❝ စက် လည်း ပျော်ပါနိုင် ❞
မှောင်နှင့်မည်းမည်း အတွင်း မှာ ဖြစ်သော်လည်း မကျီးဒန် က သူ့ ဘေး တွင် နှစ်ခြိုက်စွာ အိပ်မောကျ နေသော ကိုဆေးရိုး ၏ ကျပ်စည်းထားသည့် လက်ဖြူဖြူကြီး ကို မြင်နေရသည် ။ တကယ်ပဲ မျက်စိ က မြင်ရခြင်းလား ၊ သည်နေရာ သည်နား ၌ သည်ကျပ်စည်း ထားသော လက် ကို မီးခွက် မမှုတ် ခင် က မြင်ထားရသောကြောင့် စိတ် က မြင်နေရခြင်းလား မသိ ။ မြင်တော့ မြင်နေပေသည် ။ အိပ်ချင်လွန်း သဖြင့် မျက်စိတွေ မှာ ကျိန်းစပ် နေပေပြီ ။ မျက်လုံး ကို အားတင်းပြီး မှိတ်ထား သော်လည်း ဖြူဖြူပြာပြာ ဝါဝါစိမ်းစိမ်းတွေ ကို မြင်နေလိုက် ၊ ကောက်ပင်တွေ ပေါ်လာလိုက် ၊ အိုးတွေခွက် တွေ ပေါ်လာလိုက် ဖြင့် မျက်စိမှိတ်ထား လျက် ခေါင်းမူး နေအောင် အိပ်ချင်လျက် နှင့် မကျီးဒန် မှာ အိပ် မပျော်နိုင်ပါလေ ။
ခေါင်းရင်းဘက် မှ ကာရံထားသော ထန်းရွက်များ ကို လေခပ်ကြမ်းကြမ်း တိုးဝှေ့လိုက် သည် ။ တစ်ပြိုင်နက် ဆိုသလို ရွာ တောင်ဘက် ထန်းတောတွင်း မှ ထန်းသီးကြွေကျသံများ ကျယ်လောင်စွာ ထွက်ပေါ်လာ၏ ။ ထန်းရွက် ကို လေတိုးသံ ၊ ထန်းရွက် အချင်းချင်း တိုက်ခိုက်သံ ၊ ကြွေကျလုလု ထန်းရွက်ခြောက်များ နှင့် ထန်းပင် ၊ ပင်စည် နှင့် ရိုက်ခတ်မိသံက ဆင်းရဲသား ရပ်ကွက်များ တွင် နေဝင်ရီတရော ကာလ၌ ပေါ်ထွက်တတ်သည့် တောထုတ်သံ နှင့် အလားတူလှပေ သည် ။ လေအဝှေ့ ရပ်သွား၍ ထန်းတော တွင်း မှ အသံများ စဲသွား လျှင် လေးထပ်ကျောင်းဘုရား နှင့် ပုတီးပင် ဘုရား မှ ဆည်းလည်းသံများ ကို ကြားရလေ၏ ။
အတန်ကြာလျှင် သန်းခေါင်ကြက် တွန်သံ သည် ထွက်ပေါ်လာ၏ ။ ညဉ့်နက်ပါပကော ဟူသော အသိ မကျီးဒန် ၏ ဦးနှောက် တွင်း ၌ ဖျတ်ခနဲ ပေါ်လာ သလို အိပ်မပျော်နိုင်ခြင်း အတွက် မိမိ ကိုယ် ကိုယ် ပြစ်တင်မိသည့် ဒေါသ စိတ် က လည်း ဖြစ်ပေါ်လာသည် ။ ဟင်းခနဲ သက်ပြင်း တစ်ချက် ချလိုက်ကာ စောင် ကို ပိန်းအောင် ဆွဲခြုံပြီး တစ်ဖက် သို့ လည်း စောင်းပစ်လိုက်၏ ။ တအား မှိတ် ထားသော မျက်စိ အာရုံဝယ် နွားပြာနီကြီး ပေါ်လာလေသည် ။ ထိုအခိုက်၌ ခေါင်းရင်း က ထန်းရွက် တွေ ကို မိုးပေါက်များ လာရောက် ထိမှန်သံ ကို ကြား လိုက်၏ ။ သည့်နောက် ၌ ကား မကျီးဒန် မှာ အိပ်ပျော်သွားခြင်း မရှိသေးဘဲ နှင့် မိုးပေါက်သံများ ကို မကြားတော့ပေ ။
အိမ်သား တစ်ဦး လို ဖြစ်နေသော နွားပြာနီကြီး စားမြုံ့ပြန်လျှင် အခြား နွားများ ကဲ့သို့ တစ်ချက်ချင်း ဝါးချေ မနေနိုင်ဘဲ အပြေးအလွှား ဝါးချေနေရသည် ကို ကြည့်ပြီး မကျီးဒန် မှာ အလိုလို နေရင်း မောခဲ့ရသော နွားပြာနီကြီး ၊ သည် နွားပြာနီကြီး ကို အိပ်ရာဝင်စ တွင် တွေးမိသော ကြောင့် မျက်စိ ကြောင်ခဲ့ရသည် ။ နောက် ဟိုတွေး သည်တွေး ဖြင့် နားပြာနီကြီး အကြောင်း ကို မေ့ဖျောက် ပစ်နိုင်ခဲ့၏ ။ သို့ရာတွင် အိပ်၍ မပျော်ပြီ ။ ယခု အိပ်ပျော်တော့မည် လည်း ရှိသော် နွားပြာနီကြီး ကို မျက်လုံး က မြင်နေရ ပြန်လေ၏ ။
••• ••• ••• •••
“ ဟဲ့ ... နီချော စားလေ ၊ နင့် အိမ် ကို လွမ်းနေသလား ဟင် ”
အမွေးရောင် ပင် ကောင်းကောင်း မမှန်သေးသော နွားသိုးကလေး တစ်ကောင် ၏ ခေါင်း ကို မကျီးဒန် က ပွတ်သပ်ရင်း မေးနေလေသည် ။
“ နွား က ဖြင့် အိမ် ကို ရောက်ရုံရှိသေး ၊ အမေ က တော့ နာမည် ပေးပစ်လိုက်ပြီ ”
နွား အသစ်ကလေး အိမ် သို့ ရောက်လာသည့် အတွက် ချောစိန် ရော ဘညိန်း ပါ နွားတင်းကုပ် ဘေး မှာ လာရောက်ကြည့်ရှု ကြကာ နွားစာခွက် ထဲ အစာ ထည့်ပေးကြ၏ ။ အိမ်ခံနွားကြီး က အားရပါးရ ထစား၏ ။ အသစ် ရောက် လာသော နွားကလေး မှာ မူ အစာ ကို နှုတ်သီး ဖြင့် တို့ ရုံမျှ သာ တို့ပြီး နောက်သို့ ကြိုး တစ်ဆုံး ဆုတ်ကာ ငေးမော နေသည့် အတွက် မကျီးဒန် က ခေါင်း ကို သွားရောက် ပွတ်သပ် ပြောဆို သဖြင့် ဘညိန်း က မှတ်ချက်ချလိုက်ခြင်း ဖြစ်၏ ။
“ ဟုတ်လား နီချော ၊ အိမ် ကို လွမ်းသလား ”
မကျီးဒန် က နောက်တစ်ခွန်း ထပ် မေးသည်တွင် နွားကလေး က ရှူးခနဲ မြည်ကာ မကျီးဒန် ၏ လက်ကို ခါချ လိုက်သည် ။ အိမ် မှ မွန်းတိမ်းနေသည့် နွားအိုကြီး နှင့် ကိုးဆယ် အလိုက် ပေးပြီး လဲခဲ့စဉ်က နီချော မှာ မကျီးဒန် ပေးသည့် အမည် နှင့် လိုက်အောင် နီသော နွားနီ နွားသိုးကလေးသာ ဖြစ်၏ ။ အစားဝဝ စားရ၍ အသွေးအရောင်များ ပြောင်းလာသော အခါတွင် နီချော ၏ အမွေးများ မှာ အနီ မှ အနီရင့် ။ အနီရင့် မှ တစ်ဖန် မရမ်းစေ့ရောင် ဘက်သို့ လှလျက် နွားပြာနီ ဖြစ်လာခဲ့လေ၏ ။ မှတ်မိသမျှ ဆိုလျှင် နီချော ရောက်လာသည့် အချိန် သည် ယခုလို လယ်တွေ စိုက်ပြီးစ မိုးလယ် ကာလ တည်း ။
နွား ကို အသုံးပြု မှီခို နေ သူ မှန်သမျှ နီချော လို နွားမျိုး ကို မှ သဘောကျကြသည် ။ နီချော မှာ အစား ကောင်း၏ ။ ကောက်ရိုးချည်း ချကျွေးလျှင် လည်း သူ တတ်နိုင်သလောက် ကို အားရပါးရ စား၏ ။ သခင် ဖြစ်သူ က ကောက်ရိုး ကို ဖွဲနုကလေး ပက် ၍ ၊ နှမ်းဖတ်ရည်ကလေး လူး ၍ ကျွေး ပြန် လျှင် လည်း ပူကား လာအောင် စားပစ် လိုက်ပြန်သည် ။ ဒါကိုမှ တစ်ဖန် ထပ်ပြီး မြက်စိုစိုစိမ်းစိမ်း ကို ခပ်များ များ ထည့်ပြီး နောက်ထပ် ကောက်ရိုး နှင့် ရောနှော ချွေးပြန် လျှင် လည်း စားသေးသည် သာဖြစ်၏ ။ အဘယ်မျှ ထိအောင် စားသနည်း ဟူမူ ဗိုက်ကြီး စူထွက် နေကာ ပါးစပ် မှ တအင်းအင်းမြည်လာပြီး အိပ် မနေနိုင် လှဲ မနေနိုင် သဖြင့် မတ်တတ်ရပ်နေရသည့် အဖြစ် သို့ ရောက်အောင် စား၏ ။
သည်လို နွားမျိုး ကို အစားကြီး သော နွား ၊ သို့မဟုတ် အစားကောင်း သော နွား ဟူ၍ သတ် မှတ်ကြ၏ ။ အစားကောင်း သည့် နွား မှ သာ အားအင် ပြည့်ဖြိုးမည် ။ တစ်နေကုန် တစ်နေခန်း မနားတမ်း အခိုင်းအစေ ခံနိုင်မည် မဟုတ်ပါလော ။
နွားစာခွက် ထဲ တွင် အစာကောင်းကောင်း မွန်မွန်ထည့်ထားပြီ ဆိုပါက နီချော တို့ ဗျာများ ရတော့သည် ။ သူ နှင့် မျက်နှာချင်း ဆိုင်ပြီး စားနေသော နွားကြီး ၏ နှုတ်သီးချရာ နေရာ မှန်သမျှ နီချော ၏ နှုတ်သီး က ရောက်သွားလေ့ ရှိ၏ ။ မျက်နှာချင်း ဆိုင် မှ စား နေသော နွားကြီး မှာ သံရောင် ဖြစ်သောကြောင့် မကျီးဒန် က သံရောင် ဟူ၍ ပင် အမည် ပေးထားသည် ။ မိမိ စားသည့် နေရာ သို့ နီချော က လာ လု လျှင် သံရောင် က ဘေး သို့ ဖယ်ပေးသည် ။ သို့ရာတွင် ဝေးဝေးလံလံရောက်အောင် ဖယ် မပေးလျှင်ကား နီချော ၏ ဝှေ့ချက်ကို သံရောင် မှာ ကောင်းကောင်းကြီး ခံလိုက်ရသည် ချည်းပင် ။
လူစကား ဂျပိုးစကား ပြောရလျှင် နီချော အစား ခုတ်၏ ။ အစား ခုတ်ရာမှာပင် နီချော လုပ်ပုံက ရယ်စရာ ကောင်းလှသည် ။ တစ်ခါ တစ်ခါတော့ “ လူပါးဝတဲ့ နွား ” ဟု ဘသိန်း က သမုတ် တတ်၏ ။
နီချော အနား မှာ သာ သံရောင် က ကပ်ပြီး စား နေလျှင် နီချော ၏ မျက်လုံး က သံရောင် ကို သာ ကြည့်နေတော့သည် ။ သံရောင် ကလည်း နီချောကို ကြောက်သောကြောင့် မျက်ခြည်ပြတ် မခံဘဲ ပြန်ကြည့်ရင်း စားနေလျှင် နီချော က မည်သို့မျှ မလုပ်ပေ ။ ဣရရ စားနေပေသည် ။ သို့ရာတွင် သံရောင် မျက်ခြည် ပြတ်သည် နှင့် တစ်ပြိုင်နက် နီချော ၏ ရှူးခနဲ မြည်သံ နှင့် အတူ နီချော ၏ ချို တစ်ဖက် က သံရောင် ကို လာရောက် ထိပါးချေသည် ။
ကြာတော့လည်း သံရောင် မှာ ပါးနပ် နေလာရ၏ ။ သူ့ အနားသို့ နီချော ရောက်လာလျှင် ခပ်ဝေးဝေးသို့ ရွှေ့စားတော့သည် ။ ယင်းသို့ ဘေးရန် ဝေးရာ တွင် လွတ်လွတ်ကင်းကင်း သွား စား နေပါလျက် နှင့် နီချော ရောက် လာ တတ်သေး၏ ။ သို့သော် လု စားခြင်း မရှိ ။ ဝှေ့လည်း မဝှေ့ ပေ ။ မေး မော့ပေး လေသည် ။ ထိုအခါတွင် သံရောင် က နီချော ၏ မေးစေ့ နှင့် လည်ပင်း တစ်လျှောက် ကို တရှဲရှဲ မြည်အောင် လျှာ ဖြင့် လျက်ပေးရလေသည် ။ ယင်းသို့မှ လျက်မပေးဘဲ အစား မှာ သာ မဲ နေပါမူ နီချော ၏ ချိုစာ မိရတော့၏ ။ ထို့ကြောင့် နီချော အနား သို့ လာပြီး မော့ပေး လျှင် သံရောင် မှာ မနေသာ ၊ လျှာ ဖြင့် လျက်ပေး ရစမြဲ ။
သံရောင် ၏ အလျက်အပက် ကို အားရအောင် ခံယူပြီး နောက် နီချော က တစ်လှည့် သံရောင် ကို လျှာ ဖြင့် လျက်ပေးပြန်သည် ။ သံရောင် မှာ အလျက် မခံချင် သောကြောင့် အစာ ကို အတွင်ငုံ့စား နေ၍လည်း မရ ။ အဓမ္မ လိုက် လျက် ပေးသည် ။ အဲသည်လို လိုက် လျက် ပေးတာ ကို မေး မော့ ပေး လျှင် ပေး ၊ မပေးလျှင် နီချော က ဝှေ့ပစ် လိုက်ပြန်၏ ။ အသာတကြည် မော့ပေးပြန်တော့ လည်း သံရောင် သတိလစ်ပြီး မျက်စိကလေး မှေးနေသည် နှင့် တစ်ပြိုင်နက် ဝှေ့ပစ် လိုက် ပြန်သည် ။ ဘယ်မှ သံရောင် မှာ မသက်သာ ။ နီချော က အနိုင်ကျင့်လွန်း အားကြီး၏ ။ တစ်ခါ တစ်ရံတွင် သံရောင် မှာ နွားစာခွက် ကို လုံးဝ မနှိုက်ဝံ့ဘဲ ရပ်နေတတ်လေသည် ။
တစ်ခုတော့ ရှိ၏ ။
နီချော ဝှေ့ သောကြောင့် သံရောင် မှာ တစ်ကြိမ်မျှ နာကျင်ရသည် မရှိ ။ ပေါက်ပြဲစုတ်ကွဲ သွားခြင်းလည်း မရှိချေ ။ အဘယ့်ကြောင့်ဆိုသော် သံရောင် အား ဝှေ့သော နီချော ၏ ချိုချက်တိုင်း သည် သံရောင် ရှေ့ရှိ နွားစာခွက် ကို သာ ထိပြီး အသံကျယ်ကျယ်ထွက်ပေါ် လာသောကြောင့်ပင် ။
နီချော မှာ ရိုက်မည် ကို လည်း ကြောက်၏ ။ နာ လည်း နာတတ်၏ ။ သူ့ ကို တစ်ချက် ရိုက် မိလျှင် တော်တော်နှင့် စိတ်ဆိုး မပြေပေ ။ တရှူးရှူးနှင့် ဒေါသ ဖြစ်နေကာ ရိုက်သူ ကို ပြန် ပြန် ကြည့်နေသည် ။ ရိုက်မည် ကို ကြောက်၍ ရိုက်လျှင် နာတတ်သောကြောင့် လည်း တစ်ခါ ရိုက် လျှင် မှတ်မိလေ၏ ။ ကန်သင်းအကွေ့ တွင် သံရောင် က မီရာချုံပုတ် နှင့် မြက် စသည်များကို လှမ်းဟပ်သော် လည်း နီချော က မဟပ် မဆွဲပေ ။
နီချော အစာ မဝ လျှင် နွားစာခွက် ကို ချို ဖြင့် ခေါက်၏ ။ လူ ကို မြင်လျှင် ဝူးခနဲ အသံ ပေး ကာ နားရွက်ကြီး ထောင် ၊ မျက်လုံးကြီး ပြူး၍ ကြည့်၏ ။ အဲဒါမှ အစာ ထပ်ထည့် မပေးလျှင် တင်းကုပ်မိုးထားသော ထန်းရွက်တွေ ကို ဆွဲ စား ချေတော့သည် ။ ယင်းသို့ လုပ်လျက်နှင့် အစာထပ် ထည့် မပေးသေး က နွားစာခွက် ကို ချို ဖြင့် ကော်ချပစ် လိုက်လေ၏ ။ ပြီးလျှင် သူ မလုပ် သလိုလို လူ က ထင်အောင် ခပ်ဝေးဝေး ခွာပြီး အိပ် နေ တတ်ပေသည် ။
နီချော ၏ အခြားသော စွမ်းရည် တစ်ခု မှာ ကြိုး ဖြတ်တတ်ခြင်း ဖြစ်၏ ။ နွား ကို ကြိုး ဖြင့် ချည် ရာ တွင် နွား အပြစ် ရ မခံနိုင်သူများ သည် နွား ကို လည်ပင်းကြိုး တပ်ပေးပြီး လည်ပင်းကြိုး နှင့် နဖာကြိုးကို ပူး၍ “ ကန်ကြိုး ” ဖြင့် ချည်လေ့ ရှိကြသည် ။ နဖားကြိုး မှာ သာ ကန်ကြိုး ကို ချည်ထား လျှင် ကန်ကြိုးလှုပ်တိုင်း နွား ၏ နှာ မှာ နာကျင် ရကာ ကြာမြင့်လာသော အခါတွင် နှာနု မှ အသား များ ကြိုးပွန်းပြီး ကုန်ခန်းသွား ၍ အရိုး ပေါ်လာတော့သည် ။ အရိုး ပေါ်လာပြီ ဆိုလျှင် ကန်ကြိုး ကို ဆွဲ လို့ လည်း နွား မှာ နာရမှန်း မသိ ။ လျှော့ လိုက် လို့လည်း လျှော့ပေး မှန်း မသိဖြင့် ကွေ့ ချင် မှ ကွေ့ ၊ ရပ် ချင် မှ ရပ်သော နွားမျိုး ဖြစ်လာလေ၏ ။ ထို့ကြောင့်လည်း ကိုဆေးရိုး တို့ သားအဖ က ကန်ကြိုး ချည် ရာ တွင် လည်ပင်း နှင့် နဖားကြိုး ကို ပူး၍ ချည်လေ့ ရှိပေသည် ။
လည်ပင်းကြိုး တိုတို ကို ကပ်ထားပါ က နီချော က ကြိုး ကို ဖြတ်ပစ် တော့သည် ။ လည်ပင်း ကြိုး တို သောကြောင့်လည်း နီချော က ကြိုး ကို တင်းအောင် နောက်သို့ ဆုတ် လိုက်သည့် အခါ၌ လည်ပင်းကြိုး မှာ မေးရိုး နှင့် ဦးချို တွင် ထစ် နေ၍ ခေါင်း ဆတ်လိုက်ရုံ နှင့် ကန်ကြိုး နှင့် လည်ပင်းကြိုး အနက် တစ်ခု ခု မှာ ပြတ်ထွက် သွားရ၏ ။
နီချော မည်သို့ ကြိုးဖြတ်သည် ကို စတင် သိရှိသူမှာ မကျီးဒန် ဖြစ်သည် ။ နီချော ကြိုး ဖြတ် နိုင်ခြင်း ၏ ပင်မ ကို ရှာဖွေတွေ့ရှိသော အခါ၌ လည်ပင်းကြိုး ကို ကွင်း ကျယ်ကြီး ဖြစ်အောင် တပ်ဆင် ပေးကြပြန်၏ ။ သို့သော်လည်း ကြိုးဖြတ် မပျက် ။ နီချော ဖြတ်ချင် လျှင် ပြတ်မြဲ တိုင်း ပြတ်လျက် သာ ။ ကြိုးဖြတ်ပြီးလျှင် သံရောင် ကို သွား ဝှေ့သည် လည်း မဟုတ် ။ စပါးပုတ်တွေ ကို လှန်လှော ထိုးမွှေပစ်ခြင်းလည်း မရှိ ။ သွားချင်ရာ ထွက်သွားခြင်း လည်း မရှိ ။ နွားတင်းကုပ် ထဲ မှာ ပင် နီချော က အေးအေးလူလူ အိပ်စက် နေပေသည် ။
သို့ပေမဲ့ အဟိတ်တိရစ္ဆာန် ၏ စိတ် ကို လူ က သိနိုင်သည် မဟုတ် ။ ကိစ္စ က လည်း နံနက် စောစောတွင် ရှိ ၊ နီချော က လည်း ဖောက်ပြန်ပြီး ထင်ရာ မြင်ရာ လျှောက်သွားနေခိုက် နှင့် ကြုံပါမူ အလုပ် တွင် ကြန့်ကြာရပေတော့မည် ။ သို့မို့ကြောင့် နီချော ကြိုး မဖြတ် နိုင်အောင် လည်ပင်းကြိုး ကို ကျယ်ကျယ် ထားပါလျက် နှင့် ကြိုးပြတ် နေသည့် အခါများ ကို တွေ့ရပြန်သောအခါ ကိုဆေးရိုး မှာ မစဉ်းစား တတ် အောင် ဖြစ်နေရလေ၏ ။
လွန်ခဲ့သော လ က မှ နီချော ၏ ဉာဏ်ရည် ကို ကိုဆေးရိုး ကို သိလာရသည် ။
“ အဖေ နီချော ၊ ဖြတ်ပုံက အလွယ်လေးပဲဗျ ”
တစ်ခုသော နေ့တွင် ညအိပ်ညနေ လှည်း ဖြင့် သွားစရာ ရှိလို့မှ မသွားနိုင်လောက်အောင် သောင်းကျန်း နေသော နီချော အကြောင်း ကို စကားစပ်မိရာက ဘညိန်း က နီချော လုပ်ပုံကို ဖော် ထုတ်လေ၏ ။
“ တစ်နေ့ည တုန်းကပေါ့ ၊ ကျုပ် က လည်ရာပတ်ရာ ကအပြန် မှာ နွားစာ ထည့်ရအောင်လို့ ခေါင်းနား ကို အသာလေး ကပ်သွားတော့ ဒုတ် ... ဒုတ် နဲ့ အသံ ကြားရတယ် ၊ ဒါနဲ့ ဘာများပါလိမ့် မလဲလို့ အသာကလေး အိမ်ဘေးထွက်ပြီး ခြေဖျားထောက် သွားတော့ လား ... လား နီချော ကို ဗျ ၊ ကြိုး ဖြတ်နေတာ ”
“ နီချော ဟာ ဒါလောက် ဉာဏ်များတာ လူဝင်စားများ ဖြစ်နေမလား ”
ချောစိန် က မကျီးဒန် ကို လှမ်းမေးရော “ ဘယ်သိမလဲ မိန်းကလေး ရယ် ”
မကျီးဒန် က ချောစိန် ပြောတာ ကို စိတ်မဝင်စားဘဲ ဘသိန်း ကို ငေးကြည့်နေကာ -
“ ပြောပါဦး လူလေး ၊ နီချော ဘယ်လို လုပ်လဲ ”
“ မပြောတော့ပါဘူး အမေ ရာ ၊ အစ်မ က ဝင်ရှုပ်နေတာ ”
ကိုဆေးရိုး က မည်သို့မျှ မပြောဘဲ ပြုံးနေ၏ ။
“ ဒါ ရှုပ်တာလားဟ ၊ စကား စပ်မိလို့ ပြောတဲ့ဟာ ကို ”
ချောစိန် က ကက်ကက်လန်အောင် ရန်ထောင်လေသည် ။
“ ကဲပါဟယ် တော်ကြပါတော ”
မကျီးဒန် က ဝင်၍ ဖြန်ဖြေကာ -
“ ဟဲ့ ... လူကလေး က လည်း မင့် အဖေ သိအောင် ပြောပြမှပေါ့ ”
ဟု ဘညိန်း ဘက် လှည့်ပြီး ဖျောင်းဖျ လိုက်ရသည် ။
“ နီချော က ကြိုး တင်းသွားအောင် နောက်ဆုတ် ၊ နောက်ဆုတ်ပြီး မှ ကြိုး ကို သူ့ ချို မှာ ရစ်တာပဲ အမေရ ၊ ကြိုး က ချို မှာ သုံးလေးပတ် ပတ်နေတော့ ဘယ်မှာ နှာနု ကို ထိ ပါတော့မလဲ ။ အဲဒီမှာ ဆောင့် ဖြတ် လိုက်တာပဲဗျ ”
ဘညိန်း မှာ လူငယ် ပီပီ စိတ်မြန်၏ ။ စိတ်ကြီး၏ ။ စိတ် နှင့် မတွေ့လျှင် နွားတွေ ပေမဲ့ အကြောင်းမဲ့ ရိုက်တတ်၏ ။ နီချော ရောက်လာသော အခါတွင် ကား နီချော ကို တစ်ကြိမ်တည်း သာ ရိုက်မိသည် မှ အပ နောက်ထပ် မရိုက်တော့ပေ ။ လူ နှင့် နွား ဟူ၍သာ ကွဲပြား ကြ သော်လည်း စိတ် ချင်း က ညီ၏ ။ ထွန်သွား ထယ်သွား ကျိုးလျှင် သာ ကျိုးမည် ။ နီချော က မူ နောက် သို့ တွန့်သည့် အခါ မရှိ ။ လှည်း ဖြင့် ဝန်လေးပစ္စည်းများ တင်လျှင်လည်း နီချော တို့ ကို တွန့်မနေချေ ။ လူငယ်ပီပီ ဟုန်းဟုန်း ဒိုင်းဒိုင်းသမား ဘသိန်း နှင့် အဘယ်မှာ မသင့်မြတ်ဘဲ ရှိပါအံ့နည်း ။ ဘညိန်း က လည်း နီချော ကို ပွတ်သပ် ယုယပေးလေ့ ရှိသဖြင့် နီချော က ပြန်လည် ခင်မင်နေကြောင်း ကို မနှစ်က မှ မကျီးဒန် က မျက်ဝါးထင်ထင် သိရှိလိုက်ရ သည် ။
ထိုနေ့က ဘညိန်း မှာ နွားတင်းကုပ် ထဲ သို့ ဆောင့်အောင့် ဝင်သွား၏ ။
“ ဟင် ... ခွေးနွား ၊ အစာတွေကို မစားဘဲ မြေကြီးပေါ် ထိုး ချထားရသလားဟင် ”
ဘညိန်း ၏ အသံ ဆုံးလျှင် နွားရိုက်သံ က တဖျန်းဖျန်း နှင့် ထွက်ပေါ်လာကာ နွားတစ်ကောင် ကြောက်အား လန့်အား နှင့် လှည့်ပတ် ပြေးလွှားနေသံ လည်း တဝုန်းဝုန်း နှင့် ထွက်ပေါ်လာသည် ။
“ ငါ့ ကို မဲပြီး နွားတွေ ကို ရိုက် မနေနဲ့နော် ”
အိမ်ထဲမှ မကျီးဒန် က လှမ်းအော်၏ ။ ဘသိန်း ကား မကျီးဒန် ၏ တားမြစ်ချက်ကို မနာဖူး ။ သံရောင်ကြီး ကို မဲပြီး ရိုက်နေ၏ ။ ခဏကြာလျှင် “ ကဲ ...ငါလာပြီဟေ့ ” ဟူသော အသံ နှင့် အတူ မကျီးဒန် က နွားတင်းကုပ် ထဲ သို့ ရောက်လာလေသည် ။
“ ကဲ ... ရိုက်ဦးဟ ၊ ရိုက်ဦးဟ ။ နွား ကို မအေ အမှတ် နဲ့ မဲပြီး ရိုက်လိုက်ဦး ”
“ ကြောက်ပါပြီ အမေ ရ ။ ကြောက်ပါပြီ ၊ နောက် မလုပ်တော့ပါဘူး ”
မကျီးဒန် က ဘညိန်း ၏ လုံချည် ကို ဆွဲပြီး ဘညိန်း ၏ လက် ထဲ မှ နှင်တံ ဖြင့် ဘညိန်း အား ရိုက်နေစဉ် ၊ ဘညိန်း က မကျီးဒန် ကို လှည့်ပတ်ပြေးနေ ၊ မကျီးဒန် က ဘညိန်း ရှေ့သွားရာဘက် သို့ လိုက်လှည့်ပြီး ပါးစပ် က ပြောလိုက် လက် က ရိုက်လိုက် ဖြင့် ...
“ မအေ ကို ဘာမှတ်လဲဟင် ၊ နွား မှတ်သလား ”
“ မမှတ်ပါဘူးဗျ ၊ ကြောက်ပါပြီ အမေ ရ ”
“ နောက် ဆောင့်ဦးမလား ”
“ မဆောင့်ပါဘူးဗျ ”
“ နွားတွေ ကို ကော မညှာမတာ ၊ အောင်မယ်လေးတော့် ”
မကျီးဒန် မှာ တစ်ချက်သာအော်နိုင်ပြီး မြေပြင်ပေါ်သို့ ဝမ်းလျားထိုး ကျသွားလေ၏ ။ ဘညိန်း မှာလည်း ပထမ တွင် အံ့အားသင့် နေပြီးမှ မော့ ကြည့် လိုက်သည် တွင် ပထမ တစ်ချက် ဝှေ့ ရရုံ နှင့် အားမရသေးဘဲ နောက် တစ်ကြိမ် ဝှေ့ရန် အားယူ ခေါင်းစိုက် လာသော နီချော ကို မြင် လိုက်ရသည် ။
“ ဟဲ့ ... နီချော ၊ ဟဲ့ ... တယ် ဒီကောင် ဟာ ”
နီချော မှာ ဘညိန်း က ထပြီး ကြိမ်းမောင်း ဟန့်တား တော့ မှ တရှူးရှူးတရှဲရှဲ ဖြင့် နောက် သို့ ဆုတ် သွားသည် ။
••• ••• ••• •••
ထိုစဉ်က ရှေ့မှာ သာ မဲပြီး သားငယ် ကို ဆိုဆုံးမ နေစဉ်တွင် မည်သို့မျှ မျှော်လင့် ထင်မှတ် စရာ မရှိသည့် နီချော ၏ ဦးချိုဒဏ်ချက် ကို မကျီးဒန် မှာ သုံးလေးရက် ခန့် ရင်ဘတ် အောင့်အောင့် ခံစားခဲ့ပေမဲ့ စိတ်ဆိုးနိုင်ခြင်း မရှိခဲ့ ။ လူ ဆန်သော နွား မို့ တိုး၍ ချစ်ခဲ့ရသည် ။
မကျီးဒန် တို့ ထံ နီချော ရောက်ပြီး သုံးနှစ် အကြာတွင် သံရောင်ကြီးမှာ နီချော ထံမှ နည်းနိဿယများ ကို ယူ ၍ ကြိုး ဖြတ် တတ်လာသည် ။ ကြိုး ဖြတ် ပြီးလျှင် နီချော လိုကား ငြိမ်ငြိမ် မနေ ၊ စပါးပုတ် အဖုံး ကို လှန်ပြီး စပါးတွေ နင့် နေအောင် စားပစ်လိုက်ကာ နွားတင်းကုပ် ဘေး ရှိ ရေ အိုး သုံးလုံး ထဲ မှ ရေတွေ ကို ကုန်အောင် သောက်ပစ် လိုက်၏ ။ နံနက်လင်းသော အခါတွင် သံရောင် တစ်ကောင် ဗိုက်ကြီး ကား လျက် သေဆုံး နေလေပြီ ။ သံရောင် သေရခြင်း မှာ စပါး နှင့် ရေ ဗိုက် ထဲ တွင် တွေ့ဆုံကာ ပွ ထ သည် တွင် ဗိုက် မခံနိုင်ဘဲ အသက် ပျောက် သွားရခြင်းပင် ဖြစ်၏ ။
သံရောင် သေဆုံးရခြင်းအတွက် မကျီးဒန် က ဖြေနိုင်သည် ။ ဖြေ လည်း ဖြေခဲ့သည် ။ နီချော အတွက် ကား အိုမင်းမစွမ်းသော နွားအိုကြီး ပေမဲ့ နှမြော၍ မဆုံး ။ သနား တသ၍ မဆုံးနိုင်ပေ ။
နီချော ကို ယခုလို နွားသ,တ်သမား လက် သို့ ရောင်းချ ပစ်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ ။ သည်လို ရောင်းချ ပစ်ရမည့် အခြေအနေ သို့ ရောက်ရလိမ့်မည် ဟု လည်း မထင်မှတ်ခဲ့မိသောကြောင့် မကျီးဒန် မှာ မျက်ရည်တွေတွေ ကျခဲ့ရသည် ။
မကျီးဒန် က ကိုဆေးရိုး ကို သာ အဓိက တရားခံ အဖြစ် အပြစ် ဖို့မိ၏ ။ သူ မစူးမစမ်းဘဲ အခြောက် ပျိုးထောင်ခဲ့ သဖြင့် စိုက်ချိန်တွင် မျိုး မရှိ ဖြစ်ရသည် ။ မျိုး မရှိသောကြောင့် တောတွင်း သို့ မျှောပျိုး သွားဝယ်ရသည် ။ တစ်နေ့လုံး ရေစိမ်ပြီး ပျိုး မျှော ရသည့် အတွက် ဘညိန်း ဖျားနာ ရသည် ။ ဒါကြောင့်ပင် ကိုဆေးရိုး ကိုယ်တိုင် လှည်းမှောက်ပြီး လက်ကျိုး သည် တွင် လူမမာ နှစ်ယောက် အတွက် စရိတ် ၊ ဒီ နှစ်ယောက် နေရာတွင် အစား ထိုးငှားရန် ကူလီစရိတ် ကြေးငွေ မရှိ ဟူသော အကျပ်အတည်းနှင့် ဘယ်မှာမှ ဆွဲယူချေးငှား မရသော ဒုက္ခဆိုး တွင် ညှပ်ပိတ် ဖိစီး လာရကား ကိုဆေးရိုး မှာ မျက်စိ မှိတ်ပြီး နီချော ကို ရောင်း လိုက်ရလေ၏ ။
••• ••• ••• •••
မိုး နှင့် လေ တို့ ငြိမ်သက်သွားလေသည် ။ တစ်လောကလုံး မှာ အသက်မဲ့ နေဘိ သကဲ့သို့ ကြောက်မက်ဖွယ် တိတ်ဆိတ် လှ၏ ။ မှောင်နှင့်မည်းမည်း အောက်ဝယ် မကျီးဒန် ၏ ရှိုက်သံ က ပေါ်လာသည် ။ နွားသတ်သမား ဆွဲခေါ်ရာ သို့ ကန့်လန့်ကန့်လန့် နှင့် လိုက်ပါသွားသော နီချော ကို တရေးရေး မြင်လာ၏ ။ ပါးပြင် ပေါ် သို့ မျက်ရည်ပူကြီးများ စီးကျ လာ၏ ။
နွားသ,တ်သမား နောက် သို့ ခေါင်းကြီး ငုံ့လျက် လိုက်ပါသွားရာ က ၊ နွားသ,တ်သမား ကို နောက်မှ ပင့်ကြုံး ဝှေ့ ထည့်ပြီး ပြန်ပြေး လာကာ ကိုဆေးရိုး ၏ လက်မောင်း ကို ခေါင်း နှင့် ကပ်လျက် မျက်ရည်တွေတွေ စီးကျလာသော နီချော ၏ အသွင် ကို ဆက်လက် မြင်ထင် လာသောအခါတွင် ကား မကျီးဒန် မှာ မျက်နှာ ကို ခေါင်းအုံး ထဲ သို့ နှစ်မြှုပ် ပစ်လိုက်ရလေ၏ ။
“ အဟမ်း ”
တိတ်ဆိတ်ခြင်း ကို ပီပီသသ ဖြိုခွဲ ထွက်ပေါ်လာသည့် ဘညိန်း ၏ ချောင်းဟန့် သံကြောင့် မကျီးဒန် မှာ ကြက်သီး ထသွား လေသည် ။ အတန်ကြာမှ အသံ ပြု လိုက်မိသည် ။
“ လူလေး အိပ်မပျော်သေးဘူးလား ”
“ ဟုတ်တယ် အမေ ”
ဘညိန်း ၏ အဖြေ မှာ မပီသ ၊ မကြည်မြ ငိုသံ အက်အက် ဖုံးလျက် နေသည် ။
◾ဆင်ဖြူကျွန်းအောင်သိန်း
( ၁၉၅၉ )
📖 နှစ်ဆယ်ရာစု မြန်မာဝတ္ထုတိုများ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment