အခန်း ( ၂ )
ကျွန်တော်တို့ ဒီ ရပ်ကွက် ထဲ ကို ပြောင်းလာ ပြီးပြီးချင်း ဖိုးစော သွား ပြီး ပတ်ပတ်သက်သက် စ လုပ်တာ က တော့ ခေါင်းရင်း အိမ် က ‘ အန်တီလှ ’ ဆိုတဲ့ ဘွားတော်ကြီး ပဲ ။
ဘွားတော်ကြီး က ဗျာ အသက် ခြောက်ဆယ် ကျော် နေပါပြီ ။ ခေါင်း တစ်ခုလုံး မှာ လည်း ဆံပင်တွေ ဖြူလို့ ဖွေးလို့ ... ။
ဒါပေမဲ့ အဲဒီ ဖြူကြောင်ကျား နေတဲ့ ဆံပင်တွေ ကို ( အဲဒီတုန်း က ခေတ်စား တဲ့ ) ဒိုင်ယာနာ ကေ လို့ ခေါ်တဲ့ ဆံတိုကုပ်ဝဲလေး ညှပ်ပြီး ပုံသွင်း ထား တာ ဗျား ။ စဉ်းစားသာ ကြည့်တော့ ။ ဘယ်လောက် တောင် လူရိုသေ ရှင်ရိုသေ မဖြစ်လိုက်တဲ့ ပုံဆိုးပန်းဆိုးကြီး လည်း ဆိုတာ ။
ပြီးတော့လည်း စကား ပြော လိုက်ရင် သူ့ ကိုယ် သူ ‘ အလှ က လေ ’ ‘ အလှ ပြောချင်တာက ... ’ ၊ ‘ အလှ အတွက် ဆိုရင် ’ နဲ့ တစ်ချိန်လုံး ‘ အလှ ’ ချည်းပဲ လုပ် နေတာ ။ သူ့ ကိုယ် သူ ဆယ့်ခြောက်နှစ် သမီးလေး ကျ နေတာပဲ ။
ကျွန်တော် တို့ က လည်း နားကြားပြင်း ကတ်တာ တစ်မျိုး ၊ ရယ်ချင် တာ တစ်မျိုး နဲ့ တော်တော် ကို အောင့်အည်း သည်းခံပြီး စကား ပြော ရတယ် ။ ပန်းချီဆရာ က တော့ စိတ်ပေါက်ပေါက် ရှိလာ ရင် ဘွားတော်ကြီး သူ့ ကိုယ် သူ ‘ အလှ က လေ .. အလှ က လေ ’ လုပ် လာပြီ ဆိုတာ နဲ့ ရုပ်ရှင်မင်းသား ဝင်းဦး ရဲ့ သီချင်းစာသား တစ်ပုဒ် ကို အော်အော် ဆို ပြီး ထ က တော့တာပဲ ။
ကြားဖူး ကြ မှာ ပါ ။
“ တကယ် မမောပန်းစေရန် ကို ကွယ် ပြော .. ပြောပြမယ် ၊ ကိုယ့် ဌာနေ ဝန်းကျင် မှာ ကွယ် တကယ်ကို အလှ ရှိတယ် ”
ဆိုတဲ့ သီချင်းလေ ။
တကယ်ပဲဗျာ ။ စိတ်ကုန်တယ် ။
ကိုယ် နဲ့ မှ တည့်တည့်ကြီး တိုး တဲ့ ‘ ထပ်တူကျအလွဲ ’ ဆိုတာ အဲဒါမျိုး ပေါ့ ။
ပြီးတော့ ဘွားတော်ကြီး က ဘာ ကြွားသလဲ မမေးနဲ့ ။ ကြွားပြီ ဟေ့ ဆိုရင်လည်း ‘ အလုံးကြီး ’ တွေ ချည်း ရွေး လွှတ်တာဗျ ။
ပြောပြရဦးမယ် ။ ကျွန်တော်တို့ ပြောင်းလာခါစ က ဗြုန်း ဆို မပြောမဆို အိမ်ပေါ် တက် လာပြီး ...
“ မင်း တို့ က ခေတ်ပညာတတ် တွေ ဆိုတော့ သိချင်တာလေး တစ်ခု ရှိလို့ မေးရ ဦးမယ် ၊ ဟိုလေ အလှ တို့ အိမ် မှာ သုံး နေတဲ့ ထမင်းပေါင်းအိုး က ပေါ်ဆန်းမွှေး တစ်မျိုး ပဲ ထည့်ချက် လို့ ရ တာလား ၊ ဧည့်မထ တို့ ဘာတို့ ကော ချက်လို့ ရသလား လို့ ၊ အဲဒါ လိုက် ကြည့်ပေးပါဦး ကွယ် ”
အဲဒါ အကောင်း ပြောတာ မဟုတ်ဘူးဗျ ၊ သူ့ အိမ် မှာ Rice Cooker လို့ ခေါ်တဲ့ ခေတ်မီ ထမင်းပေါင်းအိုးစက် ရှိတယ် ဆိုတဲ့ အကြောင်း ရယ် ၊ သူ ဟာ ပေါ်ဆန်းမွှေး ဆိုတဲ့ ဆန် အကောင်း ကို မှ အမြဲ ချက်စားနေ သူ ဖြစ်တဲ့ အကြောင်းရယ် ကို အလုံးကြီး နှစ်လုံး တစ်ပြိုင်တည်း ပစ် ထည့် လိုက်တာ ။
အဲဒီတုန်း က ၁၉၈၆ - ၁၉၈၇ ခုနှစ် ဆိုတော့ လူ အများစု က သမဝါယမဆိုင် က ပေးတဲ့ ‘ ဧည့်မထ ’ တို့ ၊ ‘ ငစိန် ’ တို့ ဆိုတဲ့ ဆန်ကြမ်းတွေ ပဲ စား နေရတာ ကိုး ။
ပြီးတော့ Rice Cooker လို့ ခေါ်တဲ့ ထမင်းပေါင်းအိုး ကို လည်း ဒီလို ရပ်ကွက်ကလေး မှာ တော်ရုံတန်ရုံ ဝယ်နိုင် သုံးနိုင်ကြသေးတာ မဟုတ် ဘူးလေ ။
အန်တီလှ ရဲ့ သမီးအငယ်မ က သင်္ဘောသား နဲ့ ညားပြီး ရန်ကုန် က တာမွေ မှာ နေတယ် ဆိုလား ။ သမီး အကြီးမ က တော့ အပျိုကြီး ပါပဲ ။ အသက် ( ၄၀ ) လောက် ရှိမယ် ။ စက်ချုပ် ပြီး သူ့ အမေ ကို ရှာဖွေ ကျွေးမွေး နေတာပေါ့ ။
ရန်ကုန် မှာ နေတဲ့ သမက် သင်္ဘောသား က တစ်ခါတလေ ပို့ပို့ ပေး တော့ အန်တီလှ ခမျာ ခေတ်ပေါ် နိုင်ငံခြားပစ္စည်းတွေ အသုံးအဆောင်တွေ ရ ရ လာ တတ်တယ် ။ ဒါကိုပဲ ကြွား လို့ မဆုံးဘူး ဖြစ် နေတာ ။
တစ်ခါက လည်း နေ့လယ် နေ့ခင်းကြီး ကျွန်တော် နဲ့ ပန်းချီဆရာ က ရန်ကုန် က မဂ္ဂဇင်းတိုက်တွေ ဆီ သွားပြီး ပြန် လာ ကြတာ ။
စာမူခတွေ ဘာတွေ လည်း ရ မလာ ခဲ့ တော့ ကားမှတ်တိုင် က နေ ရပ်ကွက် ထဲ ကို ဆိုက်ကား တောင် ငှား မစီးနိုင်ပါဘူး ။ ခြေကျင် ပဲ သုတ် ရတော့ တာပေါ့ ။
လမ်း ထဲ ချိုး ဝင်ပြီး အန်တီလှ အိမ် ရှေ့ လည်း ဖြတ်လျှောက် မိ ရော ...
“ ဟယ် ... မင်းတို့ နှယ်ကွယ် နေပူကြီး ထဲ လမ်းလျှောက် ပြန်လာရ သလား ။ ပင်ပန်း မှာ ပေါ့ ကွယ် ၊ လာ .. လာ .. အလှ တို့ အိမ် မှာ ခဏ ဝင် နား လိုက်ဦး ”
ဟင် ... သူ နဲ့ ကျွန်တော် တို့ နဲ့ က ခြေရင်း ခေါင်းရင်း ကပ်လျက် နေတဲ့ ဥစ္စာ ။ နောက်ထပ် ခြေလှမ်း လေးငါးလှမ်း သွား လိုက်ရင် ကိုယ့် အိမ် ကိုယ် ပြန် ရောက်ပြီ ပဲ ဟာ ကို ။ ဘာကိစ္စ သူ့ အိမ် မှာ ခရီး တစ်ထောက် နား နေရဦး မှာ လဲ ။
ကျွန်တော် တို့ က..
“ နေပါစေ ... အန်တီလှ ရယ် ”
လို့ ပြောလည်း မရဘူး ။ ဇွတ် ပဲ ။ သူ့ အိမ် မှာ မှ ခဏတစ်ဖြုတ် ဝင်ပြီး မနားလိုက် ရင် ကျွန်တော် တို့ ဟာ ချက်ချင်း လက်ငင်း ကို နေပူဒဏ် သင့်ပြီး တုံးခနဲ လဲ သေတော့ မလောက် ကို ပြောပြီး အတင်း ခေါ်တာ ။
အဲ ... အားနာပါးနာ နဲ့ ပဲ ဆိုပါတော့ ... ။
ကျွန်တော်တို့ နှစ်ယောက်သား သူ့ အိမ်ရှေ့ခန်း ကြမ်းပြင် ပေါ် ဝင် ထိုင်မိ လိုက်ကြ တယ် ဆို ရင်ပဲ အန်တီလှ တစ်ယောက် စပြီး ဗွေဆိုး ဖောက် တော့တာပဲ ။
“ မင်းတို့ နေပူ ထဲ က လာတာ ဆိုတော့ ရေငတ် မှာ ပဲနော် ၊ ရေအေးအေး လေးများ မသောက်ချင်ကြဘူးလား ”
အင်း ... လုပ်တော့ လုပ်လာပြန်ပဟ ။
ကျွန်တော် တို့ စိတ် ထဲ က ကျိတ် ရေရွတ်ရင်း တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်မိ ကြတယ် ။
ပန်းချီဆရာ က တစ်ခုခု ကို ဘု မပြော မိအောင် အသက် အောင့်ပြီး ပါးကြီး နှစ်ဖက် ကို ဖောင်း ထားတယ် ဗျ ။ တော်တော် ချုပ်တည်း ထား တာ ။
ကျွန်တော်တို့ ဆီ က ဘာ စကား မှ ထွက် မလာတော့ အန်တီလှ က ပဲ မအောင့်နိုင် မအည်းနိုင် ဖြစ်လာပြီး ...
“ အို ... ဟုတ်ပါတယ်လေ ၊ နေပူ ထဲ က လာတာ ဆိုတော့ ရေခဲရေ အေးအေး သောက် မှ ကို ဖြစ်တော့မယ် ။ အလှ တို့ အိမ် မှာ ရေခဲရေ အဆင်သင့် ရတယ် ကွဲ့ ။ သမီး ရေ မိသက် .. ရေခဲရေ နှစ်ခွက် ယူခဲ့ပါဦး ကွယ် ”
သေချာတယ် ။ အန်တီလှ အိမ်မှာ ရေခဲသေတ္တာ ရောက် နေပြီ ။ ပန်းချီဆရာ က မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ...
“ နေပါစေ ... နေပါစေ ... အန်တီလှ ရယ် ၊ မသောက်တော့ပါဘူး ။ ဟိုကောင် ဖိုးစော ကို သာ ခေါ် တိုက် လိုက်ပါ ။ ဒီကောင် က ရေခဲရေ အရမ်း ကြိုက် တာ အန်တီလှ ရဲ့ ၊ အဟုတ် ... တကယ် ... ဘုရားစူးရ စေ ရဲ့ ”
“ ဟင် .. ဟုတ်လား ၊ ဒါဆို မောင်ဖိုးစော ကို ခေါ် တိုက်ဦးမှပဲ ။ ဟင်း ... ဟင်း ... မနေ့ က ပဲ ရန်ကုန် မှာ နေတဲ့ သမက် က ရေခဲသေတ္တာ တစ်လုံး ပို့ လိုက် တယ်လေ ။ အင်း ... ကရင် က တော်ရှာပါတယ် ကွယ် ”
အန်တီလှ က သူ့ သမက် ကို “ ကရင် ” လို့ ခေါ် တတ်တယ် ။ ကရင် လူမျိုး မို့ လို့ ပဲလား ၊ ငယ် နာမည် က “ ကရင် ” မို့ လို့ လားတော့ ကျွန်တော် တို့ မသိဘူး ။
အန်တီလှ ရဲ့ သမက် ချီးမွမ်းခန်း မဟာ အကြွားတော်ပုံ အစ မှာ တင် ကျွန်တော်တို့ နှစ်ယောက် ကသောကမျော ထ ပြန်တယ် ။ ဒါတောင် မလွတ်ဘူး ။
နောက် က နေ လှမ်း အော် ပြောလိုက်တဲ့ အန်တီလှ ရဲ့ စကားသံ ကို ကြား ဖြစ်အောင် ကို ကြား လိုက် ရသေးတယ် ။
“ မင်း တို့ လည်း ကန်စွန်းရွက် တို့ ၊ ချဉ်ပေါင်ရွက် တို့ ဝယ် လာရင် ဒီ အိမ် က ရေခဲသေတ္တာ ထဲ မှာ လာ ထည့် ထားလို့ရတယ် သိလား ၊ အားမနာနဲ့ နော် ”
ခံလိုက်ရပုံများ ဗျာ ။
“ ဟုတ်ကဲ့ ” လို့ တောင် ပြန် မပြောနိုင်တော့ဘူး ။
••••• ••••• •••••
အဲဒီလိုမျိုး ကြွားပြီ ဆိုရင် “ အလုံးကြီး ” တွေ ပဲ လွှတ်တတ် လွန်း လို့ အန်တီလှ ကို ရပ်ကွက် ထဲ က လူတွေ က ..
“ မော်ရီယာမင်း ”
လို့ နာမည်ပြောင် ပေး ထားကြတယ် ။
သိတယ် မဟုတ်လား ။ မောရီယာမင်း ဆိုတဲ့ အားဆေး က အကြော ထဲ သွင်း ရတာလေ ။
အကြောဆေးသွင်း ၊ ဒရစ်ပုလင်းချိတ် တာ ကို ရပ်ထဲ ရွာထဲ မှာ က ‘ အလုံးကြီး ’ ချိတ်တယ် လို့ ခေါ်တာကိုး ။
••••• ••••• •••••
အန်တီလှ ကို ရပ်ကွက် ထဲ က လူတွေ မေးငေါ့မယ် ဆိုရင် လည်း ငေါ့ စရာပေါ့ ဗျာ ။ အန်တီလှ က ဟို ကိစ္စ ဝင် ဖွ ၊ ဒီ ကိစ္စ ဝင် ဖွ နဲ့ ရှုပ် တာကိုး ။
သူများ ကို တမင် ဒုက္ခ ပေး တာတော့ မဟုတ်ဘူး ။ အဲဒီလို ယုတ်မာ တဲ့ ညစ်ပတ်တဲ့ စိတ်တော့ အန်တီလှ မှာ မရှိတာ သေချာတယ် ။
ဒါပေမဲ့ ခက်နေတာ က ..
လူကြား သူကြား ထဲ မှာ အထူအပါး နား မလည်တာ ။ ပြောချင် ရာ စွတ် ပြော ၊ လုပ်ချင်တာ စွတ် လုပ် တာ ။
တလွဲ လုပ်တဲ့ နေရာ မှာ တော့ တကယ့် ကို ရွပ်ရွပ်ချွံချွံ ဗျ ။
ကျွန်တော် တို့ ဒီကို ပြောင်း လာခါစ တုန်း က ပန်းချီဆရာ က အလှမွေး ငါးကန် ခပ်သေးသေး တစ်ခု သယ် လာပြီး ‘ ဖလားဝါးဟွန်း ’ ငါးလေး တစ်ကောင် ထည့် မွေး ထားတယ် ။ သူ ကြည့်ပြီး ပန်းချီ ဆွဲချင်လို့ ထင်ပါရဲ့ ။
ဒါပေမဲ့ မကြာပါဘူး ။ မီး က ခဏခဏ ပျက်တော့ အောက်စီဂျင် မရတာ နဲ့ ငါးလေး သေသွား ရှာတယ် ။
အဲဒီနေ့ က လည်း တစ်နေ့လယ်ခင်းလုံး ကျွန်တော်တို့ က အပြင် သွား နေကြတာ ။ ညနေ ပြန် ရောက်ပြီး ငါးလေး ကို အစာ ကျွေးမယ် လုပ်တော့မှ ကန် ထဲ မှာ ပေါလောလေး မျောပြီး သေနေတာ ကို တွေ့ ရတာပဲ ။
ပန်းချီဆရာ ဆိုတာ စုတ်တသပ်သပ် နဲ့ သူ့ ကိုယ် သူ အပြစ်တင် လို့ ကို မဆုံးဘူး ။ ကျွန်တော် တို့ လည်း တော်တော်ကြီး ကို စိတ် မကောင်း ဖြစ် တာပါ ။
ဒါမျိုး ကြုံဖူးတဲ့ သူ တိုင်း ကျွန်တော် တို့ ကို ကိုယ်ချင်းစာ တတ်မှာပါဗျာ ။
ကျွန်တော်တို့ တွေ အားလုံး ငိုင် နေကြ တဲ့ အချိန် မှာ အန်တီလှ တစ်ယောက် ကော့ပက်ကော့ပက် နဲ့ အိမ် ပေါ် တက် လာတယ် ။ မျက်စိပျက် မျက်နှာပျက် ဖြစ်နေကြတဲ့ ကျွန်တော်တို့ ကို ကြည့်ပြီး ..
“ ဘာဖြစ်နေကြတာတုံး ဟဲ့ ”
ကျွန်တော် က ကန် ထဲ က ငါးအသေကောင်လေး ကို ပိုက် နဲ့ ခပ် ဆယ်လိုက်ပြီး ...
“ ရွှေငါးလေး သေသွားလို့ အန်တီလှ ရဲ့ ”
“ ဟယ် ... ဖြစ်မှ ဖြစ်ရလေ ဟယ် ”
ပိုက် ထဲ မှာ ပါ လာတဲ့ ရွှေငါး အသေလေး ကို ကြည့်ပြီး အန်တီလှ တော်တော် စိတ်ထိခိုက်သွားပုံပဲ ။ သူ က ..
“ သနားစရာ ကောင်းလိုက်တာ နော် ။ သူ့ ခမျာ ကံ ဆိုးရှာတယ် ကွယ် ”
ဒါ အန်တီလှ တကယ် သနားလို့ တကယ် ကြေကွဲလို့ ပြောတာ ။ ဟုတ်တယ် ၊ ကျွန်တော် သိတယ် ။ ဒါပေမဲ့ ချက်ချင်း ပဲ သူ ဆက် ပြောတဲ့ စကား ကို ကြည့်ဦး ။
“ ဒီ ကောင်လေး ကို ချက် စားရင် ဘယ်လို အရသာ ရှိမလဲ မသိဘူး နော် ”
ကျွန်တော်တို့ အားလုံး စိတ် ထဲ မှာ ဖု သွားတယ် ။ ကြည့်စမ်း ... အကြံ ပက်စက်လိုက် ပုံ ။
ကျွန်တော် က ...
“ ဟာ ... အန်တီလှ က လည်း ခုနကပဲ သနားစရာလေး ဘာလေး ပြော နေပြီးတော့ ချက်စားဖို့ စိတ်ကူးရက်သေးတယ် ဗျာ ”
“ ဟဲ့ ... ဘာဆိုင်လို့လဲ ၊ သနားတာ က သနားတာ သတ်သတ် ၊ သူ့ အရသာ ကို သိချင်တာ က သတ်သတ်ပဲ ဥစ္စာ ။ ဈေး ထဲ မှာ ဝယ်စား ရတဲ့ ငါးတွေ နဲ့ ဘာများ ကွာသလဲ သိချင်လို့ပါဟယ် ”
အဲဒီလို ပြောပြီး ကျွန်တော့် မျက်နှာ ကို တစ်ချက် လှမ်း အကဲခတ် တယ် ။ ပြီးတော့ မျက်စတစ်ချက် ပစ်ပြီး ...
“ ကဲ .. ဘယ့်နှယ်တုံး ” တဲ့ ။
သူ့ ရဲ့ ‘ ဘယ့်နှယ်တုံး ’ ဆိုတာကြီး က “ ချက်စားကြရအောင် ” လို့ အထာ နဲ့ ညှိ လိုက်တာမှန်း ကျွန်တော် ရိပ်မိတာပေါ့ ။ ဒါနဲ့ ...
“ တော်ပါ ... အန်တီလှရယ် ”
ဆိုပြီး မနည်း ချော့မော့ လွှတ်လိုက်ရတယ် ဗျာ ။
••••• ••••• •••••
အန်တီလှ နဲ့ လေပေး ဖြောင့် တာ က တော့ ကျွန်တော်တို့ ကောင်ကြီး ဖိုးစော ပဲ ။ အန်တီလှ က လည်း သူ့ လေကြော မှာ သာ ဒိုင်ခံ မျောပါ ပေးမယ် ဆိုလို့ ကတော့ ကြည်ဖြူပြီး သား ၊ ရင်ဖွင့် ကြိုဆိုနေပြီးသား ။
ကြည့်လေ ။
အန်တီလှ က သူ့ ရဲ့ ဒိုင်ယာနာမင်းသမီး ပုံစံ ညှပ် ထားတဲ့ ဆံတိုကုပ်ဝဲလေး ကို သပ်ကာသပ်ကာ နဲ့ ( ဒိုင်ယာနာမင်းသမီး နဲ့ တော့ ဘယ် တူမှာလဲဗျာ ၊ သူ က ဆံပင်တွေ ဖြူနေပြီပဲ ဥစ္စာ ၊ ကြာဆံဖတ်တွေ ခေါင်း ပေါ် ရွက်ထားတာနဲ့ ပဲ တူ တာပေါ့ )
အိုက်တင် ကတော့ တစ်စက် မှ မလျှော့ ဘူး ။
“ ဟင်း.. ဟင်း.. ဒီမှာ မောင်ဖိုးစော ရဲ့ ၊ အလှ တို့ ငယ်ငယ်တုန်း က များ လမ်း ဖြတ် လျှောက်သွားပြီ လား ဆိုရင် ယောက်ျားတွေ မှန် သမျှ က လည်ပြန် ငေးကြည့် ရတာ ကွဲ့ ”
“ ဟုတ်မယ် ... ဟုတ်မယ် ၊ ခု ထိ တောင် အန်တီလှ ရဲ့ ရုပ်ရည် နဲ့ ဆို ကြိုက်တဲ့ ယောက်ျား ကို ခေါင်းခေါက် ယူလို့ ရ နေတုန်းပဲ ”
ဒါက ဖိုးစော ရဲ့ စကား ထောက် ။
အင်း ... လိုက် လည်း လိုက်ဖက်ကြပါပေတယ် ။ ဒီ ကောင် က အဲသည်လို စကား ထောက် ပေး လေလေ ဟို ဘွားတော်ကြီး က ဖီလင်တွေ တက်တက် ပြီး စွတ် တင်လေလေပေါ့ ဗျာ ။
“ ဟင်း .. ဟင်း .. ဟင်း .. ယောက်ျားများ တော့ မလိုချင်တော့ပါဘူး မောင်ဖိုးစော ရယ် ၊ ငယ်ငယ်တုန်း က များ ဆို ယောက်ျားတွေ ကို ကိုယ် ပေါ် ပုရွက်ဆိတ်တွေ တက် သလို သပ်သပ်ပြီး ချရတာ ကွဲ့ ”
“ ဪ ... လက်စသတ်တော့ အန်တီလှ ဆိုတာ ခေသူ မဟုတ်ဘူးပဲ နော ”
အဲဒီမှာ ဘုန်းကြီးရူး နဲ့ လှေလူး တွေ့ ကြတော့တာပဲ ။
••••• ••••• •••••
ကောင်းတဲ့ တစ်ချက် တော့ ရှိတယ် ။
အိမ်လခ ပေးရမယ့် ရက် လည်း နီး နေပြီ ။ ကျွန်တော် တို့ လက် ထဲ မှာ လည်း ပိုက်ဆံ ပြတ် နေပြီ ဆိုရင် ပိုက်ဆံ လွယ်လွယ်ကူကူ ချေးလို့ ရမယ့် လူ က အန်တီလှ တစ်ယောက် ပဲ ရှိတယ်ဗျ ။
အဲဒီအခါ ကျရင် ဖိုးစော ကို ရှေ့တန်း တင်ပြီး အန်တီလှ ဆီမှာ ပိုက်ဆံ သွား ချေးခိုင်းရတော့တာပဲ ။
ရယ်တော့ ရယ်ရတယ် ။
ဖိုးစော ရော အန်တီလှ ရော နှစ်ယောက် စလုံး က တွက်တဲ့ ချက်တဲ့ နေရာ မှာ လည်လည်ဝယ်ဝယ်တွေ မဟုတ်လား ။
ချာလပတ် ယမ်း နေကြတော့တာပဲ ။
ဖိုးစော က ..
“ အန်တီလှ ကျွန်တော်တို့ ကို ပိုက်ဆံ နှစ်ရာ လောက် ချေးစမ်းပါ ဗျာ ”
“ ဟဲ့ ... နှစ်ရာ တောင် ၊ များလှချည်လား ဟဲ့ ။ ငါ့ မှာ ဘယ် ရှိပါ့မလဲ ”
ဟုတ်တယ်ဗျ ။ အဲဒီ အချိန်ကာလ တုန်း က ပိုက်ဆံ နှစ်ရာ ဆိုတာ တန်ဖိုး တော်တော်များ တာ ။ ရုံးစာရေး လစာ တောင် မှ ၄၂ဝ ကျပ် စကေး ပဲ ရှိတာ ။ အဲဒီ လစာ နဲ့ ချွေချွေတာတာ စားရင် တစ်လစာ စရိတ် တော့ အလျင် မီ တယ် ။
အမြင့်ဆုံး ထီဆုငွေ မှ တစ်သိန်း ထဲ ရယ် ။ ဒါပေမဲ့ အဲဒီ တစ်သိန်း နဲ့ ဆို ဖင်မလီယာကား တို့ ဘာတို့ ဝယ် စီးနိုင်သေးတယ် လေ ။
အဲဒီတော့ ပိုက်ဆံ နှစ်ရာ ကို တစ်လုံးတစ်ခဲ တည်း ပေးဖို့ အန်တီလှ လက်တွန့် တာပေါ့ ။
ဖိုးစော က လည်း မရမက ကုတ်ကပ် ပြီး ...
“ အဲဒါဆိုလည်း တစ်ရာ တော့ ချေး ဗျာ ”
ဟုတ်တယ် ။ တစ်ရာ တော့ ရမှ ဖြစ်မယ် ။ ကျွန်တော် တို့ ငှား နေတဲ့ အိမ်လခ က ၆ဝ မဟုတ်လား ။
ဒါနဲ့ အန်တီလှ တစ်ယောက် ဖိုးစော ကို မလွန်ဆန်သာ တော့ဘူး ။ လက်ကလေး တုန်တုန်ရီရီ နဲ့ အိတ် ထဲ က ပိုက်ဆံတွေ ကို ထုတ် ရေတော့ ၃၅ ကျပ်တန် သုံးရွက် ထွက် လာတယ် ။
အဲဒီခေတ် တုန်းက ၃၅ ကျပ် တန် တို့ ၊ ၇၅ ကျပ် တန် တို့ ၊ ၂၅ ကျပ် တန် တို့ သုံးကြသေး တယ် ဗျ ။
အန်တီလှ က ပိုက်ဆံတွေ ကို ဖိုးစော လက်ထဲ ထည့်ပေးပြီး ...
“ ငါးကျပ် ပြန် အမ်းဦး ”
ဟုတ်တယ်လေ ။ ၃၅ ကျပ်တန် သုံးရွက် ဆိုတော့ ၁ဝ၅ ကျပ် ဖြစ်နေ တာကိုး ။ ဖိုးစော ရဲ့ ပုဆိုး ကြား မှာ လိမ်ညှပ် ထားတာက ဒီလ အတွက် ကျွန်တော်တို့ ရဲ့ နောက်ဆုံး လက်ကျန် ၁၀ ကျပ်တန် တစ်ရွက် ။
အဲဒီမှာတင် ဖိုးစော ရော ၊ အန်တီလှ ပါ သောကဗျာပါဒတွေ လှိုက်ဆူပြီး နှစ်ယောက် သား ခေါင်းချင်းဆိုင် မှိုင်တော့တာပဲ ။ သူတို့ ဘာ လုပ်ရမှန်း မသိကြတော့ဘူးလေ ။
အန်တီလှ ကို ပေးရမှာက ငါးကျပ် ၊ ဖိုးစော မှာ ရှိနေတာ က တစ်ဆယ် ။ ပို နေတဲ့ ငါးကျပ် ကို ပြန် အမ်းစရာ ငါးကျပ် တန် လည်း အန်တီလှ မှာ မရှိဘူး ။ သူတို့ အတွက်တော့ ဒါဟာ ကမ္ဘာ့ ဘောဂဗေဒ ပြဿနာကြီး တစ်ခု လောက် ကို ကြီးကျယ် နေတယ် ။
ပန်းချီဆရာ က ဝင်ပြီး ပြောင်ချော်ချော် နောက်တောက်တောက် နဲ့ ။
“ ဒါများ လွယ်လွယ်လေး ဗျာ ။ အန်တီလှ က နောက်ထပ် ၃၅ ကျပ် တန် သုံးရွက် ထပ်ပေးလိုက်ပေါ့ ဗျာ ၊ ဒါမှ အန်တီလှ ဘက် က နောက်ထပ် ရစရာ ငါးကျပ် အစွန်း ထွက်လာမယ်လေ ။ အဲဒီတော့ မှ ဖိုးစော ဆီ က တစ်ဆယ် လုံး ယူလိုက် ၊ ပြီးရော ... ”
အန်တီလှ ရော ဖိုးစော ပါ မျက်နှာ ဝင်းခနဲ ဖြစ် သွားတယ် ။ အန်တီလှ က ...
“ အေး ... ဟုတ်သားပဲ ၊ လွယ်သားပဲ ။ ဟင်း ... ဟင်း .. ဖြုန်းခနဲ ဆို တော့ မစဉ်းစားမိဘူး ဖြစ်သွားတယ် ဟဲ .. ဟဲ ။ ကဲ ... ရော့ .. ရော့ ”
အန်တီလှ က နောက်ထပ် ၃၅ ကျပ်တန် သုံးရွက် ကို ပိုက်ဆံအိတ် ထဲ က ဖျိုးဖျိုးဖျတ်ဖျတ် ထုတ် ပေးပြီး ဖိုးစော လက် ထဲ က တစ်ဆယ်တန် ကို ဆတ်ခနဲ ဆွဲယူ လိုက်တယ် ။
••••• ••••• •••••
နောက် တစ်ရက် ကျ တော့ ...
အန်တီလှ တစ်ယောက် ကျွန်တော် တို့ အိမ် ပေါ်ကို စောင်းကန်း စောင်းကန်း နဲ့ တက် လာ ပြီး ...
“ မောင်ဖိုးစော ... မနေ့က မင်း ပိုက်ဆံ ချေးသွားတာ ‘ တစ်ရာ ’ လား ၊ ‘ နှစ်ရာ ’ လားဟင် ”
“ တစ်ရာ လေ ဗျာ ”
ဖိုးစော က မျက်လုံးပြူး မျက်ဆန်ပြူး နဲ့ ပြန် ဟောက်တယ် ။ အန်တီလှ က ...
“ ဒါပေမဲ့ ငါ က နောက်ထပ် သုံးဆယ့် ငါးကျပ်တန် သုံးရွက် ထပ် ပေးရ သေးတယ် မဟုတ်လား ”
အဲဒီ စကား ကြောင့် ဖိုးစော တွေတွေကြီး ဖြစ်သွားပြီး အသည်းအသန် ဦးနှောက် ထဲ မှာ တွက်ရချက်ရ တော့တာပဲ ။
ပြီးတော့ မှ အဖြေ ရ သွားပြီး ...
“ ဟာ ... ဘာ ဆိုင်လို့လဲဗျ ၊ အဲဒါက ကျွန်တော့် တစ်ဆယ်တန် ကို ပြန် မအမ်းနိုင်လို့ အန်တီလှ က နောက်ထပ် အလိုက် ပေးရတဲ့ဥစ္စာ ”
“ ဪ ... အေး .. အေး ... ဟုတ်သားပဲ ၊ ဟဲ ... ဟဲ အသက်အရွယ် က ရ လာတော့ နည်းနည်း မေ့တတ်လာတယ် ကွယ် ၊ ဟင်း .. ဟင်း ငယ်ငယ် တုန်းကတော့ ဒီလို ဘယ်ဟုတ်မလဲ ၊ အတွက်အချက် မှာ ဂျောင်းဂျောင်းပြေး နေ တာကွဲ့ မောင်ဖိုးစော ရဲ့ ၊ သိလား ”
“ ကျွန်တော် လည်း ကျောင်း မှာ တုန်း က ဆို သင်္ချာ မှာ အမြဲတမ်း အမှတ် ( ၁ဝဝ ) ရ နေကျ အန်တီလှ ရဲ့ ၊ ခုထိ တောင် ငါးအလီ ကို အလွတ် ရ နေ သေးတယ် ”
သူတို့ နှစ်ယောက် ပြောနေ ဆိုနေ တာ ကို အခန်း ထဲ ကနေ အတိုင်း သား ကြားနေရတဲ့ ကျွန်တော် တို့ မှာ အသံ ထွက်ပြီး မရယ် မိအောင် ခြုံ တဲ့ စောင် အနားစ ကို လုံးထွေး ပြီး ပါးစပ် ထဲ ဆို့ ထား ရတယ် ဗျာ ။
◾ မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment