Friday, April 1, 2022

သတင်းစာ အဟောင်း နှင့် မီးချောင်း အကျွမ်း


 

❝ သတင်းစာ အဟောင်း နှင့် မီးချောင်း အကျွမ်း ❞

ဘိုင် ပြတ်နေ၍ အလွန်ကြိုက် တတ်သော အဖြူဆိုင် နား မကပ်နိုင်သည်မှာ ကြာပေ ပြီ ။ သည်နေ့တော့ ရုံး မှာ လက်နှိပ်စက် စာရေးမ မတင်မြ ထံမှ လခ ထုတ် ပေးဖြင့် အစိတ်တန်လေး တစ်ရွက် ရထားသည် ။  လခထုတ်သည့် နေ့တွင် နှစ်ဆယ့် ခုနစ်  ကျပ်ခွဲ ပြန် ပေးရမည် ဖြစ်သည် ။ ရုံး မှ အိမ် အပြန် ပုဇွန်တောင် ပန်းခြံ ထောင့် ဆိုင် မှာ အမြည်းကောင်းကောင်း ဖြင့် ခုနစ်  ပက်လောက်တော့ ချလိုက်တော့မည် ဟု စိတ်ကူးထားသည် ။

နံနက် အိမ်မှ ထွက် လာစဉ်က အိမ်ရှင်မ ၏ ညည်းညူသံ ကို ကြားခဲ့ရ သည် ။ လကုန်ရန် ဆယ်ရက် ခန့် လို သေး သည် ။ အိမ် မှာ ပိုက်ဆံ ပြတ်ပြီ ဟု သိရ သည် ။ သတင်းစာ အဟောင်းများနှင့် လေးပေ မီးချောင်းအကျွမ်း နှစ်ချောင်း ကို ရောင်းလျှင် တစ်ဆယ် ခန့်တော့ ရနိုင် သည်ဟု ပြောသည် ။ သူ့ ဟာ သူ ဖြစ်သလို ကြံ ဖန်လိမ့်မည် ။ မတင်မြ ထံ မှ ချေး ထားသည့် နှစ်ဆယ့်ငါးကျပ် ကို လျှို ထားရမည် ။ မလွှဲမရှောင်သာ လိုအပ်မှ အိမ်ရှင်မ ကို ပေးမည် ။ သည်နေ့ အရက် ချပြီး အကျန် ကို နက်ဖြန် အတွက် မှတ်ပုံတင်ကတ်ပြား ၏ အတွင်းခေါက် ထဲမှာ ညှပ်၍ ကပ် ထားရမည် ။ ဒါမှ အိတ် နှိုက်တတ်သော အိမ် က ဟာ မ ၏ အန္တရာယ် မှ ကင်းလွတ်မည် ။

ညနေ လေးနာရီခွဲ သည်နှင့် အချိန် ပို မဆင်းတော့ဘဲ တစ်ချိုးတည်း  သုတ်ခြေ တင် လာခဲ့သည် ။ သာကေတ ရှိ  ကျွန်တော့်  အိမ်နား က ဆိုင်တွင် သောက်လျှင် အသိ မိတ် ဆွေ နှင့် တိုး နေမှာ စိုး ၍ ပုဇွန်တောင် ဆိုင်မှာပဲ သောက်ပြီး ခရီး ဆက်မည်ဟု  စိတ်ကူးသည် ။ ပန်းခြံထောင့် မှတ်တိုင်မှာ ဆင်းလိုက်သည် ။ 

အရက်ဆိုင် ရှေ့ပလက်ဖောင်း ပေါ် မှ ဖိနပ် အဟောင်း ရောင်းဝယ်သူများ ၊ အင်္ကျီ လုံချည် အဟောင်း အရောင်းအဝယ် ဖြစ်တော့မလို့ ဈေးဆစ်နေသူများ ၊ ပစ္စည်း ပြနေသူများ ၊ ကပ်တီးမူးလဲ လုပ်ရန် မျက်နှာသိ စောင့် နေသူများ ကို တိုး ဝှေ့၍ အမြည်း ဆိုင်တန်းကြီး ရှိရာ သံဆူးကြိုး ဝင်း ထဲ ဝင် လာခဲ့သည် ။ အမြည်း ကောင်းကောင်း သန့်သန့် ရနိုင်ပြီး လူ ရှင်းသည့် ဆိုင် ကို ရှာဖွေ နေစဉ်

“ ဟေ့ ကိုလှမောင် ”

ဗလုံးဗထွေး လေးတွဲ့တွဲ့ အသံကြီးဖြင့် ကျွန်တော့် နာမည် ခေါ်သံ ကြားလိုက်ရသည် ။ အသိ နှင့် တွေ့မှာ ကြောက်ပါတယ် ဆိုမှ ပီပီသသ ကြား လိုက်ရသော အနီးအနား မှ ခေါ်သံကြောင့် လှည့် မကြည့်ချင်ဘဲ ကြည့် လိုက်ရသည် ။

“ ဟာ ”

ကျွန်တော့် ပါးစပ် မှ ' ဟာ ' ခနဲ အသံ မြည် သွားအောင်ပင် အံ့သြ သွားပါသည် ။ အရက် သောက် နေသော ကိုမြအေး ကို မြင်လိုက်ရသော ကြောင့်ပင် ဖြစ်သည် ။

“ ဘယ်လို ဖြစ်တာလဲ ဆရာကြီး ရဲ့ ”

ကိုမြအေး တစ်ယောက် အရက် ပြန် သောက်နေတာ တွေ့ ခဲ့ပါ တယ် လို့ သူများ လာ ပြောလျှင် ကျွန်တော် ဘယ်လိုမှ ယုံမည် မဟုတ် ။ အခုတော့ ကျွန်တော့် မျက်စိ ကိုပင် ကျွန်တော် မယုံနိုင်အောင် ဖြစ်သွားရ တော့သည် ။ ရေချိန် ကိုက်စ ပြုနေပြီဖြစ်သော ကိုမြအေး ကို မယုံကြည်နိုင် သော အကြည့် ဖြင့် ကြည့်၍ ဘယ်လို ဖြစ်တာလဲဟု မေးလိုက်ရခြင်း ဖြစ်သည် ။

“ ကြားတဲ့ အတိုင်းပဲလေဗျာ ၊ ကြားတဲ့ အတိုင်း ဆိုတော့ အခုလို မြင်တဲ့ အတိုင်း ဖြစ်သွားတာပေါ့ဗျာ ၊ ဟား ဟား လာ ထိုင်ဗျာ ”

သူ့ ဘေးနားမှ လွတ် နေသော ခွေးခြေ အနိမ့်လေး ပေါ် တွင် ဝင် ထိုင်ရသည် ။ ခုနစ်ကျပ် ပြားနှစ်ဆယ် တန် အကြီးတစ်လုံး ကို တစ်ယောက် တည်း ဖြို နေဟန် တူသည် ။ ဆယ့်ငါးပက် ဆံ့သော ဘီယာပုလင်း ကြီး တွင် လက်လေးလုံး ခန့်သာ ကျန်တော့သည် ။ အမြည်း ရောင်းသည့် မိန်းကလေး ထံ မှ ဖန်ခွက် တစ်လုံး တောင်း ၍ ကျွန်တော့် အတွက် ပြည့်ပြည့် တစ်ခွက် ငှဲ့ထည့်လိုက်ပြီး 

“ ကဲ ချဗျာ ၊ ကျွန်တော့် မှာ ပါတာတော့ ကုန်ပြီ ၊ ခင်ဗျား မှာ ပါရင်တော့ ဆက် လုပ်ရအောင် ၊ ဟဲ ဟဲ ”

“ ရပါတယ်ဗျာ ”

အတိုး ဖြင့် ချေး လာသော အစိတ်တန် တစ်ရွက် အားကိုးဖြင့် ရပါတယ် ဟု ပြောလိုက်ရသော်လည်း အသံ နည်းနည်း တုန် သွားသည် ဟု ထင်လိုက်ရသည် ။

ကိုမြအေး ထည့် ပေးထားသော ကျွန်တော့် ခွက် ထဲ မှ အရက် မှာ  နည်းနည်း များ နေ၍ ရေ ရောလိုက်သောအခါ ဖန်ခွက် ပြည့် သွားသည် ။ ကျွန်တော့် အလေ့အထ အတိုင်း “ ဖတ်စ်ကပ် ” ခေါ် ပထမ တစ်ခွက် ကို တစ်ချီတည်း မော့ လေ့ ရှိသော်လည်း နှစ်ခါ နား ၍ မော့ လိုက်ရသည် ။ အောင့်နေသော ဗိုက် မှာ ထွေးထွေးနွေးနွေး ဖြစ်သွားပြီး ငါးရှဉ့်ကြော်လေး နည်းနည်း ဝါးလိုက်တော့မှ နေသာ ထိုင်သာ ဖြစ်သွားသည် ။

ကိုမြအေး ဆိုတာက လူငယ့်ရေးရာ ညကျောင်း မှာ ကျွန်တော် နှင့် တစ်ခုံတည်း ထိုင်ခဲ့သော ကျောင်းနေဖက် သူငယ်ချင်း မျှသာ ဖြစ်သော် လည်း ဝါသနာတူ စရိုက်တူချင်းမို့ တစ်ကိုယ်ရေ တစ်ကာယ ကိုမြအေး တစ်ယောက် ကျွန်တော့် အိမ်ပေါ် သို့ ရောက်ခဲ့ရသည် ။ အထက်တန်းစာရေး ကိုမြအေး က ထမင်းလခ တစ်ရာ့ငါးဆယ် ပေး သောကြောင့် ကျွန်တော့် ဇနီး မခင်မူ က ကြည်ကြည်ဖြူဖြူ ပင် လက်ခံ ကျွေးမွေးခဲ့ပါသည် ။

လူပျိုကြီး ကိုမြအေး နှင့် ကလေးအဖေ ကျွန်တော် တို့ ညနေတိုင်း လိုလို ယစ်ရွှေရည်ကလေး တမြမြ လုပ်ခဲ့ကြသည် ။ ကျွန်တော် က မှ ဘိုင် ကျလျှင် ဣန္ဒြေ ရသေးသည် ။ ကိုမြအေး တစ်ယောက် ကတော့ မသောက် ရလျှင် မနေနိုင်လောက်အောင် ဖြစ်လာသည် ။ နေ့စဉ် သောက် နိုင်အောင်လည်း ကိုမြအေးက အကြံအဖန် ကောင်းသူ ဖြစ်သည် ။

ကိုမြအေး ကျွန်တော့် အိမ်ပေါ် ရောက်ပြီး တစ်နှစ်လောက် အကြာ မှာတော့ လူပျိုကြီး သုံးဆယ် ကျော် ကံ ပေါ်သည်ဟု ပြောရမလား ၊ ကံ ဆိုး သည် ဟု ဆိုရမလား မပြောတတ် ။ သူ့ ရုံးမှ စာရေးမ မေမေခင် နှင့် လူမသိရှင်ကြား အသံချဲ့စက် ဖွင့် သံတောင် မကြားလိုက်ရဘဲ တရားသူကြီး ကို လက်ဖက်ရည် တိုက် ၍ လက် ထပ်လိုက်ကြသည် ။ နောက်နေ့မှ စ၍ ကိုမြအေး ကျွန်တော့် အိမ် မှ ပြောင်းရွှေ့ သွားခဲ့သည် ။ 

မင်္ဂလာသတင်း စကား ကတော့ အမျိုးမျိုး ကြား လိုက်ရသည် ။ လှည်းကျိုး ဝင် ထမ်း ရသည် ဟူ၍ လည်းကောင်း ၊ အချဉ် ဖမ်း ခံရသည် ဟူ၍ လည်းကောင်း အပေါင်းအသင်းတွေ ပြောနေသံ ကြားရသည် ။ ဘယ်သူတွေ ဘာပြောပြော ကိုမြအေး တစ်ယောက် ကတော့ သောက်ဖော် စားဖက်တွေ ကို ရှောင်ကြဉ်၍ မေမေခင် ၏ ရင်ခွင် မှာ ထာဝစဉ် ခိုလှုံ သွားခဲ့လေသည် ။

ကျွန်တော့် အိမ်မှ ပြောင်းသွားပြီး တောင်ဥက္ကလာ မှာ အိမ်ငှား နေ ကြ သလိုလို ၊ အင်းစိန် ဖော့ကန် မှာ ပဲ အိမ် ဝယ်လိုက် သလိုလို ကြားလိုက် ရပြီးကတည်းက တစ်နှစ်လောက် အဆက်အသွယ် ပြတ်သွားတော့သည် ။

သို့သော် အပေါင်းအသင်းတွေ ဆီမှ တစ်ဆင့် သူ့ သတင်းလေး များကို တစ်စွန်းတစ်စ ကြားနေရသည် ။ လင်မယား နှစ်ယောက်လုံး အလုပ် မှ ထွက်သွားကြပြီ ဟူ၍ လည်းကောင်း ၊ ကြီးပွားနေကြပြီ ဟူ၍ လည်းကောင်း ၊ မေမေခင် က ဗေဒင်လက္ခဏာဆရာ လုပ်နေသည်ဟူ၍ လည်းကောင်း ၊ ကိုမြအေး တစ်ယောက် သမထ ပေါက် သွား၍ အရက် မသောက်တော့ဘူး ဟူ၍ လည်းကောင်း ဝမ်းသာစရာ သတင်းစကား လေးတွေကိုလည်း ကြားရသည် ။

ယမန်နှစ် သင်္ကြန် မကျမီ တစ်လ လောက် ကတော့ ကျွန်တော့် နှမ တစ်ယောက် ၏ သား ရှင်ပြု မှ ဖိတ်၍ ကျိုက်ကလို့ ဘုရား သို့ သွားခဲ့သည် ။  အဲသည်မှာ မမျှော်လင့်ဘဲ ကိုမြအေး တို့ ဇနီးမောင်နှံ နှင့် ပြန်လည် ဆုံတွေ့ ခဲ့ရသည် ။ သို့သော် ကိုမြအေး ကို စကား ပြောခွင့် မရခဲ့ ။ ကိုမြအေး မှာ “ ဝစီပိတ်အဓိဋ္ဌာန် ” ဝင် နေသည်ဟု ဆိုသည် ။ အဓိဋ္ဌာန် ရက် မပြည့်မီ မည်သူနှင့်မှ စကား မပြောရ ဟု ဒေါ်မေမေခင် က ရှင်းပြသည် ။ မူးဖော် သောက်ဖက်ကြီး အဓိဋ္ဌာန် ဝင်နေသည် ကို တွေ့နေရလေတော့ ဦးချရမှာလည်း အခက် ၊ မျက်နှာချင်းဆိုင် ထိုင် နေရပါလျက် စကား မပြောဘဲ မျက်လုံးကြီး ပြူးပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့် နေရ၍ ရယ်ချင်လာသဖြင့် ဆရာမ မေမေခင် ကို နှုတ်ဆက်ပြီး ထ လစ်ခဲ့ရပါတော့သည် ။ ကိုမြအေး နှင့် မေမေခင် တို့ ကို အများ က ဆရာ ၊ ဆရာမ ဟု  ဝိသေသ ပြု ၍ ခေါ်ပြောသံ ကြားခဲ့ရသည် ။

တစ်လောကတော့ ပပဝင်းရုံ နှစ်ကျပ်ခွဲတန်း မှာ တန်းစီနေတုန်း ကိုမြအေး တို့ ရုံးမှ စာရေးတစ်ယောက် နှင့် တွေ့၍ သူတို့ အကြောင်းကို မေးကြည့်မိရာ ကိုမြအေး နှင့် မေမေခင် တို့ ကွဲသွားကြပြီ ဟု ဆိုသည် ။  သူတို့ ကိုးကွယ်နေသော ဂိုဏ်းချုပ် က မေမေခင် ကို သုတ် သွားကြောင်း မကောင်းသတင်း ကြားခဲ့ရသည် ။

ကတော်ရုပ် ၊ လုံးကြီးပေါက်လှ မေမေခင် တစ်ယောက် နေ့စဉ် ကစော် စုပ်ပြီး ထမင်းလခ ပေးစားနေသော ကိုမြအေး နှင့် အပေးအယူ တည့် သွားကြစဉ်ကပင် ကျွန်တော်က သိပ်ပြီး စိတ်မချ ။ ကိုယ့် လူ ကို ပြော ရမှာ မဟုတ်၍သာ အသာ ငြိမ်နေလိုက်ရသည် ။ တစ်နေ့နေ့မှာ သည် ပြဿနာမျိုး နှင့် တိုးနိုင်သည်ကိုတော့ ကြို တွက်ထားပြီးသား ။

“ အေးဗျာ ၊ ခင်ဗျား အကြောင်း တစ်စွန်းတစ်စတော့ ကြားသား ဗျ ။ ဒါပေမယ့် ဟုတ်မှန်း မသိ မဟုတ်မှန်း မသိ ၊ တချို့ကလဲ မနာလို မျက်မုန်းကျိုးပြီး မှိုချိုးမျှစ်ချိုး ပြောတတ်ကြတော့ မယုံမိဘူးဗျ ”

သူတို့ သတင်းစကား ကြားလိုက်ကတည်းက အကြွင်းမဲ့ ယုံပြီးသား ။ ဒါပေမယ့် ကိုယ့် လူ ကို နှိမ် သလို ဖြစ်သွားမှာ စိုး၍ အနည်း ငယ် ပင့်ပြီး ထောင် ပေးလိုက်ရသည် ။

“ ဟုတ်သမှ သိပ် ဟုတ်တာပေါ့ဗျာ ၊ ဟား ဟား ၊ သိပ်ဟုတ် သိပ်ဟုတ် ၊ လုပ်ဗျာ ၊ ခင်ဗျား တယ် နှေး တာပဲ ၊ ချဗျာ ချဗျာ ”

ရေချိန် ကိုက်နေပြီ ဖြစ်သော ကိုမြအေး ကို ခံစားချက်ကလေး ဆွပေး လိုက်တော့ “ ချဗျာ ” ဟု ပြောရင်း ပုလင်း လက်ကျန်အားလုံး ကို ဖန်ခွက် နှစ်လုံးမှာ မျှ ထည့်လိုက်ခြင်းဖြင့် နောက် ပုလင်းအတွက် ကျွန်တော် တာဝန် ယူလ ိုက်ရတော့သည် ။

“ ကျွန်တော့် ကို တစ်ခါတုန်းက ခင်ဗျား ရွတ်ပြတဲ့ ကဗျာလေး တစ်ပုဒ် မှတ်မိသေးရဲ့လား ၊ ကျွန်တော် ကတော့ နားထဲမှာ စွဲ နေလို့ အလွတ် ရသေး တယ်ဗျာ ၊ အခုတော့ ဒီကဗျာလေး ဟာ ကျွန်တော့် အတွက်များ ရေးစပ်ထားလေသလား လို့တောင် ထင် မိတယ်ဗျာ ၊ ဟဲ ဟဲ ”

“ ဘယ် ကဗျာပါလိမ့် ”

ကိုမြအေး နှင့် ကျွန်တော် တို့ ကဗျာအကြောင်း စာအကြောင်း ဆွေးနွေးခဲ့ကြဖူးသည် ။ သို့သော် ဘယ်တုန်းက ဘာအကြောင်း ဆွေးနွေး မိခဲ့သည်ကိုတော့ မမှတ်မိတော့ ။

“ သီးခေါက် ကဗျာ လေဗျာ ၊ ဘာတဲ့
အပွေး ကို မြင် ၊
အပင် မယ် မသိတာကြောင့်
ဝယ်မိတာ မှား ။
လိမ်းမယ်လို့ သွေးတော့မှ
မွှေးနံ့သာ ဘယ်မပေါက်တယ်
သီးခေါက် နဲ့ ညား ဆိုတာလေ ။ အပွေးမြင် အပင်မသိ လို့ မြအေး တစ်ယောက် သီးခေါက် နဲ့ ညား ခဲ့ပါရောလား ကိုယ့်လူရာ ၊ ဟား ဟား ”

“ ဒါနဲ့ ခင်ဗျားတို့ ဇနီးမောင်နှံ သမထ ပေါက်ပြီး အကြားအမြင် ရကြ သေးတယ် ဆိုလားလို့ ”

ကိုမြအေး က မချိပြုံးကြီး ပြုံး၍ ရေမရောဘဲ မော့ချလိုက်ပြီး

“ ထွီ ဒီမှာ ဒီအကြောင်းတွေ နောက်မှ ပြောပြမယ် ၊ အလကားပါ ဗျာ ၊ သောနုတ္တိရ် က သင်္ကန်း ပတ်တာ ဘာကြောင့်လဲ သိလား ၊ ဆဒ္ဒန်ဆင်မင်း ကို သတ်ချင်လို့ပေါ့ဗျ ။ ဟား ဟား ခင်ဗျား အတော် ညံ့တဲ့ လူပဲ ”

မေမေခင် ဗေဒင်ဆရာမ ဖြစ်လာပုံ ၊ ဘိုးတော် နာမည်ကြီးရန် အတွက် သူတို့ ဇနီးမောင်နှံ က ဒလန် လုပ်၍ အထာ ဖန်ပေးခဲ့ရပုံများ ကို အရက်သံ နှော၍ အားရပါးရ ပြောပြတော့သည် ။

“ မသိပါဘူးဗျာ ၊ ခင်ဗျား ဝစီပိတ် အဓိဋ္ဌာန် ဝင်နေတာ တွေ့ရ တော့ ကျွန်တော့် မှာ သာဓု တောင် ခေါ်ခဲ့ပါသေးတယ် ”

“ ဘာ ဘာပြောတယ် ၊ သာဓု ခေါ်တယ် ဟုတ်လား ၊ ဟား ဟား ဒါဆိုရင် ခင်ဗျား က ကျွန်တော့် မိန်းမ နောက်မီး လင်း တာကို သာဓု ခေါ် သလို ဖြစ်သွားတာပေါ့ဗျ ။ ဟား ဟား ”

အားရပါးရ ရယ်မောရင်း ရေ မရောသည့် လက်နှစ်လုံးခန့် ကို တစ်ချက် တည်း မော့ချလိုက်ပြီး လေးဆယ့်ငါးရက် အဓိဋ္ဌာန် ခရီး အကြောင်း ကို နာကျည်းစွာ ပြောပြတော့သည် ။

သူတို့ ဆရာဘိုးတော် ၏ အသက် လေးဆယ့်ငါးနှစ် ပြည့်သော နေ့တွင် သက်စေ့ ပုဂ္ဂိုလ် လေးဆယ့်ငါးဦး ကို ဘိုးတော် က ဝစီပိတ် အဓိဋ္ဌာန် ဝင်စေသည် ဟု ဆိုသည် ။ အခြား ပုဂ္ဂိုလ်များမှာ ခုနစ်ရက် ဖြင့် အသီးသီး အဓိဋ္ဌာန် ရက် စေ့သွားကြသော်လည်း ကိုမြအေး ကို မူ အထူးစပယ် ရှယ် အဖြစ် ရာသက်ပန် လုပ်စားနိုင် ရန် အတွက် တစ်ကွက် လိုနေ သော ဝစီပိတ် အဓိဋ္ဌာန် အဖြစ် လေးဆယ့်ငါး ရက် ကို မေမေခင် ၏ တိုက်တွန်း ချက်ဖြင့် ဝင်ခဲ့ရသည် ဟု ဆိုသည် ။ လေးဆယ့်ငါးရက် လုံးလုံး စကား ပြောခွင့် မရခိုက်မှာ မေမေခင် တစ်ယောက် ဘိုးတော် နောက်သို့ လိုက်သွား ခဲ့သည်ဟု ဆိုသည် ။

“ အေးဗျာ ၊ ခင်ဗျား အဖြစ်က သိလျက်ကြီး နဲ့ ခံ လိုက်ရသလို ဖြစ်နေတာပေါ့”

“ သိလျက်နှင့်ပင် ဝိပါက်ကြမ္မာငင် ၍ ရွှေဉာဏ်ရှင် မဝေခွဲနိုင်ဘု  ပွဲတွေ့အမှား ”

ဇာတ်မင်းသား ဟန်မျိုးဖြင့် ဆွဲဆွဲငင်ငင် ဆိုလိုက်ခြင်းဖြင့်  ရေချိန် ကိုက်၍ အတော်လေး ခိုက်နေပြီ ဖြစ်ကြောင်း သိနိုင်သည် ။

“ ကဲ တော်ပလား ၊ ချဗျာ ”

လက် ကာ ပြသည် ။ အတော် မူးနေပြီ ဖြစ်သည် ။ စကားများများ ပြောလိုက်ရ၍လည်း အတော် မောသွားဟန်တူသည် ။

ကိုမြအေး မသောက်နိုင်တော့၍ လက်ကျန် ဖြတ်ပြီး စာရင်းရှင်း လိုက်ရာ အရက် ၊ အမြည်း ၊ ရေခဲ ၊ ဆေးလိပ် အားလုံး နှစ်ဆယ့်သုံးကျပ် ကျသည် ။ နှစ်ကျပ် သာ ကျန် တော့သည် ။

ကိုမြအေး ၏ အခြေအနေမှာလည်း လမ်းလျှောက်နိုင်စွမ်း မရှိ တော့ဘဲ လှဲ အိပ်တော့မည့် ဟန် ဖြစ်နေ၍ ထားခဲ့ရမည်မှာလည်း အခက် ၊ ခေါ် သွားရမှာလည်း သည်ပုံနှင့် ဆိုလျှင် သုံးဘီးကား ခေါ်ရလိမ့်မည် ။ သုံးဘီးကားတွေ ကလည်း သာကေတ ဆိုလျှင် နေ့လယ်နေ့ခင်း ပင် မလိုက်ချင်ကြ ။ အခု ရှစ်နာရီ ထိုးခါနီးလေပြီ ။ ပိုက်ဆံ ကလည်း နှစ်ကျပ် သာ ကျန်တော့သည် ။ သာကေတ သုံးရပ်ကွက်ဈေး ဆိုလျှင် အနည်းဆုံး တစ်ဆယ်တော့ တောင်းပေလိမ့်မည် ။

ကိုမြအေး ကို လမ်းဘေး သစ်ပင် မှာ မှီ ထားပြီး သုံးဘီးကား ခေါ် သည် ။ ငါးစီးလောက် လက် ခါပြပြီးမှ သာကေတ သို့ ပြန် အိပ်မည့် သုံးဘီးကား တစ်စီး က ရပ်ပေးသည် ။ ခုနစ်ကျပ် နှင့် ဈေး တည့်ပြီး ကိုမြအေး ကို ပွေ့ တင်လိုက်ရတော့သည် ။

သုံးဘီးကား ခ ငွေငါးကျပ် လိုသေးသည် ။ မနက်က အိမ် က ထွက် လာစဉ်က ဇနီးသည် မခင်မူ ညည်းညူသံ ကြားခဲ့ရသေးသည် ။ သတင်းစာအဟောင်းတွေ နှင့် လေးပေမီးချောင်း အကျွမ်းတွေ ရောင်းတာ ဘယ်လောက် ရထားလဲ မသိ ။ ငါးကျပ် လောက်တော့ ကျန် တန်ကောင်း ပါရဲ့ ၊ မရောင်းရသေး ရင်တော့ ပြဿနာပဲ ။

“ ဆရာကြီး သုံးဈေး ရောက်ပြီလေဗျာ ”

ကားသမား က သတိပေးလိုက်တော့မှ သုံးဈေး ရှေ့ ရောက်နေမှန်း သိတော့သည် ။ ကိုမြအေး ကတော့ ကျွန်တော့် ပေါင်ပေါ်မှာ အိပ်ပျော်၍ နေပေပြီ ။

“ အဲဟို ရှေ့က လမ်းထဲ ချိုး ဝင်လိုက်ပါဗျာ ၊ လက်ယာဘက် သုံးအိမ် ကျော် က ရေနံဆီမီးခွက် ထွန်းထားတဲ့ သုံးခန်းတွဲ အိမ်ရှေ့မှာ ရပ်လိုက်ပါ ”

ကျွန်တော် ငှားနေသော အိမ်တန်းလျား ၌ အခြား အခန်းမှ ပုဂ္ဂိုလ် များမှာလည်း အငှားကားဖြင့် အိမ် ပြန်လာနိုင်သူ တစ်ယောက်မှ မရှိ ။ ကိုယ်ပိုင်ကား စီး၍ လာလည်နိုင်သော မိတ်ဆွေ ဟူ၍လည်း ရှိကြဟန် မတူ ။ သည်နေ့မှ တစ်မူ ထူးခြား၍ ကားရပ်သံ ကြားရသဖြင့် သုံးခန်းလုံးမှ အိမ်သားများ အားလုံးပင် ထွက် ကြည့်နေကြသည် ။ ကျွန်တော့်ဇနီး မခင်မူ က ရေနံဆီ မီးခွက် ကို ကိုင်မြှောက်၍ အိမ်ပေါက်ဝ မှ ကြည့်နေသည်  ကို တွေ့ရသည် ။

“ မူ ရေ ၊ ခဏ လာပါဦးဟ ၊ ဒီမှာ ကိုမြအေးကြီး ပါ လာလို့ ”

ကျွန်တော့် အသံ ကြားတော့မှ မခင်မူ မှာ ပျာယီးပျာယာဖြင့် ပြေး ဆင်းလာတော့သည် ။ ထူးထူးခြားခြား ကား ဖြင့် ပြန်လာရုံ သာမက ကိုမြအေး ပါ ပါလာတယ် ဆိုတော့ အထုပ် နဲ့ အထည် နဲ့ လာသော အားကိုးလောက်သည့် ဧည့်သည် ဆိုလျှင် အခုလို ရက်ကျပ်ကြီးမျိုးမှာ ကြိုဆိုရမည် မဟုတ်ပါလား ။ ဒါကြောင့်များလား မသိ ။ အပြေးအလွှား ရောက်လာ ပြီး ကိုမြအေး ကို ကြိုဆိုရှာသည် ။

“ မူ ပိုက် ပိုက်ဆံ ငါးကျပ်လောက် ရှိလား ၊ ဒီမှာ ကားခပေးဖို့  ငါးကျပ် လိုနေလို့ ”

“ ရှင် ပိုက်ဆံ ငါးကျပ် ၊ ဘယ် က ရှိ မလဲတော် ၊ ဒုက္ခပါပဲ ”

မှောင်ထဲ မှာ မို့ မမြင်ရသော်လည်း ငိုသံ ပါနေ၍ မျက်နှာ မဲ့နေမည် ထင်သည် ။

“ ရှာစမ်းပါဦးကွာ ၊ ကိုကုလား ရောက်ပလား ၊ ဒေါ်ခင် တို့ ဆီရော မေးကြည့်ပါဦး ”

ကိုကုလား မှာ အလယ်ခန်း မှ ဖြစ်၍ ဆိပ်ကမ်းအလုပ်သမား ဖြစ် သည် ။ ဒေါ်ခင် မှာ ခေါက်မုန့်သည် မုဆိုးမ ဖြစ်သည် ။

မခင်မူ အိမ်ထဲ ပြေးဝင်သွားပြီး မကြာမီ ပြန်လာသည် ။ ကျပ်တန် သုံးရွက် နှင့် ပိုက်ဆံအကြွေ နှစ်ကျပ် ပါလာသည် ။ သုံးခန်းပေါင်း ငါးကျပ် ရလာခဲ့ဟန် တူသည် ။ ကျွန်တော့် ဆီမှာ ရှိသော နှစ်ကျပ် နှင့် ပေါင်း၍ ကားခ ရှင်း ပေးလိုက်သည် ။

ကားဆရာ ကို ကျေးဇူးတင် စကား ပြောကြား၍ ကားခ ရှင်းပေး လိုက်စဉ် ကား ဆရာက ခေါင်းတဆတ်ဆတ် ညိတ်၍ ပြုံးစိစိ လုပ်နေပုံမှာ အာရုံခံစားမှုအတွက် အသက် ထွက်မတတ် ပင်ပန်းနေသော ကျွန်တော်တို့ အဖြစ် ကို ကရုဏာ သက်မိ၍ပေလား ။ ကျွန်တော်တို့ကို ကြည့်ပြီး တရား ရ၍ သဘော ကျပြီး ပြုံးလေသလား မဝေခွဲတတ်ပြီ ။

ကား ပေါ် မှ တွဲ ခေါ်၍ အိမ်ပေါ် ရောက်သည် အထိ ချ ထားလိုက် သည့်နေရာမှာပင် တခေါခေါ နှင့် အိပ်မော ကျ သွားသော ကိုမြအေး ကို လုံချည် ဟောင်းများဖြင့် အုပ်ထားလိုက်ရသည် ။ စောင် ၊ ခြင်ထောင် စပယ်ယာ အပို မရှိလေတော့ ရှိတာ နှင့် အုပ် ရတော့သည် ။ သာကေတ ဆိုတာ လည်း မိုး ချုပ်သည် နှင့် ခြင်ထောင် ထဲ ဝင်ပြီး ထိုင် နေရသော မြို့ ဖြစ်သည် ။

အဝတ်အစား လဲပြီး ညစာ မစားတော့ဘဲ အိပ်ရာထဲ ဝင်လိုက် သည် ။ အိပ် မပျော်သေးသော်လည်း စကား မပြောဘဲ ကျွန်တော့် ကို ကျောပေး၍ တစ်ဖက်သို့ လှည့်ပြီး ကွေးနေသော ဇနီးသည် မခင်မူ ကို စကား စလိုက် သည် ။ သူ ကတော့ ကျွန်တော့် ကို စကား ပြောချင်ပုံမရ ။

“ ဒီနေ့ သတင်းစာစက္ကူ နဲ့ မီးချောင်းအဟောင်းတွေ မရောင်းသေး ဘူးမို့လား ”

စကား မရှိ စကား ရှာ၍ မေးလိုက်ရသည် ။ သူ့ လက်ထဲ ပိုက်ဆံ မရှိကတည်းက မရောင်းရသေးမှန်း ကျွန်တော် သိသည် ။ မီးချောင်း အဟောင်း နှစ်ချောင်း ရှိသည် ။ အခုတစ်လော လေးပေမီးချောင်း အကျွမ်း တွေ ကို လိုက် ဝယ်နေသည် ။ အိမ်ငှားများ က မီတာခ မဆောင်၍ မီး ဖြတ် ခံထားရသည်မှာ ခြောက်လ ခန့် ရှိပြီ ။

မီတာခ ကို အိမ်ရှင် က ပေး မလိုလို ၊ အိမ်ငှား က ပေး မလိုလိုနှင့် အငြင်းပွားနေဆဲ ဖြစ်သည် ။ မီး က လည်း မထွန်းရ ၊ ဘိုင် ကလည်း ကျ၍ မီးချောင်းတွေ ဖြုတ် ရောင်းကုန်ကြသည် ။

မူ က ကျွန်တော့် အမေး ကို ပြန် မဖြေဘဲ သားအငယ်ကောင် ကို စောင် ခြုံပေးသလိုလို ခေါင်းအုံးနေရာ ပြင်ပေးသလိုလို ဖြင့် စကား မပြော ချင်ဟန် အချိန် ဆွဲနေသည် ။ ကျွန်တော် စိတ် တိုလာမိသည် ။

“ မူ ကိုယ် မေးနေတာ မကြားလို့လား ”

ကျွန်တော် ပက်လက်လှန် ခြေကလိမ် ချိတ်ထားရာမှ ခြေကလိမ် ချိတ် ကို ဖြုတ် ချလိုက်ပြီး ခေါင်း ကို သူ့ ဘက် စောင်းလိုက်သည် ။ လိုအပ်ပါက ထ ထိုင်ရန် အသင့်အနေအထား ယူလိုက်ခြင်း ဖြစ်သည် ။

“ ဘာမှ မရှိတော့ဘူး ၊ ရှင့် သား ရောင်းစားလို့ ကုန်ပြီ ၊ ရှင့် စာအုပ်တွေလဲ မရှိတော့ဘူး ၊ ဒီနေ့မှ ရောင်းမလို့ ကြည့်လိုက်တော့ ထင်းရှူးပုံး အခွံ ပဲ တွေ့ တော့တယ်” 

စကားအဆုံးမှာ ရှိုက်သံ နှင့် အတူ နှပ် ရှုပ်သံ တစ်ချက် ပါ ကြားလိုက် ရသည် ။ အခုမှ သတိ ထားမိသည် ။ ရှစ်တန်းကျောင်းသား အကြီးကောင် ဒီနေ့ အစောကြီး အိပ်ရာ ဝင်နေသည် ။ အခါတိုင်း ကျွန်တော် ပြန် လာချိန် တွင် စာ ကြည့်နေတာ တွေ့ရလေ့ ရှိသည် ။ အခုတစ်လော ဒီကောင် အပေါင်းအသင်းတွေ နှင့် ရုပ်ရှင် ကြည့် တာကိုလည်း အခုမှ သဘော ပေါက်တော့သည် ။

ကျွန်တော် ပင့်သက် ကို ဖြည်းညင်းစွာ ချ လိုက်သည် ။ နက်ဖြန် ရုံးသွားရန် လမ်းစရိတ် ၊ ဈေးဖိုး ၊ ကလေးမုန့်ဖိုး နှင့် လက်ကျန် ဆန်လေး ကို ထမင်း ဖြစ်အောင် ချက်ဖို့ မီးသွေးဖိုး ၊ ထင်းဖိုး ၊ ခြိုးခြိုးခြံခြံ သုံးပါက တစ်နေ့ ကို တစ်ဆယ် လောက် ဆိုလျှင် မိသားစု လေးယောက် ညမနက် စားလောက်သည် ။ သည်နေ့ ကျွန်တော် တစ်ယောက်တည်း အတွက် အရက်ဖိုး ငွေ နှစ်ဆယ့်ငါးကျပ် ကုန်ခဲ့သည် ။

လက် ထဲ ပိုက်ဆံလေး ရောက်လာပြီဆိုလျှင် မိသားစု နှင့် အတူ နည်း အမျှ များ အဝ ခြိုးခြံသုံးစွဲမည် ဟု အလျဉ်း မစဉ်းစား ။ အိမ် က မိန်းမ မသိအောင် တိုလျှိုထားပြီး ဇာတ်ကားကောင်းကောင်း ဘယ်ရုံမှာ ဝင် သလဲ သတင်းစာ ထဲ လှန် ကြည့်မည် ၊ ရုပ်ရှင်ရုံ မှ ထွက်လျှင် အရက်  ဆိုင် ဝင်မည် ဟု စိတ်ကူး ထားပြီးသား ဖြစ်သည် ။ 

စိတ် အလိုဆန္ဒ ကို ဦးစားပေးလွန်းသော ကျွန်တော့် စရိုက် ကြောင့် ဇနီး နှင့် သားသမီးများ ပင်ပန်းဆင်းရဲခံကြရသည် ။ အသက်ရှင် အလုပ် လုပ် နေပါလျက် သတင်းစာအဟောင်း တစ်ရွက် လောက်သာ အသုံးတည့် အဖတ်တင် တော့ သော ကျွန်တော့် ဘဝ ကို အချိန်မီ ပြုပြင်သင့်ပြီ ဟု တွေးမိ သည် ။

အိမ်ရှေ့ခန်း မှ ကိုမြအေး ၏ ဟောက်သံ ကို ကြားနေရဆဲ ဖြစ်သည် ။ အထက်တန်းစာရေး လူပျိုကြီး ဘဝဖြင့် ဂုဏ်သရေ ရှိ နေနိုင်ပါ လျက် အပေါစား မေတ္တာရှင် ၏ လက် တွင် အချစ် ကို ပုံ အပ်မိခဲ့သဖြင့် အရက် ဖြင့် ပြန်လည် ကုစားနေရသော ကျွမ်းပြီးသား သူ့ အသည်း ကို ပြန်လည် ပြုပြင်၍ တိုင်းပြည် အတွက် သင့်ရာတော်ရာ အကွက် တွင် ဝင် ရပေဦးမည် ။ ကျွမ်းပြီးသား မီးချောင်း ကိုပင် ပြန် ကောင်းအောင် ပြုပြင်၍ ရသေးလျှင် ကိုမြအေး လို နဂိုက စိတ်ထား ကောင်းသူ အဖို့ လူကောင်းလူတော် တစ်ယောက် ပြန်လည် ထွန်းတောက်လာနိုင်သေး သည် ။ 

ကျွန်တော် နှင့် အသားချင်း မထိအောင် ခပ်ခွာခွာ ကျောခိုင်းပြီး လဲလျောင်းနေသော ဇနီးသည် ၏ သက်မ ချသံကြီး ကို မကြားရက်တော့ သဖြင့် တစ်ဖက်သို့ လှည့်၍ ကျောချင်း ခိုင်းပြီး မျက်စိ မှိတ် လိုက်ချိန်မှာတော့ အိမ်ရှေ့ခန်းမှ အမူးသမား ဟောက်သံနှင့်အတူ မခင်မူ ၏ ရှိုက်သံ ကို ကြား လိုက်ရပါတော့သည် ။

◾  အဏ္ဏဝါစိုးမိုး

📖  စစ်ပြန်
       သြဂုတ် ၊ ၁၉၈၂

www.facebook.com/aung.naingoo.3726613

.

No comments:

Post a Comment