❝ အေးမြချမ်းသာ ❞
“ အံမယ်လေး စိတ် ရှုပ် လိုက်တာ မပြောပါနဲ့တော့ ။ လူတွေ က သိန်း တစ်ထောင် အမွေ ရတာပဲ မြင်ပြီး ငါ့ ကို ကံကောင်းတယ် ပြောနေ ကြတာ တကယ်တမ်း က အုတ်ဈေး ၊ အိမ်ဆောက်ပစ္စည်းဈေး တွေ တက် နေတာကို သတိ မထားမိဘဲ ပန်းရန်တွေ ၊ လက်သမားတွေ ၊ အင်ဂျင်နီယာတွေ ၊ ပိုက်ဆံ လိုချင်နေတာ ကို မသိဘဲ ၊ သူတို့ ကို အလို လိုက်ပြီး ဆောက် မိတာ ၊ လုံးလုံးကြီး ကို မှား တာပဲ ။ အခု သိန်း သုံးရာငါးဆယ် ကျော် သွားပြီ ၊ သိန်းသုံးရာ နဲ့ ဒီ တိုက် ပြီး မယ် ဆိုပြီး အခုထိ မပြီးဘူး ၊ ငါ စိတ်ရှုပ် လှပြီ ။ ငါ့ အမ အဝေးပြေး ကား လုပ်ငန်း ထဲ သိန်း သုံးရာ ရှယ်ရာ ဝင် ထားတာ လည်း တစ်လ ကို ခြောက်သိန်း ပဲ ပေး တယ် ။ နှစ်ကျပ်တိုး ပဲ ရတယ် ။ ကောင်းကြသေးရဲ့ လား ။ ကားတွေ က လည်း ဈေး မြောက် လိုက်တာ ၊ အိမ်စီးကားလေး တစ်စီး ဝယ်ချင်တာ တောင် စားစရာ မရှိ မှာ စိုးလို့ မဝယ်ရဲတဲ့ ဘဝ ။ အရပ် ထဲ က လူတွေ က တွေ့တိုင်း ၊ မမေသူ သိန်း တစ်ထောင် အမွေ ရတယ် ဆို ၊ ဘယ်နဲ့ ကား တစ်စီးတောင် မစီးနိုင်ပါလား ဆိုရင် ငါ ရှက်တာနဲ့ သေတော့မယ် ။ အခု စားစရာ ကို မရှိဘူး ”
တောက်လျှောက် ညည်းချင်း အရှည်ကြီး ပြော သွားသော မေသူ ကို မဌေး ဖြင့် မေပူ လို့ သာ အမည် ပေးလိုက်ချင် တော့သည် ။ အမွေ မရခင် က မေသူ မှာ ဆံပင် အဖွာအကောက် နှင့် ပါတိတ်ဝမ်းဆက် နှင့် ၊ သူငယ်ချင်း တွေ ကြား တွင် တင့်တယ်လှပသူ ဖြစ်သည် ။ မဌေး တို့ အိမ်ထောင်သည် ကျောင်းနေ ဘက် သူငယ်ချင်းတွေ လေးဆယ်ကျော် တန်း တွင် ပြောစမှတ် ပြုရအောင် လှပဆဲ ဖြစ်သည် ။ အခုတော့ ဆံပင် စုတ်ဖွား မျက်နှာ အဆီပြန် နှင့် နထင် နရင်း တွေ လည်း ချောင်လို့ ၊ မျက်တွင်း ဟောက်ပက် နှင့် အတော် စိတ်ဆင်းရဲ နေပုံ ပေါ် နေသည် ။ မဌေး ကိုယ့် ဟာ ကိုယ် ရယ်ချင် လာသည် ။ သိန်း တစ်ထောင် ရလို့ မေသူ တော့ ခုန်ပေါက် နေအောင် ပျော် မှာပဲ လို့ မဌေး ထင် ခဲ့သည် ။ အခုတော့ လက်တွေ့ နှင့် အထင် တခြား စီ ပါလား ။
“ ငါ လေ အမွေ မရရင် ကောင်း မှာ သိလား ”
“ ဟဲ့ - ကြားသားမိုးကြိုး ဟယ် ၊ သူများတွေ ကြားရင် ရယ်နေပါ့မယ် ”
“ မဌေး ငါ အဟုတ် ပြောတာ အမွေ မခွဲခင် အမွေဆိုင် အိမ်ကြီး ပေါ် မှာ မောင်နှစ်မ တတွေ စုစုဝေးဝေး နေတယ် ။ ငါ့ ယောက်ျား က လည်း ယောက်ဖ တွေ ခယ် မတွေ နဲ့ တည့်တယ် ။ ဘာ ပြဿနာ မှ မရှိဘူး ။ နေ မကောင်း ရင် မောင်နှမတတွေ ဝိုင်းဝိုင်းလည် လို့ အခု သိန်းတစ်ထောင် ရတာသာ သိတာ ၊ ငါ့ မှာ တစ်ယောက်တည်း ငါ တင် မဟုတ်ဘူး ။ သူတို့ လည်း ညည်း လိုက် ကြတာ ချူသံ ပါ လို့ ”
“ ငါ က နင် ပျော်နေမယ် မှတ်တာ ”
“ အောင်မယ်လေး မပျော်ဘူး ”
မဌေး သက်ပြင်း တစ်ချက် သာ ချ မိသည် ။ လူတကာ ပြောကြသည့် ငွေ ဆိုတာ ဒုတိယဘုရားသခင် ဆိုသည့် အဆိုအမိန့် သည် မေသူ အတွက် ဘယ်မှာ မှန် လို့ လဲ ။ သက်ပြင်း တစ်ချက် ထပ် ချ မိပြန်သည် ။ မဌေး က အင်ဂျင်နီယာဘွဲ့ ရ ထားတဲ့ သမီး စင်ကာပူ မှာ အလုပ် သွား လုပ်မှာမို့ လိုအပ် သည့် ငွေကြေးပမာဏ က လုံလောက် ပေ မယ့် လိုသုံး လိုမယ် လေးငါးဆယ်သိန်း အပို ကိုင် ထားချင်လို့ ငွေ လှည့်ရန် သူငယ်ချင်း မေသူ ဆီ လာခဲ့ခြင်း ဖြစ် သည် ။ ဒီ ရောက်တော့ စားစရာတောင် မရှိဘူး ညည်း နေသည် ။ သိန်း တစ်ထောင် ရှင် ကို သူ က တောင် ထမင်း ချက် ကျွေးရမည့် ပုံစံမျိုး ။ ဘာမှ မတတ်နိုင်ဘဲ မဌေး အိမ်ပြန် လာ ခဲ့ ရသည် ။ အိမ် ကို ပြန် ရောက်တော့ လိပ်ပြာမလေး တစ်ကောင် လို တောင်ပံ ခတ်၍ ပျံတော့ မတတ် မြူးကြွ သွက်လက်နေ သည့် သမီး ဖြစ်သူ ကို အလို လို ကြည့် မရ ဖြစ်လာသည် ။
“ သမီးလေး တစ်ယောက် ရှိ ပါတယ် ။ လူ တကာ နိုင်ငံခြား နိုင်ငံခြား အော် နေ တာနဲ့ အဖေ နဲ့ အမေ နဲ့ က သိန်း ငါးဆယ် လောက် အကုန် ခံပြီး ကြိုးစား ပေးရတယ် ။ သွားတော့မယ် ဆိုတော့ အမေ ခံစားရတယ် ” သမီး က အမေ ကြည့်ပြီး ၊ “ အမေတို့ ပဲ အချိန် ရှိခိုက် လုံ့လ စိုက် ဆို ၊ မိုး ရွာတုန်း ရေခံ ဆို ၊ အမေ ခုလို မျက်စိ မျက်နှာ ပျက်နေရင် သမီး ဖြင့် နိုင်ငံခြား သွားဖို့တောင် မကြိုးစားဘူး ”
“ ဒါတောင် ဟော .. သမီး အဖေကြည့် ၊ တစ်သက်လုံး အရာရှိ လုပ် လာတာ ဘာများ စုမိ ဆောင်းမိ သလဲ ။ အစိုးရ တိုက်ခန်း က အပိုင် မဟုတ်ဘူး ။ ပင်စင် ယူရင် ဖယ်ပေး ရမှာ ။ သူများတွေ မိုက်ကရိုဝေ့ဖ်မီးဖိုတွေ နဲ့ ဂက်စ်အိုး နဲ့ ။ အမေ့ မှာ မီးသွေးမီးဖို ချွေး တလုံးလုံး နဲ့ အခု ထိ မွှေးရတုန်း ။ ကိုယ်ပိုင်ခြံကလေး နဲ့ နေချင်တယ် ။ ကိုယ်ပိုင် ကား စီး ချင်တယ် ။ အဲဒီတော့ သမီးလေး ကို လွှတ်ရတော့တာ ပေါ့ ။ ရင် အနာ ခံပြီး မျက်စိ စုံမှိတ် ကြိုးစားရတော့တာ အေ”
သမီး လုပ်သူ က အမေ အသံ တုန် လာတော့ သူ လည်း မျက်နှာ မကောင်း ။ အလို လောဘ မရှိပါဘူး လို့ ဘယ်လိုပဲ ပြောပြော မဌေး လူတန်းစေ့ တော့ နေချင်သည် ။ ဒါကြောင့် သမီး နိုင်ငံခြား သွားဖို့ အရေး အတင်း အဓမ္မ လှုပ်ရှား ရုံးကန် ခဲ့ရသည့် ရက်တွေ ကို ပြန် မြင်ယောင် လာသည် ။ အဲဒီတုန်းက မော လိုက်တာ မပြောပါနဲ့ တော့ ။ ငွေကြေး လုံလောက် ဖို့ အတိုး နှင့် ချေးငှား ပေးပြီးတော့ လည်း လူလိမ် မိမည် စိုး၍ ရင် တထိတ်ထိတ် ခုန်ခဲ့ရသော ရက်များ ။ နောက်ဆုံး အလုပ်ခန့်စာ ရတော့ လက်မှတ်ဗီဇာ ၊ ပတ်စပို့ ၊ ရန်ကုန် ကို အခေါက်ခေါက် ဆင်း ။ မော လိုက်တာ ။
“ သမီးလေး ဟို ရောက်ရင် လိမ်လိမ်မာမာ နေနော် ။ ဆံပင် အရှည် ကြီး မထား နဲ့ ။ သမီး ဆံပင် က အရှည် မြန်တယ် ” ရှေ့ မှ စင်ကာပူ သွားထား သော အင်ဂျင်နီယာမလေး တစ်ယောက် က ဆံပင် အရှည်ကြီး နဲ့ ဆို ပဲ ။ သွားရင် လာရင် စကတ် ဝတ်ပေမယ့် ဒီ ဆံပင် အရှည် ကို အမြင် ထူးဆန်း နေသည့် ဟို နိုင်ငံသားတွေ က တမင်တကာ လိုက် ကြည့်ကြ၍ ကောင်မလေး မှာ စိတ် အနှောင့်အယှက် ဖြစ်ကာ အခက်အခဲ ဖြစ်လာ၍ ဆံပင် ဖြတ် ပစ် လိုက်ရ သတဲ့ ။ မဌေး မှာ ကြားဖူးနားဝ နှင့် ဟို နိုင်ငံ မှာ သမီး လူကြည့် ခံရမှာ တိုထွာ နေပြန် သည် ။ တကယ်တော့ သဘာဝ မကျလှပေ ။ လေယာဉ်ပျံ ထွက်သွားပြီ ဆို ကတည်း က ကိုယ့် သမီး ကို ရင်ခွင် ထဲ ထည့် မျက်စိ အောက် ထားချင်လို့ မရ တော့ ။ စားရေး ၊ အိပ်ရေး ၊ ဝတ်ရေး ၊ နေရေး ၊ အလုံးစုံ က မျက်ကွယ် မှာ ဖြစ် သွားပြီ ။ သမီး လိမ္မာ ပါ မှ မဌေး စိတ်အေး ရ မှာ ။ တွေး တွေး ရင်း ရင်ထဲ တင်းကြပ် လာ၍ မျက်စိ စုံမှိတ် ပြီး နား နေတုန်း သမီး က သူ့ လက်နှစ်ဖက် နှင့် အမေ့ လက်တွေ ကို အုပ်ကိုင် လိုက် လို့ ၊ မျက်စိ ဖွင့် ကြည့်မိတော့ သမီး က မဌေး ကို စူးစူးစမ်းစမ်း စိုက် ကြည့် နေသည် ။ ပြီးတော့ ပြုံး သည် ။
“ သမီး ပထမဆုံး ရတဲ့ လခ ကို အမေ အကြွေး ဆပ် မပစ်နဲ့ဦး နော် ၊ အလှူ လုပ်လိုက်ဦး ”
“ အေးပါတော် ၊ အေးပါတော် ၊ သမီး လခ နဲ့ အမေ ကောင်းကောင်း ကို လှူ လိုက် ဦးမယ် ”
“ ထင်းရှူးဆီ ယူဦးမလား အန်တီ ”
“ အေး ယူဦးမယ် ။ ထင်းရှူးဆီ ကုန်နေပြီ လာဦး ” သမီး အခန်းထဲ ဝင် သွားတုန်း မဌေး က ထင်းရှူးဆီ ဝယ်ဖို့ အိမ်ပေါက်ဝ ကို ထွက်လာ ခဲ့သည် ။ ဆယ့်သုံးနှစ် လောက် ရှိသည့် ထင်းရှူးဆီသည် ကောင်လေး က BMX စက်ဘီးဟောင်းလေး ကို ဒေါက် ထောက် ပြီး ထင်းရှူးဆီတောင်းလေး မ၍ အိမ် ထဲ ဝင် လာသည် ။
“ အန်တီ ခါတိုင်းလို တစ်ထောင်ဖိုး ပဲ ယူမှာ မဟုတ်လား ”
“ အေးအေး ”
မဌေး က ထင်းရှူးဆီ အစည်းသေးလေး တွေ စုစည်း ထားသည့် တစ်ရာတန် လက်ဆုပ်စည်း ဆယ်စည်း ရွေးတော့ ကောင်လေး က “ အန်တီ အဲဒါ ငါးရာဖိုး ပဲ ယူ ၊ ဒီ အတုံးကြီး က ကြီးလည်း ကြီးတယ် ၊ အဆီလဲ ပို များတယ် ။ ဒါယူ အန်တီ ”
“ ဟဲ့ ငါ က မခုတ်နိုင်ဘူး ဟဲ့ ”
“ ကျွန်တော် ခုတ်ပေးခဲ့မယ် အန်တီ ”
“ ဪ အေး အေး ”
မဌေး ချပေးသည့် စဉ့်နီတုံး နှင့် ဓား နဲ့ ကောင်လေး က ထင်းရှူးတုံး ကို ကျွမ်းကျွမ်းကျင်ကျင် ခုတ် နေစဉ် မဌေး က ကောင်လေး ကို ငေးကြည့် နေ မိသည် ။ ဆီ မရှိသည့် ဆံပင် နီကြောင်ကြောင်ကလေး နှင့် လေဘေး စပို့ရှပ်ဖားဖားကြီး နှင့် ကောင်ကလေး သည် မဌေး တို့ ဒီ ရပ်ကွက် ရောက်ခါစ က သမီး ၉ တန်း ကျောင်းသူ ဘဝတုန်း ကတည်း က ထင်းရှူးဆီ ရောင်းခဲ့ တာပါ ။ ငါးနှစ်သားကလေး သာ ဖြစ်သည် ။ သူ နှင့် ဆက်ဆံတာ ရှစ်နှစ် လောက် ရှိပြီ ။ ဒီ ရှစ်နှစ် အတွင်း သမီး သာ အင်ဂျင်နီယာ ဖြစ် သွားပြီ ။ အခု နိုင်ငံခြား တောင် သွား တော့မည် ။ ကောင်လေး က တော့ ဒီ ဘဝ မှ မတက် ။ ထင်းရှူးဆီ တစ်နေကုန် လည် ရောင်း နေတာပဲ တွေ့ ရတော့ ။ ကျောင်း လည်း နေရပုံ မပေါ် ၊ တိုးတက်ကြီးပွား ဖို့ ကြံစည် ကြိုးစားရမယ် ဆိုတာ လည်း အသိဉာဏ် ရှိပုံ မပေါ် ၊ တစ်နေ့ လုပ် မှ တစ်နေ့ မနည်း ရှာဖွေ စားသောက် ရတော့ လှူရေးတန်းရေး ၊ သံသရာအရေး လည်း ဘယ် သိပါ့မလဲ ။ မဌေး ရင်ထဲ သနား ဂရုဏာတွေ ဖြစ်ထွန်း လာသည် ။ အင်း .. စကား တော့ ပြော ကြည့်ဦးမှပဲ ။ သမီး နဲ့ နှိုင်းယှဉ်ပြီး သားသမီး ချင်း ကိုယ်ချင်း စာ ပါတယ် ။ သမီး က တိုးတက် ကြီးပွားရေး လမ်းပေါ် ရောက် နေပြီ ။ ကောင်လေး ကို သနား လိုက်တာ ။
“ ကလေး တစ်နေ့ တစ်နေ့ ဘယ်လောက် မြတ်လဲ ကွဲ့ ”
ထင်းရှူးဆီ တတောက်တောက် ခုတ် နေတဲ့ ကောင်လေး က မော့ကြည့်သည် ။
“ နည်းနည်းပါးပါး ပါ ၊ အန်တီ ”
“ သား ဒါပဲ လုပ်တတ်တာ လား ။ တခြား ပြောင်း လုပ်ဖို့ မစဉ်းစားဘူးလား ”
“ မစဉ်းစားပါဘူး အန်တီ ၊ ဒီ ထင်းရှူးဆီ ရောင်းတဲ့ အလုပ် က တအား ကို ကောင်းတဲ့ အလုပ် အန်တီ ရဲ့ ”
အောင်မယ်လေးတော် လို့ မဌေး အော်မိတော့ မလို့ နည်းနည်းပဲ လိုတော့တယ် ။
သနားလိုက်တာ ဟယ် ။ တကယ့် ကို နွားခြေရာ ခွက် ထဲ က ဖားသူငယ်လေး ပါ လား ။
“ မင်း ဘယ်မှ လည်း မရောက်ဖူးဘူး မဟုတ်လား ။ သွားရင်း ၊ မျက်စိဖွင့် နားစွင့် ထားရတယ်ကွ ။ ဒီ အလုပ် ထက် ကောင်းတဲ့ အလုပ်တွေ အများ ကြီး ။ အရောင်းအဝယ် လုပ်မလား ။ ကျောက်ဝိုင်း ဆင်းမလား ။ ချမ်းသာ တိုးတက်ကြီးပွားဖို့ စဉ်းစားရတာပေါ့ ”
ကောင်လေး က မော့ ကြည့်သည် ။
“ အန်တီရယ် ကျွန်တော် ပွဲရုံ ကို ထင်းရှူးဆီ သွား ယူရင် အလုပ် လုပ် နေတဲ့ သူတွေ တွေ့ပါတယ် ။ အားလုံး အေးအေးဆေးဆေး မရှိဘဲ ပြေးလွှား လုပ်ကိုင် နေကြတာ ။ ကျွန်တော်တို့ အလုပ် က ပွဲရုံ က ထင်းရှူးဆီ ကို ပိုက်ဆံ ပေးစရာ မလိုဘဲ ထုတ်ယူ ရတာ ။ အိမ် ရောက် ရင် အမေ ရော မောင်နှစ်မ တစ်တွေ အကုန်လုံး ဝိုင်းပြီး စိတ်ကြတာ အစည်း စည်းတယ် ။ အစ်မ နှစ်ယောက် ရော ကျွန်တော် ရော ရောင်းကြတယ် ။ ထင်းရှူးဆီ စည်းတဲ့ အချိန် ဆိုရင် ပျော်စရာ ကောင်း လိုက်တာ ။ အမေ က ပဲမြစ်တွေ ပြုတ် ပေး ထားတယ် ။ လက်ဖက် သုပ် ပေးတယ် ။ ရောင်း ပြီး ရင် အမြတ် ကို ချက်ပြုတ် စား ။ အရင်း ပြန်သွင်း ။ နောက် တစ်နေ့ အတွက် ထပ်ယူ ။ ကဲ - ဒီ အလုပ် ထက် ကောင်းတာ ဘာ ရှိတုံး ။ ကျွန်တော်တို့ ရောင်း ရတဲ့ ပိုက်ဆံ နဲ့ အမေ က ဟင်းချက် ပေးတယ် ။ ဒီနေ့ ဆို ကျွန်းခရမ်းသီးကြီး တွေ နှပ်တယ် ။ ချဉ်ပေါင်ဟင်း ၊ ငရုပ်သီး ထောင်းတယ် ။ တအား စား ကောင်းတာပဲ ။ ဘာ လိုသေးလဲ အန်တီ ”
ကောင်လေး အလုပ် ပြီးသွားပြီ ဖြစ်၍ ခုတ် ထားသော ထင်းရှူးဆီပြားများ ကို ကြွပ်ကြွပ်အိပ် ထဲ စု ထည့်၍ သေသေသပ်သပ် ချည်နှောင် ကာ မဌေး ကို ပေးသည် ။ မဌေး က တောင်း ထဲ က လက်ဆုပ်စည်း ငါးစည်း ကို ယူ ပြီး တစ်ထောင် ထုတ် ပေးသည် ။ တစ်စည်း တစ်ဆယ်တန် အစည်းသေး ဆယ့်သုံးစည်း ကို လက်ဆုပ်စည်း တစ်စည်း စည်း ထား၍ တစ်ရာတန်စည်း ဝယ် လျှင် သုံးစည်း ပို ရပြီး ဖြစ်သည် ။ ဒါပေမယ့် မဌေး က “ ဟဲ့ - ငါ က တစ်ထောင်ဖိုး တောင် ဝယ် တာ ... အပို ပေးခဲ့ဦး ဟဲ့ ” လို့ တောင်းတော့ ကောင်လေး က နောက်ထပ် ငါးစည်း အပို ပေးသည် ။
“ အန်တီ က ဘာဖြစ်လို့ အလုပ် ပြောင်း စေချင်တာလဲ ဟင် ”
စက်ဘီးလေး ကို တွန်း ထုတ် ရင်း ကောင်လေး က လှည့် မေးသည် ။ မဌေး က
“ ဪ ... ကလေးရယ် .. လူ ဆိုတာ တိုးတက်ကြီးပွား ဖို့ စဉ်းစားရတယ်လေ ။ မင်း ပို ကောင်းတဲ့ အလုပ် လုပ်တော့ မင်း အမေ လှူနိုင် ၊ တန်းနိုင် တာ ပေါ့ ကွယ် ။ လောကကြီး မှာ စားဖို့ နဲ့ မပြီးသေးဘူး ကလေး ရဲ့ ။ တို့ ဗုဒ္ဓဘာသာ အယူအဆ အရ သံသရာ ဆိုတာ ရှိတယ် ။ သံသရာ မှာ ချမ်းသာအောင် လှူရ တန်းရ ဦး မယ်လေ ”
စက်ဘီး ပေါ် ရောက် သွားသည့် ကောင်လေး က ခြေထောက် ရပ် ရင်း “ ဟုတ်ကဲ့ ၊ အဲဒါလည်း အမေ က ပြော ပါတယ် ။ ငါ့ သား ဗြောစည် တီး ပြီး လှူ မှ အလှူ မဟုတ်ဘူး ။ မလှူနိုင် ဈေးရောင်း တဲ့ စကားပုံ ရှိတယ် လို့ ဆုံးမ ပါတယ် ။ အခုကို ပဲ အန်တီ ကို ကျွန်တော် ထင်းရှူးဆီ ငါးစည်း လှူပြီး ပြီ လေ အန်တီ ရယ် ။ သွားမယ် နော် အန်တီ ” စက်ဘီး နင်းပြီး ကောင်လေး ထွက်သွား တော့ မဌေး ကြက်သေ သေပြီး ကျန်ခဲ့သည် ။
ကောင်လေး က သနားစရာ ကောင်းတာ လား ၊ မိမိ တို့ က သနားစရာ ကောင်းတာ လား ၊ သေသေချာချာ စဉ်းစားရတော့ မှာ ဖြစ်သည် ။
◾ယဉ်ယဉ်နု ( မန္တလေး )
📖 ဘာသာထိပ်တင် မဂ္ဂဇင်း
( သစ္စာဝေဒဂူ ၁၀ - နှစ်ပြည့် )
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment