Monday, April 11, 2022

နွေဖား


 ❝ နွေဖား ❞


အဘဉာဏ် ယခုလို နွေရာသီမှာမှ ဖားသား အလွန် စားချင်နေသည် ။


တစ်လောက လည်း ရေခန်းနေပြီ ဖြစ်သော ရေတွင်း ပျက်ကြီးအတွင်းမှ ဖား မျိုးစုံ အတော် ကလေး ရ လိုက်သေးသည် ။ ကျော်စံကေး ဖားကလေးများ မှသည် စားဖားဝါဝါကြီးများ အထိ ဖား မျိုးစုံ ပါဝင်၏ ။ တပေါင်း တန်ခူး ၊ အင်း ၊ အိုင် ၊ ချောင်း ၊ မြောင်း ၊ ရေကန် ၊ ရေတွင်းများ အတော်များများ နေပူရှိန်ကြောင့် ရေခန်း ကုန်ကြသည် ။ အဘဉာဏ် နှင့် မြေးဖြစ်သူ ကြွက်နီ တို့

မောင်နှမ ၏ ပြိုပျက်စပြုနေသော အိမ်နောက်ဖေး မီးဖိုဆောင်ကလေးကို မိုး မကျမီ ပြင်ဆင်ရန် လိုနေသည် ။ သူတို့ နေထိုင်ရာ “ ဇလွန်ဘက်တန်း ” ရွာနှင့် မဝေးလှသော “ စာဖြူစု ” ရွာမှ အသိ အိမ်တစ်အိမ် သို့ သွားကာ ဝါးနက် ဝါးတစ်လုံး ကို ခုတ်ယူလာ၏ စာဖြူစုရွာ မှ ဇလွန်ဘက်တန်း အထိ လာရမည့် ခရီး က လယ်ကွင်းပြင် ။ အရိပ် ခိုစရာ နေရာ မရှိ ။ ရိုးပြတ်များအကြားမှ မြေ သည် ပပ်ကြားများပင် အက် နေ၏ ။ သို့သော် တစ်ခုတော့ ရှိသည် ။ စာဖြူစုရွာ မှ လွန်၍ ခရီးလမ်း အကြားတွင် ရေနုတ်မြောင်းကလေး တစ်ခု ရှိသည် ။


မိုးတွင်းအခါ ရေ ရှိ၍ ချောင်းကလေးတမျှ သာသာယာယာရှိခဲ့သော ရေနုတ်မြောင်း ကလေးမှာ ယခုတော့ ရေ ခန်းနေပြီ ။


မြောင်းနဖူး တစ်နေရာတွင် ဆီးပင်အုပ်ကလေးများ ၊ ဆေးရိုးပင်ကလေးများ နှင့် ဝိုင်းရံ ထားသော ရေတွင်းပျက်တစ်လုံး အနီးတွင် သူတို့ မြေးအဘိုး နှစ်ယောက် ခေတ္တ နား၍ အပန်း ဖြေ သည် ။


ဤတွင် အဘဉာဏ် စိတ်ကူး တစ်ခု ရလာ၏ ။ ပတ်ဝန်းကျင်တစ်ခုလုံး အပူရှိန်ကြောင့် ခိုကိုးစရာနေရာ မရှိ ။ ဤ တွင်းပျက် အတွင်းတော့ အပူရှိန် ရုတ်တရက် ထိုးဖောက်နိုင်သေးဟန် မတူ ။


မကြာသေးသော အချိန်ကမှ ရေ ခန်းသွားသော တွင်းပျက်ကြီး၏ အောက်ခြေပေါင် အောက်တွင် အအေးဓာတ် က ကျန်နေသေးသည် ။ မြေ မှာလည်း ခပ်ပျော့ပျော့ သာ ရှိသေးသည် ။


ရေတွင်း ထဲ မှာ ဆိုတော့ အလင်းရောင် နည်းပါးပြီး ၊ လူသွားလူလာ လည်း လုပ်လို့ရသော နေရာ မဟုတ်သမို့ ဖားများ ခိုဝင် နေနိုင်၏ ။


ဒီလိုဆိုရင် အအေးဓာတ် ကို မှ ကြိုက်တတ်သော ဖားများ တွင်းပျက် ထဲ ၌ ခိုအောင်း နေနိုင်သည် ။


တစ်ခုတော့ ရှိသည် ။


အဘဉာဏ် မျှော်လင့်သလို ဖားများ မရှိဘဲ အဆိပ်ပြင်းသော မြွေဆိုးများလည်း ရှိ ကောင်း ရှိနိုင်သည် ။ 


ဒီလောက်တော့ စွန့်စားရမည်ပေါ့ ။


ကံကောင်းလို့ လူ ကို အန္တရာယ်မပြုနိုင်သော လင်းမြွေ လို အကောင်မျိုး ရလျှင် လည်း ဟင်းစားပင် ဖြစ်သည် ။


ကြိုက်တတ်သူ အဖို့ လင်းမြွေသား ကို ကြက်သား နှင့် ပင် မလဲနိုင်အောင် အရသာ ရှိသည် မဟုတ်ပါလား ။


အဘဉာဏ် တို့ စာဖြူစု မှ ခုတ်ယူလာသော ဝါးပင် မှာ နေမပူမီ စောစောပြန်နိုင်အောင် ခုတ်ယူလာခဲ့ရသဖြင့် ကိုင်းဖျားကိုင်းနားလောက်သာ အကြမ်းသဘော ခုတ်လာနိုင်သည် ။ အဆစ် များကို လုံးချောဖြစ်အောင် အချောကိုင် မလာနိုင် ။


အိမ် ရောက်မှ အချော သတ်မည် ဟု စီစဉ်ပြီး နှစ်ယောက်သား ထမ်း လာခဲ့ခြင်း ဖြစ်၏ ။ ဒီတော့ ဝါးလုံး တစ်လျှောက် အဆစ်တိုင်းလိုမှာ ရှိသော ဝါးကိုင်းများ က ထိုးထိုး ထောင်ထောင် ။


ဒီ ဝါးလုံး ကို ရေတွင်း ထဲ ချလိုက်လျှင် ကောင်းကောင်း မီသည် ။ အဆစ်ကလေးများပေါ်တွင် ရှိနေသေးသော ဝါးငုတ်ကိုင်းစကလေးများကို တွယ်ဆင်းပါက သက်သက်သာသာ ဆင်းနိုင်မည် ။


ရေတွင်း ပေါ် တွင် ကြွက်နီ ကို နေခဲ့စေပြီး အဘဉာဏ်ကိုယ်တိုင် ရေတွင်း ထဲ သို့ ဆင်းမည် ။


 ကြွက်နီ ကို ဆင်းစေပါက အကယ်၍ မြွေဆိုး နှင့် တွေ့လျှင် သူက ကလေးမို့ ကောင်း

ကောင်း ကာကွယ်နိုင်မည် မဟုတ် ။ 


အဘဉာဏ် ကတော့ တစ်စေ့ကလေးမျှ မဖြုံ  ။


သူ့ ကျော နောက် ပုဆိုးကြားတွင် ထိုးထားသော ဝါး ခုတ်ရန် ယူလာသည့် ဓားမကြီး တစ်ချောင်း သည် လက်နက်ပင် မဟုတ်ပါလော ။


“ ဟေ့ ကြွက်နီ ၊ ငါ ကိုယ်တိုင် ဒီတွင်း ထဲ ကို ဆင်းမယ် ၊ တစ်ခုခုဖြစ်ရင်လည်း မင်း ရွာ ပြေးပြီး ပြော ပေါ့ ၊ အဘ တော့ ဒီ အထဲမှာ မဟုတ်မှ လွဲရော စားဖားတွေရှိမယ် ထင်တယ် ”


အဘဉာဏ် သည် ပြောပြောဆိုဆို ခါးတောင်း ကို မြှောင်နေအောင် ကျိုက်လိုက်၏ ။ အဘဉာဏ် ၏ ပျော့တွဲတွဲ ဖြစ်နေသော ပေါင် မှ ထိုးကွင်းများ မည်းခနဲ ပေါ်လာသည် ။


“ ဟာ ... အဘ ရာ ၊ ကျွန်တော် ပဲ ဆင်း မယ် ၊ အဘ က အသက် ကြီးလို့ မတော် မော ပြီး ချော်ကျရင် ဘယ့်နှယ် လုပ်မလဲ ” 


ကြွက်နီ ကလည်း သူသ ာ ဆင်းလိုကြောင်း ပြောသည် ။


“ မဟုတ်ဘူးကွ ၊ ကြွက်နီ ရ ၊ မင်းက ငယ်တော့ အတော်ကြာ ပိုးကောင် နဲ့ တွေ့ရင် ဘယ့်နှယ် လုပ်မလဲ ”


သူတို့ တောရွာဓလေ့ အတိုင်း ၊ မြွေ ကို မြွေ ဟု မခေါ် ။ ပိုးကောင် ဟု သာ ခေါ်သည် ။ မြွေ ကိုက် သည်ကိုပင် “ ပိုးထိသည် ” ဟု ပြောကြသည် ။


“ မဟုတ်ပါဘူး အဘ ရာ ၊ ကျွန်တော် မျက်စိ ရှင်ပါတယ်ဗျ ” 


ကြွက်နီ က စောဒက တက်သေးသည် ။


သို့သော် မရ ။


အဘဉာဏ် သည် ပြောပြောဆိုဆို တွင်း နှုတ်ခမ်းတွင် မေး တင်ပြီး ၊ ရေတွင်း ထဲသို့ ချ ထားသော ဝါးလုံး ကို တွယ်ပြီး ဆင်း သွားနှင့်လေပြီ ။


အဘဉာဏ် တွင်းထဲ အရောက် ၊ လက်တစ်ဖက်မှ ဓားမကြီး ကို ကိုင် ပြီး တွင်း ၏ အခြေအနေကို စုံစမ်းလိုက်သည် ... ။


ဟော... 


အဘဉာဏ် မျှော်လင့် တွေးထင်ထားသည့် အတိုင်း ထောင့် တစ်ထောင့်တွင် တစ်ကောင် ပေါ်တစ်ကောင် မှီပြီး အစုလိုက် အပုံလိုက် ဖားများ ကို တွေ့ရသည် ။


ဝမ်းသာလိုက်သည့် ဖြစ်ခြင်း ။


ထိုနေ့ ည က အဘဉာဏ် နှင့် မြေးကလေး မောင်နှမ ၊ ကြွက်နီ နှင့် ပူးတူးမ တို့ သုံးယောက် သား ဖားသားဟင်း နှင့် ထမင်း မြိန်လှတော့သည် ။


( ၂ )


ယခုလည်း ဖားသား စားချင်လာပြန်ပြီ ။ 


မိုးတွင်း အခါမတော့ ဘယ် လယ်ကွက် ထဲ ထွက် ရိုက်ရိုက် ဖားသား က ပေါပေါများများ စားရသည် ။


ယခုလို နွေရာသီ မှာ ဖား က ရှားပါးလှသည် ။


ရေတွင်းဟောင်းများ ၌ လည်း ဖားများ မရှိတော့ ။


နွေရာသီ အခါမို့ ဟင်းသီးဟင်းရွက် ကလည်း ရှား ပါးသည် ။ အဘဉာဏ် တို့လို ဆင်းရဲ သားများ အားပြုစရာ ဟင်းသီးဟင်းရွက်များပင် ရှားပါး၏ ။ ချွေချွေတာတာ စားနေရသဖြင့် အူ ခြောက်နေသည်မှာ ကြာပြီ ။ 


ယခုတစ်ခါ ဖား ရှိမည် ထင်ရသော နေရာတစ်နေရာ ကို အဘဉာဏ် ခြေရာ ကောက်မိ လာခြင်း ဖြစ်၏ ။


အဘဉာဏ် “ စစ်ကွင်း ” ရွာ မှ အပြန် ၊ သူတို့ ရွာနှင့် မနီးမဝေး ၊ ဒွါရကျောင်း ဘေး ရှိ ကန်ကောကြီး အနီးမှာ ခြေရာ ကောက်မိခြင်း ဖြစ်သည် ။


ရှိနိုင်သည် ။ ရှိနိုင်သည် ။ 


အို .. အဘဉာဏ် ၏ အတွေ့အကြုံ အရ ဒီ နေရာမှာ ရှိ ကို ရှိ ရမည် ။


တွင်း ကတော့ ပုစွန်လုံး တွင်း ။ သို့သော် ဖား လည်း ရှိ နိုင်သည် ။


အဘယ်ကြောင့်ဆိုသော် တွင်းနံဘေး မှ ခြောက်နေသော ကျစ်စာခဲများ အပေါ်တွင် မိုး တွင်း ရွှံ့ပျော့ပျော့ရှိ စဉ်က နင်းခဲ့သော ပုစွန်လုံး ၏ ခြေရာများ ။


ပြီးတော့...


မထင်မရှား ကြည့်နိုင် မှ တွေ့ရသော ဖား ခြေရာများ ။ 


ပုစွန်လုံး မှာ ဂဏန်းနည်းတူ ဘေးတိုက် သွားသော သတ္တဝါ ။


အကောင် ပုံသဏ္ဌာန်ချင်း လည်း တူညီသည် ။ အကြီးအသေး သာ ကွာ ခြား၏ ။ ပုစွန်လုံး က အကောင် သေးပြီး ခပ်လုံးလုံး ၊ လယ်တော အင်းအိုင်များ အတွင်း ကျက်စား၏ ။


ဂဏန်း က အကောင်ကြီးပြီး ၊ ခပ်ပြားပြား ၊ ရေငန်ပိုင်း ၊ နုံးမြေများအတွင်း ကျက်စားသည် ။


ပုစွန်လုံး နှင့် ဂဏန်း သည် သေသေချာချာကြည့် မှ ကွဲပြားချက်များ တွေ့ ရသည် ။ ရုတ် တရက် ကြည့်ပါက ခြေမလက်မ ၊ ကိုယ်လုံးသွားပုံလာပုံ အတူတူ ။ 


လယ်ကွင်းပြင် ကန်သင်းရိုးတွင် ပုစွန်လုံးတွင်းများ သာမက ငါးရှဉ့်တွင်းများ လည်း ရှိ၏ ။ သို့သော် ဘယ်တွင်း တွင် ဘာကောင် နေသည်ကို ကျွမ်းကျင်သူများ အဖို့ အလွယ်တကူ သိနိုင်သည် ။


ငါးရှဉ့်တွင်း က တွင်း ထဲ မှ ရေများတွင် အမြှုပ်ကလေးများ စီရရီ ရှိသည် ။ တွင်း နံဘေး သားများ ချောသည် ။


ပုစွန်လုံးတွင်း တွင် မူ ရေ ထဲ၌ အမြှုပ် မရှိ ။ တွင်း နံဘေးကျစ်စာများ အပေါ်တွင် တုတ် ချောင်းငယ်ကလေးများ နှင့် ခြစ်ထားသလို ၊ ပုစွန်လုံး ၏ ခြေသည်း ရာ အစင်းကြောင်း ခြစ်ရာ များ ရှိသည် ။


မိုးတွင်းအခါ ဖား တို့ ကမူ လယ်ကွင်း အတွင်း ရှိ ရေ ထဲမှာ ၊ အင်း ထဲ မှာ ၊ အိုင် ထဲ မှာ နေ ထိုင်ပြီး တွင်းတူ းရမှန်း မသိ ။ မြူးဆဲ ၊ ပျော်ဆဲ ၊ တအုန်အုန် တအင်အင်နှင့် အော်ဟစ်ရင်း အချိန် ကုန်သည် ။ တွင်းလည်း မတူး တတ် ။ 


မိုးကာလ လွန် မြောက်ပြီး အင်းအိုင်များ ရေခန်းစ ပြုချိန် ၊ မြေကြီးများ ခြောက်သွေ့စ ပြု ချိန်တွင်မှ ဖား က နေစရာ နေရာ ရှာတော့သည် ။


ဒီတော့ ဘာ လုပ်သလဲ ။ 


သူများ တွင်း ကို အတင်း ဝင်ရောက် နေထိုင်တော့၏ ။ 


ဖား က ကျူးကျော်သူ ။ 


ပုစွန်လုံး က အကျူးကျော် ခံရသူ ။


ဖား က အားသန်သန် နှင့် ကိုက်နိုင် ခဲနိုင်သည် ။ အရိုးများ ၊ ကြွက်သားများ သန်မာသည် ။ အခုန်အပျံ ကောင်း သည် ။


ပုစွန်လုံး က တစ်ပါး သတ္တဝါအား ကတ်ကြေး ကဲ့သို့ တိခနဲ ပြတ် သွားအောင် ညှပ်နိုင်သော လက်မကြီး နှစ်ချောင်း ပိုင်ရှင် ။


တွင်း ထဲ ၌ သူတို့ နှစ်ဦး တွေ့ကြတော့သည် ။ တိုက်ကြ ခိုက်ကြသည် ။


ဖား က ကြီး၍ အား ကောင်းလျှင် ဖား က နိုင်သည် ။ 


ဒီတော့ အောင်နိုင်သူ ဖား က တွင်း ကို အပိုင် စားရသည် ။ ပုစွန်လုံး အဖို့ ဤ တွင်းမှ  ပြေး နိုင်လျှင် ပြေး ၊ မပြေးနိုင် လျှင် အသက် စွန့် သွားရရှာသည် ။


တစ်ခါတစ်ရံ မမျှော်လင့်ဘဲ ဖားဝင် သွားသော တွင်း အတွင်း မှ ပုစွန်လုံး မှာ ဖား ထက်

 အကောင် ကြီးပြီး ၊ တိုက်ခိုက်အား ကောင်း ပါက ကျူးကျော်သူ ဖား မှာ ကိစ္စ ချောရတော့သည် ။


ဒီတစ်ခါ ပုစွန်လုံး အတွက် စားရန် ဖား သား က အဆင်သင့် ။ 


ယခု အဘဉာဏ် တွေ့ရသော တွင်းများ မှာမူ ဖား ရှိနိုင်ဖို့ များသည် ။


ဖား ဆိုသော အကောင် က ၊ နွေ ကာလ တစ်နွေလုံး တွင်းအောင်း သတ္တဝါ ။ ဘာ အစားမှ မစားတော့ ဘဲ တွင်း ထဲ ၌ ငြိမ်သက်ကာ နေနိုင်ပြီး မိုး ကို မျှော်သည် ။


မိုးဦးကျ မိုးခြိမ်းသံများ တဝုန်းဝုန်း တဒိုင်းဒိုင်း အကြား မိုးပေါက်မိုးစက်ကလေးများ တစ်ပြိုက် နှစ်ပြိုက် အရွာ မိုးသံလေသံများ ကြား သည်နှင့် တစ်ပြိုင်နက် တအုန်အုန် တအင်အင် နှင့် ပျော်ရွှင်စွာ အော်ဟစ် မြည်ကြွေးရင်း ဖားများ တွင်း မှ ထွက် တော့သည် ။


သူတို့ ၏ အသံ နောက် ကို ခြေရာကောက်ပြီး လိုက်လာသော ဖားမုဆိုး တို့ ၏ တုတ်လက် ချက် ဖြင့် အများအားဖြင့် အသက် ထွက်ကြရသည် ။  ။


ထို့ကြောင့် “ အသံကြောင့် ဖားသေသည် ” ဟု ပင် စကားပုံ ရှိခဲ့ရသည် မဟုတ်ပါလော ။


နွေအခါ တွင် တွင်း အောင်းနေသော စားဖားကြီးများ မှာ အဆီဖြင့် ပြည့်ကာ ဆူဖြိုးလှ သည် ။ ရလည်း ရခဲသည် ။ ရှားရှားပါးပါးရပါက စား၍အရသာ ရှိလှ၏ ။


သို့သော် သူတို့ကို ရှာဖွေ ဖမ်းဆီးရန် မလွယ်ကူ ။ 


မြေကြီးများ က ခြောက်သွေ့ မာကျောနေပြီး ၊ အများအားဖြင့် တွင်း များကိုလည်း ကျစ် စာများ နှင့် ဖုံးကာ တွင်း ပေါက် ကို ပိတ် ထားတတ်ကြသေးသည် ။ 


အဘဉာဏ် တွေ့ခဲ့ရတဲ့ တွင်းများ က ဖားများ ရှိဖို့ အတော်ကလေး သေချာသည် ။ 


ကြွက်နီ နှင့် ပူတူးမ ကို ခေါ်ပြီး ဒီ ဖားများကို အရ ယူရမည် ။ 


ရေတွင်းပျက်ကြီးများ အတွင်းမှ ရိုက်ယူခဲ့ရသော ဖားများ လိုတော့ မလွယ်ကူ ။


လိုလျှင်ကြံဆ နည်းလမ်းရပါသည် ။ စား၍ ကောင်းလှသော နွေဖားများ မှာ ဆူဖြိုးသည် ။ အကောင် လည်း ကြီးကြီးမားမား စားဖားကြီးများ ဖြစ်ကြသည် ။


အဘဉာဏ် တို့ လို အတွေ့အကြုံ ရင့်သူများ နှင့် ဖမ်းဆီးရန် နည်းလမ်းအဖုံဖုံ ကို ရှာကြံ နိုင်သူများနှင့် တွေ့လျှင်မူ ...


ဒီ ဖားများ လွတ်မြောက်ခဲလှပါသည် ။


( ၃ )


“ ဟေ့ .. ကြွက်နီ နဲ့ ပူတူးမ ၊ ဒီလိုအချိန် ဖားသားဆူဆူ မစားချင်ကြဘူးလားကွ" 


“ ဘယ်မှာ ရေတွင်းဟောင်း တွေ့ပြန်ပြီလဲ အဘ ”


ကြွက်နီ က သူတို့ မြေးအဖိုး တစ်ခါက စာဖြူစုရွာ မှ အပြန် ရရှိခဲ့သော ဖားများ ကို သတိ တရဖြင့် ပြောခြင်း ဖြစ်သည် ။ 


“ အို ... ရေတွင်းဟောင်း တွေ့ လို့ မဟုတ်ပါဘူး ကွ ၊ ငါ ငယ်ငယ်တုန်းက နွေအခါ ဖား ရှာ ခဲ့တာ သွား သတိရတယ် ၊ တို့ ရွာတွေမှာ နောက်ပိုင်း ဒီလို ဖား ရှာတာ တယ် မတွေ့ရတော့ဘူး ၊ မင်းတို့လည်း ဗဟုသုတ ရအောင် နောင်လည်း ဖား ရှာတတ်အောင် သင်တန်း သဘောပေါ့ကွာ ”


ထိုအခါ ပူတူးမ က


“ ကျွန်မ လည်း လိုက် ကြည့်မယ်လေ အဘ ”


“ အေး ... နင်တို့ မိန်းကလေးတွေလည်း ဖား ရှာရင် ရနိုင်တာပဲ ၊ တို့အိမ် တော့ ဘေးက ဖိုးခင်တို့အိမ် ကို ခဏ ကြည့်ထားပါလို့ အပ် ထားခဲ့ပေါ့ ဟာ ”


သူတို့ အသိုင်းအဝိုင်း သည် ဖားငါး ရှာ၍ အကုသိုလ် ကံ အလုပ်ကို လုပ် စားရသည် မှာ မှန်၏ ။ သို့သော် ခိုးဝှက်မှုတော့ အတော် နည်းသည် ။ သူတို့ တွင် ခိုးစရာလည်း ထိုက်ထိုက်တန်တန် ပစ္စည်းများ မရှိရှာကြပါ ။


ဒီတော့ သံယောဇဉ် ကင်းကင်းဖြင့် အိမ် ကို ထား ပစ်ခဲ့နိုင်သည် ။ ယခုလည်း “ နွေဖား ” ရှာရန် သူတို့ မြေးအဘိုး သုံးယောက် စလုံး ထွက် ကြမည် ။


ခေတ်မီမီ ပြောရလျှင် လေ့လာရေးခရီး ဟု ဆိုပါက မှား နိုင်မည် မထင် ။ 


နွေဖား ဖမ်းဆီးရေး ပါရဂူ ၊ သင်တန်းပြဆရာကြီး က အဘဉာဏ် ။ 


ပညာတော်သင် ကျောင်းသား က ကြွက်နီ ။ 


ပညာတော်သင် ကျောင်းသူ က ပူတူးမ ။ 


ပါသွားသော ပညာတော်သင် ပစ္စည်းများ ကို လည်း ကြည့်ပါ ။ 


ထင်းစများ ။


လွယ်အိတ် ဖြင့် ထည့်လာသော လေးခွ ဖြင့် ငှက် ပစ်ရာတွင် အသုံးပြုရသည့် ရွှံ့စေး ကောင်းကောင်း ကို လုံးပြီး နေလှန်းထားသော မာကျော ကျစ်လျစ်လှသည့် မြေလောက်စာလုံးများ ။


တူးရွင်း တစ်ချောင်း ။ 


မီးညှပ် တစ်ခု ။


 ဤမျှသာ ပါသည် ။ 


ဘယ်သို့များ နွေဖား ကို ဤပစ္စည်းများ နှင့် ဖမ်းကြပါမည်နည်း ။


အဘဉာဏ် သည် ဒွါရကျောင်း ဘေးရှိ ရေ ခန်းနေပြီဖြစ်သော အိုင်ကလေး နှင့် မလှမ်း မကမ်းသို့ သူ ၏ မြေးနှစ်ယောက် ကို ဦးဆောင် ခေါ်ယူခဲ့သည် ။


မိုးအခါ က ရွှံ့များ မှာ ယခုကဲ့သို့ နွေကာလ တွင် မာကျစ်သော မြေခဲများ အဖြစ် တစ်နည်းအားဖြင့် ကျစ်စာခဲခြောက်များ အဖြစ် ၊ ကန်သင်းရိုးတစ်လျှောက်တွင် ရှိနေသည် ။


ကျစ်စာခဲများ ၏ မျက်နှာပြင်တစ်ခုလုံး မှာ ကျားလျှာ ကဲ့သို့ ကြမ်းတမ်းခက်တရော် လှ၏ ။ အဘဉာဏ် တို့ ၏ ဖိနပ် မပါသော ခြေဖဝါးများ ကို ထိုးနှက်တိုက်ခိုက်လျက် ရှိသည် ။


သို့သော် အဘဉာဏ် တို့ က မမှုပါ ။


အဘယ်ကြောင့် ဆိုသော် သူတို့၏ ခြေဖဝါးများ ကလည်း ကျွဲ သားရေ ကဲ့သို့ မာကျောထူ အမ်းလျက် ရှိသောကြောင့် ဖြစ်သည် ။ 


ဒွါရကျောင်းတော်ကြီး ကျောင်း ခြံ ဘေး ရှိ ကုက္ကိုပင်ကြီး ၏ အရိပ် အောက် သို့ မြေးအဘိုး သုံးယောက် ခေတ္တ ခိုဝင် အနား ယူလိုက်၏ ။


လယ်ကွင်းပြင် တစ်ခုလုံးမှာ နေ ၏ အပူရှိန် ဖြင့် တံလျှပ်ရောင်များ တရိပ်ရိပ် ပြေးနေသည် ။


ကုက္ကိုပင် ကိုင်း ခြောက်တွင် နားနေသော ပုစဉ်းထိုးငှက်ကလေး နှစ်ကောင် သည် တစ်ချက် တစ်ချက် နား ရာမှ ထ၍ သူတို့ ၏ တောင်ပံစိမ်းစိမ်းကလေးများကို ဖြန့်ကာ ဖြန့်ကာဖြင့် ဝဲ၍

 ပိုးကောင်ကလေးများကို လိုက်ရှာနေသည်မှ အပ လှုပ်ရှားမှု မရှိ ။


အဘဉာဏ် သည် အနီးအနားတစ်လျှောက် တွင် စူးစမ်းသော မျက်လုံး အစုံဖြင့် လိုက်လံ လေ့လာပြီး ကျစ်စာခဲ တစ်ခုကို လှန် လိုက်၏ ။ 


ကျစ်စာခဲ အောက် မှ တွင်း တစ်တွင်း ပေါ် လာသည် ။


အဘဉာဏ် က ထပ်မံလေ့လာပြန်သည် ။ ထို့နောက် အဘဉာဏ် ၏ ပါးရေတွန့်များ ၊ မုတ်ဆိတ်ဖြူဖြူ ကျိုးတိုးကျဲတဲများ အကြားမှ အပြုံးရိပ် ကို မြင် လိုက်ရသည် ။


ထို့နောက် အဘဉာဏ် က ...  ။


“ လာဟေ့ ကြွက်နီ နဲ့ ပူတူးမ ၊ ဒီမှာ ကြည့်စမ်း ၊ မင်း တို့ သေသေချာချာ ကြည့်နိုင်မှ မြင် ရမယ် ၊ ဟို ခပ်မှိန်မှိန် ခြစ်ရာကလေးတွေ တွေ့လား ၊ အဲဒါ ပုစွန်လုံး ခြေရာ ပဲ ၊ သူတို့ခြေထောက် က ရှည်ပြီး ချွန်တော့ တုတ်ချွန် နဲ့ လိုက် ခြစ်ထားသလို ဖြစ်နေတယ် ၊ သေသေချာချာ ကြည့် ၊ အဲဒီအပေါ် က ခပ်ဝါးဝါး နဲ့ ခြေရာက ဖား ခြေရာ ၊ သူ က ခုန်ပြီး သွား တတ်တော့ မြေ ပေါ်မှာ ထင် တဲ့ ခြေရာ ကို က ခြစ်ရာ နဲ့ မတူဘဲ ရွှံ့ပေါ်မှာ ဖား ခြေရာအတိုင်း ဖိ ထားသလို ဖြစ်နေတယ် ။ သူ့ ခြေရာ က ပုစွန်လုံးခြေရာ ထက် ပို ထင်ရှားတယ် ။ သူ က နောက် မှ ရောက်တဲ့အကောင်ကိုး ကွ ”


ဒီတော့မှာ ကြွက်နီ နှင့် ပူတူးမတို့ က ပုစွန်လုံးတွင်း နှင့် အနီးပတ်ဝန်းကျင် ကို အကဲခတ် လေ့လာကြသည် ။ အဘဉာဏ် ပြောသည့် အတိုင်းလည်း မှန်နေသည် ။ 


“ တွေ့တယ် မဟုတ်လား ဟေ့ ”


အဘဉာဏ် က ခေါင်းငုံ့ လေ့လာနေကြသော မြေးကလေး မောင်နှမ နှစ်ယောက်အား မေးလိုက်၏ ။


“ ဟုတ်တယ် အဘ ၊ တွေ့တယ် ” 


ကြွက်နီ နှင့် ပူတူးမ တို့ က ပြိုင်တူ ဖြေလိုက်ကြ၏ ။


“ ကဲ ... ဒီတော့ ပုစွန်လုံး နဲ့ ဖား ဒီတွင်း မှာ ဘယ်သူ နိုင်ပြီး ဘာကောင် ရှိမယ် လို့ မင်း တို့ ထင်သလဲ ” 


ကြွက်နီ ရော ပူတူးမ ပါ ကောင်းကောင်း မဖြေတတ်ကြတော့ ။ အဘဉာဏ် က တစ်ချက် ပြုံးလိုက်ပြီး ...


“ ငါ ထင်တာတော့ ဒီ တွင်း မှာ ဖား နိုင်ပြီး ဖား ရှိမယ်လို့ ထင်တယ် ။ ဘာကြောင့် ဆိုရင် ပုစွန်လုံး ခြေရာထက် ဖားခြေရာ က အတော်ကလေး ကြီးနေတယ် ၊ အား မတူနိုင်ဘူး ၊ ငါ့အထင် မမှားရင် နွေဖားကြီးကြီး တစ်ကောင် တော့ ရမှာပဲဟေ့ ”


“ ကဲ ... လုပ်ငန်း စကြရအောင် ” 


အဘဉာဏ် သည် ပြောပြောဆိုဆို ပါလာသော တူးရွင်း နှင့် မီးဖိုသဏ္ဌာန် တွင်းကလေးတစ် တွင်း တူးပြီး ထင်းများ ထည့်လိုက်၏ ။


ရိုးပြတ်တစ်ဆုပ်လောက် ကို ယူပြီး မီးရှို့ ကာ ထင်း ကို မီးတောက် ကူးစေရန် ဝါးပိုးဖက် တစ်ခု ဖြင့် မီး ကို ပို၍ ရဲသည်ထက် ရဲ အောင် တောက်သည် ထက် တောက်အောင် ယပ်ခတ် ပေး သည် ။


မကြာပါ ။ 


မီးတောက်ရဲရဲ ဖြင့် မီးတောက်အားကောင်းလှသော ထင်းမီးဖိုကလေး အတွင်းသို့ ပါလာသော လောက်စာလုံး ဆယ်လုံး ခန့် ကို ထည့် လိုက်သည် ။ 


ဆယ်မိနစ် ... ဆယ့်ငါးမိနစ် ။ 


အပူရှိန်ကြောင့် နီရဲနေသော လောက်စာလုံးကလေး တစ်လုံး ကို မီးညှပ် ဖြင့် မီးဖို မှ ဆယ် ယူ၍ တွင်း ထဲ သို့ ပစ်ချလိုက်၏ ။


လောက်စာလုံး နီနီ ကလေး သည် တွင်းထဲသို့ တလိမ့်လိမ့် ကျ သွားသည် ။


တွင်း ကောက်သည် ဖြစ်စေ  ၊ တွင်း ဖြောင့်သည် ဖြစ်စေ ၊ မည်မျှပင် နက်ပါစေ ၊ တွင်း အခြေ ထိ အောင်တော့ လောက်စာလုံးကလေး အရောက် သွားသည် ။ 


ထိုနောက် တစ်လုံး ၊ နောက်ပြီး တစ်လုံး ။


တွင်း ထဲမှ ဖား မှာ မိမိ ၏ တွင်းထဲသို့ ကျ လာသည့် ပူလောင်သော ပထမဆုံး လောက် စာလုံးကို ရှောင်တိမ်းလိုက်၏ ။ 


နောက်ထပ် တစ်လုံးပြီး တစ်လုံး ကျ လာသော လောက်စာလုံးပူပူများ ကိုတော့ ကျဉ်း မြောင်းသော တွင်းအတွင်း ၌ ရှောင် မရ ၊ တိမ်း မရ ။


ဖား ခမျာ တွင်းထဲမှာ ကြာကြာ မနေနိုင် ။ 


တွင်း အပြင် သို့ ခုန်၍ အထွက် ၊ ကြွက်နီ ၏ လက် တွင်း၌ ကွိခနဲ အမိ ခံ လိုက်ရသည် ။ 


နှစ်ဆယ်သား ထက် မနည်းသော ဆူဖြိုးလှသည့် နွေဖားကြီး တစ်ကောင် ။ 


ယင်းသို့ ဖားအကောင် ကြီးလျှင် သူတို့ ၏ အော်သံမှာ ကလေးငယ် ငိုသံ နှင့် တူလှသည် ။


ဤနည်းဖြင့် နောက်ထပ် ဖားတွင်းများ ကို ရှာ၍ မြေးအဘိုးသုံးယောက် ပူလောင်သော လောက်စာလုံးများ ကို ထည့်ကြသည် ။


ဖား ရသည့် တွင်း က ရသည် ။ မရသည့် တွင်း က မရ ။ 


ညနေစောင်း တော့ နွေဖား ရှစ်ကောင် ရသည် ။ 


အလေးချိန် အားဖြင့် တစ်ပိဿာငါးဆယ် တော့ ရှိမည် ။ 


မြေးအဘိုး သုံးယောက် ကောင်းကောင်းကြီး စား လောက်ပါသည် ။ နောင် ကို နွေဖားများ ရှာဖွေရန် ကြွက်နီ လည်း တတ်မြောက်သွားပါပြီ ။ ပူတူးမ လည်း တတ်မြောက်သွားပါပြီ ။


ဘယ်လောက် တွင်း ကောက်ကောက် ၊ ဘယ်လောက် တွင်း နက်နက် ကြွက်နီ တို့ က မမှု တော့ပါ ။


လောက်စာလုံး ပူပူသာ ရှိဖို့ လိုသည် ။ 


ဖားသား ကို အချို့က အရေဆုတ် ၍ ချက် ကြသည် ။ 


အဘဉာဏ် တို့ ကတော့ အရေမဆုတ် ။ ဖား အရေခွံ မှာ အဆီ စုသည် ။ စား ၍ ကောင်းလှ၏ ။

ဖား တစ်ကောင်လုံး မှာ ကြွက်သားများ အတိ ဖုံးနေသမို့ ၊ ဖားသား မှာ စား ၍ မာကျော ကျစ်လျစ်ပြီး အရသာ ရှိလှ၏ ။


ပြီးတော့ ဝမ်းတွင်း မှ ဖား ဆီ မှာ အခြား သတ္တဝါများ ၏ ဝမ်းတွင်း ဆီ ကဲ့သို့မနေ ။ ဖြူ ဖွေးသော အဆီပြင်ခဲကြီးလည်း မဟုတ် ။


စံပယ်ပန်းအဖူး ဖြူဖြူများ အစုလိုက် ပူးတွဲထား သကဲ့သို့ အမြွှာ အမြွှာများ ဖြင့် အတွဲလိုက် ။


ထို နေ့က ဆူဖြိုးလှသော နွေဖားများ မှ ဝမ်းတွင်းဆီများ ကို ထုတ်၍ သီးခြား ချက်ပြီး ဝါးဆစ်ဘူး အတွင်းသို့ ထည့်ထားလိုက်၏ ။ ဖားသား သာ စား ၍ ကောင်းလှသည် မဟုတ် ၊ ဖား ဆီ မှာလည်း ဆေးဘက်ဝင်လှ၏ ။


ထို ည က ငရုတ်သီးစပ်စပ် နှင့် နွေရာသီ မှာ ရသော ရှားရှားပါးပါး ဖားသားဆူဆူ ကို မြေးအဘိုး သုံးယောက် စား ရသည်မှာ ထမင်း မြိန် လှ၏ ။ စားလို့ ကောင်းလှ၏ ။ အဘဉာဏ် ဝမ်း သာလှပါ၏ ။


ထို့ထက် ...


ဂျပန်ခေတ် က ချွေးတပ်ကို အတူတကွ ပါသွားပြီး ၊ ဂျပန် ၏ လက်ဝါးဒဏ် ကြောင့် ယနေ့ထိ နား ပင်းနေရှာသော “ ကပ်ခို ” ရွာမှ သူ့ မိတ်ဆွေ ဦးခွေးကြီး အတွက် ဖားဆီ စစ်စစ် လက် ဆောင် ပေးရပေဦးမည် ။


နားပင်း ၊ နားထိုင်း ၊ နားလေး စသည့် နားရောဂါ အမျိုးမျိုးအတွက် ဖားဆီ ကို နား အတွင်းသို့ ကြက်တောင် ဖြင့် မကြာခဏ ကျပ် ပေးခြင်းသည် အကောင်းဆုံးသော မိရိုးဖလာ ဆေးနည်းပင် မဟုတ်ပါလော ။ 


မနက်ဖြန်တော့ ဖားဆီ ဝါးဆစ်ဘူး ကို ယူပြီး ၊ မတွေ့ရတာ ကြာပြီဖြစ်သော ဦးခွေးကြီး ထံ အဘဉာဏ် သွားရပေဦးတော့မည် ။ 


◾မောင်သိက္ခာ ( ၁၉၇၉ )


📖 ၂၀ ရာစု မြန်မာဝတ္ထုတို


www.facebook.com/aung.naingoo.3726613


.


Sunday, April 10, 2022

ဂရန်ပေါင်သော နေ့ရက်များ


 

❝ ဂရန်ပေါင်သော နေ့ရက်များ ❞

တန်ဆောင်တိုင် ပြီး ပြီ ဆိုသည် နှင့် တူးပို့ တူးပို့ သင်္ကြန် ရနံ့ ကား ဗီဒီယို လောက ထဲ သို့ တိုးဝှေ့ စီးဆင်း သွားလေတော့သည် ။

“ ကိုဂျပိန် ... သင်္ကြန်ဇာတ်လမ်း တစ်ပုဒ် အားချင်း လိုချင်တယ် ”

ဒါရိုက်တာ က အားချင်း လိုချင်တယ် ဆိုတော့ အိုင်ဒီယာဂျပိန် ကား သင်္ကြန်သမား စစ်စစ် မို့ အထွေအထူး တွေးစရာ မလို ။ ခေါင်း ထဲ မှာ ရှိပြီးသား ။

“ သင်္ကြန်သမား ကို သင်္ကြန် ဇာတ်လမ်း အပ် တော့ သင်္ကြန် ရနံ့ အသင်းဆုံး ဇာတ်လမ်းလေး ရတာပေါ့ဗျာ ”

ဂျပိန် ၏ လေ ကား နည်းနည်း မြောက် နေမှန်း သိသည်  ။ သို့သော် ဒါရိုက်တာ တွေ ၊ ထုတ်ဝေသူ တွေ ရှေ့မှာ လေပေါင် က အဲဒီလောက် တင် ထားမှ တော်ကာ ကျသည်  ။

“ သင်္ကြန်သမား မို့ သင်္ကြန်ဇာတ် အပ်တာပေါ့ဗျာ  ”

“ ရေမစိုတဲ့ သင်္ကြန် ဖြစ်ရမယ်နော် ”

“ ဟာ ...ဘယ်လို ရေမစိုတဲ့ သင်္ကြန်လဲ ... ကျွန်တော် နား မရှင်းဘူး ”

“ ခင်ဗျားတို့ ရိုက်နေကျ ဇာတ်လမ်းတွေ ဟာ ငါးပြတိုက် တို့ .. တိုင်းရင်းသား ကျေးရွာ တို့မှာ ကုမ္ပဏီတွေ ဆီ က စပွန်ဆာ တောင်း ... ဒေါ်ထား တို့ အဖွဲ့  ... အက်စတာ တို့ အဖွဲ့ က ကောင်လေး ၊ ကောင်မလေး တွေ ကို ငှား ... ရေပက်မဏ္ဍပ် ရှေ့ မှာ ရေပက်ခံ ထွက်... သင်္ကြန် အတုတွေ လုပ် ... ကောင်လေး နဲ့ ကောင်မလေး က သင်္ကြန် မှာ တွေ့. ..သင်္ကြန်မှာ လမ်းခွဲ ...ဒီ ဇာတ်လမ်းတွေ ပဲ မဟုတ် လား... သင်္ကြန် ဆိုတာ အနှစ်သာရ ရှိရမယ်ဗျ ”

ဒါရိုက်တာ အနည်းငယ် ငိုင်သွားသည် ။ မျက်နှာ မှာ ပြုံးရိပ် သန်းလာသည် ကို ဂျပိန် မြင်လိုက် ရသည်  ။

“ ခင်ဗျား အိုင်ဒီယာ ကရော ”

“ ရေ မစိုဘဲ ရိုက် ရမယ့် သင်္ကြန် ”

“ ကြိုက်နေပြီဗျာ ”

ဒါရိုက်တာ ၏ အသံ ။

“ ခင်ဗျား တစ်ခုပဲ စဉ်းစားကြည့် ...သင်္ကြန် ဆိုတာ နှစ်ဟောင်း က အတွေးအခေါ် အယူအဆ ဟောင်းတွေ ကို ထားရစ်ခဲ့ပြီး နှစ်သစ် မှာ စိတ်သစ် လူသစ် ၊ ဘဝသစ် ၊ အတွေးအခေါ်သစ် အနာဂတ် တွေ နဲ့ ချီတက်ရမယ့် အနာဂတ်သစ် သင်္ကြန် လို့ အဓိပ္ပာယ် ဖွင့်လို့ ရတယ်... ကျွန်တော် က သင်္ကြန် ကို အမြင်သစ် နဲ့ သွားချင်တယ် ... ခင်ဗျား သိအောင် တစ်ခု ပြောပြမယ် ... နှစ်စဉ် ပေါ့ပေါ့တန်တန်ပဲ ဆင်း ပြီး သင်္ကြန် အတက် မှာ ဇနီး လေးယောက် ဆီ ပြန် တက်သွားတာပဲ .. ကျွန်တော် က ဒီနှစ် ၂၀၀၇ မှာ သိကြားမင်း ကို ပြည်သူတွေ ကြား ထဲကို ထဲထဲဝင်ဝင် နှိုက်နှိုက်ချွတ်ချွတ် လေ့လာခိုင်းမှာ ... ဘယ်သူ နဲ့ ပူးတွဲပြီး လေ့လာခိုင်းမလဲ ဆိုတော့ အိမ်တွင်းမင်းမဟာ ဂီရိ နဲ့  ”

“ ဟာ ... ကောင်းလိုက်တဲ့ အိုင်ဒီယာ ”

အိုင်ဒီယာ ဂျပိန် ကို ဒါရိုက်တာ တော်တော် ကြွေသွားသည့် သဘော မှာ ရှိနေသည်  ။

“ အိုင်ဒီယာ ဂျပိန်လေ ဗျာ ... ကိုယ့်နာမည် ကိုတော့ ဘယ် သိက္ခာ အကျ ခံပါ့မလဲ . . . လူတွေ က မေ့ နေကြတာဗျ .. မင်းမဟာဂီရိ မှာ ညီအစ်မ နှစ်ယောက် ရှိတယ်... ဒွေးဖြူ နဲ့ မြတ်လှ ... မီး မလာ တဲ့ ရက် ဆိုရင် ပြဿနာ မရှိဘူး တဲ့ ... မီး လာတဲ့ ရက်မှာ ကိုရီးယား ကြည့်နေလို့ အိမ်တွင်းအုန်း လိုက်ကာ ကို ပိတ်ဖို့ မေ့နေတယ် ... မီး ကို ကြောက် တဲ့ မောင်နှမသုံးယောက် မီးကြောင့် သေရတဲ့ မောင်နှမ သုံးယောက် ခမျာ ဘယ်လောက် စိတ်ဆင်းရဲမလဲ ... ပြီးတော့ ဒီနေ့ခေတ် အိမ် ရဲ့ ဧည့်ခန်းမှာ မတော်တရော် ပုံ တွေ ချိတ် ထားတာကို အိမ်တွင်း မင်းမဟာဂီရိ ရဲ့ နှမ နှစ်ယောက် က ဘယ်လောက် မျက်နှာ ပူမလဲ ... ဒါတွေဟာ လူတွေ ကြား က လူတွေ ရဲ့ ဖောက်ပြန်မှု နဲ့ လူဒုက္ခ ၊ နတ်ဒုက္ခ တွေ ကို ထုတ်ဖော်ပြ မှ သင်္ကြန် စစ်မှာ ပေါ့ဗျာ ”

“ ကိုဂျပိန် ... ဒီနှစ် သင်္ကြန် ဟာ ခင်ဗျား နဲ့  ကျွန်တော် ကံ စပ်တယ် လို့ ပဲ ပြောရမလို ဖြစ်နေပြီ ... ခင်ဗျား သင်္ကြန်သမား စစ်ပါတယ်ဗျာ ... ။ ကဲ ... အမြန်ဆုံးသာ ရေး ပေတော့ ... ရော့ ... စရန် သုံးသောင်း ... ပြီးတဲ့ အချိန် သာ ဖုန်းဆက်လိုက် ... ”

“ ဇာတ်ကောင်တွေ ကရော ... ”

“ ခင်ဗျား ကြိုက်တဲ့ လူ ကို ရွေး ... ကျွန်တော် က ကြို ငှားရမှာ  ”

“ လူရွှင်တော်တွေ ပဲ စဉ်းစားပါဗျာ ... ဈေးကွက် ကတော့ ခင်ဗျားတို့ ပဲ သိတယ် ”

ဒါရိုက်တာ အိမ် ထဲ မှ ထွက်မယ် မကြံသေးဘူး ၊ ဂျပိန် ကတော် စိုးမြတ်ပေပါ က စရန်ငွေ ကို မျက်စောင်း ထိုး နေပြီ ။ ဒါတွေက ဂျပိန် နော ကျေနေပြီ မို့ ‘ လာသိမ်း ' ဆိုသည့် မျက်လုံး ဖြင့် အချက် ပြ လိုက်သည်  ။ ဒါရိုက်တာ ကား သဘော‌ ခွေ့ သွားသည့် အမူအရာ ။ အိမ် က အထွက် တွင် ဒါရိုက်တာ ၏ အမူအရာ မှာ ကျေနပ်သွား သည့် အမူအရာ ။ ဒါရိုက်တာ ထွက်သွားတော့ မှ ...

ဂျပိန် အတိတ် က သင်္ကြန် ကို ဗိန်းမောင်း နှင့် ရောက်သွားလေတော့သည်  ။ လွမ်း လိုက်တာ သင်္ကြန် ရယ် ... ။

ပိတောက် ကို နှုတ်ဆက် ထွက်ခွာသွားကြတဲ့ သင်္ကြန်မင်းသား တွေ ကို အရင် လွမ်းဆွတ် မိခဲ့သည် ။ ရွှေတိုင်မြေကိုခင်မောင်ဆွေ ( ယဉ်ကျေးမောင် ) ၊ ဂန္ထဝင်မောင်ဝိုင်း ( မောင်မောင်ဆိုလေ ထီးရိုးရှည် ) ၊ ဂျပိန် ကား ( မောင်မောင်မြင့်အောင် အမည်ဖြင့် ဒိုးဒိုးဒေါက်ဒေါက် ) သက်ရှိထင်ရှား ရှိနေသေးသည် ။ သင်္ကြန် မှ သည် အနုပညာလောက မှာ ထွန်းတောက် နေသော သင်္ကြန်သမား များ စွာ ရှိသည် ။

ကျေးဇူးပြု ၍ တစ်ချိန် မှာ ရေးသား တင်ပြပါမည် ။

ဘာပဲဖြစ်ဖြစ် ချစ်ခဲ့ရတဲ့ သင်္ကြန် ကိုတော့ ထာဝရ လွမ်းတာတော့ အမှန် ။

ဂျပိန့် အတွေးများ က အတိတ် တစ်နေရာ ဆီ မှာ  ။

ဂျပိန် သင်္ကြန် ထွက်တော့မယ် ဆိုရင် မိသားစုဝင်များ က နားကပ် တို့ ၊ ဆွဲကြိုး တို့ ၊ အိမ်ဂရန် တို့ ကို သိမ်းဆည်းကြတော့သည်  ။

ဂျပိန် ကား ကျောင်းသားဘ၀ သင်္ကြန် ကား တစ်ကား ထွက် နိုင်လောက်သည့် ငွေကြေး မရှိ ။ အဲဒီတော့ မရှိ ရှိတာ မျက်စောင်း ထိုး ရတာပေါ့ ။ ဒါကတော့ သင်္ကြန်သမား တိုင်း ကြုံတွေ့ခဲ့ရသော သင်္ကြန် ၏ အမှတ်တရများ သာ ။

“ ဘာတွေ စဉ်းစားနေတာလဲ လင်တော်မောင် ”

“ ဘာမှ မဟုတ်ပါဘူး ကွ ... ငါ့ အဖေ နဲ့ အမေ ပေါ့ ... ငါ အခု သင်္ကြန်ဇာတ်ကား ရေးရတော့မယ့် အချိန် မှာ ငါ့ မိဘနှစ်ပါး က မရှိတော့ဘူး လေ ... တောင်ဥက္ကလာ က အိမ် အမှတ် ၉၄ ၊ ၃ လမ်း ၊ ( ၈ ) ရပ်ကွက် က ငါ သင်္ကြန် ထွက် တိုင်း ပေါင် နေကျ ဂရန်လေး ကို ပြေးပြီး သတိရလို့ ပါ ... ငါ့ အမေ ပြောတဲ့ စကားလေး နား ထဲ မှာ ပြန် ကြားယောင်လို့ ပါ ... ဘာတဲ့ ... သင်္ကြန် ရောက်တိုင်း ငါ့ အိမ်ဂရန် ကို အမြဲ သတိထား တဲ့ ကြား က ဘယ် အချိန် ပျောက် ပျောက် သွားမှန်း မသိဘူး ဆိုတဲ့ စကား လေး ပါ ... ”

◾ ဗေလုဝ

📖 ဟဒယ မဂ္ဂဇင်း
      မတ် ၊ ၂၀၀၇

www.facebook.com/aung.naingoo.3726613

.

Saturday, April 9, 2022

ဆဲသလိုများ ဖြစ်သွားလား


 

❝ ဆဲသလိုများ ဖြစ်သွားလား ❞

ဦးအေးကို ဆိုတာက ဟောဒီ တပေါင်းလည်ရွာ ရဲ့ ရွာ မျက်နှာဖုံး လယ်ပိုင်ရှင်ကြီး တစ်ယောက်ပေါ့ ။ အလှူအတန်းရက်ရောသလို ရပ်ရွာ သာရေးနာရေးကိစ္စ တွေမှာ လည်း ရှေ့ဆုံးက ဦးဆောင်ပြီး အားတက်သရော ပါဝင်လေ့ ရှိတယ် ။ နောက်ပြီး ဒီ တပေါင်းလည် တစ်ရွာလုံး မှာ သူ့ ကျေးဇူး နဲ့ ကင်းတဲ့ သူ က မရှိသလောက် ရှား တယ် ။ လူ မပြော နဲ့ ရွာဦးဘုန်းကြီးကျောင်း က အောင်နက် တို့ ဂုတ်ကျား တို့ တောင် ဦးအေးကို ထန်းလျက်ခဲ ကျွေးဖူးတဲ့ ကျေးဇူး ရှိတယ် ။

ဒါပေမဲ့ ဦးအေးကို က စိတ်ရင်း ကောင်း သလောက် စိတ် က လက်တစ်ဆစ် ရယ် ပါ ။ လူ ဖြောင့် စိတ်တိုကြီး လို့ ပြောရမယ် ။ စကား ပြောရင်လည်း တုတ်ထိုးအိုးပေါက် ၊ ပိဿလေး ဘေး ပစ် နဲ့  ။ သူ့ အိမ် မှာ သူရင်းငှါး လုပ်တဲ့ မောင်သြလေး ဆို တဲ့ ကောင် ကို ချီးမွမ်းတာ ပဲ ကြည့် ။

" ငဩ ဆို တဲ့ ကောင် က အရမ်း ဖင် ပေါ့တာ ။ အလုပ် လုပ် တာများ ကိုစက်ဖေ အိမ် က ခိုင်းနွားကြီး ကျနေတာပဲ မခိုမကပ်ဘူး ။ ထမင်း စားတော့လည်း နဒီသင်း ဝက်မကြီး ကန်စွန်းခင်းထဲ လွှတ်လိုက်တဲ့ အတိုင်းပဲ ၊ ထောင်း ထည့်နေသလားတောင် မှတ်ရတယ် " တဲ့  ။

မောင်ဩ ခမျာ နာသာခံခက် နဲ့  ။ ဒါ့ကြောင့် ရွာ ထဲ က လူ တော်တော်များများ က ဦးအေးကို ကို မလွှဲရှောင်နိုင်လို့ သာ အလိုက်အထိုက် ဆက်ဆံနေကြရတာ ။ သူ့ မြင်တာနဲ့ တတ်နိုင်သ လောက် ဝေးဝေး က ရှောင်သွားကြတယ် ။

တစ်နေ့ ရွာဦးကျောင်း ဆရာတော် အရှင်ဥတ္တရ က ကျောင်းဝန်းထဲ က အများ သုံး သောက်ရေကန် ဆယ် ဖို့ ရွာသူ ရွာသားတွေ ကို အစည်းအဝေး ခေါ် တယ် ။ ထုံးစံအတိုင်း ဦးအေးကို က ဦးစီးဦးဆောင် ပေါ့ ။ အစည်းအဝေး မှာ ဦးအေးကို က ဘာ ပြောသလဲဆိုတော့

" အေး ... ကျောင်း ၊ ကန် ၊ ဇရပ် ဖော်ဆောင် ပြုလုပ်တယ် ဆိုတာ ကုသိုလ် ရတယ် ။ အဲဒီတော့ ရွာထဲ က အကုသိုလ် များ တဲ့ သူတွေ အပါယ်တံခါး ပိတ်အောင် ဒီ သောက်ရေကန် ကို ဝိုင်း ဖော်ကြတာပေါ့ ကွာ "

ရွာထဲ က လူတွေ ကို အကုသိုလ်များ တယ် လို့ ပြောတာကို အားလုံးက မကျေနပ် ပေမယ့် ဘုန်းကြီး ရှေ့ မှာ ဆိုတော့ ငြိမ် နေကြရတယ် ။

ရေကန် ဖော် တဲ့ နေ့ လည်း ရောက်ရော သူ့ အိမ် က သူရင်းငှါး မောင်သြလေး ရယ် ၊ ရွာ အရှေ့ပိုင်း က ဇိုးသမား မောင်သွင် ရယ် ၊ ဘုန်းကြီးကျောင်း မှာ ကပ်ပြီး စားသောက်နေတဲ့ နိုင်ကြည်သားနေ နဲ့ ရောင်နီသက်လွင် ရယ် ပဲ လာကြတယ် ။ ကျန်တဲ့ သူတွေ က အကုသိုလ် များ လို့ ရေကန် လာဖေါ်ကြတယ် အပြော ခံရ မှာ စိုးလို့ မလာကြဘူး လေ ။

ဦးအေးကို လည်း တောက် တခတ်ခတ် နဲ့ စောင့် နေသေးတယ် ။ နေ တော်တော် မြင့်လာတော့ သူလည်း စိတ် မရှည်တော့ဘဲ လာတဲ့ သူ နဲ့ ပဲ လုပ်တော့မယ် လို့ ဆော်သြ လိုက်တယ် ။ ဒါပေမဲ့ သူ စိတ်တိုပြီး ပြောလိုက်တဲ့ စကား ကြောင့် လာတဲ့ သူတွေပါ ပြန် ကုန်ပါလေရော ။ သူ ပြောတာ ကို ကြည့်ဦး ။

" တောက် ၊ အလုပ် လုပ်ရမယ် ဆိုတော့ တစ်ကောင် မှ ပေါ် မလာကြတော့ဘူး ၊ ကြာတယ်ကွာ ။ ဘယ် ခွေးမသားမှ မလာလာ ၊ လာတဲ့ ခွေးမသားတွေ နဲ့ ပဲ လုပ်တော့မယ် " တဲ့  ။

◾လင်းခေတ်ဇော်

📖 ဟာဟ ( ၁ )

www.facebook.com/aung.naingoo.3726613

.

Wednesday, April 6, 2022

ခံပွင့်


 ❝ ခံပွင့် ❞


နန်းအလယ် ပန်းစံပယ် မပေါ်ခိုက်ဟာမို့ ၊ 

အလိုက်တော် တန်သင့်အောင်လို့ ခံပွင့်ကို ကုံး ၊ 

နန်းရဝေ မန်းမြေမှာ စံပယ်လှိုင်တော့ 

ခံပန်းခိုင်

ယာယီရွေ့တယ် ၊ 

တောလေ့ရွာသုံး ။



ယုံရမှာ ခက်သော အကြောင်းတို့တွင် ဦးသာကျော် ကျွန်မ ကို ပြောသော ပုံ သည် သာ၍ ယုံကြည်ရန် ခဲယဉ်းလှပေသည် ။ သူ ကတော့ သူ ပြောသောအကြောင်းအရာများ သည် ပုံမဟုတ် ဟူ၍ ဆို၏ ။



“ တကယ် ဖြစ်တာဗျာ ။ မခင်လေး ဟာ လည်း တကယ် ရှိနေ တယ် ။ ကျုပ်တို့ ယာတော မှာကို ရှိနေပါတယ် ” ဟူ၍ ဆို၏ ။ သူ ပြောသော ပုံ မှာ ရိုး၍ လှပသည် ။ တပေါင်းလ နှင့် လည်း လျော်ကန် သင့် မြတ်လှပေသည် ။ သို့သော် ရွာ ၏ အမည်ကိုမူ မဖော်ပေ ။



နေခြည် ပျောက်ချိန်တွင် ယာတော ပေါ် သို့ မြူမှုန်လေးများ သမ်း လာပုံကို ပြောပြသော နေရာတွင် လွမ်းဆွတ်ဖွယ် ကောင်း၍ ပန်းချီ ဆန်လှပေသည် ။



     •••   •••   •••   •••  


ကဗျာဆရာ တို့ က လရောင်ခြည် ကို ငွေရောင်ခြည် ဟု ဆို သော်လည်း ယာတောသူ တို့ ၏ မျက်လုံးတွင် ရွှေရောင် လို ဝါပြေပြေသာ မြင်တွေ့၍ နေရပေသည် ။ အရှေ့မှ လ ထွက်လာလျှင် လအိမ်စောင့် နတ်သမီး ၏ ဆံပင်များ ပြေ ၍ လျောကျ လာသလို လရောင်ခြည် သည် ညွတ်ပျော့၍ မြေသို့ ကျလာသည် ။ လရောင်ခြည် နှင့် သိမ်းပြီးစ ယာခင်းပြင် တို့ တွေ့ထိသလို ဤ လယ်ယာခင်းပြင် တို့ တွင် ဦးသာကျော် တို့ ယာသမားတစ်စု သခင်ကျော်ဇေယျ တို့ တွေ့ကြသည်ဟု ဆို၏ ။



ရွာထဲ မှာ မူ အိမ်ရှေ့တိုင်း လိုလို ဘူးစင် ရှိ၏ ။ ဘူးစင်များ ကြားသို့ လရောင် သည် လူးလွန့်၍ ဝင်လာတတ်၏ ။ ရွာပျိုချော တို့ကို လရောင် သည် တိုးဝင်၍ ရှာဖွေနေဟန် ရှိပေသည် ။ ဤရွာ ရှိ အပျိုချောတို့ ဘူးစင်အောက် မှာ ညဉ့် တိုင်း ထိုင်နေတတ်သည် ဟု ဆို၏ ။ ရှေးတုန်းက ဤ ဘူးစင် အောက် တွင် ဗိုင်းငင်သည် ဆိုသော်လည်း ယခုတော့ ဤ ရွာတွင် ဗိုင်းငင်သည် ကို မတွေ့ရသည် မှာ ကြာလှပေသည် ။


ဤ ဘူးစင် အောက် တွင် သခင်ကျော်ဇေယျ နှင့် မခင်လေး တို့ တွေ့ကြသည် ဟု ဆိုပြန်သည် ။ သူ သည် လရောင်ခြည် လို ပင် ဤ ယာတော သို့ တိုးဝှေ့ဝင်လာရင်း မခင်လေး ကို တွေ့ရပေသည် ။


ခင်လေး မိဘများ သည် ယာခင်းရှင် ဖြစ်သော်လည်း ခင်လေး သည် ယာတော တွင် ကြာကြာ မနေတတ်ပေ ။ မြို့ မှာကျောင်း နေသည် က များ၏ ။ သို့သော် အိမ် ကို ပြန်ရောက်တိုင်း အမေ က ယာတောသူ လို နေရမည် ဟု ပြော၏ ။



နှင်းမှုန်သိပ်သော နံနက် တွင် အစောကြီး ထ ၍ ဆွမ်း ချက်၏ ။ ယာခင်း သို့ အလုပ် ဆင်းမည့်သူတို့ အတွက် အမေ နှင့် ထမင်းအတူ ချက် ပေးရသည် ။


ညဉ့်တွင်လည်း လရောင်အောက် တွင် မြေပဲသီးများ ကို အခွံ ချွတ် ၍ ပေးရ၏ ။ မြေပဲခွံချွတ် နေစဉ်တွင် အမေ သည် သူ့ ယာတော အကြောင်း ကို ခဏခဏ ပြော ပြ၏ ။



“ ဘယ်ကိုပဲ ရောက် နေနေ အမေ တို့ ဆီတော့ ပြန်လာပါ သမီး ရယ် ” 


အမေ သည် စကား ပြောတိုင်း မယုံမရဲ ရှိတတ်၏ ။ အမှန်လည်း သူ သည် ခင်လေး ကိုမယုံ ။ ခင်လေး သည် ဤယာတောကို  စွန့်ပစ် ၍ မြို့သို့ဝင် သွားမည် ဟု အမေ ကထင်၏ ။


ထင် လည်း ထင် စရာပေပဲ ။ လူတိုင်း လိုလို က ခင်လေး သည် လှပသည် ဟု ဆို၏ ။ ဤအလှသည် ယာတောနှ င့် မတန် ဟုလည်း ဆိုကြ သည် ။ အမေကတော့ ထို စကားများ ကို ကြားတိုင်း ခေါင်း တွင် တွင်ခါ ၏ ။  


“ ခက်ပဲ ခက်ရချည့်ရဲ့ ယာတော က ထွက် တဲ့ အလှ ဟာ ယာတော နဲ့ ဘာလို့ မတန်ရမှာလဲ ။ မိန်းကလေး မကြားပါစေ နဲ့ ။ မိန်းကလေး ကိုယ်ဟာ ယာတော အနံ့ နံ နေတယ် ” ဟုအမေ က ပြော တတ်သည် ။



ခင်လေး က ဆရာမ ဖြစ်ချင်သည် ဆို၍ သာ အမေ က ကျောင်း ထား ပေးရသည် ။ မြန်မာ လို အလယ်တန်းပြဆရာဖြစ် ဖြေနေဆဲ တွင် ခင်လေးသည် သခင်ကျော်ဇေယျ နှင့် သိလာသည် ။ သခင်ကျော်ဇေယျ သည် သူတို့ ရွာ သို့ လာနေကျ ဖြစ်သည်မှာ ကြာပေသည် ။ ခင်လေး နှင့် တော့ ယခု မှပင် တွေ့ဆုံကြပေသည် ။



ခင်လေး တို့ ရွာ မှ ယာသမားများ ကို သခင်ကျော်ဇေယျ က လာ၍ စည်းရုံးရသည် ဆိုသည် ။ ယာသမား တိုင်း လိုလို က သခင်ကျော်ဇေယျ ကို သိသည် ။ 


ထိုစဉ်က သခင်ကျော်ဇေယျသည် မြေပဲကြော် နှင့် ရေနွေး ကြမ်း ကို သာ နှစ်သက်ခဲ့ပေသည် ။ ယာခင်း ပြင်ပ ကို ကျော်ဖြတ်လာသော ယာတော ၏ လေအေး ကို နှစ်နှစ်ခြိုက်ခြိုက် ရှူရှိုက်ခဲ့ရ၏ ။ ချိုအေးသော တောပန်းရနံ့ ရိုးရိုး ကို သာ သူ နှစ်သက်ပါသည် ဟုဆိုသည် ။



အမှန်မှာမူ ဘူးစင် အောက် သည် ယာတော ကို စာ ဖွဲ့ရာနေရာ ဖြစ်ပေသည် ။ ဤ ဘူးစင် အောက်တွင် သခင်ကျော်ဇေယျ နှင့် ခင်လေး တွေ့ဆုံခြင်း ကို အမေ ကတော့ မနှစ်သက်ပေ ။


သို့သော် ဦးသာကျော် ကိုယ်တိုင် က “ ကောင်းသောတွေ့ခြင်း ” ဆိုသည့် အတွက် အမေ က မငြင်းဆန်ပေ ။ ပင်နီဖျင်ကြမ်းအင်္ကျီ နှင့် ပခုက္ကူလုံချည် တို့ မှာ သခင်ကျော်ဇေယျ သည် ဤယာတောတို့ နှင့်  မကင်းကွာလှကြောင်း ကို ပြနေ၍ အမေက ကျေနပ်ရပေသည် ။ သို့သော် အမေ က စိတ် ထဲမှာ ထင့် နေ၏ ။ 


“ ဘာကိုများ အမေ စိတ် ထင့်ရပါလိမ့် ”


အမေတို့ ရွာ မှ ထွက်သော် လမ်းဘေး တစ်လျှောက် တွင် နှင်းဆီရိုင်းပင်များ အလေ့ကျ ပေါက်၍ နေသည် ။ ဤ လမ်းလေးမှပင် သခင်ကျော်ဇေယျ သည် ခင်လေး ကို လှည်း နှင့်ခေါ်ဆောင်၍ လာသည် ။ နံနက်အစောကြီး ထ လာရ၍ နှင်းများ မှာ လမ်း ကို မမြင်နိုင်လောက် ပိတ်ဆို့၍ နေသည် ။ အညာဆောင်း ၏ နံနက်ခင်းလေ သည် အေးစက်၍ သွက်လက်လှသည် ။ ခင်လေးက သခင်ကျော်ဇေယျ ဘေးတွင် ကပ်၍ ကွေးကွေးလေးထိုင်ကာ လိုက်ပါလာသည် ၊ ပန်းရနံ့ ချိုချိုလေးများ သည် ခင်လေး ကို နှုတ်ဆက်ကြ၏ ။ သူသည် အမေ့ အိမ်ကလေး ကို မြင်ရနိုး နှင့် လည်ဆန့်၍ ကြည့်သည် ။ သို့သော် နှင်းများပိတ်နေ၍ အမေ့အိမ် ကို မမြင်ရသည့် အခါဝယ် သခင်ကျော်ဇေယျ ဘေးတွင် ပု ၍ ငြိမ် နေလိုက်သည် ။ မျက်လုံးထဲတွင်မူ မျက်ရည်များ က ဝိုင်း၍နေပေ သေးသည် ။



အမေ ကတော့ ဘုရား ပင်ဖြောင့်အောင် ရှိမခိုးနိုင်ပေ ။ လှည်း သံ ပျောက်သည်အထိ နှင်းထု ထဲ သို့ မျှော် ကြည့်၏ ။



“ အမေ တော့ ရွာ အပြင် ထွက်တဲ့ လမ်း ကို ဘယ်တော့မှ မရောက်ဘူးဖူး ” ဟု အမေ သည် မိန်းမဖော်လေး ကို ပြောပြနေသည် ။ ယခုမူ ဤ လမ်းဘေးမှ သမီး ထွက်သွား၍ အမေသည် ထို တာလမ်း ရှိရာသို့ ခြေဦးမျှပင် မလှည့်တော့ပေ ။



ဦးသာကျော် သည် သူ့ ပုံပြင် ကို ခင်လေး လိုက်သွားသည့် အခန်း တွင် ခဏ ရပ်၍ ထား၏ ။ သူ့ မျက်လုံး ထဲ တွင် နှင်းမှုန်များ ဖုံးအုပ် နေသော ယာတော ၏ နံနက်ခင်း ကို ပင် မြင်၍နေလေသလား ။ ဘာ အကြောင်းကြောင့် ရပ် နေသည် ဟူ၍တော့ ဖွင့်ဟ မပြောပေ ။ နောက် တစ်ခန်းဆက် တွင်မူ တပေါင်း ၏ ပန်းချီ နှင့် ထို ပန်းချီကားအောက်တွင် လှုပ်ရှားမှုများအကြောင်း ဆက်၍ ပြောပြန်သည် ။


တပေါင်း သည် ဟောင်း၍ သစ်သောလ ဖြစ်၏ ဟု သူ က ရိုးရိုး ပင် ဆိုပါသည် ။ အိုမင်းရင့်ရော်သော ရွက်ဟောင်းတို့ သည် မကြာခင်ကပင် မြေသို့ လျောကျသက်ဆင်း၍ လာကြသည် ။ ရွက်အိုတို့ သည် တစ်ခါကမူ အကိုင်းများ ထက် တွင် သူတို့ ၏ လှပတင့်တယ်ပျိုမျစ်ခြင်းများ ကို လောကသားတို့ အား ပြခဲ့လေသည် ။ ကောင်းကင်လေ သည် သာလျှင် သူတို့ ၏ ရှူရှိုက်ရာ ဖြစ်ခဲ့လေသည် ။  


“ ယခုတော့လည်း အိုမင်းရင့်ရော်လာပြီ ဆိုတော့ ဆိုးလိုက် သည့် ကံကြမ္မာပေ ပဲ ။ မြေတွင် ခဏ ရပ်နား၍ အဘိုးအို သည် တရား ရိပ် တွင် ခိုအောင်းသလို ခဏတာတော့ မသေခင် နား လိုက်ချင်ပါရဲ့ ”


သို့သော် ပူပြင်း၍ သွက်လက်သော လေ က ရွက်အိုရွက်ဟောင်းများကို မောင်း၍ ထုတ်၏ ။ အပင် အောက် တွင် အနားမရပဲ လေ မောင်းနှင်ရာ သို့ ပြေး ကြရပြန်သည် ။ 


ရွက်ဟောင်းများ သည် မြေ တွင်ပြန့်ကြဲ၍ ဖရိုဖရဲ ပြေးလွှား ကြရင်း သစ်ပင်များ ထက် သို့ မော် ၍ ကြည့်၏ ။ အကိုင်းများပေါ်တွင် သစ်လွင်သော ရွက်နုများ သည် ဝတ်လွှာအစိမ်းနုများ ကို လွှမ်းခြုံ၍ နေရောင်ခြည် တွင် လှပလေစွ ၊ တောတန်းဆီ မှ တပေါင်းလေရူး သည် တောပန်း တို့ ၏ ရနံ့တို့ ကို စုပေါင်းသယ်ယူ လာ၏ ။ ရွက်ဟောင်းကြီး များသည် ငယ်စဉ် က သူတို့ ဘဝ ကို ပြန်လည် အောက်မေ့မိသည် ။ လူသားသာ ဆိုလျှင်လည်း မျက်ရည်တောက် တောက် ယိုလိုက်ပါ၏ ။ သူတို့လောက ကို ထွက်ပြူစ တုန်းကလည်း သည်လိုပင် တပေါင်းလ မဟုတ်ပါလော ။ ပျိုမျစ်သစ်လွင် သော အရွယ်တွင် နေရောင်ခြည် ကို လှုံ၍ တောပန်းရနံ့တို့ ပြွန်းသော ကောင်းကင်ပြင် ကို ရှူရှိုက်ရသည်မှာ ဘဝနိဗ္ဗာန် ပေတည်း ။ ယခုတော့ လေတိုက်လိုက်တိုင်း ပြေးလွှားရ သည်မှာ မောလှပါတကား ။



ဤသို့ အဟောင်းများ ကြွေလျော့၍ အသစ်တို့ မွေးဖွားချိန် ယ် ဦးသာကျော် တို့ ရွာတွင် တော်လှန်ရေး သည် လည်း ပေါက်ဖွားလာခဲ့ သည် ဟု ဆို၏ ။ တောတန်း နှင့် မဝေးသော ဤရွာပြင်လမ်း အနီးတွင် ဂျပန် ကိုတိုက်ရင်း ကျဆုံးသွားသော ရဲဘော်ရွာသားများ ၏ သွေးကွက် များလည်း ရှိသည်ဟူ၍ ဦးသာကျော် က ဆိုပြန်သည် ။


“ သခင့် မိန်းမ ဘဝတုန်း က သူ့ယောက်ျား နိုင်ငံရေး ကို လွတ်လွတ်ကျွတ်ကျွတ် လုပ်နိုင်ဖို့အတွက် ခင်လေး ဟာ ကျောင်းဆရာမ လေး လုပ်ရတယ် ။ အမေ့ ရွာ ကို တောင် ပြန် မလာနိုင်ဘူး ။ ခုတော့ တော်လှန်ရေး အတွက် သူ့ယောက်ျား ကို ကူညီဖို့ ရွာ ကိုခင်လေး ပြန်ဘလာ ပါတယ် ”

 


ဤနေရာတွင်လည်း ဦးသာကျော် သည် သူ ၏ ပုံပြင် ကို ခပ်ဆန်းဆန်း ပြော၍ ပြပြန်၏ ။



ရွာအပြန် လမ်းဘေး ရှိ လက်ပံပင်ကြီး အောက် မှာ ထမင်း တောင်း ကို ရွက်ကာ ခင်လေး သည် သခင်ကျော်ဇေယျနှင့် သူတို့ ရှိရာ တောအုပ်ငယ်အတွင်း သို့ လာရသည် ဟု ဆို၏ ။


“ တစ်ခါတစ်ခါတော့လည်း တခြားရွာသားတွေ ကို ပို့ခိုင်းတယ် ”


လက်ပံပင်ကြီး အောက် တွင် ခင်လေး ခြေရာများ သည် ချောင်း ဖြစ်လုအောင် ခေါက်တုံ့လူးလားခဲ့ပေသည် ။ ရွက်ဝါကြွေများ သည် လည်း နေရောင်ကြောင့် သွေ့ခြောက်ရသည့် အထဲ တွင် ခင်လေး ၏ ခြေထောက် အောက် တွင် ကြေမွပျက်စီးလာရပြန်သည် ။


“ သခင်ကျော်ဇေယျ ကို ခင်လေး ဘယ်လို ကူညီခဲ့တယ်ဆိုတာ အမှန်အတိုင်း သိချင်ရင် အဲဒီ လက်ပံပင်ကြီး နဲ့ မြေကြီး ကို မေးကြည့် ပါလား ”



အလို ကျွန်မ သည် ဦးသာကျော်စကားကို အံ့သြရပြန်သည် ။


 “ လက်ပံပင်ကြီး နှင့် မြေကြီး ကို ”



“ ဟုတ်ပါတယ် ။ လူ ဆိုတာတွေက အမှန် ကို ပြောခဲ့ပါတယ် ။ မြေကြီး ကတော့ မလိမ်ပါဘူး ။ သင်္ခါရတွေ နဲ့ ဖောက်ပြန်ပြောင်းလဲ နေတဲ့အကြောင်းတွေကို အစဉ် စောင့်ကြည့်နေတာ မဟုတ်လား ”



ကျွန်မ သည် ဦးသာကျော် ၏ မျက်လုံးများ ကို စိုက်၍ ကြည့် မိပြန်သည် ။ သူ့ မျက်လုံးများသည် ကောင်းမွန်စွာ တောက်ပနေ၍ သူ့ စကား ကို သံသယ ကင်းရှင်းစွာ ဆက်၍ နားထောင်နေလိုက်ပါသည် ။



လူသားများ ၏ ဖောက်ပြန်ပြောင်းလဲမှု ကို လည်းကောင်း ၊ အဖြစ်မှန် စိတ်ရင်းကိုလည်းကောင်း မြေကြီး သာလျှင် အသိဆုံး ဆို၏ ။ ရွက်ဟောင်းများ ကို တပေါင်း ၏ လေပူသည် မောင်းနှင် ရှင်းပြစ်သလို တော်လှန်ရေး သည် ဖက်ဆစ် ၏ ဟောင်းနွမ်းဆိုးယုတ်မှုများ ကို အပြင်းအထန် တိုက်ထုတ်၍ ပစ်လေသည် ။



ထိုသောအခါ ဖက်ဆစ်သွေး သည် လည်း မြေ သို့ ကျ၏ ။ တော်လှန်ရေးသမားများ ၏ သွေးသည် လည်း မြေသို့ ကျ၏ ။ သို့သော် ဘယ်သွေးစက်များသည် ဖက်ဆစ် ၏ သွေး ၊ ဘယ်သွေးကွက်များ သည် တော်လှန်သူ တို့ ၏ သွေး ဟူ၍ မြေကြီး သည် သာလျှင် ပို၍ သိသည် ဟု ဆိုပါသည် ။



တော်လှန်သူ တို့ သည် ပြေးလွှားကာ တိုက်ခိုက်ရင်း သူတို့ ခြေရာများသည် လည်း မြေပေါ်တွင် နစ်၍ နစ်၍ ကျန်ရစ်၏ ။ တစ်ခါတစ်ရံ ပမာဓလေခ ချွတ်ယွင်း၍ မှတ်တမ်းတင်သူ တို့ က တော်လှန်သူအစစ် အချို့တို့အား မှတ်တမ်းတွင် မတင်ရစ်မိသော်လည်း မြေကြီး က မူ ဘယ်သူ သည်တော်လှန်သူ အစစ် ဆိုသည်ကို သိသည် ဟု ဆိုလေသည် ။


တော်လှန်ရေး ပြီး ၍ အေးချမ်းသော အချိန်တွင် တော်လှန် ရေးတွင် ပါဝင်သူတို့အား အခွင့်အရေး ပေးခဲ့၏ ၊ ဤအချိန်တွင်လည်း ရောင်တော်ပြန်တို့က “ သူတို့ သည် ဖက်ဆစ် ကို တော်လှန်ခဲ့ပါသည် ” ဟု လက်သီးလက်မောင်းတန်းကာ အခွင့်အရေး ဆို ကြလေသည် ။ ထိုအခါ မြေကြီး သည် ဟက်ဟက်ပက်ပက် ရယ်၏ ။ မြေသား သည် ပုထုဇဉ်မျှ သာတည်း ။



     •••   •••   •••   ••• 


မိုးရာသီ စ၍လာလျှင် လေသည် လေပူလေရမ်းများ မဟုတ် တော့ပေ ။ တောင်ဘက်မှသာ တိုက်ခတ်၍ လာလေသည် ။



အက်ကွဲ၍ မာကျောသော မြေတို့သည်လည်း စိုထိုင်း၍ ညို လာ၏ ။ ရေ တွင်လည်း မိုးစက်နှင့် မြေငွေ့တို့ ပါ၍လာလေသည် ။



ပန်းပွင့်တို့ သည်လည်း အိပ်ရာမှ နိုးကြကုန်၏ ။ သစ်ပင် အားလုံး သည် မိုးစက်အောက်တွင် စိမ်းလန်းလာကြလေသည် ။ တပေါင်း ပူပြင်းခြင်း နှင့် ပြင်းထန်စွာ ပြောင်းလဲခြင်း ၏ နောက်ပိုင်းတွင် မိုးဦးကဲ့ သို့သိပ်သည်း၍ အေးချမ်းသော ဥတု လာရသည် မှာ ဓမ္မတာပေတည်း ။


ဤသို့ မိုး ၏ အစတွင် ခင်လေးသည် ဒုတိယအကြိမ် သခင် ကျော်ဇေယျ ထံ သို့ လိုက်ဖို့ပြင်ရပြန်သည် ။


ယခုတစ်ခါ သွားရသည်မှာ ရန်ကုန် သို့ ရောက်မည် ဖြစ်၍ အမေ့ ကို ခေါ်သော်လည်း အမေ က မလိုက်ပေ ။ 


မိုးဦးကျစ ဖြစ်၍ ရွာလမ်း သည် ဖုန် မထူတော့ပေ ။ လှည်း ဘီးသည် မြေအိအိ ပေါ်တွင် နပ်၍ နစ်၍ သွား၏ ။ အမေ သည် အိမ်ဝ မှ ပင် မျက်စိ တစ်ဆုံး မျှော်၍ ကြည့်၏ ။ လှည်းလမ်းကြောင်း နှစ်ခု သည် အမေ့ ရှေ့မှ ရှည်၍ ရှည်၍ ထွက် သွားကြသည် ။



ဦးသာကျော် တို့ လူစုကတော့ သခင်ကျော်ဇေယျ တို့ အား ရွာသားတို့ ကျဆုံးသော တောတန်းလေးနား အထိ လိုက်၍ ပို့၏ ။ 


ပထမ တစ်ခါ ထွက်ခွာစ က နှင်း ဖုံးနေ၍ ရွာ ကို မမြင်ရပေ ။ ယခုတစ်ခါ မူ မျက်ရည်ဖုံးနေ၍ ခင်လေး သည် ရွာ ကိုမျှော် ကြည့်သော် လည်း မမြင်ရပေ ။ တောတန်း မှာ တော့ မိုးရေကြောင့် သစ်ရွက်များ စိမ်း လန်း လာကြ၏ ။



ချိုသော ပိတောက်တို့ ၏ ရနံ့တို့ သည်လည်း တောတန်း တစ်လျှောက် တွင် လှိုင် နေပေသည် ။ အားလုံးသော သဘာဝသည် မိုးတစ်ပြိုက် ရွာအပြီးတွင် ပြန်လည် သစ်ဆန်းလာသလို ရွှင်လန်း၍ နေ ပေသည် ။



“ အားလုံးကတော့ သစ် နေသလိုပဲ ။ ဒါပေမယ့် လေ က စိုထိုင်းထိုင်းကြီး အစ်ကိုရယ် ” ဟု ခင်လေး က ပြောလိုက်သည် ။



“ အေးပေါ့ ။ ဘယ်အားလုံးတော့ ပြောင်းလဲ မလဲကွယ် ၊ တစ်ခုခု တော့ စိုထိုင်းထိုင်း ဖြစ်နေဦးမှာပေါ့ ”


အားလုံးသော သစ်ပင်လေးများက ထိုးထိုးထောင်ထောင် လှုပ်လှုပ်ရှားရှား နှင့် သူ့ ကိုနှုတ်ဆက်၏ မိချောင်းနွယ်ပန်းများ ကလည်း ဖွေး၍နေပေသည် ။ သူ သည် လက် ကို ဝှေ့ယမ်းကာ ပန်းကလေးများကို နှုတ်ဆက်လိုက်လေသည် ။ ယခုလို အသိုင်းအဝိုင်းများ မှ ခွဲထွက်သွား ရတော့လည်း ဝမ်းနည်းသလိုလို ဖြစ်လိုက်မိသည် ။ မြင့်သော လက်ပံပင် ကြီး ကို ဖြတ်ကျော် အသွားတွင်မူ သူသည် မော့ ၍ မကြည့်တော့ပေ ။


      •••   •••   •••   •••  


ခင်လေး ထွက်ခွာသွားပြီး မှ သူ့ကိုယ်စား အမေ့ ထံ သို့ စာများ လာခဲ့လေသည် ။ ဦးသာကျော်က ခင်လေး ထံ မှ စာ လာတိုင်း အမေ့ ကို ဖတ် ပြရ၏ ။ စာ များလာသည် မှာ တစ်စောင် နှင့် တစ်စောင် ဝေးကွာ လွန်း၍ အမေ သည် သူ့ ကို များ သမီးလေး က မေ့ သွားပြီလား ဟုထင် သည် ။


စာတစ်စောင် တွင် မူ သူ့ ဘဝ ကို ခင်လေး က ဖော်ပြလိုက်၏ ။ 


အမေရယ် ...



ဟိုတုန်းကတော့လဲ သူ နိုင်ငံရေးလွတ်လွတ်ကျွတ်ကျွတ် လုပ် နိုင်အောင် လို့ ဆရာမ လုပ်နေရတာ နဲ့ မအားရဘူး ။ အခုတော့ အမေ့ သမီး ဟာ သခင့် မိန်းမမဟုတ်တော့ဘူး ။ အစ်ကို တစ်ယောက် ပါလီမန် အတွင်းဝန်ဖြစ်သွားပြီ ။ ဒါပေမယ့်လည်း မီးဖိုချောင် ထဲ က မထွက်ရလို့ အမေ့ ဆီ စာ မရေးနိုင်ဘူး အမေ ရယ် ။



ဒီ စာရေးနေတုန်း လေ အစ်ကိုတင်းနစ်ရိုက် က ပြန် လာလို့ သမီး လိမ္မော်ရည် ဖျော်ပေးရဦးမယ် ။ အစ်ကိုလေ အခုကျန်းမာရေး အတွက် နေ့တိုင်းနေ့တိုင်း တင်းနစ် ရိုက်တယ် ။


ပြောင်းလဲတာတွေ ကို အမေ့ ကို ပြောရဦးမယ် ။ အခု အစ်ကို တင်းနစ် သွား ရိုက်တဲ့ အိမ် ဟာလေ ပဂ္ဂီ တို့ အိမ် အမေ ရဲ့ ။ အစ်ကို ပြော တယ် ။ ပဂ္ဂီ တို့ ဟာ အစ်ကို နဲ့ တစ်မြို့ ထဲသူငယ်ချင်း တဲ့ ။ ဒါပေမယ့် အစ်ကို သခင်ကျော်ဇေယျ ဘဝတုန်း က ဆိုရင် လှည့် လို့တောင်မကြည့် ဘူး တဲ့ ။ အစ်ကို တို့ ဟာ လူရှုပ် တွေ သခင်ဆင်းရဲတွေ ဆိုပြီး အစ်ကိုတို့ ကို အဖက် မလုပ်ဖူး တဲ့ ။ အခုတော့ အစ်ကိုတို့ ကို သူတို့အားလုံး ခင်မင်ကြ ပါတယ်လေ ။ ဒါကြောင့် သမီး လည်းဝမ်းသာပါတယ် အမေ ရယ် ။



ဦးသာကျော် သည် စာ ကို ခဏရပ်နား၍ အမေ့ ကို လှည့် ကြည့် လိုက်၏ ။ အမေ့ မျက်လုံး တွင် တစ်စုံတစ်ခု နားမလည် သလို ဟန် ပေါက် နေသည် ။



ဦးသာကျော် သည် စာ ဖတ်စဉ် အမေ က “ တင်းနစ် ” နှင့် “ ပဂ္ဂီ ” ဆိုသည် မှာ ဘယ်လို အဓိပ္ပာယ် ရှိသည့် အကြောင်း ဦးသာကျော် ကို မေး၍ ကြည့်ရ၏ ။ စာ ကို ဆက် ဖတ်ပြန်သည် ။ 


“ နေ့လယ် ဆို လည်း အမေ ရယ် ပေါင်မုန့် ထောပတ်သုတ် နဲ့  ၊ ကာဖီ ကို အစ်ကို့ ဆီ ပို့ရတော့ နေ့ခင်း မှာ လည်း မအားနိုင်ဘူး ။ အမေ့ ဆီ ကို လာလည်း လာချင်တယ် ။ ငွေ လည်း ပို့ချ င်တယ် ။ ဒါပေမယ့် သခင် ကဖြစ်လာတဲ့ အတွင်းဝန် ဆိုတော့ ကျွေး ရ ၊ မွေးရ တာ နဲ့ မနားဘူး အမေ ။ ငွေ က လည်း ပို လှတယ် မရှိဘူး ”

 


အမေ က စာ ဖတ်ရင်းပြုံး ၏ ။ သမီး သည် သူ့ ကို ဒါလောက်  သတိရလျှင် ပဲ ကျေနပ်ပါပြီ ။


ဦးသာကျော် ကတော့ သခင်ကျော်ဇေယျ သူတို့ ဆီ တစ်ခေါက် တစ်လေ လာစေချင်သည့်အကြောင်း ပြော၍ နေသည် ။ သခင်ကျော်ဇေယျ မလာသည် မှာ သွားကတည်းက ယခု အထိ ဆိုလျှင် ( ၄ ) နှစ် တိတိ ရှိ သွားပေပြီ ။ နောက်လများ တွင် ခင်လေး ထံ မှ စာများ ခဏခဏ ရောက်သည် ။


“ အမေရယ် ခု တစ်လောတော့ အလုပ် အားတာ နဲ့ စာခဏ ခဏ ရေး နိုင်တယ် ။ အစ်ကို က အိမ် မှာ သိပ် မရှိတော့ အလုပ်အားတာပေါ့ အမေ ရဲ့ ။ သူ တင်းနစ် ပို ရိုက်တယ် ထင်ပါရဲ့ ။ ညဆယ်နာရီ ဆယ့်တစ်နာရီ လောက် မှ ပဲ အိမ် ကို ပြန်လာတယ် ”

 


အမေ သည် ယခုတလော သမီးထံ မှ စာ ခဏ ခဏ လာ၍ ပျော် ၏ ။ သမီးလေး များ ကိုယ်တိုင်လာ လျှင် ဘယ်လောက်များ ပျော် လိုက်မည်နည်း ။ နောက်တစ်ခါ ရောက် လာသော စာ ကို အမေ က ဘယ်လို အဓိပ္ပာယ်ကောက် ရမှန်းမသိပေ ။  ဦးသာကျော် ကတော့ အသံ တုန်နေသည် ။ ခင်လေး က စာရေးတိုင်း အစချီပုံကို က “ အမေ ရယ် ” ဟူ၍ တိုင်တည်သံ လိုလို ၊ အားကိုးသံ လိုလို စ၍ စ၍ ရေးတတ် သည် ။ ယခု စာ ကလည်း အမေ့ ကို တိုင်တည်သံပေလား ။ 


အမေရယ် 

        သမီး ရိုသေစွာ စာရေးလိုက်ပါတယ် ။ တပေါင်းလဆန်း ရင် အမေ့ ဆီ ကို သမီးပြန် လာခဲ့ပါမယ် ။ အမေ နဲ့ ဦးသာကျော် ရွာပြင်လမ်း က လာ ပြီးကြိုနေပါ ။



“ ဟယ် အမလေး သမီးလေး ပြန်လာမယ် ” 


အမေ က ထို စာပိုဒ် ကို ကြားရချိန်တွင် ပျော်လွန်း၍ အသားများ ဆတ်ဆတ် တုန်နေသည် ။



သမီးလေး ဒီတစ်ခါ အမေ နဲ့ အတူ နေသွားတော့မယ် ။ အမေ ကို ရော ယာတော ကိုရော သမီး ဘယ်တော့မှ မခွဲဘူး ။ သမီး ပြန်လာမယ် အကြောင်းကိုလည်း ဘယ်သူ့ကို မှ မပြောနဲ့နော် ။



ဦးသာကျော် က မူ စာ ကို ခဏရပ်ထား၏ ။ ဤ စာ ၏ အဓိပ္ပာယ် မှာ ဘယ်လိုများ ပါလိမ့် ။ 


အမေ ရယ် ဝမ်းမနည်းနဲ့ နော် ။ အပြောင်းအလဲ ဆိုတာ လောက ရဲ့ဓမ္မတာ ဆိုတာ အမေ သိပြီးသားပါပဲ ။ ပြောင်းလဲတတ်တဲ့သဘော ကို ထာဝရတရားအဖြစ် ယူဆထားတဲ့ သမီး စိတ်က သာ မှားတာပါ အမေ ။


ဤနေရာတွင် အမေ က ဦးသာကျော် လက် ကို ခဏ ဖမ်းကိုင် ၍ ထားလိုက်ကာ “ သူ ဘာကို ရေးနေတာလဲ ကွ ” ဟု မေးပြန်သည် ။ ဦးသာကျော် သည် ခေါင်း ကို ဖြည်းဖြည်း ခါလိုက်ကာဆက်၍ ဖတ်ပြန်သည် ။



အစ်ကို လေ သိလား ၊ အစ်ကိုရယ် ပဂ္ဂီ နဲ့ မနက်ဖြန် လက်ထပ် ကြတော့မယ် ။ သမီး ဒီမှာ ဘယ်လို နေလို့ ဖြစ်မလဲ ။ သမီးမှာ အပြစ်တွေ အများကြီး ရှိတယ်လို့ အစ်ကို က ပြောတယ် ။ ဘယ်လို အပြစ်တွေ ရှိသလဲလို့ သမီး သိချင်လိုက်တာ ။ အစ်ကို့ ကို မမေးရဲလို့ မမေးတော့ဘူး အမေ ။ ကိုယ့် အပြစ် ကိုယ် မသိတာ ကို က သမီး ရဲ့ အပြစ် ပဲ ထင်ပါရဲ့ ။ အဲဒီ ပဂ္ဂီ ဆိုတာလေ အမေ မှတ်မိမှာပေါ့ ။ တစ်ခါက အစ်ကို ပြော တဲ့ “ တို့များ သခင် ဘဝတုန်း က ဆိုရင် တို့ကို လှည့် မကြည့်ဘူး ။ သခင်စုတ် သခင်ဆင်းရဲတွေ ဆိုပြီး နှာခေါင်းရှုံ့ တယ် ” ဆိုတဲ့ မိန်းမ ပေါ့ အမေ ။


 သမီး ပြန်လာခဲ့မယ် ဆက်ဆက် ကြိုပါ ။


      ကျန်းမာချမ်းသာပါစေ ။ 

                     သမီးခင်လေး


ဦးသာကျော် က စာရွက်ကိုကိုင်ကာ ငိုင်နေသည် ။ အမေ ကတော့ ပြုံး၍ နေ၏ ။



“ သမီး ပြန်လာတာဟာ မှန်တာပေါ့ မောင်သာကျော် ” ဟု ဆို၏  ။


“ မဟုတ်ပါဘူး အမေ ရယ် တစ်ခုခုတော့ တစ်ခုခုပဲ ။ သူတို့ အဟောင်း ကို အားလုံးများ စွန့် ပစ်ကြလား ။ တကယ်ဆို ခင်လေးဟာ သခင် ဘဝတုန်း က ဒုက္ခ အတူ ခံပြီး လုပ်ကျွေးခဲ့တာတွေ တော်လှန်ရေး တုန်းက ကူညီခဲ့တာတွေ ကိုတော့ ထောက်ဖို့ ကောင်းပါသေးတယ် ။ သူတို့ဟာ လုပ်ဖော်လုပ်ဖက်တွေ ကို မေ့ရက်လိုက်တာ ”



“ အို ... ဒါတွေ ဘာမှ မပြောပါနဲ့ကွယ် ။ သမီးလေး မှာ အပြစ် ရှိတယ်တဲ့ ။ ဒီ အပြစ် ကို ကျေးဇူး တင်လိုက်တာ သမီးလေး ပြန် လာတော့မယ် ။ ယောက်ျား ဆိုတာက သူတို့ မြတ်နိုးလာရင် အပြစ် တောင်လို ပုံနေပေမယ့် မမြင် ဘူး ကွဲ့ ။ မုန်း လာပြီ ဆိုရင် မြူမှုန်လောက် ကို မြင်းမိုရ်တောင် လို အကျယ် ချဲ့တာပဲ ၊ ဘုရား မ လို့ သမီးလေး ချောချောမောမော ပြန်ရောက်ပါစေ ”



အမေ သည် လက်နှစ်ဖက် ယှက်ကာ ဘုရား ကို လည်းတ၏ ။ ပါးစပ် မှလည်း ပြုံးသည် ။ မျက်ရည် များ လည်း လည် ၍ နေသည် ။



      •••   •••   •••   ••• 


ခင်လေး ပြန်ရောက်မည့် ညနေစောင်း တွင် အမေ နှင့် သာကျော်လည်း ရွာပြင်လမ်းတွင် စောင့်၍ နေသည် ။ ဘယ်တုန်း မှ ရွာပြင်လမ်း သို့ မထွက်သော အမေ သည် ယခုတစ်ခါ ပထမဆုံး ရောက်လာခြင်းဖြစ်၏ ။


တောတန်း တစ်ထောင့် မှ လှည်းရိပ်မည်းမည်း ထွက်လာလျှင် အမေ့ ရင်များသည် တဆတ်ဆတ် ခုန်၍ လာသည် ။ ဤလမ်း မှ ပင် သမီးလေး ထွက်သွား၍ ဤလမ်း မှပင် ပြန်လာခဲ့သည် ။ နေရောင်သည် အပူရှိန် လျော့ ၍ ရွှေရောင်ဖျော့ဖျော့လေးသာ တောတန်းသစ်ပင်ထိပ် များပေါ်တွင် တင်နေရစ်သည် ။ ချုံတန်းများ ၏ အောက်ခြေတွင် တော့ မြူ များဆိုင်းစ ပြုလာသည် ။



“ ဒီနေရာမှာပေါ့ အမေ ၊ ရွာသားသုံးယောက် ကျတာ ” ဟု ဦးသာကျော် က ပြော၏ ။ သူ ညွှန်ပြသော လက်ပံပင်ကြီး အောက်တွင် တော့ သွေးစက်များ မရှိတော့ပေ ။ လှည်း သည် သူတို့အနား ရောက်လာ ၍ လက်ပံပင်အောက်တွင် ရပ်လိုက်၏ ။

 


ခင်လေး သည် လှည်း နောက်မြီးမှ ခုန်ဆင်း၍ အမေ့ဆီ ကို ဖြည်းဖြည်း လျှောက်လာသည် ။ အမေ့ လက်များကို သူ က တင်းတင်း ကျပ်ကျပ် ဆုပ် ထားသည် ။ အမေ သည် စကား တစ်လုံးမျှ မပြောနိုင်ပေ ။



“ သမီး ပြန်လာပြီ အမေ ”


တစ်ခါမျှ မတွေ့ဘူးသည့် လူတစ်ယောက် ကို ကြည့်သလို အမေ သည် ခင်လေး ၏ ပခုံးကို ကိုင်၍ မျက်နှာ ကိုစေ့စေ့ ကြည့်၏ ။


“ နောက်တစ်ခါ ပြန် မသွားနဲ့နော် သမီး ”


ခင်လေး သည် ခေါင်း ကိုဖြည်းဖြည်း ညိတ်လိုက်၏ ။ သူ့ မျက်လုံး မှ မျက်ရည်များ သည် မြေပေါ် သို့ ခုန်၍ ကျ သွားသည် ။ ဤ မြေကွက် မှာ ရွာသား တို့ ကျဆုံးစဉ် က သွေးစွန်းခဲ့သော နေရာ ဖြစ်သည် ။



ရွာသို့ အဝင်လမ်း အတိုင်း လျှောက်၍ လာကြသည် ။


ဤ မျက်ရည်စက်များ ကျသောနေရာတွင် ယခုအခါ ခံပန်း ပင်ချုံတို့ သည် အစုလိုက် ပေါက်နေသည် ဟု ဆို၏ ။



သို့သော် ထို ခံပွင့်များ သည် ခင်လေး ၏ အသည်းနှလုံး ကို ကိုယ်စားပြုလေသလော ၊ ကျဆုံးသွားရရှာသော ရဲဘော်တို့ ၏ သွေးစက် ကိုပင် ကိုယ်စားပြုလေသလော ဆိုသည်ကို ဦးသာကျော် က ဖွင့်ဟ၍ ပြော မသွားပေ ။



◾ခင်နှင်းယု


     ၁၉၅၅ မတ်လ 


( ဤ ဝတ္ထုတွင် ပါရှိသော သခင်ကျော်ဇေယျ မှာ သခင် ကျော်ဇေယျ နှင့် လုံးဝ မပတ်သက်ပါ ။ )


www.facebook.com/aung.naingoo.3726613


.

Tuesday, April 5, 2022

ခရီးသည်


 ❝ ခရီးသည် ❞


ကြက်ဦး တွန်ခဲ့ပြီ ။ ရွာကလေး ကား မလုံ့တလုံ ခြုံစောင်ကလေး နှင့် ကွေး ၍ အိပ်ပျော် လျက်ပင် ရှိသေး၏ ။


လူကလေးတို့ မိသားစု သုံးယောက် သည် ရွာ တံခါးဝ တွင် နှုတ်ဆက်လျက် ရှိကြ၏ ။ 


“ လူကလေး ကောင်းကောင်း သွားနော် ။ အ မေတို့ စိတ်ချပါရစေ ။ ငါ့ သား အရက် မသောက်နဲ့  ၊ ဖဲ မရိုက်နဲ့  ၊ မကောင်းတဲ့ လူတွေ နဲ့ မပေါင်းနဲ့  ။ ကောင်းကောင်း နေနော် ” ဟူသော မိခင်ကြီး ၏ မှာ စကား သည် မြူနှင်းများ အကြား မှ ထွက်ပေါ်လာ၏ ။ အဖ မူ ကား ဘာမျှ မပြော ။ မြူနှင်းတဝေဝေ ထဲ တွင် သား ၏ မျက်နှာ ကို သာ ငေးစိုက် ကြည့်နေ၏ ။


လူကလေး သည်  အမိ ပေးလိုက်သော ဆေး ပေါ့လိပ် ငါးလိပ် ၊ ကောက်ညှင်း ငါးဆိုင်း ၊ ကြံ သကာ တစ်ခဲ ကို ဘေးမှ လွယ်အိတ် ထဲတွင် ထည့် ၍ လွယ်ထား၏ ။ အဖ ပေးလိုက်သော ငွေ သုံးဆယ် မူ ကား အတွင်း အိတ်ကပ် ထဲ တွင် သေချာစွာ ပါရှိ၏ ။ 


“ လူကလေး ကောင်းကောင်း သွားနော် ။ ငါ့ သား ကလေး သွားပေတော့ ... သွားပေတော့ ”   ဟု နှုတ်ဆက်လိုက်သော မိခင် ၏ စကားသံ များ သည် မြူနှင်းများ အကြားမှ ဖောက်လျက် နောက်မှ လိုက်လာသည် ဟု ထင်ရ၏ ။


လူကလေး သည် သန်မာတောင့်တင်း သစ်လွင်သော ခြေများ ဖြင့် ပေတစ်ရာ ကို လျှောက် ခဲ့၏ ။ တစ်လှမ်း ထက် တစ်လှမ်း ရွာ မှ ဝေးခဲ့၏ ။ လမ်းဘေးရေမြောင်း နှုတ်ခမ်း ရှိ မြက်ဖုတ် များ အပေါ်သို့ နှင်းပေါက်ကြီးများ တ ပေါက်ပေါက် ကျသံ ကို ကြားရ၏ ။ အတန်ကြာ လျှင် ဆို့ဆိုင်းနေသော မြူနှင်းများ အကြားမှ နေရောင်ခြည်ကလေး ထိုးလာ၏ ။ ရိတ်ပြီးစ လယ်တောရိုး ဖြတ်များမှ ငှက်ကလေး တစ်ကောင်သည် ထ၍ ပျံကာ လူကလေးအား ' သွား တော့ ... သွားတော့ ' ဟု နှုတ်ဆက်လိုက် သလို လို ကောင်းကင် မှ ကြွေးကြော်လျက် ရှိ၏ ။


လူကလေး ၏ ခြေလှမ်းများ ကား မှန်လျက် ရှိ၏ ။ တောင့်တင်းလှ၏ ။ သန်စွမ်းလှ၏ ။ တစ် လှမ်းထက် တစ်လှမ်း ရှေ့သို့ တိုးခဲ့၏ ။ တစ်ကြိမ်နှစ်ကြိမ် ရွာကလေးဆီ သို့ ပြန် ကြည့်ကာ ရွာ မှ နှုတ်ဆက်လိုက်သော သူများ ကို ပြန်လည် လွမ်းဆွတ် သလိုလို ဖြစ်မိ၏ ။ သို့သော် လူက လေး သည် ရှေ့သို့သာ သွားမြဲ သွားလျက်ရှိ၏ ။


အရှေ့မှ နေလုံး ကောင်းကောင်း ထွက်ခဲ့ပြီ  ။ မြူနှင်းများ ရှင်း၍ လောကဓာတ်ကြီး သည် ကြည်လင် လျက်ရှိ၏ ။ လက်ဝဲလက်ယာလမ်း ဘေးနှစ်ဖက်အတန် ဝေးတွင် သရက်ပင်များ ဝိုင်းရံ အုပ်ဆိုင်းထားသော ရွာကလေး များကို မြင်ရ၏ ။ လူကလေး သည် နောက်သို့ ပြန်ကြည့်မိ၏ ။ သို့သော် မိမိဇာတိ ရွာကလေး ကို မ မြင်ရတော့ပြီ ။ ဝေးခဲ့လေပြီ ။ လမ်းတွင် အဖော် တစ်ယောက် နှစ်ယောက် တွေ့ရ၏ ။ သို့သော် မကြာလှ ။ ခဏနှင့် ပင် လမ်းခွဲသွားကြ၏ ။


လူကလေး သည် တစ်လှမ်း ထက် တစ်လှမ်း ခရီး ရောက်လာသလောက် နေ သည် လည်း တစ်ဆင့် ထက် တစ်ဆင့် မြင့်သည် ထက် မြင့် လျက် ရင့်လာ၏ ။ အတန်ကြာလျှင် ချွေး များ ပြန်လျက် မောသလိုလို ရှိလာ၏ ။ သို့သော် မရပ်မနား ဆက်လက် လာခဲ့ရာ ဆွမ်းခံ ဝင်ချိန်လောက်တွင် လမ်းဘေး၌ ထိုးထားသော တဲကလေး တစ်တဲ သို့ ရောက်လာ၏ ။


တဲပေါ်တွင် မိန်းမပျိုကလေး တစ်ယောက် ထိုင် နေ၏ ။ မိန်းမပျိုကလေး သည် လူကလေး အား နှုတ်ဆက် သလိုလို ကြည့်၍ ပြုံး ၏ ။ 


“ တစ်ဆိတ်ကလေး ဒီ တဲ မှာ နားပါရစေ အမိရယ် ” ဟု ဆိုရာ “ နားပါ ၊ နားပါ ”ဟု ပြန်ပြော၏


လူကလေး သည် အိုးသစ်ကလေး နှင့် တည် ထားသော ရေအိုးစင် ကို ကြည့်၏ ။


“ အမိရယ် ရေကလေး တစ်ခွက် သောက်ပါ ရစေ ”   ဟု ခွင့် တောင်း၏ ။


“ သောက်သာ သောက်ပါ ၊ ခွင့်တောင်းစရာ မလိုပါဘူး ။ ကျွန်မလည်း ခရီးသွားပါပဲ ” ဟု ဆို၏ ။


လူကလေး သည် မွှေးကြိုင်သော အုန်းမှုတ်သစ် ကလေး နှင့် ကြည်လဲ့ စိမ့်အေးသော ရေ တစ်ခွက် ကို သောက် လိုက်သဖြင့် အမော ပြေ သွား၏ ။


“ အမိရယ် ဘယ်ခရီး သွားမလို့လဲ ”   


“ ကျွန်မ ရှေ့ကို သွားမလို့ ပါ ”   


“ ဘယ်ထိအောင် သွားရမှာလဲ ”   


“ လမ်းဆုံး နေဝင် ညို့ညို့မှိုင်းမှိုင်းကြီး အထိ ”


“ အဖော် ပါသလား ”   


“ မပါပါဘူး” 


“ ကောင်းပြီ ။ ကျုပ် လည်း ဒီ ခရီးကို သွားရ မှာ ပဲ ။ အတူတူ သွားကြစို့ ။ လိုက်ခဲ့ပေတော့ ”  


မိန်းမပျိုကလေး သည် လူကလေး ၏ မျက် နှာကို ကြည့်၍ စဉ်းစားနေ၏ ။ မျက်လုံးများ သ ည် ဤ လူအား ခရီးသွားဖော် ပြု၍ ယုံကြည်အားကိုး ရပါမည်လား ဟု မေးမြန်း နေသလို  လို ရှိ၏ ။ အတန်ကြာမှ နှတ်ခမ်းကလေး သည် ပြုံး လာ၏ ။


“ ကောင်းပါပြီ ၊ ကျွန်မ အတူတူ လိုက်ခဲ့မယ်” 


“ မင့် မှာ ဘာ စားစရာ ပါသလဲ ”   


“ ကျွန်မ မှာ မနက် က ချက်ထားတဲ့ ထမင်းကလေး နဲ့ ငါးပိကင်ကလေး တစ်ကောင်ပါတယ် ”


“ အေး .. ငါ့ မှာလည်း အဖေတို့ အမေတို့ ပေးလိုက်တဲ့ ကောက်ညှင်းဆိုင်း နဲ့ ကြံသကာ ပါတယ် ။ အတူတူ စားပြီး သွားကြစို့ ”


စားသောက်ပြီး၍ ထွက်ခဲ့ကြ၏ ။ နေမွန်း တည့် ၍ ပူပြင်းလှပြီ ။ တစ်ခါတစ်ရံ သစ်ပင်ရိပ် များ အောက်တွင် လျှောက်ခဲ့ရ၏ ။ တစ်ခါတစ်ရံလည်း နေပူကျဲကျဲတွင် ပြာပူ ကဲ့သို့ ပူလှသော လမ်း ကို နင်း၍ လျှောက်ခဲ့ရ၏ ။ သို့သော် ရယ်စရာကလေး ၊ ငိုစရာကလေးများ နှစ်ယောက်သား ပျော် ပျော်ပါးပါး လာခဲ့ကြ၏ ။


မိန်းမပျိုကလေး ၏ နဖူးဆံစတွင် ချွေးဥကလေးများ စီစပြုလာ၏ ။ လူကလေး သည် သ နား ကြင်နာစွာဖြင့် စောင်ကလေး နှင့် မိုး ပေး ၏ ။ အတန်ကြာလျှင် မိန်းမပျို ကလေးသည် မလှမ်းနိုင် လှမ်းနိုင် ခြေကလေးများ ခွေယိုင် လာသဖြင့် လူကလေး သည် သန်စွမ်းသော လက်မောင်း ကို ဆန့်တန်းပေးကာ မှီတွဲ လိုက်လာစေ၍ ညောင်ပင်ကြီးတစ်ပင်သို့ ရောက်အောင် ဆောင်လာခဲ့လေ၏ ။ ညောင်ပင်ဝန်းကြီး ၏ အရိပ်ကား နေပြောက် မထိုး အေးမြလှ၏ ။ အခါလည် သား အရွယ် သူငယ်ကလေး တစ် ယောက်သည် တစ်ကိုယ်တည်း ကစား နေသည် ကို တွေ့ရ၏ ။ သူငယ်ကလေး ကို မြင် လျှင် မိန်းမပျိုကလေး ၏ မျက်နှာ သည်  ရွှင်လန်းလာလျက် “ ချစ်စရာ ကောင်းလိုက်တာ ”  ဆိုကာ ကောက်၍ ချီလေ၏ ။


“ နင် ဘယ်ကလဲ ၊ နင့်အမေကော ၊ ဘယ်သူ့ သား လဲ ”  မေးသော်လည်း ကလေး သည် မ ပြောတတ် ။ ပြုံးကာ ရယ်ကာ အသံကလေး တသာသာ နှင့် လူကလေး လက်သို့ တစ်မျိုး ၊ မိန်းမပျိုကလေး လက်သို့ တစ်ဖုံ ခုန်ကာ ကူးကား နှင့် မြူး၍ နေရှာလေ၏ ။ 


“ ဒီကလေး ကို ကျွန်မတို့ ခေါ် သွားရအောင် ”   


“  ခရီး အဝေးကြီး ကွယ် ။ တို့ ချီ သွားနိုင်ပါ့မ လား ”   


“ အို ... ကျွန်မ ချီပါ့မယ် ”  


ညောင်ပင်ရိပ်တွင် ကလေး ကို ချီကာ ချော့ ကာ နှင့် အတော် ပျော်၍ နေကြ၏ ။ ရှေ့သို့ဆ က်၍ သွားကြဦးမည်ကိုပင် မေ့နေကြ၏ ။ 


“ ဟေ့ ... နေကလေး စောင်းပြီ ၊ သွားကြဦးစို့ရဲ့ ”  ဟု ဆိုကာ လူကလေး သည် မိန်းမပျိုက လေး လက် မှ ကလေး ကို ယူ၍ ပခုံး ပေါ် သို့ တင်ပြီးလျှင် ခရီး ထွက်ခဲ့ကြပြန်လေ၏ ။


တစ်လမ်းလုံး အလွန် ပျော်ကြ၏ ။ ကလေး  ကို တစ်ယောက် တစ်လှည့် ချီခဲ့ပိုးခဲ့ကြ၏ ။ ညနေ လေးနာရီခွဲ လောက် သို့ ရောက်သောအခါ တံတားအိုကလေး တစ်ခု နှင့် လမ်းခွဲ ကလေး တစ်ခု ကို ရောက် လာကြ၏ ။ ရွှင်ပြုံးနေသော မိန်းမပျိုကလေး ၏ မျက်နှာ သည် လမ်းခွဲ ကလေး ကို ကြည့်လိုက် ၊ လူကလေး နှင့် ကလေးငယ် ကို ကြည့်လိုက်ဖြစ်နေပြီး နောက် မျက်နှာ ကလေး အို လာကာ သက်မ ချ လိုက်လေ၏ ။


“ ဟိုဘက်က ထန်းပင်အုန်းပင် ကလေးတွေ တနွဲ့နွဲ့နဲ့ ရွာကလေးဟာ ကျွန်မတို့  ရွာကလေး ပဲ ။ ကျွန်မ ဒီက လမ်း ခွဲပြီး သွားခဲ့တော့မယ် ” 


လူကလေး မှာ အံ့အား သင့်နေလေ၏ ။


“ ဪ ... ဘယ်ကို သွားရမှာ လဲ ။ ပထမ တော့ လမ်းဆုံး အထိ အတူတူ သွားမယ်ဆို ”   


“ ဟုတ်တယ် ။ နို့ပေမဲ့ ကျွန်မတို့ ရွာကလေး ရောက်နေပြီ ။ ဆက်လိုက်လို့ မဖြစ်တော့ဘူး ”  


“ ဒါဖြင့် မင်း ခွဲသွားရင် ရှေ့လျှောက်လို့ ငါ တစ်ယောက်တည်း သွားရတော့မှာ ပေါ့ ”  


“ တစ်ယောက်တည်း မဟုတ်ပါဘူး ။ ကလေး ကိုပါ ရှင် နဲ့ အတူတူ ခေါ်သွားလေ ”  


“ အေးလေ ၊ မင်းတို့ ရွာ ရောက်ပြီပဲ ၊ သွားရ မှာ ဖြင့် သွားပေတော့ ”   


“ သွားတော့မယ်နော် ”  


လူကလေး မှာ မျက်ရည်တွေ ဝိုင်း လာလေ ၏ ။ လယ်ကန်သင်း ကလေးပေါ် မှ လက် ကလေး တပြပြနှင့် သွားပြီ ၊ သွားရှာလေပြီ ။ လမ်းတစ်လျှောက်လုံး ပျော်ပျော်ပါးပါး အေးအတူ ပူအမျှ လာခဲ့ကြရာမှ ဤတွင် ခွဲကြရ လေ၏ ။ လူကလေး သည် တံတားအိုကလေး မှ မခွဲနိုင် မခွာရက် တသက်သက် ဖြစ်နေဘိ၏ ။ သို့သော် မနေသာ ၊ မိမိ သွားရမည့် ခရီးလမ်း တာ က ကျန်သေး၏ ။ ဆက်လက် သွားရချေ ဦး တော့မည် ။ ကလေး ကို ပခုံးပေါ် ပစ် တင်ပြီးလျှင် တစ် ယောက်တည်း ထွက်ခဲ့လေ၏ ။ တံတားအိုကလေး ကို မကြာမကြာ ပြန် ကြည့်မိ၏ ။ သို့သော် မိမိ အဖော် မိန်းမပျိုကလေးကိုကား မမြင်ရတော့ပြီ ။


အနောက်သို့ နေကလေး စောင်းခဲ့၏ ။ ဆောင်းဦးလေကလေး တညင်းညင်း တိုက်သွင်းလျက် ။ အအေးဓာတ် ကလေးများ ပေါ်စ ပြု၏ ။


ရှေ့ တွင် ဇရပ်ပျက် ကလေး တစ်ခု ကို တွေ့ ရ၏ ။ လူကလေးမှာ နံနက် မိဘ ရွာမှ ထွက်လာစဉ် ကဲ့သို့ မဟုတ် ။ ခရီး ကလည်း ပန်း ၊ အဖော် ကလေး နှင့် လည်း ခွဲ ခဲ့ရ၏ ။ သူငယ်ကလေး ကို ပခုံး တွင် တင်၍ လည်း ထမ်း ခဲ့ရသောကြောင့် နွမ်းရိခဲ့လေပြီ ။ ဇရပ်ပျက် ကလေး ထဲ တွင် အဘိုးအို တစ်ယောက် နှင့် တွေ့၏ ။


“ ဪ ... ငါ့မြေး မော လာပြီ မှတ်တယ် ။ ဘယ်က လာလို့ ဘယ်ကို သွားမှာ လဲကွဲ့ ” 


“ ကျွန်တော် အမေတို့  ရွာ က လာခဲ့ပါတယ် ။ ရှေ့က ညိညို လမ်း ဆုံး ရောက်အောင် သွားမ လို့ ပါ ” 

 

“ အေး အဘိုး လည်း အဲဒီကိုပဲ သွား မလို့ ပဲ ။ မော လွန်းလို့ နားနေရတယ် ။ ဒီတစ်ညတော့ ဒီမှာ ပဲ အိပ် ရတော့မယ် ။ ခြေ တွေ ကလည်း မ သန်တော့ ရှေ့လျှောက် သွားနိုင် ဦးမလား မပြောတတ်ဘူး ကွဲ့ ”   


“ ကျွန်တော် တော့ မမှောင်ခင်ဘဲ ရောက်အောင် သွားမယ် ”   


“ အေး ... သွားနိုင်လည်း သွားတာပေါ့ကွယ်  ။ လောကကြီး ဟာ ဒီလိုပဲ ကွဲ့ ၊ အရင် သွားပေမဲ့ နောက် မှ ရောက်တဲ့ လူ များလည်း ရှိတယ် ။ နောက် သွားပေမဲ့ အရင် ရောက်သူများ လည်း ရှိတယ် ။ ကံတရားပေါ့ကွယ် အေး ... အေး ... သွားပေတော့ ”   


“ ဘကြီး နေလည်း စောင်းပြီး ၊ ခုပဲ သွားမှ ရ တော့မယ် ။ ဒီ ကလေး ကို ဘကြီး ဆီမှာ ပဲ ထား ခဲ့ပါရစေ ”   


“ ဟဲ့ ... ကလေး က နေ မတဲ့ လား ”   


“ နေပါတယ် ။ ကျွန်တော် လည်း သူ့ ကို လမ်း က ကောက်ပြီး ချီလာခဲ့တာပဲ ”  


“ အေး ... မင်း ခေါ် မသွားနိုင်လည်း ထားခဲ့ တာပေါ့ကွယ် ”  


နေကလေး ဝင်လုပြီ ။ မြူနှင်းတို့ သည် အ ရပ်လေး မျက်နှာမှ ဝိုင်းအုံဆိုင်း ဆို့လာ၏ ။ လူ ကလေး ၏ ခြေလှမ်းများ သည် ရှေ့သို့ မှန်မှန် ကြီး လှမ်းလျက် ရှိ၏ ။ ယခုမူကား တစ်ယောက် တည်း ဖြစ်၍ နေ့လယ် ကလောက် မသာယာတော့ချေ ။ လူကလေး စိတ် သည် နွမ်းလျက် ရှိ၏ ။ ကိုယ် လည်း ပန်းလျ လှ၏ ။ မှောင် တော့မည် ။ အမှောင် သည် လူကလေး အား လေးမျက်နှာမှ ဝိုင်းအုံလျက် တဖြည်းဖြည်း နီးသည် ထက် နီးလာ ။ လူကလေးကား သွားလျက်ပင် ရှိ၏ ။


◾ ဇေယျ


မှတ်ချက် ။  ။ ဤဝတ္ထု ကို ၁၉၄၇ ခုနှစ် က စာပေဒေသာ မဂ္ဂဇင်း အမှတ် ( ၈ ) မှာ ပထမဆုံး အကြိမ်ဖော်ပြခဲ့တာဖြစ်ပြီး ၁၉၆၈ ခုနှစ် က ဆရာမ Anne Marie Esche ( မနှင်းဆီ ) က ဂျာမန်ဘာသာ သို့ ပြန်ဆိုခဲ့ဖူးပါတယ် ။


📖  ရွှေအမြုတေရုပ်စုံမဂ္ဂဇင်း 

       အမှတ် ၁၂၈ ၊ ဇူလိုင်လ ၊ ၂ဝဝဝ ပြည့်နှစ် 


www.facebook.com/aung.naingoo.3726613


.

Monday, April 4, 2022

အုံ့ပုန်းပူကလေး


 

❝ အုံ့ပုန်းပူကလေး ❞

ပြာမှိုင်းမှိုင်း မရမ်းပင်များ သည် ဝင်းတံခါး ကို အုပ်မိုးထားလေသည် ။ ကာကီဝတ်စုံ နှင့် တံခါးမှူး ကို ကန့်ကော်ပင်ရိပ် တစ်နေရာ တွင် ထိုင်လျက် တွေ့ရသည် ။ အချိန် မစေ့သဖြင့် စောင့်နေကြရသူ တော်တော်များများသည် ဝင်း ဝ တွင် စုရုံးစုရုံး လုပ်နေကြပေသည် ။ ကျွန်မ က ကားပေါ် မှ မဆင်းဘဲ ကံ့ကော်ဝတ်မှုံဖြင့် ဝါဝါဝင်းလျက်ရှိနေသည့် မြေပြင် ကို အမှတ်မထင် ငေးနေမိသည် ။ ဝတ်ဆံများ နှင့် အတူ အချို့နေရာများ တွင် ပွင့်ဖတ်များ ကိုပင် တွေ့ရသည် ။  မရမ်းသီးအကင်းအချို့ မှာ ကျီးငှက် များ ရန်ကြောင့် မြေပေါ် တွင် လဲကြွေလျက် ရှိကြသည် ။

ဝင်းတံခါး ဖွင့် ပေးလိုက်ချိန် ကို ပင် မတွေ့လိုက်ရဘဲ လူစုစု စုစု လုပ်သည့် နေရာ ကို ကျွန်မ မျက်စိ က ရောက် သွားသည် ။ ဂါလီ ပေါ် တွင် တင်ထားသည့် ခပ်နုပ်နုပ် ခေါင်းတစ်ခု ကို ကြည့်ကာ မိန်းမ တစ်ချို့က မျက်ရည်စ များ သုတ်လိမ်းလျက် ရှိသည် ကို တွေ့ လိုက်ရသည် ။ လူစုစု ထဲ တွင် ကျွန်မ မျက်နှာသိ တစ်ယောက်စ နှစ်ယောက်စ တွေ့ရသဖြင့် ကျွန်မ ကားပေါ် မှ အပြေးအလွှား  ဆင်း လိုက် မိသည် ။

အကြောင်းစုံ သိပြီး ကား ဆီ ပြန်လာသည့် ခြေလှမ်း တွင် ဖိနပ်ဦးနှင့် ကော်ခပ် ၍ ပါလာသည့်  ကံ့ကော်ဝတ်ဆံများ ကို အမှတ်ထင်ထင် ကြည့်ရင်း မျက်စိများ က ပြာဝေ နေလေသည် ။

ဝင်းတံခါး ကို ကျော်ဖြတ်ကာ ကားကို မောင်း ဝင်လျှင်ပင် အဝင်ဝ မှ ဆေးခန်း ကို  မျက်စိ ရောက်သွားမိသည် ။ သည်နေရာ သည်ဌာနေ ကို ရောက်ရခြင်း က အဆန်းတကြယ်  မဟုတ်သော်လည်း ရောက်ရတိုင်းပင် ထိခိုက်ခံစားနေရသည့် စိတ်ဝေဒနာ မှာ သည်နေရာက  ရောဂါသည်များနှင့် ထပ်တူထပ်မျှပင် ။ ကား ရပ်ပေးလိုက်လျှင် တစ်ထပ် ကျန်နေသည့် ဝင်းတံခါး ကို ဖြတ်ကျော်ကာ ခပ်စိုက်စိုက် ၊ တောင်ကုန်းမြင့် ရှိရာ လျှောက်လာစဉ် အမိုး နှင့် တိုင်သာ ဆောက်လုပ်ထားသည့် ဇရပ်သာသာ … အဆောင်အတွင်း တွင် ဦးခေါင်း ငုပ်လျှိုးလျက်က အာဟာရ  သွတ်သွင်းနေကြသည့် သူတို့ တစ်တွေ ကို မြင်ကြရပြန်သည် ။ တစ်ယောက် နှစ်ယောက် က မူ လည်တွင် ဆွဲထားသည့် ပုတီးကို လှမ်းကိုင်ကာ နှုတ်မှ တတွတ်တွတ် ရွတ်လျက် စားရန် သောက်ရန် အရေး ကို ပင် တွေးမိဟန်မတူပေ ။

အုတ်ရိုးဖော် ဆောက်လုပ်ထားသည့် အဆောက်အအုံ ပန်းရောင်ကလေး ကို ဝင် မိလျှင် ရင် က အေးမြသွားလေသည် ။ စောစောက နေရာ နှင့် ဤနေရာမှာ ကွာလှဘိခြင်း ။

ထမင်း ဆောင် သွားနေကြသဖြင့် အခန်းတိုင်း တွင် လူ ရှင်းနေသည် ။ သပ်သပ်ရပ်ရပ် ပြုပြင်ထားသည့် ခြင်ထောင် ၊ စောင် ၊ အိပ်ရာဖုံးနှင့် အိပ်ရာများ ၊ ဗီရိုတစ်လုံး ၊  ပက်လက်ကုလားထိုင် နှင့် ကြိမ်ကုလားထိုင် တစ်လုံး စီ ကို အခန်းတိုင်း တွင် မြင် ရသည် ။ အိမ်သာ နှင့် ရေချိုးခန်း က အခန်းစေ့ ရှိလျက် ဓာတ်မီးများ လည်း ရကြပေသည် ။

နေသားတကျ ရှိလောက်ချိန်တွင် ကုန်းအောက်ဆီ မှ တရွရွ မြင့်တက်ပေါ်လာသည့် ဦးထုပ် ကိုယ်စီ နှင့် ခေါင်းများ ကို စ မြင်ရသည် ။ နှစ်ယောက် သုံးယောက် တစ်တွဲ  စကား ပြောလာသူ က ပြောနှင့် တစ်ယောက်စ နှစ်ယောက်စမှာ ခပ်စိုက်စိုက် ဘာသာ  လျှောက်လာသည် ။

ဝရန်တာ တွင် အဆင်သင့် တွေ့ရသည့် ကျွန်မ ကို သူတို့ အားလုံးလိုလို နှုတ်ဆက်သယောင်  ခပ်ပြုံးပြုံး လုပ်နေကြသည် ။ နောက်ဆုံးမှ လျှောက်လာသော သူ က ကျွန်မ ကို အဝေး က စ မြင်ကာ မြင်ကတည်းက စိုက်စိုက်သာ လျှောက်လာနေသည့် ခြေလှမ်း ကို ရုတ်ကာ ခပ်ကြဲကြဲ ပြေးမတတ် လျှောက်လာလေသည် ။

“ ထမင်းစား ကောင်းရဲ့လား ”

ကျွန်မ က ဦးထုပ် ကို လှမ်းယူရင်း မေးရသည် ။ သူ က အဖြေ မပေးဘဲ ကျွန်မ လက်နှစ်ဖက် ကို ဖမ်းဆုပ်ကာ အခန်း ထဲ သို့ ဆွဲ သွင်းလေသည် ။ သူ့ ကို ခုတင်ပေါ် လှဲနေစေရင်း ကျွန်မ က ပက်လက် ကုလားထိုင် ပေါ်တွင် ထိုင်ရသည် ။ သူ မေးသမျှ ကို လုံးစေ့ပတ်စေ့ ဖြေရသည် ။ စကားစ မှာ တဖြည်းဖြည်း နည်း သွားရာက ပြတ်သွားသည် ။

“ ကဲ … ကိုကို့ ကို ဘယ်တော့ ပြန်ခေါ်မလဲ ”

ကျွန်မ မဖြေနိုင်သည့် အမေး ကို သူ က မေးပြန်လေရာ ၊ ကျွန်မ မှာ အဖြေရ ခက်တိုင်း သူ့ မျက်လုံးများကို လွှဲရှောင်ကာ အပြင်ဘက် ကို လှမ်းမျှော် ကြည့်မိသည် ။

အပြင်တွင် ငုပွင့်များ ကပင်လုံးကျွတ် ဝင်းဝင်းဝါလျက် ရှိလေသည် ။ ငုပင် လို ပင် ကျွန်မလည်း ပွင့်ပွင့်လင်းလင်း ရင် ကို ရှင်းပစ်လိုက်ချင်သည် ။ တစ်ကိုယ်လုံး အဝါရောင်လွှမ်းလွှမ်း ၊ အနီရောင်ပင် လွှမ်းလွှမ်း ။

“ ပြောပါဦး ကို ကို့ ကို ဘာလို့ သည်လို နှိပ်စက်ထားရတာလဲ ၊ ကိုယ့် ကို ဒါလောက် ပဲ မုန်းနေသလား ”

ကျွန်မ လက် များကို အားရပါးရ ဆုပ်ဖျစ်ညှစ်ရင်း မေးသည် ။ သူ့အမေး ကို  မဖြေနိုင်သည်ထက် ခံရခက်လှသည့် ဝေဒနာကြောင့် ကျွန်မမှာ မျက်ရည်များပင် လည်လာမိသည် ။

“ ထမင်း စားရတာ သန့် ရဲ့လား ၊ ကောင်း ရဲ့လား ၊ အဆင် မပြေတာ ရှိသလား ၊ ညဘက်ကော ဆရာမ က ဟောလစ် ဖျော်ပြီး ပို့ ပေးရဲ့လား ”

ကျွန်မ က စကားဦး ကို လွှဲပြီး မေးပြော ပြောလိုက်လျှင် သူ ပင် နည်းနည်း  စိတ်ပြောင်း သွား ကာ အိပ်လှဲနေရာက ထ,ကာ ဗီရို ထဲ မှ ရှိသမျှ စားစရာတွေ ထုတ်ပြီး ကျွန်မ ကို ကျွေး ပြန်သည် ။

“ အိမ် က တမင် စားဖို့ ပို့ပေးထားတာ ၊ အိမ် က လူတွေ က ဘာစားချင် စားချင် အလွယ်တကူ ရနိုင်တယ် ၊ ဒီမှာက မရဘူး ၊ သိမ်းထားပါ ”

ကျွန်မ က ပြောပြောဆိုဆို ငြင်းလျက်က စပျစ်သီး တစ်လုံး နှစ်လုံးကို ပါးစပ်ထဲ  အတင်း သွင်းသဖြင့် စား လိုက်ရသည် ။ ခုတင် ပေါ် မှာ တွဲထိုင်ပါ ဆို၍ သူ့ ဘေးနား  ဝင်ထိုင် ရပြန်သည် ။

“ ကိုယ့် ကို ဘယ်တော့ ခေါ်မှာလဲကွယ် ” သူ့ အသံ မှာ ဆွေးဆွေးမြည့်မြည့် နိုင်လှသဖြင့် ကျွန်မ ပင် စိတ်ပြောင်းလိုက်ချင်သည် ။

“ ခေါ်မှာပေါ့ ကိုကို ရယ် ၊ ကိုကို နေရလှ နောက် တစ်ပတ် ပေါ့ ၊ ဆရာဝန်ကြီး သွေးစစ်ပြီးရင် ကိုကို အိမ် ပြန်နိုင်တာပဲ ”

“ တစ်ပတ်တွေ များလှပြီကွယ် ၊ မှန်မှန်ပြောစမ်း ၊ ကို ကို့ ကို ဘာလို့ ဒါလောက်  လှည့်စားနေတာလဲ ၊ ကို ကို့ နေရာကို ခင် လိုချင်လို့လား ၊ ဒီလိုတော့ လုပ် မထားပါနဲ့ကွယ် ၊ ကိုကို ကြည်ကြည်ဖြူဖြူ နဲ့ အလုပ်တွေ ၊ ရှိသမျှ စည်းစိမ်တွေ အားလုံး ခင့် နာမည် နဲ့ ပြောင်းပေးပါ့မယ် ”

လေယာဉ်ကွင်း ဆင်းရန် ပျံဝဲနေသည့် လေယာဉ်စက်သံ ကြောင့် ကျွန်မ မှာ  သက်သာရာ ရသွားသည် ။

“ ကိုကို တို့ ညနေတိုင်း ပျင်းရင် လေယာဉ်ကွင်း ကြည့်ကြတယ် ၊ ဘက်တမင်တန် ကစားကြတယ် ၊ ခုမှ ကျောင်း ပြန် နေရတာနဲ့ တူနေတယ် ၊ ည လည်း ( ၇ ) နာရီ ဆို မီး မပေးတော့ဘူး ၊ မှောင်ကြီးထဲမှာ အိမ်ကို လွမ်းနေရတယ်ကွယ် … ”

ကျွန်မ မှာ သူ့ ကို ဖျောင်းဖျချင်စိတ် ကုန်ခန်းနေသဖြင့် ပြန်ရင် ဟန်ပြင်သည် ။

“ ကိုကို လိုက်ပို့မယ် ၊ ဒုတိယဝင်းအထိ တော့ ပို့ နိုင်ပါတယ် ။ အဲဒီက လွန်ရင် အစောင့် က လာ ဆွဲခေါ်တာပဲ ၊ ဒီကောင်တွေ က တစ်ခါ တစ်ခါ သိပ် ရိုင်းတာ ၊ ကိုကို ကတော့ တည်တည် နေလို့ လန့်ကြပါတယ် ”

သည်လို ပြောလိုက်ပြန်သဖြင့် ကျွန်မ မှာ ရင် နာသွားရပြန်သည် ။ ကိုယ့် စိတ် ကိုယ် အစိုး မရသူတွေ မို့ အစောင့် က ပင် ပမာခန့်ပါ့မလား ။

ကုန်းအဆင်း တွင် ရှေ့ မှ ရပ်ကာ သူ့ လက် ကို ကမ်းပေး၍ လှမ်းဆွဲစေပြန်တော့ ရင်နာနေသူ မှာ ပို၍ ကြေကွဲလာရပြန်သည် ။ စိတ် ကို တင်း၍ ဖြတ်ကာ ကား ပေါ် ရောက်လျှင် သူ့ ဘက် မလှည့်ဘဲ နှုတ်ဆက်ရသည် ။

“ ကို ကို့ ကို မြန်မြန် လာခေါ်နော် ၊ ကိုကို တောင်းပန်ပါရစေကွယ် ”

ခပ်လေးလေး ပြောလိုက်သည့် စကားစု မှာ အိမ် အထိ ပါ လာသည် ။ အိပ်ရာပေါ် ကိုယ် ကို ပစ်လှဲရင်း ထွက်ပေါက်ကျလာသည့် မျက်ရည်တာရိုး က ဆည်လို့ မနိုင်အောင် ကျိုးတော့သည် ။

•••••   •••••   •••••

“ ခင်ခင် ရှိလားဟေ့ ”  ကျက်ကျက်ရရ မှတ်မိသည့် သည် အသံကြောင့် အိပ်ရာက ဇတ်ခနဲ ထ လိုက်မိသည် ။ ခဲအိုတော် မှာ ကုန်ခဲ့သည့် ( ၁၀ ) နှစ်ခန့် က ရုပ်ရည် အတိုင်းပင် ။

“ ခုမှပဲ လာဖြစ်တယ်ကွယ် ၊ အလုပ်ကိစ္စ ကလည်း များ နေတယ်ဟေ့ ”

“ ကဲ … မြင့်မောင် ဖြစ်ပုံ ပြောပြစမ်းပါဦး ”

အစမှာ အတော်ပင် ခက်လေသည် ။ ချစ်မယား အပေါ် ဝတ္တရား ကျေသူ ၊ အလုပ် မှ လွဲ၍ အခြား အာရုံ မရှိသူ တစ်ယောက် ၏ ဖြစ်ပုံမှာ ထူးဆန်း၍ မယုံနိုင်စရာချည်း ဖြစ်မည် ။

“ ကျွန်မ လည်း မယုံဘူး အစ်ကိုကြီး ၊ ဒါပေမဲ့ ကျွန်မ ကိုယ်တိုင် တွေ့ရ သိရတဲ့ ကိစ္စမို့ပါပဲ ”

“ ၁၀ နှစ် အတွင်း မင့် မှာရော သူ့ မှာရော ပြောစရာ အပြစ် မရှိတာ မှန်တယ် ၊ ဒီဘက်ပိုင်း မှာ သားသမီးရယ်လို့ စိတ် ဖျော်ဖြေစရာကလည်း ကင်း ၊ အလုပ် ကလည်းပြင်းပြင်းထန်ထန်  အာရုံ စိုက်ရလွန်းလို့ စိတ်ပြေလက်ပျောက်ရုံ က စတာ များလားပဲ ၊ ဒါပေမဲ့  အစ်ကိုကြီး ကိုယ်တိုင်လည်း သူ့ ကို တွေ့ကြည့်ရဦးမယ် ၊ သည်ကိစ္စမှာ အခု ခင်ခင်  လုပ် လိုက်ပုံကိုလည်း အစ်ကိုကြီး သိပ် သဘော မကျဘူး ၊ အလုပ် မှာ အာရုံရောက်ပြီး စိတ် တိုတောင်းနေတယ် ၊ ကြာရင် စိတ္တဇဝေဒနာ စွဲကပ်မှာ စိုးရပါတယ် ၊ နောင်တစ်ကြိမ်လည်း သူ့ အသက်ကို ရန်ရှာကောင်း ရှာပါဦးမယ် ဆိုပြီး ၊ ခုလို ဆေးရုံ တောင် ပို့ထားတာ ၊ မြင့်မောင်အနေနဲ့ ကြည့်တော့လည်း သူ့ အပေါ် မတရားရာ ကျနေတာပဲ ၊ အစ်ကိုကြီး သူ နဲ့  တွေ့ကြည့်မယ်လေ ၊ ခင်ခင် ကလည်း သူ့ ဘက် ကိုယ့် ဘက် မျှ စဉ်းစား ၊ တိုင်တိုင်ပင်ပင် လုပ်သင့်တာ  လုပ်ကြရအောင်ပေါ့ ”

ခဲအိုတော် မှာ ဆေးရုံ မှ ပြန်အလာတွင် ပို၍ပင် နှုတ်ဆိတ်နေသည် ။

“ ခင်ခင် ချုပ်ချယ်လွန်းလို့ အိပ်ဆေး သောက် မိတာပါ အစ်ကိုကြီး ” ဟူသော သိပြီးသား အဖြေ ကိုသာ ရလာသည် ။ အကြောင်းထူး မသိရ ။ ကျွန်မ မှာ ဝေဒနာ ထပ်ရသည့်  စေတနာတွေ ကိုသာ ပြန်လည်စစ်ကြောရင်း ဒေါမနဿပွားများရသည် ။

“ ခင်ခင်ရေ … လာပါဦး ”

ညဥ့်အတော်နက်မှ ခဲအိုတော် က စကားဦး စလေသည် ။

“ ထိုင်ပါဦး ညီမ ရယ် ၊ ခုလို သူလည်း စိတ်ဆင်းရဲ ၊ ညီမ လည်း စိတ်ဆင်းရဲ ဖြစ်ရတဲ့ ကိစ္စမှာ ၊ သူ အလုပ် လွန်လွန်ကျွံကျွံ လုပ်မိတာက တရားခံ လို့ အစ်ကိုကြီး ထင်တယ် ၊ ပြီးတော့ နေ့လယ် က သူ့ ဆီမှာ ဟို ကလေးမ ကို လည်း တွေ့ခဲ့တယ် ”

“ ဟင် … အစ်ကိုကြီး တွေ့ခဲ့တယ် ၊ သူ့ ဆီ ကို သူ က လာတယ် ဟုတ်လား အစ်ကိုကြီး ၊ တစ်ခါတည်း မေးမြန်းပြီး ဒီ ကိစ္စ ကို ရှင်း မပစ်နိုင်ခဲ့ဘူးလား ရှင် ”

“ အစ်ကိုကြီး ပြောပြပါ့မယ်လေ ၊ ရှင်းရအောင် ဆိုတာ သူတို့ နှစ်ယောက် ကြား မှာ ဘာမှ အရှုပ် မရှိဘူးကွဲ့”

“ အို … ဒါကတော့ အထင်ရှားကြီးပါ ၊ ကျွန်မ လက် ထဲမှာ ကို သူတို့ စာတွေ ရှိနေတာပဲ ၊ သူတို့  ရှုပ်နေကြတာ အထင်အရှားကြီးပါ ”

“ မြင့်မောင် အနေနဲ့ သူ့ အပေါ်မှာ စာပေမိတ်ဆွေ အနေနဲ့က လွဲလို့ ဘယ်လိုမှ သဘော မထားပါဘူး ၊ ကလေးမကလေး က လည်း ရောဂါသည် မိတ်ဆွေ တစ်ယောက်ကို လူနာမေး လာရုံက လွဲလို့ မရိုးသားတာ အစ်ကိုကြီး မတွေ့ရဘူး ”

“ ဒါက အစ်ကိုကြီး အမြင်ကိုး ၊ ကျွန်မ သိထားရတာတွေကတော့ ကျွန်မ ဘယ်လို ဖုံးကွယ်ပြီး မေ့ပစ်လိုက်နိုင်မလဲ ”

“ ကဲ … တိုတို ချုံးရရင် ဒါဖြင့် မင်း မြင့်မောင် ကို စွန့်နိုင်မလား ” မမျှော်လင့်သော မေးခွန်း မှာ ရုတ်တရက် ရောက်လာသည် ။

“ ဪ … အစ်ကိုကြီး က ညီ ဘက်ကကိုး ၊ အခု ညီတော်မောင် က စစ်ကူ တောင်းလိုက်ပြီ ထင်ပါတယ် ၊ အရှင်းကြီးပါလေ ၊ ကျွန်မ က ကြည်ကြည်ဖြူဖြူ ကွာပေး ၊ သူတို့က အတိအလင်း  လက်ထပ်ကြမယ် ”

“ ဒီ အခြေအထိတော့ အစ်ကိုကြီး မပြောနိုင်ဘူး ၊ ဒါပေမဲ့ မြင့်မောင်ကတော့ မင်း အပေါ်  စိတ် ကုန်ခမ်းနေပြီ ”

“ သူ့ အခြေအနေကကော ”

“ ဆရာဝန်ကြီး နဲ့ တွေ့ပြီးပါပြီ ၊ အာမခံ ခေါ်ယူရင် ပြန် နိုင်တယ်လို့ သိခဲ့ရပြီ ၊ မနက်ဖြန်ပဲ ဆင်းနိုင်အောင် စီစဉ်ခဲ့တယ် ၊ သူ ဒီ မရောက်ခင် ဒီ ကိစ္စတွေ အစ်ကိုကြီး က ရှင်းပေးမလို့ပါပဲ ”

“ သူ့ သဘောကကော ”

“ သူ ကတော့ မင်း ကို ရင်နင့်အောင် ချစ်ခဲ့တယ် တဲ့ ၊ ဒါပေမဲ့ မင်း ဟာ သူ့ အပေါ်မှာ ချုပ်ချယ်မှု များပြီး သူ့ ကို မင်း ကိုယ် လောက် မချစ်ဘူး ၊ မညှာဘူး လို့ ထင်တယ် တဲ့ ၊ သူ့ ထက် မင်း ကိုယ် ကို မင်း ချစ်လွန်းတယ် ၊ အလို လိုက်လွန်းသတဲ့ ”

“ ဟို … သူငယ်မ ကိစ္စကကော ”

“ သူ့ အဖို့ ဒီပြဿနာ မရှိဘူး ခင်ခင် ၊ မင်း တစ်ယောက်တည်း သာ ဒီ ပြဿနာ ပေါ်နေတာ ”

“ ဒါဖြင့် အိပ်ဆေး သောက်တာ သူငယ်မ ကို လက်ထပ် မယူနိုင်လို့ မဟုတ်ဘူးပေါ့ ”

“ ဒီ ကိစ္စ က သူ ခဏခဏ ဖြေခဲ့ပြီးပါပကော ၊ မင်း က သူ့ အလုပ် မှာ နှောင့်ယှက်  ချုပ်ချယ်လွန်းတယ် ၊ ပြီးတော့ သူ့ အလုပ် ကို မနိုင် နိုင်တာလည်း တစ်ကြောင်းပဲပေါ့ ”

“ ဒီ ကိစ္စ မှာ အစ်ကိုကြီး သဘောကကောရှင် ”

“ အစ်ကိုကြီး က တော့ မြင့်မောင် လို သူ့ အလုပ် က လွဲပြီး လူ့ လောကဝတ် ဘာမှ မသိတဲ့ အကောင် ကို လူ့ သဘာဝ မပျက်အောင် ပြုပြင်ထိန်းသိမ်းခဲ့ တဲ့ မင်း နဲ့ပဲ ရှေ့ ဆက်နေစေချင်တယ် ၊  ဒါပေမဲ့ တို့ မြတ်စွာဘုရားကိုယ်တော် ဟောကြားသလိုပေါ့ ၊ ဘယ် အမှု ကိစ္စ မဆို မဇ္ဈိမ ပဋိပဋာ  အလယ်အလတ် မယုတ်မလွန်ရအောင် သတိဝီရိယ ထားပြီး ပြုပြင်ထိန်းသိမ်းဖို့ က မင်း ဝတ္တရားပဲ ခင်ခင် ၊ ကဲ … မင်း လည်း သေသေချာချာ စဉ်းစားထား ၊ မနက်ဖြန် အစ်ကိုကြီး မြင့်မောင် ကို ဆေးရုံ က ပြန် ခေါ်ရမယ် ”

•••••   •••••   •••••

မနက်စောစော မို့ လူ ရှင်းနေသည် ။

ဝင်းတံခါး ကို အုပ်မိုးထားသည့် မရမ်းပင် ကံ့ကော်ပင် များ က ပြာမှိုင်း မှိုင်းမှုန်နေသည် ။  ကျေးငှက်သိုက်များ ဆီ က မ,ဖို ခေါ်ထူးသံ မှာ တတျာတျာနှင့် မဆုံးနိုင်သည့် တေးသံသာ တစ်ပုဒ်ပမာပင် ။ ထွက်ပြူစပြုနေသည့် ရွှေဘောင်ကွပ်ထားသည့် မြကမ္ဗလာခြုံထည် နှင့် ရောယှက်ကာ တောက်ပလျက် ရှိသည် ။ ကံ့ကော်ပွင့်ဖတ်ကလေးများ က မြေပေါ် သို့ မာန ကင်းလွတ်စွာ ကြွေသက်လျက် ရှိကြသည် ။

ကာကီဝတ်စုံ နှင့် တံခါး စောင့် က ဖွင့်လိုက်သည့် ဝင်းတံခါး အကျယ်တွင် ကိုကို နှင့် ခဲအိုတော် က ပေါ်ထွက် လာကြသည် ။ ဦးခေါင်း ကို စိုက်မတ်လျက် မြေပြင် ကို သာ အာရုံ စိုက်လာသူ ကိုကို က ကျွန်မရှေ့ ကျမှပင် မျက်နှာ ကို ထုတ်ဖော် မော့လေသည် ။

“ အစ်ကိုကြီး လမ်းလျှောက်ဦးမယ်ဟေ့ ၊ မင်း တို့ ပြန်နှင့် ”

ပြောပြောဆိုဆို ကမာရွတ် ဘက် သို့  ဦးတည်လျှောက်သွားသည့် ခဲအိုတော် ၏ကျော ဆီသို့ အဓိပ္ပါယ် မရှိ လှမ်း ကြည့်မိကြသည် ။

“ ကိုကို ”

ကိုကို က ပြန် မထူးဘဲ ကျွန်မ လက်နှစ်ဖက် ကို ဆွဲယူ ဆုပ်ကိုင်လိုက်သည် ။

“ လွှတ်ပါ ကိုကို ”

ကိုကို က ကျွန်မ ကို လွှတ်ပေးကာ ၊ မနီးမဝေး ဆီ မှ ငုပင်ကလေးဆီ သို့ လျှောက် သွားသည် ။

“ အစ်ကိုကြီး ပြောတယ် ၊ ကိုကို က ခင် နဲ့ … ”

ကိုကို က ခူးယူလိုက်သည့် ပန်းခိုင်နှင့် ကျွန်မ ပါးစပ် ကို ကာလိုက်သည် ။

“ ငြိမ်ငြိမ်နေစမ်း ၊ ငုပွင့်ကလေးတွေ လှလိုက်တာ ”

“ မဟုတ်ဘူး ကိုကို ၊ ခင် ကိုကို နဲ့ မနေတော့ဘူး ၊ ခင့် ပစ္စည်းတွေအားလုံး ပြင်ပြီးပြီ ၊ ခင် သွားတော့မယ် ”

“ အို … မျက်ရည်တွေ မကျနဲ့လေ ၊ နောက်ဘက်က တစ်ပင်လုံး ပွင့်နေတဲ့ ငုပင်ကလေး နဲ့  သိပ် ကြည့်လှတာ ”

“ ပြောင်ပါ ကိုကို ရယ် ၊ ပြောင်ပါ လှောင်ပါ ၊ အားရအောင် လှောင်ပါ ၊ ခင် ကိုကို နဲ့  လမ်းခွဲတော့မှာပါ ၊ ခင် အုံ့ပုန်းပူနေရတဲ့ အပူကလေး ကို အပူကြီး အဆွေးကြီး ဖြစ်အောင် ကိုကို တို့ လုပ်ကြပါ ”

“ ရော့ … ယူစမ်း ၊ ငုပွင့်ကလေးတွေ ဘယ်လောက် ကျက်သရေ ရှိသလဲ ၊ ဝါဝါဝင်းဝင်း ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း နဲ့ ခင့် လိုပဲ ပရိယာယ်ကင်းလွန်းလို့ ကိုကို ဖြင့် ခင့် ကို  ဒီပန်းကလေး မြင်တိုင်း လွမ်း လိုက်ရတာ ၊ ခင် … ကိုကို လေ ကိုယ့် ကိုယ်ကိုယ် ညာ မနေတော့ဘူး ၊ ဟိုကလေးမ ကို စာပေမိတ်ဆွေ ဘဝ က တစ်စ တစ်စ နယ် ကျော်မိမလို စိတ်ကူးယဉ်ခဲ့ပေမယ့် တကယ့် တကယ် ကျတော့ သူ က ခင့်ကို မမီဘူး ခင် ၊ အဲဒီ အချိန်တုန်း က ကိုကို့ ကျန်းမာရေး ထိခိုက် မှာ စိုးလို့ ချုပ်ချယ်တဲ့ ခင့် ကို မတရား ထင်ခဲ့မိတယ် ၊ ဆေးရုံ မှာ အနား ယူရရင် သတိလက်လွတ် ဖြစ်ခဲ့ရတဲ့ ကိုကို့ ရဲ့ ကျန်းမာရေး နဲ့ ဂုဏ်သိက္ခာ ကိုလည်း ပြန်ပြီး အဖတ်ဆယ်  ထိန်းသိမ်း နိုင်ခဲ့လို့ ခင့် ကို ကျေးဇူး တင်မဆုံးဘူး ခင် ”

“ ကိုယ့် ကိုယ် ကိုယ် ကိုကို လှည့်စားမနေပါနဲ့တော့ ကိုကို ရယ် ၊ ကိုကို သူ့ကို  လက် မထပ်နိုင်လို့ ကိုကို့အသက် ကို တောင် မနှမြောခဲ့ဘူး မဟုတ်လား ကိုကို ၊ ခင် ကိုကို့ ကို ဘယ်လို ချစ်တယ် ဆိုတာကတော့ သက်သေ ပြပြီးပြီ ၊ ကိုကို ခင့် ကို မုန်း မှာ ၊ ပစ် မှာ ကြောင့်ကြနေရတဲ့ အုံ့ပုန်းပူ ကို လည်း သိရပြီ မဟုတ်လား ကိုကို ၊ ခင့် ကို သဘောထားသိမ်တယ်လို့ ဆိုဆို ၊ ခင် တော့ ကိုကို့ကို ဝေပုံမချစ်နိုင်ဘူး ကိုကို ”

“ အို … ခင်ရယ်… ကိုကို အမြင်မှန်တွေ့ပါပြီ ၊ နောင်တ လည်း ရပါပြီ ၊ ခင့် အပေါ် မှာ ကိုကို တင်ခဲ့တဲ့ ကြင်ကြင်နာနာ ယုယုယယ ပြုစုဖို့ အကြွေးတွေ ကိုကို ဆပ် ရပါဦးမယ်ကွယ် … လက်ခံပါ ခင် ရယ် ၊ ကိုကိုကပဲ တောင်းပန်ပါရစေ ၊ ခင် … ကိုကို့ အနား က ဘယ်မှ သွားဖို့ မလိုဘူး ၊ သွားလည်း မသွားရဘူး ခင်”

( June Allyson ပါသည့် ရုပ်ရှင်ကားတစ်ကားကို မှီး၍ ရေးကြည့်ပါသည် ။)

◾ ခင်လတ်

📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၅၈ ခုနှစ် ၊ မေလ

www.facebook.com/aung.naingoo.3726613

.

Friday, April 1, 2022

မာန ကြီးတာ နဲ့ ဘဝင် မြင့်တာ


 

❝ မာန ကြီးတာ နဲ့ ဘဝင် မြင့်တာ ❞

အလှ မာန
ပညာ မာန
သိက္ခာ မာန
ဓန မာန

မာန ဆိုတာ ထား ရမှာပဲ ကွယ့် ။ မာန ကြီးတယ် ဆိုတာ ကြီးစရာ မာန ရှိမှ ကြီးလို့ ရတာပါ ။ ကြီးစရာ မာန မရှိဘဲ ငါ နဲ့ ဘယ်သူ နဲ့ မှ မတူဘူး ၊ မတန်ဘူး ဆို ကိုယ့် ကိုယ် ကို အထင် ကြီး နေရင် “ ဘဝင် မြင့်တာ ” ပဲ ။ လွယ်လွယ် ပြော ရရင်တော့ ဘာမှ မဟုတ်တဲ့ သူ ကို သိပ်ပြီး အရေး ပါသလို ဟုတ်သလို ထင် နေရင် “ အထင်ကြီး ” တာ ဖြစ်ပြီး ကိုယ့် ကိုယ် ကို အထင် ကြီးရင် ဘဝင် မြင့်တာ ဖြစ်ရော ။

ဘဝင် မြင့် နေတဲ့ ယောက်ျားလေးတွေ အကြောင်းလည်း သိထားသင့်တာပဲ ။ ဘဝင် မြင့်တာ ရဲ့ အခြေခံကတော့ အသိဉာဏ် နည်းလို့ပဲ ။ ဘဝင် မြင့် နေတဲ့သူများ ဟာ သူတို့ ကို ပတ်ဝန်းကျင် က သိပ် အထင် ကြီးစေချင်တယ် ။ လူတွေ ရဲ့ အာရုံ စိုက်မှုကို သိပ် လိုချင်ကြတာ ။ နေတာ ထိုင်တာ ဝတ်တာ စားတာ ပြောတာ ဆိုတာ သူများထက် နည်းနည်း ပို ကဲတယ် ။ သူများ ဆိုတာ က သူ နဲ့ အဆင့်တူ တွေ ကို ဆိုလိုတာပါ ။ လူစုံစုံ ဆိုရင် အသံ ကျယ်ကျယ် နဲ့ ပြောမယ် ” ဆိုင်ကယ် စီးနိုင်သူချင်း တူရင် သူ က ပိုပြီး မြန်မြန် ကြမ်းကြမ်း စီးမယ် ။ လွန်ကဲတဲ့ အမူအကျင့်တွေ ရှိတယ်လို့ပဲ လွယ်လွယ် မှတ်ထားလိုက်ပေါ့ ။

မာန ဆိုတာ ကတော့ ထားသင့်တယ် လို့ လေးလေး မြင်တယ် ။ ယုံတယ် ။ အသိဉာဏ် ရှိသူ က ကိုယ့် အသိဉာဏ် အတွက် မာန ထား ရမှာပဲ ။ ရုပ် လှ သူ က ကိုယ့် အလှအပ အတွက် မာန ထား ရမှာပဲ ။ ဥစ္စာ ရှိသူ ကလည်း သူ့ ဥစ္စာ အတွက် မာန ထား ရမှာပဲ ။ ပညာ တတ် တစ်ယောက် ဟာ သူ ပိုင်ဆိုင်ထား တဲ့ ပညာ အတွက် မာန မထားရင် သူ့ ပညာ ဟာ အလကား ဖြစ်သွားမှာပေါ့ ။ ငါ က ပညာတတ်ပဲ ဆိုတဲ့ မာန တော့ ရှိ ရမှာပေါ့ ။ ပညာ မတတ်တဲ့ လူတွေ လို အချိန် ဖြုန်း နေရင် သူ့ ပညာ ရဲ့တန်ဖိုး ဟာ ဘယ် ရှိတော့မှာလဲ ။ အချိန် ဖြုန်း ရတဲ့ အလုပ်မျိုး သူ့ ပညာ နဲ့ အံ မဝင် တဲ့ အလုပ် မျိုး လာ ခိုင်းရင်လည်း အဲဒီ အလုပ် ငါ နဲ့ မတန်ဘူးကွ ဆိုပြီး ပြောပိုင်ခွင့် ရှိတာပဲ ။ လေယာဉ်ပျံ မောင်းတတ် သူ ကို ဆိုက်ကား နင်း ခိုင်း လို့ မသင့်လျော်ဘူး ။ သူ က မနင်းတာ နဲ့ မာန ကြီးလိုက်တာ ဆိုရင် ကြီး ရမှာပဲလို့ ပြန် ပြောရမှာပဲ ။

သိပ် လှတဲ့ မိန်းကလေး ဟာ သူ့ အလှအပ အတွက် မာန ထားရမှာပဲ ။ အဲဒီ မာန မရှိရင် စော်ကား ခံရမှာပေါ့ ။ လူတွေ ဟာ မာန ထားနိုင်ဖို့ ပိုင်ဆိုင်မှု ရှိရတယ် ။ သဘာဝက ပေးတဲ့ ပိုင်ဆိုင်မှု ( ရုပ် လှတာ အသံ ကောင်းတာ ) မျိုး ။ ဒါမှမဟုတ် လုံ့လဝီရိယ နဲ့ ရယူထားတဲ့ ဥစ္စာ ဓန ပညာ လို ဟာမျိုး ။ ကိုယ့် ပိုင်ဆိုင်မှု အတွက် ကိုယ် တန်ဖိုး ထားတာဟာ မာန လို့ လေးလေး တော့ နားလည်တာပဲ ။

ပိုင်ဆိုင်မှု အတွက် မာန ထားရာမှာ မတည်မြဲ နိုင်တာ အတွက် ကတော့ တစ်မျိုးပေါ့ ။ ကိုယ့် မှာ မပိုင်ဆိုင်တော့ရင် မာန မထားနဲ့တော့ပေါ့ ။ဆိုကြပါစို့ ။ ဥစ္စာဓန အတွက် မာန ထားတယ် ။ အကြောင်း ကြောင်း ကြောင့် ဥစ္စာဓန ဆုံး ရှုံးသွားရင် မာန မထားနဲ့တော့ပေါ့ ။ မပိုင်ဆိုင်တော့တဲ့ အချိန် မှာ ပါ မာန ထား နေရင် ဘဝင် မြင့်တာ ဖြစ်သွားမှာပဲ ၊ အထည်ကြီး ပျက် လို့ ခေါ်တာ ခံ ရမှာပဲ ။

အလှအပ အတွက် မာန ထားတယ် ၊ လှ နေတုန်း ထားပေါ့ ။ အသက် ကြီးလာလို့ မလှတော့တဲ့ အချိန် ထိ မာန ထားနေရင် ရယ်စရာ ဖြစ်မှာပဲ ။ ကြောင် သွားမှာပဲ ။

ပညာ မာနမျိုး ကျတော့ တစ်သက်လုံး ထားလို့ ရတယ် ။ အတွေ့အကြုံ စုံလေ အသက်ကြီးလေ အတွေးအခေါ် ရင့်ကျက်လေပဲ ။ ပိုင်ဆိုင်ပြီးသား ပညာ ဟာ ပျက်လွင့်သွားမယ် မဟုတ်ပါဘူး ။ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာရှင် ဟာ မှားနေတာ ကို မှန်ပါတယ်လို့ ပြော မှာ မဟုတ်ဘူး ၊ မှန်နေတာ ကိုလည်း မှားတယ်လို့ ပြော မှာ မဟုတ်ဘူး ။ မသိ တဲ့ လူတစ်ရာ နဲ့ သူ တစ်ယောက်တည်း နဲ့ ယှဉ် နေရလို့လည်း အလျှော့ ပေးမှာ မဟုတ်ဘူး ။ အဲဒါ ပညာ မာန ပဲ ။

မိန်းကလေး ပဲ ဖြစ်ဖြစ်
ယောက်ျားလေး ပဲ ဖြစ်ဖြစ်

ဒီ လူ ဟာ ဘဝင် မြင့် နေတာလား ၊ မာန ထား တာလား ၊ ခွဲခြားပါ ။ ကိုယ်တိုင် လည်း ငါ ဟာ ဘဝင် မြင့် နေတာလား ၊ မာန ထား တာလား ခွဲခြားပါ ။ ဘဝင် မြင့် တာ နဲ့ မာန ကြီး တာ ခွဲခြားနိုင်ပါစေ ။ မာန ထား စရာ ရှိလို့ မာန ထား တာ ကောင်းပါတယ် ။ ကိုယ့် မှာ ရှိနေ တဲ့ အရည်အချင်း ထက် ပိုင်ဆိုင်မှုထက် ပိုပြီး ပိုင်ဆိုင်တယ် လို့ ထင် လိုက်ရင်တော့ ဘဝင် မြင့် တာ ဖြစ်သွားမှာပါပဲ ။

မာန ဆိုတာ တစ်နည်းအားဖြင့် တော့ ကိုယ့် ကို ကိုယ် ယုံကြည်မှု ပါ ပဲ ။ ကိုယ့် ယုံကြည်မှု ကို ကိုယ် ခိုင်မာအောင် တည်ဆောက်နိုင်ရင် ဘဝ ဟာ တိုးတက်သွားမှာပါပဲ ။

ငါ့ တူမများ ယောက်ျားတွေ အကြောင်း သိဖို့ လိုအပ်သလို ကိုယ့် အကြောင်းလည်း ကိုယ် သိဖို့ လိုအပ်တယ် ။ ပြီးတော့ မိန်းကလေး တစ်ယောက် ရဲ့ ဘဝ လုံခြုံဖို့ တိုးတက်ဖို့ အေးချမ်းဖို့ ဆိုတာ ငါ့တူမများရဲ့ အသိဉာဏ် အတွေးအခေါ် ဖွံ့ဖြိုးတိုးတက်ဖို့ နဲ့ ပါ ဆိုင်နေတယ်လေ ။ အသိဉာဏ် အတွေးအခေါ် ဖွံ့ဖြိုးတိုးတက်မှု မရှိရင် ၊ အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်း မရှိရင် ယောက်ျားတွေ လိမ် သမျှ ခံ ရမှာပေါ့ ။ ယောက်ျားတွေ ပြောသမျှ ယုံ မိမှာပေါ့ ။ ပုံပြင်လေး တစ်ပုဒ် ပြောပြချင်တယ် ။

ရွာ တစ်ရွာ မှာ လူလည် တစ်ယောက် က တွေ့သမျှ ကောင်မလေးတွေ ကို မြှောက်ပင့် ပြောလေ့ ရှိတယ် ။ မြှောက်ပင့် ပြောပြီး နီးစပ်မှု  ယူ ရတာက လွယ်တာကိုး ။ သူ က ကောင်မလေးတွေ ကို တွေ့တာနဲ့

“ ဟဲ့ ကောင်မလေး ”

“ ဘာလဲ ”

“ နင် က တော်တော့် ကို လှတယ် ”

“ အိုဗျာ ဟုတ်လဲ ဟုတ်ပဲနဲ့ ”

“ အဟုတ် ကို ပြောတာပါ ”

“ ကျွန်မ လှတယ် လို့ ပြေတာ ခင်ဗျား တစ်ယောက် ပဲ ရှိတယ် ”

“ ဟာ တခြား လူတွေ က နင့် အလှအပ ကို မမြင်တတ်လို့ ၊ နင် လှ တာဟာ မျက်လုံး ပဲ ၊ နင့် မျက်လုံး နဲ့ သာ သေသေချာချာ စိုက် အကြည့် ခံလိုက် ရရင် အဲဒီ ကောင် တော့ ဓါတ်လိုက်သလို ခံ ရမှာပဲ ၊ နင် မျက်စောင်း ထိုး ကြည့် လိုက်ရင်လေ နင့် မျက်စောင်း က ရင် ထဲ ထိ ဝင် မှန်သလိုပဲ ၊ ဒန့် ဒန့် ဒန့် နဲ့ ကို ဖြစ် သွားတာ ”

အဲသလို အပြောတွေ နဲ့ မြှောက်ပင့်ပြောလေ့ ရှိတယ် ၊ အဲသလို ပြောတာ ကို ကျောင်းဆရာမ အပျိုကြီး က အားကြီး မုန်းတယ် ။ သက်သက် လူပါး ဝနေတာပေါ့ ၊ ကောင်မလေးတွေ ကလည်း ဒါလောက် အ ရသလားပေါ့ ၊ ဒီ ကောင် မြှောက်ပင့် ပြောနေတာကို မသိဘူးလားပေါ့ ။ အဲသလို မကျေမနပ်တွေ ဖြစ်နေလို့ တစ်ရက် မှာတော့ အဲဒီ လူ ကို

“ လာပါဦး ”

“ ဘာ ခိုင်းစရာရှိလို့လဲ မမ ”

“ ခိုင်းစရာ မရှိပါဘူး ၊ မင်း က ကောင်မလေးတွေ ကို တွေ့တာ နဲ့ မြှောက်ပင့် ပြောပြီး ညာ စားနေတာ မကျေနပ်လို့ ခေါ် ပြောတာပဲ ။ မိန်းကလေးတွေ ကို အ အူ အ အ လေးတွေ လို သဘော ထားနေတာ မကျေနပ်လို့ ၊ နောက် အဲသလို မလုပ်ပါနဲ့ ၊ မင်း ရဲ့အသုံးမကျ တဲ့ အကျင့် ကို ဖျောက်ပါလို့ ” ရန် တွေ့သတဲ့ ။

ဒီတော့ အဲဒီ လူ က

“ မမရယ် ကျွန်တော် မြှောက်ပင့် ပြောပြီး ညာ စားနေတယ် ဆိုတာ မှန်ပါတယ် ။ မြှောက်ပင့်လို့ ရတဲ့ မိန်းကလေးတွေ ကို မြှောက်ပင့် ပြော နေတာပါ ၊ မမ တို့ လို အသိဉာဏ် ရှိတဲ့ အမျိုးသမီး ကို တော့ ဘယ်မှာ မြှောက်ပင့် ပြော လို့လဲ ” ဆိုပြီး မျက်နှာငယ်လေး နဲ့ ပြောသတဲ့ ဒီတော့

“ အင်း ငါ့ မောင် ပြောတာလဲ ဟုတ်ပါတယ် ” လို့ ပြောပြီး ပြုံး သတဲ့ ။ ဒီ ပုံပြင်ဟာလည်း ငါ့ တူမများ သတိထားသင့်တဲ့ ပုံပြင် ပဲ ။ အသိဉာဏ် ရှိဖို့ သိပ် လိုတယ် ။ အသိဉာဏ် ရှိ မှ ယောက်ျားတွေ အကြောင်း သိ မှာ ၊ အသိဉာဏ် ရှိ မှ မာန ထားနိုင်မှာ ။

ခု လေးလေး ရေး ပြလိုက်တဲ့ ပုံပြင် ရဲ့ အဓိပ္ပါယ် ကို သေသေချာချာ စဉ်းစား ကြည့်စမ်း ။ စဉ်းစားတာ တွေးခေါ်တာ ဟာ အလေ့ အကျင့် လုပ် မှ ထက် မြက်လာတာ ။ ဒီ နေရာ မှာ ဆရာကြီး ရွှေဥဒေါင်း ရေးဖူးတဲ့ စာ ကို အမှတ်ရမိတယ် ။

တွေးခေါ်သည် ဆိုရာ၌ မိုး သည် အထက် က ရွာ ၍သာ တော် တော့သည် ။ အောက် မှာ ရွာ လျှင် ထီး မည်သို့ ဆောင်း ရမည် မသိ ဟု အဓိပ္ပါယ် မဲ့ ၊ ယုတ္တိ မဲ့ တွေးခြင်းမျိုး မဟုတ် ။

ဆိုပြီး ရေးဖူးတာ ။ စဉ်းစားတာ တွေးခေါ်တာ အလေ့အကျင့် မရှိရင် ဘယ် စကား က ဘယ် ရောက်လို့ ဘယ်လို အဓိပ္ပါယ် ထွက် မှန်း မသိ နဲ့ ကျေနပ် နေမိလိမ့်မယ် ။

◾ ကံချွန်

📖  အပျိုစင်တို့သိဖို့ ယောက်ျားတိုအကြောင်း ( ၂ )

www.facebook.com/aung.naingoo.3726613

.

သတင်းစာ အဟောင်း နှင့် မီးချောင်း အကျွမ်း


 

❝ သတင်းစာ အဟောင်း နှင့် မီးချောင်း အကျွမ်း ❞

ဘိုင် ပြတ်နေ၍ အလွန်ကြိုက် တတ်သော အဖြူဆိုင် နား မကပ်နိုင်သည်မှာ ကြာပေ ပြီ ။ သည်နေ့တော့ ရုံး မှာ လက်နှိပ်စက် စာရေးမ မတင်မြ ထံမှ လခ ထုတ် ပေးဖြင့် အစိတ်တန်လေး တစ်ရွက် ရထားသည် ။  လခထုတ်သည့် နေ့တွင် နှစ်ဆယ့် ခုနစ်  ကျပ်ခွဲ ပြန် ပေးရမည် ဖြစ်သည် ။ ရုံး မှ အိမ် အပြန် ပုဇွန်တောင် ပန်းခြံ ထောင့် ဆိုင် မှာ အမြည်းကောင်းကောင်း ဖြင့် ခုနစ်  ပက်လောက်တော့ ချလိုက်တော့မည် ဟု စိတ်ကူးထားသည် ။

နံနက် အိမ်မှ ထွက် လာစဉ်က အိမ်ရှင်မ ၏ ညည်းညူသံ ကို ကြားခဲ့ရ သည် ။ လကုန်ရန် ဆယ်ရက် ခန့် လို သေး သည် ။ အိမ် မှာ ပိုက်ဆံ ပြတ်ပြီ ဟု သိရ သည် ။ သတင်းစာ အဟောင်းများနှင့် လေးပေ မီးချောင်းအကျွမ်း နှစ်ချောင်း ကို ရောင်းလျှင် တစ်ဆယ် ခန့်တော့ ရနိုင် သည်ဟု ပြောသည် ။ သူ့ ဟာ သူ ဖြစ်သလို ကြံ ဖန်လိမ့်မည် ။ မတင်မြ ထံ မှ ချေး ထားသည့် နှစ်ဆယ့်ငါးကျပ် ကို လျှို ထားရမည် ။ မလွှဲမရှောင်သာ လိုအပ်မှ အိမ်ရှင်မ ကို ပေးမည် ။ သည်နေ့ အရက် ချပြီး အကျန် ကို နက်ဖြန် အတွက် မှတ်ပုံတင်ကတ်ပြား ၏ အတွင်းခေါက် ထဲမှာ ညှပ်၍ ကပ် ထားရမည် ။ ဒါမှ အိတ် နှိုက်တတ်သော အိမ် က ဟာ မ ၏ အန္တရာယ် မှ ကင်းလွတ်မည် ။

ညနေ လေးနာရီခွဲ သည်နှင့် အချိန် ပို မဆင်းတော့ဘဲ တစ်ချိုးတည်း  သုတ်ခြေ တင် လာခဲ့သည် ။ သာကေတ ရှိ  ကျွန်တော့်  အိမ်နား က ဆိုင်တွင် သောက်လျှင် အသိ မိတ် ဆွေ နှင့် တိုး နေမှာ စိုး ၍ ပုဇွန်တောင် ဆိုင်မှာပဲ သောက်ပြီး ခရီး ဆက်မည်ဟု  စိတ်ကူးသည် ။ ပန်းခြံထောင့် မှတ်တိုင်မှာ ဆင်းလိုက်သည် ။ 

အရက်ဆိုင် ရှေ့ပလက်ဖောင်း ပေါ် မှ ဖိနပ် အဟောင်း ရောင်းဝယ်သူများ ၊ အင်္ကျီ လုံချည် အဟောင်း အရောင်းအဝယ် ဖြစ်တော့မလို့ ဈေးဆစ်နေသူများ ၊ ပစ္စည်း ပြနေသူများ ၊ ကပ်တီးမူးလဲ လုပ်ရန် မျက်နှာသိ စောင့် နေသူများ ကို တိုး ဝှေ့၍ အမြည်း ဆိုင်တန်းကြီး ရှိရာ သံဆူးကြိုး ဝင်း ထဲ ဝင် လာခဲ့သည် ။ အမြည်း ကောင်းကောင်း သန့်သန့် ရနိုင်ပြီး လူ ရှင်းသည့် ဆိုင် ကို ရှာဖွေ နေစဉ်

“ ဟေ့ ကိုလှမောင် ”

ဗလုံးဗထွေး လေးတွဲ့တွဲ့ အသံကြီးဖြင့် ကျွန်တော့် နာမည် ခေါ်သံ ကြားလိုက်ရသည် ။ အသိ နှင့် တွေ့မှာ ကြောက်ပါတယ် ဆိုမှ ပီပီသသ ကြား လိုက်ရသော အနီးအနား မှ ခေါ်သံကြောင့် လှည့် မကြည့်ချင်ဘဲ ကြည့် လိုက်ရသည် ။

“ ဟာ ”

ကျွန်တော့် ပါးစပ် မှ ' ဟာ ' ခနဲ အသံ မြည် သွားအောင်ပင် အံ့သြ သွားပါသည် ။ အရက် သောက် နေသော ကိုမြအေး ကို မြင်လိုက်ရသော ကြောင့်ပင် ဖြစ်သည် ။

“ ဘယ်လို ဖြစ်တာလဲ ဆရာကြီး ရဲ့ ”

ကိုမြအေး တစ်ယောက် အရက် ပြန် သောက်နေတာ တွေ့ ခဲ့ပါ တယ် လို့ သူများ လာ ပြောလျှင် ကျွန်တော် ဘယ်လိုမှ ယုံမည် မဟုတ် ။ အခုတော့ ကျွန်တော့် မျက်စိ ကိုပင် ကျွန်တော် မယုံနိုင်အောင် ဖြစ်သွားရ တော့သည် ။ ရေချိန် ကိုက်စ ပြုနေပြီဖြစ်သော ကိုမြအေး ကို မယုံကြည်နိုင် သော အကြည့် ဖြင့် ကြည့်၍ ဘယ်လို ဖြစ်တာလဲဟု မေးလိုက်ရခြင်း ဖြစ်သည် ။

“ ကြားတဲ့ အတိုင်းပဲလေဗျာ ၊ ကြားတဲ့ အတိုင်း ဆိုတော့ အခုလို မြင်တဲ့ အတိုင်း ဖြစ်သွားတာပေါ့ဗျာ ၊ ဟား ဟား လာ ထိုင်ဗျာ ”

သူ့ ဘေးနားမှ လွတ် နေသော ခွေးခြေ အနိမ့်လေး ပေါ် တွင် ဝင် ထိုင်ရသည် ။ ခုနစ်ကျပ် ပြားနှစ်ဆယ် တန် အကြီးတစ်လုံး ကို တစ်ယောက် တည်း ဖြို နေဟန် တူသည် ။ ဆယ့်ငါးပက် ဆံ့သော ဘီယာပုလင်း ကြီး တွင် လက်လေးလုံး ခန့်သာ ကျန်တော့သည် ။ အမြည်း ရောင်းသည့် မိန်းကလေး ထံ မှ ဖန်ခွက် တစ်လုံး တောင်း ၍ ကျွန်တော့် အတွက် ပြည့်ပြည့် တစ်ခွက် ငှဲ့ထည့်လိုက်ပြီး 

“ ကဲ ချဗျာ ၊ ကျွန်တော့် မှာ ပါတာတော့ ကုန်ပြီ ၊ ခင်ဗျား မှာ ပါရင်တော့ ဆက် လုပ်ရအောင် ၊ ဟဲ ဟဲ ”

“ ရပါတယ်ဗျာ ”

အတိုး ဖြင့် ချေး လာသော အစိတ်တန် တစ်ရွက် အားကိုးဖြင့် ရပါတယ် ဟု ပြောလိုက်ရသော်လည်း အသံ နည်းနည်း တုန် သွားသည် ဟု ထင်လိုက်ရသည် ။

ကိုမြအေး ထည့် ပေးထားသော ကျွန်တော့် ခွက် ထဲ မှ အရက် မှာ  နည်းနည်း များ နေ၍ ရေ ရောလိုက်သောအခါ ဖန်ခွက် ပြည့် သွားသည် ။ ကျွန်တော့် အလေ့အထ အတိုင်း “ ဖတ်စ်ကပ် ” ခေါ် ပထမ တစ်ခွက် ကို တစ်ချီတည်း မော့ လေ့ ရှိသော်လည်း နှစ်ခါ နား ၍ မော့ လိုက်ရသည် ။ အောင့်နေသော ဗိုက် မှာ ထွေးထွေးနွေးနွေး ဖြစ်သွားပြီး ငါးရှဉ့်ကြော်လေး နည်းနည်း ဝါးလိုက်တော့မှ နေသာ ထိုင်သာ ဖြစ်သွားသည် ။

ကိုမြအေး ဆိုတာက လူငယ့်ရေးရာ ညကျောင်း မှာ ကျွန်တော် နှင့် တစ်ခုံတည်း ထိုင်ခဲ့သော ကျောင်းနေဖက် သူငယ်ချင်း မျှသာ ဖြစ်သော် လည်း ဝါသနာတူ စရိုက်တူချင်းမို့ တစ်ကိုယ်ရေ တစ်ကာယ ကိုမြအေး တစ်ယောက် ကျွန်တော့် အိမ်ပေါ် သို့ ရောက်ခဲ့ရသည် ။ အထက်တန်းစာရေး ကိုမြအေး က ထမင်းလခ တစ်ရာ့ငါးဆယ် ပေး သောကြောင့် ကျွန်တော့် ဇနီး မခင်မူ က ကြည်ကြည်ဖြူဖြူ ပင် လက်ခံ ကျွေးမွေးခဲ့ပါသည် ။

လူပျိုကြီး ကိုမြအေး နှင့် ကလေးအဖေ ကျွန်တော် တို့ ညနေတိုင်း လိုလို ယစ်ရွှေရည်ကလေး တမြမြ လုပ်ခဲ့ကြသည် ။ ကျွန်တော် က မှ ဘိုင် ကျလျှင် ဣန္ဒြေ ရသေးသည် ။ ကိုမြအေး တစ်ယောက် ကတော့ မသောက် ရလျှင် မနေနိုင်လောက်အောင် ဖြစ်လာသည် ။ နေ့စဉ် သောက် နိုင်အောင်လည်း ကိုမြအေးက အကြံအဖန် ကောင်းသူ ဖြစ်သည် ။

ကိုမြအေး ကျွန်တော့် အိမ်ပေါ် ရောက်ပြီး တစ်နှစ်လောက် အကြာ မှာတော့ လူပျိုကြီး သုံးဆယ် ကျော် ကံ ပေါ်သည်ဟု ပြောရမလား ၊ ကံ ဆိုး သည် ဟု ဆိုရမလား မပြောတတ် ။ သူ့ ရုံးမှ စာရေးမ မေမေခင် နှင့် လူမသိရှင်ကြား အသံချဲ့စက် ဖွင့် သံတောင် မကြားလိုက်ရဘဲ တရားသူကြီး ကို လက်ဖက်ရည် တိုက် ၍ လက် ထပ်လိုက်ကြသည် ။ နောက်နေ့မှ စ၍ ကိုမြအေး ကျွန်တော့် အိမ် မှ ပြောင်းရွှေ့ သွားခဲ့သည် ။ 

မင်္ဂလာသတင်း စကား ကတော့ အမျိုးမျိုး ကြား လိုက်ရသည် ။ လှည်းကျိုး ဝင် ထမ်း ရသည် ဟူ၍ လည်းကောင်း ၊ အချဉ် ဖမ်း ခံရသည် ဟူ၍ လည်းကောင်း အပေါင်းအသင်းတွေ ပြောနေသံ ကြားရသည် ။ ဘယ်သူတွေ ဘာပြောပြော ကိုမြအေး တစ်ယောက် ကတော့ သောက်ဖော် စားဖက်တွေ ကို ရှောင်ကြဉ်၍ မေမေခင် ၏ ရင်ခွင် မှာ ထာဝစဉ် ခိုလှုံ သွားခဲ့လေသည် ။

ကျွန်တော့် အိမ်မှ ပြောင်းသွားပြီး တောင်ဥက္ကလာ မှာ အိမ်ငှား နေ ကြ သလိုလို ၊ အင်းစိန် ဖော့ကန် မှာ ပဲ အိမ် ဝယ်လိုက် သလိုလို ကြားလိုက် ရပြီးကတည်းက တစ်နှစ်လောက် အဆက်အသွယ် ပြတ်သွားတော့သည် ။

သို့သော် အပေါင်းအသင်းတွေ ဆီမှ တစ်ဆင့် သူ့ သတင်းလေး များကို တစ်စွန်းတစ်စ ကြားနေရသည် ။ လင်မယား နှစ်ယောက်လုံး အလုပ် မှ ထွက်သွားကြပြီ ဟူ၍ လည်းကောင်း ၊ ကြီးပွားနေကြပြီ ဟူ၍ လည်းကောင်း ၊ မေမေခင် က ဗေဒင်လက္ခဏာဆရာ လုပ်နေသည်ဟူ၍ လည်းကောင်း ၊ ကိုမြအေး တစ်ယောက် သမထ ပေါက် သွား၍ အရက် မသောက်တော့ဘူး ဟူ၍ လည်းကောင်း ဝမ်းသာစရာ သတင်းစကား လေးတွေကိုလည်း ကြားရသည် ။

ယမန်နှစ် သင်္ကြန် မကျမီ တစ်လ လောက် ကတော့ ကျွန်တော့် နှမ တစ်ယောက် ၏ သား ရှင်ပြု မှ ဖိတ်၍ ကျိုက်ကလို့ ဘုရား သို့ သွားခဲ့သည် ။  အဲသည်မှာ မမျှော်လင့်ဘဲ ကိုမြအေး တို့ ဇနီးမောင်နှံ နှင့် ပြန်လည် ဆုံတွေ့ ခဲ့ရသည် ။ သို့သော် ကိုမြအေး ကို စကား ပြောခွင့် မရခဲ့ ။ ကိုမြအေး မှာ “ ဝစီပိတ်အဓိဋ္ဌာန် ” ဝင် နေသည်ဟု ဆိုသည် ။ အဓိဋ္ဌာန် ရက် မပြည့်မီ မည်သူနှင့်မှ စကား မပြောရ ဟု ဒေါ်မေမေခင် က ရှင်းပြသည် ။ မူးဖော် သောက်ဖက်ကြီး အဓိဋ္ဌာန် ဝင်နေသည် ကို တွေ့နေရလေတော့ ဦးချရမှာလည်း အခက် ၊ မျက်နှာချင်းဆိုင် ထိုင် နေရပါလျက် စကား မပြောဘဲ မျက်လုံးကြီး ပြူးပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် နေရ၍ ရယ်ချင်လာသဖြင့် ဆရာမ မေမေခင် ကို နှုတ်ဆက်ပြီး ထ လစ်ခဲ့ရပါတော့သည် ။ ကိုမြအေး နှင့် မေမေခင် တို့ ကို အများ က ဆရာ ၊ ဆရာမ ဟု  ဝိသေသ ပြု ၍ ခေါ်ပြောသံ ကြားခဲ့ရသည် ။

တစ်လောကတော့ ပပဝင်းရုံ နှစ်ကျပ်ခွဲတန်း မှာ တန်းစီနေတုန်း ကိုမြအေး တို့ ရုံးမှ စာရေးတစ်ယောက် နှင့် တွေ့၍ သူတို့ အကြောင်းကို မေးကြည့်မိရာ ကိုမြအေး နှင့် မေမေခင် တို့ ကွဲသွားကြပြီ ဟု ဆိုသည် ။  သူတို့ ကိုးကွယ်နေသော ဂိုဏ်းချုပ် က မေမေခင် ကို သုတ် သွားကြောင်း မကောင်းသတင်း ကြားခဲ့ရသည် ။

ကတော်ရုပ် ၊ လုံးကြီးပေါက်လှ မေမေခင် တစ်ယောက် နေ့စဉ် ကစော် စုပ်ပြီး ထမင်းလခ ပေးစားနေသော ကိုမြအေး နှင့် အပေးအယူ တည့် သွားကြစဉ်ကပင် ကျွန်တော်က သိပ်ပြီး စိတ်မချ ။ ကိုယ့် လူ ကို ပြော ရမှာ မဟုတ်၍သာ အသာ ငြိမ်နေလိုက်ရသည် ။ တစ်နေ့နေ့မှာ သည် ပြဿနာမျိုး နှင့် တိုးနိုင်သည်ကိုတော့ ကြို တွက်ထားပြီးသား ။

“ အေးဗျာ ၊ ခင်ဗျား အကြောင်း တစ်စွန်းတစ်စတော့ ကြားသား ဗျ ။ ဒါပေမယ့် ဟုတ်မှန်း မသိ မဟုတ်မှန်း မသိ ၊ တချို့ကလဲ မနာလို မျက်မုန်းကျိုးပြီး မှိုချိုးမျှစ်ချိုး ပြောတတ်ကြတော့ မယုံမိဘူးဗျ ”

သူတို့ သတင်းစကား ကြားလိုက်ကတည်းက အကြွင်းမဲ့ ယုံပြီးသား ။ ဒါပေမယ့် ကိုယ့် လူ ကို နှိမ် သလို ဖြစ်သွားမှာ စိုး၍ အနည်း ငယ် ပင့်ပြီး ထောင် ပေးလိုက်ရသည် ။

“ ဟုတ်သမှ သိပ် ဟုတ်တာပေါ့ဗျာ ၊ ဟား ဟား ၊ သိပ်ဟုတ် သိပ်ဟုတ် ၊ လုပ်ဗျာ ၊ ခင်ဗျား တယ် နှေး တာပဲ ၊ ချဗျာ ချဗျာ ”

ရေချိန် ကိုက်နေပြီ ဖြစ်သော ကိုမြအေး ကို ခံစားချက်ကလေး ဆွပေး လိုက်တော့ “ ချဗျာ ” ဟု ပြောရင်း ပုလင်း လက်ကျန်အားလုံး ကို ဖန်ခွက် နှစ်လုံးမှာ မျှ ထည့်လိုက်ခြင်းဖြင့် နောက် ပုလင်းအတွက် ကျွန်တော် တာဝန် ယူလ ိုက်ရတော့သည် ။

“ ကျွန်တော့် ကို တစ်ခါတုန်းက ခင်ဗျား ရွတ်ပြတဲ့ ကဗျာလေး တစ်ပုဒ် မှတ်မိသေးရဲ့လား ၊ ကျွန်တော် ကတော့ နားထဲမှာ စွဲ နေလို့ အလွတ် ရသေး တယ်ဗျာ ၊ အခုတော့ ဒီကဗျာလေး ဟာ ကျွန်တော့် အတွက်များ ရေးစပ်ထားလေသလား လို့တောင် ထင် မိတယ်ဗျာ ၊ ဟဲ ဟဲ ”

“ ဘယ် ကဗျာပါလိမ့် ”

ကိုမြအေး နှင့် ကျွန်တော် တို့ ကဗျာအကြောင်း စာအကြောင်း ဆွေးနွေးခဲ့ကြဖူးသည် ။ သို့သော် ဘယ်တုန်းက ဘာအကြောင်း ဆွေးနွေး မိခဲ့သည်ကိုတော့ မမှတ်မိတော့ ။

“ သီးခေါက် ကဗျာ လေဗျာ ၊ ဘာတဲ့
အပွေး ကို မြင် ၊
အပင် မယ် မသိတာကြောင့်
ဝယ်မိတာ မှား ။
လိမ်းမယ်လို့ သွေးတော့မှ
မွှေးနံ့သာ ဘယ်မပေါက်တယ်
သီးခေါက် နဲ့ ညား ဆိုတာလေ ။ အပွေးမြင် အပင်မသိ လို့ မြအေး တစ်ယောက် သီးခေါက် နဲ့ ညား ခဲ့ပါရောလား ကိုယ့်လူရာ ၊ ဟား ဟား ”

“ ဒါနဲ့ ခင်ဗျားတို့ ဇနီးမောင်နှံ သမထ ပေါက်ပြီး အကြားအမြင် ရကြ သေးတယ် ဆိုလားလို့ ”

ကိုမြအေး က မချိပြုံးကြီး ပြုံး၍ ရေမရောဘဲ မော့ချလိုက်ပြီး

“ ထွီ ဒီမှာ ဒီအကြောင်းတွေ နောက်မှ ပြောပြမယ် ၊ အလကားပါ ဗျာ ၊ သောနုတ္တိရ် က သင်္ကန်း ပတ်တာ ဘာကြောင့်လဲ သိလား ၊ ဆဒ္ဒန်ဆင်မင်း ကို သတ်ချင်လို့ပေါ့ဗျ ။ ဟား ဟား ခင်ဗျား အတော် ညံ့တဲ့ လူပဲ ”

မေမေခင် ဗေဒင်ဆရာမ ဖြစ်လာပုံ ၊ ဘိုးတော် နာမည်ကြီးရန် အတွက် သူတို့ ဇနီးမောင်နှံ က ဒလန် လုပ်၍ အထာ ဖန်ပေးခဲ့ရပုံများ ကို အရက်သံ နှော၍ အားရပါးရ ပြောပြတော့သည် ။

“ မသိပါဘူးဗျာ ၊ ခင်ဗျား ဝစီပိတ် အဓိဋ္ဌာန် ဝင်နေတာ တွေ့ရ တော့ ကျွန်တော့် မှာ သာဓု တောင် ခေါ်ခဲ့ပါသေးတယ် ”

“ ဘာ ဘာပြောတယ် ၊ သာဓု ခေါ်တယ် ဟုတ်လား ၊ ဟား ဟား ဒါဆိုရင် ခင်ဗျား က ကျွန်တော့် မိန်းမ နောက်မီး လင်း တာကို သာဓု ခေါ် သလို ဖြစ်သွားတာပေါ့ဗျ ။ ဟား ဟား ”

အားရပါးရ ရယ်မောရင်း ရေ မရောသည့် လက်နှစ်လုံးခန့် ကို တစ်ချက် တည်း မော့ချလိုက်ပြီး လေးဆယ့်ငါးရက် အဓိဋ္ဌာန် ခရီး အကြောင်း ကို နာကျည်းစွာ ပြောပြတော့သည် ။

သူတို့ ဆရာဘိုးတော် ၏ အသက် လေးဆယ့်ငါးနှစ် ပြည့်သော နေ့တွင် သက်စေ့ ပုဂ္ဂိုလ် လေးဆယ့်ငါးဦး ကို ဘိုးတော် က ဝစီပိတ် အဓိဋ္ဌာန် ဝင်စေသည် ဟု ဆိုသည် ။ အခြား ပုဂ္ဂိုလ်များမှာ ခုနစ်ရက် ဖြင့် အသီးသီး အဓိဋ္ဌာန် ရက် စေ့သွားကြသော်လည်း ကိုမြအေး ကို မူ အထူးစပယ် ရှယ် အဖြစ် ရာသက်ပန် လုပ်စားနိုင် ရန် အတွက် တစ်ကွက် လိုနေ သော ဝစီပိတ် အဓိဋ္ဌာန် အဖြစ် လေးဆယ့်ငါး ရက် ကို မေမေခင် ၏ တိုက်တွန်း ချက်ဖြင့် ဝင်ခဲ့ရသည် ဟု ဆိုသည် ။ လေးဆယ့်ငါးရက် လုံးလုံး စကား ပြောခွင့် မရခိုက်မှာ မေမေခင် တစ်ယောက် ဘိုးတော် နောက်သို့ လိုက်သွား ခဲ့သည်ဟု ဆိုသည် ။

“ အေးဗျာ ၊ ခင်ဗျား အဖြစ်က သိလျက်ကြီး နဲ့ ခံ လိုက်ရသလို ဖြစ်နေတာပေါ့”

“ သိလျက်နှင့်ပင် ဝိပါက်ကြမ္မာငင် ၍ ရွှေဉာဏ်ရှင် မဝေခွဲနိုင်ဘု  ပွဲတွေ့အမှား ”

ဇာတ်မင်းသား ဟန်မျိုးဖြင့် ဆွဲဆွဲငင်ငင် ဆိုလိုက်ခြင်းဖြင့်  ရေချိန် ကိုက်၍ အတော်လေး ခိုက်နေပြီ ဖြစ်ကြောင်း သိနိုင်သည် ။

“ ကဲ တော်ပလား ၊ ချဗျာ ”

လက် ကာ ပြသည် ။ အတော် မူးနေပြီ ဖြစ်သည် ။ စကားများများ ပြောလိုက်ရ၍လည်း အတော် မောသွားဟန်တူသည် ။

ကိုမြအေး မသောက်နိုင်တော့၍ လက်ကျန် ဖြတ်ပြီး စာရင်းရှင်း လိုက်ရာ အရက် ၊ အမြည်း ၊ ရေခဲ ၊ ဆေးလိပ် အားလုံး နှစ်ဆယ့်သုံးကျပ် ကျသည် ။ နှစ်ကျပ် သာ ကျန် တော့သည် ။

ကိုမြအေး ၏ အခြေအနေမှာလည်း လမ်းလျှောက်နိုင်စွမ်း မရှိ တော့ဘဲ လှဲ အိပ်တော့မည့် ဟန် ဖြစ်နေ၍ ထားခဲ့ရမည်မှာလည်း အခက် ၊ ခေါ် သွားရမှာလည်း သည်ပုံနှင့် ဆိုလျှင် သုံးဘီးကား ခေါ်ရလိမ့်မည် ။ သုံးဘီးကားတွေ ကလည်း သာကေတ ဆိုလျှင် နေ့လယ်နေ့ခင်း ပင် မလိုက်ချင်ကြ ။ အခု ရှစ်နာရီ ထိုးခါနီးလေပြီ ။ ပိုက်ဆံ ကလည်း နှစ်ကျပ် သာ ကျန်တော့သည် ။ သာကေတ သုံးရပ်ကွက်ဈေး ဆိုလျှင် အနည်းဆုံး တစ်ဆယ်တော့ တောင်းပေလိမ့်မည် ။

ကိုမြအေး ကို လမ်းဘေး သစ်ပင် မှာ မှီ ထားပြီး သုံးဘီးကား ခေါ် သည် ။ ငါးစီးလောက် လက် ခါပြပြီးမှ သာကေတ သို့ ပြန် အိပ်မည့် သုံးဘီးကား တစ်စီး က ရပ်ပေးသည် ။ ခုနစ်ကျပ် နှင့် ဈေး တည့်ပြီး ကိုမြအေး ကို ပွေ့ တင်လိုက်ရတော့သည် ။

သုံးဘီးကား ခ ငွေငါးကျပ် လိုသေးသည် ။ မနက်က အိမ် က ထွက် လာစဉ်က ဇနီးသည် မခင်မူ ညည်းညူသံ ကြားခဲ့ရသေးသည် ။ သတင်းစာအဟောင်းတွေ နှင့် လေးပေမီးချောင်း အကျွမ်းတွေ ရောင်းတာ ဘယ်လောက် ရထားလဲ မသိ ။ ငါးကျပ် လောက်တော့ ကျန် တန်ကောင်း ပါရဲ့ ၊ မရောင်းရသေး ရင်တော့ ပြဿနာပဲ ။

“ ဆရာကြီး သုံးဈေး ရောက်ပြီလေဗျာ ”

ကားသမား က သတိပေးလိုက်တော့မှ သုံးဈေး ရှေ့ ရောက်နေမှန်း သိတော့သည် ။ ကိုမြအေး ကတော့ ကျွန်တော့် ပေါင်ပေါ်မှာ အိပ်ပျော်၍ နေပေပြီ ။

“ အဲဟို ရှေ့က လမ်းထဲ ချိုး ဝင်လိုက်ပါဗျာ ၊ လက်ယာဘက် သုံးအိမ် ကျော် က ရေနံဆီမီးခွက် ထွန်းထားတဲ့ သုံးခန်းတွဲ အိမ်ရှေ့မှာ ရပ်လိုက်ပါ ”

ကျွန်တော် ငှားနေသော အိမ်တန်းလျား ၌ အခြား အခန်းမှ ပုဂ္ဂိုလ် များမှာလည်း အငှားကားဖြင့် အိမ် ပြန်လာနိုင်သူ တစ်ယောက်မှ မရှိ ။ ကိုယ်ပိုင်ကား စီး၍ လာလည်နိုင်သော မိတ်ဆွေ ဟူ၍လည်း ရှိကြဟန် မတူ ။ သည်နေ့မှ တစ်မူ ထူးခြား၍ ကားရပ်သံ ကြားရသဖြင့် သုံးခန်းလုံးမှ အိမ်သားများ အားလုံးပင် ထွက် ကြည့်နေကြသည် ။ ကျွန်တော့်ဇနီး မခင်မူ က ရေနံဆီ မီးခွက် ကို ကိုင်မြှောက်၍ အိမ်ပေါက်ဝ မှ ကြည့်နေသည်  ကို တွေ့ရသည် ။

“ မူ ရေ ၊ ခဏ လာပါဦးဟ ၊ ဒီမှာ ကိုမြအေးကြီး ပါ လာလို့ ”

ကျွန်တော့် အသံ ကြားတော့မှ မခင်မူ မှာ ပျာယီးပျာယာဖြင့် ပြေး ဆင်းလာတော့သည် ။ ထူးထူးခြားခြား ကား ဖြင့် ပြန်လာရုံ သာမက ကိုမြအေး ပါ ပါလာတယ် ဆိုတော့ အထုပ် နဲ့ အထည် နဲ့ လာသော အားကိုးလောက်သည့် ဧည့်သည် ဆိုလျှင် အခုလို ရက်ကျပ်ကြီးမျိုးမှာ ကြိုဆိုရမည် မဟုတ်ပါလား ။ ဒါကြောင့်များလား မသိ ။ အပြေးအလွှား ရောက်လာ ပြီး ကိုမြအေး ကို ကြိုဆိုရှာသည် ။

“ မူ ပိုက် ပိုက်ဆံ ငါးကျပ်လောက် ရှိလား ၊ ဒီမှာ ကားခပေးဖို့  ငါးကျပ် လိုနေလို့ ”

“ ရှင် ပိုက်ဆံ ငါးကျပ် ၊ ဘယ် က ရှိ မလဲတော် ၊ ဒုက္ခပါပဲ ”

မှောင်ထဲ မှာ မို့ မမြင်ရသော်လည်း ငိုသံ ပါနေ၍ မျက်နှာ မဲ့နေမည် ထင်သည် ။

“ ရှာစမ်းပါဦးကွာ ၊ ကိုကုလား ရောက်ပလား ၊ ဒေါ်ခင် တို့ ဆီရော မေးကြည့်ပါဦး ”

ကိုကုလား မှာ အလယ်ခန်း မှ ဖြစ်၍ ဆိပ်ကမ်းအလုပ်သမား ဖြစ် သည် ။ ဒေါ်ခင် မှာ ခေါက်မုန့်သည် မုဆိုးမ ဖြစ်သည် ။

မခင်မူ အိမ်ထဲ ပြေးဝင်သွားပြီး မကြာမီ ပြန်လာသည် ။ ကျပ်တန် သုံးရွက် နှင့် ပိုက်ဆံအကြွေ နှစ်ကျပ် ပါလာသည် ။ သုံးခန်းပေါင်း ငါးကျပ် ရလာခဲ့ဟန် တူသည် ။ ကျွန်တော့် ဆီမှာ ရှိသော နှစ်ကျပ် နှင့် ပေါင်း၍ ကားခ ရှင်း ပေးလိုက်သည် ။

ကားဆရာ ကို ကျေးဇူးတင် စကား ပြောကြား၍ ကားခ ရှင်းပေး လိုက်စဉ် ကား ဆရာက ခေါင်းတဆတ်ဆတ် ညိတ်၍ ပြုံးစိစိ လုပ်နေပုံမှာ အာရုံခံစားမှုအတွက် အသက် ထွက်မတတ် ပင်ပန်းနေသော ကျွန်တော်တို့ အဖြစ် ကို ကရုဏာ သက်မိ၍ပေလား ။ ကျွန်တော်တို့ကို ကြည့်ပြီး တရား ရ၍ သဘော ကျပြီး ပြုံးလေသလား မဝေခွဲတတ်ပြီ ။

ကား ပေါ် မှ တွဲ ခေါ်၍ အိမ်ပေါ် ရောက်သည် အထိ ချ ထားလိုက် သည့်နေရာမှာပင် တခေါခေါ နှင့် အိပ်မော ကျ သွားသော ကိုမြအေး ကို လုံချည် ဟောင်းများဖြင့် အုပ်ထားလိုက်ရသည် ။ စောင် ၊ ခြင်ထောင် စပယ်ယာ အပို မရှိလေတော့ ရှိတာ နှင့် အုပ် ရတော့သည် ။ သာကေတ ဆိုတာ လည်း မိုး ချုပ်သည် နှင့် ခြင်ထောင် ထဲ ဝင်ပြီး ထိုင် နေရသော မြို့ ဖြစ်သည် ။

အဝတ်အစား လဲပြီး ညစာ မစားတော့ဘဲ အိပ်ရာထဲ ဝင်လိုက် သည် ။ အိပ် မပျော်သေးသော်လည်း စကား မပြောဘဲ ကျွန်တော့် ကို ကျောပေး၍ တစ်ဖက်သို့ လှည့်ပြီး ကွေးနေသော ဇနီးသည် မခင်မူ ကို စကား စလိုက် သည် ။ သူ ကတော့ ကျွန်တော့် ကို စကား ပြောချင်ပုံမရ ။

“ ဒီနေ့ သတင်းစာစက္ကူ နဲ့ မီးချောင်းအဟောင်းတွေ မရောင်းသေး ဘူးမို့လား ”

စကား မရှိ စကား ရှာ၍ မေးလိုက်ရသည် ။ သူ့ လက်ထဲ ပိုက်ဆံ မရှိကတည်းက မရောင်းရသေးမှန်း ကျွန်တော် သိသည် ။ မီးချောင်း အဟောင်း နှစ်ချောင်း ရှိသည် ။ အခုတစ်လော လေးပေမီးချောင်း အကျွမ်း တွေ ကို လိုက် ဝယ်နေသည် ။ အိမ်ငှားများ က မီတာခ မဆောင်၍ မီး ဖြတ် ခံထားရသည်မှာ ခြောက်လ ခန့် ရှိပြီ ။

မီတာခ ကို အိမ်ရှင် က ပေး မလိုလို ၊ အိမ်ငှား က ပေး မလိုလိုနှင့် အငြင်းပွားနေဆဲ ဖြစ်သည် ။ မီး က လည်း မထွန်းရ ၊ ဘိုင် ကလည်း ကျ၍ မီးချောင်းတွေ ဖြုတ် ရောင်းကုန်ကြသည် ။

မူ က ကျွန်တော့် အမေး ကို ပြန် မဖြေဘဲ သားအငယ်ကောင် ကို စောင် ခြုံပေးသလိုလို ခေါင်းအုံးနေရာ ပြင်ပေးသလိုလို ဖြင့် စကား မပြော ချင်ဟန် အချိန် ဆွဲနေသည် ။ ကျွန်တော် စိတ် တိုလာမိသည် ။

“ မူ ကိုယ် မေးနေတာ မကြားလို့လား ”

ကျွန်တော် ပက်လက်လှန် ခြေကလိမ် ချိတ်ထားရာမှ ခြေကလိမ် ချိတ် ကို ဖြုတ် ချလိုက်ပြီး ခေါင်း ကို သူ့ ဘက် စောင်းလိုက်သည် ။ လိုအပ်ပါက ထ ထိုင်ရန် အသင့်အနေအထား ယူလိုက်ခြင်း ဖြစ်သည် ။

“ ဘာမှ မရှိတော့ဘူး ၊ ရှင့် သား ရောင်းစားလို့ ကုန်ပြီ ၊ ရှင့် စာအုပ်တွေလဲ မရှိတော့ဘူး ၊ ဒီနေ့မှ ရောင်းမလို့ ကြည့်လိုက်တော့ ထင်းရှူးပုံး အခွံ ပဲ တွေ့ တော့တယ်” 

စကားအဆုံးမှာ ရှိုက်သံ နှင့် အတူ နှပ် ရှုပ်သံ တစ်ချက် ပါ ကြားလိုက် ရသည် ။ အခုမှ သတိ ထားမိသည် ။ ရှစ်တန်းကျောင်းသား အကြီးကောင် ဒီနေ့ အစောကြီး အိပ်ရာ ဝင်နေသည် ။ အခါတိုင်း ကျွန်တော် ပြန် လာချိန် တွင် စာ ကြည့်နေတာ တွေ့ရလေ့ ရှိသည် ။ အခုတစ်လော ဒီကောင် အပေါင်းအသင်းတွေ နှင့် ရုပ်ရှင် ကြည့် တာကိုလည်း အခုမှ သဘော ပေါက်တော့သည် ။

ကျွန်တော် ပင့်သက် ကို ဖြည်းညင်းစွာ ချ လိုက်သည် ။ နက်ဖြန် ရုံးသွားရန် လမ်းစရိတ် ၊ ဈေးဖိုး ၊ ကလေးမုန့်ဖိုး နှင့် လက်ကျန် ဆန်လေး ကို ထမင်း ဖြစ်အောင် ချက်ဖို့ မီးသွေးဖိုး ၊ ထင်းဖိုး ၊ ခြိုးခြိုးခြံခြံ သုံးပါက တစ်နေ့ ကို တစ်ဆယ် လောက် ဆိုလျှင် မိသားစု လေးယောက် ညမနက် စားလောက်သည် ။ သည်နေ့ ကျွန်တော် တစ်ယောက်တည်း အတွက် အရက်ဖိုး ငွေ နှစ်ဆယ့်ငါးကျပ် ကုန်ခဲ့သည် ။

လက် ထဲ ပိုက်ဆံလေး ရောက်လာပြီဆိုလျှင် မိသားစု နှင့် အတူ နည်း အမျှ များ အဝ ခြိုးခြံသုံးစွဲမည် ဟု အလျဉ်း မစဉ်းစား ။ အိမ် က မိန်းမ မသိအောင် တိုလျှိုထားပြီး ဇာတ်ကားကောင်းကောင်း ဘယ်ရုံမှာ ဝင် သလဲ သတင်းစာ ထဲ လှန် ကြည့်မည် ၊ ရုပ်ရှင်ရုံ မှ ထွက်လျှင် အရက်  ဆိုင် ဝင်မည် ဟု စိတ်ကူး ထားပြီးသား ဖြစ်သည် ။ 

စိတ် အလိုဆန္ဒ ကို ဦးစားပေးလွန်းသော ကျွန်တော့် စရိုက် ကြောင့် ဇနီး နှင့် သားသမီးများ ပင်ပန်းဆင်းရဲခံကြရသည် ။ အသက်ရှင် အလုပ် လုပ် နေပါလျက် သတင်းစာအဟောင်း တစ်ရွက် လောက်သာ အသုံးတည့် အဖတ်တင် တော့ သော ကျွန်တော့် ဘဝ ကို အချိန်မီ ပြုပြင်သင့်ပြီ ဟု တွေးမိ သည် ။

အိမ်ရှေ့ခန်း မှ ကိုမြအေး ၏ ဟောက်သံ ကို ကြားနေရဆဲ ဖြစ်သည် ။ အထက်တန်းစာရေး လူပျိုကြီး ဘဝဖြင့် ဂုဏ်သရေ ရှိ နေနိုင်ပါ လျက် အပေါစား မေတ္တာရှင် ၏ လက် တွင် အချစ် ကို ပုံ အပ်မိခဲ့သဖြင့် အရက် ဖြင့် ပြန်လည် ကုစားနေရသော ကျွမ်းပြီးသား သူ့ အသည်း ကို ပြန်လည် ပြုပြင်၍ တိုင်းပြည် အတွက် သင့်ရာတော်ရာ အကွက် တွင် ဝင် ရပေဦးမည် ။ ကျွမ်းပြီးသား မီးချောင်း ကိုပင် ပြန် ကောင်းအောင် ပြုပြင်၍ ရသေးလျှင် ကိုမြအေး လို နဂိုက စိတ်ထား ကောင်းသူ အဖို့ လူကောင်းလူတော် တစ်ယောက် ပြန်လည် ထွန်းတောက်လာနိုင်သေး သည် ။ 

ကျွန်တော် နှင့် အသားချင်း မထိအောင် ခပ်ခွာခွာ ကျောခိုင်းပြီး လဲလျောင်းနေသော ဇနီးသည် ၏ သက်မ ချသံကြီး ကို မကြားရက်တော့ သဖြင့် တစ်ဖက်သို့ လှည့်၍ ကျောချင်း ခိုင်းပြီး မျက်စိ မှိတ် လိုက်ချိန်မှာတော့ အိမ်ရှေ့ခန်းမှ အမူးသမား ဟောက်သံနှင့်အတူ မခင်မူ ၏ ရှိုက်သံ ကို ကြား လိုက်ရပါတော့သည် ။

◾  အဏ္ဏဝါစိုးမိုး

📖  စစ်ပြန်
       သြဂုတ် ၊ ၁၉၈၂

www.facebook.com/aung.naingoo.3726613

.

Thursday, March 31, 2022

စက်ဝိုင်း


 

❝ စက်ဝိုင်း ❞

“ ပဲပြုတ် တစ်ဆယ်သား လည်း တစ်ကျပ်ခွဲ ဖြစ် နေပြီနော် ” 

“ ကြာပါပြီ အစ်မ ရယ် ”

“ ဟိုး အရင်တုန်းက ငါးမူး ရယ် ”

“ အရင်က ဈေး လာမပြောနဲ့ အစ်မရေ ၊ ကျွန်မတို့ ဝယ်ရတာကလည်း အရင်ဈေး မဟုတ်ဘူး ။ တစ်ပြည် ကို နှစ်ဆယ့်နှစ်ကျပ် ပေး ရတယ် ၊ ပြုတ် လိုက်ရင် နှစ်ပိဿာခွဲ ပဲ ရတာ ”

       •••   •••   •••   ••• 

“  အကောင်လိုက် လေးကျပ် ၊ အခြမ်း လေးကျပ်ခွဲ ”

“ ကြက်ဈေး ကလည်း ကြီး လိုက်တာ ဟယ် ၊ တစ်ပိဿာလေးဆယ် ၊ လေးဆယ့်ငါးကျပ် တဲ့ ၊ ငါ့ ယောက်ျား မဟာစာရေးဆရာကြီး ရဲ့ တစ်လလုံး ရတဲ့ လစာ က ကြက် ငါးပိဿာဖိုးလောက် ပဲ ရှိပါလား ဟဲ့ ”

“ ဒီလောက်မှ မရောင်းရင်လည်း မကိုက်ဘူး အစ်မ ရဲ့ ၊ ကျွန်မတို့ ယူ ရတာက သုံးဆယ့် ရှစ်ကျပ် ဈေး ”

       •••   •••   •••   •••

“ တစ်ဆယ်သား တစ်ကျပ်ခွဲ ညီမလေး ရေ ၊ အစိတ်သား ယူရင်တော့ သုံးကျပ်ခွဲ နဲ့ ယူ ၊ အင်းခရမ်းတွေ ကွဲ့ ၊ အသား များတယ် ၊ သိပ် ချိုတယ် ”

“ ခရမ်းချဉ်သီး ကလည်း ခုထိ မပေါဘူးနော် ။ ခါတိုင်း ဒီအချိန်ဆို ပေါ လှပြီ ”

“ ဪ .. အစ်မတို့ ယူရတာလည်း ခါတိုင်းလို မဟုတ်ဘူး ညီမ ရဲ့ ၊ အခု ဈေးက တစ် သေတ္တာ ကို တစ်ရာ့သုံးဆယ် ၊ ဒါတောင် မနည်း လုယက်ပြီး ယူရတာ ”

       •••   •••   •••   •••

“ အဒေါ်ရေ ဟောဒီမှာ ငရုတ်သီးစိမ်း တစ်ပုံ ယူလိုက်ပြီနော် ၊ ပိုက်ဆံ ကို ပစ်ပေးလိုက် မယ် ၊ ကန်တော့ ၊ ကန်တော့ ”

“ ငရုတ်သီးစိမ်း တစ်ပုံ ကို ငါးမူး ၊ တစ်မတ် မဟုတ်ဘူး ”

“ ဟောတော် ၊ ဒါလေး တစ်ပုံ ကို ငါးမူး ဟုတ်လား ”

“ ဟုတ်တယ် ၊ ငါးမူး ပဲ ၊ တစ်မတ်ဖိုး ရောင်းလို့ မကိုက်တော့ဘူး ။ ကုန်အဝင်ကကို နည်းနေလို့ ”

“ ဪ ... ”

       •••   •••   •••   •••

“ ဟင် ... ကြက်သွန် က အသစ် လည်း ဖြစ် ၊ သေး လည်း သေး ၊ ဒါတောင် ဆယ့်လေးကျပ် ဈေး ဟုတ်လား ”

“ ဟုတ်တယ် ။ ဟိုဘက်က နည်းနည်း ကြီးတာ ကတော့ ဆယ့်ခြောက်ကျပ် ”

“ စိတ်ညစ်လိုက်တာ ”

“ စိတ်မညစ်နဲ့ ဟယ် ။ ငါတို့ကလည်း ရောင်းရတာ စိတ်ညစ်တာပဲ ၊ ငါတို့ ဝယ်ရတာကို က ဈေး ကြီးနေတော့ ”

“ အင်း ”

       •••   •••   •••   •••

“ ဟယ် ... နင်ကလည်း လုပ်တော့မယ် ၊ တစ်ရာ ကို နှစ်ကျပ် လို့ ၊ ဟိုတစ်ခါ ငါ ဝယ်တုန်းက ငါးမူး ရယ် ”

“ ငါးမူး မရောင်းနိုင်တာ ကြာပါပြီ အန်တီ ရယ် ”

“ ငါ က ခြံထဲ ကျော်ဝင်တဲ့ ခွေး ကို ပစ်ချင်လို့သာ ဝယ်ရတာ ၊ နင့် လောက်စာလုံး ကလည်း ဈေး က တက်ပြီးရင်း တက်ရင်း ”

“ ဒါကတော့ သူများ နည်းတူပေါ့ ခင်ဗျာ ”

“ အံမာ ၊ ဘာ သူများ နည်းတူလဲ ၊ နင် က ရွှံ့ တစ်ပြည် ကို ဘယ်နှစ်ကျပ် နဲ့ ဝယ်နေရလို့ လဲ ၊ ကုန်တင်ကားတွေ အရောက်နည်းနေလို့ ပစ္စည်း မရှိလို့လား ၊ ကြက်သွန် လို ရွှံ့သစ် မပေါ်သေး လို့ ၊ ရွှံ့ဟောင်း က ဈေး ကြီးနေတာလား ၊ နင့် ရွှံ့ခင်း ကရော မိုး ဖျက်လို့ ပျက်သွားသလား ၊ နှင်းခါးရိုက် လို့ သေသွားသလား ”

“ မဟုတ်ပါဘူးဗျာ ”

“ ကဲ .. ဒါဖြင့် နင့် ရွှံ့က ဘာကိစ္စ ဈေး တက်နေရတာလဲ ၊ ပြောစမ်းပါဦး ”

“ ရွှံ့ကတော့ ဈေး မတက်ပါဘူးဗျာ ၊ ဒါပေမဲ့ ကျွန်တော် ဆာရင် ရွှံ့ ကို ကိုက်စားလို့မှ မရတာ အန်တီရယ် ”

“  အဲ ... ”

◾ မစန္ဒာ ( ၁၉၈၇ )

📖 ၂၀ ရာစု မြန်မာဝတ္ထုတို

www.facebook.com/aung.naingoo.3726613

.