( ၂၆ )
ယခုတလော သာဓု ရေး သော အနုဝင်္ကပါ နှင့် ပတ်သက်၍ ကြိုက်သည် ရော မကြိုက်သည် ရော အကြောင်းပြချက် အဖုံဖုံ ဖြင့် စာတွေ ပုံ ရောက် လာသည် ။ ဖုန်း ဖြင့် လည်း ပြောကြ ၊ မေးကြသည် ။
“ အဖေ ဖုန်း လာတယ် ၊ ကိုလှကြည် တဲ့ ”
“ ပေး .. ပေး ၊ ဟလို ”
“ ကိုသာဓု လား ၊ ကျွန်တော် လှကြည် ပါ ”
“ ဘယ်က လှကြည် လဲ ”
“ ဟား .. ဟား ၊ မမှတ်မိတော့ဘူးလား ”
“ နာမည် ကို မှတ်မိတယ် လေ ။ ကျွန်တော် သိတဲ့ လှကြည် တွေ က အများကြီး ”
( တစ်ဖက် မှ ရယ်နေ သံ ။ )
ထို ရယ်သံ ကြောင့် တစ်ကြောင်း ၊ ‘ ကိုသာဓု ’ ဟု ရွယ်တူ လို ၊ သို့မဟုတ် သာဓု ထက် ကြီးပုံ ရသည် လို တရင်းတနှီး ခေါ်ပုံ ပြောပုံကြောင့် ...
“ ဒီမှာ ကျွန်တော် ပြောမယ် ၊ သာဓု သိတဲ့ လှကြည် တွေ ထဲမှာ တရားသူကြီး ရှိတယ် ၊ ရုပ်ရှင် ကန်ထရိုက် ရှိတယ် ၊ ဗိုလ်မှူးကြီး ရှိတယ် ၊ ဆိုက္ကားသမား လည်း ရှိ ...”
“ ဟား ... ဟား ၊ ဂျာနယ်ကျော် လှကြည် ပါ ”
“ အဲဗျာ ... စ စချင်း ဒီလို ပြောရင် အချိန်ကုန် သက်သာမှာ ။ ခင်ဗျား နဲ့ ကျွန်တော် တို့ အဆက်ပြတ် နေကြ တာ ကြာပြီ မို့ ရုတ်တရက် သတိ မရဖြစ် ...”
“ ဟုတ်မှာပေါ့ ၊ အဲ ... အတိုချုပ် ပြောချင်တာ က ခင်ဗျား ရေး လိုက်တဲ့ အနုဝင်္ကပါ ထဲ က
စာမျက်နှာ တွေ အဖြူချန် ပြီး စက္ကူ ဖြုန်းတီး နေတာ ကို ထောက်ပြ သွားတဲ့ အတွက် ကြိုက်
တယ်ဗျာ ၊ ဒီနေ့ပဲ စာပေသမားတွေ ဆုံမိကြလို့ ပြောမိကြ သေးတယ် ”
“ ဟုတ်ကဲ့ ”
( တစ်ဖက် မှ ချောင်းဆိုးသံ )
သူသည် ဂျာနယ်ကျော် တွင် အယ်ဒီတာ လုပ် ခဲ့ပြီး သတင်းစာ အတော် များများ တွင် လည်း အယ်ဒီတာ လုပ်ခဲ့ လျက် သာဓု တို့ ပဒေသာ ၊ သစ္စာ မဂ္ဂဇင်း စသည် တွင် လည်း ဆောင်းပါးဝတ္ထုများ ရေးခဲ့ ဖူး ရာ မှ အနှစ် ၂၀ မက ပျောက်ချက်သား ကောင်း နေ သူ ။
နောက် သုံးလေးကြိမ် ချောင်းဆိုး ပြီး ရပ် သွားရာ မှ ...
“ အဲဒါ ပြောချင်လို့ ဖုန်း ဆက်တာပါ ”
“ ကျေးဇူးတင်ပါတယ် ”
“ လောမကြီး နဲ့ ဦး ဗျ ၊ ကျေးဇူး ကို အသာ ထားဦး ၊ အဓိက ပြောချင်တာ က ခင်ဗျား အဲသလို ရေး လိုက်တဲ့ မဂ္ဂဇင်း မှာ လဲ စာမျက်နှာ စာဖြူတွေ ချန် ချန် ထားတာ တွေ့ နေလို့ ။ အဲဒါ ကျွန်တော် လို သတင်းစာဆရာ တစ်ယောက် အမြင် နဲ့ ပြော ရရင် စာမျက်နှာတွေ နှမြောလှတယ် ဗျာ ”
“ ဟုတ်တယ် ကိုလှကြည် ရေ ၊ ကျွန်တော်လဲ သတိထား မိ ပါတယ် ၊ ဒီ နေရာ မှာ တစ်ခု ပြောချင်
တာ က တော့ ဆောင်းပါးဝတ္ထုတွေ သာ ရေးပြီး စာနယ်ဇင်းတိုက် တွေ ကို ပို့ နိုင်တယ် ၊ သူတို့ ရဲ့ အပြင်အဆင် ၊ အုပ်ချုပ်မှု ကိစ္စတွေ မှာ ဘယ်လို လုပ်ပါ လို့ ဝင် ပြောပိုင်ခွင့် မရှိဘူးဗျ ။ ကိုလှကြည် သိတဲ့ အတိုင်းပဲလေ ဟုတ်ဘူးလား ”
“ အဲ ... ကိုသာဓု ပြောတာလဲ မှန်ပါ တယ် ၊ ဒါပေမဲ့ ...”
“ သြ ..တစ်ခု ကျန်သေးတယ် ဗျို့ ကြောငြာ ၊ အဲ ... ဒီ ကြော်ငြာ နဲ့ ပတ်သက်လို့ ... ပွင့်ကောင်းငံပြာရည် ထင်ပါ ရဲ့ ၊ တစ်မျက်နှာလုံး မှာ မှ သုံးကြောင်း လောက် သာ ပါပြီး အားလုံး အဖြူ ချန် တာတို့ ၊ အင်း ... တစ်ခါက ကျော်ဟိန်း လုပ် ဖူးတယ် ၊ တစ်မျက်နှာလုံး အဖြူ ချန် ပြီး ( မွန်းတည့်ချိန် မှာ နေဝင်သည် ) ဆိုတဲ့ ရုပ်ရှင်ကြော်ငြာ က ၃ လက်မ လောက် သာ ကြော်ငြာတာ တို့ ၊ အဲဒါ
တွေ က တော့ စာနယ်ဇင်း တိုက်တွေ မှာ တာဝန် မရှိသင့်ဘူး နော ၊ သူတို့ က ကြော်ငြာ သာ ပေးပြီး သူတို့ က သူ တို့ ကြိုက်သလို ကြော်ငြာပိုင်ခွင့် ရှိ တယ် မဟုတ်လား ”
“ ခင်ဗျား က လည်း ဗျာ အကာအကွယ် တွေ လုပ် မနေစမ်းပါ နဲ့ ”
“ ဟော ... ခင်ဗျား ဒီလို ပြောသလား ၊ ဒီမှာ ကျွန်တော် ထောက်ပြတဲ့ ကြော်ငြာမျိုး မြင်ကော မြင်ဖူးတယ် နော် ”
“ အင်း ”
“ ကိုင်း ... ကျွန်တော် ရှင်းပြတာ မှန်ပြီ လို့ ခင်ဗျား ဝန်ခံတဲ့ သဘောပဲပေါ့ ၊ အဲဒါ ...”
“ ထားလိုက်ပါတော့လေ ၊ ဟဲ ... ဟဲ ... ဟဲ ”
ဖုန်း ချသွားသည် ။
သာဓု သတိ တစ်ချက် လစ် သွား သည် မှာ သူ့ ဖုန်းနံပါတ် မမေးလိုက် မိခြင်း ဖြစ်ချေ၏ ။ သာဓု အား မရ ။ သူ့ စကား အဆုံးတွင် မကျေမနပ်သံ နှင့် နိဂုံး ချုပ် သွားသည် ကို ထပ် မေး ချင်သော်လည်း ဖုန်း မဆက်နိုင် ။
ဖုန်းသံ မြည် လာသည် ။
“ ဟလို ၊ ကိုသာဓု လား ”
“ အဲ ... အတော်ပဲ ကိုလှကြည် ရေ ၊ ကျွန်တော် လဲ ပြန် ဆက် မလို့ လုပ် လုပ် စမ်းပါဦး ၊ ဖုန်းနံပါတ် အရင် ပြော စမ်းပါ ”
သူ့ နံပါတ် ပေး သည် ။
“ ကဲ ... ခင်ဗျား က ဖုန်း စ, ဆက်တာ ၊ ခင်ဗျား မကျေနပ်တာ တစ်ခု ခု ရှိလို့ ဖြစ်လိမ့်မယ် ကဲ စ, ပြောပေတော့ ”
“ ကျေနပ်တာ မကျေနပ်တာ အပ ထား လိုက်တော့ ၊ ကျွန်တော် တို့ ခင်ဗျား တို့ ပဒေသာ မဂ္ဂဇင်း မှာ လုပ်ခဲ့တာတွေ ချက်ခနဲ သတိ ရ လာလို့ ”
“ ဘာပါလိမ့် ”
“ အဲ ... ခုန ပြောတဲ့ အဖြူ ချန် ကိစ္စ လေ ၊ အဲဒီတုန်း က စာမျက်နှာ တစ်ခု မှာ ၃ လက်မ တစ်ကော်လံ ၊ ၄ လက်မ တစ်ကော်လံ စသည် ဖြင့် နည်းနည်းလေး တောင် အလေ မခံဘဲ တင့်တယ် က ( ဖြည့်စာ ) သဘောမျိုး စာ သုံး လေးကြောင်း ရေးလိုက် ၊ သော်တာဆွေ က ဖြည့်လိုက် ၊ ကျွန်တော် က စွက် လိုက် ၊ ခင်ဗျား က ဝင် ထောက် လိုက် နဲ့ ဘယ်လောက် ပျော်စရာ ကောင်းလဲ ”
“ အေးဗျာ နော် ၊ စာရွက်ကလေး နည်းနည်းပါးပါး အဖြူသား ကျန် နေ ရင် ဥပမာ - ( ကျား နှင့် မ ) ခေါင်းစဉ် တပ် ပြီး
( ယောက်ျားများ သည် မိန်းမများ ကို ကြည့် လို၏ ။ မိန်းမများ က မူ ယောက်ျားများ အကြည့် ကို ခံလို၏ ) ”
“ အဲဒါမျိုး မဟုတ်လား ”
“ ဟုတ်ပါ့ ၊ ဟုတ်ပါ့ ၊ အဲ ... အောက် နား က ကလောင် နာမည် ထည့်လိုက် ဦးလေ ၊ ‘ ဘာဘူ ’ လို့ မေ့နေပြီလား ”
“ မမေ့ပါဗျာ ၊ တက္ကသိုလ်စွပ်ပယား တို့ ၊ စိန်တစ်ပွင့် တို့ ၊ ကြည်လှ တို့ ၊ ကြင်ဆွေ တို့ ၊ အောင်မြင် ၊ အောင်ကျော် ၊ မြတ်သူ ၊ ပေါ်လွင် ၊ သုမောင် ၊ ( ဟိုတုန်းက ကလောင်အမည် မျိုးစုံ နဲ့ ) ဖြည့်စာတွေ ရေးခဲ့ကြတာ ခင်ဗျား လဲ ပါတာပဲ ဟာ ”
“ အင်း ... တစ်ခါတလေ စာ ဆယ် ကြောင်းလောက် လို နေလို့ ဝိုင်းပြီး စဉ်းစားကြ ၊ ရေးကြည့်ကြ နဲ့ အတော် ပျော်သလောက် အတော်လည်း မောတယ်လေ နော် ”
“ မော ဆို ထိပ် က ရေးထားထဲ့ ပင်မ ဆောင်းပါး ၊ ဝတ္ထုစာညွှန်း စသည်တို့ ရဲ့ အောက်မှာ ဖြည့် ရတာ လွယ် မှ မလွယ်ဘဲ ၊ သူ့ အခန်း နဲ့ သူ ဖြည့်စာ က ဆက်နွယ် ရမယ် ၊ အကျိုးပြုရမယ် ဆိုတာက ရှိသေးတာ ကိုး ၊ ဥပမာ - ရှေ့ဆောင်းပါး က တော်လှန်ရေး ဆောင်းပါး ဆိုရင် ဖြည့်စာ က လဲ တော်လှန်ရေး နဲ့ ပတ်သက်တာ တို့ ၊ မျိုးချစ်စိတ် တို့ ဟာဗျာ ကျွန်တော် လဲ ခင်ဗျား သိပြီးသား တွေ ပြန် ပြော နေမိ ပြန်ပြီ ”
“ ရပါတယ် ၊ ဒီ စကားမျိုး က ဘယ်တော့ ပြောပြော မရိုးပါဘူး ၊ ခက်နေတာ က ခု ခေတ် မှာ အဲသလို စာတို စာသန့် စာခန့် ကလေးတွေ နှင့် စက္ကူဖြူ ကွက်လပ်တွေ မှာ ဖြည့် တာ တယ် မတွေ့ရ တော့ဘူး လေ၊ အဖြူ အတိုင်း လွှတ် လိုက် ကြတာပဲ ၊ ကဲဗျာ ကြုံရင် ဝင်ခဲ့ပါဦး၊ ဆွေးနွေးကြရအောင် ”
သို့ အဆုံးသ,တ် ရင်း လိပ်စာ ပေးပြီး ဖုန်းချ သွား ချေ၏ ။
••••• ••••• •••••
ရောက် လာသည့် စာများ အနက် တစ်စောင် တွင် သူ သည် ၁၉၅၂ - ၅၃ ခုနှစ် လောက် ကတည်း က ကဗျာ ရေး ခဲ့သည် ။ တင့်တယ် နှင့် အတူ သာဓု ထံ လိုက်လာဖူးသည် ။ ရေဒီယို ( မြန်မာ့အသံ ) မှ သီချင်း ရေးခဲ့ ... ဆိုခဲ့ ဖူးသည် ။ ယခု သူ့ နာမည် ကို မူရင်း အတိုင်း ယူငင် သုံးစွဲ သီချင်း ဆို နေ ကြသည် ဟု တိုင်ကြား သည် ။
အထူးသဖြင့် သူ ဖွဲ့ခဲ့သော တီးဝိုင်း အမည် ကို ပင် နာမည်ကြီး စန္ဒရားဆရာ တစ်ဦး က ယူ ပြီး တည်ထောင် နေ ပါသည် ။
မည်သို့ အရေးယူ ရပါမည်နည်း ဟု မေးသည် ။
ဤလို ကိစ္စမျိုး တွင် ချက်ချင်း သိ ၊ ချက်ချင်း အရေး ယူ ရပေမည် ။
အရေးယူ ဆိုသော်လည်း ကိုယ် က မိမိ သုံးသော အမည် တစ်ခု ခု ကို မှတ်ပုံတင် ထား မှ အရေးယူ ပိုင်ခွင့် ရှိ သည် ။ ဤသို့ မှတ်ပုံတင် မထား က အနုပညာကောင်စီ ကို တိုင်ကြား ဖျန်ဖြေ ခိုင်းရ ပေမည် ။
ဆိုင်ရာ သဘင်ဂီတ ကောင်စီ တို့ က လည်း သီချင်းရေးဆရာ အဆိုတော် စသည် ဖြင့် အဖွဲ့ဝင် များ ကို မူရင်းအမည် တေးဆို တေးရေး အနုပညာ ကလောင် အမည် စသည် ဖြင့် တိကျစွာ မှတ်ပုံတင် ထား ပြီး နောက် ကျ မှ ဝင် လာသူ တို့ အား တေးရေး တေးဆို အမည် ( မှည့်လိုသည် များ ကို မေး၍ ) ရှိပြီး အမည်နှင့် တူ နေ က ပြင်ခိုင်းသမှု ပြုခဲ့သော် အရှုပ်အရှင်း ပေါ်စရာ မရှိနိုင် တော့ ချေ ။
စင်စစ် ဤ ပြဿနာ မှာ မပေါ်သင့် ပါဘဲ ပေါ်နေ ၍ ခက်ရ ချေသည် ။ အကယ်တိ မိမိ နာမည် မောင်မောင်လတ် ဖြစ်စေ ကာ မူ အခြား အဆိုတော် တစ်ဦး က မောင်မောင်လတ် အဖြစ် ရှိပြီ ဆိုနေက မိမိ နာမည် ပြင် ပြောင်း မှည့် ရန်သာ လိုသည် ။ ( ဤသည် မှာ အနုပညာရှင် တို့ လိုက်နာ အပ်သော သိက္ခာ ) ဟု ရေးခဲ့ရပေါင်း လည်း များ လှပြီ ။ အနုပညာသည် ချင်း ကိုယ်ချင်းစာ တရား ထား လိုက်လျှင် ပြီးသည့် ကိစ္စ ၊ ကမ္ဘာ တစ်ဝန်းလုံး လည်း ဤ အတိုင်း ကျင့်သုံး နေသည် ဖြစ်ရာ အဘယ်ကြောင့် ဤ ကိစ္စ တွင် မှ ကမ္ဘာ နှင့် ရင်ပေါင် မတန်းနိုင် ရ မည်နည်း ။ မတန်းချင်ကြ သနည်း ။
ဤ ပြဿနာ ဤမှာ ပင် ရပ်တော့ မည် ။ မော၏ ။
••••• ••••• •••••
တယ်လီဖုန်း ဆက်သူ အချို့ နှင့် စာရေး ပို့သူ အချို့ တို့ တူညီ နေသော မေးခွန်း တစ်ရပ် မှာ .. ။
“ သီချင်း ဆိုရင်း ရယ်ပြ ပြုံးပြ ၊ သွားဖြဲပြ တာ ကို ဆရာကြီး က အပြစ် ပြော နေတော့ ခက်တာ ပေါ့ ၊ အဲဒီလို ပြောတော့ သီချင်း ဆိုတဲ့ အခါ မျက်နှာ မဲ့ပြီး ဆိုရ မလား ၊ ခပ်တည်တည် နှင့်
သုန်သုန်မှုန်မှုန် မျက်နှာ ထားပြီး ဆိုရမလား ...”
ဤသည် မှာ အရွဲ့ တိုက် ၍ မေး သော ( မေးခွန်း ) ဖြစ် ချေသည် ။ မိမိ ဘာသာ အိမ် ထဲ တွင် ဖြစ်စေ ၊ လ သာ သာ ပန်းခြံ ထဲ တွင် ဖြစ်စေ ၊ သီချင်း ဆို သော အခါ မဲ့ ၍ သုန်မှုန် ၍ မျက်နှာ ရှုံ့ ၍ ဆိုပါ သလော ။
တစ်နည်းအားဖြင့် မြန်မာ့အသံ ရေဒီယို တွင် ဆိုသော အခါ အဘယ် အဆိုတော် တို့ သည် ရယ်လိုက် မဲ့ လိုက်၊ ဆတ်ခနဲ မျက်နှာတင်း သွား လိုက်၊ ဗြုန်းခနဲ ရယ်ပြ လိုက်၊ နဖူး ကြော တင်း လိုက် ခေါင်း ဆတ် တောက် ညိတ် လိုက် နှင့် မည်သူတို့ ဤလို သီဆိုကြပါ သနည်း ။
အဘယ်သို့ အကြောင်းကြောင့် ရုပ်မြင်သံကြား တွင် သီဆို မှ မျက်နှာထားတွေ ( ခုနစ်ထွေ ) ဖြစ် ကုန်ကြ လေ သနည်း ။ ပုံစံ အမျိုးမျိုး လုပ်ပြ နေကြ သနည်း ။
အသံ သာ မဟုတ် အရုပ်ပါ မြင် ရ ၍ မျက်နှာထား အထွေထွေ ဖြင့် ဖြေဖျော်ရပါသည် ဆိုလျှင် သရုပ်ဖော်ရပါသည် ဆိုလျှင် လုပ်ကြပါ ။
သို့သော် အကြောင်းအကျိုး နှင့် ကိုယ် လုပ် လိုက်သော မျက်နှာထား သရုပ် တို့ ဆက်စပ်မှု ရှိရချေမည် ။
( ရွှေအိုးစည် မြည်သံရယ် ... မြည်သံရယ် ... မြည်သံရယ် ... မြည်သံရယ် ... ကြား ... ကြားရသူ ...အမျိုးမျိုး ပျော်ရွှင်စရာရယ် ... ရိုးတိုးရွတနှင့် ကွယ် ထလို့ ဖြင့် က လိုက်ချင်တယ် )
ဤလို အိုးစည်သံ သီဆို လျှင် ငြိမ် မနေပါနှင့် ။ တောင့်တောင့်ကြီး ရပ် မနေပါ နှင့် ၊ ဆို ကတည်း က ( ဝါး ) နှင့် လိုက်၍ လက်ခုပ် တီး ပါ ။ မျက်နှာ ကို အရွှင်ဆုံး ထားပြီး မြူး နေပါ က ၊ က , တတ် လျှင် ကွေး နေအောင် ‘ က ’ ရင်း ဆိုပါ။
သို့သော် ...
( မြေကြီး ဆိုတာ မညီညာဘူး ၊ အဲဒါ ကို လည်း စဉ်းစားထား ၊ နှစ်ယောက် ပေါင်း မှ ခုံဖိနပ် တစ်ရန် ခွပ်ခွပ်မြည် သံဟီး လှောင်ရယ်ကြမလား ၊ ဆင်းရဲ လို့ စိတ်မပျက် နှင့် တို့ နှစ်ယောက်
အောင်မြင်ကြီးပွား ၊ ရယ်တဲ့ လူတွေ ဂုဏ်ပြုလိမ့်မယ် ဟား ... ဟား ... ဒါပေမဲ့ နှစ်ယောက် ပေါင်း မှ ခုံဖိနပ် တစ်ရန် )
ယင်း အထက်ပါ စတီရီယိုတေး မျိုး ဆိုရင် မည်သည့် အက နှင့် သရုပ်ဖော် မည်နည်း ။ မည်သို့ လှုပ်ပြ မည်နည်း ။ သီချင်း အဓိပ္ပာယ် ကား အသို့နည်း ။
သွက်သွက် လည်အောင် ရူး နေ သော အရူး နှစ်ယောက် သည် ပင် ၊ ဖိနပ် တစ်ရံ တည်း နှစ်ယောက် စီးသည် ကို သာဓု မတွေ့စဖူး ။
အနောက်နိုင်ငံ၏ စတီရီယိုတေး ခေါ်ခေါ် ၊ ပေါပ့် ၊ ရှိတ် ၊ ရောခ့် ၊ ဒစ်စကို မည်သို့ ခေါ်ခေါ် သူတို့ သံစဉ် နှင့် သူ တို့ တေး တွင် အဓိပ္ပာယ် ရှိသည် ။ ဆက်စပ်မှု လည်း ရှိကြသည် ။
( လူသားတိုင်း ပဲ ပန်းကလေးများ ကို နှစ်သက်သည် ။ ကျွန်မ လည်း နှစ်သက်သည် ။
လူသားတိုင်း ပဲ သာယာသော ရှူမျှော်ခင်းကို သဘောကျကြသည် ။
ကျွန်မ လည်း သဘောကျသည် ။
လူသားတိုင်း ပဲ တေးသံသာ ကို သီဆိုကြသည် ။
ကျွန်မ လည်း သီဆိုသည် ။
လူသားတိုင်း ပဲ ကြောင်ကလေး ငှက်ကလေးများ ကို ချစ်ကြသည် ။
ကျွန်မ လည်း ချစ်ပါသည် ။
လူသားတိုင်း ပဲ အလှအပ ကို မက်မောကြသည် ။
ကျွန်မ လည်း မက်မောပါသည် ။
သို့သော် ...
သည် အခွင့်အရေးတွေ ကို ကျွန်မ ရဲရဲ မခံစားဝံ့ပါ ၊ သူတို့ က လည်း ကြည်နူးခွင့် မပေးချင်ကြပါ ။
အဘယ်ကြောင့် ဆိုသော် ...
ကျွန်မ သည် အသားမည်း,မလေး ဖြစ်သောကြောင့် ။ )
အထက်ပါ “ ပေါပ့်မြူးဇစ် ” တေးသံရှင် ကပ္ပလီ ( နီဂရိုး) မ လေး တစ်ဦး ၏ တေး ဖြစ်လျက် သူ သည် နာမည်ကျော် မဟုတ်သေး။ တရှိန်ရှိန် တက်စ ပြုနေသူ အသားမည်းမကလေး .. ။
ယခုခေတ် မြန်မာ အထီးအမ ကလေးတွေ ၏ စတီရီယိုတေးများ ထက် အဓိပ္ပာယ် ပါသည် ။ သာသည် ။
( မင်း ကို ငါ ချစ်တယ် ... ချစ်တယ် ... ငါ ကလည်း မင်း ကို ချစ်တယ် .... ချစ် တယ်။ ဟေ့ ... ဒါဆိုရင် လက်ထပ်ကြမလား။
ယူကြမလား ... စဉ်းစားရမယ်နော။
အချစ် ဆိုတာ၊ အချစ် ... အချစ် ... အဝတ်အစား မဟုတ်ဘူး ။
အချစ် ဆိုတာ၊ အချစ် ... အချစ် ... ထမင်းဟင်း မဟုတ်ဘူး အိ မ်လည်း မဟုတ် ဘူး...
အချစ် နဲ့ အတူ နေဖို့ အိမ် လို တယ် ၊ စားဖို့ ထမင်းလို တယ် ။ အတူတူ ဆင်ဖို့ အဝတ်အစား လိုတယ် ...
အဲဒါတွေ ပြည့်စုံ ဖို့ အဓိက ငွေ လိုတယ် ... ဝယ်ဖို့ ငွေလိုတယ် ။ ငွေ ဝင်လမ်း သေချာမှ တို့ နှစ်ယောက် လက်ထပ်ကြမယ် )
သဘောအားဖြင့် အထက်ပါ ကဲ့သို့ ပညာပေး မျိုး ရေးကြ သီဆိုကြ လျှင် ( နိုင်ငံခြား သံစဉ်မျိုးပင် ထား တော့ ) နား ခံသာ ဦးမည် ။
ယခု မူ သီချင်းစာသား အဓိပ္ပာယ် လည်း မရှိ ၊ တောင်ရောက် မြောက်ရောက် ကဘောက်ကချာ စကားလုံး များ ဖြင့် ချစ်ခြင်း ၊ အသည်းကွဲခြင်း ၊ နှလုံးသားကြေမွခြင်း ၊ ချစ် လျှင် ပြီးသည် ဘာကို မျှ ဂရုစိုက်စရာ မလို စသည် ဖြင့် သာ သံသရာ လည် နေကြ ရုံမက ...
အဆိုရှင် ကလေးမလေး တစ်ယောက် စင်ပေါ် တက် စ က ဟုတ် မလိုလို ရှိ ခဲ့ပြီး မကြာမီ ပင် သူ့ တေးများ ပုံပျက် လာသည် ကို သတိထား မိ၏ ။
( မချစ်လို့ တော့ မဟုန်ပါဘူး ... )
ဤနေရာ တွင် သုံးလေးလုံး သာ ကွဲပြား ပြီး ကျန် စကားလုံးများ “ ဝါး ” နေသည် ။ “ ဘူး ” ဟူသော စကားသည် ပင် ... ဘု လိုလို ... ဘွတ် လိုလို မှ နောက် အပိုဒ် တွင် ဘရူး ဖြစ်သွား ပြန်သည် ။
မချစ်လို့ ... ဤ “ လို့ ” မှာ လည်း မပီ ။ “ လို့ ” သံ သရုပ် ပျောက် နေသည် ။
အကြောင်း မှာ အင်္ဂလိပ်သံစဉ် တွင် “ လို့ တို့ မြို့ ” စသည် လည်းကောင်း ၊ “ ဟေ့ , တွေ့ , ဝေ့ ” စသည် လည်းကောင်း အောက်မြစ်သံ မရှိ ၊ “ နိုး , ဂိုး , စိုး , မိုး ” ဟူသည် ဝိသဇ္ဇနီသံ သာ အသုံးများ သည် ဖြစ်၍ ၊ မြန်မာစာ “ လို့ ” ကို ထည့် သုံး လိုက် သော အခါ ဝိသဇ္ဇနီ အသံထွက် နှင့် သံစဉ် တို့ ပြဿနာ ရှုပ် ကုန်ကြ တော့သည် ။
များ သောအားဖြင့် လဲ ထိုထို ပေါ့ပ် ၊ ဒစ်စကို အဆိုရှင် တို့ သည် အင်္ဂလိပ် သံစဉ် ကို တန်ဖိုး ထားပြီး မတူ တူ အောင် “ လုပ် ” ဆို နေကြ သဖြင့် မည်မည်ရရ ဘာမျှ မပီသ တော့ ဘဲ ဘာ သီချင်း ဟူ၍ ပင် မသိရ တော့သည့် အဖြစ်မျိုး ရောက်သွားချေတော့သည် ။
သီချင်း တို့ မည်သည် ဆိုလိုသော အကြောင်းအရာ အဆက်အစပ် နှင့် အဆင်ပြေ ချောမွေ့ မှ အကောင်း အဆိုး ခွဲခြား ၍ ရ နိုင်သည် ။
မိမိ တစ်ယောက်တည်း သာ သိ သော သီချင်း ကို သောတရှင်တို့ က မည်သို့ အရသာ ခံ မည် နည်း ။
များ မကြာမီက ကာတွန်းငွေကြည် က ရုပ်ပြောင် တစ်ခန်း ရေး ၍ ကလိခဲ့ ဖူးသည် ။
( စတီရီယိုတေး သီဆို နေသော စင် နား မှ ဖြတ် လာသော လူလတ်ပိုင်း နှစ်ယောက် အနက် တစ်ယောက် က သီဆိုနေသူ ကို လှည့်ကြည့် ကာ .. “ ပီလိုက်တဲ့ အသံ ”
သို့ ပြောသည် နှင့် အခြား တစ်ယောက် က...
“ ဒါကြောင့် ဒီကောင် ငတ်တာ ...” ဟု ပြန် ပြော လိုက်ပုံ ရေးဆွဲ ထားသည် ။ )
ကာတွန်းဆရာ ပြောလို သည့် အဓိပ္ပာယ် မှာ စတီရီယိုတေး ဆို ရာ တွင် မြန်မာသံ မပီသ မှ အောင်မြင်သည် ။ ပီပီသသ ဆိုလျှင် စတိတ်ရှိုး ထောင် သူ တိတ်ခွေ သွင်း သူ တို့ က မကြိုက်၊ စားပေါက် ခန်း သည် ဟူသော သဘော ဖြစ်ချေ၏။
ဤ ဆောင်းပါး ကြောင့် သာဓု ကို “ ခု ” ကြမည် ဟု သာဓု တွက်ပြီး သား ။
မည်သို့ ရှိစေ သာဓု အမုန်း ခံမည် ။ မြန်မာ့ အနုပညာ တေးဂီတ နယ်ပယ် အတွင်း သို့ မပီမသ သံကြောင်များ ၊ တေးပျက်များ လွှမ်းမိုး ထားမည့် ဘေး ကို တားဆီး ရန် လိုအပ် လာ ချေပြီ ။
သာဓု တွင် ကလောင် သာ ရှိ၍ ကလောင် ဖြင့် သာ တား နိုင်သည် ။ ထို့ထက် ပို၍ ဘာမျှ မတတ်သာ ။
အိမ်း .. မည်သူ က မည်သို့ ကာကွယ်ထိန်းသိမ်း ၍ မည်သူတွေ က မည်သို့ ပြုပြင်ကြမည် ကို မူ စောင့်ကြည့်ရန် သာ ။
( ၃ - ၁၁ - ၈၆ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
ဒီဇင်ဘာ ၊ ၁၉၈၆
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment