❝ ကျွန်တော် ကိုနိုင် ပါ ❞
ည က တစ်ရေး နိုးတော့ ည နှစ်နာရီ ။ ကား သည် တောင်ကုန်းမြင့် ကို ရုန်း တက် နေသည် ။ အဲယားကွန်း အအေးဒဏ် ကြောင့် တွဲလောင်း ချ ထားသော ခြေထောက်များ ထုံကျဉ် နေ၏ ။ မီးရောင် က မှုန်ပြာပြာ ၊ တပ်ကုန်း မှာ ဆင်း သွားသည့် ခရီးသည် များ ကြောင့် ကား ထဲ မှာ လူ သိပ် မကျန်ရစ် တော့ ။ ကျွန်တော့် ခရီးစဉ် က ဆုံးတော့မည် ။ တော်ပါသေး ရဲ့ ။ ဝါဆိုမိုး က နေပြည်တော် အလွန် မှာ ရပ် ကျန်ရစ်သည် ။ ကား မှန် ဆီသို့ မိုးစက်မိုးမှုန်များ ကျ မလာတော့ ။ ရမည်းသင်းမြို့ ကို အရင် က ဖြတ်သွား ဖြတ်လာ သဘော မျှ သာ ကျွန်တော် ရောက် ဖူးသည် ။ ယခုတော့ မနက်စောစော တွင် ခရီးစဉ် ဆုံး လိမ့်မည် ။ လာ ကြိုမည့် သူ က မနက် ခြောက်နာရီ ဝန်းကျင် မှ ရောက်မည် ဟု ပြောပြ ထားသည် မို့ အတော်ပင် အချိန် ဖြုန်း ရ ပေဦးမည် ။ ကားစပယ်ယာ က ဆင်း ရမည့် မှတ်တိုင်များ ကို အော်ပေး ပါသည် ။
သို့ရာတွင် ကျွန်တော် ရော ၊ ကျန် ခရီးသည် သုံးဦး စလုံး က ဂိတ်ဆုံး အထိ စီးကြမည် မို့ ကား က တည့်တည့်မတ်မတ် ပင် ။ နာရီစင် ကားဂိတ် သို့ ဆိုက် တော့သည် ။ အချိန် ကို ကြည့် လိုက်တော့ ည သုံးနာရီ ဆယ့်ငါးမိနစ် ။ မြို့ က မီးမပျက်၍ တော်ပါသေး၏ ။ ဆိုင်ကယ် ကယ်ရီ သုံးလေးစီး က လာ ခေါ်သည် ။ ကျွန်တော် ထို လူစုစု ကို ဖြတ်၍ ကား မကွေ့ မီ က မြင် ခဲ့ ရသော လက်ဖက်ရည်ဆိုင် သို့ လမ်း လျှောက် လာခဲ့သည် ။ မြို့ က မနိုးသေး ။ နေပြည်တော် - မိတ္ထီလာ ပြေးဆွဲသည့် ဒိုင်နာကား တစ်စီး က ခရီးသည် မျှော် နေသည် ။ ဆိုက်ကား တစ်စီး က ကုန်ပစ္စည်းများ ကို တွန်းရင်း ကားဂိတ် ဆီ သို့ ဆို က် ရောက် လာသည် ။ လက်ဖက်ရည်ဆိုင် မှာ လမ်း ဆုံလမ်းလေး ခွတွင် ဖွင့်ထား ခြင်း ပင် ။ နံဘေး တွင် ဘူတာ ရုံလမ်း ၊ ရှေ့ တွင် ကားဂိတ် ။ လမ်းတစ်ဖက် တွင် လည်း ကား ရပ်သည့် မှတ်တိုင် မို့ မနက် စောစော မှာ ပင် လူစည်ကား နေ၏ ။
လက်ဖက်ရည်ဆိုင် တွင် အချိန် ဖြုန်းရတော့မည် ။ ကျွန်တော် သွားရမည့် ရွာ က ဆိုင်ကယ် ခရီး ဖြင့် တစ်နာရီ နီးပါး သွားရ ဦးမည် ။ လာ ကြိုမည့် သူများ ကို မနက်စောစောကြီး ဆိုင်ကယ် စီး လာရ မည် ကို အားနာ သဖြင့် လင်းလင်းထင်းထင်း အချိန် မှ လာ ကြိုဖို့ ကျွန်တော် မှာ ထား သည် ။ ပြီးတော့ ရန်ကုန် တွင် ကားလက်မှတ် ဖြတ်စဉ် က မနက် ငါးနာရီ လောက် မှ ကားဂိတ် ရောက်မည် ဟု အသိ မှား ခဲ့သည် ။ တကယ်တော့ မနက် နှစ်နာရီခွဲ လောက် မှာပင် ရောက်နိုင် ပါ သည် ။ စ , ထွက် စဉ်က ခရီးသည် တစ်ဦး ကို လမ်း မှာ စောင့် ပေးရင်း အချိန် တော်တော် ကုန်သွား၍ ပင် ။
ရမည်းသင်းမြို့ သည် တဖြည်းဖြည်း နိုးထ လာ သည် ။ ဈေးလိုက်သူများ ၊ ခရီးသည် များ လှုပ်ရှား လာကြပြီ ။ တစ်ခါတစ်ရံ ဆယ်ဘီး ကုန်တင် ကားကြီးများ က “ ဝှီ ” ခေါ်ကာ ဖြတ်သန်း သွားကြသည် ။ ဒိုင်နာကားများ က လူးလာခတ်လျက် ခရီးသည် ခေါ်နေသည် ။ ဗလီကျောင်း ဆီ မှ ဝတ်တက်သံ ပြီးဆုံး သွားပြီး နောက် ဝတ်ပြုရာ မှ ပြန်လာ သူများ ကို တွေ့နေ ရသည် ။ ဆွမ်းခံ ကြွ လာသော သံဃာတော်များ ကို တွေ့နေရသည် ။ တစ်စ တစ်စ မိုးသောက် အချိန် တွင် ဘူတာရုံ သို့ ကျွန်တော် ထွက် လာ ခဲ့သည် ။ ကျွန်တော့် မှာ ဝန်စည်စလယ် မများလှ ။ လက်ဆောင် ပေးမည့် စာအုပ် အချို့ ပါသော လက်ဆွဲအိတ် နှင့် ခရီးသွားအိတ် တစ်လုံး သာ ပါသည် ။ ဘူတာ နှင့် လက်ဖက်ရည်ဆိုင် က မဝေး လှ ။ ဘူတာ သည် အဝင်လမ်း နှစ်ဖက်လုံး ဈေးဆိုင် ၊ ထမင်း ဆိုင် ၊ လက်ဖက်ရည်ဆိုင် ၊ အဖျော်ယမကာဆိုင်များ ခြံရံ ထားသည် ။ ရေကန် လိုလို ၊ တူးမြောင်း လိုလို ၊ ကျုံးဟောင်း လိုလို တစ်ခု ကို ကျွန်တော် ကျော် လာပြီး ဘူတာဝင်း သို့ ရောက် လာသည် ။ ဘူတာ မှာ မနိုးထ သေး ။ ဘူတာ နှုတ်ခမ်း မှ လက်ဖက်ရည်ဆိုင် တစ်ဆိုင် ကို တွေ့ရသည် ။
စင်္ကြံများ က ရှင်းလင်း နေသည် ။ ကျောကပ်ခုံတန်းပြာ များ ထက် တွင် အိပ်စက် နေသူ တချို့ တလေ ။ တခြား စင်္ကြံ ထက် တွင် မိသားစု ဟု ထင်ရသော လူတစ်စု အိပ် စက်နေသည် ။ စင်္ကြံ ဟို မှာ ဘက် တွင် အကြော်ဆိုင် တစ် ဆိုင် ။ ကွင်းပြင် ဆန်ဆန် မြင်ကွင်း က ရှင်းလင်း နေ၏ ။
လွန်ခဲ့သော ဆယ်နှစ်ကျော် က ဤနေရာ သို့ ခရီး တစ်ထောက် ရောက်ခဲ့ ဖူးသည် ။ ထိုစဉ်က
ပူးပူးကပ်ကပ် လူနေအိမ်များ ၊ ဇိမ်မယ်များ ၊ အရက်ပုန်းဆိုင်များ ဖြင့် ရှုပ်ထွေး နေသည် ။
ကျွန်တော် ခုံတန်းပြာ ပေါ် တွင် ခရီးဆောင်အိတ် နှင့် စာအုပ်အိတ် ကို ချပြီး ကျော ဆန့်လိုက်သည် ။ လက်ဖက်ရည်ဆိုင် တွင် သုံးနာရီနီးပါး ထိုင်ခဲ့ရသည် မို့ လူ က ညောင်း ညာ ငိုက်မျဉ်း နေပြီ ။ ခရီးပန်းလှပြီ ။ သို့သော် ဘူတာစင်္ကြံ ဟူ သော အသိ က အိပ်စက် ဖို့ မလုံ ။ ဘူတာ သည် တစ်ဖက် ကွင်းပြင် ဆီ မှ ဖြတ် လာသော ဈေးလိုက်များ ၊ ဖြတ်သွား သူများ ၊ ခရီးသည်များ ဖြင့် နိုးထ နေပြီ ။ လက်ဖက်ရည်ဆိုင် မှ အမျိုးသမီး သည် ဆိုင် ကို ပြင်ဆင် ပြီးပြီ ။ စက်ဘီး ကို သံလမ်း ပေါ် ဖြတ်တင် ရင်း စင်္ကြံဘက်မှ တွန်းသွား သူများ တွေ့နေ ရသည် ။ ဘာရယ်မှန်း မသိသော်ငြား ရုတ်တရက် ငိုက် လာသည် ။ အိပ်လို့ မဖြစ်သေး ။ ကျွန်တော် လမ်း ထ , လျှောက် ရ တော့ သည် ။ မနက် ခြောက်နာရီ ခွဲ တော့မည် ။ အားတင်းထား ရပေဦးမည် ။
တစ်အောင့် အကြာ တွင် ကံကောင်းထောက်မစွာ ရွာ မချို က ဖုန်းဆက် လာပြီး မြို့ခံ တစ်ယောက် နှင့် ဆုံပေး ပါ သည် ။ ထို လူ က ပိန်ပိန်ပါး ပါး အနွေးထည် အညိုရောင် ကို ဝတ် ထားသည် ။ သူ က ကျွန်တော့် ကို ဆက်သွယ်ပြီး ဘူတာ မှ တစ်ဆင့် ကျွန်တော် ထိုင်ခဲ့သော လက်ဖက်ရည် ဆိုင် သို့ ပြန် ခေါ်လာသည် ။ ဆိုင် နာမည် က ချစ်သူငယ် ချင်း ။ ကျွန်တော် မလိုက်ချင် သော်ငြား သူ့ ဆိုင်ကယ် ခေါ် ရာ သို့ လိုက် ရပြီ ။ ကျွန်တော် က ဧည့်သည် ၊ သူ က ဧည့်ခံမည့် သူ ။ သူ က ကျွန်တော့် ကို လက်ဖက်ရည် ဒါန ပြုသည် ။ ကျွန်တော် တကယ် မသောက်နိုင် ။ ဆေးလိပ် မှာ ပေးသည် ။ ပဲပလာတာ မှာ သည် ။ ကျွန်တော့် ကို သူ့ အိမ် သို့ ခေါ် သွားဦးမည့် အကြောင်း ပြော ရင်း ရမည်းသင်းနယ် မှ ရွှေလုပ်ငန်းများ ကို ပြော ပြသည် ။ သူ ကိုယ်တိုင် လည်း ရွှေကုန်သည် တစ်ဦး လုပ်ခဲ့သည် ဟု သိရသည် ။ ယခုတော့ လက်ခွဲ ရွှေခေတ် မဟုတ်တော့ ။ ဧရာမ ကုမ္ပဏီကြီးများ က ကန်ထုတ် လိုက်ကြပြီ ဟု ဆို သည် ။ ဒါမျိုး သတင်းတွေ က မဆန်း ။ စစ်ကိုင်းတိုင်း ဗန်းမောက်နယ် ကို ရောက်စဉ် က စစ်ဗိုလ် တစ်ယောက် အကြောင်း ကြားခဲ့ ဖူးသည် ။ ကုမ္ပဏီကြီးကြီးများ က ပထမ တွင် လက်ခွဲ လုပ်ကွက်လေး များ ချ ပေးသည် ။ ထို လုပ်ကွက်ကလေးများ တကယ် အောင်မြင်ပြီ ဆိုလျှင် ပြန်ပြန် သိမ်းလေ့ ရှိသဖြင့် ဗိုလ်အောင်သိမ်း ဟု နာမည်ပြောင် ပေး ခံရ ပုံ ကို သိ ရသည် ။ ထို့ပြင် ပြည်ချစ် ရုပ်ရှင်မင်းသား တစ်ဦး မှာ လည်း ထို နယ်မြေ တစ်ကြော တွင် ဘီလူး ဖြစ် နေသည် ။ သူ့ ကို တော်တော်မုန်း ကြသည် ကို နား နှင့် ဆတ်ဆတ် ကြား ခဲ့ရသည် ။
ယခု လည်း ရမည်းသင်း ရွှေကြော တွင် တစ်နိုင် တစ်ပိုင် ရွှေလုပ်ငန်းသမား တွေ လုပ်ခွင့် မရှိကြတော့ ။ ကုမ္ပဏီကြီးကြီး တွေ အလု အယက် ။ ဧကပေါင်း များစွာ သိမ်းပိုက် ၊ အဆင့်မြင့် တူးဖော် ရှာဖွေကြ ၊ ဝိသမလောဘ ကို တရားဝင်လိုင်စင် ခံကာ ရွှေ ကကြိုး ကကွက် ဖြင့် အရှိန် မြင့် နေကြပြီ ။
••••• ••••• •••••
ဆိုင်ကယ် က လေ ကို ခွင်း ကာ ပြေး နေသည် ။ လမ်းညာဘက် တွင် စိုက်ခင်းများ တပြန့်တပြော မြင် နေရ၏ ။ ဟိုးဝေးဝေး တွင် ရိုးမ က တိမ်တချို့ဖြင့် ညို့ နေသည် ။ မိုး မပြတ် သဖြင့် စိုက်ခင်းများ စိမ်းစို နေ၏ ။ တိုးဝင် နေသော လေ မှာ လတ်ဆတ် လှသည် ။ ရန်ကုန် မှာ လို မိုးဓာတ် တော့ မပါ ။ ဆိုင်ကယ် သည် ကား လမ်း ပေါ် တွင် ပြေး ရင်း အချို့ သစ်သားတံတားများ ကို တော့ အလျှော့ ပေး ရသည် ။ ကျူရှင် ဆရာ ဖြစ် သော ကိုလင်း က ရှင်းပြပါသည် ။ တံတားတွေ မကောင်းတာ ကြာ လှပြီ ။ ယခု ထိ လာ မပြင်သေး ။ မိုးကြီး လာ လျှင် တံတား အောက် မှ ကွေ့ပတ် သွား ၍ ရ တော့မည် မဟုတ်ကြောင်း ၊ ယခု တော့ တံတား နံဘေး တွင် မြေ ကို ပြုပြင်ကာ ကွေ့ပတ် သွား နေရကြောင်း ၊ လူကြီးလမ်းကြောင်း ရှိ သဖြင့် အတိုင်အတော ခံရတော့မည် ဖြစ်ကြောင်း ဖြင့် တံတား တည်ဆောက် သွားသူများ ကို မေတ္တာ ပို့နေသည် ။ တကယ် ပြင်မည် ဆိုလျှင် ခက်ခဲလှ သည် မဟုတ် ။ တံတားများ က လူကြီး ခြေဖြင့် ဆယ်လှမ်း ပင် မပြည့် ။ အချို့ တံတားများ က တစ်ခုန် နှစ်ခုန် မျှ သာ ။ သို့ရာ တွင် ပျက်ချင်တိုင်း ပျက်နေ ကြသည် ။ ကျေးလက် ခရီး သည်များ သာ အများဆုံး အသုံးပြု ကြသည် မို့ ပေယျာလကန် ပြုခံ ထားရ ပုံပင် ။
ကိုလင်း က တံတား တစ်ခု ရောက်တိုင်း နံဘေး မှ ရှောင်ကွင်း ရင်း ရှေးဟောင်း ရာဇဝင် နှင့် ဆက်နွှယ်ပုံ ကို ပြော လာသည် ။ ဘယ် ရွာ က ဘယ်လို ကြောင့် ရွာ နာမည် ဘယ်လို ဖြစ်လာပုံ ၊ ဘယ်ရွာ က ဘယ်ကဲ့သို့ ပေါ်ပေါက် လာပုံ တို့ ကို သိထား သမျှ ပြောပြခြင်း ပင် ။ ပါးစပ် ရာဇဝင် ဆိုသော်ငြား ဖြစ် ကြောင်းစုံလင် ကို ဆက်စပ်ပြ သည် ။ မည်သို့ပင် ဖြစ်စေ ဤ အရပ်ဒေသ သည် လွန်ခဲ့သော နှစ်ပေါင်း ရာချီ ကတည်း က ရွာ အဖြစ် ရပ်တည် လာခဲ့ကြ ပြီ ။ ထွန်ယက်စိုက်ပျိုး နေ ထိုင် ရင်း လူသား မျိုးဆက် တစ်ခုပြီး တစ်ခု ဆက် ခဲ့ပြီ ။ ဆိုင်ကယ် တဝီဝီ ၊ ကား တဝီဝီ ဖြစ်လာခဲ့ကြပြီ ။ ဖွံ့ဖြိုးတိုးတက် လာခဲ့ကြပြီ ။ မနေ့က ည ၇ နာရီ အထိ ရန်ကုန် တွင် ရှိသော ကျွန်တော် ပင် နောက် တစ်နေ့ မနက် ၇ နာရီ ကာလ မှာ ရိုးမတောင်ခြေ အနီး သို့ ဆိုင်ကယ် တစ်စီး နှင့် ခရီး နှင် နေ ပြီ ။ မိုင်ပေါင်း သုံးရာကျော် ကို ရောက် နေ ခဲ့ပြီ ။
ဝကုန်းရွာ ကို ချိုးကွေ့ ဝင် လာသော လမ်း က အနိမ့် ပိုင်း ဖြစ်နေသည် ။ လွန်ခဲ့သော နှစ်နှစ် ကျော် က ကျွန်တော် တစ်ခေါက် ရောက် ဖူးသည် ။ ထိုစဉ် က တခြား လမ်း မှ လာခဲ့သည်မို့ ရွာ အဝင်လမ်း ကို ကျွန်တော် မမှတ်မိ ။
မချို တို့ အိမ် ကို ရောက် တော့ မီးဖိုချောင် ထဲ မှ လှမ်း နှုတ်ဆက်သံ ကို ကြား ရသည် ။ ကိုကျော်စွာ က ကျွန်တော်တို့ ရှေ့က ကြို သွားနှင့် သည် မို့ အိမ် ကို ရောက် နှင့် နေပြီ ။ ကျွန်တော့် ကို ကျွေးမွေးဧည့်ခံ နေဆဲ မှာ ပင် ကိုလင်း က ကျူရှင် ပြရဦးမည် မို့ ပြန်သွား နှင့်
တော့သည် ။ ကျွန်တော် မနက်စာ စားပြီး ပင်ပန်းလာ သမျှ အတိုးချ ကာ အိပ်စက်ဖို့ ပြင် တော့သည် ။
ထမင်းဝိုင်း နံဘေး မှာ ပင် ခုတင် က အသင့်ပြင် ထား သဖြင့် ကျွန်တော် လဲ လျောင်းကာ အပန်းဖြေ နေဆဲ ။
“ ကျွန်တော် ကိုနိုင် ပါ ”
ရုတ်တရက် ကျွန်တော့် ကို အတင်းကာရော ဝင်ရောက် နှုတ်ဆက်လာသူ ကို မော့ကြည့် မိသည် ။ လဲ နေရာ မှ ထ , ဖြစ်လိုက်သည် ။
“ ကျွန်တော် ကိုနိုင် ပါ ဆရာ ”
“ ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ ”
“ ကိုမာန် ရေ ၊ သူ့ နာမည် က ကိုနိုင် တဲ့ ၊ ကဲ ကိုနိုင် ဆရာ နားပါစေဦး ၊ ဟုတ်ပြီ နော် ”
“ ဆရာ နားမလို့လား ”
“ ဟုတ်ကဲ့ ”
သူ က ကျွန်တော့် လက်နှစ်ဖက် ကို လေးလေးစားစား ဆုပ်ကိုင် ရင်း ပြုံးရွှင်စွာ ငေး ကြည့် နေသည် ။ ဘယ်လိုပါ လိမ့် ။ သူ့ ပုံ က မူ မမှန် ။ ဆံပင် ပုံစံ မှာ ခေါင်းတုံး ဆံတောက် ။ အသက် က သုံးဆယ်ဝန်း ကျင် ၊ မျက်နှာထား က တစ်ခုခု ဆန်းပြား နေ၏ ။
“ ကိုမာန် ရေ သူ က ဒီလို ပဲ ။ ရွာ ကို ဘယ်သူပဲ လာလာ သူ လာ နှုတ်ဆက်တာပဲ ၊ ဒါ က သူ့ ထုံးစံပဲ ”
မချို က ဈေးဆိုင် ခင်း ကျင်း နေရာမှ လှမ်း ပြောပြ နေခြင်း ပင် ။ ကိုနိုင် က ကျွန်တော့် ကို မျက်လုံး မလွဲ ဘဲ ပြုံး ၍ ကြည့်နေသည် ။ ကျွန်တော် ဘာခိုင်းမလဲ ဆိုသည် ကို စောင့်စား နေပုံ ရသည် ။ ကျွန်တော် ခုတင် ပေါ် မှာ ပြန်လှဲ တော့ သူ က ခုတင် ခြေရင်း မှာ ဝင်ထိုင် ပြန်သည် ။ ကျွန်တော် ဘာ ဆက်လုပ်ရ ကောင်း နိုးနိုး ဖြစ် နေပြီ ။
“ ကိုနိုင် ဆရာ အိပ်ပါ စေဦး ။ ဆရာ ဘယ် မှ မသွား သေးဘူး ၊ အိပ်ပါစေဦး နော် ”
မချို လှမ်း ပြော လာ သည် ။ ကိုနိုင် က ကျွန်တော် တကယ် အိပ်မှာ လား ဟု စူး စမ်းကာ ကြည့် နေသည် ။ ပြီးတော့မှ ခုတင် ပေါ် မှ ထ ကာ တန်းလျား တွင် သွား ထိုင်နေ ပါတော့သည် ။ ကျွန်တော် အိပ်ရ နိုးနိုး ၊ ထ,ရ နိုးနိုး ဖြစ် နေ ဆဲ မှာပင် ကိုလင်း ပြန် ရောက်လာ သဖြင့် ဝမ်းသာ မိ သည် ။ အမှန် ပြောရ ရင် ကျွန်တော် ခရီးပန်း နေ သဖြင့် အိပ်စက် ချင် နေပြီ ။ သို့သော် ကိုနိုင် ဆိုသူ ရောက် လာပြီး ကျွန်တော့် ကို ပြုံးရွှင် ဖော်ရွေ စွာ လာ နှုတ်ခွန်းဆက် ရင်း အသင့် ပြင်ကာ စောင့်ဆိုင်း နေ သည် ကို ကျွန်တော် ဘဝင် မကျ ။ သူ့ ပုံ က မူမှန်ပုံ မရ ၊ ကျွန်တော့် အတွက် စိတ်ကျဉ်း ကျပ် လှသည် ။
“ ကိုနိုင် ရောက်နေပါ လား ၊ ဘယ်လိုလဲ ဆရာ နဲ့ ဟင်း ... ဟင်း ”
သူ က အကြောင်းသိ သဖြင့် ရယ်မော နေသည် ။ ကိုနိုင် က ကျွန်တော့် ကို လှည့် ၍ ပင် မကြည့်တော့ ။
“ ဘာမှ မဖြစ်ပါဘူး ဆရာ ၊ သူ က ဒီလိုပဲ ၊ ရွာ ကို ဘယ်သူပဲ လာလာ သူ နှုတ် ဆက်တာပဲ ။ အလှူခံ လာ ရင် တောင် ရှေ့ က ပြေး ကြိုတာ ၊ ဘယ် အိမ် ဝင် ရမယ် ၊ ဘယ် လမ်း က သွားရမယ် ၊ သူ့ ဘာသာ လုပ် ပေးတာ ။ ဆရာတော် တွေ ပါ လာရင် လည်း ဘယ် အိမ် ကို ကြွမလဲ မေးပြီး အပြေး အလွှား ပြော ပေးတာပဲ ။ အဲဒါ သူ့ ထုံးစံ ပဲ ဆရာရဲ့ “ ကျွန်တော် ကိုနိုင်ပါ ” လို့ နှုတ်ဆက်တာ လေ ။ ဆရာ ဘယ် သွားသွား သူ လမ်းပြ မှာ ပဲ ”
ကိုလင်း ဋီကာ ချဲ့ နေ သည် ကို နားထောင်ရင်း ကျွန်တော့် မျက်လုံးများ က ဆက်၍ သည်းမခံတော့ ။ နံနက် လေပြည်များ တိုးဝင် နေသော ပြတင်းတံခါး ကို ငေးရင်း ကျွန်တော် အိပ် ပျော် သွားလေပြီ ။
••••• ••••• •••••
မိုး က ဒေါသတကြီး ရွာ နေသည် ။
လေပြင်း က ဝှေ့ သဖြင့် တစ်ချက် တစ်ချက် ပြတင်း တံခါးများ တုန်ခါ နေ၏ ။ သွပ်မိုး ပေါ် ကျရောက် နေသော မိုးစက်များ က ခဲကျ နေသလို ။
ကျွန်တော် မျက်လုံး ဖွင့် လိုက်သည် ။ ပြတင်းပေါက် မှ အလင်း မှာ သန့်ရှင်း နေ၏ ။ တိုးဝှေ့ ကျီစယ် နေသော လေပြည်အေး က ကျွန်တော့် ကို ထပ် မံ ချော့ သိ ပ် နေဆဲ ။ ကျွန်တော် အိပ်မက် မက်နေ သည် ။ ရန်ကုန် တွင် မိုးကြီး လေကြီး ထန်သော နေ့ရက် များစွာ ကို စိတ်စွဲ ကာ အိပ်မက် မက် နေခဲ့သည် ။ မနက် ကိုးနာရီ ကျော်ကျော် က အိပ် လိုက်သည် မှာ နေ့လယ် နှစ်နာရီ ထိုး နေပြီ ။
“ ဆရာ ရေချိုး ထား မလား ၊ နည်းနည်း နေပူ သေး တယ် ၊ သုံးနာရီ လောက်မှ ချိုးပါလား ”
“ ကျွန်တော် တော်တော် အိပ်လိုက်တာပဲ ”
အိပ်ရာ မှ ထ , ရင်း ဆံပင် ကို သပ် ကာ မျက်နှာ သစ် ရန် ကျွန်တော် အပြင် ထွက်ခဲ့သည် ။ ရေတွင်း က ခြံထောင့်မှာ ။ ရေပုံး အစိမ်းကြီး ထဲ မှာ ရေတွေ ဖြည့်ထားသည် ။ ကိုနိုင် က ဘယ်မှ မသွားသေး ။ အိမ်ရှေ့တန်းလျား မှာ ထိုင်နေဆဲ ။
“ အဲဒါ ကိုနိုင် ဖြည့်ထား တာ ဆရာ ရေ ။ ကျွန်မတို့ ရေတွင်း က ရေ နည်းနည်း နံတယ် ။ အဲဒါ ဟိုဘက် အိမ် က ဆွဲပေး ထားတာ ”
“ ကိုနိုင် ဖြည့်တာပါ ၊ ကိုနိုင် ပါ ”
မချို စကား ကို သူ က သူ့ ကိုယ် သူ လက် နှစ်ဖက်လုံး ရင်ဘတ် ကို ပုတ်ကာ ဝင် ပြော ပြသည် ။ ကျွန်တော် ကျေးဇူးတင် စကား ပြောပြီး မျက်နှာ သစ်သည် ။ ပြီးတော့ တန်းလျား မှာ ဝင် ထိုင်ကာ ဆေးလိပ် ဖွာ နေရင်း ကိုနိုင့် ကို အကဲခတ် ကြည့်သည် ။ သူ က စားပွဲပေါ်မှ ဂျာနယ်များ ကို ကျွန်တော့် ဘက် ကမ်းပေးပါသည် ။
“ အိမ် မှာ ဘာ အလုပ် လုပ်လဲ ”
ကျွန်တော့် အမေး ကို သူ ရုတ်တရက် မပြောတတ် ။
“ တောထဲ မသွားဘူးလား ”
ကျွန်တော် ထပ် မေး တော့ သူ ခေါင်းခါ ပြသည် ။ စားပွဲပေါ် မှာ ကွမ်းယာထုပ် လက်ကျန် ရှိ နေသည် ။ ကျွန်တော် ဆေးလိပ် ကမ်း ပေး တော့ သူ က မသောက် ။
“ ကွမ်းစားမယ်နော် ” ဟု ပြော ကာ ကွမ်းယာ ယူ စားသည် ။
“ ဆရာ ဘယ်မှ မသွား သေးဘူး ကိုနိုင် ရဲ့ ။ အိမ် မှာ ပဲ နေဦးမှာ ”
မချို က ဝင်ပြောတော့ သူ က ခေါင်း တဆတ်ဆတ် ညိတ် နေ ပြန်သည် ။ ကျွန်တော် ရွာ ထဲ သွားလျှင် သူ လိုက်ပို့မည့် ဝတ္တရား ရှိသည် ဟု ယူဆ ကာ စောင့်စား နေခြင်း ပင် ။
“ ကျွန်တော် သွား ရင် ခေါ်ခိုင်း လိုက်မယ် ၊ အခု ဘယ်မှ မသွားသေးဘူး ”
ကျွန်တော် ထပ်မံပြော ပြတော့ သူ ပြုံးရွှင်စွာ စိုက်၍ ကြည့် နေသည် ။ ကျွန်တော် တကယ်ပဲ အပြင် မထွက်ဘူး လား ဟု စူးစမ်း နေခြင်း ပင် ။ သူ ယုံကြည်အောင် ကျွန်တော် ခေါင်းညိတ်ပြ တော့မှ တန်းလျား ပေါ်မှ ထ , ကာ အပြင် သို့ ထွက်သွား တော့သည် ။
“ ရေ ခပ် ပေးတာ ကျေးဇူးပဲနော် ကိုနိုင် ” ဟု ကျွန်တော် ထပ် ပြောပြတော့ သူ ပို၍ ဝမ်းမြောက် သွားပါ သည် ။
မချို က ကော်ဖီမစ် တစ်ထုပ် ဖျော် လာ ပေးသည် ။ ကျွန်တော် အိမ် ထဲ ပြန် ဝင်လာ ရင်း လက်ဖက်သုပ် စား ကာ ဒိုးသံချပ်စာသား အတွက် ပြန် စဉ်းစား နေမိသည် ။ မနက်ဖြန် ဆိုလျှင် ကိုကျော်စွာ့ နှမတော် ၊ သူတို့ လင်မယား စာသင် ကျောင်းဆောင် လှူဒါန်း မည် ။ သိန်း နှစ်ရာ ကျော် ကုန် ကျခံထား ပြီး ကိုယ်တိုင် စနစ် တကျ နေ့ည မအား တည်ဆောက် လှူဒါန်းခြင်း ဖြစ်သည် ။ ထို ပွဲ ဖြစ်ဖို့ အားခဲနေ သည် မှာ နှစ်ပေါက် ခဲ့လေပြီ ။ မနှစ်က မချို တို့ ဆီ လာလည် ကတည်း က ထို ပွဲ ကို လာခဲ့ဖို့ မချိုတို့ လင်မယား က ဖိတ်ခေါ် ထားသည် ။ ကြားကာလ မှာ လည်း ဖုန်း ဖြင့် လှမ်း ၍ ဖိတ် ခေါ် သတိ ပေး နေသည် ။ ကျွန်တော် မဖြစ်မနေ လာခဲ့ပါ မည့် အကြောင်း လက်တွေ့ ပြ ကာ ယခု ရောက်ရှိ လာခဲ့ခြင်း ပင် ။
ကိုကျော်စွာ ရော ၊ မချို ပါ စာဖတ် နာ ကြသည် ။ အထူးသဖြင့် ဆရာ ဦးဝင်းငြိမ်း အပေါ် လေးလေးနက်နက် တန်ဖိုး ထား ကြသည် ။ ရွှေ တွင် ဖော်ပြသော ဝတ္ထု ၊ ဆောင်းပါး ၊ အင်တာဗျူး တို့ ကို စဉ်ဆက် မပြတ် ဖတ်ရှု အားပေး နေကြသူများ ပင် ။ မချို နှုတ် မှ တဖွဖွ ပြောနေ သည့် စကားများ ထဲ ၌ ဆရာ ဦးဝင်းငြိမ်း ၏ စာပေစေတနာ များ အပေါ် မည်မျှတန်ဖိုး ထား အသိအမှတ် ပြုကြောင်း များ က အားရ စရာပင် ။ ထို လေးစား တန်ဖိုးထားမှုများ ကြောင့် ကျွန်တော် သူတို့ ဖိတ်ကြားချက် ကို ပို၍ တန်ဖိုးထား မိသည် ။ တကယ်တော့
ကျွန်တော်တို့ အတွက် ရသစာပေ ပရိသတ် က တစ်နေ့တခြား လျော့ပါး လာနေသည် ။ စာအုပ် လက်ဆောင် ပေးသည် ကို ပင် ဖတ် ပေးဖို့ အချိန် မပေး နိုင်သူများ တိုးပွား လာသော ကာလ ။ အွန်လိုင်းမီဒီယာ ၊ IT နှင့် ရုပ်သံမီဒီယာ တို့ က တိုက်စား ဖဲ့ယူ ထား သဖြင့် စာဖတ် ပရိသတ် လျော့ပါး နေသည့် အချိန် ။ မချို တို့ လို အညာ ကျေးရွာလေး မှ စာဖတ်ပရိသတ်မျိုး ကို ပြန်၍ လေးစားရမည် ။ ကိန်းကြီးခန်းကြီး လုပ် နေ၍ မဖြစ် ။ သူတို့နှင့် ကျွန်တော် တချို့ သဘောထားလေးများ မတူညီသည့် တိုင် တူတာ ညီတာလေး တွေ တွဲ လုပ်လို့ ရသည်မို့ ကျွန်တော် ရောက်လာခဲ့ခြင်း ပင် ။
အလှူရှင် ကိုဖိုးဌေး ရောက်လာ ချိန် တွင် မနက်ဖြန် ပွဲ တွင် ပြင်ဆင် ထားသော အမှာစကား ကို သူ က ဖတ်ပြ သည် ။ ဘာမှ ဟာကွက် မရှိ ။ စေတနာ သုံးတန် က ဟိုဘက် ကို ပင် သာလွန် နေသည် ။ နှစ် နှစ်ကျော် သုံးနှစ် နီးပါး အချိန် ယူ တည်ဆောက် ခဲ့သော စာသင်ကျောင်းဆောင်ကြီး အပြီးသတ်ခဲ့ပြီ ။ သားသမီး နောက်ခံ မရှိသော်ငြား ရွာ မှ ကလေးငယ်များ တခြား ကျေးရွာများ သို့ အလယ်တန်းပညာ သွား ရောက် သင်ယူနေရသည့် နိစ္စ ဓူဝ ဖြစ်ရပ်များ ကို မမြင်လို ၊ ဆက် ၍ မကြုံတွေ့စေ လိုသော စေတနာ ဖြင့် ကျောင်းဆောင် အသစ် လှူဒါန်းခြင်း ပင် ။
ထို အခြင်းအရာများ ကို ကျွန်တော် လက်ခံသည် ။ သို့ ရာ တွင် အာဏာရပါတီ က ထို အလှူပွဲ အတွက် အပ် တစ်ချောင်း ၊ အုတ် တစ်ချပ် မစိုက် ထုတ် ။ နှစ်ပေါင်း ရှည်ကြာစွာ တောင့်တ နေသော အလယ် တန်းကျောင်းခွဲ အဆင့်ကို ချ မပေးသေး ၊ ကျောင်း အဆောက်အအုံ လိုအပ်ချက် အတွက် တုတ်တုတ် မျှ မလှုပ် ။ ယခု အလှူရှင် ပေါ်လာပြီ ။ အဆောက်အဦကြီး မျက်မြင် တွေ့ခါ မှ ပါတီ က ဝင်၍ အမြတ် ထုတ် ကာ တေးသံသာယာ တည်နေပုံ ကို ကျွန်တော် သဘော မတွေ့ ။ သို့သော် ကျွန်တော် မပြောရက် ။ အားလုံး အဆင်သင့် ပြင်ဆင် ထားရသော အလှူရှင် တို့ ၏ မျှော်လင့်ချက်လေး ထိခိုက် သွားမည်ကို မလိုလား ။ ထို့ကြောင့် ကျွန်တော် ရေးပေး ရမည့် ဒိုးသံချပ် ကို ရေး ပေး သည် ။ နီးရာ ဓား ကြောက် ရမည့် အရေး ကို စာနာ ပေး သည် ။ ဤ ကျောင်းဆောင်ကြီး လှူဒါန်းရသည့် အတွက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး မှ လွှဲပြောင်း လက်ခံရယူကာ အလယ်တန်းကျောင်းခွဲ ချပေးဖို့ သည် ဧရာ မပန်းတိုင် ။ သူ မှ တစ်ပါး တခြား အားကိုး မမြင် ။ ထို့ကြောင့် ပါတီ သီချင်းသံ လှိုင်လှိုင် ဖွင့်ကာ ပါတီဂုဏ်ပြု ထောက်ခံပွဲမျိုး ပုံဖော် နေရခြင်း ကို နားလည် ပေး ရမည် ။ အရာရာ က သူတို့ လက် ထဲ မှာ ။ ကျွန်တော် ဖွင့် မပြော ရက် သော ကိစ္စမှာ ဤ ဝကုန်းကျေးရွာလေး သည် ၂၀၀၈ နှင့် ၂၀၁၀ တွင် အာဏာရပါတီ သို့ အကုန် ပုံအော ပေး ခဲ့သည် ။ သို့သော် အစိုးရအာဏာ ရ သွားချိန် တွင် သက်ဆိုင်ရာ လွှတ်တော်အမတ် ပြည်သူ့ကိုယ်စားလှယ်ကြီး သည် ရွာ သို့ ခြေဦး မသန်း တော့ ။ ဖုန်း ခေါ် ၍ ပင် မဖြေတော့ ။ တစ်မိုင် မျှ ပင် မရှည် သော ရွာ နှင့် ကားလမ်း ဆက် သည့် လမ်း အတွက် အခါ တစ် ရာမက တောင်းဆိုပါလျက် ဥပေက္ခာ ပြုထားဆဲ ။ ရွာ၏ ပညာရေး ၊ ကျန်းမာရေး ၊ ဘာအရေးမှ အားကိုး၍ မရ ။
ယခု တော့ ၂၀၁၅ ပွဲတော် အတွက် ပြန်၍ အာရုံ စိုက် လာသည် ။ ဒါကိုပင် မဟာ ဆုလာဘ်ကြီး ရ သကဲ့ သို့ မျှော်လင့် စောင့်စား နေသူများ ကို ကျွန်တော် ဘာပြော ထွက် ပါ မည်နည်း ။ မှ တစ်ပါး အားကိုးရာ မမြင် ထားသော အဖြစ် ။ ဆရာ ဇော်ဇော်အောင် ပြော သကဲ့သို့ “ ထဘီ မှန်း သိပေမဲ့ ချမ်းလွန်းလို့ ခြုံရသည့် အဖြစ် ” ။ ကျွန်တော် ကတော့ ထို ပွဲ ကို မတက် ၊ အိမ် မှာ ပင် နေခဲ့တော့မည် ဟု ယတိပြတ် အဖြေ ပေးလိုက်သည် ။ ဒါကို မချို တို့ က လက်ခံ ပါသည် ။ ဤသည် ကပင် တူတာ ကို တွဲ လုပ်၍ မတူတာ ကို ခွဲ လုပ်ခြင်း ပင် ။ ထိုကိစ္စ ကို ကျွန်တော် ရှင်း ရှင်းလင်းလင်း ဖြစ်အောင် ရှင်းပြ ပါသည် ။
“ ဒီ ပွဲ မှာ NLD ပါတီ သီချင်း တွေ ဖွင့် ရင်လည်း ကျွန်တော် အဲဒီ ပွဲ ကို တက်မှာ မဟုတ်ဘူး ။ ဒါက ပညာရေး ကိစ္စ ၊ အလှူရှင် က သူ့ စေတနာ နဲ့ သူ့ ဘာသာ အကုန် လုပ်ပြီး လှူတာ ။ ဘယ် ပါတီ အထောက်အပံ့ မှ မပါဘူး ။ ပါ ရင် လည်း ဒါဟာ အလှူ မသန့် တော့ ဘူး ။ ဒါကြောင့် ဒီလို ပွဲမျိုး မှာ နိုင်ငံရေး အမြတ် ထုတ် တာ ကို ကျွန်တော် လက်မခံတာ ၊ ဘယ်ပါတီပဲ လာလာ ဒါမျိုး ကျွန်တော် တက် မှာ မဟုတ်ဘူး ”
ကျွန်တော့် သဘော ထားကို သိရလို့ မချို က ထပ် မခေါ်တော့ ။ ကျွန်တော် လည်း ပို၍ လိပ်ပြာ သန့် သွားတော့ သည် ။
••••• ••••• •••••
“ သူ နဲ့ ပတ်သက်ရင် တစ်ခါ တစ်ခါ ကျတော့ ဘာ က ဘယ်လို ဆိုတာ သေသေ ချာချာ ပြန် လေ့လာရသေး တယ် ။ တစ်ခါတုန်း က ကျွန်တော် ဆံပင်ညှပ် နေတုန်း ရွာ ထဲ က မအေးကြည် နဲ့ မဝင်းရီ ရောက် လာပြီး သူ့ ကို စ,တာ ။ သူ က ကျွန်တော်တို့ ဘေး မှာ ရှိနေတယ် ။ ဟဲ့ ဝင်း ရီ ၊ ကိုလင်း က သတို့သား အရံ လုပ် မှာ အဲဒါကြောင့် ဆံပင်ညှပ် နေတာ တဲ့ ။ ဟုတ်လား ဘယ်သူ့ မင်္ဂလာဆောင် မှာလဲ မအေးကြည် က မေးတယ် ။ မမြကြည် နဲ့ ကိုတင်ဝင်း လေ ဟာ ၊ နင် မသိသေးဘူးလား ၊ ကိုလင်း က သတို့သား အရံ လုပ်မှာဆိုတော့ သူ က ထ , အော် တော့ တာပဲ ။ လက်ညှိုးကြီး ထိုးပြီး မအေးကြည် ခင်ဗျား နော် ခင်ဗျား ဆိုပြီး ဆံပင်ညှပ်ဆိုင် က နံရံ ကို လက်သီး နဲ့ ပိတ်ထိုး တာ ဝုန်းခနဲ ပဲ ။ ကျွန်တော် က ကိုနိုင် ဘာဖြစ်သွားတာလဲ ပေါ့ ။ သူ့ဟာ က ဇာတ်ရည် လည် မှ ကိုမာန် ရဲ့ ။ မအေး ကြည်ပြောတဲ့ ကိုတင်ဝင်း ဆို တာ လူပျိုကြီး ၊ သူ့ကို ခေါ်ပြီး ဘာ အလုပ်ပဲ လုပ်လုပ် ခိုင်း နေ ကျ ။ သူ က သူ့ အစ်မ နဲ့ ကိုတင်ဝင်း ကို ကျိတ်ပြီး သဘောတူ နေတာကိုး ။ အခု ကိုတင်ဝင်း မင်္ဂလာ ဆောင် တော့မယ် ဆိုတော့ ပေါက်ကွဲတာ ပေါ့ ။ မျက်ရည်တွေ ကို လည် လာတာဗျ ”
“ ဪ သနားစရာပဲ ”
“ ကျွန်တော်တို့ ရွာ မှာ တခြား ကိုမောင်အေး ဆိုတာ ရွာ ကနေ ဒီ ရွာသူ နဲ့ အိမ်ထောင် ကျပြီး ပြောင်းလာတာ ။ သူ့ စိတ် ထဲ မှာ ကိုမောင်အေး ဟာ တစ်ယောက်တည်းသမား ၊ သူစိမ်းပေါ့ ဗျာ ။ ဒီ ရွာ မှာ ဘယ်သူ နဲ့ မှ ဆွေမျိုး မရှိဘူး လို့ မှတ်ထားတာ ။ အဲဒါ ရွာ ထဲ ကို ဧည့်သည် လာရင် သူက ထုံးစံ အတိုင်း ဘယ် နားမှာ တွေ့တွေ့ သူ့ ရင်ဘတ် ကို လက် နှစ်ဖက်နဲ့ ပုတ်ပြီး ကျွန်တော် ကိုနိုင် ပါ လို့ ပြောပြီး လက်ဆွဲ နှုတ်ဆက်နေ ကျ ။ တစ်နေ့ ကျ တော့ ကိုမောင်အေး က သူ အဲဒီလို လက်ဆွဲ နှုတ်ဆက် မလို့ လုပ်နေတုန်း ဟေ့ကောင် ကိုနိုင် အဲဒါ ငါ့
သားချင်းကွ ပြော လိုက်တော့ သူ တုံ့ခနဲ ဖြစ် သွားတယ် ။ ဘာ လုပ်လို့ လုပ်ရမှန်း မသိ ဘူး ။ ဒေါသတွေ ထွက်လာ တယ် ။ သူ့ ကို စ , နေမှန်း သိ တာ မှ မဟုတ်တာ ။ သူ က ကိုမောင်အေး နဲ့ ဧည့်သည် ဘယ်လို တော်သလဲလို့ ပြန်စူး စမ်းနေတာ ။ ကိုမောင်အေး က ထပ် ပြောတယ် ။ အဲဒါ ငါ့ သားချင်း ကွ ၊ ယောက်ျားချင်း လေ ကွာ ၊ သူ လည်း ယောက်ျား ၊ ငါ လည်း ယောက်ျား အမျိုးပေါ့ ကွ ဆို တော့ သူ ဆက်ပြီး နှုတ် မဆက်တော့ဘဲ ထွက် သွား တာ ။ သူ့ စိတ် ထဲ မှာ ကိုမောင်အေး နဲ့ သားချင်း တော် ရင် နှုတ် မဆက်ရဘူးလို့ ထင် သွား တာကိုး ”
“ ကိုမောင်အေး နဲ့ သူ နဲ့ က မကြာမကြာ ပြဿနာ တက်လေ့ ရှိတယ်ဗျ ။ ကိုမောင်အေး က လည်း သူ့ ကို တွေ့ တာနဲ့ စ , တော့တာပဲ ။ တစ်ခါတုန်း က သူ က ဆောင်းဘောက်ကြီး ထမ်းပြီး ကိုမောင်အေး တို့ ခြံဝင်း ရှေ့ က ဖြတ် လာတာ ။ ကိုမောင်အေး က ရေချိုး နေရင်း တွေ့တော့ ဟေ့ကောင် ကိုနိုင် လို့ ခေါ်ပြီး ရေ နဲ့ လုံချည် စိုအောင် လှမ်း ပက် တာ သူ ဒေါသတွေ ထွက်ပြီး ဘာ လုပ်ရမှန်း မသိဘူး ။ ပါးစပ် က တော့ အော် တာပေါ့ ဗျာ ၊ ပြီးတော့မှ အား နေ တဲ့ လက်တစ်ဖက် နဲ့ ကိုမောင်အေး တို့ ခြံစည်းရိုး က ဝါးကပ်တိုင် နှစ်ချောင်း ကို ဆွဲချိုး သွားတာ ၊ ဘေး က လူတွေ က ကြည့်ပြီး ရယ်ကြတာ ပေါ့ ”
“ သူ့မှာ ကိုဝင်း နဲ့ မညို ဆိုတဲ့ အစ်ကို နဲ့ အစ်မ ရှိသေး တယ် ။ ကိုဝင်း က လည်း သူ့ လို ပဲ သိပ် ပုံမှန် မဟုတ်ဘူး ။ သူတို့ စိတ် ထဲ မှာ ဘယ် သူစိမ်း နဲ့ တွေ့တွေ့ နာမည် ပြောပြီး မိတ်ဆက် ရမယ်လို့ မှတ်ထား တာဗျ ။ တစ်ရက် ကျ တော့ ရွာ ထဲ က သူတို့ အကြောင်း သိနေတဲ့ လူ က ကိုဝင်း ကို တွေ့ တော့ “ ဟေ့ ကိုနိုင် ဘယ်သွားမလို့လဲ လို့ နှုတ်ဆက် လိုက်ရော ။ ကိုဝင်း ဗျာ ၊ “ ကျွန်တော် ကိုဝင်း ပါ ” ဆိုပြီး တတွတ်တွတ် ရှင်းပြ တော့ တာပဲ ။ ကိုနိုင်လ ည်း ဒီလိုပဲ ။ သူ့ ကို ကိုဝင်း ဆိုပြီး နှုတ်ဆက်တာ နဲ့ “ ကျွန်တော် ကိုနိုင် ပါ ” ဆိုပြီး သူ့ ရင်ဘတ် ကို ပုတ်ပုတ် ပြီး သေသေချာ ချာ ရှင်း ပြတာ ။ တစ်ဖက် လူ က စ , နေမှန်း မသိရှာဘူး ။ တစ်ဖက် လူ က သနား ပြီး တော့ ကိုနိုင် လား ဆိုတော့ မှ သူ့ ဟာ သူ ဘဝင် ကျ သွား တာ ။ အခု လည်း ကိုမာန့် ကို ဧည့်သည် လို့ သူ မှတ်ထားတာ ။ ကိုမာန် ရွာ ထဲ က မပြန်မချင်း တွေ့ တိုင်း “ ကျွန်တော် ကိုနိုင် ပါ ” လို့ နှုတ်ဆက် နေတော့တာပဲ ။ သူ့ ကို ကိုမာန် မမှတ်မိ မှာ ကို သူ့ ဟာ သူ စိုးရိမ် နေတာ ။
“ သူ အစိုးရိမ်ဆုံး ကိစ္စ က ကိုတင်ဝင်း ကိစ္စပဲ ။ ကိုတင်ဝင်း က သူ့ ကို လူစိမ်း လို့ နာမည် ပေးထားတယ် ။ သူ ခိုင်းစရာ ရှိရင် သံချောင်း ခေါက် လိုက်တာနဲ့ ကိုနိုင် ချက်ချင်း ပြေးလာတာ ။ သူ့ ကို ခေါ်မှန်း သိတယ် ဗျ ။ ဒီ ရွာ မှာ သူ့ ကို အလုပ် သေသေချာချာ ခိုင်းတယ် ၊ ကျွေးစရာ ရှိရင် ကျွေးတယ် ၊ ပေးစရာ ရှိရင် ပေးတယ် ဆိုတာ ကိုတင်ဝင်း ပဲ လို့ သူ မှတ်ထားတာ ။ ရွာ က လူတွေ က သိတော့ သူ့ ကို တမင် စ ,ကြတယ် ။ ကိုတင်ဝင်း ကို သူ က သူ့ အစ်မ နဲ့ လည်း သဘော တူ ထား တာကိုး ။ ရွာ ထဲ က လူတွေ က ကိုတင်ဝင်း တော့ ဘယ်သူ နဲ့ မင်္ဂလာဆောင် တော့ မှာ ၊ ဗီဒီယိုရုံ မှာ လည်း သူ ယူမယ့် မိန်းမ ဘက် က မောင် က ဇာတ်ကား ဆိုင်းဘုတ် ဆွဲရ တော့ မှာ ။ ရွာ ထဲ လှည့် အော် ရင်လ ည်း ဘယ်သူ့ ကို သုံးမှာ ၊ စက်မောင်း မှာ က ဘယ်သူ တဲ့ ဟဲ့ ဆိုရင် ကိုနိုင် ဆွေ့ဆွေ့ ခုန် တော့ တာပဲ ။ အဲဒါတွေ က သူ လုပ်ပေး နေကျ အလုပ်တွေ ။ ကိုတင်ဝင်း သာ မိန်းမ ရသွား ရင် ဒါတွေ သူ မလုပ်ရတော့ ဘူး ဆိုပြီး ပေါက်ကွဲတော့ တာ ပဲ ။ ထိန်း လို့ ကို မရတော့ဘူး ။ သူ က ပါးစပ်တော့ အင်မတန် စည်းကမ်း ရှိတာ ၊ အလှူ အတန်း ရှိ လို့ ဝင် လာပြီ ဆိုရင် သူ့ ကို ချကျွေး မှ စားတာ ။ စားပွဲ ပေါ် မှာ ဘာတွေ ဘယ်လောက်ချ ပေးပေး မစားဘူး ။ ထည့် ကျွေးတာ ကို စားတာ ။
စား တာ လည်း တစ်ကြိမ် ပဲ စားတာ ။ ထပ် မထည့်ဘူး ။ သူ အကြိုက်ဆုံး က ကွမ်းယာ ၊ ကွမ်းယာ က တော့ ကျွေး သလောက် စားတယ် ”
ကျွန်တော် သည် ကိုလင်း ပြောသော စကား များ ကို စီကာပတ်ကုံး နား ထောင်ရင်း ဆမ်းမားဆက်မွမ် ၏ ဝတ္ထုစာသားလေး ကို အမှတ်ရမိသည် ။ “ ဂျော့ ဘုရင်မင်းမြတ် ၏ နေမဝင် အင်ပါယာ ထဲ တွင် ထူးထူးဆန်းဆန်း ရှိတတ်သူ ” ဟူသော ဝေါဟာရ စာသား လေးပင် ။ ယခု ကျွန်တော်တို့ ဒီမိုကရေစီ သမ္မတနိုင်ငံတော် ထဲ မှာ လည်း ထိုကဲ့သို့ ပင် ထူးဆန်းသူများ တွေ့ရ သေးသည် ။
မချို က ကျွန်တော့် ကို ရေချိုး ဖို့ သတိ လာ ပေး သဖြင့် ရေတွင်း ဆီ သို့ ကျွန်တော် ထွက်လာ မိသည် ။ ကျွန်တော့် နံဘေး သို့ ရုတ်ခြည်း ကပ် လာ သော သူ့ ကြောင့် ကျွန်တော် ပြုံး ၍ နှုတ်ဆက် မိသည် ။
“ အဲဒါ ကိုနိုင် ခပ် ထားတာ ဆရာ ချိုး ဖို့ပါ ၊ ကျွန်တော် ကိုနိုင် ပါ ” ဟူ သော အသံ ကို ကြား လိုက်ရသည် ။ ကျွန်တော် သူ့ ကို မရွံ့တော့ ၊ သူ့ လက် နှစ်ဖက် ကို ပြန် ဆွဲ၍ နှုတ်ဆက် ရင်း ရေတွင်း ဆီ သို့ ဆက် လျှောက်လာ ခဲ့သည် ။
ရေတွေ က ကြည်လင် အေးစက်နေပါ တကား ။
◾မာန် ၊ တောင်လုံးပြန် ၊
📖 ရွှေအမြုတေ ရုပ်စုံမဂ္ဂဇင်း
၂၁၁၅ ခု ၊ ဩဂုတ် လ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment