❝ ဝံပုလွေ ပုံပြင် ❞
၁ ။ ပုံပြင် အပြင် က ဝံပုလွေ
ကျုပ် ဟာ ဝံပုလွေ တစ်ကောင်ပါ ။ ဝံပုလွေ ဖြစ်တဲ့ အတွက် ကျုပ် ကို ကျုပ် ဘယ်တုန်း က မှ မရှက်ခဲ့ဘူး ။ ဝမ်း လည်း မနည်းခဲ့ဖူးဘူး ။ ဒါပေမဲ့ ကျုပ် မှာ ဒေါသ ထွက်ရတာတော့ ရှိတယ် ။ ဘယ်နှယ့်ဗျာ လောကကြီး ကို က မကောင်းတာ ။ မတရားလိုက်ပုံများ ။ နေရင်း ထိုင်ရင်း နဲ့ ကျုပ်တို့ ဝံပုလွေတွေ ဟာ ယုတ်မာ သတဲ့ ။ ကောက်ကျစ် သတဲ့ ။ ကျုပ်တို့ က ဘာများ ယုတ်မာ လို့တုန်း ။ ကျုပ်တို့ အစာ ဖြစ်တဲ့ သားကောင်တွေ ကို ကျုပ်တို့ တတ်စွမ်း သလို နည်းလမ်း နဲ့ ရှာဖွေ စားသောက် တယ် ။ ဒါကိုပဲ ယုတ်မာတယ် လို့ ခေါ်မလား ။
တခြား အကောင်တွေ က ရော ၊ သူတို့ လည်း သားကောင်တွေ ဘာတွေ ဖမ်းပြီး စား ကြတာပဲ ။ သူတို့ ကျ တော့ ယုတ်မာတယ် လို့ မပြောကြဘူး ဗျာ ။ ဥပမာ ဇီးကွက် လို အကောင်မျိုး ။ မျက်လုံး က ပြူးပြူး နဲ့ ည မှ သာ ထွက် ရဲ တဲ့ အဲဒီ အကောင် ကို ကျ တော့ ပညာရှိ ဇီးကွက် တဲ့ ။ လာဘ်ကောင် တဲ့ ။ ဧည့်ခန်းတွေ ဘာတွေ ထဲ က စင်မြင့်တွေ ဘာတွေ ပေါ် မှာ တရိုတသေ ထား ကြတယ် ။ ကျုပ်တို့ ကို လည်း အဲဒီလို ပဲ ပညာရှိ ဝံပုလွေ တို့ ၊ လာဘ်ကောင် ဝံပုလွေ တို့ ဆိုပြီး သူ့ လို စင် ပေါ် တင် ထား ပါ လား ဗျာ ။ ဘယ်လောက်များ ကျုပ် တို့ ကျေးဇူးတင် လိုက်မလဲ ။ တကယ်တမ်း အဲဒီ ဇီးကွက် ဆိုတဲ့ ကောင် က လည်း သူ ကိုယ်တိုင် တောင် တစ်နေ့ စာ တစ်နေ့ ပင်ပန်းကြီးစွာ ရှာဖွေ စားသောက် နေရတဲ့ ဥစ္စာ စီးပွားရေးတွေ ဘာတွေ တိုးအောင် ဘယ်လို လုပ် လုပ်နိုင်မှာလဲ ။ တိရစ္ဆာန်ချင်း အတူတူ ဟာ ကို အဆင့်အတန်း ခွဲ ခံ ရတာ လောက် အသည်း နာစရာ မရှိဘူးဗျာ ။
အံမယ် ၊ ဒါတင် မကသေးဘူး ။ ကျုပ်တို့ က ဇာတ်သိမ်း လည်း ဘယ်တော့မှ မကောင်းဘူး ဗျ ။ ရှိသမျှ ပုံပြင်တိုင်း လို လို မှာ ကျုပ်တို့ ဟာ အသေဆိုး နဲ့ သေရတာ တို့ ။ နောက်ဆုံး အရှက် ရပြီး ထွက်ပြေး ရတာ တို့ ချည်းပဲ ။ ကျုပ်တို့ မှာ ဗျာ ၊ ကောက် လည်း ကောက်ကျစ် ရ သေးတယ် ။ ဘယ်တော့မှ လဲ အနိုင် ရ လိုက်တယ် ကို မရှိဘူး ။
အထူးသဖြင့် ပုံပြင် တစ်ပုဒ် ထဲ မှာ ဆို တော်တော့ ကို ဆိုးတယ် ။
အဲဒီ ပုံပြင် ထဲ မှာ ကျုပ်တို့ ဟာ ဘာမှ မဟုတ်ဘဲ နေရင်း ထိုင်ရင်းကြီး ကို အသက် ထွက် သွားရတယ် ။ ကျုပ်တို့ မကောင်းကြံတယ် ဆိုတဲ့ သားကောင် ကို လည်း ဘာမှ ဒုက္ခ မပေး လိုက်နိုင်ဘူး ။ အဲဒီ ကောင် က တော့ သိတောင် မှ သိလိုက်ရဲ့လား မသိပါဘူးဗျာ ။
ပုံပြင် က ဒီလိုဗျ ။ အားလုံးပဲ ကြားဖူးပြီးသား တော့ ဖြစ်မှာပါ ။ တစ်ခါက ဝံပုလွေ တစ်ကောင် ဟာ သိုးတွေ ကို စားချင်တဲ့ အတွက် ( သူတို့ အဆို အရတော့ ) မကောင်းတဲ့ အကြံအစည် တစ်ခု ကို ကြံပါ သတဲ့ ။ လုပ်ပုံ က တော့ သူ ( အဲဒီ ဝံပုလွေ ) ဟာ သိုးအုပ် တစ်အုပ် ထဲ ကို သိုးရေခြုံ ဝင် သတဲ့ ။ သိုးယောင် ဆောင် ပြီး သိုးတွေ ကို ဖမ်းစားမယ် ပေါ့ ။ ဒါပေမဲ့ ဘယ် သိုး ကို မှ မစားနိုင်ခင် မှာ ပဲ သူ ဟာ သိုးတွေ ကို ဖမ်း ဖို့ ချုံဖုတ် ထဲ က စောင့် နေသူ မုဆိုး ရဲ့ သိုး ထင်ပြီး သူ့ ဆီ ပစ် လိုက်တဲ့ လှံချက် နဲ့ သေဆုံးရပါ သတဲ့ ။
အဲဒီ ပုံပြင် ကို ကြားရတိုင်း ပဲ ကျုပ် ရင် ထဲ မှာ တနုံ့နုံ့ နဲ့ ခံစားရတယ် ။ ယုတ္တိ မရှိလိုက် တဲ့ ပုံပြင်ကြီး ကွာ လို့ လည်း စိတ် ထဲမှာ အောင့်သက်သက် နဲ့ ။ ဘယ်နဲ့ ဗျာ ။ ကျုပ်တို့ ဝံပုလွေတွေ ဟာ အဲဒီ လောက် ပဲ သတ္တိ နည်းရ မှာလား ။ သိုးသား စားချင်တာ များ အတင်း လိုက် ကိုက် ဖြတ်ပြီး စား လိုက် ရုံပေါ့ ။ သိုး ဖမ်းတာပဲ ဗျာ ။ ကျား ဖမ်းတာ မှ မဟုတ်ဘဲ ဟန်ဆောင် ပြီး သိုးရေတွေ ဘာတွေ ခြုံ နေဖို့ မလိုပါဘူး ။
အခုတော့ ကျုပ် တို့ ဝံပုလွေ သိက္ခာ ကို သက်သက် ချတာ ဗျ ။ ဘယ့်နှယ့် အဲ့ဒီ ဝံပုလွေ ဟာ သိုးရေ ခြုံပြီး သိုးအုပ် ထဲ တကယ်ပဲ ဝင် တယ် ထားပါဦး ။ အဲ့ဒီလို မလုပ်ခင် သူ နည်းနည်း မှ မစူးစမ်းတော့ ဘူး လား ။ လှံ တစ်ပစ် လောက် စာလေး အကွာ မှာ မုဆိုး ရှိ နေတာ ကို တောင် မသိနိုင်အောင် ဘဲ သူဟာ ထုံအ နေ ခဲ့ သလား ။ နောက်ပြီး မုဆိုး ပစ် လိုက်တဲ့ လှံ ရဲ့ အသံ ကို ရော သူ , မကြားဘူးလား ။ အင်မတန် လျှင်မြန်တဲ့ မျိုးနွယ်ဝင် ဖြစ်တဲ့ အဲ့ဒီ ဝံပုလွေ ဟာ လှံ ပစ်လိုက်သံ ကြားတဲ့ အချိန် မှာ ရော သူ , မရှောင်နိုင်ဘူးလား ။ သူများ အုပ်စု ထဲ ဝင်တဲ့ အချိန် ( အင်မတန် သတိ ရှိနေရမဲ့ အချိန် ) မှာ တောင် သူ ဟာ သတိ လက်လွတ် ဖြစ်နေခဲ့ရလား ။
တွေးရင်း တွေးရင်း နဲ့ ကျုပ် မှာ ဒေါသတွေ ဖြစ် သထက် ဖြစ် လာတယ် ။ အံ တကြိတ်ကြိတ် တောက် တခေါက်ခေါက် နဲ့ အဲ့ဒီ ယုတ္တိ မရှိတဲ့ ပုံပြင်ကြီး ရှိနေတဲ့ အတွက် ဘယ်သူ့ ကို အပြစ် ဆိုရမှန်း လည်း မသိဘူး ။ ရက်ပေါင်း များစွာ ကျွန်တော် ဟာ အဲဒါကြီး နဲ့ ခေါင်းခဲ ပြီး တဲ့နောက် မှာပဲ ကျွန်တော် ဆုံးဖြတ်ချက် တစ်ခု ကို ချမိတော့တယ် ။ အဲ့ဒါကတော့ အင်မတန် စွန့်စားရမယ့် ကိစ္စကြီး တစ်ခု ဖြစ် တဲ့ ကျုပ်ကိုယ်တိုင် ပုံပြင် ထဲ ဝင် ပါ ဖို့ ပါပဲ ။
အတန်တန် စဉ်းစားခဲ့ ပြီး မှ နောက်ဆုံး ထွက်လာတဲ့ ဒီ နည်းလမ်း က သာ ကျုပ် ရဲ့ စိတ် ကို ကျေလည်စေ ခဲ့တယ် ။ ဒီလောက် တောင် ယုတ်မာတယ် လို့ ကောက်ကျစ်တယ် လို့ အပြော ခံရတဲ့ ဝံပုလွေ တစ်ကောင် အနေ နဲ့ သိုးရေ ခြုံ ပြီးတော့ သိုးအုပ် ထဲ က သိုး တစ်ကောင် ကို အောင်အောင်မြင်မြင် စား ပြ လိုက်ဦးမယ် ။ ကျွန်တော့် ရဲ့ တကယ့် စိတ်ရင်း အတိုင်း ဆိုရင်တော့ သိုးလောက် ကို ပြောင်ပြောင်တင်းတင်း ဖမ်း ပြီး သာ စား မှာ ဖြစ်ပေမယ့် ကျွန်တော်တို့ မြေခွေး တွေ သိပ် မညံ့ကြောင်း ပြချင်တဲ့ အတွက် ဖြစ်အောင် ကို လုပ်ပြ ဦးမယ် ။ မုဆိုး ရဲ့ အန္တရာယ် ရှိ နေမှန်း သိပေမဲ့ လည်း အဲ့ဒါကို လုပ်ဖြစ် အောင် ကျွန်တော် လုပ်ပြ လုပ်ပါဦးမယ် ။
အဲ့ဒီလို ခိုင်မာစွာ ဆုံးဖြတ်ချက် ချပြီးတာ နဲ့ ပဲ ကျွန်တော် ဟာ အသေအချာ ပြင်ဆင်ခဲ့ပါတယ် ။ မုဆိုး ကို အနံ့ ခံ ဖို့ နား ကို ရှင်ရှင် ထားနိုင်ဖို့ ဖျတ်လတ်သွက်လက် ဖို့ နဲ့ သိုး တစ်ကောင် အဖြစ် ပိပိရိရိ သရုပ်ဆောင် နိုင်ဖို့ ကို ပါ ။ ကျွန်တော် သေသေချာချာ လေ့ကျင့်ခဲ့တယ် ။ သိပ်တော့ လည်း မကြာလိုက်ရပါဘူး ။ ရက်ကလေး နည်းနည်း လောက် ကြိုးစား လိုက်တာနဲ့ ပဲ ကျွန်တော် ဟာ ခိုင်ခိုင်လုံလုံ ကို ပြီးပြည့်စုံ သွားခဲ့ပါပြီ ။ ပုံပြင် ထဲ ကို ဝင်ဖို့ အတွက် ကျွန်တော် ဟာ သက်တောင့်သက်သာ ပဲ အသင့် ဖြစ်ခဲ့ပါတော့တယ် ။
••••• ••••• •••••
၂ ။ ပုံပြင်ထဲ က ဝံပုလွေ
ကျွန်တော် ပုံပြင် ထဲ ဝင်တဲ့ နေ့ မှာ ပုံပြင် ထဲ က ပတ်ဝန်းကျင် တစ်ခု လုံး အရိုင်းဆန်ဆန် လင်းချင်း လှပ နေတော့တယ် ။ ဝံပုလွေ တစ်ကောင် သူ့ ထဲ ဝင် လာတာ ကို ပုံပြင် ဟာ လှလှပပ ကြိုဆိုပါတယ် ။ ပတ်ဝန်းကျင် ကို ဝှေ့ ကြည့်ပြီး ကျွန်တော် လေ ကို တစ်ဝကြီး ရှုသွင်း လိုက်တယ် ။ ခုပဲ လေ ထဲ မှာ တောင် ကျွန်တော့် အောင်မြင်မှု ရဲ့ ရနံ့တွေ ရ လိုက် သလိုပါပဲ ။
သာယာလွန်း တဲ့ ပတ်ဝန်းကျင် ရှိ တဲ့ ပုံပြင် ဟာ ကျွန်တော့် ကို စိတ် ကျေနပ်မှု အပြည့် ပေးခဲ့တယ် ။ အခု ဒီ ပုံပြင် ထဲ ကို ရောက်ရတာ ဟာ အစဉ်အလာ မှာ မှားယွင်းခဲ့ တဲ့ ကိစ္စ တစ်ခု ကို ပြင်ဖို့ ၊ ကံကြမ္မာ နဲ့ မုဆိုး ကို ပြိုင်ပွဲ တစ်ခု လို ယှဉ်ဖို့ ဖြစ်ပေမဲ့ ကိစ္စ က သိပ် လွယ်လွန်းတော့ ကျွန်တော့် မှာ စိတ်တောင် သိပ် မပါချင်ပါဘူး ။ ဝတ္တရား ရှိပါတယ် လေ ဆိုပြီးတော့ ကိစ္စ ကို မြန်မြန် လက်စ သိမ်းဖို့ လုပ်ရတော့တယ် ။
အရင်ဆုံး ကျွန်တော် ဟာ သိုးအုပ် ကို ရှာကြည့်တယ် ။ သိပ် မခက်ခဲ လိုက်ပါဘူး ။ တောင်ခြေ တစ်ခု မှာ ဝိုင်းဖွဲ့ ရပ် နေတဲ့ သိုးတွေ ကို တွေ့ရတော့တာပဲ ။ တကုန်းကုန်း နဲ့ နေ နေလိုက်ကြတာများ သိပ် နုံအ တဲ့ ကောင်တွေ ဖြစ်မှန်း သိသာလွန်းလှပါတယ် ။ ဒီကောင်တွေ လောက် များ ငါ့ မှာ မိန်းမလို မိန်းမရ ဟန်ဆောင် နေစရာတောင် မလိုပါဘူးကွာ လို့ တွေးမိလိုက်ပေမယ့် လုပ်နိုင်တယ် ဆိုတာ ကို ပြဖို့ အတွက် တစ်ခါတည်း ဝင် ဆွဲ ပစ်ချင်တဲ့ စိတ် ကို ဖျောက် လိုက် ရပါတယ် ။
အဲ့ဒါနဲ့ သိုးရေခြုံ ဖို့ ကိုသာ ကျွန်တော် လုပ်ရတော့တယ် ။ သိုးရေ ခြုံမိတဲ့ အခါ ကျတော့ သိုးနံ့ က လည်း နံ ၊ အိုက် ကလည်း အိုက် တာ နဲ့ ဆက် မလုပ်တော့ဖို့ စဉ်းစား မိသေးတယ် ။ သိုးအုပ် ဆီ ဆင်းလာ မိတဲ့ အခါကျတော့ မှ ဘဲ ငါဟာ အမှားအယွင်းကြီး တစ်ခု ကို ပြောင်းလဲ နိုင်တော့မှာပါလား ဆိုတဲ့ အသိ နဲ့ ပြန်လည် တက်ကြွ မိ ပါတော့တယ် ။
သိုးအုပ်တွေ ဆီ ကျွန်တော် ချဉ်းကပ် သွားရင်း နဲ့ သိပ်တောင် မလေ့လာ လိုက်ရပါဘူး ။ မုဆိုး ရှိ နေတာ ကို လည်း ခပ်လွယ်လွယ် မြင်သိ လိုက်ရတယ် ။ သူ ဟာ လည်း ပုံပြင် ထဲ က မုဆိုး ဆို တော့ ပုံပြင် ထဲ က အတိုင်း ပေါ့ ။ သိုးအုပ် ကို လှံ နဲ့ ပစ် ဖို့ ခြုံ တစ်ခု ထဲ မှာ ငုတ်တုပ်လေး ။ ပုံပြင် အရ ဆိုရင်တော့ သူ ဟာ သိုးအုပ် ထဲ မှာ ရှိ နေတဲ့ ကျွန်တော့် ကို သိုး အမှတ် နဲ့ ပစ် အလိုက်မှာ ကျွန်တော် က သေကျေ ခဲ့ရတယ်ပေါ့ ။ ဒါပေမဲ့ အခု မှာ တော့ မင်း ကံဆိုး တော့မယ် မုဆိုး ရေ လို့ တွေးပြီး ကျွန်တော် ရယ် တောင် ရယ်ချင်သွားမိပါတယ် ။
ကျွန်တော်ရဲ့ အကြံအစည် က ကျွန်တော် ဟာ သိုးအုပ် ထဲ ဝင် သွားပြီး ခပ်ဆူဆူဖြိုးဖြိုး သိုး တစ်ကောင် ကို ရှာမယ် ။ ပြီးတော့ အသာလေး ကိုက် သတ်ရင်း မုဆိုး က လှံ နဲ့ လှမ်း ပစ်မှာကို ရအောင် ရှောင် ပြပြီး သိုး ကို ကိုက်ချီ ထွက်ခဲ့မယ် ပေါ့ ။ ကျွန်တော့် မျက်စိ နဲ့ နား ကို တော့ ရှင်ရှင် ထား နေပါတယ် ။ မုဆိုး က အချိန်မရွေး လှံ နဲ့ ပစ်လိုက်နိုင်တယ် မဟုတ်လား ။ ဒါပေမဲ့ သိပ် မကြာလိုက်ခင် မှာပါ ပဲ ခပ်လွယ်လွယ် နဲ့ ကျွန်တော် စားဖို့ ရည်ရွယ်မယ့် ဆူဆူဖြိုးဖြိုး သိုး တစ်ကောင် ကို ရှာ တွေ့တယ် ။ အဲ့ဒီ ကောင် ဟာ ကျွန်တော့် ကို ကျောပေး ထားတယ် ။ အ , ပုံ လည်း ရတယ် ။ သူ့ နား ဒီလောက် ကပ် တာတောင် ကျွန်တော့် ရဲ့ အနံ့ ကို သူ မရတဲ့ အတွက် သူ့ ကို ကျွန်တော် အလွယ်တကူ ဖမ်းနိုင်လိုက်မယ် လို့ ထင်ပါတယ် ။ အားလုံး အသင့် ပြင်ထားပြီးတဲ့ အခါ ကျတော့ မှ မုဆိုး ကို ကျွန်တော် စောင့်ဆိုင်း နေ လိုက်တယ် ။ ကျွန်တော့် သဘော က မုဆိုး က လှံ နဲ့ လှမ်း ပစ် မှ သိုး ကို ဂုတ် က ကိုက်ချီ ပြီး လှလှပပလေး လွတ် ထွက် သွား ပြမယ် ပေါ့ ။ ဒါပေမယ့် အချိန်တွေ သာ ကုန် လာတယ် ။ မုဆိုး ဘက် က လှုပ်ရှားမှု ကို လုံးလုံး မစသေးတဲ့ အတွက် ကြာတော့ ကျွန်တော် စိတ် မရှည်နိုင် ဖြစ် လာရတယ် ။ ခပ်မြန်မြန် ပြီးသွားရမဲ့ ကိစ္စ ကို ဒင်း လုပ်တာ နဲ့ အချိန်တွေ ကြာရတယ် လို့ ငြူဆူ လာ မိပါတယ် ။
ခဏ နေတဲ့ အထိ မုဆိုး က မလှုပ်ရှားတဲ့ အခါမှာတော့ ကျွန် တော် သူ့ ကို စောင့် မနေနိုင်တော့ပါဘူး ၊ သူ့ ဟာ သူ ပစ်ပစ် မပစ်ပစ် ကျွန်တော် သိုး ကို ကိုက်ချီ သွားဖို့ ကိုသာ စဉ်းစား မိ တော့တယ် ။ သူ့ လှံတံ ကို လက်မတင်လေး မရှောင်ပြလိုက်ရပေမဲ့ သိုးအုပ် ထဲ ကို သိုး ယောင် ဆောင် ဝင်ပြီး သိုး တစ်ကောင် ဖမ်းပြနိုင်တယ် ဆိုရင် လည်း ပြီးတာပဲ မဟုတ်လား ။ အဲဒါကြောင့်မို့ ကျွန်တော် ဟာ မုဆိုး ကို သိပ် အရေး မထားတော့ ဘဲ သိုး ဖမ်း ဖို့ ကို သာ အားစိုက်လိုက် တော့တယ် ။ သတိ က တော့ ဆက်ထား နေ တုန်းပဲပေါ့ ။ မုဆိုး ရဲ့ ကျွန်တော့် ဇိဝိန် ကို ချွေ နိုင်တဲ့ လှံ က အနား မှာ တင် မဟုတ်လား ။ အဲဒီလို နဲ့ ကျွန်တော် ဟာ မူလ ရည်ရွယ်ထား တဲ့ ဆူဆူဖြိုးဖြိုး သိုး ဆီကို အနီးဆုံး တိုး သွား လိုက်တယ် ။ တော်တော်လေး နုံပုံ ရတဲ့ သိုး ဟာ ခုထိ ပဲ လုံးဝ မသိပါဘူး ။ ကျွန်တော့် ကို လည်စင်း ပေး သလို ဖြစ် နေတဲ့ အဲဒီ ကောင် ကို သနား တောင် သနား မိတယ် ။ ဒီလိုနဲ့ ပဲ ကျွန်တော် ဟာ အဲဒီ သိုး ကို ကိုက်ချီ ဖို့ လုပ်လိုက်မိပါတယ် ။ ဒါပေမဲ့ အဲဒီ အချိန် မှာ ပဲ ကျွန်တော် ထူးခြားချက် တစ်ခု ကို သတိ ပြုမိတယ် ။ အဲဒါကတော့ ဒီ သိုး ဟာ တစ်မျိုး ဖြစ် နေ တာပါပဲ ။ သိုး ဟာ အနီး ကပ် လိုက်တော့ မှ ဆူဖြိုး တာ မဟုတ်ဘဲ အနည်းငယ် လိုလို ပွယောင်းယောင် ဖြစ် နေတယ် ။ ကြည့် ရတာလည်း တစ်မျိုးပဲ ။ ကျွန်တော့် စိတ် ထဲ မသိုးမသန့် ဖြစ်လာတာ နဲ့ ခဏ ရပ် လိုက်မိတယ် ။ နောက် ပြန် ကိုက်မလို့ လုပ်လိုက် ၊ ပြီးတော့ ဝေခွဲမရ ဖြစ်လိုက် နဲ့ နောက်ဆုံး ကျ မှ စိတ် ရှင်းအောင် သိုး ကို သေသေချာချာ ဆန်းစစ် ကြည့်ဖို့ ဆုံးဖြတ် လိုက် မိ ပါတော့တယ် ။
ကျွန်တော် ဟာ ငြိမ် နေတဲ့ သိုး ရဲ့ အရှေ့ဘက် ဆီ ကို သွား လိုက်တယ် ။ သိုး နဲ့ ကျွန်တော် မျက်နှာချင်းဆိုင် ဖို့ ပြင် လိုက်တယ် ။ ပြီးတော့ ... ။ မျက်နှာချင်း ဆိုင်မိကြတယ် ဆိုရင်ပဲ ကျွန်တော့် တစ်ကိုယ် လုံး ဆတ်ကနဲ တုန် သွားမိပါတော့တယ် ။
ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဖမ်း ဖို့ ရည်ရွယ်မိတဲ့ သိုး ဟာ မယုံနိုင်စရာ ကောင်း လောက် အောင် ပဲ ဝံပုလွေ တစ်ကောင် သာ ဖြစ်နေတာ ကြောင့်ပါ ။ ကျွန်တော့် လို သိုးရေ ခြုံထား တဲ့ အဲဒီ ဝံပုလွေ ကို မြင့်တဲ့ အခါ ကျွန်တော် အရမ်း ပဲ စိတ်ဓာတ် ကျ သွား ခြောက်ခြား သွားခဲ့တာ ဟာ ဘယ်လိုမှ ဣန္ဒြေ ဆောင် လို့ မရပါဘူး ။ ဒါ ဘယ်လိုများ ဖြစ်ရတာလဲ ။ ကျွန်တော့် ကိုယ် ကျွန်တော် မေးခဲ့မိတယ် ။ အဖြေ က မရှိပါဘူး ။ အချိန် က လည်း တရွေ့ရွေ့ နဲ့ တော်တော် လင့် နေပါပြီ ။ ဒီလိုနဲ့ မထူးတော့ပြီ မို့ စိတ် ကို ပြန် ထိန်းပြီး တခြား ရှိနေတဲ့ သိုးတွေ ဆီ လှည့် ရ ပါတော့တယ် ။
ဒီတစ်ခါ လည်း သိပ် မခက်ခဲလှပါဘူး ။ လွယ်လွယ်ပဲ ဆူဆူဖြိုးဖြိုး သိုး တစ်ကောင် ကို ရှာတွေ့တယ် ။ အဲဒီလို တွေ့ တာနဲ့ တစ်ပြိုင်တည်း ပဲ သူ့ ရဲ့ ထူးခြားနေမှု ကို လည်း သတိပြု သွား မိပါတယ် ။ စိုးရိမ်ထိတ်လန့် စိတ် တွေ နဲ့ အဲဒီ သိုး ဆီ ကြည့်တော့ လည်း သူ ဟာ ဝံပုလွေ တစ်ကောင် သာ ဖြစ်နေ ပြန်ပါတယ် ။
ညှိုးငယ် နေတဲ့ စိတ် နဲ့ နောက်ထပ် သိုးတွေ ဆီ ကို ကျွန်တော် လှည့် မိ တော့တယ် ။ တစ်ကောင် ပြီး တစ်ကောင် မဆူဖြိုး ရင် လည်း နေ ရရာ ကို ဖမ်းတော့မယ် ဆိုတဲ့ စိတ် နဲ့ ဘယ်လိုပဲ ရှာဖွေခဲ့ လဲ ဝံပုလွေ ကို တွေ့ခဲ့ ရတယ် ။ ဆိုးရွားလွန်းလှတာပါပဲ ။ ပင်ပန်းကြီးစွာ နဲ့ ကျွန်တော် ဟာ သိုးအုပ်တစ်ခု လုံး ကို လှည့်ခဲ့ ပေမယ့် သိုး ဆိုလို့ တစ်ကောင် တစ်မြီး မှ ကို မတွေ့မိဘဲ ဝံပုလွေ ကို သာ တွေ့ ရတယ် ။ သိုး တစ်အုပ် လုံး ဟာ ပဲ ဝံပုလွေ တွေ ဖြစ်နေခဲ့ပါတယ် ။
ငါ ဘာ လုပ်ရမလဲ လို့ ပဲ ကိုယ့် ကိုယ် ကို မေး မိတယ် ။ ဟီးချ ပြီးတော့ ပဲ ငိုရ မလား ။ ဝမ်း ပဲသာ ရလေ မလား တွေးရင်း နောက်ဆုံး သေချာ သွားမိတာ က တော့ ကျွန်တော် ရှုံးပြီ ဆိုတာပါပဲ ။ ကျွန်တော် ဟာ သိုးလေး တစ်ကောင် ကို တောင်မှ အောင်အောင်မြင်မြင် ဖမ်းဆီး နိုင်သူ မဖြစ်တော့ပါဘူး ။
ချက်ချင်းပဲ ကျွန်တော့် မှာ အနာဂတ် ပျောက် သွား သလို ခံစား မိတယ် ။
အဲဒီ အချိန်ကျ မှ ပဲ မုဆိုး ရဲ့ လှံချက် က ရောက်လာ ပါတော့တယ် ။ ကျွန်တော် မရှောင်မိဘူး ။ ရှောင်နိုင်ဖို့ လည်း အား မရှိဘူး ။ စိတ် မသက်သာစွာ နဲ့ ပဲ ကျွန်တော် ဟာ မုဆိုး ရဲ့ လှံဖျား မှာ အသက် ပါခဲ့ရပါတော့တယ် ။
၃ ။ ပုံပြင် ထဲ က မုဆိုး
ကျွန်တော် ဟာ ဘဝ ကို ပုံပြင် ထဲ က အတိုင်း တိတိကျကျ လျှောက်လှမ်း သူ ပါ ။ မုဆိုး ဖြစ်တဲ့ အတိုင်း သားကောင် ကို ဖမ်းဖို့ သာ ရည်ရွယ်ခဲ့တယ် ။ ကျွန်တော် ဖမ်းချင်တာ ကတော့ သိုး တစ်ကောင် ပါ ။ သိုးရေ ခြုံ ထား တဲ့ အဲဒီ ဝံပုလွေကို မဖမ်းမိ ခင် အချိန် တုန်း က ကျွန်တော် ဟာ သူ့ ကို သိုး တစ်ကောင် လို့ ပဲ ထင် နေမိတယ် ။ သူ ဟာ သိုးအုပ် ထဲ မှာ ရော နေတဲ့ အတွက် သိုး တစ်ကောင် က လွဲရင် လည်း ဘာဖြစ်နိုင်မှာ မို့ လဲ ။ နောက်ပြီး သူ့ ပုံစံ က အတော် လည်း ရိုးပုံ ၊ အပုံ ရ ပါတယ် ။ ဒါကြောင့်မို့ လည်း သူ့ ကို သိုး လို့သာ ထင်ခဲ့မိတယ် ။
ဒါပေမဲ့ သူ့ ကို လှံ နဲ့ မပစ်ခင် မှာ ကျွန်တော် ဟာ အကြောင်း တစ်ခု ကြောင့် အကြာကြီး တွေဝေ နေ ခဲ့ပါတယ် ။ နောက်တော့မှ ခေါင်း ထဲ က အတွေး ကို နှင်ထုတ် ပြီး ပစ်လိုက် ရတယ် ။ လှံချက် ထိ လို့ လဲကျ သွားတဲ့ အခါကျတော့ ကျွန်တော် အပြေး ပဲ သွား ကြည့်မိတယ် ။ ကျွန်တော့် ရင် ထဲ ကို ဆို့ သွားစေခဲ့တာပါပဲ ။
သူ ဟာ .... သားရေ ခြုံ ထား တဲ့ ဝံပုလွေ တစ်ကောင် သာ ဖြစ်နေခဲ့တယ် ။
အဲဒါနဲ့ ကျွန်တော် လည်း တခြား သိုးတွေ ကို ဖမ်း ဖို့ လုပ် ရတယ် ။ လှံ နဲ့ ပစ် နိုင်တဲ့ ကောင် လည်း ပစ် ၊ ပြေး တဲ့ ကောင် လည်း ပြေး ၊ အနား မှာ ကြိုး ထောင် ထား တဲ့ ညွတ်ကွင်းတွေ မိတဲ့ ကောင် က လည်း မိ နဲ့ တကယ်တမ်း ကျတော့ သိုးတွေ အကုန် ဟာ ဝံပုလွေ တွေ သာ ဖြစ် နေခဲ့တယ် ။
အဲဒီမှာ ကျွန်တော့် ကို လှံ မပစ်ခင် အကြာကြီး တွေဝေ စေ ခဲ့ တဲ့ အတွေး ကို ဝမ်းနည်းစွာ အတည် ပြု လိုက်ရပါတော့တယ် ။ တကယ်ပဲ ကျိန်းသေ ပါတယ် ။ ကျွန်တော် ဖြစ်လာခဲ့တာ လည်း ကြာပြီ ။ အတွေ့အကြုံတွေ လည်း များ ပါပြီ ။
သေချာတာ က တော့ ဒီ လောက မှာ သိုး ဆိုလို့ ( လုံးဝ ) မရှိပါဘူး ။ တကယ်တမ်း သိုးအုပ်တွေ ဆိုတာ လည်း ဝံပုလွေ တွေ က သိုးရေ တွေ ခြုံ ထားကြတာ ချည်း ပါပဲ ။
◾သွန်းနေစိုး
📖 ကြယ်ကိုးစင်း နဲ့ လင်းတဲ့ ကောင်းကင်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment