❝ ငါးမူးတန် လူ ❞
“ လှမောင် အလကားကောင် ” ဆိုရင် လှမောင် မခံချင်ဘူး ။
“ ဟေ့ … လှမောင် အလကားကောင် မဟုတ်ဘူးကွ … ငါ့ မှာ အိမ် ရှိတယ် … ဝင်း ရှိတယ် … အမေ ရှိတယ် ” လို့ ပြန် ပြောတတ်တယ် ။
သူ့ အမေ ဒေါ်ထိန် က လည်း သူ့ သား လှမောင် ကို အလကားကောင် ၊ အရက်သမား ပြောရင် မကြိုက်ဘူး ။
“ ဟေ့ … လှမောင် က နေတက် ရေတက် စနေနေ့ မှာ မွေးတဲ့ ကောင် ၊ အချင်း စလွယ်သိုင်း နဲ့ သိုက်ဖွား ဟဲ့ … ပညာတတ် လူချော … အရက် သောက်တာ လွဲပြီး ဖဲ မရိုက်ဘူး ၊ ကြက် မတိုက်ဘူး ၊ မိန်းမ မလိုက်စားဘူး … သူများ လို တစ်ကျပ် မတန် တောင် ငါးမူး တော့ တန်တယ် ဟဲ့ ” လို့ ရန် တွေ့ တတ်တယ် ။
ဒေါ်ထိန် က မုဆိုးမ ။ ယောက်ျား ဆုံးတော့ ကလေး ၃ ယောက် က အရွယ် မရောက် သေးဘူး ။ အကြီးဆုံး က လှဆောင် ၊ အလတ် က လှမောင် ၊ အငယ် က လှသီ ။ ယောက်ျားလေး ၂ ယောက် ၊ မိန်းကလေး ၁ ယောက် ။ နောက် အိမ်ထောင် မပြုတော့ ဘဲ ကလေးတွေ ကို ဈေးရောင်း ကျွေး လာတယ် ။ အရွယ် ရောက် တော့ ကိုလှဆောင် က လက်သမား လုပ်တယ် ။ ပန်းရောင်း တဲ့ ကောင်မလေး နဲ့ အိမ်ထောင် ကျတယ် ။ အစ က တော့ ကောင်မလေး အိမ် လိုက် နေ သေးတယ် ။ ၁ လ မကြာဘူး ၊ အမေ့ အိမ် ရောက် လာကြတယ် ။ ကောင်မလေး မိဘတွေ က သားသမီး များ တဲ့ အပြင် ငှား နေတဲ့ အိမ် ကလည်း ၂ ခန်းယောင် ၁ ခန်းကျယ်လေး ကိုး ။
အငယ်မ လှသီ က လည်း ပန်းရန် လိုက်ရင်း ပန်းရန်ဆရာ နဲ့ ညား တာပါပဲ ။ ကောင်လေး က ဒေါ်ထိန့် အိမ် ပဲ လိုက် နေတယ် ။ အိမ် က မကျယ်ပေမယ့် ဝင်း က အလျား ပေ ၆၀ ၊ အနံ ပေ ၄၀ ရှိတယ် ။ ဒီတော့ အဖီ ချ နေကြ တာပေါ့ ။ လှမောင် က လူပျို ၊ ဆယ်တန်း အောင် တော့ တက္ကသိုလ် ဆက် ထားတယ် ။ လှမောင် က ငယ်ငယ် ကတည်း က စား လည်း ကြိုးစားတယ် ၊ အေး လည်း အေး တယ် ။ အိမ် ထဲ က အိမ်ပြင် သိပ် ထွက် တာ မဟုတ်ဘူး ။ အပေါင်းအသင်း လည်း တစ်ယောက် စ နှစ်ယောက် စ လောက် သာ ပေါင်းတာ ။ ဘယ် ဗေဒင် မေးမေး ၊ နတ်ကတော် ဟောဟော … “ ဇဗ္ဗူတလူ မှာ အာဂယောက်ျား ဖြစ်မယ့် သူ ” လို့ ဟော ကြတော့ ဒေါ်ထိန့် စိတ် ထဲ လှမောင် ကြီး လာရင် အရာရှိကြီး ဖြစ် မလား ၊ သူဌေးကြီး ဖြစ် မလား ၊ တစ်ခုခု တော့ ဖြစ် မှာပဲ လို့ ယုံ နေတာပေါ့ ။
ဒီတော့ ဆင်းရဲတာ အပ ထား ၊ လှမောင် ကို နေ့တက္ကသိုလ် မှာ ထားတယ် ။ လှမောင် က လည်း ကျောင်း မှန်မှန် တက် ၊ စာ ကြိုးစား ပါတယ် ။
အဲ … နောက်ဆုံးနှစ် ရောက် တော့ လှမောင် တစ်ယောက် ရည်းစား ပစ် သွားလို့ ဆိုပြီး အသည်း စ ကွဲ တော့တာပဲ ။ နီးစပ်ရာ ထန်းတော မှာ ထန်းရည် နဲ့ ကုရင်း စာမေးပွဲ ကျ တော့တာပဲ ။ တက္ကသိုလ်ကို အပြင် က ဖြေ တုန်း ရည်းစား က ပစ်သွားရုံ မက လင် ယူ သွားပြီး တစ်ခါတည်း ကိစ္စတုံး လုပ် လိုက်တော့ ကွဲနေတဲ့ အသည်း ‘ ဖြန်းခနဲ ’ ကြေမွ သွား တော့တာပေါ့ ။ ဘယ် အရက် နဲ့ စိမ်စိမ် ပြန် မကောင်းတော့ပါဘူး ။ ခုထိ ဆိုပါတော့ ။
လှမောင် က အရက် မမူး ရင် သာ အေး တာ ။ အရက် မူး ရင်တော့ သိပ် ဂျီကျတဲ့ ကောင် ။ သူများတွေ အပေါ် တော့ မဟုတ်ပါဘူး ။ သူ့ အမေ အပေါ် မှာ ပါ ။ ဒေါ်ထိန် က လည်း လှမောင် ဘယ်လောက် ဂျီ ကျကျ ။
“ အေး ပါ … အေး ပါ ”
“ မင်း ပြောတာ … မှန်ပါတယ် ”
“ အမေ သိပါတယ် ” နဲ့ လှမောင် ကို ချော့ နေကျ ။ ထမင်း ချော့ ကျွေး နေကျ ။ သိပ် နေကျပါ ။
တစ်ခါတော့ လှမောင် က ထမင်း စားရင်း …
“ တစ်ခါ လာ လည်း ပဲပြုတ် … တစ်ခါ လာ လည်း ကြက်ဥကြော် … သွားစမ်းကွာ … မစားချင်ဘူး ” ဆိုပြီး ပန်းကန် လွှင့် ပစ် လေရော ။
ဒေါ်ထိန် က တော့ ပျာပျာသလဲ နဲ့ …
“ သားလေး … ဘာ စား ချင်တာလဲ … ဆိတ်သား လား ၊ ကြက်သား လား ။ ကဲပါ … အမေ နှစ်ခု စလုံး ဝယ်ခဲ့ပါမယ် ” ဆိုပြီး ဟင်းထမင်း ရောင်းတဲ့ လမ်းဘက် ဆီ အပြေး တစ်ပိုင်း ထွက် သွားတာပေါ့ ။
အမေ မရှိတော့ လှဆောင် က …
“ ဟေ့ကောင် လှမောင် … အမေ စိတ်ဆင်းရဲ မှာ စိုးလို့ ငါ မပြောဘဲ နေတာ ကမ်း မတက်နဲ့ ” လို့ ငေါက်တယ် ။
“ ကျုပ် က ဘာ ကမ်းတက် လို့လဲ ဗျ ”
“ အောင်မာ … မင်း က ငါ့ ကို ပြန် ပြောတယ်ပေါ့ ”
နဂို က မှ စိတ်ချဉ်ချဉ် ရှိတာ မို့ ကိုလှဆောင် က လှမောင် ကို ထ ကန်တယ် ။ အမူးသမား ဆိုတော့ ထိုင် နေရာ ကနေ ခွေခွေလေး လဲကျ သွား တာပေါ့ ။
“ မှတ်ထား … နောက် တစ်ခါ အမေ့ ကို ဂျီ ကျရင် အသေပဲ ”
လှသီ က လည်း လှမောင် ကို အမြင်ကတ် နေ တာမို့ ဝင် လည်း မဆွဲဘူး ။ ပြော လည်း မပြောဘူး ။
ကိုလှဆောင် မိန်းမ က တော့ “ ကိုလှဆောင် ရယ် … တော်ပါတော့ ” ဆိုပြီး ဝင် ဆွဲတယ် ။ မယား ဆွဲ လို့ ဒေါသ ပို ကြွသွား သလား မသိဘူး ။ လဲ နေတဲ့ လှမောင် ကို ထပ် ကန်ဖို့ ခြေထောက် နဲ့ ရွယ် လိုက်တယ် ။
“ ဟဲ့ … ဟဲ့ … ဘာလုပ်တာတုံး ”
ဒေါ်ထိန် အိမ် ထဲ အပြေး ဝင် လာတယ် ။ လှသီ က အမေ မြန်လှချည်လား လို့ တွေး လိုက်မိတယ် ။ ဒေါ်ထိန် က ပိုက်ဆံ မေ့ လို့ ပြန်လာ ယူတာ ။ ဒေါ်ထိန် က လှမောင် ကို ပြေး ပွေ့တယ် ။
“ ဟီး … ဟီး … ”
လှမောင် က ကလေး တစ်ယောက် လို အမေ့ ရင်ခွင် အပ် ငိုတယ် ။
“ တိတ် … တိတ် … ငါ့သား ကို ဘယ်သူမှ မနိုင်ရဘူး … အမေ ရှိတယ် ”
ဒေါ်ထိန် က ကလေး တစ်ယောက် လို ခေါင်းလေး ပွတ်ပြီး ချော့တယ် ။
လှမောင် တို့ သားအမိ အဖြစ် ကို ကြည့်ပြီး ကိုလှဆောင် က သက်ပြင်း ချ ၊ လှသီ က မျက်စောင်းခဲ ပေါ့ ။
ဒေါ်ထိန် က လှဆောင် ကို မော့ ကြည့်ပြီး …
“ ဟဲ့ … လှဆောင် … ငါ တောင် မသေသေးဘူး … ကိုယ့် ညီ ကို ဒီလောက် နိုင်ချင်ပြီလား … သ,တ်ချင်ပြီလား … ကိုယ့် ညီ စိတ်မချမ်းသာ ဖြစ်နေလို့ သူ့ ဟာ သူ သက်သာ သလို နေတာ ကို ချော့မော့မယ် မကြံဘူး … ပတ်ဝန်းကျင် ဝမ်းသာအောင် နင် က လုပ်ပြီပေါ့ … ဟုတ်လား ငလှဆောင် … နင်တို့ နဲ့ ငါတို့ သားအမိ တစ်အိမ်တည်း နေလို့ မဖြစ်ဘူး ” ဆိုပြီး ဝင်း ကို ၃ ပိုင်း ခွဲ ၊ အလယ်အိမ် ရှိတဲ့ အပိုင်းကို လှမောင် ၊ အရှေ့ပိုင်း ကို ကိုလှဆောင် ၊ အနောက်ဘက်ပိုင်း ကို လှသီ ဆိုပြီး ရပ်ကွက်ရုံး မှာ အမွေစာချုပ် အဖြစ် ခွဲ ပေးတယ် ။
နောက်ပြီး လူကြီးတွေ ရှေ့ မှာ တင် ဒေါ်ထိန် က ကိုလှဆောင် နဲ့ လှသီ ကို …
“ နင်တို့ နှစ်ယောက် ငါတို့ သား အမိ ကြား ဘယ်တော့မှ ဝင် မပါနဲ့ … နောက် တစ်ခါဆို သေခန်းဖြတ်ပဲ ” လို့ ကြိမ်းပြော ပြော လိုက်တယ် ။
ဒီ ကတည်း က ကိုလှဆောင် က လှမောင် မူးပြီး သူ့ အမေ ကို ဂျီ ကျရင် တစ်အိမ် အိမ် ဘက် ထွက် သွားပြီး …
“ အလကား ကောင် … အမေ့ လုပ်စာ ထိုင် စားပြီး အမေ့ ကို ဂျီကျ နေတဲ့ ကောင် ” လို့ တဖျစ်တောက်တောက် ပြော ရှာတယ် ။ လှသီ က လည်း နား မခံသာတဲ့ နေ့ ဆိုရင် တခြား ရှောင်ထွက် သွားပြီး …
“ ကိုလှမောင် က အမေ ရှိနေလို့ သာ … မရှိရင် အလုပ် မရှိ အကိုင် မရှိ နဲ့ ငတ်သေမှာ ” လို့ ရင့်ရင့်သီးသီး ပြော တတ်တယ် ။ အမေ ကို ဂျီကျ နေတာ ကိုး ။
သူတို့ လို ပဲ ရပ်ကွက် ထဲ က လည်း အလုပ် မရှိဘဲ မူးပြီး နေတဲ့ လှမောင် ကို အလကားကောင် ၊ အမေ ရှိ နေ လို့သာ အသက် ရှင် နေတာ ၊ အမေ မရှိ ရင် ငတ် သေမယ့် ကောင် ၊ တောင်း စားမယ့် ကောင် ၊ ခိုး စားမယ့် ကောင် လို့ အတင်း ပြော ကြတယ် ။ အထင် သေးစရာ ကိုး ။
••••• ••••• •••••
ရုတ်တရက် ဒေါ်ထိန် ဆုံး သွားတယ် ။ လှသီ မှာ ငို လိုက်တာ ၊ တစ်ခါတလေ တက်တောင် သွားသေး ။
“ အမေ ရဲ့ … ကျွန်မတို့ ကို ပစ်သွားပြီလား … ကျွန်မတို့ ဘယ်သူ နဲ့ နေရမှာလဲ ” ဘာညာပေါ့ ။ လူ စည်လေ ပို ငိုလေပေါ့ ။
ကိုလှဆောင် က လည်း ဧည့်ခံသာ စကား ပြော နေရတယ် ။ အသံ မှာ တိုးလျလျ ။ မျက်လုံးအိမ် မှာ မျက်ရည်တွေ ပြည့်လို့ ။ လှမောင် က တော့ အရက်တွေ မူးအောင် သောက်ပြီး အလောင်း ဘေး မှာ ငူငူကြီး ထိုင် နေတာပဲ ။
လှသီ ငို ရင် “ တော် … နားငြီးတယ် ” လို့ အာလေးသံကြီး နဲ့ လှမ်း ငေါက်တယ် ။
“ အမယ်လေး … အမေ ရဲ့ ၊ အမေ့ အချစ်ဆုံး သား က အမေ သေ လို့ ငိုတာတောင် မငိုရဘူးတဲ့ တော့ ” ဆိုပြီး ပို ငိုတာပေါ့ ။
“ ဟေ့ကောင် ငမူး … အလကားကောင် အသာ နေ … ငါ ထ လုပ်မိလိမ့်မယ် ”
ကိုလှဆောင် က လှမ်း ကြိမ်း ရတယ် ။
“ ငို … ငို ” ဆိုပြီး လှမောင် က အရက်ဆိုင် ဆီ ထ ထွက် ခဲ့တယ် ။
••••• ••••• •••••
အမေ ဆုံးပြီး တော့ လည်း လှမောင် က အရက် သောက်တုန်း ၊ မူးတုန်း ။ တစ်ယောက် တည်း အမေ ကို ဂျီကျ သလို ကျတုန်း ။
မနက် အစောကြီး ကတည်း က ပျောက် သွားတယ် ။ နေဝင်ချိန် မှ အရက်ဆိုင် ရောက် လာတယ် ။ အရက် သောက်တယ် ။ ထမင်း နဲ့ ဟင်း ကို ကြွပ်ကြွပ်အိတ် နဲ့ ဝယ် လာပြီး အိမ်ပြန် လာတယ် ။ ထမင်း စားတယ် ။ နောက် … အမေ့ ကို ဂျီကျ သလို ကျပြီး အိပ်ပျော် သွားတယ် ။
ဒီတော့ အရက်သမား တစ်ယောက် အလုပ် မရှိဘဲ နေ့တိုင်း နေ့တိုင်း အရက် သောက် နိုင်တယ် ။ ထမင်း ဝယ် စားနိုင်တယ် ဆိုတော့ မဟုတ်မှ လွဲရော အကြံအဖန် ရှိပြီ ။ မြို့ ထဲ သွားပြီး ခိုးတာလား ၊ လစ်တာလား ၊ ခါးပိုက်နှိုက် တာ လား ပေါ့ ။
ကိုလှဆောင် နဲ့ မလှသီ က တော့ သွေးရင်း ဆိုတော့ “ အိမ် နဲ့ ဝင်းများ ပေါင်ပြီး သောက်စားတာလား ” လို့ တွေးကြ တာပေါ့ ။
ကိုလှဆောင် က အမေ့ သေတ္တာ ကို ဖွင့် ကြည့် တော့လည်း စာချုပ်ခေါက်လေး က ရှိတယ် ။ သူ သိမ်း ထား လိုက်တယ် ။
“ ဟေ့ကောင် … မင်း မဟုတ်တာတွေ မလုပ်နဲ့နော် … ငါတို့ နာမည် ပျက်အောင် လုပ်ရင် သေသွားမယ် ”
ကိုလှဆောင် က မူး နေတဲ့ လှမောင် ကို နားပန် သုံးလေးချက် တီးပြီး ပြောတယ် ။
“ ဒီမှာ အစ်ကို … ငါ က မင်း လို တစ်ကျပ် မတန်ပေမယ့် အမေ ပြော သလို ငါးမူးတော့ တန်ပါတယ်ကွ ”
လို့ ပြောပြီး ယိုင်ထိုး ယိုင်ထိုး နဲ့ ရှောင်ထွက် ခဲ့တယ် ။
ရပ်ကွက် ထဲ မှာ တော့ ပစ္စည်း ပျောက် ရင် လှမောင် ကို ထင်ချင် ကြပြီ ။ အခိုး ခံ ရ ရင်လည်း ထဘီစုတ် ဖြစ်ပါစေ “ မဟုတ်မှ လွဲရော … ဒါ လှမောင် လက်ချက်ပဲ ” လို့ ပြောလာ ကြပြီ ။
••••• ••••• •••••
တစ်ရက် တော့ အလုပ်ပျက် ခံပြီး ကိုလှဆောင် က လှမောင် နောက် ခြေရာခံ လိုက်တယ် ။
လှမောင် က တော့ ခါတိုင်း လို ပဲ အိပ်ရာ ထ ၊ မျက်နှာ သစ်ပြီး ပုဆိုး တစ်ထည် ကို ပခုံးပေါ် တင် ကာ ခေါင်း ငိုက်စိုက် နဲ့ ထွက်ခဲ့တယ် ။ ခါး မှာ လည်း ဓားမတိုလေး ထိုး လို့ ။ ရေနီမြောင်း ဘက် က ဝင်းကျယ်တွေ ဘက် လျှောက် သွားတယ် ။ မြေစာမြက်ကလေးတွေ ကို လိုက် ရှာ ပြီး နုတ်တယ် ။ နောက် သီးပင် ပေါ် တက်ပြီး သီးညွန့်တွေ ခူးတယ် ။ ကိုလှဆောင် က ခပ်လှမ်းလှမ်း က နေ နား မလည်စွာ ကြည့် နေတယ် ။
ခြံတွေ နား မှာ ပေါက် နေတဲ့ ဝါးပင် က အညွန့်တွေ ခူးတယ် ။ ဒန်းပင် က အညွန့်တွေ ခူးတယ် ။
ရသမျှ ပစ္စည်းတွေ ကို ပုဆိုး နဲ့ ထုပ်တယ် ။ ရေနီမြောင်း ထဲ ယူ လာပြီး စင်ကြယ်အောင် ရေ အထပ်ထပ် ဆေးတယ် ။
နောက် ပုဆိုး နဲ့ ထုပ်ပြီး ထမ်းထွက် ခဲ့တယ် ။ ဘာလုပ်ဖို့လဲ ပေါ့ ။ ဘယ်သွားမှာလဲ ပေါ့ ။ ကိုလှဆောင် စိတ် က သိချင် နေပြီ ။
ဒါကြောင့် နောက်က အသာ လိုက်ခဲ့တယ် ။ သွားရင်း … သွားရင်း နဲ့ အောင်တော်မူဘုရား ရောက် သွားတယ် ။ ပန်း ရောင်းတဲ့ ဆိုင် ထဲ ဝင် သွားတယ် ။ ပန်းဆိုင် ဆို ပေမယ့် ယတြာ ချေတဲ့ ပစ္စည်းတွေ လည်း ရောင်း တာကိုး ။ ဒီတော့မှ ကိုလှဆောင် သဘော ပေါက် သွားတယ် ။ ဆိုင်ရှင် က ပစ္စည်းတွေ ယူပြီး ငွေ ထုတ် ပေးတယ် ။
“ ဒီလို ဆိုတော့ ငါ့ ညီ က ဘယ် ဆိုးလို့လဲ ” လို့ တွေးလိုက်မိတယ် ။
လှမောင် က ဘုရား ထဲ ဝင် သွားတယ် ။ ကိုလှဆောင် က နောက် က လိုက် သွားတယ် ။ အလှူခံပုံး ထဲ ငွေ ၅၀ ထည့် တာ မြင် လိုက်တယ် ။ နောက် ဘုရား ရှေ့သွားပြီး ဦး ၃ ကြိမ်ချ ရှိခိုးတယ် ။ လူ က ရှင်း နေတယ် ။
“ ကျုပ် ပြုသမျှ ကုသိုလ် အမေ့ အတွက် ပါ … အမေရေ အမျှ … အမျှ … အမျှ ၊ သာဓု … သာဓု … သာဓု ” ဆိုပြီး အော် ဆိုတယ် ။ နောက် ဘုရား ထဲ က ပြန် ထွက် ခဲ့တယ် ။ ဘုရား ပေါက် က အမေအို ၃ ယောက် ကို လည်း ၅ ကျပ် ၊ ၁၀ လှူ ခဲ့ သေးတယ် ။ ကိုလှဆောင် စိတ် ထဲ ဝမ်းနည်း မိ သွားတယ် ။ အမေ့ အတွက် ရည်စူး ပြီး မလှူဖူး သေးဘူး ။ လှသီ ရော … ။
လှမောင် က တော့ ပေါ့ပါးစွာ နဲ့ ၂၆ လမ်း ဘက် ထွက် ခဲ့တယ် ။ လမ်း မှာ တွေ့တဲ့ အရက်ဆိုင် မှာ အရက် ဝင် သောက်တယ် ။ ပြန် ထွက် လာတယ် ။ ကျုံးထောင့် ဘက်ဆီ ဦးတည် သွားတယ် ။ လှမောင် ဘာ လုပ်မှာလဲ ။ ကိုလှဆောင် မတွေးတတ် ။ မြို့ထဲ သွား မှာလား ။ မဟုတ်ဘူး ။ ကျုံးထောင့် မှာ ရပ် နေပြီး မကြာပါဘူး ။ ကြာနီကန် သွားမယ့် နာရေး ကားတွေ ကျုံးထောင့် ဖြတ် လာ ကြပြီ ။
ဒီတော့ လှမောင် က နာရေး လိုက် ပို့တဲ့ ကား တစ်စီး ပေါ် ပြေး တက် လိုက်သွားတယ် ။ ကိုလှဆောင် ပါးစပ် အဟောင်းသား ဖြစ် ကျန်ခဲ့တယ် ။
လှမောင် က အမေ့ ကို သဂြိုဟ် ခဲ့တဲ့ ကြာနီကန် ဆီ နေ့တိုင်း သွားတာ ၊ သူ လှူခဲ့ သမျှ အမေ့ ကို အမျှ သွား ဝေတာ နေ မှာ ။ ညနေစောင်း မှ ပြန် လာ တော့မှာ ။
ကိုလှဆောင် ခမျာ ငူငူကြီး ရပ် နေပြီး …
“ အမေ ရေ … လှမောင် က ငါးမူးတန် လား … ကျွန်တော် နဲ့ လှသီ က ငါးမူးတန် လား … ရှင်းရှင်းလင်းလင်း ပြောခဲ့ပါ ဗျာ ” လို့ တမ်းတမ်းတတ ပြော ရှာတယ် ။
◾မင်းတင်ထွဏ်း
📖 ရွှေအမြုတေ မဂ္ဂဇင်း
ဒီဇင်ဘာလ ၂၀၀၈ ။
📖 အလင်းသစ်ရွေးသီရာ
၂၀၀၈ ။
📖 မြန်မာဝတ္ထုတို ( စိတ်ကူးချိုချို ) ၊
၂၀၀၈ ။
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment