Monday, August 14, 2023

အနုဝင်္ကပါ ( ၂၉ )


 ( ၂၉ )


နေ့ရက် ကို ကား မေ့နေပြီ ။ ပြန်ရှာရန် လဲ ပျင်းလှသည် ။ ဆိုကြပါစို့ ။ 


နန်းတော်ရှေ့ဆရာတင် ၏ သား ၊ ရွှေနန်းတင် ၏ သမီး နန်းခင်မွှေး တစ်ယောက် ရုပ်မြင်သံကြား တွင် ကပြ သော နေ့ က နန်းခင်မွှေး ၏ အဆို ရော ၊ အက အပြ ကို ပါ သာဓု ဂရုတစိုက် ကြည့်ခဲ့သည် ။


သို့ တလေ့တလာ နှင့် စူးစူးစိုက်စိုက် ကြည့်ရှုမိသည် ၏ အကြောင်းရင်း မှာ နန်းခင်မွှေး ၏ အဆို ၊ အက ၊ ဟန်ပန် တို့ သဘာဝကျလှ သောကြောင့် ဖြစ်ချေ၏ ။


သူ သည် လူရွှင်တော်များ နှင့် စကား ပြော ရာ တွင် လည်းကောင်း ၊ သီချင်း ဆိုရာ က,ရာ

တွင် လည်းကောင်း သူ လုပ်စရာ ရှိသည်များ ကို အပိုအလို မရှိ လုပ်ဆောင် သွားသည် ။ အမူအရာ ဟန်ပန် မပြ ။


အမူအရာ ဆိုသည် မှာ ရုပ်ရှင် ရိုက် ရာ တွင် မင်းသား ၊ မင်းသမီး ၊ ဇာတ်ရံ စသူ တို့ သည် သရုပ်ဆောင် ရာ ၌ များ သောအားဖြင့် အမူအရာ ( အိုက်တင် ) ဝါ ( အက် ) လုပ်တတ်ကြသည် ။


“ ကျွန်မ က တော့ လေ ” ဟူသော စကား ကို ပြော ရာတွင် ပင် သူတို့ ၏ ရင်ဘတ် ကို လက်ဝါး ဖြင့် ဖိ ပြ ပြီး အမူအရာ လုပ် တတ်ကြသည် ။ သာဓု နှင့် ကား ရိုက် လျှင် ဤလို အပြုအမူမျိုး ခွင့်မပြု ။ သဘာဝ မကျ ဟု သာဓု ယူဆသည် ။


တစ်ဖန် ရုပ်ရှင် ရိုက် ရာ တွင် အတော်များများ က မျက်နှာ ပေါ်ချင်ကြ သဖြင့် ကင်မရာ ဘက် ကို မျက်နှာ ပေး ၍ စကား ပြော တတ်ကြချေသည် ။ မိမိ စကား ပြော နေသူ က မျက်နှာချင်းဆိုင် တွင် ရှိ နေပြီး မိမိ မျက်နှာ က တခြား တစ်ဖက် သို့ လှည့် ၍ ပြော နေ သကဲ့သို့ အရုပ် ဆိုး လှချေသည် ။


ထို တစ်ည က နန်းခင်မွှေး သီဆို ကပြ သွားရာ ၌ တီဗွီကင်မရာ ကို လုံးဝ မကြည့်ဘဲ သရုပ်ဆောင် သွားသည် ကို သာဓု အလွန် အားရ လိုက်သည် ။


အထူးသဖြင့် သူ သီဆို သွားသော သီချင်းများ အနက် ( ကျွဲမ ) နှင့် ( ဆင်ကြီး ဂဠုန်ချီ ) သီချင်း နှစ်ပုဒ် ကို ပို ကြိုက်၏ ။ ဆင်ကြီးဂဠုန်ချီ သီချင်း မှ ( စဉ်းစားနားထောင်နော် ) ဟူသော စာပိုဒ် ကလေး ကို တေးသွား အရ တစ်မျိုး ဆို၍ တစ်ဦး တစ်ယောက် အား လက်ညှိုးကွေးကွေး ဖြင့် ပြကာ “ စဉ်းစား နားထောင်နော် ” ဟု စကား ပြောဟန် လေသံ ဖြင့် သီဆို သွားသည် မှာ အဓိပ္ပာယ် ပါ လှ သည် ။


လေယူလေသိမ်း ရော ၊ အသံ အနိမ့် အမြင့်ရော ပြောစရာ မရှိ ။ ပြည့်ဝ သော အနုပညာရှင် ကလေး အဖြစ် ပညာ ပြ သွားသည် ဟု ဆိုချင်သည် ။


ထို ည က ရုပ်မြင်သံကြား ပြီး သည် နှင့် နောက် သို့ လှည့်ကြည့် လိုက်ရာ တွင် ထိုင် နေကျ နေရာ ၌ သုမောင် ကို မတွေ့ရ ။ 


“ ဟေ့ မင်းသား ကော ” 


“ အထဲ ဝင်သွားပြီ အဖေ ” 


“ ခေါ်လိုက်စမ်း ” 


သုမောင် ထွက် လာသည်  ။


“ ခုန ဆို သွားတာ ကြားတယ် မဟုတ်လား ။ ဆင်ကြီးဂဠုန်ချီ ... ” 


“ ဟုတ်ကဲ့ ဖေဖေ ” 


“ အေး ... တချို့ နေရာတွေမှာ နည်း နည်းတော့ အသံ ဟာ နေ သလိုပဲ ၊ အားလုံး ကို ခြုံပြီး နားထောင် ရတာ ကတော့ အတော် ကောင်းတယ်နော် ” 


သုမောင် သည် ဤ သီချင်း နှင့် ပတ်သက်၍ သူ့ ကို သာဓု ဆဲတော့ မည် ကို ရိပ်မိဟန် ငုံ့ နေသည် ။ 


“ မင်း ... တိပ်ခွေ သွင်းတုန်း ကလဲ လျော့ နေတာ တွေ့ရတယ် ၊ အဲဒီတုန်း က မင်း အဖေ့ ကို မပြောဘူး ၊ ဟို ခေတ် က ဆိုပုံ ဆိုနည်း နဲ့ တီးဝိုင်း နဲ့ က တစ်မျိုး ၊ ခု ခေတ် မှာ မင်းတို့ ခေတ်ပေါ် တီးမှုတ် မှု တန်ဆာပလာ တွေ ( မလိုအပ်ဘဲ ) ပြွတ်သိပ် ထည့် တီး ကြတော့ သီချင်း ပျက် တာပေါ့ကွ ” 


သူ ငြိမ် နေသည် ။


“ ပြောမယ်ဆို အများကြီး ၊ အေး နောက် မှ ... ပြော တော့မယ် ။ ခု လောလောဆယ် အဖေ မေး ချင်တာ က အဲဒီ ဆင်ကြီး ဂဠုန်ချီ သီချင်း ဟာ ဘယ်လို ဘာကြောင့် ပေါ်လာသလဲ ။ သား ... သိလား ” 


သူ ခေါင်း ခါ ရင်း က ...


“ နန်းတော်ရှေ့ ဆရာတင် ရေးခဲ့ဖူး တဲ့ သီချင်း ဆိုတာ လောက်ပဲ သိပါတယ် ၊ ရာဇဝင် ဆို တော့ ” 


“ ရာဇဝင် ထိအောင် မရောက် သေးပါဘူး ကွာ ” 


သာဓု သို့ ပြောရင်း ၊ စိတ် ထဲ တွင် အားမလို အားမရကြီး ဖြစ်သွားသည် ။ မိတ်ဆွေ အတော်များများ ကို မေး ကြည့်သည် ။ မသိသူ က များ နေသည် ။


သာဓု တို့ ကျောင်းသား ဘဝ က ကျောင်းသူ ကျောင်းသားတိုင်း လို လို ပင် ကျောင်းသင်ခန်းစာ များ နှင့် ပတ်သက်၍ မရှင်း လျှင် သဘော မပေါက် လျှင် ဆရာ ဆရာမများ ကို မေးလေ့ ရှိတတ်ကြသည် ။ ကျောင်းသူ ကျောင်းသား တို့ က မ မေး လျှင် ပင် -


“ ကဲ ... မရှင်းတာ ရှိရင် မေးကြ ” ဟူ၍ ဆရာ ဆရာမ တို့ က နှိုးဆော် ကြသည် ။


အင်္ဂလိပ်ခေတ် အစိုးရ ဟိုက်စကူး ကျောင်း တွင် ဆရာဦးဘတင် ဆိုသူ ပထဝီ ဘာသာ သင်ပြ ရင်း က မြစ်ဝကျွန်းပေါ် အနေအထားများ ပြောင်းလဲ သွားတတ်ပုံ ကို သင်ပြ နေရာ မှ ပထဝီ သဘော အရ လွန်ခဲ့သော နှစ်ပေါင်း ထောင် သောင်း သိန်းသန်း လောက် က ( အတိအကျ သာဓု မမှတ်မိ ပါတော့ချေ ) ရန်ကုန်မြို့ ဟူသည် မှာ မရှိသေးကြောင်း ၊

ရန်ကုန်မြို့ နေရာမှာ ပင်လယ်ကမ်းခြေ မျှသာ ဖြစ်နိုင် ကြောင်း ဆရာ က ပြောပြ ရာ -


“ အဲဒါကို ဘယ်လို အထောက်အထား နဲ့ ကျွန်တော်တို့ သိနိုင်မလဲ ဆရာ ” ဟု ကျောင်းသား

တစ်ယောက် မေးသည် ကို ဆရာ က ပြုံးပြုံးရယ်ရယ် နှင့် ပင် ကျောက်သင်ပုန်းကြီး ၌ မြန်မာပြည် မြေပုံကြမ်း အဖြစ် မြေဖြူခဲ ဖြင့် ရေးဆွဲ ကာ -


“ ကဲ - ရန်ကုန် ၊ ပုသိမ် အစ ရှိတဲ့ မြို့ တွေ ရဲ့ မြစ် တစ်ဖက်တစ်ချက် စီ မှာ မြေအောက် ကို ခပ်နက်နက် တူးကြ ည့်ရင် ဘာတွေ ပေါ်လာမယ် ထင် သလဲ ၊ ပြောကြစမ်း တပည့် တို့  ” 


သာဓု အပါအဝင် အားလုံး ကြောင် စီစီ ဖြစ် ကုန် ကြသည် ။


“ ဥပမာ ပေါ့ ကွာ အီဂျစ် တို့ ၊ အာဖရိက တို့ ၊ ကမ္ဘောဒီယား တို့ မှာ မြို့ ပျက် ၊ မြို့ပျောက်တွေ ပြန် တူးဖော် သလို ဆိုပါတော့ ။ ရန်ကုန် ၊ ပုသိမ် အစရှိတဲ့ မြေအောက် ကို တူးဖော် ကြည့်ရင် မြို့ပျက် တော့ ရှိချင် မှ ရှိမယ် ၊ မူလ အစက ပင်လယ်ပြင် ကိုး ကွ ၊ ကဲ - မြို့ပျက် မြို့ပျောက်

မတွေ့ဘူးထား ဘာ ပစ္စည်းတွေ တွေ့ရမယ် ထင်သလဲ ” 


မည်သူမျှ မဖြေနိုင်ကြပါချေ ။ 


“ အေး - မှတ်ထားကြ ။ မူလ ပထမ က ပင်လယ်ပြင် ဖြစ်ခဲ့ပြီး အထက် က စီးဆင်း လာတဲ့ မြစ်ရေ ၊ ချောင်းရေ ၊ မိုးရေတွေ နဲ့ ရောပါ လာတဲ့ သဲ တို့ ၊ နုံးမြေ တို့ က တဖြည်းဖြည်း သောင်ထွန်း လာ ရာ က မြို့မြေတွေ ဖြစ်လာတဲ့ သဘော ပေါ့ ၊ အဲ - ခုန ဆရာ ပြောတယ် ၊ ဒီ ရန်ကုန် ပုသိမ် ဆိုတာတွေ ဟာ ပင်လယ်ပြင်ကြီး လို့ ၊ ကဲ - စိတ်ကူး နဲ့ တူး ကြည့်စမ်း ၊ ဘာ ပစ္စည်းတွေ ပေါ်လာ မလဲ ” 


အားလုံး ငြိမ်နေကြဆဲ ၊ တစ်ယောက် ကို တစ်ယောက် လှည့် ကြည့် နေကြဆဲ ...


“ မင်းတို့ အတော် ဉာဏ် ဝေးကြတာ ကိုး ၊ မူလ က ပင်လယ်ပြင် ဆိုရင် တံငါလှေ ၊ ရွက်လှေ ၊ တုံကင်း ၊ သမ္မန် ။ အဲ - နိုင်ငံခြားရွက်လွှင့် သင်္ဘောကြီးတွေ ရဲ့ အပျက်အစီးတွေ တွေ့ရမှာ ပေါ့ ကွ ၊ ယုတ်စွ အဆုံး သင်္ဘောသမ္မန်ကြီးတွေ နဲ့ ဆိုင်တဲ့ သံကျောက်ဆူး တို့ ၊ သံကြိုး တို့ အစရှိ တဲ့ ရုပ်ကြွင်းတွေ ၊ ရေယာဉ်သုံး ပစ္စည်းတွေ မြှုပ် တာ ၊ ပျက် တာ တွေ့ ရ ရင် ဒါ တစ်ကြိမ် က သို့မဟုတ် ရှေး ရှေးတုန်း က ပင်လယ်ပြင် ဖြစ်ခဲ့တယ် ဆိုတာ အထောက်အထားတွေ ပေါ့ တပည့်တို့ ရ ” 


သာဓု တို့ ကျောင်းသား ဘဝ က ဆရာ ဆရာမ တို့ ဤမျှ စိတ်ရှည် ကြ သည် ။ ဖတ်စာ အပြင် အပို ဗဟုသုတ ကလေးများ ပါ သင်ပြသည် ။ မသိ၍ မေးသည် ကို အလွန် သဘောကျ ကြသည် ။


ထို အကျင့်ကလေးများ ကျောင်းနေစဉ် က ကပ်ပါ လာသည့် အတိုင်း မည်သည့် ကိစ္စ တွင် ဖြစ်စေ သာ ဓုတို့ မသိ လျှင် မေးသည် ။ စုံစမ်းသည် ။


သာဓု ခေါက်မိ သလောက် ယခုခေတ် လူငယ်တို့ တွင် စူးစမ်းလို စိတ် နယ် ကျဉ်း နေကြသည် ။ အတွေးအခေါ် လည်း မှေးမှိန် နေ ကြ သလော မပြောတတ် ။ ( လူ ၅၀ လောက် ကို တစ်ယောက် တည်းက ) ကရာတေး ဂျူဒို တို့ ဖြင့် အနိုင် ရ သွား သည့် ရုပ်ရှင်များ ၌ ကြိတ်ကြိတ်တိုး နေ ကြသည်  ။


ဤသည် ကို ခေတ္တ ထား၍ ( ဆင် ကြီးဂဠုန်ချီ ) သီချင်း ကိစ္စ ဆက်ရေးရ သော် -


သီချင်း ရှိသောကြောင့် ဆိုလိုက် ကြ သည် ။ ဆိုသံ ကြား၍ နားထောင် လိုက် ကြသည် ။ ဆင်ကြီး ကို အဘယ်ကြောင့် ဂဠုန် က ချီသနည်း ။ ဂဠုန် သည် ဆင်သား စားသော သတ္တဝါ မဟုတ် ။ ဆင် သည် ဂဠုန် ၏ ရန်သူ လည်း မဟုတ် ။


ကျား ၊ ခြင်္သေ့ တို့ ၏ အစားအစာ သည် သမင် ၊ ဒရယ် ၊ ကျွဲ ၊ နွား စသည် တို့ ဖြစ်သကဲ့သို့ ရှေးပန်းချီ ပန်းပု တို့ မှ လေ့လာ၍ သိရသမျှ ဂဠုန် ၏ အစားအစာသည် နဂါး သာ ဖြစ်ချေသည် ။ နေ့နံ အားဖြင့် လည်း မတည့် ကြ ဟု အဆို ပြုကြကုန်သည် ။ စင်စစ် ဂဠုန် သဏ္ဌာန် ၊ နဂါး သဏ္ဌာန် သတ္တဝါ မျိုး ရှေးက ရှိ မရှိ ကို ပင် သာဓု ဒွိဟ ဖြစ်နေသည် ။ ထားတော့ ... ။


အထက်ပါ အတိုင်း နဂါး သည် သာ ဂဠုန် ၏ အစာ ဖြစ်လျက် ကိုက်နိုင် ၊ ချီနိုင် သော အလော တော် အရွယ် ဖြစ်၍ ယုတ္တိ တန်သည် ။


စောစောက ပြောသကဲ့သို့ ဆင် သည် ဂဠုန် အစာ မဟုတ် ၊ ရန်သူ လည်း မဟုတ်ပါဘဲ လျက် အဘယ့်ကြောင့် ချီရ သနည်း ။ မိမိ ထက် အဆပေါင်း များ စွာ ကြီးလေး လှသော ဆင်ကြီး ကို ချီနိုင် ၊ မ နိုင်ပါမည်လော ။ စား လို၍ ချီ သည် ပင် ဆိုစေ ရက်ပေါင်း အဘယ်မျှ ထား၍ စားမည် နည်း ။ ပုပ်သိုး ကုန်မည် ။ ကျား ၊ ခြင်္သေ့ တို့ သည် ပင် သမင် အုပ်လိုက် တွေ့စေကာ မူ တစ်နေ့ စာ မျှ တစ်ကောင် သာ ကိုက်သည် ။ တွေ့သမျှ ကို ကိုက်တတ်သည် ဟူ၍ မရှိ ။ 


သာဓု ဤမျှ လျှာ ရှည် နေသည် မှာ လက်ရှိ လူငယ် စာရှု ပရိသတ်တို့ ၊ တေးဂီတ ပရိသတ် တို့ မြင် သမျှ ၊ ကြား သမျှ ၊ ဖတ်မိကြ သမျှ ကို အကြွင်းမဲ့ ဟုတ်နိုးနိုး မယူဆ စေ လို၍ ( ဝါ ) ဖြစ်နိုင်၏ ။ မဖြစ်နိုင်၏ ။ “ တွေး ” ကြ စေချင်သော ကြောင့် ဤမျှ ရှည်ရှည် ရှင်းပြ နေခြင်း ဖြစ်ချေသည် ။


အတို ချုံး၍ အကျဉ်းရုံး ရ သော် -


ဂဠုန် သည် ဆင် ကို စားသောက် ရန် သော် လည်းကောင်း ၊ မည်သည့် အကြောင်း ကြောင့် မျှသော် လည်းကောင်း လုံးဝ မချီ ။ 


ထို မည်သော ( ဆင်ကြီး ဂဠုန်ချီ ) ဟူ သည့် သီချင်း ပေါ်လာ ရသည့် အကြောင်းရင်း သည် ဆရာစံ သူပုန် တွင် အခြေခံ ခဲ့ချေ၏ ။


ဆရာစံ သည် နယ်ချဲ့သမား ကို တော်လှန် ပုန်က န်ခဲ့ စဉ်က သူ့ ဘွဲ့နှင့် သူ့ အဖွဲ့ ကို ( သုပန္နက - ဂဠုနရာဇာ ) ဟူ၍ သတ်မှတ် ကြွေးကြော် ခဲ့သည် ။ သူ့ အလံ တွင် လည်း နဂါး ကို လည်မျို နှင့် အမြီး ညှစ် ဖမ်းထားသည့် ပုံ ရေးဆွဲ ထားသည် ။ 


ချက်ချင်း ဆိုသလိုပင် လက်မြန် ခြေမြန် သတင်းစာ ဆရာ တို့ က ဆရာစံ သူပုန်တပ် ကို ( ဂဠုန်တပ် ) ဟူ၍ တစ်မျိုး ၊ ဂဠုန်သူပုန် ဟူ၍ တစ်သွယ် အမည်မည် ခေါင်းစဉ် တပ်ကြချေ တော့သည် ။


ဤတွင် အမျိုးသားစိတ် ပြင်းထန်သူ အနုပညာရှင်များ အနက် နန်းတော်ရှေ့ ဆရာတင် က စတင် ၍ တေးသီချင်း ဖြင့် အင်္ဂလိပ်အစိုးရ ကို ကလိ လေ တော့သည် ။


“ ဆင်ကြီးဂဠုန်ချီ ” 


ကိုယ်ပိုင်ဉာဏ် ကိုယ့် အတွေးနဲ့ စာ ရေးလို့ ပြောပါမည် ။ နှုတ်ဝဇီ ဟုတ်သည် မဟုတ်သည် စဉ်းစား ကာ ယုံကြည်ကြပါတော့ ။ ကဗျာတေး ဖွဲ့ကာပင် ၊ စာရေးတဲ့ ဆရာတင် ... ဆရာတင် ရဲ့ ဆင်ကြီး ဂဠုန်ချီ စိန်ခြယ် ညီညီလင် စဉ်းစား နားထောင်နော် ဆိုပါမည် ။ ဆင်ကြီး

ဂဠုန်ချီ ။


ရှူပါ ။ သာဓု အထက် တွင် ရေးခဲ့ ချေ၏ ။ ဖြစ်နိုင် မဖြစ်နိုင် တွေးတော ပြီး မှ ယုံကြည်ရန် မသိလျှင် မေးရန် ။ စူးစမ်းရန် ။


ယခု ထပ်ဆင့် ၍ ရှုပါ ။ နန်းတော် ရှေ့ဆရာတင် က ( ဟုတ်သည် မဟုတ် သည် စဉ်းစားကာ ယုံကြည်ကြပါ တော့ ) ဟု ပဏာ ပျိုး ထားသည် ။ ဘယ်မျှ ဉာဏ် အညွန့် ကွန့်မြူးလှ ပါ

သနည်း ။ ကြိုတင် စဉ်းစားပြီး မှ ယုံသင့် မသင့် ချင့်ရန် ။ 


ဤသည် မှာ စင်စစ် စာပေ ပရိယာယ် ဖြစ်ချေသည် ။


ဆရာစံ သူပုန် ထစဉ် က သတင်းစာများ လွတ်လပ်စွာ မရေးကြရ ။ အင်္ဂလိပ် က ချုပ်ချယ် ထားသည် ။ အင်္ဂလိပ်စစ်ဗိုလ် ကွပ်ကဲ သော ဂေါ်ရခါး နှင့် ပန်ချာပီတပ်များ ဘက် မှ အကျအဆုံး နှင့် အရှုံး ကို မရေးရ ။


များ မကြာမီ မှာ ပင် ဆရာစံ ဂဠုန် တပ်တို့ က အစိုးရပိုင် သစ်တောသုံး ဆင်များ ကို ဖမ်းဆီး သွား ကြောင်း ပါးစပ် သတင်း ထွက် လာသည် ကို အကြောင်းပြု ကာ နန်းတော်ရှေ့ဆရာတင် က ထို မည်သော ( ဆင်ကြီးဂဠုန်ချီ  ) သီချင်း ကို ရေးစပ် လိုက်ရာ၌ သူ့ တွင် ရည်ရွယ်ချက် အပြည့် ရှိ ချေ၏ ။


အစိုးရ ဆင်များ ဂဠုန်တပ် က သိမ်း သွားသည် ဟူ၍ အတိအလင်း အားဖြင့် သတင်းစာများ တွင် ဖော်ပြ ဝံ့သူ ရှားပါး နေသည် နှင့် အမျှ အများ ပြည်သူတို့ လည်း နားစွန်နားဖျား ဖြင့်သာ မစို့ မပို့ ကြားသိ နေရ သဖြင့် ဆရာတင် က ထိုသို့ သီချင်း စပ် ကာ အငြိမ့်မင်းသမီး ကို ဆိုခိုင်း လေ တော့သည် ။


ရုတ်ခြည်း ဆိုသလိုပင် ထို သီချင်း သည် မြန်မာတစ်ပြည် လုံး ရှိ အငြိမ့် စင်များ ပေါ်သို့ ရောက် သွား ကာ လူထု က လည်း ထို သီချင်း ကို ပွဲ တောင်းလာ ကြသည် ။ အငြိမ့်ဇာတ် သဘင်တို့ က ပါ ဆိုပြ ပေးရသည် ။ လူကြီးရော ကလေးများ ပါးစပ်ဖျား တွင် ပါ ထိုသီချင်း ရေပန်း စား သွား ချေတော့ သည် ။ သီချင်း ၏ အဓိပ္ပာယ် အတိုချုပ် မှာ ( အစိုးရ ဆင် များ ဂဠုန်သူပုန် သုတ် သွားသည့် သဘော ကိုလည်း ) လက်ဆင့်ကမ်း သတင်းဖြင့် ပျံ့နှံ့ သွားစေသည် ။ အနုပညာရှင်ကြီး နန်းတော်ရှေ့ ဆရာတင် သည် အန္တရာယ် မကင်း သော သီချင်း ကို ရေးရာ ၌ ပညာ ကို အကွက်စေ့စေ့ သုံး သွားသည် ။


( စိန်ခြယ် ညီညီလင် ၊ စဉ်းစားနားထောင်နော် ဆိုပါမည် ၊ ဆင်ကြီးဂဠုန်ချီ ၊ သည် ဟာတော့လဲ တင်အောင်လေး ကို အရွဲ့တိုက် တယ်လို့ ထင်ပါသည် ။ စာစီ သမားရယ် လာ - ဒီ နားဝယ် ၊ မဟာဂီတ ထဲ တောင် မကြားဖူးတဲ့ သူပါ အတည် ။ )


ဆရာကြီး သည် ဆင် ကို ဂဠုန်ချီ ကြောင်း မှာ အဓိပ္ပာယ် မရှိ ၊ မဟာဂီတ တွင် လည်း အထောက် အထား မရှိ ကြောင်း ကို ဉာဏ်ကစား သွားသည် ။ တစ်ဖန် ဆက် ၍ -


( ထောင်ရောင်နေ ၊  မှောင်မှောင်ခြွေ ၊ နန်းအမရ ရွှေဘုံမြေ ၊ ဇေယျာ အောင်မြေ ၊ သေလာတောင် တောင် မြေ ၊ မကြားဖူးဘူး ဆင်ကြီး ဂဠုန်ချီ ။ 


မဲဇာတောင်ခြေ စီးတွေတွေ ရစ်သန်း သီတာရေ ပန်းမြိုင်လယ် တောမြှောင်စွယ် အပင်ကြီး တွေစုံသည့် အလွန်နက်တဲ့ တော ဆင်ကြီး ကို ဂဠုန် ချီ ညွှန်ချက်နဲ့ ပြော .. ပြောလို့ စာစီ မှန်းမျှော်၍ အဆန်းနော် တကွေ့ နန်းတော်ရှေ့ က ရေးလိုပါပေသည် ဆင်ကြီးဂဠုန်ချီ ။


တော်ပါ တန်ပါ ကျွန်မ ဘာသာဆို ပါမည် စည်စည်ကြံကြံ ကြံကြံစည်စည် မကြားဖူးဘူး ဆင်ကြီးဂဠုန်ချီ  ) 


ထို သီချင်း ကို ခြုံ၍  ၊ ငုံ၍ ကြည့် လျှင် သူ ဆိုလိုသည့် အဓိက အချက် မှာ အင်္ဂလိပ်နယ်ချဲ့သမား တို့ ၏ ဆင်များ အား ဂဠုန်တပ် က ဖမ်းဆီး သွားသည် ကို ရည်ညွှန်းခြင်း ဖြစ်သည် ကို ( ညွှန်ချက် နှင့် ပြော ) ဟူသော စာသား ဖြင့် ပြကာ ... ထို့နောက် မဟာဂီတ တွင် လည်း ပါရှိ ၊ မကြားဖူးပါ ပဲ လျက် ကြံကြံစည် စည် ရေးသည် စသည် ဖြင့် အဖျား ရှူး ပစ်လိုက် ချေသေးသည် ။ 


ဤ ဆောင်းပါး ကို ယခု ရေးနေသည့် အချိန်မှာ ည ၁၁ နာရီခွဲ ဖြစ်လျက် ထို သီချင်း သီဆိုသူ အမည် မတင်အောင် ကို မှတ်မိ သော် လည်း မပြည့် စုံသေး ဟု ထင် သဖြင့် မိုး ချုပ်ပြီ ဖြစ် သော်လည်း အား မနာနိုင် ။ ရေးဖော် ရောင်းရင်း ဖြစ်သူ ( ဗိုလ်ကလေးတင့်အောင် ) ထံ ဖုန်း ဆက် မေးရချေ၏ ။ 


“ ဟား - အစ်ကို သာဓုလား ” 


“ ဟုတ်တယ် ၊ အချိန်မရှိ အခါမရှိ ၊ အဲဒါ ရှေးအငြိမ့် မင်းသမီးတွေ နဲ့ ပတ်သက်တာကလေး သိ ချင်လို့ ညီလေး အချိန် ရပါ့မလား ” 


“ အမလေးဗျာ ၊ ကျွန်တော်တို့ က သဘင် ၊ တေးဂီတ ကိစ္စ ဆို ထမင်းမေ့ ဟင်းမေ့ ပြောချင်တာ ။ ကဲ ဘာ မေးမ လဲ ၊ မေး - ဆရာ ရေ ” 


“ ဆင်ကြီး ဂဠုန်ချီ ဆိုတဲ့ မတင်အောင် ရဲ့ ရှေ့ မှာ ဂုဏ်ပုဒ်ကလေးများ ပါသေး သလားလို့ ”  


“ ပါတယ်လေ ။ ပျော်တော်ဆက် မတင်အောင် ပေါ့ ။ အငြိမ့်မင်းသမီး ၊ ပြီးတော့ အဲဒီခေတ် ၁၂၈၂ က ၁၃၀၂ ခု နှစ်အထိ ကျော်ကြားခဲ့တဲ့ အငြိမ့်မင်းသမီးတွေ စာရင်း အကုန်ရှိတယ် ။ ခဏ နေဦး ကျွန်တော် ရှာပြီး ဖတ်ပြ မယ် ” 


မကြာမီ ဗိုလ်ကလေးတင့်အောင် ရွတ်ပြသော အမည်ပေါင်း မှာ ၁၀၀ ကျော် သဖြင့် ရေး ပြရန် စာမျက်နှာ မ ရပါတော့ချေ ။


ယင်း ပျော်တော်ဆက် မတင်အောင် နှင့် ခေတ်ပြိုင်များ မှာ လေပါတီမြရင် ၊ မြခြေကျင်း ငွေမြိုင် ၊ ယူနီဘာစီတီမြသန်းကြည် ၊ သြဘာသောင်း ၊ တလိုင်းမမြကျင် ၊ ပေါ်လင် တင် ( သူ ကား နန်းတော်ရှေ့ ၏ ချစ် ဇနီး ဖြစ်ချေ၏ ။ )


ဆိုခဲ့သည့် အတိုင်း ဂဠုန်သူပုန် က နယ်ချဲ့ ကို တိုက် နေစဉ် ဆင်ကြီးဂဠုန် ချီ သီချင်း ဟိုးလေး တကျော် ဖြစ် သွားသည် ။ ဆရာတင် လည်း ရင် တထိတ်ထိတ် ရှိနေခဲ့ စေကာမူ ဆိုင်ရာ က ထို သီချင်း မဆိုရန် တားမြစ်ပိတ် ပင်ခြင်းလည်း မရှိသောကြောင့် -


သားဓုတို့ လေးစား ကြည်ညိုရသော နန်းတော်ရှေ့ဆရာတင် တစ်ယောက် နောက် တစ်စခန်း ထ ပြန် ချေ တော့သည် ။ ဂဠုန်သူပုန် နှင့် ပတ်သက်သော သီချင်း တစ်ပုဒ် ရေး ပြန်ပါချေတော့သည် ။ တေးသွား များမှာ ထိုစဉ် က လူလတ် ၊ လူရွယ် ဆယ်ကျော် ရော ကလေးပါ မကျန် သီချင်း ဟူ၍ ဆိုရန် များများ စားစား မရှိ ။ အလွယ်ဆုံး နှင့် ခေတ်အစားဆုံး မှာ ( လာမယ် လာမယ် မကြည့်ရဲ့ တကယ် စောင့်တဲ့ အချိန် မလွယ်ပေါက် နဲ့ အိမ် ) ဟူသည့် အငြိမ့် သီချင်း ပင် ဖြစ်ရာ ဆရာနန်းတော်ရှေ့ က ထို တေးသွား ဖြင့် ပင် လွယ်လွယ် ဆိုနိုင်ကြရန်


( ဘာရယ် ညာရယ် စာစီမဖွဲ့နဲ့ တကယ်ပဲဟေ့ ဂဠုန် အနယ်နယ်ဖွဲ့ လို့ မကုန် ၊ နူးနပ်ပေရဲ့ ကြံပုံစည်ပုံ ယုံနိုင်တကယ်ငြင်းရှာကြ သူတို့ မလဲ အသင်းအပင်းနဲ့ တဲ့ အမင်းမင်းတွေ လဲ အစုံစုံ ၊ တချို့ကလဲ မယုံတယုံ ...


    ဟုတ်နိုင်ပါ့မလား အေ တို့ ရဲ့ ကြားသ၍ မလဲ နားအုံတုန်တုန် စက်သေနတ် တန်ခိုးရယ် ကြောင့် တောင်ကြားမတော့ ပျောက်လို့ ခုန် ။


    ရှမ်းဗေပေထုံထုံ ဖမ်းပစေ ဂဠုန် ဂဠုန် နန်းတော်ရှေ့တော့ ယနေ့က စ၍ မယုံ ... )


ရှုပါ အဘယ်ကလောက် ပညာ သား ပါ ပါသနည်း ။


ဆရာစံ တို့ ဂဠုန် ထပြီး အတန် ကြာ သောအခါ သတင်း အမျိုးမျိုး ထွက်လာသည် ။ ဂဠုန် တပ်သား တို့ နယ်ချဲ့ အား တိုက်နေသည် ကို ဇဝေဇဝါ မ ဖြစ်ကြနှင့် ( တကယ်ပဲ ကွယ့် ဂဠုန် ) ဟု ထောက်ခံ အတည်ပြု ပြီး မှ ( အနယ်နယ် မွဲလို့ ကုန် ) ဟု ရှုတ်ချ သယောင်ယောင် ကလောင် ကစား လိုက် ပြန်သည် ။


ထို့နောက် ( နူးနပ်ပေရဲ့ ကြံပုံ စည်ပုံ ) ဟူ၍ လည်းကောင်း ( သူတို့ မလဲ အသင်းအပင်း နဲ့ တဲ့ အမင်းမင်း တွေလဲ အစုံစုံ ) စသည် ဖြင့် နယ်ချဲ့ တော်လှန်ရေးတပ် ကို ခပ်ပင့်ပင့် ရေး လိုက်ပြီးမှ ( တချို့ ကလဲ မယုံတယုံ ) ဟု လျှောချ ပြန်ကာ -


( ဟုတ်နိုင်ပါ့မလား ၊ အေတို့ ရဲ့ ကြားသ၍ မလဲ နားအုံတုန်တုန် စက်သေနတ် တန်ခိုးရယ် ကြောင့် တောင်ကြားမတော့ ပျောက်လို့ ခုန် )


ဤသည် မှာ ဂဠုန်တပ်သားများ ထုံးမန်း စား ကား အင်းဆေး ထိုး ၊ လက်ဖွဲ့ ဆောင် ထားသဖြင့် -


စက်သေနတ် ပစ် သော်လည်း ခုန်ပေါက် ပြီး ပျောက် သွားကြောင်း ၊ သေနတ် ပြီးကြောင်း ၊ သတင်းများ ကို ဆရာကြီးတင် က ခပ်ပင့်ပင့် အတည်ပြု ရေးသား ပြီး မှ -


( နန်းတော်ရှေ့ တော့ ယနေ့ က စ၍ မယုံ )


သို့ကလို အဖွင့် တစ်မျိုး အပိတ် တစ်ဖုံ ဖြင့် လိမ္မာ ပါးနပ်စွာ ပညာ ပြ လိုက် ချေ၏ ။ ထို သီချင်း သည် လည်း သာဓုတို့ ပါစပ်ဖျား သို့ “ ဘွား ” ခနဲ ရောက် လာသည့် နည်းတူ မြန်မာ တစ်ပြည်လုံး သို့ ( အငြိမ့်စင် များ မှ တစ်ဆင့် ) သောက်သောက်လဲ ညံ သွားချေ လေတော့သည်  ။


သာဓု ဆိုလိုရင်း မှာ ကျောင်းစာ ဖြစ်စေ ၊ စာနယ်ဇင်းတို့ မှ ( စာ ) ဖြစ်စေ ဖတ်ပြီး အမှတ်မဲ့ မနေသင့် ။ ထို စာ ၏ ဆိုလိုရင်း နှင့် သဘော အဓိပ္ပာယ် အနက်အကျယ် ကို အကွက်လည် အောင် တွေးစေ ချင်သည့် ဆန္ဒ ၊ မသိ လျှင်လည်း မေးကြစေချင်သည့် ဆန္ဒ ။


ခေါင်းဆောင်ကြီးများ က တဖွဖွ ပြောနေကြသည် မဟုတ်ပါ လော ။


( အတွေးသစ် ၊ အမြင်သစ် နဲ့ ရင့် ကျက်ကြဖို့ လိုတယ် ၊ အတွေးအခေါ် မြင့်မား ထက်မြက်ဖို့ လိုတယ် ၊ ရှင်သန် နေဖို့ လိုတယ် ) ဟူ၍ -


( ၂၁ - ၆ - ၈၆ ) 


◾သာဓု


📖 ချယ်ရီ မဂ္ဂဇင်း

      စက်တင်ဘာ ၊ ၁၉၈၆


📖 အနုဝင်္ကပါ


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment