Monday, August 7, 2023

တက်ဘုန်းကြီး သိန်းဖေမြင့် ၏ ထောင်တွင်း ဝါဆို


 

❝ တက်ဘုန်းကြီး သိန်းဖေမြင့် ၏ ထောင်တွင်း ဝါဆို ❞

အိုးဝေမဂ္ဂဇင်း ကဏ္ဍ တွင် ထောင် မှ လွတ်မြောက် လာ စ အချိန် ဦးသိန်းဖေမြင့် နှင့် တွေ့မေး ကို ဖော်ပြခဲ့ရာ အဆိုပါ တွေ့ မေး အစအဆုံး အား ရှားပါး စာမူ တစ်ပုဒ် အဖြစ် ယခု ဝတ္ထုတိုပေါင်းချုပ် စုစည်းမှု အသစ် တွင် အမှတ်တရ ပြန်လည် ဖော်ပြပါသည် ။

•••••   •••••   •••••

ကျွန်ုပ်တို့ သတင်းထောက် သည် မကြာမီ က ထောင် မှ လွတ်မြောက် လာ သော ဦးသိန်းဖေမြင့် ထံ သို့ သွားရောက် တွေ့ဆုံပြီး ထောင်တွင်း ဘဝ အကြောင်းအရာများ ကို မေးမြန်း စုံစမ်းခဲ့ကြောင်း ၊ ဦးသိန်းဖေမြင့် မှာ တက်ဘုန်းကြီးသိန်းဖေ ပင် ဖြစ်၍ သူ ၏ ကွယ်လွန်သူ မိခင်ကြီး ဒေါ်မြင့် ၏ အမည် ကို မျိုးရိုး စဉ်ဆက် အမည် တစ်ရပ် အဖြစ် ဖြင့် ထားယူ သုံးစွဲကာ သူ့ ကိုယ်ပိုင် နာမည်တွင် “ မြင့် ” တစ်လုံး တိုး လိုက်ခြင်း ဖြစ်ကြောင်း ။

ကျွန်ုပ်တို့ ၏ အိုးဝေ စာဖတ်ပရိသတ် တို့ သည် ထောင်တွင်း မှ ရေးသား ပေးပို့ လိုက် သော သူ ၏ “ အမေ ” ဟူသော ဆောင်းပါး ကို သတိရ ကြလိမ့်မည် ဖြစ်ကြောင်း ။

ကျွန်ုပ်တို့ သည် အဆင့်သင့် ပင် ဦးသိန်းဖေမြင့် အား တောင်ခြေ ကမ္မဋ္ဌာန်းကျောင်းကလေး  နှင့် တူသော သူ့ နေအိမ်ငယ် တွင် တွေ့ ရပါကြောင်း ။

သတင်းထောက် ။  ။ ခင်ဗျား ထောင် က လွတ် လာတယ် ကြား ကတည်း က လာ ချင်တာပါပဲ ။ သို့ပေမဲ့ ကျွန်တော် က ဦးဦးဖျားဖျား ဆိုတာ ထက် စေ့စေ့စပ်စပ် ဆိုတာ ပို လိုချင်လို့ ခုမှ လာတာပဲ ။ ခင်ဗျား လွတ်တယ် ဆိုတာ ကြားရလို့ ဝမ်းသာပါတယ် ဗျာ ။

သိန်းဖေမြင့် ။  ။ ခင်ဗျားတို့ အိုးဝေ က ဝမ်းသာတယ် ဆိုတာ တော့ ယုံပါတယ် ။ ခင်ဗျားတို့ သတင်းစာ က ကျွန်တော့် ကို လွှတ်ဖို့ ရေးဖူးတာကိုး ဗျ ။ တချို့ သတင်းစာတွေ က တော့ ကျွန်တော့် ကို မကောင်း တောင် ရေးကြသေးတယ် ။ အဲဒီသတင်းစာတွေ ဟာ ကျွန်တော် တို့ ရပ်တည် နေတဲ့ ကွန်မြူနစ်ဝါဒ လမ်းစဉ်တူ သူရဲဘော်တွေ ညီညွတ်ရေး ဆိုတာ ကို ကြောက်ကြ ဟန် တူ တယ်ဗျ ။

သတင်းထောက် ။  ။ အခြား သတင်းစာတွေ အကြောင်း အချင်းချင်း တွေ မို့ ကျွန်တော်ကတော့ ဘာမှ စွက်ဖက် မပြောလို ပါဘူးဗျာ ။ ဘယ့်နှယ်လဲ ထောင် ထဲ မှာ အစား အသောက် အနေအထိုင် ချမ်းသာမှု ရှိရဲ့လား ။

သိန်းဖေမြင့် ။  ။ အစားအသောက် နှင့် ပတ်သက်ပြီး ၊ ကျွန်တော်တို့ အေကလပ် ခေါ် တဲ့ ပထမတန်း အကျဉ်းသမားတွေ အတွက် တော်တော် ကောင်းတယ် လို့ ဆိုရမှာပဲ ။ တနင်္ဂနွေ တစ်ပတ် ကို ကြက် နှစ်ရက် ၊ ဝက် တစ်ရက် ၊ ဘဲဥ တစ်ရက် ၊ ငါး နှစ်ရက် ၊ ဆိတ် တစ်ရက် ရတယ် ။ ငံပြာရည် ၊ မဆလာ ၊ ရှာလကာရည် စတဲ့ အထူး အသုံးအဆောင် များ လည်း ရတယ် ။ ကော်ဖီ ၊ ပေါင်မုန့်  ၊ ထောပတ် ကို လည်း တစ်နေ့ နှစ်ကြိမ် စားရတယ် ။ သို့ပေမဲ့ ဒါက အေကလပ် အတွက်ပဲ ဗျ ။ အေကလပ် အကျဉ်းသား က လည်း ထောင်တွင်း ဦးရေ ၂၈ဝဝ မှာ ဆယ်ယောက် ရှိတာပဲ ဗျ ။ ဘီကလပ် ၂၀၀ လောက် ကတော့ ကျွန်တော်တို့ လိုပဲ သား, ငါး ရတယ် ။ သို့ပေမဲ့ ငံပြာရည် ၊ မဆလာ ၊ ထောပတ် ဆိုတာတွေ မရဘူး ။ စီကလပ် အကျဉ်းသမား ရိုးရိုး မှာ တော့ အေ နှင့် ဘီ မှာ လို ဆန်ဖြူ မရဘူး ၊ လုံးတီးဆန်ကြမ်း ကို သာ ရတယ် ။ သောကြာ နေ့ တိုင်း ညနေ မှာ ဝက်သား ရတယ် ။ ကျန် ရက်တွေ မှာ တော့ ငါးငပိသဲရှပ်ရှပ် နှင့် ဟင်းသီး ဟင်းရွက် “ ရေလုံပြုတ် ” ဟင်း ကို သာ ရ ကြတယ် ။  အေဘီစီ အတန်းတွေ အပြင် စပါယ်ရှယ် နိုင်ငံရေး အကျဉ်းသမားတွေ ရှိ သေးတယ် ။ သူတို့ က တော့ သားငါး ကျွန်တော်တို့ လို ပဲ ရတယ် ။ သို့ပေမဲ့ ကျွန်တော်တို့ ရ တာ လောက် တော့ မများဘူး ။ အားလုံး ခြုံကြည့်တော့ ကောင်းကောင်း စား နေ ရအောင် ပုဒ်မ ၅ နှင့် အဖမ်း ခံရအောင် စောင့် နေတယ် ဆို တဲ့ မဟာဆွေ ရဲ့ ‘ လေ ’ မျိုး တော့ ခင်ဗျားတို့ ရှောင် စေချင် တယ် ။

သတင်းထောက် ။  ။ နို့ ခင်ဗျားတို့ အေကလပ် ( ၁၀ ) ယောက် ဆိုတာ က ဘယ်သူတွေ များလဲ ။ ဗိုလ်ရန်နိုင် တို့ လည်း ခင်ဗျား တို့ နှင့် အတူ နေရမှာပေါ့ ။

သိန်းဖေမြင့် ။  ။ အတူ မနေရဘူး ဗျ ။ သခင်စိုး ရှိတုန်း က လည်း သခင်စိုး နှင့် အတူ မနေရဘူး ။ ကျွန်တော် ဖြင့် သခင်စိုး ကို ခပ်လှမ်းလှမ်း က တောင် မမြင်လိုက်ရဘူး ။ ကျွန်တော် နှင့် နေ ရတာ က ကွန်မြူနစ်ပါတီ ၊ တပ်နီသေနာပတိဟောင်း ၊ ဗိုလ်သိန်းတန် ၊ ပြည်သူ့ရဲဘော် ခေါင်းဆောင် တစ်ဦး ဖြစ်တဲ့ မြိတ်ဗိုလ်ထွန်းစိန် ၊ ဗမာ့တပ်မတော် က ကာနယ် ခင်မောင်မြင့် နှင့် ကာနယ် အန်းဂါး တို့ ဖြစ်ပါတယ် ။ ဗိုလ်ရန်နိုင် တို့ နှင့် တော့ ကေအင်ယူ ဆရာသာထို တို့ မွန်ဘိုးချို တို့ စောစံဖိုးသင် တို့ နေကြတယ် ။ ရန်ကုန်ထောင်ကြီး ကို အပြင် က ကြည့်တော့ တစ်ခု တည်း အဖြစ် နှင့် မြင် ရတယ် ။ အတွင်း မှာ တော့ ထောင်ကြီး ( ၈ ) ခု ကြိုးတိုက် ၊ မိုးကြိုး တိုက် ၊ ဆေးရုံ စသည် ဖြင့် အားလုံး ထောင် ( ၁၁ ) ခု ဖြစ်တယ် ကျွန်တော်တို့ က ထောင်နံပါတ် ( ၈ ) မှာ နေခဲ့ ရတယ် ။ ဗိုလ်ရန်နိုင် တို့ လူစု က ဆေးရုံ ဘက် မှာ နေရတယ် ။

သတင်းထောက် ။  ။ ဒါဖြင့် ဗိုလ်ရန်နိုင် ကို လည်း တစ်ခါ မှ မမြင်ခဲ့ရဖူးပေါ့ ။

သိန်းဖေမြင့် ။  ။ ထောင်ဘူး ဝ မှာ သူ့ အိမ် က ထောင်ဝင်စာ လာ တွေ့ တဲ့ အခါ ဗိုလ်ရန်နိုင် ကျွန်တော်တို့ ထောင် ရှေ့ က ဖြတ်ဖြတ် သွား တော့ ခပ်လှမ်းလှမ်း က မြင် ရတယ် ။ လက်ပြ ခြေပြ ဆိုတာ လို နှုတ်ဆက် ကြရတာပေါ့ ဗျာ ။ ထောင် က မထွက်ခင်ကလေး တင်ပဲ ၊ ကျွန်တော် ဇာတ် ကပြ ဖို့ စီစဉ် တော့ ငွေအလှူခံ သွားရင်း တစ်ခါတော့ လူချင်း နီးနီးကပ်ကပ် တွေ့ ခဲ့ရပါရဲ့ ။ ထောင် ထဲမှာ ပွဲကြီးလမ်းကြီး ရှိရင် တစ်ခု တော့ ကောင်းတယ် ။ ကျွန်တော် တို့ နိုင်ငံရေးသမား အချင်းချင်း တွေ့ဖို့ လမ်းပွင့် တတ်တယ် ။ ပွဲ သွား ကြည့် ရင်း တွေ့ ရ တာပေါ့ လေ ။ သည့်ပြင် အချိန် မှာ ဆိုရင်တော့ အချင်းချင်း စကား မပြောရ ။ မတွေ့ရ ။ စာ မပေးရ စသည် ဖြင့် ပိတ်ပင် ထားတယ် ။ တစ်ခါက မိုးကြိုးတိုက် ဘက် မှာ ထောင်ကျ နေတဲ့ ဒလ က လှမြိုင် ဆိုတဲ့ ကွန်မြူနစ်ပါတီဝင် တစ်ယောက် နှင့် ကျွန်တော် က လက်ဟန်ခြေဟန် ပြပြီး နှုတ်ဆက် မိတယ် ။ မိုးကြိုးတိုက် ထောင်ပြာတာ က ထောင်မှူးကြီး သွား တိုင်တယ် ။ ကျွန်တော့် ကို တော့ အရေး မယူဘူးပေါ့ ။ သို့ပေမဲ့ ကျွန်တော်တို့ ( ၈ ) ထောင် က ထောင်ပြာတာ ကို အရေးယူတယ် ။ တစ်ခါ လည်း ပုဒ်မ ( ၅ ) ဘီကလပ်တွေ နေတဲ့ ( ၅ ) ထောင် က စာ တစ်စောင် ကို မြေနီကုန်း သခင်ဗဟုံ က ယူ လာပြီး ဗိုလ်သိန်းတန် ကို ပေးတယ် ဆိုပြီး ထောင်မှူးကြီး က သခင်ဗဟုံ ကို တိုက်ပိတ် ထားတာ ၃ - ၄ ရက် တောင် ခံရတယ် ။

သတင်းထောက် ။  ။ တိုက်ပိတ်တယ် ဆိုတာက ဘာလဲဗျ ။

သိန်းဖေမြင့် ။  ။ ထောင် ထဲ ထောင် ထပ် ကျတာ ပေါ့ဗျ ။ ထောင် ထဲ မှာ ထောင် စည်းကမ်း နှင့် ပတ်သက်ပြီး အမှု ဖြစ်ရင် နံပါတ်တုတ် နှင့် အရိုက် ခံရတတ်ပြီး တိုက်ပိတ်ခံရ တယ် ။ ငါးပေ ပတ်လည် လောက် ရှိတဲ့ အခန်း ထဲ မှာ နောက်ဖေး သွားဖို့ နှင့် ရေချိုးဖို့ အချိန် က လွဲပြီး တစ်ချိန်လုံးပိတ် ထားတာပဲ ။

သတင်းထောက် ။  ။ ခင်ဗျား တို့ အခန်း ကို တော့ ဘယ်လို တံခါး ပိတ်သလဲ ။

သိန်းဖေမြင့် ။  ။ ကျွန်တော်တို့ အေကလပ် အကျဉ်းသမားတွေ ကို တော့ ည ၉ နာရီ ကျ မှ တံခါး ပိတ်တယ် ။ မနက် ၅ နာရီခွဲ ကျတော့ ဖွင့် တယ် ။ အခန်းတံခါး မပိတ်တဲ့ အချိန် မှာတော့ ထောင်နံပါတ် ( ၈ ) ရဲ့ ဝင်းခြံ အတွင်း သွားချင် ရာ သွား ထိုင်ချင် ရာ ထိုင် ပါပဲ ။ အဲဒီ ဝင်းခြံ ရဲ့ အပြင်ဘက် ကို တော့ မထွက်နိုင်ဘူး ။ ည အခန်းတံခါး ပိတ် တဲ့ အခါ မှာ ၊ အတွင်း တံခါး ကို သော့ တစ်ချက် ၊ အပြင်တံခါး ကို သော့ တစ်ချက် ၊ ထောင်ဝင်း ခြံတံခါးကို သော့ တစ်ချက် ၊ ထောင်ဘူးဝ တံခါး မှာ အတွင်းသော့ တစ်ချက် ၊ အပြင်သော့ တစ်ချက် ၊ အားလုံး သော့ ငါးချက် ပိတ်ထား တဲ့ အတွက် “ အားလုံး ကောင်းပါသည် ခင်ဗျား ” ပေါ့လေဗျာ ။

သတင်းထောက် ။  ။ ဘယ်လိုလဲ ဗျ ။ “ အားလုံးကောင်းပါသည်ခင်ဗျား ” ဆိုတာ ။

သိန်းဖေမြင့် ။  ။ ထောင် ဖောက်သူ မရှိ ၊ ထွက် ပြေးသူ မရှိ ၊ ငြိမ်းချမ်း သာယာစွာ အိပ် နေကြပါတယ် ဆိုတာ ကို ဆယ့်ငါးမိနစ် တစ်ကြိမ် ထောင်ဝါဒါများ က အော်ဟစ်တိုင် ကြားတဲ့ စကား ပဲ ဗျ ။ ထောင်တွင်းသားတွေ ကို သော့ နှင့် ပိတ်ပြီး စောင့်ရုံ သာ မဟုတ်ဘူးဗျ ၊ ထောင်နံရံ တံတိုင်းကြီး မှာ ‘ သူရဲခို ’ အဆောင်တွေ ဆောက်ထားတယ် ။ အဲဒီ ထဲ မှာ ရိုင်ဖယ် နှင့် ဘရင်းဂန်းများ ကိုင်ပြီး စောင့်ကြပ် နေကြတယ် ။ ထောင်နံရံ အပြင်ဘက် မှာလည်း လက်နက်ကိုင်ပုလိပ် အများအပြား စောင့် နေကြတယ် ။ အဲဒါနှင့် အားလုံး မကောင်း ရင် ၊ ဘာမှ ဘယ်နေရာ မှာ မှ အားလုံး မကောင်းနိုင် တော့ဘူး ။

သတင်းထောက် ။  ။ အကျဉ်းထောင် ပြုပြင်ရေး နှင့် ပတ်သက်ပြီး ဘာများ ပြောစရာ ရှိပါသလဲ ။

သိန်းဖေမြင့် ။  ။ ပြောစရာတွေတော့ အများကြီးပါပဲ ။ သို့ပေမဲ့ အချုပ် မှာ တော့ ထောင် အခြေအနေ ဟာ ဗြိတိသျှနယ်ချဲ့သမား လက်ထက် က အတိုင်းပါပဲ ။ သခင်နု “ ရက်စက် ပါပေ့ကွယ် ” ဝတ္ထု ရေး တုန်း က အခြေအနေ နှင့် အခု နန်းရင်းဝန် ဖြစ်တဲ့ အခါ မှာ အခြေအနေ ဟာ ဘာမှ ခြားနားမှု မရှိပါဘူး ။ ထောင် ဟာ ဖိနှိပ်ရေးဌာန မဟုတ်ရဘူး ။ ပြုပြင်ရေးဌာန ဖြစ်ရ မယ် ဆိုတာ စကား သာ ရှိပါတယ် ။ ဘာ့ကြောင့်လဲ ဆိုတော့ ထောင် ထဲ မှာ လည်း ညစ်ညမ်းမှု တွေ ရှိတယ် ။ လာဘ်ပေးလာဘ်ယူ ရှိတယ် ။ ဥပမာ အကျဉ်းသမား တစ်ယောက် ဟာ ဥယျာဉ် လုပ်တဲ့ ဘက် မှာ မလုပ်ချင် လို့ အေကလပ် မှာ ထမင်းချက် အလုပ် လုပ်ချင်တယ် ဆိုပါတော့ ၊ အလုပ် ပြောင်းချင်တယ် ဆိုပါတော့ ၊ လာဘ်ထိုး ရတယ် ။ ထောင်ပြောင်း မလိုက်ချင် ရင် လည်း လာဘ်ထိုး ရတယ် ။ ထောင်ကျ ရက်လျော့ စာရင်း မှန်မှန်ကန်ကန် မြန်မြန်ဆန်ဆန် ပါ ဖို့ လည်း လာဘ်ထိုး ရတယ် ။ ဒီလို လာဘ်ထိုးရ တာ လည်း ထောင်မှူး တစ်ယောက် ယောက် ထောင်မှူး တပည့် ( ၁၂ ) မှတ် သံတေ တစ်ယောက် ယောက် ကို အရေးယူ ရုံ နှင့် ပြီးတာမဟုတ်ဘူး ။ သည် စနစ် ရှိရင် သည်အတိုင်း ပဲ ဖြစ်မှာပဲ ။ သည်စနစ် ပြင် ပစ် မှ ဒါတွေ ပျောက်မှာပဲ ။

သတင်းထောက် ။  ။ နို့ ထောင် ထဲ ငွေ မသွင်းရဘူး ဆို မဟုတ်လား ။

သိန်းဖေမြင့် ။  ။ စည်းကမ်းဥပဒေ က တော့ ရှိတာပေါ့ ဗျာ ။ သို့ပေမဲ့ ငွေ ဟာ ထောင် ထဲ တစ်နည်း နည်း တော့ ဝင် လာတာပဲ ။ ထောင်ပိုင်ထောင်မှူး ဆိုတာတွေ လည်း မျက်စိ အလုံး တစ်ထောင် ရှိတာမှ မဟုတ်ဘဲ ။ ဒီတော့ ငွေ ဝင်ချင် ဝင်မယ် ။ ဆေးခြောက် ဝင်ချင် လည်း ဝင် မယ် ။ တံခါး က ဘိန်း သွင်း လို့တောင် ထောင်မှူးကြီး ဆီး ဖမ်းတာ တွေ့ လိုက် သေးတယ် ။ ထောင် ထဲ မှာ တချို့က တော့ သတိသံဝေဂ ရ ကြတယ် ။ ငါ အပြင် ရောက် ရင် ကောင်းကောင်း မွန်မွန် နေမယ် လို့ သန္နိဋ္ဌာန် ချကြတယ် ။ တချို့ က တော့ ထောင် မလွတ်ခင်က ဘယ်နေရာ မှာ ဖွက်ထားတဲ့ လက်နက် ကို ယူပြီး ဘယ်လူစု နှင့် ဓားပြတိုက်မယ် ဆိုတာ စည်းလား ရိုက် ပြီး သားပဲ ။ ကောင်းကောင်းမွန်မွန် နေမယ် ဆိုတဲ့ ဇွဲ နှင့် အပြင် ထွက် တဲ့ လူများ အဖို့ လည်း ထောင်ပြင် ရောက် အလုပ် လက်မဲ့ ဖြစ်ပြီး ၊ စီးပွားရေး အကျပ်တွေ့  ဖြစ်နေတော့ မလွှဲမရှောင်သာ ဘဲ မကောင်းမှု ကို ရောက်ရတာ အများသား ကလား ဗျ ။

သတင်းထောက် ။  ။ ဒါတွေ ပြုပြင် ပြောင်းလဲဖို့ စီမံကိန်းကလေးများ ရေး မထားဘူးလား ။

သိန်းဖေမြင့် ။  ။ ရေး မထားဘူး ။ ခေါင်း ထဲ မှာ ပဲ ထားတယ် ။ အာဏာ ရှိသူတွေ က လုပ်ချင် ရင် တော့ မျက်နှာ မရွေး ၊ ဝါဒ မရွေး ပါတီ မရွေး ကူညီမှာပဲ ။ အကြံဉာဏ် ပေးမှာပဲ ။ အာဏာ ရှိတဲ့ လူတွေ ဟာ ထောင် တို့ ပုလိပ် တို့ ရဲ့ လူထု ဖိနှိပ်ရေးစနစ် ကို မပယ်ဖျက် နိုင် သမျှ ထောင် ၊ ပုလိပ် စသည် တို့ ကို လူထုအကျိုး ကာကွယ်ရေး လူထုရန်သူ ဖယ်ရှင်းရေး အဖြစ် ဖြင့် မပြောင်းလဲ နိုင်သမျှ တကယ့် ငြိမ်းချမ်းရေး ဆိုတာ မရှိနိုင်ဘူး ။ တစ်ခါတစ်ရံ ငြိမ်းချမ်းရေး ယောင်ယောင် ရ ပေမဲ့ သင်္ချိုင်း ရဲ့ ငြိမ်းချမ်းရေး မျိုး အကျဉ်းထောင် က “ အားလုံး ကောင်းပါ တယ်ခင်ဗျား ” ဆိုတဲ့ ကောင်းခြင်းမျိုး သာ ရနိုင်မှာပဲ ။ တကယ့် ငြိမ်းချမ်းရေး ပျော်ရွှင်ရေး တိုးတက်ရေး မဖြစ်နိုင်ဘူး ။

သတင်းထောက် ။  ။ တချို့ သတင်းစာ က နိုင်ငံရေး မလုပ်တော့ဘူး ရေးတယ် ။ တချို့က လုပ်မယ် ရေးတယ် ။ အဲဒါ ဘယ်လိုလဲ ။

သိန်းဖေမြင့် ။  ။ ထောင် က မထွက်ခင် ကတည်း က တချို့ က ရေး နေကြတယ် ။ စောင့်ကြည့်ပေါ့ ဗျာ ။ သတင်းစာ ရေး သမျှ ပြန် ရှင်း ရရင် လည်း ခက်သားပဲ ၊ တစ်ခု က တော့ သခင်နု က လည်း မလွှတ်ခင် စည်းကမ်းချက် ဘယ်၍ ဘယ်လို မှ မတောင်းဘူး ။ ကျွန်တော် က လည်း ဘယ် စည်းကမ်းချက် မှ ပေး နေဖို့ မလိုဘူး ။ ကိုယ့် ဘာသာ ကိုယ် လူထု အပေါ် မှာ တာဝန် သိပြီး လူထု အတွက် အကောင်းဆုံး ထင်တာ သာ လုပ်ဖို့ ရှိတယ် ။

သတင်းထောက် ။  ။ ကျေးဇူး တင်ပါတယ် ။ သွားပါရစေဦး ။

ကျွန်ုပ်တို့ နှုတ်ဆက်ပြီး ထွက်ခွာ လာသော အခါ ဦးသိန်းဖေမြင့် သည် အိမ် ရှေ့ က ပန်းပင်ကလေးများ ကို ပေါင်းသင် နေရစ်ခဲ့ ပါ ကြောင်း ။

📖 အိုးဝေ ဂျာနယ်

📖 သိန်းဖေမြင့် ဝတ္ထုတိုပေါင်းချုပ်

#ကိုအောင်နိုင်ဦး

.

No comments:

Post a Comment