Showing posts with label ကျန်းမာရေး. Show all posts
Showing posts with label ကျန်းမာရေး. Show all posts

Friday, August 23, 2019

မိုးစို ခြေအေး ဝမးရောင် ငွေးတိုး သတိပြု

☔  မိုးစို ခြေအေး ၀မ်းရောင် သွေးတိုး သတိပြု

       မိုးဥတုတွင် နေအိမ်ပြင်ပထွက်ပြီး နေ့စဉ်သွားလာ အလုပ်လုပ်ကြရသူများသည် ခြေထောက်ရေစိုရာမှ နောက်ဆက်တွဲအဖြစ် ခြေအေးဝမ်းရောင်ခေါ် အစာမကြေ ၊ ၀မ်းဗိုက်လေပွရောဂါနှင့်   အသက် ၄၀ ကျော်သူများမှာ သွေးတိုးရောဂါ ၀င်လာတတ်သည်ကို သတိပြုကြရန် တင်ပြလိုပါသည်။
      သွေးတိုးရောဂါသည် အစာမှားမှ အငန်စားမှမဟုတ် ပြင်ပအအေးပတ်ဖွဲ့ခြင်း ၊ မိုးမိခြင်းကြောင့်လည်း ဖြစ်နိုင်သည် ။ သွေးစီးဆင်းမှုကြောင့် ပုံမှန်ပူနွေးနေသော သွေးကြောသည် အအေးဓာတ်ကြောင့် ကျုံ့သွားပြီးဖိအားတစ်ခုဖြစ်လာကာ သွေးမသွားနိုင်ဖြစ်ရသည် ။ ထိုအခါ သွေးပုံမှန်သွားစေရန် နှလုံးမှပို၍ ညှစ်အားပေးသည် ။ ထိုအားကို သွေးပေါင်ချိန် ကိရိယာနှင့် တိုင်းသောအခါ  BP 140 / 90 mmHg ( အပေါ် သွေးဖိအား ၁၄၀ နှင့် အောက်သွေး ၉၀ မီလီမီတာ/ပြဒါး) အထိခံနိုင်ရည်ရှိသောအနေအထားဖြစ်သည်။ အပေါ်ရော အောက်ပါ ထို့ထက်ဖိအားပိုလာလျှင် သွေးတိုးရောဂါဟုသတ်မှတ်သည်။
       မိုးဥတုတွင် နေအိမ်မှ ထွက်သွားချိန်နှင့် ပြန်လာချိန်များကို သွေးပေါင်ချိန် (သွေးဖိအား) မှတ်တမ်းထားရှိ လေ့လာကြည့်သည့်အခါ အိမ်မှမထွက်ခွာမီ ပုံမှန်ဖြစ်သော်လည်း ပြန်ရောက်လာချိန်တွင် မိုးရေစိုခဲ့ခြင်း သို့မဟုတ် ခြေထောက် ရေစိုခဲ့ခြင်းဖြစ်ခဲ့လျှင် သွေးပေါင်ချိန်တက်နေသည်ကို တွေ့ရှိရသည် ။အချိန်ကြာကြာ မိုးမိသည်နှင့်အမျှ ပို၍တက်သည်ကိုလည်း လေ့လာတွေ့ရှိရသည် ။
       နံနက်စောစော အစာကိုစားပြီး နေအိမ်မှ ထွက်သွားသူများအတွက် မိုးမိပြီးနောက် အစာမကြေ ဖြစ်လာတတ်သည် ။ ခန္ဓာကိုယ်အအေးပပ်ခြင်း ၊ ခြေနှစ်ဖက် ရေစိုခြင်းကြောင့် ၀မ်းမီးနုံ့ပြီး အစာမကြေဖြစ်သည်ဟု ယူဆရသည် ။ အစာခြေခြင်းကို ၀မ်းမီးခေါ် ပါစက တေဇောဓာတ်က ဆောင်ရွက်သည် ။  ထိုဝမ်းမီးသည် အအေးဓာတ်ကြောင့် အားပျော့သွားခြင်းကို ၀မ်းမီးနုံ့သွားသည်ဟု ရိုးရာဆေးပညာက ဆိုသည် ။ ၀မ်းမီး အားကောင်းလာအောင် ချင်းနှင့် ရေနွေးပူပူကို သောက်ပေးခြင်းဖြင့် အစာကြေစေ နိုင်သည် ။
       ငရုတ်ကောင်း ၊ ပိတ်ချင်းနှင့် ချင်းကို တြိကဋတ်သုံးပါးဟု အာယုဗေဒ ဆေးကျမ်းများကဆိုသည် ။ အစာကြေစေသော ( အစပ်သုံးပါး ) ဆေးသုံးပါးဟု ဆိုသည် ။ မိုးဥတုတွင် အပြင်မထွက်မီ အစားအသောက် စားသုံးလျှင် ဟင်းနှင့် ဟင်းချိုတွင် ငရုတ်ကောင်း ခပ်ခြင်း ၊ ချင်းထည့် ချက်ခြင်းဖြင့် အစာကြေအောင် အထောက်အကူ ပြုနိုင်သည် ။ အထူးသဖြင့် အသားဟင်းချက်လျှင် ချင်းကို နိုင်နိုင်ထည့်ချက်လျှင် မိုးဥတုနှင့်သင့်သည် ။
       ရှေးလူကြီးများ ခြေအေးလျှင် ၀မ်းရောင်သည်ဟု ဆိုကြသည် ။ မိုးရေစိုချိန် ကြာသဖြင့် ခြေထောက် အေးလာသောအခါ အအေးဓာတ်သည် တဖြည်းဖြည်း အပေါ်သို့တက်လာပြီး ချက်တိုင်နှင့် ၀မ်းဗိုက်အထိ ရောက်လာသည် ။ အစာမကြေဖြစ်လာသည် ။ အစာမကြေလျှင် လေပွလာပြီး ၀မ်းဗိုက်သည် တင်းပြီး ဖောင်းလာသည်ကို ၀မ်းရောင်သည်ဟု ခေါ်ခြင်းဖြစ်သည် ။ အစာမကြေခြင်း၏ နောက်ဆက်တွဲ ရောဂါများမှာ ခေါင်းကိုက် ၊ ခေါင်းအုံခြင်းနှင့် သွေးတိုးရောဂါဖြစ်သည် ။
       မိုးရွာထဲမှ ပြန်လာပြီးနောက် ကိုယ်တစ်ခြမ်း လေဖြတ်သွားသူကို တွေ့ဖူးသည် ။ အသက်၅၀ ခန့် အရွယ်ကောင်းဖြစ်သည် ။ ယခင်က သွေးတိုးဖူးသည် ။ သို့သော် အမြဲမတိုးသဖြင့် သွေးကျဆေးကို ပုံမှန် မသောက်ဟု ဆိုသည် ။နေအိမ်တွင် လဲကျသဖြင့် ဆေးရုံပို့သောအခါ သွေးပေါင်အလွန်တက်ပြီး ဦးနှောက်အတွင်း သွေးခဲရောက်သဖြင့် ပိတ်ဆို့ပြီး လေဖြတ်ရခြင်းဖြစ်သည်ဟုဆိုသည်။ ခြေအေးခြင်းမှ စခဲ့သည့် သွေးတိုးရောဂါဖြစ်သည် ။ သတိပြုကြစေရန် တင်ပြရခြင်းဖြစ်သည်။
       သွေးတိုးရောဂါသည် သွေးအပျစ် ၊ အကျဲနှင့်လည်း ဆိုင်သည် ။ ပူလျှင် သွေးကျဲသည် ။ အေးလျှင် သွေးပျစ်သည်ဟုဆိုသည် ။ သွေးတိုးနှင့် နှလုံးရောဂါ ရေရှည် ဖြစ်နေသူများကို အထူးကု ဆရာဝန်ကြီးများက သွေးတိုးကျဆေးသာမက သွေးကျဲဆေးကိုပါ တွဲ၍ပေးသည်ကို တွေ့ရှိရသည် ။
      မိုးဥတုသည်  စွတ်စိုထိုင်းမှိုင်းသော ဥတုဖြစ်သဖြင့် သွေးထိုင်းသော ဥတုဖြစ်သည် ။ သက်ဥတုဖြစ်သည်ဟု မြန်မာဆေးဆရာကြီးများက ယူဆသည် ။ ၀မ်းပျက်လွယ်သော ဥတုဖြစ်သည် ။ ချဉ်ပေါင်ဟင်း ၊ ပဲဟင်းနှင့် အမှည့်လွန်သောအသီးများကို သတိထားစားသုံးသင့်သည် ။ အမှည့်လွန် သရက်သီးကို စားသုံးပြီး ၀မ်းမထိန်းနိုင်ဖြစ်ကာ ဆေးရုံရောက်ရသည့် လူကြီးများကို မိုးဥတုတွင်တွေ့ရသည် ။
အသီးအနှံပင် ဖြစ်သော်လည်း အမှည့်လွန်လျှင် ၀မ်းဗိုက်ကို ဥပဒ်ပေးတတ်သည် ။
       မိုးရွာထဲတွင် ကြွေကျသည့်သရက်သီးမှည့်များကို ကောက်၍ စားသုံးသည့် ကလေးငယ်များ ခြေအေးဝမ်းရောင်ရောဂါနှင့် ၀မ်းလျှောဝမ်းပျက်ရောဂါဖြစ်ကြသည်ကို တွေ့ရသည် ။ဆေးဆိုးသည့် အစာမှ အန္တရာယ်ရှိသည်မဟုတ်။ မိုးမိကြွေ ၊ လေကြွေ အသီးအနှံများသည်လည်း အစာအိမ်ကို ဒုက္ခပေး တတ်သည်ကို သတိပြုကြစေလိုသည် ။
       ရှေးကလူကြီးများသည် ရေမျောလာသည့်  အသီးအနှံကို  မစားရဟုဆိုသည် ။အချိန်ကြာမြင့်စွာ ရေစိမ်ပြီး ပွလာသည့် အသီးအနှံသည် အစာအိမ်နှင့် မသင့်ပါ ။ အာပေါဓာတ်လွန်ပြီး ပွဖောင်းသည့် အစာသည် ၀မ်းနှင့် ရင်ကို ဥပဒ်ပေးတတ်သည် ။ အချိန်လွန်၍ ရေစိမ်သော ပဲကြီး ၊ ပဲပင်ပေါက် နှင့် ပဲပြားများသည်လည်း ၀မ်းဖော ၀မ်းရောင်ဖြစ်စေနိုင်သည်ဟုဆိုသည် ။
       ယောအတွင်းဝန်မင်းကြီး ဦးဖိုးလှိုင် ရေးသားပြုစုသော ကာယနုပဿနာကျမ်း ( မင်းတုန်းမင်းတရားကြီး လက်ထက်က ပြုစုသည် )  တွင် “ ရုပ်ကိုဖြစ်စေသောဥတု ” အကြောင်းဖော်ပြထားသည်မှာ ...
       အအေးအပူ ဖြစ်သော တေဇောဓာတ်သည် ဥတုမည်၏ ။ ထို တေဇောဓာတ်သည် လေးပါးသော အကြောင်းတို့ကြောင့် ဖြစ်ကုန်၏ ။ လောက ဝေါဟာရအားဖြင့် အအေး ၊ အပူ နှစ်မျိုးရှိသည် ။ ဥတု ဟူသည်ကား တေဇောဓာတ်၏ ရုပ်သဘောဖြစ်၍ ဥပါဒ် ခဏ ၊ ဘင် ခဏသည် စိတ်နှင့်အတူတကွ ဖြစ်သောကြောင့် လည်းကောင်း. . . ဟု ရေးသားထားသည် ။
       ရုပ်သဘောအရ နေကောင်းနေသူသည် ဥတုကြောင့် နေမကောင်းဖြစ်နိုင်သည် ။ ဥတုပျက်ခြင်းကြောင့် ရုပ်ကိုထိခိုက်စေနိုင်သည် ဟုယူဆရမည် ။ ဥတု မကောင်းသည့်အခါတွင် နေကောင်း ကျန်းမာနေသူများပင် အသွားအလာအနေအထိုင်  ဆင်ခြင်သင့်သည့် သဘောဖြစ်သည် ။
        ခြေဖ၀ါးတွင် ပထ၀ီကြောများ ရှိသည်ဟု ဆိုသည် ။ ရှေးကလူများသည် ဖိနပ်မစီးကြ ။ ခြေဖ၀ါးနှင့် မြေကြီးထိ၍ ခရီးသွားကြသည် ။ ထိုအခါ မြေကြီးမှ အခိုးအငွေ့ ပထ၀ီဓာတ်ရ၍ ကျန်းမာသည်ဟုဆိုသည် ။ ကလေးငယ်များကို မြေကြီးပေါ်တွင် ပေး၍ ဆော့ကစားစေလျှင် ကျန်းမာရေးကောင်းစေသည် ၊  သန်မာစေသည်ဟု ဆိုသည် ။
       ဖိနပ်စီးသောခေတ်သို့ ရောက်ရှိလာသောအခါ သားရေဖိနပ် ၊ ရာဘာဖိနပ်များသည် အခိုးပိတ် စေသည်ဟုဆိုသည် ။ တစ်ခါတစ်ရံ ဖိနပ်ချွတ်၍ မြေကြီးပေါ်တွင် လမ်းလျှောက်ပေးလျှင် ကျန်းမာစေနိုင်သည်။ ခြေဖ၀ါးမှ ပထ၀ီကြောများ သန်မာစေနိုင်သည်ဟု ရှေးအယူအဆရှိသည် ။ အုန်းမှုတ်ခွက် နင်းခြင်း ၊ဆားနင်းခြင်းများသည် ခြေဖ၀ါးမှ အခိုးထွက်စေသော နည်းများဖြစ်သည် ။
        ခြေဖ၀ါးကို အချိန်ကြာမြင့်စွာ ရေစိုခြင်းမှာ ဖ၀ါး ပထ၀ီကြောများ အေးစက်ပြီး အခိုးငုပ်စေသဖြင့်  မကောင်းသော အနေအထားဖြစ်သည် ။ ရေစိုသော ခြေထောက်ကို အမြန်ခြောက်သွေ့အောင် ပြုလုပ်သင့်သည် ။ ပြင်ပမှပြန်လာလျှင် ခြေထောက်မှ ရေကို စုပ်ယူနိုင်သည့် ခြေသုတ်ခုံမျိုး ထားသင့်သည် ။ လူကြီးများ ခြေထောက်ရေစိုလျှင် အ၀တ်ခြောက်ဖြင့် သေချာစွာသုတ်ပေးပါ ။
       မိုးဥတုတွင် နေအိမ်ပြင်ပရောက်လျှင် စိုနေသော အ၀တ်အစားများကို လဲခြင်း ၊ ဦးခေါင်းရေစိုလျှင် တဘက်ပ၀ါဖြင့်သုတ်ခြင်း ၊ ခြေနှစ်ဖက် (အထူးသဖြင့်) ခြေဖ၀ါးနှစ်ဖက်ကို ခြောက်သွေ့သောအ၀တ်ဖြင့် ပွတ်ပြီး နွေးထွေးအောင် ပြုလုပ်ခြင်းဖြင့် ခြေအေးဝမ်းရောင်ရောဂါ ၊ နောက်ဆက်တွဲ သွေးတိုးရောဂါများ ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပေသည် ။

       ကြည်လွင်မြင့် ( မုဒြာ )

       ကြေးမုံ  ၄-၇-၂၀၁၆

Tuesday, May 21, 2019

ဆီးချို အမြစ်ပြတ်ချင်သလား ကျွဲကောသီး ကို စား


 🍐   ဆီးချို အမြစ်ပြတ်ချင်သလား ကျွဲကောသီးကိုစား

        ကျွဲကောသီးသည် အတွင်းသားဖြူသည်။ အတွင်းသား ပန်းရောင်သည် ရှောက်ပန်းသီးဖြစ်သည်။ ကျွဲကောသီးသည် တစ်နှစ်မှာ တစ်ခါသာ သီးသည်။ ကျွဲကောသီးမှာ ပါစက တေဇောဓာတ်ရှိသည်။

         ထို့ကြောင့် အစာကြေလွယ်သည်။ ဆီးချို အမြစ်ပြတ် ပျောက်နိုင်သည်။

         ခံတွင်းကို ကောင်းစေရန် လှုံ့ဆော်ပေးနိုင်သော သတ်္တိရှိသည်။ ကျွဲကောသီး၏ အာဟာရ အာနိသင်မှာ ခွန်အားကို ဖြစ်စေသည်။ အစာအိမ်ရောဂါကြောင့် အစာမကြေခြင်းမှာ ပျောက်ကင်းနိုင်ကြောင်း မြန်မာပညာရှင်များက မြန်မာ့အလင်းသတင်းစာမှာ တစ်နိုင်ငံလုံးသိအောင်ရေးသားထားလေသည်။

        ကျွဲကောသီးသည် အသားအရေကို ကြည်လင်စေ၏။ ကိုယ်ခံစွမ်းအား အပြည့်အ၀ရှိသည်။ ခံတွင်းပျက်နေသော လူမမမာများကိုတိုင်းရင်းဆရာများ၊ ဓာတ်စာအဖြစ်ကျွေးကြသည်။ သွားနှင့်ခံတွင်းရောဂါ၊ အရေပြားရောဂါ၊ အရိုး၊ အဆစ်၊ ဒူးနာ၊ ခါးနာများကို ကာကွယ်စေသည်။ အချဉ်အရသာသည် သွားကျိန်းသည်၊ သွားရည်ကျသည်။

         ချွေးထွက်သည်၊ လေကိုအောက်သို့ သက်စေ၏။ စိုစွတ်ဝါယောကြောင့်ကျင်ကြီးလမ်းကြောင်း၊ အူလမ်းကြောင်း စိုစွတ်စေ၏။ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များအတွက် လိုအပ်သောဓာတ်ဖြစ်ပါသည်။

        ကျွဲကောသီးသည် ဣနြေ္ဒတို့ကို ကြည်လင်စေတတ်၏။ တစ်ကိုယ်လုံးမှာရှိသည့် အာရုံကြောများမှ ဦးနှောက်သို့ ပို့ဆောင်ရန် ၀ါယောဓာတ်ကပို့သည်။ နှလုံးမှ ရင်ချိုင့်ဘ၀င်သို့သာမက သည်းခြေလှုပ်ရှား ၀ါယော ဒိတ်...ဒိတ်...ဒိတ် နေ၏။ ခလုတ်တိုက်ခြင်း စသော တစ်ခုခုကိုသိသည်။ တွေဝေသောသူ၊ မောဟအားကြီးသောသူများကို သတိရစေ၏။

        ကျွဲကောသီးသည် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ စိတ်ချမ်းသာခြင်း၊ ခွန်အားဗလရှိခြင်းတို့ကြောင့် ကမ္ဘာကျော်သော ကျွဲကောသီးသည် ကမ္ဘာ့ဈေးကွက်မှာ အလုအယက်ဝယ်ယူနေကြသည်။

        ကျွဲကောသီးကို အုန်းဆံပတ်၊ အထပ်ထပ်ပတ်ပါ မီးမလောင်နိုင်သော သွပ်ကြိုးနဲ့ပတ်ပြီး မီးအားကောင်းသော ဖွဲကြမ်းမီးဖို၊ မီးသွေးမီးဖို၊ မန်ကျည်းသား ထင်းမီးဖိုတို့တွင်ထည့်၍ ဖုတ်ပါ။ (၃) နာရီခန့် ကြာအောင်ဖုတ်ပါ။ ကျွဲကောသီးအခွံလုံးဝကျွမ်းပြီး အထဲကအသားကျန်အောင်ဖုတ်ပါ။ အထဲက အသားကျန်တော့မှ အအေးခံထားပါ။ အေးလျှင် ဖန်ဘူးထဲထည့်ထားပါ။ တစ်ခါစား လက်ဖက်စားဇွန်း တစ်ဇွန်းစားပါ။

        ဆီးချိုသွေးချို ကြာမြင့်နေပါက နံနက်တစ်ကြိမ်၊ ည တစ်ကြိမ်စားပါ၊

ဆီးချိုရောဂါပျောက်ပါသည်။ သိပ္ပံကိရိယာ၊ သိပ္ပံဆေး လုံးဝမပါဘဲ  ဉာဏ၀ိပ္ဖရိဒ်္ဓိ မြန်မာဉာဏ်ကြီးရှင်တို့၏အရာတည်း။

         ဆီးချို အမြစ်ပြတ်ပျောက်ချင်လား ကမ္ဘာကျော် ကျွဲကောသီးကိုစားဟု ပြည်သူပြည်သားများ ခြေထောက်မဖြတ်ရ၊ အသက်မသေရအောင် ရေးသားတင်ပြလိုပါသည်။

[သမားတော်ကြီးဦးသောင်းရွှေ ရေးသားသည့်  ကမ္ဘာမှာအဆန်းဆုံးသည်အပင် အပင်ဟူသမျှဆေးပင် စာအုပ်မှ ထုတ်နုတ်ဖော်ပြပါသည်။ ]

Saturday, May 18, 2019

နံနက် ဦးခေါင်း ည ဒူးခေါင်း


     🚰    နံနက်ဦးခေါင်း  ညဒူးခေါင်း

        စာရေးသူငယ်စဉ်က ကိုးတန်းစာမေးပွဲဖြေပြီး မတ်လ နွေကျောင်းပိတ်ရက်တွင် ကိုရင်ဝတ်ခဲ့သည်။ သုံးဆယ်မြို့ထူပါရုံကျောင်းတွင်ဖြစ်သည်။ စာရေးသူ၏ဇာတိမြို့မှာ ဥက္ကံမြို့ဖြစ်သော်လည်း အဖေ၏ အဘွားလေးတော်စပ်သူ၏ စုပေါင်းရှင်ပြုပွဲတွင်ပါဝင်ကာ ဒုတိယအကြိမ် သင်္ကန်းဝတ်ရှင်ပြုခဲ့ခြင်း ဖြစ်သည်။

        ထူပါရုံကျောင်းတိုက်သည် အလွန်ကျယ်ဝန်းသောကျောင်းတိုက်ကြီးဖြစ်ပြီး ဆရာတော်ကြီးများ အဆက်ဆက်မှာလည်း သက်တော်ရှည်ဆရာတော်ကြီးများဖြစ်ကြသည်။
သက်တော် ၉၀ ကျော် ၁၀၀ နီးမှ ပျံလွန်တော်မူကြသည်ကများသည်ကို တွေ့ရသည်။

         ထိုကျောင်းတိုက်ရှိ စာချဆရာတော် ဘဒ္ဒန္တသုဇာတ၏ကျောင်းတွင် စာရေးသူ ကိုရင်ဝတ်ဖြင့် နေရသည်။ ထိုဆရာတော်သည် ယနေ့ထက်တိုင် သက်တော်ထင်ရှားရှိသဖြင့် သက်တော် ၈၀ ကျော် ၉၀ ခန့် ရှိနေပြီဖြစ်သည်။ ဆရာတော်များ၏ သက်ရှည်ကျန်းမာခြင်းအကြောင်း တင်ပြလိုသည်။

        ဆရာတော် ဘဒ္ဒန္တသုဇာတသည် စာပေပို့ချသည်သာမက ၀ိနည်းနှင့်အညီ ကျန်းမာအောင် သွားလာနေထိုင်နည်းများကိုပါ အချိန်အားလပ်သည့်အခါတိုင်း ဆုံးမသြ၀ါဒ ပေးလေ့ရှိသည်။ စာရေးသူတို့ သိမီသည့်ကာလအတွင်းဆရာတော်သည် နေထိုင်မကောင်းဖြစ်သည်ဟု မတွေ့ရ။ စာဝါအမြဲပို့ချနေသော်လည်း မျက်မှန်တပ်ရသည်ကိုမတွေ့ရပေ။

        စာရေးသူမှတ်မိနေသည့်အရာတစ်ခုမှာ ဆရာတော်စာချသည့်အနီး နံရံပေါ်တွင် မြေဖြူဖြင့် ရေးသားထားသည့် “ နံနက်(မနက်) ဦးခေါင်း၊ ည ဒူးခေါင်း ”  ဟူသည့် စာတန်းဖြစ်သည်။

        နံနက် (မနက်) ဦးခေါင်းဟူသည် အဘယ်နည်း။

        ည ဒူးခေါင်းဟူသည် အဘယ်နည်း။

        အချိန်အတော်ကြာအောင် မသိခဲ့ပါ။

နေပူပြင်းသောတစ်နေ့တွင် ဦးပဉ္စင်းများ၊ ကိုရင်များကို  ယခုလိုပူပြင်းသည့်ရာသီ၌ ရေချိုးရာတွင် သတိရှိကြရန် မြွက်ကြားထားသည်။ ကျောင်းတိုက်အနီးရှိ ရေကန်၌ ညနေစောင်းတွင် ရေမကူးကြရန် တားမြစ်သည်။ ရေချိုးခြင်းကိစ္စကို ကျောင်းအတွင်းရှိ ရေပိုက်နှင့်သွယ်ထားသော အမိုးအကာရှိသည့် အုတ်ကန်တွင်သာ ချိုးရမည်ဟု မြွက်ကြားထားသည်။

        ဆရာတော်မြွက်ကြားထားသည်မှာ ပူပြင်းသောနွေရာသီတွင် ရေကို နံနက်စောစော ချိုးခြင်းသာ အကောင်းဆုံးဖြစ်သည်။ အရုဏ်ဆွမ်းခံထွက်သော ကိုယ်တော်များသည် ကျောင်းပြန်ရောက်သည်နှင့် ဆွမ်းတန်းဘုဉ်းမပေးရ။ ရေကို အလျင်ချိုးရမည်။ ပြီးမှ ဆွမ်းစားကျောင်းသို့ သွားရမည်ဟုဆိုသည်။

        ရေချိုးသည့်နေရာတွင်လည်း ဒူးအောက်ပိုင်းကို အရင်ရေစလောင်းပြီး တဖြည်းဖြည်း အထက်သို့ တက်လောင်းချိုးရမည်။ ဦးခေါင်းကို ရေလောင်းမချိုးသော ကိုရင်ငယ်များကို ဆောင့်ကြောင့်ထိုင်စေပြီး ဆရာတော်ကိုယ်တိုင်ဦးခေါင်းမှ ရေကို အားရပါးရ လောင်းချိုးပေးသည်။

         နံနက်စောစော ရေချိုးလျှင် ဦးခေါင်းကိုချန်ထားခဲ့ပါကအခိုးအငွေ့အပူများ ခေါင်းတွင်အောင်းကျန်ခဲ့ပြီး တစ်နေ့လုံး ခေါင်းမကြည်၊ ဉာဏ်မပွင့်၊ စာကျက်၊ စာကြည့်အား မကောင်းဟု ဆိုသည်။ ဦးခေါင်းအခိုးငုပ်ခြင်းကြောင့် မျက်စိအမြင်အာရုံကို ထိခိုက်လာမည်ဟု ဆိုသည်။

        မျက်စိအဆုံး၊ နားအရှုံးဟူသော စာဆိုနှင့်အညီ မျက်စိတွင် အခိုးမငုပ်စေရန်၊ တိမ်သလ္လာမကပ်စေရန် အရေးကြီးသည်။ ငယ်စဉ်ကတည်းက ဂရုစိုက်လျှင် အသက်ကြီးလာသည်ထိ မျက်စိမမှုန်ဟု ဆိုသည်။

        ညဒူးခေါင်းဆိုသည်မှာ ညအိပ်ရာဝင်ခါနီးလျှင် ဒူးအပေါ်မှ ရေလောင်းပြီး ခြေဆေးရမည်။ ထိုသို့ ရေဆေးရာတွင်လည်း နှစ်ခွက်၊ သုံးခွက်လောင်းရုံမျိုးမဟုတ်။ အားပါးတရ ခုနစ်ခွက်၊ ဆယ်ခွက်အထိ လောင်းပြီး ခါးလယ်မှအခိုးများ အောက်သို့ဆင်းသွားသည် ထင်ရသည်အထိ လောင်းဆေးသင့်သည်။

        ထိုသို့ နေ့စဉ်မှန်မှန်ပြုလုပ်သူသည်အညောင်းအကိုက်ရောဂါ၊ ဒူလာပါဒရက်ရောဂါ၊ ခါးနာရောဂါ၊ မျက်စိနှင့်ဦးခေါင်း မကြည်လင်သောရောဂါများပါသက်သာပျောက်ကင်းစေနိုင်သည်ဟု ဆိုသည်။

        စာရေးသူတို့မျိုးရိုးသည် မျက်စိမှုန်သောမျိုးရိုးဖြစ်သည်။ စာရေးသူ၏ဖခင်သည် အသက် ၁၃ နှစ်သားအရွယ်က မျက်မှန်တပ်ရသည်။ စာရေးသူ၏ ဖခင်သည် မျက်စိအဆုံး၊ နားအရှုံး မဖြစ်စေချင်ဟုဆိုကာ မျက်စိအာရုံကောင်းစေမည့် နည်းလမ်းများစွာဖြင့် စာရေးသူကို ဂရုတစိုက်ဆောင်ရွက်ပေးခဲ့သည်။

        ရေအပြည့်ထည့်ထားသောဇလုံတွင် မျက်နှာကိုငုပ်၍ မျက်စိကို ဖွင့်ချည်၊ ပိတ်ချည် လုပ်ခိုင်းသည်။

        အစပထမတွင် ရေမွန်း၍ မလုပ်နိုင်သော်လည်း နောင်တွင်အကျင့်ရလာသောအခါ လုပ်နိုင်လာသည်။ နံနက်အိပ်ရာထ မျက်နှာသစ်ပြီးသည်နှင့် ရေဇလုံတွင် ရေငုပ်ခြင်းကို နေ့စဉ်ပြုလုပ်ခဲ့ရသည်။ ရေဇလုံအတွင်းမှ အေးစက်နေသောရေတွင် မျက်နှာကိုငုပ်၍ မျက်စိဖွင့်ပိတ် ၁၀ မိနစ်ခန့် ပြုလုပ်ပြီးသောအခါ ပူနွေးကျန်ခဲ့သည်ကို တွေ့ရသည်။

မျက်စိမှအပူများ ရေအတွင်းသို့ရောက်သွားခြင်းဖြစ်သည်။

        စာရေးသူ ကိုးတန်းကျောင်းသားအရွယ်တွင် ဒုတိယအကြိမ် ရှင်သာမဏေ၀တ်သောအခါ ထူပါရုံကျောင်းမှ စာချဆရာတော်၏နည်းလမ်းအတိုင်း နံနက်စောစော ရေချိုး၊ ရေချိုးသည့်အခါတွင် ခါးအောက်ပိုင်းမှစ၍ တဖြည်းဖြည်းအထက်သို့တက်ပြီး ခေါင်းမှရေလောင်းချိုးသည့်
အကျင့်ရလာသည်။

        ညအိပ်ရာဝင်သည့်အခါတွင်လည်း နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ဒူးအထက် ပေါင်လယ်မှစကာ ရေအေးဖြင့် လောင်း၍ ခြေဆေးသည်။ ရေလောင်းရာတွင် ဖလားအပြည့် ခုနစ်ခွက်မှ  ၁၀ ခွက်အထိ အားပါးတရလောင်း ဆေးသည်။ တစ်ခါတစ်ရံ ပူအိုက်၍ ရေမသုတ်ဘဲထားသော်လည်း လျင်မြန်စွာ ရေခြောက်သွားသည်ကို သတိထားမိသည်။

        ငယ်စဉ်က နံနက်အိပ်ရာထလျှင် မျက်ဝတ်များပိတ်ပြီး မျက်ချေးဖတ် များကပ်နေလေ့ရှိခြင်းသည် ညအိပ်ရာဝင် ခြေဆေးအိပ်ခြင်းအကျိုးကြောင့် လုံးဝပျောက်ကင်း သွားသည်ကို သတိပြုမိသည်။

        ငယ်စဉ်ကပင် ဖခင်၏နည်းလမ်းဖြင့် မျက်စိကို ရေငုပ်ခြင်း၊ ထို့နောက် ဆရာတော်၏ နည်းလမ်းအတိုင်း နံနက်စောစောရေချိုးလျှင် ဦးခေါင်းကို ရေလောင်းချိုးခြင်း၊ ညအိပ်ရာဝင်ချိန် ဒူးအထက်မှ ရေလောင်းခြေဆေးခြင်း အကျိုးကျေးဇူးတို့ကြောင့် စာရေးသူမှာ မျိုးရိုးအတိုင်း ငယ်စဉ်ကပင်မျက်စိမှုန်၊ မျက်မှန်တပ်ရခြင်းဘေးမှ ကင်းဝေးခဲ့သည်။

        အသက် ၄၆ နှစ်ခန့်မှ စာကြည့်မျက်မှန် (+၁၅၀ ဒီဂရီ) တပ်ခဲ့ရသည်။ ဤသည်မှာလည်း အသက်အရွယ်အားဖြင့်ပုံမှန်သာဖြစ်သည်ဟု မျက်စိဆရာဝန်က ပြောသည်။

        နံနက်ခင်းစောစောအချိန် ရေချိုးသောအခါ ဦးခေါင်းကို ရေလောင်းခြင်းသည် သင့်တော်သော်လည်း နေ့လယ်၊မွန်းတည့်ချိန်နှင့် ညနေစောင်း နေအပူရှိန်ပြင်းနေဆဲအချိန်များတွင်  ဦးခေါင်းကို ရေလောင်းခြင်းမှာ မသင့်ပေ။ အပူရှပ်ခြင်း၊ အပူငုပ်ခြင်း၊ မျက်စိရုတ်တရက်ကွယ်ခြင်းများဖြစ်နိုင်သည်။ အလွန်ပူသောအချိန်တွင် အအေးလောင်းခြင်းသည် ရေနွေးထည့်ထားသောဖန်ခွက်ကို သွန်ပစ်ပြီး ရုတ်တရက် ရေခဲရေ လောင်းထည့်လိုက်သောအခါ ဖန်ခွက်ကွဲသွားသည့်ဥပမာနှင့် တူသည်။

        နံနက်အိပ်ရာထလျှင်ထချင်း မျက်နှာမသစ်မီ ဒူးမှစ၍ရေလောင်းပြီး ခြေဆေးလျှင် မျက်စိကြည်သည်။ ဒူးနာရောဂါဘေးမှလည်း ကင်းဝေးသည်ဟု နည်းလမ်းတစ်မျိုးရှိသည်။

        ဆွမ်းခံကြွသည့်သံဃာတော်များ ၀ိနည်းအရ ဖိနပ်စီးခွင့်မရှိပေ။ မြေကြီးမှအပူများ ခြေဖ၀ါးမှတစ်ဆင့် မျက်စိထိတတ်သဖြင့် ဆွမ်းခံကြွပြီး ပြန်အလာတွင် ခြေနှစ်ဖက်ရေဆေးရသည်မှာ ဘုရားရှင်လက်ထက်တော်ကပင်ရှိသည်။ နံနက်နှင့် ညအိပ်ရာဝင်ချိန်တို့တွင် ခြေထောက်ရေ
ဆေးခြင်းမှာ အပြစ်မရှိပေ။ နေ့လယ်နေပူပြင်းချိန်တွင် အပြင်မှပြန်လာပြီး ခြေဆေးခြင်းသည် အလွန်ပင် အန္တရာယ်ရှိသဖြင့် မပြုလုပ်သင့်ပေ။

        ဒူးသည် ဘ၀တစ်သက်တာ သွားလာလှုပ်ရှားမှုဒဏ်၊ အဆင်းအတက် ပြုလုပ်ခဲ့ရခြင်းများကြောင့် အရွတ်ပြားများ ပွန်းစားခြင်း၊ ဒူးဆစ်နှင့်ခုံညင်းရိုးများ ကျီးပေါင်းတက်ခြင်းတို့ကြောင့် အသက်ကြီးလာလျှင် ဒူးနာရောဂါရလာတတ်သည်။ ဒူးနာရောဂါရှိသူများ၏ ဒူးကိုကြည့်လျှင် ပုံသဏ္ဌာန်မမှန်ခြင်း၊ အဆစ်များရောင်ခြင်း၊ ကြီးခြင်း၊ တောင့်တင်းနေခြင်းများကို တွေ့ရတတ်သည်။

        ထိုရောဂါများမှ ကင်းဝေးစေရန် ညအိပ်ရာဝင်ချိန်တိုင်း ဒူးအထက်မှ ရေများများ
လောင်းပြီး ခြေဆေးခြင်းသည် မှန်ကန်သော ဒူးနာရောဂါကာကွယ်နည်းဖြစ်သည်။

         မျက်စိအမြင်ကြည်လင်စေခြင်း၊ ဒူးနာရောဂါဘေးမှကင်းဝေးစေခြင်းအတွက် နည်းလမ်းကောင်းဖြစ်သည့်  “ နံနက် ဦးခေါင်း၊ ည ဒူးခေါင်း ” နည်းလမ်းကို တိုင်းရင်း

ဆေးပညာရှုထောင့်မှ တင်ပြလိုက်ရခြင်းဖြစ်ပေသည်။

                     ကြည်လွင်မြင့် ( မုဒြာ )

                     ကြေးမုံ  ဧပြီ ၄ ၊ ၂၀၁၆

Sunday, March 10, 2019

မပူမအေး ဥတု သတိပြု


 🛎      မပူမအေး ဥတု သတိပြု

◼  ကြည်လွင်မြင့်  ( မုဒြာ )

       ရာသီဥတုက ဆောင်းအကုန် နွေအကူး တစ်ညလုံးစောင်ခြုံနှင့် ကွေးနေရာမှ  အအေးပေါ့လာသဖြင့် နံနက်စောစောထပြီး နေအိမ်ရှေ့တွင်
ရေဖျန်းသူလူကြီးတစ်ဦးမှာ လေဖြတ်သွားသည်။
အသက် ၇၀ ခန့်ရှိသည့် ထိုလူကြီးသည် အိမ်ရှေ့တွင် ကား၊ဆိုင်ကယ်များ ဖြတ်သန်းသွားလျှင်ဖုန်ထသဖြင့် ရေပုံးဖြင့်ဆွဲပြီး ရေဖျန်းခြင်းဖြစ်သည်။ ရုတ်တရက် ကိုယ်တစ်ခြမ်းလေးလာသဖြင့် အိမ်အတွင်းမှ မိသားစုများကို လှမ်းခေါ်သောအခါ စကားမပီ ဗလုံးဗထွေးဖြစ်မှ လေဖြတ်မှန်းသိသည်။ သွေးပေါင်ချိန်များစွာမြင့်တက်ပြီး လေဖြတ်ရခြင်းဖြစ်သည်ဟု သိရသည်။
       လေဖြတ်သူအတော်များများသည် နံနက်စောစော အရုဏ်တက်ချိန်တွင် ဖြစ်လေ့ရှိသည်။
အနောက်တိုင်းသုတေသီများက သွေးတိုး၊ လေဖြတ်သူများသည် နံနက် ၁၀ နာရီ အတွင်း အဖြစ်များသည်ဟုဆိုသည်။
       နံနက်စောစော အိပ်ရာမှထပြီး အိမ်သာတက်ရာမှ လဲကျလေဖြတ်သူ၊ အချို့မှာ အိမ်သာအတွင်းမှာပင် လေဖြတ်နေသူများစွာသည် သွေး
တိုးဆောင့်တက်ပြီးဖြစ်ရသည်။ ရုတ်တရက် သွေးတိုးရခြင်း၏ အကြောင်းရင်းခံမှာလည်း အအေးပပ်ပြီး ဦးခေါင်းပိုင်း၊ လည်ပင်းရှိ သွေးကြောကြီးများ ကျုံ့သွားရာမှ သွေးကို ညှစ်ထုတ်သကဲ့သို့ဖြစ်ပြီး ဦးနှောက်သွေးကြောပေါက်ခြင်း၊ သွေးကြောနံရံမှ သွေးခဲအချို့ပြုတ်ထွက်ပြီး ဦးနှောက်အတွင်းသို့ရောက်ရှိကာ ပိတ်ဆို့သွားခြင်း အကြောင်း နှစ်မျိုးကြောင့် ဖြစ်သည်။
       တစ်ညလျှင် လေး၊ ငါးကြိမ် ဆီးထသွားလေ့ရှိသည့်လူကြီးများ၊ အထူးသဖြင့် အမျိုးသားလူကြီးများသည် လေဖြတ်နိုင်ခြေပို၍ရှိသည်ကို လေ့လာ တွေ့ရှိရသည်။ မြန်မာလူမျိုးတို့၏ အိမ်ဆောက်သည့်ဓလေ့မှာ အိမ်အတွင်းတွင် အိမ်သာမထား၊ အိမ်အပြင်ဘက်တွင် အိမ်သာထားလေ့ရှိသောကြောင့် အိမ်အပြင်ဘက်ထွက်သွားရာမှ အအေးပပ်ပြီး လေဖြတ်နိုင်သဖြင့် လူကြီးများအတွက် အခန်းတွင်းတွင် ဆီးသွားရန် ဆီးအိုးထားပေးခြင်းဖြင့် ပြင်ပလေဖြင့် အအေးပပ် လေဖြတ်ခြင်းမှ ကာကွယ်နိုင်သည်။
       လေဖြတ်ခြင်းသည် အဆီနှင့်အငန်အစားများသဖြင့် နှစ်ချီ၍ ရှေ့ပြေးလက္ခဏာများပြနေပြီး ဖြတ်ရခြင်း ရှိသကဲ့သို့ အခန့်မသင့်၍ ရုတ်တရက် အပူအအေးမညီမျှမှုကြောင့် လေဖြတ်ရခြင်းလည်းရှိသည်ကို သတိပြုသင့်သည်။
       ရာသီဥတုသာယာလာပြီဟု နံနက်စောစောထပြီး ရေချိုးခြင်းကြောင့် လေမဖြတ်စေရန် ချက်ချင်း ရေမချိုးပါနှင့်၊ ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ
ရေအေးမချိုးပါနှင့်၊ ရေချိုးလိုသည့်ဆန္ဒရှိလျှင် ဦးစွာပထမ လမ်းလျှောက်ပါ။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းတစ်ခုခုပြုလုပ်ပါ။ လမ်းလျှောက်
လျှင်လည်း အနှေးလျှောက်၊ အမြန်လျှောက်၊လက်များကိုလွှဲပေးခြင်းစသည့် လေ့ကျင့်ခန်းများပြုလုပ်နိုင်ပါသည်။ အနွေးထည်အင်္ကျီ ထူထူဝတ်ထားလျှင် ချွေးအနည်းငယ်စို့ပြီး ကိုယ်အပူရှိန်လည်း တက်လာပါလိမ့်မည်။
       ရေအေးချိုးခြင်းသည် ခန္ဓာကိုယ် အပူငွေ့ဖြင့် နွေးနေချိန်တွင် ချိုးသင့်သည်။  အငွေ့မရှိ အေးစက်နေလျှင် ရေအေးမချိုးသင့်ပါ။ လူကြီးများ နံနက်စောစော ရေအေးကိုင်ခြင်း၊ ရေလောင်း ခြေဆေးခြင်းတို့ကြောင့် လေဖြတ်နိုင်သည်ကို သတိပြုပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းမလုပ်ဘဲ ရေချိုးလျှင် ရေနွေးအနည်းငယ်စပ်ထားသောရေဖြင့် ဦးစွာချိုးသင့်ပါသည်။
       မည်သည့်အသက်အရွယ်မဆို ရေချိုးလျှင် ဒူးအောက်ပိုင်းကို ရေလောင်း ခြေဆေးပြီးမှ ဒူးအထက်၊ ပေါင်အလယ်၊ ခါးအောက်ပိုင်း စသည်ဖြင့် အပေါ်သို့ တဖြည်းဖြည်းတက်ပြီး ရေလောင်းချိုးခြင်းသာ အကောင်းဆုံးဖြစ်သည်။ လူကြီး၊လူငယ်မရွေး ရေအေးကို ရုတ်တရက် ဦးခေါင်းမှ လောင်းချခြင်းသည် အန်္တရာယ်ရှိသည်။ အသက်ငယ်ငယ်နှင့် မျက်မှန်တပ်ရသူများသည် ဤကဲ့သို့ ရေချိုးသဖြင့်၊ ရေချိုးနည်းမှားသဖြင့် ဖြစ်ရခြင်းဖြစ်သည်။ လူကြီးများတွင်လည်း ဦးခေါင်းမှရေလောင်းချိုးလျှင် မျက်စိတိမ်စွဲ ရောဂါဖြစ်တတ်သည်။ ခေါင်းကိုက်ရောဂါလည်း ဖြစ်တတ်သည်ကို သတိပြုဖို့လိုသည်။
       ဆောင်းအကုန် နွေအကူးတွင် အအေးပေါ့သွားသဖြင့် အင်္ကျီချွတ်နှင့် သို့မဟုတ် အင်္ကျီအပါးဖြင့် အပြင်ထွက်အလုပ်လုပ်သူများ ရုတ်တရက် ကိုယ်တွင်း အပူငုပ်ပြီး ချမ်းလာသလိုဖြစ်ရာမှ သွေးကြောများ ကျုံ့ပြီး သွေးပေါင်တက်လာတတ်သည်။ ယခင်က သွေးတိုးမရှိဖူးပါဘူးဟု ပြောသူများ ပို၍ပင် လေဖြတ်လေ့ရှိသည်ကို တွေ့ရသည်။ သွေးတိုးရှိသဖြင့် ကုသမှုခံယူပြီး ဆေးမှန်မှန်သောက်၊ အစားဆင်ခြင်နေသဖြင့် လေဖြတ်ခံရမှုနည်းပါးပြီး သွေးတိုးမရှိသူ၊ တစ်ခါတစ်ရံ သွေးတက်မှ ဆေးသောက်လေ့ရှိသူများကပို၍လေဖြတ်နိုင်ခြေရှိသည်ကို တွေ့ရသည်။
       နံနက် အိပ်ရာထ (မျက်နှာမသစ်မီ)  ရေအေးတစ်ခွက်သောက်ပေးခြင်းဖြင့် အစာအိမ်မှ တစ်ဆင့် ကိုယ်တွင်းအောင်းနေသောအပူများကို ငြိမ်း
စေနိုင်သည်။ ရေသောက်ပြီးမှ မျက်နှာသစ်၊ မျက်နှာသစ်ပြီးမှ သွားတိုက်ခြင်းသည် မှန်ကန်သောကျန်းမာရေးလမ်းစဉ်ဖြစ်သည်။
       နံနက်အိပ်ရာထ ရေချိုးလေ့ရှိသူများသည်ဆောင်းတွင်းတွင် ရေမချိုးရဲကြ၊ ဆောင်းအကုန်အအေးပေါ့လာသောအခါ ရေချိုးချင်လာကြသည်။ ရေမချိုးတာကြာ၍ အကျင့်မရှိဖြစ်နေရာမှ ရေချိုးလိုက်ချိန်တွင် အခန့်မသင့်လျှင် အအေးပပ်ခြင်း၊  သွေးတိုးတက်ခြင်းဖြစ်နိုင်သဖြင့်  ရေနွေးအနည်းငယ် စပ်ချိုးသင့်သည်။ ရေနွေးနွေးချိုးပြီး အပြီးသတ်မှသာ ရေအေးချိုးခြင်းဖြင့် ရုတ်တရက်လေဖြတ်ခြင်းမှ  ကာကွယ်နိုင်ကြောင်း တင်ပြလိုက်ရပါသည်။

ကြေးမုံ ၁၅ ဖေဖော်ဝါရီ ၂၀၁၆