အခန်း ( ၁ )
‘ ကျွန်တော်တို့ အုပ်စု ’ လို့ ဆိုတဲ့ အထဲ မှာ ..
ကျွန်တော် ပါတယ် ။
ပန်းချီဆရာ ပေါက်စ တစ်ယောက် ပါတယ် ၊ ( အခုတော့ မဂ္ဂဇင်း တွေ မှာ သရုပ်ဖော်ပုံတွေ ဆွဲနေတဲ့ ‘ ခေတ်ဘုန်းမို ’ ပေါ့ )
နောက် ဂစ်တာ တဒေါင်ဒေါင် တဒင်ဒင် တီးပြီး သီချင်း ရေးဖို့ ကြိုးစား နေတဲ့ မြန်မာစာဆရာ အလောင်းအလျာလေး တစ်ယောက် ပါတယ် ။ ( သူ က တော့ ၂၀၀၀ ပြည့်နှစ် ဝန်းကျင် ကာလ မှာ အင်မတန် နာမည်ကြီး တဲ့ ကျူရှင်ဆရာ ဦးဆင့်သူ ဖြစ် လာပြီး ငယ်ငယ်ရွယ်ရွယ် နဲ့ အောင်မြင် နေစဉ်မှာပဲ ကွယ်လွန် ဆုံးပါး သွား ခဲ့တယ် ။ သူ့ တစ်သက်တာ လုံး မှာ “ ပစ်တိုင်းထောင်လေး ပုတိုတို ” ဆိုတဲ့ သားချော့ သီချင်းလေး တစ်ပုဒ် ကို ပဲ အပြီးသတ် ရေးဖွဲ့သွားခဲ့ လေရဲ့ )
ကျွန်တော်တို့ ဝါသနာ ပါတဲ့ အနုပညာ အလုပ်တွေ ကို လုပ်ဖို့ ရန်ကုန်မြို့ နဲ့ နီးနီးနားနား မှာ နေ မှ ဖြစ်မယ်လေ ။ အဲ ... ပြီးတော့ အိမ် လခ က လည်း ဈေး သက်သာဦး မှ ဖြစ်မှာ ။
အိမ် တစ်လုံး တည်း ကို အခန်း ကန့် ထားပြီး ငှားစား တဲ့ နေရာမျိုး မှာ လည်း နေလို့ ဘယ် ဖြစ်မှာလဲ ။ ကျွန်တော်တို့ က နေ့ ရော ည ပါ အချိန်မရွေး ဒေါင်ဒေါင်ဒင်ဒင် ဝူးဝူးဝါးဝါး နဲ့ .. ။
နောက်ပြီး ကျွန်တော်တို့ အုပ်စု က ဘာမှန်း မသိတဲ့ ရုတ်ရုတ်သဲသဲ ကိစ္စတွေ ၊ မျက်စိနောက်စရာ ကောင်းတဲ့ ကိစ္စတွေ ကို တစ်ခု မဟုတ် တစ်ခု ကြံဖန်ပြီး လုပ်နေကြတာ ကိုး ။
ဒါကြောင့် တော မကျ မြို့ မကျ ဟောဒီ ရပ်ကွက်လေး ထဲ မှာ ပျဉ်ထောင်အိမ် ယိုင်နဲ့နဲ့လေး တစ်လုံး ကို ငှား ပြီး လာ နေကြတာပေါ့ ။
ကျွန်တော်တို့ အုပ်စု ထဲ မှာ အနုပညာ အလုပ် နဲ့ လည်း ဘာမှ မပတ် သက် ၊ အနုပညာ ကို ဝါသနာ လည်း မပါတဲ့ အလုပ် မရှိ အကိုင် မရှိ အူကြောင်ကြောင် ငနဲ တစ်ယောက် လည်း ပါ သေးတယ် ။
သူ့ နာမည် က ဖိုးစော တဲ့ ။
ဖိုးစော ရဲ့ ပါရမီဓာတ်ခံ က လည်း တစ်မျိုး ပဲ ။ ဘယ် လူစုလူဝေး ထဲ ကို မဆို ဒီကောင့် ကို သာ ထည့် ပေးလိုက် .. ။
ရှုပ်ရှုပ်ယှက်ယှက် တစ်ခု ခု တော့ ဖြစ်ပြီးသား ပဲ ။
လူစုလူဝေး နဲ့ လည်း ဖြစ်တယ် ။ နှစ်ယောက် ချင်း သုံးယောက် ချင်း လည်း ဖြစ်တယ် ။
သူ့ တစ်ယောက်တည်း နေ ရင် တောင် သူ့ အတွေး နဲ့ သူ ရှုပ်ရှုပ်ယှက်ယှက် ဖြစ် နေတတ်တဲ့ ကောင် ။
ဖိုးစော ရဲ့ အတွေးအခေါ်တွေ က လည်း အံ့မခန်း ပဲ ။ နက်နဲ တဲ့ နေရာ မှာ လက်ဖျား ခါ လောက်တယ် ။
တစ်ခါက ကျွန်တော့် ကို လာ မေးတာပဲ ကြည့် ... ။
ဖိုးစော က ...
“ ကျော်စိုး ရေ ”
“ ဟေ .. ဘာဖြစ်ရပြန်ပြီလဲ ဖိုးစော ”
“ ငါ တစ်ခု စဉ်းစားနေတာ ကွ ၊ မြတ်စွာဘုရား ရဲ့ သွေးအမျိုးအစား ဟာ A လား ၊ B လား ၊ AB လား ဒါမှမဟုတ် O သွေး လား ဆိုတာ ”
ကဲ ... သူ့ အတွေးအခေါ် က ...
ကျွန်တော် က ...
“ ဟာ ... ဖိုးစော ရာ ၊ မင်း မို့ လို့ ကြံကြီးစည်ရာ ကွာ ။ မြတ်စွာဘုရား ပွင့်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင့်ငါးရာ ကျော် တုန်း က သွေးအုပ်စု ခွဲ တဲ့ ပညာ မှ မပေါ်သေးတဲ့ ဥစ္စာ ”
ဖိုးစော က စိတ်ပျက် သလို ‘ ကျွတ် ’ ခနဲ စုတ် သပ်လိုက်ပြီး ခေါင်း ကုတ်လိုက် ဖင် ကုတ်လိုက် လုပ်ရင်း ...
“ မဟုတ်ဘူးလေ ကွာ ၊ ငါ စဉ်းစားနေ တာ က မြတ်စွာဘုရား ဆိုတာ အင်မတန် ထူးခြား မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီး မဟုတ်လား ။ အဲဒီလို ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီး ရဲ့ ခန္ဓာကိုယ် ထဲ မှာ စီးဆင်း နေတဲ့ သွေးတွေ ဟာ လူသာမန် တွေ ရဲ့ ကိုယ် ထဲ က သွေးတွေ နဲ့ အမျိုးအစားချင်း တူနိုင် သလား ဆိုတာ ကို ငါ စဉ်းစား နေတာကွ ။ အေးလေ ... ဒါတွေ မင်း ဘယ် နားလည်နိုင်ပါ့မလဲ ကျော်စိုး ရာ ၊ လောကီ လောကုတ္တရာ ပြည့်စုံ တဲ့ ပညာရှိကြီးတွေ ကို ရှာပြီး မေးရ ဦးတော့ မှာ ပဲ ”
ကျွန်တော် က တော့ လောကီ လောကုတ္တရာ မပြည့်စုံတဲ့ ငတုံးကြီး ဖြစ်သွားတာ ပေါ့ ဗျာ ။ ကိုယ့် ဘာသာ ကိုယ် နေရင်း ထိုင်ရင်းကြီး ကို ငုတ်တုတ် ညံ့ သွား တော့တာ ။ ကျွန်တော့် ဘဝ နှယ် ဆိုး လိုက်ပုံ ။
ဖိုးစော က တော့ ကော့လန် ကော့လန် နဲ့ လစ် သွား လေရဲ့ ။
••••• ••••• •••••
တစ်ခါ က ကျ တော့ ကိုဆင့်သူ ကို သွားပြီး မေးတာ ။ ( အဲဒီတုန်း က ကိုဆင့်သူ က မြန်မာစာဌာန မှာ ကျူတာ ဖြစ် နေပြီလား ၊ မဖြစ်သေးဘူးလား တောင် မမှတ်မိတော့ဘူး )
ဖိုးစော က မေးစေ့ က မုတ်ဆိတ်မွေး ကျိုးတိုးကျဲတဲ ကို ပွတ်ရင်း ...
“ ဗျို့ .. ကိုဆင့် ”
အိမ်နံရံ ကို မှီရင်း ခြေဆင်း ပြီး ဂစ်တာလက်ကွက် စမ်း နေတဲ့ ကိုဆင့်သူ က မျက်ခုံးတွေ ပင့် သွားတယ် ။
“ ဟင် ... ဘာလဲ ဟင် ၊ ဖိုးစော .. ဘာလဲ ”
ကိုဆင့်သူ က လည်း ဖိုးစော ရဲ့ စူးရှထက်မြက်တဲ့ အတွေးအခေါ် တွေ ကို ခပ်လန့်လန့် ပဲ ။
ဖိုးစော က ( သုံးပင် နှစ်ခန်း အိမ်ခန်း ကျဉ်းကျဉ်းလေး ရဲ့ ) ခနော်နီ ခနော်နဲ့ ကြမ်းပြင် ပေါ် မှာ ခေါက်တုံ့ ခေါက်ပြန် လျှောက် ရင်း ...
“ ကိုဆင့်တို့ မြန်မာစာ မှာ ဝါကျ ဆုံးတဲ့အခါ ‘ သည် ’ တို့ ၊ ‘ ၏ ’ တို့ ထည့်ရတယ် မဟုတ်လား ။ ဟိုဗျာ ... ဥပမာ ပြောရရင် ‘ သူ ကျောင်း သို့ သွား သည် ’ ‘ သူ အိပ်မက် မက်နေ၏ ’ .. စသဖြင့် ပေါ့ ဗျာ ”
“ အင်း ... ဟုတ် ... ဟုတ်တယ်လေ ဖိုးစော ရဲ့ ၊ ဘာဖြစ်လို့လဲ ”
“ အဲဒီ သည် နဲ့ ၏ နဲ့ အဓိပ္ပာယ်ချင်း ဘာ ကွာ သလဲ ကိုဆင့် ”
ဒီ မေးခွန်းကြောင့် ကိုဆင့်သူ မျက်လုံးတွေ ပြာလတွတ် ပြာလတွတ် ဖြစ် သွားတယ် ။ တော်တော်လေး တော့ ခွကျ နေပြီ ။
ကိုဆင့်သူ က အကျပ်အတည်း ဖြစ်ရင် သူ လုပ်နေကျ အမူအရာ အတိုင်း နှုတ်ခမ်းထူထူလေးတွေ ကို ထော် ပြီး စူ ပြီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် ၊ အသံလေး အ တီး အ ထစ် နဲ့ ... ။
“ ဟဲ ... ဟဲ ... သိပ် ... သိပ် မကွာပါဘူး ဖိုးစော ရဲ့ ”
ဖိုးစော က မျက်မှောင်ကြုတ် လိုက်လေရဲ့ ။ ပြီးတော့ ...
“ အဓိပ္ပာယ်ချင်း တူရင် ဘာလို့ အလုပ်ရှုပ် ခံပြီး စကားလုံး နှစ်လုံး တောင် ထား နေရသေးလဲ ဗျာ ၊ တစ်လုံး ကို ဖြုတ်ပစ် လိုက်ပါလား ၊ ကျက်ရ မှတ်ရ တာ သက်သာ သွားတာပေါ့ ”
“ ဟေ ... ”
ကိုဆင့်သူ မျက်လုံး ပြူး သွားသည် ။ ဖိုးစော က တော့ ခပ်တည်တည် ပဲ ဆက်ပြီး ..
“ ဟုတ်တယ် ၊ ကျွန်တော် က နောင် လာမယ့် လူငယ် ကျောင်းသား လေးတွေ အတွက် စေတနာ နဲ့ အကြံ ပေးနေတာ နော် ။ ကိုဆင့် မြန်မာစာ ပါမောက္ခ ဖြစ်တဲ့ အခါကျရင် “ ၏ ” ကို ဖြုတ် ပစ်လိုက်ဗျာ ။ ကောက်ကောက် လိမ်လိမ် နဲ့ အကြည့်ရ ဆိုးတယ် ။ ဖြုတ်ပစ် ... သိလား ”
“ ငါ့ ... ငါ့ မှာ အဲ့လောက် အာဏာ မရှိဘူး ထင်ပါတယ် ကွာ ”
ကိုဆင့်သူ က တော့ သူ့ဘ ဝ ကို သူ အားငယ် လို့ ပဲလား မသိဘူး ။ မဝံ့မရဲ ဖြေ ရှာတယ် ။
ဒါပေမဲ့ ဖိုးစော က တော့ မာရေကျောရေ ပဲ ။
“ ဟာဗျာ .. ဘာ အာဏာ ရှိစရာ လို လို့လဲ ၊ မြန်မာစာ ကို တီထွင်ခဲ့တဲ့ လူတွေ က လည်း သူ လို ကိုယ် လို လူ တွေပဲ ဥစ္စာ ။ သူတို့ လုပ်ပုံကိုင်ပုံ နေရာ မကျ ရင် ကိုယ် က ပြင်ရဲရမှာ ပေါ့ ”
အဲသည်လို ‘ ဟောက် ’ သေးတာ ဗျ ။
အံမယ် ... ။ သူ့ ခံယူချက် နဲ့ သူကတော့ ဟုတ်သလိုလို အရှိသား ။ ကိုဆင့်သူ က တော့ ဂစ်တာ ကို တောင် ဆက် မတီးနိုင်တော့ဘူး ။
မျက်လုံးလေး ပေကလတ် ပေကလတ် လုပ်ပြီး ဖိုးစော ကို ပဲ ငေး ကြည့် နေရတယ် ။ ဒါပဲ တတ်နိုင်တော့တယ် မဟုတ်လား ဗျာ ။
••••• ••••• •••••
ပန်းချီဆရာ က တော့ ရှင်းတယ် ။
ဖိုးစော ပြဿနာ သယ် လာပြီ ဆိုရင် ဆဲလွှတ် တဲ့ အခါ လွှတ် ၊ ပါးစပ် ထဲ တွေ့ကရာ ပြောရင် ပြော ၊ ဒါမှ မဟုတ်ရင် သူ့ ထက် ဦး အောင် ဦးနှောက် စားစရာ တစ်ခု ခု နဲ့ ကျပ် လွှတ် လိုက်တာပဲ ။
အိမ် ပေါ် မှာ နေရာ က ကျယ်ကျယ် မရှိတော့ ပန်းချီ ဆွဲမယ် ဆိုရင် ခြံထောင့် သရက်ပင် အောက် က ရေချိုး ဖို့ တိုင်ကီပိုင်းတွေ ချထားတဲ့ နေရာ မှာ သွားပြီး ဆွဲ ရတယ် ။
ဖိုးစော က လည်း တကူးတကန့် ကို အဲဒီ နား အထိ သွားပြီး ရှုပ်တာ ။
“ ဒီမှာ ကိုဘုန်းမို ၊ ကျွန်တော် စဉ်းစား ထားမိတာလေး တစ်ခု ရှိလို့ ဗျ ”
ပန်းချီဆရာ က သူ့ ဟာ နဲ့ သူ ဆွဲလက်စ ဖြစ် နေတော့ ဖိုးစော ကို အံကြိတ်ပြီး မျက်စောင်းထိုး ကြည့်တယ် ။ ဖိုးစော က တော့ စကား စမိပြီ ဆိုတာ နဲ့ အရှိန် ရ သွားပြီ ။
“ ဒီလိုလေ ဗျာ ... ကျွန်တော် က ဗုဒ္ဓဘာသာ နဲ့ ရဟန်း ဝတ် တယ် ဆိုပါစို့ ၊ ရဟန်းဝတ် နဲ့ ပါရာဇိက ကံ ကျရင် ငရဲ ကြီး ရော မဟုတ်လား ။ အဲဒီလို ဖြစ်ပြီ ဆိုတာ နဲ့ ကျွန်တော် က အမြန် လူဝတ် လဲ ၊ ခရစ်ယာန်ဘာသာ ထဲ ကို ပြောင်း သွားပြီး ဘုရားကျောင်း မှန်မှန် တက် နေရင် ယေရှုခရစ်တော် က ကျွန်တော့် ကို ကယ် မှာလား ဟင် ”
ပြန် ဖြေတဲ့ စကားသံ ကို တော့ မကြားရဘူး ။ စုတ်တံ ကို ခွက် ထဲ ဆောင့်ကြီး အောင့်ကြီး ပစ် ထည့် လိုက်ပြီး အလုံးလိုက် အခဲလိုက် တစ်တစ်ခွခွ ဆဲရေး လိုက်တဲ့ ပန်းချီဆရာ ရဲ့ ရေရွတ်သံ ကို ပဲ ကြားရတယ် ။
အဲဒါပဲ ။
တစ်ခါတစ်ခါ ပန်းချီဆရာ က သူ့ ပါးစပ် ထဲ တွေ့ ရာ ထင်သလို ရမ်းသန်း ပြော လိုက်တော့ လည်း ကိစ္စ ပြီး သွားတာပဲ ။ တစ်ခါတလေ ကျ ပြန် တော့ လည်း ပန်းချီဆရာ က ဖိုးစော ထက် ဦးအောင် ‘ ကျပ် ’ တတ် တယ် ။ ပန်းချီဆရာ က သူ့ စုတ်တံတွေ ၊ ဆေးခွက်တွေ ၊ တာပင်တိုင်ဘူးတွေ ၊ ဓာတ်ဆီ ရေနံဆီပုလင်းတွေ နဲ့ အလုပ်ရှုပ် နေတုန်း သူ့ အနား က ဖိုးစော ဖြတ် လျှောက် သွားတာ မြင်တော့ ...
“ ဟေ့ကောင် .. ဖိုးစော ၊ လာပါဦးကွ ”
“ ဘာ လုပ် မလို့တုံး ”
ဖိုးစော ပြန် လှည့်လာတော့ ပန်းချီဆရာ က လက် ထဲ က ရေနံဆီပုလင်း ကို ထောင် ပြပြီး ...
“ ဒီ ထဲ က အရည် က ဘာတုံးကွ ၊ မင်း သိလား ”
ဖိုးစော က ပုလင်းဝ ကို အနံ့ခံ ကြည့်ပြီး ...
“ ရေနံဆီ လေ ဗျာ ”
ပန်းချီဆရာ က ခပ်တည်တည် နဲ့ ခေါင်း တစ်ချက် ညိတ်ပြီး ...
“ အေး ... ရေနံဆီ ဆိုတာ ဘယ်က ဖြစ်လာတဲ့ အရည် လဲ ကွ ၊ အဲဒါ မင်း သိလား ”
အဲဒီ မေးခွန်း ကြောင့် ဖိုးစော ငိုင် ခနဲ ဖြစ် သွားတယ် ။ သူ့ အတွက် တော့ မဟာ့ မဟာ အခက်အခဲကြီး တစ်ခု ပဲ ။ ဒါကို ဘယ်လို ကျော်လွှား မလဲ ။
ပြီးတော့ သူ့ ရဲ့ ကြီးကျယ် ခမ်းနားလှတဲ့ ဗဟုသုတ ဟင်းလေးအိုးကြီး ကို စိန်ခေါ် မှတ်ကျောက် တင်မယ့် စပါယ်ရှယ် မေးခွန်းတော်ကြီး ဖြစ်နေပြီ ။
ကိုင်း ... စဉ်းစားစမ်း ။
ရေနံဆီ ဆိုတာ ဘယ်က ရတဲ့ ဥစ္စာ လဲ ။
တွင်းထွက် သယံဇာတ လား ၊ ဓာတုဗေဒပစ္စည်း လား ၊ စက်ရုံ က ထုတ် တာလား ။
ငနဲသား ခေါင်းတွေ ထူပူ လာတယ် ။ အဖြေ က မရဘူး ။
မသိမသာ အံကို ကြိတ် ထားရင်း လည်ပင်းကြီး လိမ်ပြီး စောင်းကန်း စောင်းကန်း လုပ် နေတယ် ။
အတော် ကြာ တော့ မှ ..
“ နေဦးဗျာ ... ဒီ အဖြေ ကို ကျွန်တော် ခေါင်းအေးအေး နဲ့ စဉ်းစား လိုက် ဦးမယ် ။ တစ်ရက် နှစ်ရက် တော့ စောင့် ”
“ အေးပါကွာ .. အေးပါ ”
ပန်းချီဆရာ က ပြုံးစိစိ နဲ့ ပြန် ပြော လိုက်တယ် ။
••••• ••••• •••••
အဲဒီ အကြောင်းတွေ က နောက် မှ ပန်းချီဆရာ ပြန် ပြောလို့ သိရတာ ပါ ။ ကျွန်တော် သတိ ထား မိတာ က ဖိုးစော အိမ်တွင်း အောင်းပြီး တစ်ခု ခု ကို အပြင်းအထန် စဉ်းစားခန်း ဝင်နေတာ အတော် ကြာပြီ ဆိုတာ ကို ပဲ ။
အဲဒီလို မဟုတ်က ဟုတ်က တစ်ခု ခု ကို တွေးလုံး ထုတ်နေပြီ ဆိုရင် ဖိုးစော ပုံစံ က သိသာတယ် ။ နံရံ ကို ကျောမှီ ၊ ဒူးခေါင်း နှစ်လုံး ကို ထောင် ၊ ပြီးရင် အဲဒီ ထောင် ထားတဲ့ ဒူးခေါင်း နှစ်လုံး ကို လက်နှစ်ဖက် နဲ့ ပိုက်ပြီး ခေါင်းကြီး မော့တော့ မော့တော့ လုပ် နေပါလေ ရော ။
အဲဒီ ပုံစံ အတိုင်း သူ့ ကို လေး ငါး ခြောက်ရက် မြင် နေ ရတော့ ကျွန်တော် က ..
“ ကိုဆင့် ရေ ... ခုတလော ကျွန်တော်တို့ ကောင်ကြီး ငြိမ်ချက်သား ကောင်း နေပါလား ”
“ ဟုတ်တယ်ဗျ ... ဒီ တစ်ချီ တော့ တကယ်ကို နက်နက်နဲနဲ စဉ်းစား နေပုံပဲ ။ လေး ငါးရက် တောင် မကတော့ ဘူး ”
ကျွန်တော် နဲ့ ကိုဆင့်သူ တို့ နှစ်ယောက်သား ကျိတ်ကျိတ် ကျိတ် ကျိတ် ပြော နေတုန်း ပန်းချီဆရာ က လေသံတိုးတိုး နဲ့ ဝင်ပြီး ...
“ ကျွန်တော် သူ့ ကို ငြိမ်ဆေး ပေး ထားတာပါဗျာ ”
“ ဟင် ... ဘယ်လို ငြိမ်ဆေး ပေးတာလဲ ”
“ ရေနံဆီ ကို ဘယ်က ရ သလဲ ဆိုတာ စဉ်းစား ခိုင်းထားတာပါ ဗျာ ”
လို့ ဆိုပြီး ပန်းချီဆရာက သူ ‘ ကျပ် ’ ထားတဲ့ ကိစ္စ ကို အစအဆုံး တစ်လုံး မကျန် ပြန် ပြောပြတော့တာပဲ ။
ကျွန်တော်တို့ လည်း ရယ်ရ အခက် မဲ့ရ အခက်နဲ့ ဗျာ ။
အဲ ... နောက်နေ့ နေ့လယ်ခင်း လည်း ကျ ရော ...
“ ဝုန်း ”
ဖိုးစော ဟာ နံရံ ကို မှီ နေရာ က ဝုန်းခနဲ ခုန်ထ လိုက်ပြီးတော့ ...
“ သိပြီ ... သိပြီ ၊ ကျွန်တော် သိပြီဗျ ”
အသံပြဲကြီး နဲ့ စွတ် အော် နေတော့ ကျွန်တော်တို့ သုံးယောက် စလုံး က ..
“ ဟ ... ဟ ... ဘာဖြစ်တာတုံး ”
“ ဘာ သိတာလဲကွ ၊ မင်း ဟာ ...”
“ အလန့်တကြား ကွာ ၊ ဘာ မို့လို့လဲ ဟ ”
အသက် တောင် မရှူ အား ဘူး ဗျာ ၊ ဝိုင်း မေး လိုက် ရတာ ။ ငနဲသား က တော့ ပြုံးဖြီးဖြီးကြီး လုပ်ရင်း ...
“ ရေနံဆီ ကို ဘယ်က ရလဲ ဆိုတာ ကျွန်တော် သိပြီ ဗျ ။ တကယ်တော့ ‘ ရေနံဆီ ’ ဆိုတာ ‘ ရေနံ ’ က နေ ဖြစ် လာတာ ကိုး ။ ဟင်း .. ဟင်း ... ဟင်း ”
သူ့ ကိုယ် သူ ဂုဏ်ယူ ဝင့်ကြွား နေတဲ့ မျက်လုံးတွေ က လည်း အရောင် တလက်လက် နဲ့ ဗျာ ၊ ခင်ဗျားတို့ မြင်စေ ချင်တယ် ။
ကျွန်တော် နဲ့ ကိုဆင့်သူ က လည်း သူ့ ကို ကျောသပ် ရင်သပ် လုပ်ပြီး ဝိုင်း ချီးကျူး ကြတယ် ။
“ တော်ပါပေတယ်ကွာ ” တို့ ၊ “ မင်း မို့လို့ စဉ်းစားနိုင်တာ ” တို့ ပြောပြော ပြီးတော့လေ ။
“ မင်း မို့လို့ ဒီ အဖြေ ကို ခုနစ်ရက် တည်း နဲ့ စဉ်းစား လို့ ရတာ ။ ငါ သာ ဆို တစ်လ လောက် စဉ်းစား ရင် တောင် ရမှာ မဟုတ်ဘူး ”
ကိုဆင့်သူ ပြော လိုက်တဲ့ ဒီ တစ်ခွန်း က တော့ ‘ ပင့် ’ တာ နည်းနည်း လက်လွန် သွား တယ်ဗျ ။ ဖိုးစော ရိပ်မိသွား ပုံ ပဲ ။
ဒီကောင် မာန်တက် နေတာ နည်းနည်း အရှိန် တန့် သွားတယ် ။ ပန်းချီဆရာ က တော့ ခပ်ပြုံးပြုံး နဲ့ ...
“ ဟုတ်ပါပြီကွာ ၊ ရေနံဆီ ဆိုတာ ရေနံ က ဖြစ်တာ ထား ပါတော့ ။ ဒါဖြင့်ရင် ဓာတ်ဆီ က ကော ဘယ်က နေ ဖြစ်တာလဲ ကွ ”
နောက်ထပ် မေးခွန်း တစ်ခု နဲ့ ထောင်ချောက် ဆင် လိုက် တော့ ဖိုးစော ဆိုတဲ့ မဟာ ပညာရှိကလည်း တည့်တည့် ပဲ ဝင်ချ လာတယ် ။
“ ဟား .. သဘောတရား ချင်း အတူတူ ပဲ လေဗျာ ၊ ရေနံဆီ ဟာ ရေနံ က ဖြစ်တာ ဆိုတော့ ဓာတ်ဆီ ဆိုတာ ‘ ဓာတ် ' က ဖြစ်တာပဲပေါ့ဗျာ ”
ကြည့်စမ်း ။ အပိုင်ပဲ ဆိုပြီး ပြောချ လိုက်တာ ။
အဲသည်လို ‘ တော်ပုံ ၊ ‘ ထက်မြက် ’ ပုံတွေ ကို ပဲ ကျွန်တော်တို့ မှာ လက်ဖျား တခါခါ ဖြစ်နေရတာကလား ဗျာ ။
ပန်းချီဆရာ က တော့ ခေါင်း ကို ဖြည်းဖြည်းချင်း ယမ်းခါပြီး ...
“ မှားတယ်ကွ ”
“ ဟင် ... ဘာဖြစ်လို့လဲ ”
ဖိုးစော က ပြူးတူးပြဲတဲ နဲ့ မေးတော့ ပန်းချီဆရာ က သူ့ မျက်လုံး ထဲ ကို တည့်တည့် စိုက်ကြည့်ပြီး ...
“ မင်း မသေမချင်း မှတ်ထား ၊ ‘ ဓာတ်ဆီ ’ ဆိုတာ ‘ ဓာတ်စံ ’ ကနေ ဖြစ်တာ ကွ ”
“ ဪ ...”
ဖိုးစော မျက်လုံးတွေ အရောင် မှုန်မှိုင်းပြီး ဝမ်းနည်းရိပ် သမ်းသွား တယ် ။ ‘ ဓာတ်ဆီ ’ နဲ့ ‘ ဓာတ်စံ ’ ဆိုတဲ့ လူရွှင်တော် လက်ဟောင်းကြီး နှစ်ယောက် ရဲ့ နာမည် ကို ကြားဖူး ထားရဲ့သား နဲ့ .. ။
“ ဒီ ဓာတ်သဘော နှစ်ခု ဆက်စပ်တဲ့ သဘာဝ ကို ဘာလို့များ ငါ မစဉ်း စား မိ ပါလိမ့် ”
လို့ သူ့ ကိုယ် သူ မချင့်မရဲ ဖြစ်နေတဲ့ပုံ ပဲ ။
မယုံ မရှိနဲ့ ဗျ ။ ပန်းချီဆရာ ပေါက်ကရ ပြော လိုက်တာ ကို ဒီကောင် တကယ် အဟုတ် မှတ် သွားတာ ။
ည ကျတော့ သူ့ သံသေတ္တာ အဟောင်းလေး ထဲ မှာ သိမ်း ထားတဲ့ လက် တစ်ဝါး လောက် မှတ်စုစာအုပ်လေး ထုတ်ပြီး အသေအချာ ရေးမှတ် နေ လေရဲ့ ။
“ ရေနံဆီ ကို ရေနံ မှ ထုတ်ယူရ ရှိသည် ၊
ဓာတ်ဆီ ကို ဓာတ်စံ မှ ထုတ်ယူ ရရှိသည် ”
တဲ့ ဗျာ ။ ကဲ ... ပြီးရော ။
သူ့ မှတ်စုစာအုပ်လေး ထဲ မှာ အဲဒီလို ပေါက်တတ်ကရတွေ အများကြီး ပဲဗျ ။ စုံ နေ အောင် ရေး ထားတာ ။
သူ မရှိတဲ့ အခိုက် ကျွန်တော်တို့ သုံးယောက် သား ပျင်းပျင်း ရှိပြီ ဆိုရင် သော့ပျက် နေတဲ့ သံသေတ္တာ ထဲ မှာ သူ ဝှက်ထားတဲ့ အဲဒီ မှတ်စုစာအုပ်လေး ကို ရှာရှာဖွေဖွေ ခိုး ဖတ်ပြီး တခွိခွိ ကျိတ် ရယ်ရသေးတာ ။
အဲဒီ စာအုပ် ထဲ မှာ ကြံကြီးစည်ရာ ဖုန်းနံပါတ်တွေ ကို လည်း ( ဘယ်သူ က ပေး လို့ ဘယ်လို ရ လာသလဲတော့ မပြောတတ်ဘူး ) ရေးထား မှတ်ထား သေး တယ်ဗျ ။
မှတ်မှတ်ရရ တစ်ခု ဆိုရင် ...
“ သခင်ကိုယ်တော်မှိုင်း ရဲ့ ဦးလေး ” ဖုန်းနံပါတ် ... တဲ့ ဗျာ ။
ကဲ ... စဉ်းစား ကြည့် စမ်းပါဦး ။
ဆရာကြီး သခင်ကိုယ်တော်မှိုင်း တောင် မှ အသက်အရွယ် အိုမင်း ပြီး ကွယ်လွန် သွားတာ တောင် ကြာပဲ ကြာလှပြီ ဥစ္စာ ။
သခင်ကိုယ်တော်မှိုင်း ရဲ့ ဦးလေး ဆိုတာ သက်ရှိထင်ရှား ရှိနိုင်ပါတော့ မလား ။ အဲဒီ ဖုန်းနံပါတ် မှန်တယ်ပဲ ထားပါဦးတော့ ။ ဆက် လိုက်ရင် ဟို က ဖုန်း လာကိုင် မှာ မို့ လို့လား ။
ကြံကြံဖန်ဖန် ဗျာ ။ အဲဒီလို ဖုန်းနံပါတ်တွေ ကို ဘယ်လို ရည်ရွယ်ချက် နဲ့ ရေးမှတ် ထားသလဲ မပြောတတ်ဘူး ။
တကယ် ပြောတာ ။
ဖိုးစော ဆိုတဲ့ ကောင် က ရေရေလည်လည် ‘ ဟား ’ ရတယ် ။
◾မင်းခိုက်စိုးစန်
📖 သေမင်း နိုင်ငံ မှာ သုံးတဲ့ ပိုက်ဆံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment