❝ နဖူးစာ ❞
“ ယောင်ရွှေရစ်ကဲ့ ၊ ရစ်ရွှေယောင်
မာမလောင်တဲ့ ၊ မောင်မလာ
ပျို့ ရွှေနဖာစူး ၊ မောင့်ရွှေနဖူးစာ ”
ယက်ကန်းသည် သီချင်းဟောင်း
အချစ်ဦး ကို မမေ့စကောင်း ။ ငယ် က ချစ် အနှစ် တစ်ရာ မမေ့သာ ။ မည်မျှပင် အရုပ် ဆိုးဆိုး ၊ မည်မျှပင် သဘော ပုပ်ပုပ် ၊ မည်မျှပင် အကျင့် တန်တန် အချစ်ဦး မှန် လာလျှင် နောင်မှ အကြောင်း မသင့်၍ ခွဲခွာတန် က ခွဲခွာကြရမည် ။ မေ့ဖို့ မူကား မဖြစ်နိုင် ။ ဇရာ ထောင်း ၍ ဖွတ်ဖွတ် ကြေလျက် ရှိစေကာ မူ ငယ်ချစ် ၏ အရိပ်အယောင် တို့ မှာ ကာလတည်း ဟူသော မြူမှုန်တွေ အကြား မှ ဝိုးတိုးဝါးတား ပေါ်ထွက် လာတတ် ချေသေးသည် ။
ကိုဒေါင်း မှာ အသက် ၄၀ ကျော် လုပြီ ။ အဘိုးကြီး သူငယ်ပြန် တို့ ပင် အချစ်ဦး ကို မမေ့တန် ကောင်း လျှင် စိတ်ပျို ကိုယ်နုသော ကိုဒေါင်း မှာ အဘယ်လျှင် ဆိုဖွယ်ရာ ရှိတော့အံ့ နည်း ။ စကား အလျဉ်းသင့်တိုင်း “ ငါ ဆယ့်လေး ငါး ခြောက်နှစ် လောက် တုန်း က ” ဟူသော စကားဖြင့် ပဏာမ ခံ ပြီးလျှင် ငယ်ချစ် ၏ အတိတ် ကို ဆောင်လေ့ ရှိသည် ။ တစ်ကြိမ် နှင့် တစ်ကြိမ် ပြောဆို သုံးနှုန်းသော စကား အသွားအလာ တို့ မှာ ကွဲပြား ခြားနားခြင်း မရှိ ။ မည်းပြာပုဆိုး ပမာ သာ လျှင် ဖြစ်သည် ။ သို့နှင့်မူ အရင် တစ်ကြိမ် က ပြောခဲ့သော ကရုဏာသံ နှင့် နောက် တစ်ကြိမ် စားမြုံ့ ပြန်သော ကရုဏာသံ တို့ မှာ အဘိဓမ္မာနည်း ပရမတ် သဘော အရ အတူတူ ဟူ၍ပင် ဆိုရငြား သော်လည်း ကျွန်တော့် သဘော အရ မှာ အသစ် အသစ် ဟူ၍ သာ အောက်မေ့ ရပါသည် ။ ထို့ကြောင့် ပြောပြီးသားပေပဲ ဟု နားထောင် မကောင်း မရှိလှပါ ။
ဤ ညကား လကွယ် ည တည်း ။ ပြာနှမ်းသော ကောင်းကင် တွင် ဖြူစင်သော ကြယ်ပြောက် တို့ မှာ မြ ၏ အလယ် တွင် စိန် ခြယ်သည့် နှယ် လဲ့လဲ့ဝင်းသော မိုးကုပ်စက်ဝိုင်း ၏ အောက် တွင် လက်လက်ဖြာ နေသော ရွေးမြစ် ၏ ရေမျက်နှာပြင် တို့မှာ ကြယ်ရောင် ဟပ် သဖြင့် တလျှပ်လျှပ် နေသည် ။ မှောင်မိုက်သော ည ဟု ဆိုရစေကာမူ မြစ်ကြော တစ်လျှောက် မှာ ထင်းထင်းလင်းလင်း သင်ဖြူးခင်း လျက် ရှိသည် ။ ဖွေးဖွေးရိုက်သော လှိုင်းဂယက်ငယ် တို့ မှာ ဆားငန်ရည် သတ္တိ ဖြင့် မီးပန်း ထ နေလေရကား လွမ်းစ ရှိသူတို့ ၏ စိတ်ဓာတ် ကို ဖိုးရွှေလမင်းကြီး ၏ ကိုယ်စား ဖော်ဆွကာ ပေး သကဲ့သို့ ရှိလှ၏ ။
စပါး သုံးရာ ပါ သမ္ဗန်ကြီး သည် ကမ်းနံပါး တံတားရင်း တွင် လေးဖက်လေးတန် ချည် လျက် ရှိသည် ။ သမ္ဗန်ဦး အဖုံး ပေါ် တွင် ကျွန်ုပ်တို့ နှစ်ဦးသား ဆေးပေါ့လိပ် ၏ အရသာ ကို ခံစားရင်း စကား မပြောနိုင် ကြဘဲ တစ်ကိုယ် လျှင် အတွေး တစ်ခု စီ နှင့် လောကတည်း ဟူသော မဟာသမုဒ္ဒရာကြီး ကို လက်ပစ်ကွန် မျှ မရှိသော ဉာဏ်ကွန်ရက်ငယ် ဖြင့် ဖြန့်၍ အုပ်ကြ၏ ။ လောက ၏ သဘော ကို မည်သူမျှ မပေါက်မိကြ ။ လောက ၏ အလို ဆွဲငင်ရာ ကို သာလျှင် လိုက်ပါကြရပါသည် ။ အဘယ်သို့ ဆွဲငင်ပါသနည်း ။ အလွမ်းဘက် သို့ ဟု ဝန်ခံ ပါသည် ။ သမွန်ကြီး သည် လှိုင်းဂယက်ကလေးတွေ ကို အငြိမ့် စီးရင်း တအိအိ ရှိ၏ ။ အဆုံး မရှိသော စကြဝဠာ တွင် အစ မထင်သော စိတ် တို့ သည်လည်း ထို သမ္ဗန်ကြီး ကဲ့သို့ပင် လှိုင်းကလေးတွေ ကို အငြိမ့် စီးကာ တအိအိ နှင့် လွင့်ပါး လျက် ရှိစဉ် တဟူးဟူး တိုက်ခတ်သော တောင် လေသည် ထို လွင့်ပါးသော စိတ် တို့ ကို ဆောက်တည်ရာ မရနိုင် လောက်အောင် ပင့်ဆောင် ၍ သွားပြန် လေသည် ။
ထိုအတွင်း အသံကွဲ တစ်ခု သည် ဆိတ်ငြိမ်ခြင်း ကို တုန်လှုပ် ချောက်ချား လိုက်လေ သတည်း ။
ထို အသံ ကား “ အစိမ်း သက်သက်တော့ အင်မတန် ခက် တယ်ကွ ” ဟူသော မဆီမဆိုင် လက်ပံသား ကို ဓား နှင့် ချိုင် လိုက်သော ကိုဒေါင်း ၏ အသံ တည်း ။
လွင့်ပါး နေသော စိတ်များ ၏ ရေလျဉ် စီးခြင်း အရသာ ထူး ကို ခံစား နေသော အကျွန်ုပ် မှာ စည်းစိမ် အတော် ပျက် သွားလေ ရကား “ ဘယ့်နှယ် ... ” ဟူ၍ လွှတ်ခနဲ ထွက်သွား ပြီးမှ အလိုက်သိစွာ မြုံ ၍ နေ လိုက်၏ ။
လောကကြီး သည် ဆိတ်ငြိမ် ၍ သွားပြန်၏ ။ သမ္ဗန်ဦး ဆီ မှ ကိုဒေါင်း ၏ ဆေးလိပ်မီး သည် ဝင်း ပြီး လျှင် မှိန် ၍ သွား ပြန်၏ ။ မှိန် သည် နှင့် တစ်ပြိုင်နက် “ ငါ ဆယ့်လေး ငါး ခြောက် နှစ် လောက် တုန်းက ” ဟူသော နိဒါန်း ပျိုးသံ သည် တောင်လေ ဝှေ့ယမ်းခြင်း ကို ခံပြီး သကာလ ကျွန်ုပ် ၏ နားဝ သို့ ဝင်လေ၏ ။
မိမိ အဖို့ ၌ ထို စကားပလ္လင် သည် မည်သည့် နေရာ တွင် နိဂုံး ချုပ်မည် ကို သိပြီး ဖြစ်၏ ။ တစ်ဆယ့် လေးငါးခြောက်နှစ် လောက် တုန်း က မောင်ဒေါင်း သည် တရှုပ်ရှုပ် နှပ်သုတ်သော ကလေးကျင့် ပျောက်ခါစ လုံချည်ကွင်းသိုင်း ပြုတ်၍ လုံချည် မြဲ ခါစ မျှသာ ။ ဆရာမ ဒေါ်ရွှေငုတ် ၏ ကျောင်းတွင် “ ကောင်ကလေး ” ဟူသော ဘွဲ့ထူးသညာ ဖြင့် အချစ်တော် အရာ ၌ ခစားမြဲမြံ ခဲ့ရလေသည် ။ မင်္ဂလသုတ် ၊ ပရိတ်ကြီး ၊ အပြင် အောင်ခြင်း ၊ အတွင်းအောင်ခြင်း ၊ နမက္ကာရပါဌ်အနက် တို့ကို ထုံးလိုချေ ရေလို မနှောက် နိုင် သော်လည်း ဆရာ့ ရှေ့တွင် ကြက်တူရွေး စကား ပြော သလို အလွတ် ဆို၍ ပြနိုင် ကောင်းရုံ စာသင် နေသော ကျောင်းသား တစ်ယောက် ပင် ။
မောင်ဒေါင်း စာသင်လျက် ရှိသော အချိန် တွင် ကျောင်း ၏ ခေါင်းရင်း ၌ ကိုစူးဝါး တရုတ်ဆိုင် တစ်ဆိုင် ရှိသည် ။ ထို ကိုစူးဝါး ၏ မယား ၌ ကား သွေး မစပ် သူ မချော ဟု ခေါ်သော သူငယ်မ တစ်ယောက် ရှိ၏ ။ ထို မချော ကား ကျုံမငေး မှ ကိုစူးဝါး နှင့် မျက်နှာ နာသူ တစ်ဦး ၏ သမီး တည်း ။ အသက် နှစ်ဆယ် သီသီ ကလေး ရှိ၏ ။
ထို သူငယ်မ သည် ကား မောင်ဒေါင်း အား လူတို့ ကြုံတွေ့ရအံ့သော လောက ၏ အကြောင်းကို သင်ကြား ပေး ပေသော လက်ဦးဆရာ လျှင် ဖြစ်လတ္တံ့ သတည်း ။
တစ်ဆယ့်ခြောက်နှစ် မျှ တင်းတင်း မပြည့်သေးသော မောင်ဒေါင်း သည် တစ်နေ့သော် ထို သူငယ်မ နှင့် တွေ့၏ ။ တွေ့ပုံ ကား ပြန် ပြောသူ ကိုဒေါင်း အဖို့ သူ လို ငါ လို ပင်တည်း ။
ထို့ကြောင့် ကျွန်ုပ်တို့ သည် သူငယ် သူငယ်မ တို့ ဆုံတွေ့ ကြိုက်ချစ်ကြပုံ ကို ကရွတ်ကင်း လျှောက် စေ့င ရန် လိုတော့မည် မထင် ။ အချစ် ၏ အရသာ ချိုသည် ခါးသည်မျှ မသိရ သေးသော လူပျို ပေါက်စကလေး မှာ အစိမ်းသက်သက် မို့ ငိုချင်ရာ လက်တို့ ဆိုဘိသို့ ဖြစ်ရှာ ပေမည် ။ တစ်ရွာတစ်ကျေး မှ ပြောင်း လာခါစ နေရာသစ် တွင် မပျော်ပိုက် နိုင်သေးသော သူငယ်မ မှာ လည်း
ကျွန်းပင်ကြီး ကို မမှီရ ငြားသော်လည်း ကိုင်းပင် မျှ ကို ပင် မတတ်သာ တတ်သာ မှီရ ချေတော့မည် ဟု နှလုံး ပိုက် မိဟန် တူသည် ။
မောင်ဒေါင်း မှာ ငယ် ကလည်း ငယ် သေး ၊ ရိုး လည်း ရိုး လွန်း ၊ ကာလ ၏ အလို အ သည် ဟု လည်း ဆို စလောက်ပင် ။ မချော မှာ အသက် မငယ်တော့ပြီ ။ အတွေ့ မရှိ သေးသော်လည်း အကြား နှင့် အမြင် ရှိချေပြီ ။ ကာလဉာဏ် လည်း မီချေပြီ ။ သို့ပါ၍ ၎င်းတို့ နှစ်ဦး ဆုံကြပြီး ကာလ မကြာမြင့် မီ “ မောင်ဒေါင်း မိန်းမ ခိုးပြီ ” ဟူသော သတင်း ပေါ်ပေါက် လာ လေသော် မည်သူ ၏ အစွမ်း ကြောင့်လဲ ဟု ဝေခွဲရန် ခဲယဉ်းတော့မည် မဟုတ်ပေ ။
“ မိန်းမ ခိုးတော့ နံနက် စောစော မှုန်တိမှုန်မွှား ဝေလီဝေလင်းကလေး ပေါ့ ကွာ ။ သူ မှာ သလို လုပ် ရတာ ကိုး ။ သူ က အထုပ်အပိုး ပိုက်ပြီး မယောင်မလည် နဲ့ ကွင်းတန်း က စောင့် ၊ ငါ က
ကျောင်း စောစောကြီး တက် သလို ဘာလို နဲ့ ကွင်းတန်းဘက် ကို လှည့် သွား ၊ သူ နဲ့ တွေ့ ၊ နှစ်ယောက်သား သုသာန် ဘက် ကို သုတ်ကြတာပေါ့ ။ ချိန်တုန်း က တော့ ညောင်လိမ် ဘက် ပြေးမလို့ ချိန် တာပါပဲ ။ သင်္ချိုင်း ရောက် တော့ မလင်းတလင်းကလေး မို့ သာလာယံဇရပ် မြင် လိုက်တယ် ဆိုပဲ ကြောက် လာတာပဲ ။ ငါ ကြောက်မှန်း သိတော့ သူ က စိမ့် လာ တာပေါ့ ၊ ဒါနဲ့ပဲ သူ က ဟင့်အင်း ဟို ကို မသွားတော့ဘူး ၊ ရှင့် ဦးလေး အိမ် ကို လိုက်မယ် ဖြစ် ပြန်တာကိုး ...” ဟူသော စကားစဉ် တို့ ကား ကိုဒေါင်း ၏ ပါးစပ် မှ လေးလေးတွဲ့တွဲ ဖင့်ဖင့်နွဲ့နွဲ့ ဆိုင်းဆိုင်းတွတွ တစ်လုံး စီ တစ်ပါဒ စီ ထွက်၍ လာသော စကားသံများ ပင် တည်း ။
ထို စကားသံများ မှာ လေရှိန် ယူရန်ပေလား မသိ ၊ ခဏတာ မျှ ရပ်စဲ သွား လေသည် ။ ထို ခဏတာကလေး ကို မိမိ စိတ် ၌ အကြာကြီး ပဲ ဟု ထင် လိုက်မိ၏ ။ ထို အကြာကြီး ဟူသော အတောအတွင်း တွင် နံနက် မှုန်ရီရီဝယ် မောင်ဒေါင်း တို့ မောင်နှံ စုံ သာလာယံ ဇရပ် နား မှာ ကြောက်ဆုတ် ကြောက်ဆုတ် နှင့် ကြည့်တိ ကြောင်တောင် ဖြစ်၍ အားနွဲ့နေကြရှာပုံ ကို အာရုံ စောမိပါသည် ။
ရှဲခနဲ မြည်၍ ဝင်းခနဲ အရောင် ဖြာပြီး လျှင် ကိုဒေါင်း ၏ ပါးစောင် တွင် ခဲ ထားသော ဣစ္ဆိတံ မြမြ ဆေးလိပ် သည် မီးညှိ သွားပြီး နောက် “ ဒါနဲ့ ငါ သူ့ ကို ဦးလေး အိမ် ခေါ် သွား ရတာပေါ့ ” ဟု ကိုဒေါင်း သည် မီး အရှိန် ရအောင် ဆေးလိပ် ကို ခပ် ဆတ်ဆတ် ဖွာရင်း ဆက်လက် ပြောပြန် လေ၏ ။
မောင်ဒေါင်း တို့ နှစ်ဦးသား အိမ် ရောက်ကြသော် အံ့သြသော ဦးလေး မှာ “ မင်း က လားကွယ် ငယ်ငယ်ရွယ်ရွယ် နဲ့ မိန်းမ ခိုးရတာ ” ဟု ရင်တီးကာ ဆီး၍ မြည်၏ ။ အပြစ်တော် တင်၏ ။ ကြင်နာမိသော အဒေါ် မှာ တူမလောင်း ကို “ မိန်းကလေး လာ ... လာ ” ဟု ယုယစွာ ခေါ်၏ ။ တူမလောင်း အပေါ် တွင် အချစ်တော် ဝင် လိုက်၏ ။
မိန်းမ ခိုးသူ တို့ ၏ ထုံးတမ်းစဉ်လာ နည်းနာနိဿယ နယုပဒေသ တို့ ကို နားမလည် ရှာသော မောင်ဒေါင်း ကား ခြေ မကိုင်မိ လက် မကိုင်မိ မျက်နှာ မထားတတ် ရှိုးတိုးရှန့်တန့် နှင့် ပျားလောင် ခတ်၍ ဂဏှာမငြိမ် ဖြစ် ရရှာသည် ။ အတန် ကြာသော် ဟာ နေသော ဝမ်း ကို လက်ဖြင့် ထွေး ၍ “ ဆာတယ် ၊ မုန့်သွား ဝယ်ချေဦး မယ် ” ဟု မယားလောင်း အား ပန်ကြား ပြီး သော် အိမ် မှ ထွက်ခဲ့ လေ သတည်း ။
“ အဲသည်တုန်း က ကွာ ကျောင်း နား ကို ဘာ ဖြစ်လို့ ရောက် သွားတယ် မသိဘူး ။ ကျောင်းနား မှာ ရစ်ရစ် နေတာ ကို ဆရာမ မြင် လိုက်တယ် ဆိုရင်ပဲ ဟိုကောင်ကလေး ကျောင်း တက်ပြီ ။ နင် စာ မအံတော့ဘူး လား လို့ ငေါက် လည်း ငေါက် လိုက်ကရော ငါ လည်း ကျောင်း ပေါ် ကို ဘယ့်နှယ် ဘယ့်နှယ် ရောက် သွားသလဲ မဆိုနိုင်ပါဘူးကွာ ” ဟု ပုစ္ဆာ တစ်ခုလုံး လုပ်ခဲ့ပြီး မှ ဂဏန်းပေါင်း မှား သည်ကို သိ ရသော ကျောင်းသားငယ် ၏ မကျေမချမ်းခြင်း ဖြင့် ပြောပြကာ တောက် ခေါက်လေ၏ ။
မောင်ဒေါင်း သည် ဤသို့ စာအံ နေစဉ် ကိုစူးဝါး ကျောင်း ရှေ့ ၌ ခေါက်တုံ့ ခေါက်ပြန် ပျာလောင် ရိုက်နေသည် ကို မြင်၏ ။ အကြောင်းကို သိ၍ ဣန္ဒြေ မပျက် နေ၏ ။ ကိုစူးဝါး မှာ သူငယ် သူငယ်မ တို့ ၏ အကြောင်း ကို ရှေးမဆွ က ပင် လျှင် ရိပ်မိပြီး ဖြစ်ရကား “ ဧကန္တ မောင်ဒေါင်း ကလေးပဲ ” ဟု တပ်အပ် စွဲ လို၏ ။ သို့သော် “ ဘယ့်နှာပါလိမ့် ၊ ကောင်ကလေး လည်း စာအံ လျက် ပင် ၊ သူခိုး ကို မိ သော်လည်း ခိုးရာပါ ပစ္စည်း ကို မတွေ့ ၊ အတွေးရ ကျပ် ပါဘိ ၊ စိတ် အိုက် လိုက်ပါဘိ ” ဤသို့ စဉ်းစားရင်း ခေါင်းကုတ်ကာ အိမ်သို့ ပြန်၏ ။ မောင်ဒေါင်း ကား စာ အံ လျက်ပင် ။
ကိုစူးဝါး ဆိုင် သို့ ရောက် ပြန်လျှင် မောင်ဒေါင်း ၏ ဦးလေး ရောက် နေသည်ကို တွေ့ရ၏ ။ ဦးလေး လုပ်သူ ကား ကိုစူးဝါး တို့ နှင့် မျက်နှာ အလွန် နာ သူ တစ်ဦး ပင် ။ နောက်ဆုံး၌ ဖြစ်သော် ရှိ ၊ မဖြစ်သော် ရှိ ။ ကိုယ် အရင် သိလျက် နှင့် မပြောဘဲ ထား လျှင် မျက်နှာ ပူစရာ ။ ထို့ကြောင့် အကြောင်း ကို မထိမ်ဝှက်ဘဲ လာရောက် တိုင်ကြားရခြင်း ဖြစ်လေသည် ။ နှစ်ဦးသား တီးတိုး နှင့် ခေါင်းချင်း ရိုက် ပြီးသော် ဦးလေး ဖြစ်သူ ခပ်သုတ်သုတ် ပြန်၏ ။ တစ်အောင့်ကလေးမျှ မရှိခင် ကိုစူးဝါး က ခပ်သုတ်သုတ် လိုက်၏ ။ မောင်ဒေါင်း မမြင်မိ လိုက် ။ စာ အံ၍ ကောင်းတုန်း ပင် ။
ယခုအခါ ၌ မောင်ဒေါင်း ၏ ဦးလေး အိမ် တွင် ကိုစူးဝါး ရောက်နေ ချေပြီ ။ မချော ကို အတွင်သား ခေါ်လျက် ရှိ ချေပြီ ။ တစ်ခါ ဖြင့် ခက် ကြပြီ ။ ငါ့ မျက်နှာ ကို အိုးမည်း မသုတ်ပါနဲ့ ဆိုပါ ကလား ။ အားနာနာ နှင့် ကောင်မလေး ပြန် လိုက်သွားလိမ့် ထင့် ။ အို ... မဟုတ်သေးဘူး ... မဟုတ်သေးဘူး ။ ကျွန်မ ကို ဘယ်သူ ခေါ်ခေါ် မလိုက်ဘူး တဲ့ ။ ကျွန်မ ကို ကျွန်မ ယောက်ျား ကိုဒေါင်း ခေါ်လာတယ် ဆိုပဲ ။ သူ့ ကို ကြိုက် လို့ ကျွန်မ လိုက်လာတယ် လည်း ဆိုရဲ့ ။ အင်း .... အင်း တော်တော် သွက်တဲ့ ဟာမ ကလေးပဲ ။ သည်အတိုင်း သာ ဖြင့် မောင်ဒေါင်း မှာ ပူစရာ မရှိ ။ သင်းကလေး မလိုက် လျှင် သူတို့ ဘာမျှ မတတ်နိုင် ။
သို့ရာတွင် ဆိုစရာ တစ်ခု ရှိပါသေးသည် ။
ကံ ဆိုသည်မှာ ဆန်း လည်း ဆန်း ၊ ကြယ် လည်း ကြယ် ၊ လူ့ ကံ ... လူ့ကံ .. လူ့ကံ ဟု
သုံးခွန်း တိတိ မြည်လိုက် လျှင်ပင် တရုတ်စကား ဖြစ် တတ်သည် ။ ဪ .. ဆန်းကြယ်လှလေစွ ။ အိပ်ရာ ထ မုန့် ဆာတုန်း မုန့်သည် လာသည် လည်း ကံ ၊ မုန့် စားတုန်း ပါးစပ် အဟ ကျီး ထိုး ခံရသည် လည်း ကံ ၊ ဤသို့လျှင် ကံ ဆိုသည်မှာ “ မတော်တဆ ” ဟူသော ကာလသုံး စကား ကို ပိုမို လေးနက် စေရန် လောကကြီး ကို ပြုပြင် ဖန်တီး နေသော အရာ ဖြစ်သည် ။ ဒိဋ္ဌိအယူ ၌ ကံ ဆိုသည် မှာ ဘုရား ပင် ။ လက်မတင်ကလေး အလို မှာ တစ်စုံတစ်ခု “ မတော်တဆ ” ဖြစ်လိုက်သည် ပင် လျှင် ဘုရား ၏ အလိုပဲ ဟု ယူဆ လိုက်ရသည် ။ ထို မတော်တဆ ဖြစ်လိုက်ခြင်း ကို “ ကံအားလျော်စွာ ” ဖြစ်သည် ဟု ခေါ်ဆို ရ လေသည် ။ ထို့ကြောင့် “
မတော်တဆ ” ဟူသည် လည်းကောင်း ၊ “ ကံ ” ဟူသည် လည်းကောင်း “ ကမ္ဘာ ကို ဖန်ဆင်းသော ဘုရား ” ဟူသည် လည်းကောင်း အကြမ်းအားဖြင့် ပြောရ လျှင် ကု,လားနှင့် အရာကြီး အတူတူပင် ဖြစ်သကဲ့သို့ ရှိချေသည် ။ မောင်ဒေါင်း ၏ နဖူးစာ မှာ လည်း ထို “ မတော်တဆ ” များ၏ ဖန်တီးချက် နှင့် မကင်းနိုင် ။ ကံ ပြုပြင်ရာ ခံ ရပေမည် ။ သို့ဖြစ်၍ ၎င်း၏ နဖူးစာမင်ရည် ကျဲသည် ပျစ်သည် ဤ နှစ်လီ ကို အတည်တကျ မဆိုနိုင်သေး ။ စောင့်၍ ကြည့်ရှုကြ စမ်းပါဦး ။ အချက် ထဲ ကျ မှ မချော ကို ကိုစူးဝါး ၏ မိန်းမ က ဖြစ်သမျှ အကြောင်း ကို နာရီမဆိုင်း မိနစ် မဆိုင်း ဇာတ်ရင်း လှန်ရလေသည် ။ ရောက်ခါစ ဧည့်သည် တို့ မှာ ထိပ်မြွေကိုက် ဖြစ်၍ နေစဉ် ဖဲရှုံးသော ယောက်ျား ၏ မသာယာသော မျက်နှာဖြင့် ကိုစူးဝါး ပြန်လာသည် နှင့် အဆင်သင့် ၍ ကိုစူးဝါး အား လာရင်းလမ်း သို့ ပြန်လှည့် စေပြီးသော် မချော ရှိရာသို့ ဇောင့်ဇောင့် နှင့် အားသွန် ၍ လိုက်ကြလေ သတည်း ။
မချော ကား ငြင်းဆန် လျက်ပင် ။
“ အစ်မကြီး ရယ် ၊ အစ်မကြီးတို့ လည်း ပျို ရာ က အို ခဲ့ကြပါပြီ ၊ ကိုယ်ချင်း စာပါဦး ၊ သူ့ ကို
ကြိုက် လွန်းလို့ လိုက် ခဲ့ရတာပါ ။ ကျုံမငေး ကို ကျွန်မ ပြန် မလိုက်ပါစေနဲ့ ” ဟု တောင်းပန် ရိုကျိုးသော ရူပါရုံ ၊ သနားစဖွယ်သော သဒ္ဒါရုံ တို့ဖြင့် လက်စုံ မိုး၍ ရှိခိုးကာ အသနား ခံလေ၏ ။ ထိုအခါ အစ်မတော် က “ နင် က လားဟယ် ငါတို့ ကို ကိုယ်ချင်းစာပါလေ့ ဘာလေ့ နဲ့ ” ဟု အံကြိတ် ပြီး လျှင် “ ဟင် ... ဖိနပ်စာမ ” ဟု ဆို၍ ခြေဖြင့် ကန်၏ ။ ဖနောင့် နှင့် ပေါက်၏ ။ ပေါင်တွင်းကြော လိမ်၏ ။ “ မှတ်ကရော့ဟဲ့ ” ဟု နှုတ်ခွန်းတော် ချွေ ပြီး လျှင် ပါး ကို ဖိနပ်စာ ကျွေး၏ ။ “ လာ လိုက်ခဲ့ ” ဟု တရကြမ်း ဆွဲခေါ်လေ၏ ။ မောင်ဒေါင်း ၏ ဦးလေး နှင့် အဒေါ် တို့ မှာ မချော ကို တရွတ် ဆွဲ သဖြင့် ကျန်ရစ်သော လမ်းကြောင်းကလေး ကို ပါးစပ် အဟောင်းသား နှင့် ဝမ်းနည်းပက်လက် ကြည့် လျက်သာ နေကြရ ကုန်၏ ။ ဘာကိုမျှ မတတ်နိုင် ။ မချော ၏ အစ်မ နှင့် ခဲအို တို့ကား မချော ကို အပါ ခေါ်၍ နေရပ်သို့ ချက်ချင်းပင် သုတ်ခြေ တင်ကြလေ သတည်း ။
မောင်ဒေါင်း ကား စာ ကို ကုန်း၍ အံဆဲပင် ။ စာ ထဲ သို့ ကား စိတ် မရောက် ။ မချော ကို သတိရခြင်း နှင့် ဆရာ ကို ကြောက်ရခြင်း တို့ မှာ မောင်ဒေါင်း ၏ နှလုံးသား ထဲ တွင် နပန်း သတ် ၍ နေကြကုန်၏ ။ လက်ဝှေ့ထိုး ၍ နေကြကုန်၏ ။ ချစ်စိတ် မှာ ကြောက်စိတ် အောက် တွင် ပိ၍ ပြား၍ နေ၏ ။ တစ်ခါ တစ်ခါ မောင်ဒေါင်း သည် ချစ်စိတ် ၏ လှုံ့ဆော် အားပေးခြင်း ဖြင့် ဇွတ် နှစ်မည် ကြံ၏ ။ ဤသို့ ကြံမိတိုင်း ကြံမိတိုင်း ကျက်သရေ ရှိငြား သော်လည်း တင်းမာ ခက်တရော်လှသော ဆရာမ ၏ မျက်နှာ နှင့် ငါးထောင်ခန့် ရှည်သော ထားဝယ်ကြိမ် တို့ ကို ပြေး ၍ မြင်၏ ။ မြင်တိုင်း မြင်တိုင်း လန့်၍ ၊ ဖျပ်၍ ၊ ကြောက်၍ ၊ စိမ့်၍ သွား၏ ။ ကြောက်ရင်း ၊ လန့်ရင်း ၊ ဖျပ်ရင်း ၊ စိမ့်ရင်း နှင့်ပင် ကျောင်းဆင်း ခေါင်းလောင်း ထိုးလေသည် ။ ထိုး သည် နှင့် တစ်ပြိုင်နက် တည်း အိမ်ဂေဟာ သို့ ဝဠာဝေဟင် တွင် သိန္ဓောမြင်း နှင် သည့် နှယ် အတွင်သား ဒုန်းစိုင်း လေ၏ ။ ဒုန်းစိုင်း ရ သော်လည်း အလဟဿ ပင် ။ အိမ် ရောက်သော် ရွှင်ပြုံးစွာ ဆီးကြို နှုတ်ဆက် အံ့သော မချော ကို မတွေ့ရ ။ တရှုပ်ရှုပ် နှင့် ငိုနေသော အဒေါ် ၊ ငါ မှားပြီ ဟု ညည်း နေသော ဦးလေး တို့ ကို သာလျှင် တွေ့ ရတော့၏ ။ အဝေး မှ ပြေး လာ၍ အမောဆို့ နေသည့် အတွင်း အကြောင်းစုံ ကို ကြားရသော အခါ တက်တော့ မလောက် ဖြစ် သွား၏ ။ ပင့်သက်ကြီး ရှူ မိ၏ ။ သက်ပြင်းကြီး ချမိ၏ ။ တောက် ခေါက်မိ၏ ။ ယခုလို ဆိုလျှင် ဦးလေး ကို ထောင်း ရတော့ မလိုလို ၊ ကံ ကို ယိုးမယ် ဖွဲ့ရတော့ မယောင်ယောင် ၊ တောင် မကိုင်မိ မြောက် မကိုင်မိ ၊ မကြံတတ် မစည်တတ် ၊ ဟစ်၍ ငိုရ ကောင်းနိုးနိုး ၊ လှိမ့်၍ လူးရ ဟန်နိုးနိုး ၊ အကလေးသဖွယ် ခြေ ကို ထိုး၍ ငါ့ ဟာ ပေး ဟု တောင်းရမည် လည်း အခက် ။ လူကြီး သဏ္ဌာန် မိုးစွန်တမွတ် ကြယ် ကို ဆွတ်မည် ဟု အားမာန် တင်း ရမည်လည်း လူကြီး က မပီသေး ။
ထိုင်ချည် ထချည် လှဲချည် လျောင်းချည် နှင့် ပင် နံနက်စာ စားရမှန်း လည်း မသိ ၊ ညစာ ကို လည်း သတိ မရ ။ တစ်အိမ်လုံး ရပ်တည်ရာ ကိုးကွယ်ရာ ခိုလှုံရာ မရှိတော့ပြီ ။ ဆေးပေါ့လိပ် ကို အတွင် ဖွာ ၍ အတွင် သာ မှိုင် နေရ တော့၏ ။ နေဝင်ရီတရော အချိန် ၌ ငေး နေသော မောင်ဒေါင်း ၊ လူငယ် ခေါင်းချချိန် ၌ တွေ နေသော မောင်ဒေါင်း ၊ လူကြီး ခေါင်းချချိန် ၌ ဝေ နေသော မောင်ဒေါင်း ၊ သန်းခေါင်ယံ ၌ သုန် နေသော မောင်ဒေါင်း ၊ ကြက်ဦးတွန် ၌ မှုန် နေသော မောင်ဒေါင်း ၊ အချိန် သာ ပြောင်း ရမည် မောင်ဒေါင်း မှာ ဤ အနေဖြင့် ဆွေး ပင်လယ် ဝေ ရ လေသည် ။ တစ်ည လုံးလုံး သစ်သားအုံး ကို မှီ၍ မြူတိမ် ကင်းစင်သော မိုးကောင်းကင် ကို မရှုစိမ့်သော မျက်လုံး တို့ ဖြင့် အကြောင်သား ကြည့်လျက် မချော ကို ဘယ်လို ရှာ ရပါ့မလဲ ဟု တွေးတော နေ၏ ။ ဘယ်လို ကြံရပါ့ မလဲဟု စဉ်းစား နေ၏ ။ ဤသို့ ဉာဏ် ထုတ် သော်လည်း ဘာ တစ်ခုမျှ မကြံတတ်ကြောင်း ကို သိရလေ၏ ။ အပူ တကာ့ အပူ တွင် သည်လို အပူ မျိုး လို ဖြင့် လောကကြီး မှာ ရှိမည် မထင် ။ ဆွေမျိုးသားချင်း သေဆုံး သော အပူမျိုး နှင့် လည်း မတူ ။ တစ်အူထုံဆင်း မောင်ရင်းနှမ ဆုံးရှုံး ရသော အပူမျိုးနှင့် လည်း မဆင် ။ မွေးသမိခင် မွေးသဖခင် တို့ နှင့် သေကွဲ ရှင်ကွဲ ကွဲ ရသော အပူမျိုး ကဲ့သို့လည်း မဟုတ် ။ ဝမ်းတွင်း မီး ဟုန်းဟုန်း တောက် ၍ နေ၏ ။ ကမ္ဘာမီး လောင်သည့် နှယ် ။
ရက် တို့ သည် လွန်၍ လွန်၍ သာ သွား ချေပြီ ။ ဘယ်နှရက် လွန်ခဲ့ပြီ ကို မောင်ဒေါင်း မမှတ်မိ ။ မချော တစ်ယောက် လက် သို့ ရောက် ကာ မှ ကြက်ဥ အစ ပျောက် ပျောက် ၍ သွားသည် ကို သာလျှင် အစဉ် သတိရ လျက် ရှိ၏ ။ တစ်နေဝင် မြင်နိုးနိုး ၊ တစ်မိုးသောက် ရောက်နိုးနိုး နှင့် ပင် တစ်နိုး တည်း နိုး ရရှာ၏ ။ မချော ကား မပေါ်လာ တော့ချေ ။ အစဉ်သဖြင့် ရွှင်ပျခဲ့သော မျက်နှာ မှာ ညှိုးငယ် နွမ်းရိ ရချေပြီ ။ အစဉ်သဖြင့် ကြည်လင် ခဲ့သော မျက်လုံးတို့ မှာ အရောင်အဆင်း ကင်းမဲ့ ရ ချေပြီ ။ အစဉ်သဖြင့် ဖျတ်လတ် ပေါ့ပါးခဲ့သော ခြေလက် တို့ မှာ လေးကန် ဖင့်နွှဲရချေပြီ ။ မောင်ဒေါင်း သည် သာလျှင် ဖြူဖြူဖွေးဖွေး မင်းသားကလေး ဖြစ်ခဲ့ပါမူ ဤနေရာ ၌ မောင်ဒေါင်း အား နေ လောင်သော ကြာပဒုံ ၏ ဥပမာ ဖြင့် ခိုင်းနှိုင်း လို ကြပေမည် ။ သို့ရာတွင် ကျွန်ုပ်တို့ ၏ မောင်ဒေါင်း မှာ ပြောင်တင်း သော ဦးပြည်း နှင့် မည်းကြုတ်သော အသားအရေ တို့ ကို ဆောင်နှင်းလျက် ရှိလေ ရကား ထို ဥပမာ လှလှချောချောကလေး နှင့် ဆက်သွယ်ခိုင်းနှိုင်းခြင်း မပြုနိုင် ။ သို့ရာတွင် မောင်ဒေါင်း ၏ ဖြစ်ပုံ ကို မြင်ရသူ အပေါင်းတို့ မှာ မောင်ဒေါင်း အား မင်းသား ဖြူဖြူဖွေးဖွေးကလေး မို့ သနားရ သည် ထက် ပို၍ သနား မိကြ ပေလိမ့်မည် ။ မဆိုင်သူ အပေါင်းတို့ ပင် လျှင် သနားမိမည် ဧကန် ဖြစ်လျှင် သွေးသား စပ်သူ ဦးလေး နှင့် အဒေါ် တို့ မှာ ဆိုဖွယ်ရာ မရှိပြီ ။ နေမြင့် လေ အရူး ရင့် လာသော မောင်ဒေါင်း ၏ ဖြစ်ထွေ ကို မျက်စိ အောက် တွင် မကြည့်နိုင်ရှာ တော့ပြီ ။ သို့သော် သက်သာဖွယ် နည်းလမ်း ကို လည်း မတွေးတတ် အောင် ရှိ တော့သည် ။ ရေပြောင်း မြေပြောင်း ဆိုလျှင် မေ့ကောင်း ပေလိမ့်မည် ။ သို့ဖြစ်၍ လွမ်းရ ဆွေးရ သော ဒုက္ခအပေါင်း တို့ မှ ခဏတာ မျှ ဖြစ်ဖြစ် လွတ်ငြိမ်းစိမ့် ငှာ မောင်ဒေါင်း ၏ ဖခင် ရှိရာ ကညင်ကုန်း သို့ စာ နှင့် အကျိုးအကြောင်း ရေး၍ မောင်ဒေါင်း ကို လွှတ်လိုက် ရ လေသတည်း ။
ပရံပရ ချဖူးသော ရေစက် အဟုန် မကုန်သေးသည် ဖြစ်ရကား ကညင်ကုန်း သို့ ရောက်လျှင် ပင် မောင်ဒေါင်း သည် တစ်ခါ ဖူးမျှ မမျှော်လင့် ခဲ့မိသော သဲလွန်စ ကို ဤသို့ ရရှိ လေ၏ ။ မချော တို့ ကျုံမငေး သို့ သွားရသည် မှာ သင်္ဘော နှင့် မဟုတ် ။ ကု,လားသမ္ဗန် နှင့် ဖြစ် သဖြင့် ကညင်ကုန်း သို့ ရောက်လျှင် ပင် အချိန် အတော် လင့် သွား လေသည် ။ သို့ဖြစ်၍ ကညင်ကုန်း မှာ ဝင်၍ နား ရသည် ။ မောင်ဒေါင်း ၏ ဖခင် ကညင်ကုန်း တွင် ရှိကြောင်း အစင်းသိ သိသူ မချော မှာ ကညင်ကုန်း သို့ ဝင်သည် နှင့် တစ်ပြိုင်နက် ကုန်း ပေါ် သို့ တက်၍ မောင်ဒေါင်း ၏ ဖခင် အိမ် တွင် အတင်း ခိုဝင် လေသည် ။ နောက်သော် အစ်မကြီး ဖြစ်သူ က ရွာ ကို နင်း ၍ ရှာ သောကြောင့် မိရ လေရကား မတတ်သာ ၍ မာန် ကို လျှော့ ပြီး လျှင် ခေါ်ရာ သို့ လိုက်ရ ပြန်လေသည် ။ သို့သော် မောင်ဒေါင်း ၏ ဖခင် ကို မူကား အကြောင်းမျိုးစုံ စုံလင်အောင် ပြောကြား ပြီးလျှင် မောင်ဒေါင်း ရောက်လာ ပါ က ၎င်း ၏ ထံ သို့ ဆက်ဆက် လိုက်ခဲ့ စေရန် နေရပ် အပြည့်အစုံ တို့ဖြင့် တတွတ်တွတ် မှာကြား ခဲ့လေသည် ။ မောင်ဒေါင်း ၏ ဖခင် မှာ ကား မပိုင်ရသေးသော ချွေးမ ကို ဤနည်း နှင့် လက်လွတ် ရရှာသည် ။ မောင်ဒေါင်း မိမိ အိမ် သို့ ရောက် သော် အကြောင်းကုန် ပြောပြီး နောက် “ မင်း ငယ်ပါသေးတယ် ကွာ ၊ မိန်းမ စိတ်မကူးပါနဲ့ ဦး ” ဟူ၍ သာ အချို နှင့် သတ်ထားလိုက်ရလေတော့ သတည်း ။
အချို နှင့် သတ်သတ် ၊ အခါး နှင့် သတ်သတ် ၊ သဲလွန်စ ကို ရပေမင့် ကပဲ ။ သင်းကလေး ကို မတွေ့ လျှင် လောကကြီး မှာ မနေတော့ပြီ ။ သူ့ အတွက် ဘာပဲ ဖြစ်ဖြစ် တစ်ချက် တော့ စွန့်ဦးမည်
ဟူသော မာန် ကို နှလုံး သွင်း၍ မောင်ဒေါင်း သည် အလစ် ကို ချောင်း နေ လေ၏ ။ တစ်နေ့သော် ချက်ကောင်း တွေ့ ၏ ။ တွေ့သည် နှင့် တစ်ပြိုင်နက် ဖခင် ၏ ကျွန်းသေတ္တာ ကို ဓား နှင့် ကပ်၍ ပတ္တာ ခွာ ပြီးသော် အလို ရှိ သလောက် ငွေ ကို ယူ၍ နေရာတကျ ပြန် ပိတ် ထားလိုက်၏ ။ နောက် တစ်ည သော် မောင်ဒေါင်း တစ်ယောက် ပျောက် သွား လေတော့ သတည်း ။
°°°°° °°°°° °°°°
ကျုံမငေးဈေး သံဖြူတန်း တွင် ခေါင်းပြောင်ပြောင် အသားမည်းမည်း နှင့် လူခပ်ပါးပါး တစ်ယောက် နေပူကျဲကျဲ တွင် ယောင်လည်လည် နှင့် ရှိ နေသည် ။ ထို သူ သည် တစ်ခု သော သံဖြူဆိုင် အနီး ခုံတန်းလျားကလေး ပေါ် သို့ လေးလံသော ဝန်ထုပ်ကြီး ကို မနိုင့်တနိုင် ပစ်၍ ချလိုက်ရသည့် ပမာ မိမိ ၏ သေးငယ်သော ခန္ဓာကိုယ်ကလေး ကို ပစ် ချ လိုက်လေသည် ။ ထိုအခါ
တဒေါက်ဒေါက် နှင့် သံဖြူပြား တစ်ခု ကို ခတ် နေသော သံဖြူဆရာ က အမှတ်မဲ့ မော်၍ ကြည့် လိုက်သည် ။ သို့သော် အား မရသဖြင့် ဒန်ကိုင်းမျက်မှန် ကို နဖူးပေါ် သို့ မ တင် ပြီးလျှင် တစ်ဖန် ကြည့် ပြန်သည် ။ အကြည့် ခံရသူ ပုံပန်းကား နွမ်းရိ စိတ်အိုက်သော ပုံပန်းတည်း ။ သံဖြူဆရာ့ စိတ် ထဲ ၌ ဧကန္တ တစ်ခု ခု ပဲ ဟု ထင် လိုက်၏ ။ ခေတ္တမျှ တစေ့တစောင်း အရိပ်အဆင် ကြည့်ပြီး လျှင်
( တစ်မျက်နှာ မပါ )
နှစ်ယောက် ကောင်း တော့ တွေ့လေဦး မပေါ့ ။ ကဲ ... လျှောက်ပါပြီ တဲ့ ။ အသိရှာလေ မတွေ့ လေ ။ မတွေ့လေ ရှာလေ ။ ရှာလေ မတွေ့ လေ ။ ဟော ... သည်တစ်ခါ ခက်တော့တာပဲ ။ ဝမ်း က လည်း ဟာ လာပြီ ။ ထမင်းပါ စားသောက်ပြီး မှ မြို့ထဲ ကို တစ်ပတ် ကျော့ပြီး ရှာ လိုက်ရဦးမည် ။ ဟိုရှေ့က ထမင်းဆိုင် ဖြင့် လူ ခပ်စည်စည်ပဲ ၊ ဝင် လိုက်ဦးမှ ။
ဤသို့ တွေးတောရင်း ထမင်းဆိုင် ဘက်သို့ ခြေဦး အလှည့်တွင် လူ တစ်ယောက် နှင့်
ပခုံးချင်း ယှဉ် ၍ တိုက်မိရာ အောင့်သက်သက်ကလေး ဖြစ်သွားသဖြင့် လှည့်၍ အကြည့် “ ဟဲ့ ... သည် ကောင်ကလေး ၊ နင် ဘာကိစ္စနဲ့ ဒီကို ရောက်လာသလဲ ဟင် ...” ဟု အံ့ဩ၍ မဆုံးသော မျက်နှာ ထားဖြင့် မေး လိုက်သော မောင်ဖိုးဝ ကို ပက်ပင်းပါ တွေ့လေရာ “ အောင်မယ်လေး ကိုဖိုးဝ ရယ် ၊ ခင်ဗျား ကို တွေ့ရတာ နတ်မ သလိုပါပဲ ” ဟု ပြောပြောဆိုဆို နှင့် ခါး ကို အတင်း ဖက်၍ မောင်ဖိုးဝ နှင့် ထမင်းဆိုင်တွင်း သို့ ဝင်သွား လေ၏ ။
မျှော်လင့်ချက်များ ကုန်လု ကုန်လု တွင် ဤသို့ အသစ် အသစ်သော မျှော်လင့်ချက်များ
အသက် ဆက်၍ ဆက်၍ ပေး သည်ကား အသူနည်း ။ ကိုဒေါင်း ၏ အလိုမှာ မူ နတ်မ သည် ဟု ဆို၏ ။ သို့သော် ၎င်း ၏ စကား ယုတ္တိ မတန်ကြောင်း ကို ဤ အကြောင်းအရာများ နိဂုံးချုပ် လျှင် သိသာ နိုင်သည် ။ ထို့ကြောင့် မည်သူ့ ပယောဂနည်း ဟူသော ပြဿနာ ကို ပရမတ်ဆရာ တို့ လက်တွင် စုံစမ်း ရှာဖွေစေ့ငစေရန် ထားလိုက်ကြဦးစို့ ။ မည်သူ မည်သို့ ဆိုဆို မောင်ဒေါင်း မှာ လက်ငင်း နတ်မခြင်း ကို ခံရပြီ ဖြစ်ရကား ဝမ်းသာ၍ မဆုံးပြီ ။ ဦးစွာ ပထမ အဆွေတော် မောင်ဖိုးဝ နှင့် ပဋိသန္ဓာရ စကား အာလာပ သလ္လာပစကား တို့ကို အာသွက် လျှာသွက် မြွက်ကြား ပြောဆို ပြီးလျှင် နှစ်ဦးသား ဟာ၍ နေသော ဝမ်း ကို ဖြည့်တင်းကြလေ၏ ။ ဖြည့်၍ ပြီးသော် မိမိ ၏ လိုအပ်သော ဆန္ဒ တစ်လုံး တစ်ဝ တည်း ပြည့်စုံစိမ့်ငှာ ရည်မှန်း၍ မောင်ဖိုးဝ တည်း ဟူသော ဘိုးဘိုးကြီး အား ပန်းဆီမီးတည်း ဟူသော အရက်သေစာ တို့ ဖြင့် သဒ္ဓါကြည်ဖြူ ကပ်လှူ ပူဇော်လေ၏ ။ ထို ပြုဖွယ် ကိစ္စ အဝဝတို့ ဆုံးခန်းတိုင် ရောက် လေသော် ဇာတ်ရင်း ကို လှန်၏ ။ ကိစ္စ ကို ပန်ကြား၏ ။ မချော အား သိ မသိ မေး၏ ။ အဘယ်မှာ ရှိသည် ကို ညွှန်ပြရန် တောင်းပန်၏ ။ ဆောင်ကြဉ်း ပေးတော်မူပါရန် ခယ၏ ။ အကြံ အောင်ပါစေ ဟု ဆုမွန် တောင်း၏ ။
ဖိုးဝ ၏ အဖြေများ ကား အားတက်ဖွယ်ချည်း ပင် ။ တစ်မြို့လုံး သူ မသိသည် မရှိ ။ ဘယ်နေရာမှာ အပ်ကျသလဲ ၊ ငါ ရှာပေးမည် ဟူသော လူစား ဖြစ်ရကား “ အချိန်တန် တော့ နွားပိန်ကန် အောင် လုပ်ပေးမယ်ကွာ ” ဟု အားပေး၏ ။ မောင်ဒေါင်း ကား သဘောတော် အထူး တွေ့ လေသောကြောင့် ဉာဏ်ပူဇော်ခ အသပြာငွေ မိတ်ထုံးဒင်္ဂါးပြားရေ သုံးပြား တိတိ ကို လျင်စွာ ထုတ်ပေးလေ သတည်း ။ ပြီးလျှင် ဤသို့ တိုင်ပင်၏ ။ “ ငါတို့ သည် ကောင်မကလေး အိမ်နား သို့ ချဉ်းကပ်ကြကုန်အံ့ ။ ကောင်မကလေး နှင့် တစေ့တစောင်း တွေ့လျှင် ကောင်မကလေး သည် ရောက်ကြောင်း သိ လတ္တံ့ ။ ထိုသို့ သိရလျှင် ငါတို့သည် နောက်ထပ် ဉာဏ် တစ်မျိုး ထုတ်ကြကုန်အံ့ ” ဟူ သတည်း ။ မောင်ဖိုးဝ က ခေါင်းညိတ် ၏ ။
ညနေ ရောက် သော် မချော တို့ အိမ် အနီး ကာကာ လက်ဖက်ရည်ဆိုင် တွင် မောင်ဒေါင်း နှင့်
မောင်ဖိုးဝ တို့ နှစ်ယောက် လက်ဖက်ရည် လာ ၍ သောက် ကြသည် ။ လက်ဖက်ရည် ကုန် ၍ ပိုက်ဆံ ပေးပြီး သော်လည်း မချော တို့ အိမ် ဆီ မှ လူစလူန မျှ မမြင် ။ အကြမ်းအိုး မှာ ပြီးလျှင် ဗိုက် နှင့် မတန်အောင် သောက်ကြရပြန်သည် ။ အကြမ်းအိုး သုံးအိုး ကုန်သည် ။ မချော တို့ အိမ် ဆီ မှ လှုပ်ပင် မလှုပ် ။ ဖြုံပင် မဖြုံ ။ မောင်ဒေါင်း သည် စိတ်ပျက်ပျက် နှင့် နောက်ထပ် ရေနွေး ထည့်ရန် လက်ဖက်ရည် ကရားဖုံး ကို ဒေါ နှင့် ဆောင့်၍ အချက် ပေးလိုက်၏ ။ ကာကာကု,လား လာလျှင် လက်ဖက်ရည်အိုး ကို လှမ်း ပေးရင်း မချော တို့ အိမ် ဘက် သို့ လှည့်၍ ကြည့် လိုက်ပြန်၏ ။ ခြံစည်းရိုး အတွင်း မှာ လူ တစ်ယောက် ပန်း ခူး နေသလိုလို ရိပ်ခနဲ မြင် လိုက်၏ ။ အသူနည်း ဟု ကြည့်၏ ။ မချော ပဲဟု သိ၏ ။ စူးရှသော မျက်လုံးတို့ သည် မချော ၏ မျက်နှာ ပေါ် တွင် ကျက်စား ၍ နေဘိ၏ ။ ထို မျက်လုံး တို့ သည် တန်ခိုး ကြီးမားသော မျက်လုံးများ မဟုတ် ။ ညှို့ဓာတ် ဟူ၍ လည်း တစ်ရွေး မျှ မရှိ ။ အချစ် တည်း ဟူသော ဟင်းလျာ ကို ဆာလောင် မွတ်သိပ်လျက် ရှိသော မျက်လုံးများ မျှသာ ။ သို့သော် ထိုထိုမျက်လုံးများ ၌ မည်သည့် ဓာတုဗေဒ ပါရဂူတို့ မျှ ဓာတ်ခန်းရုံး တွင် ဖန်ပြွန်ငယ် ဖြင့် ဓာတ်ခွဲ ကြည့်၍ မရကောင်းသော သံလိုက်ဓာတ် တစ်မျိုး ရှိ၏ ။ ထို သံလိုက်ဓာတ် သည် မချော ရှိရာ သို့ ပျံ့နှံ့ ကုန်လျက် မချော ၏ သူငယ်အိမ် ကို မိမိ ရှိရာသို့ အပါ ဆွဲငင်လေရာ မချော သည် ဖျတ်ခနဲ လှည့်ကြည့် မိ၏ ။ မောင်ဒေါင်း ၏ မျက်လုံးတို့ နှင့် ဆုံ မိ၏ ။ နှစ်ဦးသား ဝမ်းသာလုံး ဓာတ် ပွင့် သွား ပြီးလျှင် ကြက်သေ သေနေ ကြသည် မှာ တစ်အောင့် လောက် ကြာသည် ။
ကွမ်း တစ်ယာ ညက်ခန့် ကြာသော် မချော သည် ဈေးခြင်းကလေး ကို ကိုင်လျက် လက်ဖက်ရည် ဆိုင်ရှေ့ သို့ ပေါက် လာ လေ၏ ။ မောင်ဒေါင်း သို့ မျက်ရိပ် ပြ လိုက်၏ ။ မောင်ဒေါင်း အနီး သို့ ချဉ်း၏ ။ နှစ်ဦးသား တိုးတိုး တိုးတိုး နှင့် တိုင်ပင်ကြ၏ ။ ပြီးသော် လူချင်း ခွဲကြ လေသည် ။
ည ရှစ်နာရီ ခန့် တွင် မချော တို့ အိမ် သို့ ကျုံမငေး မှ ဆို၍ လူ တစ်ယောက် ရောက် လာသည် ။ မချော နှင့် အသိ ဟု ဆိုသည် ။ ထို ဧည့်သည် ကို မချော သည် ထုံးစံ အတိုင်း နှုတ်ဆက် ၊ ထုံးစံအတိုင်း မေး၏ ။ ဧည့်သည် က နံနက် ၆ နာရီ တွင် သင်္ဘော စီးရန် ဖြစ်သောကြောင့် အခြား အသိမိတ်ဆွေ ဟူ၍ မရှိ သဖြင့် တစ်ညတာ မျှ တည်းခိုရပါမည့် အကြောင်း ၊ ကျုံမငေး မှ အလာ တွင် မည်သူမည်ဝါ နှင့် တွေ့၍ မချော တို့ အိမ်သို့ ရောက် လျှင် မာကြောင်း ချာကြောင်း ပြောလိုက်ပါ ဟု စကားလက်ဆောင် ပါး လိုက်ကြောင်း ၊ ဈေး အတွင်း က မ မည်သူ တို့ ကျန်းကျန်းမာမာ ရှိကြောင်း ၊ မချော တို့ ကျုံမငေး ကို ဘယ်တော့ ပြန်မလဲ ဟု မေး လိုက်ကြောင်း စသည်တို့ ဖြင့် နှုတ်ဆက်၍ တစ်ညတာ မျှ တည်းခိုရန် အခွင့်အရေး ကို မချော ၏ အမေ က ဝင်ရောက် စွက်ဖက် ကန့်ကွက်ခြင်း စိုးစဉ်မျှ မရှိဘဲ အလွယ်တကူ ခံယူ သိမ်းပိုက် ရလေသည် ။
မချော တို့ အိမ်ရှေ့ တည့်တည့် တွင် ခုနစ်စဉ်ကြယ် သည် ကင်းမြီးကောက် ထောင်၍ ပြ နေသည် ။ မချော တို့ အိမ် ပေါ် တွင် ညဉ့်ဦးယံ က ရောက် လာသော ဧည့်သည် နှင့် မချော တို့ မှာ အိမ်ရှေ့
ခန်းတွင် ခင်းထားသော ဧည့်သည် ၏ အိပ်ရာ နှင့် မလှမ်းမကမ်း၌ ခုနှစ်စဉ်ကြယ် အမြီးထောင် သည် ကို ကြည့်ရင်း လေသံမျှ ဖြင့် စကား ပြောဆို နေကြလေသည် ။ အနှစ် ၇၀၀ လွန် မှ ပြန်တွေ့
ရသော ကိန္နရီမောင်နှံ တို့ ၏ ထုံး ကို နှလုံးပိုက်၍ နေကြ ဟန် တူသည် ။ အချစ် ဖြင့် ပြည့်လျှမ်း သော မျက်နှာပန်း နှစ်ခု မှာ ထင်လင်းသော နေရောင်ခြည် ဖြင့် ပွင့်ပွင့်လင်းလင်း မပွင့်ရ သောကြောင့် အေးမြ ကြည်လင်သော ကြယ်ရောင်လရောင် တို့ ဖြင့်သာ တင်းတိမ် ရပြီး လျှင် အုံ့ပုန်းပွင့် ပွင့်ကြရဟန် တူ ပါသည် ။ ထင်ထင်ရှားရှား အတိအလင်း မပွင့်ရ သဖြင့် ပွင့်အား မရှိ ဟု ဆိုရငြား သော်လည်း အေးမြသော ဓာတ်ကြောင့် သန်းခေါင် သို့ ကျော် လေလေ အချစ်ပန်း လန်း လေလေ ဖြစ်ရပါသည် ။
သို့နှင့်ပင်လျှင် တိုင်ကပ်နာရီ မှ တစ်နာရီ တိတိ တီးသံ ကြား လိုက်ရပါသည် ။
လောက ဓမ္မတာ တွေ့ကြုံ လျှင် ဆုံကွဲ ရဦးမည် ။ အချစ်ရွက် ကို ဖွင့်၍ ပဲ့ ဖြင့် မမတ်သော အချစ်လှေ ကို လွှင့်ကာ အချစ် ပင်လယ်ကြော ဝယ် ပေါလော မျော နေကြသော အချစ်မောင်နှံ တို့ မှာ သင်္ခါရနွယ် အပါအဝင် ဖြစ်ရကား ထို လောကဓံကြီး နှင့် လွတ်ကင်းနိုင်မည် မဟုတ်ပါ ။ စောစောက
လက်ဖက်ရည်ဆိုင် မှ လူချင်း ခွဲကြပြီး နောက် မောင်ဒေါင်း သည် မောင်ဖိုးဝ အား နှုတ်ပိတ်ခ အရက်ဖိုး ထပ်လောင်း ပသ လိုက်ပါသေးသည် ။ မိမိတို့ ရွာသား တစ်ဦး တစ်ရွာတစ်ကျေး သို့ ကျူးကျူးကျော်ကျော် မိန်းမ ခိုး လာခြင်း အပေါ်၌ အသားယူ လိုသော မောင်ဖိုးဝ မှာ နေ မဝင် ခင် ပင်လျှင် လူစုံသော လက်ဖက်ရည်ဆိုင် တစ်ဆိုင် တွင် လက်ဖက်ရည် သောက် ရင်း လျှို့ဝှက်အပ်သော စကား မှန်သမျှ ကို သိန်း ၊ ဒေဝိန်း ၊ ကာမိန်း ၊ ပကုတ် ဟု ဆိုအပ်သော ရှေးပညာရှိကြီး တို့ ကျင့်စဉ် သမားရိုးကျ အတိုင်း တစ်ဆင့် ပွဲစား မထား ၊ အကြွေး မဆိုင်းဘဲ ဖောက်သည် ချ လိုက်မိသည် ။ ထို ဖောက်သည် ချသမျှ ကိုလည်း မချော ၏ မောင်များ က ယှဉ်ပြိုင် ဈေးပို ပေးခြင်း အမှုမှ မပြုလိုက်ရဘဲ လက်မွန်မဆွ အစပကတူး ရှေးဦး ပထမ လျှင် လက်ကား ဝယ်ယူ လိုက်လေသည် ။
ဤသို့နှင်နှင် ဖြစ်ရလေကား “ ဒင် ” ဟူသော နာရီ တစ်ချက် တီးလိုက်သည်နှင့် တစ်ပြိုင်နက် “ ဒိုင်း ” ဟူသော ခဲ သံ သည် အိမ်ရှေ့ မှ တုံ့ပြန် လိုက် ပါသည် ။ အင်္ဂလိပ်မင်း လက်ထက် မှာ မှ မဖွယ်မရာ ပဟိုရ်စည် တစ်ချက် တီးသည် မဟုတ်ပါ ။ မချော ၏ မောင်များ နှမ မင်္ဂလာဆောင် တွင် သဘောမတူ ကန့်ကွက် လိုက်သော ခဲသံ ဖြစ်ပါသည် ။ ထို “ ဒိုင်း ” ၏ နောက်မှ ဆဲရေးသံတို့ ဆူညံစွာ ထက်ကြပ် မကွာ လိုက်ပါ လာသေးသည် ။ “ ညနေက ဟို ဧည့်သည် ခွေးမသား ကို ခု ထုတ်ပေး ” ဟု ကျယ်လောင် စူးရှသော အရက် မူးသံများ လည်း ကြား ရသည် ။ သို့ ကြားရသည်နှင့် တစ်မုဟုတ်ချင်း မချော မှာ မိမိ ပိုင်ဆိုင်ရာ ညောင်စောင်း တွင် လှဲလျောင်း ပြီး လျက်သား ရှိ၏ ။ သို့သော် မချော ၏ အစ်မ မှာ အိပ်မှုန်စုံမွှား ကမူးရှူးထိုး ဖြင့် ကျွတ်လျက် ရှိသော ထဘီ ကို ထောင့်တန်း ဆွဲလျက် အိမ်ရှေ့သို့ ထွက်လာ ပြီးလျှင် ဧည့်သည် ၏ ဇာတိပဝတ္တိ ၊ ဧည့်သည် ၏ အခြေအနေ ၊ ဧည့်သည် ၏ အရိပ်နိမိတ် အလုံးစုံ တို့ ကို လျင်မြန်သော ပဋိဘာန် ဖြင့် ပိုင်းခြား ဝေဖန်လိုက်ပြီး သော် မိမိ ၏ စိတ် ၌ ထင်မြင် လိုက်သည် ကား မိမိ ၏ မောင်များ က ဆိုးပါဘိသ နှင့် ။ ယခု ဧည့်သည် ကို ထုတ်ပေး လိုက်လျှင် ရာဇဝတ်မှု နှင့် မကင်းရာ ။ သင်းတို့ ကို တစ်ပတ်ကျော့ လှည့်ပြီး ဧည့်သည် ကို နှင်မှပဲ ဟူသတည်း ။ ဤသို့ မိန်းမဉာဏ် တစ်ကိန်း ဆင်ပြီးလျှင် မိမိ မောင်များ ရှိရာသို့ “ ဟေ့ ... ဖိုးမြတို့ လားဟေ့ ၊ မင်းတို့ အသိနောက်ကျ ပါတယ် ကွယ် ။ ငါ ညနေ ကတည်း က အကြောင်း သိလို့ ဧည့်သည် ကို နှင် လိုက်ပါပြီ ။ သူများတကာ အိပ်ချိန် ဆူဆူညံညံ နဲ့ ၊ မင်းတို့ လုပ်ပုံ လူ သိရင် ရှက်စရာကြီး ပါကွယ် ။ ကဲ ... ပြန်ကြ ၊ ပြန်ကြ ” ဟု အိပ်မှုန်စုံမွှား နှင် လက် တစ်လုံးကြား ကြက်ဥ တစ်လုံး ကွာ လှိမ့် လိုက်လေရာ မောင်တော်သူ တစ်စု တို့ မှာ ငါ့ နှမ ဖြင့် စိတ်ချလောက်ပါပြီ ဟု အကြိမ်ကြိမ် သုံးသပ် ဆင်ခြင်ပြီး လျှင် ဖဲကြဉ်ကြလေ သတည်း ။
မချော ၏ အစ်မ ကား ဧည့်သည် ရှိရာသို့ လာ၍ “ မောင် - ကဲ ... မင်း ဘယ်နှယ် လုပ်တာလဲကွယ် ။ အကြံ က ရက်စက်ပါပေ့ ။ နို့ပေမဲ့ ငါ့ မောင်တွေ က ဆိုးပါဘိသနဲ့ ။ တွေ့ များ သွားရင် မင့် အသက်တော့ ရှိပြီ မအောက်မေ့နဲ့ တော့ ။ ကဲ ... နံနက် မိုးအလင်း မစောင့်နဲ့ ။ ကြက်ဦးတွန် လေးနာရီ မှာ သင်္ဘော တစ်စင်း ရှိတယ် ။ အဲဒီ သင်္ဘော နဲ့ သာ လိုက်သွားပေရော့ ” ဟု ချော့လည်း ချော့ရင်း ခြောက်လည်း ခြောက်ရင်း ဒူးတုန် လျက် ရှိသော မောင်ဒေါင်း ကို အတွင်သား နှင် လေ၏ ။ မောင်ဒေါင်း ကား “ ကောင်းပါပြီ ခင်ဗျာ ” ဟူ၍ ပြန် ပြောပြီးလျှင် အိပ်ကျွန် ပြု နေရလေ၏ ။
မောင်ဒေါင်း မှာ တမင်ပင် အိပ်ကျွန် ပြု နေသည် မဟုတ် ။ အကြံ အိုက်သည် က တစ်မျိုး ၊ မောင်ဆိုးတွေ ကြောက်ရသည် က တစ်ဖုံ ၊ ခိုလှုံစရာ မရှိသည် က တစ်ဝ ၊ ချစ်လှသော ဇနီးသည် ကို ရယူ လိုသည် က လည်း တစ်ဌာန ၊ ဝေခွဲ၍ လည်း မရ ၊ ခွဲဝေ၍ လည်း မရ ။
“ မိန်းမဖျက် ပြည်ပျက် ” ဟူသော စကားပုံ သည် အလကား စကားပုံ ၊ သာမညောင်ည
စကားပုံ ၊ စာရေးဆရာ လက်တည့် စမ်းသော စကားပုံမျိုး မဟုတ်ပါ ။ သွေး ထွက်အောင် မှန်သော စကားပုံ ဖြစ်ပါသည် ။
“ မိန်းမ ဆောင် အောင်သည် ” ဟူသော စကားပုံ သည် လည်း အနိယတ စကား မဟုတ်ပါ ။ အကယ်စင်စစ် ဖြစ်ပျက်ဖူးသော ထုံးဟောင်း သာဓက သက်သေ တို့ ကို မှီငြမ်းပြု၍ ပေါ်ပေါက် လာသော စကားပုံ ဖြစ်ပါသည် ။
ယခု မောင်ဒေါင်း သည် လည်း ဤ အခြေအနေသို့ ရောက်သည် မှာ ၎င်း ကိုယ်ပိုင် ဉာဏ်စွမ်း ကြောင့် မဟုတ်ပါ ။ မချော ၏ ဉာဏ် ကို အငှား တပ်ခြင်းသာလျှင် ဖြစ်ပါသည် ။ ယခုလည်း ပက်ပင်းပါ တွေ့ နေရသည့် ဒုက္ခ မှ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အတွက် မချော သာလျှင် ခရာ ဖြစ်ပါတော့သည် ။
မချော သည် အိမ်ရှေ့ မှ ဆူညံသံ ကြားသည် နှင့် တစ်ပြိုင်နက် မိမိ အိပ်ရာတွင် မသိကျိုးကျွန် ပြု၍ နေလေသည် ။ အသံ စဲ ပြီးနောက် အခန်း ထဲ သို့ ဝင်၍ “ ညည်း ဉာဏ်ပဲ ” ဟု အံကြိတ် ပြောပြီး ပေါင်တွင်းကြော ကို အားရပါးရ လိမ်ဆွဲ သွားသော အစ်မတော် ၏ အပြုအမူတို့ ကို ခန္တီပါရမီ ဖြည့်စွမ်း၍ ချိုသွေးသပ တမြမြ နှင့် ရှိနေလေ၏ ။ လေးနာရီ သင်္ဘော ထွက် လျှင် သုံးနာရီ လောက် မှာ ၎င်း ၏ အစ်မတော် နိုးမည် ဧကန် ။ သန်းခေါင်ကျော် အချိန် ဟူသည် အိပ် ကောင်းသော အချိန် ဖြစ်လေရကား မည်မျှပင် သတိထား ၍ အိပ်အိပ် ၊ သင်း တို့ သုံးနာရီ ထက် စောစော မနိုးနိုင် ။ သင်းတို့ မနိုးခင် ပြေး မှ ကောင်းမည် ဟု စိတ်တွင် ချ၍ တစ်ရေးမျှ မအိပ်ဘဲ မိမိ အစ်မတော်
အိပ်မောကျ၍ ဟောက်သံ ကို နာခံလေ၏ ။ “ ချက်ချက် ” မြည်သော နာရီ ၏ အသံ သည် သုသာန်တစပြင် ကဲ့သို့သော တိတ်ဆိတ်ခြင်း ကို ပြက်ရယ်ပြု ဘိ သကဲ့သို့ ရှိ၏ ။ မချော မူကား ထို “ ချက်ချက် ” သံ ကို တစ် ၊ နှစ် ၊ သုံး ဟု စိတ်ထဲ၌ ရေမှတ်ကာ မိမိ ၏ အစ်မ ဟောက်သံ ကို နားစွင့်၏ ။ ဤသို့ နာရီ ကို ရေတွက်၍ လာခဲ့ရာ တစ်ရာ ၊ နှစ်ရာ ၊ သုံးရာ စသည်တို့ ရောက်သော် အစ်မကြီး မှာ မဟောက်သေး ။ စိတ် မချ၍ တစ်ညလုံးများ စောင့် နေရော့ သလား ။ စောင့် နေလျှင် တစ်သက် လွဲတော့ မှာပဲ ။ “ ဘုရား သိကြား မလို့ အိပ်ပျော်ပါစေတော် ” ဟု ဆုမွန် တောင်း မိလေ၏ ။ ရေရင်း ရေရင်း ငါးရာ ၊ ခြောက်ရာ သို့ ရောက်လာ၏ ။ ထို အတွင်း ရှူးရှူး မြည်သံ ကြားရ၍ အားတက်လာ၏ ။ သို့ အားတက်မိ သော်လည်း အစ်မကြီး ဟောက်သံပဲ ဟု စိတ်ချလက်ချ အတပ် စွဲရမည့် ဘဝ သို့ ရောက်အောင် စောင့်ရသည် မှာ ကမ္ဘာ ဆုံးအောင် စောင့်ရ သကဲ့သို့ စိတ် တွင် ထင်မှတ် ရ၏ ။ နာရီသံ ကို လည်း မမှတ် နိုင်တော့ပြီ ။ နောက်ဆုံး၌ အာပေါင်အာရင်း အသံမြိုင်မြိုင် နှင့် ဟောက်သည် ကို ကြားရသည် နှင့် တစ်ပြိုင်နက် မချော သည် အိပ်ရာ ထဲ မှ ထ၍ လုံချည် တစ်ထည်စ နှစ်ထည်စ နှင့် လက်ဝတ်လက်စားတို့ ကို ကျစ်ကျစ်ပါအောင် ထုပ်ပြီး လျှင် ကြမ်းပြင်ပေါ်သို့ ခြေ မကျ လောက်အောင်ပင် ဖြည်းညင်းစွာ နင်း၍ နင်း၍ မောင်ဒေါင်း ရှိရာသို့ လာခဲ့လ၏ ။
မောင်ဒေါင်း ကား မှိန်းလျက် အိပ်ပျော် သလိုလို မပျော် သလိုလို ၊ ဖြစ်ပျက်ခဲ့သော အခြင်းအရာတို့ သည် အကယ်ပင် ဟုတ် သလိုလို ၊ အိပ်မက်ပင်ဖြစ် သလိုလို ။ သို့သော် အိပ်မက် မဟုတ် တကယ့် အဖြစ်အပျက်မှန်း သိရလျှင် စိတ်ပျက် မိ၏ ။ အိပ်မက် ပဲ ဖြစ်ပါစေဟု ဆုတောင်းမိ၏ ။ ထိုအတွင်း ပခုံး ကို တစ်စုံတစ်ခု ထိ လိုက်သည်နှင့် ငေါက်ခနဲ ထ ထိုင်လိုက်၏ ။ ဦးခေါင်း ပုတ်လောက် ကြီး သွားသည် ထင်မိ၏ ။ မျက်ချေး ကပ်သော မျက်စိတို့ ကို ပွတ်၍ ကြည့် လိုက်သော်မှ မချော ၏ ခန္ဓာကိုယ်ကလေး ကို အကွင်းသား မြင်ရ လေရာ အားတက် သွားလေ၏ ။ မချော က နား နား ကပ်၍ တစ်စုံ တစ်ခု ပြော လိုက်၏ ။ မောင်ဒေါင်း သည် သွက်လက်စွာ ထ တည့်၍ အိပ်ရာ ကို လိပ်၏ ။
ရေနံဆီမီးခွက် ၏ မှုန်မွှားမွှားနီရောင် တွင် မောင်ဒေါင်း က အိပ်ရာလိပ် တစ်လိပ် မချော က အထုပ် တစ်ခု ကိုယ်စီ ပိုက်လျက် မည်းမည်း မည်းမည်း နှင့် အိမ်ရှေ့သို့ ဖြည်းညင်းစွာ ရှေ့ဆင့် နောက်ဆင့် ထွက်လာ ကြသည် ။ တံခါးဝ သို့ ရောက် လျှင် မချော က စမ်း၍ တံခါးရွက် မင်းတုံး ကို ချွတ် ၏ ။ အသံ မမြည် ။ မင်းတုံး ကို တိုင်ဖုံး တွင် အသာ ထောင်၏ ။ ဘာသံမျှ မကြားရ ။ တံခါး ရွက် တစ်ရွက် ကို သွား သာရုံ ဖွင့်၏ ။ ကျွိခနဲ မြည် သွား၏ ။ နှစ်ဦးစလုံး ခေါင်းနားပန်း ကြီး သွားကြ၏ ။ မိုးကြိုး ပစ် လိုက် သကဲ့သို့ ထင်မှတ် လိုက်ကြ၏ ။ နောက်သို့ လှည့်ပြီး လျှင် နှစ်ဦးသား အရိပ်အဆင် ကို ရှု၏ ။ ရေနံဆီမီးခွက်ကလေး မှာ မှိတ်တုတ် မှိတ်တုတ် နှင့် ။ အစ်မကြီး ၏ အခန်းဝမှ အခန်းဆီးကလေး မှာ ငြိမ်သက် လျက် ။ အိမ် ရှိ ပစ္စည်း အားလုံးတို့မှာ အသေရုပ် ပမာ မတုန်မလှုပ် ရှိကြသည် ။ ထို မတုန်မလှုပ် ဆိတ်ငြိမ်ခြင်း တို့သည် ပင် လျှင် မိမိတို့ နှစ်ဦး အား ခြောက်နေသည် ဟု ထင်မှတ်မိ၏ ။
လွတ် ပလား ၊ ကျွတ် ပလား ။ လွတ်ပြီ ၊ ကျွတ်ပြီ ။ ယခုမှ ဝန်ထုပ်ကြီး ကျ ပေတော့သည် ။
ရှေ့သို့ တစ်လှမ်း မျှ လှမ်း လိုက်လျှင်ပင် ဟုမ္မရူး ၊ အင်ဒီပင့်ဒင့် ၊ ကိုယ်ပိုင်အုပ်ချုပ်ရေး စသည် တို့ထက် အဆပေါင်း အသိန်းအသန်း မက သာသော လွတ်လပ်ရေးခန်း သို့ ရောက်ရတော့မည် ။ ယခုမှပဲ ငါတို့ နှစ်ဦး ပေါင်းရပေတော့မည် ။ ဤသို့ ခဲခဲယဉ်းယဉ်း ခိုး ရသော မိန်းမ ကို ရွာ ရောက်မှ ချစ်ချင် သလို ချစ်ပြ လိုက်ဦးမည် ။ ပျော်ရွှင်ချင် သလို ပျော်ရွှင်ရ တော့မည် ။ မွေ့လျော်ချင် သလို မွေ့လျော်ရ တော့မည် ။ အဓိပတိ လွတ်လပ်ရေးကြီး ပင် တကား ။ ဤသို့ ခပ်ဆင်ဆင် တွေးမိ လေသော မောင်ဒေါင်း မှာ နှောင်အိမ် ထဲ မှ လွတ်လပ်ရေးစခန်း သို့ တစ်လှမ်း တည်း နှင့် သိဒ္ဓိပေါက် စိမ့် ငှာ မချော ၏ နူးညံ့သော လက်ကလေး ကို ကပျာကသီ ဆွဲ၍ ခါးပန်း ကို လွှားလိုက်သည် တွင် ငလျင် တော်ဟည်း သည့်ပမာ ရိုက်ကြည်း ထစ်ချုန်း၍ မင်းတုံး လဲကျသံ ကို ကြား လိုက်ရပြီးသည် နောက် မချော ၏ နူးညံ့မွတ်ပျောင်း ဖောင်းအိသော ပါးနှစ်ပြင် ကို ကြမ်းတမ်းသော လက်ဝါးစောင်း နှက်သံ နှင့် အတူ အာပုပ်ရည် မစင်သေးသော ပါးစပ် မှ ရုန့်ရင်းစွာ ရေရွတ် လိုက်သော မချော ၏ အစ်မကြီး အသံတို့ ကို ဆူညံစွာ ကြား လိုက်ရသည် ၏ အခြားမဲ့၌ မောင်ဒေါင်း သည် သန်မြန်စွာသော ခြေ နှစ်ချောင်း အားကုန် နှင်ကာ သင်္ဘောဆိပ် သို့ တရကြမ်း စိုင်းလေ သတည်း ။
°°°°° °°°°° °°°°°
ရှဲခနဲ မြည်၍ ဝင်းခနဲ ဖြာ လိုက်ပြီးလျှင် ကိုဒေါင်း ၏ ပါးစောင်တွင် ခဲထားသော ဣစ္ဆိတံ မြမြဆေးလိပ် သည် မီးစွဲ သွားပြီးသည့် နောက် လေအဟုန် ဖြင့် မီးတောက် နေသည့် အတွင်း ကိုဒေါင်း ၏ မျက်နှာ ကို ထင်လင်းစွာ မြင် လိုက်ရပါသည် ။ ကိုဒေါင်း ၏ မျက်လုံးများ မှာ မီးရောင် တွင် အထူးသဖြင့် တောက်ပ နေသည်ကို သတိထား လိုက်မိပါသည် ။ ထို တောက်ပလျက် ရှိသော မျက်လုံးတို့ ကို ထောက်ခြင်း အားဖြင့် ၎င်းမှာ ၎င်း ငယ်စဉ် က အဖြစ်အပျက် တို့ ကို စားမြုံ့ပြန် ရာ ၌ အထူးသဖြင့် စိတ်အား ထက်သန်မိရှာသည် ။ လူရည် မဝခင် ခွကျကျ ဖြစ်ရပုံများ ကို ပြန်လည် ပြောပြရာ ၌ ၎င်း ၏ အချိုး မကျပုံ တို့ ကို တွေးမိ၍ ရယ်ချင် မိ ရှာပေမည် ဟူ၍ တွေးတောလျက် ရှိစဉ် ကိုဒေါင်း သည် အသာ ငုံ့၍ ပုဆိုးစ ကို လက်ဖြင့် မ ကာ မျက်လုံးများ ကို ပွတ်လိုက်သည် ကို မြင်ရပါသည် ။ ထို့နောက် ၎င်း သည် လောင် နေသော ဆေးလိပ်မီး ကို မှုတ် လေသည် ။
ဤသည်တွင်မှ ကျွန်ုပ် မှာ ရယ်အားထက် ငိုအား သန်ပြီးလျှင် ရွေးမြစ် ဤမှာ ဘက်ကမ်း၌ နေမင်းလမင်း တို့ ကို ရင်ဝယ် ပိုက်လို သဖြင့် မျှော်လင့် တမ်းတ နေဘိ သကဲ့သို့ စကြဝဠာ တစ်ဆုံး ကို မျှော်၍ နေသော မောင်ဒေါင်း ကို လည်းကောင်း ၊ ရွေးမြစ် ဟိုမှာ ဘက်ကမ်း တွင် မထင်မရှား သော
မိန်းမ သဏ္ဌာန် တစ်ခု သည် မောင်ဒေါင်း ရှိရာသို့ လက်လှမ်း လင့်၍ မျှော်စောင့် နေသည် ကို လည်းကောင်း အကယ်ပင် မြင်လိုက် ယောင်ယောင် ရှိပါသည် ။ သို့သော် ကျွန်ုပ် အထင်အရှား မြင်လျက် ရှိသည်ကား တသွင်သွင် စီးလျက် ရှိသော ရေ အလျဉ် ပင် ဖြစ်ပါတော့ သတည်း ။
◾မောင်ထင်
( ၁၉၃၉ )
📖 ဂန္ထလောက ၊ ၁၉၃၉
📖 နှစ်ဆယ်ရာစု မြန်မာဝတ္ထုတို ၁၀၀
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment