❝ ရှက်လိုက်ကြစို့ သူငယ်ချင်း ❞
ကိုအဏ္ဏဝါ ကို အစိုးရ အမှုထမ်း ဘဝ တုန်း က လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ လူတန်းစား ပျက် သတ္တဝါ ဟု ခေါ်ကြသည် ။ ဘဝ မမှန်သူ ဟု စွပ်စွဲကြသည် ။ လိုင်း ကြောင် သွားသူ ဟု သမုတ် ကြသည် ။ သူတို့ ဘာကြောင့် ဒီလို ပြောဆို ရှုတ်ချ ကြပါသနည်း ဆိုသော် အကြောင်း က ရှိခဲ့သည် ။ ကိုအဏ္ဏဝါ သည် သင်္ဘောသား မဖြစ်မီ က သင်္ဘောသား ဖြစ်အောင် ကြိုးစား ရာ တွင် ဘဝ မှန်ခဲ့သည် ၊ အခြေခံ ကျခဲ့ သည် ဟု ဆိုသည် ။ ဘုရားပွဲ ကျ ၊ နတ်ပွဲ ကျ ငှက်ပျောသီး ကို စားပြီး လမ်းဘေး ရေအိုးစင် က ရေ ကို သောက် ခဲ့သည် ။ သည်းကြိုး ပြတ် နေသည့် ရာဘာဖိနပ် ကို တွယ်အပ် ဖြင့် ချိတ်ဆက် ပြီး ခွာလိပ် အောင် လမ်းလျှောက် ခဲ့ရသူ ဖြစ်သည် ဟု ဆိုသည် ။
သင်္ဘောသား ဖြစ်သွားသော အခါ ဟမ်ဘာဂါ နှင့် ဘာတာ ဆင်းဒွက်ချ် ကို စားပြီး ဇိမ်ခံ ဆလွန်းကား ပေါ် မှာ ရေသန့်ဘူး မော့ သောက် နေသည် ဟု ဆိုသည် ။ ကိုယ်ပိုင်ကား ဖြင့် မသွားရ လျှင် ဘယ်ကို မှ မသွားတတ် ၊ မလာတတ် သလို ဖြစ်နေသည် ဟု ဆိုသည် ။ ရန်ကုန်မြို့ တွင်း မှာ မောင်းနှင် ပြေးဆွဲ နေကြသည့် လိုင်း ဘတ်စ်ကား နံပါတ်မျိုးစုံ တို့ သည် ဘယ်က လာလို့ ဘယ်ကို သွားမှန်း မသိ၍ ဘတ်စ်ကား မစီးတတ် ဟု အကြောင်း ပြပြီး ဆလွန်းကား စီး သွား နေခြင်း ဖြစ်သည် ။
၁၉၆ဝ ခုနှစ် မှာ သာကေတ မြို့ကြီး စ တည်တော့ ကိုအဏ္ဏဝါ တို့ က ပုသိမ်ညွန့် ကျူးကျော်ရပ်ကွက် က ပြောင်းကြရ သူတွေ ဖြစ်သည် ။ သာကေတမြို့ နှင့် ရန်ကုန်မြို့တွင်း ကို ဘတ်စ်ကား မရှိသေး လို့ တံတားဟောင်း ပေါ် က ကုန်းကြောင်း လျှောက် ခဲ့ရသူ ဖြစ်သည် ။ ၁၉၇၀ ခုနှစ် ကာလတွေ မှာ သာကေတ မြို့ကြီး စည်ကား လာ လို့ သစ်သားဘော်ဒီကားကြီးတွေ နှင့် ရိန်းဂျားကားတွေ ပြေးဆွဲ နေသော ကာလ မှာ ကိုအဏ္ဏဝါသည် သာကေတသား ပီသ ခဲ့ရသူ ဖြစ်သည် ။ ဘတ်စ်ကား အလာ ကို လမ်းလယ်ကောင် အထိ ရပ်ပြီး လည် တဆန့်ဆန့် ဖြင့် မျှော်သော လူအုပ်ကြီး ထဲ မှာ ကိုအဏ္ဏဝါ ပါ ခဲ့သည် ။ ကျွဲရိုင်းကြီး တစ်ကောင် အလား လမ်းပေါ် က လူအုပ်ကြား ထဲ ကို ပြေးဝင် လာသည့် ဘတ်စကားအိုကြီး တိုက်မိပြီး သေမှာ ကြောက် လို့ လမ်းဘေး ခုန်ချ ခဲ့ရသူတွေ ထဲ မှာ လည်း ကိုအဏ္ဏဝါ ပါခဲ့သည် ။ လမ်းဘေး ချောက်ထဲ ကနေ လမ်းပေါ် ပြန် တက်ပြီး ကားအိုကြီး ပေါ် တိုးတက် ခဲ့ရ သည့် လူအုပ်ကြီး ထဲ မှာ လည်း ကိုအဏ္ဏဝါ ပါခဲ့သည် ။ အရက်မူးပြီး ရမ်းကား နေ သည့် ပထွေး ကို ကြောက် နေကြရသည့် ကလေးတွေ လို အော်ဟစ် ကြိမ်းမောင်း နေ သည့် စပယ်ယာ ကို ကြောက် လို့ ငြိမ်ကုပ် ပြီး လိုက်ပါ နေကြသည့် ခရီးသည်တွေ ထဲ မှာ အိမ်သာ ကျင်းတူး ၊ ရေဆိုးမြောင်း ဖော် လုပ်သား ကိုရွှေကု,လား ၏ နောက် က ကပ်ပြီး ရပ် နေရ သဖြင့် ချိုင်းပတ်ကြား က ဆိုးရွားလှသည့် အနံ့ ကို ရှူရှိုက်ပြီး လိုက်ခဲ့ဖူးသည် ။ အလုပ် မအား လို့ ခေါင်း မလျှော်ဘဲ ထားတာ ငါးလ လောက် ရှိပြီ ဖြစ်သည့် ငါးစိမ်းသည်မ ၏ ပွရောင်း ထ နေတဲ့ ဆံပင် ဘုတ်သိုက်ကြီး ကို မျက်နှာ ကပ်ပြီး မတ်တတ် ရပ် စီး လိုက်ဖူးသည် ။
ဒီလို သာကေတ ဘတ်စ်ကားစီး အတွေ့အကြုံ များစွာ ရှိပြီး သည့် ကိုအဏ္ဏဝါ သည် သင်္ဘောသား ဖြစ်တော့ မှ ဘတ်စ်ကား မစီးတတ်တော့ဘူး ဆိုတာ ကို သူ့ အပေါင်းအသင်းတွေ ( အထူးသဖြင့် ဝန်ထမ်းဘဝ လုပ်ဖော်ကိုင်ဖက် အငြိမ်းစား တွေ ) က လက်မခံနိုင် ဖြစ်နေကြသည် ။ ဒါဟာ သင်္ဘောသား ဖြစ် သွားလို့ ဖောက်ပြန် သွားတဲ့ လူတန်းစားပျက် စရိုက် ၊ အခြေခံ ဘဝ ကို ဖြိုချပြီး ရေပေါ်ဆီ လူတန်းစား ဘဝ ကို တည်ထောင် ချင်တဲ့ ဉာဉ် ဟု ဆိုကြသည် ။
ဒီတော့လည်း ကိုအဏ္ဏဝါ သည် သူတို့ ပြောသည့် အခြေခံ လူတန်းစား တို့ ၏ ဘတ်စ်ကား တိုး စီး နေရသည့် နိစ္စဓူဝ ဘဝ ကို သွားရင်း လာရင်း တစေ့ တစောင်း လေ့လာကြည့် မိသည် ။ နံနက် ၁၀ နာရီ လောက် မှ ရုံး ကို ရောက် လျှင် ဖြစ်ပါ လျက် နံနက် ၇ နာရီ လောက် ပင် အိမ် က ထွက်ကြ ရသည် ။ ဒါမှ ရုံး ကို ၁ဝ နာရီ မှာ ရောက်နိုင် မည် ဖြစ်သည် ။ အလဟဿ ဖြစ် သွားသော အချိန် ၃ နာရီ သည် လမ်း ပေါ် က ဘတ်စ်ကား မှတ်တိုင် မှာ ရပ်စောင့် နေ ရသော ကာလ နှင့် ငါးပိသိပ် ငါးချဉ်သိပ် ထိုးသိပ် ထည့်ထားခြင်း ခံရသော ဘတ်စ်ကား ပေါ် မှာ ကြာ နေသော အချိန်တွေ ဖြစ် သွားသည် ။ အချိန် ကို တန်ဖိုး ထားသော အမေရိကန် လို နိုင်ငံ မှာ သာ ဆိုလျှင် တစ်နာရီ ကို ၁၀ ဒေါ်လာ သာ ရသော အနိမ့်ဆုံး အလုပ်ကြမ်း သမား တစ်ယောက် အတွက် ပင် အတော် နစ်နာသည် ဟု ပြောနိုင်သည် ။ ကား စောင့် ရသည့် အတွက် အချိန်တွေ အလဟဿ ဖြစ် ရသည် ဆိုလျှင် ပိုပြီး နစ်နာပါသည် ။
ဘတ်စ်ကား အလာ ကို တမျှော်မျှော် ဖြင့် လမ်းပေါ် ထိ တက်ပြီး စောင့် နေကြ သည့် ခရီးသည် လူအုပ်ကြီး က လည်း မှတ်တိုင်တိုင်း မှာ ဖွေးဖွေးလှုပ် နေသည် ။ ဂိတ်က စ ထွက် ကတည်း က ထိုင်ခုံ ပြည့်ရုံ သာမက ရပ်စရာ နေရာ တောင် မရှိတော့ သည့် အဲယားကွန်း လှောင်ပိတ်အိုက် ဘတ်စ်ကားကြီး က လည်း မှတ်တိုင်တိုင်း မှာ ရပ်သည် ။ ခရီးသည်တွေ ကို သနား လို့ စေတနာ ထားပြီး တင်လို့ ရ သလောက် တင်သည် ။ မှတ်တိုင် မှာ ရှိလျက် ကြပ်ညပ် အောင် တင်ထားပုံ မှာ သွားကြားထိုးတံ ဘူးအသစ် ထဲ မှာ သွားကြားထိုးတံလေးတွေ ထည့် ထား ပုံ နှင့် ပင် တူ သေးတော့ သည် ။ ခရီးသည်တွေ က သာ သဘော တူမည် ဆိုလျှင် လူသေကောင်တွေ ထပ်ပြီး စီထား သလို အထပ် လိုက် ၊ အတန်း လိုက် စီပြီး ညီညီညာညာ အဟာအလပ် မရှိအောင် တင်သွားမည် ဖြစ်၍ ဝါးနက်ချောင်း ၊ မှော်ဘီ ၊ တိုက်ကြီး ဘက် က လာသည့် တော ထင်းစည်းတင် ကားကြီး နဲ့ တူ နေမှာ သေချာသည် ။
ဘတ်စ်ကား စောင့် ခရီးသည် တွေ ထဲ မှာ ရုံး စာရွက်စာတမ်း ဖိုင်တွေ ပါသည့် ခြင်း က တစ်ဖက် ၊ ထမင်းဘူး က တစ်ဖက် ကိုင် ထားသည့် ရုံးစာရေးမ က တော့ ကား ပေါ် ကို တော်တော် နဲ့ ရောက်နိုင်မည် မဟုတ် ။ စပယ်ယာ က သနား လို့ တင်ပါး ကို ကိုင်ပြီး တွန်းတင်ပေးခြင်း ခံရသူ စာရေးမ ချောချောလှလှ ၊ တောင့်တောင့် ဖြောင့်ဖြောင့် လောက် သာ ကား ပေါ် ရောက်သွား နိုင်သည် ။ ဒီနေ့ သောကြာနေ့ မို့ အိုဂျီ နဲ့ ပြဖို့ ချိန်းထား လို့ ဆေးရုံ ကို သွားဖို့ အတွက် ဆေးစာရွက်ကလေး ကိုင်ပြီး အိမ် က ထွက် လာသည့် ဗိုက်ကြီးသည် အတွက် က တော့ နှစ်ထောင် လောက် ပေး ပြီး ကက / တိုင်စီ ငှား သွားသင့်သည် ဟု ပြောနေ ကြသည် ။ မိမိ ၏ ခြေထောက် ကို အားမကိုး ဘဲ ဘတ်စ်ကား တိုး စီး ပြီး ဆွမ်းခံ ထွက်မည့် ကိုယ်တော်ကြီး လည်း မွန်းလွဲသည် အထိ ကားပေါ် တက် မရလို့ ဝိကာလ ဘောဇနာ ငါ မသိ ၊ ဗိုက် ဆာ တာ သာ ငါ သိ ဖြစ်သွား နိုင်သည် ။ ကျွဲနို့ပုံးကြီး ကို ရွက်ပြီး ကား ပေါ်တက်ဖို့ ကြိုးစား နေသည့် နို့ကု,လားကြီး သည် လည်း နို့တွေ အချဉ်ပေါက် ကုန် လို့ ဒိန်ချဉ် ရောင်း သည့် ဘာဘူကြီး ဖြစ်သွား နိုင်သည် ။
ကိုအဏ္ဏဝါ သည် ဘတ်စ်ကား တိုးစီး ခရီးသည်တွေ ၏ ဘဝ ကို လေ့လာပြီး သော အခါ လူ့ ဘဝ ကို ပြန်လည် သုံးသပ် ကြည့် မိသည် ။ တစ်လ ကို သုံးသောင်း ကျပ် ပေးပြီး ငှားထားသည့် ဒရိုင်ဘာ မောင်းသည့် ဆလွန်းကားကြီး ၏ နောက်ခန်း မှာ အဲယားကွန်း အရသာ ကို ခံရင်း ဇိမ် ဖြင့် စီးလိုက် နေသည် ။ ကော်လာကတုံး အင်္ကျီလက်ရှည် ၊ တိုက်ပုံအင်္ကျီ ၊ ပိုးတွဲလုံချည် ၊ ကတ္တီပါ ပိန်းတန်းဖိနပ် တို့ ကြောင့် အထက်တန်း ကျ နေသည် ။ ဘတ်စ်ကား တိုး စီးရန် ကားမှတ်တိုင် မှာ စောင့် နေ ကြ သည့် လူအုပ်ကြီး ကို မြင် လျှင် သူ့ ကို လူတွေ သောက်မြင်ကပ် မှာ စိုးလို့ ဇက်ကလေး ပု ပြီး အောက်လျှော ထိုင် လိုက် သေးသည် ။ သူ သွားလိုရာ ကို ရောက် လို့ ကား ရပ်ပြီ ဆို လျှင် ဒရိုင်ဘာ ဖွင့် ပေးသည့် တံခါး ပေါက် က ခြေထောက် ဖြူဖြူလေး ကို ထုတ်ပြီး ကတ္တီပါဖိနပ် ဖြင့် မြေပြင် ပေါ် ဆင်း လိုက် ရတာ ကို အရသာ တွေ့ နေသည် ။
မိမိ တစ်ယောက် တည်း က ဇိမ်ခံကားကြီး စီးပြီး သွားလာ နေ နိုင် သော်လည်း အများစု က ဘတ်စ်ကား တိုးစီးပြီး ပင်ပန်း ခက်ခဲစွာ သွားလာ နေရတာ ကို မြင်သော အခါ ကိုယ်ပိုင်ကား စီး ရမှာ ကို ကိုအဏ္ဏဝါ ရှက် လာသည် ။ အများ နှင့် အတူ လက်တွဲပြီး ဘဝ ဆန်ဆန် ရုန်းကန် ချင် စိတ် ဖြစ်ပေါ်လာသည် ။ ယနေ့ မှ စ၍ အများပြည်သူတွေ နှင့်အတူ ဘတ်စ်ကား တိုး စီး တော့မည် ဟု ဆုံးဖြတ် လိုက်သည် ။ သူ ၏ သင်္ဘောသား သူငယ်ချင်း အပေါင်းအသင်းတွေ ကို လည်း ဘတ်စ်ကား တိုး စီး ကြရန် နှိုးဆော် တိုက်တွန်းမည် ဟု ဆုံးဖြတ် လိုက်သည် ။
◾အဏ္ဏဝါစိုးမိုး
📖 ရွှေမြင်သာဂျာနယ်
အတွဲ ( ၃ ) ၊ အမှတ် ( ၁၃ )
၁ဝ ရက် ၊ ဇွန်လ ၊ ၂၀၀၃ ခုနှစ်
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment