Friday, August 11, 2023

မိမိ နှင့် သော်တာဆွေ


 ❝ မိမိ နှင့် သော်တာဆွေ ❞


( ၁ )


အမှန်အတိုင်း ဝန်ခံရ လျှင် ဆရာသော်တာဆွေ နှင့် ခရီး တစ်ခု တည်း အတူ သွားဖူး ချင်သည် ။ သွား ရမှာ လည်း ကြောက် နေသည် ။ 


အကြောင်း မှာ သူ့ အကြောင်း ကို သူ ရေးသည့် စာတွေ ထဲ မှာ လည်း ဖတ်ဖူးသည် ။ ဟိုလူ သည်လူ တွေ ပြောကြတာ တွေ ကို လည်း ကြားဖူး သည် ။ သူ့ စာ ထဲ မှာ ဘာ တစ်ခု မှ မထိမ်ဝှက် ။ သူ က ကြက် လည်း တိုက် တတ်သည် ။ ဟိုလို သည်လို မိန်းမတွေ နှင့် လည်း ပတ်သက် ဖူးသည် ။ အရက် လည်း သောက် တတ်သည် ။


ထပ်ပြီး ပြော ရ လျှင် သူ က အရက် သောက် လျှင် မူး တတ်သည် ။ အရက် ကို မူး အောင် သောက် တတ်သည် ။ အရက် မူး လျှင် ပြဿနာတွေ ဖြစ် တတ်သည် ။ ခိုက်ရန် ဖြစ်ပွား တတ်သည် ။ ပြီးတော့ သူ က ပေါင်းတည်သား ဟု ဆိုထား သည် မဟုတ်လား ။


မိမိ က အရက် သောက် တတ် သော်လည်း အရက်မူးသမား ကို တော့ အင်မတန် ကြောက်သည် ။ မည်သည့် အချိန် မှာ ပဲ ဖြစ်ဖြစ် အရက် မူး နေသူ တွေ့ လျှင် ဝေးဝေး က ရှောင်သည် ။ တတ်နိုင်သမျှ မပတ်သက်အောင် နေသည် ။ မိမိနှင့် အတူ သောက်သူများ မူးပြီး ဂျီ ကျ လျှင် အင်မတန် စိတ် ညစ်သည် ။ စကားများ ရန်ဖြစ် ကြ လျှင် ပိုပြီး စိတ် ညစ်သည် ။ ဝိုင်း နှင့် သောက်ရမည် ကို ကြောက် သွားသည် ။ သို့သော် မိမိ က တစ်ယောက် တည်း လည်း မသောက်တတ် ။ အဖော်အပေါင်း အသိ မိတ်ဆွေများ နှင့် ဟို အမြည်း သည် အမြည်း စားရင်း ၊ စကား စမြည်ကလေး ပြောရင်း သာ မမူး အောင် သောက် ချင်သည် ။


အမှန်တော့ မိမိ အရက် သောက်ဖြစ် နေခြင်း မှာ လည်း ကိုမိုးဝေ နှင့် အတူ လိုက်ပါပြီး အမြည်းစား ရာ မှ စသည် ။ အရက်သမားများ ၏ ထုံးစံ အတိုင်း ပင် ကိုမိုးဝေ က “ နည်းနည်း တော့ သောက်ဗျာ ၊ နည်းနည်း ကလေးပါ ။ မမူးပါဘူး ၊ စားလို့သောက်လို့ ကောင်းတာပေါ့ ” ဟု ဇာတ် သွင်းသည် ။


ယင်းသို့ဖြင့် မော့ဝီစကီ ပက်ဝက် ကို ဆိုဒါ ဖန်ခွက် အပြည့် ရောပြီး သောက် ရာ မှ ဇာတ်လမ်း စတင် ခဲ့သည် ။ သို့သော် မိမိ သည် သူများတွေ အရက် မူး သည် ကို ကြောက်သည့် ထုံးစံ အတိုင်း သူတို့ တွေ မူးကြသည် အထိ ဝိုင်း မှာ ကြာကြာ မနေ ။ မိမိ လည်း ဗိုက် ထဲ မှာ အတော်ကလေး တင်း သွားပြီ ၊ ဝိုင်း ထဲ မှာ လည်း အတော်ကလေး စီညံ လာပြီ ဆိုလျှင် မိမိ လစ် တော့သည် ။


၁၉၆၀ တစ်ဝိုက် က ကိုမိုးဝေ နှင့် ပတ်သက်သော ဝိုင်းများ တွင် ဆရာတင့်တယ် ၊ ဆရာသော်တာဆွေ ၊ ဆရာမင်းရှင် ၊ ဆရာသန်းဆွေ ၊ ဆရာနန္ဒမိတ် တို့ နှင့် ကြုံရ ဆုံရပါသည် ။ သို့သော် လူများ ပြီး ဝိုင်းကြီး လာ လျှင် မိမိ ပြန် စမြဲ ဖြစ်သည် ။ သူတို့ ဘယ်အချိန် မှ ပြန်ကြသည် ကို မိမိ မသိတော့ ။ သူတို့ ဘာဖြစ်ကြသည် ကို မိမိ မသိတော့ ။ နောက် တစ်နေ့ နံနက် ကျ မှ သာ လျှင် သတင်း စကားများ ပြန်ပြီး ကြား ရသည် ။ သည်တော့ မှ ပြုံးရသည် ၊ ရယ်ရသည် ၊ ရင်တမမ ရှိ ရသည် ။ 


ယင်းကြောင့်ပင် မိမိ သည် သူ နှင့် လူချင်း သိကျွမ်းရုံ မျှ သာ ရှိပြီး ရင်းနှီးခြင်း မရှိခဲ့ပါ ။


( ၂ )


သို့သော် သူ့ စာများ ကို ကား မိမိ ကောင်းစွာ ရင်းနှီး ပါသည် ။ ရှုမဝ အစု တွင် မိမိ အကြိုက်ဆုံး စာရေးဆရာ နှစ်ဦး မှာ ဆရာတင့်တယ် နှင့် ဆရာသော်တာဆွေ ပင် ဖြစ်သည် ။ သူတို့ ၏ စာတွေ ကို အားလုံး လောက် ပင် ဖတ်ဖူးသည် ။ ယနေ့ အထိ လည်း ရှုမဝ ကို တွေ့ လျှင် ဆရာသော်တာဆွေ ၏ “ ကျွန်တော့် ဘဝ ဇာတ်ကြောင်း ” ကို အရင်ဆုံး ဖတ်မိသည် ။


သူ့ စာတွေ ထဲ တွင် မိမိ နှင့် သဘောချင်း မတိုက်ဆိုင်သည်များ ၊ မိမိ မကြိုက်သည်များ ပါရှိသည် ။ သို့သော် ဆရာ့ စာများ ကို မဖတ်ဘဲ က လည်း မနေနိုင်ပါ ။


မြန်မာနိုင်ငံ တွင် ယခုအခါ စာရေးဆရာ ဆိုသူတွေ တော်တော် များသည် ။ အချို့လည်း အတော်ကလေး ပင် နာမည် ကြီး နေကြသည် ။ ကလောင်ဟောင်း တွေ လည်း ပါသည် ။ ကလောင်သစ် တွေ လည်း ပါ သည် ။ သို့သော် မြန်မာစာ တတ် သူများ ကား တော်တော်ကလေး ပင် နည်းပါးသည် ။


သူ က မြန်မာစာ တတ် သည် ။ မြန်မာစာ အရေးအသား ကျွမ်းကျင် နိုင်နင်းသည် ။ ပြီးတော့ စာ ရေး တတ်သည် ။ သူ ပြော ချင်တာ ကို ပရိသတ် နား လည်အောင် ၊ စိတ်ဝင်စားအောင် ပြော တတ်သည် ။


သည်လို ပုဂ္ဂိုလ်မျိုး တစ်ယောက် ကို ခင်မင်ရင်းနှီး နိုင် ဖို့ အခွင့်အလမ်း ရှိပါ လျက် ခင်မင်ရင်းနှီးခြင်း မရှိ ဟု ဆိုလျှင် မိမိ အနေ နှင့် အခွင့် အရေး တစ်ခု ဆုံးရှုံးခြင်း ပင် ဖြစ်ပေ လိမ့်မည် ။ 


သို့ဖြင့် မိမိ သည် သူ နှင့် အတူ ခရီး သွားရန် ဆုံးဖြတ်မိခြင်း ဖြစ် သည် ။ ရွှေတောင် ၊ ပန်းတောင်း ၊ တောင်ကုတ် စာပေဟောပြောပွဲ ခရီး ကို လိုက်ပါရန် ကတိ ပေး လိုက်ခြင်း ဖြစ်သည် ။ သို့သော် ရင် ထဲ မှာ တော့ လေး နေသည် ။


( ၃ ) 


အလုပ်တွေ က လည်း ဘယ်တော့မှ အားသည် မရှိပါ ။ မဂ္ဂဇင်း အလုပ် မရှိသောအခါ စာ ရေး သည့် အလုပ် က ပိုပြီး များ လာသည် ။ ရေးချင် သည်များ နှင့် ရေးစရာများ ကို အကွက် လည် အောင် မရေးနိုင် ဘဲ ရှိနေ သည် ။


ပြီးတော့ ခရီး က လည်း ပန်း နေပြီ ဖြစ်သည် ။ မောင်နေဝင်း ၊ မင်းကျော် တို့ နှင့် ကြံခင်း ဟောပြောပွဲ သွားသည် ။ လေးပွဲ ဟော ရသည် ။ ကြံခင်း မှ အပြန် တွင် ဘာသာ ပြန် လက်စ လုံးချင်း တစ်ပုဒ် ကို ပန်းတောင်း ခရီး မတိုင်မီ တွင် အပြီးသတ် မည် စိတ်ကူးသည် ။ သို့သော် ချစ်စံဝင်း ၊ မင်းကျော် တို့ နှင့် အတူ တောင်သာ သို့ လိုက်ပါ သွားရ ပြန်သည် ။ သည်မှာ လည်း လေးပွဲ ဟောရသည် ။ ခရီး က လည်း နည်းနည်းလေး ကြမ်းသည် ။


ပို၍ ဆိုးသည် က တော့ ဇန်နဝါရီလ ၈ ရက် နေ့ တွင် ရန်ကုန် က ထွက်သွားသည် ။ ရန်ကုန် သို့ ၁၂ ရက်နေ့ ည ၁၀ နာရီ တွင် မှ ပြန် ရောက် သည် ။ နောက် တစ်နေ့ နံနက် ၁၁ နာရီ တွင် ပန်းတောင်း ခရီး ကို ပြန်ထွက် ရသည် ။ နောက်ပြီးတော့ သည် ခရီး က အရှည်ကြီး ဖြစ်သည် ။ နှစ်ပတ် လောက် ကြာမည် ။


တိတိကျကျ ပြန် တွက် လိုက်တော့ ၁၃ ရက် တိတိ ကြာသည် ။ ၁၃ ရက် နေ့ မှာ ခရီး စထွက် ရသည် ။ ၁၃ နှစ်ထပ် ကွမ်း ဖြစ်သည် ။ 


သည်တော့ လည်း အစွဲအလမ်း ရှိသူများ ဘက် က ကြည့် လျှင် ပြဿနာ ဖြစ်ရသည် မှာ မဆန်းပါ ။


သို့သော် မိမိ နှင့် သော်တာဆွေ အဖို့ မူ သည် ခရီး သည် အမှတ်တရ ပင် ဖြစ်တော့သည် ။ တစ်သက် တွင် ဘယ်တော့ မှ မေ့နိုင်ကြမည် မဟုတ် ပါ ။


မိမိတို့ နှစ်ယောက် သည် ထန်းပင် ပေါ် တွင် လည်း အတူ တက်ပြီး ထန်းရည် သောက် ခဲ့ကြသည် ။ ကား မှောက်ပြီး သေမလို လည်း ဖြစ်ခဲ့ကြရ သည် ။


( ၄ ) 


စ ကတည်း က ပင် တလွဲတချော်ကလေး ဖြစ်သည် ။ ပထမ က ဤ ခရီး ကို မိမိ ၊ သော်တာဆွေ ၊ နေသွေးနီ ဟု နားလည် ခဲ့သည် ။ ယင်း ကြောင့်ပင် မိမိ နှင့် နေသွေးနီ ဟူ သော ဆောင်းပါး ကို ပင် ကြိုပြီး ရေးခဲ့ သည် ။ သို့သော် တောင်သာ မှ ပြန်ရောက် မှ အကြောင်း ကိစ္စ တစ်ခု ခု ကြောင့် နေသွေးနီ မလိုက်နိုင် ဆိုသည် ကို မိမိ သိရသည် ။ သူ့ အစား အီကြာကွေး ဟု ဆိုသည် ။


ကောင်းသည် ။ အီကြာကွေး နှင့် မိမိ ခရီး တစ်ခါ သွား ဖူးသည် ။ ကြာပြီ ။ ၁၉၇၂ ခုနှစ် က ရှမ်းပြည် မြောက်ပိုင်း သို့ ဖြစ်သည် ။ ယခု ၁၃ နှစ် ကြာ မှ ဒုတိယ အကြိမ် ပြန်လည် တွဲမိခြင်း ဖြစ်သည် ။ သို့သော် တကယ့် တကယ် ကျတော့ အီကြာကွေး ပင် ကျန်ရစ်တော့ မလို ဖြစ်သည် ။ မိမိ တို့ ကို လာ ကြိုသည့် ကား က မကောင်းပါ ။ ကားသမား က လည်း အမောင်း မကျွမ်းကျင်ပါ ။ သို့ဖြင့် ရန်ကုန်ဘူတာကြီး သို့ မိမိ နှင့် သော်တာဆွေ ရောက်ရှိ သွားသော အခါ ၁၂ နာရီ ၃၀ ရှိ နေပြီ ။ ရထား က ၁ နာရီ ထွက်မည် ။ ဤအချိန် ကျ မှ အီကြာကွေး ကို တောင်ဥက္ကလာ ကို သွား ခေါ် လျှင် မီစရာ မရှိတော့ပါ ။ သို့ဖြင့် လာ ကြိုသူ က မိမိတို့ နှစ် ယောက် ကို ရထား ပေါ် တင် လွှတ် လိုက်ပြီး သူ နှင့် အီကြာကွေး ဘတ်စ် ကား ဖြင့် ပြည် ကို လိုက်ခဲ့ပါမည် ဟု ဆိုသည် ။ သို့သော် သုံးဆယ်ဘူတာ သို့ ရောက်ရှိသော အခါ မိမိတို့ ကို စောင့်ကြို နေသော အီကြာကွေး ကို တွေ့ ရသည် ။ သူ က လက်ပံတန်း ကား ဖြင့် ရထား ကို အမီ လိုက် လာခြင်း ဖြစ်သည် ။ သည်တော့ မှ ရထား ပေါ်  မှာ လူစုံတက်စုံ ဖြစ် သွားသည် ။ တစ်ခု စိတ်အေး သွားရသည် ။ သည်တော့ မှ သူ့ ကို မိမိ အင်မတန် မေး လိုသော မေးခွန်းတစ်ခု ကို မရဲတရဲ ဖြင့် မေးရသည် ။ 


“ ကိုဆွေ အခု ဖြတ်ထား သလား ”


“ ခရီး သွား ရင်တော့ သောက် ပါတယ် ”


ဟိုက် .. ။


“ ခင်ဗျား နဲ့ လည်း အဖော် ရှိလို့ပါ ”


ကောင်းပါပေ့ ။


မိမိတို့ နှစ်ယောက် သောက် ကြသည် ။ ခရီး တစ်လျှောက် လုံး သောက် ကြသည် ။ နား နေသည့် အချိန် တွင် လည်း သောက်သည် ။ ခရီး သွား ရင်း လည်း သောက်သည် ။ ဒေသခံများ နှင့်လည်း အတူ သောက် သည် ။ နှစ်ယောက် တည်း လည်း သောက် ကြသည် ။ အလယ်အလတ် ဖြစ်သော ရမ် ၊ ဘရန်ဒီ နှင့် ဘီယာ တို့ ကိုလည်း သောက်သည် ။ အထူး တလည် တိုက်သော တန်ဖိုး ကြီးမားသည့် နိုင်ငံခြား ဝီစကီ ကို လည်း သောက် ရသည် ။ အနီ မရသည့် အခါ တွင် အဖြူ ဟု ခေါ်သော ဘီအီးဒီစီ ကို လည်း သောက်ကြသည် ။ ပြီးတော့ မိမိ တို့ ရိုးရာ ဖြစ်သော ထန်းရည် နှင့် ဓနိရည် ကို လည်း သောက် ကြသည် ။ ထန်းရည် ကို ဘယ်လို သောက် သနည်း ဆိုလျှင် ထန်းပင် ပေါ် တက်ပြီး သောက် ကြသည် ။


သည်လို ။


မင်းတုန်းနယ် မှာ ဓလေ့ တစ်ခု ရှိသည် ။ ထန်းပင် ပေါ် တွင် ဝါးစင် တစ်ခု ထိုး ထားသည် ။ လူ လေးယောက် တက်ပြီး သောက် နိုင်သည် ။ တစ်ယောက် ယောက် မူး ပြီး ပြန် မဆင်းနိုင် လျှင် ကြိုး နှင့် တုပ် ထားခဲ့သည် ။ ထို လူ အမူး ပြေ မှ ကြိုး ကို ဖြေပြီး ပြန် ဆင်း ရသည် ။


စက်ရုံမှူး တစ်ဦး သည် ယင်း အဖြစ် ကို သဘော ကျပြီး သူ ၏ စက်ရုံ ဝင်း ထဲ ရှိ ထန်းပင် တစ်ပင် တွင် သံစင် တစ်ခု ထိုး ထားသည် ။ သံလှေကား  ဖြင့် တက် ရသည် ။ သို့သော် မူး နေလျှင် ပြန် ဆင်းနိုင်ရန် သံမဏိကြိုးရထား လုပ် ထားသည် ။ ကြိုးရထား ဖြင့် ပြန် ဆင်း ရသည် ။ မိမိ နှင့် သော်တာဆွေ လည်း ထို စက်ရုံမှူး နှင့် အတူ ထန်းပင် ပေါ် သို့ တက်ပြီး လေ့လာသည် ။ ထန်းရည် ဖွင့်ပွဲ လုပ်သည် ။ ပြီးတော့ ကေဘယ် ကြိုးရထား ဖြင့် ပြန် ဆင်း ကြသည် ။ မူး ၍ တော့ မဟုတ်ပါ ။ အတွေ့အကြုံ ရှိအောင် ဖြစ်ပါသည် ။


သည် ခရီး မှာ မိမိ တို့ မမူးကြပါ ။ ဆရာသော်တာဆွေ မမူးပါ ။ သည်တော့မှ သူ က ပြောသည် ။


“ ကျုပ် က အရက် ကို မူးအောင်လည်း သောက် တတ်တယ် ၊ မမူး အောင်လည်း သောက် တတ်တယ် ”


သည် ခရီး မှာ သူ မူးအောင် လည်း မသောက်ပါ ။ ဟောပြောပွဲ တာဝန်များ ရှိသော ကြောင့် ဖြစ်သည် ။ မိမိတို့ သည် နေ့ပွဲ ညပွဲ တစ်နေ့ နှစ်ပွဲ ပြောရသည် ။ ၁၃ ရက် ခရီး တွင် ဟောပြောပွဲ ၁၁ ပွဲ နှင့် ဆွေးနွေးပွဲ ၂ ပွဲ ပြုလုပ် ရသည် ။ အားလုံးပင် အောင်မြင်ပါသည် ။ အစီအစဉ် ကောင်းမွန်သည် ။ ပရိသတ် ကောင်းမွန်သည် ။ မိမိတို့ ဟောပြောသည် များ ကို လည်း ကျေနပ်ကြဟန် ရှိသည် ။ အီကြာကွေး က ရယ်စရာ ပြော သည် ။ ရယ်ရသည် ။ သော်တာဆွေ က နိုင်ငံခြား အတွေ့အကြုံ ပြော သည် ။ မှတ်သားစရာ ဖြစ်သည် ။ ပြုံး ရသည် ။ ရယ် ရသည် ။ သူ က တစ်နာရီ လောက် ပြောသည် ။ ပရိသတ်များ စိတ်ဝင်စားစွာ နားထောင် ကြ သည် ။


သည်တော့ မိမိတို့ ၏ ခရီးစဉ် အောင်မြင်သည် ဟု ဆိုရမည် ။ ပျော်ပျော်ရွှင်ရွှင် နှင့် ပြန်ကြရုံ သာ ဖြစ်သည် ။ သို့သော် အပြန် ခရီး တွင် မှ ပြဿနာ ဖြစ်ရသည် ။ တောင်ကုတ် မှ သံတွဲ သို့ ကား နှင့် အသွား တွင် ကား မှောက်သည် ။ ကံကောင်း ၍ မသေကြရခြင်း ဖြစ်သည် ။ မိမိတို့ ကို လိုက်ပို့ သူ တစ်ဦး သာ လက်ဆစ် လွဲ သွားသည် ။


ကား မှောက်သည် မှာ အရက် နှင့် မဆိုင်ပါ ။ မိမိတို့ နှင့် မဆိုင်ပါ ။ ကား အရှိန် များ ပြီး တောင်စောင်း ကို ဝင် တိုက်သည် ။ တစ်ပတ် လိမ့် သွား သည် ။ မှောက်ခုံကြီး ဖြစ် သွားသည် ။ မိမိ တို့ ကား ထဲ မှ လေးဖက် ထောက် ပြီး ထွက် ရသည် ။ လမ်းလုပ်သားများ နှင့် ကျောင်းကုန်းကျေးရွာ မှ ပုဂ္ဂိုလ်များ က မိမိတို့ ကို စောင့်ရှောက်ကြသည် ။ တိုက်နယ်ဆေးရုံ ရှိ သော ရွှေလှေ သို့ လှည်း တစ်တန် ၊ လှေ တစ်တန် ဖြင့် ပို့ပေး ကြသည် ။ ဆရာဝန် က မိမိ တို့ ကို ကုသ ပေးသည် ။ ထမင်း ကျွေးသည် ။ ( အရက် လည်း ပါ ပါ သည် ။ ) တောင်ကုတ် မှ ကယ်ဆယ်ရေး ကား နှစ်စီး လိုက် လာကြပြီး မိမိ တို့ ကို လိုသေးလေး မရှိ ပြုစု စောင့်ရှောက်ကြသည် ။ မိမိ မှာ အနည်းငယ် ပွန်းပဲ့ သွား သော်လည်း သော်တာဆွေ နှင့် အီကြာကွေး ဘာမှ မဖြစ်ပါ ။ သို့သော် ဆရာသော်တာဆွေ မလှုပ်နိုင်ပါ ။ ထမင်း လည်း မစားနိုင်ပါ ။ အရက် လည်း မသောက်နိုင်ပါ ။ သူ က ခရီး လည်း ပမ်း နေပြီ ဖြစ်သည် ။ အသက် က လည်း ထောက် နေပြီ ဖြစ်သည် ။ ၆၇ နှစ် ။ ဤအရွယ် နှင့် ဤ ခရီး ဒဏ် ကို ခံနိုင်သည် မှာ အံ့သြစရာ ပင် ဖြစ်သည် ။


( ၅ )


ကောင်းပြီ ။ ဤ ၁၃ ရက် ခရီး တွင် ဆရာသော်တာဆွေ နှင့် အတူ အိပ် ၊ အတူ စား ၊ အတူ သောက် ခရီး သွားလာ ရသောအခါ ဆရာ့ ကို မိမိ မည်သို့ တွေ့မြင်ရ သနည်း ။


သူ က မိမိ နှင့် အီကြာကွေး တို့ ကို ညီ နှစ်ယောက် လို ၊ တူ နှစ်ယောက် လို စာနာ သည် ။ စောင့်ရှောက်သည် ။ စာ အကြောင်း ၊ စာပေလောက အကြောင်း မိမိ တို့ နှင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေး သည် ။


သူ က စိတ် မြန်သည် ။ ပွင့်လင်းသည် ။ သူ့ ရင် ထဲ မှာ ရှိသည် ကို ဖုံးကွယ် ထားတတ်ခြင်း မရှိ ။ ဟန်ဆောင် တတ်ခြင်း မရှိ ။ ပရိယာယ် မာယာ မရှိ ။


အချုပ် ကို ဆိုရလျှင် 


သူ့ စာများ သည် သူ့ အတိုင်း ပင် ဖြစ်သည် ။


သူ သည် သူ့ စာများ အတိုင်းပင် ဖြစ်တော့သည် ။


◾နတ်နွယ်


📖 ချယ်ရီ

      မတ် ၊ ၁၉၈၆


#ကိုအောင်နိုင်ဦး


.

No comments:

Post a Comment