❝ ပတ္တမြား မိုမို ❞
လိပ်စာကတ် တွေ တစ်ထပ်ကြီး ကိုင်ပြီး အမေရိကန် က နေ မြန်မာနိုင်ငံ ကို သူ ပြန် လာတယ် ။
Ruby Mo Mo Jewellery Inc., Ocean Garden Oriental Food Inc, Golden Burma Oriental Food Inc. ဆိုတဲ့ ကျောက်မျက်ရတနာဆိုင် ၊ လတ်ဆတ်တဲ့ ပင်လယ်စာ နဲ့ ဟင်းသီးဟင်းရွက်ဆိုင် နှစ်ဆိုင် လိပ်စာကတ် သုံးခု မှာ ပတ္တမြားမိုမို က မန်နေဂျင်း ဒါရိုက်တာ လို့ ဖော်ပြ ထားတယ် ။
Sky Born Group of Company လိပ်စာကတ် မှာ တော့ အထွေထွေ မန်နေဂျာ နဲ့ နိုင်ငံတကာ ဆက်သွယ် ဆောင်ရွက်ရေး တာဝန်ခံ ၊ New York Law Office လိပ်စာကတ် မှာတော့ အထွေထွေ အကြံပေး ပညာရှင် ၊ ဥပဒေဆိုင်ရာ ကိုယ်စားလှယ် ဆိုပြီး ဖော်ပြ ထား ပါတယ် ။
ပတ္တမြားမိုမို တို့ မိသားစု နဲ့ ကျွန်တော် ခင်မင် ရင်းနှီး ခဲ့တာ ကြာပြီ ။ သူ အမေရိကန် ပြည်ထောင်စု ကို ထွက်ခွာ မသွားခင် ရန်ကုန် က ဗိုလ်ချုပ်အောင်ဆန်းဈေး မှာ ပတ္တမြားမိုမို ကျောက်မျက်ရတနာဆိုင် ဖွင့် ရောင်း နေ ကတည်း က သူ့အိမ် က ကျွန်တော့် စားအိမ် သောက်အိမ် တစ်အိမ် ပါ ။
ယခုအခါ ပတ္တမြားမိုမို က အမေရိကန် နိုင်ငံသား အဖြစ် ခံယူ ထားပြီ ။ မြန်မာပြည် တိုးတက် ပြောင်းလဲလာ ချိန် မှာ အမေရိကန် - မြန်မာ ဘာတွေ ဆက်စပ် လုပ်ကိုင် နိုင်သလဲ ဆိုတာ လေ့လာဖို့ ခေတ္တ ပြန် လာတယ် ။
ပတ္တမြားမိုမို က အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ မှာ ကျောက်မျက်ရတနာဆိုင် တစ်ဆိုင် ၊ ပင်လယ်စာ နဲ့ ဟင်းသီးဟင်းရွက်ဆိုင် နှစ်ဆိုင် ပိုင်ဆိုင် ဖွင့်လှစ် ထားတယ်လို့ ဆိုတယ် ။
ဥပဒေရေးရာ အဖွဲ့အစည်းတွေ မှာ လည်း ပါဝင် ပြီး အကျိုးဆောင် အလုပ် တွေ လုပ် နေတယ် လို့ ပြောတယ် ။
ကျွန်တော် က သူ့ ဇာတိ ရပ်ရွာ ကို လည်း သွား လည် ဖူးတယ် ။ သူ မြန်မာနိုင်ငံ မှာ ရှေ့နေ အလုပ် လုပ်ခဲ့ ဖူးတာ လည်း သိတယ် ။ မြန်မာနိုင်ငံ ကို သူ ခေတ္တ ပြန် လာခိုက် ရှေးဟောင်းနှောင်းဖြစ် တွေ ကျွန်တော် တို့ ထိုင် ပြောဖြစ် ကြ ပါတယ် ။
“ မမို ငယ်စဉ်ကာလ မှာ သတိရ နေသေးတာ လေး တွေ ပြောပြစမ်းပါ ”
“ မိုမို ငယ်ငယ် က ဧရာဝတီမြစ်ကြီး ဘေး စဉ့်ကူးမြို့သေးသေးလေး မှာ နေခဲ့ ရတာ ။ မိဘတွေ ရဲ့ တစ်ဧကခွဲ ကျယ်တဲ့ ခြံဝင်းကြီး ထဲ မှာ မိုမို တို့ မောင်နှမ ကိုးယောက် ၊ ကောက်ရိုးလေးတွေ နေ ခဲ့ရတယ် ”
သူ က ကိုးယောက် ကို ကောက်ရိုး လို့ စကားလိမ် လုပ် ပြောရင်း ရယ်တယ် ။
“ မိုမို တို့ အိမ် က မြစ်ကမ်းနဖူး မှာ ဆောက် ထားတာ ။ တံခါးဖွင့် လိုက်တာ နဲ့ ဧရာဝတီမြစ်ကြီး ကို မြင် ရတယ် ။ မြစ် အနောက်ဘက် ကမ်း မှာ ဆင်ကြီး တစ်ကောင် ဝပ် နေတာ နဲ့ တူတဲ့ မင်းဝံတောင်ရိုးကြီး ကို မြင်ရတယ် ။ တစ်ခါတလေ တော့ ဧရာဝတီ မြစ်ပြင်ကျယ် မှာ ခုတ်မောင်း လာတဲ့ နန်းဆန် အညာဆန် ကုန်သင်္ဘောကြီး ကို မြင်ရတယ် ”
မမို က ပြော နေရင်း ခပ်တွေတွေ သူ့ မျက်လုံးတွေ က ရီဝေဝေ ၊ ငယ်ဘဝ ကို ပြန် လွမ်း သွားပုံ ရပါတယ် ။
“ ဟိုး မြစ်ကမ်း တစ်ဖက် မခေါက်ရွာ က ထုံးဖွေးဖွေး နဲ့ စေတီလေး ရဲ့ အရိပ် က မှန်သားပြင် လို ကြည်လင် တဲ့ ဧရာဝတီမြစ်ရေပြင် မှာ ထင်ဟပ် နေတာက ပန်းချီကား တစ်ချပ် လို ပဲ ၊ ဒါကို သိပ် သဘောကျ တာ ”
မမို က ပတ္တမြားမိုမို ဆိုတဲ့ အမည် နဲ့ စာတွေ လည်း ရေးတဲ့ စာရေးဆရာမ ဖြစ်တယ် ။ သူ ပြောပြ နေပုံက စိတ်ကူးယဉ် ဆန်တယ် ။
“ မိုမို ရဲ့ တာဝန် က အိမ် မှာ ကြမ်းတိုက် ၊ တံမြက်စည်း လှည်း ရတာ ၊ အလုပ် လုပ်တာ ရပ်ပြီး ဧရာဝတီမြစ်ပြင် ဘက် ကို ငေးမော ကြည့် နေတာ အမေ တွေ့ ရင် တံမြက်စည်းရိုး နဲ့ ခပ်နာနာ အဆော် ခံ ရတာ ။ အမေ က ရိုက်ရင် မိုမို က ပြန် ပြောမိတာ က အမေ ပဲ လောကကြီး ကို ကြည့်တဲ့ အခါ မျက်တောင်မွေး တစ်ဆုံး ပဲ မကြည့် နဲ့ ၊ မျက်စိ တစ်ဆုံး ကြည့်ရမယ် လို့ ဆို ၊ အဲဒီလို ပြန် ပြောရင် အမေ က ရယ်ပါလေ ရော ”
သူ က ရွှင်ရွှင်လန်းလန်း ပြောရင်း ရယ်မောတယ် ။ သူ့ ဘဝ တစ်စိတ် တစ်ဒေသ ကို လည်း ကျွန်တော် က သိထားတာ မို့ ဧရာဝတီမြစ် ထဲ မှာ ရေ ဆော့ရင်း အရိုက် ခံခဲ့ရတဲ့ သူ့ ရဲ့ ငယ်ဘဝ အကြောင်း ကျွန်တော် က အစ ဖော် ပေးလိုက်တယ် ။
“ စဉ့်ကူး မှာ မွေးပြီး ရေကူး ချန်ပီယံဘွဲ့ မရရင် ငါ တို့ ညံ့လို့ ပဲ ဆိုပြီး ၊ မိုမို နဲ့ မောင် ဝမ်းကွဲလေး တစ်ယောက် ကားကျွတ် ကို လေထိုး ထားတဲ့ ကွင်းကြီး ကို စီး ၊ မြစ် ဟိုဘက်ကမ်း က မခေါက်ရွာ ကို ကူးကြမယ် လို့ လုပ်တာ ။ အရွယ် က ဖိနပ် ပျောက် ရင် လည်း အရိုက် ခံရတဲ့ အသက် ၁၁ နှစ် အရွယ်ပေါ့ ။ မြစ်ကမ်းဘေး မှာ ဖိနပ်လေး နှစ်ရန် ချွတ်ပစ် ခဲ့ပြီး မြစ် ထဲ ဆင်း ဆော့တာ ။
စဉ့်ကူး က ရွှေမုဋ္ဌော ဘုရား အနီး မှာ ဝဲ က ရှိတယ် ။ ဘောကွင်း က မြစ် ထဲ က ဝဲ ထဲ ပါ သွားပြီး ထွက် မရတော့ဘူး ။ ကယ်ပါ ယူပါ အော်တော့ လှေတွေ ငှက်တွေ နဲ့ လိုက် ဆယ် ရတယ် ။ အမေ က မိုမို တို့ ကို သစ်ပင် မှာ ကြိုး နဲ့ တုပ်ပြီး တုတ် နဲ့ ချန်ပီယံဆု ချီးမြှင့်တာပေါ့ ။ ဒါကို ဘယ်တော့ မှ မမေ့ဘူး ။ ဧရာဝတီမြစ် ဝဲ ထဲ မှာ ဘောကွင်းကြီး နဲ့ လည် နေတာ ကို မကြာခဏ အိပ်မက် မက်တယ် ”
သူ စဉ့်ကူးမြေ ကို ခွဲခွာလာခဲ့ ချိန် အကြောင်း ကို ကျွန်တော် က မေးတယ် ။
“ စဉ့်ကူး မှာ ရှစ်တန်း အောင် တော့ မေမြို့ ( ပြင်ဦးလွင် ) မှာ ကျောင်း ဆက် တက် တယ် ”
“ စဉ့်ကူး မှာ ဘာကြောင့် ကျောင်း ဆက် မတက်တာလဲ ”
“ အဖေ က သစ်ကုန်သည် ဆိုတော့ နည်းနည်း စိတ်ကူး ယဉ် တာ လည်း ပါ မှာပေါ့ ၊ မေမြို့ က ပညာရေး ကောင်းတယ် ၊ မြန်မာနိုင်ငံ ထဲ မှာ နိုင်ငံခြားမြို့ကလေး လို သာသာယာယာ ရှိတယ် ၊ အဲဒီတော့ ကိုးတန်း ကို မေမြို့ မှာ ဘော်ဒါ သွား ထားတယ် ”
“ ဆယ်တန်း ကျတော့ ကော ”
“ မန္တလေး အမှတ် ( ၈ ) အထက်တန်းကျောင်း ကို ပြောင်းတယ် ။ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးကြိုင် အုပ်ချုပ် တဲ့ အမှတ် ( ၈ ) ကျောင်း က လည်း ပညာရေး ကောင်းတယ် လို့ နာမည် ကြီးတယ် ။ ၁၉၇၅ ခုနှစ် မှာ အဲဒီ ကျောင်း က ဆယ်တန်း အောင်တယ် ။ ဂုဏ်ထူး နှစ်ဘာသာ ထွက်တယ် ။ ကျန်တဲ့ လေးဘာသာ က လည်း ဂုဏ်ထူးမှတ် နီးပါးရတယ် ။ ဆရာဝန်လိုင်း ရ မှာ အသေအချာပဲ ဆိုပြီး တက္ကသိုလ် ဝင်ခွင့် လျှောက်လွှာ တင်တဲ့ အခါ မန္တလေး ဆေးတက္ကသိုလ် ၊ ရန်ကုန်ဆေး ( ၁ ) ၊ ဆေး( ၂ ) ဆိုပြီး တန်းစီ ရေး ထည့်တာ ၊ တက္ကသိုလ် ဝင်ခွင့် ထွက်လာတော့ မိုမို လုံးဝ မလျှောက်တဲ့ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ် ဓာတုဗေဒ ဆိုပြီး ထွက် လာရော ”
သူ ဟက်ဟက်ပက်ပက် ရယ်မောတယ် ။ သူ့ ဘဝ ရဲ့ အပြောင်းအကွေ့ တစ်ခု ။
ကျွန်တော် က သူ့ ရဲ့ တက္ကသိုလ်ကျောင်းသူ ဘဝ ကို မေးပါတယ် ။
“ တက္ကသိုလ် မှာ မိုမို တို့ သူငယ်ချင်း ခြောက်ယောက် ရှိတယ် ။ အဲဒီ ထဲ မှာ ( နောင် ခင်ပွန်းသည် ဖြစ်လာမယ့် ) မိုမို ရဲ့ အချစ်ဆုံး ကိုကို လည်း ပါ တာပေါ့ ။ မိုမို တို့ ခြောက်ယောက် က ပျော်တတ် ၊ နောက်တတ် တယ် ။ တစ်ခါတုန်း က ပထမနှစ် ကျောင်းသူ ဘဝ ကျောင်း မှာ ဘွဲ့နှင်းသဘင် ရှိတယ် ။ မိုမို တို့ က ဘွဲ့ မရသေးဘူး ၊ ကျောင်း တက် နေတုန်း ၊ ဘွဲ့နှင်းသဘင် လာတဲ့ ကားတွေ ကို လမ်းညွှန် ထား တဲ့ မြားကြီး ကို မိုမို တို့ က ပြောင်းပြန် လှည့်ထား လိုက်တယ် ။ ဒါကို ထိုင် ကြည့်ပြီး ရယ်ကြတယ် ။ ကားတွေ လည်း လမ်းတလွဲ ရောက် ကုန်တယ် ။ မိုမို တို့ အဖွဲ့ လည်း ပါမောက္ခ ရုံးခန်း ရောက်ပြီး အပြစ်ဒဏ် အပေး ခံရတော့တာပဲ ”
မမို က ရှေးဟောင်း နှောင်းဖြစ်တွေ ကို ပြန် ပြောရင်း ပြုံးရယ်ပါတယ် ။
“ ပါမောက္ခ က ဘယ်လို အပြစ် ပေးသလဲ ”
“ ဆုံးမစကား ပဲ ပြောပါတယ် ။ ညှာညှာတာတာပဲ ပြောတယ် ။ နောက်တစ်ခါ လုပ်ရင် ကျောင်းထုတ် ပစ်မယ် တဲ့ ။ ဆရာကြီး က တော့ မရိုက်ပါဘူး ။ အိမ်ပြန် ရောက်တော့ အမေ က လှိမ့် ရိုက်တာ ခုနစ်ရက်ဖျားရော ”
သူ က ရယ်ပြီး ဆက် ပြောတယ် ။
“ ဆရာကြီး ဆုံးမ ပြီးတဲ့ နောက် မိုမို စာ ကြိုးစားတယ် ၊ အင်မတန် စာကျက် ဝါသနာ ပါသော ၊ အင်မတန် ပျော်တတ်သော ၊ အင်မတန် ပညာလိုလားသော မိုမို ဟာ ၁၉၇၉ ခုနှစ် ဘွဲ့ လည်း ရရော ၊ ဘယ်သူမှ မထင်တဲ့ အလုပ် ကို ကောက် လုပ် လိုက်ပါတယ် ။ အဲဒါကတော့ ယောက်ျား ယူ လိုက်ခြင်းပါပဲ ”
“ အဲဒီတော့ မိဘတွေ က .. ”
“ အဖေ က လည်း အမွေ ဖြတ် လိုက်ပါတယ် ။ တစ်ခါတည်း ဘဝကြီး ကို ဇောက်ထိုး ကျ သွား ပါတော့တယ် ”
“ ဘာ လုပ်စားကြလဲ ”
“ မိုမို တို့ တက္ကသိုလ် ကျောင်းသူ ဘဝ က အလွမ်းကိုကို ပန်းမိုမို ဆိုတဲ့ ဝတ္ထု တစ်ပုဒ် သိပ် ခေတ်စားတယ် ။ မိုမို ရဲ့ နာမည် က ငယ်ငယ် ကတည်း က ဆင်ကလေးမိုမို ခေတ်စား တဲ့ အချိန် ဗုဒ္ဓဟူး သမီး မို့ အိမ် မှာ မိုမို ဖြစ် နေတာ ။ ကိုကို က မိတ္ထီလာသား ဆိုတော့ ဗိုလ်ကေ နောက် ဆံတောက် ပါ သွားတယ် ။ ပန်းမိုမို ဆိုတဲ့ နာမည် နဲ့ စက်ချုပ်ဆိုင်လေး ဖွင့်တယ် ။ နောက်တော့ သမီးကြီး သီရိကို မွေးတယ် ။ ပန်းကလေး မိုမို မဟုတ်တော့ဘူး ။ ပင်ပန်းပြီး သေတော့မယ့် မိုမို ပါ ”
“ မိဘတွေ က ပြန် မခေါ်ဘူးလား ”
“ မခေါ်ပါဘူး ၊ ထန်းပင်ကုန်း ဆိုတဲ့ ရွာလေး က ဆရာ လို လို့ လာ ခေါ် တာ နဲ့ မိုမိုတို့ လင်မယား ကလေး နီတာတွတ်လေး နဲ့ လိုက် သွားပြီး လုပ်တယ် ။ အဲဒီမှာ တစ်နှစ် လုပ်တော့ မိုမိုတို့ သင်ပြတာ ကောင်းတယ် ဆိုပြီး မိတ္ထီလာရဲ့ အရှေ့ဘက် တောမရွာ က လာ ငှားတယ် ။ တောမရွာ မှာ တွဲဖက်ကျောင်းဆရာ ၊ ဆရာမ လုပ်ကြတယ် ။ ကိုကို က သုံးဘာသာ ၊ မိုမို က သုံးဘာသာ သင်ပြတယ် ၊ အောင်မြင်ပါတယ် ”
“ နေတော့ ကော ... ”
“ ရွာ အပြင် ကျောင်း နား က အိမ်ကလေး မှာ နေတာ ။ အိမ် က သင်္ချိုင်းကုန်း နဲ့ လမ်း ပဲ ခြားတယ် ။ ပင်ပန်း ဆင်းရဲလွန်း လို့ အဲဒီ အချိန်က ဘယ်လို တွေး မိသလဲ ဆိုတော့ ခုနေ ငါ သေသွားရင် အသုဘ ကို လမ်း ကျော်ပြီး ချ လိုက်ရုံပဲ ။ စီစဉ်ရတဲ့ လူတွေ တော်တော် သက်သာမှာပဲ လို့ ”
သူ က လောက ကို အရွဲ့ တိုက်တဲ့ အတွေးတွေ ကို ပြောရင်း ပြုံးတယ် ။
“ ယောက်ျား ကို ကြက်ဥ တစ်လုံး ရှိ ရင် တစ်ဝက် ကျွေး ၊ ကျန် တစ်ဝက် ကို မိုမို တို့ သားအမိ စားတယ် ။ သူ က ရဲအရာရှိလောင်း စာမေးပွဲ ဖြေမှာ ။ မိုမို က သူ့ စာတွေ လည်း ကူ ကျက် ပေးတယ် ။ သူ အရွေး ခံ ရတယ် ။ ညောင်ပင်ကြီး အောက် က တဲအိမ်လေး မှာ မိုမို ရယ် သမီးလေး ရယ် ကျန်ရစ်တယ် ။ လမ်း တစ်ဖက် မှာ တော့ သင်္ချိုင်းကုန်း ပေါ့ ”
“ ည ဆို မကြောက်ဘူးလား ”
“ ကြောက်လွန်းအားကြီး လို့ မကြောက်တော့ဘူး ။ မရယ်ရတာ ရယ်တောင် ရယ်ချင်သေး ဆိုတဲ့ စကား အတိုင်းပဲ ။ မိုမို က သင်္ချိုင်း ဘက် က လာမယ့် သရဲ ထက် မြွေ ကို ပို ကြောက်တယ် ။ မြွေ ဘယ်လောက် ပေါသလဲ မေးရင် ကွပ်ပျစ် ပေါ် က အောက် တစ်ခါ ဆင်း တိုင်း ဖိနပ် မှာ မြွေ တစ်ကောင် ရှိတယ် ။ မြွေ က လည်း မြွေပွေး ၊ မြွေ ကြောက် နေ ရတော့ သရဲ လည်း သတိ မရ ။ မတော် မတရား လုပ်မယ့် သူခိုး ၊ ဓားပြ လည်း သတိ မရတော့ပါဘူး ”
“ နောက်တော့ ... ”
“ သမီးငယ် ဥမ္မာအောင်မြင့် ကို မွေးတဲ့ အချိန် မှာ အမေ တို့ က ပြန် ခေါ်တယ် ။ အဲဒီ အချိန် မှာ အမေတို့ က မန္တလေး မှာ အိမ် ငှားပြီး နေကြတယ် ။ မိုမို့ အမျိုးသား ကိုအောင်မြင့် က လည်း ရဲအရာရှိ သင်တန်း ဆင်းပြီ ။ ယောက်ျား ရဲအရာရှိ ဆိုရင် မိန်းမ က ရှေ့နေ ဖြစ်သင့်တယ် ဆိုပြီး မိုမို အိတ်ချ်ဂျီပီ ဖြေတယ် ။ ဂုဏ်ထူးတွေ နဲ့ အောင်ပြီး လူ က ငါ လုပ်ရင် ဖြစ်တယ် ဆိုပြီး မြောက်ကြွ မြောက်ကြွ ဖြစ် နေတာပေါ့ ။ နောက် အာရ်အယ်လ် ဆက် ဖြေတယ် ။ ပထမနှစ် စ တက်တယ် ”
“ အမျိုးသား က စသုံးလုံး အရာရှိ နော် ”
“ ဟုတ်တယ် ၊ ၁၉၈၇ ခုနှစ် မှာ မိုမို အာရ်အယ်လ် ပထမနှစ် စ တက်တယ် ၊ အဲဒီ အချိန် မှာ ပဲ တရားမဝင် ငွေစက္ကူတွေ ကြေညာတယ် ။ မိုမို တို့ မှာ ရှိတာလေး ရော ၊ မေမေ တို့ ချမ်းသာ သမျှရော ကုန်ရော ”
သူ က “ အဟဲ ” ဆိုပြီး ခပ်သောသော ရယ်မောကာ ဆက် ပြောပါတယ် ။
“ အဟဲ ယောက်ျား က စသုံးလုံး အရာရှိ ၊ နေရတဲ့ အိမ်လေး က မိုး ရွာရင် တစ်အိမ်လုံး ရေတွေ နစ်လို့ ၊ ကလေး နှစ်ယောက် ကို သေတ္တာ ပေါ် တင် ထား ရတယ် ။ မိုမို တို့ က ပြတင်းပေါက် ဘောင် ပေါ် ထိုင် နေရတာ ၊ တွေးတိုင်း ပြုံးမိတယ် ။ နောက်တော့ ယောက်ျား က စစ်တွေ ကို နှစ်ပွင့် နဲ့ ပြောင်း ရတယ် ။ မိုမို တို့လည်း လိုက်သွား ကြတာပေါ့ ”
••••• ••••• •••••
ယောက်ျား က စသုံးလုံး အရာရှိ အဖြစ် ရခိုင်ပြည်နယ် ၊ စစ်တွေမြို့ ကို တာဝန် ကျတော့ ဒေါ်ခင်မာဝေ ခေါ် ပတ္တမြားမိုမို လည်း လိုက်ပါ သွားတယ် ။ ရှေ့နေ စာမေးပွဲ တွေ အောင်မြင်ထားသူ မို့ တတ်သည့် ပညာ မနေသာ ဆိုသလို သူ ရှေ့နေ လိုက်တယ် ။
“ မမေ့နိုင်တဲ့ အမှု က တော့ လူသတ်မှု ၊ တရားခံ က ဘူးသီးတောင် မောင်တော ဘက် က ၊ ဦးလေး အရင်း ကို နှီးဖျာတဲ့ ဓား နဲ့ တစ်ချက် တည်း ခုတ် လိုက်တာ ၊ လည်ပင်း အရေပြား တဲတဲကလေး ပဲ ကျန်တာ ။ သူ ကိုယ်တိုင် က သ,တ်ကြောင်း ဖြောင့်ချက် ပေး ပြီးသား ။ သေဒဏ် ကျခံရဖို့ သေချာသလောက် ဖြစ် နေတဲ့ သူ ဘက် က အစိုးရ ရှေ့နေ အဖြစ် လိုက် ပေးတာ ။ သူ့ မှာ ပိုက်ဆံ လည်း မရှိဘူး ။ အချို့ က ပြောတယ် ၊ ဘာမှ ရစရာ လည်း မရှိ ၊ နိုင်စရာ အကြောင်း လည်း မမြင်တဲ့ အမှု ကို ဘာကြောင့် လိုက်သလဲ တဲ့ ”
ကျွန်တော့် စိတ် ထဲ မှာ လည်း ဘာကြောင့် လိုက်တာလဲလို့ မေးခွန်း ထုတ် မိတယ် ။
“ မိုမို က အစိုးရရှေ့နေ အဖြစ် တီအေ ၊ ဒီအေ ( ခရီးစရိတ် ၊ နေ့တွက် ) တစ်ရက် မှ ၂၅ ကျပ် ပဲ ရတယ် ။ အိတ်စိုက် သွား စစ်တာ ။ သူ နဲ့ သွား တွေ့ပြီး ဖြစ်စဉ် ကို မေး လိုက်တော့ ရပ်ရွာဓလေ့ အရ အလှူပွဲ လုပ်တော့ ဦးလေး ဆီ က မောင်းကလေး ငှား သုံးတယ် ။ အဲဒီ မောင်း က ကွဲ သွားတယ် ။ ကွဲ တဲ့ မောင်း ကို ပြင်ပြီး ပြန် ပေးတော့ မောင်းပိုင်ရှင် ဦးလေး က စိတ် ဆိုးပြီး ခွေးသားဝက်မြေး လို့ ဆဲတယ် ။ ဒီလို အပြော ခံရတာ သူ ကိုးကွယ် ယုံကြည်တဲ့ ဘာသာတရား အရ ထိခိုက်တယ် ဆိုပြီး စိတ် မထိန်းနိုင်တော့ နှီးဖျာ တဲ့ ဓားမောက် နဲ့ ခုတ်ထည့် လိုက်တယ် ”
ကျွန်တော် နားထောင် ရင်း ကျော ထဲ စိမ့်ခနဲ ဖြစ် သွားတယ် ။
“ ရှေ့နေ က ဒါ မတော်တဆ ဖြစ်သွားတာပါ လို့ လည်း ထုချေလို့ မဖြစ်နိုင်ဘူး ။ သူ က ဓား နဲ့ ခုတ်ပြီးတော့ ဓား ကို ရေကန် ထဲ ပစ်ပြီး ထွက် ပြေးတယ် ၊ အမှု က ကြီးဖို့ ချည်းပဲ ”
“ ဘယ်လို ထုချေလဲ ”
“ သူ့ ရပ်ရွာ ထဲ မှာ အရင် က ပြစ်မှု ကျူးလွန်ခဲ့တာ ရှိ မရှိ ၊ စိတ်ကောင်း ရှိ မရှိ ၊ အများအကျိုး လုပ်ဆောင် တတ် တဲ့ စိတ်ထား ရှိ မရှိ စုံစမ်းတယ် ။ တရားခွင် ရောက် တော့ သူ ဘယ်တုန်း က မှ ရပ်ကွက် ထဲ မှာ ရန် မဖြစ်ဖူးတာ ။ ရာဇဝတ်မှု မကျူးလွန် ဖူးတာ ၊ သူများ အကျိုး ဆောင်ခဲ့တာတွေ တင်ပြတယ် ။ အဲဒီ နေ့ မှာ တရားခံ ရဲ့ မိသားစု ကို လည်း တရားခွင် ကို ခေါ် ထားတယ် ။ ကလေးတွေ က ပုစုခရုတွေ အများကြီး ၊ အင်္ကျီ မပါ ၊ နှပ်ချေး ဗရဗျစ် နဲ့ ၊ မျက်လုံး ပြူးပြူးဝိုင်းဝိုင်းလေးတွေ နဲ့ ...”
ပတ္တမြားမိုမို က စာရေးဆရာမ ပီပီ ပုံ ပေါ်အောင် ဖော်ပြီး ပြော နိုင်လို့ မျက်စိ ထဲ မှာ မြင်ကွင်း ကို မြင်ယောင် လာတယ် ။
“ တရားသူကြီး ကို လျှောက်လဲချက် ပေးတော့ တစ်ဖက် တရားလို က ဝါးရင်းတုတ်ကြီး နဲ့ လာ ရိုက်လို့ ဓားကလေး နဲ့ ခုခံရတာပါ ဆိုတာမျိုး ပြောလို့ မရနိုင်ဘူး ။ ဘယ်လို ပြောလဲ ဆိုတော့ ဘုရား သော် မှ သေပြီးသား လူ ကို ရှင် အောင် မလုပ်နိုင်ပါဘူး ။ လူ့ ဘဝ ဆိုတာ အင်မတန် ရခဲတယ် လို့လည်း ပြောကြပါတယ် ။ ဟောဟို မှာ ထိုင် နေတဲ့ လူ က တော့ မကြာခင် မှာ သေမိန့် ချရင် သေရ တော့မယ့် လူ ဖြစ်ပါတယ် ။ တရားသူကြီးအနေ နဲ့ သေပြီး တဲ့ လူ ကို ရှင်အောင် မလုပ်နိုင် ပေမယ့် ဟောဟို မျက်စိသငယ် နဲ့ ကလေးတွေ ရဲ့ ဖခင် ကို တော့ မသေအောင် ကယ်တင် နိုင်ပါတယ် ။ သူ က သေစေလို စိတ် နဲ့ သွားသ,တ် တာ လည်း မဟုတ်ပါဘူး ။ ဒေါသ အလျောက် လက်လွန် သွားတာပါ ။ ဒါပေမဲ့ အပြစ် က ကွင်းလုံးကျွတ် လွှတ်ပေးပါ လို့ လည်း မတောင်းဆိုပါဘူး ။ ကလေးသူငယ်တွေ ရဲ့ မျက်နှာ ကို ထောက်ထားပြီး တရားသူကြီးမင်း က သင့်လျော်ရာ ပြစ်ဒဏ် ကို ချမှတ် ပေးပါလို့ လျှောက်လဲ လိုက်တော့ သေဒဏ် အစား ထောင်ဒဏ် ခုနစ်နှစ် ပဲ ချတယ် ။
တရားခံ က လည်း ကျေးဇူး တင်လွန်း လို့ မိုမို့ ခြေထောက် ကို ဖက်ပြီး အမား အမား နဲ့ ပြော ငိုတယ် ။ ရှေ့နေ မိုမို လည်း ငိုချ လိုက်တယ် ။ မိုမို့ဘဝ မှာ မမေ့နိုင်စရာ အမှု ပါ ပဲ ”
သူ က ပြောရင်း ရယ်တယ် ။ ရယ်ရင်း ဆက် ပြောတယ် ။ ရှေ့နေ လောက ကတော့ တရားခံ ကို သနား တတ်တဲ့ ရှေ့နေ ငါတို့ ဝိုင်း ထဲ ကို မလာ နဲ့ တဲ့ ၊ ဘာကြောင့်လဲ ဆိုတော့ တရားခံ ကို သနား တတ်ရင် အမှု လိုက်လို့ မရဘူး ”
သူ ရယ် ပြန်ပါတယ် ။
“ အဲဒီ အချိန် မှာ ပြောစရာ တစ်ခု ဖြစ် လာတာက ယောက်ျား က စသုံးလုံး ၊ ယောက်ျား က ဖမ်း ၊ မိန်းမ က လွတ်အောင် ရှေ့နေ လိုက်တယ် ဆိုတာ မဖြစ်သင့် ဘူး တဲ့ ။ ဒါနဲ့ မိုမို က ကလေးတွေ ကို ပါ ခေါ်ပြီး မန္တလေး ပြန် လာ ခဲ့တယ် ။ ယောက်ျား က တော့ စစ်တွေ မှာ ကျန်ရစ်တယ် ”
“ ဘယ်နှခုနှစ် လဲ ”
“ ၁၉၈၇ ခု ၊ မန္တလေး မှာ ရှေ့နေ ဆက် လုပ်တယ် ၊ မိုးကုတ် က အမှု တစ်မှု ကို ရှေ့နေ သွား လိုက်တယ် ။ တည်း တာ က ကျောင်းနေဖက် သူငယ်ချင်း ရဲ့ အိမ် ၊ မိုမို့ အမှုသည် က လက်စွပ်လေး နှစ်ကွင်း လက်ဆောင် ပေးတယ် ။ သူငယ်ချင်း က လည်း ငါ လည်း ပေးရမှာပေါ့ ဆိုပြီး ကျောက်လုံးချောလေး ပေးတယ် ၊ သူ့ မှာ ကားလေး လည်း ရှိတယ် ။ မိုမို က မိုးကုတ် မှာ ဘုရား သွားချင်တယ် ဆိုတော့ သူငယ်ချင်း က သူ့ ပါဘလစ်ကာ ကားလေး နဲ့ လိုက် ပို့တယ် ။ မိုမို က လည်း သူငယ်ချင်း ကို ငါ လည်း တစ်နေ့ ဒီလို ကားမျိုး စီးနိုင်မှာပါ လို့ ပြောတော့ သူ က ဟားဟား စီးနိုင် ပါလိမ့်မယ် ။ ကပ/၉၆၉၃ တဲ့ ။ ကိုယ်ပိုင် ကိုယ့် ခြေထောက် ကိုယ်သုံး ပေါ့ ”
မမို က ပြောတဲ့ စကား ကို ခဏ ရပ်တယ် ၊ ဆက် ပြောဖို့ အားယူ သလိုပဲ ။
“ သူ က နင် တို့ ဆီ လာ မရှုပ်နဲ့ ။ ကျောက်တွေ ဘာတွေ ရောင်း ဖို့ စိတ် မကူးနဲ့ တဲ့ ။ သူ့ စကား က နင် ကျောက်တွေ ဘာတွေ ရောင်းလို့ ပြောလိုက် သလို ဖြစ် သွားတယ် ။ နင် ကား စီး တဲ့ ဘဝ မရောက်နိုင်ဘူး ၊ ကိုယ့် ခြေထောက် ကိုယ်သုံး အပြော ခံရတာ ၊ ကျောက်ပြာသာဒ်ဘုရား ရောက် တော့ သစ္စာ ဆိုတယ် ။ ကျောက်ကုန်သည် လုပ်မယ် ”
မမို က ပြောရင်း ခါး ဆန့် ၊ ခေါင်း ကို မော့ပြီး ပြုံးတယ် ။
မန္တလေး ပြန် ရောက်တာ နဲ့ ကျောက်မျက်ရတနာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ လက်လှမ်း မီသလောက် ဖတ်တယ် ။ ပုလဲ ဒေါ်မြရှင် ဆိုတာ ရှိတယ် ။ သူ့ ဆီ သွားပြီး ပညာ သင်တယ် ။ မိုမို တို့ မန္တလေး မှာ ငှား နေတဲ့ အိမ်ကလေး နဲ့ ကျောချင်းကပ် မှာ စိန်သောင်း ဆိုတဲ့ ကောင်လေး ရှိတယ် ။ သူ က မိုးကုတ် ဘက် က နီလာလေးတွေ ယူ ပြီး တမူး ဘက် သွား ၊ ဟို က မြ နဲ့ လဲ ယူ လာပြီး ရောင်းတယ် ။ သူ က မိုမို့ ကို ရှေ့နေ ဆိုပြီး လေးစား နေတာ ။ သူ့ ကို ဆရာ အရာ တင်ပြီး နီလာ ၊ မြ ပညာ သင်တယ် ”
မမို က ပြောတာ ခဏ နားပြီး ပြန် စဉ်းစားတယ် ။
“ သူ က မိုမို့ ထက် အသက် တော်တော် ငယ် ပါတယ် ။ ဒါပေမဲ့ သူ့ ဆီ က ပညာ သင်ယူတဲ့ အချိန် မှာ ပိုမြင့် တဲ့ ခုံ ပေါ် မှာ ထိုင် ဖို့ နေရာ ပေးပြီး မိုမို က လေးလေးစားစား သင်ယူတာ ။ သူ က လည်း ဒီလို ဆက်ဆံခံရတော့ ဟင်းစား ပဲ ပေးမယ် ။ ကွန်ချက် မပြဘူး ဆိုတာမျိုး မဟုတ်ဘဲ သူ သိသမျှ အိတ်သွန် ဖာမှောက် သင် ပေးတော့တာပဲ ”
သူ ရွှင်ရွှင်လန်းလန်း ပြုံးတယ် ။ မမို စကား ပြောတာ က အားတက်သရော ရှိ လှတယ် ။
“ ကျောက်မျက်ရတနာ လုပ်ငန်း ကို ဘယ်လို စသလဲ ”
“ ယခု နယ်သာလန် မှာ နေတဲ့ ဆရာမ မနိုင်ရီမာ နဲ့ အတူ မြို့တကာ လှည့် ပြီး ကျောက်တွေ လှည့် ရောင်းတယ် ။ ပွဲစား တစ်ပိုင်း ၊ ကုန်သည် တစ်ပိုင်း နဲ့ သူဌေး အိမ် တွေ ကို door to door လှည့် ရောင်းတယ် ။ ကား ဝယ်နိုင်ပြီ ဆိုတော့ ဘ/၉၆၉၃ နံပါတ် ကား ကို ဝယ်ပြီး မိုးကုတ် က သူငယ်ချင်း ဆီ ပြန် သွားတယ် ”
သူ့ မာန လို့ ပဲ ပြောရမှာ လား ။ စကား တစ်ခွန်း က သူ့ဘဝ မှာ တွန်းအား ဖြစ်သွား စေတာက တော့ အမှန်ပါပဲ ။
၁၉၈၈ ခု အရေးအခင်း ဖြစ်ပြီး တိုင်းပြည် က လည်း အပြောင်းအလဲ တွေ ဖြစ် လာတယ် ။ အမျိုးသား လည်း မန္တလေး ပြန် ပြောင်းလာ ရတယ် ။ မိုမို လည်း ခြောက်နှစ် လောက် ကျောက်ကုန်သည် ကျောက်ပွဲစား လုပ်နေရာက ၁၉၉၆ ခုနှစ် မှာ ကျောက်မျက်ရတနာ ကုမ္ပဏီ ထူထောင် လိုက်တယ် ”
“ မမို တို့ နိုင်ငံတကာ ကျောက်မျက်ရတနာပြပွဲတွေကို သွား ရောင်းတယ် မဟုတ်လား ။ အဲဒါ ဘယ်အချိန် လဲ ”
“ ၁၉၉၇ ခုနှစ် မှာ ဟောင်ကောင် ကျောက်မျက်ဘရတနာ ပြပွဲ ကို ပထမဆုံး စ ထွက်ပြီး ရောင်းတယ် ။ ဟောင်ကောင် ပြီး တော့ စင်ကာပူ ကို ကူးတယ် ။ နောက် ထိုင်း ၊ ထိုင်း က နေ ပြန်လာတယ် ။ အဲဒီ လမ်းစ ကို ရသွားတော့ ရတနာပြပွဲတွေ ကို လေ့လာပြီး သွား ရောင်းတယ် ။ ၁၉၉၉ မှာ ရန်ကုန် ဗိုလ်ချုပ်ဈေး မှာ ပတ္တမြားမိုမို ရတနာဆိုင် ဖွင့် လိုက်တယ် ”
ရွှင်လန်းတက်ကြွစွာ ပြောနေရာ က သူ့ စကား ခပ်လေးလေး ဖြစ်သွားတယ် ။ သူ့ မျက်နှာ ခပ်တွေတွေ ဖြစ် သွားတယ် ။
“ ၁၉၉၉ ခုနှစ် မှာ ပဲ အမေ ဆုံးတယ် ။ ဘဝ တစ်ဆစ်ချိုး အပြောင်းအလဲ ကာလ ပါ ။ ယောက်ျား က လည်း လမ်းခွဲ သွားတယ် ”
“ ကြော်ငြာ ထိုးဦးမှာလား ”
ပေါ့ပေါ့ပါးပါး ဖြစ် သွားအောင် ကျွန်တော် ပြောတော့ သူ ရယ်တယ် ။ အမေရိကန် ပြည်ထောင်စု ကို သမီး နှစ်ယောက် နဲ့ ထွက်ခွာ သွားဖြစ်တဲ့ အကြောင်း ကျွန်တော် ခေါင်းစဉ် ပြောင်းပြီး မေးတယ် ။
“ နိုင်ငံခြား မှာ ပညာ သင်ဖို့ စိတ် ထက်သန် နေတဲ့ သမီး အငယ် က ၂၀၀၀ ပြည့် နှစ် မှာ ဆေးတက္ကသိုလ် ပထမနှစ် မတက်တော့ ဘဲ အမေရိကန် မှာ ကျောင်း လျှောက် တာ ရလို့ ထွက် သွားတယ် ။ ဟို ရောက် တော့ သူ က ကျောင်း ဆက် မတက်ဘဲ နား နေ ရတယ် ။ အဲဒီ အချိန် မှာ ပဲ သမီးကြီး က အိမ်ရှေ့ တင် ကား က ဝင် တိုက် သွား လို့ ကျိုး ရော ၊ သမီးငယ် အတွက် စိုးရိမ်စိတ် နဲ့ သမီးအကြီး ကို ဝှီးလ်ချဲ ပေါ် တင် တွန်း ပြီး သားအမိ နှစ်ယောက် ၂ဝဝ၃ ခုနှစ် မှာ အမေရိကန် ကို လိုက် သွားကြတယ် ”
သူ့ ဘဝ ဇာတ်လမ်း အချိုးအကွေ့ က ရုပ်ရှင် ဆန် လှတယ် ။ ရေခြား မြေခြား မှာ သူ တို့ ရပ်တည်ခဲ့ ရ ပုံ ကို ကျွန်တော် မေးပါတယ် ။
“ အမေရိကန်နိုင်ငံ ကို ရောက်တော့ အကြီးမားဆုံး ပြဿနာ က တရားဝင် နေထိုင် ခွင့် ရရှိဖို့ပဲ ။ သမီးတွေ က ကျောင်း ဆက် တက်ချင် နေတယ် ။ နောက်ဆုံး မှာ မိသားစု တစ်စုလုံး နိုင်ငံရေး ခိုလှုံခွင့် လျှောက်တာ ။ ၂ဝဝ၄ ခုနှစ် မှာ အမေရိကန် နိုင်ငံသား ဖြစ်ခွင့် ရတယ် ”
“ မမို ဒီ က သွား တော့ ကျောက်မျက်ရတနာတွေ ပါ သွားတယ် ။ စားဝတ်နေရေး အတွက် အခက်အခဲ ရှိသလား ”
“ ငါ့ ပစ္စည်းတွေ ရှိတယ် ၊ ရောင်း လိုက်မယ် ဟဲ့ လို့ လုပ်ချင် လို့ မရဘူး ၊ ပထမဆုံး ပိုက်ဆံ ရှာတဲ့ အတွေ့အကြုံ ပြန်ပြောရရင် ... ”
မမို က ဆက် မပြောဘဲ ပြုံး နေတယ် ။ သူ ဘာ လုပ်ပါလိမ့် ။
“ လူတကာ စုံတဲ့ ဘူတာရုံ ရှေ့မှာ ငါ ကွ ပတ္တမြားမိုမို လို့ ကိုယ့် ကိုယ် ကိုယ် အားတင်း ပြီး ရောင်းခွင့် ရှိလား ၊ မရှိလား လည်း မသိဘဲ ခုံကလေး တစ်လုံး ချပြီး ကျောက်မျက် ရတနာပစ္စည်းတွေ ထိုင် ရောင်းတာ ။ တစ်ခါတည်း ရဲ က ဖမ်း သွားရော ”
“ ဘယ်မြို့မှာလဲ ”
“ နယူးယောက် ၊ ရဲ က ချက်ချင်း မဖမ်းသေးဘူး ။ သုံးရက်မြောက် နေ့ မှ ဖမ်းတာ ။ ပထမနေ့ မိုမို့ ရှေ့ မှာ ရဲ က လာ ထိုင်တယ် ။ သူ က စောင့်ရှောက် ပေးတယ် ထင်တာ ”
“ ရောင်း ကော ရောင်းရ ရဲ့လား ”
“ ဟာ မပြောပါနဲ့ တော့ ၊ တစ်ရက် ကို ဒေါ်လာ ၇ဝဝ ဖိုး တောင် ရောင်း ရတာ ။ တတိယ နေ့ မှ ဖမ်းတာ ၊ လက်ထိတ်တွေ ဘာတွေ မခတ်ပါဘူး ။ ဘေး မှာ သမီး နှစ်ယောက် လည်း ပါတယ် ။ သမီးတွေ က အင်္ဂလိပ် စကား ရေရေလည်လည် ပြော နိုင်တယ် ။ သုံးယောက် ပေါင်း မှ ပေါင်ချိန် ၃၀၀ လောက် ပဲ ရှိတဲ့ ပိန်ညှောင်ညှောင် သုံးယောက် ကို ရဲ က သနားတယ် ထင်ပါရဲ့ ။ စင်ထရယ်ပါ့ခ် ထဲခေါ် သွားပြီး တရားဝင် ရောင်းချခွင့် ပုံစံ ပေးပြီး ဖြည့် ခိုင်းတယ် ။ street fair တွေ လိုက် ရောင်းဖို့ ညွှန်ပြ ပေးတယ် ။ လမ်းဘေး ပွဲဈေး ရောင်းခိုင်း တာပေါ့ ။ အဝတ်အထည် တဲလေး ဆောက် ရတယ် ၊ Ruby Mo Mo ဆိုတဲ့ နာမည် တပ်ပြီး တစ်နှစ် ရောင်းခဲ့တယ် ”
“ အဆင်ပြေ ရဲ့လား ”
“ မြန်မာနိုင်ငံ မှာ ဒေါ်လာ အစိတ် ( ၂၅ ဒေါ်လာ ) လောက် တန်တာ ကို ဒေါ်လာ ၂၅၀ နဲ့ ရောင်း ရတယ် ၊ တစ်နှစ် ကြာတော့ ကိုယ်ပိုင် ဆိုင်ခန်းကြီး ဖွင့်နိုင် လာတယ် ၊ နယူးယောက် ဘရုတ်ကလင် မှာ ဖွင့်တာ ”
“ ဒီက ပါ သွားတာတွေ ရောင်း တာလား ”
“ ဒီက ပါ သွားတာတွေ က ဒေါ်လာ ၅ဝဝ အထက် တန် တာတွေ ၊ အဲဒါတွေ ကို တော့ door to door လိုက် ရောင်း ရတာ ။ ဟိုမှာ ရောက်ပြီး ဆိုင်ဖွင့် ရောင်း လို့ မပေါက်တဲ့ ပစ္စည်းတွေ လိုက် ဝယ်ပြီး တင် ရောင်းတာ ။ တစ်ဖက် မှာ လည်း ကလေးတွေ ကျောင်းပြန် တက်ပြီး သမီးကြီး က စီးပွားစီမံ ဘွဲ့ ရတယ် ။ သမီးငယ် က ကွန်ပျူတာသိပ္ပံဘွဲ့ ရ သွားတယ် ”
“ ရည်မှန်းချက် ပြည့် တာပေါ့နော် ”
မမို က နှစ်နှစ်ခြိုက်ခြိုက် ပြုံးတယ် ။
“ ၂၀၀၉ ခုနှစ် ရောက်တော့ Rochester မှာ Ocean Garden ပင်လယ်စာဆိုင် ၊ ၂၀၁၀ မှာ Buffalo မှာ Golden Burma Oriental Foods ဆိုင်တွေ ဖွင့်ခဲ့တယ် ။ တစ်ပေ မတ်တတ် ရပ် လို့ ရ ရင် ရပ် ၊ အဲဒါ ငါ့ မြေ ပဲ ဆိုတဲ့ စိတ်ဓာတ် နဲ့ ရင်းနှီး မတည်ပြီး လုပ် နေတာပါ ”
◾ကျော်ရင်မြင့်
📖 အတွေ့အကြုံစုံစုံ ဘဝဇာတ်ခုံ
#ကိုအောင်နိုင်ဦး
.
No comments:
Post a Comment