❝ နွေဖား ❞
အဘဉာဏ် ယခုလို နွေရာသီမှာမှ ဖားသား အလွန် စားချင်နေသည် ။
တစ်လောက လည်း ရေခန်းနေပြီ ဖြစ်သော ရေတွင်း ပျက်ကြီးအတွင်းမှ ဖား မျိုးစုံ အတော် ကလေး ရ လိုက်သေးသည် ။ ကျော်စံကေး ဖားကလေးများ မှသည် စားဖားဝါဝါကြီးများ အထိ ဖား မျိုးစုံ ပါဝင်၏ ။ တပေါင်း တန်ခူး ၊ အင်း ၊ အိုင် ၊ ချောင်း ၊ မြောင်း ၊ ရေကန် ၊ ရေတွင်းများ အတော်များများ နေပူရှိန်ကြောင့် ရေခန်း ကုန်ကြသည် ။ အဘဉာဏ် နှင့် မြေးဖြစ်သူ ကြွက်နီ တို့
မောင်နှမ ၏ ပြိုပျက်စပြုနေသော အိမ်နောက်ဖေး မီးဖိုဆောင်ကလေးကို မိုး မကျမီ ပြင်ဆင်ရန် လိုနေသည် ။ သူတို့ နေထိုင်ရာ “ ဇလွန်ဘက်တန်း ” ရွာနှင့် မဝေးလှသော “ စာဖြူစု ” ရွာမှ အသိ အိမ်တစ်အိမ် သို့ သွားကာ ဝါးနက် ဝါးတစ်လုံး ကို ခုတ်ယူလာ၏ စာဖြူစုရွာ မှ ဇလွန်ဘက်တန်း အထိ လာရမည့် ခရီး က လယ်ကွင်းပြင် ။ အရိပ် ခိုစရာ နေရာ မရှိ ။ ရိုးပြတ်များအကြားမှ မြေ သည် ပပ်ကြားများပင် အက် နေ၏ ။ သို့သော် တစ်ခုတော့ ရှိသည် ။ စာဖြူစုရွာ မှ လွန်၍ ခရီးလမ်း အကြားတွင် ရေနုတ်မြောင်းကလေး တစ်ခု ရှိသည် ။
မိုးတွင်းအခါ ရေ ရှိ၍ ချောင်းကလေးတမျှ သာသာယာယာရှိခဲ့သော ရေနုတ်မြောင်း ကလေးမှာ ယခုတော့ ရေ ခန်းနေပြီ ။
မြောင်းနဖူး တစ်နေရာတွင် ဆီးပင်အုပ်ကလေးများ ၊ ဆေးရိုးပင်ကလေးများ နှင့် ဝိုင်းရံ ထားသော ရေတွင်းပျက်တစ်လုံး အနီးတွင် သူတို့ မြေးအဘိုး နှစ်ယောက် ခေတ္တ နား၍ အပန်း ဖြေ သည် ။
ဤတွင် အဘဉာဏ် စိတ်ကူး တစ်ခု ရလာ၏ ။ ပတ်ဝန်းကျင်တစ်ခုလုံး အပူရှိန်ကြောင့် ခိုကိုးစရာနေရာ မရှိ ။ ဤ တွင်းပျက် အတွင်းတော့ အပူရှိန် ရုတ်တရက် ထိုးဖောက်နိုင်သေးဟန် မတူ ။
မကြာသေးသော အချိန်ကမှ ရေ ခန်းသွားသော တွင်းပျက်ကြီး၏ အောက်ခြေပေါင် အောက်တွင် အအေးဓာတ် က ကျန်နေသေးသည် ။ မြေ မှာလည်း ခပ်ပျော့ပျော့ သာ ရှိသေးသည် ။
ရေတွင်း ထဲ မှာ ဆိုတော့ အလင်းရောင် နည်းပါးပြီး ၊ လူသွားလူလာ လည်း လုပ်လို့ရသော နေရာ မဟုတ်သမို့ ဖားများ ခိုဝင် နေနိုင်၏ ။
ဒီလိုဆိုရင် အအေးဓာတ် ကို မှ ကြိုက်တတ်သော ဖားများ တွင်းပျက် ထဲ ၌ ခိုအောင်း နေနိုင်သည် ။
တစ်ခုတော့ ရှိသည် ။
အဘဉာဏ် မျှော်လင့်သလို ဖားများ မရှိဘဲ အဆိပ်ပြင်းသော မြွေဆိုးများလည်း ရှိ ကောင်း ရှိနိုင်သည် ။
ဒီလောက်တော့ စွန့်စားရမည်ပေါ့ ။
ကံကောင်းလို့ လူ ကို အန္တရာယ်မပြုနိုင်သော လင်းမြွေ လို အကောင်မျိုး ရလျှင် လည်း ဟင်းစားပင် ဖြစ်သည် ။
ကြိုက်တတ်သူ အဖို့ လင်းမြွေသား ကို ကြက်သား နှင့် ပင် မလဲနိုင်အောင် အရသာ ရှိသည် မဟုတ်ပါလား ။
အဘဉာဏ် တို့ စာဖြူစု မှ ခုတ်ယူလာသော ဝါးပင် မှာ နေမပူမီ စောစောပြန်နိုင်အောင် ခုတ်ယူလာခဲ့ရသဖြင့် ကိုင်းဖျားကိုင်းနားလောက်သာ အကြမ်းသဘော ခုတ်လာနိုင်သည် ။ အဆစ် များကို လုံးချောဖြစ်အောင် အချောကိုင် မလာနိုင် ။
အိမ် ရောက်မှ အချော သတ်မည် ဟု စီစဉ်ပြီး နှစ်ယောက်သား ထမ်း လာခဲ့ခြင်း ဖြစ်၏ ။ ဒီတော့ ဝါးလုံး တစ်လျှောက် အဆစ်တိုင်းလိုမှာ ရှိသော ဝါးကိုင်းများ က ထိုးထိုး ထောင်ထောင် ။
ဒီ ဝါးလုံး ကို ရေတွင်း ထဲ ချလိုက်လျှင် ကောင်းကောင်း မီသည် ။ အဆစ်ကလေးများပေါ်တွင် ရှိနေသေးသော ဝါးငုတ်ကိုင်းစကလေးများကို တွယ်ဆင်းပါက သက်သက်သာသာ ဆင်းနိုင်မည် ။
ရေတွင်း ပေါ် တွင် ကြွက်နီ ကို နေခဲ့စေပြီး အဘဉာဏ်ကိုယ်တိုင် ရေတွင်း ထဲ သို့ ဆင်းမည် ။
ကြွက်နီ ကို ဆင်းစေပါက အကယ်၍ မြွေဆိုး နှင့် တွေ့လျှင် သူက ကလေးမို့ ကောင်း
ကောင်း ကာကွယ်နိုင်မည် မဟုတ် ။
အဘဉာဏ် ကတော့ တစ်စေ့ကလေးမျှ မဖြုံ ။
သူ့ ကျော နောက် ပုဆိုးကြားတွင် ထိုးထားသော ဝါး ခုတ်ရန် ယူလာသည့် ဓားမကြီး တစ်ချောင်း သည် လက်နက်ပင် မဟုတ်ပါလော ။
“ ဟေ့ ကြွက်နီ ၊ ငါ ကိုယ်တိုင် ဒီတွင်း ထဲ ကို ဆင်းမယ် ၊ တစ်ခုခုဖြစ်ရင်လည်း မင်း ရွာ ပြေးပြီး ပြော ပေါ့ ၊ အဘ တော့ ဒီ အထဲမှာ မဟုတ်မှ လွဲရော စားဖားတွေရှိမယ် ထင်တယ် ”
အဘဉာဏ် သည် ပြောပြောဆိုဆို ခါးတောင်း ကို မြှောင်နေအောင် ကျိုက်လိုက်၏ ။ အဘဉာဏ် ၏ ပျော့တွဲတွဲ ဖြစ်နေသော ပေါင် မှ ထိုးကွင်းများ မည်းခနဲ ပေါ်လာသည် ။
“ ဟာ ... အဘ ရာ ၊ ကျွန်တော် ပဲ ဆင်း မယ် ၊ အဘ က အသက် ကြီးလို့ မတော် မော ပြီး ချော်ကျရင် ဘယ့်နှယ် လုပ်မလဲ ”
ကြွက်နီ ကလည်း သူသ ာ ဆင်းလိုကြောင်း ပြောသည် ။
“ မဟုတ်ဘူးကွ ၊ ကြွက်နီ ရ ၊ မင်းက ငယ်တော့ အတော်ကြာ ပိုးကောင် နဲ့ တွေ့ရင် ဘယ့်နှယ် လုပ်မလဲ ”
သူတို့ တောရွာဓလေ့ အတိုင်း ၊ မြွေ ကို မြွေ ဟု မခေါ် ။ ပိုးကောင် ဟု သာ ခေါ်သည် ။ မြွေ ကိုက် သည်ကိုပင် “ ပိုးထိသည် ” ဟု ပြောကြသည် ။
“ မဟုတ်ပါဘူး အဘ ရာ ၊ ကျွန်တော် မျက်စိ ရှင်ပါတယ်ဗျ ”
ကြွက်နီ က စောဒက တက်သေးသည် ။
သို့သော် မရ ။
အဘဉာဏ် သည် ပြောပြောဆိုဆို တွင်း နှုတ်ခမ်းတွင် မေး တင်ပြီး ၊ ရေတွင်း ထဲသို့ ချ ထားသော ဝါးလုံး ကို တွယ်ပြီး ဆင်း သွားနှင့်လေပြီ ။
အဘဉာဏ် တွင်းထဲ အရောက် ၊ လက်တစ်ဖက်မှ ဓားမကြီး ကို ကိုင် ပြီး တွင်း ၏ အခြေအနေကို စုံစမ်းလိုက်သည် ... ။
ဟော...
အဘဉာဏ် မျှော်လင့် တွေးထင်ထားသည့် အတိုင်း ထောင့် တစ်ထောင့်တွင် တစ်ကောင် ပေါ်တစ်ကောင် မှီပြီး အစုလိုက် အပုံလိုက် ဖားများ ကို တွေ့ရသည် ။
ဝမ်းသာလိုက်သည့် ဖြစ်ခြင်း ။
ထိုနေ့ ည က အဘဉာဏ် နှင့် မြေးကလေး မောင်နှမ ၊ ကြွက်နီ နှင့် ပူးတူးမ တို့ သုံးယောက် သား ဖားသားဟင်း နှင့် ထမင်း မြိန်လှတော့သည် ။
( ၂ )
ယခုလည်း ဖားသား စားချင်လာပြန်ပြီ ။
မိုးတွင်း အခါမတော့ ဘယ် လယ်ကွက် ထဲ ထွက် ရိုက်ရိုက် ဖားသား က ပေါပေါများများ စားရသည် ။
ယခုလို နွေရာသီ မှာ ဖား က ရှားပါးလှသည် ။
ရေတွင်းဟောင်းများ ၌ လည်း ဖားများ မရှိတော့ ။
နွေရာသီ အခါမို့ ဟင်းသီးဟင်းရွက် ကလည်း ရှား ပါးသည် ။ အဘဉာဏ် တို့လို ဆင်းရဲ သားများ အားပြုစရာ ဟင်းသီးဟင်းရွက်များပင် ရှားပါး၏ ။ ချွေချွေတာတာ စားနေရသဖြင့် အူ ခြောက်နေသည်မှာ ကြာပြီ ။
ယခုတစ်ခါ ဖား ရှိမည် ထင်ရသော နေရာတစ်နေရာ ကို အဘဉာဏ် ခြေရာ ကောက်မိ လာခြင်း ဖြစ်၏ ။
အဘဉာဏ် “ စစ်ကွင်း ” ရွာ မှ အပြန် ၊ သူတို့ ရွာနှင့် မနီးမဝေး ၊ ဒွါရကျောင်း ဘေး ရှိ ကန်ကောကြီး အနီးမှာ ခြေရာ ကောက်မိခြင်း ဖြစ်သည် ။
ရှိနိုင်သည် ။ ရှိနိုင်သည် ။
အို .. အဘဉာဏ် ၏ အတွေ့အကြုံ အရ ဒီ နေရာမှာ ရှိ ကို ရှိ ရမည် ။
တွင်း ကတော့ ပုစွန်လုံး တွင်း ။ သို့သော် ဖား လည်း ရှိ နိုင်သည် ။
အဘယ်ကြောင့်ဆိုသော် တွင်းနံဘေး မှ ခြောက်နေသော ကျစ်စာခဲများ အပေါ်တွင် မိုး တွင်း ရွှံ့ပျော့ပျော့ရှိ စဉ်က နင်းခဲ့သော ပုစွန်လုံး ၏ ခြေရာများ ။
ပြီးတော့...
မထင်မရှား ကြည့်နိုင် မှ တွေ့ရသော ဖား ခြေရာများ ။
ပုစွန်လုံး မှာ ဂဏန်းနည်းတူ ဘေးတိုက် သွားသော သတ္တဝါ ။
အကောင် ပုံသဏ္ဌာန်ချင်း လည်း တူညီသည် ။ အကြီးအသေး သာ ကွာ ခြား၏ ။ ပုစွန်လုံး က အကောင် သေးပြီး ခပ်လုံးလုံး ၊ လယ်တော အင်းအိုင်များ အတွင်း ကျက်စား၏ ။
ဂဏန်း က အကောင်ကြီးပြီး ၊ ခပ်ပြားပြား ၊ ရေငန်ပိုင်း ၊ နုံးမြေများအတွင်း ကျက်စားသည် ။
ပုစွန်လုံး နှင့် ဂဏန်း သည် သေသေချာချာကြည့် မှ ကွဲပြားချက်များ တွေ့ ရသည် ။ ရုတ် တရက် ကြည့်ပါက ခြေမလက်မ ၊ ကိုယ်လုံးသွားပုံလာပုံ အတူတူ ။
လယ်ကွင်းပြင် ကန်သင်းရိုးတွင် ပုစွန်လုံးတွင်းများ သာမက ငါးရှဉ့်တွင်းများ လည်း ရှိ၏ ။ သို့သော် ဘယ်တွင်း တွင် ဘာကောင် နေသည်ကို ကျွမ်းကျင်သူများ အဖို့ အလွယ်တကူ သိနိုင်သည် ။
ငါးရှဉ့်တွင်း က တွင်း ထဲ မှ ရေများတွင် အမြှုပ်ကလေးများ စီရရီ ရှိသည် ။ တွင်း နံဘေး သားများ ချောသည် ။
ပုစွန်လုံးတွင်း တွင် မူ ရေ ထဲ၌ အမြှုပ် မရှိ ။ တွင်း နံဘေးကျစ်စာများ အပေါ်တွင် တုတ် ချောင်းငယ်ကလေးများ နှင့် ခြစ်ထားသလို ၊ ပုစွန်လုံး ၏ ခြေသည်း ရာ အစင်းကြောင်း ခြစ်ရာ များ ရှိသည် ။
မိုးတွင်းအခါ ဖား တို့ ကမူ လယ်ကွင်း အတွင်း ရှိ ရေ ထဲမှာ ၊ အင်း ထဲ မှာ ၊ အိုင် ထဲ မှာ နေ ထိုင်ပြီး တွင်းတူ းရမှန်း မသိ ။ မြူးဆဲ ၊ ပျော်ဆဲ ၊ တအုန်အုန် တအင်အင်နှင့် အော်ဟစ်ရင်း အချိန် ကုန်သည် ။ တွင်းလည်း မတူး တတ် ။
မိုးကာလ လွန် မြောက်ပြီး အင်းအိုင်များ ရေခန်းစ ပြုချိန် ၊ မြေကြီးများ ခြောက်သွေ့စ ပြု ချိန်တွင်မှ ဖား က နေစရာ နေရာ ရှာတော့သည် ။
ဒီတော့ ဘာ လုပ်သလဲ ။
သူများ တွင်း ကို အတင်း ဝင်ရောက် နေထိုင်တော့၏ ။
ဖား က ကျူးကျော်သူ ။
ပုစွန်လုံး က အကျူးကျော် ခံရသူ ။
ဖား က အားသန်သန် နှင့် ကိုက်နိုင် ခဲနိုင်သည် ။ အရိုးများ ၊ ကြွက်သားများ သန်မာသည် ။ အခုန်အပျံ ကောင်း သည် ။
ပုစွန်လုံး က တစ်ပါး သတ္တဝါအား ကတ်ကြေး ကဲ့သို့ တိခနဲ ပြတ် သွားအောင် ညှပ်နိုင်သော လက်မကြီး နှစ်ချောင်း ပိုင်ရှင် ။
တွင်း ထဲ ၌ သူတို့ နှစ်ဦး တွေ့ကြတော့သည် ။ တိုက်ကြ ခိုက်ကြသည် ။
ဖား က ကြီး၍ အား ကောင်းလျှင် ဖား က နိုင်သည် ။
ဒီတော့ အောင်နိုင်သူ ဖား က တွင်း ကို အပိုင် စားရသည် ။ ပုစွန်လုံး အဖို့ ဤ တွင်းမှ ပြေး နိုင်လျှင် ပြေး ၊ မပြေးနိုင် လျှင် အသက် စွန့် သွားရရှာသည် ။
တစ်ခါတစ်ရံ မမျှော်လင့်ဘဲ ဖားဝင် သွားသော တွင်း အတွင်း မှ ပုစွန်လုံး မှာ ဖား ထက်
အကောင် ကြီးပြီး ၊ တိုက်ခိုက်အား ကောင်း ပါက ကျူးကျော်သူ ဖား မှာ ကိစ္စ ချောရတော့သည် ။
ဒီတစ်ခါ ပုစွန်လုံး အတွက် စားရန် ဖား သား က အဆင်သင့် ။
ယခု အဘဉာဏ် တွေ့ရသော တွင်းများ မှာမူ ဖား ရှိနိုင်ဖို့ များသည် ။
ဖား ဆိုသော အကောင် က ၊ နွေ ကာလ တစ်နွေလုံး တွင်းအောင်း သတ္တဝါ ။ ဘာ အစားမှ မစားတော့ ဘဲ တွင်း ထဲ ၌ ငြိမ်သက်ကာ နေနိုင်ပြီး မိုး ကို မျှော်သည် ။
မိုးဦးကျ မိုးခြိမ်းသံများ တဝုန်းဝုန်း တဒိုင်းဒိုင်း အကြား မိုးပေါက်မိုးစက်ကလေးများ တစ်ပြိုက် နှစ်ပြိုက် အရွာ မိုးသံလေသံများ ကြား သည်နှင့် တစ်ပြိုင်နက် တအုန်အုန် တအင်အင် နှင့် ပျော်ရွှင်စွာ အော်ဟစ် မြည်ကြွေးရင်း ဖားများ တွင်း မှ ထွက် တော့သည် ။
သူတို့ ၏ အသံ နောက် ကို ခြေရာကောက်ပြီး လိုက်လာသော ဖားမုဆိုး တို့ ၏ တုတ်လက် ချက် ဖြင့် အများအားဖြင့် အသက် ထွက်ကြရသည် ။ ။
ထို့ကြောင့် “ အသံကြောင့် ဖားသေသည် ” ဟု ပင် စကားပုံ ရှိခဲ့ရသည် မဟုတ်ပါလော ။
နွေအခါ တွင် တွင်း အောင်းနေသော စားဖားကြီးများ မှာ အဆီဖြင့် ပြည့်ကာ ဆူဖြိုးလှ သည် ။ ရလည်း ရခဲသည် ။ ရှားရှားပါးပါးရပါက စား၍အရသာ ရှိလှ၏ ။
သို့သော် သူတို့ကို ရှာဖွေ ဖမ်းဆီးရန် မလွယ်ကူ ။
မြေကြီးများ က ခြောက်သွေ့ မာကျောနေပြီး ၊ အများအားဖြင့် တွင်း များကိုလည်း ကျစ် စာများ နှင့် ဖုံးကာ တွင်း ပေါက် ကို ပိတ် ထားတတ်ကြသေးသည် ။
အဘဉာဏ် တွေ့ခဲ့ရတဲ့ တွင်းများ က ဖားများ ရှိဖို့ အတော်ကလေး သေချာသည် ။
ကြွက်နီ နှင့် ပူတူးမ ကို ခေါ်ပြီး ဒီ ဖားများကို အရ ယူရမည် ။
ရေတွင်းပျက်ကြီးများ အတွင်းမှ ရိုက်ယူခဲ့ရသော ဖားများ လိုတော့ မလွယ်ကူ ။
လိုလျှင်ကြံဆ နည်းလမ်းရပါသည် ။ စား၍ ကောင်းလှသော နွေဖားများ မှာ ဆူဖြိုးသည် ။ အကောင် လည်း ကြီးကြီးမားမား စားဖားကြီးများ ဖြစ်ကြသည် ။
အဘဉာဏ် တို့ လို အတွေ့အကြုံ ရင့်သူများ နှင့် ဖမ်းဆီးရန် နည်းလမ်းအဖုံဖုံ ကို ရှာကြံ နိုင်သူများနှင့် တွေ့လျှင်မူ ...
ဒီ ဖားများ လွတ်မြောက်ခဲလှပါသည် ။
( ၃ )
“ ဟေ့ .. ကြွက်နီ နဲ့ ပူတူးမ ၊ ဒီလိုအချိန် ဖားသားဆူဆူ မစားချင်ကြဘူးလားကွ"
“ ဘယ်မှာ ရေတွင်းဟောင်း တွေ့ပြန်ပြီလဲ အဘ ”
ကြွက်နီ က သူတို့ မြေးအဖိုး တစ်ခါက စာဖြူစုရွာ မှ အပြန် ရရှိခဲ့သော ဖားများ ကို သတိ တရဖြင့် ပြောခြင်း ဖြစ်သည် ။
“ အို ... ရေတွင်းဟောင်း တွေ့ လို့ မဟုတ်ပါဘူး ကွ ၊ ငါ ငယ်ငယ်တုန်းက နွေအခါ ဖား ရှာ ခဲ့တာ သွား သတိရတယ် ၊ တို့ ရွာတွေမှာ နောက်ပိုင်း ဒီလို ဖား ရှာတာ တယ် မတွေ့ရတော့ဘူး ၊ မင်းတို့လည်း ဗဟုသုတ ရအောင် နောင်လည်း ဖား ရှာတတ်အောင် သင်တန်း သဘောပေါ့ကွာ ”
ထိုအခါ ပူတူးမ က
“ ကျွန်မ လည်း လိုက် ကြည့်မယ်လေ အဘ ”
“ အေး ... နင်တို့ မိန်းကလေးတွေလည်း ဖား ရှာရင် ရနိုင်တာပဲ ၊ တို့အိမ် တော့ ဘေးက ဖိုးခင်တို့အိမ် ကို ခဏ ကြည့်ထားပါလို့ အပ် ထားခဲ့ပေါ့ ဟာ ”
သူတို့ အသိုင်းအဝိုင်း သည် ဖားငါး ရှာ၍ အကုသိုလ် ကံ အလုပ်ကို လုပ် စားရသည် မှာ မှန်၏ ။ သို့သော် ခိုးဝှက်မှုတော့ အတော် နည်းသည် ။ သူတို့ တွင် ခိုးစရာလည်း ထိုက်ထိုက်တန်တန် ပစ္စည်းများ မရှိရှာကြပါ ။
ဒီတော့ သံယောဇဉ် ကင်းကင်းဖြင့် အိမ် ကို ထား ပစ်ခဲ့နိုင်သည် ။ ယခုလည်း “ နွေဖား ” ရှာရန် သူတို့ မြေးအဘိုး သုံးယောက် စလုံး ထွက် ကြမည် ။
ခေတ်မီမီ ပြောရလျှင် လေ့လာရေးခရီး ဟု ဆိုပါက မှား နိုင်မည် မထင် ။
နွေဖား ဖမ်းဆီးရေး ပါရဂူ ၊ သင်တန်းပြဆရာကြီး က အဘဉာဏ် ။
ပညာတော်သင် ကျောင်းသား က ကြွက်နီ ။
ပညာတော်သင် ကျောင်းသူ က ပူတူးမ ။
ပါသွားသော ပညာတော်သင် ပစ္စည်းများ ကို လည်း ကြည့်ပါ ။
ထင်းစများ ။
လွယ်အိတ် ဖြင့် ထည့်လာသော လေးခွ ဖြင့် ငှက် ပစ်ရာတွင် အသုံးပြုရသည့် ရွှံ့စေး ကောင်းကောင်း ကို လုံးပြီး နေလှန်းထားသော မာကျော ကျစ်လျစ်လှသည့် မြေလောက်စာလုံးများ ။
တူးရွင်း တစ်ချောင်း ။
မီးညှပ် တစ်ခု ။
ဤမျှသာ ပါသည် ။
ဘယ်သို့များ နွေဖား ကို ဤပစ္စည်းများ နှင့် ဖမ်းကြပါမည်နည်း ။
အဘဉာဏ် သည် ဒွါရကျောင်း ဘေးရှိ ရေ ခန်းနေပြီဖြစ်သော အိုင်ကလေး နှင့် မလှမ်း မကမ်းသို့ သူ ၏ မြေးနှစ်ယောက် ကို ဦးဆောင် ခေါ်ယူခဲ့သည် ။
မိုးအခါ က ရွှံ့များ မှာ ယခုကဲ့သို့ နွေကာလ တွင် မာကျစ်သော မြေခဲများ အဖြစ် တစ်နည်းအားဖြင့် ကျစ်စာခဲခြောက်များ အဖြစ် ၊ ကန်သင်းရိုးတစ်လျှောက်တွင် ရှိနေသည် ။
ကျစ်စာခဲများ ၏ မျက်နှာပြင်တစ်ခုလုံး မှာ ကျားလျှာ ကဲ့သို့ ကြမ်းတမ်းခက်တရော် လှ၏ ။ အဘဉာဏ် တို့ ၏ ဖိနပ် မပါသော ခြေဖဝါးများ ကို ထိုးနှက်တိုက်ခိုက်လျက် ရှိသည် ။
သို့သော် အဘဉာဏ် တို့ က မမှုပါ ။
အဘယ်ကြောင့် ဆိုသော် သူတို့၏ ခြေဖဝါးများ ကလည်း ကျွဲ သားရေ ကဲ့သို့ မာကျောထူ အမ်းလျက် ရှိသောကြောင့် ဖြစ်သည် ။
ဒွါရကျောင်းတော်ကြီး ကျောင်း ခြံ ဘေး ရှိ ကုက္ကိုပင်ကြီး ၏ အရိပ် အောက် သို့ မြေးအဘိုး သုံးယောက် ခေတ္တ ခိုဝင် အနား ယူလိုက်၏ ။
လယ်ကွင်းပြင် တစ်ခုလုံးမှာ နေ ၏ အပူရှိန် ဖြင့် တံလျှပ်ရောင်များ တရိပ်ရိပ် ပြေးနေသည် ။
ကုက္ကိုပင် ကိုင်း ခြောက်တွင် နားနေသော ပုစဉ်းထိုးငှက်ကလေး နှစ်ကောင် သည် တစ်ချက် တစ်ချက် နား ရာမှ ထ၍ သူတို့ ၏ တောင်ပံစိမ်းစိမ်းကလေးများကို ဖြန့်ကာ ဖြန့်ကာဖြင့် ဝဲ၍
ပိုးကောင်ကလေးများကို လိုက်ရှာနေသည်မှ အပ လှုပ်ရှားမှု မရှိ ။
အဘဉာဏ် သည် အနီးအနားတစ်လျှောက် တွင် စူးစမ်းသော မျက်လုံး အစုံဖြင့် လိုက်လံ လေ့လာပြီး ကျစ်စာခဲ တစ်ခုကို လှန် လိုက်၏ ။
ကျစ်စာခဲ အောက် မှ တွင်း တစ်တွင်း ပေါ် လာသည် ။
အဘဉာဏ် က ထပ်မံလေ့လာပြန်သည် ။ ထို့နောက် အဘဉာဏ် ၏ ပါးရေတွန့်များ ၊ မုတ်ဆိတ်ဖြူဖြူ ကျိုးတိုးကျဲတဲများ အကြားမှ အပြုံးရိပ် ကို မြင် လိုက်ရသည် ။
ထို့နောက် အဘဉာဏ် က ... ။
“ လာဟေ့ ကြွက်နီ နဲ့ ပူတူးမ ၊ ဒီမှာ ကြည့်စမ်း ၊ မင်း တို့ သေသေချာချာ ကြည့်နိုင်မှ မြင် ရမယ် ၊ ဟို ခပ်မှိန်မှိန် ခြစ်ရာကလေးတွေ တွေ့လား ၊ အဲဒါ ပုစွန်လုံး ခြေရာ ပဲ ၊ သူတို့ခြေထောက် က ရှည်ပြီး ချွန်တော့ တုတ်ချွန် နဲ့ လိုက် ခြစ်ထားသလို ဖြစ်နေတယ် ၊ သေသေချာချာ ကြည့် ၊ အဲဒီအပေါ် က ခပ်ဝါးဝါး နဲ့ ခြေရာက ဖား ခြေရာ ၊ သူ က ခုန်ပြီး သွား တတ်တော့ မြေ ပေါ်မှာ ထင် တဲ့ ခြေရာ ကို က ခြစ်ရာ နဲ့ မတူဘဲ ရွှံ့ပေါ်မှာ ဖား ခြေရာအတိုင်း ဖိ ထားသလို ဖြစ်နေတယ် ။ သူ့ ခြေရာ က ပုစွန်လုံးခြေရာ ထက် ပို ထင်ရှားတယ် ။ သူ က နောက် မှ ရောက်တဲ့အကောင်ကိုး ကွ ”
ဒီတော့မှာ ကြွက်နီ နှင့် ပူတူးမတို့ က ပုစွန်လုံးတွင်း နှင့် အနီးပတ်ဝန်းကျင် ကို အကဲခတ် လေ့လာကြသည် ။ အဘဉာဏ် ပြောသည့် အတိုင်းလည်း မှန်နေသည် ။
“ တွေ့တယ် မဟုတ်လား ဟေ့ ”
အဘဉာဏ် က ခေါင်းငုံ့ လေ့လာနေကြသော မြေးကလေး မောင်နှမ နှစ်ယောက်အား မေးလိုက်၏ ။
“ ဟုတ်တယ် အဘ ၊ တွေ့တယ် ”
ကြွက်နီ နှင့် ပူတူးမ တို့ က ပြိုင်တူ ဖြေလိုက်ကြ၏ ။
“ ကဲ ... ဒီတော့ ပုစွန်လုံး နဲ့ ဖား ဒီတွင်း မှာ ဘယ်သူ နိုင်ပြီး ဘာကောင် ရှိမယ် လို့ မင်း တို့ ထင်သလဲ ”
ကြွက်နီ ရော ပူတူးမ ပါ ကောင်းကောင်း မဖြေတတ်ကြတော့ ။ အဘဉာဏ် က တစ်ချက် ပြုံးလိုက်ပြီး ...
“ ငါ ထင်တာတော့ ဒီ တွင်း မှာ ဖား နိုင်ပြီး ဖား ရှိမယ်လို့ ထင်တယ် ။ ဘာကြောင့် ဆိုရင် ပုစွန်လုံး ခြေရာထက် ဖားခြေရာ က အတော်ကလေး ကြီးနေတယ် ၊ အား မတူနိုင်ဘူး ၊ ငါ့အထင် မမှားရင် နွေဖားကြီးကြီး တစ်ကောင် တော့ ရမှာပဲဟေ့ ”
“ ကဲ ... လုပ်ငန်း စကြရအောင် ”
အဘဉာဏ် သည် ပြောပြောဆိုဆို ပါလာသော တူးရွင်း နှင့် မီးဖိုသဏ္ဌာန် တွင်းကလေးတစ် တွင်း တူးပြီး ထင်းများ ထည့်လိုက်၏ ။
ရိုးပြတ်တစ်ဆုပ်လောက် ကို ယူပြီး မီးရှို့ ကာ ထင်း ကို မီးတောက် ကူးစေရန် ဝါးပိုးဖက် တစ်ခု ဖြင့် မီး ကို ပို၍ ရဲသည်ထက် ရဲ အောင် တောက်သည် ထက် တောက်အောင် ယပ်ခတ် ပေး သည် ။
မကြာပါ ။
မီးတောက်ရဲရဲ ဖြင့် မီးတောက်အားကောင်းလှသော ထင်းမီးဖိုကလေး အတွင်းသို့ ပါလာသော လောက်စာလုံး ဆယ်လုံး ခန့် ကို ထည့် လိုက်သည် ။
ဆယ်မိနစ် ... ဆယ့်ငါးမိနစ် ။
အပူရှိန်ကြောင့် နီရဲနေသော လောက်စာလုံးကလေး တစ်လုံး ကို မီးညှပ် ဖြင့် မီးဖို မှ ဆယ် ယူ၍ တွင်း ထဲ သို့ ပစ်ချလိုက်၏ ။
လောက်စာလုံး နီနီ ကလေး သည် တွင်းထဲသို့ တလိမ့်လိမ့် ကျ သွားသည် ။
တွင်း ကောက်သည် ဖြစ်စေ ၊ တွင်း ဖြောင့်သည် ဖြစ်စေ ၊ မည်မျှပင် နက်ပါစေ ၊ တွင်း အခြေ ထိ အောင်တော့ လောက်စာလုံးကလေး အရောက် သွားသည် ။
ထိုနောက် တစ်လုံး ၊ နောက်ပြီး တစ်လုံး ။
တွင်း ထဲမှ ဖား မှာ မိမိ ၏ တွင်းထဲသို့ ကျ လာသည့် ပူလောင်သော ပထမဆုံး လောက် စာလုံးကို ရှောင်တိမ်းလိုက်၏ ။
နောက်ထပ် တစ်လုံးပြီး တစ်လုံး ကျ လာသော လောက်စာလုံးပူပူများ ကိုတော့ ကျဉ်း မြောင်းသော တွင်းအတွင်း ၌ ရှောင် မရ ၊ တိမ်း မရ ။
ဖား ခမျာ တွင်းထဲမှာ ကြာကြာ မနေနိုင် ။
တွင်း အပြင် သို့ ခုန်၍ အထွက် ၊ ကြွက်နီ ၏ လက် တွင်း၌ ကွိခနဲ အမိ ခံ လိုက်ရသည် ။
နှစ်ဆယ်သား ထက် မနည်းသော ဆူဖြိုးလှသည့် နွေဖားကြီး တစ်ကောင် ။
ယင်းသို့ ဖားအကောင် ကြီးလျှင် သူတို့ ၏ အော်သံမှာ ကလေးငယ် ငိုသံ နှင့် တူလှသည် ။
ဤနည်းဖြင့် နောက်ထပ် ဖားတွင်းများ ကို ရှာ၍ မြေးအဘိုးသုံးယောက် ပူလောင်သော လောက်စာလုံးများ ကို ထည့်ကြသည် ။
ဖား ရသည့် တွင်း က ရသည် ။ မရသည့် တွင်း က မရ ။
ညနေစောင်း တော့ နွေဖား ရှစ်ကောင် ရသည် ။
အလေးချိန် အားဖြင့် တစ်ပိဿာငါးဆယ် တော့ ရှိမည် ။
မြေးအဘိုး သုံးယောက် ကောင်းကောင်းကြီး စား လောက်ပါသည် ။ နောင် ကို နွေဖားများ ရှာဖွေရန် ကြွက်နီ လည်း တတ်မြောက်သွားပါပြီ ။ ပူတူးမ လည်း တတ်မြောက်သွားပါပြီ ။
ဘယ်လောက် တွင်း ကောက်ကောက် ၊ ဘယ်လောက် တွင်း နက်နက် ကြွက်နီ တို့ က မမှု တော့ပါ ။
လောက်စာလုံး ပူပူသာ ရှိဖို့ လိုသည် ။
ဖားသား ကို အချို့က အရေဆုတ် ၍ ချက် ကြသည် ။
အဘဉာဏ် တို့ ကတော့ အရေမဆုတ် ။ ဖား အရေခွံ မှာ အဆီ စုသည် ။ စား ၍ ကောင်းလှ၏ ။
ဖား တစ်ကောင်လုံး မှာ ကြွက်သားများ အတိ ဖုံးနေသမို့ ၊ ဖားသား မှာ စား ၍ မာကျော ကျစ်လျစ်ပြီး အရသာ ရှိလှ၏ ။
ပြီးတော့ ဝမ်းတွင်း မှ ဖား ဆီ မှာ အခြား သတ္တဝါများ ၏ ဝမ်းတွင်း ဆီ ကဲ့သို့မနေ ။ ဖြူ ဖွေးသော အဆီပြင်ခဲကြီးလည်း မဟုတ် ။
စံပယ်ပန်းအဖူး ဖြူဖြူများ အစုလိုက် ပူးတွဲထား သကဲ့သို့ အမြွှာ အမြွှာများ ဖြင့် အတွဲလိုက် ။
ထို နေ့က ဆူဖြိုးလှသော နွေဖားများ မှ ဝမ်းတွင်းဆီများ ကို ထုတ်၍ သီးခြား ချက်ပြီး ဝါးဆစ်ဘူး အတွင်းသို့ ထည့်ထားလိုက်၏ ။ ဖားသား သာ စား ၍ ကောင်းလှသည် မဟုတ် ၊ ဖား ဆီ မှာလည်း ဆေးဘက်ဝင်လှ၏ ။
ထို ည က ငရုတ်သီးစပ်စပ် နှင့် နွေရာသီ မှာ ရသော ရှားရှားပါးပါး ဖားသားဆူဆူ ကို မြေးအဘိုး သုံးယောက် စား ရသည်မှာ ထမင်း မြိန် လှ၏ ။ စားလို့ ကောင်းလှ၏ ။ အဘဉာဏ် ဝမ်း သာလှပါ၏ ။
ထို့ထက် ...
ဂျပန်ခေတ် က ချွေးတပ်ကို အတူတကွ ပါသွားပြီး ၊ ဂျပန် ၏ လက်ဝါးဒဏ် ကြောင့် ယနေ့ထိ နား ပင်းနေရှာသော “ ကပ်ခို ” ရွာမှ သူ့ မိတ်ဆွေ ဦးခွေးကြီး အတွက် ဖားဆီ စစ်စစ် လက် ဆောင် ပေးရပေဦးမည် ။
နားပင်း ၊ နားထိုင်း ၊ နားလေး စသည့် နားရောဂါ အမျိုးမျိုးအတွက် ဖားဆီ ကို နား အတွင်းသို့ ကြက်တောင် ဖြင့် မကြာခဏ ကျပ် ပေးခြင်းသည် အကောင်းဆုံးသော မိရိုးဖလာ ဆေးနည်းပင် မဟုတ်ပါလော ။
မနက်ဖြန်တော့ ဖားဆီ ဝါးဆစ်ဘူး ကို ယူပြီး ၊ မတွေ့ရတာ ကြာပြီဖြစ်သော ဦးခွေးကြီး ထံ အဘဉာဏ် သွားရပေဦးတော့မည် ။
◾မောင်သိက္ခာ ( ၁၉၇၉ )
📖 ၂၀ ရာစု မြန်မာဝတ္ထုတို
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment