်တော့် ကလေး ဘဝ ကျောင်း သွားရသည် မှာ ပျော်စရာ ကောင်း ခဲ့ပါသည် ။


အတန်း အနည်းငယ် ရ လာတော့ ကျွန်တော် ပန်းချီ ဆွဲ တတ် ( အရုပ် ရေးတတ် ) လာပါသည် ။ ကျွန်တော် ဆွဲသည့် ပန်းချီများ သည် မြင်းရုပ် အမျိုး မျိုး ဖြစ်မှာ ကိုတော့ အထူး ပြောစရာ မလိုတော့ပါ ။ မြင်းရုပ် ဆွဲတိုင်း လည်း မြင်း ခြေထောက် အောက် မှာ “ ခွပ်ခွပ် ခွပ်ခွပ် ” တို့ ၊ “ တစ်ဂလုတ် တစ်ဂလုတ်” တို့ ခွာသံ ကို စာ ဖြင့် ရေးထိုး ဖို့ လည်း ဘယ်တော့မှ မမေ့ခဲ့ပါ ။


သည့်ထက် အတန်း ကြီး လာတော့ ရုပ်ရှင် ကြည့်တတ် လာပါသည် ။ ကျွန်တော်တို့ ငယ်စဉ် က ဗွီဒီယို မပေါ်သေးပါ ။ ဗွီဒီယိုရုံ တွေ မရှိသေးပါ ။ နေ့ပွဲ ရုပ်ရှင် ကြည့် ချင် လျှင် ကျောင်း ပြေးပြီး ကြည့်ရပါသည် ။ ကျွန်တော် သည် အမြဲ ကျောင်းပြေး တတ်သော ကျောင်းသားဆိုး မဟုတ်ခဲ့ပါ ။ သို့သော် ရွှေဘ တို့ ၊ ကျော်ဆွေ တို့ မြင်းစီးတဲ့ ကားမျိုး ဆိုရင် တော့ ကျွန်တော် ကျောင်းပြေး ပါတော့သည် ။ လက်ကိုင်ပဝါ ( မာဖလာ ) ကို ပါးစပ် မှာ စည်း ၊ ဦးထုပ် ဆောင်း ၊ ဘောင်းဘီရှည် ပွပွ ဖြင့် မြင်း ကို တအား ဒုန်းစိုင်းသော ရွှေဘ ၏ စတိုင် သည် ကျွန်တော့် ရင် ကို လှုပ်ကိုင်ခါယမ်း ခဲ့ပါသည် ။ လူဆိုးတွေ နှင့် လိုက်တမ်း ပြေးတမ်း လုပ် နေသော ရွှေဘ ၏ မြင်းခွာသံ နှင့် အပြိုင် ကျွန်တော့် နှလုံးခုန်သံ ပြင်းထန် ခဲ့ ပါသည် ။


နောက်ပိုင်း ကျွန်တော် ဆွဲသော မြင်းရုပ်များ ကျော ပေါ် မှာ ဦးထုပ် ၊ မာဖလာ ၊ ဘောင်းဘီရှည် ပွပွ နှင့် လူရုပ်များ တိုး လာ ပါသည် ။ထို အရုပ်များ ကို ရွှေဘ ပုံ ဟု အမည် ထိုး ပေးရပါ သေးသည် ။ သူငယ်ချင်းများ က တကယ် တူတာ ကွ ဟု အားပေး ခဲ့ကြ ပါ၏ ။


နောက်ပိုင်း သည့် ထက် တစ်ဆင့် တက် လာပြီး နိုင်ငံခြား ကောင်းဘွိုင် ကား များ ကို ကျွန်တော် ကြည့်တတ် လာ ပါသည် ။ စောင်ကြီး ခြုံ ၊ ဆေးပြင်းလိပ် ခဲ ပြီး မထုံတက်သေး မျက်နှာ နှင့် ကလင့်အိ ( စ် ) ဝု ( ဒ် ) ၊ သူ စီးသော မြင်းထွားကြီး များ ကို နှစ်ခြိုက်စွဲလမ်း ရ ပြန်ပါသည် ။ နိုင်ငံခြား ကောင်းဘွိုင်ကား တွေ က နည်းပညာ မြင့်မားလှ သဖြင့် မြင်း ပြေးပုံ ၊ မြင်း ခြေ ကျပုံ ၊ မြင်းခွာသံ ၊ အနီး ရိုက်ချက် ၊ အဝေးရိုက်ချက်များ သည် ကျွန်တော့် အတွက် ရင်သပ်ရှုမော အံ့ဩ မဆုံးတော့ပေ ။


ကျွန်တော် တကယ့် မြင်း တစ်ကောင် ဝယ်ပေးဖို့ အထိ အဖေ့ ကို ပူဆာဖူး ပါသည် ။ အဲသည် အထိ တော့ အဖေ က အလို မလိုက်ခဲ့ပါ ။ တစ်သက် နှင့် တစ်ကိုယ် ရှင်ပြု နေ တုန်း က ပဲ မြင်း ကျောကုန်း ပေါ် ထိုင်ခဲ့ ဖူး ပါသည် ။


   •••••   •••••   •••••


ကျွန်တော် အထက်တန်းကျောင်းသား ဖြစ် လာတော့ ဖယ်ရီမြင်းလှည်း မစီး တော့ပါ ။ စက်ဘီး ဖြင့် လွတ်လွတ်လပ်လပ် သွားရသည့် ကျောင်းသားကြီး ဘဝ ကို ပိုမို သဘောကျ ၍ ဖြစ်ပါသည် ။ 


ပြီးတော့ .... ။


ကျွန်တော် သည် အချစ် နှင့် ပတ်သက်ပြီး စောစီးစွာ ရင်ခုန်တတ်ခဲ့ပါ သည် ။ မြင်းလှည်း အတူတူ စီး နေရသော ကျောင်းသွားဖော် ကောင်မလေး သည် ပါးဖောင်းဖောင်း ၊ မျက်လုံးဝိုင်းဝိုင်း ၊ ကျစ်ဆံမြီးလေး တခါခါ ဖြင့် ကျွန်တော့် မျက်စိ ထဲ တဖြည်းဖြည်း လှ လှ လာ ပါသည် ။ မြင်းလှည်း အတူတူ စီးရင်း ကျွန်တော့် ရင်ခုန်သံ သည် ကျွန်တော်တို့ ကို တင်ဆောင် ရုန်းကန် နေ သော မြင်းခွာသံ ထက် ပိုပြီး ဆူညံ နေသည် ထင် ပါသည် ။


ကျွန်တော် သည် သူကလေး နှင့် ပတ်သက်ပြီး ရင်ခုန်သံ ကို သိုဝှက် မြိုသိပ်ရန် တစ်ကြောင်း ၊ မြင်းလှည်း အတူ စီးရန် ရှက်လာသည် က တစ်ကြောင်း ကြောင့် စက်ဘီး သို့ ပြောင်းခဲ့ရခြင်း လည်း ဖြစ်ပါ၏ ။


သို့သော် သူကလေး လိုက်ပါလာမည့် မြင်းလှည်း ၏ မြင်းခွာသံ ကို တော့ နေ့စဉ် မျှော်နေမိတတ်ပါသည် ။ ထို မြင်းခွာသံ ကို ကျွန်တော့် နှလုံးသား ဖြင့် အလွတ် ရ မှတ်မိနေသည် ဆိုလျှင် ပိုသည် ဆိုကြမည် ။ ကျွန်တော် ကတော့ တကယ်ပင် မှတ်မိ နေပါသည် ။ ကျွန်တော့် အိမ် နား သူတို့ မြင်းလှည်း နီး လာ လျှင် ၊ မြင်းခွာသံ ကို ကြား လိုက်ရ လျှင် ကျွန်တော် ဂဏှာ မငြိမ်တော့ပါ ။ ထမင်း ကို ကပျာကယာ စား ၊ လွယ်အိတ် ကို စက်ဘီး မှာ ချိတ်ပြီး မြင်းလှည်း ဖြတ် အသွား ကို ရင်ခုန်စွာ စောင့်စား နေမြဲ ဖြစ်၏ ။ မြင်းလှည်း လွန် သွားမှ မလှမ်းမကမ်း က စက်ဘီး ဖြင့် လိုက်ရ ပါသည် ။


သူကလေး သည် မြင်းလှည်း နောက်ဆုံး နေရာ မှာ အမြဲ ထိုင် တတ်၏ ။ ထို အပြုအမူ သည် မတော်တဆ မဟုတ် ။ တမင် နေရာ ယူ ထားတာ ဟု ကျွန် တော့် နှလုံးသား က သိ နေပါသည် ။ မြင်းလှည်း နောက်ဆုံး နေရာ မှာ ထိုင်ရင်း မျက်လုံး ဝိုင်းဝိုင်းကလေး ကို တစ်ချက် တစ်ချက် ဝင်၍ ဝင့်၍ ၊ ကျစ်ဆံမြီး တုတ်တုတ်ကလေး ကို တစ်ချက် တစ်ချက် ခါ၍ ခါ၍ ကြည့် လိုက်တိုင်း ကျွန်တော့် ရင် မှာ တဒိုင်းဒိုင်း ဖြင့် ..... ။ အမှန်ပင် ကျွန်တော့် ရင် ထဲ မှ အချစ်မြင်းခွာသံ က သူတို့ မြင်းလှည်း ၏ မြင်းခွာသံ ထက် ပိုပြီး ဆူညံ ပြင်းထန် ခဲ့ ပါသည် ။


ကျွန်တော် သူကလေး ကို ဖွင့်ဟ ပြောဆိုဖို့ အထိ လည်း သတ္တိ မရှိခဲ့ပါ ။ ကျွန်တော်တို့ အထက်တန်းကျောင်းသား ဘဝ တုန်း က သည်လို ဖွင့်ဟ ဖို့ အရေး သည် အလွန် စွန့်စားရသော မဟာ တော်လှန်ရေးကြီး တစ်ရပ် ဖြစ်၏ ။ ဉာဏ် ကောင်းပါလျက် စာ မတော် ဟု အပြော ခံရခြင်း မှာ သူကလေး ကြောင့် ဖြစ်ပါသည် ။ သို့မဟုတ် ကျွန်တော် ၏ အချစ်မြင်းခွာသံများ ကြောင့် ဖြစ်ခဲ့ ပါသည် ။


ကျွန်တော် သူကလေး နှင့် ဖူးစာ မဆုံခဲ့ရပါ ။ သူကလေး ဘယ်ဆီ ရောက်လို့ ဘာတွေ ဖြစ်နေသည် ကို လည်း မသိတော့ပါ ။ သို့သော် မြင်းလှည်း ခွာသံ တခွပ်ခွပ် ကြား ရတိုင်း သူကလေး အား သတိရ လွမ်းဆွတ် သည့် ဒဏ် ကို နှစ် အတန်ကြာ သည် အထိ ခံစားခဲ့ရပါသည် ။


   •••••   •••••   •••••


ကျွန်တော့် နှလုံးသား မှာ အချစ် သည် ပုံမှန် ထက် စောစီးစွာ ပူနွေး နိုးကြား လာ ပြီး ပုံမှန် ထက် စောစီးစွာ အေးစက် သေဆုံးသွားသည် ဟု ပြောရမည်လား မသိပါ ။


ကျွန်တော် တက္ကသိုလ်ကျောင်းသား ဘဝ မှာ အချစ် ကို ရှာဖွေ မတွေ့ရှိ တော့ပါ ။ကျွ န်တော့် နှလုံးသား မှာ နိုင်ငံရေး ရေစီးကြောင်းကြီး က အားကောင်းစွာ စီးဆင်း နေပြီ ဖြစ်၏ ။ ထို ရေစီးကြောင်းကြီး က ပဲ အခြား အခြား သော အရာ အားလုံး ကို ဒိုက်သရိုက်များ ပမာ သိမ်းကျုံး တိုက်စား ပစ်လိုက် ပါသည် ။


နယ်ချဲ့ စစ်ပုလိပ်များ ၏ မြင်းခွာသံ အောက် မှာ ရေတိမ် နစ် ခဲ့ရသော ဗိုလ်အောင်ကျော် ကို ကျွန်တော် ကရုဏာပွား အားကျ ခဲ့သည် ။ “ မြင်းခွာ တစ်ချက် ပေါက်ရင် မီးဟုန်းဟုန်း တောက်စေရမယ် .....” ဆိုသော သခင် ဗဟိန်း ၏ ကြုံးဝါးသံ ကို ကြက်သီး ထ အားကျ ခဲ့သည် ။


ဦးခေါင်း ထဲ မှာ ၊ ရင် ထဲ မှာ ၊ နှလုံးသား ထဲ မှာ နိုင်ငံရေးမြင်းခွာသံ တွေ ပဲ တော်လည်း ပဲ့တင်ထပ် နေသည် ။ မြည်ဟိန်း ဆူညံ နေသည် ။ လက်ဝဲ အယူအဆများ က သာ ကျွန်တော့် တစ်ကိုယ်လုံး ကို လွှမ်းခြုံ ထားခဲ့၏ ။ ပစ္စည်းမဲ့ တော်လှန်ရေး .... ၊ မာ့က်(စ်) ၊ လီနင် ၊ စတာလင် ၊ မော် ၊ စိုး ..... ။


ကျွန်တော့် နှလုံးသား မြင်းရိုင်း ကို အနီရောင် ဆိုး လိုက်ပြီ ။ အနီရောင် မြင်း ..... ။ ခွာသံ သည် “ ခွပ် ခွပ် ခွပ် ” မဟုတ်တော့ ။ “ ရဲ ရဲ ရဲ ” ဖြစ်သွားပြီ ။ 


သည်လိုနှင့် ယုံကြည်ချက် တစ်ခု အတွက် ကျွန်တော် ကျောင်းပညာ ကို စွန့်လွှတ် ခဲ့သည် ။ မိတ်ဆွေ သူငယ်ချင်းများ ကို စွန့်လွှတ်ခဲ့သည် ။ မိဘ ဆွေမျိုးများ ကို စွန့်လွှတ်ခဲ့သည် ။ ယုံကြည်ချက် အတွက် အသက် ကို ပင် စွန့်လွှတ်ရန် ဝန်မလေး ဟု ကျွန်တော် ကြွေးကြော်ခဲ့ ပါသည် ။


   •••••   •••••   •••••


ယုံကြည်ချက် အတွက် ကျွန်တော် အသက် မစွန့်ခဲ့ရပါ ။ သို့သော် နှစ်အတန် ကြာ သီးခြားကမ္ဘာ ထဲ မှာ နေဖူးခဲ့ ပါသည် ။


ကိုယ့် ရှေ့ က မြင်းတွေ ၊ ကိုယ် နှင့် အပြိုင် မြင်းတွေ ၊ ကိုယ့် နောက် က မြင်းတွေ ၊ ခေတ်  ဆို တဲ့ ကွင်းပြင်ကျယ်ကြီး မှာ ခွာသံ အမျိုးမျိုး ဖြင့် ပြေးလွှား ခုန်ပေါက် ၊ သွားလာ ၊ ရုန်းကန် နေကြစဉ် မှာ ကျွန်တော် က တော့ ခွာသံ မဲ့ ခြေစုံ ရပ် နေခဲ့ပေါ့ ။


အတိတ် က ခွာသံတွေ ကို ပြန်လည် တွေးတော ကြည့် လိုက်တော့ ပျော်ရွှင် ကြည်နူးခဲ့ရသည့် အဖြူရောင် ခွာသံတွေ ၊ ရင်ခုန် လွမ်းမောခဲ့ရသည့် ပန်းနုရောင် ခွာသံတွေ ၊ တက်ကြွ မာန်ပြင်းခဲ့ရသော အနီရောင် ခွာသံတွေ ၊ နာကျည်း ခံပြင်းခဲ့ရသည့် အနက်ရောင် ခွာသံတွေ .... ။


ခွာသံတွေ  .....


ခွာသံတွေ ......


သူများ ခွာသံတွေ ကို နားစွင့် ကြည့် လိုက်ပြန်တော့ လည်း တချို့ တွန်းထိုး ရုန်းကန် ဟောဟဲဆိုက် လို့  ...... တချို့ အသားကျ ပြေး လို့ .... ၊ တချို့ ကြော့ကြော့မော့မော့ အလှ ပြေးလို့ ...... ၊ တချို့ တိမ်တိုက် ထဲ က နတ်မြင်းပျံ လို လေဟုန် စီးလို့ ..... ။


ခွာသံတွေ ..... 


ခွာသံတွေ .....


“ ခင်ဗျား ဘဝ မှာ ဖိစီးမှု တော်တော်များခဲ့သလား ။ stress and strain ပေါ့ဗျာ ”


ဆရာဝန်လေး စကား ကြောင့် ကျွန်တော် ပစ္စုပ္ပန် တည့်တည့် သို့ ပြန် ရောက် လာပါသည် ။ ကျွန်တော် အသက် ကြီး ပြီ ။ ကျွန်တော် ကျန်းမာရေး မကောင်းတော့ပါ ။ ယခု မျက်နှာစိမ်း ဆရာဝန်လေး နှင့် ပြသ နေရခြင်း ဖြစ်ပါ၏ ။


“ ဘာဖြစ်လို့လဲ ဆရာ ”


“ ခင်ဗျား မှာ သွေးတိုး ရှိ နေတယ် ။ ပြီးတော့ နှလုံးခုန်သံ ကလည်း ပုံမှန် မဟုတ်ဘူး ။ ဂဲလော့ရစ်သမ် ( Gallop Rhythm ) ကြား နေရတယ် ” 


“ ခင်ဗျာ ”


“ ဪ .... ဂဲလော့ရစ်သမ် ဆိုတာ နှလုံးခုန်သံ က မြင်း ပြေး သလို ၊ မြင်းခွာသံ လို ၊ အသံ သုံးသံ ကြား နေရတာ ကို ပြောတာပါ ။ ပုံမှန် ရှိရမယ့် နှစ်သံ ထက် တစ်သံ ပို နေတယ် ။ ဒါ နှလုံးရောဂါ တစ်ခု ခု လို့ စဉ်းစားရမယ့် အချက်ပဲ ။ သမားတော် နဲ့ ပြ ကြည့်ပါလား ။ အီးစီဂျီတွေ ၊ ဘာတွေ တိုင်းကြည့် ၊ ရောဂါ စောစော သိ ၊ စောစော ကု တော့ အသက် ရှည်တာပေါ့ဗျာ ” 


“ ဟုတ် ... ဟုတ်ကဲ့ ၊ ကျွန်တော် ပြကြည့်ပါ့မယ် ဆရာ ” 


ဆေးခန်း က ထွက် လာတော့ ကျွန်တော့် ရင်ထဲ လှိုက် နေသည် ။ ငှား လာ သည့် မြင်းလှည်း ပေါ် တက် လိုက်တော့ ခြေထောက်တွေ က လေးလံ နေ သည် ။ ခေါင်း က လည်း တစစ်စစ် ကိုက် လို့ ။ မြင်းလှည်းကလေး က ကျွန်တော့် ခန္ဓာကိုယ်ကြီး ကို သယ်ဆောင်ပြီး လမ်းမ ပေါ် မှာ တခွပ်ခွပ် နှင့် ပြေး နေပြီ ။ ကျွန်တော့် နား ထဲ မှာ တော့ ဆရာဝန့် စကား ပဲ ကြား နေသည် ။ 


ခင်ဗျား ဘဝ မှာ ဖိစီးမှု တော်တော် များခဲ့ သလား တဲ့ ။


ခင်ဗျား နှလုံးခုန်သံ ဟာ ပုံမှန် မဟုတ်ဘူး တဲ့ ။ 


( Gallop Rhythm ) မြင်းခွာသံ လို နှလုံးခုန်သံမျိုး တဲ့ ။ 


မြင်း ... ခွာ ...... သံ .... တဲ့ ။


◾ ဂျိုဇော်


📖 ပိတောက်ပွင့်သစ် မဂ္ဂဇင်း

     အမှတ် ( ၁၂ )  ၊ ၁၉၉၆ 


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment