❝ ခံပွင့် ❞
နန်းအလယ် ပန်းစံပယ် မပေါ်ခိုက်ဟာမို့ ၊
အလိုက်တော် တန်သင့်အောင်လို့ ခံပွင့်ကို ကုံး ၊
နန်းရဝေ မန်းမြေမှာ စံပယ်လှိုင်တော့
ခံပန်းခိုင်
ယာယီရွေ့တယ် ၊
တောလေ့ရွာသုံး ။
ယုံရမှာ ခက်သော အကြောင်းတို့တွင် ဦးသာကျော် ကျွန်မ ကို ပြောသော ပုံ သည် သာ၍ ယုံကြည်ရန် ခဲယဉ်းလှပေသည် ။ သူ ကတော့ သူ ပြောသောအကြောင်းအရာများ သည် ပုံမဟုတ် ဟူ၍ ဆို၏ ။
“ တကယ် ဖြစ်တာဗျာ ။ မခင်လေး ဟာ လည်း တကယ် ရှိနေ တယ် ။ ကျုပ်တို့ ယာတော မှာကို ရှိနေပါတယ် ” ဟူ၍ ဆို၏ ။ သူ ပြောသော ပုံ မှာ ရိုး၍ လှပသည် ။ တပေါင်းလ နှင့် လည်း လျော်ကန် သင့် မြတ်လှပေသည် ။ သို့သော် ရွာ ၏ အမည်ကိုမူ မဖော်ပေ ။
နေခြည် ပျောက်ချိန်တွင် ယာတော ပေါ် သို့ မြူမှုန်လေးများ သမ်း လာပုံကို ပြောပြသော နေရာတွင် လွမ်းဆွတ်ဖွယ် ကောင်း၍ ပန်းချီ ဆန်လှပေသည် ။
••• ••• ••• •••
ကဗျာဆရာ တို့ က လရောင်ခြည် ကို ငွေရောင်ခြည် ဟု ဆို သော်လည်း ယာတောသူ တို့ ၏ မျက်လုံးတွင် ရွှေရောင် လို ဝါပြေပြေသာ မြင်တွေ့၍ နေရပေသည် ။ အရှေ့မှ လ ထွက်လာလျှင် လအိမ်စောင့် နတ်သမီး ၏ ဆံပင်များ ပြေ ၍ လျောကျ လာသလို လရောင်ခြည် သည် ညွတ်ပျော့၍ မြေသို့ ကျလာသည် ။ လရောင်ခြည် နှင့် သိမ်းပြီးစ ယာခင်းပြင် တို့ တွေ့ထိသလို ဤ လယ်ယာခင်းပြင် တို့ တွင် ဦးသာကျော် တို့ ယာသမားတစ်စု သခင်ကျော်ဇေယျ တို့ တွေ့ကြသည်ဟု ဆို၏ ။
ရွာထဲ မှာ မူ အိမ်ရှေ့တိုင်း လိုလို ဘူးစင် ရှိ၏ ။ ဘူးစင်များ ကြားသို့ လရောင် သည် လူးလွန့်၍ ဝင်လာတတ်၏ ။ ရွာပျိုချော တို့ကို လရောင် သည် တိုးဝင်၍ ရှာဖွေနေဟန် ရှိပေသည် ။ ဤရွာ ရှိ အပျိုချောတို့ ဘူးစင်အောက် မှာ ညဉ့် တိုင်း ထိုင်နေတတ်သည် ဟု ဆို၏ ။ ရှေးတုန်းက ဤ ဘူးစင် အောက် တွင် ဗိုင်းငင်သည် ဆိုသော်လည်း ယခုတော့ ဤ ရွာတွင် ဗိုင်းငင်သည် ကို မတွေ့ရသည် မှာ ကြာလှပေသည် ။
ဤ ဘူးစင် အောက် တွင် သခင်ကျော်ဇေယျ နှင့် မခင်လေး တို့ တွေ့ကြသည် ဟု ဆိုပြန်သည် ။ သူ သည် လရောင်ခြည် လို ပင် ဤ ယာတော သို့ တိုးဝှေ့ဝင်လာရင်း မခင်လေး ကို တွေ့ရပေသည် ။
ခင်လေး မိဘများ သည် ယာခင်းရှင် ဖြစ်သော်လည်း ခင်လေး သည် ယာတော တွင် ကြာကြာ မနေတတ်ပေ ။ မြို့ မှာကျောင်း နေသည် က များ၏ ။ သို့သော် အိမ် ကို ပြန်ရောက်တိုင်း အမေ က ယာတောသူ လို နေရမည် ဟု ပြော၏ ။
နှင်းမှုန်သိပ်သော နံနက် တွင် အစောကြီး ထ ၍ ဆွမ်း ချက်၏ ။ ယာခင်း သို့ အလုပ် ဆင်းမည့်သူတို့ အတွက် အမေ နှင့် ထမင်းအတူ ချက် ပေးရသည် ။
ညဉ့်တွင်လည်း လရောင်အောက် တွင် မြေပဲသီးများ ကို အခွံ ချွတ် ၍ ပေးရ၏ ။ မြေပဲခွံချွတ် နေစဉ်တွင် အမေ သည် သူ့ ယာတော အကြောင်း ကို ခဏခဏ ပြော ပြ၏ ။
“ ဘယ်ကိုပဲ ရောက် နေနေ အမေ တို့ ဆီတော့ ပြန်လာပါ သမီး ရယ် ”
အမေ သည် စကား ပြောတိုင်း မယုံမရဲ ရှိတတ်၏ ။ အမှန်လည်း သူ သည် ခင်လေး ကိုမယုံ ။ ခင်လေး သည် ဤယာတောကို စွန့်ပစ် ၍ မြို့သို့ဝင် သွားမည် ဟု အမေ ကထင်၏ ။
ထင် လည်း ထင် စရာပေပဲ ။ လူတိုင်း လိုလို က ခင်လေး သည် လှပသည် ဟု ဆို၏ ။ ဤအလှသည် ယာတောနှ င့် မတန် ဟုလည်း ဆိုကြ သည် ။ အမေကတော့ ထို စကားများ ကို ကြားတိုင်း ခေါင်း တွင် တွင်ခါ ၏ ။
“ ခက်ပဲ ခက်ရချည့်ရဲ့ ယာတော က ထွက် တဲ့ အလှ ဟာ ယာတော နဲ့ ဘာလို့ မတန်ရမှာလဲ ။ မိန်းကလေး မကြားပါစေ နဲ့ ။ မိန်းကလေး ကိုယ်ဟာ ယာတော အနံ့ နံ နေတယ် ” ဟုအမေ က ပြော တတ်သည် ။
ခင်လေး က ဆရာမ ဖြစ်ချင်သည် ဆို၍ သာ အမေ က ကျောင်း ထား ပေးရသည် ။ မြန်မာ လို အလယ်တန်းပြဆရာဖြစ် ဖြေနေဆဲ တွင် ခင်လေးသည် သခင်ကျော်ဇေယျ နှင့် သိလာသည် ။ သခင်ကျော်ဇေယျ သည် သူတို့ ရွာ သို့ လာနေကျ ဖြစ်သည်မှာ ကြာပေသည် ။ ခင်လေး နှင့် တော့ ယခု မှပင် တွေ့ဆုံကြပေသည် ။
ခင်လေး တို့ ရွာ မှ ယာသမားများ ကို သခင်ကျော်ဇေယျ က လာ၍ စည်းရုံးရသည် ဆိုသည် ။ ယာသမား တိုင်း လိုလို က သခင်ကျော်ဇေယျ ကို သိသည် ။
ထိုစဉ်က သခင်ကျော်ဇေယျသည် မြေပဲကြော် နှင့် ရေနွေး ကြမ်း ကို သာ နှစ်သက်ခဲ့ပေသည် ။ ယာခင်း ပြင်ပ ကို ကျော်ဖြတ်လာသော ယာတော ၏ လေအေး ကို နှစ်နှစ်ခြိုက်ခြိုက် ရှူရှိုက်ခဲ့ရ၏ ။ ချိုအေးသော တောပန်းရနံ့ ရိုးရိုး ကို သာ သူ နှစ်သက်ပါသည် ဟုဆိုသည် ။
အမှန်မှာမူ ဘူးစင် အောက် သည် ယာတော ကို စာ ဖွဲ့ရာနေရာ ဖြစ်ပေသည် ။ ဤ ဘူးစင် အောက်တွင် သခင်ကျော်ဇေယျ နှင့် ခင်လေး တွေ့ဆုံခြင်း ကို အမေ ကတော့ မနှစ်သက်ပေ ။
သို့သော် ဦးသာကျော် ကိုယ်တိုင် က “ ကောင်းသောတွေ့ခြင်း ” ဆိုသည့် အတွက် အမေ က မငြင်းဆန်ပေ ။ ပင်နီဖျင်ကြမ်းအင်္ကျီ နှင့် ပခုက္ကူလုံချည် တို့ မှာ သခင်ကျော်ဇေယျ သည် ဤယာတောတို့ နှင့် မကင်းကွာလှကြောင်း ကို ပြနေ၍ အမေက ကျေနပ်ရပေသည် ။ သို့သော် အမေ က စိတ် ထဲမှာ ထင့် နေ၏ ။
“ ဘာကိုများ အမေ စိတ် ထင့်ရပါလိမ့် ”
အမေတို့ ရွာ မှ ထွက်သော် လမ်းဘေး တစ်လျှောက် တွင် နှင်းဆီရိုင်းပင်များ အလေ့ကျ ပေါက်၍ နေသည် ။ ဤ လမ်းလေးမှပင် သခင်ကျော်ဇေယျ သည် ခင်လေး ကို လှည်း နှင့်ခေါ်ဆောင်၍ လာသည် ။ နံနက်အစောကြီး ထ လာရ၍ နှင်းများ မှာ လမ်း ကို မမြင်နိုင်လောက် ပိတ်ဆို့၍ နေသည် ။ အညာဆောင်း ၏ နံနက်ခင်းလေ သည် အေးစက်၍ သွက်လက်လှသည် ။ ခင်လေးက သခင်ကျော်ဇေယျ ဘေးတွင် ကပ်၍ ကွေးကွေးလေးထိုင်ကာ လိုက်ပါလာသည် ၊ ပန်းရနံ့ ချိုချိုလေးများ သည် ခင်လေး ကို နှုတ်ဆက်ကြ၏ ။ သူသည် အမေ့ အိမ်ကလေး ကို မြင်ရနိုး နှင့် လည်ဆန့်၍ ကြည့်သည် ။ သို့သော် နှင်းများပိတ်နေ၍ အမေ့အိမ် ကို မမြင်ရသည့် အခါဝယ် သခင်ကျော်ဇေယျ ဘေးတွင် ပု ၍ ငြိမ် နေလိုက်သည် ။ မျက်လုံးထဲတွင်မူ မျက်ရည်များ က ဝိုင်း၍နေပေ သေးသည် ။
အမေ ကတော့ ဘုရား ပင်ဖြောင့်အောင် ရှိမခိုးနိုင်ပေ ။ လှည်း သံ ပျောက်သည်အထိ နှင်းထု ထဲ သို့ မျှော် ကြည့်၏ ။
“ အမေ တော့ ရွာ အပြင် ထွက်တဲ့ လမ်း ကို ဘယ်တော့မှ မရောက်ဘူးဖူး ” ဟု အမေ သည် မိန်းမဖော်လေး ကို ပြောပြနေသည် ။ ယခုမူ ဤ လမ်းဘေးမှ သမီး ထွက်သွား၍ အမေသည် ထို တာလမ်း ရှိရာသို့ ခြေဦးမျှပင် မလှည့်တော့ပေ ။
ဦးသာကျော် သည် သူ့ ပုံပြင် ကို ခင်လေး လိုက်သွားသည့် အခန်း တွင် ခဏ ရပ်၍ ထား၏ ။ သူ့ မျက်လုံး ထဲ တွင် နှင်းမှုန်များ ဖုံးအုပ် နေသော ယာတော ၏ နံနက်ခင်း ကို ပင် မြင်၍နေလေသလား ။ ဘာ အကြောင်းကြောင့် ရပ် နေသည် ဟူ၍တော့ ဖွင့်ဟ မပြောပေ ။ နောက် တစ်ခန်းဆက် တွင်မူ တပေါင်း ၏ ပန်းချီ နှင့် ထို ပန်းချီကားအောက်တွင် လှုပ်ရှားမှုများအကြောင်း ဆက်၍ ပြောပြန်သည် ။
တပေါင်း သည် ဟောင်း၍ သစ်သောလ ဖြစ်၏ ဟု သူ က ရိုးရိုး ပင် ဆိုပါသည် ။ အိုမင်းရင့်ရော်သော ရွက်ဟောင်းတို့ သည် မကြာခင်ကပင် မြေသို့ လျောကျသက်ဆင်း၍ လာကြသည် ။ ရွက်အိုတို့ သည် တစ်ခါကမူ အကိုင်းများ ထက် တွင် သူတို့ ၏ လှပတင့်တယ်ပျိုမျစ်ခြင်းများ ကို လောကသားတို့ အား ပြခဲ့လေသည် ။ ကောင်းကင်လေ သည် သာလျှင် သူတို့ ၏ ရှူရှိုက်ရာ ဖြစ်ခဲ့လေသည် ။
“ ယခုတော့လည်း အိုမင်းရင့်ရော်လာပြီ ဆိုတော့ ဆိုးလိုက် သည့် ကံကြမ္မာပေ ပဲ ။ မြေတွင် ခဏ ရပ်နား၍ အဘိုးအို သည် တရား ရိပ် တွင် ခိုအောင်းသလို ခဏတာတော့ မသေခင် နား လိုက်ချင်ပါရဲ့ ”
သို့သော် ပူပြင်း၍ သွက်လက်သော လေ က ရွက်အိုရွက်ဟောင်းများကို မောင်း၍ ထုတ်၏ ။ အပင် အောက် တွင် အနားမရပဲ လေ မောင်းနှင်ရာ သို့ ပြေး ကြရပြန်သည် ။
ရွက်ဟောင်းများ သည် မြေ တွင်ပြန့်ကြဲ၍ ဖရိုဖရဲ ပြေးလွှား ကြရင်း သစ်ပင်များ ထက် သို့ မော် ၍ ကြည့်၏ ။ အကိုင်းများပေါ်တွင် သစ်လွင်သော ရွက်နုများ သည် ဝတ်လွှာအစိမ်းနုများ ကို လွှမ်းခြုံ၍ နေရောင်ခြည် တွင် လှပလေစွ ၊ တောတန်းဆီ မှ တပေါင်းလေရူး သည် တောပန်း တို့ ၏ ရနံ့တို့ ကို စုပေါင်းသယ်ယူ လာ၏ ။ ရွက်ဟောင်းကြီး များသည် ငယ်စဉ် က သူတို့ ဘဝ ကို ပြန်လည် အောက်မေ့မိသည် ။ လူသားသာ ဆိုလျှင်လည်း မျက်ရည်တောက် တောက် ယိုလိုက်ပါ၏ ။ သူတို့လောက ကို ထွက်ပြူစ တုန်းကလည်း သည်လိုပင် တပေါင်းလ မဟုတ်ပါလော ။ ပျိုမျစ်သစ်လွင် သော အရွယ်တွင် နေရောင်ခြည် ကို လှုံ၍ တောပန်းရနံ့တို့ ပြွန်းသော ကောင်းကင်ပြင် ကို ရှူရှိုက်ရသည်မှာ ဘဝနိဗ္ဗာန် ပေတည်း ။ ယခုတော့ လေတိုက်လိုက်တိုင်း ပြေးလွှားရ သည်မှာ မောလှပါတကား ။
ဤသို့ အဟောင်းများ ကြွေလျော့၍ အသစ်တို့ မွေးဖွားချိန် ယ် ဦးသာကျော် တို့ ရွာတွင် တော်လှန်ရေး သည် လည်း ပေါက်ဖွားလာခဲ့ သည် ဟု ဆို၏ ။ တောတန်း နှင့် မဝေးသော ဤရွာပြင်လမ်း အနီးတွင် ဂျပန် ကိုတိုက်ရင်း ကျဆုံးသွားသော ရဲဘော်ရွာသားများ ၏ သွေးကွက် များလည်း ရှိသည်ဟူ၍ ဦးသာကျော် က ဆိုပြန်သည် ။
“ သခင့် မိန်းမ ဘဝတုန်း က သူ့ယောက်ျား နိုင်ငံရေး ကို လွတ်လွတ်ကျွတ်ကျွတ် လုပ်နိုင်ဖို့အတွက် ခင်လေး ဟာ ကျောင်းဆရာမ လေး လုပ်ရတယ် ။ အမေ့ ရွာ ကို တောင် ပြန် မလာနိုင်ဘူး ။ ခုတော့ တော်လှန်ရေး အတွက် သူ့ယောက်ျား ကို ကူညီဖို့ ရွာ ကိုခင်လေး ပြန်ဘလာ ပါတယ် ”
ဤနေရာတွင်လည်း ဦးသာကျော် သည် သူ ၏ ပုံပြင် ကို ခပ်ဆန်းဆန်း ပြော၍ ပြပြန်၏ ။
ရွာအပြန် လမ်းဘေး ရှိ လက်ပံပင်ကြီး အောက် မှာ ထမင်း တောင်း ကို ရွက်ကာ ခင်လေး သည် သခင်ကျော်ဇေယျနှင့် သူတို့ ရှိရာ တောအုပ်ငယ်အတွင်း သို့ လာရသည် ဟု ဆို၏ ။
“ တစ်ခါတစ်ခါတော့လည်း တခြားရွာသားတွေ ကို ပို့ခိုင်းတယ် ”
လက်ပံပင်ကြီး အောက် တွင် ခင်လေး ခြေရာများ သည် ချောင်း ဖြစ်လုအောင် ခေါက်တုံ့လူးလားခဲ့ပေသည် ။ ရွက်ဝါကြွေများ သည် လည်း နေရောင်ကြောင့် သွေ့ခြောက်ရသည့် အထဲ တွင် ခင်လေး ၏ ခြေထောက် အောက် တွင် ကြေမွပျက်စီးလာရပြန်သည် ။
“ သခင်ကျော်ဇေယျ ကို ခင်လေး ဘယ်လို ကူညီခဲ့တယ်ဆိုတာ အမှန်အတိုင်း သိချင်ရင် အဲဒီ လက်ပံပင်ကြီး နဲ့ မြေကြီး ကို မေးကြည့် ပါလား ”
အလို ကျွန်မ သည် ဦးသာကျော်စကားကို အံ့သြရပြန်သည် ။
“ လက်ပံပင်ကြီး နှင့် မြေကြီး ကို ”
“ ဟုတ်ပါတယ် ။ လူ ဆိုတာတွေက အမှန် ကို ပြောခဲ့ပါတယ် ။ မြေကြီး ကတော့ မလိမ်ပါဘူး ။ သင်္ခါရတွေ နဲ့ ဖောက်ပြန်ပြောင်းလဲ နေတဲ့အကြောင်းတွေကို အစဉ် စောင့်ကြည့်နေတာ မဟုတ်လား ”
ကျွန်မ သည် ဦးသာကျော် ၏ မျက်လုံးများ ကို စိုက်၍ ကြည့် မိပြန်သည် ။ သူ့ မျက်လုံးများသည် ကောင်းမွန်စွာ တောက်ပနေ၍ သူ့ စကား ကို သံသယ ကင်းရှင်းစွာ ဆက်၍ နားထောင်နေလိုက်ပါသည် ။
လူသားများ ၏ ဖောက်ပြန်ပြောင်းလဲမှု ကို လည်းကောင်း ၊ အဖြစ်မှန် စိတ်ရင်းကိုလည်းကောင်း မြေကြီး သာလျှင် အသိဆုံး ဆို၏ ။ ရွက်ဟောင်းများ ကို တပေါင်း ၏ လေပူသည် မောင်းနှင် ရှင်းပြစ်သလို တော်လှန်ရေး သည် ဖက်ဆစ် ၏ ဟောင်းနွမ်းဆိုးယုတ်မှုများ ကို အပြင်းအထန် တိုက်ထုတ်၍ ပစ်လေသည် ။
ထိုသောအခါ ဖက်ဆစ်သွေး သည် လည်း မြေ သို့ ကျ၏ ။ တော်လှန်ရေးသမားများ ၏ သွေးသည် လည်း မြေသို့ ကျ၏ ။ သို့သော် ဘယ်သွေးစက်များသည် ဖက်ဆစ် ၏ သွေး ၊ ဘယ်သွေးကွက်များ သည် တော်လှန်သူ တို့ ၏ သွေး ဟူ၍ မြေကြီး သည် သာလျှင် ပို၍ သိသည် ဟု ဆိုပါသည် ။
တော်လှန်သူ တို့ သည် ပြေးလွှားကာ တိုက်ခိုက်ရင်း သူတို့ ခြေရာများသည် လည်း မြေပေါ်တွင် နစ်၍ နစ်၍ ကျန်ရစ်၏ ။ တစ်ခါတစ်ရံ ပမာဓလေခ ချွတ်ယွင်း၍ မှတ်တမ်းတင်သူ တို့ က တော်လှန်သူအစစ် အချို့တို့အား မှတ်တမ်းတွင် မတင်ရစ်မိသော်လည်း မြေကြီး က မူ ဘယ်သူ သည်တော်လှန်သူ အစစ် ဆိုသည်ကို သိသည် ဟု ဆိုလေသည် ။
တော်လှန်ရေး ပြီး ၍ အေးချမ်းသော အချိန်တွင် တော်လှန် ရေးတွင် ပါဝင်သူတို့အား အခွင့်အရေး ပေးခဲ့၏ ၊ ဤအချိန်တွင်လည်း ရောင်တော်ပြန်တို့က “ သူတို့ သည် ဖက်ဆစ် ကို တော်လှန်ခဲ့ပါသည် ” ဟု လက်သီးလက်မောင်းတန်းကာ အခွင့်အရေး ဆို ကြလေသည် ။ ထိုအခါ မြေကြီး သည် ဟက်ဟက်ပက်ပက် ရယ်၏ ။ မြေသား သည် ပုထုဇဉ်မျှ သာတည်း ။
••• ••• ••• •••
မိုးရာသီ စ၍လာလျှင် လေသည် လေပူလေရမ်းများ မဟုတ် တော့ပေ ။ တောင်ဘက်မှသာ တိုက်ခတ်၍ လာလေသည် ။
အက်ကွဲ၍ မာကျောသော မြေတို့သည်လည်း စိုထိုင်း၍ ညို လာ၏ ။ ရေ တွင်လည်း မိုးစက်နှင့် မြေငွေ့တို့ ပါ၍လာလေသည် ။
ပန်းပွင့်တို့ သည်လည်း အိပ်ရာမှ နိုးကြကုန်၏ ။ သစ်ပင် အားလုံး သည် မိုးစက်အောက်တွင် စိမ်းလန်းလာကြလေသည် ။ တပေါင်း ပူပြင်းခြင်း နှင့် ပြင်းထန်စွာ ပြောင်းလဲခြင်း ၏ နောက်ပိုင်းတွင် မိုးဦးကဲ့ သို့သိပ်သည်း၍ အေးချမ်းသော ဥတု လာရသည် မှာ ဓမ္မတာပေတည်း ။
ဤသို့ မိုး ၏ အစတွင် ခင်လေးသည် ဒုတိယအကြိမ် သခင် ကျော်ဇေယျ ထံ သို့ လိုက်ဖို့ပြင်ရပြန်သည် ။
ယခုတစ်ခါ သွားရသည်မှာ ရန်ကုန် သို့ ရောက်မည် ဖြစ်၍ အမေ့ ကို ခေါ်သော်လည်း အမေ က မလိုက်ပေ ။
မိုးဦးကျစ ဖြစ်၍ ရွာလမ်း သည် ဖုန် မထူတော့ပေ ။ လှည်း ဘီးသည် မြေအိအိ ပေါ်တွင် နပ်၍ နစ်၍ သွား၏ ။ အမေ သည် အိမ်ဝ မှ ပင် မျက်စိ တစ်ဆုံး မျှော်၍ ကြည့်၏ ။ လှည်းလမ်းကြောင်း နှစ်ခု သည် အမေ့ ရှေ့မှ ရှည်၍ ရှည်၍ ထွက် သွားကြသည် ။
ဦးသာကျော် တို့ လူစုကတော့ သခင်ကျော်ဇေယျ တို့ အား ရွာသားတို့ ကျဆုံးသော တောတန်းလေးနား အထိ လိုက်၍ ပို့၏ ။
ပထမ တစ်ခါ ထွက်ခွာစ က နှင်း ဖုံးနေ၍ ရွာ ကို မမြင်ရပေ ။ ယခုတစ်ခါ မူ မျက်ရည်ဖုံးနေ၍ ခင်လေး သည် ရွာ ကိုမျှော် ကြည့်သော် လည်း မမြင်ရပေ ။ တောတန်း မှာ တော့ မိုးရေကြောင့် သစ်ရွက်များ စိမ်း လန်း လာကြ၏ ။
ချိုသော ပိတောက်တို့ ၏ ရနံ့တို့ သည်လည်း တောတန်း တစ်လျှောက် တွင် လှိုင် နေပေသည် ။ အားလုံးသော သဘာဝသည် မိုးတစ်ပြိုက် ရွာအပြီးတွင် ပြန်လည် သစ်ဆန်းလာသလို ရွှင်လန်း၍ နေ ပေသည် ။
“ အားလုံးကတော့ သစ် နေသလိုပဲ ။ ဒါပေမယ့် လေ က စိုထိုင်းထိုင်းကြီး အစ်ကိုရယ် ” ဟု ခင်လေး က ပြောလိုက်သည် ။
“ အေးပေါ့ ။ ဘယ်အားလုံးတော့ ပြောင်းလဲ မလဲကွယ် ၊ တစ်ခုခု တော့ စိုထိုင်းထိုင်း ဖြစ်နေဦးမှာပေါ့ ”
အားလုံးသော သစ်ပင်လေးများက ထိုးထိုးထောင်ထောင် လှုပ်လှုပ်ရှားရှား နှင့် သူ့ ကိုနှုတ်ဆက်၏ မိချောင်းနွယ်ပန်းများ ကလည်း ဖွေး၍နေပေသည် ။ သူ သည် လက် ကို ဝှေ့ယမ်းကာ ပန်းကလေးများကို နှုတ်ဆက်လိုက်လေသည် ။ ယခုလို အသိုင်းအဝိုင်းများ မှ ခွဲထွက်သွား ရတော့လည်း ဝမ်းနည်းသလိုလို ဖြစ်လိုက်မိသည် ။ မြင့်သော လက်ပံပင် ကြီး ကို ဖြတ်ကျော် အသွားတွင်မူ သူသည် မော့ ၍ မကြည့်တော့ပေ ။
••• ••• ••• •••
ခင်လေး ထွက်ခွာသွားပြီး မှ သူ့ကိုယ်စား အမေ့ ထံ သို့ စာများ လာခဲ့လေသည် ။ ဦးသာကျော်က ခင်လေး ထံ မှ စာ လာတိုင်း အမေ့ ကို ဖတ် ပြရ၏ ။ စာ များလာသည် မှာ တစ်စောင် နှင့် တစ်စောင် ဝေးကွာ လွန်း၍ အမေ သည် သူ့ ကို များ သမီးလေး က မေ့ သွားပြီလား ဟုထင် သည် ။
စာတစ်စောင် တွင် မူ သူ့ ဘဝ ကို ခင်လေး က ဖော်ပြလိုက်၏ ။
အမေရယ် ...
ဟိုတုန်းကတော့လဲ သူ နိုင်ငံရေးလွတ်လွတ်ကျွတ်ကျွတ် လုပ် နိုင်အောင် လို့ ဆရာမ လုပ်နေရတာ နဲ့ မအားရဘူး ။ အခုတော့ အမေ့ သမီး ဟာ သခင့် မိန်းမမဟုတ်တော့ဘူး ။ အစ်ကို တစ်ယောက် ပါလီမန် အတွင်းဝန်ဖြစ်သွားပြီ ။ ဒါပေမယ့်လည်း မီးဖိုချောင် ထဲ က မထွက်ရလို့ အမေ့ ဆီ စာ မရေးနိုင်ဘူး အမေ ရယ် ။
ဒီ စာရေးနေတုန်း လေ အစ်ကိုတင်းနစ်ရိုက် က ပြန် လာလို့ သမီး လိမ္မော်ရည် ဖျော်ပေးရဦးမယ် ။ အစ်ကိုလေ အခုကျန်းမာရေး အတွက် နေ့တိုင်းနေ့တိုင်း တင်းနစ် ရိုက်တယ် ။
ပြောင်းလဲတာတွေ ကို အမေ့ ကို ပြောရဦးမယ် ။ အခု အစ်ကို တင်းနစ် သွား ရိုက်တဲ့ အိမ် ဟာလေ ပဂ္ဂီ တို့ အိမ် အမေ ရဲ့ ။ အစ်ကို ပြော တယ် ။ ပဂ္ဂီ တို့ ဟာ အစ်ကို နဲ့ တစ်မြို့ ထဲသူငယ်ချင်း တဲ့ ။ ဒါပေမယ့် အစ်ကို သခင်ကျော်ဇေယျ ဘဝတုန်း က ဆိုရင် လှည့် လို့တောင်မကြည့် ဘူး တဲ့ ။ အစ်ကို တို့ ဟာ လူရှုပ် တွေ သခင်ဆင်းရဲတွေ ဆိုပြီး အစ်ကိုတို့ ကို အဖက် မလုပ်ဖူး တဲ့ ။ အခုတော့ အစ်ကိုတို့ ကို သူတို့အားလုံး ခင်မင်ကြ ပါတယ်လေ ။ ဒါကြောင့် သမီး လည်းဝမ်းသာပါတယ် အမေ ရယ် ။
ဦးသာကျော် သည် စာ ကို ခဏရပ်နား၍ အမေ့ ကို လှည့် ကြည့် လိုက်၏ ။ အမေ့ မျက်လုံး တွင် တစ်စုံတစ်ခု နားမလည် သလို ဟန် ပေါက် နေသည် ။
ဦးသာကျော် သည် စာ ဖတ်စဉ် အမေ က “ တင်းနစ် ” နှင့် “ ပဂ္ဂီ ” ဆိုသည် မှာ ဘယ်လို အဓိပ္ပာယ် ရှိသည့် အကြောင်း ဦးသာကျော် ကို မေး၍ ကြည့်ရ၏ ။ စာ ကို ဆက် ဖတ်ပြန်သည် ။
“ နေ့လယ် ဆို လည်း အမေ ရယ် ပေါင်မုန့် ထောပတ်သုတ် နဲ့ ၊ ကာဖီ ကို အစ်ကို့ ဆီ ပို့ရတော့ နေ့ခင်း မှာ လည်း မအားနိုင်ဘူး ။ အမေ့ ဆီ ကို လာလည်း လာချင်တယ် ။ ငွေ လည်း ပို့ချ င်တယ် ။ ဒါပေမယ့် သခင် ကဖြစ်လာတဲ့ အတွင်းဝန် ဆိုတော့ ကျွေး ရ ၊ မွေးရ တာ နဲ့ မနားဘူး အမေ ။ ငွေ က လည်း ပို လှတယ် မရှိဘူး ”
အမေ က စာ ဖတ်ရင်းပြုံး ၏ ။ သမီး သည် သူ့ ကို ဒါလောက် သတိရလျှင် ပဲ ကျေနပ်ပါပြီ ။
ဦးသာကျော် ကတော့ သခင်ကျော်ဇေယျ သူတို့ ဆီ တစ်ခေါက် တစ်လေ လာစေချင်သည့်အကြောင်း ပြော၍ နေသည် ။ သခင်ကျော်ဇေယျ မလာသည် မှာ သွားကတည်းက ယခု အထိ ဆိုလျှင် ( ၄ ) နှစ် တိတိ ရှိ သွားပေပြီ ။ နောက်လများ တွင် ခင်လေး ထံ မှ စာများ ခဏခဏ ရောက်သည် ။
“ အမေရယ် ခု တစ်လောတော့ အလုပ် အားတာ နဲ့ စာခဏ ခဏ ရေး နိုင်တယ် ။ အစ်ကို က အိမ် မှာ သိပ် မရှိတော့ အလုပ်အားတာပေါ့ အမေ ရဲ့ ။ သူ တင်းနစ် ပို ရိုက်တယ် ထင်ပါရဲ့ ။ ညဆယ်နာရီ ဆယ့်တစ်နာရီ လောက် မှ ပဲ အိမ် ကို ပြန်လာတယ် ”
အမေ သည် ယခုတလော သမီးထံ မှ စာ ခဏ ခဏ လာ၍ ပျော် ၏ ။ သမီးလေး များ ကိုယ်တိုင်လာ လျှင် ဘယ်လောက်များ ပျော် လိုက်မည်နည်း ။ နောက်တစ်ခါ ရောက် လာသော စာ ကို အမေ က ဘယ်လို အဓိပ္ပာယ်ကောက် ရမှန်းမသိပေ ။ ဦးသာကျော် ကတော့ အသံ တုန်နေသည် ။ ခင်လေး က စာရေးတိုင်း အစချီပုံကို က “ အမေ ရယ် ” ဟူ၍ တိုင်တည်သံ လိုလို ၊ အားကိုးသံ လိုလို စ၍ စ၍ ရေးတတ် သည် ။ ယခု စာ ကလည်း အမေ့ ကို တိုင်တည်သံပေလား ။
အမေရယ်
သမီး ရိုသေစွာ စာရေးလိုက်ပါတယ် ။ တပေါင်းလဆန်း ရင် အမေ့ ဆီ ကို သမီးပြန် လာခဲ့ပါမယ် ။ အမေ နဲ့ ဦးသာကျော် ရွာပြင်လမ်း က လာ ပြီးကြိုနေပါ ။
“ ဟယ် အမလေး သမီးလေး ပြန်လာမယ် ”
အမေ က ထို စာပိုဒ် ကို ကြားရချိန်တွင် ပျော်လွန်း၍ အသားများ ဆတ်ဆတ် တုန်နေသည် ။
သမီးလေး ဒီတစ်ခါ အမေ နဲ့ အတူ နေသွားတော့မယ် ။ အမေ ကို ရော ယာတော ကိုရော သမီး ဘယ်တော့မှ မခွဲဘူး ။ သမီး ပြန်လာမယ် အကြောင်းကိုလည်း ဘယ်သူ့ကို မှ မပြောနဲ့နော် ။
ဦးသာကျော် က မူ စာ ကို ခဏရပ်ထား၏ ။ ဤ စာ ၏ အဓိပ္ပာယ် မှာ ဘယ်လိုများ ပါလိမ့် ။
အမေ ရယ် ဝမ်းမနည်းနဲ့ နော် ။ အပြောင်းအလဲ ဆိုတာ လောက ရဲ့ဓမ္မတာ ဆိုတာ အမေ သိပြီးသားပါပဲ ။ ပြောင်းလဲတတ်တဲ့သဘော ကို ထာဝရတရားအဖြစ် ယူဆထားတဲ့ သမီး စိတ်က သာ မှားတာပါ အမေ ။
ဤနေရာတွင် အမေ က ဦးသာကျော် လက် ကို ခဏ ဖမ်းကိုင် ၍ ထားလိုက်ကာ “ သူ ဘာကို ရေးနေတာလဲ ကွ ” ဟု မေးပြန်သည် ။ ဦးသာကျော် သည် ခေါင်း ကို ဖြည်းဖြည်း ခါလိုက်ကာဆက်၍ ဖတ်ပြန်သည် ။
အစ်ကို လေ သိလား ၊ အစ်ကိုရယ် ပဂ္ဂီ နဲ့ မနက်ဖြန် လက်ထပ် ကြတော့မယ် ။ သမီး ဒီမှာ ဘယ်လို နေလို့ ဖြစ်မလဲ ။ သမီးမှာ အပြစ်တွေ အများကြီး ရှိတယ်လို့ အစ်ကို က ပြောတယ် ။ ဘယ်လို အပြစ်တွေ ရှိသလဲလို့ သမီး သိချင်လိုက်တာ ။ အစ်ကို့ ကို မမေးရဲလို့ မမေးတော့ဘူး အမေ ။ ကိုယ့် အပြစ် ကိုယ် မသိတာ ကို က သမီး ရဲ့ အပြစ် ပဲ ထင်ပါရဲ့ ။ အဲဒီ ပဂ္ဂီ ဆိုတာလေ အမေ မှတ်မိမှာပေါ့ ။ တစ်ခါက အစ်ကို ပြော တဲ့ “ တို့များ သခင် ဘဝတုန်း က ဆိုရင် တို့ကို လှည့် မကြည့်ဘူး ။ သခင်စုတ် သခင်ဆင်းရဲတွေ ဆိုပြီး နှာခေါင်းရှုံ့ တယ် ” ဆိုတဲ့ မိန်းမ ပေါ့ အမေ ။
သမီး ပြန်လာခဲ့မယ် ဆက်ဆက် ကြိုပါ ။
ကျန်းမာချမ်းသာပါစေ ။
သမီးခင်လေး
ဦးသာကျော် က စာရွက်ကိုကိုင်ကာ ငိုင်နေသည် ။ အမေ ကတော့ ပြုံး၍ နေ၏ ။
“ သမီး ပြန်လာတာဟာ မှန်တာပေါ့ မောင်သာကျော် ” ဟု ဆို၏ ။
“ မဟုတ်ပါဘူး အမေ ရယ် တစ်ခုခုတော့ တစ်ခုခုပဲ ။ သူတို့ အဟောင်း ကို အားလုံးများ စွန့် ပစ်ကြလား ။ တကယ်ဆို ခင်လေးဟာ သခင် ဘဝတုန်း က ဒုက္ခ အတူ ခံပြီး လုပ်ကျွေးခဲ့တာတွေ တော်လှန်ရေး တုန်းက ကူညီခဲ့တာတွေ ကိုတော့ ထောက်ဖို့ ကောင်းပါသေးတယ် ။ သူတို့ဟာ လုပ်ဖော်လုပ်ဖက်တွေ ကို မေ့ရက်လိုက်တာ ”
“ အို ... ဒါတွေ ဘာမှ မပြောပါနဲ့ကွယ် ။ သမီးလေး မှာ အပြစ် ရှိတယ်တဲ့ ။ ဒီ အပြစ် ကို ကျေးဇူး တင်လိုက်တာ သမီးလေး ပြန် လာတော့မယ် ။ ယောက်ျား ဆိုတာက သူတို့ မြတ်နိုးလာရင် အပြစ် တောင်လို ပုံနေပေမယ့် မမြင် ဘူး ကွဲ့ ။ မုန်း လာပြီ ဆိုရင် မြူမှုန်လောက် ကို မြင်းမိုရ်တောင် လို အကျယ် ချဲ့တာပဲ ၊ ဘုရား မ လို့ သမီးလေး ချောချောမောမော ပြန်ရောက်ပါစေ ”
အမေ သည် လက်နှစ်ဖက် ယှက်ကာ ဘုရား ကို လည်းတ၏ ။ ပါးစပ် မှလည်း ပြုံးသည် ။ မျက်ရည် များ လည်း လည် ၍ နေသည် ။
••• ••• ••• •••
ခင်လေး ပြန်ရောက်မည့် ညနေစောင်း တွင် အမေ နှင့် သာကျော်လည်း ရွာပြင်လမ်းတွင် စောင့်၍ နေသည် ။ ဘယ်တုန်း မှ ရွာပြင်လမ်း သို့ မထွက်သော အမေ သည် ယခုတစ်ခါ ပထမဆုံး ရောက်လာခြင်းဖြစ်၏ ။
တောတန်း တစ်ထောင့် မှ လှည်းရိပ်မည်းမည်း ထွက်လာလျှင် အမေ့ ရင်များသည် တဆတ်ဆတ် ခုန်၍ လာသည် ။ ဤလမ်း မှ ပင် သမီးလေး ထွက်သွား၍ ဤလမ်း မှပင် ပြန်လာခဲ့သည် ။ နေရောင်သည် အပူရှိန် လျော့ ၍ ရွှေရောင်ဖျော့ဖျော့လေးသာ တောတန်းသစ်ပင်ထိပ် များပေါ်တွင် တင်နေရစ်သည် ။ ချုံတန်းများ ၏ အောက်ခြေတွင် တော့ မြူ များဆိုင်းစ ပြုလာသည် ။
“ ဒီနေရာမှာပေါ့ အမေ ၊ ရွာသားသုံးယောက် ကျတာ ” ဟု ဦးသာကျော် က ပြော၏ ။ သူ ညွှန်ပြသော လက်ပံပင်ကြီး အောက်တွင် တော့ သွေးစက်များ မရှိတော့ပေ ။ လှည်း သည် သူတို့အနား ရောက်လာ ၍ လက်ပံပင်အောက်တွင် ရပ်လိုက်၏ ။
ခင်လေး သည် လှည်း နောက်မြီးမှ ခုန်ဆင်း၍ အမေ့ဆီ ကို ဖြည်းဖြည်း လျှောက်လာသည် ။ အမေ့ လက်များကို သူ က တင်းတင်း ကျပ်ကျပ် ဆုပ် ထားသည် ။ အမေ သည် စကား တစ်လုံးမျှ မပြောနိုင်ပေ ။
“ သမီး ပြန်လာပြီ အမေ ”
တစ်ခါမျှ မတွေ့ဘူးသည့် လူတစ်ယောက် ကို ကြည့်သလို အမေ သည် ခင်လေး ၏ ပခုံးကို ကိုင်၍ မျက်နှာ ကိုစေ့စေ့ ကြည့်၏ ။
“ နောက်တစ်ခါ ပြန် မသွားနဲ့နော် သမီး ”
ခင်လေး သည် ခေါင်း ကိုဖြည်းဖြည်း ညိတ်လိုက်၏ ။ သူ့ မျက်လုံး မှ မျက်ရည်များ သည် မြေပေါ် သို့ ခုန်၍ ကျ သွားသည် ။ ဤ မြေကွက် မှာ ရွာသား တို့ ကျဆုံးစဉ် က သွေးစွန်းခဲ့သော နေရာ ဖြစ်သည် ။
ရွာသို့ အဝင်လမ်း အတိုင်း လျှောက်၍ လာကြသည် ။
ဤ မျက်ရည်စက်များ ကျသောနေရာတွင် ယခုအခါ ခံပန်း ပင်ချုံတို့ သည် အစုလိုက် ပေါက်နေသည် ဟု ဆို၏ ။
သို့သော် ထို ခံပွင့်များ သည် ခင်လေး ၏ အသည်းနှလုံး ကို ကိုယ်စားပြုလေသလော ၊ ကျဆုံးသွားရရှာသော ရဲဘော်တို့ ၏ သွေးစက် ကိုပင် ကိုယ်စားပြုလေသလော ဆိုသည်ကို ဦးသာကျော် က ဖွင့်ဟ၍ ပြော မသွားပေ ။
◾ခင်နှင်းယု
၁၉၅၅ မတ်လ
( ဤ ဝတ္ထုတွင် ပါရှိသော သခင်ကျော်ဇေယျ မှာ သခင် ကျော်ဇေယျ နှင့် လုံးဝ မပတ်သက်ပါ ။ )
www.facebook.com/aung.naingoo.3726613
.
No comments:
Post a Comment