❝ တူနှစ်ကိုယ် ❞
ညနေ လေးနာရီ ထိုးလုပြီ ဆို လျှင် အဆောင် ရှိ မိန်းကလေး တိုင်း လိုလို ရုံးစု ရုံးစု ဖြင့် လှုပ်လှုပ်ရှားရှား ဖြစ်လာရ စမြဲ ပင် ။ တချို့က ချစ်သူ လာ တွေ့မှာ မို့ တချို့က ညနေခင်း မှာ ချစ်သူ နှင့် ကြည်နူး သာယာဖို့ ၊ တချို့ က ခြေခင်းလက်ခင်း သာချိန် မှာ သက်သက် ကို လမ်းလျှောက် ဖို့ ၊ တချို့က မုန့်စား ၊ လက်ဖက်ရည် သောက် ထွက်ဖို့ အားလုံး မှာ က အကြောင်းပြချက် ကိုယ်စီ နှင့် ပင် ။ အဲဒီ အချိန် မှာ အိပ်ခန်း တွင်း အောင်းပြီး နေ ချင်တဲ့ သူ ဆိုတာ က တော့ မရှိ သလောက် ရှားပါး လှ ပါသည် ။ ထို့ကြောင့် ပင် မသစ္စ္စာ က တမျိုး ထူးဆန်းသော ရှားပါး မိန်းကလေး ဖြစ်လာရခြင်းပဲ ဖြစ်ပါလိမ့်မည် ။
••••• ••••• •••••
မသစ္စာ တို့ အဆောင် ၏ ညနေ လေးနာရီ သည် သိပ် အေးချမ်းသော ကြည်နူး သာယာဖွယ် ကြီးတော့ မဟုတ်ပါ ။ အဆောင် ရှေ့ ရှိ အတော် ကျယ်ပြောသော
မြက်ခင်းပြင်ကြီး က သာ စိမ်းစို နေ၍ နေရောင် အောက် မှာ လက်လက်ပြေး ကာ အေးဟန်အေးရိပ် ရှိပြီး ကောင်းကင် မှာ မူ နေ က ညှိုးရိပ်ပင် မသမ်းသေးဘဲ ရှိနေ တတ်သည် ။ သို့ပေမဲ့ အဆောင် ခြံဝင်း ဥယျာဉ် အတွင်း မှာ မူ သရက်ပွင့် တို့ ထုံဝေသည့် သရက်ပင် အုပ်အုပ်ကြီး ၏ အရိပ် တို့ ဖြင့် အေးရိပ် ရှိပြီး အဆောင် ရှေ့ လမ်းမကြီး ပေါ် တွင် လည်း ပိတောက်ပင်တန်း ကြောင့် အေးမြ ပါသည် ။ ထို့ကြောင့်ပင် ပူလောင်ရိပ် မကုန်နိုင်သေးသည့် ထို လေးနာရီ ဝန်းကျင် သည် မြို့ပြ ထက် မှာ ထက် စာ လျှင် တော့ မသစ္စာ တို့ အဆောင် ရှိ ရာ တက္ကသိုလ် ကျောင်းဝင်း နေရာလေး မှာ တော့ အေးမြ ငြိမ်သက်သည် ။ သာယာသည် ဟု ဆိုရမည် ဖြစ်ပါသည် ။ ပြီးတော့ ထို အချိန်သည် မသစ္စာ တို့ အဆောင်သူ အားလုံး ညနေခင်း ရေချိုး ပြီးစ ... မွှေးပျံ့ လှပသန့်ရှင်း ကြည်စင် နေ တတ်ရာ ထို ညနေခင်း က စိတ်ကြည်လင် ချမ်းမြေ့ ဖွယ်ရာ အမှန်ပဲ ဖြစ်လေသည် ။
••••• ••••• •••••
ညနေ လေးနာထိုး ဖို့ ဆယ်မိနစ် လောက် အလို တွင် မသစ္စာ ၏ အခန်း ဖေါ် မေစီ ၏ “ နှစ်ကိုယ်ကြင် တဲ့ ... အကိုလင် ရဲ့ .. ပျိုခင်နွဲ့ ... မျှော်တဲ့ ... လေးနာရီ ” ဟူသော သီချင်း ညည်းသံ ကို ကြားရမြဲ ပင် ၊ မသစ္စာ က “ မေစီ က လည်း ကွယ် လင် မှ မဟုတ်ဘဲ နဲ့မဆိုပါ နဲ့ ” ဟု တား လျှင် မေစီ က ပြုံးစစ ဖြင့် “ အိုး ... တစ်နေ့ ကျ ဖြစ် လာမှာပဲဟာ ” ဟု ပြန် ပြော တတ်၏ ။ မေစီ က မျက်နှာ တပြည့်စာ ကြည့်မှန်ကလေး ကို ကြည့်လို့ ပဲ မဝနိုင် ။ထို အချိန် မှာ တော့ မေစီ က သူ့ ရဲ့ ဒိုရူး ( Dohru ) မိတ်ကပ် ကို အသုံးမချဘဲ ရှင်မတောင် သနပ်ခါးတုံး ကို သာ နာနာ သွေး ကာ ခြေလက် ပါ မကျန် ဖုန် နေအောင် လူး တတ် ၏ ။ ပြီးတော့ နေ့တိုင်းလိုလို ပင် ပြုံးတုံ့တုံ့ မျက်နှာလေး ဖြင့် “ ကိုမောင် က ရှင်မတောင် သနပ်ခါးနံ့ ရရင် အမော ပြေတယ် တဲ့ ” ဟု ခပ်တိုးတိုးလေး ရေရွတ် ဟန် ဖြင့်ပြော တတ် သေး၏ ။ မေစီ အဲလို ပြောသည့် အခါတိုင်း မသစ္စာ ကတော့ မငြီးငွေ့ဘဲ မေစီ့ မျက်နှာလေး ကို အမြဲ ငေးမိ ရ တတ်သည် ။ အဲသည် အချိန်လေး မှာ မေစီ့ အပြုံး ဟာ တွေ့ဖူး သမျှ မှာ တော့ အလှဆုံး နဲ့ အရှင်သန်ဆုံး ပဲ ဟုလည်း အမြဲ တွေး မိ ရသည် ။ ထိုအခါ မေစီ ၏ ချို့ယွင်းချက် ဟု သူမ အမြဲ ယူဆမိ ရသည့် ချစ်သူ ယောက်ျားလေး အပေါ် မျက်နှာသာ ပေးမှု ကို မသစ္စာက အပြစ် ဟု မမြင်မိဘဲ ခွင့်လွှတ် လိုက်မိ ရတတ်သည် ။
တကယ်တော့ မသစ္စာ က ချစ်သူရည်းစား မထားဖူး သော် လည်း အချစ် ကို နားလည် ခံစား နိုင်သူ ၊ အချစ်များ အပေါ် ကိုယ်ချင်းစာ နာ တတ်သူပါ ။ ဒါကို ဘယ်သူ သိမလဲ ။ သို့ပေမဲ့ တစ်ချိန်တည်း မှာပဲ မသစ္စာ က အချစ်ကြီး ချစ်နိုင် သူများ ( သို့မဟုတ် ) ချစ်ခွင့်ရကြ သူများ အပေါ် မနာလို မုန်းထား ရှိ နေသည် ကို ရော ဘယ်သူ သိနိုင်မလဲ ။
ခက်သည် က မသစ္စာ က ကိုယ့် ကိုယ် ကို သိမြင်သော မိန်းမ ဖြစ် နေခြင်း ပင် ။
••••• ••••• •••••
မသစ္စာ မှတ်ထား သလောက် တော့ အဆောင် ၏ ဧည့်ချိန်တွေ မှာ ၊ အဆောင် ရှေ့ဥယျာဉ် ထဲ မှာ ထိုင် စကားပြော ကြသော စုံတွဲ က ခုနစ်တွဲ ရှိပြီး ၊ လမ်း လျှောက် လေ့ ရှိသော စုံတွဲ က ခြောက်တွဲ ရှိသည် ။ ပြီးတော့ သူမ တို့ အဆောင် မှ လှမ်း မြင်ရသည့် စားသောက်တန်း ( Canteen ) မှာ လက်ဖက်ရည် သောက်ရင်း စကား ပြောသော စုံတွဲ က သုံးတွဲ ရှိသည် ။ အားလုံးပေါင်း အဆောင် မှာ ရည်းစား ကို ညနေတိုင်း မျှော်စောင့် သော ကျောင်းသူများ က ၁၆ ယောက် ရှိသည် ။ ရည်းစား မရှိသေးသော ကျောင်းသူများ က တော့ ညနေခင်း လမ်းလျှောက် ပေါ့ ။ ကင်တင်း ထိုင်ပေါ့ ။ အဆောင် မှာ နေကျန်သူ ဟူ၍ စာဂျပိုး ရှစ်ယောက် နှင့် မသစ္စာ သာ ရှိမြဲ ဖြစ်သည် ။ မသစ္စာ က တော့ ညနေခင်း လေးနာရီ မှ စ၍ ရေ ချိုး သော ကျောင်းသူ တစ်ယောက် ဖြစ်သည် ။ အဲသည် အချိန် မှာ ဆိုလျင် စာဂျပိုး ရှစ်ယောက် မှ လွဲ ၍ အခြားသော ရေချိုးသူ ၊ ထမင်းစားသူ မရှိတတ်ပေ ။ မသစ္စာ က သာ စာဂျပိုး လည်း မဟုတ်ပါဘဲ နှင့် အဲသည် အချိန် မှာ မှ ရေချိုးတာ ။ ပြီးလျှင်တော့ ရည်းစား နှင့် သွား တွေ့မည့် မေစီ ထက် နည်းနည်းမှ မလျော့ သော အတိုင်းအတာ လောက် မွှေးပျံ့ ဖုံးလွှမ်း သည့် သနပ်ခါး တို့ ဖြင့် ကိုယ့် ကိုယ် ကို ခြယ်သ၏ ။ ကြည့်မှန် ထဲ မှာ ကိုယ့် မျက်လုံးတွေ ကို ကိုယ့် ဘာသာ ကိုယ် ပြန် စိုက် ကြည့် မိ လျှင် တော့ ထိုအချိန်မျိုး မှာ ကိုသန့်စင် ကို သတိရ လာမြဲ ဖြစ်သည် ။သူ က မသစ္စာ ရဲ့ မျက်လုံးတွေ အောက် မှာ ချမ်းမြေ့ သတဲ့ ။ မသစ္စာ လည်း ချမ်းမြေ့ ခဲ့ တာပါပဲ ။ ဒါပေမဲ့ ချမ်းမြေ့ ခဲ့တာ တစ်ခု ထဲ နဲ့ တော့ ဘဝ မှာ ( အထူးသဖြင့် ချစ်သူ စုံတွဲဘဝ မှာ ) မပြည့်စုံနိုင်ဘူး ထင်သည် ။ ( ဒါနဲ့ပဲ .. ကိုသန့်စင် ကို သူမ ငြင်း ခဲ့ရတာ ) ။ ဒါပေမဲ့ တချို့ ညနေ တွေ မှာ အဆောင် ကို သူ လာလို့ ဥယျာဉ် ထဲ မှာ စကား ထိုင် ပြော ရသည် ကို တော့ မသစ္စာ က စိတ် ချမ်းသာ ရ ပါသည် ။ ဘဝ ထဲ မှာ လှောင်ပိတ် ကျဉ်းကျပ် နေရ သမျှ အတွက် အမော ပြေ စရာ လေပြေ လေညှင်းကလေး ကို တစ်ချက် ရှူရှိုက် လိုက်ရ သလိုပေါ့ ။ ဘာပဲ ဖြစ်ဖြစ် ကိုယ့် ကို ချစ်ခင် တန်ဖိုး ထား ပါသည် ဆိုသော လူ တစ်ယောက် ရဲ့ ရှေ့ မှာ နေ ရတာ အား တမျိုး ရှိတာ တော့ အမှန်ပဲ ဖြစ်သည် ။ အနည်းဆုံး က တော့ ကိုယ့် ဘက် မှ ရပ်တည် ပေးမည့် လူ တစ်ယောက် ရှိ လာတာပဲ မဟုတ်လား ။ အဲသည် ကိုသန့်စင် ကြောင့် ပဲ မသစ္စာ က ညနေခင်း တွေ မှာ သနပ်ခါး မွှေးကြိုင် ခြယ်သ လို့ အဆင်သင့် ရှိ ခဲ့တာ ။ ကိုသန့်စင် က ညနေ ငါးနာရီ လောက် မှ လာ တတ်ပြီး
ခြောက်နာရီ ထိုးတိတိ လောက် မှာ ထ ပြန် တတ်သူမို့ မသစ္စာ က ခပ်အေးအေးပဲ လေးနာရီ ထိုးကာ မှ ရေ ချိုးတော့တာ အလှ ပြင်တော့တာ ။ တကယ်လို့ ကိုသန့်စင် ရောက် မလာတော့ ကောတဲ့ ။
••••• ••••• •••••
ညနေ လေးနာရီခွဲ ဆို အဆောင် ရဲ့ မျက်နှာစာ ဘယ်ဘက် ထောင့်စွန်း မှာ ရှိတဲ့ သူမ ၏ အခန်း ရှေ့ စင်္ကြံ မှာ သူမ ကိုယ်တိုင် ချ ထားသည့် ထန်းပက်လက်ကု,လားထိုင် မှာ ထိုင်နေပြီ ။ သူတို့ အဆောင် က လူသွားလမ်း နှင့် နီးပြီး အဆောင် ၏ မျက်နှာစာ က အုတ်ဝရံတာ မဟုတ်ဘဲ သံဇကာကွက် ဖြင့် သာ အပြည့် ကာရံ ထားသည်မို့ အဆောင်စင်္ကြံ မှာ ရှိသော လူတိုင်း ကို ရှင်းရှင်းလင်းလင်း မြင်ရ နိုင်သည် ။ အဆောင် ပေါ် ရှိ လူ က လည်း ပတ်ဝန်းကျင် မြင်ကွင်း ကို ရှင်းရှင်းလင်းလင်း မြင် ရသည် ။ ညနေ တွေ မှာ အဆောင် ရဲ့ ဒုတိယထပ် မျက်နှာစာ စင်္ကြံ ပေါ် မှာ ထန်းပက်လက်
ကု,လားထိုင် တွင် ထိုင် နေသော မသစ္စာ ကို ကြည့် ရသည် မှာ အိပ်မက် ဆန်လှသည် ဟု ကိုသန့်စင် က ပြောဖူးသည် ။ မသစ္စာ က တော့ သိပ် ကို သက်သောင့်သက်သာ ရှိ တာပါပဲ ။ ထန်းပက်လက်ကု,လားထိုင် ရဲ့ ခေါင်းမှီတန်း ပေါ် ခေါင်း ကို ခပ်မော့မော့ မှီ လျက် ကြည့် လျှင် ဖြင့် အဆောင် ၏ အရှေ့တောင်ဘက် မလှမ်းမကမ်း မှာ ရှိသည့်
စားသောက်တန်း မှ လူတွေ ၊ သူတွေ ကို ပင် မြင်ရ သေးသည် ။ မသစ္စာ တော့ ဥယျာဉ် ထဲ ဆင်းရတာ ထက် ၊ လမ်းလျှောက် နေရတာ ထက် ၊ ကင်တင်း သွား ထိုင် ရတာ ထက် ခုလို ထိုင် ကြည့် နေရတာ ကို ပဲ ဘယ်လို မက်မော မှန်း မသိပေ ။ ကိုသန့်စင် ရောက် လာခြင်း ၊ မလာခြင်း က လည်း အရေး မကြီးတော့ ။ ကိုသန့်စင် ရောက် မလာသော ညနေတွေ မှာ တော့ သက်သောင့် သက်သာ နိုင်လှစွာသော အမူအရာ ဖြင့် ထန်းပက်လက်ကု,လားထိုင် မှာ ထိုင်ရင်း ငေးသီ နေသော မျက်လုံးများ နှင့် ၊ တခါတရံ ချိုမြိန်စွာ ပြုံးတတ်သော မျက်လုံးများ ဖြင့် ၊ တခါတရံ ကြေမွသော မျက်လုံးများ ဖြင့် အနီးဝန်းကျင် ရှိ စုံတွဲတို့ ကို ငေးနေသည့် မသစ္စာ ကို တကယ့် ကို အိပ်မက် ဆန်စွာ တွေ့ကြရမြဲ ဖြစ်သည် ။
••••• ••••• •••••
ရေမိုး ချိုးပြီး ၊ သနပ်ခါး မွှေးထုံ လိမ်းပြီး Essence ဆပ်ပြာရည်နံ့ မွှေးထုံသည့် အဝတ်လတ်လတ် တို့ နှင့် လဲလှယ် အပြီး မှာ တော့ မသစ္စ က For men ဟု သေချာ ညွှန်းဆို ထားသည့် Eternity ရေမွှေး ကိုသူ ၏ လည်တိုင် မှာ နှစ်နေရာ လောက် ဆွတ်မြဲ ဖြစ်သည် ။ သူ့ စိတ် ထဲ မှာတော့ အဲသည် Eternity က ကိုသန့်စင် ၏ ကိုယ်ပွား ဟု ပင် ထင်သည် ။ ကိုသန့်စင် က အဲသည် ရေမွှေး ကို အမြဲသုံး သူ မဟုတ်လား ။ ပြီးမှ သရက်ပွင့်နံ့ တို့ သိသိသာသာ ဝေ့ဝဲ ပျံ့လွင့်သည့် အဲသည် နံရံကပ်ကု,လားထိုင် ရှိရာ မှာ လာ ထိုင်သည် ။ ညနေ ငါးနာရီ မတိုင်မီ အထိ တော့ မသစ္စာ က သူ့ ကို မျှော် မိသည် ။ တမင် မမျှော် လို သော်လည်း အလိုလို ပင် မျှော်မိ လျက်သား ဖြစ်အောင် မျှော်ကျင့် ရ နေခဲ့ပြီ ။ သူ ရောက် လာ လျှင် တော့ အဆောင်ရှေ့ လမ်းသွယ်လေး ရဲ့ ထိပ်ဆီ သူ ရောက်လာသည် ကို လှမ်း မြင်လိုက် ကတည်း က ပင် မသစ္စာ က အိပ်ခန်း ထဲ ပြန် ဝင် ၊ မှန်ရှေ့ မှာ ဆံပင် ကို တစ်ချက် နှစ်ချက် သပ် ပြီး အောက်ထပ် မှ သူငယ်ချင်း တချို့ လှမ်း မအော် ခင် သူ့ ကို ဆီးကြို နှုတ်ဆက် ဖို့ အဆောင်ဝင်း ဝ ကို ရောက် နှင့် အောင် သွားမြဲ ဖြစ်သည် ။ ပြီးတော့ အဆောင် ရဲ့ ဘယ်ဘက်ခြမ်း က ဥယျာဉ် ထဲ မှာ ရှိသော ပုဏ္ဏရိပ်စည်းရိုး နှင့် ကပ်လျက် ခုံတန်း မှာ ထိုင် လို့ ။
ကိုသန့်စင် ပြောလေ့ ရှိသော စာပေရေးရာတွေ ၊ ဘဝ ကို တစ်ယောက် တည်း ရင်ဆိုင် ရတာ ထက် နှစ်ယောက် ရင်ဆိုင် ရတာ က ပို ကောင်းတယ် လို့ အထောက်အထား ခိုင်ခိုင်လုံလုံ နဲ့ ပြောပြ တာတွေ ကို နားထောင်မည် ။ တခါတခါ တော့ လည်း သူ ပြောတာတွေ ကို မကြားဘဲ ၊ သူမ တွေးချင် ရာ တွေ အကြာကြီး တွေး နေ မိတာတွေ လည်း ရှိ တတ် သည် ။ တခါတခါ ကျတော့ ကိုသန့်စင် က ခေါင်း ကို ညင်ညင်သာသာ ခါယမ်း ကာ “ ကျနော် သိတယ် .. မသစ္စာ ကျနော့် ကို မချစ်ဘူး ဆိုတာ ။ ကျနော် က တကယ်တော့ ရူး နေတာပဲ ၊ ကျနော် ဟာ ကိုယ့် အနာဂတ် ကို လည်း မသိတဲ့ ကောင် ပါ ” ဟု ပြောပြန်သည် ။ ပြီးတော့ လည်း “ တနေ့ နေ့ ကို တော့ ကျနော် မျှော် နေပါရစေ နော် မသစ္စာ ” လို့ လည်း မပြီးဆုံး နိုင်သော ဇာတ် ကို ဆက် ချင်ပြန်သည် ။ သည် နေရာ မှာ အတ္တ ကြီး သော မသစ္စာ က တော့ ဇာတ်မျော ထဲ မှာ အသာ စီး နေရာမှ နေ နေရခြင်း အတွက် ပျော်စရာ
ကောင်းသည် ဟု ခံစား ရသည် ။ ကိုသန့်စင် မလာသော နေ့ တွေ မှာ တော့ မသစ္စာ က ကိုယ့် စိတ် ကို ပုံသွင်း ထိန်းချုပ်မှု မလုပ်တော့ ဘဲ လွင့်ချင် သလောက် လွင့် ဖို့သာ လွှတ်ထား လိုက် တော့သည် ။ အဲသည် အခါ မှာ တော့ မသစ္စာ ၏ ဟန်ဆောင် ဖုံး ထားသော ပင်ကို စိတ် တို့ က တကယ်ပဲ ရွက်လွှင့် တော့သည် ။ ရွက်လွှင့် သော စိတ်တို့ ၏ ဦးတည်ရာ ကား ချစ်သူ စုံတွဲ များ သာ ဖြစ်သည် ။
••••• ••••• •••••
အဆောင် ပေါ် မှ စီး ကြည့် လျှင် မြက်ခင်းပြင်ကျယ် တပြောကြီး ။ ပြီးတော့ အဲဒီ မြက်ခင်း ရဲ့အစပ် အနားသတ် မှာ တော့ စာသင်ဆောင် တချို့ ။စာသင်ဆောင်တွေ ရဲ့ ဘေး လမ်းသွယ် က မြက်ခင်းပြင်ကျယ် ထဲ ကို ဖဲ့ ဝင်ကာ သူမတို့ အဆောင် ထံ ရောက်လာသည် ကို မြင် နိုင်သည် ။ သည်တော့ အဆောင် ပေါ် မှ ကြည့်ရင်း ဖြင့် အဆောင် ညနေခင်း ဧည့်ချိန် တွေ မှာ အလျှိုလျှို ထွက်သွားကြသည့် ချစ်သူစုံတွဲ အားလုံး လိုလို ကို မြင်နိုင်သည် ။
အများအား ဖြင့် လည်း ထို စုံတွဲ တို့ က ထိုမျှသော နယ်နိမိတ် ၊ ဧရိယာ ကိုကျော် မသွားကြောင့် လည်း ဖြစ်သည် ။မသစ္စာ ၏ စိတ် တို့ က မြင်ကွင်း တလျှောက် လိုက်ပါသည့် အခါ မကြာခဏ စိတ်ကောက် နေလေ့ ရှိ တတ်သော နီထွေး နှင့် ကျော်ကျော်သက် တို့ စုံတွဲ ၊ အမြဲ ချစ်ခင် ယုယစွာ အချိန်ပေါင်း များစွာ ကို တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်ကာ
သုံးပစ်လေ့ ရှိသော ထားထား နှင့် နေလင်း တို့ စုံတွဲ ၊ တစ်ယောက် နှင့် တစ်ယောက် သူငယ်ချင်း တွေ လို နင် ၊ ငါ ရိုက်ကာ ပြော သော်လည်း တခါမှ ရန်ဖြစ် စိတ်ကောက် တာ မတွေ့ဖူးသည့် ချော နှင့် သီဟ တို့ စုံတွဲ ၊ တစ်ယောက် ကို တစ်ယောက် အားပေး ကာ အခုလို ရည်းစား ဘဝ ကတည်း က ဘဝ ကို ရင်ဆိုင် ရုန်းကန် နေကြရသော မာလာ နှင့် ဖေလတ် တို့ စုံတွဲ ၊ အနောက်တိုင်း ဆန် ကာ ပွင့်လင်း လွတ်လပ် သလောက် ရည်းစား လည်း များသည့် မေစီ က သူ နှင့် ကျမှ အချစ်စစ် ကို တွေ့ပါသည် ဟု ကြွေးကြော်ရပါသည့် ဉာဏ်ဦး နှင့် မေစီ တို့ စုံတွဲ တို့ ကို အထူးသဖြင့် မြင် နိုင်သည် ။ ထို စုံတွဲ တို့ က အလွန်ဆုံး ကျောင်း စာသင်ဆောင် လှေခါးထစ် တွေ မှာ ထိုင်ရုံ ထက် ပို၍ ဝေးဝေး သွားလေ့ မရှိရာ မသစ္စာ ၏ မျက်လုံး ရှေ့သို့ အလိုအလျောက် ရောက် လာတော့သည် ။
အဲသည် စုံတွဲတို့ ကို မျှော်ငေး ရင်း မသစ္စာ က နီထွေး စိတ်ကောက်သည် ကို မျက်ရည် တလည်လည် ဖြင့် ချော့ရင်း ပြေလည် သွားတော့ ပျော် မဆုံးဟန် မခွဲနိုင် မခွာနိုင်ဟန် အပြည့် ရှိသည့် ကျော်ကျော်သက် ကို ကြည့်ကာ ရင်ခုန်သည် ။ ထားထား နှင့် နေလင်း တို့ ၏ သာယာ ကြည်နူးဖွယ် အချစ် ၌ မွေ့လျော်သည် ။ ချော နှင့် သီဟ လို အရာရာ တိုင်ပင် လို့ ရသော သူငယ်ချင်း ဆန်သည့် အချစ် ကို သဘောကျသည် ။ မာလာ နှင့် ဖေလတ် လို လည်း ဘဝ ကို ရင်ဆိုင်ရဲ ချင်သည် ။ ပြီးတော့ မေစီ နှင့် ဉာဏ်ဦး လို အရာရာ ကို ပြီးမြောက် ကျော်ဖြတ် ပစ် လိုက် နိုင်သည့် အရူးအမူး အချစ် မျိုး ကို လည်း ကြုံတွေ့ဖူး လိုသည် ။ တကယ်တော့ ထို စုံတွဲ တို့ က မသစ္စာ ၏ အိပ်မက်များ သာ ဖြစ်သည် ။ လက်တွေ့ မှာ လည်း မသစ္စာ က အိပ်ရာ မှ နိုးထ သည့် အခါ အိပ်မက် တို့ ကို ပြီးဆုံး ဖြေဖျောက် ပစ် လိုက်ရသူ ပဲ မဟုတ်လား လေ ။
••••• ••••• •••••
မသစ္စာ က ဘဝ ကို ကြောက်ရွံ့သူ ဖြစ်သည် ။ သို့ပေမဲ့ ယင်း ကို ကိုသန့်စင် ကတော့ မသိပေ ။ ကိုသန့်စင် သည် သူ့ ကို မသစ္စာ ဘာကြောင့် ငြင်းဆန် နေသလဲ ၊ ဘာကြောင့်ခေါင်း မညှိတ် သလဲ ဆိုတာ ကို အဖြေ ရှာ မရပေ ။ စဉ်းစား ကြည့်တော့ ကိုသန့်စင် နှင့် မသစ္စာ က မတူမတန် စရာ ၊ မလိုက်ဖက် စရာလည်း မရှိပြန် ။ ကိုသန့်စင် နှင့် မသစ္စာ က လိုက်ဖက် ၍ ပင် နေပေ သေးသည် ။ ကိုသန့်စင် သည် လည်း မသစ္စာလို ပင်နယ် ကျောင်းသား ။ လူလတ် တန်းစား ၊ ဝန်ထမ်း သားသမီး ။ ကိုယ့်အား ကိုယ်ကိုး နေရ သူ များ ။ တနည်းအား ဖြင့် စိတ်ချ လက်ချ လက်တွဲ နိုင်သည့် အရည်အသွေး လည်း ပြည့်သူချင်း ပဲ ။ ဒါပေမဲ့ မသစ္စာ တွေး သလို ဆိုရင်တော့ ကိုသန့်စင် က မသစ္စာ ကို နား မလည်နိုင် သေး သူ ။ အကဲ မခတ်တတ် သေးသူ ။ အထူး သဖြင့် တော့ ကိုသန့်စင် က လောက ထဲ မှာ ရိုးလွန်းသူ ဖြစ် နေခြင်း ပင် ။ မသစ္စာ အမြင် အရ တော့ ဒီ လောကကြီး က ရိုးသား နေဖို့ မကောင်း သော ကြောင့် ရိုးသား နေလို့ မဖြစ် ။ ထိုအခါ ဒီ လောက ထဲ တသက်လုံး နေထိုင် သွားဖို့ရာ မှာ သူမ ကို ဦးဆောင်နိုင် သည့် ထက်မြက် ပါးနပ်သော ယောက်ျား သာ လိုအပ်သည် ဟု ယူဆ လေသည် ။
ပြီးတော့ မသစ္စာ က ဘဝ ထဲ မှာ တစ်သက်လုံး ရုန်းကန် ပင်ပန်း ခဲ့ရခြင်း တို့ ဖြင့် နှစ်ဆယ့် နှစ်နှစ် လုံးလုံး နေခဲ့ရ သူ မို့ ကိုယ့် ကံကြမ္မာ ကိုယ် ဖန်တီးရမည့် နောက်ပိုင်း သက်တမ်းများ ကို တော့ အေးအေးသက်သာ ဖြင့် သာ ဖြတ်သန်း လို တော့သည် ။ ထိုအခါ မသစ္စာ က ဘဝ ထဲမှ ထွက်မသွား နိုင်သေး ခင် အချိန်ကလေး အတွင်း မှာ တော့ ဒုက္ခ ကို ကြောက်သူ သာ ဖြစ် တော့သည် ။
အခန်းဖေါ် မေစီ က တော့ မသစ္စာ ဟာ ခုလောက် ခေါင်း အေးအေး အမြင် ရှင်းရှင်း ထားတတ်သူ ဖြစ်လျက် အသည်းနှလုံး ထက် ဦးနှောက် ကို ဦးစား ပေး နိုင်သူ လည်း ဖြစ်လျက် ဘဝ ကို လောကဓံ ဆိုတာ ကို ထိုမျှ ကြောက်ရွှံ့ နေခြင်း မှာ အပြစ် ဟု ဆိုသည် ။
မသစ္စာ က တော့ မေစီ့ ကို ခပ်ပြုံးပြုံးဖြင့် ပင် ... “ အင်းပေါ့ လေ ... မေစီ က တော့ ပြောမှာပေါ့ တခါမှ မဆင်းရဲဖူးခဲ့ပဲ ကိုး ” ဟု မှတ်ချက် ချသလို ပြော တတ်သည် ။ “ အဲလို ဦးနှောက် ကိုဦးစားပေး လို့ လည်း ကျိန်းသေ ဆင်းရဲဒုက္ခ ကြုံရမယ်လို့ သိတဲ့ ကိစ္စမျိုးတွေ ကိုရှောင် နိုင်တာပေါ့ ” ဟု ဆက် ပြော ပြန် လျှင်လည်း မေစီ က ခေါင်း တညိတ်ညိတ် ဖြင့် ထောက်ခံ ရ ပြန်သည် ။
တကယ်လည်း မသစ္စာ က ခုထိ တိုင် အသည်းနှလုံး ကို ဖုံးကွယ် လိမ်ညာ ထား နိုင်ဆဲ ။ လိုသလို အသုံးချ ၍ ရ နေဆဲ ပဲ ဖြစ်သည် ။ မသစ္စာ က ချစ်သူစုံတွဲများ ကို ပြုံးယောင်ပြုံးတုံ့ငေးနေ ဆဲ မှာ ပင် အကွာအဝေး ပေါင်း များစွာ ကို ကျော်ဖြတ် ကာ အများကြီး တွေးမြင် ပစ် လိုက်သူ ပေ ပဲ ။ ကြည်နူးရွှင်ပြ နေသော ချစ်သူ တစ်စုံ ကို ကြည့်ရင်း မှ ပင် အဲဒီစုံတွဲ နေရာ မှာ သူမ နှင့် အတူ ကိုသန့်စင် ကို ပါ အစား ထိုး ကြည့်တာ ။ အဲဒီအခါ အိမ်ထောင်ရေး နယ်ပယ်တွင်း ရှိ လူမှုရေး ၊ စီးပွားရေး ၊ ကျန်းမာရေး ဆိုင်ရာ အခက်အခဲတွေ ကို မြင်တော့တာ ။
အိမ်ထောင်သည် ဘဝ မှာ သူမ နှင့် ကိုသန့်စင် က ဘွဲ့ရ ပညာတတ် ဆိုတော့ လည်း ပညာတတ်မာန် က ကြီးမည် ။ သူများ ကို အောက်ကျ မခံ ။ သူများ အောက်ကျို့ ရမည့် အလုပ်မျိုး မလုပ်နိုင် ။ ကိုသန့်စင် က ပို ဆိုး လိမ့်မည် ။သူ က သူ့ ပညာ မှာ တော်သည့် လူ ဖြစ်သည့် အပြင် ၊ မာန က လည်း ကြီးပေ့ ဆိုသည့် အစား ထဲ က ။ “ ကိုယ့်ပညာ ကို တစ်နည်းနည်း နဲ့ စော်ကား လို့က တော့ ငုံ့ခံ နေစရာ အကြောင်း မရှိဘူး ” ဟူသော စကားမျိုး ကို
သူ့ ထံ မှ မကြာခဏ ကြားခဲ့ရဖူးသည် ။ သည်တော့ ကိုသန့်စင် နှင့် သူမ တို့ သည် သူမ တို့ ၏ မိဘများ လို ပဲ ရိုးကုပ်စွာ ဆင်းရဲသော ဝန်ထမ်း မိသားစုမျိုး သာ ဖြစ်လာ လိမ့်မည် ။ ပြီးတော့
ကိုသန့်စင် က မောင်နှမ ငါးယောက် ထဲ မှာ သား အကြီးဆုံး လည်း ဖြစ် ပြန်သည် ။
ခက်သည် က မသစ္စာ ကိုယ်တိုင် မောင်နှမ ငါးယောက် ထဲ မှာ သမီးဦး ဖြစ် နေသည့် အတွက် သားဦး သမီးဦး တို့ ၏ ငဲ့ညှာရမှု ၊ ထောက်ပံ့ရမှု တို့ ကိုသဘော ပေါက် သည် ။ ထို အတွေးတို့ ကို တွေးမိတိုင်း ပင် မသစ္စာ က သက်ပြင်း မှုတ် ကာ မျက်စေ့ စုံ မှိတ်လျက် ခေါင်းခါ ပစ် လိုက်ရမြဲ ဖြစ်သည် ။ အတွေး ၌ ပင် ထို ဘဝ ကို ထိတ်လန့်၏ ။ ကိုသန့်စင် တို့ ယောက်ျား တွေ က တော့ မိန်းမ တွေ ဂုဏ် မက်သည် ဟု သာ စွပ်စွဲ မှာ ပေါ့ ။ သို့ပေမဲ့ အောင်မြင်သော အိမ်ထောင်ရေး တစ်ခု အတွက် ငွေကြေး ဆိုတာ အခြေခံ လိုအပ်ချက် ပဲ မဟုတ်လား ။
ချစ်သူ တွေ အိမ်ထောင်ဖက် တွေ ဖြစ်ကြ ပြီးမှ တော့ ငွေကြေး အတွက် ရန်ဖြစ် ကြ ရတာ ရှက်စရာ ကောင်းသည် မို့ ဒါကို မသစ္စာ က ရှောင်ရှား လိုသည် ။ ဒါပေမဲ့
ရှောင်ရှားဖို့ လည်း ခက်မှာ သေချာသည် ။ ထိုအခါ ... မသစ္စာ က ထိုသို့ ပြဿနာ ရှိနိုင်သည့် သူ ကို ချစ်သူ အဖြစ် ပင် မပတ်သက် လို တော့ပေ ။ နှစ်ဦး နှစ်ဖက်
အကျိုး ရှိသော ဆုံးဖြတ်ချက် ဟု လည်း ထင်သည် ။ မလိုအပ်ပါဘဲ ရန်သူ လည်း မဖြစ်လို တော့ပေ ။ ကိုသန့်စင် ကို ငြင်းဖြစ်သည့် အဓိက အကြောင်း က ဒါပဲ ဖြစ်သည် ကိုမသစ္စာ က တော့ ဝန်ခံရဲ ပါသည် ။
မေစီ တို့ က တော့ “ မသစ္စာ က အချစ် ကို တန်ဖိုး မထားဘူး ” ဟု ဆိုသည် ။ စင်စစ်တော့ မသစ္စာ က မှ အချစ် ကို တကယ် တန်ဖိုး ထားသည် ဟု ကိုယ့် ဘာသာ ယုံကြည်သည် ။
ကြည့်လေ ... အချစ် ကို တန်ဖိုး ထား လို့ပဲ ၊ အချစ် ရဲ့ ပုံသဏ္ဍန်လေး ပျောက်ပျက်
မသွားအောင် လို့ ပဲ အဲဒီ အချစ် ဆိုတာ ကို အင်မတန် လှည့်ဖျားတတ်သော ၊
ပူလောင်ပြင်းပြခြင်း တို့ များပြားသော အိမ်ထောင် ဘဝ ဆိုတဲ့ နွံ ထဲ ဆွဲခေါ် မထည့် လို တာပေါ့ ။ အချစ် ... ဆိုတာ ကို သီးသီးသန့်သန့်လေး ... ပြီးတော့ ၊ ဟိုး ခပ်မြင်မြင့် မှာ သာ ကိုးကိုးကွယ်ကွယ် ထား ချင်သည် ။
အိမ်ထောင်ရေး ဘဝ ဆိုတာ ထဲ မှာတော့ စဉ်းစား ချင့်ချိန်ခြင်းတွေ ၊ တန်ဖိုး ဖြတ်နိုင်မှုတွေ နှင့် သာ တည်ဆောက် လိုသည် ။
မသစ္စာ က တော့ ရင့်မာသည် ဟု ပင် ဆိုဆို ။ မိန်းမ တစ်ယောက် ဘဝ မှာ ယောက်ျား တစ်ယောက် ကို လက်ထပ် ယူ လိုက်ရတာ ဟာ ကိုယ့် ဘဝ ကို အကုန် ပေး လိုက်ရခြင်း ဖြစ်သည် မို့ ယောက်ျား တစ်ယောက် ၏ ကိုယ်ပိုင်ကျွန် ပဲ ဖြစ်သွားသည် ဟုထင်သည် ။ သို့ ဆိုလျှင် အဲသလောက် ပေးဆပ် နိုင်ဖို့ တန်ရာတန်ဖိုး တော့ လို ချင်သည် ။ ထိုနေရာ မှာ တန်ဖိုး သတ်မှတ်ပုံခြင်း က တော့ မိန်းမ တစ်ယောက် နှင့် တစ်ယောက် ကွဲပြား နိုင်သည် ပေါ့ ။ မသစ္စာ အတွက် က တော့ အဲဒီ ခင်ပွန်းလောင်း ၏ ကိုယ့် အပေါ် အချစ် သစ္စာ ရှိမှု နှင့် ငွေကြေး က တန်းတူ ကျစွာ တန်ရာတန်ဖိုး ဖြစ်နေသည် ။ ယင်းအတွက် “ ကိုယ့် ကိုယ် ကို ငွေကြေး နှင့် လဲလှယ်သူ ” သို့မဟုတ် အရိုင်းဆုံး ကြေးစား နှင့် ပင် နှိုင်းနှိုင်း ၊ မသစ္စာ က သူမ ၏ ဆုံးဖြတ်ချက် ကို မှန်သည် ဟု သာ ယုံကြည်သည် ။ ကိုယ့် ရဲ့ ဘဝ ရုန်းကန် ပင်ပန်းခဲ့ရ သမျှ ကိုယ့် သားသမီးတွေ ကို တော့ ပြည့်စုံစေ ချင်သည် ။
တူနှစ်ကိုယ် တဲအိုပျက် မှာ နေရ နေရ အရေးမကြီး သော် လည်း တူနှစ်ကိုယ် မက ၊ သားသမီး တွေ ရှိလာ လျှင် တော့ ထို သားသမီးတို့ အတွက် ဆိုတာ ကို ငဲ့သင့်ပြီ မဟုတ်လား ။ မသစ္စာ က အဲသည် အထိ တွေးသည် ။ ဘာလို့ဆို ကိုယ်တိုင် မပြည့်မစုံ ဖြင့် ကြီးပြင်းခဲ့ခြင်း ဒဏ်ရာ ရထား သူ မဟုတ်လား ။
သည်တော့ မေစီ က ပြောသည် ။ “ အဲလို တွေးတာ မင်း ကိုသန့်စင် ကို တကယ် မချစ်သေး လို့ပါ ။ တကယ် ချစ်ရင်တော့ အဲဒီ အယူအဆ အားလုံး ဟာ ပြောင်းပြန် တွေ ဖြစ် သွားမှာပဲ ” တဲ့ ။ မသစ္စာ က တော့ ငြင်းလည်း မငြင်း ၊ ဝန် လည်း မခံဖြစ်ပါ ။ ဒါဟာ သိပ် အရေး ပါတဲ့ ကိစ္စ လည်း မဟုတ်ဘဲ ။ တခါကတော့ ကိုသန့်စင် ရှေ့ မှာ “ အိမ်ထောင်ရေး ဘဝ ရဲ့ အဓိက ရန်သူ ဟာ ဖေါက်ပြန်မှု ပဲ လို့ ကျမ ထင်တယ် ။ ပြီးတော့ ငွေကြေး ချမ်းသာ လွန်း တာရယ် .. ငွေကြေး ချို့တဲ့ လွန်းတာရယ် ။
အိမ်ထောင်ရေး ဖေါက်ပြန်မှု ဆိုတာ မှာ ငွေကြေး ချမ်းသာ မှ မှ မဟုတ်ဘဲ ။ ဒီတော့ အခြေအနေ တိုင်း မှာ လင်သား ရဲ့ ဖေါက်ပြန်ခြင်း ကို ခံရနိုင်တဲ့ မိန်းမ ဘဝ မှာ ငွေကြေး ပြည့်စုံ နေတာ က မှ ခံသာဦးမယ် ထင်တာပဲ ။ အနည်းဆုံး တော့ ဖဲလေး ရိုက် လိုက် ၊ ဗွီဒီယို ကြည့် လိုက် ၊ တီဗွီဂိမ်း ဆော့လိုက် ၊ ပစ်ကနစ် ( Picnic ) ထွက်လိုက် နဲ့ နေနိုင်တာပေါ့ ။ ဆင်း များ ဆင်းရဲ ရင် တော့ တော်တော် ချောင်ပိတ် ခံရတာမျိုး ဖြစ်မှာ ။ ထမင်း ငတ် တာ ပူ ရ ၊ လင် ဖေါက်ပြန်တာ အတွက် စိတ်ဆင်းရဲရ ၊ သားသမီးတွေ မပြည့်မစုံ နေရလို့စိတ် ပူလောင်ရ နဲ့ လေ ... ” ဟု ပြောတော့ ကိုသန့်စင် က သူမ ကျေနပ် လက်ခံ နိုင်လောက် သော နှစ်သိမ့် စကားမျိုး ပြန် မပြောနိုင်ခဲ့ ။ ခပ်ငူငူငိုင်ငိုင် ပဲ နေ နေခဲ့သည် ။ နောက် အတော်ကြီး ကြာမှ လေသံ တွန့်ဆုတ်ဆုတ် ဖြင့် “ မဖေါက်ပြန်တဲ့ ယောက်ျား လည်း ရှိပါတယ် ” ဟု ဆို၏ ။ “ ကျမ က အဆိုးဆုံး ကို တွေး ထားရတာ ပေါ့ ” ဟု သူမ က ပြန် ဖြေတော့ လည်း “ ဆင်းရဲတာ ကို ချစ်သူ နဲ့ လက်တွဲ ရင်ဆိုင်ရင် ကော ” ဟု မေးပြော ပြောသည် ။ “ ဘဝ ကို ကျမ ကံ မစမ်းရဲ တော့ဘူး ကိုသန့်စင် ” ဟု ပြော လျှင် လည်း သူ က မျက်နှာ တစ်ချက် ပျက်ကာ သူမ ကိုမျက်နှာချင်း မဆိုင်ဘဲနှင့် “ တကယ် တော့ မသစ္စာ ကို ကျနော် က တခြား သာမန် မိန်းမ တွေ လို ထင် မထားခဲ့ဘူး ” ဟု ခပ်မာမာ လေသံ တမျိုး ဖြင့် ပြော လေသည် ။
“ ကျမ ကို ငွေ မက်တယ်လို့ ပြောချင်တာ မဟုတ်လား ကိုသန့်စင် ။ ဟုတ်ပါတယ် ... ကျမ ငွေ မက်တာ ပါပဲ ။ ဘာလို့ဆို ကျမ တို့ မိန်းမတွေ အတွက် က ဘဝ မှာ အဆင် မပြေ စရာ ဖြစ်လာ ရင် ရှင်တို့ လို အရက် သောက် ၊ ဘောလုံးပွဲ သွား ၊ ကြေးစားမိန်းမ ဆီ သွား ၊ အဲလို ထွက်ပေါက် မျိုးတွေ ဘာ တစ်ခု မှ မရှိဘူးလေ ။ ကျမ ပြောခဲ့ပြီးပါ ပကော ” သည် အခါ မှာ တော့ သူ က သက်ပြင်း တစ်ချက် ရှိုက်ကာ ခေါင်း ကို လေးလေး ခါယမ်း၏ ။
မသစ္စာ က တော့ ထူးပြီး မခံစား ချင် တော့ပါ ။ ခံစားခဲ့ ရတာ များပြီ မဟုတ်လား ။
••••• ••••• •••••
တကယ် ဆိုတော့ မသစ္စာ တို့ ဘဝ က လင်သား တစ်ဦး မဖြစ်မနေ လိုအပ်သည့် ဘဝ တော့ မဟုတ်ပေ ။ တစ်ခုတော့ ရှိမည် ။ အိမ်ထောင် ပြု မှ ကိုယ့် အခြအနေ တိုးတက်မည် ဆိုလျှင် တော့ လင်သား တစ်ဦး လိုအပ်သည် ပေါ့ ။ ထိုသို့ မဟုတ်ဘဲ အိမ်ထောင် ပြုပြီး မှ ဆုတ်ယုတ် နေဆဲ ဆိုလျှင် တော့ မသစ္စာ က မိသားစု ထဲမှာ ပဲ တစ်ယောက် တည်း နေ သွားတာ ကောင်းသည် ဟု ရွေးချယ် လို ပါသည် ။
စင်စစ်တော့ မသစ္စာ က ကိုယ့် အပေါ် စွဲလန်း ချစ်မက်သည့် ၊ ပစ္စည်းဥစ္စာ လည်း ပြည့်စုံသည့် ယောက်ျား တစ်ယောက် ရဖို့ မျှော်လင့်ခြင်း က နည်းနည်း တော့ စိတ်ကူးယဉ် ဆန် ပါသည် ။ မသစ္စာ က မိန်းမလှ မှ မဟုတ် ဘဲ ။ မိန်းမ တစ်ယောက် ဟာ လှ ရင် လှ ၊ မလှရင် တော် မှ ဆိုလျှင် တော့ မသစ္စာ က အနည်းငယ် ထူးချွန်သည် ဟု ဆို နိုင်သော ဂုဏ်ဒြပ် မျှ နှင့် သာ ပြည့်စုံပါလိမ့်မည် ။
ဒါတွေကို မသစ္စာ က အတွင်း ကျကျ နားလည် ထားပါ၏ ။
ထိုအခါ မသစ္စာ က
အချစ် ဆိုတာ ကို အိပ်မက် လိုပဲ စိတ်ကူးယဉ် မက် ကာ လက်တွေ့ ဘဝ ကို မေ့လျက် နေ့ရက်တွေ မှာ နေပျော် ရ တော့သည် ။ ချစ်သူစုံတွဲ များစွာ ကို အားကျ ၊ မနာလို ၊ နှစ်လို ၊ ဝန်တိုခြင်း များစွာ တို့ လွန်ဆွဲ သော်လည်း ၊ အတက် အကျ တို့ဖြင့် အသက် ဝင် သော ထို ရက်များ ထဲ မှာ မသစ္စာ ပျော်နေ တတ်ပြီ ဖြစ်ပါသည် ။
••••• ••••• •••••
သို့နှင့်ပင် ... နေ့စဉ် ညနေတွေ မှာ မက် နေကျ အိပ်မက် ကို မက် ယူဖို့ ကိုသန့်စင် ကို မျှော်စောင့် ၊ ချစ်သူစုံတွဲများ ကို ကြည့်ငေး ၊ အတွေးများ နှင့် အနာဂတ် ခရီး ကိုဆီးကြို သွား ၊ ပြီးတော့ ၊ ပျော်လိုက် .. ငိုလိုက် ... နာကျင်လိုက် ... ကြေကွဲလိုက် .. ရန်စောင်လိုက် ... မာန်တက်လိုက် ဖြင့် မသစ္စာ က တော့ စိတ်ကူးယဉ်တွေ ကို ပျိုးမြဲ ပျိုးနေ မိ တော့သည် ။
◾မေငြိမ်း
၉၄ ၊ မတ်လ
📖 ရှေ့ပြေး မဂ္ဂဇင်း
အတွဲ ၃ ၊ အမှတ် ၁
၁၉၉၄ ၊ အောက်တိုဘာလ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment