Monday, April 4, 2022

အုံ့ပုန်းပူကလေး


 

❝ အုံ့ပုန်းပူကလေး ❞

ပြာမှိုင်းမှိုင်း မရမ်းပင်များ သည် ဝင်းတံခါး ကို အုပ်မိုးထားလေသည် ။ ကာကီဝတ်စုံ နှင့် တံခါးမှူး ကို ကန့်ကော်ပင်ရိပ် တစ်နေရာ တွင် ထိုင်လျက် တွေ့ရသည် ။ အချိန် မစေ့သဖြင့် စောင့်နေကြရသူ တော်တော်များများသည် ဝင်း ဝ တွင် စုရုံးစုရုံး လုပ်နေကြပေသည် ။ ကျွန်မ က ကားပေါ် မှ မဆင်းဘဲ ကံ့ကော်ဝတ်မှုံဖြင့် ဝါဝါဝင်းလျက်ရှိနေသည့် မြေပြင် ကို အမှတ်မထင် ငေးနေမိသည် ။ ဝတ်ဆံများ နှင့် အတူ အချို့နေရာများ တွင် ပွင့်ဖတ်များ ကိုပင် တွေ့ရသည် ။  မရမ်းသီးအကင်းအချို့ မှာ ကျီးငှက် များ ရန်ကြောင့် မြေပေါ် တွင် လဲကြွေလျက် ရှိကြသည် ။

ဝင်းတံခါး ဖွင့် ပေးလိုက်ချိန် ကို ပင် မတွေ့လိုက်ရဘဲ လူစုစု စုစု လုပ်သည့် နေရာ ကို ကျွန်မ မျက်စိ က ရောက် သွားသည် ။ ဂါလီ ပေါ် တွင် တင်ထားသည့် ခပ်နုပ်နုပ် ခေါင်းတစ်ခု ကို ကြည့်ကာ မိန်းမ တစ်ချို့က မျက်ရည်စ များ သုတ်လိမ်းလျက် ရှိသည် ကို တွေ့ လိုက်ရသည် ။ လူစုစု ထဲ တွင် ကျွန်မ မျက်နှာသိ တစ်ယောက်စ နှစ်ယောက်စ တွေ့ရသဖြင့် ကျွန်မ ကားပေါ် မှ အပြေးအလွှား  ဆင်း လိုက် မိသည် ။

အကြောင်းစုံ သိပြီး ကား ဆီ ပြန်လာသည့် ခြေလှမ်း တွင် ဖိနပ်ဦးနှင့် ကော်ခပ် ၍ ပါလာသည့်  ကံ့ကော်ဝတ်ဆံများ ကို အမှတ်ထင်ထင် ကြည့်ရင်း မျက်စိများ က ပြာဝေ နေလေသည် ။

ဝင်းတံခါး ကို ကျော်ဖြတ်ကာ ကားကို မောင်း ဝင်လျှင်ပင် အဝင်ဝ မှ ဆေးခန်း ကို  မျက်စိ ရောက်သွားမိသည် ။ သည်နေရာ သည်ဌာနေ ကို ရောက်ရခြင်း က အဆန်းတကြယ်  မဟုတ်သော်လည်း ရောက်ရတိုင်းပင် ထိခိုက်ခံစားနေရသည့် စိတ်ဝေဒနာ မှာ သည်နေရာက  ရောဂါသည်များနှင့် ထပ်တူထပ်မျှပင် ။ ကား ရပ်ပေးလိုက်လျှင် တစ်ထပ် ကျန်နေသည့် ဝင်းတံခါး ကို ဖြတ်ကျော်ကာ ခပ်စိုက်စိုက် ၊ တောင်ကုန်းမြင့် ရှိရာ လျှောက်လာစဉ် အမိုး နှင့် တိုင်သာ ဆောက်လုပ်ထားသည့် ဇရပ်သာသာ … အဆောင်အတွင်း တွင် ဦးခေါင်း ငုပ်လျှိုးလျက်က အာဟာရ  သွတ်သွင်းနေကြသည့် သူတို့ တစ်တွေ ကို မြင်ကြရပြန်သည် ။ တစ်ယောက် နှစ်ယောက် က မူ လည်တွင် ဆွဲထားသည့် ပုတီးကို လှမ်းကိုင်ကာ နှုတ်မှ တတွတ်တွတ် ရွတ်လျက် စားရန် သောက်ရန် အရေး ကို ပင် တွေးမိဟန်မတူပေ ။

အုတ်ရိုးဖော် ဆောက်လုပ်ထားသည့် အဆောက်အအုံ ပန်းရောင်ကလေး ကို ဝင် မိလျှင် ရင် က အေးမြသွားလေသည် ။ စောစောက နေရာ နှင့် ဤနေရာမှာ ကွာလှဘိခြင်း ။

ထမင်း ဆောင် သွားနေကြသဖြင့် အခန်းတိုင်း တွင် လူ ရှင်းနေသည် ။ သပ်သပ်ရပ်ရပ် ပြုပြင်ထားသည့် ခြင်ထောင် ၊ စောင် ၊ အိပ်ရာဖုံးနှင့် အိပ်ရာများ ၊ ဗီရိုတစ်လုံး ၊  ပက်လက်ကုလားထိုင် နှင့် ကြိမ်ကုလားထိုင် တစ်လုံး စီ ကို အခန်းတိုင်း တွင် မြင် ရသည် ။ အိမ်သာ နှင့် ရေချိုးခန်း က အခန်းစေ့ ရှိလျက် ဓာတ်မီးများ လည်း ရကြပေသည် ။

နေသားတကျ ရှိလောက်ချိန်တွင် ကုန်းအောက်ဆီ မှ တရွရွ မြင့်တက်ပေါ်လာသည့် ဦးထုပ် ကိုယ်စီ နှင့် ခေါင်းများ ကို စ မြင်ရသည် ။ နှစ်ယောက် သုံးယောက် တစ်တွဲ  စကား ပြောလာသူ က ပြောနှင့် တစ်ယောက်စ နှစ်ယောက်စမှာ ခပ်စိုက်စိုက် ဘာသာ  လျှောက်လာသည် ။

ဝရန်တာ တွင် အဆင်သင့် တွေ့ရသည့် ကျွန်မ ကို သူတို့ အားလုံးလိုလို နှုတ်ဆက်သယောင်  ခပ်ပြုံးပြုံး လုပ်နေကြသည် ။ နောက်ဆုံးမှ လျှောက်လာသော သူ က ကျွန်မ ကို အဝေး က စ မြင်ကာ မြင်ကတည်းက စိုက်စိုက်သာ လျှောက်လာနေသည့် ခြေလှမ်း ကို ရုတ်ကာ ခပ်ကြဲကြဲ ပြေးမတတ် လျှောက်လာလေသည် ။

“ ထမင်းစား ကောင်းရဲ့လား ”

ကျွန်မ က ဦးထုပ် ကို လှမ်းယူရင်း မေးရသည် ။ သူ က အဖြေ မပေးဘဲ ကျွန်မ လက်နှစ်ဖက် ကို ဖမ်းဆုပ်ကာ အခန်း ထဲ သို့ ဆွဲ သွင်းလေသည် ။ သူ့ ကို ခုတင်ပေါ် လှဲနေစေရင်း ကျွန်မ က ပက်လက် ကုလားထိုင် ပေါ်တွင် ထိုင်ရသည် ။ သူ မေးသမျှ ကို လုံးစေ့ပတ်စေ့ ဖြေရသည် ။ စကားစ မှာ တဖြည်းဖြည်း နည်း သွားရာက ပြတ်သွားသည် ။

“ ကဲ … ကိုကို့ ကို ဘယ်တော့ ပြန်ခေါ်မလဲ ”

ကျွန်မ မဖြေနိုင်သည့် အမေး ကို သူ က မေးပြန်လေရာ ၊ ကျွန်မ မှာ အဖြေရ ခက်တိုင်း သူ့ မျက်လုံးများကို လွှဲရှောင်ကာ အပြင်ဘက် ကို လှမ်းမျှော် ကြည့်မိသည် ။

အပြင်တွင် ငုပွင့်များ ကပင်လုံးကျွတ် ဝင်းဝင်းဝါလျက် ရှိလေသည် ။ ငုပင် လို ပင် ကျွန်မလည်း ပွင့်ပွင့်လင်းလင်း ရင် ကို ရှင်းပစ်လိုက်ချင်သည် ။ တစ်ကိုယ်လုံး အဝါရောင်လွှမ်းလွှမ်း ၊ အနီရောင်ပင် လွှမ်းလွှမ်း ။

“ ပြောပါဦး ကို ကို့ ကို ဘာလို့ သည်လို နှိပ်စက်ထားရတာလဲ ၊ ကိုယ့် ကို ဒါလောက် ပဲ မုန်းနေသလား ”

ကျွန်မ လက် များကို အားရပါးရ ဆုပ်ဖျစ်ညှစ်ရင်း မေးသည် ။ သူ့အမေး ကို  မဖြေနိုင်သည်ထက် ခံရခက်လှသည့် ဝေဒနာကြောင့် ကျွန်မမှာ မျက်ရည်များပင် လည်လာမိသည် ။

“ ထမင်း စားရတာ သန့် ရဲ့လား ၊ ကောင်း ရဲ့လား ၊ အဆင် မပြေတာ ရှိသလား ၊ ညဘက်ကော ဆရာမ က ဟောလစ် ဖျော်ပြီး ပို့ ပေးရဲ့လား ”

ကျွန်မ က စကားဦး ကို လွှဲပြီး မေးပြော ပြောလိုက်လျှင် သူ ပင် နည်းနည်း  စိတ်ပြောင်း သွား ကာ အိပ်လှဲနေရာက ထ,ကာ ဗီရို ထဲ မှ ရှိသမျှ စားစရာတွေ ထုတ်ပြီး ကျွန်မ ကို ကျွေး ပြန်သည် ။

“ အိမ် က တမင် စားဖို့ ပို့ပေးထားတာ ၊ အိမ် က လူတွေ က ဘာစားချင် စားချင် အလွယ်တကူ ရနိုင်တယ် ၊ ဒီမှာက မရဘူး ၊ သိမ်းထားပါ ”

ကျွန်မ က ပြောပြောဆိုဆို ငြင်းလျက်က စပျစ်သီး တစ်လုံး နှစ်လုံးကို ပါးစပ်ထဲ  အတင်း သွင်းသဖြင့် စား လိုက်ရသည် ။ ခုတင် ပေါ် မှာ တွဲထိုင်ပါ ဆို၍ သူ့ ဘေးနား  ဝင်ထိုင် ရပြန်သည် ။

“ ကိုယ့် ကို ဘယ်တော့ ခေါ်မှာလဲကွယ် ” သူ့ အသံ မှာ ဆွေးဆွေးမြည့်မြည့် နိုင်လှသဖြင့် ကျွန်မ ပင် စိတ်ပြောင်းလိုက်ချင်သည် ။

“ ခေါ်မှာပေါ့ ကိုကို ရယ် ၊ ကိုကို နေရလှ နောက် တစ်ပတ် ပေါ့ ၊ ဆရာဝန်ကြီး သွေးစစ်ပြီးရင် ကိုကို အိမ် ပြန်နိုင်တာပဲ ”

“ တစ်ပတ်တွေ များလှပြီကွယ် ၊ မှန်မှန်ပြောစမ်း ၊ ကို ကို့ ကို ဘာလို့ ဒါလောက်  လှည့်စားနေတာလဲ ၊ ကို ကို့ နေရာကို ခင် လိုချင်လို့လား ၊ ဒီလိုတော့ လုပ် မထားပါနဲ့ကွယ် ၊ ကိုကို ကြည်ကြည်ဖြူဖြူ နဲ့ အလုပ်တွေ ၊ ရှိသမျှ စည်းစိမ်တွေ အားလုံး ခင့် နာမည် နဲ့ ပြောင်းပေးပါ့မယ် ”

လေယာဉ်ကွင်း ဆင်းရန် ပျံဝဲနေသည့် လေယာဉ်စက်သံ ကြောင့် ကျွန်မ မှာ  သက်သာရာ ရသွားသည် ။

“ ကိုကို တို့ ညနေတိုင်း ပျင်းရင် လေယာဉ်ကွင်း ကြည့်ကြတယ် ၊ ဘက်တမင်တန် ကစားကြတယ် ၊ ခုမှ ကျောင်း ပြန် နေရတာနဲ့ တူနေတယ် ၊ ည လည်း ( ၇ ) နာရီ ဆို မီး မပေးတော့ဘူး ၊ မှောင်ကြီးထဲမှာ အိမ်ကို လွမ်းနေရတယ်ကွယ် … ”

ကျွန်မ မှာ သူ့ ကို ဖျောင်းဖျချင်စိတ် ကုန်ခန်းနေသဖြင့် ပြန်ရင် ဟန်ပြင်သည် ။

“ ကိုကို လိုက်ပို့မယ် ၊ ဒုတိယဝင်းအထိ တော့ ပို့ နိုင်ပါတယ် ။ အဲဒီက လွန်ရင် အစောင့် က လာ ဆွဲခေါ်တာပဲ ၊ ဒီကောင်တွေ က တစ်ခါ တစ်ခါ သိပ် ရိုင်းတာ ၊ ကိုကို ကတော့ တည်တည် နေလို့ လန့်ကြပါတယ် ”

သည်လို ပြောလိုက်ပြန်သဖြင့် ကျွန်မ မှာ ရင် နာသွားရပြန်သည် ။ ကိုယ့် စိတ် ကိုယ် အစိုး မရသူတွေ မို့ အစောင့် က ပင် ပမာခန့်ပါ့မလား ။

ကုန်းအဆင်း တွင် ရှေ့ မှ ရပ်ကာ သူ့ လက် ကို ကမ်းပေး၍ လှမ်းဆွဲစေပြန်တော့ ရင်နာနေသူ မှာ ပို၍ ကြေကွဲလာရပြန်သည် ။ စိတ် ကို တင်း၍ ဖြတ်ကာ ကား ပေါ် ရောက်လျှင် သူ့ ဘက် မလှည့်ဘဲ နှုတ်ဆက်ရသည် ။

“ ကို ကို့ ကို မြန်မြန် လာခေါ်နော် ၊ ကိုကို တောင်းပန်ပါရစေကွယ် ”

ခပ်လေးလေး ပြောလိုက်သည့် စကားစု မှာ အိမ် အထိ ပါ လာသည် ။ အိပ်ရာပေါ် ကိုယ် ကို ပစ်လှဲရင်း ထွက်ပေါက်ကျလာသည့် မျက်ရည်တာရိုး က ဆည်လို့ မနိုင်အောင် ကျိုးတော့သည် ။

•••••   •••••   •••••

“ ခင်ခင် ရှိလားဟေ့ ”  ကျက်ကျက်ရရ မှတ်မိသည့် သည် အသံကြောင့် အိပ်ရာက ဇတ်ခနဲ ထ လိုက်မိသည် ။ ခဲအိုတော် မှာ ကုန်ခဲ့သည့် ( ၁၀ ) နှစ်ခန့် က ရုပ်ရည် အတိုင်းပင် ။

“ ခုမှပဲ လာဖြစ်တယ်ကွယ် ၊ အလုပ်ကိစ္စ ကလည်း များ နေတယ်ဟေ့ ”

“ ကဲ … မြင့်မောင် ဖြစ်ပုံ ပြောပြစမ်းပါဦး ”

အစမှာ အတော်ပင် ခက်လေသည် ။ ချစ်မယား အပေါ် ဝတ္တရား ကျေသူ ၊ အလုပ် မှ လွဲ၍ အခြား အာရုံ မရှိသူ တစ်ယောက် ၏ ဖြစ်ပုံမှာ ထူးဆန်း၍ မယုံနိုင်စရာချည်း ဖြစ်မည် ။

“ ကျွန်မ လည်း မယုံဘူး အစ်ကိုကြီး ၊ ဒါပေမဲ့ ကျွန်မ ကိုယ်တိုင် တွေ့ရ သိရတဲ့ ကိစ္စမို့ပါပဲ ”

“ ၁၀ နှစ် အတွင်း မင့် မှာရော သူ့ မှာရော ပြောစရာ အပြစ် မရှိတာ မှန်တယ် ၊ ဒီဘက်ပိုင်း မှာ သားသမီးရယ်လို့ စိတ် ဖျော်ဖြေစရာကလည်း ကင်း ၊ အလုပ် ကလည်းပြင်းပြင်းထန်ထန်  အာရုံ စိုက်ရလွန်းလို့ စိတ်ပြေလက်ပျောက်ရုံ က စတာ များလားပဲ ၊ ဒါပေမဲ့  အစ်ကိုကြီး ကိုယ်တိုင်လည်း သူ့ ကို တွေ့ကြည့်ရဦးမယ် ၊ သည်ကိစ္စမှာ အခု ခင်ခင်  လုပ် လိုက်ပုံကိုလည်း အစ်ကိုကြီး သိပ် သဘော မကျဘူး ၊ အလုပ် မှာ အာရုံရောက်ပြီး စိတ် တိုတောင်းနေတယ် ၊ ကြာရင် စိတ္တဇဝေဒနာ စွဲကပ်မှာ စိုးရပါတယ် ၊ နောင်တစ်ကြိမ်လည်း သူ့ အသက်ကို ရန်ရှာကောင်း ရှာပါဦးမယ် ဆိုပြီး ၊ ခုလို ဆေးရုံ တောင် ပို့ထားတာ ၊ မြင့်မောင်အနေနဲ့ ကြည့်တော့လည်း သူ့ အပေါ် မတရားရာ ကျနေတာပဲ ၊ အစ်ကိုကြီး သူ နဲ့  တွေ့ကြည့်မယ်လေ ၊ ခင်ခင် ကလည်း သူ့ ဘက် ကိုယ့် ဘက် မျှ စဉ်းစား ၊ တိုင်တိုင်ပင်ပင် လုပ်သင့်တာ  လုပ်ကြရအောင်ပေါ့ ”

ခဲအိုတော် မှာ ဆေးရုံ မှ ပြန်အလာတွင် ပို၍ပင် နှုတ်ဆိတ်နေသည် ။

“ ခင်ခင် ချုပ်ချယ်လွန်းလို့ အိပ်ဆေး သောက် မိတာပါ အစ်ကိုကြီး ” ဟူသော သိပြီးသား အဖြေ ကိုသာ ရလာသည် ။ အကြောင်းထူး မသိရ ။ ကျွန်မ မှာ ဝေဒနာ ထပ်ရသည့်  စေတနာတွေ ကိုသာ ပြန်လည်စစ်ကြောရင်း ဒေါမနဿပွားများရသည် ။

“ ခင်ခင်ရေ … လာပါဦး ”

ညဥ့်အတော်နက်မှ ခဲအိုတော် က စကားဦး စလေသည် ။

“ ထိုင်ပါဦး ညီမ ရယ် ၊ ခုလို သူလည်း စိတ်ဆင်းရဲ ၊ ညီမ လည်း စိတ်ဆင်းရဲ ဖြစ်ရတဲ့ ကိစ္စမှာ ၊ သူ အလုပ် လွန်လွန်ကျွံကျွံ လုပ်မိတာက တရားခံ လို့ အစ်ကိုကြီး ထင်တယ် ၊ ပြီးတော့ နေ့လယ် က သူ့ ဆီမှာ ဟို ကလေးမ ကို လည်း တွေ့ခဲ့တယ် ”

“ ဟင် … အစ်ကိုကြီး တွေ့ခဲ့တယ် ၊ သူ့ ဆီ ကို သူ က လာတယ် ဟုတ်လား အစ်ကိုကြီး ၊ တစ်ခါတည်း မေးမြန်းပြီး ဒီ ကိစ္စ ကို ရှင်း မပစ်နိုင်ခဲ့ဘူးလား ရှင် ”

“ အစ်ကိုကြီး ပြောပြပါ့မယ်လေ ၊ ရှင်းရအောင် ဆိုတာ သူတို့ နှစ်ယောက် ကြား မှာ ဘာမှ အရှုပ် မရှိဘူးကွဲ့”

“ အို … ဒါကတော့ အထင်ရှားကြီးပါ ၊ ကျွန်မ လက် ထဲမှာ ကို သူတို့ စာတွေ ရှိနေတာပဲ ၊ သူတို့  ရှုပ်နေကြတာ အထင်အရှားကြီးပါ ”

“ မြင့်မောင် အနေနဲ့ သူ့ အပေါ်မှာ စာပေမိတ်ဆွေ အနေနဲ့က လွဲလို့ ဘယ်လိုမှ သဘော မထားပါဘူး ၊ ကလေးမကလေး က လည်း ရောဂါသည် မိတ်ဆွေ တစ်ယောက်ကို လူနာမေး လာရုံက လွဲလို့ မရိုးသားတာ အစ်ကိုကြီး မတွေ့ရဘူး ”

“ ဒါက အစ်ကိုကြီး အမြင်ကိုး ၊ ကျွန်မ သိထားရတာတွေကတော့ ကျွန်မ ဘယ်လို ဖုံးကွယ်ပြီး မေ့ပစ်လိုက်နိုင်မလဲ ”

“ ကဲ … တိုတို ချုံးရရင် ဒါဖြင့် မင်း မြင့်မောင် ကို စွန့်နိုင်မလား ” မမျှော်လင့်သော မေးခွန်း မှာ ရုတ်တရက် ရောက်လာသည် ။

“ ဪ … အစ်ကိုကြီး က ညီ ဘက်ကကိုး ၊ အခု ညီတော်မောင် က စစ်ကူ တောင်းလိုက်ပြီ ထင်ပါတယ် ၊ အရှင်းကြီးပါလေ ၊ ကျွန်မ က ကြည်ကြည်ဖြူဖြူ ကွာပေး ၊ သူတို့က အတိအလင်း  လက်ထပ်ကြမယ် ”

“ ဒီ အခြေအထိတော့ အစ်ကိုကြီး မပြောနိုင်ဘူး ၊ ဒါပေမဲ့ မြင့်မောင်ကတော့ မင်း အပေါ်  စိတ် ကုန်ခမ်းနေပြီ ”

“ သူ့ အခြေအနေကကော ”

“ ဆရာဝန်ကြီး နဲ့ တွေ့ပြီးပါပြီ ၊ အာမခံ ခေါ်ယူရင် ပြန် နိုင်တယ်လို့ သိခဲ့ရပြီ ၊ မနက်ဖြန်ပဲ ဆင်းနိုင်အောင် စီစဉ်ခဲ့တယ် ၊ သူ ဒီ မရောက်ခင် ဒီ ကိစ္စတွေ အစ်ကိုကြီး က ရှင်းပေးမလို့ပါပဲ ”

“ သူ့ သဘောကကော ”

“ သူ ကတော့ မင်း ကို ရင်နင့်အောင် ချစ်ခဲ့တယ် တဲ့ ၊ ဒါပေမဲ့ မင်း ဟာ သူ့ အပေါ်မှာ ချုပ်ချယ်မှု များပြီး သူ့ ကို မင်း ကိုယ် လောက် မချစ်ဘူး ၊ မညှာဘူး လို့ ထင်တယ် တဲ့ ၊ သူ့ ထက် မင်း ကိုယ် ကို မင်း ချစ်လွန်းတယ် ၊ အလို လိုက်လွန်းသတဲ့ ”

“ ဟို … သူငယ်မ ကိစ္စကကော ”

“ သူ့ အဖို့ ဒီပြဿနာ မရှိဘူး ခင်ခင် ၊ မင်း တစ်ယောက်တည်း သာ ဒီ ပြဿနာ ပေါ်နေတာ ”

“ ဒါဖြင့် အိပ်ဆေး သောက်တာ သူငယ်မ ကို လက်ထပ် မယူနိုင်လို့ မဟုတ်ဘူးပေါ့ ”

“ ဒီ ကိစ္စ က သူ ခဏခဏ ဖြေခဲ့ပြီးပါပကော ၊ မင်း က သူ့ အလုပ် မှာ နှောင့်ယှက်  ချုပ်ချယ်လွန်းတယ် ၊ ပြီးတော့ သူ့ အလုပ် ကို မနိုင် နိုင်တာလည်း တစ်ကြောင်းပဲပေါ့ ”

“ ဒီ ကိစ္စ မှာ အစ်ကိုကြီး သဘောကကောရှင် ”

“ အစ်ကိုကြီး က တော့ မြင့်မောင် လို သူ့ အလုပ် က လွဲပြီး လူ့ လောကဝတ် ဘာမှ မသိတဲ့ အကောင် ကို လူ့ သဘာဝ မပျက်အောင် ပြုပြင်ထိန်းသိမ်းခဲ့ တဲ့ မင်း နဲ့ပဲ ရှေ့ ဆက်နေစေချင်တယ် ၊  ဒါပေမဲ့ တို့ မြတ်စွာဘုရားကိုယ်တော် ဟောကြားသလိုပေါ့ ၊ ဘယ် အမှု ကိစ္စ မဆို မဇ္ဈိမ ပဋိပဋာ  အလယ်အလတ် မယုတ်မလွန်ရအောင် သတိဝီရိယ ထားပြီး ပြုပြင်ထိန်းသိမ်းဖို့ က မင်း ဝတ္တရားပဲ ခင်ခင် ၊ ကဲ … မင်း လည်း သေသေချာချာ စဉ်းစားထား ၊ မနက်ဖြန် အစ်ကိုကြီး မြင့်မောင် ကို ဆေးရုံ က ပြန် ခေါ်ရမယ် ”

•••••   •••••   •••••

မနက်စောစော မို့ လူ ရှင်းနေသည် ။

ဝင်းတံခါး ကို အုပ်မိုးထားသည့် မရမ်းပင် ကံ့ကော်ပင် များ က ပြာမှိုင်း မှိုင်းမှုန်နေသည် ။  ကျေးငှက်သိုက်များ ဆီ က မ,ဖို ခေါ်ထူးသံ မှာ တတျာတျာနှင့် မဆုံးနိုင်သည့် တေးသံသာ တစ်ပုဒ်ပမာပင် ။ ထွက်ပြူစပြုနေသည့် ရွှေဘောင်ကွပ်ထားသည့် မြကမ္ဗလာခြုံထည် နှင့် ရောယှက်ကာ တောက်ပလျက် ရှိသည် ။ ကံ့ကော်ပွင့်ဖတ်ကလေးများ က မြေပေါ် သို့ မာန ကင်းလွတ်စွာ ကြွေသက်လျက် ရှိကြသည် ။

ကာကီဝတ်စုံ နှင့် တံခါး စောင့် က ဖွင့်လိုက်သည့် ဝင်းတံခါး အကျယ်တွင် ကိုကို နှင့် ခဲအိုတော် က ပေါ်ထွက် လာကြသည် ။ ဦးခေါင်း ကို စိုက်မတ်လျက် မြေပြင် ကို သာ အာရုံ စိုက်လာသူ ကိုကို က ကျွန်မရှေ့ ကျမှပင် မျက်နှာ ကို ထုတ်ဖော် မော့လေသည် ။

“ အစ်ကိုကြီး လမ်းလျှောက်ဦးမယ်ဟေ့ ၊ မင်း တို့ ပြန်နှင့် ”

ပြောပြောဆိုဆို ကမာရွတ် ဘက် သို့  ဦးတည်လျှောက်သွားသည့် ခဲအိုတော် ၏ကျော ဆီသို့ အဓိပ္ပါယ် မရှိ လှမ်း ကြည့်မိကြသည် ။

“ ကိုကို ”

ကိုကို က ပြန် မထူးဘဲ ကျွန်မ လက်နှစ်ဖက် ကို ဆွဲယူ ဆုပ်ကိုင်လိုက်သည် ။

“ လွှတ်ပါ ကိုကို ”

ကိုကို က ကျွန်မ ကို လွှတ်ပေးကာ ၊ မနီးမဝေး ဆီ မှ ငုပင်ကလေးဆီ သို့ လျှောက် သွားသည် ။

“ အစ်ကိုကြီး ပြောတယ် ၊ ကိုကို က ခင် နဲ့ … ”

ကိုကို က ခူးယူလိုက်သည့် ပန်းခိုင်နှင့် ကျွန်မ ပါးစပ် ကို ကာလိုက်သည် ။

“ ငြိမ်ငြိမ်နေစမ်း ၊ ငုပွင့်ကလေးတွေ လှလိုက်တာ ”

“ မဟုတ်ဘူး ကိုကို ၊ ခင် ကိုကို နဲ့ မနေတော့ဘူး ၊ ခင့် ပစ္စည်းတွေအားလုံး ပြင်ပြီးပြီ ၊ ခင် သွားတော့မယ် ”

“ အို … မျက်ရည်တွေ မကျနဲ့လေ ၊ နောက်ဘက်က တစ်ပင်လုံး ပွင့်နေတဲ့ ငုပင်ကလေး နဲ့  သိပ် ကြည့်လှတာ ”

“ ပြောင်ပါ ကိုကို ရယ် ၊ ပြောင်ပါ လှောင်ပါ ၊ အားရအောင် လှောင်ပါ ၊ ခင် ကိုကို နဲ့  လမ်းခွဲတော့မှာပါ ၊ ခင် အုံ့ပုန်းပူနေရတဲ့ အပူကလေး ကို အပူကြီး အဆွေးကြီး ဖြစ်အောင် ကိုကို တို့ လုပ်ကြပါ ”

“ ရော့ … ယူစမ်း ၊ ငုပွင့်ကလေးတွေ ဘယ်လောက် ကျက်သရေ ရှိသလဲ ၊ ဝါဝါဝင်းဝင်း ရဲရဲတင်းတင်း ပွင့်ပွင့်လင်းလင်း နဲ့ ခင့် လိုပဲ ပရိယာယ်ကင်းလွန်းလို့ ကိုကို ဖြင့် ခင့် ကို  ဒီပန်းကလေး မြင်တိုင်း လွမ်း လိုက်ရတာ ၊ ခင် … ကိုကို လေ ကိုယ့် ကိုယ်ကိုယ် ညာ မနေတော့ဘူး ၊ ဟိုကလေးမ ကို စာပေမိတ်ဆွေ ဘဝ က တစ်စ တစ်စ နယ် ကျော်မိမလို စိတ်ကူးယဉ်ခဲ့ပေမယ့် တကယ့် တကယ် ကျတော့ သူ က ခင့်ကို မမီဘူး ခင် ၊ အဲဒီ အချိန်တုန်း က ကိုကို့ ကျန်းမာရေး ထိခိုက် မှာ စိုးလို့ ချုပ်ချယ်တဲ့ ခင့် ကို မတရား ထင်ခဲ့မိတယ် ၊ ဆေးရုံ မှာ အနား ယူရရင် သတိလက်လွတ် ဖြစ်ခဲ့ရတဲ့ ကိုကို့ ရဲ့ ကျန်းမာရေး နဲ့ ဂုဏ်သိက္ခာ ကိုလည်း ပြန်ပြီး အဖတ်ဆယ်  ထိန်းသိမ်း နိုင်ခဲ့လို့ ခင့် ကို ကျေးဇူး တင်မဆုံးဘူး ခင် ”

“ ကိုယ့် ကိုယ် ကိုယ် ကိုကို လှည့်စားမနေပါနဲ့တော့ ကိုကို ရယ် ၊ ကိုကို သူ့ကို  လက် မထပ်နိုင်လို့ ကိုကို့အသက် ကို တောင် မနှမြောခဲ့ဘူး မဟုတ်လား ကိုကို ၊ ခင် ကိုကို့ ကို ဘယ်လို ချစ်တယ် ဆိုတာကတော့ သက်သေ ပြပြီးပြီ ၊ ကိုကို ခင့် ကို မုန်း မှာ ၊ ပစ် မှာ ကြောင့်ကြနေရတဲ့ အုံ့ပုန်းပူ ကို လည်း သိရပြီ မဟုတ်လား ကိုကို ၊ ခင့် ကို သဘောထားသိမ်တယ်လို့ ဆိုဆို ၊ ခင် တော့ ကိုကို့ကို ဝေပုံမချစ်နိုင်ဘူး ကိုကို ”

“ အို … ခင်ရယ်… ကိုကို အမြင်မှန်တွေ့ပါပြီ ၊ နောင်တ လည်း ရပါပြီ ၊ ခင့် အပေါ် မှာ ကိုကို တင်ခဲ့တဲ့ ကြင်ကြင်နာနာ ယုယုယယ ပြုစုဖို့ အကြွေးတွေ ကိုကို ဆပ် ရပါဦးမယ်ကွယ် … လက်ခံပါ ခင် ရယ် ၊ ကိုကိုကပဲ တောင်းပန်ပါရစေ ၊ ခင် … ကိုကို့ အနား က ဘယ်မှ သွားဖို့ မလိုဘူး ၊ သွားလည်း မသွားရဘူး ခင်”

( June Allyson ပါသည့် ရုပ်ရှင်ကားတစ်ကားကို မှီး၍ ရေးကြည့်ပါသည် ။)

◾ ခင်လတ်

📖 သွေးသောက် မဂ္ဂဇင်း
      ၁၉၅၈ ခုနှစ် ၊ မေလ

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment