🎭 အလှပြိုင်ပွဲ
. 🖊 ဆူးငှက်
၁၉၃၀ ခုနှစ်ဝန်းကျင်ကာလက မန္တလေးတွင် “ မြို့မ ” ဟူသော အပျော်တမ်းတူရိယာ အသင်းတစ်သင်း ပေါ်ပေါက်လာချိန်၌ မြို့မအသင်းသားများ အများစုနေ ထိုင်ရာ တရုတ်တန်းရပ်ကွက်နှင့် မလှမ်းမကမ်း (၃၁)လမ်း ပဒေသာပင်တန်း၌လည်း တီးဝိုင်းတစ်ဖွဲ့ရှိနေခဲ့သည်။
“ မာဃ ” ဟု အမည်တွင်၏။ တစ်ရပ်တည်းသားတွေမို့ ပါဝင်တီးမှုတ်သူတွေက ဟိုဝိုင်းသည်ဝိုင်း ၀င်ရောက်တီးမှုတ်ကြပေမယ့် ထိုနှစ်ဝိုင်းက ဂူတစ်ဂူတည်းမှ ခြင်္သေ့နှစ်ကောင်လို ဗိုလ်မထားဘဲ အပြိုင်အဆိုင်ဖြစ်နေကြသည်။ ထိုနှစ်ဝိုင်းမှ
အသင်းသားများကလည်း တရုတ်တန်းနှင့် (၂၉) လမ်းထိပ် အနီးက “ ဦးတော် ” လက်ဖက်ရည်ဆိုင်မှာ ဆုံလျှင်ဆုံဖြစ်ကြသည်။ ထိုဆိုင်မှာ ဆရာကြီး ဦးရာဇာတ်၏ နေရှင်နယ်ကျောင်းသားများလည်း ထိုင်တတ်၏။ ထိုဆိုင်မှာ မြို့မ၊ မာဃစကားနိုင်လုကာ ငြင်းခုံကြသလို ဘားတန်းများမပါသော ပြောင်ချောလက်တံနှင့် ဘင်ဂျိုကို ကွမ်းသီးဖက်ဆေးလိပ်အတုတ်ကြီး လက်ကြားညှပ်ကာ သီချင်းတစ်ပုဒ် အပီအပြင်တီးပြနေသည့် ကိုဘညိန်း အနား ၀ိုင်းကာ အံ့အားတသင့် နားထောင်ခဲ့ကြသည်လည်းရှိ၏။
မည်သို့ဆိုစေ ဂီတနှင့်ပတ်သက်လျှင်တော့ ထိုနှစ်သင်းက အတင်စီးမခံဘဲ ဆတ်ဆတ်ထိမခံ ပြိုင်မြဲပြိုင်ကြသည်။
ထိုစဉ်က နာမည်ကျော်စ သီချင်းရေးဆရာ နန်းတော်ရှေ့ဆရာတင်က မြို့မအတွက် သီချင်းများရေးသားပေးနေသောအခါ မာဃလူငယ်များက သူတို့အသင်းတိုက်သို့ နန်းတော်ရှေ့ဆရာတင်ကို ပင့်ဖိတ်ကာ ထမင်းစားပွဲဖြင့် ဧည့်ခံပြီး မာဃအတွက်လည်း သီချင်းရေးပေးဖို့ “ အတင်းအကျပ် ” တောင်းဆိုခဲ့ဖူးသည်ဆို၏။
ထိုသတင်းကြောင့် မင်းသမီးလေဘာတီမမြရင်ကလည်း မြို့မနှင့်ချည်း သီဆိုဖျော်ဖြေနေရာမှ မာဃနှင့် တစ်လှည့် တစ်ဖန် ပူးတွဲသီဆိုခဲ့ရပြန်သည်။
ထို့ကြောင့် မြို့မငြိမ်းက
“ ချောင်းကိုပစ်ခါ မြစ်ကိုရှာ၊ ရေသာများတော့သည်၊ ထွေရာများတော့သည်၊ ငါးမတွေ့နိုင်တဲ့၊ ဟင်္သာထက်ကဲ၊ ၀မ်းဘဲဘွဲ့ထူးချီ ခေါ်လောက်ပါပေသည် အစချီ “ မန်ဒါလီ ” သီချင်းဖြင့် ခနဲ့လိုက်သည်။ ထိုစဉ်က မာဃနှင့် တွဲဖက်ရာတွင် မမြရင်၏ နာမည်ကြီးသီချင်းမှာ ကိုရွှေမောင် ရေးသားသော တစ်နာရီတည်း မောင်နဲ့ချစ်ပါရစေ သီချင်းဖြစ်သည်။ (လေဘာတီမမြရင် မြို့မနှင့် ပင်တိုင်တွဲနေစဉ်က မာဃမှာ သြဘာသောင်းက ပင်တိုင်ဖြစ်သည်။)
မာဃကလည်း ဦးကျော်အေးကဲ့သို့ ပုဂိ္ဂုလ်မျိုး တည်ထောင်ပြီး ပစ္စည်းကောင်း၊လူကောင်းတွေနှင့်မို့ ဆတ်ဆတ်ထိမခံဘဲ တူရိယာဂုဏ်သတင်းနယ်၊ အသင်းမာဃ တူရိယာဂုဏ်သတင်းနယ်၊ အသင်းမာဃ ဒါမကသာပေတယ်။ မြို့ကျက်သရေ တက်နေဆောင်လို့ အပေါင်းပြောကြတယ်။ ထူးခြား၍ အမှန်ပင်တကယ် မာဃအဖွဲ့ သာပေတယ် ဟု ကလိပြန်၏။
မြို့မကပြန်လည်၍ သူ့ထက်တစ်နှစ်ငယ်တဲ့ မာဃကို “ ကျန်းခံတော် သာလွန်းလို့ မြို့မက မေတ္တာလည်းပို့သည်။ ဒီနှစ်မှတွေ့ရ၊ ဟောဒီနှစ်မှ တွေ့ရ၊ မျက်နှာစုံညီ စုံစုံညီ၊ စုံစုံညီညီ ”ဟူ၍ တုံ့ပြန်ပါသည်။
မြို့မ၊ မာဃတို့နည်းတူ နာမည်ကျော် အခြား အသင်းတစ်သင်းမှာ မင်္ဂလာဈေးရပ်မှ မင်္ဂလာညွန့်အသင်းဖြစ်ပါသည်။ အရေးပိုင်မင်း ဦးစိန်ရိုး၏သား ကိုလှမင်း ဦးစီးသောအသင်းဟုဆို၏။ မြို့မနှင့် မာဃပြိုင်ပွဲတွင် မင်္ဂလာညွန့်က ကြားနေခဲ့သည်။ နှစ်ဖက်ပြိုင်ဆိုင်မှု တင်းမာလာချိန်တွင် မင်္ဂလာညွန့်က “ အသင်းချင်းက ပြည်ပဟိုရ်၊
ညီအကိုလိုပေါ့။ (ချစ်သွေးအင်မတန် အလွန်ညီ) ----“ မြို့မ ” က ချစ်သွေးညီ၊ “ မာဃ ” က ချစ်သွေးညီ ” ဟူ၍ သီဆိုခဲ့သည်ဆို၏။
ဤသို့ဖြင့် ထိုခေတ်ထိုအခါက ကနဦးအနောက်တိုင်း လေမှုတ်တူရိယာပစ္စည်းများကို စတင်ကိုင်တွယ်ကာ တီးမှုတ်ကြသည့် တူရိယာအသင်းများ ထင်ပေါ်ကျော်ကြားလာကြသကဲ့သို့ လေမှုတ် တူရိယာသမားများကလည်း ဥပစာကောလိပ်ကျောင်းသား၊ ဆတ်ကျောင်းသားများနှင့်ပင် ပခုံးချင်းယှဉ်ကာ မျက်နှာပွင့်ခဲ့ကြသည်။ ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဖြစ်ခဲ့ကြသည်။ ထိုသို့ လူစွမ်းကောင်းလေမှုတ်တူရိယာသမားများကို မြို့ပရိသတ်က အဲယား ( Air )သမားတွေဟု ကမ္ပည်းထိုး မော်ကွန်းတပ်ကြ၏။
“ အဲယားသမား ”တွေ၊ “ အဲယားသမားတွေ ” ဟု အရပ်သုံး ခေါ်ဝေါ်လာခဲ့ကြသည်။
မြို့မ၊ မာဃတည်းဟူသော အဲယားသမားတွေ အချင်းချင်း ခနဲ့ကြ၊ ရိကြ၊ ထိုးကြ၊ နှက်ကြလေသောအခါ နဂိုကတည်းက ဟာသဥာဏ်ရှိသော မြို့မငြိမ်းက ထို“ တိုက်ပွဲ ” ၊
ထို “ ပြိုင်ပွဲ ” ကို သီချင်းတစ်ပုဒ်ဖြင့် ခပ်သောသောကလေးရေးစပ်ကာ အဆုံးသတ်ပေးလိုက်သည်။
သီချင်းနာမည်က “ အလှပြိုင်ပွဲ ” တဲ့။
ထိုသီချင်းတွင် အရပ်က အဲယားသမားဟု နှုတ်ကျိုးရေပန်းစားနေသော အသုံးအနှုန်းကို မြို့မငြိမ်းက ခပ်သောသောလေးဖြင့် “ လေသမား ” လေသမားချင်း ပြိုင်တယ်
“ လေကိုလေချင်း အပြင်းပြိုင်တယ် ” ဟူ၍ ဆင့်ပွားတီထွင်သုံးစွဲခဲ့တော့သည်။ ထို့ပြင် ဂင်္ဂါငါးနှင့် ယမုံနာငါး အလှပြိုင်ရာတွင် ဒိုင်လူကြီး ဦးရွှေလိပ်က “ သူကသာအလှဆုံး၊ ဒါတောင်ရေမချိုးရသေးလို့ ” ဟု ကြားက၀င်၍ အသားယူသော ပုံပြင်ဖြင့် “ ကြားလူ ” ကိုလည်း ကလိလိုက်သေးသည်။ သီချင်းစာသားအား ဖတ်ကြည့်ကြပါကုန်။
အလှပြိုင်ပွဲ
“ လူမှန်ရင် တစ်တောင်လောက်နီး၊ ကြီးချင်ကြီး မကြီးချင်နေ၊ နိုင်လိုနိုင်၊ မနိုင်လို့ရှုံး။ ပြိုင်ဦးမယ်။ ကျုပ်အလှဆုံး ”
“ ရုပ်ချောသလား ကြွခဲ့ပါခင်ဗျား၊ အသွက်ဆုံးရုပ်၊ အဟုတ်ကိုမှန်လျှင် အရုဏ်တော်တွင် ဆင်ဖြူတော်ဝင်၊ နှစ်ယောက်လောက်လိုချင်၊ ကိုယ့်ကိုယ်ကိုယ် မှန်ထဲကြည့်ပြီး ရုပ်လှသလားလို့ ဟန်မယ်မဟန်မယ် ထင်တစ်လုံးနဲ့ ထူးတဲ့ ရုပ်ဖြူးရယ်””
“ ဂင်္ဂါငါးနဲ့ ယမုံနာငါးတို့ အလှပြိုင်ကြမလို့တဲ့ လေထွားရာဝယ် အချင်းဖြစ်ပွားခိုက်၊ ခုံထားလိုက်ရာ၊ ဦးရွှေလိပ်က မိန့်ကြားသည်မှာ၊ ငါ့လို ၀ိုင်းဝိုင်းစက်စက်၊ မင်းတို့ မတင့်တယ်၊
ရုပ်လှရာမှာ၊ မုချပါဗျာ၊ ကျုပ်ကသာတယ်။
ဒါတောင် ဦးရွှေလိပ်က ရေချိုးရသေးဘူးတဲ့ ခင်ဗျာ။ အနိုင်လို သဘောထား ပြောကြားလေတယ်။ ထွားတဲ့လေနှယ်။ ဒီလိုပဲ ထုံးရှိတယ်။ အနှိပ်သည် ငတိုးပြော ...
သောတာမဟုတ်ဘူးနော် ”
“ လေကိုလေချင်း အပြင်းပြိုင်သော်၊လေယာဉ်ပျံဟာလေ၊ သူအနိုင်ဆုံးပေါ့၊
ရိုးမတောင်တန်း၊ အချစ်စမ်းရာဝယ်၊ လေဆော်တာနဲ့ပဲ၊ မြေကိုချော်လို့ဒေါင်း၊
စူထက်စူ (လူစွမ်းကောင်း)၃ သူ့ထက်ကဲ၊ ရွှေပြည်စိုး၊ ညီပုလေး၊
ညီပုလေးယောင်ယောင်ယောင်... ယောင်ဆွဲ၊ တရုတ်ဇာတ်ထဲ အဟုတ်မှတ်နဲ့ ကျုပ်အလှလို့ပဲ
ထင်ထင်ထင် ... ထင်တယ် ” တဲ့။
မန္တလေးမီးသတ်ကြီးနားမှာ ယိုးဒယားဈေးဂတ်တဲရှိသည်။ ရှစ်မှတ်ဂတ်ဟုလည်း ခေါ်သည်။ “ ရှစ်မှတ်ဂတ် ” ၏ရှေ့၌ ၀က်မစွပ်ဝန်ထောက်မင်းနှင့် သမီးခင်လတ်ကြီးတို့ ကောင်းမှု ၀က်မစွပ်ဓမ္မာရုံရှိသည်။ နေရှင်နယ်ကျောင်းနှင့်က ဟိုဘက်ထောင့် သည်ဘက်ထောင့် ဖြစ်သည်။
တစ်နှစ်သောအခါ ထို ဓမ္မာရုံ ဘုရားပွဲ၌ မြို့မနှင့် မာဃတို့အပြိုင်ငှားသည်။ နှစ်သင်းစလုံးကလည်း ထိုဓမ္မာရုံ၏ ဂေါစရဂါမ်နှင့် အနီးဆုံး၌ ရှိကြသည့်အသင်းများဖြစ်သည်။
နှစ်သင်းစလုံးကို စင်တစ်စင်တည်းယှဉ်ကာ တီးမှုတ်ကြစေခြင်းဖြစ်သည်။ မြို့မ က စင်၏ ညာဘက်၊ မာဃ က စင်၏ ဘယ်ဘက်ဖြစ်သည်။ ပွဲမစခင်က နှစ်ဖက်အသင်းသား
များ လက်ဖက်ရည်ဆိုင်အတူထိုင်ကာ ရယ်ကြ၊ မောကြ၊ သောကြနှင့် ပျော်စရာကောင်းလှသည်။ ထိုပွဲတွင် မြို့မကအလှပြိုင်ပွဲကို သီဆိုတီးမှုတ်၏။
သို့သော် ဘယ်သူ့ဘယ်သူမှ ပြဿနာမရှိ။ ပွဲပြီးတော့လည်း တစ်ယောက်လည်ပင်း တစ်ယောက်ဖက်လို့လက်ဖက်ရည်ဆိုင်အတူထိုင်ပြီး “ သော ” ကြသူချင်းချည်းဖြစ်ပါ၏။ ဒါက အရေးမကြီး၊ သူတို့ပြိုင်တာ “ လူ ”မဟုတ်၊ “ ပစ္စည်း ” မဟုတ်။ အနုပညာ “ အလှပြိုင်ပွဲ ” ။
အခုလည်း ဒီမိုကရေစီဆိုတာ “ အပြိုင် ” ခေတ်ဖြစ်သည်။ ပြိုင်သည်ဆိုတာက အပုပ်ချပြိုင်ဖို့မဟုတ်၊ အကောက်ကျစ်ပြိုင်ဖို့မဟုတ်၊ အညစ်ပြိုင်ဖို့မဟုတ်၊
တိုင်းပြည်နှင့်လူမျိုးအတွက် ဘယ်လောက်လုပ်ပေးနိုင်သလဲဆိုတာ ပြိုင်ဖို့ဖြစ်သည်။ စေတနာနှင့်အလုပ်ပြိုင်ဖို့ဖြစ်သည်။ ဆိုလိုတာက “ အလှပြိုင် ” ကြဖို့ပဲ မဟုတ်ပါလား..။ ။
No comments:
Post a Comment