( ၂၁ )
စီးပွားရေးသမား ဆိုသူ မှာ ကိုးဆယ် ရာခိုင်နှုန်း က အမြတ် များများ ရ ရေး သာ မူလ ပထမ ဟု သဘောထား နေတတ် ကြသည့် အလျောက် လွယ်လွယ် နှင့် ငွေ အရ ချောင်မည် ဆိုလျှင် နာမည် ၊ တံဆိပ် အတုအယောင် သာ မက ... အန္တရာယ် ကြီး လှသော ဆေးဝါး ကို ပင် အတု လုပ်ကြမည် ၊ လုပ် နေကြသည် ၊ နောင်လည်း လုပ်ကြချေဦးမည် ။ ( ဤသည် မှာ စီးပွားရေး သောင်းကျန်းသူ တို့ ၏ ညစ်ပတ် ယုတ်မာမှု ) ။
ဤသည် ကို ထားတော့ ။
အနုပညာ အနုပညာ နှင့် တသသ တဖွဖွ ဂုဏ်ယူ ရန် အခွင့်အလမ်း ပေါ်တိုင်း ရွတ် နေကြသော အနုပညာရှင် ဆိုသူ အပေါင်း တို့ တွင် ဆိုခဲ့ဘိသော စီးပွားရေးသမား တို့ ၏ အတုအယောင် စိတ်မျိုး ရှိကြသင့် သလော ။
ရေးခဲ့ဖူးပြီ ။ အခွင့် ကြုံတိုင်း တင်ပြ ခဲ့ ဖူးပြီ ။ သို့သော် ....
အိမ်း ...
စိတ် သာ မော ရသည် ။ လျော့ပါး သွားသည် မရှိသေး ။ ပပျောက်ရန် ကား ဝေ လာ ဝေး ။
ယာဉ် ရထား ခိုး စီး ၊ ဖြတ်လမ်း လိုက် ၊ ရေသာခို အလုပ် သည် အနုပညာသမား တို့ နှင့် လားလား မျှ မအပ်စပ် ။ သို့ပါလျက် လည်း ယင်းသည့် အပြုအမူများ ပြောင်းလဲသွား သည် မရှိသေး ။
လွန်ခဲ့သော ဆယ့်လေးငါးခြောက် နှစ် ခန့် က ထင်၏ ။ သာဓု ရေးခဲ့ဖူး သေးသည် ။ ရုပ်ရှင် မင်းသားသစ်
အမည် တစ်ရပ် နှင့် ပတ်သက်၍ ဆိုကြပါစို့ ။ နာမည် ကျော်ကြား လူကြိုက်များ နေ သူ က ဝင်းဦး ။ ထိုကာလ အတွင်း မင်းသားသစ် အဖြစ် ရုပ်ရှင် ရိုက် လိုသော ရှမ်း အမျိုးသား တစ်ယောက် သာဓု ထံ ငွေထုပ် ပိုက်၍ ရောက်လာခဲ့သည် ။ သူ သည် ရှမ်းစက်သူဌေး မိဘ နှစ်ပါး ၏ တစ်ဦးတည်း သော သား ၊ ငွေကြေး အဖွေးသား နှင့် လာသူ ဖြစ်၍ ညာဝါး ပြီး စား လိုက်ရလျှင် အဆီ တစ်ထပ် အသား တစ်ထပ် ။ သို့သော် ...
“ ကျွန်တော် ရုပ်ရှင် မင်းသား လုပ် ချင်တယ် ။ ငွေ ဘယ်လောက် ကုန်ကုန် ဆရာ လုပ်ပေးပါ ။ မင်းသား ဖြစ်ရင် တော်ပါပြီ ”
သာဓု ကို သူ့ ရည်ရွယ်ချက် အဓိက ကို အတိအကျ ဖွင့်အန်သည် ။ သာဓု က လည်း မင်းသား ရွေး သလို လေးလေးနက်နက် သတိထား ပြီး အကဲ ခတ်သည် ။
ငွေ သည် အဓိက မဟုတ်သည့် အတိုင်း သရုပ်ဆောင်ခြင်း ဆိုင်ရာ အနုပညာ ၏ အရိပ် အယောင် ကို စူးစမ်းရာ ၌ သူ သည် ဆံပင် ဖြီးပုံ ၊ နှုတ်ခမ်းမွေး ထားပုံ မှ အစ ဝင်းဦး နှင့် အတတ်နိုင်ဆုံး တူအောင် ကြိုးစား ထားသည် ကို တွေ့ရ သဖြင့် ...
“ မင့် အသက် ဘယ်လောက် ရှိပလဲ ”
“ ၂၂ နှစ် ခင်ဗျ ”
“ ဪ ငယ်ငယ်လေး ရှိသေးတာပဲ ”
သူ ပြုံးပြသည် ။
“ နို့ မင်း က ဘာပြုလို့ နှုတ်ခမ်းမွေး ထားချင် တာလဲ ”
သူ ခေါင်းငုံ့ သွားသည် ။
“ မင်း မျက်နှာ နဲ့ နှုတ်ခမ်းမွေး နဲ့ မ လိုက်ဘူး ၊ အဲ ... ကြည့် မကောင်းဘူး ဆိုပါတော့ကွာ ”
သူ ငြိမ် နေသေး၏ ။
“ အနုပညာ ဆိုတာ မှာ ဟန်ဆောင် မှု အကင်းဆုံး ဖြစ်ရမယ် ။ ပင်ကို အတိုင်း ပဲ ရှိရမယ် ”
သူ တွေ နေသဖြင့် ...
“ မင်း နားရှုပ် သွားပြီ ထင်တယ် ၊ သဘော က တော့ ပန်း ဟူသမျှ မှာ အရောင် ရှိတယ် ၊ အဆင်းသဏ္ဌာန် ရှိ တယ် ။ များသော အားဖြင့် ပန်း ရဲ့ အရွက်တိုင်း လို လို ဟာ အစိမ်း ပဲ ၊ ဟုတ်ကဲ့လား ”
“ ဟုတ် ”
သူ့ ( ဟုတ် ) တွင် ( ကဲ့ ) ပါ မလာ ။
“ အေး ...ဒါပေမဲ့ တချို့ ပန်းပွင့် (ဆို ပါတော့ ) စကားစိမ်း တို့ ဘာ တို့ ပေါ့ ”
ဤ တစ်ကြိမ် တွင် မူ သူ “ ဟုတ် ” ဟု မပြော ။ ခေါင်း သာ ခပ် လောလော ညိတ် ၏ ။
“ အဲဒီ ပန်း က အပွင့် ဟာ .. အစိမ်း နော် ၊ မြင်ကော မြင်ဖူးရဲ့ လား ”
“ ဟုတ် ”
“ ကြည့် ရတာ တခြား ပန်းတွေ လို အရောင် နဲ့ မဟုတ်တော့ လှသင့် သလောက် မလှဘူး နော် ၊ အဲ .. စကားဝါ လို မလှဘူး ”
“ ဟုတ်ကဲ့ ခင်ဗျ ”
သူ စကားလုံး အသုံး ပြောင်း လာသည် ။
“ အဲဒီ သဘောပေါ့ ကွာ ၊ တို့ မြန်မာတိုင်းရင်းသားတွေ ဟာ သူ့ အရွယ် နဲ့ သူ နှုတ်ခမ်းမွေး ထားလေ့ ရှိကြတယ် ။ ဘယ် အရွယ် ကျ မှ နှုတ်ခမ်းမွေး ထားရမယ် ဆိုတာတော့ သတ်မှတ်ချက် မရှိဘူး ပေါ့ကွာ ”
သူ ခေါင်း ပြန် ငုံ့ သွား၏ ။
“ နို့ပေမဲ့ များ သော အားဖြင့် အလယ်အလတ် အရွယ် ရောက် မှ ထားတတ် ကြတယ် ၊ အဲဒါလဲ လူနည်းစု ပဲ ကွ ”
သူ ပြန် မော့လာသည် ။
“ ဘာပဲ ဖြစ်ဖြစ် လေ ၊ နှုတ်ခမ်းမွေး ဟာ လက်ရှိ အသက် ထက် ၃ ပုံ ၁ ပုံ လောက် ပိုပြီး ရင့် သွား တတ်တယ် ။ အမြင် အားဖြင့် ပေါ့ ။ အေးကွာ ... အတိုချုပ် ပဲ ပြောမယ် ။ မင်း က ရုပ်ရှင်မင်းသား လုပ် ချင်လို့ ၊ လှမယ် ထင်လို့ ၊ ဘာလို့ ထားထား ရည်ရွယ်ရင်း ကတော့ ဝင်းဦး နဲ့ တူချင်လို့ နှုတ်ခမ်းမွေး ထားတဲ့ အဓိပ္ပာယ် ပေါ် နေတယ် ”
သူ ရှက်သွားဟန် ပြုံးသည် ။
“ ခုန ဆရာ ပြောသလို နှုတ်ခမ်းမွေး ဟာ အရွယ် ရွေးရုံ မဟုတ်ဘူး ။ မျက်နှာ အနေအထား နဲ့ ကြည့် ကောင်းတာ ရှိ သလို လိုက်ဖက် မညီတာလဲ ရှိတယ် ကွ ”
“ ဟုတ်ကဲ့ ခင်ဗျ ”
“ မင်း က အသက် ငယ်ပြီး မျက်နှာ နု တယ် ၊ အသား ဖြူတယ် ၊ ပြီး မျက်နှာကျ ဝိုင်းတော့ နှုတ်ခမ်းမွေး ကြောင့် မျက်နှာ ကျ ပြောင်း သွားတယ် ။ ကြည့် မကောင်းဘူး ”
သူ ပြုံး ရင်း က ငုံ့ သွားသည် ။
“ ဒါက ဆရာ့ အမြင် ပြော တာနော် ။ အေးလေ ... ဘယ်လို ဖြစ်ဖြစ် ဝင်းဦး နဲ့ တူအောင် နှုတ်ခမ်းမွေး ထားတာ မျိုး တော့ မဖြစ်စေချင်ဘူး ၊ ပြီး မင်း က ရုပ်ရှင် ရိုက်ချင်တယ် ဆိုတော့ ... နို့နေပါဦး ။ မင်း နာမည် က ဘယ်လို ခေါ် သလဲ ”
သူ အတန်ကြာ တွေ နေပြီးမှ ...
“ နာမည်ရင်း ကတော့ ရှမ်း နာမည် ပါ ခင်ဗျ ။ ရုပ်ရှင် ရိုက်ရင်တော့ ဝင်းဦးဝင်း လို့ အမည် မှည့် မယ် စိတ်ကူး ပါတယ် ”
“ ရော ”
သာဓု ယောင်ယမ်း ရေရွတ် မိ ချေပြီ ။ ဝင်းဦး နှင့် တူအောင် နှုတ်ခမ်းမွေး ထားရုံ မက ပြောနေ ရင်း က ပင် နာမည် ကို တု နေ ပြန်သည် ။ အမူအရာ မှာ လူ ရော ၊ ပုံပန်း ရော ၊ ခေါင်းဖြီး ပုံ ပါ မကျန် နှုတ်ခမ်းမွှေး နှင့် အမည် လည်း တုပ နောက်ယောင်ခံ လိုက်မည့် ဆန္ဒ ပြင်းပြ နေပုံ ရသည် ။
“ ကောင်းပြီ ၊ မင်း နာမည် ကို ( ဝင်းဦးဝင်း ) လို့ မှည့် ချင်တဲ့ အဓိက အကြောင်းအရင်း က ဘာလဲ ။ အေး လေ အဲဒါ ထားတော့ ။ မင့် စိတ် ထဲ မှာ ဝင်းဦးဝင်း နာမည် နဲ့ ရုပ်ရှင် ရိုက်ရင် ဝင်းဦး လို လူကြိုက်များ ကျော်ကြား
လိမ့်မယ် ထင် နေ သလား ”
ဤ အမေး ကို သူ ကျေနပ်ပုံ မရ ။
“ ဒီမှာ ကွ ၊ ဆေးပေါ့လိပ် တံဆိပ် ချင်း ဆင်တူရိုးမှား မို့ အဝယ် မှားချင် မှားမယ် ။ လူ လူချင်း က မမှား နိုင်ဘူး ။ မှားပြီး အားပေး ရိုး ထုံးစံလဲ မရှိဘူး မဟုတ်လား ။ ခု မင်း လုပ် မှာ က ရုပ်ရှင်မင်းသား နော် ။ အနုပညာ ဆို တာ ကိုယ့် အစွမ်းအစ နဲ့ ကိုယ် ကြိုးစားရ တဲ့ အလုပ် ၊ ဒါလဲ မင်း သိမှာ ပါလေ ”
သူ နှာရောင်ကုပ် လာသည် ။ သာဓု က လည်း အနုပညာ နှင့် ပတ်သက် လာ လျှင် အားနာလိမ့်မည် မဟုတ် လေရာ ...
“ မင်း က ဝင်းဦးဝင်း နာမည် တပ်ပြီး ရုပ်ရှင်မင်းသား လုပ်လို့ ကား တစ်ကား တည်း နဲ့ ဟိုးဟိုးကျော် သွား တယ် ထား ၊ အဲ့ဒါ မင်း သရုပ်ဆောင် ကောင်းလို့ ပရိသတ် ကြိုက်သွားတာ မဟုတ်ဘဲ ဝင်းဦး နာမည် အတ ခိုးပြီး ဆင်တူရိုးမှား မှည့် လို့ နိုင်ငံကျော် သွား တာ ဖြစ် မနေဘူးလား ”
သူ ပို၍ လှုပ်ရှား လာသည် ။
“ ဆရာ မင်း ကို စေတနာ နဲ့ ပြောတာရယ်လို့ မင်း နားလည် ထားပါ ။ အဲ ... မင်း အနုပညာ ဝါသနာ ပါ တဲ့ လူငယ် တစ်ယောက် ဆိုတော့ စာပေ လဲ လေ့လာ နေမယ် ဆိုတာ ဆရာ သံသယ ဖြစ်စရာ မလိုဘူး ။ ဟုတ် ကော ဟုတ်ကဲ့လား ”
ခပ်တည်တည် ပင် ခေါင်းညိတ် သည် ။
“ အေး ... ဒီလိုဆို မင်း သိမှာ ပါ ၊ စာရေးဆရာ ။ စာရေးဆရာမ အတုအယောင် ဆင်တူရိုးမှား တွေ ... ”
“ သိပါတယ် ခင်ဗျ ”
သူ အသံ ထွက် လာချေပြီ ။
“ ဥပမာ ဆိုပါတော့ ။ စာရေးဆရာ တစ်ယောက် က ရုပ်ရှင်မင်းသား ဖြစ်ဖြစ် ၊ တခြား ကျော်ကြားသူ
အနုပညာရှင် တစ်ဦးဦး ရဲ့ နာမည် ဖြစ်ဖြစ် ဆွဲယူ ပြီးတော့ ရှေ့ က တက္ကသိုလ် ဆိုတာ ခံပြီး ကလောင် အမည် လုပ် စာအုပ် ရေးမယ် ။ ဝတ္ထု ဆောင်းပါး ရေးမယ် ဆိုပါတော့ ၊ အဲဒီ ပုဂ္ဂိုလ် ကို မင်း ဘယ်လို သဘော ထား မလဲ ”
“ မကြိုက်ဘူး ”
“ အဲဒါပဲ ၊ တချို့ တော်တော် အရှက် မဲ့ ကြတယ် ၊ ထင်ရှားသူ ရဲ့ အမည် ကို ရှေ့ က တစ်လုံး တိုး ၊ နောက် တစ်လုံး ဖြည့် နဲ့ ဆေးဝါးအတု ထုတ်သလို လုပ် နေကြတယ် ”
“ ဟုတ်ကဲ့ ဆရာ ၊ ကျွန်တော်တို့ တောင် တစ်ခါတလေ ထင်ယောင် ထင်မှား ဖြစ်ပြီး စာရေး မေး ယူ ရတယ် ။ မကောင်းဘူးပေါ့ ဗျာ နော ”
“ အေး ... မင်းတို့ စာဖတ်ပရိသတ် အဖို့ မကောင်းရုံ သာ မဟုတ်ဘူး ၊ သူ တို့ အနေနဲ့ လဲ မင်းတို့ ကို အတု လုပ် ရောင်းသလို မသမာရာ ကျတယ်ပေါ့ ”
“ မှန်ပါတယ် ဆရာ ”
“ နောက်ပြီး နာမည် ဆွဲယူ ခံရတဲ့ ပုဂ္ဂိုလ် ခမျာ လဲ အနေရ အထိုင်ရ ကျပ် သွား တာပေါ့ ။ များ သော အားဖြင့် ကြား ထဲ က အချောင် နာမည် အပျက်ခံ ရတယ် ။ အေးကွာ ... ပြောရင်း နဲ့ ဆရာ ချမ်း လာပြီ ၊ ဖျားလိမ့်မယ် ထင်တယ် ”
“ အပြင် မှာ မိုး ရွာနေပြီ လေ ဆရာ ”
“ ကဲ ... မင်း လဲ ပြန်ဦးကွာ ၊ ဆရာ ဆေးထိုးပြီး ခဏ အိပ် ဦးမယ် ။ နက်ဖြန် သန်ဘက် ပေါ့ ၊ လာချင်သေး သပ ဆို လာခဲ့ ”
“ လာမယ်လေ ဆရာ ၊ စကား အပြီး မသတ်ကြသေးဘူး ဟာ ”
“ အေး ပြန်တော့ ၊ ဪ ... လာခါ နီး ဖုန်းဆက် မေး ဦးကွ ၊ နေကောင်း တယ် ၊ လာ ဆို မှ လာ ၊ ဟုတ်လား ”
အိမ် မှ ကား အပြင် သွား နေ၍ သူ့ ကို ပင် ဆေးတိုက် ပို့ ခိုင်းရန် ဝင်းဦးဝင်း ဆိုသူ ၏ ( ဘောနပ်စ် ) ကား ပေါ် တက် ထိုင် လိုက် ရပါ၏ ။
( ၁၂ - ၅ - ၈၆ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
ဇွန် ၊ ၁၉၈၆
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment