( ၁၇ )
ယခု အခါ ရော ယခင် ယခင် က ရော ရုပ်ရှင် သာ ရိုက် နေကြသည် ။ မင်းသား မင်းသမီး ဇာတ်ရံ ဇာတ်ပို့ ဟူ သမျှ အားလုံး လိုလိုပင် အနုပညာ ၏ သဘောတရား ကို နားလည်သူ ရှားပါးလှသည် ။
“ အနုဝင်္ကပါ ” ကဏ္ဍ စ, စဉ်က သာဓု ရေး ခဲ့ဖူးသည့် အတိုင်း ရုပ်ရှင် ထဲ ပါလိုကြခြင်း သည် အနုပညာ မြတ်နိုး၍ ဝါသနာ ပါလှ၍ ဆိုသည် မှာ ( ခုတုံး ) အဖြစ် သာ ရှိလျက် အမှန် စင်စစ် တွင် မူ ပိတ်ကား ပေါ် ၌ မိမိ တို့ ရုပ်ရည်ကလေး ပေါ် လာသည် ကို အများ သူငါ တို့ ကြည့် စေချင်သည့် ဆန္ဒ က ပို၍ အလေး သာနေကြသည် ။
မင်းသမီး မင်းသား မဆိုထားဘိ ၊ ဧည့်ခန်း သို့ ကော်ဖီ ထွက် ပို့ရသည့် အိမ်ဖော်မကလေး အခန်း မှ ပါ ရသူ ပင် လျှင် ရွှန်းရွှန်းဝေအောင် လှချင် ကြသည် ။
တစ်ခါက သာဓု ၏ ဇာတ်ကား တစ် ကား တွင် အိမ်ဖော် မိန်းကလေး တစ်ယောက် ဧည့်ခန်း ၌ တံမြက်စည်း လှည်း နေစဉ် ဧည့်သည် တစ်ယောက် တံခါး လာ ခေါက်သည့် အခန်း ရိုက် ရန် အရေး ပေါ် အကြံ ရ သဖြင့် သာဓု ၏ ကားမောင်းသူ အား သူ့ဇနီး ကို ခေါ် ခိုင်း ကာ ရိုက်မည့် အခန်း လည်း ပြော ပြ လိုက်၏ ။
သာဓု ၏ ယာဉ်မောင်းသူ ကလည်း ရုပ်ရှင် အလွန် ရိုက်ချင် နေသော သူ့ ဇနီး ကို ပြေး ခေါ်သည် ။ ဖြီးလိမ်း ပြင်ဆင်ပြီး သား အသင့် ရောက်လာသော အခါ သာဓု အကြီးအကျယ် စိတ် ပျက် သွားရတော့ ၏။
ကောင်မလေး သည် မိတ်ကပ် ကို မင်းသမီး ထက် ပို၍ ဖြူအောင် လိမ်း လာသည် ။ မျက်ခုံး ကို မီးခြစ်ဆံ
လောက် ဆွဲ လာသည် ။ မျက်တောင် တု နှင့် ။ အစစ အရာရာ အတုတွေ ဖန်တီး လာသည် ။
ဆံထုံး သည် လည်း ကော့လန် ၍ ကော့ပျံ နေသည် ။ သူ တစ်ခါမျှ မဆွဲ ဖူးသော ကျောက်ရောင်စုံ လည်ကပ် ဆွဲလာသည် ။ အဝတ်အစားတွေ လည်း အဘယ် မှ ငှား ဝတ် လာသည် မသိ။ မင်းသမီး နှင့် အပြိုင် ဖြစ် နေသည် ။
သူ သည် အသက်အစိတ် ခန့် သာ ရှိ သေး၍ လှချင် ရှာသည် မှာ သဘာဝ ကျသော်လည်း ရုပ်ရှင်အနေ ဖြင့် ( ဝါ ) အနုပညာသဘော အရ သဘာဝ မကျ ၊ အိမ်ဖော် နှင့် မတူ။ သူဌေးသမီး ပုံစံ ပေါက် နေသော ကြောင့် သူ့ ကို ယခုအတိုင်း ရိုက်ရန် မဖြစ်နိုင် ၊ ဝတ်ကောင်းစားလှများ ချွတ်လဲ ခိုင်း ပြန်လျှင် လည်း စိတ် မအီမသာ ဖြစ်သွားလေမည်လား ဟု သနားမိသည် နှင့် ထို အခန်း နောက် မှ ရိုက်မည် ။ လူ တစ်ယောက် လို နေသည် ဟု ဆိုကာ ဖျက် လိုက်ရ သည် ။
နောက်တစ်နေ့ တွင် မူ သူ့ ကို မခေါ် တော့ဘဲ ခြံ ထဲ မှ ကု,လားမတစ်ယောက် ကို ခေါ်ပြီး တော်ရုံ
အဝတ်အစား ဖြင့် ရိုက် လိုက်ရချေ သည် ။
အမျိုးသမီး သရုပ်ဆောင် တို့ သည် မိန်းမ သဘာဝ လှချင်သည် ကို အထိုက်အလျောက် ခွင့်လွှတ်နိုင် သော်လည်း အမျိုးသား သရုပ်ဆောင် ( ယောက်ျား ) တို့ လှချင် ကြသည် ကို ကြုံရသောအခါ ရုပ်ရှင် အနုပညာ ၏ နောင်ရေး အတွက် ရတက် မအေးနိုင် ဖြစ် ရချေသည် ။
ခိုက်ရန် ဖြစ်ပွားခန်း အတွက် ထိုး ကြ ၊ သတ်ကြ ၊ ကျွမ်းပစ်ကြပြီး အနီးကပ် ရိုက်သော အခါတွင် ထွက် နေသော ချွေးသီးများ လက်ကိုင်ပုဝါ နှင့် တို့ ပြီး ပေါင်ဒါကလေး ထပ် ဖို့ ကြ သည် ။ ပွ နေသော ဆံပင် ကို ယဉ်စစ ပြန် ဖြီး တတ်ကြသည် ။ စောစောက ထိုးကြိတ် ခုန်ပေါက်ခဲ့သော သဘာဝ အင်္ဂါရုပ် တို့ ရုတ်ခြည်း ပျောက်သွား တော့သည် ။
လွန်ခဲ့သော ( ၁၄ ) နှစ်လောက် က ထင်၏ ။ မောင်ဝဏ္ဏ တို့ မန္တလေး ၌ ကားရိုက် နေစဉ် ကင်မရာ ချွတ်ယွင်း ၍ သာဓု သွား ပြင်ပေးပြီး ရထား အချိန် စော သေး၍ ရန်ကုန် မ ပြန်သေးဘဲ ပြင်ဦးလွင် သို့ ခေတ္တ တက် သွားရာ ၊ အခြား ရုပ်ရှင်ရိုက်အဖွဲ့ တစ်ခု နှင့် ကြုံ လိုက်ရသည် ။
ဝက်ဝံရွာ နှင့် ဘန့်ဗွေး ဘက်တို့ တွင် ယင်းတို့ ကားရိုက် သွားကြမည် ဖြစ်ပြီး သာဓု ကို ပါ မရအရ ခေါ် သဖြ င့် မိတ်ဆွေထုတ်လုပ်သူ နှင့် အတူ လိုက်ပါသွားရချေသည် ။
အကြောင်းအရာ အတိုချုပ် မှာ တောင်ကြားလမ်း တစ်ခုတွင် တရုတ်ဖြူ နှင့် မြန်မာ့တပ်မတော်သား တို့ တိုက်ပွဲ ဖြစ်ပွားရာတွင် တရုတ်ဖြူ အများ အပြား ကျဆုံးပြီး မြန်မာ့ တပ်မတော် ဘက် မှ ရဲဘော် တစ်ဦး နှင့် ဒုဗိုလ် တစ်ယောက် ကျဆုံးခန်း ဖြစ် လျက် ... တစ်နာရီ သာသာ အကြာ တွင် ရိုက်ကူးရေး ကိစ္စ ခေတ္တ ရပ်၍ အသီးသီး ထမင်း စား ကြသည် ။
ထိုနေ့က သာဓု ထမင်း စား မြိန် လှ သည် ။ ကြက်သား ကို ကာလသား ဟင်းသဖွယ် ရေကျဲကျဲ နှင့် ဂေါ်ရခါးသီး ထည့်၍ ချက် ထားသည် ။ အထူးသဖြင့် ဂျူးမြစ် ကို ငရုတ်သီး ၊ ကြက်သွန်ဖြူ တို့ ဖြင့် ထောင်းပြီး ဆီ စိမ်းဆမ်း ၊ ဆားကလေးဖြူး ထားသည် ။ ဂျူးမြစ်ထောင်း မှာ ဇာတ်လိုက် ဖြစ်နေသည် ။ စား၍ ကောင်း လှချေ၏ ။
ပြီးစီးကြ၍ ဆယ့်ငါးမိနစ် ခန့် နား နေကြရာ မှာ ဒါရိုက်တာ က ကျဆုံး သော ဒုဗိုလ် ကို မြေမြှုပ်သဂြိုဟ် သည့် အခန်း ရိုက်မည် ဖြစ်သောကြောင့် ပြင်ဆင်ကြရန် ဆင့်ဆို လိုက်သည် ၌ အသင့် တူးထားသော တွင်း အနီး တွင် ကင်မရာများ ၊ မှန်ချပ်များ ၊ မီးမောင်းများ ပြင်ဆင်ကြ၏ ။
နဖူး ကို ကျည်ထိ ၍ ကျဆုံးသော ဒုဗိုလ်လုပ်သူ ကို ဒါရိုက်တာ က ( ခေါက်ဆွဲ နှင့် စားသော ငရုတ်ဆီ ) ကို သွေးအဖြစ် ဒုဗိုလ် နဖူး တွင် တို့ ပေးသည် ။ သွေး နှင့် လုံးဝ မတူ ၊ ထို သွေးတု သည် အပျစ်လိုက် ခပ်ချွဲချွဲ နဖူး ပေါ် တင်နေသည် ။ (စိတ်ပျက် စရာ ကောင်းလှသည် ) ။
အတိုချုပ် မှာ အလောင်း ကို အလေးပြုပြီး မြေ ချသည့် နောက်ဆုံး ခန်းအတွက် အစီအစဉ်များ ပြုလုပ် ပြီးစီးသော် ၊ ဒါရိုက်တာ က “ မင်းသား ... မင်းသား ”
ဟု လှမ်း ခေါ်သည် ။
“ လာပြီဆရာရေ့ .. ခဏလေး ”
ထို အသံ လာ ရာ ဆီသို့ ဒါရိုက်တာ ရော သာဓု ပါ လှည့် ကြည့်လိုက်သည် တွင် အဆိုပါ ဒုဗိုလ် လုပ် သူ သည် သစ်ပင် ရင်း တွင် မှန်တစ်ချပ် ထောင် လျက် ကျကျနန ဒူးထောက် ထိုင် ကြည့်ကာ သွေးပေ နေသော နဖူးပိုင်း လွတ်ရုံ ဆံပင် ကို သပ်၍ ခေါင်း ဖြီး နေသည် ။
သာဓု မနေနိုင်တော့ ၍ ဒါရိုက်တာ အား လှမ်း ပြော လိုက်ရသည် ။
“ ဟေ့ ... ဟိုငနဲ ကို ပြောဦးလေကွာ ၊ ဘယ့်နှယ် ချွေးသံရွှဲရွှဲ နဲ့ တိုက်ပွဲဝင် တယ် ၊ သေနတ် မှန်တယ် ၊ လဲကျ တယ် ၊ ဆံပင် လဲ ဖရိုဖရဲ ဖြစ်နေရမှာ ပေါ့ကွ ၊ ကြည့် ပြောဦး ”
ဒါရိုက်တာ က သာဓု ကို တောင်းပန် ဟန် ပါသည့် လေသံ ဖြင့် လက်ကာ ပြရင်း ...
“ ပြောလို့ ရမှာ မဟုတ်ဘူး ဆရာ ၊ ဒီကောင် က သိပ် လှချင်တာ ၊ ပြီး သူ က ဒုတိယ ခေါင်းဆောင်မင်းသား ဆရာ ရဲ့ ”
“ ဟ ... ဒါ သရုပ်ဆောင်တာ ပဲ။ ဒုတိယ မက လို့ စူပါခေါင်းဆောင် ဖြစ်ဖြစ်ပေါ့ကွ ၊ လုပ်ပုံ မှ မဟုတ်တာ ”
ဒါရိုက်တာ သည် သာဓု လက် ကို အသာ လှမ်းဆုပ်ရင်း က မေးဆတ် ပြသည် ။ သာဓု လှည့်ကြည့် လိုက် ပြန်သောအခါ ထို ဒုဗိုလ် သည် မှန် ကို လက် နှင့် ကိုင်၍ ကြည့် ကာ တစ်မျက်နှာ လုံး ကို ပေါင်ဒါ ထပ် တို့ နေသည် ။ ထပ် ဖို့ နေသည် ။
“ အဲဒါပဲ ဆရာ ... အဲဒါမျိုး အမြဲ လုပ်တယ် ၊ ကျွန်တော် ပြောတယ် ၊ မရ ဘူး ထုတ်လုပ်သူ ကို တစ်ဆင့်ပြော ခိုင်းတော့လဲ အင်း ... ”
( ပြော မနေပါနဲ့ တော့ဗျာ ... သူ က ငွေသုံးသောင်း ထည့် ထားတာ ) တဲ့ ။
ယင်း ဒုတိယမင်းသား ဒုဗိုလ် သည် ကား ဆိုလျှင် တိုက်ပွဲ တွင် ကျ၍ သေ ရသည့် အခန်း မှာ ပင် ပေါင်ဒါ ကလေး တသသ နှင့် လှလှပပ ကျ ဆုံး ချင် နေသည် ။ သူ့ အဖို့ ၌ သရုပ်ဆောင်မှုပညာ ဆိုသည် မှာ ဘာ ဟူ၍ ပင် သဘော ပေါက်ဟန် မတူ ၊ ရုပ်ရှင် ပိတ် ကား ပေါ် သူ့ မျက်နှာ လှလှပပ ကလေး ကြည့်ချင် ၊ ပါစေချင်သည် ကလွဲ၍ ဘာမျှ သိပုံ မရ။
သူ့ ငွေ သုံးသောင်း ပါ ၍ အလို လိုက် နေကြရသည် ဟု ဆိုသည် ။ မည်သို့ ရှိစေ ။ ဤလို လူစားမျိုး နောက်ထပ် သုံးသိန်း မက သုံးသန်း အထိ ကုန်သ ည့် တိုင်အောင် သရုပ်ဆောင်ကောင်း တစ်ယောက် ဖြစ်လာရေး လမ်းစ သည် လုံးဝမျှော်လင့်ဖွယ် မရှိနိုင်။
တစ်ခါက သာဓု သည် ကိစ္စ တစ်ခု ဖြင့် နေပြည်တော် ရုပ်ရှင်ရုံ ထဲ ဝင် သွားစဉ် ဇာတ်ကားသစ် တစ်ကား ၏ နံနက်ပွဲ ပြီး၍ ထွက်လာကြသော ပရိသတ် နှင့် ဆုံမိကာ ခေတ္တ ဘေး ဖယ် စောင့်နေ ရခိုက် ...
“ ဟို မင်းသမီးသစ်ကလေး သေ သွားတဲ့ အခန်း မှာ သိပ် လှတာပဲ နော် ”
ဟု ချီးကျူးစကား ပြော သွား သံ ကြား လိုက်ရသဖြင့် အဘယ်မည် သော အခြင်းအရာ ကို “ လှသည် ” ပြောပါလိမ့် ဟု သိချင် စိတ် ဝင်လာ သည် ။
သာဓု ကိစ္စ ကို ရုံမန်နေဂျာ နှင့် ပြောဆိုပြီးသည် တွင် တစ်အောင့် တစ်နား ဆို သလို ရုပ်ရှင်ရုံ ထဲ ဝင်ထိုင် ကာ မင်းသမီးသစ်ကလေး သေသည့် အခန်း ဆုံးအောင် ကြည့်လိုက် ရာတွင် ... စောစောက ရုံ မှ အထွက် မိန်းမပျိုကလေး နှစ်ယောက် ပြော သွားသည့် ( သေတဲ့ အခန်း သိပ်လှ တာပဲ ) ဆိုသည် မှာ သေသူ မင်းသမီး သစ်ကလေး မိတ်ကပ် ပေါင်ဒါအဖွေး သား နှင့် ဆံပင်အလယ်ခွဲ နှင့် ပြောင် နေအောင် ဖြီး ထားသည့် အလောင်း ကို ဆိုလိုကြောင်း သာဓု သဘော ပေါက် သွားသည် ။ စိတ် လည်း ညစ်သွား ၏ ။ ဤလို ရုပ်ရှင် ကြည့် ပရိသတ်မျိုး သည် စောစောက သေနတ် ထိ ကျ ဆုံးသော ဒုဗိုလ် အား မြေမြှုပ်ခါနီး ခေါင်းဖြီး ၊ ပေါင်ဒါ ရိုက် သည် ကို လည်း လှ သည် ဟု သဘော ကျလေ မည်လား မပြောတတ် ။ ယင်းကဲ့သို့သော သဘာဝ ကင်းမဲ့ သည့် ရုပ်ရှင် များကို လက်ခံ အားပေးနေသရွေ့ မြန်မာ ရုပ်ရှင် တိုးတက်တော့မည် မဟုတ် ။
ယုတ္တိ မဲ့သော အခန်း တစ်ခု တလေ ကြောင့် ဇာတ်ကား တစ်ကားလုံး ကို ပစ်ပယ်ရန် မဆိုလို ။ သဘာဝ မကျ သော အခန်း တွေ့တိုင်း စာနယ်ဇင်း တို့ တွင် ရေးသား ဝေဖန်သော အလေ့အကျင့်ကလေး တစ်ရပ် ပရိသတ် တွင် လိုအပ်လာချေပြီ ။
တိုးတက်နေသော နိုင်ငံများ တွင် ရုပ်ရှင်သမား တို့ ဖြစ်ကတတ်ဆန်း မလုပ်ဝံ့ကြ ၊ လုပ်သည် နှင့် ပြုတ်မည် သေချာသည် ။ ဝတ်စားဆင်ယင်မှု ၊ အကျင့်သိက္ခာ ၊ လူမှုရေးရာ သာမက သရုပ်ဆောင်မှု တို့ တွင် ပါ ဖီလာဆန့်ကျင် ဖြစ်လာကာ ထိုထို ရုပ်ရှင် ပြဇာတ်မျိုးကို မကြည့်ဘဲ နေရုံသာ မဟုတ်။ အခြားသော ကြည့်မည့် ပရိသတ် ကို ပင် သပိတ် တား ၍ ဆန္ဒ ပြ တတ်ကြသည် ။
သာဓု တို့ မြန်မာရုပ်ရှင်များ ကို ကြည့်ပါ ။ ကမောက်ကမ အမျိုးမျိုး တွေ့ ရချိမ့်မည် ။
အချို့သော သရုပ်ဆောင်မင်းသား တို့ ရုပ်ရှင် ရိုက်ရာ တွင် နှုတ်ခမ်းနီ ဆိုး ကြသည် ။ အချို့ကမူ နှုတ်ခမ်း ဆိုး ရုံမကဘဲ အရောင်တောက်ဆေး ပါ ပွတ် လိမ်း ထားကြသော ကြောင့် အရောင်တောက် ဆေးများ ပျက်မည် ကို စိုးရိမ် နေရသဖြင့် စကား ပြော ရာတွင် မပွင့်တပွင့် ဖြစ် နေသည် ။ နှုတ်ခမ်းချင်း ထိ၍ ဖိပြောရမည့် နေရာ တွင် လည်း သတိကြီးစွာ ထား နေရသောကြောင့် စကားသံ လုံးထွေးပြီး သရုပ်ဆောင်မှု ဟန်ချက် ပါ ပျက် ရချေတော့သည် ။
တစ်ခါ မက ၊ တစ်ကြိမ်မက အကြိမ်ပေါင်း များ စွာ အမှားကြီး မှား ပြီး သရုပ်ဆောင်မှု ခေါက်ရိုး ကျိုးနေ သူ နာမည်ကြီး မင်းသမီး တစ်လက် သည် ရှိ၏။ သူ သည် အလွန် လှ ချင်သည် ။ ကောင်းပေ့ ဆိုသော အဝတ်အစားများ သာ ဝတ် ချင်သည် ။ အဖိုးတန် အလွန် ထည်ဝါခမ်းနားသော တိုက်အိမ်ကြီးများ တွင် သာ ရိုက်ကူးစေချင်သူ ဖြစ်လျက် ...
နာမည်ကြီး အကယ်ဒမီရ ဇာတ်ကား တစ်ကား တွင် သူ သည် ညား ခါ စ, လင်တော်မောင် ပြန် ချိန် တန် ပါလျက် ပြန် မလာသေးသဖြင့် တမျှော်မျှော် စောင့် သော အခန်း ... ။
စ, ၍ ပြသည် မှာ နာရီ ။ ည ( ၈ ) နာရီ ၊ နောက် မင်းသမီး ကို ပြသည် ။ ဆိုဖာ ကုလားထိုင် တွင် ထိုင်ရင်း လက်ပတ်နာရီကို ကြည့် သည် ။ နောက် ထ ရပ်သည် ။ ပြတင်းပေါက် မှ အပြင် သို့ ကြည့် သည် ။ ချစ်လင် ကို မျှော်သည် ။
ထိုကဲ့သို့ ည ၈ နာရီ အချိန် အိမ် မှ နေ၍ လင် ဖြစ်သူ ကို မျှော် နေသော အဆိုပါ မင်းသမီး သည် အကောင်း ဆုံး ၊ အဆန်းဆုံး ၊ အဝတ်အစားများ ဝတ်ဆင် ထားသည် ။ အထူးသဖြင့် ဆံပင်ပြုပြင် ထား ပုံမှာ ထိုခေတ်ပေါ် တစ်ပေ နီးပါးခန့် ခပ်မြင့်မြင့် ဆံထုံး ။ ဘေး တစ်ဖက် တစ်ချက် တွင် တွန့် လိပ် ကောက်ကွေး နှင့် အထွေးလိုက် ကျ နေသော ဆံခွေကလေးများ က လည်း တလှုပ်လှုပ် တရွရွ ။
၁၂ နာရီ အထိ လင်တော်မောင် ပြန် မလာသေး ။ ဧည့်ခန်းစားပွဲ တွင် မင်းသမီး မေး ထောက် ၍ ငိုက် နေသည် ။
ထိုအခန်း ကို ရုတ်တရက် ဖြတ် ၍ သူ့ ချစ်လင် သည် အပေါင်းအသင်း အချို့ နှင့် အရက် သောက် ပြီး မူး နေသည် ကို ပြသည် ။ ယင်းနောက် မင်းသမီး ကို ပြန် ပြသောအခါ ...
မရွှေချော ခုတင် ပေါ် ၌ အိပ်ပျော် နေပြီ ။ သို့သော် အဝတ်အစား မလဲ။ ဆံပင်ဆံထုံး လည်း မူလ အတိုင်း ပင် ရှိသေး လျက် ထို ဆံထုံးအလှ နှင့် ဆံပင် အတွန့်အလိန် တို့ ပျက်မည် စိုး၍ ခေါင်း နှင့် ခေါင်းအုံး မထိ စေဘဲ ခေါင်းအုံး ပေါ် ဇက် တင်၍ အိပ်ပျော် နေဟန် သရုပ် ဆောင်သည် ။
စင်စစ် ၊ လင် ပြန်လာလျှင် လည်း အိပ်ရတော့မည့် အတူတူ ဆံထုံး ကို ဖျက် ၍ အိမ် နေရင်း အိပ်ခါနီး ပုံစံ ၊ ဆံပင် တစ်ပတ်လျှိုး သို့မဟုတ် နောက်စေ့ ဘက် ထိပ်ကျကျ တွင် ရော်ဘာကွင်းဖြင့် စုစည်း တုပ်နှောင် ထား က ပို၍ သဘာဝ မကျပါလော။ အိပ်ရာ တွင် အိပ်ရာ ၌ ပင် ခေါင်းအုံး ပေါ် စိတ်တိုင်း ကျ ဦးခေါင်း ပြု၍ ဟန်ပါပါ သရုပ်ဆောင် နိုင်မည် မဟုတ်ပါ တုံလော ။
မိန်းမ သည် လှချင်၏ ။
လှပါ ။ သူ့ အခန်း နှင့် သူ ရက်ရက်စက်စက် လှ လိုက်စမ်းပါ ။ သရုပ်ဆောင် ရာ တွင် လည်း ထက်ထက်မြက်မြက် သဘာဝ ကျလိုက် စမ်းပါ ။
အချို့ ရှိသေးသည် ။ သူတောင်းစား ခန်း ၊ အိမ်ဖော် ၊ ငါးစိမ်းသည် စသည့် အခန်း မျိုး မရိုက်ချင် ။ စကားကြမ်း ကြမ်း ပြောရသော ၊ ရန် တွေ့ရသော အခန်းမျိုး မပါချင် ။ ရွှံ့ဗွက် ထဲ ချော် လဲ ရသည့် အခန်းမျိုး ပင် အင်တင်တင် လုပ်တတ်ကြသည် ကို မြင်ဖူး၏ ။
ဤသည် တို့ မှာ သာဓု ရိုက်ကူး သော ကားများ မဟုတ် ။ သွားရင်း လာရင်း ကြုံဖူးမြင်ဖူး သည် တို့ သာ ဖြစ်လျက် အကယ်တိ သာဓု ဒါရိုက်တာ လုပ်ရစဉ် သာဓု ၏ ညွှန်ကြားမှု ကို မနာခံဘဲ ထွေလာ ကေလာ လုပ် လာချေသော် ထိုထို ရွှေမင်းသမီး အဖို့ ဆေးစား မှားခြင်း ဖြစ် ချိမ့်မည် ။
တစ်ခါက လည်း သာဓုထံ မှ ငှား သွားသော ကင်မရာ ကို သွား ပြန်တောင်း စဉ် ခြံ တစ်ခြံ ၌ ဇာတ်ကား ရိုက် ရန် ပြင်ဆင် နေကြသည် နှင့် ကြုံ ကာ ထမင်း စားချိန်လည်း တိုက်ဆိုင် နေသည် တွင် အမဲနှပ် ဟင်း အနံ့ က သာဓု ကို ဖိတ်ခေါ် နေသည် တစ်ကြောင်း ၊ မိတ်ဆွေ ဒါရိုက်တာ ထုတ်လုပ်သူ က လည်း ဇွတ် ခေါ် ၊ မင်းသားကြီး ဦးကျောက်လုံး က လည်း အတင်း ဆွဲမည်အပြု ...
“ စားမယ် ကိုကျောက် ရေ ၊ ဆွဲခေါ် စရာ သိပ်မလိုဘူး ”
သာဓု ဝင် စားသည် ။
“ အင်း ... ဆရာ လာတာ နဲ့ ဒီမှာ ပြဿနာ တက် နေတာနဲ့ တော့ အံကိုက် ပဲ ဆရာ ရေ ”
စားရင်းသောက်ရင်း က ပင် ကိုကျောက် က စကား စ သည် ။
“ ဆိုပါဦး ”
“ ဟာ ... မင်းသမီး ပေါ့ ၊ ဒီနေ့ သူ့ အခန်း က စ , ရိုက်မယ် လုပ်မှ ဂျစ် တစ်တစ် နဲ့ ကောက် နေ တယ်လေ ”
“ ဘယ်လို ... ”
“ ဒီ ကား မှာ ရွှေမင်းသမီး က မွေးစားသမီး လက်ထောက် မင်းသမီး က သမီး အရင်း ၊ အဲဒါ သူ က မွေးစားသမီး ဆိုရင် သမီးရင်း ထက် သာအောင် ဝတ်လို့ စားလို့ ရ မှာ မဟုတ်ဘူး ဆိုပြီး ... ”
ထိုအခိုက် ရွှေမင်းသမီး ရောက် လာကာ သရက်သီးစိမ်း တို့ စရာ လာ ယူသဖြင့် ကိုကျောက် စကား ရပ် လိုက်သော်လည်း ...
“ ဟေ့ ၊ ဒီနေ့ ကားသစ် စရိုက် မှာ မို့ သိပ် ပျော်နေတယ် ဟုတ်လား ”
သာဓု က စကားတစ်မျိုး ဖြင့် အစ ပျိုးလိုက်ရာ ...
“ မပျော်ပါဘူး ဆရာ ရယ် ၊ အခန်း မကောင်းလို့ စိတ်ကို ညစ်နေတာပဲ ”
“ ဩ ... ဩ ”
သာဓု က ဤတွင် ဖြတ်ပြီး ထမင်း ဆက်စားစဉ် သူ လည်း ထွက်သွား၏။
••••• ••••• ••••• •••••
“ ဘယ်လိုလဲကွ ၊ ခုန သမီး ပြောတာ အခန်း မကောင်းဘူး ဆိုတာလေ ”
ထုတ်လုပ်သူ နှင့် ကိုကျောက် တို့ က မင်းသမီး ကိစ္စ အပူ ကပ်သည် နှင့် သာဓု က မသိ ဟန် ဆောင် မေးလိုက်၏။
“ ဒီလိုပါ ဆရာ ၊ ဒီ ဇာတ်ကား မှာ သမီး က မွေးစား ခံရတာ ၊ အဲဒါကို တန်းတူ ဝတ်စားခွင့် ရတာ သမီးရင်း က မနာလို ဖြစ်ပြီး အဝတ်အစားတွေ ခိုးပြီး ၊ ရောင်းပစ် ၊ မီးရှို့ပစ် လုပ်တော့ သမီး က သိပေမဲ့ လူကြီးတွေ ပြန်တိုင် ရင် ကုန်း တိုက်ရာ ရောက်မလား ဆို ပြီး အတိုချုပ် ကတော့ ဆရာ ရယ် ၊ အဝတ် အစား အဟောင်းအနွမ်း ပဲ ဝတ် ရမယ်။ မိဘတွေ မေးရင် နှမြော လို့ သိမ်းထားတယ်ပေါ့လေ ။ ဇာတ်လမ်းက ... ဇာတ်လမ်း က ”
“ ဪ ... ဪ ... ဒီလိုဆို တော့ သမီး လှလှပပ မဝတ်ရဘူး ပေါ့ ”
“ အင်းလေ ဆရာရယ် သမီးအရင်း လက်ထောက်မင်းသမီး က နေရာ တကာ အသာ စီး ရ နေတာပေါ့ ”
“ လက်ထောက်မင်းသမီး က ဘယ်သူ လဲ ”
“ ဒီနေ့ မပါသေးဘူး တဲ့ ”
“ အေးလေ ထားပါတော့ ၊ အဲ ... အဲဒီ လက်ထောက် ကို သမီး ရင်း နေရာ မှာ ထား ကတည်း က သူ ဟာ အသုံးအဖြုန်း ကြီးမယ် ၊ အလှအပ ပဲ မက် ပြီး အိမ် ကိစ္စ ဘာမှ မလုပ် ၊ သူ့ ကြောင့် မိဘရင်းချာ စိတ် ဆင်းရဲရ မယ် ဆိုတဲ့ အခန်းမျိုး က သူ နေရမယ် ထင်တယ် ”
“ ဟုတ်ကဲ့ ဆရာ ၊ ဇာတ် ကတော့ အဲဒီ သဘောပါ ”
“ ဒါဖြင့် မွေးစားသမီး ကတော့ လိမ္မာရေးခြား ရှိတယ် ၊ မွေးစား အဖေ အမေ ကိုလဲ မိဘ ရင်း လို ပြုစုတာ ၊ အိမ်မှုကိစ္စ အားလုံး တစ်ယောက် တည်း ကျုံး လုပ်တာ ၊ နေရာတကာ အနစ်နာ ခံတဲ့ အခန်း ကော ဟုတ်ကဲ့ လား ”
သူ ခေါင်း ညိတ်သည် ။
“ အေးကွာ ၊ သမီး က အဝတ်အစား ကြော့ နေအောင် မဝတ် ရတာ တစ်ခု ကတော့ ခေါင်းဆောင် အနေ နဲ့ ဘဝင် မကျ စရာပေါ့ကွာ ၊ ဟုတ်ဘူး လား ”
“ အင်းပေါ့ ဆရာ ရဲ့ ”
“ ဒါပေမဲ့ တစ်ခု တော့ ရှိတယ် ။ သမီး က ရုပ်ရှင် ပရိသတ် အနေ နဲ့ တွေး ကြည့်စမ်း။ ဥပမာ - တယ်လီဗီး ရှင်း ထဲ က ချာလီစ်အိမ်ဂျယ် မင်သမီး ကိသ်ဂျွန်ဆင် လား ၊ ဂျက်ဆင် လား ၊ ချောချောလေး တစ်ယောက် ဆိုပါတော့ ၊ သူ က မွေးစားသမီး အစုတ်စုတ် အပြတ်ပြတ် နဲ့ အနစ်နာ ခံ ပြီး မွေးစား မိဘ ကို ပြုစုတယ် ၊ အမေ ရော အဖေရော ရေးချိုးတဲ့ အခါ ခြေသည်း ကြား ပါ ချေးခြစ်ပေးတယ် ဆိုပါတော့ ၊ လက်ထောက် က ပေါ် ကြော့ ၊ သမီး အရင်း ၊ ကဲ ... အဲဒီလို ဆို သမီး ဘယ်သူ့ ချစ်မလဲ ၊ သနား မလဲ ၊ ဘယ်သူ့ကို သောက်မြင် ကတ်မ လဲ ”
ထို အမေး ကို မဖြေ ၊ သူ ခပ်ငိုင်ငိုင် တွေ နေသည် ။
“ ရှုပ် ပါတယ် ဟာ သမီး က ခေါင်းဆောင် နာမည်ကြီး မင်းသမီး ပဲ ၊ လှ ချင်တာပေါ့ ဟဲ့ ... အခန်းချင်း ပြောင်းသာ ရိုက် ၊ ဟုတ်လား ၊ ဆရာ ပြော ပေးမယ် ”
သူ ကဗျာကရာ လက်ကလေး ကာ ပြ သည် ။
“ ဟင့်အင်း ဆရာ ၊ သမီး ဒီ အခန်း ပဲ ရိုက် တော့မယ် ”
သူ သာဓု ကို လက်အုပ် ချီ ပြီး ထ သွား ကာ အလှပြင် သေတ္တာ ထဲ မှ ဆပ်ပြာခွက် ယူ၍ မျက်နှာ သစ် သည်
ဒါရိုက်တာ နှင့် စက်အဖွဲ့တို့ အစစ ပြင်ဆင် ကြသည် ။ ကိုကျောက် က လည်း ( သူ့ အဓိပ္ပာယ် နှင့် သူ ) သာဓု ကို လက်အုပ် ချီ လိုက်သေးသည် ။
သာဓု သည် လည်း ပုံသေရိုက် ကင်မရာ ယူ၍ ပြန် လာရင်း ၊ ရုပ်ရှင် လောက အတွက် စိတ် မအီမသာ ဖြစ် ရချေသေးသည် ။
( ၂၁ - ၁၁ - ၈၅ )
◾သာဓု
📖 ချယ်ရီ မဂ္ဂဇင်း
ဇန်နဝါရီ ၊ ၁၉၈၆
📖 အနုဝင်္ကပါ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment