Wednesday, March 27, 2019

မင်းမရှိလဲ ရပါတယ်


🔩    မင်းမရှိလည်း ရပါတယ်

      နံနက်  ၈  နာရီ  ထပ်ခနဲ အရောက်၊  စူးရှသော  ဥသြသံ   ထွက်ပေါ်လာလေ၏။
အလုပ်သမား ၂ဝ-၂၅ ယောက်ခန်ံ ကိုယ့်နေရာကိုယ် ရောက်ကုန်ကြလေပြီ။

       “တင်ကလောင် တင်ကလောင်၊ ရှီးရှီးရှဲရှဲ ၊ ဗြီးဗြီးဗြဲဗြဲ၊  ဒရစ်ဒရစ်၊ ဗျစ်ဗျစ်၊ ဗရော၊ ကလစ်ကလစ်၊ ကျင်ကျင်ကျောင်ကျောင်”

       ဝပ်ရှော့တစ်ခုလုံး သက်ဝင်လှုပ်ရှားလာလေပြီ။ အသံမျိုးစုံ ထွက်လာလေပြီ၊ ဝယ်ဒလင်တို့သံ၊  နိုင်ငံခြားက   အော်ခက်စထရော  အသံစုံတယ်ဆိုတာ   သည်ဝပ်ရှော့ကို မီပါ့မလား။   ကျွန်တော့်သူငယ်ချင်း   မောင်သောင်းဝပ်ရှော့၊   တောင်ဒဂုံစက်မှုဇုန် ၂   မှာ တွင်ခုံတွေ ထုတ်လုပ်နေတာ၊ ခြွေလှေ့စက်တွေ ထုတ်လုပ်နေတာ။ အစက ဗဟန်းဘက်မှာ လုပ်နေတာ၊  စက်မှုဇုန်တွေဖွင့်၊ မြို့ထဲကထွက်ကြဆိုတော့  တောင်ဒဂုံ     ၂  ကိုရောက်သွားတာ။

       “သူငယ်ချင်း… ဟိုပိန်ပိန်ရည်ရည် အသားဖြူဖြူကောင် မမြင်ပါလားကွ၊ ဟိုတစ်ခါ ငါလာတုန်းက တွေ့တယ်လေကွာ၊ လုပ်ငန်း အရမ်းကျွမ်းတယ်ဆိုတဲ့လူကွာ”

       “အာ… မင်း မိုးပျံကို ဟြေတာထင်တယ်။ အခု သူမရှိတောဘူးကွ”
     
       “ထွက်သွားတာလား၊ ထုတ်ပစ်တာလား”

       “သူ့ဘာသာ  ထွက်သွားတာပါကွာ၊   ငါ   သူ့ကို   လခအမြင့်ဆုံးပေးထားတာပါကွာ၊
ဒါတောင် မမြဲဘူးဟ”

       “အဲဒီလူ အလုပ်အရမ်းကျွမ်းဆိုမို့လား၊ မင်းငါ့ကို တစ်ခါဟြေဖူးတယ်”

       “အလုပ်ကတော့ တကယ့်ကို ကျွမ်းတာကွ၊    အလုပ်ရုံပေါင်းလည်း  နှံ့နေပြီ၊ လူနှစ်ယောက်စာ   အလုပ်ကို  တစ်ယောက်တည်းပြီးအောင် နိုင်နိုင်နင်းနင်းလုပ်တဲ့လူကွ၊ လူတော်တစ်ယောက်ပဲ၊     ပညာအရမ်းကောင်းတယ်၊   ငါတောင်  လက်ဖျားခါတယ်၊  ဒါပေမယ့်…”

ရှေ့မဆက်ဘဲ စကားကို ဆ… နေပြန်၏။

       “ဒါပေမယ့် ဘာဖြစ်သလဲကွ”

       “ပညာက  တော်ပါတယ်၊  ဒါပေမယ့်   အကျင့်တန်တယ်ကွ၊  အုပ်စုဖွဲ့တယ်၊
သွေးခွဲတယ်၊ ချောက်တွန်းတယ်ကွ၊ ငါသိ ငါတတ် ဆရာကြီးလုပ်ချင်တယ်၊ ငါနဲ့ သိပ်ကီးမကိုက်ပါဘူးကွာ၊ ပညာကြောင့်သာ ကြည့်နေရတာ”

       “အဲဒီ ပညာကို မက်လို့ပဲကွ၊ အခြားအလုပ်ရုံတစ်ခုက သူ့ကို မျက်စိကျသွားတာ”

       “အခု အဲဒီအလုပ်ရုံမှာလား”

       “နောက်ထပ် တစ်ရုံတောင် ဟြေင်းသွားပြန်ပြီ၊ ခက်တာကွ၊ သူကအရမ်းတတ်နေတော့  ပညာပြချင်တယ်၊ သူမရှိရင် အလုပ်ကို ရပ်ထားရလိမ့်မယ်၊ သူ့ခြေသလုံး  ဖက်လာလိမ့်မယ်၊ ဒီလိုထင်နေတာကွ၊  ငါကလည်း  ရင့်နေပြီပဲကွာ၊  တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ်ဆိုတာ သိထားတော့ သူ့ဆီက ပညာတွေ ယူထားလိုက်တာပေါ့”

ဟုတ်လောက်တယ် ခင်ဗျာ့၊ ကျွန်တော့်  သူငယ်ချင်း မောင်သောင်းဆိုတာက  ၁၈
နှစ်သားလောက်ကတည်းက ဝပ်ရှော့ထဲရောက်လာတာ၊ အောက်သက်ကျေရုံဘယ်ကမလဲ၊ အမှုန့်ဖြစ် အရည်တောင်ပျော်ကျသွားပြီ၊ အသက် ၆ဝ ကျော်သွားပြီဗျာ၊ နည်းတဲ့ လုပ်သက်မှတ်လို့၊ ဝပ်ရှော့အလုပ်သမားဘဝကနေ  ကိုယ်ပိုင်အလုပ်ရုံ ထောင်ရုံတင်မက သူ့ဆီက   ပညာတတ်သွားတဲ့   တပည့်တပန်းတွေ   အလုပ်ရုံခွဲ   ထောင်သွားကြတာ၊   သူ ထောက်ပံ့ ကူညီပေးလိုက်တဲ့  အလုပ်ရုံတွေ ၂ဝ-၂၅  ထက်နည်းမယ်မထင်ဘူး၊ သူ့သွားပညာပြလို့   ဘယ်ရပါ့မလဲနော၊   သူ့သွားပြရင်  ပညာကလေး   ဖတ်ခနဲကောက်ပြီးအိတ်ထဲထည့်ထားလိုက်မှာပေါ့ သူက။

       “သူထွက်သွားတော့  သူကိုင်ထားတဲ့  စက်တွေ  ချောချောမွေ့မွေ့လည်ပတ်ရဲ့လား
ဟကောင်ရ”

       “လည်ပတ်ပါတယ်ကွာ၊ ငါကိုယ်တိုင်လည်း   သင်ယူထားလိုက်တယ်  လည်ရည်
ပတ်ရည်ရှိတဲ ငါ့တပည့်တစ်ယောက်ကိုလည်း မသိမသာ သင်ယူခိုင်းထား လိုက်တယ်ကွာ”

       “သူက ချပ်ခနဲ အလုပ်ကထွက်သွားတော့ ဖတ်ခနဲ သူ့နေရာ လူစားဝင်လိုက်တာပေါ့ကွာ”

မှန်ပါတယ် ခင်ဗျာ။ ကုန်ထုတ်လုပ်ငန်းလုပ်နေတဲ့  လုပ်ငန်းပိုင်ရှင်များဟာ အလွန် ဦးနှောက်ပြေးရပါတယ်၊ ကြိုမြင်  ကြိုတွက်ထားရပါတယ်၊ လျင်နိုင်သမျှ  လျင်ရပါတယ်။
မောင်မဲ မလာလို့ အလုပ်ရပ်ထားရတာမျိုး၊ မိဖြူအလုပ်မဆင်းလို့ ဟာသွားတာမျိုး မဖြစ်ရလေအောင် လစ်လပ်သွားတဲ့ နေရာမှာ လူစားထိုးဖို့  အဆင်သင့် လုပ်ထားရတာကလားဗျာ။   အဲဒါကြောင့်လည်း   ကျွန်တော့်သူငယ်ချင်းဟာ   နှစ်ပေါင်း  ၄ဝ ကျော် အတွေ့အကြုံများကို  အခြေခံထားသဖြင့် သူ့အလုပ်ရုံ  ရပ်ထားရသည်၊
နားထားရသည်ဟု မရှိဘူးခင်ဗျာ။

“သူမရှိလည်း ငါရှိနေတာပဲကွာ”

ကျွန်တော် သူ့စကားကို အလေးအနက်  စဉ်းစားမိပါ၏။  
       အရည်အချင်းပြည့် ခေါင်းဆောင် ရှိနေသမျှ လုပ်ငန်းက လည်ပတ်နေမှာပါ။ သူ့ဆီက နည်းယူရပါ၏။ နမူနာ ယူရပါ၏။
       အခုကြည့်လေ…  တစ်စုံတစ်ယောက် အလုပ်ကထွက်သွားရုံနှင့်  သူ့အလုပ် ဘာမျှမထိခိုက်ပါ။ ဘယ်လောက်ကျွမ်းကျင်သူပဲ ထွက်ထွက်။

       “ဟင်း… ဟင်း… မင်းမရှိလည်း ရပါတယ်”

                                     မောင်ချမ်းသာ


Monday, March 25, 2019

အလောင်းတော်ကဿ ပ


အလောင်းတော် ကဿပ ဥယျာဉ်အတွင်း
ဘုရားအရောက်   ကတ္တရာလမ်း   ခင်းပါက ဥယျာဉ်တည်ထောင်ထားသည့် မူလ ရည်ရွယ်ချက်ကို ထိခိုက်စေနိုင်

စစ်ကိုင်း ဖေဖော်ဝါရီ ၅

              အလောင်းတော် ကဿပ အမျိုးသားဥယျာဉ် အတွင်းရှိ အလောင်းတော်ကဿပ စံကျောင်းသို့ ပေါက်သည့် သဘာဝ မြေသားလမ်းသည် အမျိုးသားဥယာဉ် အလယ်ဗဟိုကို ဖြတ်သန်းသွားရာ လမ်း တစ်လျှောက် ဆင်၊ ၀က်ဝံ၊ ကျားသစ်၊ စိုင်စသည့်ရှားပါး တောရိုင်းတိရ စ္ဆာန်များ ဖြတ်သန်းသည့်နေရာအများအပြား ရှိသလို လမ်းတစ်လျှောက်တွင် ထင်းရှူးတောမှလွဲ၍ ကျန်တောအမျိုးအစားငါးမျိုးကို လေ့လာနိုင်သဖြင့် သုတေသန ပြုလုပ်ခြင်းများအတွက် များစွာ အရေးပါနေကြောင်း ကနီမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်း ထံမှ သိရသည်။
          “ အထက်ရွက်ပြတ်ရောနှော တောစိုအထက်ရွက်ပြတ်ရောနှောတောခြောက်၊အောက်ရွက်ပြတ်ရောနှောတောစို၊ အင်တိုင်းတော၊ ထင်းရှူးတောနဲ့ အမြဲစိမ်းတော စတဲ့သစ်တောအမျိုးအစား ခြောက်မျိုး၊ အပင်မျိုးစိတ် ၄၆၅ မျိုး၊ သစ်ခွမျိုးစိတ် ၄၉ မျိုး၊ ပရဆေးမျိုးစိတ် ၁၄၃ မျိုး၊  ၀ါးမျိုးစိတ် ရှစ်မျိုး၊ နို့တိုက်သတ္တ၀ါ ၃၄ မျိုး၊  တွားသွားသတ္တ၀ါမျိုးစိတ် ၉၄ မျိုး၊  အင်းဆက်မျိုးစိတ် ၄၂ မျိုး၊လိပ်ပြာမျိုးစိတ်၂၅၀၊ ငှက်အမျိုးပေါင်း ၄၈၆ မျိုးတို့ တွေ့ရပါတယ်။ အဲဒီလိုဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝတဲ့အတွက် အာဆီယံအမွေအနှစ် ဥယျာဉ်အဖြစ် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလ၁၈  ရက်က    သတ်မှတ်ခံခဲ့ရပါတယ် ” ဟု ဦးထွန်းထွန်းဝင်းက  ဖြည့်စွက်ပြောပြသည်။
          အလောင်းတော်ကဿပ အမျိုးသား ဥယျာဉ်ကို ယင်းမာပင်ခရိုင် ကနီမြို့နယ်ရှိ ပုထိုးလုံးကြိုးဝိုင်းနှင့် ကလေးခရိုင် မင်းကင်းမြို့နယ် တောင်တွင်းကြိုးဝိုင်းနှစ်ခုအား ပေါင်းစည်း၍ သစ်တောဝန်ကြီးဌာန၏ ၁၉၈၉ ခုနှစ်ဇန်န၀ါရီလ ၁ ရက်နေ့ရက်စွဲပါ အမိန့်ကြေညာစာအမှတ် (၃၁/၈၉) ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး အကျယ်အ၀န်းမှာ၃၄၆၆၃၉ ဒသမ ၃၉ ဧက ၅၄၁ ဒသမ ၆၂ စတုရန်းမိုင်ရှိကြောင်း သိရသည်။
          မြေလမ်းမှ ကတ္တရာလမ်းအဖြစ် ပြောင်းလဲလျှင် ဇီဝမျိုးစုံမျိုးကွဲနေရင်းဒေသများ၏
သဘာဝအနေအထား ပျက်စီးသွားနိုင်သလိုသဘာဝရေစီးရေလာများပျက်စီးမှုနှင့်အတူ ဂေဟစနစ်ပါ ပြောင်းလဲသွားနိုင်ပြီး တောရိုင်းတိရ စ္ဆာန်များ၏ နေရင်းဒေသများကို အစိတ်စိတ်အမွှာမွှာကွဲကာ  ပျောက်သွားစေနိုင် ကြောင်း ဦးထွန်းထွန်းဝင်းက သုံးသပ်ပြသည်။
          ထို့အပြင် ရာသီမရွေး ယာဉ်များ ၀င်ထွက်သွားလာနိုင်သဖြင့်   ဆူညံမှုများကြောင့်
တောရိုင်းတိရ စ္ဆာန်များ ဥယျာဉ်အတွင်းမှရွှေ့ပြောင်းသွားနိုင်ကြောင်း၊ ယာဉ် နှင့် တောရိုင်း
တိရ စ္ဆာန်များ မတော်တဆတိုက်မိမှုများ ဖြစ်ပွားနိုင်ခြေများလာစေနိုင်သကဲ့သို့ ဆင့်ကဲ ထိခိုက်မှုများအနေဖြင့် မြေအသုံးချမှုများနှင့် လူတို့အခြေချနေထိုင်မှုများ ဖြစ်ပေါ်လာနိုင်ကာ ယခင်က လူတို့ နှောင့်ယှက်ဝင်ရောက်မှု မရှိခဲ့သည့် နေရာများတွင် တောရိုင်းတိရ စ္ဆာန်များ တရားမ၀င်ဖမ်းဆီးခြင်းနှင့် တရားမ၀င် ကူးသန်းရောင်းဝယ်မှုများ မြင့်တက်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
          ဂေဟစနစ်ဝန်ဆောင်မှုများ ဆုံးရှုံးပျောက်ကွယ်ပြီး ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ် ပေါ်စေကာ မူလသဘာဝပတ်ဝန်းကျင်အနေအထားများကို ပျက်ယွင်းစေပြီး တောရိုင်း
တိရ စ္ဆာန်များအား အနှောင့်အယှက်ဖြစ်စေနိုင်သည့်အပြင် တောပြုန်းခြင်းများဖြစ်ကာ
တရားမ၀င် သစ်ခိုးထုတ်မှုများ ပိုမို ပေါ်ပေါက်လာနိုင်သောကြောင့် လက်ရှိ ဥယျာဉ်အတွင်း
အလွန်ခက်ခဲစွာ တိုက်ဖျက်နေရသည့် သစ်ခိုးထုတ်မှုပြဿနာကို ပိုမိုဆိုးရွားစေမည်ဖြစ်ကြောင်း သိရသည်။
          အမျိုးသားဥယျာဉ်သည် အဖိုးတန်သစ်မျိုးများ ပေါက်ရောက်သည့်သစ်ထုတ်နိုင်သော
သစ်တောကြိုးဝိုင်းနှစ်ခုရှိရာ နိုင်ငံ၏ အမွေအနှစ်များရေရှည်တည်တံ့ရန် ထိန်းသိမ်းကာ
ကွယ်နိုင်ရေးအတွက် သစ်ထုတ်လုပ်ခြင်းမှ ရရှိသည့် စီးပွားရေးအကျိုးအမြတ်များကို စွန့်လွှတ်၍ သဘာဝနယ်မြေတစ်ခုအဖြစ်တည်ထောင်ထားခြင်းဖြစ်သည်။
          မြေသားလမ်းကိုကတ္တရာလမ်းအဖြစ် ပြောင်းလဲ ခင်းခြင်းဖြင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာပြီး အမျိုးသားဥယျာဉ်အဖြစ်တည်ထောင်ထားသည့် မူလရည်ရွယ်ချက်ကိုထိခိုက်စေမည်  ဖြစ်ကြောင်း ဦးထွန်းထွန်းဝင်းက သုံးသပ်ပြောကြားသည်။

မျိုးဝင်းထွန်း(မုံရွာ)

ကြေးမုံ  ၊ ဖေဖော်ဝါရီ ၆  ၊ ၂၀၁၇

စေတနာ အဆိုးအကောင်း ဖြစ်ပေါ်ခြင်း


☮      စေတနာ အဆိုး အကောင်း ဖြစ်ပေါ်ခြင်း
◼အရှင် ဦးဇေယျပဏ္ဍိတ ( ပိုင်းလော့ဆရာတော် )

          ကိုယ့်စိတ်ကိုယ်မနိုင်ဘူးဆိုတာက သွေးထဲမှာ သတိ္တတွေကိန်းနေပြီး ပြန်ပေါ်တာကြောင့် ဖြစ်တယ်။
          မကောင်းတဲ့ သတိ္တသွေးတွေကို အကြိမ်ကြိမ် သွင်းထားမိတော့ ပြဿနာပေါ်လို့ တကယ် ရင်ဆိုင်တဲ့ အခါမှာ လုပ်တဲ့ နေရာမှာ ဆုံးဖြတ်ချက် ချပြီဆိုရင် အဆိုးဘက်ကိုပါသွားရော။
          အကောင်းဘက်ကို မလိုက်နိုင်တော့ဘူး။
          အဲဒီတော့ ဒီနေရာမှာ ကိုယ်တိုင်ပြင်မှရမယ်ဆိုတာ မှတ်ကြပါ။
          တချို့အရက်သမားတွေက “ ဘုန်းဘုန်း ဘုရား အရက်ကို အလှူခံပါဘုရား ” လို့ ဘုန်းကြီးကို အပ်ကြတယ်။ ဘုန်းကြီးက ပြောလိုက်တယ်။ သူ့မှာ အရက်ကြိုက်တဲ့ သတိ္တမကုန်ရင်
ဘုန်းကြီးက အလှူခံလည်း အရက်မပြတ်နိုင်ဘူးလို့ ပြောလိုက်တယ်။
          ကြိုက်တဲ့သတိ္တ ကုန်သွားအောင် သူကိုယ်တိုင် ပြင်ရမှာ၊ အရက်မပြစ် မကောင်းကြောင်းကို အကြိမ်များစွာတွေးပြီးတော့ ဆိုးကျိုးတွေမြင်ပြီး ဆုံးဖြတ်ချက်ချပါများလားလို့ သတိ္တတွေ ပြောင်းသွားရင် သူ့ဘာသာသူ မသောက်တော့ဘဲနေမှ ပြတ်နိုင်မှာ အဲဒီလို မဟုတ်ဘဲ အရက်သမားချင်း ပြန်ပေါင်းလို့ အကြိုက်တွေက များလာရင် ဘုန်းကြီးပြောလည်း မရဘူး။
ကိုယ်တိုင်ပြင်မှ ရမယ်ဆိုတာ နားလည်ကြပါ။
နှလုံးသွေးမှာ သတိ္တကိန်းတယ်ဆိုတာ နားလည်ကြပြီလား။
          အထူးသဖြင့် တစ်ပါးသူရဲ့ အပြစ်ပြောတာကို ဘုန်းကြီးက အမြဲတမ်းတားတယ်။ ဘုရားကလည်း တားခဲ့တာပဲ၊ တစ်ပါးသူရဲ့အပြစ်တွေကို ရှေ့မှာလည်း မပြောကြနဲ့၊ ကွယ်ရာမှာလည်း မပြောကြနဲ့၊ ရှုတ်ချပြော ဆိုတဲ့စကားကို ရှောင်ကြဉ်ပြီးတော့ ပြောဆိုရာမှာလည်း ဖြည်းဖြည်းသာသာ စဉ်းစားပြီးပြောရမယ်တဲ့၊ ဒီလိုကျင့်ကြံတာဟာ ကိလေသာခေါင်းပါးပြီး လျော့နည်းစေတဲ့အကျင့်ပဲ၊
          အမြဲတမ်းသူများရဲ့အပြစ်ကို ကြည့်လေ့ရှိတဲ့ပုဂ်္ဂိုလ်၊ ပြောလေ့ရှိတဲ့ပုဂ်္ဂိုလ်မှာ အာသ၀တရားတွေ တိုးပွားလို့နိဗ္ဗာန်နဲ့ ဝေးသထက်ဝေးလိမ့်မယ်လို့ ဘုရားက ဆိုပါတယ်။
          အဲဒီတော့ လောကီမှာတင် ပိတ်တာမဟုတ်ဘဲ လောကုတ္တရာမှာပါ ပိတ်ပင်မှု ရှိတယ်လို့ မှတ်ပါ။
          တော်တော်များများဟာ သူများရဲ့ အပြစ်ပြောတာကို ၀ါသနာပါကြတယ်။ ဘုန်းကြီးတို့လည်း ရှေ့ပိုင်းမှာတုန်းကရာခိုင်နှုန်းအတော်များများ ပြောဖြစ်တယ်။ ဘုရားဟောတဲ့ စာပေတွေကို
ဖတ်ပြီးတော့မှ ဟုတ်လိုက်တာဆိုပြီး ရှောင်ခဲ့ရတယ်။ ဒါပေမဲ့ အမှတ်တမဲ့ ပြောမိတာလေးတွေ ရှိနေသေးတယ်။
          စေတနာအပိုင်းကို ဖတ်ပြီးတော့မှ ပိုပြီး ကြောက်လာတာ၊ ဘုန်းကြီးက ဒါကို သိစေချင်လို့ ပြောနေတာဖြစ်တဲ့ အတွက် စဉ်းစားပြီး လိုက်နာစေချင်တယ်။
          တစ်ပါးသူအကြောင်းပြောရာမှာ သူရယ်၊ ငါရယ် ပုံဖော်ပြီး ကိုယ်ရဲ့အယူလမ်းကြောင်းနဲ့ မတည့်တော့မှ အဲဒီပုဂ်္ဂိုလ်မကောင်းကြောင်း ပြောလို့ရမှာ ၊ တည့်ရင်တော့ အကောင်းပဲပြောမှာပေါ့။           အဲဒီတော့ အယူသမားများသည် တစ်ဖက်သားကို အပြစ်ပြောဖို့ ၀န်မလေးဘူးမှတ်ပါ။
ကိုယ်ဖြစ်စေချင်တဲ့ ပုံစံတွေ ကိုယ့်ဝါဒတွေနဲ့ မကိုက်ရင် အဲဒီပုဂ်္ဂိုလ်ကို မကောင်းပြောမှာပဲ၊ အဲဒီတော့ စေတနာဖြောင့်ပါ့မလား။
          ဘုန်းကြီးတို့ကျောင်းက ဘုန်းကြီးအိုကြီးတစ်ပါးအကြောင်း မှတ်ဖူးတယ်။ သူက ကားနဲ့
မြို့ထဲကပြန်လာချိန် ကားပေါ်က ဆင်းလာတော့ ညည်းတယ်။ အဲဒီကားသမားတွေ စေတနာတော်တော် မကောင်းလိုက်တာတဲ့၊ ဘာဖြစ်လို့တုန်း ဘုန်းဘုန်းလို့မေးတော့ ကျောင်းရှေ့ရပ်ပေးပါပြောတာ ကျော်ပြီးမှရပ်ပေးတယ်။ ကားခလည်းတောင်းသေးတယ်။ တော်တော်မကောင်းတဲ့ကားသမားလို့ပြောတယ်။ အဲနောက်နေ့ကျပြန်တော့ ပြုံးပြီးပြန်လာတယ်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီကားသမားတော်လိုက်တာကွာလို့ ပြောတယ်။ ဘာဖြစ်လို့လဲမေးတော့ ကျောင်းရှေ့မှာလည်း ရပ်ပေးတယ်။ ပြီးတော့ ကားခလည်း မတောင်းလိုက်ဘူးလို့ ပြောတယ်။

          အယူသမားများဟာ ဖောက်ပြန်တယ်။ ကိုယ့်အတွက် အချိုးတည့်ရင် အကောင်းပြောပြီး၊
မတည့်ရင် မကောင်းပြောတယ်။ အဲဒီကတည်းက အဲဒီပုဂ်္ဂိုလ်မှာ စေတနာ အကောင်းရှိပါ့မလား ၊  မရှိဘူးဆိုတာ တွေးလို့ရပြီနော်၊ အဲဒီတော့ ကိုယ်မှား တာကို ပြင်ကြပါ။ အပေးသမားဖြစ်ရမယ်လို့ မှတ်ကြပါ။

[၂၀၀၆ ခုနှစ်၊ ဇူလိုင်လထုတ် အရှင်ဇေယျပဏ္ဍိတရေးသားသည့်
“ မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့် သတ္တလောက၏ ဖန်ဆင်းရှင် ” စာအုပ်မှ ကောက်နုတ်ဖော်ပြသည်။]


Saturday, March 23, 2019

နားပန်းဆံ တေးသံရှင်


🎤         နားပန်းဆံ တေးသံရှင်

          မြန်မာတို့သည် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့် ရုပ်ရှင်နှင့် ကိုယ့်ဂီတကို နှစ်သက်မြတ်နိုး တန်ဖိုးထားကြသူများ ဖြစ်သည်။ သို့ဖြစ်၍ ရုပ်ရှင် ဂီတ အနုပညာရှင်များကို ပြင်ပမှာ  တွေ့ကြသည့်အခါ ထန်းလျက်ကို ပုရွက်ဆိတ်များခဲသည်သို့ ၀ိုင်းအုံကြည့်ကြ၊ မိတ်ဖွဲ့ချင်ကြသည်။ အနှောင့်အယှက်ပေးခြင်းမဟုတ်။ သို့ဖြင့် ရုပ်ရှင်ဂီတနှင့် ပတ်သက်လာလျှင်၊ စိတ်ကြိုက်တွေ့လျှင် နှလုံးသားဝယ် သံမှိုစွဲသည့်အလား မှတ်သားထားတတ်ကြသည်။        
“ ဗိုလ်အောင်ဒင် ” ဆိုသည်နှင့် မင်းသား ခင်မောင်ရင်၊ “ ဘ၀သံသရာ ” သီချင်းကြားသည်နှင့် ဦးသုခ၊
“ ဖိုးပြုံးချို ” ဇာတ်ကားအကြောင်းပြောလျှင်  ဖိုးပါကြီး၊ “ ထွေးညို ” သီချင်းသံကြားလျှင် တွံတေးသိန်းတန်၊ “ မှုံရွှေရည် ” ဆိုလျှင် ၀င်းဦး၊
“ ကျောက်ခဲ ” သီချင်းကိုဆိုမှမဟုတ် တီးလုံးအတောတောလိုက်သည်နှင့် ဇော်ဝမ်းမှန်းတမ်းသိကြသည်။
         ထို့အတူ “ နားပန်းဆံ ” သီချင်းမူရင်းအဆိုတော် ဘယ်သူလဲ မေးရန်မလို ၊ ရုပ်ရှင်မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်၏ သီချင်းမှန်း လူငယ်လူကြီး မရွေး တစ်ပြည်လုံးသိကြသည်။
          “ နားပန်းဆံ ”  သီချင်းကို ဖန်တီးသည့်တေးလက်ရာရှင်မှာ အလင်္ကာကျော်စွာ ဆရာ ရွှေပြည်အေး၊ မြန်မာတို့၏ကျေးလက်ဘ၀ကို နောက်ခံပြု၍ကျေးလက်..၊ ကျေးလက်ဂီတနှင့် ကျေးလက်ဒါနတို့ကို ရုပ်လုံးပေါ်အောင်စပ်ဆိုထားပြီး မြန်မာမှု၊မြန်မာ့ဟန်၊ မြန်မာ့သံစဉ်များဖြင့် မြူးမြူးကြွကြွလှလှပပထုံမွှမ်းထားရာ နားဆင်ရသူအပေါင်း ထ က ချင်စိတ်ပေါက်လောက်အောင် ကောင်းလှသည်။ မြန်မာပြည်သား မြန်မာတို့နားဖြင့် ကြားလေ ကြားရ ကြားမ၀နိုင်၊ အထူးလက်ရာမြောက် ဂန္ထ၀င်တေးတစ်ပုဒ်၊ မြန်မာ့အသံဓာတ်ပြား၊ ရောင်းတမ်း ဓာတ်ပြား ရုပ်ရှင်နောက်ခံတေးအဖြစ် ဒေါ်မြင့်မြင့်ခင်ကိုယ်တိုင် သီဆိုခဲ့သည်။
          ၁၉၆၅ ခုနှစ်ခန့်က ဒါရိုက်တာ ဦးတင်ယု ၏လက်ရာ မင်းသားလင်းထင်၊ မင်းသမီး သီရိကေခိုင်(ဒေါ်မြင့်မြင့်ခင်၏သမီး) တို့ ခေါင်းဆောင် ပါဝင်ထားသည့် “ ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည် ” ရုပ်ရှင်ဇာတ်ကားတွင်  “ နားပန်းဆံ” သီချင်းကိုနောက်ခံဇာတ်ဝင်တေးအဖြစ် အသုံးပြုပြီး
မင်းသမီး သီရိကေခိုင်က နားပန်းဆံ အကကို ကပြသွားခဲ့သည်။   ဂီတမှူး  ဇော်ဟိန်း “ သစ္စာပန်း ”  ၏ ဆက်သွယ်ပေးမှုဖြင့်   စာရေးသူနှင့်  ရုပ်ရှင်မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင် (အမေ ဒေါ်မြင့်မြင့်ခင် ) တို့   ဆုံတွေ့ခဲ့ကြရာ ဖော်ရွေသောအပြုံးပိုင်ရှင် အမေ၊ အသက်(၈၀) ကျော်ပြီ ဖြစ်သော်လည်း သီလကောင်းသဖြင့် လူရွယ်တစ်ဦးနှင့်မခြား သွက်လက်ပေါ့ပါးနေသောအမေ၊ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော အတိတ်ဖြစ်ရပ်များကို ဒက်ကနဲ ဒက်ကနဲ ရှင်းပြနိုင်သောအမေ၊ မြန်မာ့ရုပ်ရှင်နှင့်ဂီတလောကအတွက် များစွာအကျိုးပြုခဲ့သော အမေ့ကိုယခုလို ကျန်းမာရွှင်လန်းစွာ တွေ့လိုက်ရသည့်အတွက် စာရေးသူများစွာ ကြည်နူးပီတိဖြစ်မိသည်။
          “ အကယ်ဒမီ(၅)ဆုရှင် ရုပ်ရှင်သရုပ်ဆောင် တေးသံရှင် စည်သူ ဒေါ်မြင့်မြင့်ခင် ” ...သန်လျင်သူ၊ ငယ်နာမည် ဘေဘီ၊ အဖ B.O.C အင်ဂျင်နီယာ ဦးဘိုးမင်းနှင့် အမိ ဒေါ်အေးကြည်တို့က
၁၃-၈-၁၉၃၄ တနင်္လာနေ့တွင် မွေးဖွားခဲ့သည်။
          ကျောင်းနေအရွယ် တစ်ဖက်မှ စေတနာလုပ်အားပေး သူနာပြုအဖြစ် သုံးနှစ်ခန့်လုပ်ရင်း ၁၉၄၉ ခုနှစ်တွင် ရန်ကုန်မြို့ မြို့တော်ခန်းမ၌ တင်ဆက်ကပြသည့် ဒါရိုက်တာ ဦးအေးမြင့်၏ လက်ရာ စိန်ဂျွန်းသူနာပြုတပ်ဖွဲ့ ရန်ပုံငွေ ပြဇာတ်၌ ပါဝင်ကပြခွင့်ရခဲ့သည်။
          ထိုပြဇာတ်ကိုကြည့်ပြီး ရုပ်ရှင်အသိုင်းအ၀ိုင်းမှ စိတ်ဝင်စား လာသည့်အတွက် မင်းသားကျော်ဖေ ( ရုပ်ရှင်သရုပ်ဆောင် ဒေါ်ခင်လေးဆွေ ခင်ပွန်း ) ၏ ဆက် သွယ်ပေးမှုဖြင့် ရုပ်ရှင်လောကထဲ ရောက်ရှိခဲ့သည်။
          ၁၉၅၀ ခုနှစ်ခန့်တွင် ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာ ဦးအောင်ကြီး ရိုက်ကူးသည့် “ မာယာရှင် ” အသံတိတ်ဇာတ်ကားတွင် မင်းသားကျော်ဖေ၊ ရဲမြင့်၊ မင်းသမီး ခင်ခင်တင့်တို့နှင့်တွဲဖက် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ဒါရိုက်တာ စာရေးဆရာမင်းရှင်နောင် ရိုက်ကူးသည့် “ အနိုင်မခံ ” အသံတိတ်ဇာတ်ကားတွင် မင်းသားရွှေမန်းထွန်းတင်နှင့် တွဲဖက်၍ခေါင်းဆောင်မင်းသမီးအဖြစ် စတင်သရုပ်ဆောင်ခဲ့သည်။ အမေသည် အသံတိတ်ခေတ်၊ သံစုံသွင်းခေတ်၊ အသံထွက်ခေတ်နှင့် ဗီဒီယိုခေတ်အဆက်ဆက်တို့တွင် ပါဝင် သရုပ်ဆောင်ခဲ့သည့် ရှေ့မီနောက်မီ ရုပ်ရှင်အနုပညာရှင်တစ်ဦး၊ အသံတိတ်ခေတ်နှင့် သံစုံသွင်းခေတ်တို့တွင် အမေပါဝင်ရိုက်ကူးခဲ့သည့်  ရုပ်ရှင်ဇာတ်ကားပေါင်းမှာ ၁၅ ကားခန့်၊ အသံထွက်ခေတ်တွင် ၆၅ ကားခန့်နှင့်ဗီဒီယိုခေတ်တွင် ဇာတ်ကားပေါင်း ၃၀ ခန့် ရိုက်ကူးခဲ့သည်။
          ခေတ်အဆက်ဆက်ရိုက်ကူးခဲ့သော ရုပ်ရှင်ဇာတ်ကားပေါင်းများစွာအနက်မှ   ထင်ပေါ် ကျော်ကြားသည့်  ဇာတ်ကားအချို့ကို   ကောက်နုတ်ဖော်ပြရလျှင်
(၁)  ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာဦးချစ်ခင်
ရိုက်ကူးပြီး မင်းသားကျော်ဆွေနှင့်  တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ ချစ်ပန်းသဇင် ”၊ “ မွှေး ” နှင့် “ ဖြေလျော့ခွေ ”
(၂) မန္တလေးရုပ်ရှင်မှ ဒါရိုက်တာ ရွှေဒုံးဘီအောင်ရိုက်ကူးပြီး  မင်းသားမောင်မောင်တာနှင့်  တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ ဤလူ့ဘောင်တွင် ”
(၃)မင်းသားရွှေဘနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ တောပုန်းကြီးစံဖဲ”
(၄)ရွှေညာမောင်ရုပ်ရှင်မှ ဒါရိုက်တာ ဦးချင်းစိန်(ရွှေညာမောင်)ရိုက်ကူးပြီးကောလိပ်ဂျင်နေ၀င်းနှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ ကောလိပ်ဂျင် ”
(၅) အေ၀မ်းဖလင်မှ ဒါရိုက်တာ အေ၀မ်း ဦးတင်မောင် ရိုက်ကူးပြီး ညွန့်ဝင်းနှင့် တွဲဖက်သရုပ်ဆောင်ထားသည့် “ မမထားနှင့် အပါ ”
(၆) မဟာဗောဓိရုပ်ရှင်မှ ဒါရိုက်တာ မြတ်လေးရိုက်ကူးပြီး ကောလိပ်ဂျင်နေ၀င်း၊ မြတ်လေး၊ စိုးရွှေတို့နှင့်   တွဲဖက်သရုပ်ဆောင်ထားသည့် “ ချွေးနှင့်သွေးနှင့် ရင်းသည့်မြေ ”
(၇) ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာစံရွှေမောင်(အောင်လွင်) ရိုက်ကူးပြီး ၀င်းဦး၊ အောင်လွင်၊ခင်လေးဆွေ တို့နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည့်   “ တိမ်လွှာမို့မို့လွင် ”
(၈) မြနန္ဒာရုပ်ရှင်ဒါရိုက်တာ တင်ထွန်းနိုင် ရိုက်ကူးပြီး ၀င်းဦးနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ မုန်းပါတယ် မောင့်ကို ”

          အမေ အကယ်ဒမီထူးချွန်ဆုရရှိခဲ့သည်များကိုဆက်လက် ဖော်ပြရလျှင်
(၁) ၁၉၅၇ ခုနှစ်တွင် မောင်မောင်စိုး ရုပ်ရှင်မှဒါရိုက်တာ  မောင်မောင်စိုး ရိုက်ကူးပြီး မင်းသား ဇေယျ ၊ မြင့်အောင်၊ကျော်ဖေတို့နှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ချစ်ညီမ” အသံထွက် ဇာတ်ကားဖြင့်အကောင်းဆုံးအမျိုးသမီးသရုပ်ဆောင် အကယ်ဒမီ
ထူးချွန်ဆု၊
(၂)၁၉၅၈ ခုနှစ်တွင် ဗြိတိသျှဘားမားရုပ်ရှင်မှ ဒါရိုက်တာ ဦးချစ်ခင် ရိုက်ကူးပြီးမင်းသားကျော်ဆွေနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည့် “ ဖြေလျော့ခွေ ”
ဇာတ်ကားဖြင့် အကောင်းဆုံးအမျိုးသမီး သရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆု
(၃) ၁၉၇၃ခုနှစ်တွင် ၀င်းဦးနှင့်တွဲဖက်သရုပ်ဆောင်ခဲ့သည့်  “ မုန်းပါတယ်မောင့်ကို ”   ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အကယ်ဒမီ ထူးချွန်ဆု
(၄) ၁၉၈၀ ခန့်တွင် ဒါရိုက်တာ ခင်မောင်ဦး၊ စိုးသိန်းထွဋ် (ဆိုးပေ/မောင်မဲ)  ရိုက်ကူးသည့် “ မှတပါးအခြားမရှိ ”  ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဇာတ်ပို့ဆု
(၅) ဒါရိုက်တာ ဦးခင်ဇော် ရိုက်ကူးသည့် “ မြင့်မိုရ်တောင်ဦး မကကျူးသား ” ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင် ဇာတ်ပို့ဆု စုစုပေါင်းအကယ်ဒမီငါးဆု ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် နိုင်ငံ တော်မှ “ စည်သူဘွဲ့”  ချီးမြှင့်ခြင်းခံခဲ့ရသည်။
          ဘ၀လက်တွဲဖော်အဖြစ်   ၁၉၅၆   ခုနှစ်တွင် ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ညွန့်နှင့်ဖူးစာဆုံခဲ့ပြီး သမီး ငါးယောက်မွေးဖွားခဲ့သည်။ အကြီးဆုံးမှာ မတင်အေးမြင့်(ခ)ရုပ်ရှင်သရုပ်ဆောင် သီရိကေခိုင် (အကယ်ဒမီ ထွန်းထွန်းနိုင်၏ဇနီး) ၊ စတုတ္ထမြောက်မှာ နိုင်ငံကျော် တေးသံရှင်နှင့် ရုပ်ရှင်သရုပ်ဆောင် မေဆွိ၊ အငယ်ဆုံးမှာတေးသံရှင်လဲ့ယဉ်မြင့်။
          အမေသည် ၀ါသနာအရ အားလပ်သည့်အခါ စောင်းတီးလေ့ရှိပြီး ဂီတအခြေခံ ရှိသည့်အတွက် မြန်မာ့အသံ ဓာတ်ပြားတေး၊ ရောင်းတမ်းဓာတ်ပြားတေးနှင့် ရုပ်ရှင်နောက်ခံတေးများ အပါအ၀င်
အောင်မြင်ကျော်ကြားသည့် တေးသီချင်းပေါင်း ၁၅ ပုဒ်ခန့်သီဆိုခဲ့သည်။ အမေသီဆိုခဲ့သည့် သီချင်းအများစု၏ တေးလက်ရာရှင်မှာ အလင်္ကာကျော်စွာဆရာရွှေပြည်အေး ၊ အမေမှတ်မိသမျှ သီဆိုခဲ့သည့်
ရုပ်ရှင်နောက်ခံ တေးများမှာ
(၁) အလင်္ကာကျော်စွာဆရာရွှေပြည်အေး ရေးစပ်သည့် “ ချစ်စိတ်ရည် ” သီချင်းကို “ သက်လယ် ” ရုပ်ရှင်ဇာတ်ကား နောက်ခံတေးအဖြစ် အမေ အသက် (၁၇) နှစ်အရွယ်တွင်သီဆိုခဲ့သည်။ ရောင်းတမ်း ဓာတ်ပြား တေးအဖြစ် ထိုသီချင်းကို ရုပ်ရှင်မင်းသမီး ဒေါ်ကြည်ကြည်ဌေးက ပြန်လည်သီဆိုသည်။
(၂) မန္တလေးဦးဘသိန်းရေးစပ်သည့် “ ရွှေမန်းဆီသို့ ” တေးသီချင်းကို “ ဤလူ့ဘောင်တွင် ”  ရုပ်ရှင်နောက်ခံတေး အဖြစ် အမေသီဆိုခဲ့ပြီး ရောင်းတမ်းဓာတ်ပြားတေးအဖြစ်တေးသံရှင် မစိမ်းစိမ်း ပြန်လည်သီဆိုခဲ့သည်။
(၃) ဂီတစာဆို ကိုလေးညွန့် ရေးစပ်သည့် “ ချစ်သူ့နယ်မြေ ”သီချင်းကို “ ရေစီးတစ်ခါရေသာတလှည့် ”  ရုပ်ရှင်နောက်ခံတေးအဖြစ်     အမေသီဆိုခဲ့ပြီးရောင်းတမ်းဓာတ်ပြားတေးအဖြစ်  မာမာအေးပြန်
လည်သီဆိုသည်။
(၄)အလင်္ကာကျော်စွာဆရာရွှေပြည်အေးရေးစပ်သည့် “ နားပန်းဆံ ” သီချင်းကို “ ဆုတောင်းတိုင်းသာ ပြည့်စေချင်ပါသည် ”  ရုပ်ရှင်နောက်ခံတေးအဖြစ်လည်းကောင်း၊ “ မောတို့သံချို ”  တေးသီချင်းကို “ မွှေး ” ရုပ်ရှင်ဇာတ်ကား နောက်ခံတေးအဖြစ်၊ “ ဖိုးဝ ” သီချင်းကို “ မေတ္တာရေလှိုင်း ”  ရုပ်ရှင်နောက်ခံတေးအဖြစ်၊ “ သြော်မိန်းမ ” သီချင်းကို “ သြော်မိန်းမ ” ရုပ်ရှင် နောက်ခံတေးအဖြစ် အမေသီဆိုခဲ့သည်။        
          ထို့ပြင် “ ဂျာအေး ” “ လင်ဖုန်းမို ” “ ပန်းချယ်ရီ ” “ လမင်းထိန်ထိန်သာ ”  “ ဧရာဝတီ ” နှင့် ဂီတစာဆို ဟင်္သာတမြင့်ငွေ ရေးစပ်သော “ နောင်အင်းလေးကို အလည်လာ ”  တေးများသည်လည်း အမေ၏ ထင်ပေါ်ကျော်ကြားသော တေးများဖြစ်သည်။
          အမေ၏ အနုပညာသမိုင်းကြောင်းကို အသေးစိတ် ဆွဲဆန့်တင်ပြရလျှင် တစ်ထောင့်တစ်ည ပုံပြင်ထက်ပင် ရှည်မည်ထင်သည်။  ယခုအခါအမေ့ကို  ကြည့်ရသည်မှာ စိတ်ချမ်းသာသည်။
          အနုပညာနှင့်ပတ်သက်လာလျှင် ကျရာတာဝန်ကို ထမ်းဆောင်ရန်  အသင့်ရှိနေသည့်အသွင်၊ အမေကဲ့သို့သော ထူးချွန်ပြောင်မြောက်သည့်စွယ်စုံရ ၀ါရင့် သမ္ဘာရင့် အနုပညာရှင်များ သက်ရှင်ထင်ရှား ရှိနေခြင်းသည် ရုပ်ရှင်နှင့် ဂီတအနုပညာလောကအတွက် အားဆေးတစ်လက်ပါ။   အမေအသက်ရာကျော်ရှည်ပါစေဟု  ဆန်္ဒပြုရင်း ဤဆောင်းပါးကိုအဆုံးသတ်ပါရစေ။     ။

တင့်လွင်ဦး ( စီးပွါးရေးတက္ကသိုလ် )

ကြေးမုံ စာမျက်နှာ ၁၂  ၊
၆ အောက်တိုဘာ ၂၀၁၅

Tuesday, March 19, 2019

အေးငြိမ်းသီတာ


 🌿    အေးငြိမ်းသီတာ

          အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်သူ ဦးတင်မောင်ကြည် နဲ့ရင်းနှီးခဲ့ကြတာ ၁၀ နှစ် ကျော်ပါပြီ ။ တိုင်းရင်းဆေးပညာဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော့်ညီနဲ့ ပတ်သက်ပြီး သူတို့မိသားစုနဲ့ ခင်မင်သွားခဲ့တာ ။ မုံရွာမြို့ကို ရောက်တဲ့အခါ တစ်ခါတစ်ရံ အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေး စက်ရုံကို ကျွန်တော် သွားလည်လေ့ရှိတယ် ။
          ယခုတစ်ခေါက် မုံရွာကိုရောက်လို့ အေးငြိမ်းသီတာ စက်ရုံကို သွားလည်တော့ အလွန် သိသိသာသာ တိုးတက် ပြောင်းလဲနေတာကို တွေ့ရတယ် ။ စက်ရုံအတွင်းထဲအထိ ၀င်ကြည့်တဲ့အခါ သိပ္ပံရုပ်ရှင်ကားတွေ ထဲက ဓာတ်ခွဲခန်းတွေ မြင်ရသလိုပဲ။
          စက်ရုံအတွင်းမ၀င်မီ အ၀တ်အစား လဲလှယ်ခန်းမှာ ဆရာဝန်တွေ ၀တ်တဲ့ ဂျူတီကုတ်လို အပေါ်အင်္ကျီကို ၀တ်ရတယ် ။ နှာခေါင်းစည်းတပ် ၊ဆံပင်ကို ဦးထုပ်နဲ့ သိမ်းပြီး ဆောင်းရတယ် ။ ပြီးတော့ ပြင်ပမှာ စီးလာတဲ့ ဖိနပ်ကို စက်ရုံတွင်းစီး ဖိနပ်နဲ့လဲလှယ်ပြီး စီးရတယ် ။ ပုံစံက ခွဲစိတ်ခန်းဝင်မယ့် ဆရာဝန်လိုလို ။ စက်ရုံအ၀င်ပေါက်ဝမှာ အခန်းလေးတစ်ခန်းထဲ ၀င်ရပြီး ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ကပ်ငြိပါလာတဲ့ ဖုန်အမှုန်အမွှားတွေကို လေနဲ့ မှုတ် ၊ စုပ် တယ် ။ လေချိုးသန့်စင်ပြီးမှ စက်ရုံတွင်း ၀င်ရတယ် ။ ဆေးဝါးစပ်ပုံ ၊ ကြိတ်ပုံ ၊ ရောနှောမွှေပုံ ၊ ဆေးတောင့် ဆေးပြား လုပ်ပုံတွေကလည်း ခေတ်မီ စက်တွေနဲ့ ဖြစ်နေတယ် ။ စက်တွေ ၊ အခန်းခန်း အဆောင်ဆောင်တွေက စတီးရောင် မှန်ရောင်တွေနဲ့ ၀င်းလက်နေပါတယ် ။
          တိုင်းရင်းဆေးဝါးဆိုရင် သံဆုံကြီးတွေနဲ့ထောင်းပြီး ရောင်းတဲ့ လျှက်ဆားလောက်သာ တွေ့မြင်ဖူးသူ ဆိုရင်တော့ အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေးစက်ရုံကို ရောက်သွားရင် ကိုယ့်မျက်စိကို  ကိုယ် ယုံမှာတောင် မဟုတ်ဘူး ။ စက်ရုံတွင်းကို လှည့်လည်ကြည့်ရှုပြီးနောက် ဧည့်ခံဆောင်မှာ အတူတူထိုင်ပြီး ဆရာ ဦးတင်မောင်ကြည် ကြိုးပမ်းလျှောက်လှမ်းလာခဲ့ရတဲ့ ဘ၀လမ်းကြောင်းကို ပြန်ပြောင်းကြည့်ဖြစ်ကြတယ် ။ ဆရာနဲ့အတူ ဆရာကတော် ဒေါ်လှနှင်း လည်း ရှိနေတယ် ။
         “ မိဘတွေက တောင်သူတွေ ၊ ကျွန်တော့်မွေးတဲ့အချိန် စစ်ကြီးပြီးစ ဆိုတော့ ရွာမှာ ဓားပြတွေ တိုက်တယ် ။ ဒါကြောင့် မိဘတွေက မုံရွာပြောင်းလာပြီး ပွဲရုံဖွင့်တယ် ။ ကျွန်တော် ငယ်ငယ်က ရွာမှာ ကျောင်းမနေခဲ့ရဘူး ။ အသက်တော်တော်ကြီးမှ ကျောင်းနေရတာ ။ ၁၉၅၄ ခုနှစ်မှာ ဆယ်တန်းအောင်တယ် ။ ငယ်ငယ်က ရည်မှန်းချက်က ဆရာဝန်လုပ်ဖို့ ။ ဆယ်တန်းအောင်တော့ ရန်ကုန်သွားပြီး တက္ကသိုလ်တက်တယ် ”
          “ ဘာကြောင့် ဆရာဝန်ဖြစ်ချင်တာလဲ ၊ ကိုယ့်ပတ်ဝန်းကျင်မှာ အားကျစရာ ရှိလို့လား ”
          “ အဲဒီတုန်းကလဲ ခုခေတ်လိုပါပဲ ၊ဆရာဝန်လိုင်းက အကောင်းဆုံး အနေအထားမို့ပါ ”
         “ ဘာကြောင့် ဆရာဝန် မဖြစ်တာလဲ ”
          “ ၁၉၅၇ ခုနှစ်မှာ မုံရွာကို မီးကြီးလောင်တယ် ။ ကျွန်တော့်အဖေတို့ရဲ့ ကုန်တွေရော ဂိုဒေါင်တွေရော ဆုံးရှုံးတာ ။ ဒါနဲ့ ကျောင်းဆက်မတက်နိုင်ဘဲ ပြန်ခဲ့တာ ။ အဲဒီအချိန်မှာ ဒေါ်လှနှင်းနဲ့ အိမ်ထောင်ကျနေပြီ ”
          အိမ်ထောင်ကျတာ ဘယ်နှခုနှစ်မှာလဲမေးတော့ ဦးတင်မောင်ကြည်က ပြန်စဉ်းစားတယ် ။ နောက်တော့ အကူအညီတောင်းတဲ့ သဘောနဲ့ နံဘေးမှာ ထိုင်နေတဲ့ သူ့ဇနီးရဲ့ မျက်နှာကို လှမ်းကြည့်ပါတယ် ။ ကျွန်တော်က ဒါမျိုး မေ့လို့မဖြစ်ဖူးနော်  အန္တရာယ်များတယ် လို့ ပြောတော့ ဆရာက ရယ်တယ် ။ ပြီးမှ နေဦး ခုနှစ်နဲ့ မမှတ်မိဘူး လို့ ဆိုတယ် ။ ဆရာကတော် ဒေါ်လှနှင်း က ၁၉၅၄ ခုနှစ်မှာ အိမ်ထောင်ကျတာ ။ သူဆယ်တန်းအောင်တော့ ကျတာပဲ ။ သူနဲ့ ကျွန်မက ဆွေမျိုးတော်တယ် ။ ကျွန်မက ဖြူး သူ ဆိုပြီး ပြောပါတယ် ။
          “ မုံရွာသားက ဒါလောက်ဝေးတဲ့ ဖြူးသူနဲ့ ဘယ်လိုဖူးစာကြောင့် အိမ်ထောင်ကျတာလဲ ”
          “ ဒေါ်လှနှင်းရဲ့ အဖေကလဲ ကျွန်တော့်ဇာတိ မင်းရွာသားပဲ ၊ ဦးပုရှိန်တဲ့ ။ ဒီဘက်မှာ မိုးတွေ ခေါင်တော့ ဒီက လူတွေ အုပ်စုလိုက် အောက်ပိုင်းသွား အလုပ်လုပ်ကြတာ ။ ကျွန်တော့်အဖေ သူတို့ဆီသွားရင်း တွေ့လို့ ပေးစားတာ ”
          ရန်ကုန်ကို တက္ကသိုလ် သွားတက်ခါနီး သားကို စိတ်မချလို့ အဖေက မိန်းမရှာပြီး ပေးစားလိုက်တာထင်ပါတယ်လို့ ကျွန်တော်က ပြောတော့ သူတို့ လင်မယား ဟက်ဟက်ပက်ပက် ရယ်ကြပါတယ် ။
          “ အိမ်ထောင်ကျတော့ ဒေါ်လှနှင်းက မုံရွာလိုက်လာပြီး ကျွန်တော့်အဖေ ပွဲရုံမှာ ပွဲရုံစာရေးအဖြစ် လုပ်တယ် ။ ကျွန်တော်က ဆေးဘက်မှာ ၀ါသနာပါတော့ ကျန်းမာရေးမှူး သင်တန်း တက်ချင်စိတ်ဖြစ်ပြီး ၀င်ဖြေလိုက်တော့ ပါသွားရော ။ ၁၉၆၁ ခုနှစ်မှာ ကျန်းမာရေးမှူး သင်တန်းတက်ပြီး ၁၉၆၂ ခုနှစ် ဒီဇင်ဘာမှာ ပြီးတယ်  ”
          “ ဆေးပညာ နဲ့ ၀ါသနာ ပြောပါဦး ”
          “ အချို့က ကျွန်တော့်ကို မေးကြတယ် ၊မိဘက ကုန်သည်ပွဲစား ၊ဘယ်လိုက ဘယ်လို တိုင်းရင်းဆေးဝါး ထုတ်လုပ်သူ ဖြစ်လာသလဲပေါ့ ၊ gene ( မျိုးစေ့ဗီဇ ) ခေါ်မှာလား ။ ကျွန်တော့် အဘွားက သူ့ခေတ်နဲ့ သူတော့ ဒေါ်မယ်မွှေး ဆိုပြီး မင်းရွာမှာ တိုင်းရင်းဆေးဆရာမကြီး ။ သူ့ဆေးနည်းလေးတွေ ဘာတွေ ကျွန်တော့်ကို ပေးတယ်ပေါ့ “
          “ ကျန်းမာရေးမှူး သင်တန်းပြီးသွားတော့ ဘယ်ဒေသတွေမှာ တာဝန်ထမ်းဆောင်ရသလဲ ”
          “ ပထမရောက်တာ စစ်ကိုင်းမြို့နယ် ခွက်ခွင်းကျေးရွာ ကျန်းမာရေးဌာန ၊အဲဒီကနေ ဂုံညင်းဆိပ်မှာ အာရ်အိတ်ခ်ျစီ အသင်းဖွင့်တော့ သွားရတယ် ”
          “ အာရ်အိတ်ခ်ျစီ ဆိုတာ ဘာလဲ ”
          “ Rural Health Centre ကျေးလက်ကျန်းမာရေး ဌာနပါ ။ ဂုံညင်းဆိပ်ကနေ ဒီပဲယင်းမြို့နယ် သစ်ရာအိုက် အာရ်အိတ်ခ်ျစီ ကို ၁၉၆၈ ခုနှစ်မှာ ပြောင်းရတယ် ။ အဲဒီနောက် ကသာမြို့နယ် မိုးတားကျေးရွာ ကျန်းမာရေး ဌာန ။ အဲဒီကနေ အဆုတ်ရောဂါကုဌာန မိုးမိတ်ကို team leader ( အဖွဲ့ခေါင်းဆောင် ) အဖြစ် ရောက်သွားတယ် ။
          ကျွန်တော်တို့ စကားကောင်းနေတာ နေ့လယ် ၁၂း ၀၀ ထိုးသွားပြီ ။ အဲသည်အချိန်မှာ လျှပ်စစ်မီး ပြတ်သွားတယ် ။ စက်ရုံက လည်ပတ်နေရတာ ။ ကျွန်တော်တို့လည်း လျှပ်စစ်မီးရောင်အောက်မှာ စကားပြောနေတာဖြစ်လို့ ဦးတင်မောင်ကြည်က စက်မောင်းကွာလို့ ပြောလိုက်တယ် ။ စက်မမောင်းရသေးခင်မှာပဲ လျှပ်စစ်မီးက ပြန်လာတော့ ဦးတင်မောင်ကြည်က  ကျားသားမိုးကြိုးပဲ ၊ လန့်သွားတာပဲ ဗျာ လို့ပြောပြီး ရယ်တယ် ။ပြီးတော့ ပြောလက်စ သူ့စကားကို ဆက်ပြောပါတယ် ။
          “ မိုးကုတ်နဲ့ နီးတော့ မိုးမိတ်က အစစအရာရာ ဈေးကြီးတယ် ။ ကျွန်တော်ရတဲ့ ၀န်ထမ်းလခနဲ့ ကလေးတွေ ကျောင်းပို့ဖို့ မလောက်ငတော့ဘူး ။ ဒါနဲ့ မိုးမိတ်ဈေး အ၀င်ဝမှာ ဆိုင်ကလေးဆောက်ပြီး နှင်းဝတ်ရည် အထည်ဆိုင် ဆိုတဲ့ နာမည်နဲ့အမျိုးသမီးက အထည်ဆိုင်ထွက်တယ် ။ ၀င်း စာပေ ဆိုပြီး စာအုပ်အငှားဆိုင်လေးလဲ ဖွင့်တယ် ။ ၁၉၇၇ ခုနှစ်ကျတော့ ပင်စင်ယူလိုက်တယ် ”
          “ ကျွန်တော့်သား အကြီး ကိုမြင့်ဇော် က မန္တလေးမှာ ကျောင်းနေတာ ၊ အမှတ် ( ၉ ) အထက မှာ ၊ သမီးအကြီးက အမှတ် ( ၈ ) ကျောင်းမှာ နေရတယ် ။ ဆိုလိုတာက မိုးမိတ်မှာ ပေနေလို့ရှိရင် ကလေးတွေ ပညာရေး အခက်အခဲ ရှိမယ် ။ စီးပွါးရေးကလဲ နောက်ကျတယ် ဆိုပါတော့ ။ အချိန်ရှိတုန်း အပြင်ထွက်ပြီး အလုပ်လုပ်ကြမယ်လို့ လင်မယားနှစ်ယောက် တိုင်ပင်ပြီး ပင်စင်ယူလိုက်တာ ”
          “ ပင်စင်ယူပြီး မုံရွာ ပြန်လာခဲ့တာလား ”
          “ မုံရွာပြန်လာခဲ့တာ ၊ မိုးမိတ်က ပင်စင်ယူပြီး လာခဲ့တဲ့ ၁၉၇၇ ခုနှစ်က ၁၉၈၀ ပြည့်နှစ်လောက်အထိ တော်တော် ရုန်းကန်ခဲ့ရတာ ။ လေဘေး အထည်တွေလဲ ရောင်းခဲ့ရတယ် ။ မန္တလေးက အထည်တွေဝယ်ပြီး မုံရွာဈေးထဲမှာ အထည်ဆိုင်ဖွင့်တယ် ။ စာအုပ်အငှားဆိုင် ၊ ဗွီဒီယိုဆိုင်တွေလဲ ဖွင့်တယ် ။ မင်းရွာက ဆွေမျိုးတွေနဲ့ အစုစပ် ကြာဆံစက် ထောင်တယ် ။ အဆင်မပြေဘူး ”
          ဆရာဦးတင်မောင်ကြည်က ပြောလက်စ စကားကို ခဏနားပြီး သူ့အတွေးနဲ့သူ ရယ်တယ် ။ ပြီးမှ စကားကို ဆက်ပြောတယ် ။
          “ ခွေးရူး အကိုက်ခံရမယ့်အကောင် ယောင် ( သျှောင် ) ကလေးနဲ့ ဆိုသလိုပဲ ။ ဒါ ( အေးငြိမ်းသီတာ ) ဖြစ်ချင်လို့နေမှာ ။ ကြာဆံစက်က အဆင်မပြေတော့ အဲဒီအလုပ်ကို ဇောက်ချလုပ်လို့က မရ ၊ သူများလုပ်သလို ကူးသန်းရောင်းဝယ်တာ လိုက်လုပ်ကြည့်တယ် ။ ပိုဆိုးတော့ ဒီအတိုင်းဆိုရင်တော့ မဖြစ်သေးဘူးဆိုပြီး ၁၉၇၉ ခုနှစ်လောက်မှာ တိုင်းရင်းဆေးထုတ်လုပ်တဲ့ လုပ်ငန်းကို လုပ်ဖို့ စိတ်ကူးတယ် ”
           ဦးတင်မောင်ကြည်က ပြောလက်စ စကားကိုရပ်ပြီး တည်ခင်းထားတဲ့ အကြော်နဲ့ ရေနွေးကြမ်းကို  စားဖို့ ကျွန်တော့်ကို ပြောတယ် ။ ကျွန်တော်တို့ စကားဝိုင်းကို ခဏရပ်ပြီး ရေနွေးကြမ်း သောက်ကြတယ် ။
           “ တိုင်းရင်းဆေးသိပ္ပံက ကျောင်းအုပ်ဆရာကြီး ဦးဥာဏ်ထွန်း နဲ့ ဆရာကြီးကျော် တို့က နယ်တွေဆင်းပြီး တိုင်းရင်းဆေးပညာသင်တန်းတွေ ဖွင့်ကြတယ် ။ သင်တန်းတက်ပြီး စာမေးပွဲ ၀င်ဖြေတော့ ဒ - ဘ - န - ၀ ဆိုတဲ့ တိုင်းရင်းဆေး လေးဘာသာ စာမေးပွဲအောင်တယ် ။ ကျွန်တော်တို့က လုပ်ငန်း လုပ်တဲ့နေရာမှာ ပညာနှစ်ရပ်နဲ့ လုပ်တော့ ပိုပြီး အဆင်ပြေတယ် ။ တစ်ဖက်က အနောက်တိုင်း ဆေးပညာ ၊ တစ်ဖက် က တိုင်းရင်းဆေးပညာ ။
          “ ပထမဆုံး ထုတ်လုပ်တဲ့ဆေးက ဘာဆေးလဲ ”
          “ ပထမ အနောက်တိုင်း ဆေးပညာအစွဲနဲ့ အာယုဗလ သွေးညှိ သွေးဆေးဆိုပြီး စထုတ်တယ် ။ အမှတ်တံဆိပ်က ခန္ဓာကိုယ်အတွင်းမှာ သွေးလှည့်လည် သွားလာပုံကို ဒီဇိုင်းလုပ်ပြီး ထုတ်တယ် ။ ဒါထုတ်တော့ များများ မထုတ်ရသေးဘူး ။ ဟိုပင်မှာ အာယုဗလ ဆိုတာ ထုတ်တာနဲ့ တိုက်နေတော့ သွားရော ။ နာမည်ချင်း တူနေတာ ကိုယ်က အရင်သိတယ် ။ ကိုယ်က အရင် ရှောင်လိုက်တယ် ”
          “ အေးငြိမ်းသီတာ ဖြစ်ပေါ်လာပုံကော ”
          “ ဗေဒင်ယတြာ ကိန်းခန်းနဲ့ မတွက်ချက်လို့ ယခုလို ဖြစ်ရတာလား ဆိုပြီး လယ်တီ စိတ္တသုခကျောင်းဆရာတော် ဦးမဏ္ဍလ ကို အကျိုးအကြောင်းလျှောက်တော့ အမှတ်တံဆိပ်ရဲ့ သင်္ကေတကို နေရဲ့ အသွင်သဏ္ဍာန် ပါရမယ်ဆိုလို့ ဥဒေါင်းမင်း ၊ အမည်ကို တနင်္ဂနွေနံ စပြီး စနေနံ ဆုံးရမယ်ဆိုလို့ အေးငြိမ်းသီတာ ဆိုပြီး အေးချမ်းမယ့် အတိတ်နိမိတ်နဲ့ ယူလိုက်တယ် ။ စစချင်း လုပ်ငန်းမတည်ရင်းနှီးငွေက နှစ်ထောင့်ငါးရာ ( ကျပ် ၂၅၀၀ ) နဲ့ စခဲ့တာ ။ ဆေးလုပ်ငန်းထဲက ရတဲ့ငွေ ဆေးလုပ်ငန်းထဲ ပြန်ရင်းတာ ။ အိမ်စရိတ်ကို အမျိုးသမီးရဲ့ အထည်ဆိုင် ၊ သားသမီးတွေရဲ့ စာအုပ်ဆိုင် ဗီဒီယိုဆိုင်က သုံးတယ် ”
          ဆရာကတော် ဒေါ်လှနှင်းက ကျွန်မက အသန့်အရှင်း ကိုက်တယ် ။ သူက သစ်ဖုတွေ ယူလာ မနက် အစောကြီးထပြီး သံဆုံနဲ့ တဒုန်းဒုန်းထောင်း ။ ဆန်ခါနဲ့ အမှုန်ချ ။ အစတော့ ဒီဆေးတွေက နံလို့ ကျွန်မက ဗျစ်တောက် ဗျစ်တောက် ။ နောက်ပိုင်းကျတော့ ကျွန်မပါ ၀င်ပါရတယ်လို့ ပြောတယ် ။ ဆရာကတော် ပြောတဲ့အချိန်မှာ ဆရာက တဟဲဟဲ ရယ်နေတယ် ။ သစ်ရွက်တွေရော ၊ ဘာတွေရော အိမ်မှာ ရှုပ်ယှက်ခပ်နေတာပဲ ။ နောက်တော့  ကိုယ်ပါ ဆေးလုံး ၀င်လုံးရတယ် ။ စခါစက အပြားရိုက်စက် မ၀ယ်နိုင်သေးဘူးလို့ ဒေါ်လှနှင်းက ဆက်ပြောတယ် ။
          “ ၁၉၉၅ ခုနှစ်မှာ ဆေးအပြားရိုက်စက်လေး ၀ယ်တယ် ။ တစ်ခါရိုက်မှ တစ်ပြားပဲ ထွက်တာ ။ ဂျောက်ခနဲရိုက် ၊ ဒေါက်ခနဲ ဆေးပြားလေး တစ်ပြားထွက်တယ် ။ ကျွန်တော်က မနက် ၂ချက် ၊ ၃ နာရီထပြီး မေတ္တာပို့ အာရုံပြုရင်း ဆေးပြားရိုက်တာ ။ ကျွန်တော့် မိတ်ဆွေတွေက ပြောလေ့ပြောထ ရှိတယ် ။ တစ်ဂျောက် တစ်ကျပ်ရတာတဲ့ ၊ တစ်ကျပ် ဆိုတာ တော်တော်သုံးလို့ ရတဲ့ အခြေအနေ ”
          “ ဘာဖြစ်လို့ မနက်အစောကြီး ထလုပ်ရတာလဲ ”
          “ အာရုံက ဆေးထုတ်တဲ့ အထဲပဲ ရှိနေတော့ အိပ်မပျော်ဘူး ။ စစချင်းမှာ အလုပ်သမားရယ်လို့လဲ မရှိသေးဘူး ။ နောက်တော့ အိမ်နားက မခင်ကောင်း လာလုပ်တယ် ။ သူက အခုထိ ရှိသေးတယ် ။ နောက် ကိုပြေအေး ။ ကျေးဇူးရှင်တွေ ပါပဲ ။ လျှပ်စစ်မီးကလဲ အဲဒီအချိန်မှ ပိုအဆင်ပြေတယ် ။ညမှာ စိတ်အာရုံ စူးစိုက်နိုင်လို့ အလုပ်ထလုပ်တာ ”
          ဆရာကတော်က နေ့နဲ့ ညလွဲသလို ဖြစ်နေတာလို့ ပြောတော့ ကလေးဆိုရင်လည်း အိမ်တံစက်မြိတ်အေက်မှာ မီးထွန်းပြီး ရေချိုးပေးလိုက်ရင် နေ့နဲ့ ည လွဲတာ ပျောက်သွားမယ်လို့ အရွှန်းဖောက်တော့ သူတို့လင်မယားက ဟုတ်ပါ့ ဟုတ်ပါ့ လို့ပြောပြိး ရယ်ကြတယ် ။
          “ အေးငြိမ်းသီတာ အစမှာ ဘာဆေးတွေ ထုတ်သလဲ ”
          “ သွေးညှိသွေးဆေးလဲ ထုတ်သေးတယ် ။အကြောအားတိုးဆေး စထုတ်တာနဲ့ ပေါက်တာပဲ ။ အကြောအားတိုးဆေးက တမာပါတယ် ။ ချင်းပါတယ် ။ နနွင်းပါတယ် ။ ပျားရည်ပါတယ် ။ သူ့ထူးခြားချက်က ဒီဆေးကို အစမ်းထုတ်ကတည်းက သဘောကျသူ များတယ် ။ အကြောပြေတယ် ။ အကြောတက်စာတွေစားတာ အဆိပ်ဖြေသလို ဖြစ်ပြီး အကြောမတက်ဘူး ။ ဒီဆေးက စထွက်ထွက်ချင်း ဘယ်လောက်နာမည် တအားကြီးသွားလဲ ဆိုရင် ရန်ကုန်မှာ တိုးဝှေ့ ၀ယ်ရတဲ့ အဖြစ်ကို ရောက်သွားတာ ”
          “ ဘ၀မှာ အလှည့်အပြောင်း ဖြစ်တဲ့အချိန်က ဘယ်အချိန် ”
          “ အကြောအားတိုးဆေး တွင်ကျယ်ချိန်ပေါ့ ၊ ၁၉၉၂ ခုနှစ်မှာ မုံရွာစက်မှုဇုန်မှာ မြေနေရာဝယ်ပြီး စက်ရုံသေးသေးလေး စဆောက်တယ် ။ နောက်မှ တဖြည်းဖြည်း တိုးချဲ့လာတာ ။ ကျွန်တော့်ကို အကူအညီပေးနေတဲ့ ဆရာတွေရှိတယ် ။ ဒေါက်တာ မြင့်စိန် တို့ FAME က ဒေါက်တာ ခင်မောင်လွင် တို့ သူတို့က ကျွန်တော့်ဆရာတွေပဲ ၊ သူတို့က ကျွန်တော့်ကို ပြုပြင်ပေးတယ် ။ မသိတာရှိရင် ပြပေးတယ် ။ဒါနဲ့ ဒီလို အခြေအနေကို ရောက်လာတာပဲ ”

                                                                  ကျော်ရင်မြင့်

ဦးတင်မောင်ကြည်

မိဘ              -ဦးမင်းဒင် ၊ ဒေါ်တုတ်
မွေးဇာတိ        -မုံရွာမြို့နယ် ၊ မင်းရွာ
မွေးသက္ကရာဇ်   -၁၉၃၆ ခုနှစ် မတ်လ ၆ ရက်
မွေးချင်း          -ခြောက်ဦးမှာ ဆဋ္ဌမ
အိမ်ထောင်ဘက်-ဒေါ်လှနှင်း
သားသမီး         -ခြောက်ဦး
လုပ်ငန်း           -အေးငြိမ်းသီတာ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ လီမိတက်
လိပ်စာ             -အေးငြိမ်းသီတာ အရောင်းဌာန ၊ ပွဲစားတန်းလမ်း ၊ အလယ်ရပ် ၊
                       မုံရွာမြို့ ။
ဖုန်း                 -၀၇၁ ၂၁၆၈၃ ၊ ၂၂၅၆၁ ၊ ၂၅၁၆၅ ၊ ၂၅၀၁၀

 မော်ဒန်သတင်းဂျာနယ်  ၊ ၁၈ ဖေဖော်ဝါရီ ၂၀၁၁

အလှပြိုင်ပွဲ


🎭     အလှပြိုင်ပွဲ

.                                  🖊  ဆူးငှက်

          ၁၉၃၀  ခုနှစ်ဝန်းကျင်ကာလက မန္တလေးတွင် “ မြို့မ ” ဟူသော အပျော်တမ်းတူရိယာ   အသင်းတစ်သင်း ပေါ်ပေါက်လာချိန်၌ မြို့မအသင်းသားများ အများစုနေ ထိုင်ရာ တရုတ်တန်းရပ်ကွက်နှင့် မလှမ်းမကမ်း (၃၁)လမ်း ပဒေသာပင်တန်း၌လည်း တီးဝိုင်းတစ်ဖွဲ့ရှိနေခဲ့သည်။
          “ မာဃ ” ဟု အမည်တွင်၏။ တစ်ရပ်တည်းသားတွေမို့ ပါဝင်တီးမှုတ်သူတွေက ဟိုဝိုင်းသည်ဝိုင်း ၀င်ရောက်တီးမှုတ်ကြပေမယ့် ထိုနှစ်ဝိုင်းက ဂူတစ်ဂူတည်းမှ ခြင်္သေ့နှစ်ကောင်လို  ဗိုလ်မထားဘဲ အပြိုင်အဆိုင်ဖြစ်နေကြသည်။ ထိုနှစ်ဝိုင်းမှ
အသင်းသားများကလည်း တရုတ်တန်းနှင့် (၂၉) လမ်းထိပ် အနီးက “ ဦးတော် ” လက်ဖက်ရည်ဆိုင်မှာ ဆုံလျှင်ဆုံဖြစ်ကြသည်။ ထိုဆိုင်မှာ ဆရာကြီး ဦးရာဇာတ်၏ နေရှင်နယ်ကျောင်းသားများလည်း ထိုင်တတ်၏။ ထိုဆိုင်မှာ မြို့မ၊ မာဃစကားနိုင်လုကာ   ငြင်းခုံကြသလို ဘားတန်းများမပါသော ပြောင်ချောလက်တံနှင့် ဘင်ဂျိုကို ကွမ်းသီးဖက်ဆေးလိပ်အတုတ်ကြီး လက်ကြားညှပ်ကာ သီချင်းတစ်ပုဒ် အပီအပြင်တီးပြနေသည့် ကိုဘညိန်း အနား ၀ိုင်းကာ အံ့အားတသင့် နားထောင်ခဲ့ကြသည်လည်းရှိ၏။
          မည်သို့ဆိုစေ ဂီတနှင့်ပတ်သက်လျှင်တော့ ထိုနှစ်သင်းက အတင်စီးမခံဘဲ ဆတ်ဆတ်ထိမခံ ပြိုင်မြဲပြိုင်ကြသည်။
          ထိုစဉ်က နာမည်ကျော်စ သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က မြို့မအတွက် သီချင်းများရေးသားပေးနေသောအခါ  မာဃလူငယ်များက သူတို့အသင်းတိုက်သို့ နန်းတော်ရှေ့ဆရာတင်ကို ပင့်ဖိတ်ကာ  ထမင်းစားပွဲဖြင့် ဧည့်ခံပြီး မာဃအတွက်လည်း    သီချင်းရေးပေးဖို့ “ အတင်းအကျပ် ”  တောင်းဆိုခဲ့ဖူးသည်ဆို၏။
          ထိုသတင်းကြောင့် မင်းသမီးလေဘာတီမမြရင်ကလည်း မြို့မနှင့်ချည်း သီဆိုဖျော်ဖြေနေရာမှ  မာဃနှင့် တစ်လှည့် တစ်ဖန် ပူးတွဲသီဆိုခဲ့ရပြန်သည်။
          ထို့ကြောင့် မြို့မငြိမ်းက
“ ချောင်းကိုပစ်ခါ မြစ်ကိုရှာ၊ ရေသာများတော့သည်၊ ထွေရာများတော့သည်၊ ငါးမတွေ့နိုင်တဲ့၊ ဟင်္သာထက်ကဲ၊ ၀မ်းဘဲဘွဲ့ထူးချီ ခေါ်လောက်ပါပေသည် အစချီ “ မန်ဒါလီ ” သီချင်းဖြင့် ခနဲ့လိုက်သည်။ ထိုစဉ်က မာဃနှင့် တွဲဖက်ရာတွင် မမြရင်၏ နာမည်ကြီးသီချင်းမှာ ကိုရွှေမောင်   ရေးသားသော  တစ်နာရီတည်း  မောင်နဲ့ချစ်ပါရစေ  သီချင်းဖြစ်သည်။ (လေဘာတီမမြရင် မြို့မနှင့် ပင်တိုင်တွဲနေစဉ်က မာဃမှာ သြဘာသောင်းက   ပင်တိုင်ဖြစ်သည်။)
          မာဃကလည်း   ဦးကျော်အေးကဲ့သို့   ပုဂိ္ဂုလ်မျိုး တည်ထောင်ပြီး ပစ္စည်းကောင်း၊လူကောင်းတွေနှင့်မို့ ဆတ်ဆတ်ထိမခံဘဲ      တူရိယာဂုဏ်သတင်းနယ်၊ အသင်းမာဃ တူရိယာဂုဏ်သတင်းနယ်၊ အသင်းမာဃ ဒါမကသာပေတယ်။ မြို့ကျက်သရေ တက်နေဆောင်လို့ အပေါင်းပြောကြတယ်။ ထူးခြား၍ အမှန်ပင်တကယ် မာဃအဖွဲ့ သာပေတယ် ဟု   ကလိပြန်၏။
          မြို့မကပြန်လည်၍ သူ့ထက်တစ်နှစ်ငယ်တဲ့ မာဃကို  “ ကျန်းခံတော် သာလွန်းလို့ မြို့မက မေတ္တာလည်းပို့သည်။ ဒီနှစ်မှတွေ့ရ၊  ဟောဒီနှစ်မှ  တွေ့ရ၊ မျက်နှာစုံညီ စုံစုံညီ၊ စုံစုံညီညီ ”ဟူ၍ တုံ့ပြန်ပါသည်။
          မြို့မ၊ မာဃတို့နည်းတူ နာမည်ကျော် အခြား အသင်းတစ်သင်းမှာ မင်္ဂလာဈေးရပ်မှ မင်္ဂလာညွန့်အသင်းဖြစ်ပါသည်။ အရေးပိုင်မင်း ဦးစိန်ရိုး၏သား ကိုလှမင်း ဦးစီးသောအသင်းဟုဆို၏။ မြို့မနှင့် မာဃပြိုင်ပွဲတွင် မင်္ဂလာညွန့်က ကြားနေခဲ့သည်။           နှစ်ဖက်ပြိုင်ဆိုင်မှု တင်းမာလာချိန်တွင် မင်္ဂလာညွန့်က “ အသင်းချင်းက ပြည်ပဟိုရ်၊
ညီအကိုလိုပေါ့။ (ချစ်သွေးအင်မတန် အလွန်ညီ) ----“ မြို့မ ” က ချစ်သွေးညီ၊ “ မာဃ ” က ချစ်သွေးညီ ”  ဟူ၍ သီဆိုခဲ့သည်ဆို၏။
          ဤသို့ဖြင့် ထိုခေတ်ထိုအခါက ကနဦးအနောက်တိုင်း လေမှုတ်တူရိယာပစ္စည်းများကို စတင်ကိုင်တွယ်ကာ တီးမှုတ်ကြသည့် တူရိယာအသင်းများ ထင်ပေါ်ကျော်ကြားလာကြသကဲ့သို့ လေမှုတ် တူရိယာသမားများကလည်း ဥပစာကောလိပ်ကျောင်းသား၊  ဆတ်ကျောင်းသားများနှင့်ပင် ပခုံးချင်းယှဉ်ကာ မျက်နှာပွင့်ခဲ့ကြသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ခဲ့ကြသည်။ ထိုသို့ လူစွမ်းကောင်းလေမှုတ်တူရိယာသမားများကို မြို့ပရိသတ်က အဲယား ( Air )သမားတွေဟု ကမ္ပည်းထိုး မော်ကွန်းတပ်ကြ၏။      
   “ အဲယားသမား ”တွေ၊  “ အဲယားသမားတွေ ” ဟု အရပ်သုံး ခေါ်ဝေါ်လာခဲ့ကြသည်။
          မြို့မ၊ မာဃတည်းဟူသော အဲယားသမားတွေ အချင်းချင်း ခနဲ့ကြ၊ ရိကြ၊ ထိုးကြ၊ နှက်ကြလေသောအခါ နဂိုကတည်းက ဟာသဥာဏ်ရှိသော မြို့မငြိမ်းက ထို“ တိုက်ပွဲ ” ၊
ထို “ ပြိုင်ပွဲ ” ကို  သီချင်းတစ်ပုဒ်ဖြင့် ခပ်သောသောကလေးရေးစပ်ကာ အဆုံးသတ်ပေးလိုက်သည်။
          သီချင်းနာမည်က “ အလှပြိုင်ပွဲ ” တဲ့။
          ထိုသီချင်းတွင် အရပ်က အဲယားသမားဟု နှုတ်ကျိုးရေပန်းစားနေသော အသုံးအနှုန်းကို မြို့မငြိမ်းက ခပ်သောသောလေးဖြင့်  “ လေသမား ” လေသမားချင်း ပြိုင်တယ်
“ လေကိုလေချင်း အပြင်းပြိုင်တယ် ” ဟူ၍  ဆင့်ပွားတီထွင်သုံးစွဲခဲ့တော့သည်။ ထို့ပြင် ဂင်္ဂါငါးနှင့် ယမုံနာငါး အလှပြိုင်ရာတွင် ဒိုင်လူကြီး ဦးရွှေလိပ်က “ သူကသာအလှဆုံး၊ ဒါတောင်ရေမချိုးရသေးလို့ ” ဟု ကြားက၀င်၍ အသားယူသော ပုံပြင်ဖြင့် “ ကြားလူ ” ကိုလည်း ကလိလိုက်သေးသည်။  သီချင်းစာသားအား ဖတ်ကြည့်ကြပါကုန်။

               အလှပြိုင်ပွဲ

           “ လူမှန်ရင် တစ်တောင်လောက်နီး၊  ကြီးချင်ကြီး မကြီးချင်နေ၊ နိုင်လိုနိုင်၊ မနိုင်လို့ရှုံး။ ပြိုင်ဦးမယ်။ ကျုပ်အလှဆုံး ”
           “ ရုပ်ချောသလား ကြွခဲ့ပါခင်ဗျား၊ အသွက်ဆုံးရုပ်၊ အဟုတ်ကိုမှန်လျှင် အရုဏ်တော်တွင် ဆင်ဖြူတော်ဝင်၊ နှစ်ယောက်လောက်လိုချင်၊ ကိုယ့်ကိုယ်ကိုယ်  မှန်ထဲကြည့်ပြီး ရုပ်လှသလားလို့ ဟန်မယ်မဟန်မယ် ထင်တစ်လုံးနဲ့ ထူးတဲ့  ရုပ်ဖြူးရယ်””
           “ ဂင်္ဂါငါးနဲ့ ယမုံနာငါးတို့ အလှပြိုင်ကြမလို့တဲ့ လေထွားရာဝယ် အချင်းဖြစ်ပွားခိုက်၊ ခုံထားလိုက်ရာ၊ ဦးရွှေလိပ်က  မိန့်ကြားသည်မှာ၊ ငါ့လို ၀ိုင်းဝိုင်းစက်စက်၊ မင်းတို့ မတင့်တယ်၊
ရုပ်လှရာမှာ၊ မုချပါဗျာ၊ ကျုပ်ကသာတယ်။
           ဒါတောင် ဦးရွှေလိပ်က ရေချိုးရသေးဘူးတဲ့ ခင်ဗျာ။  အနိုင်လို သဘောထား ပြောကြားလေတယ်။ ထွားတဲ့လေနှယ်။  ဒီလိုပဲ ထုံးရှိတယ်။ အနှိပ်သည် ငတိုးပြော ...
သောတာမဟုတ်ဘူးနော် ”
           “ လေကိုလေချင်း အပြင်းပြိုင်သော်၊လေယာဉ်ပျံဟာလေ၊ သူအနိုင်ဆုံးပေါ့၊
 ရိုးမတောင်တန်း၊ အချစ်စမ်းရာဝယ်၊ လေဆော်တာနဲ့ပဲ၊ မြေကိုချော်လို့ဒေါင်း၊
 စူထက်စူ (လူစွမ်းကောင်း)၃  သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး၊
 ညီပုလေးယောင်ယောင်ယောင်... ယောင်ဆွဲ၊ တရုတ်ဇာတ်ထဲ အဟုတ်မှတ်နဲ့ ကျုပ်အလှလို့ပဲ
ထင်ထင်ထင် ... ထင်တယ် ”  တဲ့။
          မန္တလေးမီးသတ်ကြီးနားမှာ ယိုးဒယားဈေးဂတ်တဲရှိသည်။ ရှစ်မှတ်ဂတ်ဟုလည်း ခေါ်သည်။ “ ရှစ်မှတ်ဂတ် ” ၏ရှေ့၌ ၀က်မစွပ်ဝန်ထောက်မင်းနှင့် သမီးခင်လတ်ကြီးတို့ ကောင်းမှု ၀က်မစွပ်ဓမ္မာရုံရှိသည်။ နေရှင်နယ်ကျောင်းနှင့်က  ဟိုဘက်ထောင့် သည်ဘက်ထောင့်  ဖြစ်သည်။
          တစ်နှစ်သောအခါ ထို ဓမ္မာရုံ ဘုရားပွဲ၌ မြို့မနှင့်   မာဃတို့အပြိုင်ငှားသည်။  နှစ်သင်းစလုံးကလည်း ထိုဓမ္မာရုံ၏ ဂေါစရဂါမ်နှင့် အနီးဆုံး၌ ရှိကြသည့်အသင်းများဖြစ်သည်။
          နှစ်သင်းစလုံးကို စင်တစ်စင်တည်းယှဉ်ကာ တီးမှုတ်ကြစေခြင်းဖြစ်သည်။ မြို့မ က  စင်၏ ညာဘက်၊ မာဃ က စင်၏ ဘယ်ဘက်ဖြစ်သည်။ ပွဲမစခင်က နှစ်ဖက်အသင်းသား
များ လက်ဖက်ရည်ဆိုင်အတူထိုင်ကာ  ရယ်ကြ၊ မောကြ၊ သောကြနှင့် ပျော်စရာကောင်းလှသည်။ ထိုပွဲတွင် မြို့မကအလှပြိုင်ပွဲကို သီဆိုတီးမှုတ်၏။
         သို့သော် ဘယ်သူ့ဘယ်သူမှ ပြဿနာမရှိ။ ပွဲပြီးတော့လည်း တစ်ယောက်လည်ပင်း   တစ်ယောက်ဖက်လို့လက်ဖက်ရည်ဆိုင်အတူထိုင်ပြီး   “ သော ” ကြသူချင်းချည်းဖြစ်ပါ၏။ ဒါက အရေးမကြီး၊ သူတို့ပြိုင်တာ “ လူ ”မဟုတ်၊ “ ပစ္စည်း ” မဟုတ်။ အနုပညာ “ အလှပြိုင်ပွဲ ” ။
          အခုလည်း ဒီမိုကရေစီဆိုတာ “ အပြိုင် ” ခေတ်ဖြစ်သည်။ ပြိုင်သည်ဆိုတာက    အပုပ်ချပြိုင်ဖို့မဟုတ်၊ အကောက်ကျစ်ပြိုင်ဖို့မဟုတ်၊    အညစ်ပြိုင်ဖို့မဟုတ်၊
တိုင်းပြည်နှင့်လူမျိုးအတွက်  ဘယ်လောက်လုပ်ပေးနိုင်သလဲဆိုတာ ပြိုင်ဖို့ဖြစ်သည်။   စေတနာနှင့်အလုပ်ပြိုင်ဖို့ဖြစ်သည်။ ဆိုလိုတာက “ အလှပြိုင် ” ကြဖို့ပဲ မဟုတ်ပါလား..။     ။

Wednesday, March 13, 2019

တမာလမ်းကို ပြန်ခဲ့ပါ


🌳🌳  တမာလမ်းကို ပြန်ခဲ့ပါ

.                   တမာတွေ ဆယ်ကြိမ်ဖူး
                  နှစ်ဦးခွဲခွါ ဆယ်လီနှစ်များ
                              ကြာခဲ့ပြီ မေ ရေ

        ဒုံမင်း ဦးဆန်းတင့် တီးထားတာကို ဖြည့်စွက် ဆိုထားတာပါ ။
သူ့ရဲ့ ဒုံမင်း လက်သံ သီးသန့်ကိုလည်း တင်ပေးထားပါတယ်။
       ချိုပြုံးဆိုထားတဲ့ တီးလုံး သီးသန့် ကို လည်း တင်ပေးထားပါတယ် ။

      ချိုပြုံး ငယ်ငယ်က ဆိုထားတာရယ် ၊ ၉၀ ခုနှစ်လောက်က ဆိုထားတာရယ် တင်ပေးပါတယ်။

     ဒီသီချင်းကိုပဲ.....

အောင်သူ
ဟေမာနေဝင်း
မေဆွိ
ဘိုမ
ပိုးအိစံ  ...တို့ သီဆိုထားတာကိုလည်း တင်ပေးလိုက်ပါတယ်။

       ထူးခြားတာက.. စိုင်းထီးဆိုင် ပါ။
` တမာလမ်းကို ပြန်ခဲ့မယ် ´ တဲ့ ။ အဲဒီ သီချင်းလဲ ကောင်းတယ်ဗျ ။ တင်ပေးထားတယ် ။ နားထောင်ကြည့်လိုက်ပါ ။

ဦးဆန်းတင့် ရဲ့ ဒုံမင်း လက်သံ သီးသန့်ပါ။ 9mb ရှိပါတယ် ။ အောက်မှာ ပါ။

https://yadi.sk/d/pMqc4pfcnLe1BQ

ချိုပြုံးဆိုထားတဲ့ သီချင်းရဲ့ တီးလုံးပါ။9mb ရှိပါတယ်။ အောက်မှာပါ။

https://yadi.sk/d/w9wt8qGjdp3D4Q

ချိုပြုံး ငယ်စဉ်က ဆိုထားတာပါ ။ 5.5 mb ရှိပါတယ် ။ အောက်မှာပါ။

https://yadi.sk/d/onKqFjzECuFGZA

ချိုပြုံး  ၉၀ ခုနှစ် လောက်က ဆိုထားတာပါ ။ 5mb ရှိပါတယ် ။ အောက်မှာပါ ။

https://yadi.sk/d/T6qMtEC8-sj7lQ

အောင်သူ ဆိုထားတဲ့ သီချင်းပါ ။ 4.8mb ရှိပါတယ် ။ အောက်မှာပါ ။

https://yadi.sk/d/RogF5P1CAoi87A

ဟေမာနေဝင်း ဆိုထားတဲ့ သီချင်းပါ ။ 4.5mb ရှိပါတယ် ။ အောက်မှာပါ ။

https://yadi.sk/d/a6DP8i6hxSMeeQ

မေဆွိ ဆိုထားတာပါ ။ 8mb ရှိပါတယ် ။

https://yadi.sk/d/biUO8DoK9oTodA

ဘိုမ ဆိုထားတာပါ ။ 6.6mb ရှိပါတယ်။  အောက်မှာပါ ။

https://yadi.sk/d/aOzB-g-rGEi_KQ

ပိုးအိစံ ဆိုထားတာပါ ။ 7.5 mb ရှိပါတယ်။
အောက်မှာပါ ။

https://yadi.sk/d/iz_4DenH3h1Pog

စိုင်းထီးဆိုင် ဆိုတာကတော့   တမာလမ်းကို ပြန်ခဲ့မယ်... တဲ့ဗျ ။ 7mb ရှိပါတယ် ။ အောက်မှာပါ ။

https://yadi.sk/d/FJ_5SSrnj3-8tQ

 🌳🌳     တမာလမ်းကို ပြန်ခဲ့ပါ

တေးရေး      ကိုဝင်းစိုး

◼      နှစ်ပြောင်းလရှည် ကြာခဲ့ပြီ မောင်ရေ ငယ်ကကျွမ်းလို့လည်း လွမ်းရပါတယ်လေ ဒါကြောင့်သာပဲ မောင်နဲ့ နှစ်ယောက်သားတွေ့ရာ အညာက တမာလမ်းလေတွေ မောင်ရေ မောင်ရေ ပြေးကြည့်မိလေတော့ တမာတွေ ဆယ်ကြိမ်ဖူး နှစ်ဦးခွဲခွါ ဆယ်လီနှစ်များ ကြာခဲ့ပြီ မောင်ရေ
◼      ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ် မောင်ရယ်လေ အညာမြေကို မေ့လို့လား အညာသူလေးကို မေ့လို့လား ခွဲခွဲခြားခြား ပြောပါ မောင်ရေ ) ရွှေစည်းခုံ စေတီအပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်းပြည့်စေသားလို့ မြတ်ဘုရားထံ ဆုပန်ဆုပန်ခြွေ
◼      မောင့်ကို ထားတဲ့မေတ္တာတွေ တမာတောမှာ ရွာသည့်မိုးနှယ် မေတ္တာမိုးပြေး မဟုတ်ပါမောင်ရေ ချစ်မိုးအုံ့ဖြန့် တားမတတ်အောင် ရွာသည့်အလား မောင့်သည်းပြင်ဝယ် ချစ်မိုးစွေချင်ပါပေ မောင်ပြန်လာမယ့် ရက်တွေ ချိုးရေတွက်သော် တွက်သည့်ရက်များ အခက်သား ရှင်ရေ မြောက်လေပြေ ညှင်းရယ်နှင့် နှင်းပွင့်ကိုချွေ ရွှေမင်းဝံ ဟိုတောင်ရိုးဆီက သစ္စာထားခဲ့ကြတဲ့ လွမ်းစေတီကိုလေ ဆောင်းညတိုင်း သတိရနေ သဇင်တွေ ပွင့်ပြီမောင်ရေ မောင်ပြန်ချိန်ဖြင့် သင့်ပြီ ထင်တယ်လေ
◼     ( တမာတောမှာ ပျော်တယ်ဆိုတဲ့ မောင်ရယ် မောင်ရယ်လေ အညာမြေကို မေ့လို့လား အညာသူလေးကို မေ့လို့လား ခွဲခွဲခြားခြား ပြောပါ မောင်ရေ ) ရွှေစည်းခုံ စေတီအပါးမှာ မောင့်သက်ထား ချစ်သက်ဝေ နံ့သာပျားထုံ တူစုံယှဉ်လျက် လှူချင်ပါတယ်လေ ဒီဆုချွေထား တောင်းတိုင်းပြည့်စေသားလို့ မြတ်ဘုရားထံ ဆုပန်ဆုပန်ခြွေ

Sunday, March 10, 2019

ဗြေးဗြေးတပ်ဗြေး...တပ်ဗြေးဗြေး


⭕   ဗြေဗြေတပ်ဗြေး ..... တပ်ဗြေးဗြေး

◼မြသောင်း

          ဒီကနေ့မနက်ပဲ နိုင်ငံခြား သတင်းတစ်ပုဒ်မှာ နိုင်ငံခြားရောက် မြန်မာအမျိုးသမီး အက ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါ် , ဒေါ်လီအုန်းချိန်က မြန်မာအကအကြောင်း ပြောသွားတာ သတိထားမိလိုက်တယ် ။ မြန်မာအကအကြောင်း ဆိုပေမယ့် သူငယ်ငယ်က အက၀ါသနာကြီးပုံ ။ သူ့ဖခင် ဇွဲ ဦးအုန်းချိန်က ဒေါ်,ဒေါ်ရစ်ထူး ကျောင်းအုပ်ကြီး အဖြစ်ဆောင်ရွက်နေတဲ့ ရန်ကုန် ပန်တျာကျောင်းကို ပို့ခဲ့ပုံ ။ သူ့ရဲ့ အကနည်းပြ ဆရာမကြီးက ယုဝတီ ဒေါ်ခင်ညွန့်ဖြစ်ပုံ ။ အက ပညာရှင် သီတာဝင်း ကို ပန်တျာကျောင်းမှာ သွားအပ်ကြပုံ ။ အဲဒါတွေကို ပြောသွားတာ ။ အင်မတန် မှတ်သားစရာ ကောင်းပါတယ် ။ အဲ ...တစ်ခုတော့ သတိထားမိတယ် ။ ဒေါ်,ဒေါ်လီအုန်းချိန် က ပန်တျာ ( Pantayar ) ပန်တြာ ( Pantrar ) လို့ အသံထွက်တယ် ။ ဒါဟာလဲ မှတ်သားစရာပဲ ။ နောက်ပြီးတော့ ပန်တျာကျောင်းအက သင်ရိုး အစ အတောခံကို ဗုံလေးလုံးနဲ့ တီးပြသွားတယ်။
          “ တိုးဗေတိုးဗေ ... တိုးဗေ တိုးဗေ ...ဗြေဗြေတပ်ဗြေး... တပ်ဗြေးတပ် ”
          နရီတစ်ဝါးစာ အတောပါပဲ ။
          ဒီ အတောခံကို မြန်မာပြည် တစ်ပြည်လုံးက လူကြီးလူငယ် အားလုံးလောက် ကြားဖူးကြမယ်တင်ပါတယ်။ မန္တလေး ပန်တျာကျောင်း စဖွင့်တဲ့ နှစ်လောက်ကပဲ ကျွန်တော် ကြားခဲ့ရဖူးတယ်။ ဒီ အတောခံကို ဆရာကြီး ရွှေပြည်အေး ရေးစပ်ပြီး ရုပ်ရှင်မင်းသမီး ဒေါ်မေသစ် ဆိုခဲ့တဲ့ ဖိုးသာအောင် သီချင်းကို စတင်ကြားမိရာက ဒီအတောခံကို စတင်တွေ့ရှိခဲ့ရတယ်လို့ ဆိုင်းဆရာကြီး ဦးစိန်လှမောင် က ကျွန်တော့်ကို ပြောဆိုသွားခဲ့ဖူးတယ် ။ ဖိုးသာအောင် သီချင်း ဓာတ်ပြားကို ဒိုးတီးပေးသူဟာ ကိုအုန်းမောင် ( ရုပ်ရှင်သရုပ်ဆောင် ကြာဇံ အုန်းမောင် ) ဖြစ်တယ် ။ ဒီ အတောခံကို အခြေပြုပြီး ဒိုးအဆစ် ၂၅ ကွက်ကို ဦးစိန်လှမောင်က ဆက်လက်တီထွင် တီးခတ်ပေးပြီး မြန်မာအကပညာရှင်ကြီး  ဒေါ်သြဘာသောင်း က ပထမအဆင့်အနေနဲ့ ကဗျာလွတ်ကကွက် ၂၅ ကွက်ကို မြန်မာအက သင်ရိုး ပထမအဆင့်အဖြစ် စတင် သင်ကြားနိုင်ခဲ့တယ် ။ ဒီ ကဗျာလွတ် မန္တလေးပန်တျာကျောင်းရဲ့ သင်ရိုးအဖြစ် စတင်စမ်းသပ် သင်ကြားခဲ့ကြတယ် ။ကဗျာလွတ်သင်ရိုး ၂၅ ကွက်မှာ ဦးစိန်လှမောင် နဲ့ ဒေါ်သြဘာသောင်း တို့အပြင် မြန်မာအက ပညာရှင်ကြီး ဦးရွှေဒေါင်းညို ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ အပေါ်မှာ ကျွန်တော်တို့ဟာ မည်သည့်အကြောင်းပြချက်နဲ့မှ ကျွန်တော်တို့ ယုံမှားသံသယ ဖြစ်စရာ မလိုဘူးဆိုတာ တထစ်ချ ပြောနိုင်တယ်။ ဘာပြုလို့လဲဆိုရင် ဆရာကြီး ရွှေဒေါင်းညို ဟာ သူ့ခေတ် သူ့အခါ ၊ သူ့ကာလမှာ နှစ်ယောက် မပေါ်နိုင်တဲ့ မြန်မာအကပညာရှင် တစ်ဦးဖြစ်တယ် ။ ဒေါ်သြဘာသောင်း က အမျိုးသမီးအကမှာ စွယ်စုံတတ်မြောက်သလို  ဆရာရွှေဒေါင်းညို က အမျိုးသားအကမှာ စွယ်စုံရတယ် ။ သူက တစ်ခု ပိုမို ထူးချွန်တာက ဒိုးတီး အင်မတန်ကောင်းတယ် ။ ဇာတ်မင်းသားထဲမှာ ဒိုးချောင်ကို ၀င်တီးနိုင်သူဟာ ကျွန်တော် နှစ်ယောက်ပဲ ကြားဖူးတယ် ။ ဇာတ်မင်းသားကြီး ဦးစိန်ကတုံး နဲ့ ဆရာ ရွှေဒေါင်းညို ပါပဲ ။ လွန်ခဲ့တဲ့ အနှစ် သုံးဆယ်လောက် မန္တလေးက အောင်ပင်လယ် ဒိုးပတ် ပညာရှင်ကြီး ဦးဘရန် က ကျွန်တော့်ကို ပြောဖူးတယ် ။
          “ ကိုကြီးဥာဏ် က လက်ကျ ကြမ်းပေမယ့် တောက်တောက်ခါးခါး ရှိတယ် ။ အဆစ်တွေ ကျွန်တော့်ထက် စိပ်တယ်.....”
          မြန်မာအကပညာရှင် ဒေါ်ခင်စိန်ကလဲ ဦးလေးဥာဏ် က ဒိုးတီးကောင်းတယ်လို့ ၁၉၉၀ လောက်က ကျွန်တော့်ကို ပြောဖူးတယ် ။ ကဗျာလွတ် ကိစ္စမှာ တစ်ကျောင်းထဲ အတူတူ လုပ်ကိုင်နေကြသူများ ဖြစ်တဲ့အတွက်  တိုင်တိုင်ပင်ပင် ပူးပေါင်းလုပ်ကိုင်ကြလိမ့်မယ်လို့ ကျွန်တော် တထစ်ချ ယုံကြည်တယ် ။
          ကဗျာလွတ် ကကြိုးကကွက်များနဲ့ ဒိုးဆစ်များဟာ ရန်ကုန် ပန်တျာကျောင်းဖွင့်ပြီးလို့ နှစ်နှစ်ကြာမှ မန္တလေးမှာ စတင် စမ်းသပ် သင်ကြားတာဖြစ်တယ် ။ ကဗျာလွတ်ဟာ မန္တလေးသူ စစ်စစ်ပဲ ။ ကျွန်တော်တို့မှာ ရန်ကုန် ၊ မန္တလေး အစွဲ မရှိပါဘူး ။ အမျိုးသားယဉ်ကျေးမှု အစွဲပဲ ရှိတယ် ။ တကယ်တော့လဲပဲ ရန်ကုန် နဲ့ မန္တလေးဆိုတာ ကမ္ဘာဂြိုဟ်ငယ်ပေါ်က နယ်နိမိတ်ချင်း ထိစပ်နေတဲ့ အပြောက်ကလေး နှစ်ပြောက်ပဲ ။ မန္တလေးက နေပြည်တော်ဟောင်း ၊ ရန်ကုန်က နေပြည်တော်သစ် ။ ဒါပါပဲ ။
          တပ် ခံရင် ဘာဖြစ်တယ် ။ တပ် မခံရင် ဘာဖြစ်တယ် ။
          ကျွန်တော် ရန်ကုန် ပန်တျာကျောင်း အကသင်တန်းတွေ ၊ မန္တလေး ပန်တျာကျောင်း အကသင်တန်းတွေ အကြိမ်ကြိမ် ကြည့်ခဲ့ဖူးတယ် ။ ရန်ကုန် ၊ မန္တလေး ပုဂ္ဂလိက အကသင်တန်းတွေကိုလဲ ကျွန်တော် မကြာခဏ ကြည့်ခဲ့ရဖူးတယ် ။ ကျောင်းတွေ ၊ ကျောင်းတွေမှာ ၊ ဧည့်ခံကြိုဆိုပွဲတွေမှာ ၊ကျောင်းသူကလေးတွေ ရာနဲ့ ထောင်နဲ့ချီပြီး ကဗျာလွတ်အကနဲ့ ဧည့်ခံကြတာကို အကြိမ်ကြိမ် တွေ့ဖူးတယ် ။ ကဗျာလွတ် ဒိုးဆစ်တွေနဲ့ ကဗျာလွတ် အကဟာ သင်ရိုးညွန်းတန်း အဆင့်ကနေ  လူထုထဲမှာ ကျယ်ပြန့်နက်ရှိုင်းစွာ ဆင်းသက်လာပြီး လူထုအက ( Group Dance ) တောင် ဖြစ်နေပြီပဲ ။ အဲဒီတော့ကာ စနစ်တကျ ဖြစ်ဖို့ လိုအပ်တယ်လို့ ကျွန်တော်တို့ သဘောရတယ် ။           ကဗျာလွတ် အကရဲ့ အတောခံ ကို မူလ ဒိုးတီးဆရာကြီး ဦးစိန်လှမောင် က ကျွန်တော့်ကို တီးပြဖူးတယ် ။ Notes တွေနဲ့ တေးမှတ်ထားတာတွေလဲ တွေ့ခဲ့ရဖူးတယ် ။ မူရင်း ( Original ) နဲ့ အခုတီးနေကြတာတွေ ။ စည်းချိန်မှာ မကွဲလွဲပေမယ့် မြန်မာ့ ဂီတရဲ့ စည်းဝါး နေရာချထားမှုဟာ ပုံသေ မဟုတ်ဘူး ။ ရှင်သန် လှုပ်ရှားနေတယ် ။ တေးသွားတစ်ခုပေါ်မှာ ခံစားမှု ပိုလိုက်ပြီး စည်းချိန်ကို မြန်လို့ရတယ် ။ သွက်လို့ရတယ် ။ လေးလို့ရတယ် ။ ငံ့လို့ရတယ် ။ တွန်းလို့ တိုက်လို့လဲရတယ် ။ တောင့်ထား ၊ ကားထား လို့လဲရတယ် ။ ခံစားမှု အားကောင်းလာဖို့အတွက် မြန်မာဂီတက စည်းချိန်ကို လိုအပ်သလို လွတ်လပ်ခွင့် ပေးထားတယ် ။ ဒါကို နားမလည်နိုင်တဲ့ အနောက်တိုင်းသား အချို့က မြန်မာဂီတဟာ စည်းစနစ် မရှိဘူးလို့ ကောက်ချက်ချတယ် ။ မြန်မာတချို့ကလည်း သံယောင်လိုက်ပြီး ဒါမျိုး မှတ်ချက်ချကြတာ တွေ့ဖူးတယ် ။ တကယ်ကတော့ အင်မတန် အဆင့်အတန်းမြင့်မားတဲ့ ဂီတဖြစ်တယ် ။
          ဟိုတစ်နေ့က နိုင်ငံခြားကနေပြီး မြန်မာ ကဗျာလွတ် အတောခံကို တီးပြတော့ ကျွန်တော် အတော် အံ့သြ သွားတယ် ။ မြန်မာပြည်က ကဗျာလွတ်အက ပညာရှင် အများစု တီးနေကြသလို စည်းချိန်ကို ပုံသေထားပြီး တီးပြသွားတယ် ။ မူရင်းနဲ့ကျတော့ စနစ်ချင်းလဲ ကွာတယ် ။ သက်ရောက်မှုချင်းလဲ ကွာတယ် ။ ခံစားမှုချင်းလဲ ကွာတယ် ။
          ကဲ ... မူရင်း အတောခံကို တီးကြည့်ရအောင် ။ စည်းချိန်ကတော့ ကြားနေကြအတိုင်း နရီ တစ်ဝါးစာပါပဲ ။ “ တိုးဗေ တိုးဗေ ၊ တိုးဗေ တိုးဗေ ”  မှာ ပထမ တိုးဗေတိုးဗေမှာ တိုး မှာ ၀ါး ချတယ် ။ ဒုတိယ တိုးဗေ မှာလဲ တိုး မှာ ၀ါး ချတယ် ။ နှစ်ဝါးချထားတယ် ။ ပုံမှန်စည်းချိန်ပါပဲ ။ အဲဒီမှာဆုံးတော့ တပ် ခံလိုက်ပြီး တား ထားလိုက်တယ် ။ နောက်ကျန်နေတဲ့ “ ဗြေးဗြေးတပ်ဗြေး ... တပ်ဗြေးတပ် ”  သုံးဝါးစာကို တပ် မှာ တောင့်ထားပြီး သည်းချိန် လေးလေးနဲ့ တီးထားတယ် ။
          “ တိုးဗေ တိုးဗေ ၊ တိုးဗေ တိုးဗေ တပ် ဗြေး...ဗြေး တပ်ဗြေး ။ တပ်ဗြေးတပ် ”
          ဗြေးဗြေးတပ်ဗြေး ၊ တပ်ဗြေးတပ် မှာ နရီ အကျဲ နဲ့ လေးလေး တီးထားတယ် ။ စည်းချိန် နှစ်ခန်းပါနေတာ သတိထားစရာဖြစ်တယ် ။ ပထမစည်းချိန် ပုံမှန် ။ တပ် ခံပြီး နောက်စည်းချိန်  နရီ အကျဲ ။
          ဘာပြုလို့ အချပိုဒ် သုံးဝါးမှာ စည်းချိန်ကို လေးထားရသလဲ။
          ပထမအချက်က သင်တန်းသူကလေးတွေဟာ စည်းနဲ့ ၊ ၀ါးနဲ့ ၊ ဗုံနဲ့ ၊ ပတ်နဲ့ စတင်တွေ့ရတာ ဖြစ်တဲ့အတွက် စည်း ၀ါး ဗုံ ပတ် တို့ရဲ့ ခြောက်လှန့်မှုကို မကြောက်ရအောင် ။ ရှေ့က ပြနေတဲ့ သင်တန်းဆရာရဲ့ အကကို လိုက်ပြီး တုပ က နိုင်အောင် ။ ဒုတိကအချက်က စတင်လေ့ကျင့်မှု ဖြစ်တဲ့အတွက် ခေါင်း ၊ ခါး ၊ ခြေ ၊ လက် အနေအထားမှန်ဖို့ ၊ အထူးသဖြင့် မြန်မာအမျိုးသမီး အကမှာ ခါးဟာ မြန်မာအကရဲ့ ဗဟိုချက် ဖြစ်တယ် ။ စ သင် ကတည်းက ခါး ပါလာအောင် လေ့ကျင့်ဖို့ ဖြစ်တယ်။ ၀မ်း ၊ တူး ၊ သရီး ၊ ဖိုး ၊ နရီချိန်နဲ့ ကာယ လေ့ကျင့်ခန်းလုပ်တဲ့ နည်းစနစ်နဲ့ သင်လိုက်ရင် ခါးမပါတော့ဘူး ။ခါး မပါရင် အကဟာ ဘယ်နည်းနဲ့မှ မလှနိုင်ဘူး ။ ခြေခွင် လက်ထားတွေကလဲ မာပြီး တောင့်နေတတ်တယ် ။ ဒါကြောင့်မို့ အစကောင်းမှ အနှောင်းသေချာ ဆိုသလို အတောခံမှာ ကတည်းက တပ် ခံပြီး စည်းချိန်ကို လေးထားတာဟာ  ကဗျာလွတ် ကကွက်တွေရဲ့ ရသဗေဒ ဖြစ်တယ် ။ ဒါကို ဆရာကြီး ရွှေဒေါင်းညို တို့ ဆရာမကြီး ဒေါ်သြဘာသောင်း တို့ မြန်မာဆိုင်းပညာရှင်ကြီး ဦးစိန်လှမောင် တို့ သေသေချာချာ စဉ်းစားပြီးမှ လုပ်ခဲ့ကြတယ်လို့ ကျွန်တော် ထင်တယ် ။ ကဗျာလွတ် ကကွက်ဟာ  မခင်စိန် တို့ ၊အမာစိန် တို့ ခေတ်အထိ ၇၅ ကွက် သင်ခွင့် ရခဲ့တယ် ။ ခင်ဝင်းနွယ် တို့ ၊ မမြသန်း တို့ ခေတ်ကျတော့ ၁၂၅ ကွက်အထိ သင်ကြားခွင့် ရခဲ့တယ် ။
         အခု ဘယ်လို သင်နေကြသလဲ မသိဘူး ။ အတောခံမှာ တပ် ကတော့ ကွယ်လွန်သွားရှာပြီ။

ပေါ်ပြူလာ ဂျာနယ် အချပ်ပို ( ခ )
18-01-2000

https://koaungnaingoo.blogspot.com

မပူမအေး ဥတု သတိပြု


 🛎      မပူမအေး ဥတု သတိပြု

◼  ကြည်လွင်မြင့်  ( မုဒြာ )

       ရာသီဥတုက ဆောင်းအကုန် နွေအကူး တစ်ညလုံးစောင်ခြုံနှင့် ကွေးနေရာမှ  အအေးပေါ့လာသဖြင့် နံနက်စောစောထပြီး နေအိမ်ရှေ့တွင်
ရေဖျန်းသူလူကြီးတစ်ဦးမှာ လေဖြတ်သွားသည်။
အသက် ၇၀ ခန့်ရှိသည့် ထိုလူကြီးသည် အိမ်ရှေ့တွင် ကား၊ဆိုင်ကယ်များ ဖြတ်သန်းသွားလျှင်ဖုန်ထသဖြင့် ရေပုံးဖြင့်ဆွဲပြီး ရေဖျန်းခြင်းဖြစ်သည်။ ရုတ်တရက် ကိုယ်တစ်ခြမ်းလေးလာသဖြင့် အိမ်အတွင်းမှ မိသားစုများကို လှမ်းခေါ်သောအခါ စကားမပီ ဗလုံးဗထွေးဖြစ်မှ လေဖြတ်မှန်းသိသည်။ သွေးပေါင်ချိန်များစွာမြင့်တက်ပြီး လေဖြတ်ရခြင်းဖြစ်သည်ဟု သိရသည်။
       လေဖြတ်သူအတော်များများသည် နံနက်စောစော အရုဏ်တက်ချိန်တွင် ဖြစ်လေ့ရှိသည်။
အနောက်တိုင်းသုတေသီများက သွေးတိုး၊ လေဖြတ်သူများသည် နံနက် ၁၀ နာရီ အတွင်း အဖြစ်များသည်ဟုဆိုသည်။
       နံနက်စောစော အိပ်ရာမှထပြီး အိမ်သာတက်ရာမှ လဲကျလေဖြတ်သူ၊ အချို့မှာ အိမ်သာအတွင်းမှာပင် လေဖြတ်နေသူများစွာသည် သွေး
တိုးဆောင့်တက်ပြီးဖြစ်ရသည်။ ရုတ်တရက် သွေးတိုးရခြင်း၏ အကြောင်းရင်းခံမှာလည်း အအေးပပ်ပြီး ဦးခေါင်းပိုင်း၊ လည်ပင်းရှိ သွေးကြောကြီးများ ကျုံ့သွားရာမှ သွေးကို ညှစ်ထုတ်သကဲ့သို့ဖြစ်ပြီး ဦးနှောက်သွေးကြောပေါက်ခြင်း၊ သွေးကြောနံရံမှ သွေးခဲအချို့ပြုတ်ထွက်ပြီး ဦးနှောက်အတွင်းသို့ရောက်ရှိကာ ပိတ်ဆို့သွားခြင်း အကြောင်း နှစ်မျိုးကြောင့် ဖြစ်သည်။
       တစ်ညလျှင် လေး၊ ငါးကြိမ် ဆီးထသွားလေ့ရှိသည့်လူကြီးများ၊ အထူးသဖြင့် အမျိုးသားလူကြီးများသည် လေဖြတ်နိုင်ခြေပို၍ရှိသည်ကို လေ့လာ တွေ့ရှိရသည်။ မြန်မာလူမျိုးတို့၏ အိမ်ဆောက်သည့်ဓလေ့မှာ အိမ်အတွင်းတွင် အိမ်သာမထား၊ အိမ်အပြင်ဘက်တွင် အိမ်သာထားလေ့ရှိသောကြောင့် အိမ်အပြင်ဘက်ထွက်သွားရာမှ အအေးပပ်ပြီး လေဖြတ်နိုင်သဖြင့် လူကြီးများအတွက် အခန်းတွင်းတွင် ဆီးသွားရန် ဆီးအိုးထားပေးခြင်းဖြင့် ပြင်ပလေဖြင့် အအေးပပ် လေဖြတ်ခြင်းမှ ကာကွယ်နိုင်သည်။
       လေဖြတ်ခြင်းသည် အဆီနှင့်အငန်အစားများသဖြင့် နှစ်ချီ၍ ရှေ့ပြေးလက္ခဏာများပြနေပြီး ဖြတ်ရခြင်း ရှိသကဲ့သို့ အခန့်မသင့်၍ ရုတ်တရက် အပူအအေးမညီမျှမှုကြောင့် လေဖြတ်ရခြင်းလည်းရှိသည်ကို သတိပြုသင့်သည်။
       ရာသီဥတုသာယာလာပြီဟု နံနက်စောစောထပြီး ရေချိုးခြင်းကြောင့် လေမဖြတ်စေရန် ချက်ချင်း ရေမချိုးပါနှင့်၊ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ
ရေအေးမချိုးပါနှင့်၊ ရေချိုးလိုသည့်ဆန္ဒရှိလျှင် ဦးစွာပထမ လမ်းလျှောက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပါ။ လမ်းလျှောက်
လျှင်လည်း အနှေးလျှောက်၊ အမြန်လျှောက်၊လက်များကိုလွှဲပေးခြင်းစသည့် လေ့ကျင့်ခန်းများပြုလုပ်နိုင်ပါသည်။ အနွေးထည်အင်္ကျီ ထူထူဝတ်ထားလျှင် ချွေးအနည်းငယ်စို့ပြီး ကိုယ်အပူရှိန်လည်း တက်လာပါလိမ့်မည်။
       ရေအေးချိုးခြင်းသည် ခန္ဓာကိုယ် အပူငွေ့ဖြင့် နွေးနေချိန်တွင် ချိုးသင့်သည်။  အငွေ့မရှိ အေးစက်နေလျှင် ရေအေးမချိုးသင့်ပါ။ လူကြီးများ နံနက်စောစော ရေအေးကိုင်ခြင်း၊ ရေလောင်း ခြေဆေးခြင်းတို့ကြောင့် လေဖြတ်နိုင်သည်ကို သတိပြုပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမလုပ်ဘဲ ရေချိုးလျှင် ရေနွေးအနည်းငယ်စပ်ထားသောရေဖြင့် ဦးစွာချိုးသင့်ပါသည်။
       မည်သည့်အသက်အရွယ်မဆို ရေချိုးလျှင် ဒူးအောက်ပိုင်းကို ရေလောင်း ခြေဆေးပြီးမှ ဒူးအထက်၊ ပေါင်အလယ်၊ ခါးအောက်ပိုင်း စသည်ဖြင့် အပေါ်သို့ တဖြည်းဖြည်းတက်ပြီး ရေလောင်းချိုးခြင်းသာ အကောင်းဆုံးဖြစ်သည်။ လူကြီး၊လူငယ်မရွေး ရေအေးကို ရုတ်တရက် ဦးခေါင်းမှ လောင်းချခြင်းသည် အန်္တရာယ်ရှိသည်။ အသက်ငယ်ငယ်နှင့် မျက်မှန်တပ်ရသူများသည် ဤကဲ့သို့ ရေချိုးသဖြင့်၊ ရေချိုးနည်းမှားသဖြင့် ဖြစ်ရခြင်းဖြစ်သည်။ လူကြီးများတွင်လည်း ဦးခေါင်းမှရေလောင်းချိုးလျှင် မျက်စိတိမ်စွဲ ရောဂါဖြစ်တတ်သည်။ ခေါင်းကိုက်ရောဂါလည်း ဖြစ်တတ်သည်ကို သတိပြုဖို့လိုသည်။
       ဆောင်းအကုန် နွေအကူးတွင် အအေးပေါ့သွားသဖြင့် အင်္ကျီချွတ်နှင့် သို့မဟုတ် အင်္ကျီအပါးဖြင့် အပြင်ထွက်အလုပ်လုပ်သူများ ရုတ်တရက် ကိုယ်တွင်း အပူငုပ်ပြီး ချမ်းလာသလိုဖြစ်ရာမှ သွေးကြောများ ကျုံ့ပြီး သွေးပေါင်တက်လာတတ်သည်။ ယခင်က သွေးတိုးမရှိဖူးပါဘူးဟု ပြောသူများ ပို၍ပင် လေဖြတ်လေ့ရှိသည်ကို တွေ့ရသည်။ သွေးတိုးရှိသဖြင့် ကုသမှုခံယူပြီး ဆေးမှန်မှန်သောက်၊ အစားဆင်ခြင်နေသဖြင့် လေဖြတ်ခံရမှုနည်းပါးပြီး သွေးတိုးမရှိသူ၊ တစ်ခါတစ်ရံ သွေးတက်မှ ဆေးသောက်လေ့ရှိသူများကပို၍လေဖြတ်နိုင်ခြေရှိသည်ကို တွေ့ရသည်။
       နံနက် အိပ်ရာထ (မျက်နှာမသစ်မီ)  ရေအေးတစ်ခွက်သောက်ပေးခြင်းဖြင့် အစာအိမ်မှ တစ်ဆင့် ကိုယ်တွင်းအောင်းနေသောအပူများကို ငြိမ်း
စေနိုင်သည်။ ရေသောက်ပြီးမှ မျက်နှာသစ်၊ မျက်နှာသစ်ပြီးမှ သွားတိုက်ခြင်းသည် မှန်ကန်သောကျန်းမာရေးလမ်းစဉ်ဖြစ်သည်။
       နံနက်အိပ်ရာထ ရေချိုးလေ့ရှိသူများသည်ဆောင်းတွင်းတွင် ရေမချိုးရဲကြ၊ ဆောင်းအကုန်အအေးပေါ့လာသောအခါ ရေချိုးချင်လာကြသည်။ ရေမချိုးတာကြာ၍ အကျင့်မရှိဖြစ်နေရာမှ ရေချိုးလိုက်ချိန်တွင် အခန့်မသင့်လျှင် အအေးပပ်ခြင်း၊  သွေးတိုးတက်ခြင်းဖြစ်နိုင်သဖြင့်  ရေနွေးအနည်းငယ် စပ်ချိုးသင့်သည်။ ရေနွေးနွေးချိုးပြီး အပြီးသတ်မှသာ ရေအေးချိုးခြင်းဖြင့် ရုတ်တရက်လေဖြတ်ခြင်းမှ  ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။

ကြေးမုံ ၁၅ ဖေဖော်ဝါရီ ၂၀၁၆

Tuesday, February 26, 2019

သေချာတာကို မဲလိုက်စမ်းပါ


 🎯     သေချာတာကို မဲလိုက်စမ်းပါ

“နင့်ယောကျာ်းလည်း ပေါ်မလာတာ အတော်ကြာပါ ရောလားဟ”

တစ်နေ ကျွန်တော့်ယောက်ဖကြီးရဲ့ သားအကြီးကောင်ရဲ့မိန်းမ အိမ်သို့လာသဖြင့် ကျွန်တော့်တူအကြောင်း ရောက်သွားလေ၏။

“ဦးလေးတူ အလုပ်ကောင်းတွေ လုပ်နေတယ်လေ၊ ဒါကြောင့်မလာဖြစ်တာ”

“ဘာတွေများလဲဟ”

“ငါးရဥ့်လိုက်စုပြီး  ရန်ကုန်သွားရောင်းတယ်၊  သူကိုယ်တိုင်လည်း  ချောင်းထဲဆင်း
ငါးရှဥ့်ဖမ်းတယ်လေ”

“အို… ဟယ်… မရေမရာတွေ”

“အဲဒါကြောင့်လည်း   ကျွန်မနဲ့   တကျက်ကျက်ဖြစ်နေတာ၊ ကိုယ့်  အလုပ်အကိုင် ပစ်ပြီး ပေါ်ပင်နောက်လိုက်နေတာ”

သည်ကောင်ကလည်း   တစ်မျိုးခင်ဗျာ၊   လယ်တွေ   ယာတွေ   နွားတွေ   ရှိလျက်နဲ့
သေချာတာကို မဲချင်သဗျာ။ ယောက်ဖအငယ်ရဲ့သား  အလတ်ကောင်ကျတော့ တစ်မျိုးခင်ဗျာ။ ဈေးထဲမှာ ကုန်စိမ်းဆိုင်ကလေး ထူထောင်ထားပေးတယ်။ ကုန်စိမ်းသမားတွေနဲ့လည်း   မိတ်ဆက်ပေးထားတယ်။   ဆိုင်ကလေးတစ်ထူတစ်ထောင် ဖြစ်နေပြီဗျာ၊  မိတ်တွေလည်းရနေပြီဗျာ၊ အဲသည်ဟာ  မဟုတ်ပြန်ဘူးတဲ့၊  သုံးလုံး
ယောင်ယောင်  နှစ်လုံး  ယောင်ယောင်  ဖြစ်သွားပြန်ကရောဗျာ၊  ခက်လိုက်တာ။ တစ်နေ သူ့နှမ သန်းသန်းအေးတို့  လင်မယားရောက်လာ။ သုံးနှစ်သမီးကလေး  တစ်ယောက်လည်း ပါလာ။

“ကဲ… ညည်းတို့ ဘာရောင်း”

“ပဲတီစိမ်း  ဦးလေး၊ တစ်တင်း ၈၂ဝဝ ကျပ်ဈေး”

သူ့ယောက်ျားနဲ့    စကားစပ်မိ၊    သည်နှစ်    တွက်ခြေအကိုက်သား၊    နှမ်းက    ၁၅ တင်းလောက်ရသတဲ့။  ပဲတီစိမ်းက  တင်း ၂ဝ၊ ဟြေင်းဖူးက     ၁၃၅ဝဝဝ   ကျပ်ဖိုး ရောင်းရသတဲ့။ စပါးက အတင်း ၅ဝ ဝမ်းစာလောက်ရုံမကလို့ ပိုတောင်ပိုဦးမတဲ့။

 “ခုဒီကအပြန်မှာ ကြက်သွန်စိုက်ဖို့ စီစဉ်ရမယ် ဦးလေး”

“မနှစ်ကလည်း စိုက်သေးလား”

မနှစ်ကလည်း   ကြက်သွန်စိုက်ပါသေးသတဲ့။   တစ်ပုလင်းပျိုးစိုက်တာ   ကြက်သွန်
တစ်ပိဿာ ၈ဝ ကျပ်ဈေးနဲ့  ရောင်းရလို့၊  ငွေ  ၂၅ဝဝဝ ကျပ် ရပါသတဲ့။  ကြက်သွန်အစေ့ တစ်ပုလင်းက  ထောင်သော ပျိုးပင်ပေါက်များကို      တစ်ပုလင်းမျိုးဟု  ခေါ်သည်။
တစ်နှစ်လုပ်စာ သူတို့မိသားစု ဗိုက်ရိုက်စားလို့ မကုန် ပိုတောင်ပိုပါသေး။

“အကွက်ကိုယ်ပိုင်က  နည်းနေလို့ တချို့သူများအကွက်ကို  လုပ်ဖက်ယူလုပ်ရတာ ဦးလေး”

“ဟေ…”

ဟုတ်ပါ့၊ လုပ်ဖက်ဆိုတော့ ထွက်သမျှ ကိုယ်ချည်းမရ၊ တစ်ယောက်တစ်ဝက်၊ သုံးစုတစ်စု၊ လေးစုတစ်စု စသည်အားဖြင့် အခင်းရှင်ကို ပေးရတာ။ ဒါတောင် ကျားကုတ်ကျားခဲလုပ်တော့  ရွှေတွဲလဲ    ငွေတွဲလဲပါ။  တန်ဖိုးသင့်မယ်ဆို  သူတို့လုပ်စာ တစ်နှစ်လေးငါးသိန်းရတာ။ အကွက်ကလည်း    လုပ်လောက်အောင် မရနိုင်ပေဘူးလေ။ သူတို့အဖေအမေက  သားသမီး   ၉   ယောက်မွေးထားတာ သူ့သားသမီးတွေ လုပ်ကိုင် စားလောက်အောင်  အကွက်တွေ   နွားတွေ   ဘယ်ဝေပေးနိုင်ပါ့မလဲ။   သန်းသန်းအေးတို့ လင်မယားက  တောသားပေမယ့်  အကင်းပါးတယ်  ဆိုရမယ်။ သေချာတာကိုပဲ မြဲကတော့ ဝမ်းဝခါးလှ၊ ငွေပိုကလေးများ ဆုပ်မိ။

ကျွန်တော်နဲ့ အလွန်ရင်းနှီးသော သူဌေးတစ်ယောက် ရှိတယ်။ အတော်အလေးကို ချမ်းသာတာပါ။

“အစိမ်းထည့်မလား” ပဲတီစိမ်းပေါ်ချိန် သူ့အဖော်ညှိ။

“ဟင့်အင်းဗျာ” သူခေါင်းခါ။

“အငုံကိုက်လောက်တယ်၊ ဘယ်လို သဘောရလဲ”

ပဲစိမ်းငုံ လှောင်လက်တွေ ဆွဲတဲ့ အချိန် သူနဲ့တွေ့။

“မသေချာတာကြီး မလုပ်ချင်ဘူးဗျာ၊ သေချာတာပဲ လုပ်ချင်တယ်”

သူ့ အသက် ၆ဝ ပြည့်တာ့မည်။ တစ်ကြိမ်မျှ ကုန်မလှောင်ခဲ့ဖူးဘူးတဲ့။ ဘာလုပ်တယ် မှတ်သလဲ။ ကုန်စုံဆိုင်ဖွင့်ထားတယ်။ အရမ်းကို စုံတာပါဗျာ။ ကျွန်တောဆီက  မြေပဲဆားလှော်တောင်  တင်ရောင်းလိုက်သေး၊  အဝေးပြေးကား
ထောင်ထားတယ်။ အဲသည်မှာ ငွေက ပိုနေတုန်းပဲ။

“ဟား… ဟား… ငွေချေးတာလည်း သေချာပေါက် အမြတ်ရတဲ့ အလုပ်ပဲကွ”

သူနဲ့ ရင်းနှီးလို့ မကြာခဏ ကျွန်တော့်ကို ဟြေတယ်။ ဘယ်လောက် ထုတ်ပေးထားတယ် ဆိုတာကတော့ တော့ပ်စီးကရက်ပေါ့။ (မသိချင်ပါနဲ့။) ကျွန်တော်ကတော့   သန်းသန်းအေးတို့  လင်မယားကို  သဘောကျတယ်။    သူဌေးရဲ့
ငွေရှာပုံကိုလည်း  သဘောကျတယ်။   ငါးရဥ့်ယောင်ယောင်၊  သင်းခွေချပ်ယောင်ယောင်၊ သုံးလုံးယောင်ယောင်တွေကို သဘောမကျဘူး၊

“သေချာတဲ့ဘက်ကို မဲလိုက်စမ်းပါကွာ၊ သူဌေးဖြစ်ဖို့ မြေကြီးလက်ခတ် မလွဲပါဘူး”

ကျွန်တော့်ဦးလေး ဦးထောင် မကြာခဏဟြေလေ့ရှိသော စကား။ ယခုဦးလေးထောင်    မရှိတော့ပါ။  သူ့စကားဟာ သည်နေ့အထိ  မှန်ကန်နေတုန်းပါပ။ဲ ကျွန်တော် ကြိုက်တယ်။ စိတ်ကူးမလွဲနဲ့။

 သေချာတာကို မဲ။

                               မောင်ချမ်းသာ

Friday, February 22, 2019

ချစ်မြတ်နိုးစရာ မြန်မာ့ဂီတ၊မြန်မာ့အနုပညာ


🎭  ချစ်မြတ်နိုးစရာ မြန်မာ့ဂီတ ၊ မြန်မာ့အနုပညာ

◼  နေသန်

       ရွှေပိန်းချ မှန်စီကနုတ်လက်ရာများ  ဖန်ပဒိုင်းအိုးများနှင့် ဖိတ်ဖိတ်တောက်လျက်  ကျက်သရေမင်္ဂလာရှိစွာ ခန့်ညားလှပသော ရွှေဆိုင်းတော်ကြီးက စင်မြင့်ထက်တွင် ၀ိုင်းတော်သားအစုံအလင်နှင့် ဆိုင်းစင်ရှေ့တွင် သင်ဖြူးဖျာချောပေါ်  ကော်ဇောခင်းလျက် လက်ဖက်အစ်၊ ကွမ်းအစ်အစုံအလင်နှင့်   အလှူ့အမကြီးနှင့်  ဆွေမျိုးတစ်သိုက် တို့သည်လည်းကောင်း၊ အနီးပတ်လည်ရွာများမှ များပြားလှသော ရွှေပွဲလာပရိသတ်များသည် လည်းကောင်း၊
ဒေါက်ထောက်ရပ်နားထားသော လှည်းဝိုင်းကြီးအလယ်က ဆိုင်းတော်မင်္ဂလာသံကို  ငံ့လင့်လျက်ရှိကြသည်။
မကြာမီရွာစားကျော်၏ လက်ဖျားမှ စီးဆင်းလာသော မင်္ဂလာရေခင်းသံ  ကြည်မြစွာထွက်ပေါ်လာသည်။ရေခင်းသံ တီးလုံးဆုံးသည်နှင့် တစ်ဆက်တည်း ရွာစားကျော်၏ လက်စွမ်းပြဆိုင်းသံ၊ ၀ိုင်းတော်သားတို့၏ မြူးကြွသွက်လက်သောတစ်ခဲနက်ဟစ်ကြွေးတီးမှုတ်ဖန်တီးလိုက်သည့် ဂီတအနုပညာသံစဉ်လှိုင်းများက ညှို့ယူဖမ်းစားလျက် ပရိသတ်များကလည်း နှစ်သက်ကျေနပ် မိန်းမောလျက် ဂီတရေအလျင်ကြောတွင်အတူတကွ စီးမျောသွားကြသည်။

◀   အတိတ်အချိန်ကာလများ

       သူ့အမည်က စိန်တင်မောင်။ ဖခင်ဖြစ်သူ ဆိုင်းဆရာ စိန်ဘသာမှ မွေးဖွားပေးခဲ့သော  ဆိုင်းညီနောင်နှစ်ဦးအနက်မှတစ်ဦး။  မိရိုးဖလာ   ဆိုင်းမျိုးရိုး မြန်မာ့အနုပညာ၊ မြန်မာ့ဂီတမြတ်နိုးသူများဖြစ်သည်။ ဆိုင်းပညာကို  လက်ဦးဆရာဖခင်ဖြစ်သူက  ခုနစ်နှစ်သားအရွယ်မှာ သံပတ္တလားနှင့် ၀ါးပတ္တလားတီးသင်ပေးခြင်းဖြင့် ဂီတမျိုးစေ့ချခဲ့သည်။
ကိုးနှစ်သားအရွယ်တွင်  ဆိုင်းအခြေခံကို  စတင်သင်ယူသည်။ စည်းနှင့်ဝါး၊ ထံတြာ၊ ပုစဉ်းတောင်ပံကြိုး၊ ဘွဲ့သီချင်း၊ပတ်ပျိုး၊ ယိုးဒယား၊ မွန်တလိုင်းစသည်ဖြင့်  အဆင့်ဆင့် သင်ယူရင်း၊ လေ့လာရင်း၊ လေ့ကျင့်ရင်း မြန်မာ့ရိုးရာ ဆို၊က၊ ရေး၊ တီး ပြိုင်ပွဲများတွင် မြန်မာ့တူရိယာ အမျိုးမျိုးတို့နှင့်ဝင်ရောက်ယှဉ်ပြိုင်၍ ရွှေတံဆိပ်နှင့် ဆုအမျိုးမျိုးလည်း ဆွတ်ခူးခဲ့သည်။  မိရိုးဖလာ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့သော မြန်မာ့ဂီတအနုပညာကို တည်တံ့စေရမည်၊စစ်မှန်စွာ ထိန်းသိမ်းထားနိုင်ရမည်၊  တီးလုံး၊ တီးပေါက် အသစ်အဆန်းများ  တီထွင်မည်ဟု အားမာန်ချီလျက်ဆိုင်းအဖွဲ့ တည်ထောင်ခဲ့သည်။ အရိုး ပေါ်တွင် မည်သည့်အရွက်မှ မဖုံးစေရဟုခံယူရင်း  ရိုးရာအနုပညာလမ်းပေါ် လျှောက်လာခဲ့သည်က ရင်သွေးလူမမယ်နှစ်ဦးနှင့် တတိယအရွယ် သက်တမ်းသို့ တိုင်ခဲ့ပြီဖြစ်သော်လည်း အခြေအနေ ဒူးထောက်ယိမ်းယိုင်ရာမှ လဲကျမသွားအောင် အားတင်း ရုန်းကန်နေရဆဲပင်။
         စင်မြင့်၏လက်ဝဲဘက်အခြမ်းတွင် ဆိုင်းဝိုင်း ကြေးဝိုင်း၊ မောင်းဆိုင်း ခြောက်လုံးပတ်းဒိုးနှင့် ပတ်မကြီးကိုသယ်ဆောင်ထားသော ပဉ္စရူပ  အစရှိသည့် မြန်မာ့တူရိယာ အ၀န်းအ၀ိုင်းက ကျပ်တည်းလှစွာဖြင့်  တည်ရှိနေပြီး စင်၏လက်ယာဘက်အခြမ်းတွင်တော့  ရမ်ဆက်၊ ဘေ့စ် ဂစ်တာ၊ လိဒ်ဂစ်တာ၊ ကီးဘုတ် အစရှိသောတူရိယာတို့က
နေရာယူထားကြသည်။ ညဉ့်ဦးယံ ဧည့်ခံမင်္ဂလာဆိုင်းတော် အချိန်ကျရောက်ခဲ့ပေပြီ။  စူးရှသော ကီးဘုတ်၏အသံ၊ မြူးကြွ သောဒရမ်ရိုက်ခတ်သံ၊  သွက်လက်သော၊  လှုပ်ရမ်းသော ကကွက်များ၊ တေးသံများ စင်အောက်မှ တုံ့ပြန်သော အလှုပ်အခါများနှင့် ဖွင့်လှစ်လိုက်ကြသည်။  သေချာသည်ကတော့ ည ၁ နာရီကျော်အထိ  အရှိန်တက်ကြပေဦး မည်။ မင်္ဂလာရွှေဆိုင်းဝိုင်းတော်သားတို့  အလျဉ်းသင့်ရာ ထောင့်နဘေး ခြုံစောင်ပါးကလေးဖြင့် ကွေးကာ  ငိုက်မည်းရင်း အလှည့်စောင့်ကြရပေဦးမည်။
       ဇာတ်သဘင်တို့တွင် စတိတ်ရှိုးကဏ္ဍ၀င်ရောက် တွင်ကျယ်လာခြင်းမှသည်   မြန်မာ့ဆိုင်းများသို့  ကူးစက်လာခဲ့သည်။   ဆယ်စုနှစ်တစ်ခုမကတော့။   မြန်မာဆိုင်းစင်မြင့်၏ ထက်ဝက်ကို အနောက်တိုင်းတူရိယာဝိုင်းက နေရာယူထားသလို ဖျော်ဖြေချိန်ထက်ဝက်မကကို တို၊ ကွဲ၊ပေါ်၊ ဟိုက် ၀တ်ဆင်မှုများနှင့် အမျိုးအမည်မသိ ဒန်စာ အကများ၊ မြူးကြွသွက်လက်သော်လည်း  မပီသသည့် ကပြားသီချင်းသံ များက သိမ်းပိုက်ခဲ့ပြီဖြစ်သည်။

      “ဆရာရေ မသိလို့မေးပါရစေ၊ ဆရာ့ဝိုင်းက ဘယ်ညာ ပါရဲ့လား”

      “ ကျွန်တော့်ဆိုင်းက မြန်မာသံ၊ မြန်မာတီးဟန် အရသာစစ်စစ်တွေနဲ့ ထိုက်ထိုက်တန်တန် ဖျော်ဖြေမည့် ဆိုင်းစစ်စစ်ပါ။ ပညာကုန်၊ လက်ကုန်ဖွင့်လို့ မြန်မာ့ဂီတ အရသာမှန် ခံစားစေရမယ်ဗျာ၊ ဘယ်ညာတော့မထားဘူး”၊

      “အင်း  ဒါဆိုရွာကလူတွေနဲ့ လှမ်းတိုင်ပင်ပါရစေ”

       ဤပုံဖြင့် ဆိုင်းငှားဆယ်ဦးလျှင် ခုနှစ်ဦး၊ ရှစ်ဦး ပြန်ပေါ်မလာသော အခါ မိသားစုနှင့် ၀ိုင်းတော်သားများ၏ ၀မ်းရေး၊ ရင်သွေးငယ်များ၏ ပညာရေးမျှော်လင့်ချက်များ အပြင်းအထန် ထိုးနှက် ခံစားလာရသောအခါ....။

       အစောပိုင်းကာလများက မြန်မာ့ဆိုင်းပညာစစ်စစ်ကို ထုတ်ဖော်ပြသ ဂုဏ်ယူခဲ့ကြရသည်။ အလှူတစ်ပွဲတီးလျှင် ငွေကျပ် ၁၆၀ ရသည်။  အလှူဝင်နေ့မှစ၍ နေ့ဧည့်ခံ၊ ညဧည့်ခံ  အလှူပြီးဗြောခေါက်သည်အထိ   အစအဆုံးတီးပေးကြရသည်။ ပင်ပန်းသော်လည်း မြတ်နိုးဝါသနာပါသော အလုပ်မို့ ကျေနပ်သည်ဟုဆိုသည်။  ယနေ့ခေတ်တွင် ဆိုင်းတစ်ပွဲ ခုနစ်သိန်းမှ ၁၀ သိန်းအထိရနိုင်သည်။သို့သော်ခေတ်ပေါ်တေး အမည်တပ်  သရုပ်ပျက်ကပြား အဆိုအကများကို တွဲဖက် လက်ခံထားရသည်ကို ဘ၀င်မကျလို့ ရင်နာဝမ်းနည်းရသည်ဟု ဆိုင်းဆရာကဆိုသည်။
ရုပ်ကလေးလဲရှိ မြူးမြူးကြွကြွနှင့်  ကာလသားအကြိုက် မင်းသမီးအဆိုတော်လေးများ တစ်ပွဲဆိုပါက နှစ်သိန်းမှ ငါးသိန်းအထိရှိသည်။  သူတို့ကိုဆက်သွယ်ခေါ်ယူပေးရသည်။
ပွဲငှားသူကလည်း ဈေးမဆစ်ပါ။ သို့သော် ဆိုင်းဝိုင်းအတွက်တော့  ငါးသောင်းလျှော့ပါဦး၊   သုံးသောင်းလျှော့ပါဦး ဆိုလာသောအခါ ဘ၀၏အချိန်အတော်များများ ဆည်းပူးခဲ့သောပညာအတွက် ၀မ်းနည်းရသလို အနာဂတ်အတွက်ရင်မအေးနိုင်ကြောင်းပြောပြသည်။
       အလွန်အခွပ်သန်သော တိုက်ကြက်ဥနှစ်လုံး လက်ဆောင်ရသည်ကို လင်မယားနှစ်ယောက် တစ်ယောက်တစ်လုံးကြော်စားမိရာမှ ဇနီးမောင်နှံနှစ်ဦး  မျက်နှာချင်းဆိုင်တိုင်း ခွပ်ချင်စိတ်တွေထလာလို့ အိမ်မကပ်ရဲဟု ပျော်တော်ဆက်သူ   ဆိုင်းနောက်ကထ    မြန်မာသံအဆိုတော်ကြီးကိုလွင်က

“ မြန်မာ့ဂီတ၊ မြန်မာသီချင်းတွေ တည်တံ့အောင် ရုန်းကန်နေရတဲ့အထဲ အခုဆိုပတ်လုံးတွေ၊ သားရေကျက်ဖို့ သားရေကလည်း ရှားပါးလိုက်တာ၊ တွေ့ကရာ  သားရေနဲ့ ကြက်ရင်လည်း ဆိုင်းသံက ဂိန်၊ ညောင်၊  ပဲလို့မည်လိမ့်မယ် ”

ဟု အရွှန်းဖောက်သည်။ ပြီးမှ နောက်တာပါ မလုပ်ပါဘူး၊ဒိုင်နမိုမော်တာတွေကွိုင်ပတ်ရင်သုံးတဲ့  လျှပ်ကာပြားကို ပါကင်ပလတ်စတစ်ကြိုးနဲ့  သားရေအစား  ကြက်ပြီးသုံးကြ
ရတယ်။ ပတ်လုံးတိုင်းတော့ သုံးလို့မရဘူး။

       မြန်မာ့ဂီတကိုချစ်မြတ်နိုးစွာ ဖက်တွယ်ရင်း၊ ဒူးထောက်မကျအောင်ထိန်းနေရသော ယိမ်းယိုင်နေသည့် အခြေအနေကို တွေးတောရင်း ဆိုင်းဆရာမှာ ရင်နာရသည်။  ညဥ့်တစ်နာရီခွဲကျော်ခဲ့ပြီ။ ခေတ်ပေါ်စတိတ်ရှိုးအစီအစဉ်တွေလည်း ပြီးသွားလေပြီ။

“ နန်းထက်ကသည် တိုင်းစွန်နယ်ဖျား တောက်ကြွား လင်းလက်ပါတဲ့ ရွာစားမင်းရဲ့ ရွှေဆိုင်းလက်သံ ဘ၀ဂ်လျှံအောင်ကြား ”  စသည်ဖြင့် ဆိုင်း နောက်ထ၏ ဆိုင်းဆင့်သံအဆုံး နေမျိုးဗလကျော်သူဘွဲ့ခံ ရွာစားစိန်ဗေဒါ၏ ရွှေမန်ကျည်းခုနစ်စဉ် တီးလုံး သံစဉ်ကို လက်စွမ်းပြတီးခတ်ရင်းရှေးဆရာ အစဉ်အဆက်ကို ဦးခိုက်ပူဇော်သည်။ တစ်ချက်ငဲ့ကြည့်တော့ ပရိသတ်အတော်များများပြန်ကြပြီ။ ပြီးတော့မြန်မာသံ အဆိုတော်ကြီးများအလှည့်။ ဆောင်းညအအေးဒဏ်ကို  မခံနိုင်လို့လားမသိ ပရိသတ်ပိုကျဲပါးသွားသလို ပရိသတ်ပင်ပန်းချိန်မှ ဖျော်ဖြေရသော အခြေအနေကြောင့်လည်းဖြစ်နိုင်သည်။

       စိတ်ရှိသလောက် လွှတ်တီးလိုက်သည့် တီးကွက်တွေက စိတ်သလောက်  မိုးသီးမိုးပေါက်သဖွယ် သွန်ချတီးခတ်သည်။ သီဆိုသည်။ “ တေးဘုမ္မာ ”  သူမျက်စိမဖွင့်၊ နောက်တစ်ပုဒ် ဆက်တီးသည်။ “ ဘ၀သံသရာ ”  သီချင်းဆုံးချိန် ငြိမ်သက် တိတ်ဆိတ်လျက်  မြန်မာဂီတမြတ်နိုးသူ ပရိသတ်အနည်း ငယ်ကိုတွေ့ရသည်။ ဘုန်းတော်ကြီးကျောင်းမှ  တုံးမောင်းခေါက်သံကြားရသည်။   အရုဏ်တက်ပြီ။   နှင်းမှုန်တွေ ကြောင့်လားမသိ အလင်းရောင်ကိုတော့မမြင်ရသေး ...။

၁၂ ဒီဇင်ဘာ ၂၀၁၅  ကြေးမုံ

Thursday, February 21, 2019

မုန်းရစ်လေဦး


💘      မုန်း  ရစ်  လေ  ဦး

ဆရာ စန္ဒရား အောင်ဝင်းရဲ့ တီးကွက်လက်သံ ကို ရယူလိုရင်ဖြင့် အောက်က လင့်ခ်တွေမှာ တင်ပေးထားပါတယ် ။
Mp3  ဖိုင်ဆိုဒ်က 5.6 mb ရှိပါတယ် ။

https://picosong.com/wSy59

https://yadi.sk/d/7tm7RczagF8ucA


  💘      မုန်းရစ်လေဦး

တေးရေး     စန္ဒရား လှထွဋ်

             [  ရွက်ဝါကြွေ နွေအဦး လေရူးပွေစ ညနေဆည်းဆာ ဥသြဆွေ နွေတေးရှင်ငှက် ပင်ကိုင်းထက်မှာ သံစာစာ နွေကြိုတေးကိုသာ လေးသွဲ့မှန်စွာ တေးဖွဲ့ပြန်ရှာ အဖော်ကွဲ တစ်ကိုယ်တည်း ကိုယ်လည်း မင်းလိုပါပဲ ကိုယ့်ဘ၀မှာ ညိုဝါရွှေ ညောင်းရွက်လေအနော့ မြေလျော့ ကြွေပေါ့ နွေ  တစ်ကျော့ ရောက်ပြန်လေပြီတစ်ခါ
             နေ့ပေါင်းများစွာ လပေါင်းများစွာ ကြာမြင့်သော်လည်း ကိုယ်မမေ့သည်သာ နွေမှာတေးဆိုသော ဥသြငှက်ဟာ မိုးအခါ ဘယ်ဆီမှာများ ပုန်းရှောင်နေတာ ကိုယ့်ဘ၀ကလည်း သည်သို့မရေရာ ကိုယ့်အလွန်ပဲ ရှိပါစေလို့သာ
             ရွက်ဝါကြွေ နွေအဦး ညင်းလေမြူးသလိုသာပဲ ပျော်နိုင်ဘူး သည်းညှာ အချစ်ဆိုတာ ပြန်တောင်းလို့လည်း ရကောင်းသောအရာ ဟုတ်ပါသလား သက်လျာဖြေစမ်းပါ နွေကလျာဦး မဖြေသာဘူး လွမ်းမယ့် မူးမူးနဲ့သာ မုန်းရစ်လေဦး မုန်းရစ်လေဦး ဘုန်းချစ်တဲ့သူရာ  ]

Saturday, February 16, 2019

ဟင်း မပါလိမ့်မယ် အားကြီး စောင့်နေ

.        ဟင်း  မပါလိမ့်မယ် အားကြီး စောင့်နေ
         🅞🅞🅞🅞🅞🅞🅞🅞🅞🅞🅞🅞

“မမ ရှိလားဟေ့”

“အမေရယ် အပေါ်ထပ်မှာ ဘရားရှိခိုးနေတယ် လေးလေး”

မမ ရှိခိုးပြီးအောင် ထိုင်စောင့်နေလိုက်၏။  ဂျာနယ်များ တစ်စောင်ပြီး တစ်စောင် ဖတ်နေရာ သုံးစောင်ကုန်သွားလေ၏။ မမအပေါ်ထပ်က ဆင်းမလာသေး။  အဲဒါနဲ့ ကျွန်တော် အပေါ်ထပ် တက်လိုက်သွားလေ၏။ မမသည် ဘရားတရားကို အာရုံပြု မျက်စိမှိတ်လျက် ပါးစပ်က  တတွတ်တွတ် ရွတ်နေလေ၏။ ဗုဒရုပ်ပွားတော်၊ အလွန်ကြည်ညိုစရာကောင်းသော ကျောက်ဆင်းတုတစ်ဆူ၊ သူ့အောက်နားမှာ ဘိုးမင်းခေါင်၊ ဘိုးဘိုးအောင်၊ တရုတ်ဘိုးတော်၊ ကွမ်ယင်မယ်တော်၊ သူရသတီ မယ်တော်၊ ဆင်းတု     ဘေးဝဲယာမှာ ရွှေတိဂုံ၊ မြတ်မုနိ စသည် တန်ခိုးကြီးဘုရားပုံတော်များ၊

နောက်တစ်ဖန် မြန်မာနိုင်ငံတွင်  ထင်ရှားသော ဆရာတော်ကြီးများ၏ ပုံတော်များ။ ဆင်းတုရှေ့ စားပွဲရှည်ကြီးပေါ်တွင် ငှက်ပျောအုန်းသီးပွဲသုံးပွဲ၊ သာသနာပွဲ၊ ဘိုးဘိုးပွဲ စသည်ဖြင့် ရခိုင်ငှက်ပျောသီး အစိမ်းခင်ဗျာ့၊ နုပြန်လွန်းလျင်လည်း မှည့်ခါကျ စားမကောင်း၊ ရင့်ပြန်လွန်းလျင်လည်း  မြန်မြန်မှည့်မှာဆိုတော့ (ပွဲမြန်မြန်လဲရမှာဆိုတော့) တွက်ခြေ မကိုက်၊ ဒါကြောင့်မနုမရင့်ထိုးကြရ၊ ဉာဏ်တော့ အပြေးသားခင်ဗျာ၊ ကျွန်တော့်အစ်မ။ မီးညှိပူဇော်ထားလိုက်တဲ့ အမွှေးတိုင်၊ မြန်မာပြည် အထက်ပိုင်းက မန်ကျည်းပင်တွေ ကုန်တော့မည်၊ အပေါစား  ရေမွှေးနံ့ပြင်းပြင်းကြောင့် မြတ်စွာဘရားနှင့်တကွ ဘိုးတော်၊ မယ်တော်၊ ဆရာတော်များ ရင်ကျပ်၍ အသက်ရှူရပ်တော့မည်။ ခန္တီပါရမီကြီးပါဘိ။ ဘုရားစင်နဲ့ ဆယ်ပေအကွာ ခပ်မှိန်မှိန်ကလေးမှာက ဦးမင်းကျော် ရုပ်ပုံကား၊ သူ့ရှေ့က အရက်ကောင်တာမှာတော့    တိုက်ဂါးဘီယာပုလင်း၊ မန္တလေးဘီယာ၊ မြန်မာဘီယာ၊ မန္တလေးရမ်၊ အိုးဘရမ်ဒီ၊ ဘီယာအရက် အတော်စုံသား ခင့်ဗျာ့။ အရက်နှင့် မြည်းရန် ကြက်သားကြော်ကိုတော့ မတွေရ။ အရက်ပုလင်းတွေနားမှာ ဖောက်တံကလည်းမရှိ၊ ဖန်ခွက်လည်းချမထား။ မမသည်ဦးသုံးကြိမ်ချ၊ ကြေးစည်သုံးချက်ထုပြီးနောက် ရှိခိုးခြင်းအမှုကို အဆုံးသတ်လက်၏။

“နောင် ဝေဝေ အေးရင့် အေးရင့်”

“မမ နိဗ္ဗာန်ရောက်ကြောင်းလား”

“ဟင် ငါ့မောင် နင်ဘယ်အချိန်ကရောက်နေ…”

“မမ   အာရုံပျက်မှာစိုးလို့    ထိုင်စောင့်နေတာ၊ မမတို့များ    ဘုရားနဲ့ တရားနဲ့၊ သမထလား၊ ဝိပသနာလား”

“ဒီလိုလည်း မဟုတ်ပါဘူးကွယ်၊ ဒီနေ့ လကုန်ရက်လေ ငါ့မောင်၊ နက်ဖြန် လဆန်း (၁) ရက်နေ့ဆိုထီဖွင့်တော့မှာ”

“ဟင် ဘာဆိုင်လို့လဲဗျာ”

“ဆိုင်ပါပြီကောကွယ်၊ ပြီးခဲ့တဲ့အပတ်က သိန်းသုံးရာဆု နောက်ဆုံးတစ်လုံးလေး ကပ်လွဲသွားတာ၊ အာရုံပြုတာ အားနည်းသွားလို့ ဖြစ်မှာပေါ့ကွယ်၊ အဲဒါကြောင့် ဒီတပတ် မဲနေရတာ၊ ဆိုင်ရာပိုင်ရာများက ကြည့်မနေပါဘူး”

“ဗျာ… မမ”

“မဗျာနဲ ငါ့မောင်၊ သန်းသုံးရာဆို  တိုက်တစ်လုံး ကားတစ်စီး၊ စိန်နားကပ်ကြီးတစ်ရန် ရနိုင်တာကွဲ့၊ ပြီးတော့ အပိုဆုတွေလည်း ရဦးမှာ”

“ထီဆိုင် အုပ်စုကြီးတစ်ခုက   အပိုဆုများ မချီးမြှင့်တော့ပါဘူး   လို့ အတိအလင်း ကြော်ညာနေပြီ  မမ၊ ပြီးတော့မမရယ်၊  သိန်းသုံးရာပေါက်ဖို့ဆိုတာလည်း  သိပ်လွယ်လှတာ မဟုတ်ဘူး၊ အက္ခရာတစ်လုံးမှာ ထီစာအုပ် ၈၁၈၁၈ အုပ်၊ အက္ခရာပေါင်း  ၃၆ လုံးဆိုတော့ ထီစာအုပ်ပေါင်း ၂၉၄၅၄၄၈ အုပ် မမ၊ နည်းတဲ့ထီစာအုပ်တွေလား။  ထီစာအုပ်ဟြေတာ ထီစောင်ရေ မဟုတ်ဘူး၊ ထီစောင်ရေတွေ အများကြီး မမ၊ အဲဒီထဲက သိန်းသုံးရာဆိုတာ တစ်စောင်တည်းသောလက်မှတ်က ပေါက်တာဗျာ ခက်ခဲပါ”

“ဟဲ ငါ့မောင် လူကံဆိုတာ မသိနိုင်ဘူးလေ”

“လက်ခံပါတယ်   မမရယ်၊ အဲဒီ မမြင်ရတဲ့ ကံကြီးကို   မဲနေမယ့်အစား မြင်ရတဲ့
ကံကိုမဲဖို့ကောင်းတာ” 

“မြင်ရတဲ့ကံဆိုတာက…”

“ရှင်းပါတယ်   မမရယ်၊ အတိတ်ကံ၊  ပစ္စုပ္ပန်ကံ၊ အနာဂတ်ကံတွေ   မဟုတ်ဘူး၊ ခုလုပ်ခုဖြစ်တဲ့ကံကို ဟြေတာ မမ”

“မမြင်ရတဲ့ကံဘက် မဲမယ့်အစား  မြင်ရတဲ့ကံဘက် မဲလိုက်မယ်ဆိုရင် တိုက်တစ်လုံးမက ဆယ်လုံး ဆောက်နိုင်တယ်၊ ကားတစ်စီးမက ၁၀ စီးဝယ်နိုင်မယ်၊ စိန်နားကပ်တစ်ရန်မက ၁၀ ရန်ဝယ်နိုင်တယ် မမ၊ လုပ်ရင်ဖြစ်တာပေါ့၊ ရတာပေါ့”

မမ သဘောပေါက် မပေါက်တော့မသိ၊ ဆောင့်ကြီးအောင့်ကြီးဖျော်၍ ကျွန်တော့်ကို ကော်ဖီတစ်ခွက် တိုက်လေ၏။ ကျွန်တော့်မျက်စိကတော့ ကိုကြီးကျော်ရှေ့က အရက်ကောင်တာသို့  ရောက်လေ၏။ ဒါကမှ လက်ငင်းလက်တွေ့ အကျိုးခံစားရမှာလေဗျာ။

                                     မောင်ချမ်းသာ 

https://koaungnaingoo.blogspot.com
.

Saturday, February 2, 2019

ဒဿ ဂီရိ မျက်နှာ ငှါးကြည့်ပါ


👀  ဒဿ      ဂီရိ မျက်နှာ  ငှါးကြည့်ပါ  👀

တီးလုံး သီးသန့် ကို အောက်က လင့်ခ်တွေမှာ တင်ပေးထားပါတယ် ။

ဖိုင်ဆိုဒ်က 9.6 mb ရှိပါတယ် ။

https://picosong.com/wuWF8

https://my.pcloud.com/publink/show?code=XZHwWK7Zvm1h0r2lfMunprJtYKaNDXwjfnV7
             
  👀👀  ဒဿဂီရိ မျက်နှာ ငှားကြည့်ပါ  👀

တေးရေး     မောင်ဆွေနွယ်

              ( ပန်းကလေးတွေနဲ့ နှိုင်းရင် ပွင့်ဖတ်ကလေးလို နူးညံ့နေ ၀တ်ရည်ကလေးလို ချိုမွှေးမပြေ  အချစ်ရဲ့ စကားလေးတွေ မကြားရတာ ကြာပြီလေ လှိုင်းဂယက် စုဝေးပမာ ၀ိုင်းစက်နုထွေးရှာတဲ့ အချစ်ရဲ့ လက်ရေးစာကလေးတွေ ဘယ်မှာ အခြေချလို့ ဘယ်ဒေသကို ရောက်နေပြီလဲလေ ချစ်လက်စ သိမ်းကာ ခပ်စိမ်းစိမ်းလေး နေတော့မှာလား မောင့်သက်ထားရေ

             လူမလာ စာမရေးနိုင်အောင် သံသယလေး ကုန်းတိုက်လို့ မုန်းလိုက်ဖို့ စိတ်ကူးသေးလား ပြောပါဦးလေ ချစ်တတ်စ အသည်းကလေးကို ခွဲပြေးမယ် ကြံရွယ်ရင်လည်း   မေ့ သဘောပဲလေ မျက်ရည်လေးတွေ ကြွေပြနိုင်မှ နေရ ထိုင်ရ သက်သာတယ် ဆိုရင်လည်း မေ့ အလိုကျ ငိုပြမယ်လေ ရိုးသားစွာ ချစ်တာကိုပဲ ကြိုးစားကာ အပြစ်ရှာလို့လည်း မေ့မျက်လုံးလေး နှစ်လုံးက နည်းပါသေးတယ်လေ ရာမဇာတ်ထဲက ဒဿဂီရိ မျက်နှာငှားကာ မျက်လုံး နှစ်ဆယ် အပိုင်ရှိတုန်း တစ်သက်လုံးကွယ် ထိုင်ကြည့်ဦး အပြစ်ကလေး တစ်စက်တွေ့ရင် မေ့ပစ်ပါဦး မုန်းပါဦးလေ )

https://koaungnaingoo.blogspot.com

.

Saturday, January 26, 2019

ခုန်ပျံကျော်လွှား ဖြတ်တောက် ပစ်လိုက်စမ်းပါ


 🎈 ခုန်ပျံကျော်လွှား ဖြတ်တောက်ပစ်လိုက်စမ်းပါ

“အိုကေကြီး လာတယ်ဟေ့၊ ပါးပါးလေးတစ်ပွဲ”

ကျော်ဝေ  ကော်ရည်ဆိုင်ထဲသို့  ဝင်သွားသည်နှင့် တစ်ပြိုင်နက်   ယောကျာ်းက မှာလေ၏။ မိန်းမက မုန့်ပွဲပြင်လေ၏။

 “ဘာလဲကွ ပါးပါးလေးဆိုတာ”

“လာတော့ကြည့်ဗျာ၊ ခင်ဗျားလည်းမှာလေ”

မကြာမီ  ပါးပါးလေးတစ်ပွဲ ရောက်လာ၏။ ခေါက်ဆွဲဖတ်နည်းနည်း၊ ကြက်ဥ အကာကျက်ကလေးတစ်လုံး၊ ကော်ရည်အနေသင့်၊ မွှေးချိုစိမ့်ကလေး။

“ပါးပါးလေးဆိုတာ ဒါကိုး”

“ဟုတ်ပါ ဦးတိန်တောင်”

“ဟိုနေ့က  လက်ဖက်ရည်ဆိုင်မှာလည်း  “ကြက်ပလာတာ ပူပါးကြွပ်နပ်ကလေး” လို့မှာတာ ကြားမိသလိုပဲ”

“ဟုတ်တယ်ခင်ဗျာ့၊ ပါးပါးလေးခေတ်လေဗျာ”

“ကောင်မလေးတွေကို ဟြေတာလား”

“လိုရာဆွဲမတွေးပါးနဲ့ဗျာ၊ အတုံးလိုက်အတစ်လိုက် ထူလပျစ်ကြီးတွေ ခေတ်မရှိတော့ဘူးလို့ ဆိုလိုတာ”

“အတုံးလိုက်အတစ်လိုက်ဆိုတာ…”

“ဒီလိုလေဗျာ ဦးတိန်တောင်…”

ကျွန်တော်နှင့်  ဦးတိန်တောင် စကားတစ်ဟြေဟြေနဲ့  မုန့် တစ်ပန်းကန်စီ ချောလေ၏။

 ၂၀၀၂  ခုနှစ် အောက်တိုဘာ  ၂၈ ရက်နေ့ကဗျာ၊ ကျွန်တော်တို့သားအဖ နှစ်ယောက်   ပြည်မြို့က ပရိဘောဂဆိုင်တွေ၊   လက်သမားရုံတွေ၊ မင်္ဂလာပစ္စည်းဆိုင်တွေ နှံ့ရော၊  တစ်နေကုန်ရောဗျာ။ မင်္ဂလာခန်းဝင်ပစ္စည်း  ခုတင်၊ ဗီရို၊ မှန်တင်ခုံ လိုက်ရှာကြတာ၊

တွေ့ပါ၏။ မျက်စိမှာ မတိုး။

“တို့သားအဖ ရန်ကုန်ဆင်းရှာကြစို့ကွာ”

အောက်တိုဘာ ၃၀ ရက်နေ နံနက် ၉ နာရီ ယုဇနပလာဇာရောက်၊  တစ်ထပ်လုံး မင်္ဂလာခန်းဝင်ပစ္စည်းတွေချည်း ခင်းကျင်းပြသထားတာဗျာ။

“ရှာကြဟေ့၊      ဈေးမမေးနဲ့ဦး၊     ဈေးမဆစ် နဲ့ဦး၊ ငွေမချေနဲ့ဦး၊  မဝယ်နဲ့ဦး၊ ကြည့်ရုံပဲကြည့်”

ဈေးဝယ်တာ  မလောရဘူး၊ နှံနေအောင်  တစ်ပတ်လျှောက်ကြည့်ရတယ်၊

လောကြီးဝယ်ပြီးကာမှ  သူ့ထက်လှတာ၊ ကောင်းတာ၊  သူ့ထက်ဈေးချိုတာ တွေ့ရတက်တယ်။ သည်အခါမှာ ဝယ်ပြီးသားပစ္စည်းကြီး   မကြိုက်ဘဲနဲ့ ယူလာရတာမျိုး ဖြစ်တတ်တယ်ဗျာ့။

အခန်းကျယ်ကြီးထဲမှာ   တကယ့်နုနုရွရွကလေးတွေ  အလှကလေးတွေ၊ အတုံးလိုက် အတစ်လိုက် ဆော်ထားတာတွေ၊  ဒုကြီး ဗြက်ကြီး ထူလပျစ်ကြီးတွေ၊ ခုတင်၊ ဗီရို၊ မှန်တင်ခုံ၊  မွေ့ယာ၊ ခေါင်းအုံး၊ စားပွဲ ကုလားထိုင်၊ ဆက်တီစုံမှစုံဗျာ။

အဲသည်အထဲက ခေတ်မှီလှပ နိုင်ငံခြားဖြစ် ပါးပါးကလေးကို  ဆွဲလိုက်တယ်။ ခုတင်၊ ဗီရို၊ မှန်တင်ခုံ။ နိုင်ငံခြားဖြစ်ကို အရမ်းအထင်ကြီးလွန်းလို့၊ နိုင်ငံခြားဖြစ်ဆို  ပြီး ရောဟ သဘောမျိုးနဲ့  ဆွဲတာမဟုတ်ဘူး။ သူ့ဈေးနဲ့သူ အဆင့်သင့်တယ်ဆိုပြီး ဝယ်တာ (ပြည်တွင်းဖြစ်တွေထက်တောင် ဈေးကချိုပါသေး။)
 ဖြုတ်လို့ရတယ်၊  ပတ်ကင် လုပ်လို့ရတယ်၊ အဝေးကို သယ်လို့လွယ်တယ်။ ပတ်ကင်လုပ်၊ တင်ပို့။ ပြည်ရောက်တော့ ကတ်တလောက်ကြည့်ဆင်၊ သူတို့သားသမီးများ လုပ်ထားလိုက်တာ၊ လုပ်တက်လိုက် ကြတာ၊  ပေါ့ပေါ့ကလေးကို အခိုင်အခံဖြစ်အောင် လုပ်တတ်ပါ့ဗျာ၊ ပညာ။

သစ်သားဗီရို၊ သစ်သားမှန်တင်ခုံဆိုလို့ ကျွန်းသားတွေ ပျဉ်းကတိုးသားတွေလို့ မထင်လိုက်ပါနဲ့ဦး၊ ကြိတ်သားပါတဲ့ဗျာ။ ဘာသားမှန်းမသိ၊ ဈေးပေါသစ်သားကို ခေတ်မှီနည်း  ခေတ်မှီစက်ကရိယာများနဲ့  လုပ်ထားတဲ့လက်ရာ။

 နောက်ကျောတစ်ချပ်၊ ဘေးတစ်ချပ်စီ၊   အမိုးတစ်ချပ်၊ ဖင်ပိတ်တစ်ချက်၊ တံခါးတစ်ရွက်တစ်ချပ်စီ၊   သည်မှာလို ပျဉ်တွေကို လျှာထိုး၊ နဘေထပ်၊ ကော်နဲ့ကပ်ဆက်စပ်ထားတာမျိုးမဟုတ်ပါ။

ဗီရိုတစ်လုံး။ ကျွန်တော်တို့ တောရွာမှာတော့ သည်လိုဗီရိုဆို သုံးတစ်လက်မတွေ၊ ခြောက် တစ်လက်မတွေ၊ ပေပျဉ် (ဒုတစ်လက်မ ဗြတ်တစ်ပေ) ကြီးတွေနဲ့ လှော်ခတ်ကြတာ။ ပတ္တာတပ် အသေစပ်ထားကြတာဆိုတော့ အလုံးကြီးအတိုင်း မရွှေ့ရတာ။

လေးထပ်တိုက်ပေါ်ရောက်အောင်  လူရှစ်ယောက်လောက် ဝိုင်းမရမယ်။ ၁၀ ထပ်တိုက်ပေါ်
တင်ရမယ်ဆို လျှာထွက်သေလောက်တယ်။ ဘာထူသလဲမမေးနဲ့။ ဘာလေးသလဲ မမေးနဲ့။

ခုတင်ဆိုလည်း      သည်အတိုင်းပဲ။ ဒုကြီး ဗြတ်ကြီး ကျွန်းပျဉ်ကြီးတွေနဲ့ ဆော်ထားတာ။ လက်သမားရုံထဲသွားကြည့်၊  လူကိုယ်တိုင် ရွေဘော်ထိုး၊ ခုတ်ဟ၊ ထစ်ဟ၊ဖောက်ဟ၊ ထွင်းဟ၊ ချွေးတစ်ပြိုက်ပြိုက်ကျ၊ ပင်ပန်းလှ။ ထွက်လာတဲ့လက်ရာကတော့ သည်နေ့ထွက်တဲ့ပစ္စည်း နက်ဖြန်ပြတိုက်သာ ပို့လိုက်ပါတော့။ ကျွန်တော်တို့
တောသားများမှာတော့  ဒါကြီးတွေကိုပဲ အဟုတ်ကြီးမှတ်ပြီး  ဂုဏ်ယူဝံ့ကြွားစွာ သုံးနေကြရတာကလားဗျာ။ တကယ်ဆိုဗျာ၊ သူများလုပ်တာကြည့်၊ သူများပါးပါးလွှာလွှာ၊ ကိုယ်လည်းလွှာ၊ သူများပါးပါးလှီး၊ ကိုယ်လည်းလှီး၊  သူများနည်းပညာသုံး၊ ကိုယ်လည်းသုံး၊ သူများက ကြိတ်သားဆို၊ ကိုယ်လည်း ကြိတ်သားပေါ့ဗျာ။ ကျွန်းပျဉ်းကတိုး သစ်သားမပါရင် ပရိဘောဂ မဖြစ်တော့ဘူးလားဗျာ။ ပုံတုံးကြီးတွေနဲ့ပဲ ပြီးကြတော့မှာလား။ နောက်မှာ အဝေးကြီး    ပြတ်ကျန်နေရစ်ခဲ့ကြတော့မှာလားဗျာ။

သည်အတိုင်းကတော့ ပျဉ်သာကုန် မောင်ပုံလက်သမားကျော် မဖြစ်နိုင်ပါ။ အတင်းနင်းကန် ဖြတ်ကျော်တက်ပစ်ကြစမ်းပါ။

အမီလိုက်ကြလော့၊ ခုန်ပျံကျော်လွှားကြလော့၊ သူများရှေ့က ဖြတ်တက်ကြကုန်လော့။

မြန်နိုင်သမျှ မြန်မြန်။

                                      မောင်ချမ်းသာ

https://koaungnaingoo.blogspot.com

Monday, January 14, 2019

ဘယ်သူတွေ ရူးသလဲ


ခင်ဗျား   လား?
        ကျနော်    လား?
                       သူ   လား?

 💃      ဘယ်သူတွေ ရူးသလဲ

တေးရေး     ဂီတစာဆိုစိန်မောင်မြင့်

 ◼       တစ်ပင်မှ တစ်ပင်ကူး မြူးတူးပျော်ပါးတတ်တဲ့ ငှက်ကလေးပေလား

  ◼      ကိုင်းဖျားကို ကန် ပျံသွားတဲ့ ငှက်ကျေးတမာရဲ့ အဖြစ်သနစ်အညီ အချစ်စစ်မတည် ထိန်ညီမြလျှမ်း စိန်စီဘ၀လမ်းဆီ သစ္စာဝတိံဖျား မေတ္တာအိမ်တံခါး ဖွင့်သွားသူက စိမ်းရက်လေပြီ သစ်စိမ်းချိုး ချိုးခဲ့ပေမယ့် အညှိုးခက်တော့သည် မိုးလျှပ်နွယ် အိပ်မက်ပမာညီ လန့်နိုးကွယ်ပျောက် တစ်ယောက်အချစ်မတည် စိတ္တဇအသည်း အိပ်မရဘဲ အတိတ်ဘ၀ထဲ ၀ဲချာချာလည်

 ◼       ( လှိုက်လှိုက်ကယ် ဖိုအသည်းနဲ့ ရှိုက်ရှိုက်သာ ငိုလိုက်ချင်ရဲ့ ယောက်ျားအသည်းမို့ ဆင်ခြင်ရာသည် အချစ်ဦး သခင်ရဲ့ မပြစ်ဘူးအထင်နဲ့ ကြင်ခဲ့ မင်ခဲ့ ချစ်ခဲ့ပါသည် ယုံခဲ့ ပုံခဲ့ အပြုံးနဲ့ ကမ္ဘာတည် အမုန်းဆိုတာ ဝေလာဝေး တို့နှစ်ကိုယ် ကြင်သည့်အရေး ကြားလေသွေးမှာ စိုးမိသည် ချစ်ပင်ချစ်မိုး ချစ်စပျိုးခဲ့သည်  ခုတော့ တစ်ပြည်ဆီ သွေဖီရှောင်ပုန်း အမုန်းပင်လေးများ စိုက်သွားလေတဲ့ သူ့ကိုမှ ရှာမိပြန်သည် မြင်မြင်သမျှ တွေ့သမျှ လူကို မေးမြန်းမိပြီ ကျနော့်ကိုလေ အရူးလို့ ပြောကြ ကျနော့်ကိုလေ အရူးလို့ဆိုကြ ဟားတိုက်လို့ ရယ်လိုက်ချင်သည် မခံစားဘူးတော့ ကိုယ်ချင်းမစာပြီ ပုစ္ဆာတစ်ပုဒ် လို အဖြေထုတ်ချင်သည် ပြေးသူနဲ့ ကျန်ရစ်သူ မြင်သူနဲ့ ပြောကြသူ ဘယ်သူတွေရူးသလဲ ခွဲခြားသိပါရစေ )

      တီးလုံးသီးသန့် ကိုတော့ ကိုင်ဇာ ဆိုတဲ့ သီချင်းရဲ့ တီးလုံး နဲ့  စိုးစန္ဒာထွန်း ဆိုတဲ့ သီချင်းရဲ့ တီးလုံး ၂ ပုဒ် ကို အောက်က လင့်ခ်တွေမှာ တင်ပေးထားပါတယ်

ကိုင်ဇာ ဆိုတဲ့ သီချင်းရဲ့ တီးလုံး

https://my.pcloud.com/publink/show?code=XZCEix7ZEwisUcvGwVpdqeo5EW3fNjjqu0M7

ဖိုင်ဆိုဒ်က 8.0 mb ရှိပါတယ် ။

စိုးစန္ဒာထွန်း ဆိုတဲ့ သီချင်းရဲ့ တီးလုံး

https://my.pcloud.com/publink/show?code=XZlOix7ZDkgyE3uEpKYFDR8UcffEghVrIzJV

ဖိုင်ဆိုဒ်က 5.3 mb ရှိပါတယ် ။

အောက်က လင့်ခ်တွေမှာ တော့ အဆိုတော်တွေ ဆိုထားတဲ့ သီချင်းတွေပါ။
၈ ယောက် ဆိုထားတဲ့ ဘယ်သူတွေ ရူးသလဲ သီချင်း ကို တင်ပေးလိုက်ပါတယ်။

အိအိချွန် ရဲ့ သီချင်း ဖြစ်ပါတယ် ။11.48 mb ရှိပါတယ် ။

https://yadi.sk/d/VKFXi5iHliOHjA

စိန်မောင်မြင့် ရဲ့ သီချင်း ဖြစ်ပါတယ် ။5.39 mb ရှိပါတယ် ။

https://yadi.sk/d/8SvunIEhsEyDdQ

နီနီဝင်းရွှေ ရဲ့ သီချင်း ဖြစ်ပါတယ် ။8.51 mb ရှိပါတယ် ။

https://yadi.sk/d/Xmv_GH8-Xd_H-A

မာမာအေး ရဲ့ သီချင်း ဖြစ်ပါတယ် ။18.47 mb ရှိပါတယ် ။

https://yadi.sk/d/Naco-CZDKrBd6w

လွှမ်းမိုး ရဲ့ သီချင်း ဖြစ်ပါတယ် ။8.19 mb ရှိပါတယ် ။

https://yadi.sk/d/P3TUlujg5bPf7A

ရာဇာဝင်းတင့် ရဲ့ သီချင်း ဖြစ်ပါတယ် ။ 4.98 mb ရှိပါတယ် ။

https://yadi.sk/d/ZoXm9FLnjtocBw

ကိုင်ဇာ ရဲ့ သီချင်း ဖြစ်ပါတယ် ။ 7.75 mb ရှိပါတယ် ။

https://yadi.sk/d/ygCaeGcGTBlXNA

အောင်သူ ရဲ့ သီချင်း ဖြစ်ပါတယ် ။ 4.24 mb ရှိပါတယ် ။

https://yadi.sk/d/e--gBPU9t9dy5w


Tuesday, January 1, 2019

အစိမ်းရဲ့သဘော




🌱 🌱🌱       အစိမ်းရဲ့ သဘော 
      အိမ်ပြန်မိန်းမနဲ့ တိုင်ပင်လိုက်ပါဦးမည်

“ကျွန်တော်တို့     အရောင်းအဝယ် လောကမှာ  မိတ်ကောင်းဆွေကောင်းဟာ အရေကြီးဆုံးပဲဗျာ”

သြဂုတ်လ  ၃ ရက်နေ့က  အောင်လံမြို့ မြောက်ပိုင်း  ရှေ့ဆောင်ပွဲရုံသို့ ရောက်သောအခါ ပွဲစားကြီးဦးစိုးညွန့်ရွှေက အထက်ပါအတိုင်း နိဒါန်းချီလေ၏။

“အင်း…   ခင်ဗျားတို့က  ပွဲစားလက်ဟောင်းကြီးတွေဆိုတော့  လူ့သဘောကို နောကျေနေပြီပေါ့လေ”

“ဒီလိုဗျာ  ကိုချမ်းသာရ၊  ကျွန်တော်တို့အောင်လံမှာ  အဝယ်တော် ၁၀ ဦးရှိတဲ့အထဲမှာ လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ”

ကျွန်တော်သည် “အင်း” လိုက်ရင်း သူ့ဆီမှ ပွဲစားပညာကို သင်ယူနေလေ၏။

“အဲဒီ ၁၀ ဦးထဲမှာ နှစ်ဦးသုံးဦးဟာ သဘောထား တော်တော်ပြည့်ဝကြတယ်ဗျာ့။ သူ့ဘက်ကိုယ့်ဘက်မျှတယ်”

သူက နာမည်တွေထုတ်ဟြေ၏။

“ဟာ… တစ်ယောက်ကတော့ဗျာ၊ သူ့ဂွင်ထဲဝင်ပြီဆို  လည်ပင်းလျှာထွက်အောင် ညှစ်တော့တာပဲဗျို့၊ သူ့ကိုတော့ ကျွန်တော်က “မရှိပေါင်း” ပဲဗျာ”

သူ့ပွဲရုံသို့   ပဲတီစိမ်းအိတ် (တစ်အိတ်ပိသာ၃၀)  ၁၀၀ မှ ၅၀၀ အထိ နေ့စဉ် ဝင်လေရာ အဝယ်တော်များနှင့် အမြဲ နပန်းလုံးနေရသော ပွဲရုံဖြစ်ပါ၏။

“ပဲတီစိမ်းလှောင်ရင် ဘယ်နှယ့်နေမလဲဗျာ” 
ကျွန်တော်က ကိုလိုချင်တာ ဆွဲဟြေလိုက်၏။

“ခင်ဗျားဘာသာ ဆုံးဖြတ်ဗျာ၊ ပဲတီစိမ်းရဲ့သဘောကို ဟြေပြမယ်”

အောင်လံတွင် ယခုနှစ် ပဲတီစိမ်း အထွက်ကောင်းတယ်ခင်ဗျာ့၊ ကျွန်တော် ခန့်မှန်းတာက  မေလ ၅ ရက်နေမှာ ထွန်လို့ယက်လို့ဖြစ်လောက်အောင် မိုးရွာလိုက်တော့ စိုက်ရက် အပင်လုပ်ရက်ကိုတွက်ပြီး  ဇူလိုင် ၁၀ နေ့ပေါ်မယ် မှန်းခဲ့တယ်။ မှန်းတာထက် သုံးရက်စောပြီး ခုနှစ်ရက်နေ့မှာ ပဲတီစိမ်းစဝင်တာပဲ။ စပေါ်ပေါ်ချင်း အချိန် ၂၀ တစ်တင်းက ၆၂၀၀  နဲ့ဈေးဖွင့်ခဲ့ကြတယ်ဗျာ။ ၆၃၀၀-၆၄၀၀ ဇူလိုင် ၂၈ တနင်္ဂနွေနေ့မှာ ၆၅၀၀
ဖြစ်တာပါပဲ။   အဲသည်နောက် ဆက်တက်၊   သြဂုတ်လ ၃ ရက်နေ စနေနေ့ကျတော့ နည်းနည်း ပြန်အေးချင်သလိုလို  (စနေ၊ တနင်္ဂနွေ ဘဏ်ပိတ်ရက်၊   ငွေလွဲမလာ ၊သီးနှံဈေးများအီတက်၏။ ထုံးစံ။)

“အတက်ကြမ်းတယ်လို့   ဆိုရမယ်ဗျာ့၊ ဒီဈေးမနေသေးဘူး  ကိုချမ်းသာ တက်ဖို့ အလားအလာ ရှိသေးတယ်ဗျာ” 

“အဟုတ်လား ပွဲစား” 

"စောင့်ကြည့်လေ”

“ဒါဆို ဝယ်ထားရင် ဘယ်နှယ့်နေမလဲ”

“ခက်တယ်ကိုချမ်းသာ၊  မိုးပဲတီစိမ်းက “အထပ်” မခံချင်ဘူးဗျာ”  (အိတ်နဲ့ထည့်ပြီး ထပ်ထားသည်ကို အထပ်ဟုခေါ်သည်)

“ပဲတီစိမ်းဟာ  အသီးရဲ့ အခွံစိမ်းရာကနေ ရင့်မှည့်လာပြီ၊ အဆန်ရင့်ပြီ၊ ကျောက်စိမ်းလို ပြောင်လက်နေပြီ၊ အခွံက  မည်းသွားပြီ၊ ခြောက်သွားပြီဗျာ၊ ဆွတ်လို့ရပြီပေါ့နော်။ (ပဲတီစိမ်းဆွတ်သည်ကို ပဲခြောက်ကောက်သည်ဟု ခေါ်သည်။)

“အဲ… ရင့်လို့ ခြောက်လို့ ကောက်တဲ့အခါ မိုးထဲရေထဲ လုပ်ရတာဆိုတော့ အခွံမှာ အစိုဓာတ်က ရှိနေတယ်၊ အခွံမှာရှိနေတဲ့ အစိုဓာတ်က အဆန်ကို သွားဟပ်တယ်ဗျာ၊ အဲဒီတော့ အဆန်ဟာ ကောင်းကောင်းမသွေ့ခြောက်ဘဲ ဖြစ်နေတယ်”

“ပဲခြောက်ကောက်ပြီး နေလှန်းမနေတော့ဘဲ ခြွေလှေ့စက်ပေါ်တင် ခွဲလိုက်တယ်ဗျာ၊ စက်ကထွက်လာတာကို အိတ်နဲ့ထည့်ပြီး ပွဲရုံလာချတယ်ဗျာ၊ ဝိတ်(အချိန်) နဲ့ ရောင်းစားရတာဆိုတော့ အချိန်လျော့မှာ စိုးတာကိုးဗျာ”

“ဟုတ်တာပေါ့  ပွဲစား၊ သူသူကိုယ်ကိုယ် လူ့သဘာဝ ရသလောက် ယူချင်ကြတာပေါ့ဗျာ၊ ဘယ်အလျော့ခံချင်ပါ့မလဲ”

“အဲဒီလို ဝိတ်လျှော့မှာစိုးလို့ ဖုတ်ပူမီးတိုက် ပွဲရုံလာချတော့ ထပ်ထားမယ်ဆို အရည်အသွေးက ကျသွားနိုင်တယ်ဗျာ့။ အရောင်ဖျော့လာမယ်၊ မိုးမိရေစိုလာမယ်ဆို ပိုဆိုးတာပေါ့၊  အရောင်ပျက်ရုံတင်မဟုတ်ဘူး၊  တစ်စေ့နဲ့တစေ့ ကပ်ပြီး အခဲလေးတွေ ဖြစ်သွားနိုင်တယ်ဗျာ့၊ ဒါကြောင့် အထပ်မခံဘူးလို့ဟြေတာ”

“ထပ်ထားလို့  အရောင်ပျက်သွားမယ်၊ ခဲသွားမယ်၊ ထွေးသွားမယ်ဆို အဝယ်ဘက်က ငြင်းမယ်ဗျာ”

“ဟုတ်တာပေါ့”

ဈေးမြောက်လာမယ်ဆိုတာ အကဲဖမ်းလို့ရတယ် ကိုချမ်းသာရဲ့၊ ဒါပေမယ့် ကျွန်တော်လည်း ထိန်းမထားရဲဘူးဗျာ၊ ရောက်လွှတ်ပဲ”

“အင်း… ပဲတီစိမ်းရဲ့သဘောက အခတ်သားပါလား”

“ဒီလိုတော့ရှိတယ် ကိုချမ်းသာရဲ့၊ ဝယ်၊ ခြောက်နေအောင်လှန်း၊ အစေ့ကို သွားနဲ့ကိုက်ကြည့်လို့ “ဂျွတ်” ခနဲနေပြီဆိုတော့မှ အိတ်ထဲထည့် ထပ်ထားလိုက်ရင်တော့ စိတ်ချရမယ်ဗျာ့၊ မပျက်နိုင်တော့ဘူး”

“အဲဒီလို “ရှယ်” ပြန်ကိုင်လိုက်မယ်ဆို ဝိတ်ကလျော့သွားမှာပေါ့” 

“ဟာ… သေချာတာပေါ့ကိုချမ်းသာရယ်”

“ဈေးကျသွားရင် ပိုဆိုးမယ်နော်”

“အမယ်လေး ကိုချမ်းသာ၊ ဝိတ်ကလျော့၊ ဈေးကကျဆိုရင်တော့ အမြီးနုတ် ခေါင်းနုတ်နဲ့  ဘာကျန်တော့မလဲဗျာ၊  ပဲတီစိမ်းရဲ့သဘောက  ငါးရဥ့်ဖမ်းဆုပ်ရသလိုပဲဗျာ့၊ အကိုင်ရခတ်တယ်၊  အဲဒါပဲ  ကိုချမ်းသာ ၊ အကျိုးအကြောင်း အဆိုးအကောင်းကို ဟြေပြလိုက်ပြီ၊ လှောင်ဖို့မလှောင်ဖို့ကတော့  ခင်ဗျား သဘောပေါ့ဗျာ၊ လှောင်မယ်ဆို အိတ် ၁၀၀ လား၊ အိတ် ၂၀၀ လား၊ အခုကျွန်တော် သိမ်းခိုင်းလိုက်မယ်”

“ဟာ… ဟာ… နေပါဦးပွဲစားရဲ့၊ အိမ်ပြန်မိန်းမနဲ့ တိုင်ပင်ပါရစေဦးဗျာ”

“အဲ… အဲဒါကောင်းတယ်”

                                    မောင်ချမ်းသာ